Tuesday, October 7, 2008
ကြွေသင့်ည
အဲဒီလိုနဲ့
ညအမှောင်မှာ
လရောင်ဝိုးတ၀ါး
ကြယ်မှုံကြယ်မွှားစတို့လည်း
အနက်ရောင်နံရံရဲ့ နောက်မှာ
မှေးစက်တိတ်ဆိတ်လို့ပေါ့ ..။
တီးတိုးပဲ့တင်သံတို့
ပုံရိပ်ပေါ်ဖို့ရာ
သံစဉ်တွေယွင်းပျက်ခဲ့ရတဲ့ညပေါ့
ဖျတ်ကနဲ
ကြယ်တစ်စင်းရဲ့ ကြွေဆင်းလာပုံက
ညအမှောင်မှာ
လင်းလက်တောက်ပဖို့…။
အဲဒီညဟာ
ရင်ကွဲနာကျကဗျာတစ်ပုဒ်လည်း
ဖြစ်ခဲ့သေးတာပေါ့
အလွမ်းသီချင်းတစ်ပုဒ်နဲ့
မျက်နှာသစ်ရတော့မယ့်
မရေရာခြင်းတွေအတွက်
အားနာနေတဲ့ကဗျာဆရာ
ဘယ်လိုများ
အိပ်လို့ပျော်နိုင်ပါ့မလဲနော်…။ ။
အေးခိုင်
လေလွင့်တေး
အာရုံတွေ
မနက်ဖြန်တွေထဲမှာ အဆိပ်သင့်
ခန်းခြောက်သွားတဲ့မြစ်ရေတွေ
ကောင်းကင်ဘုံထဲမှာ
မငြီးငွေ့နိုင်သေးသမျှ
အဲဒါဟာ
မီးလောင်နေသလိုမျိုးပါပဲ..။
ဟားတိုက်လှောင်ရယ်သံတွေ
မြင့်တက်လာလိုက်ပုံက
လမင်းကိုခိုးဝှက်ယူဖို့
ကြိုးစားနေတဲ့တိမ်မျှင်တွေလို
အရူးအမူးပါပဲ..။
ပိတောက်ပင်တို့ရဲ့ 
သစ်ကိုင်းတွေလှုပ်တိုင်းမှာ
အိပ်မက်ပွင့်တို့ကြွေကျ
နွေ
ကြေကွဲမှုများ
အမိုးအကာမဲ့
ယုတ္တိဗေဒမဆန်တဲ့အနာဂါတ်များ
ကျပ်ခဲနေတဲ့ဝိ၀ါဒတွေကြောင့်
ကိုယ့်မျက်နှာကိုယ်ရှာမရတော့တဲ့
ဗဟိန္ဓလောကထဲမှာ
ခြေထောက်နှစ်ချောင်းပေါ်မှာပဲ
ပေါ့ပါးနေချင်တော့တာတောင်
ကြေကွဲမှုဓါတ်ငွေ့တွေ
ကျောပိုးအိတ်တစ်လုံးနဲ့
အပြည့်အသိပ်ရှိရမယ်တဲ့လေ….။ ။
အေးခိုင်
0 Comments:
Post a Comment