သက္ကရာဇ်များ

Tuesday, November 25, 2008

သက္ကရာဇ်များ ကိုရေးခဲ့တာ ၂၀၀၄အကုန်ပိုင်းလောက်မှာပါ။ မှတ်စုများထက်နောက်ကျပါတယ်။
ခုချိန်မှာ ထပ်ဖြည့်စရာသက္ကရာဇ်တွေအများကြီးတိုးလာပေမယ့် ..အဲဒီလောက်ကြီး မနာကျင်
ရတော့လို့လားမသိဘူး..ထုံပေပေနဲ့ ..ဘာမှထပ်ဖြည့်စရာမရှိသလိုပဲ။ဒါကြောင့်ဒီတိုင်းလေးပဲ
တင်လိုက်တယ်။

ဘလော့ခ်လေးတစ်ခုထပ်လုပ်မိပါတယ်..မနော်ဟရီတို့ က သူ့ရှိတဲ့အိုင်တီအင်တာနက်
အရည်အချင်းတွေကိုချပြလိုက်သလိုပဲ..အရပ်ကူပါ..လူဝိုင်းပါတွေနဲ့ ..
ကွန်နက်ရှင်ကမကောင်း (ဒါကအကြောင်းပြတာပါ အမှန်က အတော်လေးကို use to ဖြစ်နေပြီ)
စိတ်က ကယောင်ခြောက်ခြားနဲ့ ကလစ်တွေအပေါ်အောက်မှားနှိပ်မိပြီး စိတ်နဲ့ကိုယ်နဲ့ကလည်း မကပ်
သည့်သကာလ ပြင်ပြီးသားမနော်ဟရီဘလော့ခ်လည်းဖြစ်ချင်ရာဖြစ်ပြီးပျောက်ပျက်ကုန်တယ်။
အသစ်မှာလည်း စီဘောက်စဖြုတ်ဖို့ ဘယ်လိုမှ ကွန်နက်ရှင်က မရသည့်သကာလ
လုပ်သလိုမဖြစ်ရင် ဖြစ်နိုင်သလိုလုပ်တယ်ဟာဆိုပြီး မူရင်းတန်းပလိတ်ကိုပဲပြန်သုံးပစ်လိုက်တယ်။
နောက်ပိုင်းပြင်ဖို့ဆင်ဖို့ကိစ္စတွေကို ကွန်ပြူက၀ိကျော်ကြီး ဆြာNLSဆီအပ်နှံထားကြောင်း......


သက္ကရာဇ်များ

၁၉၉၀

အတော်ကိုမလွယ်ခဲ့တဲ့သက္ကရာဇ်ပါ..။မိုးလင်းကမိုးချုပ် ကွန်ပျူတာဖန်သားပြင်ရယ်၊
စာရင်းဇယားတွေရယ် ၊Errors တွေရယ်နဲ့ဗျာများခဲ့ရတဲ့နှစ်ပေါ့..။ခြူခြူခြာခြာနိုင်
လိုက်ပုံကလည်း လက်နှစ်ဖက်လုံး အပ်ပေါက်ရာ အထပ်ထပ်နဲ့…။ရောဂါရှာတာတဲ့
လေ…။ထူထူထောင်ထောင်သာဖြစ်လာရော ဘာရောဂါမှန်းသူတို့မသိလိုက်ကြဘူး။
မရှာပဲတွေ့ခဲ့ရတာတော့ ကိုယ့်ရဲ့ချစ်သောမိတ်ဆွေများပါပဲ….။အ၀ါရောင်ညီအစ်မ၊
အမေ့အိမ်၊ခရမ်းရောင်လွင်ပြင်၊နှစ်ချို့မချို့မသေချာပဲ..ကိုယ်အားလုံးကိုရင်ထဲပိတ်
ထည့်ထားလိုက်တယ်။

၁၉၉၁
အတော်ကိုချစ်စရာကောင်းတဲ့သက္ကရာဇ်လေးပါ..။ကိုယ်မျှော်လင့်နေတဲ့စိမ်းလန်း
အိပ်မက်တွေပြန်မက်ခွင့်ရခဲ့တယ်။ဆေးဝါးတွေနဲ့ကင်းကင်းရှင်းရှင်းကြီးမဟုတ်တောင်
ခပ်ခွာခွာနေရင်းကျန်းမာလာတယ်။ကိုယ့်လှေကားထစ်ကလေးက သုံးနှစ်လောက်
နောက်ကျပြီးမှတက်ခဲ့ရတာတောင်သူစိမ်းဆန်မနေဘူး။အဆင်ပြေပြေပဲ…..။ရေစက်
တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်လေးထဲ..ပထမတဆင့်ကျော်ဖြတ်ခွင့်ရခဲ့တယ်..
ပေါ့..။
၉၁ရဲ့ စတုတ္ထမြောက်နေ့ရက်တချို့မှာတွေ့ရတတ်တဲ့ မျက်ဝန်းတစ်စုံကိုလည်းအမှတ်
တရရှိနေခဲ့ပါတယ်။

၁၉၉၂
ဒုတိယလှေကားထစ်ကလေးပေါ့..။ရှေ့မှာလမ်းခွဲတစ်ခုရှိတယ်။ကိုယ်ဘယ်လမ်းကို
လျှောက်မလဲလို့စဉ်းစားရတော့မှာ..။ဒါပေမယ့် ကိုယ်ကထုံးစံအတိုင်း ငှက်ကုလားအုတ်
ဆန်တဲ့အိပ်မက်တွေကိုပဲရွေလိုက်တယ်။နည်းနည်းတော့ပင်ပမ်းတာပေါ့..။105 တဲ့..။
ကိုယ်က အဲဒီအခန်းကိုသိပ်မကြိုက်ချင်ဘူး။ကိုယ့်ရဲကစတုတ္ထမြောက်နေ့ရက်လေးက
မျက်ဝန်းတစ်စုံ ကိုယ့်ရှေ့ကပျောက်သွားခဲ့တယ်။သင်္ခါရတရားလို့ကိုယ်မတွေးတတ်ခဲ့
ပါဘူး။ကိုယ်က အစွဲအလမ်းကြီးတတ်တဲ့ခရေပင်လေးလိုပဲ..၊တောင့်တင်းခိုင်မာစွာသင်း
မွှေးနေခဲ့တယ်။ဒါ…ကိုယ့်ရဲ့အားနည်းချက်ပါကွယ်။

၁၉၉၃
အဆိုးဆုံးတွေတွေ့ခဲ့ရတယ်ပဲဆိုပါစို့။မိုးတွေသည်းသည်းမည်းမည်းရွာသွန်းတတ်တဲ့ရာ
သီတစ်ခုမှာ ခေါ်သံတွေလည်းလွဲမှားခဲ့ဖူးတယ်။ပုဂံလမ်းပေါ်က မိုးရာသီလေးဟာ ဒီနေ့
ထိတော့ပုံပြင်ပါပဲ..။စိုးရိမ်တကြီးချောင်းပေါက်မတတ်လာလာသတိပေးတတ်တဲ့ကြား
ထဲက ကိုယ်က ပေတေတေနဲ့..။207 နဲ့ဝေးရာမှာပဲနေနေဖြစ်တယ်။ကိုယ့်ရဲ့မတွေဝေတတ်
တဲ့စိတ်က ကိုယ့်အစွဲအလန်းကြီးတတ်မှုကို အကြီးအကျယ်အနိုင်ယူတော့တာပဲ..။ကိုယ်
လည်းအလဲလဲအကွဲကွဲနဲ့ပေါ့…။တတိယမြောက်ပထမလှေကားထစ်မှာ ကျွန်မ ကံ့ကော်
ပွင့်လေးသုံးပွင့်ပဲဆွတ်ခူးခွင့်ရခဲ့တယ်။ကိုယ်ကျေနပ်ပါတယ်။

၁၉၉၄
ကိုယ့်အတွေးတွေကသိပ်ေ၀၀ါးစပြုချင်လာပြီ။ကိုယ့်ကိုယ်ကိုပြန်ကုစားယူရတယ်။“သင်း
ကွဲပင်လယ်”ထဲကနေရုန်းထွက်ပြီး “ကျန်းမာခြင်းအသစ်”ကိုရယူလို့ “ရာစုသစ်မြစ်ကျဉ်း”
ထဲကိုစီးမျောခဲ့တယ်။“လမ်းနဲ့မဆန့်တဲ့ခရီး”တွေကိုလည်းတွေ့ရတယ်။“တစ်မိုးတည်းအောက်
မှာ”မိုးခိုနေကြတဲ့သူတွေကိုလည်းတွေ့ရတယ်။ “မျှော်လင့်အိပ်မက်”ကိုမက်နေကြသူတွေ၊
“ဘို့များတဲ့ကုလားအုတ်”တွေ၊“နှလုံးသားထဲကမျက်ဝန်းတစ်စုံ”နဲ့ “ခပ်ညံ့ညံ့ကဗျာတွေ”..။
ဟိုးရှေ့မှာလမ်းခွဲ..။ကိုယ်က အပြိုပြိုအလဲလဲနဲ့ “ပန်းလှေလမ်းခွဲ”ကိုအိပ်မက်ခဲ့…။

၁၉၉၅
ခေါင်းလောင်းသံတွေကြားနေရတာကိုသိလျက်နဲ့ ကိုယ်ကနားပိတ်ထားခဲ့မိတာ။“စကားဝါ”
ရဲ့ညတွေကိုတမ်းတရင်း အဆိပ်တွေတက်လို့..။ရေစက်တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်
လေးထဲက ထွက်မသွားရရေးကိုကျားကုတ်ကျားခဲ ကြိုးစားမိလို့..။တရားရှိလျက်နဲ့ တရားမရ
နိုင်ကြပုံများလေ..။ပန်းလှေတွေ ပန်းတိုင်တစ်ခုကိုအတူရောက်နိုင်ကြမှာမှမဟုတ်တာ..။
အမေအိုရဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာ သားသမီးမစုံမညီနဲ့ အမေကျေနပ်ရဲ့လားမသိ…။
အမေကတော့တရားရှိလောက်ပါတယ်လေ…။

၁၉၉၆

ကိုယ်တောက်လျှောက်မှားခဲ့တဲ့သက္ကရာဇ်ပေါ့…။မိစ္ဆာပွဲသဘင်ဆင်ယင်နေတဲ့ထဲမှာ ကိုယ်က
ဘုမသိဘမသိနဲ့ ချောက်ကမ်းပါးကပ်လျှောက်နေမိတဲ့အဖြစ်…။သစ်ကိုင်းကျိုးသံတွေက
ကျယ်လောင်လွန်းတယ်။ ကိုယ်က ကိုယ့်ရင်ခုန်သံတိုးတိုးလေးကိုပဲရိုကျိုးတတ်တဲ့သူလေ..။
ကိုယ့်နှလုံးသားရဲ့တရားဓမ္မကိုကိုယ်ယုံကြည်..ကိုယ့်သစ္စာတရားးကိုပဲကိုယ်ပြာလွင်ချင်ခဲ့သူ
လေ…။မေမေကတော့ ငယ်ငယ်ကသင်ခဲ့တာပဲ..။“စိုက်တဲ့အတိုင်းရိတ်ရလိမ့်မယ်”တဲ့…။
မေမေ..သမီးစိုက်ခဲ့တဲ့အပင်တွေက ပြာလွင်ကြည်စင်ခဲ့တာသေချာပါတယ်…။

၁၉၉၇
လှည့်ကြည့်မိတော့ရက်တွေက တော်တော်လွန်နေခဲ့ပြီ..။ကိုယ်ဘယ်ဘက်လက်သူကြွယ်က
ရွှေရောင် အလင်းတန်းလေး ကနီလာရောင်ပြာလွင်လို့…။ကိုယ်ကဒါကိုသစ္စာတရားရဲ့အစ
လို့ထင်ခဲ့တာ။ဘယ်တော့မှမတွေဝေတတ်ချင်တဲ့၊အစွဲအလန်းကြီးတတ်တဲ့ ကိုယ့်တရားကိုယ်
ကြည်ညိုချင်တတ်တဲ့ လူတစ်ယောက်ရဲ့ခရီးလမ်းအစလေ..။ကိုယ်ဟာတကယ်တော့ကိုယ့်
ကိုယ်ကိုပဲ့ပြင်ဖတ်ရှုတတ်ပြီး.ကိုယ့်ပတ်ဝန်းကျင်ကိုတော့မဖတ်တတ်ခဲ့တဲ့သူပဲ..။
မှော်ဆရာရဲ့မျက်လှည့်ပြကွက်တွေကိုမှကိုယ်ကရိုကျိုးစွဲလန်းခဲ့တာလေ..။

၁၉၉၈
တိုက်စစ်တွေသိပ်များတဲ့စစ်မျက်နှာပြင်လိုပဲ..။ကိုယ်အလိုမတူပဲစစ်မျက်နှာတွေဖွင့်ခဲ့ရတယ်။
အတုလို့ထင်ခဲ့တာတွေထဲက အစစ်တချို့ကိုရှာဖွေတွေ့ရှိလိုက်သလိုအစစ်လို့ထင်ခဲ့တဲ့ထဲက
အတုတွေကိုလည်းအံ့သြခြင်းကြီးစွာတွေ့လိုက်ရတယ်။
တချို့မြို့တော်တွေမှာတောင်ရပ်နားခွင့်မရှိတော့တဲ့ရထားအိုကြီးရဲ့ပြယုဒ်ကတော့ အတော်
မတော်မတည့်နိုင်လွန်းလှပါတယ်။
ဘုရားသခင်..ဒီကြွေပွဲကိုဘယ်သူကများကစားခဲ့တာလဲ..။တိုက်ပြီဆိုကတည်းက အနိုင်ရတဲ့
သူလည်းဆုံးရှုံးရတာပါပဲ။အဆုံးအရှုံးတွေများရတဲ့အထဲ ကိုယ့်လက်ကျန်ကောင်းကင်လေးပါ
အဝေးကိုဆွဲရွှေ့ခံလိုက်ရပါတယ်။
မေမေ..အဝေးကကောင်းကင်မေမေ..။ညီမလေးရဲ့ကြယ်ကိုလင်းလက်ပေးလိုက်ပါဦး။

၁၉၉၉
ကောင်းကင်အတု၊ကြယ်တာရာအတု၊နက္ခတ်သဘင်အတု၊ရာသီဥတုအတုတွေနဲ့ကိုယ်ဟာအသား
ကျလို့။၉၉ က ကိုယ့်အပေါ်သိပ်မဆိုးဝါးခဲ့ပါဘူး။တစ်ခါမှအိပ်မက်မမက်ခဲ့ဖူးတဲ့အရာကိုလည်းမျှော်
လင့်ခွင့်ရလာတယ်။သေချာတယ်။ကိုယ်အိပ်မက် မက်နေတာမဟုတ်ဘူး။ဘုရာသခင်ရဲ့အသံ
တော်ကိုလည်းကြားရတယ်။ ဗျာဒိတ်တော်တွေကလင်းလက်၊ကိုယ့်လက်မှာ ကြယ်ပွင့်သေးသေး
လေးတစ်ပွင့်ပိုင်ဆိုင်ခွင့်ရတော့မယ်။

၂၀၀၀
သရ၀ဏ်ကြယ်တန်းလေးကိုယ့်ကောင်းကင်မှာလင်းချင်းလာချိန်မှာတော့၊ကိုယ်ဟာမျှော်လင့်ချက်
တချို့နဲ့မှိန်ဖျော့လို့။သေချာသွားခဲ့ပြီလေ..။အတုတွေရဲ့ပင်ကိုယ်ဗီဇချို့တဲ့မှုကိုမျက်ဝါးထင်ထင်
တွေ့ခွင့်ရခဲ့ပြီပဲကွယ်။ဒါပေမယ့်ကိုယ့်ရဲ့ခေါင်းမာတတ်တဲ့စိတ်က ကိုယ့်မျှော်လင့်ချက်တွေကိုအ
ရောင်ပြန်တင်ပေးလိုက်တယ်။ကိုယ့်ရဲ့အသက်ငင်နေတဲ့နှလုံးသားလေးကို ကြယ်သေးသေးလေး
တစ်ပွင့်ကကယ်တင်လိုက်ခဲ့ပါတယ်။

၂၀၀၁
ကိုယ့်ကိုယ်ကိုမှန်ထဲပြန်ကြည့်ခွင့်ရလာတယ်။(ယာယီပေါ့) ကိုယ်ဘာလဲဆိုတာ ဂဃနဏသိခွင့်ရ
လာတယ်။ဒါပေမယ့်ကွယ်..ကိုယ်ကရိုးသားလွန်းတယ်။အန္တရာယ်ရဲ့အငွေ့အသက်ကိုမရှူရှိုက်တတ်
ခဲ့ဘူး။ကျော့ကွင်းတွေရဲ့မာယာကိုလည်းနားမလည်ဘူး။ကိုယ်သိတာက ယုံကြည်မှုရဲ့ကျမ်းစာလေ။
ဒီပွဲမှာလည်းကိုယ်က အကြေကြေအကွဲကွဲနဲ့..၊ဒီကြားထဲကမှ အိမ်မှာမွေးထားမိတဲ့ခွေးက ကိုယ့်ကို
ပြန်ကိုက်လိုက်လို့ကာကွယ်ဆေးတွေထိုးခဲ့ရပါရောလား။ ကိုယ်အားလုံးကိုတရားခဲ့ပါတယ်။မတရား
ခဲ့တာက ကံကြမ္မာပါ။

၂၀၀၂

The final destination of love is full of danger တဲ့။
ကိုယ့်သီအိုရီကိုယ်ထုတ်၊ကိုယ်ကခေါင်းမော့ရယ်မောတတ်ဖို့ကြိုးစားနေတဲ့အရုပ်တစ်ရုပ်လိုပဲ..။
ကိုယ့်ရင်ခုန်သံကိုကိုယ်အကြည်အညိုမဲ့စပြုလာတယ်။မှော်ပညာရဲ့အသက်ကုန်သွားခဲ့ပြီလား။
ဒါပေမယ့်ကိုယ့်သစ္စာတရားကတော့ပြာစင်နေတုန်းပဲ..။ကြည့်တတ်ရင်တော့ကိုယ်က အမှတ်မရှိ
တတ်တဲ့စပယ်ပွင့်လေးလိုပေါ့။ခေါင်းမော့ကြည့်မိလို့မှ အမှောင်တွေအုံ့ဆိုင်း နေတာမြင်ရတာ
တောင် ကိုယ်က အလင်းတွေပြန်ညှိပေးချင်နေတုန်း။
မေမေ……စိုက်ခဲ့တဲ့ အပြာရောင်တွေအစားဘာလို့များတိမ်တိုက်တွေပဲရိတ်သိမ်းခဲ့ရတာလဲ…။

၂၀၀၃
အဆိုးဆုံးတွေကိုရင်ဆိုင်ဖြတ်သန်းခဲ့ပြီးမှတော့ ကျောက်မီးသွေးတွေမာကျောသွားတာအဆန်းမ
ဟုတ်ပါဘူး။ သံမဏိတွေအသွေးအရောင်တောက်ပြောင်ခိုင်ခန့်လာတာလည်းအဆန်းမဟုတ်ပါ
ဘူး။သူတို့မီးပြင်းတိုက်ခံခဲ့ကြရတယ်လေ။ဘယ်သူတွေဘယ်လိုပဲတာဝန်မဲ့မဲ့ ကိုယ်ကတော့ ကိုယ့်
ကြယ်စုလေးအတွက် ပြာလဲ့ပေးရဦးမယ်။
ကိုယ်အိပ်မက်အဟောင်းတွေကနေနိုးထနိုင်ခဲ့ပါတယ်။

၂၀၀၄
ကိုယ့်ကိုအားသစ်တွေပေးခဲ့တဲ့နှစ်ပေါ့။ အခြေအနေတွေပိုမိုမှောင်မိုက်သည်းထန်လာတဲ့ကြားက
ကိုယ်ထူမတ်ထားနိုင်ခဲ့တယ်။ကိုယ့်ကောင်းကင်မှာကြယ်စုကလေးတွေလည်းလင်းလက်တိုးပွား
လာခဲ့တယ်။ (ကိုယ်ပိုင်တော့မဟုတ်ဘူးပေါ့) ဒီကြယ်စုလေးတွေအတွက်ကိုယ်ဟာအပြာလွင်လွင်
ကိုပဲပေးခဲ့သင့်တာပေါ့နော်။ဒါပေမယ့်ကွယ်…ရှေ့မှာကိုယ့်ကိုစောင့်စားနေတဲ့ ၂၀၀၅…သူကကိုယ့်
ကိုဘယ်လိုတရားချဦးမှာလဲမသိဘူး။ကိုယ်ချစ်ကြည်ဖို့ကြိုးစားရဦးတော့မှာပေါ့…။ ။

မနော်ဟရီ


ကျွန်မချစ်သောကဗျာများ

Saturday, November 22, 2008

ပို့စ်တစ်ရာပြည့်ပြီဆိုတော့ တချို့ကပြောတယ်။ ကျွန်မသူငယ်ချင်းတွေကအစပါ။သူများကဗျာတွေအများကြီးပါတယ်
နော်..တဲ့။အဲဒီစကားလေးကြောင့်ကျွန်မ ဒီဘလော့သစ်လေးကိုလုပ်လိုက်ပါတယ်။ ကျွန်မမှတ်စုစာအုပ်ထဲက ကဗျာ
တွေကို တင်ပေးသွားမှာပါ။ တတ်နိုင်သမျှ အဲဒီကဗျာဆရာအကြောင်းလေးရောပေါ့...။

http://manorhary-poemsilove.blogspot.com


ကမ်းမဲ့မြစ်တစ်စင်း၏ကုစားခွင့်

ကျွန်မ၀တ္ထုကိုဖတ်ပြီးတော့ နေဆူးသစ်က ကဗျာလေးတစ်ပုဒ်လှမ်းပို့ပေးတယ်။
“ကမ်းမဲ့မြစ်တစ်စင်း”တဲ့...။အဲဒါနဲ့ ကျွန်မလည်း ၁၉၉၆ခုနှစ်က လုံမလေးမှာ
ပါခဲ့တဲ့ ကျွန်မရဲ့ကဗျာလေးကိုသွားသတိရတယ်။ “ကုစားခွင့်” တဲ့..။ချစ်တဲ့မြို့
ကလေးကိုတမ်းတထားတဲ့ကဗျာပါ...။လွန်ခဲ့တဲ့ ဆယ်စုနှစ်တုံးက မနော်ဟရီ နဲ့
ခုမနော်ဟရီက မတူနိုင်တော့ဘူးလေ..။တကယ်ပါ...၂၀၀၅ နှစ်ကုန်ပိုင်းမှာ
မြို့ကလေးဆီပြန်ရောက်ရတဲ့ ခံစားချက်ကတော်တော်ကိုဆိုးဝါးတာပါ...။ကန်သုံး
ဆင့်
ကလည်းတောကြီးထဲမှာပျောက်ဆုံးလို့...။မြင်နေရတတ်တဲ့ တံတားဖြူလေး
ကိုလည်းမတွေ့ရဘူး။ကိုယ်နေခဲ့တဲ့ယင်းမာဆီကိုသွားမယ်လုပ်တော့လည်း မ၀င်ရ
ဘူးတဲ့။ တော်တော်ကိုဆိုးတာပါ။မာန်ပြေစေတီလည်းမတွေ့ရတော့ဘူး။ တံတားလေး
ဆီသွားတော့...လား လား..ရေနစ်သေဖို့ကံက ကျွန်မတို့သားအမိတွေမှာအပါ
လာခဲ့လို့ပေပဲ...။ လေးဘက်တွားနဲ့ရောက်အောင်ဖြတ်ခဲ့ရတယ်။ မီးရှူးတိုင်ကြီး
လည်း ခြောက်သွေ့ပျက်စီးလို့..အရင်လိုစည်စည်ကားကားပွဲတွေလည်း မရှိတော့
ဘူးထင်တယ်။မာမီနဲ့ကျွန်မပြန်သာလာရော အီလည်လည်နဲ့။ ဘာခံစားချက်မှကို
မပါလာတော့သလိုကိုဖြစ်သွားတာ။
ပြန်လာပြီးတစ်လကျော်ကြာမှဒီဝတ္ထုလေးကိုရေးဖြစ်တာ။ရေးပြီးပြီးချင်းရတီနှစ်လည်
အတွက်စာမူတောင်းတာနဲ့ပေးလိုက်တယ်။ဒါပေမယ့်...စာမူလေးကဘာလို့မှန်းမသိ
ကျန်ခဲ့ရရှာတယ်။မနေ့တနေ့ကထိ အဲဒီသရုပ်ဖော်ပုံလေးကရှိတုန်း။ ကိုကိုနိုင်ရဲ့
လက်ရာပါ..။အဲဒါနဲ့သိမ်းထားလိုက်တာ တစ်နှစ်ကျော်သွားပါတယ်။ ၂၀၀၇ကျမှ
အိုင်ဒီယာနှစ်လည်အတွက်ပြန်တင်ဖြစ်တာ။အဲဒီမှာတော့ သရုပ်ဖော်ပုံက ကိုစိုးဝင်း
ငြိမ်း
ပါ။ အဲဒီနှစ်ကနှစ်လည်မှာလူတော်တော်စုံပါတယ်။ ဆရာဇော်၊ကိုရဲ(သစ္စာနီ)၊
ကိုငြိမ်း(ငြိမ်းအေးအိမ်)၊တာရာမင်းဝေ၊လင်းဆက်
..စသဖြင့်..။
၂၀၀၆ မှာတစ်ခါထပ်ရောက်တယ်။ဒီတစ်ခါတော့ ပြောင်းလဲနေတဲ့ယင်းမာရော တေဇ
ဖက်ဆီရော အကုန်ရောက်ခဲ့တဲ့အပြင် အရင်ကင်တင်းဟောင်းမှာတောင်ထိုင်လိုက်
သေးတယ်။ အဲဒီကင်တင်းက ငယ်ငယ်တုန်းက ကိုယ်မှမထိုင်ခဲ့ရတာ..း) ။
အဲဒီအချိန်ကျတော့လူကစိတ်တော်တော်ပြန်ပြေသွားပြီ...။နောက်ဆုံးတစ်ခေါက်က
တော့ ဆရာကန်တော့ပွဲသွားတာပါ။ Teacher ဒေါ်စန်းစန်းရီက သေသေချာချာ
ကိုခေါ်ထားတာမို့ရော..နောက်လည်းသိပ်ရောက်ဖြစ်ဖို့မသေချာဘူးဆိုပြီးရောသွား
လိုက်တာ..နေ့ချင်းပြန်ပါပဲ..မြို့ခံတွေတောင်မလာကြတဲ့ဆရာကန်တော့ပွဲဆိုရင်
မှားမယ်မထင်ဘူး။ဘာလို့လဲဆိုတော့ သူငယ်ချင်းတော်တော်များများကိုမတွေ့ခဲ့ရ
လို့ပါ။ အတင်းအဓမ္မ သွားဆွဲခေါ်ချရတဲ့သူငယ်ချင်းတွေလည်းရှိပါရဲ့.။သူတို့ကြည့်
ရတာ ကျွန်မတို့ကိုတောင်တော်တော်အားလို့လာတယ်ထင်ပုံပဲ..။မအားပါဘူးဟာ
ဆိုတဲ့သူလည်းရှိတာပဲ..။
စိတ်လည်သွားပြီဆိုပေမယ့် ဒီစာလေးက ကိုယ်ပဲရေးထားခဲ့တာလေ...မညာချင်ဘူး။
အဲဒီတုန်းက ငါအဲလိုခံစားခဲ့ရတယ်ဆိုတာလေးအမှတ်တရပေါ့.ဆိုပြီးထားလိုက်တာ။
ခုကဗျာလေးနှစ်ပုဒ်ကတော့ မြို့ကလေးရောလွမ်းသူတွေရောကျေနပ်နိုင်မယ့်ကဗျာလေး
လို့မျှော်လင့်မိတာပဲ...နောက်ထပ်သေချာတာတစ်ခုကနှစ်ယောက်လုံးရဲ့ ငယ်လက်
ရာတွေလည်းဖြစ်လို့ ကဗျာတွေက ပျော့ရင်ပျော့နေမယ်။သေချာတာကတော့ အဲဒီထဲ
မှာ “...မလွမ်းတော့ဘူး”ကလိုအတတ်ပညာတွေ၊မရိုးသားမှုတွေမပါသေးဘူးဆိုတာ
ပါပဲ။
ကိုကြွက်ပြောသလို ဆိုင်းဘုတ်ဟိုဘက်ကျော်ရင်လူတော်တွေချည်းပဲဆိုတာလေးကိုလည်း
အမမေငြိမ်းနဲ့အတူ ထောက်ခံချက်ပေးလိုက်ရင်..အနည်းဆုံးသုံးမဲ..(နေဆူးသစ်နဲ့
အမခင်မင်းဇော်..ကိုထွေး(ခင်မောင်ထွေး)..း))ရမယ်ထင်တယ်။ တကယ်ပါ..။
ကိုထူးအိမ်သင်၊ကိုမြင့်မိုးအောင်၊ပန်းချီအေးကို၊ကိုအောင်မင်း၊မောင်စိမ်းသူ၊ကိုကြွက်
(သိမ်းတင်သား)၊ပိုပို.
.၊စသဖြင့်အများကြီးပါ...။ဒါပေမယ့်ဒီမြို့လေးတစ်မြို့တည်းမှာ
ဒီလိုရှိတာမဟုတ်ပါဘူး။မြို့ကလေးတိုင်းဟာ ရာဇ၀င်အတွက်သားကောင်းတွေ သူရဲကောင်း
တွေမွေးထုတ်ပေးမွေးထုတ်နေဆဲပါပဲ။ ဘာတွေပဲဖြစ်နေနေ ကျွန်မကတော့ အချိုးအစား
ကျနလှတဲ့မြန်မာပြည်မြေပုံထဲက ( ကျွန်မတစ်ယောက်တည်းအနေနဲ့ဆို ကမ္ဘာပေါ်မှာ
အလှဆုံးမြေပုံလေးပေါ့..)မြို့ကလေးပေါင်းမြောက်များစွာကိုလွမ်းနေမယ့် သားသမီး
များစွာအတွက်ရည်ညွန်းပါတယ်။နေဆူးသစ်လည်းဒီလိုပဲရည်ရွယ်ပါလိမ့်မယ်။


