သတိရကြောင်း

Sunday, June 28, 2009


သတိရကြောင်း

(က)
သတိရခြင်းတွေက မိုးတိမ်လိုပြိုကျတဲ့အခါ
ငါ့ပေါ်မှာ လွမ်းဆွတ်ခြင်းမိုးဖွဲတွေရွာတယ်
တစ်ချိန်ကအတိတ်နေရောင်တွေကိုတမ်းတ
ငွေ့ရည်ဖွဲ့လာတဲ့မျက်ဝန်း…
ရေခိုးရေငွေ့တို့စွန်းထင်းလာခဲ့ရဲ့။

ပထမဆုံးသတိရမိတာက ခြေထောက်ကလေးတစ်ချောင်းတည်းနဲ့ ထောက်ရပ်နေပေမယ့် သိပ်ပြီးကြံ့ခိုင်တဲ့ သိပ်လှတဲ့ ကမ္ဘာပေါ်ကအလှဆုံးမြေပုံလေးနဲ့ အမိနိုင်ငံကိုပါ။ ဘာတွေပဲ ဖြစ်နေနေ ဘုရားသခင်က ကျွန်မကိုအဲဒီမြေပေါ်မွေးဖွားရှင်သန်ခွင့်ချပေးခဲ့သလို အဲဒီမြေ ကြီးကလည်း ကျွန်မကိုနွေးထွေးစွာကြိုဆိုခဲ့တာပါပဲ။ဖြတ်လျှောက်ခဲ့တဲ့လမ်းသွယ်တစ်ချို့ ကိုသတိရမိလေတိုင်း ဒီလမ်းတွေပေါ်မတိမ်းစောင်းစေခဲ့တဲ့နေ့ရက်တွေကိုလည်းသတိရမိ ပါရဲ့။ဘာကိုမှမသိတဲ့ကလေးငယ်တစ်ယောက်ရဲ့နိဗ္ဗာန်ဘုံနေ့ရက်တချို့ဟာ ဟိုးဝေးဝေးမှာ မှုန်ဝါးကျန်နေခဲ့ရပြီ။သေချာတာက နိဗ္ဗာန်ဘုံရယ်လို့မရှိခဲ့ရှာတဲ့ကလေးတွေရှေ့မှာတော့ ကျွန်မတို့က ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ ဆိုတဲ့သီချင်းကို မျက်ရည်တွေနဲ့မဆိုခဲ့သင့်ဘူး မဟုတ်လား။

(ခ)
သန့်စင်ခြင်းတွေနဲ့အိပ်မက်မက်ခွင့်ပေးခဲ့တဲ့
တစ်ကိုယ်ရေမြို့ကလေး သင့်တေးသီချင်းကို
ငါ ..ဆိုပါရစေ…………

ဒုတိယသတိရမိတာကတော့ ပထမဆုံးရွှေ့ပြောင်းရောက်ရှိခဲ့ဖူးတဲ့ ပုသိမ်ကောလိပ်။ မုန်တိုင်းစဲပြိးကာစကာလမှာရောက်သွားခဲ့တာမို့ မြို့ကလေးက အပြိုပြို အယိုင်ယိုင်၊နိုဟီ ရဲ့ အုတ်ပုံတွေကိုကြည့်ပြီး ဒါတွေက ဘာဖြစ်တာလဲဆိုတော့ မုန်တိုင်းကြောင့်ပြိုတာ ဆိုတဲ့ အဖြေကိုရခဲ့တယ်။အဲဒီကတည်းက (ပထမတန်းကျောင်းသူကျွန်မက) မုန်တိုင်းဆိုတာ သိပ်ကြောက်စရာကောင်းမှာပဲလို့တွေးခဲ့တဲ့ကျွန်မ.. ၂၀၀၈ကျမှပဲ တကယ့်မုန်တိုင်းဆိုတာနဲ့ ပက်ပင်းတိုးတော့တယ်။

တကယ်တော့ ပုသိမ်မြို့ကလေးဟာ တိတ်ဆိတ်နေတဲ့ ကလေးငယ်တစ်ယောက်လို ရိုးသားစွာလှပတဲ့မြိုကလေးပါ။ သူ့ရင်ခွင်မှာနေခဲ့ရတဲ့နှစ်လတွေဟာ ရိုးစင်းအေးမြမှုကို လက်တွေ့သင်ကြားခံခဲ့ရတဲ့ မိဘရင်ခွင်အောက်က ကလေးငယ်တစ်ယောက်လိုနေ့ရက် တွေပါပဲ။သတိရနေမိတဲ့သူတွေကပုသိမ်ကောလိပ်စာကြည့်တိုက်က.စာကြည့်တိုက်မှူးအန်ကယ်
ဦးဥာဏ်ထွန်း(ဦးအောင်စည်)၊သူငယ်ချင်းဝင်းမင်းထွန်း၊မီးငယ်၊စာသင်သိပ်ကောင်းတဲ့ ဆရာကြီးဦးအုန်းမောင်၊ဆရာဦးလေးမောင်၊ဒေါ်အေးအေး၊ဒေါ်စန်းစန်းရီ……စာရေးဆရာဆိုတာသေ ချာမြင်တွေ့ဖူးတဲ့ထဲ ပထမဆုံးက အဲဒီချိန်က ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီး တက္ကသိုလ် ဘုန်းနိုင်ဆိုရင် ဒုတိယလူဟာ ကျွန်မဆရာမ ဒေါ်စန်းစန်းရီပါပဲ။စာရေးဆရာမ စိမ်းနှင်းဆီ..တဲ့။အဲဒီအချိန်တည်းက..စာတွေကိုဖတ်ရုံတင်မက….ကျွန်မရေးဖို့ကြိုးစားနေခဲ့ပါပြီ။
အဲဒီတုန်းက..ကျွန်မ(၆)တန်း။စာပေခရီးကိုအဲဒီကျောင်းနံရံကပ်စာစောင်နဲ့မြို့နယ်နံရံကပ်စာစောင် တွေကနေစခဲ့ပါတယ်။

(ဂ)
ဂျပ်ဆင်လမ်းကြားကပြေးထွက်လာမယ့်

တစ်ရံတစ်ခါဆီက ငါတို့ရဲ့ရယ်မောသံတွေ

“အဓိပတိ ”မြေကိုကျော်
“ စစ်ကိုင်းလမ်း”ပေါ်ဖြတ်
“ ပုဂံလမ်း”ထိမရပ်တန့်
“ သထုံလမ်း”ထိခရီးဆန့်
အမြဲတည်တံ့နေလိမ့်မယ်။
သတိရကြောင်းတွေကိုပြောမယ်ဆိုရင် မြကျွန်းညိုညို တက္ကသိုလ်ကိုလည်းချန်ထားလို့ မဖြစ်ပါဘူး။တက္ကသိုလ်ကဆရာတစ်ယောက်ရဲ့သမီးမို့ ဒီလမ်း၊ဒီစခန်းတွေက ရင်းနှီးနေပြီး သားဆိုပေမယ့် တကယ်ကိုယ်တိုင်တက်ရတဲ့ကျောင်းသူဘဝနဲ့တော့ဘယ်လိုမှမတူနိုင်တာ သေချာပါတယ်။ ဒီ သီရေတာတွေ၊ဒီဓါတ်ခွဲခန်းတွေ၊သစ်ပုတ်ပင်၊ငွေစာရင်းရုံး၊သိပ္ပံကင်တင်း ပုဂံလမ်း၊စစ်ကိုင်းလမ်း၊စတာတွေက ကျွန်မငယ်ငယ်တည်းကခြေရာထပ်ခဲ့တဲ့နေရာတွေပဲ။ တကယ့်တကယ်ရန်ကုန်တက္ကသိုလ်ပင်မထဲရောက်သည့်တိုင်၊အဲဒီမြေကထွက်ခွာလာခဲ့တဲ့ တိုင် ကျွန်မ အဲဒီလမ်းတွေကိုပြန်လျှောက်ချင်နေတုန်း။ပုဂံလမ်းဆိုတာကကျောင်းလာတိုင်း ပုဂံလမ်းမှတ်တိုင်မှာဆင်းလျှောက်နေကျလမ်း၊ကျောင်းရှေ့ကနေဝင်ဝင်၊ဘွဲ့နှင်းသဘင်ရဲ့ နောက်ဖက်ပေါက်ကနေဝင်ဝင် ဘယ်လိုဝင်ဝင်ပိုနီးပေမယ့် ပုဂံလမ်းကနေပဲနေ့တိုင်းဆင်း လျှောက်ခဲ့တဲ့တိုင် တစ်နေ့မှမရိုးနိုင်တဲ့လမ်းကလေး။ပုဂံလမ်းပေါ်က အမှတ်တရနေ့ရက် တွေကိုလည်း မမေ့နိုင်စတမ်းပေါ့။

မိုးလင်းကနေမိုးချုပ် အတန်းမှန်သမျှတက် ကျောင်းထဲမှာတစ်နေကုန်နေတတ်တာ ကျွန်မ တို့အုပ်စုပဲရှိလိမ့်မယ်ထင်တယ်။မနက်တစ်ဝက် ညနေတစ်ဝက် ခွဲထားတဲ့နောက်ဆုံးနှစ် ဂုဏ်ထူးတန်းတန်းခွဲနှစ်ခုမှာ ကျွန်မတို့က မနက်ပိုင်းပါ။ဒါကိုမနက် ၇နာရီခွဲကနေကျောင်း စတက်လိုက်တာ ညနေတန်းခွဲပြီးတဲ့ငါးနာရီမှပြန်ပါတယ်။အဓိကအကြောင်းပြချက်ကတော့ ညနေပိုင်းသင်တဲ့ ဒေါက်တာထွန်းခင်အတန်းကိုတက်တာပါ။ဒါပေမယ့် အဲဒါအဓိကအချက် တော့မဟုတ်ခဲ့တာကိုယ့်ကိုယ်ကိုသိပါတယ်။ကျောင်းထဲမှာတတ်နိုင်သမျှနေမယ်ဆိုတဲ့စိတ် ကလေးနဲ့နေခဲ့လိုက်တာပါ။နောက် မဟာ တန်းဆိုတာက ဆက်တက်ဖြစ်သည့်တိုင်ဒီလူ တွေအကုန်ပါမလာနိုင်တော့ဘူးဆိုတာကို ကျွန်မကြိုတွေးထားခဲ့ပြီပဲ။ပန်းလှေလမ်းခွဲကဗျာ စုကိုတောင် ဒုတိယနှစ်ဂုဏ်ထူးတန်းအပြိးကျောင်းပိတ်ရက်ကတည်းကရေးပြီးနေခဲ့ပြီလေ။

မြကျွန်းညိုကိုသတိရပြီဆိုမှဖြင့် မြကျွန်းသာလက်ဘက်ရည်ဆိုင် (ဝိဇ္ဖာကင်တင်းက) ကိုလည်းသတိရမိပါတယ်။သိပ္ပံဘက်ကနေကျော်ကျော်ပြီး ဝိဇ္ဇာကင်တင်းမှာထမင်းသွားစား ရခြင်းအကြောင်းအရင်းက အင်းဝရှေ့ကခုံတွေကို မဦးနိုင်လို့တစ်ခုတည်းမဟုတ်ပါဘူး။အဲဒီ မှာ မောင်ကြည်သစ်ရှိတယ်၊နန္ဒသိန်းဇံရှိတယ်၊မောင်မောင်ဇေယျရှိတယ်…။နောက်ပိုင်းကျ ကျွန်မတို့ ရာစုသစ်အုပ်စုက သူငယ်ချင်းလေးတွေပါရှိလာတော့ အဲဒီဖက်ပဲခြေဥိးလှည့်ဖြစ် ပါတော့တယ်။အဲဒီကနေတဆင့်မှ ဆက်သွားချင်တယ်ဆိုရင် ဦးချစ်ဖက်ပေါ့။နယ်မြေကျော် ကျော်လာတဲ့ ကျွန်မကို ဒဂုံဆောင်ပေါ်က သူငယ်ချင်းတွေကလှမ်းလှမ်းအော်နေကျပါ။ဒဂုံ ဆောင်ဆိုတာက များသောအားဖြင့် နေဆူးသစ်တို့လို ဘူုမိကျောင်းသားတွေထားတဲ့ နေရာ ပေါ့..။(အော်တဲ့ထဲသူမပါပါဘူး..အဲဒီတုန်းက သူတွဲနေကျ ညီဆင်းသစ်နဲ့ အဝေးတစ်နေရာ ကနေ လက်လှမ်းပြသွားတတ်ရုံပါပဲ..)

ညနေဆို တော်တော်နဲ့မပြန်သေးပြန်ပဲ ဦးချစ်မှာစကားလက်ဆုံကျနေတတ်တဲ့နေ့ရက်တွေ ကိုလည်းသတိရတယ်။အိမ်မှာဆို ရေနွေးကြမ်းဟာ ဘာအဖတ်တွေရောထားမှန်းမသိတဲ့ ရေပူပူပေါ့။အဲဒီမှာဆိုရင်တော့ ရေနွေးကြမ်းလည်းတစ်အိုးပြီးတစ်အိုးသောက်ကြတယ်။ ပြောမကုန်နိုင်တဲ့စကားတွေလည်းပြောကြတယ်။ နောက်ပိုင်းကျတော့ရာစုသစ်မြစ်ကျဉ်း အုပ်စုတွေကဗျာအတွက်ဆုံကြတော့လည်း ဦးချစ် သို့မဟုတ် အရှည်ကြိးရဲ့ တောင်ပိန္နဲပင် အောက်ကခုံတွေမှာပါပဲ။

သိပ္ပံဆောင်ဟာ ဇာတိမြေဆိုရင် မြကျွန်းသာဟာ အနုပညာတချိုကနဲ့ဝေစည်နေတဲ့ဥယျာဉ် လေးတစ်ခုပေါ့။တောင်ငူဆောင်နဲ့ ဦးချစ်ဆိုင်ကတော့ သိပ်ကိုချိုမြတဲ့ ဂန္ထဝင်များစွာနဲ့ဖွဲ့သီ ထားတဲ့အရပ်။ပုဂံလမ်းက အမှတ်တရနေ့ရက်များစွာဝှက်သိုသိမ်းဆည်းရာနေရာ။ စစ်ကိုင်း လမ်းကတော့ ပျော်ရွှင်မှုများစီးဆင်းသွားရာအရပ်၊(ကိုနေဝင်းအတွက်ကတော့..ခုညတော့ အိပ်နိုင်မယ်မထင်ဘူး ဆိုတဲ့လမ်းကလေး..)..သထုံလမ်းကလေးကတော့ မိုးပိတောက်တွေ နဲ့စိမ်းစိုတိတ်ဆိတ်နေတဲ့အတိတ်ရပ်ဝန်း။လွမ်းတယ်။အကြောင်းပြချက်များစွာထဲက တစ်ခု မှမကြွင်းကျန်ခဲ့ရင်တောင်လွမ်းနေဦးမယ့်နေရာလေးတစ်ခုပါပဲ။

မြကျွန်းညိုနဲ့အတူသတိရနေကြောင်းပြောချင်မိသူတွေက ဘယ်သောအခါမှ ကိုယ့်အတွက် negative ဆိုတာမပေးခဲ့ပဲ (နင့်ဆီမှာနိုးလို့ပြောတတ်တဲ့အကျင့်ရောရှိသေးလားလို့မေးချင် ရလောက်အောင်သဘောကောင်းခဲ့တဲ့သူငယ်ချင်း)သံလွင်ချမ်းမြေ့။ခုဆိုရင်တော့ သူဟာ တစ်ချိန်က အဲလိုလူပါလားလို့ ပြန်တွေးရမှာတောင်ခပ်ခက်ခက်ဖြစ်စေတဲ့လူတစ်ယောက် ဖြစ်နေပါပြီ။ဆတ်ဆတ်ကျဲ။မဟုတ်မခံ၊မန်းဆေးတက္ကသိုလ်ရဲ့ ပြဿနာလေးတစ်ပွင့်ကိုဖြစ်
လို့..။နောက်..ကျွန်မ နားမှာတစ်ချိန်လုံးဆိုးအတူကောင်းအတူနေခဲ့ပြီးကာမှ Thesis ပြီးခါ နီးချိန်ကျမှ သင်းကွဲဘဝကိုတစ်စုံတစ်ယောက်ကဆွဲထုတ်မွှေနှောက်သွားတာကိုခံလိုက်ရ တဲ့ ကျွန်မရဲ့အကောင်းစားသူငယ်ချင်းလေး။တစ်ချိန်ကသိပ်ထက်မြက်ခဲ့ပါတယ်လို့ ဘုရား စူးကြိမ်ပြောရမယ့်နင့်သူငယ်ချင်းကိုကြည့်စမ်းလို့ ..ပြောယူရတဲ့ထိ နယ်မြို့ကလေးတစ်မြို့ က စီးပွားရေးသမား ကလေးနှစ်ယောက်အမေ သူငယ်ချင်းလေး။ဘဝမုန်တိုင်းဒါဏ်တွေကို ငယ်ငယ်တည်းက ရုန်းခံတွန်းလှန်ခဲ့ပြီး ခုထိလည်းရုန်းကန်နေရဆဲ မတည်ငြိမ်နိုင်သေးတဲ့ ဒလဖက်ကမ်းက ကျွန်မတို့အုပ်စုရဲ့ မွေးစားကလေးလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်။

တွေ့လေရာတကောက်ကောက်လိုက်မုန့်တောင်းစားတတ်တဲ့ ဥပဒေပညာရှင်ကြီးတစ်စု လည်းရှိသေးတယ်။တစ်ခါတစ်ခါသူတို့များသိပ်အားနေရင် ရူပဗေဒအဆောင်တစ်ဆောင် လုံးကိုပတ်လို့ ကိုယ့်နာမည်အော် ပြီးမုန့်ကိုကြွေးတောင်းသလိုလာတောင်းစားတတ်တဲ့သူ တွေ ။အဲဒီတုန်းကတော့ ကြောက်လို့ထွက်ပြေးတာပဲ။ခုတော့လည်းသူတို့ကိုသတိရပါမိပါ ရဲ့ ။အဲဒီထဲက ကာတွန်းမင်းသားကတော့မင်းသမီးဟောင်းတစ်ယောက်နဲ့အကြောင်းပါသွား တာသိခဲ့ရတယ်။

နောက်ဆုံးနှစ်ဂုဏ်ထူးတန်းမှာ စာသင်ဝိုင်းတစ်ခုအဖြစ်ဆုံဆည်းပြီးပိုတွဲဖြစ်ခဲ့ကြတဲ့သူငယ် ချင်းတွေလည်း ခုတော့တစ်နေရာစီမှာ။ပဲခူးဆောင်ရဲ့ဂီတမှူးတစ်ယောက်ကတော့တစ်ခါ တစ်ခါ မျက်စိလည်လမ်းမှားပြီးဘလော့ကိုရောက်ရောက်လာတတ်တယ်။တစ်ယောက်က တော့ အင်္ဂလန်မှာ၊စာရင်းတွေဇယားတွေနဲ့ဘဝကိုမြုပ်နှံလို့။တစ်ယောက်ကလည်းတတ်တဲ့ ပညာမနေသာဆိုသလို နယ်မြို့ကလေးတစ်မြို့မှာကလေးတွေကိုစာသင်လိုက် electric current တွေမမေ့အောင်မီးသွယ်တဲ့အလုပ်လုပ်လိုက်နဲ့တဲ့..။(ကလေးတွေရှေ့ရေးနဲ့ မီးရေး ကိုတော့ ထူးပြီးတွေးမပူနေတော့ပါဘူး..:P ) မိဘနှစ်ပါးကိုပြုစုဖို့မိန်းမတော့ယူမှဖြစ်မယ်ဆို ပြီး နယ်ပြန်သွားပြီးကတည်းကတစ်ခါမှမဆုံတော့တဲ့သူငယ်ချင်းတစ်ယောက် မနှစ်ကပြန် တွေ့တော့ လူပျိုကြီးပဲ တဲ့။ရန်ကုန်လိုနေရာမှာလမ်းလေးနှစ်ခုခြားတာတောင်ဖုန်းတစ်ချက် ဆက်စကားပြောဖော်မရတဲ့သူတို့သူငယ်ချင်းမလေးကိုသူတို့လည်းသိပ်သတိရတော့မယ်မ ထင်ပါဘူး။


(ဃ)
ဘဝတစ်ခု ပြိုကျမသွားခင်
ကျားကန်ထိန်းသိမ်းပေးခဲ့ရာ နေရာလေး
စိတ်ရှုပ်စရာဆိုတာတွေးချိန်မရှိအောင်
အချိန်ပြည့်အလုပ်တွေနဲ့
ကွယ်ကာကုသပေးခဲ့တဲ့နေရာလေး..
မင်းရင်ခွင်သေးသေးလေးကိုလွမ်းတယ်
အလူမီနီယံတံခါးတစ်ချပ်ကိုဆွဲပိတ်လိုက်ပြီဆို ကိုယ်ပိုင်ကမ္ဘာတစ်ခုလိုဖြစ်သွားစေတဲ့ ကျွန် မအလုပ်လုပ်ရာ ရုံးခန်းကလေး။တခြားလူတွေဘယ်လိုပဲပြားပန်းခတ်မျှအောက်မှာလှုပ်ရှား နေနေ ကျွန်မကတော့တံခါးလေးတစ်ချပ်ပိတ်လိုက်တာနဲ့အာရုံတွေဖြန့်ကျက်လို့ရတဲ့နေရာ တစ်ခုဖြစ်သွားခဲ့ပြီ။ကွန်ပျူတာရှေကထိုင်ပြီး အင်တာနက်ကွန်ယက်နဲ့အတူစီးမျောမလား။ စားပွဲပေါ်မှာပြန့်ကျဲမို့မောက်နေတဲ့ စာအုပ်တွေရဲ့ခေါ်ဆောင်ရာအတိုင်းအတွေးကွန်ယက် ဖြန့်ကျက်လိုက်သွားမလား။ဒီဇိုင်းစာရွက်တွေ၊စာမူပုံတွေ၊စာအုပ်ပုံတွေ၊ပြဿနာပုံတွေထဲမှာ ခေါင်းမဖော်နိုင်ခဲ့သည့်တိုင် အဲဒီနေ့ရက်တွေနဲ့နေရာလေးကိုတော့သတိရနေတုန်း။

အလုပ်ခန်းလေးနဲ့အတူ ကျွန်မနဲ့အလုပ်တူတွဲလုပ်ခဲ့ကြဖူးတဲ့စာပေမောင်နှမတွေ .. မိတ်ဆွေသူငယ်ချင်းတွေကိုလည်းသတိရပါတယ်။

(င)
မိတ်ဆွေ တဲ့
စိတ်စေတနာမပါပဲ
တစ်ဆစ်စာလျှာဖျားကိုအသုံးပြု
ဝေါဟာရတုတွေခပ်များများနဲ့
ငါ့ရဲ့နေ့တွေကိုကျန်းမာရေးကောင်းစေခဲ့သူများ
သင်တို့အား ငါကောင်းချီးပေးပါရစေ။

ကျန်းမာရေးသိပ်မကောင်းတတ်တဲ့ကျွန်မကို ဖုန်းဆက်လိုက်တိုင်း မသေသေးဘူးလားလို့ ခေတ်သစ်လူမမာမေးနည်းနဲ့မေးတတ်တဲ့အကြည်တော်၊မနော် အားရင်ဒီဖက်လျှောက်ခဲ့ဥိး လို့ ကိုယ်တစ်ယောက်တည်းလမ်းလျှောက်တတ်ပြီးသူကျ လမ်းမလျှောက်တတ်သလိုခေါ် တဲ့ ကိုသျှီ(သူများတွေကတော့သူ့ကို အစ်ကိုအောင်လို့ခေါ်ကြတယ်။ကိုယ်ကတော့ရိုင်းရာ ကျမှာစိုးလို့မခေါ်ပါဘူး. :P)..။ နင်က သမီးလှလှလေးတွေမှ ကိုသျှီ့လိုမွေးမထားတာ သား ချည်းပဲ ဆိုတော့နင့်ဆီလာမလည်ချင်ဘူး ဆိုတဲ့ကိုဇော်သက်ထွေး၊လာလိုက်ရင် ဖင်ပူ အောင်မထိုင်ရသေးဘူး ကန့်သတ်ချိန်နာရီကိုတကြည့်ကြည့်နဲ့ (ထိုက်ထိုက်ကန့်သတ်ပေး လိုက်တဲ့အချိန်အတိုင်းပြန်ပြေးဖို့ကြိုးစားနေတဲ့) ကိုမျိုးမင်းယု(မျိုးကိုမျိုး)၊သတင်းပေါင်းစုံ ကိုဟုတ်တာရောမဟုတ်တာရောအကုန်သယ်လာတတ်တဲ့ဝေမှူးသွင်၊ကျွန်မနဲ့ အသွင်လဲမ တူပါပဲ ညီအစ်မတွေလိုခင်နေကြတဲ့ မမသည်း(ခင်လိမ္မာ)၊မချို(ခင်ချိုချိုဦး)၊ဝင်းမာ၊သီတာစိုး သူတို့နဲ့အတူ တစ်နေရာကနေတစ်နေရာကူးပြီးသူတို့ရဲ့ သတင်းသမားဘဝကို ဘေးက လိုက်ထိုင်ကြည့်လေ့လာခဲ့ဖူးတဲ့နေ့ရက်တွေ။

သူတစ်ပါးကဥိးနှောက်ဖောက်စားထားတာကို.ခံထားရလို့လားမသိဘူး….တစ်နေ့တခြားအရွယ်နဲ့
မမျှအောင်အိုစာလာတဲ့..အဖိုးကြီးရုပ်ကလေးနဲ့..ကိုယ့်ကိုယ်ကိုယ်..စိတ်ဓါတ်မြှင့်တင်ရေးလုပ်တဲ့
အနေနဲ့ကိုယ့်ကိုအန်တီလာလာခေါ်ဖို့ကြိုးစားတတ်တဲ့.မောင်သစ္စာ(သစ္စာပိုင်စိုး)၊ရုပ်တည်ကြီးနဲ့ လူတွေကိုကလောင်တစ် ချောင်းနဲ့အမိအရနှိပ်စက်တတ်လို့ တစ်သက်စာ ဘီတီဘီတီဗန်ဗန် ဆိုတဲ့သံစဉ်နဲ့တွဲမှတ်မိ ခံရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ခုထိလည်း နင်မကြောက်ရင်ငါ့အကြောင်းရေးလိုက်ပေါ့…လို့ခြိမ်းချောက်သံနဲ့ဆိုတဲ့…ကိုမင်းလူ..၊အမြဲတမ်းလို
အလုပ်ရှုပ်နေတတ်ပြီး..သောကတွေဘယ်လောက်များများအမြဲပြုံးချိုစွာနေတတ်တဲ့ သူငယ်ချင်းလူပန့်ငယ်။

