ကျွန်မနှင့် ဓားဆယ့်လေးလက်

Friday, October 15, 2010

ကျွန်မနှင့် ဓားဆယ့်လေးလက်

အဝေးက တလက်လက်တောက်ပနေတဲ့ အလင်းတန်းတစ်ခု သင့်ဆီ ထိုးစိုက် ပျံသန်း လာနေတယ်ဆိုပါစို့။ ဒါဟာ ကြယ်တစ်စင်းကြွေကျလာတာမဟုတ်ဘူးဆိုရင် … သေချာ ပါတယ်။ ဒါဟာ သင့်ထံကို မဖိတ်ခေါ်ပဲ ရောက်ရှိလာတဲ့ ဓား တစ်စင်းပါပဲ။ မသေချာတာကတော့ ရှေ့ကနေ တည့်တည့် မတ်မတ် ထိုးစိုက် ဝင်ရောက်လာမှာလား။ နောက်ကျောကနေ ကွေ့ပတ်ဝင်ရောက် လာမှာလား ဆိုတာပါ။
တချို့မိတ်ဆွေတွေက ရန်သူထက် ကြောက်စရာ ကောင်းတတ် ကြပြီး တချို့ ရန်သူတွေက လေးစားစရာကောင်းလောက်အောင် တန်ဖိုးကြီးမားကြတယ်။ ဘဝမှာ သိပ်များများစားစား မလိုပါဘူး။ ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ်ပဲ လိုပါတယ်။ (ခုထိတော့ မလိုအပ်မှုတွေနဲ့ပဲ ရှင်သန်နေထိုင်နေတုန်း..)

Control


စိတ်တွေက ဓားအစင်းစင်းလိုပဲ တချွင်ချွင် နဲ့ ထက်မြ တောက်ပ နေလိုက်ကြတာ ။ ဖမ်းထိန်းထားလိုက်ရတဲ့ နှလုံးသားကတော့ သွေးအလိမ်းလိမ်းနဲ့ … ဒါပေမယ့် ချိုမြနှစ်လို ဖွယ်ကောင်းတဲ့ ရလာဒ်တွေကိုတော့ ရရှိလိုက်တယ်။ ဘယ်လို အရာကိုများ ကိုယ်တို့ အလကားရရှိခဲ့ဖူးကြပါသလဲ။ လောကထဲက ခြေဗလာ လက်ဗလာနဲ့ ဝင်ရောက်ခဲ့ကြ သူတွေဖြစ်လျက်နဲ့ ။ တစ်ခါတစ်ခါတော့လည်း ကိုယ့်သွေးစက်ကိုယ် ပြန်အရသာခံရတာ မချိမဆန့်နိုင်လွန်းတာ မေ့ထားရတတ်တယ်။

Morality



မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားက ဓားတစ်လက်လိုပါပဲ။ ထိရှခံရတဲ့သူတွေထံက အော်သံအမျိုးမျိုးကို သင်ကြားဖူးမှာပါ။ စပျစ်သီးချဉ်ကြောင်း အော်တဲ့ မြေခွေးနဲ့ ခပ်ဆင်ဆင် တူတဲ့အသံ၊ မစားလိုက်ရတဲ့ အမဲသားကို သဲနဲ့ပက်တာနဲ့ခပ်ဆင်ဆင် တူတဲ့ အသံ။ ပိန္ဂုတ္တရလုလင်ရဲ့ ထွက်ပြေးသံနဲ့ဆင်ဆင်တူတဲ့ အော်သံ … ။ တရားမျှတမှုသာ ဓားတစ်လက်ဆို ကမ္ဘာမြေမှာ …. …. ….. သွေးချင်းချင်းနီရော့မယ် ..။ လောလောဆယ်မှာတော့ သူတို့တီထွင်ထားတဲ့ နီတိတွေနဲ့ သူတို့သာ ကြီးစိုးမင်းမူနေခဲ့ပေါ့ ..။

