ဒီလိုပါပဲ

Wednesday, December 23, 2009


.........................


ဒီလိုပါပဲ

"ငါလား
မင်းကို အရောင်တင်ပေးဖို့လာခဲ့တာပေါ့
မင်းရဲ့ဘုန်းတော်ဘွဲ့တီးလုံးကို ကြိုးညှိပေးခဲ့ချင်သူ "တဲ့လေ။

ပြီးတော့မှ
ငါ့အသက်ကြိုးမျှင်တွေကို ရက်စက်စွာ ဖြတ်ခုတ် ကြိုးလုပ်
သူ့ကိုယ်ရည်သွေးသီချင်းတစ်ပုဒ်ကို .. တီးခတ်သွားခဲ့လေတော့…။ ။

မနော်ဟရီ
၅၊သြဂုတ်၊၂၀၀၉


December and Me !!

Monday, December 14, 2009

December and Me !!

အသက်တစ်နှစ်ကြီးလာတာကို ခပ်တည်တည်နဲ့ မသိချင်ယောင်ဆောင်နေတာ မဟုတ်ပါဘူး။ ဇရာကိုလည်း တဖြည်းဖြည်းသိလာပါတယ်။ (အဲဒီစကားပြောရတာလည်း ဒီက အဖေအမေနဲ့ သြဇီက အသက်ရှစ်ဆယ်ကျော်တဲ့ထိ ဘတ်စကားစီးသွားလာ လှုပ်ရှား ကော်ဖီဆိုင်ထိုင် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ထိ ဂျော့ကင် ပြေးနေတဲ့ ဖိုးဖိုးဖွားဖွားတွေ ကို အားနာပါတယ်) မတတ်နိုင်ပါဘူး။ ကိုယ်က သူတို့လိုမှ ကျန်းမာရေးမကောင်းပဲ။ ဒါကြောင့် ငယ်ငယ်တည်းက အဖွားခဏခဏပြောဖူးတဲ့စကားကို သတိရပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး ဆိုပဲ။ (အဲဒီအဖွားက စကားပြောရင် စကားပုံလေးတွေနဲ့ ထည့်ပြောတတ်ပါတယ်။ စကားပုံပေါင်းမြောက်များစွာကို စာအုပ်မဖတ်ခင်တည်းက ကလေးဘဝတည်းက သိနေတာ အဖွားကျေးဇူးပါပဲ။ အသက် ၈၉နှစ်မှ ကွယ်လွန်သွားခဲ့ ပါတယ်။ ) ခုတော့ ဒီစကားကို အမေက ဆက်ပြောနေပါပြီ။ ဒီတော့လည်း ကိုယ့်ကိုယ်ကို တော်တော်လေးကို အသက်အရွယ်ကြီးရင့်လာသလို ခံစားရတာ မဆန်းပါဘူး။
Blue Mountain ( The Three Sisters)
ပုံကို အကြီးချဲ့ကြည့်လိုက်ရင် ပထမတောင်ရဲ့အစနားမှာ တံတားတစ်ခုတွေ့ပါလိမ့်မယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကထင်ပါတယ်။ Blue Mountain ကိုသွားတယ်။ ပထမ တစ်ခါတုန်းက မမြင်ခဲ့ရတဲ့ The Three Sisters ကို သွားကြည့်တာပါ။ ပထမတစ်ခါတုန်းက မြူတွေတအားစိမ့်နေအောင်ကျနေခဲ့လို့ ဘာဆို ဘာကိုမှမမြင်ရပါဘူး။ အဲဒီက လူကတော့ ပြောပါတယ်။ သိပ်ကံကောင်းတယ်တဲ့။ ဒီလိုရာသီဥတုကိုကြုံရတာ တဲ့။ ဘာပဲပြောပြော Blue Mountain အရဲ့ အလှ နှစ်မျိုးလုံးကိုကြည့်မြင်ခွင့်ရခဲ့တယ်ဆိုပါတော့။ အဲဒီမှာ The Three Sisters က ပထမဆုံးတောင်ကို ဆင်းတဲ့လမ်းကလေးရှိပါတယ်။ မိနစ် ၂၀လောက် လျှောက်ရပါတယ်။ 1st sister တောင်ပတ်လမ်းက ထိုင်ခုံလေးတွေရှိတဲ့ ဝရံတာနားထိ သွားရတာပါ။ အဲဒီလမ်းအဆင်းမှာ Giant Stair Way ဆိုတာရှိပါတယ်။ လှေကားက တော်တော်လေးကို မတ်စောက်တာပါ။ အဆင်းလည်းဖြစ်တော့ မဆင်းခင်တည်းက မဆင်းရင်ကောင်းမယ်လို့ တွေးပါသေးတယ်။ ဒါပေမယ့် ကိုကို့ကိုလည်း ဒီတိုင်းမလွှတ်ချင်ဘူး။ သူ့အဒေါ်တော့ပါတာပေါ့။ ကိုယ်ကလည်း မျက်စိအောက်က အပျောက်မခံချင်တဲ့ အမေမျိုးဆိုတော့ (အကဲပိုတယ်လို့ဆိုကြပါတယ်) လိုက်ဆင်းသွား မိတယ်။ နောက်တစ်ကြောင်းက ငါးဆယ်ကျော် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ကျော် တွေ ဖျတ်ကနဲ ဖျတ်ကနဲ ဆင်းချသွားတာကိုလည်းတွေ့လိုက်လို့ပါ။ နှလုံးမကောင်းတော့တဲ့ကကည်းက အမြင့်ကို မကြောက်တတ်ပါပဲနဲ့ အမြင့်တက်ရင် တုန်လာတတ်တာ ပုဂံဘုရား တွေတက်ကတည်းကပါပဲ။ ကိုယ့်ကိုယ်ကိုသိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် လောက်ကတည်းက အဲလိုဖြစ်နေတာပါ။

