တစ်နေ့လုံး ပျောက်ဆုံးနေတယ် ငါ ..

Friday, February 18, 2011


တစ်နေ့လုံး ပျောက်ဆုံးနေတယ် ငါ ..

တစ်နေ့လုံး ရှူသွင်းနေတဲ့လေထဲမှာ အသက်ဓာတ်တစ်ချက်တလေမှ မပွင့်ဘူး
တစ်နေ့လုံး ခုန်နေတဲ့ နှလုံးသားထဲမှာ အခိုက်ဓာတ် တစ်ချက်တလေမှ မထိခတ်ခဲ့ဘူး
တစ်နေ့လုံး ပျောက်ဆုံးနေခဲ့တယ် ….နှစ်ဆယ့်လေးနာရီ ..

ကြားနေရတဲ့ မြင်ကွင်းတွေမှာက နရီစည်းချက်တွေ တစ်ရောင်မှ မပါဘူး
တဖောက်ဖောက် ကျဆင်းလာတဲ့ အသံတွေမှာက ငြိမ်းအေးမှု သံဝေဂတွေ တစ်စက်မှ မပါဘူး
တစ်ဘဝလုံး ပြုတ်ကျ ပျောက်ဆုံးနေခဲ့ရတယ် နှစ်ပရိစ္ဆေတများစွာ ….

တစ်နွေပြီးတစ်နွေ .. နေ့တာတွေကလည်း ရှည်ပြီးရင်း ရှည်နေခဲ့
ငါ .. မအိပ်စက်ရတာ ကြာနေခဲ့ပြီ …
မလိုလားအပ်မှုတွေနဲ့ပဲ နိစ္စဓူဝ မျက်နှာချင်းဆိုင် ..
ဘာကိုမှ အနိုင်မရနိုင်တော့တာ သေချာတဲ့အမှတ်တံဆိပ်က ငါ လား …

ငါ့ကိုယ်ငါက.. ပြန်မတွေ့တော့ဘူး … ငါ့ကိုယ်ငါကလည်း … ပြန်မလိုချင်တော့ဘူး …
ငါ့ကို ရုတ်သိမ်း ငြိမ်းမှုတ် ပစ်လိုက်ဖို့ တန်ခိုးရှင်တစ်ပါးပါးတော့ လိုနေခဲ့ပြီ
ကြည့်စမ်း.. ရေခဲမြစ်တွေ အေးခဲရှည်လျားနေလိုက်ကြတာ ..
ငါ .. ဘယ်တုန်းကတည်းက ငိုနေခဲ့မိပါလိမ့် ………..
မနော်ဟရီ


Just a test post !! ( the image is NCS's painting)


Love Gemstones

Tuesday, February 8, 2011

Love Gemstones

Let those love now who never loved before;

Let those who always loved, now love the more.

Thomas Pamell

(1679-1718)

ကမ္ဘာပေါ်မှာရှိတဲ့ ကျောက်မျက် ရတနာအကုန်လုံးဟာ တစ်မျိုးစီ သူ့ဟာနဲ့သူ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိကြပါတယ်။ အဲဒီ ထူးခြားတဲ့ အစွမ်းသတ္တိတွေနဲ့ ကျောက်မျက်ရတနာတွေဟာ ပိုမို ကျန်းမာ၊ပျော်ရွှင်ပြီး ချစ်ခြင်းတွေနဲ့ ပြည့်စုံနေတဲ့ ဘဝတွေဆီကို သယ်ဆောင်သွားနိုင်ပါတယ်။ လောကမှာ ကျွန်တော်၊ ကျွန်မတို့ မမြင်နိုင်တဲ့ ထူးခြားတဲ့ အစွမ်းသတ္တိတွေ ဖြစ်ရပ်တွေ ရှိနေတယ်ဆိုတာ ယုံကြည်မယ် ဆိုရင်ပေါ့။ မမြင်ရတဲ့ ချစ်ခြင်း မေတ္တာ၊ ကိုင်တွယ်ဖမ်းဆုပ်လို့ မရတဲ့ သစ္စာတရား၊ ထိမှန်လိုက်တယ်လို့ မမြင်ရပါပဲ ထိချက်ပြင်းထန်တဲ့ အမုန်းတရား စတဲ့ စိတ္တဇနာမ်တွေကို ထိန်းချုပ်ထားနိုင်တဲ့ အစွမ်းသတ္တိလေးတွေလည်း သူတို့မှာ တကယ်ပဲ ရှိနေခဲ့ပါတယ်။