(စ)
ရောင်စဉ်တံလျှပ်တွေအထပ်ထပ်နဲ့

ရေကြည်သန့်တွေကိုငတ်မွတ်ခဲ့သောနေ့ရက်များမှာ

ငါ့ကောင်းကင်တောင်ကြားလမ်းကအလင်းတချို့
ငါ့ရင်ကိုဆို့နင့်စေခဲ့ဖူးတယ်

ကြေကွဲလွယ်တယ်ဆိုပေမယ့်
မေ့တော့မမေ့လွယ်ခဲ့ပြန်ပါဘူး။

သူ့အိမ်ရောက်တာနဲ့ ထမင်းချိန်ထမင်း ၊ကော်ဖီချိန်ကော်ဖီ တစ်ခုခုလုပ်ကျွေးတတ်ပြီး လူကိုကြည့်လို့အားမရရင် အားဆေးပါတိုက်လိုက်သေးတဲ့၊ဆေးရုံအရေးပေါ်တင်လိုက်ရပြီ ဆိုအနားကနေ စောင့်အိပ်ပေးတတ်တဲ့ မသန္တာ၊ပင်ပမ်းမယ့်အလုပ်ဆို လေတောင်မချွန်စား တဲ့ လက်ဘက်ရည်ဆိုင်တစ်ခါထွက်ထိုင်ဖို့အတွက်ကားနဲ့ပင့်ယူရတတ်ပေမယ့် သူအလိုရှိ ရင်တော့ ဘယ်လိုချိန်ဖြစ်ဖြစ်ရောက်လာတတ်တဲ့ မဆွေ(ကိုတာရာမင်းဝေတောင်သူ့ကို မှော်ဆရာရဲ့ကျောင်းစာအုပ်ထဲမှာ ထည့်ရေးထားသေးတယ်)၊ ကလေးတစ်ယောက်တော့ မွေးစမ်းပါဟယ် ငါတို့လည်း ရှိနေတာပဲ အကုန်ဝိုင်းမွေးပေးမှာပေါ့ ဆိုပြီး ကလေးမွေးတော့ တစ်ကောင်မှအနားမှာမရှိတဲ့ ဆေး(၂)ကချစ်လှစွာသောသူငယ်ချင်းများ၊(ယုံစားမိတော့လဲ ကလေးတစ်ယောက်အဖတ်တင်တာပေါ့ သူတို့ကိုတောင်ကျေးဇူးတင်ရဦးမှာ..အဲဒီထဲက ဒီ ဘလော့ကိုလာလာဖတ်နေတဲ့ မီရေ အားလုံးကိုကြုံရင်ပြန်ပြောပြပေးပါ။သတိတရကျေးဇူး တင်ရှိနေကြောင်း…)


အချိန်တွေက တရွေ့ရွေ့နဲ့။ အချိန်ဆိုတာ တကယ်အကုန်မြန်တတ်တဲ့အရာလား။ မရွေ့ တရွေ့နဲ့ တကယ်ပဲမရွေ့နိုင်တတ်တဲ့အရာလေလား။စိတ်တွေရဲ့စေစားရာတွေအတိုင်းရွေ့ မျောရင်း သတိရခြင်းတွေက တားမနိုင်ဆီးမရ ငွေ့ရည်ဖွဲ့လာတဲ့အခါ ငါဘယ်မှာရွာချလိုက် ရတော့မလဲ…………….။ကျောက်ထက်အက္ခရာတွေထွင်းထု၊စကားလုံးအစုစုတွေက ငါ့ကို လိုက်လံစိုစွတ်စေခဲ့ပြီ။မနက်ဖြန်မှာမင်းမရှိတော့ဘူးဆိုရင် မနက်ခင်းရဲ့အလင်းတွေကိုလဲ ငါမလိုချင်ပါဘူး။အစတည်းက ဘာလို့ အရာရာကိုငြင်းမထုတ်နိုင်ခဲ့ရတာတဲ့လဲ။ခုတော့….. သူရေးခဲ့တဲကဗျာလေးတစ်စကဖြင့် သတိရကြောင်းတွေကိုပြောပြစေခဲ့ပြီ။


ကဲ....မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ.....သူ့ကို သတိရကြောင်း
ပြောပြပေးပါ......၊၊ ၊၊
မနော်ဟရီ


တူညီစွာတိမ်းနွဲ့တတ်သောဓားတစ်စင်း.............

Tuesday, June 23, 2009

တူညီစွာတိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း

It’s been 8 years !! 2001 to 2009..

When I read again while I was typing that mini-fiction, I found something, that’s my fiction is just a complete half ! Then I wish I could read on the other side of complete half ! Now , I got it , my wish is fulfilled !! You will be noticed there will be no author name at the end of the story !! Guess it !! Who wrote it ?



တူညီစွာတိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း

(အခန်း၁)
တိုက်ဆိုင်မှုတစ်ခုတဲ့လား …. ……..
တိုးတိုးလေးသက်ပြင်းချသံ …

အဲဒီနေ့ …
(အချိန်အခါမဟုတ်) မြစ်ရေတွေလျံခဲ့တယ်…။ ။

အညိုရောင်ဖျော့ဖျော့နေ့ရက်တွေ … လို့အဲဒီနေ့တွေကို ညို နာမည်တစ်ခုပေးထားခဲ့မိတယ် …။ သူက ညိုနဲ့ သံတူကြောင်းကွဲ သံစဉ်လေးတစ်ခုလည်းဖြစ်တယ် …။ ဖြတ်သွားဖြတ်လာတွေကြားမှာ သမားရိုးကျ ကြွေကျသွားတဲ့ သစ်ရွက်လေးလို ညို့ရဲ့ နေ့တဓူဝလမ်းခရီးတွေမှာ သူ မတော်တဆပါဝင်လာခဲ့တယ်လေ …။

အညိုရောင်ဆံပင်နဲ့ကောင်လေးတစ်ယောက် သူ့ဆံပင်တွေကို ဘုရားသခင်က နှစ်မျိုးဖန်ဆင်းရမှာပျင်းလို့လားမသိဘူး .. ညို့ဆံပင်တွေနဲ့အတူတူ ဖန်ဆင်းပေးလိုက်တယ် …။ ဒါမှမဟုတ် ကံတရားကြောင့်ဆိုရင်လည်း ဒီကံတရားကိုက မူရင်းကောင်း လို့ မိတ္တူကောင်း တာလား မသိ …။ ဘယ်သူကမူရင်းမှန်းလည်းမသိဘူးလေ …။ အဲဒီကောင်လေးက အညိုရောင်သစ်ရွက်လေးတစ်ရွက်လို မကြာမကြာ ညို့မျက်စေ့ရှေ့မှာ မတော်တဆကြွေကျနေတယ် …။

သူ့ကိုစတွေ့တော့ ပညာရွှေတောင်စာအုပ်ဆိုင်မှာ …။ ကျယ်ကျယ်ဝန်းဝန်းရှိလို့မကြာမကြာရောက်ဖြစ်တယ် …။ တခါတလေ ရင်ကိုအေးမြစေသား စာအုပ်တွေအလကားပေးတတ်တာရယ် … စာရွက်ကျော်နေလို့ပြန်လဲရင် ပြုံးပြုံးရွှင်ရွှင်နဲ့လဲပေးတတ်တဲ့ ညီမငယ်လေးတွေနဲ့ခင်နေတာနဲ့ အမြဲလိုလိုရောက်ဖြစ်တာပါ …။ ကဗျာစာအုပ်ရောင်းတဲ့ စင်နားမှာ လူတစ်ယောက် အလကားမြည်းလို့ရတဲ့စာအုပ်ကို မုန့်ဟင်းခါးဟင်းရည် အဆစ်ပေးသလိုမြည်းနေလေရဲ့ …။
ခဏစောင့်ကြည့်နေသေးတယ် …. ဆံပင်အညိုတွေနဲ့ … ကိုယ့်ဆံပင်တွေကို copy & paste လုပ်ထားသလိုခံစားရတယ် …။ သူက ကဗျာစာအုပ်ထူထူကြီးကိုမြည်းနေပုံရတယ် .. ..ကိုယ်ဝယ်ချင်တဲ့ ဇေယျာလင်းဘာသာပြန်တဲ့ ဟိုက္ကူ ကဗျာစာအုပ်က အဲဒီနားမှာ … မြန်မာအချင်းချင်း excuse me ပြောရတာလည်းဝါသနာမပါဘူး … နည်းနည်းလောက် ဆိုပြီး တခုခုတောင်းစားသလိုမျိုးလည်းငယ်ငယ်ကတည်းကမပြောတတ်ဘူး .. ဒါနဲ့ပဲ လမ်းပိတ်ထားတဲ့ ကားကို ကျော်တက်သလို … သူ့ကိုကျော်တက်လိုက်တယ် …။ စာအုပ်ပုံအောက်မှာ ဖြူဖြူလေးခွေနေတဲ့ မြွေသေးသေးလို ကဗျာစာအုပ်လေးကိုဆွဲထုတ်ပြီး … ငါလာသည် ၊ ငါတွေ့သည် ၊ ငါ ငွေရှင်းမည်ဆိုတဲ့ ခေတ်သစ် ၂၁ ရာစု ဂျူးလီယက်ဆီဇာလို ခပ်တည်တည်ပဲထွက်လာလိုက်တယ် …။
အဲဒီတုန်းကတော့ စာမြည်းတဲ့ အထဲမှာ အညိုရောင်ဆံပင်နဲ့လူတယောက်ရှိတယ်ဆိုတာ မှတ်မိစေတဲ့လိုင်းလေးတစ်ခုတောင်ဦးနှောက်ထဲမှာရေးရေးလေးမဖြစ်ထွန်းခဲ့တာအသေအချာပဲ ပေါ့ …။


(အခန်း၂)


မကြာပါဘူး … သူနဲ့ထပ်ဆုံတယ် … မျဉ်းကြားတစ်ခုကိုဖြတ်ရင်းလေ … ဖြစ်နိုင်တာက သံသရာဆိုတဲ့ ရုပ်ရှင်ကားတစ်ကားမှာ ညိုနဲ့သူနဲ့ ဖြတ်လျောက်လုပ်ခဲ့ကြဖူးသူတွေလား … ဖြစ်နိုင်တယ် .. သူကလည်းကိုယ့်ရှေ့ကဖြတ်လျှောက် … ကိုယ်ကလည်းသူ့ရှေ့ကဖြတ်လျှောက် … တယောက်နဲ့တယောက် မိတ္တူကို မူရင်းက ကြည့်သလိုကြည့်မိတယ် …ဒီလောက်ပါပဲ … တယောက်နဲ့တယောက် ဖြတ်လျှောက် သရုပ်ဆောင်ကြေးပေးဖို့ သံသရာကလည်း ဝေးခဲ့ပါပြီ ... လို့တွေးပြီး ပြုံးချင်သွားခဲ့မိသေးတယ်လေ။


(အခန်း၃)


ညို့ဝါသနာက ရောင်စုံဘောပင်လေးတွေနဲ့ Markerရောင်စုံလေးတွေကိုစုတတ်တာ …။ pen friends တွေကို စာရေးတဲ့အခါအသုံးဝင်လို့ … ပြီးတော့ စာကို Notes ထုတ်တဲ့အခါ အရောင်နဲ့မှတ်တယ် ပုံတွေနဲ့မှတ်တယ် … ရယ်စရာကောင်းတာက စာမေးပွဲမှာ ဒီပုံနဲ့အရောင်နဲ့မှတ်ထားတဲ့ စာမျက်နှာကိုသတိရပြီး စာကမေ့နေတာမျိုးလေ …။ အထူးသဖြင့် Uni နဲ့ Pental အမျိုးအစားလေးတွေသဘောကျတယ် …။ များသောအားဖြင့် Apex မှာဝယ်လေ့ရှိတယ် …။ စာအုပ်တွေဝယ်တဲ့အခါ … Apex ရဲ့ဟိုဘက်လမ်းက စာအုပ်တွေကို ပလတ်စတစ်ဖုံးပေးတဲ့ ညီအစ်ကို နှစ်ယောက်ဆိုင်မှာ စာအုပ်လေးတွေဖုံးခိုင်းထားပြီး Apex မှာ စာရေးကိရိယာတွေဝယ်လေ့ရှိတယ် …။

အရောင်းစာရေးတွေနဲ့လည်းခင်တယ်လေ… သူတို့မွေးထားတဲ့ Arowanaကြီးက ပျင်းပျင်းရိရိရေကူးနေတော့ ငွေတွေက ဘယ်လာမလဲ ပျင်းပျင်းရိရိကြီး လာရင်းနောက်ကျကုန်မယ်ဆိုလို့ ဆိုင်ရှင်က ငါးကိုရေမြန်မြန်ကူးခိုင်းလို့ရလားတဲ့ …။ ညိုက အလှမွေးငါးတွေ နှစ်ပေါင်းများစွာမွေးခဲ့ဖူးတယ်ဆိုတော့ မှန်ပုံးသေးနေတယ် … ငါးရဲ့ ရေသန့်စက်က အလတ်စားဖြစ်နေတယ်လို့ပြောပေးလိုက်တယ် …။ ပညာကိုတန်ဖိုးထားတဲ့ ဆိုင်ရှင်ကအစိမ်းရောင် ဘောပင်တစ်ချောင်းလက်ဆောင်ပေးရင်း ၊ အခုနပဲ သမီးအကို လည်းလာဝယ်သွားတယ် … သမီးတို့က ရုပ်ချင်းတကယ်တူတာပဲနော် …။ အင်း ဟိုမိတ္တူကြီးကတော့ လာသွားတယ်ထင်ပါရဲ့ …လို့တွေးမိတယ် ။ အရေးထဲအပြန်လမ်းမှာ ကလေးတယောက်က သူ့အမေကို မေးနေသံကြားတယ် … မေမေ …တရွာဝင်တကျီဆောက်တယ်ဆိုတာဘယ်လိုလဲမေမေတဲ့ …။ သူ့အမေကလည်း ရှင်းရှင်းပဲဖြေတယ် .. သမီးဖေဖေကိုမေးကွဲ့တဲ့ …။

အင်း ..
ညိုလည်း ဖေ့ဖေ့ကိုမေးရဦးမယ် …
ဘယ်ကကျီလဲလို့လေ … ဘယ့်နှယ့် အတည်ပေါက်ကြီးရုပ်လိုက်ဆင်နေတာ နည်းနည်းတော့ ခံပြင်းဖို့ကောင်းသလိုလိုပဲလေ … ကိုယ့်အတွေးကိုယ်သဘောကျပြီးလမ်းမှာရယ်မိသေးတယ် …။


(အခန်း၎)

တခါလည်း မုန့်ဟင်းခါးဆိုင်မှာဆုံသေးတယ်လေ… အဲဒီဆိုင်က ညပိုင်းလေးပဲဖွင့်တဲ့ဆိုင်လေ…။ silver light နားကဈေးတန်းလေးမှာဖွင့်တဲ့ဆိုင် …။ ညပိုင်း မြို့ထဲရောက်တိုင်းစားဖြစ်တယ် …။ဆယ်တန်းတုန်းကလည်း ကျူရှင်ကပြန်တိုင်းစားဖြစ်တယ် …။ ရောင်းတဲ့သူကလည်းဝင်ထိုင်လိုက်တာနဲ့ ဘဲသွေး၊ ကြက်သွန်ကြော်နဲ့ ငါးဖယ် နဲ့ တပွဲအမြဲအဆင်သင့် …။ မုန့်ဟင်းခါးစားရင် ဒီသုံးမျိုးမရတဲ့ဆိုင်ဆိုရင် စိတ်နာသလိုကိုဖြစ်တယ် …။ (အဲဒီမှာစားရင်း မ၀သေးရင် ဘေးနားမှာ ဖွင့်တဲ့ မုန့်လိပ်ပြာဆိုင်က မုန့်လိပ်ပြာတွေဝယ်သွားပြီး တလမ်းလုံးစားသွားတယ် .. ညိုက ပါစက၀မ်းမီးလေပင့်နေတာလို့ဖေဖေကပြောရလောက်အောင် စားနိုင်တယ် …။ သူငယ်ချင်းတွေက တော့ ညိုတို့က စားနိုင်သောက်နိုင်လို့ စီးပွားရေးကိုပြောသလိုလိုနဲ့ ကိုယ့်ကိုနှိပ်ကွပ်ကြတယ် …။ )… ဒီတစ်ခါ …ဆိုင်ကိုအ၀င်မှာ မိတ္တူကြီးနဲ့ဆုံတယ် … အရေးထဲ ကမ္ဘာလူသားသန်းထောင်နဲ့ချီထဲမှာ ဒီလူက အကြွေးရှင်လို ခဏခဏ ဆုံနေတာ ခံစားရခက်တယ် …။ သူကလည်း သူ့ကိုယ်သူမူရင်းပါဆိုတဲ့ပုံနဲ့ကြည့်တယ် …။ အမယ် သူခိုးကလူကိုဟစ်တဲ့အကြည့်လို့ ကိုယ့်ဘာသာကိုယ် နာမည်ပေးပစ်လိုက်တယ် …။ ရုပ်ကိုက သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါဆိုတဲ့ အထက်စီးရုပ်နဲ့ …။ထုပ်စည်းတိုးတဲ့သူတွေနဲ့တွေ့မှ ထမင်းရည်ပူစည်းတားခိုင်းရမယ့်ရုပ်မျိုးလေ …။ အခုတလော ကဗျာမှာ အလင်္ကာတွေကို ဖြုတ်ပြီး ပကတိသဘောကိုလေ့လာနေချိန်ဆိုတော့ အားရပါးရလှမ်းမှာလိုက်ရတယ် ...။ “မုန့်ဟင်းခါးတစ်ပွဲ အကြော်မထည့်ဘူး..”။ ... ဒီတစ်ခါတော့ခပ်သွက်သွက်စားပြီးထွက်လာခဲ့လိုက်တယ် ..။

ဆိုင်ရှင်က သမီးပေါင်းရှင်းသွားပါလားအစ်ကို့အတွက်တဲ့ …။ သေလိုက်ပါတော့ …။ မသိချင်ယောင်ဆောင်လို့မရတာနဲ့ သိချင်ယောင်မဆောင်ဘဲ ခပ်တည်တည်ဘဲထွက်လာခဲ့လိုက်တယ် …။ မိတ္တူကြီးရေ နေရစ်ပေတော့ …။

(အခန်း၅)

ဒီလိုတိုက်ဆိုင်မှုတွေနဲ့ပတ်သက်လို့ အခင်ဆုံးသူငယ်ချင်း ယမင်းကို ပြောပြမိတယ် …။ အော် ဒီလူက နင့်ရဲ့ ကံရုပ်ကြီးလားမှမသိတာတဲ့ … သူပြောတဲ့ဥပမာကြီးကလည်းစိတ်လေစရာ … အတိတ်ဘ၀က ကိုယ်ကသူ့ပေါ်မကောင်းခဲ့လို့ တကယ်မရှိဘဲပေါ်တဲ့ ကံရုပ်တဲ့လေ …နေစမ်းပါ .. ကံရုပ်က မုန့်ဟင်းခါးစားတယ်လို့ ဘယ်ဒေသနာမှာမှ ငါမကြားမိပါလားဟယ် လို့ပြောတော့ …
ဒါဆိုရင် .. ငါထင်တာက …
အမယ်အရေးထဲ ရှားလော့ယမင်းက ဆေးတံမပါဘဲ တွေ့ကရာစကားလုံးတွေခဲပြနေသေးတယ် .. ကိုယ့်ကိုယ်ကို ၀ပ်ဆန်လိုလို ..၊ မသိန်းမောင်လိုလိုဖြစ်အောင်လာလုပ်နေတယ် …။
…နင်ထင်တာတော့ ဒီလူဟာ မှတ်ပုံတင်နံပါတ်တစ်ခုနဲ့ ခြေထောက်အသုံးပြုပြီးလမ်းလျှောက်တဲ့သတ္တ၀ါ လားဆိုပြီးငေါ့လိုက်မှ … နည်းနည်းဟိတ်ဟန်လျော့သွားတယ် …။
ငါထင်တာတော့ သူက ရိုးရိုးသားသားလမ်းမှားနေတဲ့ ငှက်တကောင်ပဲတဲ့ …။
အင်း သူပြောမှ .. အိမ်ထဲမှာ ညဘက်ဝင်လာပြီးပြန်မထွက်တတ်တဲ့ စာကလေးတွေကိုသတိရတယ် … အင်းဖြစ်နိုင်တယ် … ဒီလူက ပိကျိပိကျိ သာမအော်တယ် .. သူ့ကြည့်ရတာ လူးလာခေါက်တုံ နိုင်တယ် …။ အရေးထဲ ငါ့မျက်စိအိမ်ထဲမှာမှ လမ်းမှားရောက်လာတယ် … ငါသူ့ကိုမြင်ရတာကိုက ကိုယ့်ကိုယ်ကို ပုရွက်ဆိတ်ဖြစ်သွားသလိုပဲ … တကောင်နဲ့တကောင်မကွဲဘူးဟာ …။ ထားလိုက်ပါဟာ ဒီမိတ္တူကြီးအကြောင်း ။…ငါတို့ခရေမြိုင်လမ်းးဘက်လမ်းလျှောက်ထွက်ရအောင် …။

လမ်းကခရရနံ့သင်းတမြမြနဲ့မွှေးနေတယ် … ခရေပင်လေးတွေက ကုပ်ကုပ်လေးပုန်းနေတဲ့ကလေးတွေလို စုစုဝေးဝေးနဲ့ချစ်စရာကောင်းတယ် ..။ ငယ်ကတည်းက ဒီလမ်းလေးမှာလျှောက်ရရင်စိတ်ချမ်းသာတယ် … star flower ကို ခရေပန်းမှန်းမသိခင် ဖေဖေက ကြယ်ကြွတွေသွားကောက်ရအောင်ဆိုပြီးခေါ်လာခဲ့ကတည်းက ဒီလမ်းလေးကို ချစ်ခင်နေမိတယ် …. ကြယ်ကြွေတွေတဖွေးဖွေးလေးနဲ့ ဆောင်းညနေလေးဟာ တန်ခိုးရှင်တပါးပါးလွတ်ကျသွားတဲ့ ဥယျာဉ်တခုလို ခမ်းနားလှပနေတယ် …။ ယမင်းနဲ့အတူတူ ကောင်းကင်ကကြယ်တွေကိုရေတယ် … ငယ်ကတည်းကိုယ့်နာမည်ပေးထားတဲ့ကြယ်လေးဟာ တတိယ မြောက်ခရေပင်ရဲ့ထောင့်မှာလင်းပနေလေရဲ့ ..ယမင်းရဲ့ကြယ်လေးက ဒီနေ့နည်းနည်းဖျော့နေတယ် .. နှစ်ယောက်သား ကြယ်ကြည့်တဲ့ဝါသနာကို အခုအထိမစွန့်နိုင်သေးဘူးလေ… ။ ရှေ့နားမှာ လူနှစ်ယောက်လည်းလမ်းလျှောက်နေတယ် …
အလင်းတွေက ညီအစ်ကိုမသိတသိအလင်းတွေ .. ဒါတောင်မှ ဒီဆံပင်တွေဟာ မိတ္တူကြီးခေါင်းက ဆဲလ်အသေတွေမှန်း စိတ်ကဖျပ်ခနဲသိလိုက်တယ် … သေစမ်းပါ မိတ္တူကြီးရယ် … အခုနက ဥယျာဉ်တောင် ဖြတ်လျောက်ခန်းထဲက ဆက်တင်တစ်ခုလို ချက်ချင်းပြဇာတ်ဆန်သွားတယ် …။
ယမင်း …ယမင်း ..ရှေ့ကမိတ္တူကြီးကိုကြည့်လော့ … အသင် သကောင့်သားသည်ပင်လျှင် သင်ပြောသော မုန့်ဟင်းခါးစားသည့် ကံရုပ်ကြီးဖြစ်လေကုန်၏ လို့ပြောပြီး .. လှည့်ပြန်လာဖြစ်တယ် …။
ယမင်းကလည်း ခေါင်းကို အငြိမ့်သမ ရုပ်သေးက ကသလို လှည့်ကြည့်လှည့်ကြည့်လုပ်တယ် … ။
နင်ကလည်း အမြန်လာစမ်းပါ …တော်ကြာ သူက ငါ့ကို သူ့ကံရုပ်ကြီးထင်နေပါဦးမယ်ဟဲ့ ..ဆိုမှ ယမင်းလည်း ရုပ်သေး က’ ရပ်တော့တယ် ..။


(အခန်း၆)

အကျည်စားသန်သောနတ်တို့သည်ရှိကြလေကုန်၏ဆိုပါတော့
…တကယ်ဆို အဲဒီနတ်တွေနဲ့ရန်ဖြစ်ဖို့မကောင်းဘူးလား …