ကမ်းမဲ့မြစ်တစ်စင်း
ဒီလူရဲ့ပုသိမ်ဟာ
ဧရာဝတီရဲ့သဒ္ဒါ၊ င၀န်မြစ်နဘေးမှာ
စီးမျောပါဝင် နေခဲ့ပြီ။
အလှဆိပ်ကမ်း၊ အသည်းကွဲအနမ်း
ကျွမ်းမြေ့လောင်မြိုက်၊ အိပ်မက်ကိုဖမ်းစား
အလွှာကွာခြားနေပြီလားကွယ်……။
ရွှေမုဌောနဲ့ ရေကြည်၊ရေနောက်
မော်တင်စွန်းလည်း ရောက်ခဲ့
အလွမ်းတွေ……………
အလွမ်းတွေ………………..
လွမ်းမပြေ သိပ်ခက်နေတော့၊
ရေချိုရေချမ်း၊ ပန်းနုဆီမီး
ကုသိုလ်တွေ မပျက်ဆီးရအောင်
နောက်နောင် ဘ၀တလျှောက်
“စိတ်ဖေါက်ပြန်မှုတွေ” မရပါစေနဲ့ ဘုရား
ဝတ်တွားလို့ဆုတောင်း
ပြန်ပြောင်း အောင်းမေ့မိသေးတယ်။
အဲဒီနေ့တွေမှာ
ညရေ မင်းပါမလာနဲ့တော့………….
ရွှေဖြစ်၊ ငွေဖြစ်
သက္ကရာဇ်တွေ ရာထောင်ချီခဲ့
ငါရဲ့ ခရီး အဆက်ဆက်လေ။
နယ်ကျွံလို့သွားတဲ့
ဘ၀ရဲ့ ညစ်ထေးခြင်းဟာ
အားလုံးကို ပြောင်းလဲ ကာရံ ထားခဲ့ပြီ။
ဌာနေကိုလွမ်းတဲ့တေး
နေရာဟောင်းလေးတွေလဲ
သတိတရ ရှိနေဆဲပေါ့………
လက်ဆောင်မိတ်ဆက်
မင်းမြို့က ထွက်တဲ့
ဟာလ၀ါနဲ့ ပုသိမ်ထီး
မေ့ပြီး ချန်မထားနဲ့နော် ဆိုတဲ့
မိတ်ဆွေတို့ရဲ့စကား
လိပ်ပြာလွင့်သွားရတာလဲ
ခဏ ခဏပါဘဲ။
နောက်တော့လဲ
ဒေသချက်မြှုတ်၊ ပြန်ပေါင်းထုတ်ဖို့
သိမ်နုတ်ကြိုးစား၊ ခရီးသွားဟာ
တည်ရာမှီရာ၊ ဝေးလွင့်ဝေးကွာ
ကမ်းမဲ့ မြစ်တစ်စင်း
ဖြစ်နေရှာခဲ့…………။ ။
နေဆူးသစ်


ကုစားခွင့်
င၀န်မြစ်ရေ
တစ္ဆေတစ်ကောင်လိုစီးဆင်း
ငိုညည်းခြင်းအပြည့်နဲ့။

င၀န်ရဲ့ကမ်းပါး
ရပ်နားနေတဲ့မြို့ကလေး
ဟိုးအဝေးမှာ
ငါလွမ်းနေပါတယ်။

မှော်ဆရာပြောဖူးတဲ့
အဖြူစင်ဆုံးမြို့ကလေး
အရိုးသားဆုံမြို့ကလေး
အဲဒီမြို့ကလေးနဲ့ ခင်မင်ရင်းနှီးစွာ
ငါ
ကာလတစ်ခုကိုဖြတ်ခဲ့အေးချမ်းခဲ့ဖူးတယ်။

ကန်သုံးဆင့်ရေပြင်လှိုင်း
တစ်ခါတစ်ခါရိုင်းစိုင်တတ်တဲ့ ငါ့ရင်ကို
တည်ငြိမ်စေခဲ့
တေဇရဲ့အရိပ်ခိုနား
မာန်ပြေစေတီအားဖူးမျှော်
ရော်ကျနေတဲ့ညနေတွေ
ငါ..ရေတွက်ခဲ့ဘူးတယ်။

ပုသိမ်မြို့ကလေးရေ
အတိတ်တွေကိုထားရစ်
ပြန်မချစ်တတ်တဲ့ထဲ
ငါမှမပါဘဲနော်..
ပျော်ရွှင်ခဲ့ဖူးတဲ့မင်းရင်ခွင်
အရင်လိုနွေးထွေးဆဲဆိုရင်ပေါ့
ဟောဒီလှိုင်မြစ်ကမ်းပါးပေါ်က
ပူလောင်လှတဲ့မြို့ကြီးကနေ
ငါပြေးလာခဲ့မယ်
တစ္ဆေကိုဖြတ်စီး
ငိုညည်းသံကိုမမှု
အံတုရင်းပေါ့…။

မင်းနဲ့ဆန့်ကျင်ရာအရပ်ကပေးတဲ့
ရင်တွင်းဒါဏ်ရာများစွာ
ငါ..နာကျင်လှပါပြီ..။

မနော်ဟရီ


အဲဒီမြို့လေးကိုဘယ်တော့မှမလွမ်းတော့ဘူး..

Friday, November 21, 2008

ဒီပို့စ်ကိုရိုက်နေတည်းက နေဆူးသစ်ကိုလှမ်းစလိုက်သေးတယ်။နင်တို့အတွက် ပို့စ်တစ်ခုတင်စရာရှိတယ်..
ရိုက်နေတယ်လို့..ပြီးမှ..ခင်မောင်ထွေးတို့ အမခင်မင်းဇော်တို့အတွက်ရော..ဆိုမှ..သူလည်သွားတယ်
ခုတော့ ရှင်းလောက်ပါပြီ...ကျွန်မကသူတို့ရဲ့မြို့ကလေးမှာ..၈နှစ်တိတိနေခဲ့ဖူးတယ်... ၈နှစ်ဆိုတာ
ဘယ်လိုကုန်မှန်းမသိအောင်ကိုပျော်စရာကောင်းခဲ့တဲ့နေရာလေးပါ... အဲဒီမြို့ကလေးကို ကိုထူးအိမ်သင်
ကလည်းသိပ်ရိုးစင်းတဲ့မြို့ကလေးလို့ပြောခဲ့ဖူးတယ်။ဒါပေမယ့်ဒုတိယအကြိမ်ပြန်
ရောက်သွားချိန်မှာတော့မြို့ကလေးကတမျိုးဖြစ်နေခဲ့ပြီ.
ကျွန်မတစ်ဦးတည်းရဲ့ပုဂ္ဂလိကခံစားချက်ပဲဖြစ်ပါတယ်။..ကဲ..ဒီလောက်
ဆိုဘယ်မြို့လဲလို့သိပ်တွေးစရာလိုတော့မယ်မထင်ပါဘူး..ဟုတ်တယ်ဟုတ်...




အဲဒီမြို့ကလေးကိုဘယ်တော့မှမလွမ်းတော့ဘူး


တစ္ဆေတစ်ကောင်တစ်ကောင်လိုငိုညည်းစီးဆင်းနေတဲ့ ဒီမြစ်ကြီးကိုစီးနင်းပြီးကျွန်မချစ်
တဲ့မြို့ကလေးဆီကိုပြန်သွားရတဲ့အိပ်မက်ပြာလွင်လွင်တွေကိုနေ့စဉ်ရက်ဆက်မက်ခဲ့ဖူး
တယ်။မြို့ကလေးကလည်းကျွန်မအိပ်မက်ထဲကို ကြည်လင်နေတဲ့အရောင်လွင်လွင်တွေ
ဆင်မြန်းပြီးအလည်လာရတာ နှစ်သက်ခဲ့ဟန်တူပါရဲ့….။
ခုတော့လည်း တစ်နေ့တစ်ခြား ကျွန်မနဲ့မြိုကလေးက အနေဝေးလာလိုက်တာ။ခြောက်
အိပ်မက်တချို့နဲ့အတူရောထွေးပါလာတတ်တဲ့ မြို့ကလေးရဲ့အိပ်မက်တွေကတောင် မျက်လှည့်ပွဲတစ်ခုလိုခြောက်ခြားလှိုက်မောစရာကောင်းနေခဲ့ပြန်တယ်။သိပ်တော့မ
ဟုတ်နိုင်လောက်ပါဘူးနော်…။ကျွန်မဘ၀ရဲ့ဆောင်းရာသီက ရှည်လျားအေးစိမ့်လွန်း
နေခဲ့တော့..အိပ်မက်တွေက ကယောက်ကယက်နိုင်လွန်းနေခဲ့တာပဲဖြစ်မှာပါ။တကယ်
ဆိုကျွန်မချစ်ခဲ့ဖူးတဲ့မြို့ကလေးဟာ သီလကောင်းပြီး မာယာမရှိခဲ့ရှာပါဘူး..ဟုတ်တယ်
မဟုတ်လား..။အဲဒီခြောက်ခြောက်ခြားခြား အိပ်မက်တွေကိုကျော်လွှားထားရစ်ခဲ့နိုင်ဖို့
အတွက်..ကျွန်မ မြို့ကလေးရှိရာ ခဏဖြစ်ဖြစ် ..ပြန်မှဖြစ်တော့မယ်။အသေအချာကို
ပြန်မှဖြစ်တော့မယ်။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

မယုံနိုင်စရာကောင်းလောက်အောင် တက်ကြွလန်းဆန်းနေတဲ့ကျွန်မကို ချစ်သူက
တောင် မသင်္ကာသလိုကြည့်လာပါရောလား..။ပြီး…ကျွန်မကိုစိတ်မချနိုင်သလိုလည်း
မှာသေးတယ်။
“ဖြစ်ပါ့မလား..ချစ်.သွားရမယ့်ခရီးက သိပ်ဝေးလွန်းတယ်” တဲ့..။
ခရီးစဉ်တစ်ခုရဲ့လှည့်ဖျားမှုဆိုတာကိုဘ၀မှာမသင်ကြားခဲ့ရဖူးသေးတဲ့ကျွန်မကတော့
ခေါင်းမာမာနဲ့ခေါင်းကိုသာ တွင်တွင်ရမ်းရင်း စကားတစ်ခွန်းကိုခပ်တင်းတင်းဆိုခဲ့သေး
ရဲ့…။
“ဖြစ်ပါတယ်..ကို..ရဲ့..ခရီးပမ်းပေမယ့် အပမ်းပြေမှာသေချာပါတယ်..” လို့..။
ချစ်သူကတော့ တအံ့တသြနဲ့ပေါ့..။ကျွန်မ ဂီတသံစဉ်တစ်ခုလိုခပ်ဖွဖွ ရွတ်ဆိုခဲ့ဖူးတဲ့ ..
အဲဒီမြို့ကလေးဟာ..သူ့ကိုတောင်ခွဲသွားနိုင်လောက်အောင်စွမ်းသလားလို့လည်းတွေး
နေပုံပဲ..။ကျွန်မ ချစ်သူကိုမြို့ကလေးရဲ့ ဒဏ္ဍာရီအကြောင်းတဖွဲ့တနွဲ့ပြောပြချင်ပေမယ့်
….ပိုပြီးလေးနက်သက်ဝင်စေချင်တဲ့အတွက်..အပြန်မှပဲပြောပြဖို့ဆုံးဖြတ်လိုက်မိတယ်။
ကျွန်မခရီးစဉ်ကိုစခဲ့တဲ့နံနက်ခင်းဟာ…မယုံချင်စရာကောင်းလောက်အောင်ကို
သာသာယာယာရှိခဲ့တာပါ..။ခရီးရဲ့အကွာအဝေးဟာ သက္ကရာဇ်ပေါင်းမြောက်များစွာဆို
တာကို ကျွန်မတကယ်ပဲမမေ့ခဲ့ပါဘူး…။ဒါကိုကျော်လွှားဖို့အားတွေ တကယ်ပဲ ..အဆင်
သင့်ရှိနေခဲ့တယ်ဆိုရင် ယုံချင်ပါ့မလားမသိ…။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

သက္ကရာဇ်မိုင်တိုင်တွေနဲ့သူ့ရဲ့အရိပ်တွေ(မှုန်ဝါးတချို့၊ပြက်ထင်တချို့…)ကို ကျွန်မ..ခပ်
တင်းတင်းပဲကျော်ဖြတ်ပြစ်ခဲ့တယ်။ တစ်ချိန်က မာကြောကြော..စိမ်းဆတ်ဆတ်နဲ့ သံမဏိ
ဝတ်မှုန်တစ်စဟာ …တကယ်ပဲသူ့ရင်ခွင်ဆီဦးလှည့်လွင့်မျောလာခဲ့ပါပြီ..။စိတ်
ထဲမှာလည်း..“မြို့ကလေးရေ..ကျွန်မတော့တကယ်ပြန်လာခဲ့ပြီ..” ဆိုတဲ့စကားတစ်ခွန်း
ကို ဂါထာတစ်ပုဒ်လို အခါခါရွတ်ဆိုလို့…။
ပြီးတော့စိတ်ကူးတွေနဲ့လည်းရူးလို့…။ကျွန်မအိပ်မက်တွေထဲကမြို့ကလေးကိုတစ်စစီ
ပြန်လည်ဆက်စပ်သီတွဲရတာ..သိပ်ပျော်စရာကောင်းတာပါ..။မိုင်တိုင်တွေနဲ့ အရိပ်တွေ
ကလည်းဝိုးတ၀ါးကခုန်လို့..။ပန်းရောင်စုံတွေကလည်းပွင့်လို့…။မြို့ကလေးရဲ့ရိုးစင်းမှုက
လည်းလင်းချင်းလို့..။မာယာမများတဲ့သက်တံတစ်စင်းကတောင် အုံ့မိုးထားသေးရဲ့..။
မြို့ကလေးက ကျွန်မစိတ်ကူးထဲမှာတော့ရှုချင်စဖွယ် သက်ငြိမ်ပန်းချီကားတစ်ချပ်ပါပဲ..။
သက္ကရာဇ်တွေ…သက္ကရာဇ်တွေကို အမောတကော အပြေးအလွှားကျော်လွှား
ဖြတ်သန်းလာခဲ့လိုက်တာ…ခရီးဆုံးတောင်ရောက်လုပြီ..။ကျွန်မစိတ်ကူးရောင်စုံတွေကို
ခ၀ါချလိုက်တယ်။တကယ်လက်တွေ့ရင်ဆိုင်ရတော့မယ့် မြို့ကလေးရဲ့ရင်ခွင်ကို..
ဘယ်လိုစိတ်ကူးစိတ်သန်းကများ အမီလိုက်နိုင်မှာမို့လဲ…။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

“ရောက်ပြီ”
ဘယ်သူကပြောလိုက်တဲ့အသံမှန်းမသိပေမယ့်..ကျွန်မလိုခရီးသွားတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားရတာမို့..ကျွန်မလည်းဘေးဘီကိုကြည့်မိတယ်..။
“ ဟင်..ဘယ်ကိုရောက်တာလဲ..”
ကျွန်မရဲ့နှုတ်ဖျားက တအံ့တသြထွက်ကျလာတဲ့မေးခွန်းကြောင့်ကျွန်မဘေးက ခရီး
သည်ကြီးက..တအံ့တသြပဲပြန်မေးတယ်..။
“ မင်းက ..ဘယ်လာတာမို့လဲ..”
ကျွန်မက ကျွန်မမြို့ကလေးရဲ့နာမည်ကိုဂုဏ်ယူဝံ့ကြွားစွာပြောတော့…ခရီးသည်ကြီးက
ခေါင်းကိုရမ်းရင်းသက်ပြင်းတစ်ခုကိုချတယ်။
“ မင်းလာတဲ့နေရာကိုမင်းရောက်လာတာပေါ့..” တဲ့..။
“ ဟင့်အင်း..မဖြစ်နိုင်ပါဘူး..”
ကျွန်မရဲ့တိုးလျလျစောဒကတက်သံကိုခရီးသည်ကြီးက ဂရုမပြုတော့ပါဘူး..။သူ့ဘာ
သာသူ ပေါ့ပါးစွာခရီးဆက်သွားတော့တယ်။
ကျွန်မမှာသာ ဇဝေဇ၀ါနဲ့မြို့ကလေးကိုအကြာကြီးကြည့်နေမိတာ…။မြို့ကလေးကတော့
ကျွန်မကိုအသိအမှတ်ပြုဖို့မပြောနဲ့..ကျွန်မကိုတောင်တစ်ချက်ငဲ့ကြည့်ဖော်မရပါဘူး..။
ချုပ်ညရီရဲ့ဝိုးတ၀ါးအမှောင်အောက်မှာ..မြို့ကလေးဟာ အပိုဆာဒါးတွေသိပ်များနေတဲ့
ဇာတ်လမ်းအပျက်တစ်ပုဒ်လိုပဲ..။ပျက်ချော်ချော်နဲ့..။အိုး…ကျွန်မအမြင်မှားနေတာနေမှာ
ပါ..။တကယ်တော့ ကျွန်မဖြတ်သန်းခဲ့ရတဲ့ခရီးစဉ်က ရှည်လျားကြမ်းတမ်းလွန်းလို့ ကျွန်မအားအင်ချိနဲ့ေ၀၀ါးသွားတာဖြစ်နိုင်ပါတယ်။
တစ်ချိန်တုန်းကပြာလွင်စိမ်းမှောင်နေခဲ့ဖူးတဲ့ ရေကန်နားက နားခိုရားလေးတစ်
ခုဆီကျွန်မသွားရောက်နားခိုဖို့ဆုံးဖြတ်လိုက်တယ်။နေရောင်ဟာတစ်စစပျောက်ကွယ်
သွားပြီဖြစ်တဲ့အတွက်..ရေကန်ကိုတော့ကျွန်မမမြင်ရတော့ဘူး..။အဲဒီရေကန်နဲ့တံတား
လေးတစ်ခုကိုဖြတ်သန်းခဲ့ရတဲ့..နေ့ရက်ဟောင်းတချို့ကိုကောက်ယူစပ်သီရင်း
..ကျွန်မအိပ်စက်ပစ်လိုက်တယ်။ နေ့သစ်ဟာ..ကျွန်မဆီကို ကျွန်မချစ်တဲ့မြို့ကလေးကို
ပြန်ခေါ်လာခဲ့မှာပါဆိုတဲ့ယုံကြည်ချက်တွေနဲ့…။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

မနက်မိုးလင်းလို့ကျွန်မ ပထမဆုံးလုပ်မိတာက အခန်းတံခါးကိုဆွဲဖွင့်လို့ ၀ရံတာကို အလျင်စလိုထွက်လိုက်မိတာပါပဲ..။ဘုရားသခင်…ကျွန်မရဲ့ရေကန်ကြီးဘယ်ရောက်
သွားတာပါလိမ့်…။အပြိုင်းအရိုင်းထူထပ်မာကျောနေတဲ့ သစ်ပင်တွေက ကျွန်မကိုစိမ်း
စိမ်းကြီးရပ်ကြည့်နေကြတယ်။ ကျွန်မက အစိမ်းရောင်ကိုနှစ်သက်ခဲ့ဖူးပေမယ့်……..
အကြည့်စိမ်းတွေကိုတော့နှစ်လိုလေ့မရှိဘူး..။ဒါကြောင့်..ကျွန်မစိတ်ပျက်အားလျော့စွာ
အခန်းထဲပြန်ဝင်ခဲ့လိုက်တယ်။လှိုင်းဂယက်လေးတချို့ရဲ့တိုးတိုးတိတ်တိတ်ငိုညည်းသံ
တွေကိုကျွန်မကြားလိုက်ရသလိုပဲ..။
ကျွန်မဘာလုပ်ရမလဲ..။
ဘာတတ်နိုင်မှာလဲကွယ်…။အဲဒီအကြည့်တွေကိုရှောင်ကွင်းသွားလိုက်ရုံပေါ့…။
မဟုတ်ဘူးလား…။ကျွန်မနည်းနည်းတော့အားတက်သွားတယ်။ပြင်ဆင်ပြီးတဲ့မနက်စာကို
တောင်သတိမရအားပဲ ကျွန်မမြို့ကလေးရဲ့ရင်ခွင်ထဲ အလျင်စလိုခြေချလိုက်မိတော့
တယ်။
“ဟေ့”ခေါ်သံကြောင့် ကျွန်မလှည့်ကြည့်မိတော့လူတစ်ယောက်..။
“ဘာလဲ”
“ဒီလမ်းကမင်းသွားလို့မရဘူး”
“ဘာလို့မရရမှာလဲ..ကျွန်မရေကန်ကိုသွားမလို့”
“မင်းလိုလူမျိုးတွေမသွားရလို့ သတ်မှတ်ထားတယ်”
မြတ်စွာဘုရားသခင်။။
ကျွန်မဟာ ဥဒဟိုဖြတ်သန်းသွားလာနေတဲ့လူတွေနဲ့ယှဉ်ရင်ဘာများထူးခြားနေလို့ပါလိမ့်။
ကျွန်မမှန်ပဲပြေးကြည့်ရတော့မလိုလို..။
“ ကျွန်မကဘာဖြစ်နေလို့လဲ”
တကယ်ဆိုကျွန်မမှာအဲဒီလူလိုလည်းအစွယ်အပါဘူး။ဥဒဟိုသွားလာနေကြတဲ့သူတွေလိုလည်း
စံလွဲမှုအပါဝင်ဘူး..။
“မင်းဘာဖြစ်ဖြစ် မသွားရဘူး”
ဟင်..ဘလိုင်းကြီး။
“သွားရင်ကော..”
“သွားရင်..”
လက်ကနဲမြင်လိုက်ရတဲ့အစွယ်ဖွေးဖွေးတွေက..ကျွန်မကိုကျောစိမ့်သွားစေတယ်။မြိုကလေးကို
စစ်ကူတောင်းဖို့လှည့်ကြည့်မိတော့..မြို့ကလေးကို အရင်ကလိုပဲပြန်မြင်လိုက်ရတယ်။ဒါပေမယ့်
တစ်ခုခုတော့လွဲမှားနေသလိုပဲ..။SOS ဆန်တဲ့ကျွန်မရဲ့အကြည့်တွေကိုသူက မထီတရီနဲ့ကြည့်
နေတယ်။မှော်ဆရာရေ..ကျွန်မလမ်းမှားနေခဲ့ပြီလားမသိ..။မြို့ကလေးကိုဘယ်လိုနတ်ဆိုးတွေ
ကများပြုစားထားခဲ့ကြသလဲ..။တမလွန်ကနေရှင်ထောက်လှမ်းပေးပါဦး….။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