Giant Stairway က အတက်တစ်ခုပါ။

ပြန်လည်းတက်ရော (အမှန်က အတက်က အဆင်းလောက် ကြောက်စရာမကောင်း ပါဘူး) လူက တော်တော်ကိုခြေကုန်လက်ပမ်းကျနေပါပြီ။ Giant Stair Way အဆုံးက ခုံမှာ ခြေပစ်လက်ပစ်လှဲချလိုက်ချိန်ကျမှ သတိလစ်ချင်သလိုဖြစ်တော့တာ အသက်တောင် မရှူနိုင်တော့ဘူး။ လူတွေကလည်းကိုယ့်ကို အထူးအဆန်းလိုကြည့်ကြတယ်။ ရွယ်တူတွေ ကလည်း အော် ဖြစ်ရလေပေါ့ .. အသက်ခြောက်ဆယ်ကျော်လူကြီးတစ်ယောက်ကတော့ ကိုယ့်ကိုကြည့်ပြီး .. See?? How smart I am တဲ့ လုပ်သွားသေးတယ်။ ရလဒ်ကတော့ အပြန်ခရီး မိနစ် ၂၀ကျော်ကို တွဲပြီးလျှောက်လာရတာပါပဲ။ ခြေထောက်တွေက တုန်နေပြီ။ ဒီတော့ ကိုယ့်ကိုယ်ကို ဇရာ ဇရာ လို့ ရွတ်မိတာ မဆန်းဘူးထင်တာပါပဲ။