အဲဒီလိုအတွေးနဲ့ပဲ တစ်မနက်ခင်းစတင်ခဲ့တယ် ... ကော်ဖီတွေတခွက်ပြီးတခွက်သောက်လိုက်ရင်းတစ်နေကုန်အိမ်မှာနေနေလိုက်တယ် ….။
မနေ့က၀ယ်လာတဲ့ Yanni ရဲ့ musicals အခွေလေး ဖွင့်ပြီးစိတ်ကို relax လုပ်ထားလိုက်တယ် … မနေ့က အဖြစ်အပျက်တွေက စန္ဒရားသံနဲ့အတူ တိုးသက်ညင်သာစွာဆိုက်ရောက်လာတယ် ….။ Kitaro စီဒီတွေ ၀ယ်မရခဲ့တာကိုတွေးမိတယ် …။ ဆိုင်ရှင်ကတော့ မရောင်းနိုင်လို့ပါတဲ့ သူ့မောင်လေး မှာထားလို့တဲ့ … အပြန်လမ်းမှာ မိတ္တူကြီးကိုတွေ့တယ် … အလိုလိုခံစားမိတဲ့စိတ်က Kitaro အခွေတွေကို ဒီလူမှာထားတာများလို့ … တွေးမိလိုက်တယ် …။ ဒါနဲ့ပဲ လှေကားကို ပြန်တက်ပြီး မိတ္တူကြီး စီဒီဆိုင်ကိုဝင်မ၀င် တစ်ချက်လှမ်းကြည့်မိတယ် …။ ထင်တဲ့အတိုင်းဝင်သွားတယ် … ဆိုင်ရှင်က၀မ်းသာအားရနှုတ်ဆက်ပုံကြည့်တာနဲ့ အဖြေက သေချာသလောက်ပဲ … ထားလိုက်ပါတော့ … ဒီအခွေတွေ သူကိုင်ပြီးထွက်လာမှာသေချာတယ်လို့ကိုယ့်ဘာသာကိုယ်လောင်းရင် ကိုယ်ပဲနိုင်ဦးမယ် …။ ဒါနဲ့ပဲ FMI ကထွက်လာလိုက်တယ် …။ ဇော်ဂျီဟောက်စ်ဆိုတဲ့ ကော်ဖီဆိုင်ကို လှမ်းကြည့်ရင်း မိတ္တူကြီး ဒီဆိုင်မှာ ကော်ဖီသောက်တုန်းဗုံးပေါက်ရမှာလို့ ကြံကြံဖန်ဖန်တွေးမိတယ် …။ သူ့ကိုမုန်းလို့မဟုတ်ပါဘူး … ဆံပင်ရောရုပ်ရောခပ်ဆင်ဆင်မက လာတူနေတာကို ရင်နာလို့ပါ …။ အရင်ကဆို ဒီလိုဆံပင်လေးတွေနဲ့ဆိုပြီး ကိုယ့်ကိုယ်ကိုကျေနပ်နေတာ …အခုတော့ “မင်းတယောက်တည်းမဟုတ်ဘူး … “ဆိုတဲ့ ဇော်ဝင်းထွဋ်သီချင်းကတောင် ကိုယ့်ကို ရွဲ့ ဆိုနေတယ်လို့ခံစားရတယ် … … …..။ အာရုံကိုပြန်စိုက်လိုက်တော့ Yanni ရဲ့စန္ဒရားသံပြန်စီးဆင်းလာတယ် … သိမ်မွေ့တဲ့သိုးလေးတကောင် ပြုံးတာကိုမြင်လိုက်ရရင် ခံစားရမယ့်ခံစားမှုမျိုး ခံစားရတယ် …။

(အခန်း၇)

... ကြွက်ကလေးတွေတောင် ဗိုက်ဆာလာတဲ့အခါ လှောင်အိမ်ထဲကမောင်းတံကိုနင်းတတ်လာတယ် ...
ဒါနဲ့စကားမစပ် .. လူသားတွေကရော တနေ့တနေ့ ထမင်းစားရဖို့ မောင်းတံတခုခုကို ဘယ်နှကြိမ်နှိပ်နေရပါလိမ့် ...။ ညို့အတွေးထဲမှာ ကြွက်တွေ မောင်းတံတွေ လူတွေနဲ့မျောနေတယ် ...။ ဖေဖေ့လို (thinker type personality သမားလို)ု အတည်အတံ့မတွေးပေမယ့် အမြဲတမ်းဦးနှောက်ထဲမှာ စကားလုံးအသစ်တွေနဲ့ အတွေးအသစ်တွေကို ဖြည့်ထားရတာကို ညိုသဘောကျတယ် ...။ အခုလည်း taxi driver ဦးလေးကြီးက စကားပြောလိုက်မှ ကိုယ့်ကိုယ်ကို taxi ပေါ်မှာမှန်းသတိရတယ် ...။ အဲဒီဦးလေးကြီးက အရပ်ပုပုနဲ့ ရုပ်လေးက ကာတွန်းထဲက ရိုးသားတဲ့ လယ်သမားဦးကြီးရုပ်မျိုးလေ...။ သူက သီချင်းတော့ကြိုက်ပုံရတယ် ... Guns N Roses ရဲ့ Knocking on the heaven's door ကို တိုးတိုးလေးဖွင့်ပြီးလေချွန်နေတယ် ...။ ကားငှားဖြစ်တာလည်းရယ်စရာ ... သူ့ကားက အပြာရောင်လေ... အဲဒါရှေ့ကအဒေါ်ကြီးတွေက ကားကိုတားပြီးမှ သူတို့ထဲက တစ်ယောက်က အငှားကားကလည်း အပြာကြီးတဲ့ ... ။ ကိုယ်တောင် အံ့အားသင့်သွားတယ် ... အငှားကားက အပြာဆိုရင်ဘာများဖြစ်သလဲပေါ့လေ...။ ဦးလေးကြီးကလည်း နောက်တတ်တယ်ထင်တယ် သူ့နေကာမျက်မှန်ပေးပြီး ဒါလေးတပ်ထားပြီး ငှားပါဗျာလို့နောက်တယ် ...။ ဒါပေမယ့်မငှားဖြစ်ကြဘူး ဒါနဲ့ပဲ ကိုယ်က Main ထဲကိုသွားချင်လို့ပါ ဘယ်လောက်လဲဆိုတော့ သူက ပုံမှန်ဘယ်လောက်ပေးရလဲ... ပေးနေကြအတိုင်းပဲပေးပါဗျာ..ဆိုတာနဲ့ ကိုယ်လည်း ပေးနေကြဈေးကိုပြောပြီးတက်လာလိုက်တယ် ...။...တစ်လမ်းလုံးသူကလည်း သူ့ဘာသာသူမောင်းရင်းလေချွန်နေတာပဲ ခပ်တိုးတိုးလေးပဲ ... ။ သူကောင်းမောင်းတာ ညင်သာတယ်လို့ခံစားရတယ် ...။ တချို့ကားဆရာတွေက ဘရိတ်အုပ်လိုက်ရင် လူက ယိမ်းသမလို ယိမ်းယိမ်းသွားတယ် ... သူကတော့ သာသာယာယာပဲ ... ပုံမှန်ပဲ ကီလို ၅၀ လောက်မှာပဲမောင်းတယ် ... တော်တော်အချိုးပြေတဲ့ ကားဆရာပဲ .....။စိတ်အနှောင့်အယှက်မဖြစ်ရဘူးလေ ... တချို့ကျတော့လည်း အင်တာဗျူးလုပ်သေးတာ ဘယ်သွားမလဲ ထမင်းစားပြီးပြီလား၊နေပူတယ်နော်၊ ကျောင်းဆရာမလား .. စသဖြင့် ...။ အခုတော့ ဦးလေးကြီးက ဘယ်နားရပ်ပေးရမလဲပဲမေးတာ ...။ ကိုယ်လည်း စစ်ကိုင်းဆောင်နဲ့ အနီးဆုံးနေရာမှာရပ်ခိုင်းပြီး ဆင်းလိုက်တယ် ...။ ကိုယ်ပေးတဲ့ပိုက်ဆံကိုရေလည်းမရေဘဲ အိတ်ထဲကောက်ထည့်ပြီး ကျေးဇူးပါပဲဗျာလို့ပြောသွားသေးတယ် ..။ အော် ဒီမောင်းတံနင်းနေတဲ့ ကြွက်တွေလိုလို လူတွေထဲမှာတော့ ဒီဦးလေးကြီးက ယဉ်ကျေးတယ်လို့ အသိအမှတ်ပြုပြုံးပြပြီး ကျေကျေနပ်နပ်ကြီး ကံကော်နယ်မြေထဲကိုဝင်လာခဲ့တယ်....။

စာအုပ်ငှားချင်လို့လာခဲ့ပေမယ့် ဒီနယ်မြေရဲ့ အေးဆိတ်ငြိမ်သက်မှုကိုသဘောကျတယ် ...။ ကိုယ်ကတော့ဒီမှာမတက်ဖူးလို့သိပ်မရင်းနီးပေမယ့် အသိဆရာတစ်ယောက်ရှိတာနဲ့ သုံးလေးငါးခေါက်တော့ရောက်ဖူးတယ် ...။ ရောက်တဲ့အခါတိုင်း လမ်းအကြာကြီးလျှောက်ကြည့်ဖြစ်တယ် ... အခုလည်း ငှားချင်တဲ့စာအုပ်ရတာနဲ့ လမ်းမှာ လှန်လျောဖတ်ရင်း အင်းဝဆောင်ဘက်ကနေပြန်မယ်ဆိုပြီး စာအုပ်ကိုသိမ်းလိုက်တယ် ...။ ရှေ့နားမှာ သိပ္ပံကင်တင်းလေးက အရိပ်အာဝါသကောင်းကောင်းနဲ့အပင်တွေကြားထဲမှာ ရိုမန်တစ်ကျေးရွာလေးလိုလှနေတယ် ....။ အော်အော် .. ရိုမန်တစ်ကျေးရွာလေးမှာ ဗီလိန်တစ်ယောက် ခါးထောက်ထားတဲ့မျက်လုံးတွေနဲ့ ကိုယ့်ကိုကြည့်တယ် .. ငါ့နှယ် ... ဒီလောက်တောင် ဆုံဖို့ အခွင့်အရေးဖြစ်တန်စွမ်း ၀.၀၀၀၀၀၃၂၃ လောက်ရှိတဲ့နေရာမှာမှ ဒီလူနဲ့ဆုံပြန်ပြီ ... သံသရာမှာ အကြွေးရှိခဲ့ရင် ကန်တော့ပါသေးရဲ့ လို့ပြောလိုက်ချင်တယ် မိတ္တူကြီးရယ် မိတ္တူကြီးရဲ့ ... ....။
သူ့ဘာသာသူလာတာပဲနေမှာပေါ့ ... ဒါတောင်ကိုယ့်ဘာသာကိုယ်လာတဲ့ ညိုနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတယ်လို့ ....။ အင်းလေ ... ဒုလ္လဘထဲမှာ အကြိမ်ကြိမ်တည့်တည့်ကျနေတဲ့ ကောင်းကင်က အပ်တစ်စင်းနဲ့ မြေပြင်က အပ်တစ်စင်းပဲလား ...။ ... ကံတရားဆိုတဲ့ ကြွက်တကောင်ကလည်း ဒီမောင်းတံကိုနင်းမိတိုင်း တိုက်ဆိုင်မှုတွေ ပြုတ်ကျလာမယ်လို့များသိနေခဲ့သလား ......
အရေးမပါလိုက်တာကွာ ....လို့ ဘာကိုစိတ်တိုရမှန်းမသိဘဲတိုသွားမိတယ် ..။


(အခန်း၈)

ဖေဖေနဲ့ ညပိုင်းသမီးအဖစကားဝိုင်းမှာ လူတယောက်နဲ့ မီးပွိုင့်ခဏခဏမိသလို ဆုံနေတာပြောဖြစ်တော့ ဖေဖေက ပြုံးတယ် ...။ သမီးရယ် သံသရာမှာ မတော်ဖူးသည့် ဆွေမျိုးဟူသည်မရှိမဟုတ်လား ...လို့ပြောတယ် ...။ပြီးတော့ ဖေဖေ ဟော်လန်သွားဖို့ ကိစ္စတွေ ပြောဖြစ်ကြတယ် ...။ ဖေဖေက ဟော်လန်မှာ Post Grad diploma ယူခဲ့တာ ...။ အခုလည်းဟိုကကျောင်းက ကျောင်းတက်ရင်း အလုပ်လုပ်ဖို့ကမ်းလှမ်းလာတယ် ...။ မြန်မာနိုင်ငံမှာလည်းရုံးက နားလိုက်ပြီဆိုတော့ အဲဒီကိစ္စကိုပိုပြီးဖိဖိစီးစီးလုပ်နိုင်သွားတယ် ...။
အင်း ..
ဖေ့ဖေ့ အယူအဆအရတော့ ဒီမိတ္တူကြီးက.. သံသရာမှာမတော်ဘူးသည်မရှိသည့် ဖိနပ်ကြီးပေါ့ ...။

(အခန်း၉)

ဒီနေ့ ပျင်းတာနဲ့ ယမင်းကိုခေါ်ထုတ်ပြီး မြို့ထဲသွားကြတယ် ...။ ဒီနေ့ညို့ကဗျာတစ်ပုဒ် သရဖူမှာပါလို့ စာမူခသွားထုတ်ရင်း စေတီတခုမှာလှူဖို့ ဆူးလေကိုသွားတယ် ...။
နေ့နံနဲ့ကိုက်ညီနဲ့ဆင်းတုတော်အသီးသီးရှေ့မှာ ၀တ်ပြုဆုတောင်းရင်း စိတ်ချမ်းသာနေမိတယ် ...။ ရွှေသင်္ကန်းကပ်ဖို့ရတဲ့စာမူခလေးကိုလှူလိုက်တယ်...။ ယမင်းကတော့ ရွှေသင်္ကန်းလှူပြီး ထုံးစံအတိုင်း အဘိဓမ္မာ ကျမ်းရွတ်ပွဲအတွက်သွားလှူတယ် ... ဘုရားမှာစိတ်ချမ်းသာလက်ချမ်းသာ ရှိခိုးလှူဒါန်းပြီး နှစ်ယောက်သား ကော်ပြန့်စိမ်းသွားစားကြတယ် ..။ လမ်းသုံးဆယ်နားက ကော်ပြန့်စိမ်းဆိုင်လေး၊ အဲဒီဆိုင်မှာက နွားနို့စစ်စစ်လည်းရတယ် ..ဆိုတော့ နှစ်ယောက်စလုံးကြိုက်ကြတယ် ..။ ယမင်းတယောက် ကော်ပြန့်စိမ်းစားရင်း အချဉ်ညှစ်လိုက်တာ ငရုတ်ဆီက သူ့အင်္ကျီ လက်ပေါ်ကိုနည်းနည်းကျသွားတယ် ...။ ဖြစ်ချင်တော့ သူလက်ရှည် ပန်းနုရောင်ဖျော့ဖျော့လေးဝတ်လာတဲ့နေ့မှ အချဉ်ကကျရတယ်လေ...။ စားပြီးမှ cleaning room ရှာတာပေါ့ဟာ ဆိုပြီးတော့ လောလောဆယ်တစ်ရှူးနဲ့ သုတ်ခိုင်းထား လိုက်တယ်။ ငရုတ်ဆီက လက်ကိုလည်းနည်းနည်းပေသွားတော့ ယမင်းလည်း ကပ်စေးကပ်စေးဖြစ်နေတယ် ...။ အဲဒါနဲ့ပဲ နင်လည်းအခုမှ ဒေါ်ကပ်စေးဖြစ်တော့တယ်လို့စမိတယ် ...။
စားသောက်ပြီးတော့ လမ်းကူးလိုက်တယ်။ ဆူးလေမှာ အများသုံးအိမ်သာဆိုလို့ နှစ်ခုတိတိရှိတယ် ... ဟိုဘက်ဂုံးတံတားနားက မြေအောက်အိမ်သာကတော့ ပုံစံကိုက မာဖီးယားဂိုဏ်းသားတွေရဲ့ လျှို့ဝှက်ဆုံရပ်လိုလိုဘာလိုလိုနဲ့ ... လူလည်းမကူးရတဲ့ လူကူးဂုံးကျော်တံတားကြီးပေါ်မှာတော့ တိုးရစ်တွေခဲရာခဲဆစ်တက်ပြီးဆူးလေစေတီတော်ကို ဓာတ်ပုံရိုက်နေကြတယ် ...။ ကံကောင်းတာကတော့ ကိုယ်တို့အတွက် ဒီဘက် မှာ အများသုံးသန့်စင်ခန်းလေးတစ်ခုလာဖွင့်ပေးထားတာပဲ ...။ ထုံးစံအတိုင်း ခေါင်းတွဲမပါရင် ဘူတာတောင်မဆိုက်ဘူးဆိုတဲ့ရထားလို ယမင်းကလည်း တယောက်တည်းမ၀င်ရဲပြန်ဘူး ...။ ကိုယ်ကပဲ bodyguard ကားထဲက မင်းသားကြီးလိုခပ်တည်တည်ကြီးလိုက်ဝင်လိုက်ရတယ် ...။ သူ့လက် နဲ့ အင်္ကျီလက်ကို အသေအချာဆေးကြောနေပုံက အခုပဲ မီးဖွားပေးလိုက်တဲ့ အသန့်ကြိုက်တဲ့ အထူးကုကြီးပုံစံနဲ့ ... ကိုယ်လည်း ပျင်းလာတာနဲ့ ဆေးပြီးထွက်လာတော့ဟာ ငါအရှေ့ကစောင့်နေမယ် ဆိုပြီးထွက်လာလိုက်တယ် ..။
အော် ..ဖြစ်ရမယ် ..
ဟိုဘက်မှာထွက်လာတဲ့ တစ်ယောက် ... ရုပ်ကိုက အိမ်သာတက်စားနေတဲ့ရုပ်မျိုးနဲ့ ...။ ချိန်းထားရင်တောင်လွဲဦးမယ်ဆိုပြီးပြောရအောင်လည်း ဒီနေရာက ချိန်းစရာကောင်းလောက်တဲ့ ဆွတ်ပျံ့ဖွယ်အရပ်ဒေသမဟုတ် ...။ ဒါပေမယ့်လည်း တိုက်ဆိုင်မှုတွေထဲမှာ တော်တော်လေး chaotic ဖြစ်တဲ့တိုက်ဆိုင်မှုပေါ့ ...။ အရေးထဲ သူ့ဘေးနားက ကောင်လေးက သူ့ကိုကြည့်လိုက် ကိုယ့်ကိုယ်ကြည့်လိုက်နဲ့ ...။ သုံးစကန့်ထက်ပိုကြည့်ရင် ရိုင်းတယ်ဆိုတာကို လက်ခံတဲ့သူတွေထဲမှာသူလည်းပါပုံရပါတယ် ...။ နှစ်စကန့်ခွဲလောက်မှာ .. သူ့အကြည့်တွေသူရုတ်သိမ်းပြီး လှည့်ထွက်သွားလေရဲ့ ... သူ့အကြည့်ဆိုတာကတော့ သိတဲ့အတိုင်း သူခိုးက လူဟစ်တဲ့အကြည့်ပဲလေ ...။ ဖြစ်နိုင်ရင် ဒီဆံပင်နဲ့ ဒီရုပ်ကို ကျွန်မသာ ပိုင်ရှုင်အစစ်ဖြစ်ကြောင်း ရီဂျစ်စတာလုပ်ထားချင်ပါရဲ့ ...။ ယမင်းက ခဏကြာတော့ အူတူတူနဲ့ထွက်လာတယ် ... ပြီးတော့ နင်ကလည်းဟာ ခဏလေးစောင့်ရတာကို အလိုမကျတဲ့ရုပ်နဲ့ တဲ့ ... ။

....
အပြန်လမ်းမှာ ... ခရမ်းရောင်ဓားသွားတစ်ခုအကြောင်းကိုတွေးမိတယ် ...
ယမင်း ...
....မြတ်နိုးတယ်ဆိုတာ အမြတ် No ဆိုတော့ ရှုံးတာပေါ့နော် ...ဆိုတော့ သူက ... ထုံးစံအတိုင်း ငါထင်တာတော့ ... ဆိုပြီး အစချီပြန်တယ် ...
နင်ထင်တာတော့ ငါသိတယ် .. နင် taxi ခပေးမယ်မဟုတ်လား ဆိုတော့မှ ... ကိုယ့်လှည့်ကွက်ကို သူသဘောပေါက်တယ် ...။
အင်း ..နင်လည်း လူလည်ကျလာတာ ငါ့တစ်သက်ပဲတဲ့ ...။
ကိုယ်ကပဲ သူ့လက်ပေါ်မှာကြီးလာသလိုလိုနဲ့ ... ယမင်း ငတုံး ...လို့မျက်စောင်းထိုးဖို့အားယူလိုက်တယ် .... ။ ဖြစ်ချင်တော့ အားလွန်သွားတဲ့မျက်စောင်းက ဘေးနားက ကားပေါ်မှာပါသွားတဲ့ မိတ္တူကြီးကိုတွေ့လိုက်တယ် ...။
ဟဲ့ယမင်း ..ဘေးမှာတွေ့လား နင်ပြောတဲ့ကံရုပ်ကြီး ... ကံရုပ်ကြီးက မုန့်ဟင်းခါးစားတယ် ၊ အိမ်သာလည်းသွားတယ် taxi လည်းငှားတယ်ဟဲ့ အံ့ရောနော် ဆိုမှ သူလည်း .. ကြည့်ရင်း တဟားဟားရယ်တယ် ...။


(အခန်း၁၀)

တိုက်ဆိုင်မှုတွေက အသားကျလာတတ်သတဲ့လား ... ......... အခုတော့ တခုခုမပိုင်ဆိုင်ခဲ့ပဲ တစ်ခုခုပျောက်ဆုံးနေတယ် .. တစ်ခုခုမရရှိခဲ့ပဲ .. တစ်ခုခု ပျောက်ဆုံးနေတယ် ..........။


မိတ္တုကြီးကိုမတွေ့တာကြာပြီ .. ကိုယ်ကလည်း ကိုယ့် thesis အတွက် Final Defence မှာ ဖြေစရာလေးတွေစုဆောင်းနေတယ် ...။ တစ်နေ့တစ်နေ့ လှိုင်သာယာသွားလိုက် ...၊ Thesis supervisor ရှိတဲ့ လှည်းတန်းကိုပြေးလိုက် ၊အင်တာနက်ဆိုင်မှာ လိုတာတွေဒေါင်းလုဒ်သွားလုပ်လိုက်နဲ့ ကိုယ့်အချိန်ဇယားထဲမှာ ကိုယ်ပိနေတယ် ...။ စာရွက်တွေကိုမိတ္တူသွားဆွဲတုန်း မူရင်းကောင်းမှမိတ္တူကောင်းမည်ဆိုတာကိုတွေ့တော့ ဘာရယ်မဟုတ် စိတ်ထဲကို မိတ္တူတစ်ရွက်ဝင်လာတယ် ...။
.........
...............
(အခုတလော အသက်ရှူမ၀ဘူး ...။ ရုတ်တရတ်အောက်ဆီဂျင်နည်းသွားသလား ...။ ဖေဖေ့ကိုမေးကြည့်တော့လည်း သူတော့ အရင်လိုပါပဲတဲ့ ..။ ယမင်းကိုမေးကြည့်တော့လည်းထိုနည်းလည်းကောင်း ... ကိုယ်ကတော့ အသက်ရှူမ၀ဘူး ...။ ပန်းပင်တွေကြားထဲမှာထိုင်နေတာတောင် အသက်ရှူမ၀ဘူး ...။ .. ဘာလို့လဲ ... ဒါကိုကိုယ်မသိဘူး ... အင်း ဒါကိုကိုယ်မသိဘူးလို့ထင်တယ် ....။)

အဲဒီနေ့တွေ ...
ကိုယ်ရဲ့ကြယ်လေးမှိန်ဖျော့ ...
ကြည်လင်သာယာသောအုံ့မှိုင်းမှုထဲ
ဖူးနေတဲ့ စံပယ်ပန်းလေးရော ..
အသက်ရှူဝရဲ့လားကွယ် ...။ ။

အဲဒီညနေက စာအုပ်အထူကြီးလေးအုပ်နဲ့ ညို supervisor အိမ်ကနေပြန်လာခဲ့တယ် ...။ ကားဂိတ်ကနေ စာအုပ်တွေမ’ရတာမသက်သာလို့ ဆိုက်ကားစီးပြီးပြန်လာရင်း လက်ဖက်ရည်ဆိုင်ရှေ့နားမှာထိုင်နေတဲ့ အညိုရောင်ဆံပင်တွေနဲ့လူတယောက်ကိုတွေ့တယ် ။ သေချာစူးစိုက်ကြည့်မိလိုက်တယ်..
မိတ္တူကြီးပါလား ... ။
... ရုတ်တရတ် အောက်စီဂျင်တွေလေထဲမှာပြန်ပြည့်လာသလိုပဲ ...။
... ထူးထူးဆန်းဆန်း ကျေနပ်သလိုလို၊ နည်းနည်းပျော်သလို ဖြစ်သွားမိတယ် ။ အံသြသွားတဲ့အချိန်မှာ ကြည့်လိုက်မိတော့ သူ့ရဲ့အံ့သြမှုကိုမြင်တယ် ...။
ဒီတစ်ခါတော့ သူ့အပြုံးက ပိုက်ဆံကောက်ရတဲ့ ချာတိတ်လေးဆန်နေတယ် ...။ ထုံးစံအတိုင်း အကြည့်တွေရဲ့သက်တမ်းဟာ သုံးစက္ကန့်နီးပါးကြာမြင့်ခဲ့တယ်....။

တိုက်ဆိုင်မှုတွေကိုသဘောတကျပြုံးလိုက်မိတယ် ...နောက်နေ့တွေမှာတော့ ... Final Defence နဲ့ Passport ကိစ္စတွေက ခေါင်းထဲဝင်လာပြန်တယ် ...။ မိတ္တူကြီးကိုလုံးလုံးမေ့သွားပြန်တယ် ...။

(အခန်း၁၁)

ကောင်းကင်နဲ့မြေကြီးဟာ ... မိုးရေစက်လေးတွေနဲ့တွယ်ဆက်လို့လေ ...
အဲဒီအခိုက်အတန့်လေးမှာ သူတို့ရင်ထဲကအကြောင်းတွေ ... ဖြတ်သန်းစီးဆင်းနေမှာလား....