အားမတန်မာန်လျှော့..တဲ့။ပညာရှိစကားနဲ့ပြောရရင်တော့ ဒါဟာ ခန္တီစရောစွက်နေတဲ့လိမ်မာပါး
နပ်မှုတစ်မျိုးပေါ့..။ကျောခိုင်းလှည့်ပြန်ခဲ့ရတဲ့ကျွန်မရင်ထဲမှာ..မမြင်နိုင်တဲ့အစွယ်ရာတွေ ဗရပွနဲ့
ဆိုတာ ကျွန်မပဲသိပါတယ်။ ဒါပေမယ့် တော်ရုံနဲ့ကျွန်မလက်မလျှော့ချင်ဘူး..။နိုးထကာစနံက်ခင်း
တချို့မှာ..အရာရာကိုဇဝေဇ၀ါမသဲမကွဲဖြစ်နေတတ်ကြတယ်မဟုတ်လား..။မြို့ကလေးနဲ့ကျွန်မ
လည်းအဲလိုပဲဖြစ်မှာပါ..။
ကျွန်မခြေလှမ်တွေကိုလမ်းကြောင်းပြောင်းလိုက်ချိန်မှာ..နေရောင်တွေက မြို့ကလေးအပေါ်ကို
လင်းလက်စူးရဲစွာကျရောက်နေခဲ့ပါပြီ..။
“ဟင်..”
ဒီတစ်ခါရော..ကျွန်မအမြင်မှားတာပဲလား။
မြို့ကလေးဟာဖြူစင်ကြည်လင်မှုမရှိတော့တဲ့သူ့အသားအရေညစ်ထပ်ထပ်ကို …အဆင်ဆန်း
ခြုံထည်တွေအောက်ကိုယ်ယောင်ဖျောက်ထားရင်း..မျက်နှာထားတင်းတင်းနဲ့မာနတွေတက်နေ
လိုက်တာ..။ဘယ်မှာလဲ…သူ့ရဲ့ပင်ကိုယ်အလှ..။ပင်ကိုယ်ရိုးသားမှု…။နဂိုအဖြူထည်…။
ကျွန်မ..မိနစ်များစွာကြာအောင်သေဆုံးသွားခဲ့သလိုပဲ…။ငြိမ်သက်တိတ်ဆိတ်ငေးမော
နေမိတယ်။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

“မင်းဘာရပ်လုပ်နေပြန်တာလဲ..”
အသံကြားလို့လှည့်ကြည့်မိတော့…မနေ့ကခရီးသည်ကြီး…။
“ကျွန်မ….ကျွန်မ..”
ဆွံ့အ ထစ်ငေါ့နေတဲ့ကျွန်မကို ခရီးသည်ကြီးက ပြုံးပြီးကြည့်တယ်။
“မင်း..တစ်ခုခုကိုမေ့နေလား..”
“ ရှင်…ဘာ..ဘာလဲ”
“အချိန်နာရီတွေဟာ အရာရာကိုပြောင်းလဲပြစ်လိုက်နိုင်တယ်ဆိုတာလေ..”
သူ့စကားကိုနားလည်သလိုနဲ့ကျွန်မနားမလည်သေးဘူး..။
“ဘာကိုဆိုလိုတာလဲ..ခရီးသည်ကြီးရဲ့”
“ မင်း..ဘယ်ကနေဒီမြို့ကလေးဆီပြန်လာခဲ့တာလဲ..”
“ ဒီကနေ သက္ကရာဇ် အခု ၂၀ ကွာဝေးတဲ့နေရာက….”
ကျွန်မအဖြေကြောင့် သူတအံ့တသြဟန်နဲ့ တမင်ကြည့်တယ်။
“ မင်းနှယ့်ကွယ်…မင်းတောင်..အရင်ဒီမြို့ကလေးမှာနေတုန်းက အခြေအနေနဲ့ခုအခြေအနေ
တူသေးလို့လား..”
ကျွန်မ..ဇဝေဇ၀ါဖြစ်သွားရတယ်။ဒါပေမယ့်..ကျွန်မအာရုံမှာတော့ ယိမ်းထိုးကခုန်နေဆဲ အဖြူ
ရောင်တွေကိုကျွန်မမြင်နေရတုန်းပဲ။အားလုံးရှင်သန်နေကြသေးလားမသေချာတာကလွဲရင်ပေါ့။
“ထင်တာပဲ”
ကျွန်မအဖြေကြောင့်သူကပြုံးတယ်။
“ဘာမှမစွန်းထင်းဖို့အတွက်..မင်းဘယ်လိုဖြတ်သန်းရပ်တည်ခဲ့လဲ..”
“ဘာမှမစွန်းထင်းခဲ့တာမဟုတ်ပါဘူး…ပြန်လည်လျှော်ဖွပ်ခဲ့တာပါ…”
ကျွန်မအမှန်အတိုင်းဝန်ခံလိုက်တယ်။
“အေး..မြို့ကလေးကတော့မင်းလိုမတတ်နိုင်ခဲ့ဘူး၊အဲဒီအရောင်တွေကိုသူနှစ်လိုခဲ့တယ်လေ..”
ကျွန်မလက်မခံချင်ပါဘူး။ခေါင်းကိုအသာခါရမ်းမိရင်း…
“ မဖြစ်နိုင်ဘူး…မြို့ကလေးကသိပ်ဖြူစင်တာ..သူ့မှာအဲဒီလိုတပ်မက်တိမ်းမူးတတ်တဲ့ စိတ်တွေမရှိ
ဘူး..အဲဒါမှော်ဆရာသိတယ်..အို..မှော်ဆရာသာရှိရင်သိပ်ကောင်းမှာပဲ..”
ကျွန်မတောင့်တ လိုက်မိတယ်။ ရေနစ်တဲ့သူကောက်ရိုးတစ်မျှင်ကိုတမ်းတပုံမျိုးနဲ့..။
“ သူကဘာလုပ်နိုင်မှာမို့လဲ..”
“ သူ..သူ..မြို့ကလေးကို..တစ်ခုခု..”
ခရီးသည်ကြီးကပြုံးတယ်။သူ့အပြုံးက ကြေကွဲနာကျင်မှု၊ရင့်ကျက်တည်ငြိမ်မှုတွေသာမက..သရော်
တော်တော်ဟန်တွေလည်းရောစွက်နေသလိုပဲ..။လောကဓံတရားနဲ့ လောကပါလတရားတွေကို
သူဟာဆက်ယူကြည့်ခဲ့ဖူးပြီးလေပြီလား..။
“ မြို့ကလေးက မင်းဝတ္ထုတွေထဲကလို..မင်းလိုရာပုံသွင်းနိုင်တဲ့ ဇာတ်ကောင်တစ်ကောင်မဟုတ်ဘူး
ကလေးမရဲ့…။”
ရှင်….အံ့သြစရာ…သူက ကျွန်မစာရေးတာကိုဘယ်လိုသိရပြန်တာလဲ…။ကျွန်မရဲ့အတွေးကိုသူ့
စကားက ဖြတ်တောက်ပစ်လိုက်တယ်။
“ မင်းကပုံသွင်းနိုင်တယ်ပဲထား…မင်းရဲ့မှော်ဆရာက တစ်ခုခုတတ်နိုင်တယ်ပဲထား…မြို့ကလေးက
အလိုမကျခဲ့ရင်မင်းဘာတတ်နိုင်မှာလဲ..။”
“အံမယ်..မြို့ကလေးဒီလိုဖြစ်နေရတာကော…အလိုမတူပဲဖြစ်နေတာမဖြစ်နိုင်ဘူးလား..”
“မင်းသေချာကြည့်နေတာတောင်သေချာမသိသေးဘူးလား..”
ခရီးသည်ကြီးရဲ့စကားကြောင့်ကျွန်မဘယ်နှစ်ကြိမ်မြောက်မှန်း မသိမြို့ကလေးကိုစူးစိုက်ကြည့်မိ
ပြန်တယ်။အစိမ်းရောင်ဥပက္ခာအကြည့်တွေနဲ့ အဆင်ဆန်းဝတ်ရုံတွေထည်လဲဝတ်ဆင်ရင်း..
သံကွန်ခြာ (၇)ထပ်ထဲက အစွယ်ဖွေးဖွေးသတ္တ၀ါတွေ…။စံလွဲမှုတွေနဲ့နေထိုင်နေရတာကို သူမွေ့
ပျော်နေခဲ့ပြီလား…။
နီယွန်မီးပျောက်မီးစက်တွေတလက်လက်နဲ့ အနှစ်မဲ့ဥခွံတွေကိုထမ်းပိုးပျော်ပါးနေရတာကို ကျေနပ်
ပျော်မောနေခဲ့ပြီလား…။ရင်ဘတ်ထဲကသယံဇာတတွေကိုပြတိုက်ပို့လို့ သူဟာစောလူးလိုလူတွေနဲ့
နေထိုင်ရွှင်မြူးနေခဲ့ပြီပဲ…။


* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *


ကျွန်မရင်ထဲကခုန်ပေါက်ထွက်သွားတဲ့မေးခွန်းတွေကို ကြားသလိုနဲ့ မြို့ကလေးက ကျွန်မကို သနား
စရာသတ္တ၀ါတစ်ကောင်လိုမထီတရီကြည့်တယ်။ပြီးတော့ စကားတစ်ခွန်းကိုခပ်တိုးတိုးပြောသေး
တယ်။ ဟောလီးဝုတ်မင်းသမီးလေသံမျိုးနဲ့..။
“ကိုယ်နဲ့မဆိုင်ရင်မဆိုင်သလိုနေပါ”..တဲ့။
ခိုတွဲဝန်းသီလာတဲ့မျက်ရည်စတွေကို ခရီးသည်ကြီးမမြင်အောင်ခေါင်းငုံ့ပစ်လိုက်ပြီး..သက်ပြင်းကို
ခိုးချမိချိန်မှာ ခရီးသည်ကြီးက စကားတစ်ခွန်းကိုဆိုတယ်။
“ ဒီလိုပါပဲ..ကလေးမရယ်”..တဲ့။
လောကမှာ ဒီလိုပါပဲ ဆိုတဲ့စကားလောက်ခုချိန်မှာပြီးပြည့်စုံပြီးတာသွားတဲ့စကားလုံးတောင်ရှိနိုင်တော့
မှာမဟုတ်ဘူးလို့ ကျွန်မတွေးလိုက်မိတယ်။
“ မင်း..ဘာလုပ်မှာလဲ..”
“ ကျွန်မပြန်ပါ့မယ်”
“ ဒါဆို..မင်းငါနဲ့လိုက်ခဲ့တော့..”
“ ရှင်..ဘာ..ဘာလို့လဲ..”
ခရီးသည်ကြီးက အဝေးတစ်နေရာကိုငေးရင်းဖြေတယ်။
“ ငါဟာမင်းဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်တွေကိုထမ်းပိုးထားရသူလေ..” တဲ့။
ကျွန်မခြေလှမ်းတွေလေးကန်တုံ့ဆိုင်း…..။
ကျွန်မအားအင်တွေချိနဲ့မောပမ်း…။
ကျွန်မမျှော်လင့်ချက်တွေယိုင်လဲပြိုကျ….။
ကျွန်မအိပ်မက်တွေ တစ်စစီကွဲထွက်လွင့်ပျယ်…။
အို…ကျွန်မယိုင်လဲမသွားခင် ချစ်သူ့လက်ကိုဆွဲကိုင်ထားချင်မိတယ်။ ကျွန်မချစ်သူကိုခုမှလွမ်းတာ
တရားရဲ့လား..။တကယ်တော့ လူဆိုတာမျိုးက ဒီလိုပါပဲ..။ကံကြမ္မာတွေလွဲချော်သွားမှ နောင်တ
ရတတ်ကြတာလေ…။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

သက္ကရာဇ်အခု ၂၀ဖြတ်သန်းပြန်လာတဲ့ကျွန်မကို ချစ်သူကတော့ မေတ္တာ ကရုဏာအပြည့်နဲ့ဆီးကြို
နေခဲ့ပါတယ်။
“ပြောစမ်းပါဦး…မြို့ကလေးရဲ့ပုံပြင်ကို..”
ချစ်သူရဲ့အမေးကိုကျွန်မ မဖြေနိုင်ခဲ့ဘူး..။စကားလုံးတွေဆိတ်သုဉ်းသွားတာထက် ..ကျွန်မရဲ့ဆန္ဒ
အိပ်မက်တွေဆိတ်သုဉ်းသွားရတာဆိုပိုမှန်မလားပဲ..။ငြိမ်သက်နေမိတဲ့ကျွန်မကိုချစ်သူကနားမလည်
သလိုကြည့်တယ်။ကျွန်မကတော့အဲဒီနားမလည်နိုင်ခြင်းတွေကိုရှောင်ကွင်းရင်း စကားတစ်ခွန်းတည်း
ပြောနိုင်ခဲ့တယ်။
“ ကို..သိလား..ကျွန်မအဲဒီမြို့ကလေးကိုဘယ်တော့မှလွမ်းတော့မှာအဟုတ်ဘူး”…လို့။
ချစ်သူကတော့ခုထိနားမလည်နိုင်သေးဘူး။ဒါပေမယ့် ကျွန်မကတော့သေချာပါတယ်။ အဲဒီမြို့ကလေး
ကိုဘယ်သောအခါမှလွမ်းဆွတ်တမ်းမက်မိတော့မှာမဟုတ်ပါဘူး..။

မနော်ဟရီ


ရာပြည့်

Thursday, November 20, 2008

ဘာလိုလိုနဲ့ ဒီနေ့ ပို့စ်တွေကိုပြန်စီတော့မှသတိပြုမိတယ်။ ပို့စ် ၁၀၀ ပြည့်သွားပြီပဲ...မှတ်စုများ က ပို့စ် ၁၀၀ ပြည့်တဲ့...။
ဒီနေ့ ဘန်နာလည်း ဒီဇင်ဘာအတွက် အသစ်လုပ်ဖြစ်တယ်။ ခရစ္စမတ်သစ်ပင်ကော...ခေါင်းလောင်းလေးရော..ဘိုးဘိုးကြီးနဲ့
သမင်လေးရော...မိတ်ဆွေတွေအတွက် ခရစ္စမတ်လက်ဆောင်ရော..အစုံထည့်ပေးလိုက်တယ်။ပြီးမှသွားသတိရတယ်....
ကလေးတွေအတွက်(အင်း...တချို့ လူကြီးတွေနဲ့ လူမကြီးတကြီးတွေအတွက်ရော..)mistletoes လေးတစ်ခုပါ သတိ
တရထည့်ပေးလိုက်တယ်။ အဲဒီအောက်မှာဆို ဘယ်လိုအခွင့်အရေးရှိတယ်ဆိုလား...။
လာလည်တဲ့သူတွေအားလုံးလည်း ဘိုးဘိုးကြီးဆီကလက်ဆောင်တောင်းသွားနိုင်တယ်။ဒါမှမဟုတ်လဲ ပုံထားတဲ့ထဲက ယူသွားနိုင်
တယ်နော်...။အထဲမှာဘာပါလဲဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မေးကြည့်ကြပေါ့... ။


မှတ်စုများ

Wednesday, November 19, 2008

မှတ်စုများ


ဖေဖေ နဲ့ မေမေ

သူတို့ကျွန်မကို ဒီကမ္ဘာမြေဆီခေါ်ဆောင်လာတုန်းကတော့ ကျွန်မဟာ “ရတနာ”တစ်ပွင့်ပါပဲ..။တယုတယသိမ်းဆည်းထားခဲ့ကြသလို “တန်ဖိုး”
လည်းရှိခွင့်ရခဲ့ပါတယ်။ကျေးဇူး အနန္တပါ..မေမေ..ကျေးဇူးအနန္တပါ ဖေဖေ..။ ဒီကျေးဇူးတွေကိုကျွန်မက ခုထိဆပ်ခွင့်မကြုံခဲ့သေးဘူး…။ပြီးတော့..သူတို့ ဒိုင်ယာရီထဲက ပြဿဒါးရက်တစ်ရက်ကိုလည်း ခုထိဖဲ့ထုတ်မပေးနိုင်ခဲ့သေး
ဘူး…။ပဉ္စလက်တန်ခိုးနဲ့ သူတို့ရဲ့ပန်းလေးတစ်ပွင့်ခိုးယူခံလိုက်ရတဲ့နေ့တစ်
နေ့ပေါ့..။ကျွန်မဟာ လောကကြီးရဲ့အပူအအေးတွေကို မမျှမတခံစားခဲ့ရပြီး
ပါပြီမေမေ..။နေပူခံထွက်လျှောက်ခဲ့ပြီးကာမှ ပြန်စရာလမ်းကပျောက်နေခဲ့
ရပြန်တယ်…။မေမေရယ်….မေမေ့ရင်ခွင်ဆီကထွက်ခွာခဲ့တဲ့လမ်းကလေးကို
ပြန်လည်တည့်မတ်ပေးပါဦး..။ကျွန်မလှည့်ပြန်ချင်လှပါပြီ…။


မနှင်းဖြူ နဲ့ နဂါးလေး

မနှင်းဖြူဆိုတာ ကျွန်မနောက်မှ ကမ္ဘာကြီးးကိုခြေချခွင့်ရတဲ့ညီမလေးပါ…။
နဂါးလေးကတော့ အငယ်ဆုံးပေါ့…။နှင်းငွေ့တွေလိုသိပ်သည်းအေးစိမ့်နေတတ်
တဲ့ မနှင်းဖြူလေး က ကင်းမြီးကောက်တွေလိုပဲ..အဆိပ်ပြင်းတယ်။ နဂါးတွေရဲ့
မျက်စောင်းကလည်းအကြောင်းမရွေးတတ်ပါဘူး…။ဒါနဲ့တောင် ကျွန်မက စည်း
အပြင်ကိုကိုယ်တိုင်ထွက်ခဲ့မိတာလေ..။ခွင့်လွှတ်ပါညီမလေးရေ..။ခံတပ်တွေ
ကောင်းတိုင်းလည်းတိုက်ပွဲတွေမနိုင် နိုင်ပါဘူး..။ကံကြမ္မာကရှိသေးတယ်လေ.။
ကျွန်မကတော့ ရူးရူးမိုက်မိုက်နဲ့ သစ္စာရှိခွေးလေးတစ်ကောင်နဲ့တူတုန်းပါပဲ…။
ခုချိန်ကျကာမှ ငှက်ကုလားအုတ်လည်းဖြစ်ခွင့်မရ..။ရေခဲငှက် ဘ၀ကိုလည်း အခဲမကြေနဲ့..။နေ့ရက်တွေကိုရုန်းကန်ထုတ်နေတဲ့ ကျွန်မကိုသူတို့က ကရုဏာ
သက်နေကြတုန်း..။ကျွန်မ တရားခဲ့ပါသလား..။


မျက်လှည့်ဆရာ

ကိုယ့်ကိုယ်ကို “ုမျက်လှည့်ဆရာပါ ”လို့ကြေညာထားပါလျက် နဲ့ တအံ့တသြငေး
မောကြည့်မိတာ ကတော့ …ပဉ္စလက်ရဲ့တန်ခိုးပဲလား..။ကိုယ်ကိုယ်တိုင်ရဲ့ညံ့
ဖျင်းမှုပဲလားတော့မသိပါဘူး..။အံစာအပွင့်တွေကိုရေတွက်ရင်း ကြွေအံမကစား
တတ်တဲ့ ဘုရားသခင်ကိုတိုင်တည်ရင်း..ပွဲခင်းထဲ အဆိပ်တက်ခဲ့ရတာလေ…။
လှည့်စားမှုတွေမှန်းသိသိကြီးနဲ့ အားတင်း ယုံကြည်ပစ်လိုက်ရတာ ..။တကယ်
တော့..ပျင်းစရာကောင်းသလိုနာကျည်းစရာလည်းကောင်းပါတယ်..။အားတင်း
လှည့်ထွက်ဖို့ကြိုးစားလိုက်ချိန်မှာ..ကျွန်မခြေထောက်မှာ အမြစ်တွေကဖွာရရာ
ကျဲပြန့်လို့..။ဥယျာဉ်မှူးတစ်ဦးတော့ အလိုရှိနေခဲ့ပြီ..။ ကျွန်မကို အမြစ်က တူး
ထုတ်သွားနိုင်ဖို့ပေါ့…။အသက်ရှင်လျက်နဲ့လေ..။


မိတ်ဆွေ

ကျွန်မဘ၀တစ်လျှောက်မှာ..“မိတ်ဆွေ”လို့ခေါ်လို့ရတဲ့ လူတချို့နဲ့ဆုံတွေ့ခဲ့ရဖူး
တယ်..။အဲဒီ “မိတ်ဆွေ” ဆိုတဲ့ဝေါဟာရကိုတိတိကျကျ..အဓိပ္ပါယ် မဖွင့်ဆိုရ
သေးခင်မှာပဲ..ကျွန်မက မိတ်ဆွေ သုံးမျိုးသုံးစား ရှိတာကိုတွေ့လိုက်ရပြီးနေပြီ။
ပထမ အမျိုးအစားက “လေ” နဲ့တူတယ်..။ကိုယ်က အောက်စီဂျင် အဖြစ်ရှူ
သွင်းလို့ရသလို..ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ်လည်းရှူထုတ်လိုက်လို့ရတယ်။
သူတို့ဟာ ရန်သူတွေလည်းမဟုတ်ကြသလို မိတ်ဆွေစစ်တွေလည်းမဟုတ်ကြ
ဘူး..။
ဒုတိယတစ်မျိုးကတော့..နောက်ကျောကဓါးတွေနဲ့တူတယ်။မျက်နှာဖုံးအတုတွေလည်းစွပ်ထားကြသေးရဲ့..။ခက်တာက မျက်နှာဖုံးမှန်းသိသိနဲ့ ဆွဲခွာမရခဲ့တာ
လေ…။သူတို့ဟာ ရန်သူစစ်စစ်တွေပါပဲ..။
တတိယတစ်မျိုးကတော့ ပုလဲနဲ့တူတယ်..။သူတို့ကိုရှာဖို့ဆိုတာ ဟိုးရေနက်ထဲ
ထိကိုယ်တိုင်ဆင်း ပြီး ကိုယ်တိုင်အမွန်းခံရသေးတယ်။ တွေ့ချင်မှလည်းတွေ့
ရတတ်တာမျိုးလေ..။ကိုယ်တိုင်က ဆလုံတွေလိုရေငုတ်ကျွမ်းကျင်ဖို့ကလည်း
လိုပါသေးတယ်။


ရှေ့ဖြစ်ဖတ်သူများ

ကျွန်မက ကံဇာတာကိုစစ်ဆေးဖို့ဝါသနာပါတတ်တဲ့သူတစ်ယောက်မဟုတ်လေ
တော့ ဘယ်ရှေ့ဖြစ်ဖတ်ဆရာကိုမှ ဘာမှ မမေးခဲ့ဖူးဘူး..။ဘာလို့လဲဆိုတော့
ကျွန်မဟာ ဘုရားသခင်ရဲ့စာမျက်နှာတွေနဲ့လူဖြစ်ခဲ့ရတာ လို့ ကိုယ့်ကိုယ်ကို ယုံ
ကြည်တယ်လေ..။ဒါဟာ..ကျွန်မအတွက် လုံလောက်တဲ့အဖြေပါ..။ကျွန်မလက်
ကလိုင်းတွေကိုပြုပြင်ဆွဲသားနိုင်သူဟာ ဘုရားသခင်ကလွဲလို့ဘယ်သူမှမဖြစ်
နိုင်ပါဘူး..။ကျွန်မရဲ့ကောင်းခြင်းဆိုးခြင်းတွေဟာ ဘုရားသခင် ထံကလာတဲ့ ဆု
ကြေး၊ဒဏ်ကြေးတွေပဲဖြစ်တယ်လို့ ကျွန်မယုံကြည်ထားပါတယ်။လူတွေဟာစိုက်
တဲ့အတိုင်းးရိတ်သိမ်းတတ်ကြရတာပဲမဟုတ်လား..။သူတစ်ပါးစိုက်ထားတာတွေ
ကိုခိုးယူရိတ်သိမ်းတတ်တဲ့ သူတချို့ကလွဲရင်ပေါ့…။



ဆရာဝန်

သူတို့ကိုကြည့်ရတာ တဖြည်းဖြည်းနဲ့ဆောင်းဥတုဆန်လာတယ်။နှင်းတောထဲ
မှာ စမ်းတ၀ါးဝါးနဲ့လျှောက်နေကြတဲ့သူတွေလိုပဲ..။တချို့ကျတော့လည်း ရူပဗေ
ဒ ပညာရှင်ဆန်ချင်လာတယ်။ သီအိုရီအကိုးအကားနဲ့ သက်သေပြချက်မခိုင်လုံ
ရင်ဘာမှမလုပ်တတ်ကြတော့သလိုပဲ..။ကျွန်မကမွန်းကြပ်နေချိန်မှာ သူတို့က
ကျွန်မကိုစစ်ဆေးရေးအတွက် ညွှန်ကြားချက်တွေပေးလို့ကောင်းတုန်း..။ကျွန်မ
ကနာကျင်ခံစားနေရချိန်မှာ..သူတို့က results တွေကိုဇဝေဇ၀ါဖတ်တုန်း…။
ကျွန်မက အသက်ငင်နေတဲ့အချိန်အထိသူတို့ကခေါင်းခါငြင်းပယ် တုန်း…။
Hypnosis ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ Psychiatrist များရှိရင်တော့ ကျွန်မ ကုသ
ခံချင်ပါတယ်..။ဒါမှမဟုတ်လည်း တစ်လောကလုံးကို အိပ်မွေ့ချ..အသစ်ကပြန်
စခိုင်းချင်ပါတယ်။