ဖူးစာရှင် ရှာမယ်

ကိုယ်နဲ့ တကယ်ပဲ ဖူးစာပါတဲ့သူကို တွေ့ဖို့ ဆိုတာ တကယ်ချစ်တဲ့သူကို တွေ့ဖို့ဆိုတာက လွယ်မယောင်နဲ့ ခက်ပါတယ်။ လိုချင်ဆန္ဒပြင်းပြမှုနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှု တစ်ထပ်တည်းကျနေပေမယ့် ဘဝတကယ့် လိုအပ်ချက်တွေနဲ့ ယှဉ်လာတဲ့အခါ အဲဒီဆန္ဒတွေ အရောင်မှိန် အားနည်း သွားတတ်ပါတယ်။ ဒါပေမယ့် ကြားခဲ့ဖူးတဲ့ စကားတစ်ခုလိုပါပဲ။ တကယ်လိုချင်လာတဲ့ တပ်မက်စိတ်ဟာ ဆုံးဖြတ်ချက်ပါပဲ။

တကယ်ပဲ စစ်မှန်တဲ့ ချစ်ခြင်းကို ရှာဖွေနေတယ်ဆိုရင် သင်ဟာ ဆုံးဖြတ်ချက်တော့ ခိုင်မာရပါမယ်။ စိတ်ခံစားမှုနဲ့ ဦးနှောက်က လာတဲ့ ဆုံးဖြတ်ချက်တွေ အားကောင်းလာတဲ့အခါ လူတွေဟာ အောင်မြင်မှု ရတတ်ကြသလိုပါပဲ .. တကယ်စစ်မှန်တဲ့ ဖူးစာရှင် ကိုယ်တကယ်ချစ်တဲ့သူ ကိုယ့်ကို တကယ်ချစ်တဲ့သူ ဟုတ်မဟုတ်ဆိုတာက စိတ်ရဲ့ပြင်းအား၊ ခံစားမှု စတာတွေနဲ့ ဆက်စပ်နေပါတယ်။

ချစ်ခြင်းမေတ္တာကို လိုအပ်နေတယ်ဆိုတာကိုက စိတ်မလုံခြုံမှုကို ခံစားနေရတယ်လို့ ပြပါတယ်။ တစ်ချိန်က သူ့ဆီမှာ ချစ်ခြင်းနဲ့ပတ်သက်ဆက်နွယ်မှုတွေ ရှိကောင်း ရှိခဲ့ပါလိမ့်မယ်။ ဒါကြောင့် မေတ္တာတရားကို လိုပေမယ့် နာကျင်ခံစားရမှုတွေကို ကြောက်ရွံ့ စိုးထိတ်ပြီး ရှေ့က တံခါးတစ်ချပ်ကို ဖွင့်မပေးရဲတာမျိုး ကိုလည်း ကြုံတွေ့ဖူးကြမှာပါပဲ။ နောက် ကိုယ်လိုချင်တဲ့ အရည်အချင်းတွေ၊ လိုအပ်ချက်တွေနဲ့ ပြည့်စုံတဲ့ သူကို ရဖို့ဆိုတာ ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေ ရှိနေရမလဲ ဆိုတာကလည်း စကားပြောပါတယ်။ အထီးကျန်တဲ့ စိတ်ဆိုတာကတော့ လူတွေမှာ ရှိတတ်တာပါပဲ။ အဲဒီစိတ်နဲ့ တစ်စုံတစ်ယောက်ဟာဖြင့် သင့်အတွက်တော့ ထိုက်တန်စွာ ရှိနေမှာပဲ လို့ မမျှော်လင့်လိုက်ပါနဲ့။ မျှော်လင့်ခြင်းတွေရဲ့ လောင်ကျွမ်းမှုကို မခံလိုက်ပါနဲ့။ တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းအတွက် ဆွဲဆောင်ယူရတယ် ဆိုကတည်းက စိတ်ကို ပင်ပမ်းစေပါတယ်။ အဲဒီ စိတ်ပင်ပမ်းမှုတွေက သင့်ရဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်တွေကို ဝေဝါးစေတတ်ပါတယ်။