အင်း ..
မိုးတွင်းဟာ တခြားသူတွေလွမ်းမလွမ်းတော့မသိဘူး .. ညို့အတွက်တော့ မုန်တိုင်းနဲ့ တုပ်ကွေးရောဂါက ကန့်လန့်ခံနေတဲ့ ဆူးနှစ်ချောင်းလိုပဲ ....။
အခုလည်း ဖေဖေနေမကောင်းချင်သလိုဖြစ်နေတယ် .. မနေ့ကမိုးမိလို့တဲ့ ...။ သောက်နေကျဆေးတွေထဲမှာ Anitibiotics တွေနဲ့တွဲသောက်ဖို့ Cramil-S ကုန်နေတယ် ...။ ဘာဆေးဝယ်စရာရှိသေးလဲလို့ကြည့်တော့ Paracetamol လည်းကုန်နေတယ် ....။ အနားကဆေးဆိုင်ကိုသွားလိုက်တယ် ...။ ဆေးကောင်တာမှာ “ပါရာစီတမောလ် တစ်ကဒ်နဲ့ ခရစ်မေးလ် အက်စ တစ်ကဒ်ပေးပါ..” လို့ပြောရင်း ကွန်ပေါင်ဒါဆေးကဒ်ယူတာစောင့်နေလိုက်တယ်။ ဆေးကောင်တာနောက်မှာ ဖျားနာနေတဲ့လူနာတစ်ယောက် ဆရာဝန်စောင့်ရင်း အိပ်ပျော်နေတာတွေ့လိုက်တယ် ...။ သေချာကြည့်လိုက်တော့ မိတ္တူကြီးဖြစ်နေတယ် ...။ အရေးထဲ ဒီလူ့နှယ် ဆေးခန်းမှာမှ လာဆုံတယ်လို့ ....။ ရယ်ချင်သလိုတောင်ဖြစ်မိသွားတယ် ... သူလည်းမျက်လုံးဖွင့်ပြီး လှမ်းကြည့်လိုက်တယ် ... တိုက်ဆိုင်နေကျသူတွေအချင်းချင်းအသိအမှတ်မပြု ချင်ပြုချင်အကြည့်ပဲ ..။ ... ကိုယ့်လို လူကောင်းကြီးက လူမမာတွေပဲလာသင့်တဲ့အရပ်ကို ချော်တောငေါ့လာရသလားဆိုတဲ့ အံအားသင့်ပုံက ရယ်ချင်ပက်ကျိဖြစ်စရာ ... ဒါပေမယ့် ညိုကလည်းပက်ကျိမဟုတ်တော့ ရယ်ချင်ပေမယ့် ခပ်တည်တည်ပဲ ပြန်ထွက်လာခဲ့တယ် ...။

မိုးငွေ့မပါဘဲနဲ့...
အဲဒီနေ့လေးဟာ ...

အေးမြနေခဲ့တယ် ...။ ။



(အခန်း၁၂)

မာစတာဘွဲ့အတွက် အားလုံးအောင်မြင်စွာပြီးစီးသွားလို့စိတ်ချမ်းသာနေတယ်။
ဖေဖေလည်း ဟော်လန်သွားဖို့အဆင်သင့်ဖြစ်ပြီ ... သားအဖ နှစ်ယောက်ထဲဆိုတော့ ညိုလည်း အတူလိုက်သွားဖို့ အစစအရာရာပြင်ဆင်နေလိုက်တယ် ...။ ကျူးလစ်ပန်းခင်းတွေ နဲ့သိပ်လှတဲ့ မြို့ကလေး .....။ပင်လယ်ရေမျက်နှာပြင်နဲ့ တန်းတူပဲရှိတဲ့ ကုန်းမြေပေါ်ကမြို့ကလေးပေါ့ ... ဓာတ်ပုံတွေထဲမှာတော့ သိပ်ချစ်စရာကောင်းတဲ့မြို့လေးပဲ ...။ ဖေဖေကလည်း ပါရဂူဘွဲ့အတွက် ကျောင်းသားလေးပြန်ဖြစ်တော့မှာဆိုပြီး တက်ကြွနေတယ် ... ညိုကလေည်း နိုင်ငံရပ်ခြားမှာ သုံးနှစ်သွားနေတဲ့အချိန်အတွင်းမှာ ဘာတွေလုပ်မလဲလို့ စီမံကိန်းတွေချနေတာနဲ့ အချိန်တွေကုန်လို့ကုန်မှန်းမသိဘူး ....။

အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပါပြီဆိုတဲ့နေ့ရဲ့နောက်တနေ့မှာ ယမင်း အိမ်ကိုရောက်လာတယ် ...။ သူ့လက်ထဲမှာက သူ့အချစ်တော် တားရော့တ်ကဒ်တွေနဲ့ ...။ သူ့ထုံးစံအတိုင်း တားရော့တ် ဟောမယ်ဆိုပြီးဟောပါလေရောလေ....။ကိုယ်ဆွဲထုတ်လိုက်တဲ့ ကဒ်လေးက

Eight of Wands ..







ကိုယ့်အတွက်တော့ ဒါဟာသမားရိုးကျဖြစ်စဉ်တခုပါပဲ ... သွားလာရမယ့်ခရီးတွေကလည်းအားလုံးအဆင်သင့်ဖြစ်နေပြီလေ...။ ဒီအချိန်မှာဆွဲလို့ ဒီကဒ်မှမထွက်ရင်ဘယ်ကဒ်ထွက်မှာလဲလို့တောင် ပြောမိသေးတယ် ...။
...
......
သူငယ်ချင်းနှစ်ယောက်ထွေရာလေးပါးကနေ ထွေရာရှစ်ပါး ၊ ထွေရာရှစ်ပါးကနေ ထွေရာ တစ်ဆယ့်ခြောက်ပါးအထိပြောကြရင်း နောက်ဆုံး ယမင်းကစကားတစ်ခွန်းကိုဖောက်ခွဲလိုက်တယ် ....
နင့်မိတ္တူကြီးကိုနင်လွမ်းနေတော့မှာပဲနော် ....တဲ့လေ။
..

....
ရုတ်တရတ်အလည်ပြန်ရောက်လာတဲ့ ကန္တာရလို ... အရာရာဟာ တိတ်တိတ်လေးခြောက်ကပ်သွားတယ် ....။ ပူုပြင်းမှုက ရင်ဘတ်ထဲမှာ လူးလွန့်နေတဲ့နဂါးတစ်ကောင်လို။ .... အပေါ်ယံအလွှာအက်ကွဲသွားတဲ့ နောက် ကျောက်ရည်ပူတွေစီးထွက်လာတဲ့ခံစားမှုမျိုးဖိစီးဆို့နစ်လာတယ် .... ။ ဘာမှမဟုတ်ခဲ့တာလေးတစ်ခုက ဒီလောက်ပဲ ပြင်းထန်သတဲ့လားကွယ် ...။

...
.......
ယမင်း ... ငါ့စိတ်ထဲက ခံစားချက်တစ်ခုအတွက် တားရော့တ်ဆွဲကြည့်ရအောင်ဟာ ...။
.....
...................
.............................


(အခန်း၁၃)

မနက်ဖြန်ဟာ ဒီဇင်ဘာ ၁၃ ...
နင်လွမ်းနေမလား ဆောင်းရယ် ...
နှင်းဘူတာရုံလေးဝပ်စင်း ...

သံလမ်းတွေလည်း စီးဆင်းဝေးကွာသွားတယ် ...


............................. မနက်ဖြန်ဆိုရင် ... ညို တို့သားအဖ မြန်မာပြည်ကနေထွက်ခွာသွားတော့မယ် ... အနည်းဆုံးသုံးနှစ်ကနေ အများဆုံး အပြီးတိုင်ဖြစ်သွားနိုင်တဲ့ ထွက်ခွာမှုမျိုးလေ ....။

အိပ်မရတဲ့ည ...
ဒိုင်ယာရီလေးကို လှန်လိုက်တော့ ....
ကဗျာအတိုအစတွေ စီးဆင်းလာတယ် ....

သစ်ရွက်လေး ..
နင်ဟာ တိတ်တိတ်လေးကြွေခဲ့တယ် ..

အဲဒီသစ်ရွက်ကြွေသံဟာ ..

ငါ့ရင်ထဲမှာ အခါခပ်သိမ်း …
ပဲ့တင်ထပ်နေတော့မှာ …။

ဒီဇင်ဘာ ၂၈၊
(ပထမဆုံးတွေ့ဆုံမှု ...)


အခုရောသူ ကဗျာစာအုပ်တွေကို မုန့်ဟင်းရည်လိုမြည်းနေတတ်သေးလား ....။ တွေးမိတော့ပြုံးလိုက်မိတယ် ...။


မတော်တဆကျောက်ဖြစ်သွားတဲ့
တိုက်ဆိုင်မှုတစ်ခုပါ ...
...
သတိရလိုက်တိုင်း
...
သတိရလိုက်တိုင်း
...
သတိရလိုက်တိုင်း
...
ငါအသက်ရှူမ၀ဘူးကွယ် ....

ဂျွန်လ ၁၆(မွန်းကြပ်မှု ...)


မိတ္တူကြီး ... ရှင်ရော အသက်ရှူဝရဲ့လား ....။ ညိုတို့ဟာ မျက်မှန်းတန်းနေတဲ့ သူတစိမ်းတွေပဲလား ... ဒါဟာမတော်တဆမှုတွေနဲ့ ကျောက်ဖြစ်သွားတဲ့ သတိရမှုတစ်ခုပဲလား ... အသက်ရှူဝနေရဲ့လား .... ညိုတော့အသက်ရှူမ၀ဘူး ....။ မနက်ဖြန်မှာ မတော်တဆတိုက်ဆိုင်မှုတစ်ခုကိုထပ်ပြီးမျှော်လင့်လို့မရတော့ဘူးလေ.....။

မိုးငွေ့မပါဘဲနဲ့...
အဲဒီနေ့လေးဟာ ...

အေးမြနေခဲ့တယ် ...။ ။
သြဂတ်(စ်) ၂၁ (ဂီလာန..)


မိတ္တူကြီး .. ရှင်ဖျားနေသေးလား ....။ ဆေးခန်းမှာကွေးပြီးအိပ်နေသေးလား .... သူခိုးကလူဟစ်တဲ့အကြည့်တွေကြည့်နိုင်သေးရဲ့လား ....။

မထင်မှတ်ဘဲ
သူဟာ

အောက်စီဂျင်စိုက်ပျိုးသူဖြစ်တယ် ..

ငါ့ရဲ့ မိုးခေါင်ရေရှားဒေသလေးဟာ ...
မတော်တဆမှုတွေမျှော်လင့်မိနေခဲ့ ...။

စက်တင်ဘာ(၁၃)
(မိုးနည်းရပ်ဝန်းဒေသ)


အခုတော့လည်း လွမ်းဆွတ်ခြင်းဟာ အအေးဓာတ်လိုစိမ့်ဝင်နေတော့တယ်လေ...။ ... သတိရလိုက်တော့ ကိုယ့်မျက်ဝန်းညိုမှာမြူတွေတောင်ဝန်းခိုလို့ ....။

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဘယ်ဘက်လက်ထဲမှာ ... သူနဲ့ပတ်သက်ပြီး ... ကိုယ်နောက်ဆုံးဆွဲခဲ့တဲ့ တားရော့တ်ကဒ်လေး ...။ေ၀၀ါးနေတဲ့ မျက်လုံးတွေနဲ့ငေးကြည့်နေမိတယ် ....သေချာမမြင်ရပေမယ့် ညိုသိပါတယ် ...။ ကဒ်ကလေးမှာ The Fool လို့ရေး ထားတယ်။လူပျော်တစ်ယောက်ပုံအဝတ်အစားမျိုးနဲ့ အထုတ်တစ်ထုတ်လွယ်ထားတဲ့လူ တစ်ယောက်ဟာ ချောက်ကမ်းပါးပေါ်မှာခြေတစ်ဖက်လှမ်းနေလေရဲ့။






မိတ္တူကြီး ... ညို ရှင့်ကို တကယ့်ပဲလွမ်းနေတော့မယ်ထင်ပါရဲ့ ....။ ။


Idea Magazine July Issue

Sunday, June 21, 2009

Idea Magazine July Issue
ဝတ္ထုတို..
နီကိုရဲ၊ဆလိုင်းနွေ၊ဇော်ဇော်အောင်
Your Idea -
နိုင်မွန်အောင်သွင်
ကဗျာများ -
သုခမိန်လှိုင်၊တိုးဝေ၊သျှီသူအောင်၊မင်းခိုက်စိုးစန်၊ကိုယ်မောင်မြင့်၊အိန္ဒြာ၊သဏ်းထွဏ်းဦး၊

လွန်းဆက်နိုးမြတ်၊မိုးလှိုင်ည


တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း(၃)

Friday, June 19, 2009

(ဇာတ်သိမ်းပိုင်း)
(၉)

လေညင်းကလေးနဲ့မဆုံတာ တစ်ရက်ကနေနှစ်ရက်ဆို ကျွန်တော်သတိထားမိပြီ။ကျွန်တော် မျက်စိမှောက်တာလည်းမဟုတ်လောက်ဘူးလို့ တွေးစပြုနေပြီ။
“နေရထိုင်ရတာ ခြောက်ကပ်ကပ်နဲ့..”
လတ်ဝဏ္ဏက ဟက် ကနဲရယ်ပါတယ်။ပြီး..
“လေ မတိုက်လို့လား..”
“အဲဒီလိုလည်းမဟုတ်ပါဘူး.”
“ဒါဆို ဘယ်လိုမျိုးလဲ..”
“လူတွေ အသက်ရှူနေပေမယ့် လေရှိတာကို မေ့နေသလိုမျိုး..”
“ဘာမှ မဆိုင်ဘူး..”
“မပြီးသေးဘူးလေ..တစ်ခါတစ်ခါ ..အသက်ရှူမဝတော့မှ လေကိုသတိရပြီးခေါင်းမော့ ရှူရ သလိုမျိုး..”
“နီးစပ်လာပြီ..”
“အဲလို သတိရပြီးခေါင်းမော့ရှူတဲ့အခါကျတော့…”
ကျွန်တော် စကားမဆက်ဖြစ်တော့ဘူး။လတ်ဝဏ္ဏက ကျွန်တော့်စကားကိုစာဖတ်ရင်းနား ထောင်နေတာမို့ ဆက်မပြောတာမဟုတ်ပါဘူး။စကားလုံးတွေ လေတိုက်ခံလိုက်ရလို့ပါ။
အဖြူရောင် လေညင်းလေးက အငှားကားတစ်စီးပေါ်ကနေ လမ်းဘေး လက်ဘက်ရည်ဆိုင် ထိုင်ခုံ့ပုလေးတွေမှာ အကျအန ကျောက်ချထိုင်နေတဲ့ ကျွန်တော်တို့ကို သမင်လည်ပြန် တောင်ကြည့်သွားသေးတယ်။ကျွန်တော်လည်း ဒီတစ်ခါတော့ တအံ့တသြနဲ့ကို လိုက်ကြည့် မိတယ်။သူနဲ့ပတ်သက်တာတွေပြောနေမိတဲ့အချိန်ကိုး။
ဒါပေမယ့် ကျွန်တော်တို့အကြည့်တွေဟာ အကြည့်သက်သက်ပဲဖြစ်ကြတယ်။အဲဒီအတွက် အကြည့်တွေ ပြီးဆုံးသွားချိန်မှာ ဘာမှမကျန်တော့ဘူး။ကျွန်တော်ကလည်း အသက်ရှူကြပ် နေတုန်း လေတွေတစ်ဝကြီးရှိုက်သွင်းလိုက်ရသလိုပဲ။ဒိထက်မပိုပါဘူး။ပြီးတော့လည်း မေ့ သွားပြန်ရော။
ကျွန်တော်စကားမဆက်တာကို မဆက်ချင်လို့ မဆက်တာပဲလို့ထင်ပုံရတယ်။ဘာမှဆက်မ ပြောဘူး။သူဖတ်နေတဲ့ ယက်ဗတူရှင်ကို အတ္ထုပ္ပတ္တိ ကိုပဲစိတ်ဝင်တစားဆက်ဖတ်နေတယ်။
အဲဒီ စာအုပ်လေးဘေးချလိုက်တော့လည်း ကျွန်တော်တို့စကားဝိုင်းက ဘီလ်ဂိတ်ဆီ ရောက်သွားပြန်ရော။ဘယ်လောက်ထိ စကားကောင်းသွားကြသလဲဆိုရင် လေတွေကြမ်း ကြမ်းတမ်းတမ်းတိုက်လာပြီး မိုးငွေ့တွေပါလာတာတောင် သတိမထားမိလို့ ကျွန်တော်တို့ မိုးမိခဲ့ကြပါရောလား။

(၁၀)
ဖျားတယ် နာတယ် ဆိုတာ ဘယ်လိုနည်းလေးနဲ့မှ မကောင်းပါဘူး။ကျွန်တော့်လို တစ် ယောက်တည်းနေရတဲ့သူတွက်ပိုဆိုးတာပေါ့။ဆေးလည်းထ မသောက်နိုင်။လာတိုက်မယ့် သူလည်းမရှိ။။ဆေးခန်းလည်းမသွားချင်။လိုက်ပို့မယ့်သူလည်းမရှိ။
ဒါပေမယ့် မလုပ်ချင်တာ မလုပ်နိုင်တာ တစ်ပိုင်း။လုပ်ရမှာက တစ်ပိုင်းလေ။ကျွန်တော်နေမ ကောင်းရင် တပည့်တွေကပျော်ချင်ပျော်နိုင်ပေမယ့် ကျောင်းသားမိဘတွေကတော့ပျော်နိုင် ကြမှာမဟုတ်ဘူး။သူတို့ကငွေပေးထားရတာမဟုတ်လား။သူတို့က ကျွန်တော့်ကိုကျွန်တော့် ဘဝအတွက်ငွေပေးတယ်။ကျွန်တော်က သူတို့သားသမီးတွေကို သူတို့ပေးစေချင်တဲ့ ကျွန် တော့်ပညာကိုဝေမျှပေးတယ်။ဝတ္တရားတွေလဲလှယ်ရာမှာ ကျွန်တော့်ဘက်က ပျက်ကွက်လို့ မဖြစ်ဘူးလေ။
ဒါကြောင့် ရှိတဲ့ ပါရာစီတမောလ်လေးသောက်၊တစ်ရေးအိပ်၊နိုးလာလို့နည်းနည်းသက်သာ တဲ့အချိန်မှာ ဆေးခန်းအရှာထွက်ရပါတော့တယ်။ကျွန်တော်တို့ တိုက်ခန်းနားမှာဆေးခန်းမှ မရှိတာ။ကျွန်တော်နေတဲ့နေရာကနေ သုံးမှတ်တိုင်လောက်စီးသွားရတဲ့နေရာမှာ ဆေးခန်း ကြီးတစ်ခုရှိတယ်။အဲဒီကိုရောက်တော့ ဆရာဝန်မရောက်သေးလို့စောင့်ရသေးတယ်။ရောဂါ ခံစားနေရချိန်မှာဆရာဝန်ထိုင်စောင့်ရတာလောက်စိတ်ညစ်စရာကောင်းတာရှိမလား။ ကျွန် တော်စိတ်ပျက်လက်ပျက်နဲ့ မျက်စိကိုစုံမှိတ်ပြီး ခုံကိုမှီအိပ်နေလိုက်တယ်။
“ပါရာစီတမောလ် တစ်ကဒ်နဲ့ ခရစ်မေးလ် အက်စ တစ်ကဒ်ပေးပါ..”
ကျွန်တော်ရုတ်တရက် ထိုင်ရာကထမိမလိုဖြစ်သွားတယ်။ဆရာဝန်လာလို့မဟုတ်ပါဘူး။အဲ ဒီကြားဖူးသလိုအသံဖြူဖြူလေးကိုကြားလိုက်ရလို့ပါ။မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ဆေးကောင်တာက အမျိုးသမီးကြီးကိုကျော်ပြီး ကျွန်တော့်ကိုကြည့်နေတဲ့ လေညင်းလေး ကိုတွေ့လိုက်ရတယ်။ကောင်းကောင်းမွန်မွန်ကြီးပါပဲ။ဒါတောင် ဒီနေရာမျိုးမှာလာဆုံဖြစ် အောင်ဆုံသေးတယ်။
“အဓိပ္ပာယ်ကိုမရှိဘူး..”
ကျွန်တော့်ရင်ထဲက ခပ်ဖွဖွရေရွတ်လိုက်တာပါ။
အဖျားသွေးတောင် ပြန်တက်လာသလိုခံစားရတာမို့ မျက်စိကိုစုံပြန်မှိတ်ထားလိုက်တော့ တယ်။ကျွန်တော်ဆက်ကြည့်နေလို့ ဘာမှထူးလာမှာမဟုတ်သလို..သူမကလည်း အချိန် ကုန်ခံပြီး ရပ်ကြည့်နေမှာမဟုတ်ပါဘူး။သူ့လမ်းသူ သွားမှာပါပဲ။
အိပ်ရာထဲနှစ်ရက်လောက်လဲလိုက်တဲ့ဒုက္ခက ဘာနဲ့မှလဲလို့မရပါဘူး။တော်တော်စိတ်ပျက်စ ရာကောင်းတာပဲ။နောက်ဆိုရင်တော့ မိုးမမိအောင် မိုးငွေ့ပါတဲ့လေတွေတိုက်ခတ်လာက တည်းက သတိထားမိတတ်အောင် မိုးလွတ်ရာကိုသိအောင် ကြိုးစားထားရဦးမယ်။

(၁၁)
ပန်းချီပြပွဲလိုနေရာမျိုး၊စာအုပ်ဆိုင်၊လက်ဘက်ရည်ဆိုင်လိုနေရာမျိုးက လူစုံတတ်တဲ့နေရာ တွေမို့ သူနဲ့ကျွန်တော်တွေ့ကြတာသိပ်တော့မဆန်းပါဘူး။ဒါပေမယ့် သူနဲ့ကျွန်တော်တွေ့ပုံ က အဲလောက်မှမကတာ။နည်းနည်းတောင်မကအောင် သတိထားမိနေကြပြီ။ကိုယ့်ဘာ သာကိုယ်မသိမသာပြုံးမိရင်း ရုပ်ရှင်ထဲမှာသာဆိုတော်တော်လေး ရင်းနှီးနေလောက်ပြီလို့ လည်းတွေးမိတယ်။
ခုတော့ ကျွန်တော်က ကျွန်တော်ဖြစ်နေပြီး သူက သူဖြစ်နေတဲ့အပြင် ကျွန်တော်တို့ဇာတ် ကလည်း ပြဇာတ်မဟုတ်ခဲ့ဘူးလေ။ဒါပေမယ့် ခရီးသွားဟန်လွှဲ၊လမ်းပေါ်က တွေ့မြင်နေကျ ဓါတ်တိုင်တစ်တိုင်၊စာတိုက်ပုံးတစ်ပုံးကိုတွေ့တာထက် နည်းနည်းလေးလောက်ပိုမယ်ထင် ပါတယ်။ဒိထက်တော့ မပိုကြပြန်ဘူး။ကျွန်တော်တို့ အဖြစ်ကရယ်ရတယ်လို့ ပြောရအောင် ကလည်း တကယ်မရယ်ရဘူး။
အဲဒီလိုနဲ့ လမ်းတကာ့လမ်းတွေကိုလျှောက်သွားရင်းနဲ့ သတိရလည်းတွေ့ သတိမရလည်း တွေ့နဲ့ ကိုယ်နဲ့ဆင်တူကောင်မလေးတစ်ယောက် တကယ်ရှိနေတာ သေချာပါတယ်။
“ဘယ်လိုလဲ..”
“ဘာ ..ဘယ်လိုလဲ လဲ”
“ဒီနေ့လည်း လေတိုက်တာပဲလား..”
“အင်း..”
“လေသာ မတိုက်တော့ရင် ဘယ်လိုလုပ်မလဲ..”
“ဘယ်လိုမှမလုပ်ပါဘူး သိလိုက်မယ်လည်းမထင်ပါဘူး..”
“အစက မသိပေမယ့် အသက်ရှူကြပ်လာတဲ့အခါ..”
လတ်ဝဏ္ဏနဲ့ ကျွန်တော် အဓိပ္ပာယ်နည်းနည်းလေးကိုများများရယ်မိကြတယ်။
“သိပ်ရယ်မနေနဲ့နော် လတ်ဝဏ္ဏ”
“ဘာဖြစ်ရပြန်တာလဲ..”
“လေဝင်သွားမှာစိုးလို့..”
“ဘာ..”..ဆိုပြီး လတ်ဝဏ္ဏ သူ့နောက်ကျောကို ဆတ်ခနဲလှည့်ကြည့်တယ်။အမိုးကလေး နဲ့ဆိုက္ကားပေါ်မှာ တလှုပ်လှုပ်ပါသွားတဲ့ အဖြူရောင်ကောင်မလေးကိုကြည့်ပြီး လတ်ဝဏ္ဏပို ရယ်ပါတော့တယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။
ကျွန်တော်တို့ထိုင်နေတာ စည်ဘီယာဆိုင်တစ်ဆိုင်ပါ။ဘယ်လိုမိန်းကလေးမှ ရောက်လာ နိုင်စရာအကြောင်းသိပ်မရှိပါဘူး။ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် ကွယ်ရာမှာအတင်း ပြောသလိုသူ့အတင်းပြောနေကြတာ။
“တော်တော် အသက်ရှည်မယ့်ဟာမလေး..” …လို့ လတ်ဝဏ္ဏကကြိတ်ရေရွတ်တယ်။
တကယ်တော့ ခဏခဏတွေ့နေကြလို့သာ..အထူးအဆန်းလိုဖြစ်နေတာ။မတွေ့ကြတော့ ဘူးဆိုရင်လည်း ထူးဆန်းသလိုခံစားနေရဦးမလားတွေးမိသေးတယ်။
အဲဒီအတွေးကလည်း ခဏပါ။တကယ်မတွေ့ကြတော့မှပဲ ဆက်တွေးတာပေါ့။