Fight


ကိုယ့်ကိုယ်ကို အောင်နိုင်လိုက်တဲ့ စစ်ပွဲတိုင်းမှာတော့ ကိုယ်ဟာ စစ်သူကြီးပဲပေါ့ ။ တိုက်ရည် ခိုက်ရည် တွေနဲ့အတူ နှလုံးရည်ပါ တိုးတက်ရင့်ကျက်လာခဲ့တဲ့ စစ်သူကြီးမှာ ဒါဏ်ရာတွေ လည်း ဗရပွနဲ့ပါ။ အမာရွတ်တစ်ခုစီတိုင်းရဲ့ ကျယ်လောင်တဲ့ သင်ခန်းစာတွေဟာ ကိုယ့်အတွက်တော့ အဖိုးအနဂ္ဂလည်း ထိုက်ရဲ့ ..။ သွေးပျက်နာကျင်ဖွယ်ရာ အိပ်မက်ဆိုး တွေကိုလည်း ပေးရဲ့ ။ အောင်မြင်မှုတိုင်းဟာ နှလုံး သွေးစက်တွေနဲ့ ရင်းခဲ့ရပြီး အဲဒီနှလုံးသွေးစက်တိုင်းဟာ ပျက်ပြိုကျသွားရတဲ့ မျှော်စင်တွေပဲ ဆိုတာ.. ကိုယ် ဘယ်သူ့ကိုမှ ပြောဖြစ်တော့မယ် မထင်ပါဘူး။

Mind



သံချေးတက်နေတဲ့ ဓားတစ်လက်နဲ့ ခပ်ဆင်ဆင်တူတဲ့ နေ့ရက်တွေမှာ သူဟာ တောက်ပ ခဲ့တဲ့ နေ့ရက်တချို့ကို အိပ်မက် မက်နေခဲ့လိမ့်မယ်။ ဓားသွေးကျောက် တစ်တုံးနဲ့ မိတ်ဖွဲ့ခွင့် ကိုလိုချင်နေခဲ့ပြီး ကိုယ့်ကို တိုက်စားသွားမှာကိုလည်း တွေးတော ကြောက်ရွံ့နေခဲ့တာ ဘာကြောင့်များလဲ။ ဒွိဟတွေနဲ့ နေထိုင်လို့ အဆင်မပြေတဲ့နေ့ရက်တွေ အကြောင်း စာလုံးပေါင်း အမှားအယွင်းမပါပဲ သင်ကြားပေးခဲ့ပါဦး။ တစ်ခါတစ်ခါမှာ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ ရပ်တံ့မွန်းကြပ်နေခဲ့ရတဲ့ နေ့ရက်တွေ ရှိခဲ့ဖူးပါတယ်။ အာရုံတွေ ထွက်ပေါက်မဲ့စွာ မွန်းကြပ် ပိတ်လှောင်နေခဲ့ပေါ့ ..။



Consciousness


ဓားတစ်လက်ရဲ့ အိပ်မက်ထဲမှာ တိုက်ပွဲသံတွေ တချွင်ချွင် ကြားနေနိုင်သလို သွေးစက် တွေနဲ့လည်း နီစွေးလက်တောက် နေခဲ့လိမ့်မယ်။ နံနက်လင်းလာတဲ့အခါ ပန်းရနံ့သင်းတဲ့ လေပြည်ကိုလည်း သူမျှော်လင့်ရင် မျှော်လင့်လိမ့်မပေါ့။ သူရဲကောင်းတစ်ယောက်ရဲ့ နှလုံးသားကို မလွှဲသာ မရှောင်သာ ထိုးဖောက်ပစ်လိုက်ရဖူးတဲ့ အိပ်မက်ဆိုးမျိုးလည်း သူ့အတိတ်မှာ ရှိနေနိုင်သေးတာပဲ ။ အသိစိတ်ရဲ့ အာရုံမှာတော့ တောင့်တနေတာ တစ်ခုပါပဲ။ ငြိမ်းအေးခြင်း ………. ငြိမ်သက်ခြင်း …………ပြီးတော့ … ငြိမ်းအေးခြင်း .. ငြိမ်သက်ခြင်း …

Schizophrenia

တစ်ခါ တစ်ခါကျ ငါဟာ ငါ မဟုတ်တော့ဘူး။ နံရံမှာ အလှချိတ်ဆွဲထားတဲ့ ဓားတစ်လက်လို ငါက အရာရာကို ရိုကျိုးချင်နေတတ်ခဲ့တယ်။ ခန်းနားထည်ဝါမှုကို ပြတဲ့ ပြယုဂ် တစ်ခု အဖြစ် အသုံးပြုခံထားရတဲ့ ဘဝမှာ သာယာချင်နေတတ်တဲ့အခါ အဝေးက တိုက်ပွဲခေါ်သံ တွေကို စိုးရွံ့ ထိတ်လန့်နေတတ်ခဲ့ပြန်ပါရော။ မှန်ထဲမှာ ပြန်မြင်နေရတဲ့ ငါ့ပုံရိပ်မှာ ခပ်တုံးတုံး ဓားအိမ် တစ်လက်ကာဆီးနေခဲ့တယ်။ တိုက်ပွဲတွေကို ကျော်ဖြတ်ခဲ့ဖူး သလို နံရံပေါ်မှာ မြင့်မြတ် ခန်းနားပြနေရတာ .. သွေးစက်အိပ်မက်တွေထက်များ နေသာ ထိုင်သာ ရှိလိမ့်မလားရယ်ပေါ့ ..။