ချစ်ခြင်းကို သယ်ဆောင်လာတယ်ဆိုတဲ့ ကျောက်မျက်ရတနာဟာ မျက်လှည့်ပြသလို သင့်အတွက် ချစ်သူ တစ်ယောက်ကို သယ်ဆောင်လာပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ကျောက်မျက်က သင့်ရဲ့ စိတ်အနေအထားကို ကောင်းမွန်ကျန်းမာစေပြီး သင့်ကို ချစ်ခြင်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာစေမှာ ဖြစ်ပါတယ်။ အဲဒီ ကျောက်မျက်က ထုတ်လွှတ်တဲ့ စွမ်းအင်ကြောင့် သင်ဟာ သင်ရှာဖွေနေတဲ့ ဖူးစာရှင်ဆီကို အဲဒီစွမ်းအင်နဲ့ အတူ ရောက်ရှိသွားစေနိုင်မှာ ဖြစ်ပါတယ်။

အဲဒီအတွက် အကောင်းဆုံး အဆောင်ကျောက်ကတော့ Rose Quartz (နှင်းဆီ သလင်း) ဖြစ်ပါတယ်။

ဒီကျောက်ကလူတွေရဲ့ စိတ်နှလုံးတံခါးပေါက်ကို ဖွင့်တဲ့ နေရာမှာ စွမ်းအင်ကြီးမားပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် တစ်ခါတစ်ရံ အဲဒီစွမ်းအင်ကို ပြန်လည် လျှော့ချဖို့အတွက် ခရမ်းစွဲ ( amethyst) လိုကျောက်ကိုတောင် သုံးရတတ်တယ်လို့ ဆိုပါတယ်။

Rose Quartz ဟာ အနှိုင်းမဲ့ မေတ္တာတရားရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းပြီး လုံခြုံမှုကို ပေးတဲ့ မေတ္တာမျိုးပါ။ စိတ်အာရုံတံခါးကို ဖွင့်ပေးနိုင်ပြီး နားလည်မှု စိတ်ကိုသိမှုတွေကို အားကောင်းစေပါတယ်။ ယုကြည်မှုနဲ့ စိတ်အတွင်း သမမျှတမှု တွေကို တည်ဆောက်ပေးနိုင်ပါတယ်။

တစ်ခါမှ ချစ်ခြင်းကို မတွေ့ဖူးတဲ့သူ ဆိုရင် သူက လမ်းကြောင်းတစ်ခုကို ဖွင့်ပေးပါလိမ့်မယ်။ ချစ်ခြင်းကို ဆုံးရှုံးခဲ့ဖူးသူဆိုရင် သူက နှစ်သိမ့်မှု နဲ့ သက်သာရာရမှုကို ပေးပါတယ်။ သင်က အတိတ်ဆိုးကြောင့် စိတ်နဲ့ ပတ်သက်တဲ့ အနာတရ အကြီးအကျယ် ရဖူးတဲ့သူ ဆိုရင် မကောင်းတဲ့ စိတ်ခံစားမှုတွေကို ဖယ်ရှားပေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ထိုက်တန်မှု တွေကို ဆောင်ကျဉ်းပေးနိုင်စွမ်းပါတယ်။

Rose Quartz ကို သုံးနိုင်တဲ့ အခြေအနေ

+ Rose Quartz sphere ကို သင့်ပတ်ဝန်းကျင်မှာ ချစ်ခြင်း မေတ္တာအတွက် ထားနိုင်ပါတယ်။

+ Rose Quartz wand ကို ဖူးစာရှင်ကို ရွေးချယ်ရာမှာ သုံးနိုင်ပါတယ်။

+ Rose Quartz ကျောက်ကို ခေါင်းအုံးအောက်မှာ ထားအိပ်မယ်ဆိုရင် သင့်ကို နုပျိုနေစေပြီး သင်မျှော်လင့်နေတဲ့ ချစ်ခြင်းတွေကိုလည်း သယ်ဆောင်လာပေးပါလိမ့်မယ်။

+ အသည်းပုံ Rose Quartz ကတော့ အားကောင်းတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ ပါပဲ။

+ ကြက်ဥပုံသဏ္ဍန် Rose Quartz ကိုတော့ ချစ်ခြင်းမေတ္တာ ပိုမိုအားကောင်းလာဖို့ အသုံးပြုနိုင်ပါတယ်။