ဇာတ်ခုံ

အလိုမတူပဲကရတဲ့ ကကွက်တွေက များများလာနေတယ်။ကြာလာတော့လည်း
သမ္ဘာရင့်ကြေးစားသရုပ်ဆောင်တွေနဲ့တူတူလာတာမဆန်းပါဘူး..။မှန်ထဲပြန်
ကြည့်ရင်ကိုယ့်ကိုယ်ကိုသိပ်မမှတ်မိချင်ဘူး.။မှတ်မိပြန်ရင်လည်းမသတီချင်ဘူး။
တစ်ခါတစ်ခါတော့ကိုယ့်ခြေကိုယ့်လက်တွေကိုလာသိုင်းထားတတ်တဲ့ ရုပ်သေး
ကြိုးတွေကိုဖြတ်မိချင်တတ်ကြတာပဲပေါ့..။ကျွန်မကဓားကိုင်မကျွမ်းကျင်ပြန်ဘူး။
မြေပုံမပါတဲ့လမ်းတွေကိုလျှောက်ရင်းလျှောက်ရင်း …ဒီကွန်တိုမျဉ်းတွေထဲပဲတ
လည်လည်ပြုတ်ကျနေတော့တယ်။ဇာတ်သိမ်းကားလိပ်ချမယ့်အချိန်ကလည်း..
ခုထိသံသရာရှည်တုန်း..။ခက်ပဲခက်ရချည်တော့ရဲ့..။


ဇာတ်ညွှန်း

ကျွန်မဘ၀ကိုရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာကို ကျွန်မက ဘုရားသခင်လို့
သတ်မှတ်ထားခဲ့တာ…။ဒါပေမယ့် မာရ်နတ်ရဲ့ဇာတ်တွေကိုဝင်ဝင်ကပေးနေရ
တတ်တာကတော့ စဥ်းစားစရာပဲ…။စည်းကမ်းမရှိတဲ့ ကျွန်မရဲ့ခြေလက်တွေကို
ကျွန်မက ..တားဆီးပိတ်ပင်ထားဖို့ရာကျတော့လည်း..ကျွန်မက ကြိုးတွေနဲ့ ရှုပ်
နေတဲ့ ရုပ်သေးရုပ်ဖြစ်နေခဲ့ပြန်ရော…။အမှန်တော့ လူ့အလိုနတ်မလိုက်နိုင်တာ
ပါ..။ဒီနေ့ဟာ နေသာလို့ ကျွန်မတို့ခြေခင်းလက်ခင်းသာယာတယ်လို့ထင်ပေ
မယ့်..မထင်မှတ်တဲ့ထောင့်က ၀င်လာတတ်တဲ့အကြောင်းအရာတွေအရ..ကျွန်
မတို့ကြုံရာကွေ့ကိုကြုံရာတက်နဲ့ဆက်ခဲ့ရတာလည်းနည်းမှမနည်းပဲ..။တကယ်
တော့ပညာသားပါလွန်းလှတဲ့ဇာတ်ကွက်တွေကြောင့်သာ..ကျွန်မတို့ အကယ်ဒ
မီရခဲ့ကြတာမဟုတ်လား..။ဆုတံဆိပ်တွေကများတော့ ခါးချည့်နေခဲ့ရပြီ…။


ချစ်သူ

“ချစ်သူ”ဆိုတာကတော့ ကျွန်မရဲ့ အဘိဓာန်ထဲမှာ အရာအားလုံးနဲ့ကင်းလွတ်
တဲ့ဝေါဟာရပါ..။ပုံပြင်ထဲက “မင်းသား”တစ်ပါးလိုလည်းတင့်တယ် အပြစ်ကင်း
တယ်.။။သံစဉ်ခပ်ဖျော့ဖျော့လေးတွေနဲ့ ကျွန်မရဲ့နေ့ရက်တွေကိုအရောင်တင်
ပေးတတ်သူလည်းဖြစ်တယ်။ ကျွန်မရဲ့နာတာရှည်ရောဂါတွေကို ပဉ္စလက်နဲ့
လှည့်သိမ်းဖယ်ရှားနိုင်သူလည်းဖြစ်တယ်။မှောင်မိုက်အတိပြီးတဲ့ညတွေကို အခန်းဆက်စကားလုံးတွေနဲ့ လင်းချင်းစေနိုင်သူလည်းဖြစ်တယ်။ကျွန်မပေါ်ကို
နူးနူးညံ့ညံ့ဖြာကျနေမယ့်..အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်။
ကျွန်မရဲ့အနာဂတ်နေ့ရက်တွေကိုဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်။..ပြီးတော့……
အဲဒီအရာအားလုံးကိုဖျက်ခြွေချနိုင်သူလည်းဖြစ်သေးတယ်။
(ခုထိတော့ အိပ်မက်တွေက ကယောက်ကယက်နဲ့ သွေးပျက်စရာကောင်းနေ
တုန်းပဲ…)


အိပ်မက်

အိပ်မက်ဆိုးတွေကိုညစဉ်ရက်ဆက် အခန်းဆက်မက်ရတတ်တဲ့အခါ..ကြောက်
ရွံ့တုန်လှုပ်ခြင်းတွေကပျင်းရိငြီးငွေ့လာတာဆန်းသလား..။အနက်ရောင်စုတ်
ချက်တွေခပ်များများနဲ့ မကြားတကြားအိပ်မက်တွေကို ကျွန်မကမုန်းတယ်..။
တစ်ညလုံးမအိပ်ပဲငုတ်တုတ်ထိုင်နေတာကမှ အကျိုးရှိဦးမယ်လေ…။တချို့အိပ်
မက်တွေကတော့ ကျွန်မကိုနွမ်းလျစေတဲ့အထိ..ဖြားယောင်းတတ်လွန်းပါတယ်။
ဘ၀မှာ“ချို”ဖူးတာလည်းဒီဖြားယောင်းအိပ်မက်တွေပဲရှိခဲ့တာကိုး…။ခပ်တိုးတိုး
တိုက်ခတ်လွင့်မျောလာတဲ့..အိပ်ဖန်စောင့်နတ်သားရဲ့ဗျတ်စောင်းသံမှာ…အိပ်
မက်ရဲ့အပိုင်အစတွေပါလာသေးလား…ကျွန်မေ၀၀ါးစွာကြည့်နေမိခဲ့တယ်။


ပြိုင်ပွဲ

ငယ်ငယ်တည်းက ကျွန်မခုထိပြေးနေခဲ့ရတာ..။မရပ်မနားပါပဲ..။ပြိုင်ပွဲများစွာမှာ
ဆုတံဆိပ်များစွာနဲ့ ..နိုင်လျက်နဲ့ ရှုံးခဲ့သလို ရှုံးလျက်နဲ့လည်းနိုင်ခဲ့ရဖူးပါတယ်။
တယ်..။ပြိုင်ပွဲရဲ့အထာတွေကိုမသိရခင်တုန်းကတော့..ကျွန်မဟာ အားသွန်ခွန်
စိုက်ခြေလှမ်းတွေနဲ့..ရွှေရောင်အိပ်မက်တွေကိုမှမရရင် မျက်ရည်စိုခဲ့ဖူးတာပေါ့။
ခုတော့…ကျွန်မက ပြိုင်ပွဲတွေအကြောင်းကောင်းကောင်းသိနေတဲ့သူတစ်
ယောက်ဖြစ်နေခဲ့ပြီ..။ဒါတောင်မှ..အရှုံးတွေကိုတွေတွေဝေေ၀နဲ့စိုက်ကြည့်နေမိ
တတ်တုန်း..။ မစိုက်ပဲနဲ့ ရိတ်သိမ်းသွားတဲ့ပျိုးခင်းတွေကို တအံ့တသြတရားရနေ
မိတုန်း..။တကယ်တော့ ကျွန်မဟာ အမှတ်သညာနည်းတဲ့မိန်းမတစ်ယောက်ပါ
ပဲ…။
ပန်းတိုင်
အနိုင်အရှုံး
နားလည်ရခက်ခြင်းများ
ယုံမှားသံသယ
နိဂုံး


ပြည်ဖုံးကား

အချိန်မတိုင်ခင်ပြည်ဖုံးကားကျလာခဲ့ရင်…..
ကျွန်မကောင်းကင်က မောင်ရင်ဆိုင်းထမ်းကြယ်စုကလေးနဲ့ဝေးသွားရမှာပဲ
ကြောက်ပါတယ်..။
ကျွန်မက ကြယ်ကလေးရဲ့မေမေဖြစ်ချင်သေးတယ်လေ………။ ။
မနော်ဟရီ


သော့အပ်ခဲ့တယ်

Tuesday, November 18, 2008

ချိုသင်းက မနက်ဖြန် နိုဝင်ဘာ ၁၉ ရက်က ဆရာဦးတင်မိုး မွေးနေ့ဆိုလို့
တလောက စာအုပ်တွေစုရှင်းရင်း ကဗျာတွေစုထားတဲ့ မှတ်စုစာအုပ်ထဲမှာ
ပြန်ဖတ်လိုက်ရတဲ့ ဆရာ့ ကဗျာတစ်ပုဒ်ကိုသတိရပြီးတင်ပေးလိုက်ပါတယ်။
အဲဒီကဗျာလေးကို ၁၉၉၀ နိုဝင်ဘာ စပယ်ဖြူ မဂ္ဂဇင်း ကကူးထားခဲ့တာပါ။
ဆရာဇော်ဂျီ အမှတ်တရလည်းဖြစ်ပါတယ်။
ဆရာဦးတင်မိုးရဲ့လှပချိုပြေတဲ့ကဗျာစာသားတွေထဲကနေ..ကျွန်မတို့ရဲ့
ဗေဒါလမ်းအရှင်သခင်ကိုတွေ့ကြရပါလိမ့်မယ်...။အဲဒီတုန်းကတည်းက
ကျွန်မက အဲဒီကဗျာလေးကိုချစ်လို့ကူးထားခဲ့တာဖြစ်ပါတယ်...


သော့အပ်ခဲ့တယ်

(၁)
မိုးဦးကျတစ်ညနေ
စိန်ပန်းတွေရဲရဲဝေနေတုန်း
နေရောင်လည်းမပြတပြ
မိုးစက်တွေလည်းမကျတကျနဲ့
တစ်မျိုးလှတစ်မျိုးသစ်နေတဲ့
ချစ်စရာ့ညနေခင်းမှာ
အဘိုးအိုရဲ့အိမ်တံခါးပေါက်
ငါသွားလို့ခေါက်ခဲ့တယ်။
ဒေါက်…ဒေါက်..ဒေါက်
“ဘယ်သူလဲ..”
အထဲကတိုးတိုးအသံ
တုံ့ပြန်လာတယ်။
အားနည်းနွမ်းလျ မရဏနိုင်ငံသို့ကူးအံ့ဆဲ
လဲပြိုလုလုခန္ဓာကိုယ်နဲ့ထွက်လာတယ်။
“ကျွန်တော်တို့ပါ
အဘိုးရဲ့သားမြေးတွေပါ
အဘိုးရဲ့အမွေစားအမွေခံတွေပါ”
အဘိုးဟာ အပြုံးရိပ်နဲ့ခေါင်းကလေးညိတ်ပြီး
ပုတီးစိပ်တာရပ်လိုက်တယ်
ကျွန်တော်တို့ကိုလက်ခံစကားပြောတယ်။

(၂)
အဘိုးရဲ့မျက်လုံးတွေဟာ
တောက်ပစူးရှနေတယ်
ဇရာတရားတောင်အံ့အားသင့်နေရတယ်
သူ့မှာပြည့်ဝတဲ့အသိဥာဏ်တွေ
နူးညံ့တဲ့စိတ်စေတနာတွေ
မှည့်ရင့်နေတဲ့တွေးအခေါ်တွေ
ပွင့်ခိုင်သီးပြည့်ပင်လုံးမှည့်ပါပဲ..။
သူ့စကားသံက
မာန်မနမပါလို့
သာယာတိုးညင်းနေတယ်
အတိတ်ကလုပ်ရပ်တွေကိုသုံးသပ်ဝေဖန်ပြတယ်
ပစ္စုပ္ပန်မှာဘာတွေဖြစ်နေလဲ
မမှိတ်သောမျက်စိနဲ့
သူကြည့်နေတယ်။
ပစ္စုပ္ပန်ရဲ့အားမာန်ကိုလည်း
ထိုက်ထိုက်တန်တန်အသိအမှတ်ပြုတယ်။
အနာဂတ်မှာစာပေအနုပညာရဲ့အလားအလာ
ဘာတွေဘယ်လိုဖြစ်လာမယ်လို့ခန့်မှန်းပြနေတယ်…
အဘိုးအိုရဲ့စာဆိုဥာဏ်စွမ်းဟာ
လောင်ကမန်းလျှပ်ရောင်ပါပဲ.။

(၃)
စာဆိုပညာရှိကြီးဟာ
ခံစားမှုအသိနဲ့ကဗျာဖွဲ့ခဲ့တယ်
သဒ္ဒါလင်္ကာရ
အတ္ထာလင်္ကာရဆိုတဲ့
လင်္ကာရတွေကိုရှေ့တန်းမတင်
တန်ဆာဆင်မှုတွေကိုကိုယ်ရှိန်သပ်
ကြွားတတ်ဝါတတ်တဲ့စကားအသုံး
ကြွားလုံးပြစာလုံးတွေကိုရှောင်ခွာ
စေတနာသက်ရာကိုတေးဖွဲ့ခဲ့တယ်
စကားပရိယာယ်တွေ
အကြွားသတိဆွယ်ပြီး
တကယ်တန်းဥဒါန်းဖြစ်တဲ့
တေးသစ်တွေကိုဖွဲ့ဆိုခဲ့တယ်
သူ့ခေတ်မှာသူလမ်းဖောက်ပြီး
ရဲရဲကြီးလျှောက်ခဲ့တယ်။
လက်ညှိုးငေါက်ငေါက်တွေကိုသူမမှု
အတုအယောင်တွေကိုဂရုမထား
သူ့တရားနဲ့သူ့ကဗျာ
သူ့အစဉ်အလာသစ်တွေထွင်ခဲ့တယ်။
ကျိုးကြောင်းဆင်ခြင်တုံနဲ့
အာရုံခံစားမှုအသိ
ဂီတကြိုးညှိပြီး
သတိနဲ့စခန်းသွား
လမ်းမှားကိုရှောင်ကွင်း
စာခေတ်သစ်အမှောင်ခွင်းခဲ့တယ်။
လက်ခုပ်တီးတိုင်းသူမမြောက်
နောက်လိုက်မရှိတိုင်းသူမကြောက်
ထွန်းတောက်တဲ့ကဗျာမီးတိုင်နဲ့
နိုင်ငံရဲ့အတွေးသစ်ကို
အုတ်မြစ်ခိုင်ခိုင်ချခဲ့ပါတယ်။

(၄)
အဘိုးအိုဟာကျောက်စာတိုင်
အဘိုးအိုဟာမီးရှူးတိုင်
နိုင်ငံရဲ့တန်ဆောင်ဆီမီးပါ
သည်ဆီမီးဟာဆီခန်းစပြုပါပြီ
ဘ၀ဆည်းဆာညနေတာဟာ
မလွဲမသွေလာနေပြီ..။
အရွယ်အသက်တွေကလည်း
ကြွေရွက်လိုတဖြုတ်ဖြုတ်နဲ့
နိဂုံးချုပ်အချိန်နီးပါပြီ
မီးစာလဲကုန်
ဆီလဲကုန်တဲံ
ညနေမှုန်အချိန်ကလဲ
မှေးမှိန်တဲ့အရောင်ပြနေပြီ
မကြာခင်
နီကျင်ကျင်မီးရောင်တန်းလေးကို
အမှောင်လွှမ်းတော့မယ်။

(၅)
အေး ..အေး..ပြန်ကြတော့….တဲ့
ကရုဏာသံနဲ့ခွင့်ပြုတဲ့
အနုဆုံးလေသံနဲ့
အိပ်ခန်းထဲပြန်ဝင်သွားတယ်
ကျွန်တော်တို့ဆီကို
လောကသော့တံအပ်ထားခဲ့တယ်
“ဖွင့်ကြည့်ပေါ့..မင်းတို့ဘာသာ
မင်းတို့ရှာတဲ့လမ်းမှာ
ကြိုက်တဲ့ပန်းစိုက်ကြကွာ” လို့
မှာထားနေသလိုပါပဲ…။ ။
တင်မိုး

(ဆရာဇော်ဂျီထံမှာ ဂါဝရပြု၍အပြန်ဖွဲ့ဆိုပါသည်။)
၂၆.၉.၉၀ တွင်ကွယ်လွန်သော ဆရာဇော်ဂျီသို့…………


ခု..အဲဒီသော့လေး ..ဆရာ ဘယ်သူ့တွေကိုအပ်သွားပါလိမ့်လို့လည်း စာရိုက်ရင်း
တွေးနေမိသေးတယ်...သေချာတာကတော့ အဲဒီသော့ကလေးရှိသေးတယ်...


တစ်ယောက်ယောက်..

Saturday, November 15, 2008

ဒီဝတ္ထုတိုလေးက ၂၀၀၆ အိုင်ဒီယာ အထူးထုတ်မှာပါသွားခဲ့တာပါ....ကိုယ်ရေးနေကျ အက်ဆေးဆန်ဆန်မျိုးပေမယ့် ရေးနေကျပုံစံထဲကနေကွဲထွက်နေသလို ခုချိန်မှာခံစားရတယ်...


တစ်ယောက်ယောက်
(၁)
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ရင်ထဲမှာကြပ်ခဲလေးလံပြီးထွက်ပေါက်မဲ့နေတဲ့
ငါ့မျက်ရည်တွေအကြောင်း…။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
ငါဘယ်တော့မှမရနိုင်တဲ့ ဘယ်တော့မှလည်းရယူဖြစ်မှာမဟုတ်တဲ့ ဘ၀တစ်ခုအကြောင်း ။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ငါဘယ်လိုမှမတတ်နိုင်တော့လောက်အောင် လက်ကျန်အင်အားနည်းပါးနေပြီဖြစ်တဲ့အကြောင်း..။
(နောင်တတွေနဲ့ နပမ်းသတ်နေရတဲ့ဘ၀ဟာတကယ်တော့ ၀ိဘစ္ဆရသလိုပါပဲ..)

တစ်ယောက်ယောက်ဆိုတာဘယ်သူလဲလို့မမေးပါနဲ့..။
ဘယ်သူဟာငါ့ရင်ထဲကိုဝင်စာနာနိုင်မလဲ..။ဘယ်သူဟာငါ့ဒါဏ်ရာတွေရဲ့
နာကျင်မှုအတိုင်းအတာအတိုင်းလိုက်လံထိရှနိုင်မှာမို့လဲ..........။
ဘယ်သူဟာငါ့ကိုစကားလုံးအကျိုးအပဲ့တွေမပါပဲ အကြည့်တစ်ချက်နဲ့ကုစားနိုင်မှာမို့လဲ…။
တကယ်တော့ငါဟာ ရူးသွပ်နေတဲ့နေရောင်ခြည်တစ်စသာဖြစ်ပါတယ်…။
(၂)
တစ်ယောက်ယောက်ကိုချစ်မိတဲ့အတွက်ဆုံးရှုံးမှုတွေအကြောင်း
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ တစ်ယောက်ယောက်ကို
မုန်းချင်နေမိတဲ့ဆန္ဒတချို့ကို ပြောပြချင်တယ်။အချစ်ခံရတယ်ဆိုတာ
တကယ်တော့ ခေါင်းစဉ်လှလှလေးတပ်ထားတဲ့ ဖေတော့မောင်တော့
ဝတ္ထုတစ်ပုဒ်သက်သက်ပဲလားလို့ တစ်ယောက်ယောက်ကို မေးကြည့်ချင်တယ်။
တစ်ယောက်ယောက်က ငါ့ရဲ့အကျင့်သီလသိက္ခာတွေကိုခိုးယူသွားတဲ့အကြောင်း
ငါဘယ်ခုံရုံးကိုတိုင်ရမှာလဲဆိုတာ တစ်ယောက်ယောက်ကိုမေးကြည့်ချင်တယ်။ တစ်ယောက်ယောက်ကငါ့ကိုအနိုင်ကျင့်ဖို့ကြိုးစားနေပြီး တစ်ယောက်ယောက်ကို
ငါကအနိုင်ယူချင်နေတာကို တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
ပြီးတော့ တစ်ယောက်ယောက်ကိုငါကမျှော်လင့်နေပြီး တစ်ယောက်ယောက်
ကများင့ါကိုမျှော်လင့်နေမလားလို့ စိတ်ကူးယဉ်မိတဲ့အဖြစ်အပျက်ကို
(ဟာသတစ်ပုဒ်အဖြစ်) တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
တစ်ယောက်ယောက်ကမှနားမထောင်ပေးဘူးဆိုရင် လည်းကိစ္စမရှိပါဘူး။
တစ်ခါတစ်ရံမှာလေထဲကစကားလုံးတွေရဲ့တာရှည်ခံမှုစံနှုန်းနဲ့
လူတွေရဲ့ရင်ထဲကပြီးလွယ်ပျက်လွယ်သဘောထားတို့ အပြေးပြိုင်ပွဲမှာ
ဘယ်သူနိုင်ခဲ့သလဲဆိုတာ တစ်ယောက်ယောက်ဆီက confirm ရချင်နေတယ်။
ကိုယ်ချင်းစာတရားအကြောင်းကောင်းကောင်းသင်ကြားပြသနိုင်မယ့်
တစ်ယောက်ယောက်များကမ္ဘာပေါ်မှာရှိမလား…။
(၃)
တစ်ယောက်ယောက်ကိုပြောပြချင်ပြီး မပြောပြဖြစ်တဲ့ အကြောင်းအရာတွေကို
စာရွက်ဖြူဖြူတွေထဲ တွန်းထိုးပစ်ထည့်ထားလိုက်ရတာဟာဖြေသာစရာတစ်ခုလား…။ တစ်ယောက်ယောက်ကိုတမ်းတနေတတ်တဲ့ငါ့နှလုံးသားကို ..ငါ..ဥပက္ခာပြုကဲ့ရဲ့
ပစ်လိုက်ရတာဟာ စိတ္တဇတစ်ခုလား……………။“တစ်ခုခုတော့မှားနေပြီ”လို့တွင်တွင်ပြောရင်း အဲဒီအမှားတွေကိုဖြေရှင်းလို့မရနိုင်ခဲ့တာဟာ..လောကပါလတရားအစစ်လားလို့
တစ်ယောက်ယောက်ကိုမေးချင်မိပါတယ်။
တကယ်တော့ ကမ္ဘာခြားနေတဲ့သူတွေမှာ ဘာသာစကားချို့တဲ့မှုတော့ရှိမှာပဲ
ဆိုတာသိထားသင့်တာပေါ့…။စကားလုံးတွေရဲ့အားနည်းညံ့ဖျင်းမှု..
ဘာသာစကားတွေရဲ့မပြည့်စုံမှုဟာ..တကယ့်ပြဿနာပဲဆိုတာ
တစ်ယောက်ယောက်ကတော့သိနေမှာပဲ။
အသက်ရှူကြပ်လိုက်တာ…။
တကယ်ဆိုငါလိုချင်တာငါ့ဆီလာမယ့်အသံတစ်သံပါ…။
ငါ့ဆီကထွက်ခွာသွားမယ့်အသံတစ်သံမဟုတ်ပါဘူး..။ဘုရားစူးရ
ပါစေရဲ့..။စကားလုံးတွေကိုငါမုန်းတယ်..။
(၄)
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။“အချစ်”ဆိုတာ ပုံမှန်မဟုတ်တဲ့
“စိတ္တဇနာမ်”ဆိုတဲ့အကြောင်း…။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်..။
လမ်းမှားချင်ယောင်ဆောင်ပြီး ဘ၀ထဲကိုခပ်တည်တည်နဲ့ တည့်တည့်ကြီးဝင်လာပြီး
အကြွေးတောင်းတတ်တဲ့ သံသရာ အကြောင်း..။ငါက တစ်ယောက်ယောက်ကို
တစ်ခုခုလုပ်ခဲ့မိသလား..။ တစ်ယောက်ယောက်
ကရောငါ့ကို တစ်ခုခု မလုပ်နိုင်ခဲ့ဘူးလား…။“၀ဋ်ကြွေး”ဆိုတာပေးဆပ်ရတာပဲလား…။
ပြန်ရယူရတာကောမပါဘူးလား..လို့ တစ်ယောက်ယောက်ကိုမေးကြည့်ချင်တယ်..။
တကယ်ဆိုသံစဉ်ကလည်းသိပ်မကောင်း၊စာသားကလည်းမလှမပ.၊အသံကလည်းခပ်ညံ့ညံ့နဲ့
သီချင်းတစ်ပုဒ်ကို ဘယ်လိုလူကမှနားမထောင်ချင်မှာ မဟုတ်ဘူးဆိုတာ သိသင့်တာပေါ့…။
ခပ်ချာချာရေးဖွဲ့ကပြနေတဲ့ ပြဇာတ်တစ်ပုဒ်ဆိုလည်းဘယ်သူကမှ ကြည့်ချင်မှာမဟုတ်ဘူး..။
တစ်ယောက်ယောက်ရဲ့ရင်ထဲမှာတော့ တစ်ယောက်ယောက်ကိုခံစားနားလည်ပေးနိုင်စွမ်းတွေ
ရှိနေမှာလို့ထင်နေမိတယ်။အဲဒီ တစ်ယောက်ယောက်ဟာ ငါမဟုတ်ခဲတာလေးတစ်ခုနဲ့တင်
ဘ၀တွေခြားသွားရတော့မယ်။
(၅)
တစ်ယောက်ယောက်ကများငါ့ကိုအလိုမလျောက်နားလည်သွားခဲ့ရင်ဆိုတဲ့ ရူးနှမ်းတဲ့
အတွေးတွေကခုထိ အုပ်စိုးမင်းမူနေတုန်း..။မရနိုင်မှန်းသိရက်နဲ့ ရလည်းရယူဖြစ်မှာ
မဟုတ် တဲ့ အိပ်မက်တစ်ခုကို တယုတယပျိုးထောင်နေမိတာ..ဘာကြော့င်လဲဆိုတာ တစ်ယောက်ယောက်များသိမလားပဲ…။အချိန်တွေ နာရီတွေစက္ကန့်တွေတိုက်စားသွားခဲ့တာတောင်မှ..
ပွန်းပဲ့မသွားပဲ ထုနဲ့ထည်နဲ့ တည်တံ့ခိုင်မာလာတဲ့အိပ်မက်တွေကို..မလွန်ဆန်
နိုင်ခဲ့တာ ငါမှားသွားသလား… တစ်ယောက်ယောက်ကပြောပေးပါဦး…။
မေးခွန်းတွေများလွန်းပြီး အဖြေမရှိတဲ့စာဖြေစာရွက်လို တကယ်တော့ ငါဟာ
အမှတ်ခပ်နည်းနည်းနဲ့ ဘ၀မှာ မင်ရည်ကျဲခဲ့တဲ့ကောင်ပါ…။ တစ်ယောက်ယောက်ကများ
ငါ့ကိုအရောင်တင်ပေးမလားဆိုတဲ့ ယောက်ယက်ခတ်မျှော်လင့်ချက်တွေနဲ့
ကျဲကျဲတောက်ပူလောင်နေခဲ့ရတာလည်း ငါပဲပေါ့ချစ်သူ….။
(၆)
တစ်ယောက်ယောက်ရဲ့ရင်ခွင်မှာပန်းတချို့ပွင်နေတဲ့ရနံ့ကိုငါကြားရတယ်။
လေအဝေ့မှာ ငါ့ဆီစီးမျောကူးခတ်လာပြီး မှ အဲဒီရနံ့တွေဟာ ငါနဲ့မှ တိတိပပ မသက်ဆိုင်ဘူးတဲ့လား…။ရနံ့တွေရဲ့လွင့်မျောမှုကိုတားဆီးလို့မရသလို..ငါ့ရဲ့ဝင်သက်
ထွက်သက်ကိုလည်းတားဆီးလို့်မရခဲ့တာ..သိပ်ဆိုးရွားခမ်းနားတဲ့ ကံကြမ္မာတစ်ခုပါ..။
ဒီအကြောင်းတွေကို တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ ဒါပေမယ့် အကြည့်တစ်ချက်နဲ့တင်အားလုံးနားလည်ပြီးမြောက်သွားမယ့် ဘာသာဗေဒကို
ငါတို့ဘာလို့မတတ်မြောက်ကြသေးတာလဲ…။
သင်ကြားခွင့်မရတာလား..။သင်ကြားဖို့မေ့နေတာလား..။သင်ခဲ့ရလျက် နဲ့
မအောင်မြင်ခဲ့ကြတာလား…။
အဖြေမထွက်နိုင်တဲ့ပုစ္ဆာတချို့ကို တစ်ယောက်ယောက်နဲ့ အတူတူတွက်ချင်တယ်။
တစ်ယောက်ယောက်ကပြောလာမယ့်သီအိုရီတချို့ကိုလည်း သက်သေပြချက်ပေးချင်နေတယ်။
ဘာတတ်နိုင်မှာလဲကွယ်။ တစ်ယောက်ယောက်ကဖန်ဆင်းမယ့်နေ့ရက်တွေမှာ
အသက်ရှင်ခွင့်ငါရှိနေချင်ခဲ့မိတာ ဘာတတ်နိုင်မှာလဲကွယ်။
တကယ်တော့ ငါဟာ ရုပ်သေးရုပ်တစ်ရုပ်ရဲ့ဘ၀ကို တိတ်တိတ်ကလေးမနာလိုနေမိတဲ့ အလှကြည့်မွေးပွရုပ်လေးတစ်ရုပ်သာဖြစ်ပါတယ်..။
(၇)
တစ်ယောက်ယောက်ကိုပြောပြချင်သေးတယ်။ မျက်ရည်တချို့ရဲ့ အတ္ထုပ္ပတ္တိပုံဆောင်ခဲတွေအကြောင်း…။ တစ်ယောက်ယောက်ကိုဖွင့်ဟချင်သေးတယ်။ ဘယ်တုန်းကမှမျှော်လင့်မထားခဲ့တဲ့
ချစ်ခြင်းတရားရဲ့လေးနက်မှုအကြောင်း။ တစ်ယောက်ယောက်ကိုရှင်းပြချင်သေးတယ်။
အနာဂတ်မပါပဲနဲ့နေပျော်စေတဲ့ မေတ္တာတရားတစ်ခုအကြောင်း…။
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ မိုက်ရူးရဲသိပ်ဆန်တယ်ထင်ရလို့
သိမ်းဆည်းထားတဲ့ သက်ငြိမ်ပန်းချီကားတချို့အကြောင်း…။ရေအေးစီးကြောင်းတွေ၊
ရေနွေးစီးကြောင်းတွေအောက်ခြေက ဖြတ်သန်းစီးဆင်းနေတဲ့ရေပြင်တစ်ခုအကြောင်း…။
အပ်ကြောင်းထပ် အဖြစ်အပျက်ဆန်လွန်းနေမလားမသိဘူး..လို့ တစ်ယောက်ယောက်က
ိုသေဖော်ညှိချင်သေးတယ်။
ဒါပေမယ့် ဒါတွေအားလုံးမှာ ပကတိအသံတွေပါဝင်နေမှာ မဟုတ်ဘူးဆိုတာ တစ်ယောက်ယောက်ကတော့မပြောပဲသိနိုင်ကောင်းပါရဲ့။
(၈)
တစ်ယောက်ယောက်ကပြောလာမယ့်စကားတွေကိုလည်းနားထောင်ချင်နေမိသေးတယ်။
အမြင်အကြည့်တွေရဲ့အောက်မှာငုံ့လျိုးဖျောက်ကွယ် ထားရတဲ့ ခံစားချက် တချို့အကြောင်း..။ တစ်ယောက်ယောက်ကခွင့်ပြုလာမယ့်နေ့ရက်တွေမှာ လိုအပ်နေတဲ့ အရိပ်တချို့အရောင်တချို့
စကားလုံးတချို့ကို သုံးပြီးခမ်းနားကြီးးကျယ်မြင့်မြတ်တဲ့ အကြောင်းအရာတစ်ခုကိုဖွဲ့
သီပြချင်သေးတယ်။
တစ်ယောက်ယောက်ကိုပြောပြချင်တဲ့အကြောင်းအရာတွေနဲ့ အဲဒီတမ်းမက်မှုတွေရောယှက်ပြာကျသွားတဲ့အခါ….။
တစ်ယောက်ယောက်ကမောင်းနှင်စီးနင်းသွားတဲ့ စစ်ရထားတစ်စီး ဖြစ်ခွင့်ရချင်နေမိပြန်ပါတယ်။
တစ်ယောက်ယောက်ဆီကို အရှိန်ပြင်းပြင်းနဲ့ချဉ်းကပ်နိုင်ခွင့်ရမလားရယ်လို့
ဆိုတဲ့အတွေးနဲ့များလားမသိဘူး..။ဒါမှမဟုတ်တစ်ယောက်ယောက်ရဲ့ရင်
ခွင်မှာ တောက်ပလောင်ကျွမ်းခွင့်ရနိုးနိုးနဲ့များလား…။
တကယ်တမ်းကျတော့ အဲဒီအတွေးတွေနဲ့ငါဟာ..ငါ့ဆီကိုအရှိန်ပြင်းပြင်းနဲ့ချဉ်းကပ်တောက်လောင်လာမယ့် မီးတောက်တစ်ခုကိုခေါင်းငုံ့စောင့်စားနေခဲ့ရတယ်။ တစ်ယောက်ယောက်ကများငါ့ကိုကယ်တင်သွားခဲ့မယ်ဆိုရင်……..။
မနော်ဟရီ