Ice-olation


ခါးသက်လိုက်တာ .. ကိုယ့်ကိုယ်ကို ဓားတစ်လက်ဖြစ်မှန်း မေ့လျော့ထားခဲ့မိတဲ့ နေ့ရက်တွေမှာ ကိုယ့်ကိုပြန်လည် ထိုးစိုက်သွားတဲ့ မမြင်ရတဲ့ ဓားတစ်လက်ကြောင့် ငွေ့ရည်ဖွဲ့ အုံ့ဆိုင်း နေတဲ့ မျက်ရည်စက်များ .. တတိယဓားတစ်လက်ဟာ ဘာလို့များ ငါ့ဆီ ဦးတည်ပျံသန်းလာနေပါလိမ့် ..။ ငါတို့ စုဆုံ စူးစိုက်ခွင့် မရှိခဲ့သင့်ဘူး ..။


Postponement


အနာဂါတ်ကို ဆွဲရွှေ့ပစ်လိုက်ပြီးမှတော့ ညံ့တယ်လို့ မဆိုပါနဲ့တော့ .. ဒါဟာ ဂီတသံ စစ်စစ် တစ်ခု မဟုတ်ခဲ့ပါဘူး။ အဲဒီ ဂီတကို ခဏလောက် ဘေးကပ်ထားလိုက်စမ်းပါ။ လောလောဆယ် သုံးဖို့ မလိုအပ်သေးတဲ့ ဓားတစ်လက်ရဲ့ အရေးမပါမှုလို အဲဒီဂီတကို ဘေးကပ်ထားလိုက်စမ်းပါ။ အနာဂါတ်ဆိုတာကတော့ ဖိတ်စာမပါပဲလည်း အရောက် လာတတ်ပါတယ်။ ကိုယ့်ဆီရောက်တဲ့အခါ နာမည်ပြောင်းနေတတ်တာ တစ်ခုက လွဲရင်ပေါ့။

Comparison


အဖြူ .. အမည်း
သွေ့ခြောက်မှု .. စိမ်းစို လန်းဆန်းမှု
ကုသိုလ် .. အကုသိုလ်
ဓမ္မ … အဓမ္မ
ဓားတစ်လက်ရဲ့ သီလနဲ့ ဓားကိုင်တဲ့လက်တွေရဲ့ အသီလ …
စိမ်းညို့နေတဲ့ တောတန်းလေးတစ်ခုနဲ့ တစ်ပွင့်တည်းပွင့်တဲ့ စပယ်တစ်ပွင့် ..
မနှိုင်းယှဉ်အပ်သော မေတ္တာတရားနှင့် နှိုင်းယှဉ်ရန်မေ့လျော့နေသော ချစ်ခြင်း ….
မျဉ်းပြိုင်တွေကတော့ ခုထိ ခပ်တင်းတင်းပါပဲ ..။ ဝိသမသတ်ထောင့်တွေ ခြားနေကြတယ် ..။




The Burden


တစ်စုံတစ်ခုကို စဉ်းစားနေတယ်။ ဓားအိမ်ကို ထမ်းထားရတဲ့ ငါက ပင်ပမ်းလေးလံ နေတာလား။ ငါ့ကို ထိန်းချုပ်ထားတဲ့ ဓားအိမ်က ဝန်လေး ပင်ပမ်းနေတာလား .. ။ အလှဆင် ပန်းပွားတွေလိုတော့ ကိုယ်တို့ မပေါ့ပါးနိုင်ခဲ့ကြတာ သေချာပါတယ်။