(၁၂)
နယ်က အစ်ကိုတစ်ယောက်နေမကောင်းလို့ ကျွန်တော့်ကို အရေးတကြီးလှမ်းမှာနေတာနဲ့ ကျွန်တော် နယ်ကိုသုံးရက်လောက်သွားလိုက်ရတယ်။ကျွန်တော်ပြန်ရောက်တယ်ဆိုရင်ပဲ ကျွန်တော့် စူပါဗိုက်ဇာ နေမကောင်းလို့ ဆေးရုံမှာသုံးရက်လောက်စောင့်ပေးရပြန်ရော။ ဆရာဆေးရုံကဆင်းတဲ့နေ့မှာပဲ လတ်ဝဏ္ဏအဖေက အူအတက်ခွဲရတယ်။အဲဒီလိုလူမမာ တစ်စုနဲ့ကျွန်တော်လုံးပမ်းနေလိုက်တာ..ကလေးတွေနဲ့လည်းစာသင်ပျက်ခဲ့ရတယ်။
ပိုဆိုတာက အဲဒီဆယ်ရက်လောက်ကို လေညင်းကလေးနဲ့လုံးဝမဆုံတာပါပဲ။ထုံးစံအတိုင်း အစကတော့သတိမထားမိပါဘူး။ကိုယ့်ဇောနဲ့ကိုယ်ကိုး။သတိထားမိတဲ့အချိန် သူမနဲ့မတွေ့ တာဆယ်ရက်ရှိသွားခဲ့ပြီဆိုတာသိလိုက်တယ်။
ဒီနေ့တော့ ကျွန်တော် အလုပ်ကိုပုံမှန်ပြန်လုပ်တယ်။သွားနေကျနေရာတွေကို အရင် ပရိုစီ ဂျာအတိုင်းပုံမှန်ပြန်သွားတယ်။အဲ..ပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကတော့ အာရုံတွေမူး နောက်လာတဲ့အထိ လေညင်းကလေးကိုရှာနေမိတာပါပဲ။ဘယ်နေရာမှာမှ တူတာလေး တောင်မတွေ့ရတော့ပါဘူး။
တစ်ရက်…….
နှစ်ရက်…
……….
ဆယ်ရက်………
ရက်နှစ်ဆယ်………
လနဲ့ချီကြာသွားခဲ့တယ်။
ဟိုးတုန်းက မတွေ့ကြပြန်ရင်လည်းထူးဆန်းသလိုခံစားရမှာပဲလို့တွေးမိတဲ့အတွေးကို ခုဆက်တွေးနေရပြီ။ကျွန်တော် ဘာတွေတွေးနေနေ လေညင်းလေးကိုမတွေ့တာက မတွေ့တာပါပဲ။
ဟိုးအရင်တုန်းက တွေ့မြင်နေကျနေရာတွေကို အမှတ်မထင်လိုလို တမင်လိုလိုနဲ့ ကျွန်တော် ရောက်သွားတတ်တယ်။လက်ဘက်ရည်ဆိုင်သေးသေးလေးက အစ။ပညာရွှေ တောင်နဲ့ FMI အလယ်၊Toilet တွေအဆုံးပေါ့။အင်းဝဆောင်ဖက်လည်းရောက်တာပဲ။ ဆိုက္ကားတွေ အငှားကားတွေလည်း မလွတ်တမ်းကြည့်တာပဲ။ဘယ်မှာမှ မတွေ့တော့ဘူး။
“မင်း..အသက်ရှူကြပ်နေပြီလား..”
လတ်ဝဏ္ဏက အဓိပ္ပာယ်ပါပါမေးတယ်။
“အင်း..”
အဲဒီထက်သေချာတဲ့အဖြေ မရှိတော့ဘူးလေ။
မြို့လယ်ကောင်ကလမ်းတွေမှာ ဆံနွယ်ညိုညိုတွေနဲ့ အိတ်တစ်လုံးလွယ်ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့ကောင်လေး တစ်ယောက်ဟာ ကျွန်တော်ပါပဲ။
လေညင်းတွေကြွေကျလာရာ လမ်းတွေကိုငေးမျှော်ကြည့်ရင်း အရောင်မဲ့လေညင်းတွေကို ဖြတ်သန်းတိုးခွဲရင်း၊တစ်ခါတစ်လေများ ပြန်လည်ရောက်ရှိလာနိုင်မလားလို့ လေညင်းဖြူဖြူ လေးကို စောင့်မျှော်နေမိတတ်တာ ကျွန်တော်ဝန်ခံပါတယ်။
သူမကရော…..။
………….
………………….
…………………………….
…………………………………..
ကျွန်တော်မတွေးတတ်ပါဘူး။တွေးတတ်ရင်လည်းမတွေးချင်တော့ပါဘူး။

သေချာတာကတော့သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ဘူး။သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ ဘူး၊သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ဘူး။သူနဲ့ကျွန်တော်ပြန်ဆုံကြတော့ဘူး။သူနဲ့ကျွန်တော် ပြန်မဆုံကြတော့ဘူး။

(၁၃)
ပုံမှန်မဟုတ်တော့တဲ့အရာတွေကိုပုံမှန်ပြန်လုပ်ရတာခက်ပါတယ်။ပြန်ကြိုးစားရင်းကြိုးစား ရင်းနဲ့ကျွန်တော်ဟာ ဟိုးအရင်ကထက်ပိုပြီး ဂျစ်ပဆီဆန်လာပါတယ်။တစ်နေ့တစ်နေ့ လမ်းတကာလမ်းတွေကိုလျှောက်သွားတယ်။ စာသင်တယ်။လေညင်းကလေးကိုရှာတယ်။ အမှုမဲ့အမှတ်မဲ့များပြန်တွေ့လေမလားလို့ အမှုမဲ့အမှတ်မဲ့နေကြည့်တယ်။မထူးပါဘူး။ဒီတိုင်း ပါပဲ။
“အဟွတ်…အဟွတ်..အဟွတ်..”
ချောင်းဆိုးသံတစ်ဟွတ်ဟွတ်ကြောင့် ကျွန်တော်လှည့်ကြည့်မိတယ်။
လမ်းထောင့်သစ်ပင်ရိပ်ကလေးမှာ အဘွားအိုတစ်ယောက်။ဇရာရဲ့အရေးအကြောင်းတွေက သူ့မျက်နှာမှာလှိုင်းထလို့။ သစ်ပင်ကိုမှီထိုင်ရင်း အသက်ကိုအနိုင်နိုင်ရှူလို့ ပင်ပမန်းမော ဟိုက်နေပုံရတယ်။သူ့ရှေ့မှာက သူ့လိုပဲအိုမင်းနေပြီဖြစ်တဲ့ စားပွဲခုံသေးသေးလေးတစ်လုံး။ စားပွဲလေးပေါ်မှာ ဖဲထုတ်တစ်ထုတ်။
“အဘွားက ဘာလုပ်တာလဲဟင်..”
“အဟွတ်..အဟွတ်..ရှေ့..ရှေ့ဖြစ် ..အဟွတ်..ဟောတာ..”
အဘွားအိုကြည့်ရတာ အရမ်းကိုနွမ်းပါးပုံရပါတယ်။ဒီလောက်ကျန်းမာရေး မကောင်းတာ တောင်နားခွင့်ရှိပုံမပေါ်ဘူး။အနားက ဆိုက္ကားသမားလေးက
“အဘွား ကျန်းမာရေးက တော်တော်ဆိုးနေပြီ နားပါတော့လား..”..လို့ဝင်ပြောတယ်။
အဲဒါနဲ့ ကျွန်တော်စိတ်ကူးတစ်ခုရလိုက်တယ်။အဘွားအိုလည်း ဆေးဖိုးဝါးခရပါစေတော့ ဆိုပြီး .. ကျွန်တော် အဘွားအိုရှေက မြေပြင်ပြောင်ပြောင်လေးမှာ အကျအနဝင်ထိုင်လိုက် တယ်။
ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့အဘွားအိုက ကျွန်တော့်ကိုမော့ကြည့်ပြီး ..
“သား..ဘာမေးမလဲ…” ..တဲ့။
အဲဒါမှပြဿနာပါ။
ကျွန်တော်လည်းဘာမေးရမှန်းမသိဘူး။ကျွန်တော့်မှာဗေဒင်မေးရလောက်အောင် ခက်ခဲရှုပ် ထွေးနေတဲ့ ဘဝမျိုးလည်းမပိုင်ဆိုင်ထားဘူး။ရုတ်တရက် ကျွန်တော့်ခေါင်းထဲကိုဖျတ်ကနဲ ဝင်လာတာကတော့ လေညင်းလေးပါပဲ။
“ကျွန်တော် အရင်တွေ့မြင်နေကျ လူတစ်ယောက်အကြောင်းမေးချင်တယ် ”
အဘွားအိုက ခေါင်းညိတ်ပြတယ်။
“အခု..ဘယ်မှာလဲ..သိချင်လို့..”
အဘွားအိုက ဖဲထုတ်ကိုဖြန့်ချပြီး တစ်ချပ်ဆွဲခိုင်းပါတယ်။
ကျွန်တော် ဘယ်လက်နဲ့ဆွဲပြီးတရိုတသေပေးလိုက်တော့…အဘွားအိုက ကဒ်ကိုသေသေ ချာချာ စူးစိုက်ကြည့်တယ်။ပြီး…ပြောမယ်လုပ်ပြီးမှ အဘွားအို ချောင်းတွေပြန်ဆိုးလာပြန်ပါ တယ်။
“အဟွတ်..အဟွတ်…အဟွတ်..”
ဆိုးလိုက်တာမှ မရပ်မနားပါပဲ။အသက်တောင်မရှူနိုင်တော့လောက်အောင် မရပ်မနားဆိုး တယ်။ခဏကျတော့ ချောင်းဆိုးရပ်သွားပြိး ကျွန်တော့်ကိုတစ်ချက်ကြည့်တယ်။ပြီး..ကဒ်ကို ပြန်ကြည့်တယ်။ပြီး..ပြောမယ်လုပ်ပြီးမှ ချောင်းတစ်ချက်ခပ်ပြင်းပြင်းထန်ထန် ထပ်ဆိုးပြီး အဘွားအိုဟာ နေရာမှာတင် ခွေကနဲလဲသွားပါတော့တယ်။သူ့လက်ထဲက ဖဲချပ်လေးလည်း လွင့်သွားတယ်။
အဘွားအိုလဲသွားတော့ အနားကလူတစ်ချို့အုံလာတယ်။
“သေပြီထင်တယ်”
“ဆေးရုံ ပို့ရအောင်..”
“မရတော့ပါဘူး..”
“ဝဋ်ကျွတ်တာပေါ့..”
သူတို့ဘာတွေဆက်ဖြစ်ကြတယ်မသိပါဘူး။ငါးရာတန်တစ်ရွက်ကို ဖဲထုတ်လေးနဲ့ဖိပြီးစားပွဲ ပေါ်မှာထားခဲ့လိုက်တယ်။ပြီး …လွင့်ကျသွားတဲ့..(အဘွားအို နိမိတ်မဖတ်လိုက်ရတဲ့)ဖဲချပ် ကလေးကို အမြတ်တနိုးကောက်ယူပြီး အဲဒီနေရာက ထွက်လာခဲ့လိုက်တယ်။
ပထမဆုံး လေညင်းကလေးနဲ့ဆုံတဲ့ လက်ဘက်ရည်ဆိုင်လေးကိုရောက်မှ ကျွန်တော် ကောက်လာတဲ့ကဒ်ပြားလေးကိုသေချာကြည့်မိတယ်။ကဒ်ကလေးမှာ The Fool လို့ရေး ထားတယ်။လူပျော်တစ်ယောက်ပုံအဝတ်အစားမျိုးနဲ့ အထုတ်တစ်ထုတ်လွယ်ထားတဲ့လူ တစ်ယောက်ဟာ ချောက်ကမ်းပါးပေါ်မှာခြေတစ်ဖက်လှမ်းနေလေရဲ့။


အဲဒီပုံရဲ့အဓိပ္ပာယ်ကို ကျွန်တော်မသိပါဘူး။ကျွန်တော်မေးတဲ့ မေးခွန်းရဲ့အဖြေနဲ့ရော ဘယ်လို ဆက်စပ်နေလဲ။ကျွန်တော်မသိပါဘူး။
“လတ်ဝဏ္ဏ”
“ဘာလဲ”
“အဲဒီကဒ်ရဲ့ အဓိပ္ပာယ်ကဘာလဲ”
“The Fool ပါဆိုမှ အရူးပေါ့..”
“အဲဒီကောင်မလေးက အရူးလား..”
“ဟင့်အင်း..မင်းကရူးနေတာ..”
“တော်ပြီ ..မင်းလိုနားမလည်တဲ့သူကိုမမေးဘူးနာလည်တဲ့သူကိုမေးမယ်..”
“ငါလည်း နားလည်ပါတယ် မင်းလေမဝလို့ အသက်ရှူအားနည်းပြီး ဦးနှောက်ပါထိချင်နေတာ…”
ကျွန်တော် အသံတိတ်ဆဲရေးပစ်လိုက်တယ်။ညစ်ညမ်းသွားတဲ့လေထုကြောင့်လားမသိဘူး ကျွန်တော် အသက်ရှူမဝတော့ဘူး။

(၁၄)
ပုံပြင်တွေ၊ဒဏ္ဍာရီတွေကိုငယ်ငယ်တည်းက ကျွန်တော်နားထောင်လေ့မရှိဘူး။
ရန်ကုန်မြို့ရဲ့လမ်းမတွေမှာ ဆံနွယ်ညိုညို လိမ်လိမ်လေးတွေနဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ ကောင်လေးတစ်ယောက်၊The Fool ကဒ်လေးကိုကိုင်လို့ တွေ့ရာလူကို အဓိပ္ပာယ်လိုက် မေးနေတာ ပုံပြင်မဟုတ်ပါဘူး။တကယ်ပါ။အမေးခံရတဲ့သူတွေက ကဒ်ကိုတစ်လှည့် ကျွန် တော့်ကိုတစ်လှည့်ကြည့်ပြီးပြုံးချင်ကြတယ်။အဖြစ်အပျက်တွေကိုပါသိနေတဲ့ လတ်ဝဏ္ဏလို ကောင်မျိုးကျတော့ ကျွန်တော့်ကို အရူးတစ်ယောက်လိုပါကြည့်တယ်။
ဒါတွေဟာဂရုစိုက်စရာမဟုတ်ပါဘူး။
ကျွန်တော် မေးခဲ့တဲ့မေးခွန်းနဲ့ကိုက်ညီကျေနပ်စရာကောင်းတဲ့အဖြေကို မရသရွေ့ ကျွန်တော် လိုက်မေးနေမှာပဲ။
သေချာတာကတော့…
အဲဒါဟာ ပုံပြင်လည်းမဟုတ်ဘူး။ဒဏ္ဍာရီလည်းမဟုတ်ဘူး။ဇာတ်ညွှန်းတစ်စောင်လည်း မဟုတ်ဘူး။ကျွန်တော့်ရင်ခွင်ထဲကို တစ်ချိန်က အဖြူရောင်လေညင်းလေးတစ်စ မကြာခဏ တိုက်ခတ်သွားခဲ့ဖူးတာ တကယ်ပါ။
“ဒီ ဖဲချပ်လေးရဲ့အဓိပ္ပာယ်ကဘာလဲ..”
“အရူးလေ ”
“အရူးရဲ့ အဓိပ္ပာယ်က ဘာလဲ..”
…. …. …. …. …. …. …. …. …. …. ….
…. …. …. …. …. …. ….. ….။ ။
(အံ့သြဖွယ်ရာကောင်းသည်က တစ်ရံတစ်ခါတွင် ကံကြမ္မာသည် အဖြူရောင် ဓားသွား အသွင်ကိုဆောင်တတ်လေသည်။ပို၍အံ့သြဖွယ်ရာကောင်းသည်က ထိုအဖြူရောင်ဓားသွား သည် ရင်ခုန်သံလှိုင်းများနှင့် အတူတိမ်းနွဲ့လွန့်လူးတတ်ခြင်းပင်ဖြစ်သည်။)

မနော်ဟရီ
၂၀၀၁ စက်တင်ဘာ၊အိုင်ဒီယာ


တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း(၂)

Thursday, June 18, 2009

(၅)
ဘာရယ်မဟုတ်ဘူး။ကျွန်တော်က လမ်းတကာ့လမ်းကိုတစ်ယောက်တည်းလျှောက်သွားရ တတ်တယ်။အလုပ်လုပ်တယ်ဆိုမှတော့ အဖော်ပါချင်လို့မှမရတာ။ကောင်မလေးကလည်း ကျွန်တော့်လိုပဲထင်ပါရဲ့။ဘယ်သောအခါမှ အဖော်နဲ့မတွေ့ရတတ်ဘူး။
“မုန့်ဟင်းခါးတစ်ပွဲ အကြော်မထည့်ဘူး..”
ဒါ..ပထမဆုံးကြားဖူးတဲ့ လေညင်းလေးရဲ့အသံ။ကျွန်တော်မုန့်ဟင်းခါးစားနေရာကနေ ဆံနွယ်တွေကို ကပိုကရိုသပ်တင်ရင်းမော့ကြည့်လိုက်တော့ ..သူမလည်းတအံ့တသြပြန် ကြည့်တယ်။ပြီး..ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကျွန်တော့်နံဘေးက ခုံလွတ်တစ်ခုမှာဝင်ထိုင် လိုက်တယ်။သူ့ဘာသာသူ အေးအေးဆေးဆေးစားစရာရှိတာစားတယ်။မြင်တွေ့နေကျမို့ နှုတ်ဆက်ဖို့လည်း စိတ်ကူးရှိပုံမပေါ်ပါဘူး။ရှိုးတိုးရှန့်တန့်လည်းဖြစ်မနေဘူး။ပြီးတာနဲ့ ကျော ပိုးအိတ်ကလေးဆွဲ၊ငွေရှင်းပြီးထွက်သွားပြန်လေရော။
အဲဒီညနေမှာ မတွေ့တာအတော်ကြာပြီဖြစ်တဲ့သူငယ်ချင်းမလေးတစ်ယောက်နဲ့တွေ့လို့ ကျွန်တော်သတိတရပြောဖြစ်သေးတယ်။
“ခုတလော..လူတစ်ယောက်ကို အဓိပ္ပာယ်မရှိခဏခဏတွေ့နေရတယ်..”
“နင့်နောက် တကောက်ကောက်လိုက်နေတာလား ဒါဆို အခြောက်ပဲဖြစ်ရမယ်”
“မဟုတ်ပါဘူးဟာ..”
“ဒါဆို နင်နဲ့သွားလမ်းလာလမ်းတူနေတဲ့သူ ဖြစ်ရမယ် ”
“ငါလိုကောင်နဲ့မှ သွားလမ်းလာလမ်းတူနေရင် အမြွာပဲဖြစ်ရမယ် ဖြစ်ရင်တောင် အလုပ် ချင်းဘယ်လိုမှတူမှာမှမဟုတ်တာ..”
“ဟ ..ဒါဆို နင့်ဟာက ဘာကြီးလဲ..”
“အေး ..ဘာမှန်းတော့မသိဘူး အဓိပ္ပာယ်လည်းမရှိဘူး ထူးလည်းထူးသလိုခံစားရလို့ နင့်ကိုပြောပြတာ ဘာမှတော့မဟုတ်ပါဘူး ”
“ဘာမှမဟုတ်ရင် ဘာလို့လာပြောသေးလဲ..”
“သြော် ..နင်နဲ့ငါက ငယ်ငယ်တည်းကသူငယ်ချင်း အရမ်းခင်ကြတယ် ဒါတောင်မှ တစ်နှစ် နေလို့တစ်ခါမတွေ့တဲ့အခါ မတွေ့ကြဘူး..မဟုတ်လား..”
“အေးလေ..”
“အဲဒါပေါ့ ..သူနဲ့ငါကျ မသိဘူး မခင်ဘူး ချိန်းလည်းမထားဘူး ဒါပေမယ့် ရက်ခြားလောက် တွေ့နေတယ် အဲဒါကိုက အဓိပ္ပာယ်မရှိသလို ထူးဆန်းသလိုဖြစ်မနေဘူးလား ”
“အိုကေ..ရှင်းပြီ ကဲ ပြော နင်ဘယ်လိုလူကိုတွေ့တွေ့နေတာလဲ ..”
“ကောင်မလေး…အဲ..အဲ..သူ.. သူ .. သူ ပဲ..”
ကျွန်တော့်စကားမဆုံးခင်မှာ အဖြူရောင်လေညင်းလေးက ကျွန်တော့်ရှေ့က ဒုတိယအ ကြိမ်ဖြတ်သန်းသွားတယ်။ဒီတစ်ခါတော့ လေညင်းလေးက ရေးကြီးသုတ်ပြာနိုင်နေသလိုပဲ။
သူငယ်ချင်းမလေးက ဖျတ်ကနဲလိုက်ကြည့်ပေမယ့် မမီလိုက်တော့ဘူး။အဖြူရောင် အငွေ့ အသက်လေးတွေဖျော့တော့ကျန်ခဲ့တာကိုတော့ ကျွန်တော်ခံစားလို့ရလိုက်တယ်။
“ဇာတ်ညွှန်းတွေလာရေးနေတယ်..”
သူငယ်ချင်းမလေးက မကျေမနပ်ရေရွတ်ပါတယ်။
ကျွန်တော်လည်းရှင်းပြမနေတော့ပါဘူး။စကားလမ်းကြောင်း ပြောင်းလိုက်ရတယ်။ခဏနေ တော့အရာရာဟာပုံမှန်ပြန်ဖြစ်သွားပြီ။သူမနဲ့ ပတ်သက်လာရင်ဖြစ်နေကျအတိုင်း။

(၆)
FMI Centre ဆိုတာ တကယ်တော့ ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး။ဒါပေမယ့် ဒီနေ့တော့ ကျွန်တော် FMI ကိုရောက်ခဲ့ရပြီ။ရောက်ရောက်ချင်း လှိုက်လှဲတဲ့အအေးဓာတ်တချို့ကကျွန် တော့်ကိုဆီးကြိုတယ်။ ကျွန်တော်သွားရမယ့်နေရာက ဒုတိယထပ်က ဆိုင်ခန်းတစ်ခန်းကို ပါ။အဲဒီမှာ ကျွန်တော့်အစ်မဝမ်းကွဲဆိုင်ရှိတယ်။သူ့ဆီမှာနိုင်ငံခြားက လူကြုံပါးထားတဲ့ စီဒီ တစ်ချို့ရောက်နေတာ သွားယူရမယ်လေ။
ဒုတိယထပ်ကိုတက်ဖို့ လှေကားထစ်ကို စလိုက်တယ်ဆိုရင်ပဲ ကျွန်တော့်ခြေရင်းကို ပန်းဖြူ ဖြူလေးတစ်ပွင့် လွင့်ကျလာတယ်။တကယ့်ပန်းပွင့်အစစ်လေးပါ။ကျွန်တော် ငုံ့မကောက်မိ ပါဘူး။ပန်းကလေး ဘယ်ကလွင့်ကျလာတယ်ဆိုတာကိုပဲဝေ့ဝဲရှာမိတယ်။
အပေါ်ထပ်ကနေ ပန်းကလေးကျနေရာကို အူယားဖားယား ပြေးဆင်းလာတဲ့သူကတော့ ကျွန်တော့်ကို နေရာမရွေးဖြတ်ဖြတ်တိုက်သွားတတ်တဲ့ လေညင်းဖြူဖြူလေးပါပဲ။ဒီနေ့တော့ အဖြူရောင် အကျီ င်္ အဖြူရောင်ဂါဝန်ရှည်ကလေးနဲ့ သူမပြုတ်ကျခဲ့တဲ့ပန်းပွင့်ကလေးလိုပဲ ကြွကြွရွရွကလေး ဖွေးဖွေးဖြူလို့။ ကျွန်တော့်ကိုမြင်တော့ “တွေ့ပြန်ပြီ..” ဆိုတဲ့ အကြည့် လေးတစ်ပွင့်ကို စက္ကန့်ဝက်လောက်ပေးသွားပြီး သူမရဲ့ပန်းပွင့်ကလေးကို ဆတ်ကနဲ ကောက်ယူတယ်။ပြီး FMI ထဲကနေ ခပ်သွက်သွက်ကလေး လှမ်းထွက်သွားတော့တယ်။
ကျွန်တော် မသိမသာတစ်ချက်ပြုံးမိတယ်။ဘာလို့မှန်းမသိဘူး။သူနဲ့ကျွန်တော် ခဏခဏဆုံ နေတာလည်း အဲလိုပဲ ဘာလို့မှန်းမသိဘူး။လက်စမသပ်နိုင်သေးတဲ့ အပြုံးစစနဲ့ ဆိုင်ထဲဝင် လာတဲ့ ကျွန်တော့်ကို မမနွယ်က ခုမှမြင်ဖူးတဲ့သူလိုသေသေချာချာ ကြည့်တယ်။
“ဘာဖြစ်နေတာလဲ..”
“အင်း..အဲ..ဘာမှမဖြစ်ပါဘူး..”
…ဆိုပြီး ကျွန်တော့်အတွက်ရောက်နေတဲ့ စီဒီ တွေထုတ်ပေးတယ်။ပြီးမှ..
“စောစောကတောင်..”
“ဘာဖြစ်လဲ..”
“ကောင်မလေးတစ်ယောက် ဆိုင်ထဲဝင်လာရင်းနဲ့ နင့်စီဒီတွေတွေ့လို့ အတင်းတောင်း ဝယ်နေသေးတယ်”
“ဟုတ်လား မရောင်းနိုင်ပါဘူး မမနွယ်ရာ..”
“နင် မြင်ရင်ရောင်းချင်မှာပါ..”
“ဟင်..ဘာဆိုင်လို့လဲ.မမရဲ့ ကျွန်တော့်များ ငကြောင်မှတ်နေလို့လား...”
မမနွယ်က အားနာသလိုရယ်တယ်။
“မဟုတ်ရပါဘူးဟာ ထူးထူးဆန်းဆန်း အဲဒီကောင်မလေးက ..”
“ကျွန်တော်နဲ့တူနေတယ်..”
ကျွန်တော်ကပဲ မမနွယ်စကားကိုဖြည့်ပေးလိုက်တာမို့ မမနွယ်မှာတအံတသြနဲ့ဘာမှ ဆက်မပြောနိုင်ဘူး။အတော်ကြာမှ..
“မောင်နှမချင်းတောင် မျက်စိလည်တယ် နင်နဲ့ဘာတော်လဲ..”
“မောင်နှမ..”
ကျွန်တော်ရွဲ့ဖြေရင်း ကုလားကြီးကိုပြေးသတိရမိတယ်။အဲဒီတုန်းက သူအမ်းစရာရှိတဲ့ငွေ ကိုယူပြီး ခပ်တည်တည်နဲ့ လက်ဘက်ရည်သောက်လိုက်ရကောင်းသား..လို့တွေးနေမိသေး တယ်။
အံ့တွေသြနေတဲ့ မမနွယ်ကိုတော့ လေပင့်မနေတော့ဘူး။
တစ်ခုခုထူးခြားနေတာ သေချာနေပြီပဲ။
အချိန်ကုန်ခံ စဉ်းစားနေစရာမလိုတော့ဘူးလေ။