နောက်ထပ် အတက်တစ်ခု
ဒါကြောင့် ဒီနှစ်မွေးနေ့ကို ဘာသိဘာသာ လုပ်နေတယ်တော့မဟုတ်ပါဘူး။ တကယ့်ကို နေမကောင်းတာတွေများနေလို့ပါ။ နှလုံးအောင့်တာက လေးငါးရက်၊ အဲဒါပြီးတော့ လူက ပင်ပမ်းပြီး အအေးမိလိုက် ကိုယ်ပူလိုက်ကလည်း ဖြစ်သေးတယ်။ နှာရည်တောက်တောက် ကျနေတော့ ဆေးသောက်ရတာ ဆေးက ခေါင်းမထူနိုင်တော့ပြန်ပါဘူး။ သို့နှင့် သို့နှင့် တွေနဲ့ မွေးနေ့ပို့စ်လည်း မပို့စ် နိုင်တော့ဘူး ဖြစ်သွားတယ်။
လွန်ခဲ့တဲ့ ရက်တွေတည်းက ချစ်သော ဝါဝါ က မေခ မွေးနေ့လုပ်ပါလားလို့ ပြောပါတယ်။ မသေချာဘူးလို့ပြန်ပြောလိုက်ရတယ်။ ကိုယ့်အခြေအနေကိုယ်သိတယ်လေ။ ကိုယ်က ဘာမှမလုပ်နိုင်ပေမယ့် ကိုယ့်မွေးနေ့အတွက် စီဘောက်စ် ကနေ ဆုတွေတောင်းပေးကြ ပို့စ်တွေတင်ပေးကြတဲ့ ချစ်သောသား Zephyr နဲ့ မောင်လေး ဖိုးစိန် ကို ကျေးဇူးတင်ပါတယ်။ နောက် မေးလ်ကနေတဆင့် facebook ကနေတဆင့် မွေးနေ့ wish လုပ်ကြသူတွေအားလုံး ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
ဒါက ချစ်သောသား Zephyr ရဲ့ ကဗျာပါ။

((( (( ((((အမေ ...))) )) )))
အဲဒီ
စကားလုံး
ရဲ့
တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အ၀န်း
ဟာ ..
နှလုံးသားတစ်ခု
အခြေချနေထိုင်ဖို့လုံလောက်ရုံ
ထက်ပို
လျှံ
လိမ့်မယ်။

အမိမဲ့ဆိုတဲ့
ဆင်းရဲသားရပ်ကွက်
တစ်ခု
မိုးခေါင်
ရေရှား ...
ဖြေဆည်ရာ
ရှား၊
မေတ္တာ
ရှား ....
အမေ့အပြုံးတွေလည်းရှား
ခဲ့
တယ် .....။

ပန်းမပွင့်နိုင်
တဲ့
ဆာ
ဟာ
ဝတ်ရုံနဲ့ ...
အမှောင်တွေ
အပြည့်ဖမ်းမိထားမိသူ ...
ရေတွင်းပျက်ထဲ
ခြေချော်လက်ချော်ကျတဲ့သစ်
ရွက်လို ...
လရောင်ကလွဲရင် ဘာကိုမျှော်
နေဦးမှာလဲ .....။

အလင်းကို
ချိန်တွယ်ရောင်းချ
တဲ့
အရှေ့အရပ်ကို
ကျော
ခိုင်း
နာကျင်နေရတယ် ။
ကိုယ့်အရိပ်ထဲ
ကိုယ်
သေမိန့်ကျနေတဲ့နေ့တွေ ...
ခါးခါးစူးစူး မျက်မျက်ရှရှ၊
မျက်ရည်ကျခွင့်မရတဲ့အခါ
သွေးတွေ အငွေ့ပျံကုန်တယ်။

အမေ ...
အချိန်မီရောက်လာတဲ့
ကမ္ဘာပျက်နေ့တစ်ခုလို ...
အချိန်မီတည်ဆောက်ပြီးတဲ့
မဟာကရုဏာတော်လို ...
အချိန်မီ ညာလက်သွင်သွင်ကျိုးသွားတဲ့
ဘုရားသခင်လို ...
မေတ္တာသက်သက်နဲ့ ... အဖြူရောင်တွေ ဖန်ဆင်းပစ်ခဲ့တယ်။

အမေ ...
စိမ်းမြပြာလဲ့နေတဲ့ ရီနေဆန်းပိုက်ကွန်တစ်ခု ..
ခြေ၊လက်၊စိတ်နဲ့ စေတသိက် ၅၂ လုံး
အားလုံးကို အုပ်မိခဲ့တယ်။

အမေ ...
ဘုရားသခင်ရဲ့အမှားပြင်ဆင်ချက်။
ကံတရားရဲ့ နောက်ဆက်တွဲသတင်း၊
ဒီဘ၀ရဲ့
ဒုလ္လဘတရားစစ်စစ် ....။ ။