မပြောချင်သော...

Thursday, November 13, 2008

Did this story base on "The Notebook" by Nicolas Spark? Anyway, your version is nicer than original.


အဲဒါကတော့ ကျွန်မရဲ့ နံနက်ခင်းပုံပြင် မှာ လာထားသွားတဲ့ comment ပါ...။
“ အရှေ့မြို့ရိုးမှမိုးရေစက်များ” ကို အဲလိုနည်းနှင်နှင်လာပြောခံရတုန်းက
ကိုတာရာမင်းဝေက...
“ မှီးထား ဘာသာပြန်ထားတယ်လို့ပြောတဲ့ ခင်ဗျားတို့စာအုပ်ယူလာခဲ့...ရလာရင်
တွေ့လား..ရှေ့မှာရပ်ထားတဲ့ကား ..အပိုင်ယူသွားလို့ရတယ်..ဒါ့အပြင် ကျွန်တော်
စာရေးမစားတော့ဘူး ” ...လို့ပြောလွှတ်တယ်။
ကျွန်မကတော့ သူ့လိုပြောရင် သူပြောခံရသလို ကွယ်ရာမှာ...
“ အော်..အပျော်ဖတ်စာပေတွေနဲ့ပိုက်ဆံရထားတဲ့သူတွေဆိုတော့ မောက်မာမှာပေါ့..”
ဆိုပြီး ရရာဒါးနဲ့လှမ်းခုတ်မှာကိုကြောက်လို့မပြောတော့ပါဘူး...။
မေးပဲမေးချင်တာပါ...အဲဒီ anonymous ဆိုတဲ့သူကို....
သူ နိုင်ငံတကာစာပေတွေကိုထုံးလိုချေ ရေလိုနှောက်ဖတ်ထားတာကိုလူသိစေချင်တာ
လား....ဒါဆို ရင် web page တစ်ခုဖွင့်လိုက်ပါ...ပြီးရင်ကိုယ်ရည်သွေးတီးလုံး
တွေတီးနိုင်ပါပြီ...။
အဲ..အဲလိုမှမဟုတ်ဘူး..ကျွန်မရေးတဲ့စာကိုစော်ကားချင်ရုံသက်သက်ဆိုရင်လည်းပြော
ပါ..ကျွန်မနဲ့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်...ကျွန်မက နာမည်ရောလူရောရှောင်ပုန်း
နေတဲ့သူမဟုတ်ပါဘူး....။face to face လာပြောနိုင်ပါတယ်လို့.....


အကြိမ်ပေါင်းတစ်ထောင်......

ကျွန်မက နီရူဒါရဲ့ကဗျာလေးကို ကျွန်မစိတ်နဲ့ထပ်တူကျလွန်းလို့ကိုအောင်သာငယ်ဆီကခွင့်တောင်းပြီး ကျွန်မဘလော့ခ်မှာတင်ထားခဲ့ပါတယ်။ကိုအောင်သာငယ်ကတော့ သူ့ကဗျာမှမဟုတ်တာ သုံးနိုင်ပါတယ်ဆိုပေမယ့် သူကသူ့ ဘန်နာမှာတင်ထားတာဆိုတော့ ကျွန်မကလေးစားသမှုနဲ့ခွင့်တောင်းတာပါ.....
ကိုအောင်သာငယ်တော့မသိဘူး..ကျွန်မကိုတော့ဒီကဗျာစာသားလေးကြောင့်ခုလိုလာအော်သွားလေရဲ့....

အကြိမ်ပေါင်းတစ်ထောင်!!! ရန်ကုန်မြို့ပေါ်ကြီးမှာ မြွေဆိပ်ဖြေဆေး မရှိလို့ သေလိုက်ရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်း တစ်ထောင်!!!
နာဂစ် အပြီး (လှူဒါန်းမယ့် သူတွေ ရှိပါရက်) စားစရာမရှိလို့ သေလိုက်ရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆လ ချခံရမယ့် ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
OK!!! ခံရတဲ့သူ ဘ၀မျိုးကို ဖယ်ထားလိုက်ပါ အဲဒီလို အသိုင်းအ၀ိုင်းမှာ (ကျက်သရေ ကလွဲလို့) အစစ အရာရာ ပြည့်စုံနေမယ့် ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
အနှစ် ၂၀ နဲ့ ၆လ လို့ စီရင်ချက်ကို ဖတ်ပြရမယ့် ဘ၀မျိုးမှာ အကြိမ်ပေါင်းတစ်ထောင်!!!
OK again!!! ကံကောင်းထောက်မစွာ အဲဒီ ဘ၀တွေ တစ်ခုမှ မရဘူးထား… ဒါမျိုးတွေ ငါနေတဲ့ ငါမွေးတဲ့ နိုင်ငံမှာ ငါ့ရှေ့မှာတင် ဖြစ်နေတာပါလား ဆိုတဲ့ အတွေးကလွဲပြီး ဘာမှ မတတ်နိုင်ဘဲ ထိုင်ကြည့်နေရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်း တစ်ထောင်!!!


ဒါကတစ်ယောက်ပါ....နောက်တစ်ယောက်ကလည်းခုလိုပြောပြန်ပါတယ်...

နင်ရူးဒါ ....ကျွန်မ၏ချစ်ခြင်းတည်ရာ.....ဒီသံသရာကလွတ်အောင်ရုန်း

..ကျွန်မတကယ်ပဲရူးနေတာဆိုရင်တောင် အဲဒီရူးသွပ်မှုဟာ စင်ကြယ်ပါတယ်။ကိုယ်လွတ်ရုန်းမှုမပါ ပါဘူး..။သူများတွေလိုပြေးစရာမြေမရှိတာမှမဟုတ်တာ..။ကျွန်မမှာ သွားစရာလမ်းတွေမှတပုံတပင်..
.။ဒီကြားထဲကမှ ဒီလမ်းကို ရွေးခဲ့တာမို့ရူးသွပ်နေတယ် ဆိုရင်တောင် ကျွန်မဖြူစင်စွာရှိနေသေးတဲ့
အတွက် ကျွန်မကိုယ်ကျွန်မ လိပ်ပြာသန့်ပါတယ်။အသိဥာဏ်မရှိအောင်ထားရင် ကျွန်မတို့က
ရှိအောင်ကြိုးစားရမယ်...။ ဒီလိုနည်းနဲ့မရရင် ဟိုလိုနည်းတွေကျွန်မတို့ရှာဖွေရမယ်။ကျွန်မတို့ရှာခဲ့ကြပါတယ်
...ရှာပေးခဲ့ပြီး လက်တွေထဲအရောက်ပို့နိုင်အောင် တစ်နိုင်တစ်ပိုင်ကြိုးစားပေးခဲ့ပါတယ်...။
ကျွန်မတို့သာသူတို့နဲ့အတူရှိမနေခဲ့ဘူး..ဆိုရင် အဲဒီလက်တွေကိုဘယ်သူတွေက ကမ်းလင့်ကယ်တင်မလဲ...။
သံသရာ.တို့..၀ဋ်ကြွေးတို့ ဆိုတာ ကျွန်မထက် ဗုဒ္ဓဘာသာဝင်တွေကပိုပြီးနားလည်မှာပါ....။
ကျွန်မဋီကာချဲ့ပြောမနေချင်ဘူး...။ကျွန်မကတော့ ဒီဘ၀မှာဒီလိုခံရသလိုနောက်
ဘ၀ပေါင်းတစ်ထောင်ဒီလိုခံရလိမ့်မယ်လို့မထင်ပါဘူး..။ ဦးရွှေအောင်စာအုပ်တချို့ကိုဖတ်ခိုင်းရမယ့်သူတွေ...ဘ၀ဆက်တိုင်းကံကောင်းမယ်လို့ထင်လို့လား..
.ကိုယ့်လမ်းမှာကိုယ်အကောင်းဆုံးလိပ်ပြာသန့်နိုင်ဖို့ကြိုးစားမယ်..ကြိုးစားနေတယ်..
.လက်တချို့ကိုကမ်းကူနိုင်အောင်ကြိုးစားနေတယ်..ခံစားချက်တချို့ကိုအနုပညာနဲ့
ဆောက်တည်ထိန်းမတ်နေတယ်..ထိန်းမတ်ပေးနေတယ်.........
.တရားသဘောနဲ့ကြည့်ရင်ဘယ်အရာမှမတည်မြဲပါဘူး..။
ပျော်ရွှင်မှုတွေခမ်းခြောက်ပျောက်ကွယ်နိုင်သလို...
မျက်ရည်တွေလည်း အငွေ့ပျံပျောက်ဆုံးသွားနိုင်သေးတာပါပဲ...အဲဒီအတွက်..
ကျွန်မတို့က လမ်းကြောင်းပြောင်းပြေးရမှာလား...ကိုယ်လွတ်ရုန်းပြေးရမှာလား...
ကိုယ်တိုင်ပြုပြင်လို့မရတဲ့ကံကြမ္မာကို ထိုင်ပြီးဝေဖန်ပြစ်တင်နေမယ့်အစား...
ကိုယ့်ကိုယ်ကိုပဲ လိပ်ပြာသန့်စွာနေထိုင်ရင်း တခြားသောလိပ်ပြာတွေကိုဖေးမကူညီရင်း အားလုံးတစ်သွေးတည်းတစ်ရောင်တည်းတစ်စိပ်တည်းနေသွားချင်တယ်...။ဒါက ကျွန်မဆန္ဒပါ...။ မသိလို့မေးရရင်..ခုကျွန်မကိုလာအော်သွားတဲ့သူတွေမှာရော...တစ်ကြိမ်တည်းနဲ့သံသရာဖြတ်ပြီး
လွတ်မြောက်နိုင်တဲ့နည်းလမ်းများ..ဒါမှမဟုတ် တရားဓမ္မများတွေ့ထားခဲ့ပြီလားလို့...။
တွေ့ရင်လည်းမျှခဲ့ကြပါဦး...။


နံနက်ခင်းပုံပြင်

Monday, November 10, 2008

၂၀၀၅ January,Fashion Image Magazine မှာပါသွားတဲ့ ၀တ္ထုတိုလေးဖြစ်ပါတယ်....
စိတ်ရှုပ်ရှုပ်နဲ့ ဟိုရက်တွေမှာ အင်တာနက်ထဲလည် စာဖတ်နေတုန်း တစ်နေရာမှာတင်ထားတာတွေ့လိုက်
ရလို့ ပြန်ကူးတင်ပေးလိုက်တာပါ...တင်ထားသူကိုလည်းကျေးဇူးတင်ပါတယ်....
အဲဒီနေ့ကတွေ့လိုက်ရတာတချို့လည်းရှိသေးတယ်..ကျွန်မစာတွေကိုအပိုဒ်လိုက်ကူးထားပြီးခပ်တည်တည်
နဲ့ကိုယ်တိုင်ရေးလိုတင်ထားတာပါ...တချို့ကျပြန်တော့လည်း မနော်ဟရီ ရဲ့စာတွေကို ဂဃနဏ မဖတ်
ပဲ..လျှောက်ပြောနေတာမျိုးတွေတွေ့ရပြန်ပါတယ်..တချို့ကျပြန်တော့လည်းကိုယ်ရည်သွေးတီးလုံးတွေ
ကိုသူများသံစဉ်နဲ့တီးပြနေတာလည်းတွေ့ရပြန်တော့...ကျွန်မမှာစိတ်ရှုပ်ရတဲ့ထဲ ငိုရမလိုရယ်ရမလို...
သေချာတာကတော့ ငြိမ်သက်သွားချိန်မှာ တရားရလိုက်တာပါပဲ...အော်..ငါမကြုံမတွေ့ရသေးလို့သာ..
လောကမှာဒီလိုတွေရှိပါသေးလားပေါ့.....