(၇)
ကျွန်တော့် Thesis အတွက် စာအုပ်တစ်အုပ်လိုလို့ ကျွန်တော်ကွန်ပျူတာတက္ကသိုလ်က နေ ပင်မတက္ကသိုလ် ထဲကိုရောက်ခဲ့တယ်။သွားရမှာက စစ်ကိုင်းဆောင်က ဆရာတစ်ဦးဆီ ကိုပါ။သူ့ဆီမှာ ကျွန်တော်လိုချင်တဲ့ စာအုပ်ရှိကြောင်း နတ်လမ်းညွှန်ရထားတယ်လေ။
ပင်မတက္ကသိုလ်ကြိးက ကျောင်းပိတ်ချိန်တစ်ခုလိုပဲ။လူခြေတိတ်လို့။စာကြည့်တိုက်ဖက်မှာပဲ ဖင်မြဲတတ်တဲ့ မဟာတွေ ပါရဂူလောင်းလျာကြီးတွေပဲ ရှိတော့လို့ထင်ပါရဲ့။ကျွန်တော်မှာ အဓိပတိလမ်းမပေါ်ချလှမ်းရတဲ့ကိုယ့်ခြေသံကိုတောင် ကိုယ်ပြန်ကြားနေရသလားထင်မိပါ တယ်။ပင်းယဆောင်ဖက်ကနေ စစ်ကိုင်းဆောင်ဖက်ကိုချိုးတဲ့လမ်းကလေးက ပိုဆိုးပါတယ် ဘယ်သူမှလည်းမရှိဘူး။ဘာသံမှလည်းမကြားရဘူး။စစ်ကိုင်းဆောင်ရောက်မှပဲ လူတွေ့ရ တော့တယ်။ကျွန်တော် ဆရာ့ဆီက လိုချင်တဲ့စာအုပ်လည်းမရခဲ့ပါဘူး။တခြားလူကိုငှားထား လို့တဲ့။စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော်ပြန်ထွက်လာခဲ့မိတယ်။အင်းဝဆောင်ဖက်ကို ခေါင်း ငိုက်စိုက်ချရင်းဆက်လျှောက်လာမိရာက ခြေသံလိုလိုကြားရလို့ နောက်လှည့်ကြည့်မိတော့ မြတ်စွာဘုရား………..
ကောင်းကင်က ပြုတ်ကျလာသလားမှတ်ရတယ်။အဖြူရောင်လေညင်းကလေးပေါ့။ထုံးစံ အတိုင်း တရွေ့ရွေ့နဲ့လွင့်မျောလာတယ်။လက်ထဲမှာလည်း ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းနေမှန်းမသိတဲ့ စာအုပ်တစ်အုပ်ကိုငုံ့ကြည့်လှန်လှောလို့။
ဘာအဓိပ္ပာယ်မှမရှိပါဘူး။ဆက်ရပ်ကြည့်နေလို့လည်း ဖြစ်တာမဟုတ်လို့ တအံတသြနဲ့ပဲ ကျွန်တော်ဆက်လျှောက်ခဲ့ရတယ်။ပြီး အင်းဝရှေ့က ခုံတစ်ခုံမှာ ကျွန်တော်ဝင်ထိုင်လိုက် တယ်။ထမင်းစားဖို့ပါ။ခဏနေကျမှ သူမလေးက ကျွန်တော့ရှေ့ကိုဖြတ်လျှောက်တယ်။စော စောက စိတ်ဝင်တစားကြည့်နေတဲ့စာအုပ်ကိုပိတ်ထားလိုက်ပြီမို့ ကျွန်တော့်ကိုမြင်သွားပါ တယ်။ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ဆုံနေကျအတိုင်းပဲ။သူက ကျွန်တော့်ကို အဖုံး ပိတ်ထားတဲ့ (အထဲမှာ ဘာပါမှန်းသူသိချင်ပုံမရတဲ့)စာအုပ်တစ်အုပ်ကြည့်သလိုကြည့်တယ် ကျွန်တော်ကလည်း ဝယ်သူမဟုတ်တဲ့သူတွေ ဖြတ်သန်းရင်းး ကြည့်သွားတာခံရနေကျ ပစ္စည်းတစ်ခုလိုပဲ ဘာသိဘာသာနေလိုက်တယ်။နောက်ဆုံးတော့လည်း အဖြူရောင် လေညင်းကလေးဟာ စစ်ကိုင်းလမ်းကိုဖြတ်တိုက်လာတဲ့ လေပြည်တချို့နဲ့အတူ ဂျပ်ဆင် ဖက်ကိုမျောရွေ့သွားတော့တယ်။စစ်ကိုင်းလမ်းပေါ်မှာက ကျွန်တော်ပဲကျန်ခဲ့တာလေ။ လေညင်းဆိုတာက နေရာတိုင်းမှာရှိနေတတ်တဲ့အရာပါ။ဒါကြောင့်များ ကျွန်တော်သွားလေ ရာမှာ အဲဒီလေညင်းဖြူဖြူလေးက ဖြတ်သန်းတိုက်ခတ်နေတာများလား။
တစ်ခါတစ်ခါတော့ တကယ့်အဖြစ်အပျက်တွေဟာ စင်တင်ပြဇာတ်တွေထက် ဆန်းကြယ် တတ်ပါတယ်။

(၈)
“ဆရာ..”
“ပြော..”
“ဒီကပြီးရင် မြို့ထဲသွားမှာလား..”
“အင်း…”
“ကျွန်တော်လည်း လိုက်မယ်..”
“ဘာလုပ်မလို့လဲကွ..”
ကျွန်တော်မျက်မှောင်ကြုတ်ရင်းပြန်မေးတော့ ကိုရွှေချောလေးက မျက်နှာချိုသွေးတယ်။
“Game CD တစ်ချပ်လောက်လိုက်ဝယ်ချင်လို့ ..”
..လို့ မရဲတရဲလေးပြောပါတယ်။
ကျွန်တော် ခေါ်ခဲ့လိုက်တယ်။
ဒါပေမယ့် ကိုယ်တော်လေးက လိုချင်တာရပြီး ကိစ္စက မပြီးသွားပါဘူး။
“ဆရာ”
“ပြော..”
“ကျွန်တော် TOILET ဝင်ချင်တယ်..”
အံမယ်လေး၊လူယဉ်ကျေးသားရယ်လို့ပဲ ကျွန်တော်အော်လိုက်ချင်ပါတော့တယ်။မြို့လယ် ကောင်မှာ ကျွန်တော်က သူ့အတွက် TOILET ဆိုတဲ့နေရာကို ကဗျာကယာစဉ်းစားပေးရ တယ်။
“လာ..လိုက်ခဲ့..”
သူ့ကို ဆူးလေကားဂိတ်နားက အခကြေးငွေပေး အများသုံးအိမ်သာကိုခေါ်သွားရတယ်။ သန့်တော့သန့်ပါတယ်။တစ်ခါတစ်ခါတော့လည်း ကျွန်တော်လို ဂျစ်ပဆီကောင်အတွက် ဒီ နေရာလေးတွေက သိထားတာမမှားပါဘူး။အသုံးဝင်ပါတယ်။
“ဒီမှာ ရောက်ပြီ..”
“ဆရာရော..ဝင်ဦးမလား..”
“အင်း..ရောက်လက်စနဲ့”
ကျွန်တော်ပါဝင်လိုက်သွားဖြစ်တယ်။
ပြန်ထွက်လာတော့
“အဲ..”
တစ်ဖက် အမျိုးသမီးအိမ်သာကနေ ဖြူဖြူအရိပ်ကလေးတစ်ခု ထွက်လာတာမို့ ကျွန်တော်တို့ အပြန်အလှန်ကြည့်မိကြတယ်။အဓိပ္ပာယ်မရှိလိုက်တာ။အိမ်သာထဲက ထွက်လာတာတောင် ဆုံရတယ်လို့..။
ကျွန်တော်လည်း တပည့်ကျော်လက်ကို ဆတ်ခနဲဖမ်းဆွဲပြီး လှည့်ထွက်လိုက်တယ်။သူမ လေးက လည်းကျောပိုးအိတ်ကလေးကို ဖျတ်ကနဲပြန်ပြင်လွယ်ရင်း သူနဲ့ဆန့်ကျင်ရာဘက် ကို ထွက်ခွာသွားလေရဲ့။


တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း

Wednesday, June 17, 2009



တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း

(၁)
မြုမိုးမှုန်တွေ..လက်စိုတောက်ပနေတဲ့..အလင်းညိုညိုနံနက်ခင်းလေးတစ်ခုမှာပါ။ရှည်သွယ်
ကျဉ်းမြောင်းပြီး..သိပ်ပြေပြစ်ခြင်းမရှိလှတဲ့လမ်းကလေးတစ်လမ်းပေါ်မှာ..ကျွန်တော်..တစ်
လှမ်းချင်း..ခြေချနင်းလျှောက်နေမိတယ်။နံနက်ခင်းကတော့ခုထိမစုံညီသေးတဲ့အလင်းတွေ
နဲ့မှုန်ရီလို့ကောင်းနေတုန်းပဲ။
အိပ်ရာကနေစောစောထပြီးခုလိုလမ်းလျှောက်နေဖို့ဆိုတာ..ဘယ်တုန်းကမှ…ကျွန်တော်မ
တွေးမိခဲ့တဲ့အလုပ်ပါ။ဒါပေမယ့်..ခုလိုနံနက်ခင်းလေးမျိုးကျတော့လည်း…ကျွန်တော်…အိပ်
စက်နေခဲ့မိတဲ့နံနက်ခင်းတွေအတွက်နှမြောတသနေမိပြန်ရော။
အစကတော့…ဒီလောက်အစောကြီးချိန်းတဲ့အတွက်..လတ်ဝဏ္ဏကိုကျွန်တော်…တော်တော်
လေးပြောပစ်ဖို့ကြံရွယ်ထားတာပါ။ခုတော့..ကြံရွယ်ထားတဲ့စကားလုံးတွေရင်ထဲမှာတစ်လုံး
မှမကျန်တော့ဘူး။အလုပ်တစ်ခုအရေးတကြီးအပ်စရာရှိတယ်ဆိုပြီး..ဒီနေရာလေးကို..စော
စောစီးစီးချိန်းပေးတဲ့အတွက်ပဲ..သူ့ကိုတောင်ပြန်ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
တကယ်တော့..ကျွန်တော်ဟာမိုးလင်းကနေမိုးချုပ်…ဂျစ်ပဆီတစ်ယောက်လိုလျှောက်သွား
နေတဲ့ကောင်ပါ။အိမ်တကာလှည့်ပြီး..ကွန်ပျူတာသင်တဲ့အလုပ်ကို(လောလောဆယ်မှာ..)
ကျွန်တော်လုပ်တယ်လေ။ခုလည်းလတ်ဝဏ္ဏက..အလုပ်သစ်တစ်ခုပေးဖို့ချိန်းတာပဲနေမှာပါ။

ကသီကရီနဲ့ကောင်းကင်ကနေခုန်ဆင်းချလာတဲ့..မြူမိုးမှုန်တွေကိုခေါင်းမော့ခံယူပစ်လိုက်
ရင်းအလင်းရနံ့သင်းတဲ့..လေညင်းတစ်စကိုရှိုက်သွင်းပစ်လိုက်တယ်။
“ အိုး ”
လတ်ဝဏ္ဏနဲ့ကျွန်တော်ချိန်းထားတဲ့လမ်းဘေးလက်ဘက်ရည်ဆိုင်ကလေးကိုတောင်..လှမ်း
မြင်နေရပါပြီ။လက်ဘက်ရည်ဆိုင်လေးက..အလင်းမှုန်ရီအောက်မှာ..လှုပ်လှုပ်လဲ့လဲ့နဲ့….စ
တင်အသက်ဝင်စပြုနေပြီ။အဲဒီအချိန်မှာပဲ..
ကျွန်တော်နဲ့တူရုမျက်နှာချင်းဆိုင်လမ်းမပေါ်မှာ..ကောင်မလေးတစ်ယောက်..လျှောက်လာ
တာကိုသတိထားလိုက်မိတယ်။ကျွန်တော့်လိုပဲ..ရှပ်အကျီ င်္အဖြူရောင်လေးနဲ့ကျောပိုးအိတ်
အနက်ကလေးကိုလွယ်လို့။
ဘာမှသိပ်စိတ်ဝင်စားစရာမရှိလှတာမို့..ကျွန်တော်လက်ဘက်ရည်ဆိုင်လေးထဲကိုပဲချိုးကွေ့
ချလိုက်တယ်။စားပွဲပုလေးတစ်လုံးမှာနေရာတကျထိုင်ချလိုက်တယ်ဆိုရင်ပဲ……စောစောက
မျက်နှာချင်းဆိုင်လျှောက်လာတဲ့ကောင်မလေးလည်းဆိုင်ထဲကွေ့ဝင်လာတာကိုတွေ့လိုက်
ရတယ်။သူမက..ကျွန်တော့်ဓားလွယ်ခုတ်ကခုံမှာဝင်ထိုင်ပါတယ်။
ကျွန်တော်က..လက်ဘက်ရည်တစ်ခွက်နဲ့စီးကရက်တစ်ပွဲမှာတယ်။သူက..ကော်ဖီခါးခါးတစ်
ခွက်နဲ့ပေါင်မုန့်တစ်ချပ်မှာတယ်။ဒါပါပဲ။ဘာမှထူးထူးခြားခြားရှိလှတဲ့…..ဖြစ်စဉ်တစ်ခုလည်းမ
ဟုတ်ပါဘူး။တစ်ခုပဲ..လက်ဘက်ရည်ဆိုင်လေးထဲက..အလင်းဝါကျင်အောက်မှာ…ကောင်မ
လေးရဲ့ကြည်စင်တဲ့မျက်နှာလေးကိုလျှပ်တပြက်တွေ့လိုက်ရတယ်။ဒီလောက်ပါပဲ။
မကြာခင်မှာပဲ..လတ်ဝဏ္ဏရောက်လာတယ်။အလုပ်စကားပြောဖြစ်ကြတယ်။သူတို့တို့ပြန်
မယ်လုပ်တော့..ကောင်မလေးတောင်မရှိတော့ပါဘူး။စကားပြောနေချိန်မှာလည်းသတိတရ
မှမကြည့်မိခဲ့ပဲ။ဘာမှမဟုတ်ပါဘူး။အဲဒီအတိုင်းဖြစ်စဉ်ရိုးရိုးလေးလို့ထင်ထားခဲ့တာ……ဒါပေ
မယ့်…………….။

(၂)

“ ဒီနေ့မီးမလာဘူးဆရာ..”
ဘယ်တော့မှမီးပျက်လေ့မရှိတဲ့နေရာမို့ကျွန်တော်တောင်အံ့သြသွားတယ်။
“ ဟုတ်ရဲ့လားကွာ..”
“ ဟုတ်ပါတယ်ဆရာ..”
“ ပြန်လာမယ်ထင်သလား..”
“ မထင်ပါဘူးဆရာရယ်..”
ကျွန်တော်ကိုယ်တိုင်က..ဒိနေ့ထိကျောင်းသားတစ်ပိုင်း၊ဆရာတစ်ပိုင်းမို့..တပည့်တွေရဲ့စိတ်ကိုနားလည်တယ်။ဒါပေမယ့်..ကိုယ်ကဆရာမဟုတ်လား။
“ ခဏစောင့်ကြည့်တာပေါ့..”
ကျွန်တော်နာရီဝက်ထိုင်စောင့်တယ်။မီးမလာသေးဘူး။တပည့်ကျော်ကိုကြည့်လိုက်တော့လဲ
အောင့်အည်းသည်းခံနေရပုံနဲ့။ကျွန်တော်ရယ်ချင်သွားရတယ်။တဆက်တည်းသူ့ကိုလည်း
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
“ ကဲ..မီးမလာတော့ရင်..ဆရာပြန်မယ်..”
“ ဟုတ်”
ပါးစပ်ကသာ..ဟုတ်..ရင်ထဲကတော့..ဟေး..ခနဲအော်ပြီးနေလောက်တာကိုမျက်နှာကြည့်ရုံ
နဲ့ကျွန်တော်ခန့်မှန်းလို့ရပါတယ်။
ကျွန်တော်အဲဒီတပည့်လေးအိမ်ကအထွက်..တစ်ဖက်ခြံတံခါးဝကို..ပိတ်နေတဲ့လူရိပ်တစ်ရိပ်
လှမ်းမြင်လို့လှမ်းကြည့်မိတယ်။
“ ………..”
မြင်ဖူးသလိုပဲဆိုပြီး..ကျွန်တော်တစ်ချက်ပြန်ကြည့်မိတယ်။ဟုတ်တယ်။မြင်ဖူးသလိုပဲ။ဘယ်
မှာလဲတော့မသိဘူး။ကျွန်တော်စဉ်းစားနေတုန်းပဲရှိသေးတယ်။သူမက..ကျွန်တော်လျှောက်
တဲ့လမ်းအတိုင်းလျှောက်ရတယ်။သူလည်းကျွန်တော့်လို ကားဂိတ်ဖက်သွားတာပဲနေမှာ.. လို့လည်း တွေးမိတယ်။
အဖြူရောင် စပို့ရှပ်လက်ရှည်ကို ယောထဘီလေးညှင်းရောင်နဲ့တွဲဝတ်ထားပြီး ကျောပိုး အိတ်အနက်ရောင်လေးလွယ်ထားတဲ့ကောင်မလေးက ကျွန်တော့်ကိုကျောပေးပြီးလျှောက် သွားနေတာမို့ ဘယ်မှာမြင်ဖူးသလဲဆိုတာ ဆက်စဉ်းစားဖို့တောင် ခက်သွားတယ်။ဒါကြောင့် ကျွန်တော်လည်း မစဉ်းစားတော့ဘူး။
အဲဒီအချိန်မှာပဲ ကောင်မလေးရဲ့ကျောပိုးအိတ်ကလေးမှာချိတ်ထားတဲ့ သော့ချိတ်လေးကို တွေ့လိုက်ရတယ်။သော့ချိတ်ကလေးက ထူးထူးဆန်းဆန်း သူ့ကျောပိုးအိတ်နဲ့တထေရာ တည်းတူတဲ့ အိတ်ပိစိကွေးလေးဖြစ်နေတာကိုး။ကျွန်တော်မှတ်မိပါပြီ။ဒီကောင်မလေးကို လတ်ဝဏ္ဏ နဲ့တွေ့ခဲ့တဲ့ လက်ဘက်ရည်ဆိုင်လေးမှာတွေ့ခဲ့တာ။မနေ့က မနက်ကပေါ့။ ကျောပိုးအိတ်မဖြုတ်ပဲ ကော်ဖီသောက်၊မုန့်စားလို့ သူ့အိတ်ကလေးကနေတွဲလောင်းကျနေ တဲ့ သော့ချိတ်ကလေးကို သတိထားခဲ့မိတာ။ကောင်မလေးကတော့ ကားဂိတ်အရောက်မှာ အသင့်ရပ်ထားတဲ့ကားတစ်စီးပေါ်တက်သွားတယ်။ကားပေါ်ကနေ ကျွန်တော့်ကိုပြန်လှမ်း ကြည့်သွားတဲ့အကြည့်ထဲမှာ ဘာများပါမလဲ လို့အရူးတစ်ယောက်လို ကျွန်တော်ရှာကြည့်မိ သေးတယ်။ဘာဆိုဘာမှမတွေ့လိုက်ရပါဘူး။သာမာန်မျှသာပါပဲ။

(၃)

ကျွန်တော့်ရဲ့အားလပ်ချိန် အပမ်းဖြေမှုဟာ စာဖတ်ခြင်းပါပဲ။ဒါကြောင့် ကျွန်တော့်အခန်း လေးရဲ့ နေရာတစ်ဝက်ကျော်ဟာ စာအုပ်တွေနဲ့ပြည့်နေတာပေါ့။ကျွန်တော့်ဝင်ငွေရဲ့သုံးပုံ တစ်ပုံလောက်ဟာလည်း စာအုပ်ဖိုးဖြစ်သွားတတ်တယ်။ကျွန်တော် ကျွန်ပျူတာ မသင်ရတဲ့ နေ့ ကျောင်းမတက်ရတဲ့နေ့တွေမှာဆို စာပဲဖတ်နေတတ်တယ်လေ။
အဲဒီနေ့က ..ကျွန်တော်နဲ့ လတ်ဝဏ္ဏ လက်ဘက်ရည်ဆိုင်မှာထိုင်စကားပြောနေရင်းက စာ အုပ်တစ်အုပ်ဝယ်ဖို့ ရုတ်တရက်သတိရလာလို့ စာအုပ်ဆိုင်တွေရှိတဲ့ ပန်းဆိုးတန်းဖက်ကို ထွက်လာခဲ့ကြတယ်။“ပညာရွှေတောင်”..ကိုပါ။စာအုပ်ဆိုင်ထဲရောက်ပြီ ဆိုမှတော့ ကျွန် တော်ကလည်း လတ်ဝဏ္ဏကိုမေ့ ၊သူကလည်း ကျွန်တော့်ကိုမေ့ ပါပဲ။
လိုချင်တဲ့စာအုပ်တချို့ကိုရပြီး မြည်းစမ်းနေဆဲမှာပဲ..
“အဲ..”
စာအုပ်စင်ထောင့်ချိုးအကွေ့လေးမှာ စာအုပ်ဖတ်နေတဲ့ကျွန်တော်ရယ်၊စာအုပ်စင်စောင့်တဲ့ ကောင်မလေးရယ် အဲဒီကြားထဲကိုမှ ကတ်သီးကတ်သတ်တိုးဝင်လာတဲ့ကောင်မလေး တစ် ယောက်ရယ် ..ဆုံမိကြတယ်။အဖြူရောင် ကောင်မလေးပါပဲ။ဗေဒင်မေးတာကမှ မှားဦးမယ် သူမ..ကျွန်တော့်ရှေ့မှာ ခြေစုံရပ်လိုက်တယ်။ပြီး ကျွန်တော်ရပ်နေတဲ့နားကစာအုပ်ကိုလှမ်း ယူဖို့ပြင်တာမို့ ကျွန်တော်နေရာဖယ်ပေးလိုက်တယ်။ကြည့်လက်စ စာအုပ်ကိုတော့ စင်ပေါ် ပြန်တင်ခဲ့လိုက်တယ်။ကျွန်တော်နဲ့ လတ်ဝဏ္ဏ ငွေရှင်းပြီး စာအုပ်ဆိုင်ထဲကထွက်လာတဲ့ထိ သူမလေးက ဆိုင်ထဲမှာရှိနေတုန်းပဲ။
ကျွန်တော် လတ်ဝဏ္ဏကို အဲဒီကောင်မလေးအကြောင်းပြောပြရင်ကောင်းမလားလို့စဉ်းစား မိသေးတယ်။ဒါပေမယ့် မပြောဖြစ်လိုက်ဘူး။ဘာမှသိပ်အရေးကြိးတဲ့ကိစ္စလည်းမဟုတ်ဘူး လို့ယူဆတယ်လေ။တော်ကြာ ပြောမိကာမှ မလိုလားအပ်တဲ့ ဖြေရှင်းချက်တွေကို နောက် ဆက်တွဲအနေနဲ့ တသီကြီးပေးရတဲ့ဘဝကို ရောက်သွားဦးမယ်။
အဲဒါနဲ့ အဲဒီညနေ၊ကျွန်တော့်အခန်းကိုလိုက်အိပ်တဲ့ လတ်ဝဏ္ဏ ကိုမျှော်လင့်ချက်တွေအ ကြောင်းပဲဆွေးနွေးဖြစ်တယ်။
“မျှော်လင့်ချက်ဟာ တကယ်တော့ မီးတောက်တစ်ခုပဲ ”
ကျွန်တော့်စကားကြောင့် လတ်ဝဏ္ဏက တစ်ချက်ကြည့်လိုက်တယ်။ဘာမှတော့ မပြောသေး ဘူး။ကျွန်တော်ကပဲဆက်ပြောလိုက်တယ်။
“ရင်ကို တောက်စားလောင်မြိုက်ရင်း ကြာလာတော့ ကိုယ့်အရည်အသွေးတွေလည်း မာကျော တောက်ပလာခဲ့ရတယ်..”
လတ်ဝဏ္ဏကရယ်ပါတယ်။ပြီးတော့..
“ငါ အရင်လိုမငယ်တော့ဘူးကွ..”…တဲ့။
“ဘာဆိုင်လို့လဲ..”
“ဆိုင်တယ်၊ ငယ်ငယ်ကတော့ မျှော်လင့်ချက်ဆိုတာ တကယ်ပူခဲ့ဖူးတယ် ကိုယ့်ကိုတွန်း အားပေးတဲ့လောင်စာလည်းဖြစ်ခဲ့ဖူးတယ်..”
“ခုကော..”
“ခုလား..မျှော်လင့်ချက်တွေက အေးမြနေခဲ့ပါပြီ အဲဒါ အခြေအနေတွေရယ်၊အသက်အ ရွယ်ရယ် အတွေ့အကြုံရယ်၊စဉ်းစားတွေးခေါ်ဥာဏ်ရယ်က ပဲ့ပြင်ပေးလိုက်ပြီး ခံစားချက် ဆိုတာကို ဖြေလျှော့ပေးခဲ့လို့ပဲ…”
“ဒီတော့..”
“ကဗျာတစ်ပုဒ်ထဲမှာ ဖတ်ခဲ့ဖူးသလိုပါပဲ..”
“အင်း..ပြောစမ်းပါဦး ”
“ခုတော့လည်း မျှော်လင့်ချက်တွေ အရောင်မဲ့လို့ တဲ့..”
ကျွန်တော်ရယ်မိပါတယ်။ပြီးမှ..
“အရောင်မဲ့ဆိုတာ အဖြူရောင်တော့မဟုတ်ဘူးနော်..”
“ငါသိပါတယ်ကွာ..”
ပြီး…….
ကျွန်တော်တို့နှစ်ယောက်စလုံးငြိမ်သက်သွားတယ်။
ခန်းဆီးစဖြူဖြူလေးကိုလေညင်းတစ်စ ဖြတ်တိုက်သွားတာကို သိလိုက်ရတယ်။
အရောင်မဲ့နေတဲ့လေညင်းကလေးက အဖြူရောင်ဟုတ်မဟုတ် မသေချာခဲ့ပြန်ပါဘူး။