Zephyr

ဒါကတော့ ချစ်သော သားသေးသေးလေး ကျွန်မ မွေးနေ့အတွက် ရေးပေးထားတဲ့ ကဗျာပါ။ post-post modern ပါပဲး)
(သား..မေ့မွေးနေ့အတွက် ကဗျာလေးတစ်ပုဒ်ရေးပေးဆိုတော့ လွယ်ပါတယ် ဆိုပြီး ရေးပေးလိုက်တဲ့ကဗျာပါ.. ပါရမီထူးပုံက နှုတ်တိုက်ကိုရွတ်ပေးတာပါ။ ..ဖတ်ကြည့်ပါဦး)

ကဗျာ
ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ
ကဗျာ

ခေတ်နေ


ဒါကတော့ ကျွန်မညီမ အိန္ဒြာ ရဲ့ မွေးနေ့လက်ဆောင် ကဗျာပါ။

ဒီဇင်ဘာနှင်းဆီ

ဆယ့်လေးရက် ဒီဇင်ဘာ
နှင်းသားကို ပွတ်တိုက်သွားတဲ့
ရေခဲလေပြည်တွေကြားမှာ
မြူတွေထဲ အလင်းညှိလိုက်တဲ့
နေ့ဦးရောင်ခြည်သစ်အောက်မှာ
သံမဏိနဲ့ နန်းခတ်ထားတဲ့ပွင့်ချပ်လွှာ
နူးညံသလို မာကျောထက်ရှ
အေးစက်သလောက် ဆန်းကြယ်လှပခဲ့

ပန်းချီကားချပ်ထဲက ဆေးစပ်ခက်တဲ့ အရောင်လို
ကဗျာတစ်ပုဒ်ရဲ့ သိပ်သည်းလွန်းတဲ့ အနက်လို
လေတိုက်တိုင်း မနွဲ့တတ်တဲ့ နှင်းဆီရနံ့
အဲဒီ့နေ့ပေါ်ကစ ဖူးခဲ့..တယ်.။

ဘ၀ဟာ...
ဒီဇင်ဘာလို တိတ်ဆိတ်ငြိမ်းချမ်းနေမလား.
ဘုရားသခင်နဲ့ တစ်လတည်းဖွားမြင်ခဲ့တဲ့ မေတ္တာတော်အောက်မှာ
သူမကောင်းကင်က ပြသဒါးတွေအုံမှိုင်းဆိုင်းကြွ
အဲဒီ့ ကောင်းကင်ထက်မှာမှ
အချစ်ဟာ
ဖျတ်ကနဲလွင့်ကြွေလွယ်တဲ့.. ညနေခင်းရဲ့..ကြယ်..

စိတ် အိုင်းအနာတွေ ရင်းနေရတဲ့ ဥတုရာသီပါ..
တိုက်ခတ်လေကတောင် ထိုးစစ်တွေလို ပြင်းရှ
တဟူးဟူး အရိုင်းဆန်တဲ့ လောကဓံအခင်းအကျင်းထဲ
အနုပညာကလွဲလို့
အရာရာ ဟာ....တဖျတ်ဖျတ် လွင့်မျောတုန်ခါခဲ့..

ဘ၀ဆိုတာက.
ရန်သူကို တန်ပြန်တိုက်ခိုက်ဖို့
အလှပဆုံးခွက်ပြထားရတဲ့ ပါးပျဉ်းတစ်ခု လို
ပျောင်းအိနွဲ့သွယ်သလောက်
လိုအပ်ရင် ရက်စက်တတ်ခဲ့ပေါ့...