Politics


ဓားတစ်စင်းဖြစ်ခွင့်ရတဲ့အတွက် ဘဝဟာ သိပ်ကျေနပ်စရာကောင်းသတဲ့။ ဓားတစ်လက်က ဆိုတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ သူတို့ကို ထိန်းကာထားတဲ့ ဓားအိမ် တစ်ခုပဲ ရှိတယ်တဲ့။ တချို့သော သူတွေလို မျက်နှာဖုံးတစ်ခု ပါမလာခဲ့လို့ သိပ်နေပျော်စရာ ကောင်းတယ်ဆိုပဲ။ ဓားတစ်လက်ဟာ ရန်သူလည်း ဖြစ်နိုင်သလို မိတ်ဆွေလည်း ဖြစ်နိုင်ပါရဲ့။ ဒါပေမယ့် သေချာတာက လူတစ်ယောက်ရဲ့ ပယောဂ မပါပဲနဲ့တော့ သူတို့ဟာ နောက်ကျောဖက်ကနေ ကွေ့ဝင်တတ်ကြတဲ့ ကောက်ကျစ်သူတွေ မဖြစ်နိုင်ခဲ့ကြတာတော့ သေချာသတဲ့..။ အဲလိုယုံကြည်သံ ခပ်ပြင်းပြင်းနဲ့ ဓားတစ်စင်းဟာ မျက်နှာဖုံးတစ်ခုကို ယောင်ရမ်း ထိုးစိုက်မပစ်လိုက်ဖို့တော့ သတိထားရတော့မယ် …။

Guilt

စွန်းထင်းခဲ့တဲ့ သွေးစက်တွေအတွက် ဓားတစ်လက်ဟာ သူ့ကိုယ်သူ အပြစ်မကင်းဘူးလို့ အော်ဟစ် နေခဲ့ဖူးတယ်။ ထင်ရမြင်ရတဲ့ အောင်ပွဲတွေကိုကျ စိတ်လက်မသက်မသာ ရယူခဲ့လိုက်ရတာပါပဲ။ ရှေးဟောင်း သေတ္တာတစ်လုံးထဲက ရတနာမြေပုံအညွှန်းနဲ့တူတဲ့ ရတနာဓားတစ်လက်ကလည်း သူ့ကိုယ်သူ အပြစ်မကင်းဘူး လို့ထင်မှတ်နေခဲ့ဖူးတယ်။ သူဟာ ဘယ်လိုအသက်ကိုမှ ကယ်တင်ခွင့်မရခဲ့ဖူးပဲ သူ့ကြောင့် လူတွေအသက်ဆုံးရှုံးရတယ်လို့ ခံစားနေခဲ့ဖူးတယ်။ နံရံပေါ်မှာတော့ သူတို့ကို လှမ်းကြည့် မျက်ရည်ကျ နေတဲ့ ဓားတစ်စင်း ရှိနေခဲ့တယ်ဆိုတာ သူတို့ ဒီနေ့ထိ သိခွင့်မရကြသေးဘူး။


Sorrow

လောကဓံရဲ့ တိုက်ကွက်တွေကို စနစ်တကျ ခုခံခဲ့ပြီးကာမှ ကိုယ့်နှလုံးသားရဲ့ အားနည်းချက်ကို ကိုယ်တိုင်ကိုယ်ကျ သိလိုက်ရတော့တယ်။ ကြံ့ကြံ့ခိုင်နိုင်မှုရှိခဲ့တဲ့ နေ့ရက်တွေဟာ ဒါဏ်ရာအတိနဲ့။ အားတင်းခြေလှမ်းတွေက ယိမ်းယိုင်ပျော့ခွေ လို့ .။ ဝမ်းနည်းကြေကွဲစရာကောင်းတာက နောက်ကျောကို စိုက်ဝင်လာမယ့် ဓားတွေကို မျက်ရည်စက်လက်နဲ့ အားအင်ချိနဲ့နေတဲ့ကြားက ကိုယ်တိုင် သွေးပေးခဲ့ဖူးတာပါပဲ။ ဒိထက်လည်း ပိုပြီးကြေကွဲတတ်တော့မယ် မထင်ပါဘူး။


Rebirth



အသစ်တစ်ဖန်ပြန်လည် မွေးဖွားလာတဲ့ ဓားတစ်လက်လို ကိုယ်မီးလျှံထဲက ထွက်ခဲ့ပါတယ်။ ဆည်းဆာချိန် တိမ်တွေတောက်နေပုံက .. သံသယဖြစ်စရာ ..။ ။

မနော်ဟရီ

All are based on my Osho Zen Tarot cards ( Knife )
Snap Shot Journal 8th Oct'2010