(၄)
တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြ၊သိကျွမ်းခင်မင်သွားကြတယ်ဆိုတာ တကယ် တော့မဆန်းပါဘူး။မသိကျွမ်း မခင်မင်၊မချိန်းဆိုထားပါပဲ ခဏခဏဆုံနေကြတာကသာ ဆန်းသလို ရှိတာပါ။တစ်ခါကနေ နှစ်ခါ၊နှစ်ခါကနေသုံးခါ ..အခါပေါင်းတွေများလာတော့ ကျွန်တော် သတိထားမိသွားတာ ကျွန်တော့်အပြစ်မဟုတ်လောက်ပါဘူး။လေညင်းကလေး လို တရွေ့ရွေ့လွင့်မျောနေတတ်တဲ့သူမကလေးကလည်း ကျွန်တော့်ကိုအံ့အားတသင့်ပြန် သတိထားမိသွားတာဟာလည်း ကျွန်တော့်အပြစ်မဟုတ်ပါဘူး။
ကျွန်တော်က သူ့နောက်ကို တမင်လိုက်နေတာမဟုတ်သလို၊သူကလည်းကျွန်တော့်နောက် ကိုတမင်လိုက်နေတာ ဘယ်လိုနည်းလေးနဲ့မှ မဖြစ်နိုင်မှာသေချာပါတယ်။ကျွန်တော်က ကွန်ပျူတာသင်တန်းများစွာရယ်၊ကျောင်းတစ်ဖက်ရယ်နဲ့ တစ်နေကုန်တစ်နေခန်း တစ် ယောက်တည်း လျှောက်သွားနေတတ်တဲ့ကောင်၊သူမကလည်း ကြည့်လိုက်ရင် ကျောပိုးအိတ် အနက်ရောင်ကလေး နှစ်လုံးတွဲ(သော့ချိတ်နဲ့)နဲ့တရွေ့ရွေ့မျောလွင့်နေ တတ်တဲ့ကောင်မလေးလေ..။ဒါကြောင့် ရွာရိုးကိုးပေါက်လျှောက်သွားနေကြတဲ့သူချင်း အမြဲ တွေ့နေတာပေါ့…လို့ပြောရင်ရော..။အဲဒီလိုလည်း မဟုတ်သေးပြန်ဘူး။
ဒီနေ့ ကျွန်တော်လခတွေရတဲ့လဆန်းတစ်ရက်မို့ လိုအပ်တဲ့ပစ္စည်းလေးတွေစာအုပ်စာတမ်း တွေ ကွန်ပျူတာ စီဒီတွေ ဝယ်ဖို့ ကျွန်တော်မြို့ထဲရောက်နေခဲ့တယ်။ စီဒီဆိုင်နှစ်ဆိုင်သုံး ဆိုင်လောက် လျှောက်ကြည့်အပြီးမှာ ထုံးစံအတိုင်း အဖြူရောင်လေညင်းကလေးက ကျွန်တော့်ရှေ့က ဖြတ်သန်းတိုက်ခတ်လာပြန်ပါရော။
ကျွန်တော်က အနော်ရထာ ဘယ်ဘက်ခြမ်းကိုကူးလာတာပါ။သူက ဘယ်ဘက်ခြမ်းကနေ ညာဖက်ခြမ်းကိုကူးလာနေတယ်။ကျွန်တော်တို့ မျဉ်းကြားအလယ်ကောင်မှာ သုတ်သုတ်ပြာ ပြာနဲ့ဆုံကြတယ်။ပြီး ကျော်သွားကြတယ်။ဒါပါပဲ။ ဘယ်လိုမှ ကဗျာမဆန်ပါဘူး။
မျက်ဝန်းတောက်တောက်ကလေးတွေ ဝိုင်းစက်သွားတဲ့ထိ ကျွန်တော့်ကို တအံတသြကြည့် သွားတာကလွဲရင် သူမဟာ ကျွန်တော့်ကို လမ်းဖြတ်ကူးရင် မြင်တွေ့နေကျ မီးပွိုင့်နားက ယာဉ်ထိန်းရဲလောက်ပဲသဘောထားပုံရပါတယ်။ကျွန်တော်ကလည်း အဲဒီလို မကြာခဏ ဖြတ်တိုက်လာတတ်တဲ့ အဖြူရောင်လေညင်းကလေးကို ကွန်ပျူတာခလုတ်တွေနဲ့ တွေ့ရင် မေ့သွားတတ်တာပါပဲ။
(အံ့သြမယ်ဆိုရင် အံ့သြစရာကောင်းတာတစ်ခုတော့ရှိတယ်။အဲဒါက သူမရဲ့ ဆံပင်ညိုညို လိမ်လိမ်လေးတွေ ဖွာရရာကျဲဖြန့်ချထားပုံက ကျွန်တော့်ဆံပင်တွေနဲ့တူနေတာပါပဲ။နှစ် ယောက်လုံး ကျောလယ်လောက်ထိရှည်ကြတယ်။ကျွန်တော်တို့ နှစ်ယောက် အမှတ်တမဲ့ ဖြတ်သွားကြတာကိုတွေ့လိုက်ရင် အဲဒီထူးခြားမှုကို ဘယ်သူမှ သတိမပြုမိပဲနေမှာမဟုတ် ပါဘူး။)
အနော်ရထာလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ stationary ဆိုင်ကိုရောက်တယ်ဆိုရင်ပဲ ဆိုင် ရှင်ကုလားကြီးက ကျွန်တော့်ကိုစူးစူးစိုက်စိုက်ကြည့်တယ်။ပြီး….
“စောစောက ဘောလ်ပင်တွေဝယ်သွားတာ ခင်ဗျားညီမလားမသိဘူး..ပိုက်ဆံအမ်းမလို့ရှာ နေတုန်း မယူပဲထွက်သွားလေရဲ့ မေ့သွားတာလားမသိဘူး ခင်ဗျားပဲ..”
“ကြံကြီးစည်ရာဗျာ..”
ကုလားကြီးကိုကြည့်ပြီး စိတ်ရှုပ်ရှုပ်နဲ့ငြင်းလိုက်ရပေမယ့် သူဘယ်သူ့ကိုဆိုလိုပြီးပြောနေသ လဲဆိုတာ စိတ်ထဲကသိနေတော့ နေရခက်တယ်။မသိကျိုးကျွန်လုပ်ပြီး ဘောလ်ပင်တွေကို ရွေးလိုက်၊correction pen တွေရွေးလိုက်၊highlight တွေစမ်းလိုက်လုပ်နေတဲ့ ကျွန်တော့် ကိုလည်း ကုလားကြီးက ခုထိသေချာကြည့်နေတုန်း…….။
တော်သေးတာပေါ့..။သူကပေးစရာရှိနေလို့။သူရစရာရှိတာဆိုရင် ကျွန်တော်က ကြားချောင် ဝင်ရှင်းပေးနေရဦးမယ်။ကျွန်တော်ငွေရှင်းပြီး ပြန်ထွက်လာတဲ့အထိ သူက ကျွန်တော့်ကို မသင်္ကာသလို ကြည့်နေတုန်းပဲ။
ခက်ပဲ ခက်ရချည်ရဲ့။ဘယ်လိုရေစက်လဲမသိပါဘူး။
မနော်ဟရီ
(ဒုတိယပိုင်းဆက်ပါမည်။)


ဝါသနာ

Saturday, June 13, 2009

ဝါသနာ

ဝါသနာဆိုတာ အားလပ်တဲ့အချိန်မှာစိတ်အပမ်းဖြေဖို့လုပ်တဲ့အလုပ်တဲ့။ဒါက ပညာရှိတွေ အဓိပ္ပာယ်ဖွင့်ဆိုတာပါ။ကိုယ်ကတော့ အဲလိုမမြင်ပါဘူး။တစ်ခါတစ်လေ ဝါသနာပါလွန်းလို့ သာလုပ်လိုက်တာ အပမ်းပြေတယ်ရယ်လို့မရှိပါဘူး။ဒါကြောင့်ပါ။အသက်အရွယ်နဲ့အမျှ လည်းဝါသနာတွေက တိုးလာပါတယ်။

ငယ်ငယ်ကတော့ စာဖတ်တာဝါသနာပါတာမို့ စာကြည့်တိုက်နဲ့စာအုပ်အငှားဆိုင်နဲ့ နှစ်ပါး သွားခဲ့ဖူးတယ်။နောက်တစ်ခုကတော့ တစ်ချောင်းထိုးထိုးတာပါ။ခုနှစ် နှစ်သမီးလောက်က တည်းက ထိုးနေပါပြီ။ပိုက်ဆံအိတ်လုံးလုံးလေးတွေတစ်လုံးငါးကျပ်နဲ့ရောင်းတာကို တစ်နေ့ လေးလုံးလောက်ပြီးအောင်ထိုးနိုင်ခဲ့ပါတယ်။နောက်ပိုင်းကျ အကျီ င်္တွေထိုးတယ်။သူများ ဝတ်ဖို့ထိုးပေးတာများပြီး ကိုယ်တိုင်ကတော့ ဒီနေ့ထိ တစ်ထည်မှကိုယ့်တွက်မကျန်လို့ မ ဝတ်ခဲ့ရပါဘူး။နောက်ပိုင်းကျတော့ မထိုးဖြစ်တော့ပါဘူး။စွန့်လွှတ်လိုက်တာလည်း မဟုတ်ပဲ နဲ့ကို ဆက်မလုပ်ဖြစ်တာ။ခုတော့ ခပ်တည်တည်နဲ့သိုးမွေးတွေဝယ်ထားတယ်။ဘာထိုးဖြစ် မလဲတော့မသိဘူး..။း)

အဲဒီနောက်ပိုင်းမှာလုပ်ဖြစ်တာက ရေဒီယိုနားထောင်တာ၊ဒါပေမယ့်လည်း စာဖတ်ဖို့ကိုပဲ ပို စိတ်အားထက်သန်တာမို့ ရေဒီယိုနဲ့သီချင်းတွေက အရံအင်အားလောက်ပဲရှိခဲ့တယ်။သီချင်း တွေကို တော်တော်လေး လေ့လာခဲ့ နားထောင်ခဲ့ပေမယ့် စာအုပ်တွေလောက်တော့ အာရုံ မရှိခဲ့ဘူး။ကျွန်မ စိတ်ဝင်စားတဲ့ဂီတကလည်း oldies တွေများတယ်။အကြိုက်ဆုံးအဆိုရှင် ကိုက Elvis Presley ဆိုလို့အံ့သြကြပါတယ်။ဘာလို့လဲဆိုတော့ ကျွန်မ သူ့သီချင်းတွေကို စကြားပြီး သိတတ်တဲ့အချိန်မှာ လူ့လောကထဲမရှိတော့ပါဘူး။ကျွန်မ ပထမတန်းမှာသူဆုံး ပါတယ်။အခွေထားတဲ့စင်ပေါ်က သူ့ပုံနဲ့အခွေကိုလက်ညှိုးထိုးဖွင့်ခိုင်းခဲ့တာ အဲဒီအရွယ်က တည်းကပါပဲ။

Oldies တွေကိုကြိုက်နှစ်သက်လို့ ဒီဖက်ခေတ်သီချင်းတွေကိုမကြိုက်ဘူးလို့တော့လည်း မထင်လိုက်ပါနဲ့။Hip Hop ဆိုလည်း နားထောင်တယ်၊Eminem တို့ P.Diddy တို့အပြင် သီချင်းတွေလည်းနားထောင်တယ်။စိုင်းစိုင်းခမ်းလှိုင်နဲ့ စောညီညီတို့သီချင်းတွေကို လည်းသိတယ်။လေးဖြူနဲ့ ဇော်ဝင်းထွဋ်ကိုကြိုက်သလို ဟန်ထွန်းနဲ့မျိုးကျော့မြိုင်ကိုလည်း ကြိုက်တယ်။ တွေကိုသဘောကျတယ်။AkonCold PlayBilly Ray Cyrus ကိုကြိုက်ခဲ့သလိုသူ့ သမီး Miley Cyrus လည်းကြိုက်တာပဲ။(သမီးကျ လူပါကြိုက်တယ် :P ) Julio Iglesias ကိုကြိုက်သလို သူ့သား Enrique Iglesias လည်းကြိုက်တယ်။သီချင်းနားထောင်တာကို ဝါသနာပါပေမယ့် သီချင်းတော့လုံးဝမှ မဆိုတတ်ပါဘူး။ကျွန်မ အမေကဆို ကျွန်မကိုဘယ် လိုများမွေးထားမိလဲမသိဘူးလို့ထင်မှာပါ။သီချင်းတွေအကုန်သိတယ်။Lyric အကုန်ရတယ် တစ်ခါမှအသံတည့်အောင်မဆိုတတ်လို့ပါ။(ကြုံတုန်းကြွားထားတာ..)

နောက်တစ်ခုက ငယ်ငယ်တည်းက ဒါဏ်ပေးခံရလို့ မဆွဲလိုက်ရတဲ့ပန်းချီ..။ခုထိလည်း တွေ့ရင်တွေ့တဲ့နေရာမှာ ခဲတံနဲ့ကောက်ခြစ်နေတုန်းပါပဲ။ ကွန်ပျူတာထဲလည်း Illustrator နဲ့ဆွဲသလို Photoshop နဲ့လည်းပုံတွေလုပ်လိုက်သေးတယ်။ဒီဇိုင်းလုပ်ရတာဝါသနာပါတာမို့ ရုံးက ပြောမနိုင်ခေါ်မရ ဒီဇိုင်နာတွေမလာရင် ကိုယ့်ဘာသာကို ဒီဇိုင်းထိုင်ပစ်လိုက်တတ်ပါ တယ်။(ကိုယ်ကလုပ်ချင်တာလုပ်တာမို့ သူတို့လိုစနစ်တကျလူတွေကိုတော့မမီနိုင်ပါဘူး။)

ဒီလို Graphic Designs တွေအပြင် ဝါဝါ့လို ဖက်ရှင်ဒီဇိုင်းကလည်းဝါသနာပါတယ်။ကျွန်မ ဝါသနာပါပုံကကျတော့ သူတို့ရဲ့ ဒီဇိုင်းတွေကိုလေ့လာတာ။လူကိုတော့လာမကြည့်လိုက်ပါ နဲ့ ။ဝါဝါ့လို စိတ်ရှည်လက်ရှည် fashionable ဖြစ်အောင်ဝတ်စားလိမ့်မယ်လို့ထင်ရင်မှား သွားပါလိမ့်မယ်။ခပ်တည်တည်ပြောနေကျအတိုင်း ရုပ်အားကိုးနဲ့နေချင်သလို နေ ဝတ်ချင် သလိုဝတ်ပါတယ်။ကျောင်းတက်တုန်းကများဆို ရှပ်အကျီ င်္၊တီရှပ်နဲ့ မြန်မာအကျီ င်္ ဒါတွေကို ပဲဝတ်ပါတယ်။တခြားပုံလှလှဆန်းဆန်းတွေလာမရှာပါနဲ့။မရှိပါဘူး။တစ်ထည်နှစ်ထည်ရှိနေ ရင်အဲဒါ သူများပေးထားတာပါ။:P

Valentino ရဲ့ Paint the town in Red ဆိုတဲ့ Fashion Designs တွေ၊John Galliano ရဲ့ စိတ္တဇ ဆန်တဲ့ဒီဇိုင်းတွေ၊Pleat ဘုရင်ကြီး Issey Miyake ရဲ့ Pleat ဒီဇိုင်းတွေ၊ ရဲ့စိတ်ဝင်စားစရာဒီဇိုင်းတွေ၊Oscar De La RentaVera Wang ရဲ့ သတို့သမီးဝတ်စုံတွေ၊ နောက်… နှစ်ယောက်တွဲ ဒီဇိုင်နာတွေဖြစ်တဲ့Badgley Mischkaအတွဲက Mark Badgley နဲ့ James Mischka ..D&G(Dolce’ and Gabbana)အတွဲက Domeinico Dolce နဲ့ Stefano Gabbana တို့ရဲ့ထူးခြားတဲ့ဒီဇိုင်းတွေကိုစိတ်ဝင်စားပါတယ်။သူတို့ဘယ်လိုစိတ်ကူးတွေနဲ့ ဘယ်လိုဖန်တီးတယ်။ဘယ်သူက ဘယ်လိုအားသန်တယ်ဆိုတာလေးတွေကိုစိတ်ဝင်စားလို့ လေ့လာဖြစ်သလို ကိုယ်ဆိုရင်လည်းဘယ်လိုလေးလုပ်မိမလားမသိ ဆိုတာမျိုးတွေးမိတတ် တဲ့အတွက် ကျွန်မ ကိုယ်ကျွန်မတော့ ဒီဇိုင်းပညာကို ဝါသနာရှိတယ်လို့ထင်မိပါတယ်။ တကယ်တမ်းအောင်မြင်နေတဲ့အမျိုးသမီးတွေ Vera Wang..Stella McCartney( Paul McCartneyရဲ့သမီးပါ)..နဲ့ Donna Karen (DKNY)တို့ကိုလည်းစိတ်ဝင်စားပါတယ်။ Jean Paul Glaultier ,Narciso Rodriguez တို့ရဲ့ တစ်ဘာသာဖြစ်နေမှုကိုလည်း လေ့လာဖြစ်ပါ တယ်။

တကယ်စိုက်လိုက်မတ်တပ်လုပ်ဖြစ်တာကတော့ စာနဲ့ကဗျာပါပဲ။ဖတ်တယ်ရေးတယ်။ ခု Blog ရေးတယ်ဆိုတာလည်း စာရေးတာတစ်မျိုးပဲလို့ခံယူပြီးရေးတာပါ။အထူးသဖြင့် ခုလို အဝေးတစ်နေရာရောက်နေချိန်မှာပေါ့။ခုတော့ အင်တာနက်ထဲစာဖတ်ပြီးစာရေးတဲ့အကျင့် ကြီးတစ်ခုကစွဲနေခဲ့ပြီ။အီးဘွတ်ဆို ဖတ်စရာလို့မမြင်ခဲ့တဲ့သူ၊ကွန်ပျူတာပေါ်စာရေးရတာကို စာရေးတာလို့မမြင်ပဲ ဘောလ်ပင်နက်နက်နဲ့ စာရွက်ဖြူဖြူပေါ်ရေးချလိုက်ရမှ စာရေးတာလို့ ခံစားနိုင်တဲ့သူက ခုတော့လည်း ကွန်ပျူတာပေါ်က ဇော်ဂျီဖောင့်ဝိုင်းစက်စက်လေးတွေကို အောင့်ကာနမ်းတတ်နေပါပြီ။ တစ်ရွက်ချင်းလှန်ဖတ်ရတာမဟုတ်ပဲ၊တစ်ကလစ်ချင်းဖတ်ရ တဲ့ အီးဘွတ်ကိုလည်း မရှိသုံး သုံးတတ်လာနေပါပြီ။ဒါတွေကတော့ဝါသနာပါလို့ရယ်လို့ ဘယ်ဟုတ်မလဲနော်။

ငယ်ငယ်ကရေကူးတယ်။စိုက်လိုက်မတ်တပ်ကိုကူးတာ။သူများကိုပြန်သင်ပေးခဲ့တဲ့ထိကူးခဲ့ ပါတယ်။ခုတော့လည်း ရေထဲရောက်ရင်ကို အသက်မရှူနိုင်တော့ဘူး။(ဇရာ ထင်တယ်နော်) :P.. တကယ်သိပ်ထူးဆန်းတာပဲ။ရေကိုမကူးတတ်တော့သလိုဖြစ်သွားတယ်။မေ့သွားတာ မျိုးမဟုတ်ပဲ လူက မလိုက်နိုင်တော့တာ။ဒီတော့ အဲဒီဝါသနာကလည်းကုန်ဆုံးသွားလေ သတည်းပေါ့..။

နောက် ရုပ်ရှင်ကြည့်တာ..ဒါကိုတော့ စာမဖတ်နိုင်တဲ့စာအုပ်တစ်ချို့ရိုက်ထားတာဆို ရင်သေချာပေါက်ကြည့်ဖြစ်ပါတယ်။နောက် စိတ်ဝင်စားတဲ့ကားမျိုးတွေ၊ဇာတ်လမ်းတွဲတွေ အထူးသဖြင့် Lost လိုဇာတ်လမ်းတွဲမျိုးတွေကြည့်ရတာဝါသနာပါပါတယ်။Mystery ကိုစိတ် ဝင်စားသလို ကိုလည်းစိတ်ဝင်စားပါတယ်။ဒါကြောင့် OccultismsMythology စာအုပ်တွေ ကိုစုတယ်။ဖတ်တယ်။အထူးသဖြင့် Egyptian Mythology နဲ့ Greek Mythology ..တခြား လက်လှမ်းမမီတာတွေလည်းရှိပါသေးတယ်။

နောက်တစ်ခု....ုဝါသနာပါတာက……Tarot Card..တွေကို… စုဆောင်းတာပါ။ Tarot လည်းဟောပါတယ်။(ဒါကတော့ ကြုံလို့ ကြော်ငြာတာ..:P) စိတ်ဝင်စားစရာသရုပ်ဖော် ပုံ တွေနဲ့ Tarot ကဒ်အသစ်တွေဆိုဝယ်သိမ်းပါတယ်။နောက် Tarot နဲ့ပတ်သက်တဲ့စာအုပ် တွေ..ဒါတွေကိုတော့ ဈေးသိပ်မကြီးရင်ဝယ်ပါတယ်။အဲလိုပြောရခြင်းအကြောင်းအရင်းက တချို့စာအုပ်တွေက ဈေးသိပ်ကြီးလို့ပါ။:P

ဝါသနာတွေထဲမှာ ပိုက်ဆံမကုန်တဲ့ဝါသနာဆိုတာကလည်းရှားသား။စာဖတ်တာဝါသနာပါ တော့လည်းအနည်းဆုံးတော့ ငှားဖတ်ရသေးတာပဲ။နောက်တကယ့်ကတယ်ကျတော့ ဒီလူ တွေက ကိုယ်ပိုင်ဝယ်မသိမ်းရပဲနဲ့ကိုအဆင်ပြေကြတဲ့သူတွေမို့စာအုပ်ဆို မစားမသောက်ပဲ ဝယ်လိုက်ကြတာများပါတယ်။စာအုပ်တင်လားဆိုတော့ မဟုတ်ပါဘူး။ရုပ်ရှင်ကြည့်ဖို့ခရေဇီ ဖြစ်သူကလည်းအခွေစုဆောင်းတတ်ပြန်ပါတယ်။ကျွန်မလို သိပ်ခရေဇီမဖြစ်သူတောင်စု ထားတဲ့အခွေတွေရှိနေတယ်။နောက် သီချင်းဆိုလည်းဒီတိုင်းပါပဲ။ခုနောက်ပိုင်းမှ အင်တာ နက်ကနေ ဒေါင်းလို့ရတာကိုး။အရင်ကတော့ အင်္ဂလိပ်အခွေတစ်ခွေလိုချင်ရင်မှာကိုမှာယူ ရ တဲ့ထိပါပဲ။တော်သေးတာက ကိုယ့်ဝါသနာတွေက သိပ်ပြီးပိုက်ဆံအကုန်အကျများတဲ့ထဲ မပါတာပါပဲ။ဒါတောင် ငယ်ငယ်က စန္ဒရားတီးချင်တာ မတီးခဲ့ရဘူး၊ကရာတေးကစားချင်တာ မကစားခဲ့ရဘူး။အဲဒါတွေကနောက်က နေ ငွေကြေးလူလိုက်ပံ့ပိုးရမှာမို့လေ။


ခုခေတ်ကလေးတွေနဲ့ ကျွန်မတို့နဲ့ပြန်ယှဉ်လိုက်တော့ သူတို့တော်တော်ကံကောင်းကြပါ တယ်။သူတို့မှာရွေးချယ်စရာတွေသိပ်များသလို ရွေးချယ်ခွင့်လည်းရကြတယ်။ရွေးချယ်နိုင် အောင်လည်း ကျွန်မတို့က အခွင့်ပေးကြတယ်။ဘာလို့လဲဆိုတော့ ကျွန်မတို့ဟာငယ်ငယ် တည်းက ရွေးချယ်ခွင့်တွေနဲ့ကင်းဝေးနေခဲ့ပြီး အရွေးချယ်ခံဘဝတွေနဲ့ပဲနေခဲ့ရတာမို့ပါ။သူ တို့ သာတကယ်အသုံးချတတ်မယ်ဆိုရင် သူတို့အတွက် ကောင်းတဲ့လမ်းတွေအများကြီးက သူတို့ရှေ့မှာဆီးကြိုနေပါတယ်။

လူတိုင်းဝါသနာပါရာကိုလုပ်ဆောင်ပျော်ရွှင်နိုင်သူတွေဖြစ်ပါစေ။
ထပ်တက်ဂ်ဖို့မေ့နေတာ။ပြီးခဲ့တဲ့မိတ်ဆွေကောင်းတုန်းကလည်းမတက်ဂ်လိုက်ရဘူး။
ကဲ..လာလေ့..။(ခေါင်းစဉ်က နည်းနည်းစာစီစာကုံးဆန်နေတာကလွဲလို့ ရေးလို့တော့ လွယ် ပါလိမ့်မယ်)
၁။နန်းညီ
၂။မကြေးမုံ
၃။မိုးခါး(သူတက်ဂ် ကိုယ်တက်ဂ်လို့မမှတ်နဲ့နော်..)
၎။မယ်ကိုး
၅။ခရောင်း
၆။လင်းဒီပ
၇။Craton
၈။ကိုရင်နော်ခင်လေးငယ်
၉။မသိဂီ
၁၀။မသီတာ

တချို့လည်းသူများတက်ဂ်ထားလို့ ရေးပြီးသားဆိုရင် ရှိပါစေတော့..လို့။

ကဲ..ချစ်သောဝါဝါ ကျေနပ်မယ်ထင်ပါတယ်။
ချစ်ခင်စွာ
မနော်ဟရီ


သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်း

Thursday, June 11, 2009

သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်း

ကျွန်မ တစ်ခါက ရေးးခဲ့ဖူးတယ်။မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာ ရတနာ သိုက်နဲ့တူတယ်။တစ်နေရာမှာတော့ရှိနေတယ်။ဘယ်မှာလဲဆိုတာ သေချာမသိဘူး။မြေပုံ အညွှန်းလည်းမပါဘူး။ထိုက်တဲ့သူနဲ့တွေ့ရင်ရမှာပဲ ဆိုတာမျိုး။ဒါ ကျွန်မ ကြားခဲ့ဖူးတဲ့ရှေးက စကားတစ်ခုလည်းဖြစ်နိုင်သလို ကျွန်မဘာသာစိတ်ကူးမိတာလည်းဖြစ်နိုင်ပါတယ်။