ဖြေရန်မလိုအပ်တဲ့ မေးခွန်းတွေကိုတော့
ရေခဲရိုက်သိမ်းထုတ်လိုက်ပေါ့ ဒီဇင်ဘာ
သူမကျောပြင်အတွက်
သံချပ်ကာ ၀တ်စုံတစ်ခု မလိုပါဘူးးး
သူမ ပွင့်ဖတ်တွေကိုက
သံမဏိနဲ့သွန်းဆစ်ခဲ့တာလေ..။


(ချစ်ခင်ရသော မမအတွက် စိတ်၏အေးချမ်းသာယာခြင်းများနဲ့ ပြည့်စုံလှပသော မွေးနေ့ပေါင်းများစွာစောင့်ကြိုနေပါစေ)

အိန္ဒြာ



ဒါကတော့ ကျွန်မ မွေးနေ့မတိုင်ခင်တည်းက ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ပြီး ရေးထားမိတဲ့ ကဗျာပါ။ တကယ့်တကယ်ကျ ဒီနေ့မှပဲ ကဗျာကို လက်စသပ်နိုင်တာပါ။ မွေးနေ့အမှတ်တရ ပဲတင်လိုက်ပါတယ်။



မနော်ဟရီ စစ်တမ်း

အများအမြင်မှာတော့
ငါက .. ဒါဏ်ရာစုဆောင်းသူ
သောကတွေနဲ့ အနားသပ်သူ အပူသည်..
ဖြစ်သင့်တာက လက်နက်တပ်ဆင်ရေးသမား
ဇာတ်ညွှန်းပြင်ဆင်သူ .. ဖန်ဆင်းနိုင်သူ တန်ခိုးရှင် ..
တကယ်တမ်းကျတော့
အဲဒါတွေက ငါပြင်ဆင်ခွင့်မရှိတဲ့ ငါ့ရဲ့စာမျက်နှာတွေ
ဖြစ်နေတာတွေက မြင်နေရတဲ့အတိုင်း မြက်ရိုင်းတွေချည်းတောထ ..
သေချာတာက..
နောက်ဘဝအတွက်အမှာစာကလည်း ရောက်မလာသေး
Demand နည်းနေသေးသတဲ့ …


ခပ်ကွေးကွေးလေး ငြိမ်သက်နေတဲ့ လလို ..
ငါ .. ဘာကိုမှအမြင်မကျယ်ချင်တော့ဘူး …
စိမ်းလန်းခဲ့ဖူးတဲ့ တောအုပ်လည်း အခန့်မသင့်ရင်တော့ မီးသင့်မှာပဲ
ကြည်လင်နေတဲ့ ရေအိုင်လည်း နေပြင်းလွန်းလာရင် ခမ်းခြောက်ရမှာပဲ
ငါက.. သူတို့ထက် ဘာမှပိုမသာတဲ့ ဇာတ်ကောင်
ကားလိပ်ချရင်မှောင်တဲ့အကြောင်းလောက်သာသိတဲ့သူ ..
ဘာ ပိုရှူနေချင်စရာ အကြောင်း ရှိလို့လဲ ..
ခြေရှိလက်ရှိ မလှုပ်ရှားနိုင်သူ အတွေးရှိ အမြင်ရှိ မတိုးတက်နိုင်သူ
ဦးနှောက်ရှိ နှလုံးသားရှိ ဘာကိုမှ တတ်မြောက်ခံစားမနေချင်တော့သူ


စကားလုံးတွေကတော့ ငါမော့သောက်လိုက်လို့ကုန်ပြီ
ညှီစို့စို့ ပါဒတချို့ကိုတော့အသားမကျသေးလို့ ချန်ထားခဲ့ရတယ်
တကယ်ဆို .. ငါ ဘာကို အနံ့ခံနေသေးတာလဲ …(စဉ်းစားမရဘူး)
တလောကလုံး ဝရုန်းသုန်ကားဖြစ်တဲ့အထိ ..
အားလုံးကို စတိဖြစ်ဖြစ် .. မူးရစ်ပစ်လိုက်သင့်တာ
မေးထူးခေါ်ပြော ဝေါဟာရများနှင့်ထူပျစ်စေးကပ်
ငါက တစ်ခန်းရပ်ဇာတ်တွေကို ဆက်လက်မျှော်လင့်နေမိတတ်သူ
ဆူလွယ် နပ်လွယ် ပြီးလွယ် မေ့လွယ်တွေကို ရွံမုန်းတတ်သူ
နောက်ဆုံး ဒါတွေနဲ့ပဲနပမ်းလုံးရင်း ကျင့်သားရလာသူ….