နံနက်ခင်းပုံပြင်

“အဲဒီမနက်ခင်းကလေးက အတော်တော့ သာယာတာ”
အဘိုးအိုက စကားစကိုဖြတ်ကာ အမယ်အိုရဲ့ မီးခိုးနုရောင် မျက်ဝန်းများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အမယ်အို၏ မျက်ဝန်းများက စိုလက်တောက်ပနေသယောင်။ အဘိုးအိုက စကားကိုဆက်၏။
“သာယာတယ်ဆိုတာထက် အချစ်တစ်ခု စတင်ဖြစ်ထွန်းမယ့်နေ့မို့ ထင်ပါရဲ့၊ အတော်ကြီးကို သက်ဝင်လှပနေခဲ့တာ”
“ဘယ်လို လှတာမျိုးပါလိမ့်”
အမယ်အိုက အရေးအကြောင်းများ လှိုင်းထနေသော မျက်နှာပြင်ကို ယောင်ယောင်လေး မျက်မှောင်ကြုတ်ဟန်ပြုကာ မေး၏။
“နေရောင်ခြည်က နုနုလေးရယ်၊ တချို့နေရာတွေမှာ နှင်းမြူတွေကဆိုင်းလို့ သဇင်ပန်းရနံ့တွေတောင် ရနေသေးတယ် ထင်တာပဲ”
အမယ်အိုက ခေါင်းကို တဆတ်ဆတ်ညိတ်၏။ ထိုနံနက်ခင်းလေးကို မြင်ယောင်သွားသလိုမျိုးလည်း ပြုံး၏။
“အဲဒီမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စတွေ့ကြတာပဲ။ ရုပ်ရှင်ထဲကလိုတော့ လှချင်လှနေလိမ့်မယ်။ ရုပ်ရှင်ထဲက ဇာတ်ကွက်တွေလိုတော့ မဆန်းပြားပါဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ။ ပစ္စည်းတွေ တနင့်တပိုး ထည့်ထားတဲ့ ဈေးခြင်းကို ဆွဲလာတဲ့ ကောင်မလေးရယ်၊ ဈေးထဲကို ကိစ္စရှိလို့ ရောက်လာတဲ့ ကောင်လေးရယ်၊ ဈေးအ၀င် လမ်းမှာ တွေ့ကြတာ”
အဘိုးအိုက အမယ်အို၏ စိတ်ဝင်စားနေသော မျက်နှာလေးကို တစ်ချက်ကြည့်ကာ လက်ထဲမှ စာအုပ်အဟောင်းလေးကို တစ်ချက်ဖွင့်ကြည့်လိုက်သေးသည်။ အလွတ်ရနေသော ဒိုင်ယာရီစာမျက်နှာများက ပြန်ကြည့်စရာမလိုပါ။ အဘိုးအို သက်ပြင်းမွမွတစ်ချက်ကို မသိမသာချကာ စကားကို ဆက်လိုက်၏။
“ပစ္စည်းတွေက တအားလေးလို့ထင်ပါရဲ့။ ခြင်းအဟောင်းလေးရဲ့ အောက်ခံ ကျွံကျသွားပြီး ပစ္စည်းတွေ ဒရောသောပါးနဲ့ ပြန့်ကျဲကုန်တာ၊ ကောင်မလေးလည်း ဘာလုပ်ရမှန်း မသိဘူးပေါ့။ ဒါကို လှမ်းမြင်တဲ့ ကောင်လေးက စက်ဘီးလေးကို အသာထောက်ထားခဲ့ပြီး ပစ္စည်းတွေ ကူကောက်ပေးတယ်။ ဘာအတွက်ယူလာမှန်းမသိတဲ့ သူ့လက်ထဲက ဂုန်နီအိတ်တစ်လုံးနဲ့ စုထည့်ပေးပြီး ကောင်မလေးကို မြင်းလှည်းပေါ်ထိ တင်ပေးလိုက်တယ်”
“သာဓုတော်.. သာဓု.. သာဓု”
အမယ်အိုက ထုံးစံအတိုင်း သာဓု တိုးတိုးလေးခေါ်တော့ အဘိုးအိုက ပြုံးသည်။ နေ့တိုင်း ဒီနေရာရောက်လျှင် အမယ်အိုက ‘သာဓု’ ခေါ်မြဲ။ အဘိုးအိုပြောပြချင်သော ပုံပြင်လေး၏ လိုရင်မဟုတ်သော်လည်း ထို သာဓုသံ ကြားရတိုင်း အဘိုးအို ကျေနပ်ပါသည်။
“အဲဒီနေ့က စပြီး ကောင်လေးက ကောင်မလေး ဈေးလာရင် ဘုရားပန်းဝယ်နေကျဆိုင်မှာ ကောင်မလေးအတွက် ပန်းတွေ သွားသွား ထားပေးတတ်တယ်”
“ဟုတ်လား ဘာပန်းတွေလဲ”
အမယ်အိုက ထုံးစံအတိုင်း မေးပြန်သည်။
“ခရေပန်းကုံး၊ ဇွန်ပန်းကုံး၊ ဆိတ်ဖလူး၊ ဧကရာဇ် စသဖြင့်ပေါ့၊ ရာသီအလိုက်ပေါ့”
အမယ်အိုက ခေါင်းတညိတ်ညိတ်နှင့် ပြုံးကာ သူ့ခေါင်းထက်မှ ဆိပ်ဖလူးပန်းကုံးလေးကို လက်နှင့် စမ်းကြည့်နေသည်။ အဘိုးအိုကလည်း ကျေနပ်စွာပြုံး၏။
ဒီပုံပြင်ကို ဒီနေ့မှ နားထောင်ခွင့်ရသော ကျွန်တော်က အားမလိုအားရဖြစ်လာသည်။
“သူတို့ အဆင်ပြေသွားကြရောလားဟင် အဘိုး”
အဘိုးအိုက ‘ရှူး’ ဟု ခပ်တိုးတိုး အသံပြုကာ ကျွန်တော့်ကို လက်ကာထား၏။
“မလောနဲ့လေ မင်းအဘွားက အဆင့်ကျော်လို့မရဘူး”
ကျွန်တော်ပြုံးလိုက်မိသည်။ မနက်တိုင်း အဘွားကို ပန်းကုံးလေးတစ်ကုံး လာလာပေးကာ ပုံပြင်တစ်ပုဒ်ကို ပြောပြတတ်သော အဘိုးအိုကို ကျွန်တော် တွေ့နေရတာ တစ်လရှိတော့မည်ထင်သည်။ ဒီနေ့မနက်မှ အကြောင်းတိုက်ဆိုင်၍ ကျွန်တော် ငြိမ်ငြိမ်လေး ထိုင်နားထောင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ အဘိုးအိုက သူ့ပုံပြင်ကို ဆက်၏။
“ဒီလိုနဲ့ အချိန်တွေသာ ကုန်သွားရော၊ သူတို့အခြေအနေက ဒီအတိုင်းပဲ မတိုးတက်ခဲ့ဘူး”
ကျွန်တော် အားမလိုအားမရ ဖြစ်သွားရပြန်သည်။ သို့သော် စောဒကတော့ မတက်ရဲ။
“တစ်နေ့မှာ..”
ထို တစ်နေ့မှာကို ကျွန်တော်က ရုပ်ရှင်ကားတစ်ကား ဇာတ်ပြောင်းလိုက်သလို စိတ်ဝင်စားသွားသော်လည်း အမယ်အိုကတော့ ဘာမှမဖြစ်သလို နားထောင်နေရှာသည်။
“ကောင်လေးက အရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့် ခရီးထွက်သွားရတယ်”
“အကြာကြီးလား”
“အကြာကြီးပဲ”
အမယ်အိုက ‘အကြာကြီးလား’ ဆိုသော အမေးကို သာမန်မျှသာ မေးခြင်းဖြစ်သော်လည်း အဘိုးအိုကတော့ ထိုကာလ တစ်မျှော်တစ်ခေါ်ကို မြင်ယောင်တမ်းတသံနှင့် ဖြေခြင်းဖြစ်သည်ဟု ကျွန်တော်ခံစားလိုက်မိသည်။
“ကောင်လေးပြန်လာတော့ အရာအားလုံးဟာ ပြောင်းလဲစပြုနေပြီ”
“ပြောင်းလဲစပြုနေပြီ”
ကျွန်တော်၏ သံယောင်လိုက်သံကြောင့် အမယ်အိုက မသိမသာလှည့်ကြည့်၏။ ကျွန်တော် ပါးစပ်ကို ပိတ်ထားလိုက်ရသည်။ အဘိုးအိုက အသိနှင့် ကင်းကွာနေသူတစ်ယောက်ပမာ စကားကိုဆက်၏။
“ဟုတ်တယ်၊ ကောင်မလေးက မကြာခင် တခြားလူတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကို ကောင်လေးက မြို့အ၀င်လမ်းမှာကတည်းက ကြားခဲ့ရတယ်လေ”
ကျွန်တော်က မောဟိုက်သွားသလို ခံစားရကာ၊ အမယ်အိုက သက်ပြင်းဖွဖွလေး တစ်ချက်ချတာကို ကျွန်တော် တွေ့လိုက်ရသလို။
“အဲဒီညနေမှာပဲ ကောင်လေးက ကောင်မလေးအတွက် တစ်နယ်တစ်ကျေးက ယူလာတဲ့ သစ်ခွပန်း ခရမ်းရောင်တွေကို ကောင်မလေးအပြင်အထွက်မှာ ပေးဖို့ သွားခဲ့တယ်။ ကောင်မလေးဟာ ကောင်လေးကို ပန်းတွေနဲ့ မြင်လိုက်ရတယ်ဆိုရင်ပဲ မျက်ရည်တွေ ကျလာတော့တာပဲ”
အမယ်အို၏ မီးခိုးနုရောင် မှိန်ဖျော့ဖျော့ မျက်ဝန်းများတွင် မျက်ရည်များ စိုလက်လာသလို၊ ကျွန်တော့်ရင်ထဲက မျက်ရည်များကိုတော့ ဘယ်သူမှ မြင်ခွင့်မရလိုက်။ အဘိုးအိုက စကားကိုဆက်၏။ သူ့ကြည့်ရတာ မောဟိုက်နွမ်းနယ်နေသလို။
“ပန်းတွေကိုယူပြီး ကောင်မလေးက ကောင်လေးကို စကားတစ်ခွန်းပြောသွားတယ်”
“ဘာတဲ့လဲ”
အမယ်အိုက တုန်ရီစွာမေး၏။
“အရာအားလုံး နောက်ကျသွားခဲ့ပေမယ့် ကျွန်မရင်ထဲမှာတော့ အဦးဆုံးပန်းတွေပါပဲတဲ့”
ဒီတစ်ခါ မောလျသွားရတာက ကျွန်တော်။ အမယ်အိုကတော့ စောစောက မေးခဲ့တာ သူမဟုတ်သလို အဝေးကို အငေးငေးအမောမော။
“လှည့်ပြန်ခဲ့ရတဲ့ ကောင်လေးရဲ့ ရင်ထဲမှာ ပန်းတွေ ဝေနေမယ်လို့ ထင်သလား”
မြတ်စွာဘုရား။ ဒီမေးခွန်းက အဘိုးအို ကျွန်တော့်ကို မေးတာလား။ အမယ်အိုကို မေးတာလား မသိ။ သူ့ဘာသာသူ မေးတာလည်း ဖြစ်နိုင်တာပဲ။ သူက ဇာတ်ကြောင်းပြန်ပြောသူလေ။ ကျွန်တော်တို့ထဲမှ အဖြေမရသော်လည်း သူ ဘာမှမပြောပါ။ သူ့စကားကိုသာ သူဆက်၏။
“နောက်နေ့မနက် ဈေးအ၀င်လမ်းမှာ သူတို့တွေ့ကြတော့ ကောင်မလေးက ပန်းခြောက်တွေအများကြီး စုထားတဲ့ အိတ်ကလေးတစ်အိတ် ကောင်လေးကို ပေးတယ်။ ပါးစပ်ကနေ စကားတစ်ခွန်းမှ ပြောမသွားပေမယ့် မျက်ဝန်းကနေ စကားတွေ အများကြီးပြောသွားတာကို ကောင်လေး ကြားလိုက်ရတယ်။ အဲဒီစကားတွေဟာ ရင်ထဲမှာ ထာဝရတည်မြဲနေမယ့် စကားတွေပဲ”
သုံးယောက်သား စက္ကန့်များစွာ တိတ်ဆိတ်နေမိကြသည်။ ဇာတ်လမ်းက ဆုံးသွားပြီလား။ ကျွန်တော်မသိပါ။ အဘိုးအိုကတော့ သိပေလိမ့်မည်။ သို့သော် ကျွန်တော်က ဇာတ်လမ်းကို ဒီနေရာမှာ မဆုံးစေချင်သေး။ ဆက်ရန်ရှိသေးသည်ဟု ခံစားနေရသည်။
“အဲဒီလိုနဲ့”
အဲဒီလိုနဲ့ ဟူသော စကားလုံးသည် အဘွားအို၏ မျက်ဝန်းမှ မျက်ရည်စက်တချို့ကို ဆွဲသိမ်းသွားသလို၊ ကျွန်တော့်ရင်ထဲမှ မျှော်လင့်ချက်တချို့ကိုလည်း နိုးထသွားစေသည်။
“ကောင်လေးက အဲဒီမြို့က ပြန်ထွက်သွားတယ်။ သက္ကရာဇ်တွေ အများကြီးကို ခက်ခက်ခဲခဲ တစ်ယောက်တည်း ဖြတ်သန်း သွားခဲ့ရတယ်။ သူ့ရင်ထဲမှာ ရှိနေတဲ့ ပန်းခြောက်တွေ တစ်နေ့တော့ ပြန်ရှင်သန်လာမှာလို့ မျှော်လင့်တဲ့ မျှော်လင့်ချက်တွေနဲ့ သူ အသက်ဆက်ခဲ့တာပေါ့”
ကျွန်တော် အမယ်အိုမျက်နှာကို လှမ်းကြည့်မိတော့ အရိပ်အယောင်တချို့ကို တွေ့ရသည်။ ဘာလဲဆိုတာတော့ ကျွန်တော်လည်း အဓိပ္ပာယ်မဖော်တတ်သေးပါ။ အဘိုးအိုက နာရီကိုတစ်ချက်ကြည့်ကာ စာအုပ်ဟောင်းလေးကို ပိတ်သိမ်းလိုက်၏။ ပြီး စကားကိုဆက်၏။
“နှစ်တွေ အရမ်းကြာသွားလို့ မြို့ကလေးကို ပြန်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြတယ်”
မဆီမဆိုင် ကျွန်တော်ပင် ရင်ခုန်ချင်သွားရသည်။ အမယ်အိုကတော့ ယောင်ယောင်လေး ပြုံးနေသလား မဆိုနိုင်။
“ဒါပေမယ့် ”
ဒါပေမဲ့ဆိုသော စကားလုံးသည် အဓိပ္ပာယ်ဆန့်ကျင်သော စကားလုံးတို့ကို တွဲဆက်ပေးသော စကားလုံးဖြစ်သည်။ ကျွန်တော်က စိုးရိမ်တကြီး မော့ကြည့်မိသော်လည်း အဘိုးအိုက ထိုင်ရာမှ အသာထ၏။ အမယ်အို၏ နဖူးပြင်ကို ဖွဖွလေး နမ်းကာ နှုတ်ဆက်ရင်း…
“နောက်နေ့မှ ဆက်ပြောတာပေါ့” တဲ့။
အမယ်အိုက ရီရီဝေေ၀ ခေါင်းညိတ်ပြကာ “ကောင်းသားပဲ” ဟု ထောက်ခံ၏။ မထောက်ခံနိုင်တာက ကျွန်တော်ပါ။ ထို့ကြောင့် ကျွန်တော့်အိတ်ကို ကောက်ဆွဲကာ အဘိုးအိုနောက်သို့ ခြေလှမ်းကျဲများဖြင့် လိုက်လာခဲ့မိသည်မှာ အမယ်အိုကိုပင် နှုတ်မဆက်ခဲ့မိ။
“အဘိုး”
“ဟင်”
အဘိုးအိုက ကျွန်တော့်ကို လှည့်ကြည့်၏။ ကျွန်တော် ဘာသိချင်နေသည်ဆိုတာကို သူရိပ်မိနေပုံရသည်။
“ဒါပေမယ့်... ဒါပေမယ့်.. ဘာဖြစ်လဲ အဘိုး”
အဘိုးအိုက တလက်လက်တောက်ရှနေသော တံလျှပ်များကို ငေးကြည့်ကာ သက်ပြင်းတစ်ချက်ကို ချ၏။
“ဒါပေမယ့် ကောင်မလေးက ကောင်လေးကို..၊ မဟုတ်သေးဘူး.. ၊ အမယ်အိုက ငါ့ကို ဘယ်လိုမှ မမှတ်မိတော့ဘူး”
“ဗျာ”
ကျွန်တော် ရုတ်တရက် အံ့သြမင်သက်သွားရ၏။ အဘိုးအိုကတော့ တည်ငြိမ်စွာပင်။
“ဟုတ်တယ်၊ လောကရဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ တမ်းတခြင်းတွေနဲ့ ကင်းဝေးတဲ့ နေရာကို သူရောက်နေပြီ။ သူ ဘာကိုမှ မမှတ်မိတော့ဘူး။ မနက်တိုင်း လာလာပြောတတ်တဲ့ အဖြစ်အပျက်လေးတွေကို သူက ပုံပြင်တစ်ပုဒ်လို နားထောင်နေတတ်တယ်။ သူ့မှာ ဒီနေ့ဆိုတာလည်းမရှိဘူး။ မနေ့ကဆိုတာလည်း မရှိဘူး။ မနက်ဖြန်ဆိုတာလည်း မရှိဘူး။ နောက်တစ်နေ့မှာ ငါပြောပြမယ့် ပုံပြင်လေးဟာ သူ့အတွက်တော့ အသစ်ပဲပေါ့ကွာ။ ဒါကိုက ငါ့အတွက် ကံကောင်းခြင်းတစ်မျိုးပေါ့”
အဘိုးအိုက စကားကိုဖြတ်ကာ နေရောင်အောက်တွင် ခြေလှမ်းကျဲများဖြင့် လှမ်းလျှောက်သွားသည်။ တကယ့်တကယ် လွမ်းလျကျန်ခဲ့ရသူက ကျွန်တော်။
နံနက်ခင်းအသစ်တိုင်းသည် သူတို့အတွက်တော့ အဓိပ္ပါယ်ရှိနေကြပေလိမ့်မည်။ ထို အဓိပ္ပါယ်သည် သေချာမှု တစ်ခုဟုတ်မဟုတ် ကတော့ ကျွန်တော်လည်း မသေချာပါ။
အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ နေရောင်များကြားတွင် တိမ်ညိုတစ်စကို တွေ့လိုက်ရသည်။ ထိုတိမ်တိုက်များထဲတွင် မျှော်လင့်ခြင်းမိုးရေစက်များ ပါဝင်နေမည်လား။
သိပ်တော့မသေချာပါ။ လင်းတောက်နေသော နေရောင်အောက်မှာပင် အရာရာသည်ေ၀၀ါးနေခဲ့လေသည်။


ခေါင်းလောင်းသံစာတမ်း

Sunday, November 9, 2008

ခွင့်စေ့ပြီလို့လာအော်နေတဲ့သူကရှိနေတော့ ကဗျာရှည်တစ်ပုဒ်တင်ပေးလိုက်တယ်...
ကိုတာရာမင်းဝေရဲ့ကဗျာရှည်ပါ....



ခေါင်းလောင်းသံစာတမ်း

(၁)

ကြယ်တာရာတွေစူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ကဝေည
မေမေ့…ကိုကျွန်တော်သတိရလိုက်တာ…
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့တဖျန်းဖျန်းရိုက်ကြတယ်…။

လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။

မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကိုစောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။

(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်းခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးကမီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင်ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ်…။

မုသားတစ်လွှာမာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင်ပုခက်ဖြစ်ပြခဲ့တယ်…။

“အမေ”
အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

(၃)
ခြေထောက်တွေကလှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။

ပြက္ခဒိန်ထဲမှာကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရမွန်းလွဲအိုတစ်ခုက
“မေမေ့”ကိုလုသွားတယ်…။

နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။

(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တ၀င်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။

ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။

မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။

မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။

ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။

(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။

“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။

ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။

(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။

ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေေ၀ဆာဆာဓါးချင်းခုတ်ဖူးတယ်….။

ကျွန်တော့်ဘ၀တောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။

ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။

မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။

(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။

ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။

ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ…။

တစ်စတစ်စ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။

(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြုံဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။

မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။

နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။

သား…
ဘ၀ဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…

မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။

မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။

(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေေ၀
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။

မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။

မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။

နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…

မုဆိုးခြေထောက်များနဲ့ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်းဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။

(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။

ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။

ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…၀ိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”

(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နိုး..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊၀ါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။

သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။

လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)

(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုး…အဝေးကြီးမှာ..။

ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။

အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။

အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)

(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။

အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖ၀ါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။

ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။

မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..
တာရာမင်းဝေ


ခွင့်

Thursday, November 6, 2008

ကွန်နက်ရှင်ကခုတလောပိုဆိုးလာသလိုပဲ...ကျော်မရပြုမရနဲ့...လူကလည်းအခြေနေက
တော်တော်လေးဆိုးနေတယ်.စိတ်ကောလူကောကိုအခြေအနေမကောင်းတာ...
လုပ်စရာတွေကအများကြီး..ဘာမှလည်းမလုပ်ချင်ဘူး...မလုပ်လို့လည်းမရဘူး
စိတ်တွေအခြေအနေမကောင်းရင်လုပ်နေကျ အတိုင်းကဗျာတွေဖတ်တယ်..
စိတ်ခွန်အားကိုဖြစ်စေတဲ့ကဗျာမျိုး....လင်းဒီပ ရဲ့ကဗျာ(ပြီးခဲ့တဲ့တနင်္ဂနွေ)လို
လူကိုပျော့ခွေသွားစေမယ့်ကဗျာမျိုးကျတော့
အန္တရာယ်များတယ်...အဲဒီကဗျာဖတ်ပြီးလူက အိပ်မက်ထဲတောင်မှ..ခြောက်သွေ့တိတ်ဆိတ်နေတဲ့လမ်းတွေပေါ်လျှောက်သွားနေမိတာ..
ခြောက်ခြောက်ခြားခြားကြီးကို အထီးကျန်ဆန်လို့...အိပ်မက်ထဲမှာခေါ်တဲ့ဖုန်းတွေကလည်း
ကွန်နက်ရှင်တွေပြတ်လို့ ....ကိုယ့်ဆီမှာက
သူငယ်ချင်းခေါ်စရာ ပန်းခြောက်အိုးလေးတောင်မရှိဘူးဆိုရင် သူသနားရှာမှာပဲ...း)....
ကိုလှသန်းကဗျာတွေကိုအလောတကြီး(ဖတ်စေချင်တဲ့စေတနာနဲ့)
ရိုက်အပြီးမှာလူကခြေကုန်လက်ပမ်းတွေပဲကျလာသလိုနဲ့
ကယောင်ခြောက်ခြားတွေဖြစ်နေလို့....
ပို့စ်လေးတွေမတင်နိုင်သေးရင်ခွင့်လွှတ်ပါလို့....


လက်မရွံ့ကဗျာ

Wednesday, November 5, 2008

ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလိုအခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကိုသတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာသစ္စာတရား

ကျွန်တော့်ရဲ့မိုက်မဲမှုများ
လောကကြီးကအလိုက်သိပါ့မလား

ရေပြင်ရဲ့မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲကငါးတွေကိုသနားတယ်
ထောင်ချောက်ကိုလိုက်ရှာနေတဲ့သားကောင်ဆိုတာရှိပါ့မလား
ပျော်ရွှင်မှုဆိုတာလှောင်အိမ်ထဲမှာမမွေးဖွားဘူး

ပြိုင်ကားတစ်စီးလိုဓါတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလိုအသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးတစ်ခေတ်လုံးကိုနားထောင်ခဲ့တယ်
ပွင့်လင်းတဲ့လူ့ဘောင်ကိုမျှော်လင့်မိတယ်
ကဗျာနဲ့ဘ၀ကိုချည်နှောင်ထားခဲတယ်

သူငယ်ချင်းရယ်ဒီဇာတ်လမ်းမှာ
လူဆိုးတွေတစ်ယောက်မှမသေသေးဘူးလား
လူကောင်းတွေဒုက္ခများလှပါပြီကွယ်

အသက်တစ်ချောင်းလုံးဆုံးရှုံ့းမယ်ဆိုရင်
နာမည်တစ်လုံးတော့အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာမြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ။ ။
လှသန်း



ပိတ်ထားတဲ့နေ့

လမိုက်ည
ကောင်းကင်ကြီးကအမှောင်ထဲလွင့်မျောလို့ရယ်
ကြယ်တွေကမပွင့်တပွင့်
နံရံကမီးခလုတ်ကိုဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

အိမ်တံခါးတွေကိုဖွင့်လိုက်တယ်
နေရောင်ကမပွင့်တပွင့်
ပန်းတွေကပွင့်တချို့ကြွေတချို့
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

သတင်းစာကိုဖွင့်ကြည့်တယ်
ရေဒီယိုကိုဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကိုဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘတ်ကိုယ်တော့ဖွင့်ကြည့်လို့မရ
နေ့ကတော့ပိတ်ထားဆဲ

ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ(နိစ္စဓူဝ) ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နဲ့အမျှဆာလောင်မှုတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့အနာဂါတ်အတွက်
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုလုပ်ကြမလဲ
နေ့ကတော့ပိတ်ထားဆဲ
ပိတ်ထားတဲ့နေ့ကိုဖွင့်ဖို့သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာရှိသလဲ
ကျွန်တော်လိုက်ကြည့်နေမိတယ်။

ပိတ်ထားတဲ့နေ့ကိုဖွင့်မယ့်သော့တစ်ချောင်း
ကျွန်တော့်လက်မောင်းမဖြစ်နိုင်ဘူးလား။ ။
လှသန်း



လူသားဆန်ချင်တာတရားတယ်


မြစ်တစ်စင်းနဲ့အတူပူးချည်
စွန့်စွန့်စားစားစီးဆင်းခဲ့တယ်
တစ်ခါမှမမြင်ဘူးတဲ့နေ့တွေကိုမြင်ချင်လွန်းလို့ပါ။

မြေပုံမှာမပါတဲ့ကျွန်းတွေ
ပင်လယ်ထဲမှာအများကြီးရှိတယ်
ရေထဲကငါးကို
လေထဲမှာပျံနေတဲ့သိမ်းငှက်ကဖမ်းယူစားတယ်
ဒါသဘာဝပဲလား
နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားရင်
ဘာတွေမြင်ရဦးမလဲ

ကမ္ဘာပေါ်မှာ
မနက်ဖြန်ကိုမြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကိုမမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ်သိဖို့အရေးကြီးရဲ့

မိတ်ဆွေတစ်ယောက်ပြောတာသတိရမိတယ်
အခန်းတစ်ခန်းလိုချင်တယ်တဲ့
အေးအေးဆေးဆေးဘုရားရှိခိုးဖို့
အမူးလွန်တဲ့အခါထိုးအန်ဖို့
အမျိုးသမီးတစ်ယောက်ကိုဧည့်ခံဖို့တဲ့
အိုး…လူသားဆန်လှချည်လား

ကျွန်တော်ကရောဘာထူးလို့လဲ
အာဇာနည်တွေကိုလေးစားမယ်
ကိုယ်ဟန်ပြမယ်တွေကိုပြစ်မှားမယ်
ထမင်း၀၀စားချင်တယ်
ဒါလည်းလူသားဆန်ခြင်းတစ်မျိုးဖြစ်နိုင်ရဲ့

ဒါပေမယ့်ရှေ့မှာ
ဂျူးလူမျိုး ခြောက်သန်းကျော်သေခဲ့ပြီးပြီ
ကမ္ဘောဒီယားပြည်သူတစ်သန်းကျော်သေခဲ့ပြီးပါပြီ
ဘ၀ပေါင်းများစွာကိုလျှောဖွပ်ဖို့
လွတ်လပ်မှုရှိမှဖြစ်မယ်

မျှော်လင့်ချက်တွေဟာလုပ်ကြံခံလိုက်ရတယ်
အနာဂါတ်ကတော့အသက်ငင်နေဆဲ
မကြာခင်ရှင်ပြန်ထမြောက်လေမလား

စိတ်ဓါတ်ကျစရာအကြောင်းမရှိ
နောင်တရစရာအကြောင်းမရှိ
ဟောဒီ့ညတစ်ညရဲ့လိုအပ်ချက်ဟာ
“မ” ဓါတ်ဖြစ်နေတာသေချာခဲ့ပြီပဲ..။ ။
လှသန်း



မိမိကိုယ်ကိုအဓွန့်ရှည်ရေး

နာရီလက်တံက
ကျွန်တော့်ကိုရန်စနေတယ်
အချိန်သိပ်မကျန်တော့ဘူးတဲ့

ကျွန်တော်စီးထားတဲ့ဖိနပ်ပ့
ကျွန်တော့်လွတ်လပ်မှုကိုအဆုံးသတ်သွားစေရဲ့
မာရ်နတ်ခမျာ
ကျွန်တော့်ဓါတ်ခံကိုမသိရှာဘူး

တစ်ချိန်ချိန်မှာ
ကျွန်တော့်ရဲ့ဆုံးရှုံးမှုတွေဟာ
အမှတ်တရရုပ်တုတွေဖြစ်ချင်ဖြစ်လာမှာပေါ့

ခုတော့ကောင်းသောနေ့နှင့်တွေ့ခွင့်မရှိ
မိုးလေ၀သမှန်ကန်ဖို့သာ
အသံချဲ့စက်ကိုအသုံးပြုခဲ့ပါတယ်

နေ့စဉ်ဇယားမှာ
ထမင်းစားမကောင်းတဲ့အခါလည်းရှိ
ခေါင်းကိုက်တဲ့အခါလည်းရှိ
တစ်ခုခုကိုရိုက်ခွဲချင်တဲ့အခါမျိုးလည်းရှိတာပေါ့

မလျှော့သောဇွဲနဲ့
အသည်းကွဲလဲကွဲပစေ
ကိုယ့်စိတ်နဲ့ကိုယ်အတူမနေရတာ
ရင်နာဖို့ကောင်းတယ်

ကံကြမ္မာအလှည့်အပြောင်းမှာ
စုဆောင်းထားတဲ့သဲလွန်စတွေအတွက်
တရားခံပြသက်သေဖြစ်ချင်တယ်

ချစ်လှစွာသောဖေဖေနဲ့မေမေ
ကျွန်တော်အဓွန့်ရှည်ဖို့
ကျွန်တော်သေချာခဲ့ပါပြီ။ ။
လှသန်း



လူငယ်ဘ၀ကွယ်လွန်ခြင်း

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဘာသာစကားပြောသင်တန်းတွေ
ကွန်ပျူတာသင်တန်းတွေ
အောင်လက်မှတ်တွေမရှိခဲ့ပါ

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်းမရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်သေတ္တာပဲရှိခဲ့ပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရုပ်ရှင်ရုံသည်သာအငြိမ်းချမ်းဆုံးနားခိုရာ
တစ်ခါတရံစိတ်ပြေပျောက်စရာ
အပြာရောင်စာအုပ်များနဲ့သာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
စက်ဘီးလေးတစ်စီးတောင်မရှိခဲ့သလို
ရည်းစားလည်းတစ်ယောက်မှမရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဘီယာဆိုင်တွေနိုက်ကလပ်တွေမရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ကမ္ဘာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ခပေါင်းစီးကရက်တစ်ဘူးနဲ့
မြို့ပတ်ရထားကိုမူးအောင်စီးခဲ့ဖူးပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
လူငယ့်ရေးရာညကျောင်းတစ်ကျောင်းရှိခဲ့သလို
ရန်ကုန်မြို့လည်ပလက်ဖောင်းဟာလဲ
သင်တန်းကျောင်းကြီးတစ်ကျောင်းပါပဲ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဒိုင်ယာရီစာအုပ်လွယ်အိတ်ထဲထည့်လို့လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေအော်ဆိုခဲ့တာ
အနာဂါတ်လွမ်းချင်းကဗျာတွေရေးသားခဲတာ

အခုတော့
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံးကိုဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးဟာ
နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါပြီ။ ။
လှသန်း