တကယ်လည်း ကျွန်မတို့ငယ်စဉ်ကတည်းက ဒီနေ့ထိ သူငယ်ချင်းတွေအများကြီးတွေ့ခဲ့ ကြမယ်။ပေါင်းဖူးခဲ့ကြလိမ့်မယ်။တစ်ချို့ကို အမှုမဲ့အမှတ်မဲ့..(သူတို့ကတော့အတန်းဖော် အဆင့်ပေါ့) ..တချို့ကျတော့ နည်းနည်းထဲထဲဝင်ဝင် (သူတို့ကတော့ သာမန်သူငယ်ချင်း ပေါ့..) နောက်..တချို့ကိုတော့သံယောဇဉ်ကြီးကြီး..(အခင်ဆုံးသူငယ်ချင်းဆိုတာတွေ ဖြစ် လိမ့်မယ်..)။အဲဒီထဲကမှ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဆိုတာ ဘယ်နှစ်ယောက် ကျန်ခဲ့သလဲ..။သင်လည်းသင့်ကိုယ်သင်ပြန်စဉ်းစားနေမိသလို ကျွန်မလည်းကျွန်မကိုယ် ကျွန်မ ပြန်စဉ်းစားနေရပါပြီ..။

သေချာတာက အခင်ဆုံးသူငယ်ချင်းတိုင်းဟာ သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်းတွေ မဟုတ်ကြပါဘူး။(သူများတွေနဲ့ ကျွန်မနဲ့ ကံကြမ္မာချင်းတူချင်မှတူပါလိမ့်မယ်)..ကျွန်မက တော့အခင်ဆုံးအနေနဲ့ခင်တာပဲ ဒါပေမယ့် တစ်ချို့က ကံအားလျော်စွာ မိတ်ဆွေကောင်း တွေမဟုတ်ခဲ့ကြဘူး။အဲလို မိတ်ဆွေကောင်းမကောင်းဆိုတာကလည်း တကယ်တမ်းကိုယ့် အတွက် အရေးကြုံလာ ပြီဆိုမှ သိလိုက်ရတာမျိုးကိုး။ကျွန်မ မှာ အဲလိုမိတ်ဆွေတွေတော် တော်များများရှိခဲပါတယ်။ဒါဟာ ကံကောင်းတာဆိုရင်တော့ ဘုရားပေးခဲ့တဲ့ကံကောင်းခြင်း လက်ဆောင်တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။

တစ်ချိန်က ကိုတာရာမင်းဝေက စကားတစ်ခွန်းကိုအမြဲပြောတတ်ပါတယ်။အဲဒါကတော့ “ဘယ်သူ့ ရန်သူမှ မဟုတ်တဲ့သူဟာ ဘယ်သူ့မိတ်ဆွေမှမဟုတ်ဘူး..” …တဲ့။သိပ်ပြီးစဉ်းစား လေ အဓိပ္ပာယ်ရှိလေ ဆိုတဲ့စကားပါပဲ။ကိုယ့်အတွက် မိတ်ဆွေကောင်းပီသလိုက်ပြီဆို ကတည်းက အဲဒီလူဟာ တခြားလူရဲ့ ရန်သူဖြစ်သွားရပါပြီ။ ဒါဟာ သိပ်သေချာတဲ့ကိစ္စတစ် ခုပါ။တချို့တွေကတော့ ဘယ်လောက်ပဲခင်တယ်ပြောပြော ဘက် မရှိပါဘူး။ကိုယ်သည် လည်းသူ့အတွက် တစ် ပဲ။တခြားကိုယ့်ရန်သူသည်လည်း သူ့အတွက် တစ် ပဲ။ဘယ်တစ်ကို မှသူ အနှုတ်မခံနိုင်ဘူးဆိုတဲ့သူမျိုးတွေ ကျွန်မတွေ့ဖူးပါတယ်။တွေ့လေတိုင်းလည်း စော စောက စကားကိုပဲသတိရမိတတ်ပါတယ်။ ကျွန်မက ရန်သူများပါတယ်။ မဂျူနဲ့ ကျွန်မ တစ် ချိန်ကပြောခဲ့ကြသလို လူမုန်းဆေးလိုက်ကျဲနေတတ်တာမျိုးမို့ဖြစ်ပါလိမ့်မယ်။အကြောင်း ရင်းကတော့ မတရားတာ မဟုတ်တာတစ်ခုခုတွေ့ရင်မနေတတ်တဲ့သူတွေမို့ပါ၊ဝင်ပြောရင်း ဝင်ပါရင်းက အနေအထိုင်မတတ်သလိုဖြစ်ပြီး လူမုန်းခံရတာမျိုးလေ။ အဲဒီတွက်တော့ တစ်ခါမှနောင်တ မရဖူးပါဘူး။ ဒါပေမယ့် အဲဒီအလုပ်ကို ဒီဘလော့ခ်လောကမှာတော့ မလုပ် ဘူးဆိုတာရဲရဲကြီးကတိပေးထားလိုက်ပါတယ်။း)

မိတ်ဆွေကောင်းရဖို့ဆိုတာကလည်း ကိုယ်ကချည်း လိုချင်လို့မရပါဘူး။သူက ကိုယ့်အ တွက် မိတ်ဆွေကောင်းပီသပေးသလို ကိုယ်ကလည်းသူ့အတွက်မိတ်ဆွေကောင်းဖြစ်နေဖို့ လိုပါတယ်။တစ်ခါက ကျွန်မနဲ့ ကြေးကိုကြည့်ပြီး တစ်ယောက်ကပြောပါတယ်။မနော်က သိပ်ကံကောင်းတယ်တဲ့။မကြေးက မနော်ကို အစစအရာရာ ဂရုတစိုက်ရှိတယ်တဲ့။သူ့မှာကျ အဲလို သူငယ်ချင်းကောင်း မိတ်ဆွေကောင်းမရှိဘူးတဲ့။သူနားလည်အောင် ကျွန်မ သေချာ တော့ပြန်ပြောခဲ့ပါတယ်။သူနားလည်လိုက်လား မလည်လိုက်လားတော့ ကျွန်မလည်းမသိ ပါဘူး။ကျွန်မနဲ့ ကြေးကြားက နားလည်မှုတွေ တစ်ဦးစိတ်ဒုက္ခရောက်နေချိန် တစ်ဦးက အနားမှာရှိပေးခဲ့တာတွေကို သူ့ကိုနားလည်အောင်ရှင်းပြဖို့မလွယ်ပါဘူး။ဒါဟာ အပေးအယူ သဘောလည်းမသက်ရောက်နေတဲ့အတွက် ရှင်းရပိုခက်ပါလိမ့်မယ်။ကြုံဖူးတဲ့သူတွေတော့ သိလိမ့်မယ်လို့ထင်ပါတယ်။

လူတွေအမြင်မှာတော့ ကျွန်မက အပေါင်းအသင်းများ သူငယ်ချင်းများ မိတ်ဆွေများတယ် ပေါ့..။အဲဒီထဲကမှ..မိတ်ဆွေကောင်းဘယ်နှစ်ယောက်ကျန်မလဲ.မေးချင်ကြလိမ့်မယ်။တော်တော်
များပါတယ်..ဆိုရင်..အံ့သြမလားမသိဘူး။ကျွန်မအတွက်တစ်ခုတည်းသောဆုလာဘ်ကောင်း
လည်းဖြစ်နေ..နိုင်ပါတယ်။ဟိုးအရင်…ငယ်ငယ်ကစလို့..အလုပ်လုပ်နေတဲ့အချိန် တွေအလယ်..ခုလိုချိန်ထိ..ကျွန်မကို..မုန်းသူများသလို..ချစ်သူတွေမိတ်ဆွေကောင်းတွေ လည်း လက်နှစ်ဖက်စာမက ရေမရအောင်များတဲ့အတွက် ကျေနပ်ပျော်ရွှင်ရသလို ဘုရား ကိုလည်းကျေးဇူးတင်မိပါတယ်…လို့..။
ချစ်ညီမလေး မိုးခါး ကျေနပ်နိုင်ပါစေ...။
(ချစ်သော မိတ်ဆွေကောင်းများအားလုံးနှင့်တကွ အဝေးတစ်နေရာရောက်နေသည့် ကျွန်မ ၏အစ်ကိုအကောင်းဆုံးမိတ်ဆွေ ဇာတ်ညွှန်းဆရာသို့..)


နှစ် ၂၀

Sunday, June 7, 2009

၂၀၀၉ဟာ အနားသားမပါပဲဖွာလံနေတဲ့ အဝတ်စတစ်စလို
ငါ့ဆီ မဖိတ်ခေါ်ပဲ ဖြတ်ဆင်းချလာတယ်
စကတည်းက ယဉ်သကိုဆိုသလို..အစိမ်းရောင်တွေပြိုကျ
ခရမ်းရောင်အစအနတွေစွန်းပေ တိမ်ဖြူတွေနဲ့လမ်းခွဲ
လိပ်ပြာတွေလည်း ဖရိုဖရဲဖြစ်လို့……………။

အလွမ်းဆိုတဲ့ဖွဲမီးနဲ့ တဒင်္ဂမကရင်းနှီးခဲ့ပြီးမှတော့
သက္ကရာဇ်တစ်ခုလုံးမီးထွန်းထားသလိုလင်းချင်းတောက်ပ
ဇာမဏီငှက်ကတော့ ပွဲကျအောင်ရယ်မောလို့..
မျောလွှတ်လိုက်မိတဲ့ ပန်းလှေတွေ..
တချိန်ချိန်တော့..ကမ်းကပ်လောက်ပါရဲ့ ..။

မျှော်လင့်သလောက်ကြေကွဲရတဲ့ကမ္ဘာမှာ …
နာကျင်ခြင်းဆိုတဲ့သရဖူပဲ အဆင့်ဆင့်ဆွတ်ခူးခဲ့
မျက်ရည်တွေလည်းပူလောင်သွေ့ခြောက်သွား
ချွန်မြနေအောင်သွေးထားတဲ့ရဲရင့်မှုအသစ်တွေနဲ့ပြန်လည်ဆင်သ…
သက္ကရာဇ်တွေကို ဖြတ်သန်းရဦးမယ်…။


နှစ် ၂၀ ဆိုတဲ့ကိစ္စကြီးကို စဉ်းစားရတာ တော်တော် ဦးနှောက်ခြောက်တာပါ။ ဆိုခဲ့သလို ကျွန်မ ကိုယ်၌က သိပ်ပြီး စိတ်ကူးမယဉ်ချင်တတ် (စိတ်ကူးနဲ့လက်တွေက တစ်သက်လုံး လွဲနေကျ ဆိုတော့ မနာကျင်ချင်တော့လို့ပါ..) မမျှော်လင့်ချင်တတ် (မျှော်လင့်ခြင်းတွေရဲ့ ကြိုးပေးသတ်မှုကို ခံခဲ့ရတာသိပ်များနေပြီ..) တဲ့အတွက် ခက်ခဲနေတာဖြစ်ပါလိမ့်မယ်။

သေချာတာကတော့ နောက် အနှစ် ၂၀ထိ အသက်များရှင်ခွင့်ရခဲ့မယ်ဆိုရင် အသက်လည်း ၆၀ နားကပ်နေပါပြီ..။ခြေလှမ်းသုံးလှမ်းစာလောက်ပဲ လိုပါလိမ့်မယ်။ ခု ၄၀နားကိုလှမ်းနေ သလိုပေါ့..။အဲခါကျ တက်ဂ် တဲ့ ဝါဝါလည်း ဒေါ်ဝါဝါခိုင်မင်း ဆိုပြီး ခန့်ခန့်ကြီးဖြစ်နေတော့ မယ်။း) ကျွန်မလည်း သားတော်မောင်က အဲဒီအချိန်ဆို ၂၉နှစ်ဆိုတော့ မြေးတစ်ယောက် လောက်ရမနေဘူးလို့ မပြောနိုင်ဘူး။(အမလေး တွေးတာနဲ့တောင် ရင်ပူတယ်..) ခုထိတော့ သားကလေးက အမေနဲ့ပဲနေမယ် မိန်းမ မယူဘူးလို့ပြောနေတာပါပဲ။ဒါကိုကြားတဲ့ မွေးစား သားတွေကတော့ ..သူမသိသေးလို့ပါ ကျွန်တော်တို့လည်းမသိနားမလည်ခင်က ပြောခဲ့ကြ ဖူးတာပါပဲ.. တဲ့.အားပေးကြတယ်။(ရင်က ပိုပူလာရော..း( ..)

အဲဒီအချိန်ကျမှ ဘလောခ့်ကာတွေလာတွေ့မယ်ဆိုရင်တော့ ကြိုပြောထားမယ်နော်။အဖွား ကသိပ်မှတ်မိချင်မှ မှတ်မိမယ်။ ( ဆိုလိုချင်တာက စောစောလာတွေ့ကြ လို့..) အဲဒီအချိန်ထိ ဘလော့ခ်တွေရေး နေကြဦးမယ်ဆိုရင်တောင် တရားသံ ဓမ္မသံတွေ ဝေနေတော့မယ်။ငယ်ငယ်ကလို အမှတ် တရတွေ .. မှတ်တမ်းတွေ အချစ်တွေ အလွမ်းတွေ သံယောဇဉ်တွေကို ရေးနိုင်ကြတော့ မယ်မထင်ဘူး။

အင်း…ကိုယ်လည်း အဲဒီအချိန်ကျ ဘယ်လိုစာမျိုးတွေ ရေးနေမိမှာလဲမသိ။ နှစ် ၂၀ ဆိုတာ လူတစ်ယောက်ကို ဖြစ်တည်လာစေသလို ပျောက်ပျက်စေနိုင်စွမ်းလည်းရှိပါတယ်။ ဒီ နှစ် ၂၀အတွင်းမှာ နောက်မျိုးဆက်တွေမွေးဖွားလာကြမယ်။ ကျွန်မ တို့ကနေရာဖယ်ပေးကြရ မယ်။သိပ်ပြီးရှည်လျားကြာမြင့်တယ်လို့ ထင်ရနိုင်သလို သိပ်ကိုတိုတောင်းတယ်လို့လည်း ထင်ရင် ထင်ရနိုင်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ ကိုပြန်ကြည့်မယ်ဆိုရင်တော့ ဖြတ်သန်းလာခဲ့ တဲ့ နှစ် ၂၀ ဟာ ခဏလေးလိုပဲ။ရှေ့ နှစ် ၂၀ ဆိုတာကိုမျှော်ကြည့်ခိုင်းလို့ကြည့်မိပြန်တော့ ရင်တွေမောလို့။ခု အသက် ၂၀ ကလေးက လွန်ခဲ့တဲ့ နှစ် ၂၀ ကမွေးထားတာ..craton လို မျိုးပေါ့။မနေ့တစ်နေ့ကမှ မွေးတဲ့ကလေးက နောက် နှစ် ၂၀မှာ အသက် ၂၀..။မျိုးဆက်တွေ ထပ်ဖြစ်တည်လာဦးမယ်။ နောက်နှစ် ၂၀မှာမှ ကိုကိုတို့ ခိုင်လေးတို့လို (သူတို့နှစ်ယောက် လို့မပြောဘူးနော် ခမည်းခမက်က သစ္စာဖောက်သွားလို့ ကိုကိုလူပျိုကြီးဖြစ်ချင်ဖြစ်နေမှာ..) လူငယ်တွေက ထပ်မံမွေးထုတ်လိုက်မယ့် မျိုးဆက်ကတစ်ဆက်။

အရေးကြီးတာက သက္ကရာဇ်တွေ မဟုတ်ပဲ သက္ကရာဇ်တွေကိုဖြတ်သန်းမယ့်လူတွေပဲ ဖြစ်နေ တာကိုလည်း တွေးလိုက်မိတယ်။ ဒီတော့ ကျွန်မတို့ ဒီ နှစ် ၂၀ ကို ဘယ်လို ဖြတ် သန်းကြမလဲ။ ဘာတွေထားခဲ့ကြမလဲ။ဘာတွေလက်ဆင့်ကမ်းပေးနိုင်ခဲ့အောင် ကြိုးစားကြ မလဲ။သူတို့ရှေ့ဆက် ခရီးကို ဖြတ်သန်းနိုင်ဖို့ ဘယ်လိုအားအင်တွေ အသိတွေပေးလိုက်နိုင် အောင်ကြိုးစားကြမလဲ။ဒါပဲ စဉ်းစားဖို့လိုပါလိမ့်မယ်။


၂၀၂၉..အတွေးများ

စာမူခထုတ်ဖို့ လှူငှားခြောက်ယောက်ခေါ်နေရတယ် ..။ ကဗျာတစ်ပုဒ်ကို 4 millions လောက် ပေးနေပြီဆိုတော့လေ…။ ပိုက်ဆံထုတ်တွေထမ်းဖို့ လူလိုတယ်…။ (လုံးချင်းတစ်အုပ် ဆိုရင်တော့ စဉ်းစားသာကြည့်နော် ဒီအချိန်မှာတော့ JK Rolling တို့ Dan Brown တို့ကိုသနားတယ်ပဲ..)


ဖွင့်ထားတာ တော်တော်လေးကြာနေပေမယ့် .. လူလာနည်းလွန်းတဲ့ စာကြည့်တိုက်အတွက် ပရိုမိုးရှင်းလုပ်ဖို့ ကိစ္စကို အခုတက်သစ်စ မော်ဒယ်လ်လေးတွေနဲ့ စကားပြောရဦးမယ် …။(လူတွေကြည့်ရတာလည်းသိပ်စာမဖတ်ကြတော့ တခြားနည်းနဲ့ဆွဲဆောင်ရတော့မှာပဲ....)

အခမဲ့ စာသင်ကျောင်းတစ်ခုမှာ ရူပဗေဒဆရာမ တစ်ယောက်လိုတယ်ဆိုလို့ စာတွေပြန်နွှေးပြီး အင်တာဗျူးဖြေဖို့သွားလိုက်ဦးမယ် …။ သိပ်တော့အလားအလာမမြင်ပါဘူး။ခုဆို သူငယ်တန်း ကလေးတွေက အစ Relativity Theory ကိုကောင်းကောင်းသိနေပြီ။

နိုင်ငံခြားမှာ ဂျာနယ်လစ်ဇင် ပါရဂူဘွဲ့သွားယူလာတဲ့ လူကဖြူပြီး နာမည်က ညိုနေတဲ့ Mr Brown တစ်ယောက်လည်း ဂျာနယ်တိုင်းမှာ အခမ်းအနားတွေတက်ပြီး တစ်ခုခုစားနေတဲ့ပုံနဲ့ ခန့်ခန့်ကြီး ပါပါနေတာတွေ့တယ် ..။(အော် ငါ့ကိုက ဒီလမ်းကြောင်းပေါ်တင်ပေးမိတာကိုး)သူ့ငယ်စဉ်အတ္ထုပ္ပတ္တိ လေးတော့ ရေးကိုရေးရဦးမယ်။

Bio Farming အကြီးအကျယ်အောင်မြင်လာလို့ လယ်ယာလုပ်ငန်းဟာ သူဌေးအမြန်ဆုံးဖြစ်တဲ့ လုပ်ငန်းဖြစ်လာတယ် …။ မိဘတွေကလည်း ဆယ်တန်းအောင်တာနဲ့ သားသမီးတွေကို စိုက်ပျိုးရေးအထူးပြုဘာသာတွဲတွေ ယူဖို့အပြိုင်အဆိုင် ဖိအားပေးနေကြတယ် …။

အခုတလော ခေတ်စားနေတဲ့ ပါဠိစကားပြောသင်တန်း နဲ့ ကျောက်စာစုဆောင်းနည်းသင်တန်း (တံဆိပ်ခေါင်းစုသလိုစုတာ) တွေမှာ လူငယ်လေးတွေ တိုးဝှေ့နေကြတယ် …။

အေ့ဒ်နဲ့ ကင်ဆာပျောက်ဆေး ကို ပါရာစီတမောမှာပေါင်းထည့်လိုက်တဲ့ supreme-para ကို တလုံးနှစ်ကျပ်နဲ့လက်လီလက်ကားဖြန့်ဝေနေပါပြီဆိုတဲ့ ကြော်ငြာကို မျက်စိနောက်လောက်အောင် ကြည့်နေရတယ် …။

မောင်စိုင်းတစ်ယောက်လည်းအသက် ၅၀ ဆိုတော့ သီချင်းဆိုတာတော့ မတွေ့တော့ဘူး။ရုပ်ရှင်တွေ ကြော်ငြာတွေကတော့ ရိုက်တုန်းပဲ။အဖေခန်းတောင် ရောက်နေရှာပြီ..။အော် ဇရာ ဇရာ..။

အော်..ခုလောက်ဆို...ဝါဝါတစ်ယောက်(စေတနာအထွေထွေရောဂါကုဆေးရုံကြီးမှာ.
M.D.ကြီးဆိုပဲ )လည်းမြေးထိန်းနေပြီထင်ပါရဲ့… ။


ရှုပ်ရှုပ်ရှုပ်ရှုပ်နဲ့ လို့ဆိုရပေမယ့် လူချစ်လူခင်လည်းများ ရုံးပတီသီးနဲ့တရော်ရောထားသလို လည်း ချွဲပြစ်နေတတ်တဲ့ ဖိုးစိန်လည်း ခုလောက်ရှိ ဦးဖိုးစိန် ဦးဖိုးစိန်နဲ့ တစ်ကိုယ်တည်း လူပျိုကြီး ဘဝနဲ့ပျင်းနေရောပေါ့..း)း)(မှတ်ချက်..သစ်ကိုင်းလွတ်သွားခြင်းဖြစ်သည်။)

ဟိုလိုလို ဒီလိုလိုနဲ့ ဘယ်မှမရောက်လိုက်တဲ့ သစ်ကောင်းအိမ် တစ်ယောက်လည်း ဘိုးဘွား ရိပ်သာမှာ နေရာကြိုယူထားလောက်ပြီထင်တယ်.. (သစ်ကောင်းအိမ်ဆိုပြီး သူသည်လည်း သစ်ကိုင်းလွတ် သွားတာ.စိတ်မကောင်းစရာ..)

ဟို တောထွက်မယ် ဆိုတဲ့ရသေ့..ဘာလုပ်နေတာလဲ နှစ် ၂၀ရှိနေပြီ ဆိုတော့ မဒ္ဒီဒေဝီ စောင့်နေတာတဲ့..း)း)(တော်သေးတယ် ဇာလီတို့ ဂဏှာစိန်တို့ ဆက်စောင့်မနေလို့..)

ဟိုတုန်းက ပြောတဲ့စကားက ဟိုတုန်းကပြောတဲ့စကားပါ အမရယ် ခုတော့ ကျွန်တော် လည်း သားကတစ်မျိုး သမီးက တစ်မျိုး နဲ့ မအားရပါဘူး ဆိုတဲ့ အမည်အတည်တကျ မရှိ တဲ့တစ်ယောက်လည်း ချာလပတ်တွေလည်နေရှာရဲ့…။

အဲဒီချိန်ထိများ ခေတ်နေက လူပျိုကြီးဆို မေမေ့ကို ကျွန်တော်လာစောင့်ရှောက်ဖို့ကတိ ပေးတယ်ဆိုတဲ့ကလေးတစ်ယောက်လည်း..ဘယ်များရောက်နေတယ်မသိ။..(ဖြစ်တတ်ပါတယ်။)

အမရေ ခုထိ ကဗျာတွေက မာနေတုန်းပဲ လျှော့လို့လည်းမရဘူး ဝဋ်နာကံနာဆိုတာ ဒါပဲထင် ပါရဲ့ ဆိုတဲ့ ညီမတော် အိန္ဒြာ တစ်ယောက်လည်း အချစ်နဲ့ နီးနီး ပြန်နေနေတာနဲ့ ကျန်လူတွေလည်းမေ့လို့… မတွေ့တာတောင် တော်တော်ကြာနေပြီ..။

အမ မေငြိမ်းတစ်ယောက်လည်း Beatles ရဲ့ When I’m 64 ကို ညည်းဆိုလေး ဆိုရင်း ပြုံးနေတယ် လို့ဖုန်းဆက်တုန်းကပြောသေးတယ် ။

AK ကိုင်လိုက်..ဂစ်တာကိုင်လိုက်နဲ့ ကိုအောင်သာငယ်လည်း ခုလောက်ဆို ပုတီးကိုင်နေ လောက်ပြီထင်တယ် …(ခုနကပဲ ဖြေခဲ့တဲ့ how well do u know Aung Tha Nge မှာတော့ I don’t believe in gods ဆိုပဲ.. )

သက်ပိုင်သူတစ်ယောက်လည်း … မြန်မာ့ရှေးဟောင်းအမွအနှစ်တွေထိန်းသိမ်းစောင့်ရှောက်ရေး အသင်းကို အောင်မြင်စွာတည်ဆောက်ရင်း အသက်အရွယ်အရ ပိုပိုပြောင်လာတဲ့ နှဖူးကိုပါ မွမ်းမံဖို့ကြိုးစားနေတယ်လို့ကြားမိတယ်…။

ချစ်သူလက်ခုပ်ထဲကငါးနဲ့ ဂုဏ်ထူးမှတ်ညာယူခဲ့တဲ့ လင်းဒီပလည်း ခုကြည့်တော့ လက်ခုပ်ထဲက ငါးက သူ မဟုတ်ပဲ ကောင်မလေးဖြစ်နေတာကို သနားဖွယ်တွေ့လိုက်ရသေးတယ်။း)

ဒါထက် စကားမစပ် ..ကယ်လီဖိုးနီးယားကိုပို့လိုက်တဲ့စပယ်တွေ မိုးအေးအေးမှာ မွှေးမြနေတုန်းဆို ရင်ကေသာထက်မှာ ခိုင်ခိုင်မြဲမြဲလေးပန်ချင်ပါသေးတယ်လို့..။

(ချစ်သောသူများအားလုံးကျေနပ်နိုင်ပါစေ..)

(ဒီပို့စ်ကို..ကျွန်မတစ်ယောက်တည်းရေးတာမဟုတ်ပါဘူး။တော်တော်နေမကောင်းဖြစ်နေ
တဲ့အပြင် ဒီလို ပို့စ်တွေရေးရာမှာညံ့တတ်တဲ့ ကျွန်မကို ကျွန်မသား
တစ်ယောက်က အကူအညီပေးခဲ့ပါတယ်။ သူ့ကိုကျေးဇူးတင်ပါတယ်။)