ပုံပြင်တွေကတော့ ဒါပါပဲလို့ အဆုံးသတ်ကြသတဲ့
ဇာတ်တော်လာတွေကတော့ ဤတွင်ပြီး၏ ပေါ့ ..
ခုတော့ … နိဂုံးချုပ်စကားလုံးတွေက ပျောက်ဆုံး
အသုံးအနှုန်းတွေလည်း လက်ကုန်ခြေပန်း …
ဝဋ်ကြွေးတွေက တသီတတန်းလိုက်ပါလာတယ်
ဖိတ်စာမရလိုက်တဲ့ ကံကောင်းခြင်းတွေကတော့
ဟောဟို့ တောအုပ်ကလေးထဲမှာ သူ့ဘာသာသူ စိမ်းလန်းရှင်သန် ..
အမှန်တရားဆိုတာ တွေနဲ့အတူ
ထူထူပိန်းပိန်း …မြူတွေအလိမ်းလိမ်းနဲ့ ….

မနော်ဟရီ


လူပျက်

Saturday, December 5, 2009

ပုံကို ပန်းချီအေးကို ရဲ့ performance တစ်ခုကယူပါတယ်။

လူပျက်

တကယ်ဆို
ဇာတ်ဝင်ခန်းအစမှာကတည်းကိုက
နားထင်ကိုသေနတ်နဲ့ထောက်
ရဲရဲတောက်သတ်သေပစ်လိုက်တဲ့အခန်းနဲ့စခဲ့သင့်တယ်။

ခုတော့ ………
ကတိကဝတ်မပါသောငရဲများစွာနဲ့ခင်းကျင်းနေထိုင်
မျက်ရည်မဲ့နာကျင်သွေ့ခြောက်အက်ကွဲ
ဇာတ်ဆရာငနဲကလည်း မိန့်မိန့်ကြီးထိုင်လို့

ငါတို့က သူ့ရှေ့စစ်တုရင်ခုံပေါ်က
နယ်ရုပ်ကလေးတွေမို့လို့လား
သွားစမ်းပါ…………….
သေရာပါအမာရွတ်တွေပြန်ပြန်စမ်း
သေပြီးရင်းသေနေရတဲ့အခန်းတွေ
ရပ်တန်းကရပ်သင့်နေပြီ။

ငရမန်ကန်း
ဥဒုမ္မရဒေဝီ
ယုဒရဲ့အနမ်း
အင်ကြင်းပန်းတွေနဲ့စူဠသုဘဒ္ဒါ
ရာဇဝင်တွေပြန်ပြန်လှည့်လာဆဲ
မွဲပြာပုဆိုးတွေလည်း စုတ်ပြဲလို့။

မမြင်ရသောသွေးစက်တွေကညှီတယ်
နံနက်ခင်းအသစ်စက်စက်တွေက မီးခိုးတလူလူနဲ့
ဘယ်သူဟာကယ်တင်ရှင်မှန်းမသိနိုင်တဲ့ဇာတ်
ဝါဝါလက်*တွေလိုအဆက်မပြတ်ငိုကြွေးနေရမှာတဲ့လား။

ဒီမှာ ဇာတ်ဆရာ
ခင်ဗျားသဘောတူညီမှုမပါလည်း
လက်ထဲမှာ သေနတ်တစ်လက်ရှိနေခဲ့ပြီဆိုပါတော့..

ကိုယ့်ကိုယ်ကို ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်ပစ်လိုက်ရမှာ
ရယ်စရာတော့မကောင်းမှာသေချာတယ်
…………………။

မနော်ဟရီ
၁၃၊၇၊၀၉ - ၂၂၊၇၊၀၉

wawalak :

During the Dreamtime, a mythic time when gods and goddesses still walked the earth, the Wawalak, a pair of Australian aboriginal sister goddesses, accidentally polluted the sacred waterhole of Yurlungur, the Great Rainbow Serpent, with a single drop of menstrual blood. In angry response, rain poured down and the waterhole flooded.

Yurlungur then emerged from the waterhole and swallowed the sisters in a huge gulp. It was until later when Yurlungur was told to regurgitate the sisters that the Wawalak were reborn into the light.