ပြီးပြည့်စုံတဲ့ကမ္ဘာ

မှုန်နေတဲ့မျက်လုံးတွေအတွက်
မျက်မှန်အကောင်းစားတွေရှိခဲ့ပြီ

ပိတ်နေတဲ့နှာခေါင်းတွေအတွက်
ဟင်းခတ်အမွှေးအကြိုင်တွေရှိခဲ့ပြီ

လေးနေတဲ့နားတွေအတွက်
ဥသြဆွဲသံတွေရှိခဲ့ပြီ

အဆီပြန်မျက်နှာတွေအတွက်
ရေခဲစိမ်မျက်နှာသုတ်ပုဝါတွေရှိခဲ့ပြီ

နံစော်နေတဲ့ခန္ဓာကိုယ်တွေအတွက်
ကမ္ဘာကျော်ရေမွှေးတွေရှိခဲ့ပြီ

ညောင်းညာနာကျင်ကိုက်ခဲမှုတွေအတွက်
ပြည်တွင်းဖြစ်ဒါဏ်ကြေလိမ်းဆေးတွေရှိခဲ့ပြီ

မှိုတက်နေတဲ့သီချင်းတွေအတွက်
ဓါတ်ပြားအသစ်တွေရှိခဲ့ပြီ

လိမ်ညာနေတဲ့ကဗျာတွေ၊၀တ္ထုတွေအတွက်
မသမာတဲ့စာမျက်နှာတွေရှိခဲ့ပြီ

ဖုံတက်နေတဲ့သတင်းစာတွေအတွက်
လျှာထွက်နေတဲ့ချိန်ခွင်တွေရှိခဲ့ပြီ

အညောင်းမိနေတဲ့ဦးနှောက်တွေအတွက်
ဘက်လိုက်တတ်တဲ့ကွန်ပျူတာတွေရှိခဲ့ပြီ

စိတ်ကူးတွေထင်ရာစိုင်းးဖို့အတွက်
နောက်ခံသမိုင်းအချက်အလက်တွေရှိခဲ့ပြီ

ပုတ်သိုးတဲ့ခန္ဓာကိုယ်တွေအတွက်
လတ်ဆတ်တဲ့အစားအစာတွေရှိခဲ့ပြီ

မစင်ကြယ်တဲ့အာရုံတွေအတွက်
ဝိပဿနာတရားတွေရှိခဲ့ပြီ

မလွတ်မြောက်နိုင်တဲ့ဘ၀တွေအတွက်
မဂ္ဂင်ရှစ်ပါးရှိခဲ့ပြီ။ ။
လှသန်း
(အံ့သြစရာကောင်းတာက ဒီကဗျာဟာကိုလှသန်းလက်ရာလို့ကျွန်မကမယုံချင်တာပါပဲ…)





ကမ္ဘာကြီးနောက်ကိုလျှောက်မလိုက်နိုင်ဘူးမေမေ

ကမ္ဘာကြီးနောက်ကို
လျှောက်မလိုက်နိုင်ဘူးမေမေ
ကျွန်တော့်နောက်ကိုသာ
ကမ္ဘာကြီးလျှောက်လိုက်စေချင်တာ
အဲဒီအတွက်ဒါဏ်ရိုက်ခံရမယ်ဆိုရင်လည်းခံလိုက်မယ်

အင်တာနက်ခေတ်မှာ
အင်ဗာတာကောင်းကောင်းမသုံးနိုင်လို့
ဖယောင်းတိုင်နဲ့နေခဲ့ရတဲ့ညတွေလည်းများလှပါပြီ

ကမ္ဘာရွာကြီးထဲမှာ
တစ်နေ့တစ်ခြားတံငါတွေများများလာ
မုဆိုးတွေများများလာ
အဲဒီကြားထဲမှာ တံငါနားနီးတံငါ
မုဆိုးနားနီးမုဆိုး မဖြစ်ခဲ့တာကိုပဲဂုဏ်ယူပါရစေ

ဟိုဟာလမ်းညွှန်
ဒီဟာလမ်းညွန်
လမ်းညွှန်စာအုပ်တွေအလယ်မှာ
ကိုယ်သွားရမယ့်လမ်းကို
ကိုယ့်ဟာကိုယ်ပဲရှာဖွေရွေးချယ်ခဲပါတယ်

အိမ်ခန်းထဲပြန်လှည့်ကြည့်လိုက်တော့လည်း
ဇိမ်ခံပစ္စည်းဆိုလို့
နဲ့နေတဲ့ပက်လက်ကုလားထိုင်အိုတစ်လုံးရယ်
ဓါတ်ခဲရေဒီယိုလေးတစ်လုံးရယ်
ဆေးပေါ့လိပ်တိုတွေပဲရှိပါတယ်

ဈေးကွက်စီးပွားရေးခေတ်မှာ
ပဲပြုတ်နဲ့ဝေးခဲ့ရ
ပဲပင်ပေါက်နဲ့ဝေးခဲ့ရ
နောက်ဆုံးဈေးနဲ့တောင်ဝေးခဲ့ရပါပြီ

ဂလိုဘယ်လိုင်ဇေးရှင်းဆိုတာကြီးကို
မေမေ့ကိုကျွန်တော်ဘယ်လိုရှင်းပြရမလဲ

တစ်ခါတစ်လေနောက်ဘ၀ကိုမေ့နေသလို
အနာဂါတ်ကိုမေ့နေမိတယ်
ဒါပေမယ့်တတိယလှိုင်းဆိုတာကြီးက
ကျွန်တော်တို့ထမင်းဝိုင်းထဲဝင်လာခဲ့ပြီလေ

ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးနောက်ကို
လျှောက်မလိုက်နိုင်ဘူးမေမေ
ကျွန်တော့်နောက်ကိုသာ
ကမ္ဘာကြီးကိုလျှောက်လိုက်စေချင်တာ
အဲဒီအတွက်ဒါဏ်ရိုက်ခံရတာတွေလည်းများလှပါပြီမေမေ။ ။
လှသန်း



လင်းနို့များ
ဟောဒီကဗျာ
လင်းနို့တို့ပျံသလိုအမှောင်မှာ
အတားအဆီးများရှောင်နိုင်ပါစေ

ကမ္ဘာကြီးလုံးတယ်ဆိုတာသေချာမှတော့
မျက်လုံးမျက်လုံးချင်း
ဖုန်းဆက်ဖို့လိုသေးလား
နားရွက်နားရွက်ချင်း
ကြိုးညှိဖို့လိုသေးလား
ပါးစပ်ပါးစပ်ချင်း
တံတားထိုးဖို့လိုသေးလား

ဆွေးနေတဲ့အသားစကို
ဘယ်လိုချုပ်ရိုးတွေနဲ့ဆက်စပ်ဦးမှာလဲ
ဆိုးဖော်မိုက်ဖက်သူငယ်ချင်းတို့ရေ
သေသူကသေရှင်သူကရှင်
ဝင်သူက၀င် ထွက်သူကထွက်နဲ့

မြောက်ဖက်အရပ်ကလေတွေတိုက်ရင်
တစ်ခုခုကိုနင်နေတဲ့လည်ချောင်းနဲ့
သီချင်းဟောင်းတွေကို
တစ်ပုဒ်ပြီးတစ်ပုဒ်ချွေချနေမိတယ်

တကယ်တော့ဂျင်းဘောင်းဘီဆိုတာ
ရွှေတူးသမားတွေကစ၀တ်တာပါ
ပုရစ်တွေအသက်စွန့်သွားတဲ့နိုဝင်ဘာမှာ
အောင်ပွဲခံကဗျာ ၂ပုဒ် ၃ပုဒ်နဲ့
ဒုက္ခစရိယာကျင့်နေမိတယ်

ခုတော့ငါ့ကဗျာ
လင်းနို့များလိုညရဲ့ကျောပြင်မှာ
ဘာမှန်းမသိတဲ့တစ်စုံတစ်ရာကိုလိုက်လံရှာဖွေဆဲ။ ။
လှသန်း



မတည်ဆောက်ရသေးတဲ့ကဗျာ

အာပူးရဲ့ကဗျာကိုကြည့်ခဲ့ပြီးပြီ
ခရစ္စတီနာရဲ့ကမ္ဘာကိုကြားခဲ့ပြီ
ဆူဇီဝေါင်းရဲ့ကမ္ဘာကိုမြင်ခဲ့ပြီ
ဆိုဖီရဲ့ကမ္ဘာကိုဖတ်ခဲ့ပြီ

ကျွန်တော်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

နူဘီယန်ကျွန်တစ်ယောက်လိုနေခဲ့တယ်
ဘိုဟီးမီးယန်းတစ်ယောက်လိုနေခဲ့တယ်
စတာလင်ခေတ်ကဗျာဆရာတစ်ယောက်လိုနေခဲ့တယ်

ကျွန်တော့်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

ဂျင်းနစ္စဂျိုပလင်ကိုသဘောပေါက်ခဲ့တယ်
ဖရက်ဒီမာကျူရီကိုသဘောပေါက်ခဲ့တယ်
တတိယလိင်ကိုသဘောပေါက်ခဲ့တယ်

ကျွန်တော့်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

သူတော်စင်တစ်ယောက်လိုအတောင်မပေါက်ခဲ့ဘူး
တစ်ခါမှလူ့လောကကြီးကိုသစ္စာမဖောက်ခဲ့ဘူး
လူပျိုပေါက်ကတည်းက အနုပညာနဲ့မှောက်မှားမိခဲ့တယ်

အို..အယ်လ်ဗင်တော်ဖလာ
ခင်ဗျား..သိပ်နောက်ကျသွားပါပြီ။ ။
လှသန်း


ကိုလှသန်းရဲ့ကဗျာတွေကဒီမှာပြီးပါပြီ။နောက်မှာ “ဂုဏ်ပြုကဗျာ”ဆိုတာ ၂ပုဒ်ပါပါသေးတယ်။


လှသန်းအတွက်သာမန်ကဗျာရိုးရိုးတစ်ပုဒ်

သူလာတယ်
မိုက်ကြွေးတင်အထပ်ထပ်တင်ဖို့
မှန်ဘီလူးလိုလောကကိုဇောက်ထိုးကြည့်ပြီး
ပုံရိပ်အတည့်ပြန်ဖော်ဖို့
နေ့ကိုညလုပ်ပြီး ညကိုနေ့လုပ်ဖို့
ပင်လယ်လောက်ဒုက္ခကြီးတွေကိုထမ်းပိုးဖို့

သူလာတယ်
ခါချဉ်ကောင်လိုမသန်တဲ့ခါးနဲ့
ပီဆာမျှော်စင်ကြီးစောင်းနေတာပြန်တည့်ဖို့
တံထွေးတပျစ်ပျစ်ထွေးလိုက်
နတ်စကားပြောလိုက်လုပ်ဖို့
ကိုယ့်ရုပ်မှကိုယ်အားမနာ
ရေသူမတွေနဲ့ရည်းစားထားဖို့

သူလာတယ်
စုန်းလိုတောက်တဲ့မျက်လုံးနဲ့
အချိုးမတည့်တာတွေစုပ်ယူပြီး
သူ့ကိုယ်ပိုင်မာကျောစတိုင်လ်နဲ့ရောမွှေကာ
လူတာရဲ့မျက်မုန်းကျိုးမှုကိုခံယူဖို့

သူလာတယ်
မြစ်ရဲ့အောက်ခြေမှာ
တီကောင်မပါတဲ့ငါးမျှားချိတ်နဲ့
ရွှေဒင်္ဂါးပြားတွေကိုမျှားဖို့
အသက်မပါခြောက်ကပ်ကပ်ရယ်သံနဲ့
ကလင်တန်ကိုဟားဖို့

သူလာတယ်
“ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…” လို့
ကဗျာဆရာဆိုတဲ့လူတွေကိုတပ်လှန့်ဖို့
နိုဘယ်ဆုရတယ်လို့
အိပ်မက်လိုလို တကယ်လိုလို
ပါးစပ်အရသာခံဖို့

မအေပေး
ကဗျာတော့ တော်တော်အရေးကောင်းတဲ့ကောင်။ ။
ခင်အောင်အေး
၂၆-၁၁-၉၉


လက်မရွံ့ကဗျာဆရာတစ်ယောက်အကြောင်း

အပြင်မှာမှောင်မည်းနေတဲ့ည
အားနည်းတဲ့မီးရောင်အောက်က
အဖြူရောင်စာရွက်တွေပေါ်မှာ
သံမဏိရောင်ဘောလ်ပင်တစ်ချောင်း
သင်ဘာတွေရေးသားနေပါလိမ့်

ဟောဒီမိုးအုပ်နေတဲ့ကောင်းကင်
မီးခိုးရောင်အခန်းကျဉ်းထဲက
ခုတင်တစ်လုံးပေါ်မှာ
ရေဒီယိုကိုင်ရင်းအလုပ်ရှုပ်နေသူ
သင်ဘာတွေများနားထောင်နေပါလိမ့်

ကိုယ့်နာမည်ကိုယ်ချရေးဖို့
အကြွေးကျန်နေသောစာမျက်နှာများ
လက်မောင်းသွေးကိုဖောက်ခဲ့ပေမယ့်
လျော်ကြေးမရလိုက်တဲ့နစ်နာမှု
အစွန်းအထင်းများတဲ့ကိုယ်ရေးရာဇ၀င်နဲ့
သွားခေါခေါဆံပင်ရှည်ရှည်တစ်ယောက်ဟာ
ဝင်သွားတဲ့နေကိုဆယ်ယူဖို့
ပင်လယ်ကိုထွက်သွားပါပြီ။ ။
မင်းနိုင်သား


လက်မရွံ့ကဗျာ

လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၂)

ညနေစောင်းထိုင်ခုံပေါ်မှာ
သရုပ်ဆောင်ကောင်းတဲ့နားရွက်တစ်စုံနဲ့
ဝါရှင်တန်ကိုနားထောင်တယ်
လန်ဒန်ကိုနားထောင်တယ်
ရန်ကုန်ကိုနားထောင်တယ်

ခုံမင်စရာကောင်းတဲ့ကမ္ဘာကြီးပေါ်မှာ
ပြင်းထန်တဲ့ယုံကြည်ချက်တွေရှိနေရဲ့

ရေစီးကြောင်းတွေကို
ပြောင်းပြန်လှန်ကြည့်ရတာ
အရသာမတွေ့ဘူးလား
နှလုံးသားထဲက ပထ၀ီဝင်အတွက်
ဦးနှောက်ထဲကသမိုင်းအတွက်
လှိုင်းလုံးကြီးတွေတည်ဆောက်ကြည့်တယ်
မဟာတံတိုင်းကြီးးကိုလည်းခေါင်းနဲ့ပြေးဆောင့်မိတယ်

တစ်ခါကအဆောက်အဦသုတေသနဌာနမှာ
ငါဟာအလုပ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်
အဆောက်အဦတွေရဲ့အတွင်းရေးကို
သိသင့်သလောက်တော့သိခဲ့ပါရဲ့

ခုတော့ငါဟာ လက်မရွံ့ကဗျာဆရာ
လူနာတွေမရှိပဲဆရာဝန်တွေရှိပါ့မလား
ဘဏ်တိုက်တွေမရှိပဲဘဏ်ဓါးပြတွေရှိပါ့မလား

ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့အသံကိုထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာမတန်တဆအနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာရှင်ပြန်ထမြောက်လာမယ်

ငါ့ကိုယ်ငါသရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကိုသစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာထီးတော်သစ်တင်လှူပူစော်ဖို့
မြန်မာကဗျာတွေကိုပထမဆုံး သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။ ။
လှသန်း


လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၃)

ဖြစ်နိုင်ရင်
အံသွားအသစ်လဲချင်တယ်
အဆုတ်အသစ်လဲချင်တယ်
ဦးနှောက်နဲ့အသည်းနှလုံးကိုဒီတိုင်းထားလိုက်ပါတော့
နှစ်နှစ်ခြိုက်ခြိုက်မှားခဲ့ပြီပဲ

အရသာခံတယ်
ကင်တာကီကြက်ကြော်ကိုအရသာခံတယ်
စကော့ခ်ျဝီစကီကိုအရသာခံတယ်
ဟောလီးဝုဒ်ရုပ်ရှင်တွေကိုအရသာခံတယ်
ပုံနှိပ်စာလုံးတွေကိုအရသာခံတယ်
ဆန့်ကျင်ဖက်လိင်ကိုအရသာခံတယ်
ငွေစက္ကူတွေကိုအရသာခံတယ်

အာသာမပြေဘူး
အင်းစတန့်အစားအစာတွေနဲ့အာသာမပြေဘူး
ခပ်ညံ့ညံ့ဘီယာတွေနဲ့အာသာမပြေဘူး
အပေါစားအိပ်ယာတွေနဲ့အာသာမပြေဘူး
သွေးပြန်ကြောထဲတိုက်ရိုက်မရောက်တဲ့အနုပညာနဲ့
အာသာမပြေဘူး
သံဆူးကြိုးပတ်ထားတဲ့ဖယောင်းတိုင်အလင်းနဲ့
အာသာမပြေဘူး
ကာကီရောင်မိုးဥတုနဲ့အာသာမပြေဘူး
အာသာမပြေဘူး
အာသာမပြေဘူး

သဘောင်္မြုပ်မှာကိုကြိုသိနေတဲ့ကြွက်တစ်ကောင်
စာရွက်တစ်ရွက်လိုဆုပ်ဖြဲခံရခြင်းများ
ရွဲ့စောင်းသွားတဲ့အာရုံမြင်လက်ရေး
လည်ချောင်းထဲနင်နေတဲ့အိပ်မက်
ထွေးထုတ်လို့မရတဲ့သက္ကရာဇ်
ရင်ဘတ်ပေါ်ပြုတ်ကျလာတဲ့ကြယ်တစ်ပွင့်
သော့တူတစ်ချောင်းလိုပရိယာယ်
ကွယ်လွန်သွားပြီဖြစ်သောလပြည့်ည
ဒါတွေဟာငါတွေ့ခဲ့တဲ့မီးခိုးလုံးတွေ

မိုးတိမ်တွေအရည်ဖျော် ခေါင်းလျှော်ပြီးပြီ
နားထင်ရောက်နေတဲ့သွေးနဲ့ခြေဆေးဖို့
ကမ္ဘာ့မြို့ကြီးအားလုံးကိုအကြောင်းကြားလိုက်ပါတယ်

မွေးမြူရေးငါးတစ်ကောင်မဟုတ်ခဲ့တာကို
ဂုဏ်ယူပါရစေ။ ။
လှသန်း



ကဗျာတစ်ပုဒ်ရဲ့နာရေး

သံမဏိ၊ကွန်ကရစ်
အီလက်ထရွန်းနစ်
ကွန်ပြူတာချစ်ပ်တွေနဲ့တည်ဆောက်ထားတဲ့
အမှည့်လွန်ကမ္ဘာကြီးထဲမှာ
သင့်ရဲ့အာသာငမ်းငမ်းစားသုံးမှုကဘာလဲ
သင့်ရဲ့အကြီးမားဆုံးတင်ပို့မှုကဘာလဲ

မေးခွန်းတွေကြောင့်ချော်လဲသွားနိုင်ရဲ့

ကျောင်းသား
အလုပ်သမား
နိုင်ငံရေးအကျဉ်းသား
အနုပညာစားသုံးသူ
ဘ၀ဇယားမှာအပြောင်းအလဲတွေအများကြီးရှိခဲ့ပြီ

ယုတ္တိရှိတဲ့အလဲအလှယ်တွေ
ကန့်သတ်အောင်ပွဲတွေ
စိတ်ပျက်လက်ပျက်အတည်ပြုချက်တွေ

အဂ္ဂါအယ်လင်ပိုးကနေပီမိုးနင်းအထိ
မြို့မငြိမ်းကနေကာ့တ်ကိုဘိန်းအထိ
ကိုရာဇန်အကွီနိုကနေ မီဂ၀တီဆူကာနိုအထိ
ဆက်သွယ်ကြည့်မိတဲ့မျဉ်းကြောင်းတွေ
အား… ! ညနေတောင်စောင်းသွားပြီ

ဘာမဆိုဈေးကြီးပေးဝယ်နေရတဲ့ခေတ်
နွံနစ်နေတဲ့လှည်းဘီး
ကြိုးဝိုင်းထဲပီယာနိုတီးသူ
စုံလုံးကန်းနေတဲ့ဒိုင်သူကြီးများ
ညနေစာကငါ့ကိုပြန်စားတဲ့ည
စော်ကားမှုဟာသိမ်မွေ့လွန်းတယ်

လရောင်မှာလိင်ဆွဲဆောင်မှုရှိပါသလား
တက္ကစီလှမ်းတားလိုက်လေ
စီးပွားရေးမဂ္ဂဇင်းတစ်အုပ်ထဲမှာ
“မွေ့ယာဆိုတာလည်းရင်းနှီးမြုပ်နှံမှုတစ်မျိုးပါပဲ” တဲ့

ဒါခပ်ညံ့ညံ့ရုပ်ရှင်တစ်ကားမဟုတ်ဘူး
မျက်နှာမသစ်ခင်ရောက်လာတဲ့မေးခွန်းတွေအတွက်
အပူတပြင်းရေးလိုက်တဲ့ကဗျာ
နာရေးကြော်ငြာတစ်ခုလည်းဖြစ်နိုင်ရဲ့။ ။
လှသန်း


လက်မရွံ့ကဗျာ

နာမကျန်းသောနေ့ရက်များ
ပြန်ဖို့ရာအိမ်အဆင်သင့်
သွားဖို့ရာသံသရာအဆင်သင့်
နာဖို့ရာ ခန္ဓာကိုယ်ဆင်သင့်

နာခြင်းပင်လယ်ကိုရွက်လွှင့်ပြီးမှ
ပြန်လည်ရှင်သန်ခြင်းကမ်းခြေမှာ အပမ်းဖြေရမလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုဆိုက်ကပ်မှာလား

လောလောဆယ်မှာ
စိတ်ဓါတ်ကဘယ်လိုရှိပါသလဲ

ရုပ်ကသာဆေးရုံပေါ်မှာ
စိတ်ကဘရော့ဒ်ဝေးဇာတ်ခုံပေါ်ရောက်နေ

ရုပ်ကသာလူနာကုတင်ပေါ်မှာ
စိတ်ကတိန်အန်မင်ရင်ပြင်ရောက်နေ

ရုပ်ကသာအိပ်ယာပေါ်မှာ
စိတ်က ကားလ်းပေါ့ပါး ရဲ့စာအုပ်ထဲမှာ

ရုပ်ကသာပြိုလဲကျနေ
စိတ်ကလွတ်လပ်ရေးကျောက်တိုင်လိုမားမားမတ်မတ်

ငုတ်တိုင်ကကြိုးမပြတ်သေးသ၍
ကျွန်တော့်မှာသတ္တိရှိပါတယ်။ ။
လှသန်း





နာမည်တစ်ခု၏ဈာပန

(၁)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ်ဖတ်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်နားထောင်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ရုပ်ရှင်တွေတစ်ကားပြီးတစ်ကာကြည့်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
မိန်းမတစ်ယောက်နဲ့မှားယွင်းငြိစွန်းမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
အနာဂတ်ကိုရိသဲ့သဲ့လုပ်နေမိတယ်။

(၂)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ပျားရည်နှင့်သွန်းလောင်းပြုလုပ်ထားသောသန္ဓေသား
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
အထိအတွေ့မှာမကြာခဏလူးလွန့်မိတဲ့မိန်းမပျိုလိုမြစ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ဦးခေါင်းတွေထဲတိုးလျှိုပေါက်ဖြတ်စီးသွားမယ့်ခေတ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
နွေဦးကြိုတေးသွားကိုညည်းတွားနေတဲ့ကြေးဝါရွက်အိုများ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
သတင်းကွန်ယက်ထဲမှာကိုယ့်ကိုယ်ကိုလက်သပ်မွေးနေသူ

(၃)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ။ ။
လှသန်း





နာမည်များနဲ့နေ့တစ်နေ့


မှောင်ရီပျိုးမိုးချုပ်တာနဲ့
ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိတယ်
“ ဒီနေ့ကိုမိမိရရ ဆုပ်ကိုင်မိရဲ့လား” လို့

လက်ထဲကအရက်ခွက်ရေ
မင်းငါ့ကိုပြက်ရယ်ပြုနိုင်ပါတယ်
တကယ်တမ်းကျတော့လည်း
ပြောစရာစကားက မယ်မယ်ရရမရှိလှ
“ကူရိုဆာဝါ” တဲ့
“ကက်သရင်းဒင်းနျုဗ် ” တဲ့
“ ထရူးမင်းကပို့တ် ” တဲ့
“ အင်ဒီဝါးဟိုး” တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
ပန်းချီဆရာကပြောတယ်
“မဲလ်ဂစ်ဘဆင်နဲ့ငါကအသက်တူတူ…”တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
ချာတိတ်မကပြောတယ်
“ကျွန်မဖြစ်နေပြီ”တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
မိတ်ဆွေကပြောတယ်
“ ကိုယ့်နံရိုးနဲ့ကိုယ်ပြန်ရိုက်ခံရတာလောက်
နာတာမရှိဘူး” တဲ့

မြစ်တွေဟာမဖြောင့်မတ်သလို
ကံကြမ္မာဆိုတာဒေါင့်ဖြတ်မျဉ်းတစ်မျိုးပ
ဆိုက်ဗေးရီးယားကျောရိုးမဟုတ်ပါဘူး

ဒဏ္ဍာရီဆန်ဆန်မာကျောမှုမျိုးကိုပြသ
ပင်ကိုယ်ဗီဇနဲ့စိတ်အားထက်သန်
သြော်..ဂျင်မော်ရစ်ဆန်လည်းသေခဲ့ပြီ
ခု..ကာ့တ်ကိုဘိန်းလည်းသေသွားပြန်ပြီ

ပျင်းပျင်းရှိတိုင်း
ရှုခင်းတွေပြတင်းပေါက်ထဲထည့်ဖျော်သောက်
ကြောက်ရွံ့နေမိတယ်

ခင်ဗျားအိပ်ယာထဲကို
ဆီလ်ဗီယာပလာ့သ်ရောက်ဖူးလား
မာရီလင်မွနရိုးရောက်ဖူးလား
(အဲဒီမိန်းမသုံးယောက်စလုံး)
ကိုယ့်ကိုယ်ကိုသတ်သေသွားတာ….

ကောင်းပြီ
ဟောဒီအမှောင်ထုထဲမှာ
ဘာမဆိုဖြစ်နိုင်တယ်
ဒါပေမယ့်…ချစ်နိုင်စွမ်းကိုမြှင့်တင်ကြ။ ။
လှသန်း


လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၁)

လက်တစ်ကမ်းမှာ
အောင်မြင်မှု၊သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစုအသစ်တစ်ခုရှိရဲ့

မိန်းမတစ်ယောက်ကကျွန်တော့်ကိုစောင့်နေတာလား
ကျွန်တော်ကမိန်းမတစ်ယောက်ကိုစောင့်နေတာလား
ခြေလှမ်းတွေမှာအပြစ်မရှိ

သိပြီးသားကိစ္စတွေပါ
လိုအပ်နေတာ ခရက်ဒစ်ကတ်လဲမဟုတ်
ဇိမ်ခံကားလည်းမဟုတ်
ကွန်ဒိုမီနီယမ်လည်းမဟုတ်
ဒီနေ့လိုအပ်နေတာက
လွတ်လပ်မှုနဲ့ထိမ်းမြားလက်ထပ်ဖို့သာ
ဒါပေမယ့်စေ့စပ်ကြောင်းလမ်းခြင်းတောင်မအောင်မြင်

ခက်တာက
ဘုရားသခင်ကလည်းကိုယ့်ဘက်မှာမရှိ
ရာသီဥတုကလည်းကိုယ့်ဘက်မှာမရှိ
ဖြစ်နေပုံကမချိမဆန့်
ဒါပေမယ့်လိပ်ပြာသန့်ခဲ့တယ်

ရထားကဘူတာရုံကိုလိုက်ရှာနေတာလား
ဘူတာရုံကရထားကိုလိုက်ရှာနေတာလား
သံလမ်းတွေမှာခံစားချက်မရှိ
ပူပြင်းတဲ့ခေါင်းစဉ်ကိုသယ်ထမ်းရင်း
ဘယ်နှစ်ယောက်လောင်ကျွမ်းခဲ့ပြီလဲ
ကိန်းဂဏန်းအတိအကျ မဖော်ပြနိုင်
“ပြုတ်မကျစေနဲ့…
ပြုတ်မကျစေနဲ့….”တဲ့
ငါ့ကိုဆွဲမထားတဲ့အရာကဘာများပါလိမ့်

ငြီးငွေ့မှုတွေကစခဲ့တာလား
တပ်မက်မှုတွေကစခဲ့တာလား

ဒီဘ၀အတွက်မလေးရှားမှာကားရေဆေးတယ်
နောက်ဘ၀အတွက်ကဗျာရေးတယ်
ဒါဟာကျွန်တော်နဲ့လောကကြီးရဲ့ဆက်ဆံရေးပါပဲ

သွေးကြောထဲကကြေငြာချက်မှာ
လက်ရှိပွဲတော်တွေကိုငြင်းတယ်
လက်ရှိဆိုင်းဘုတ်တွေကိုငြင်းတယ်
လက်ရှိဦးထုပ်တွေကိုငြင်းတယ်

ရှင်းရှင်းလေးပါပဲ
အနာဂါတ်ကိုသင်မစဉ်းစားခဲ့ရင်
သင့်ကိုလည်း အနာဂါတ်ကစဉ်းစားမှာမဟုတ်ဘူး။ ။
လှသန်း


လက်မရွံ့ကဗျာဆရာ

ကိုလှသန်းကဗျာအတွက်မဲပေးကြတာကိုကြည့်ပြီး ကျွန်မကသူ့အစားပျော်လိုက်တာ...
အမှန်က ကျွန်မ စတန့်ထွင်တာမဟုတ်ပါဘူး..ကဗျာတွေတင်ပေးပြီး responseက
သိပ်မရတော့ စိတ်မှဝင်စားရဲ့လားဆိုတာသိချင်လာလို့ခုလိုလုပ်ရတာပါ...
ကဲ...လာပြီနော်
ဒီမှာ...လက်မရွံ့ကဗျာဆရာရဲ့နိဒါန်း....



လက်မရွံ့ကဗျာ
သူများသီချင်းသံစဉ်တွေကိုစာသားသွပ်ရေဲ့ကော်ပီသီချင်းရေးသမားဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
ပေါတောတောရုပ်ရှင်တွေဗီဒီယိုတွေအတွက်ဇာတ်ညွှန်းရေးတဲ့အလုပ်ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
သတ်ပုံတောင်သေသေချာချာမသိတဲ့အရေခြုံအယ်ဒီတာဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။သတင်းလို့ထင်ရတဲ့ အတိုအစတွေရေးပြီးခြောက်စားမြှောက်စားလုပ်တဲ့အောက်တန်းစား
စာနယ်ဇင်းသမားဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
ဘ၀မှာပင်ပန်းမယ်၊ဆင်းရဲမယ်၊ခက်ခဲမယ်၊ဒုက္ခရောက်မယ်ဆိုတာသိသိနဲ့ ကျွန်တော်ကဗျာဆရာဘ၀ကိုပဲကျေကျေနပ်နပ်ရွေး
ချယ်ခဲ့ပါတယ်။ပတ်ဝန်းကျင်မှာကားပွဲစားလောက်မှ၊ချဲထီရောင်းသူလောက်မှလူအထင်မကြီးတဲ့ကဗျာဆရာဘ၀ကိုပဲ သေသေ
ချာချာရွေးချယ်ခဲ့ပါတယ်။
သက္ကရာဇ် ၂၀၀၀ပြည့်နှစ်တ၀ိုက်မှာ လက်ရေးစာမူတွေပုံနှိပ်စာလုံးဖြစ်လာဖို့ခက်ခဲခဲ့ရပါတယ်။မဂ္ဂဇင်းစာမျက်နှာတွေနဲ့လမ်းခွဲ
ခဲ့ရတယ်။ဝမ်းနည်းစရာတော့မရှိပါဘူး။၁၉၈၂ခုနှစ်ဖေဖော်ဝါရီလကစခဲ့တဲ့ကဗျာခရီးဟာ ၂၀၀၂ခုနှစ်ဖေဖော်ဝါရီလမှာအနှစ်
၂၀ရှိခဲ့ပါပြီ..။
ကျွန်တော့်ရဲ့အနှစ်၂၀ကဗျာခရီးမှာ ကျေးဇူးတင်ရမယ့်သူများစွာရှိပါတယ်။ကျွန်တော့်ကိုလူဖြစ်အောင်မွေးခဲ့ပြီး ကျွန်တော့်ရဲ့
ကဗျာရေးသမားဘ၀ကို ကန့်ကွက်ခြင်းထောက်ခံခြင်းမပြုခဲ့တဲ့ အဖေနဲ့အမေကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ကိုကဗျာ
ရေးဖြစ်အောင်လှုံ့ဆော်ခဲ့တဲ့ ကမ္ဘာပေါ်က ကဗျာဆရာများနဲ့ ကဗျာများကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာများကို
မဂ္ဂဇင်းစာမျက်နှာများမှာဖော်ပြပေးခဲ့တဲ့ အယ်ဒီတာများကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာများကိုဂရုတစိုက်ဖတ်
ပြီးကျွန်တော့်ရဲ့ကဗျာများကိုအသိအမှတ်ပြုသူများကို ကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာဆရာဘ၀အခက်အခဲများကို စာနာနားလည်စွာကူညီဖြေရှင်းပေးခဲ့တဲ့ သူငယ်ချင်းအပေါင်းအသင်းများကိုလည်းကျေးဇူးတင်ပါတယ်။ရေးချင်တာတွေပဲရေးပြီး
မရေးချင်တာတွေကိုမရေးတဲ့ကျွန်တော့်ကိုယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်ပြီးသူများအတင်းပြောရင်း မဂ္ဂဇင်းတွေထဲမှာဖော်ပြမခံရတဲ့ ကဗျာတွေကိုရေးနေမိတာ ကျွန်တော့်ဘ၀ရဲ့
လောလောဆယ်အဓိပ္ပါယ်ပါပဲ။
လှသန်း

“အတ္တမှတ်စုများ” မှကောက်နှုတ်ချက်


လက်မရွံ့ကဗျာဆရာ

Tuesday, November 4, 2008

မြန်မာကဗျာဆရာတွေထဲမှာ ကျွန်မ နှစ်သက်တဲ့ ကဗျာဆရာတစ်ယောက်ရှိပါတယ်။ သူ့ကဗျာတွေက မနူးညံ့ဘူး..မကြော ကြမ်းတမ်းတယ်...ဒါပေမယ့် ..ကျွန်မသူ့ကို ငယ်ငယ်လေးတည်းကဖတ်ခဲ့တယ်။
ကျွန်မတကယ်စာပေလောကထဲရောက်တော့ သူ ရေခြားမြေခြားကိုရောက်နေတယ်လို့ကြားပြီး သူ့ကဗျာတွေသိပ်မတွေ့ခဲ့ရဘူး...သူပြန်ရောက်လာတယ်ကြားပေမယ့် သူ့ကဗျာတွေက
အတွေ့နည်းတယ်လို့ထင်ခဲ့တာ နောက်မှသိရတာက သူတခြားနာမည်တစ်ခုနဲ့ရေးတယ်တဲ့ ..(အကြောင်းကြောင်းကြောင့်..)
အဲဒီကဗျာဆရာ က ကိုလှသန်း ပါ...သူ့ကို ကြည်မောင်သန်း လို့လည်းသိကြပါတယ်။
တခြားနာမည်နဲ့လည်းသိရင်သိနေနိုင်ပါသေးတယ်။
တချို့ ကတော့ သူ့ရဲ့ ဒပယင်း ဆိုတဲ့ကဗျာနဲ့သူ့ကိုတွဲသိနိုင်ပါတယ်။ ကျွန်မ သတင်းတစ်ခုမှာတွေ့လိုက်ရတယ်။ အဲဒီကဗျာ (ဒပယင်း)ကို တခြားပြဿနာရှိတဲ့ကဗျာတစ်ပုဒ်နဲ့ယှဉ်ပြီး ကိုလှသန်းကျဘာဖြစ်လို့ ကဗျာရေးခွင့်ပဲပိတ်တာလဲ လို့မေးထားတာပါ..
ကျွန်မတစ်ယောက်တည်းရဲ့အမြင်နဲ့ပြောရရင်..ကိုလှသန်း ဟာ ကဗျာဆရာပါ..သူဟာသူရေးချင်တာပဲရေးပြီး မရေးချင်တာတွေကို
ဟန်လုပ်မရေးတတ်တဲ့ကဗျာဆရာလည်းဖြစ်ပါတယ်...။ကဗျာဆရာဟာ ခေတ်ကိုထင်ဟပ်စေတဲ့ သူ့ရင်ကိုမှန်တဲ့ အရာတွေကိုပဲ
ကဗျာအဖြစ်အသက်သွင်းတာပါ..အဲဒီတွက် သူ့မှာ Poetic license ဆိုတာရှိပါတယ်။အဲဒီအတွက်လို့ ကျွန်မကတော့မြင်တာ
ပါပဲ...။
ကျွန်မဆီမှာ ကိုလှသန်းရဲ့ ကဗျာရေးနှစ် ၂၀ပြည့် အမှတ်တရထုတ်ထားတဲ့ လက်မရွံ့ကဗျာ ဆိုတဲ့စာအုပ်ကလေးရှိပါတယ်။
စိတ်ဝင်စားသူ ၁၀ယောက်အထက်လောက်ရှိရင် ကျွန်မ တင်ပေးချင်ပါတယ်...(မဲတောင်းတာ :) )
အကြောင်းပြန်ပေးကြပါနော်.....


အလွမ်းနှင့်ရေးသောပြဇာတ်

၂၀၀၆ နှစ်ကုန်ကာနီးကရေးထားတဲ့ဝတ္ထုပါ..People Magazine (မြန်မာပြည်ကနော်) လူပန့်ငယ် တောင်းတာနဲ့ပေးလိုက်တယ်။
အဲဒီမှာပဲပါသွားတယ်ထင်တာပဲ ..(မှတ်ဥာဏ်တွေကတအားကိုကောင်းနေတော့တာ..)



အလွမ်းနှင့်ရေးသောပြဇာတ်

ယနေ့သည်ချစ်သူ့မွေးနေ့ဖြစ်သည်။သို့တိုင်လျက်..ကျွန်မက သေဆုံးရန် အသင့်ရှိမနေသေးသည့်အတွက်ခွင့်လွှတ်ပါချစ်သူ..။
တစ်နေကုန်တနေခမ်းစိုက်ပျိုးထားသောဖြူစင်ခြင်းပျိုးပင်များ၊ရိတ်သိမ်းသူမဲ့ဖြစ်နေသည်။ခွင့်လွှတ်ပါ..Christina Rosette..
သင့်“သီချင်း”အားကျွန်မကိုသီဆိုခွင့်ပြုပါ။
ယနေ့သည်ချစ်သူမွေးဖွားခဲ့သောနေ့တစ်နေ့ဖြစ်သည်။ကျွန်မထွက်ခွာသွားသည့်အခါ..နှင်းဆီပင်များ
မစိုက်ပျိုးရန်မှာခဲ့ချင်ပါသည်။ယနေ့သည်ချစ်သူ့မွေးနေ့ဖြစ်သည်။
ပြက္ခဒိန်တွင်အထင်ကရပါဝင်မနေသောနေ့တစ်နေ့လည်းဖြစ်ချင်ဖြစ်လိမ့်မည်။ထို
နေ့သည်မိုးနေ့တစ်နေ့မဟုတ်ပါပဲလျက် စွတ်စိုနေခဲ့သည်ကိုတော့ကျွန်မတစ်ယောက်တည်းသိပါသည်။
နေရောင်ခြည်တချို့ကိုကြိုတင်ခူးဆွတ်သိမ်းဆည်းမထားမိသည့်အတွက်ခွင့်လွှတ်ပါချစ်သူ။
နံနက်ခင်းနေ့သစ်၏အစမှာပင် ကျွန်မထုဆစ်ရေးချယ်ထားခဲ့သောချစ်ခြင်း၏သင်္ကေတများ
လူးလာခေါက်တုံ့ နှင့်ရင်ခုန်လှုပ်ရှားနေခဲ့ကြသည်။
ခုခါမှတော့..သူတို့လည်းခြေကုန်လက်ပမ်းကျကာနားလည်ရခက်နေပေလိမ့်မည်။
ခန့်မှန်းတွက်ဆ၍မရသောအရာများထဲတွင် “ကံကြမ္မာ”ဟုနာမည်လှလှလေးတတ်ထားသောဇာတ်ညွှန်းများပါသည်။
ထိုဇာတ်ညွှန်းတွင်ကျွန်မသည်ဇာတ်ရံအဖြစ်လွမ်းရလိမ့်မည်ဟုဘုရားသခင်က
ချစ်ခြင်းအားဖြင့်ကြိုမပြောထားခဲ့ပေ။ထိုချစ်ခြင်းအားဖြင့်ပင်ကျွန်မအသက်ရှင်လျက်
ရှိနေသေးသည်။ Praise the Lord, Amen.
“မောရူးဆိုး”ရေးသားခဲ့သည့် “မွေးနေ့”ဆိုသည့်ကဗျာလေးတစ်ပုဒ်ကိုလက်ဆောင်အဖြစ်ပေးချင်နေမိသည်။
သို့သော်..နာရီလက်တံများက ကျွန်မကိုသစ္စာဖောက်သွားခဲ့ကြသည်။
ပျော်စရာမကောင်းသောအရောင်များပါဝင်သည့်ပန်းချီကားတစ်ချပ်ကိုစိတ်လို
လက်ရသီဆိုရေးစပ်ခွင့်သည်ကျွန်မနှင့်မှတိတိပပသက်ဆိုင်သည်တဲ့လား။
ချောက်ကမ်းပါးများကိုကပ်မလျှောက်ခဲ့ပါ..။
မတော်တဆလေးနက်သိမ်မွေ့သွားသောကံတရားသည်“ချစ်ခြင်း”ဖြစ်နေခဲ့သည်။
ယနေ့သည်ချစ်သူကိုမွေးဖွားခဲ့သောနေ့တစ်နေ့ဖြစ်သည်ဟုဆိုသည်။
လူတို့၏စိတ်ကူးစိတ်သန်းများနှင့်ယက်လုပ်ထားသောတာရှည်
ခံအိပ်မက်များသည်အဆိပ်သင့်နေကြောင်းကျွန်မကိုယ်ကျွန်မသတိမပေးရသေးပါ။
ခံနိုင်ရည်မရှိသောညများစွာကိုမွေးဖွားပေးသောဖန်ဆင်းရှင်သည် အဘယ်သူနည်း။
ကျွန်မသည်ကျွန်မနန်းတော်၏နောက်ဆုံးဘုရင်မဖြစ်သည်။နောက်ထပ်ပွင့်စရာပန်းမရှိတော့သလို
ဖြစ်ရန်စစ်ပွဲများလည်းမရှိတော့ပါ..။
ချစ်သူကိုမွေးဖွားခဲ့သည့်နေ့က စစ်ပွဲတစ်ပွဲတစ်လေများဖြစ်ပွားခဲ့ဘူးသလား။မသေချာပါ။
ထို့ကြောင့်မသေချာမှုများစွာကိုမှုတ်သိမ်းငြိမ်းသတ်ပစ်လိုက်ကာ..
သေချာသည့်“ချစ်ခြင်း”တစ်ခုတည်းကိုသာချန်ထားခဲ့လိုက်သည်။
ချစ်သူကိုပူစော်ပသရန်ဖြစ်သည်။
ဤမွေးနေ့မှသည်ချစ်သူ၏ရှေ့ဆက်အနာဂါတ်သည်ရှင်သန်လိုသောလမ်းကြောင်းများစွာနှင့်
မွှေးပျံ့နေခဲ့ပါစေ…။ခရမ်းရောင်သစ္စာပန်းတစ်ပွင့်၏အတ္ထုပ္ပတ္တိသည် အလွမ်း…ဖြစ်သည်။
တစ်ချိန်ကတော့ထိုအလွမ်းများကိုကျွန်မက မေ့လျော့နေခဲ့ဖူးသည်။
Haply I may remember, haply I may forget..
ဂန္ဓမာပန်းဝါ၀ါများစွေးစွေးတောက်ဖူးပွင့်ရာနေ့သည် ချစ်သူ့မွေးနေ့ဖြစ်သည်။
အပြာရောင်ဥဿဖယားပွင့်များနှင့်ခပ်ဆင်ဆင်တူသော ခံစားမှုများကိုဖြစ်တည်စေခဲ့သူ အရှင်…သခင်..။
သင့်အားဂန္ဓမာပွင့်များနှင့်ပူစော်ခွင့်ပေးပါ။နိုက်တင်းဂေးလ်ငှက်တစ်ကောင်
၏ငိုကြွေးပူဆွေးမှုကဗျာတစ်စကိုယူဆောင်သွားခဲ့သော CG Rosette သင့်အားကျွန်မကျေးဇူးမတင်ပါ။
ဒါဏ်ရာဒါဏ်ချက်များနှင့်ရုန်းထရန်ကြိုးစားနေသော မြက်ခင်းစိမ်းစိမ်းလေးတစ်ပွင့်..
ကျွန်မဦးခေါင်းထက်တွင်လန်းဆတ်စွာတည်ရှိနေခဲ့သည်။
“ချစ်ခြင်းတွေက..ဆိတ်သုဉ်းသွားခဲ့တာလား..? ”။
နဂိုတည်းကထင်ယောင်ထင်မှားတည်ရှိခဲ့တာလား..။
အသေစောခဲ့သော ဟိုက်ဇင်းဘတ်သာရှိခဲ့လျင်ဖြေရှင်းပေးနိုင်လိမ့်မည်လား…။
မသေချာပါ..။ခုတော့ကမ္ဘာကြီး၏အနာဂါတ်သည်ကျွန်မနှင့်အတူဘီးတပ်ကုလား
ထိုင်တစ်လုံးပေါ်ရောက်နေခဲ့ရသည်။ကျွန်မကရော…ငြင်းဆန်တတ်မှုတွေကိုခဲရာခဲဆစ်မွေးမြူရင်းသေဆုံးနေခဲ့ရသည်ပဲ..။
တဖြည်းဖြည်းနေမြင့်လာခြင်းနှင့်အတူ..ကျွန်မ၏ရူးသွပ်မှုများကလည်းလူမသိသူမသိမြင့်တက်လာခဲ့သည်။
မွေးနေ့လက်ဆောင်အဖြစ် နားရွက်တစ်ဖက်ဖြတ်ပေးလိုက်ရန် စိတ်ကူးမရှိပါပဲလျက်
ယဉ်ယဉ်လေးနှင့်ရူးသွပ်သွားခဲ့ရခြင်းဖြစ်သည်ကိုသိလျင်…..
သင်ရင်ထုမနာဖြစ်နေလိမ့်မည်ဟု…ကျွန်မ မထင်ပါ။အကြောင်းမှာ ကျွန်မသည်
အဘယ်သူနှင့်မှမသက်ဆိုင်သောသက်ရှိဖြစ်ပြီး
ကျွန်မသက်ဆိုင်ခဲ့သောတစ်ခုတည်းသောသက်ရှိသည်“ချစ်သူ”ဖြစ်သည်။
ယနေ့သည်ထိုတစ်ခုတည်းသောသက်ရှိချစ်သူ၏မွေးနေ့ဖြစ်သည်။
ကျိမ်စာသင့်ထားသူတစ်ယောက်အလားဆောင်းကန္တာရကို
တစ်နေကုန် ဖြတ်ကူးလာခဲ့ရသည့်တိုင် ..ပန်းတိုင်ကမရှိ။
ကြုံရာအိုအေစစ်များကိုလည်းကျွန်မက အယုံအကြည်မရှိပြန်..။
ထို့ကြောင့်..လရောင်ဖြင့်ရောစပ်ထားသောဝိုင်တစ်ခွက်ကို မော့သောက်ပစ်လိုက်သည်။
သို့တိုင်လျက်…ကျွန်မက မူးယစ်မသွားပဲယစ်မူးကျန်နေခဲ့သည်ကအံ့သြစရာ..။
နေရောင်တချို့တိမ်းပပျောက်ကွယ်သွားတော့မည့်နေ့သည်ချစ်သူ့မွေးနေ့ဖြစ်သည်။
လာရောက်ရန်မဖိတ်ခေါ်ပါပဲလျက်မျှော်လင့်နေမိခြင်သည်..ရူးသွပ်မှုတစ်ခုမဟုတ်ပါ။
တိတ်ဆိတ်စွာနားလည်ခြင်းဖြစ်သည်။ပန်းနုရောင်ဆန်သောနှင်းဆီပွင့်တချို့၏
ဖျားယောင်းတတ်သောရနံ့သည်ကျွန်မအတွက်တော့သိပ်အသုံးအ၀င်လှပါ။
တဒင်္ဂဆိုသောအချိန်သည်သက္ကရာဇ်မည်မျှကြာညောင်းပါသနည်း။
ကမ္ဘာကြီး၏တစ်ဖက်ခြမ်းကလင်းချင်းနေချိန်တွင်တစ်ဖက်ခြမ်းကမှောင်နေခဲ့လိမ့်မည်။
ယခုကျွန်မ၏ကမ္ဘာခြမ်းအမှောင်လွှမ်းတော့မည်။ချစ်သူ၏နေ့ရက်များလင်းချင်းတောက်ပနေခဲ့ပါစေ။
ကျွန်မ မဟုတ်သောတစ်စုံတစ်ယောက်နှင့်ရွတ်ဆိုသစ္စာပြုခဲ့ကြသည့်
စကားသံများကျွန်မနှင့်ကမ္ဘာခြားနေခဲ့ပါစေ။ဘ၀အဆက်ဆက်သံသရာအဆက်ဆက်ဆိုသော
ကြိုးများအကြောင်း ကျွန်မကြိုးစားမေ့လျော့ထားလိုက်ပါမည်။
ကျွန်မကချည်နှောင်မှုများကိုမလိုလားခဲ့သူပါ။
သို့တိုင်လျက် အချည်ခံချင်သောကြိုးလေးတစ်စတော့
ရှိနေခဲ့သည်။ထိုကြိုးကလေး၏မွေးနေ့သည်ဒီနေ့ဖြစ်သည်။
မပြီးဆုံးသေးပါ။ And if thou wilt remember, and if thou wilt forget…
ငြိမ်းအေးခြင်း၏အစစ်အမှန်တရားသည်ချစ်ခြင်းဖြစ်စေချင်သည်။
ဖြူစင်လွန်းသောတိမ်လွှာလေးတစ်စတွင်လွှတ်တင်ပေးရင်း
စကြ၀ဠာ၏ဟိုမှာဘက်ကမ်းသို့ပစ်လွှတ်လိုက်ချင်သည်။
သို့သော်…နေရောင်တို့ကအိုကျလာခဲ့လေပြီ..။ကုန်ဆုံးတော့မည့်မွေးနေ့ဆုတောင်းတစ်စကို..
တစ်ဖဲ့ချင်းဖဲ့ချွေရင်းစမ်းရေတွင်မျှောပစ်လိုက်သည်။ချစ်သူကလက်မခံချင်၍ချစ်သူထံမရောက်ခဲ့သည့်
တိုင် ထိုဆုတောင်းများသည်စမ်းရေ၏ချစ်ခြင်းအားဖြင့်အေးမြနေခဲ့လိမ့်မည်။
တစ်စစနှင့်လောင်းကျွမ်းကုန်ဆုံးသွားသောချစ်သူ၏မွေးနေ့ကိုကြည့်ရင်း
လွဲချော်မှုတွေအကြောင်းစဉ်းစားနေမိသည်။ကံတရားကိုခေါင်းချင်းဆိုင်တိုက်ရန်
ကျွန်မတွင်လက်ကျန်အင်အားမရှိတော့ပါ။အရာရာသည်ကျွန်မအတွက်တော့
ရှုံးနိမ့်ကျဆုံးမှုများသာဖြစ်သည်။သို့တိုင်လျက်…ချစ်သူ၏မွေးနေ့တွင်ချစ်သူက
အခြားသောတစ်စုံတစ်ယောက်နှင့်ရှိနေနိုင်ခဲ့ပြီးကျွန်မက အခြား
သော တစ်စုံတစ်ယောက်နှင့်အတူရှိမနေခြင်းအတွက် ကျေနပ်ကြေကွဲနေမိပါတော့သည်။
မနော်ဟရီ