+ Rose Quartz နဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်မယ်ဆိုရင် ချစ်ခြင်းမေတ္တာကို ရရှိနိုင်ပြီး ကိုယ့်ကိုယ်ကို ချစ်တဲ့ ချစ်ခြင်းကိုလည်း တိုးလာစေပါတယ်။

Rose Quartz နဲ့ တခြား love stones တွေ တွဲဖက်တဲ့အခါ

+ မတည်ငြိမ်တဲ့ ချစ်ခြင်းအတွက် ပြန်လည် တည်ငြိမ်မှု ရလာအောင် Rose Quartz နဲ့ Chrysocolla ကို တွဲထားနိုင်ပါတယ်။

+ သူတစ်ပါးရဲ့ မနာလိုမှု တွေကို ကျော်လွှားနိုင်ဖို့အတွက် Rose Quartz နဲ့ Chrysoprase ကိုတွဲထားပါ။

+ အတွေ့အကြုံအသစ် အတွက် သင့်စိတ်ကို ပြင်ဆင်ထားဖို့ ဆိုရင် Rose Quartz ကို Peridot (ပြောင်ခေါင်းစိမ်း) ဒါမှမဟုတ် Azurite (အပြာရင့်ရောင် ကျောက်တစ်မျိုး ) တို့နဲ့ တွဲဖက်သုံးနိုင်ပါတယ်

+ ကိုယ့်စိတ်ခံစားမှုထက် ပတ်ဝန်းကျင်နဲ့ သဟာဇာတဖြစ်ဖို့ ဆိုရင် Rose Quartz ကို Imperial Topaz (ဥဿဖယား အဝါ) ဒါမှမဟုတ် Citrine ( သလင်းဝါ) တို့နဲ့ တွဲသုံးပါ။

+ စိတ်နှလုံးနဲ့ သက်ဆိုင်တဲ့ စိုးရိမ်ကြောက်ရွံ့မှု တွေကို ကျော်လွှားဖို့ ဆိုရင် Rose Quartz ကို ဖရဲအူ ( watermelon tourmaline ) နဲ့ တွဲဖက် ထားနိုင်ပါတယ်။

အဲလိုတွဲထားရာမှာ လက်ဝတ်ရတနာ လုပ်ထားမှ မဟုတ်ပါဘူး။ ကျောက်မျက်ရတနာထားတဲ့ ကတ္တီပါအိတ်ထဲ ထည့်ထားနိုင်သလို၊ အလှဆင်ခွက်ထဲမှာလည်း အတူတွဲထားနိုင်ပါတယ်။ တရားထိုင်တဲ့အခါ လက်ထဲ ထည့်ပြီးထိုင်နိုင်သလို အဲဒီကျောက်ကနေ စွမ်းအင် လိုအပ်နေတယ်လို့ ခံစားရတဲ့ အခါမှာလည်း လက်နဲ့ထိတွေ့ ကိုင်တွယ် ထားနိုင်ပါတယ်။

တွယ်ငြိမှုကို ပြန်လည်စုစည်းခြင်း

သင်တို့ရဲ့ ချစ်ခြင်းမှာ တစ်ဦးနဲ့တစ်ဦး တွယ်ငြိတပ်မက်မှုတွေ လျော့နည်းလာပြီလို့ ခံစားနေရပါသလား။ သင်နဲ့ သင့်ချစ်သူတို့အတွက် စိတ်လှုပ်ရှားရတဲ့ အချိန်တွေ အရာတွေ လျော့နည်းလာနေပြီလို့ ခံစားနေရလား။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တဲ့ ချစ်ခြင်းကို မနေ့တစ်နေ့ကမှ စတင်ခဲ့သလို အမြဲတမ်း အမြင့်ဆုံးမှာ ချစ်နေနိုင်ပေမယ့် တွယ်ငြိတပ်မက်မှုကိုကျ အဲလို မျှော်လင့်ထားလို့ မရပါဘူးလို့ တချို့ ဆိုရိုးတွေက ဆိုပါတယ်။

အချစ် ဆိုတာက ဘဝရဲ့ အစိပ်အပိုင်း တစ်ခုလို့ ဆိုကြသလိုပါပဲ ။ လူတွေမှာ တခြား စိတ်ဝင်စားစရာ ကိုယ်စီကိုယ်စီ အာရုံဝင်စားမှု၊ လုပ်ငန်းဆောင်တာနဲ့ ဝါသနာတွေကလည်း ရှိနေတတ်ပါတယ်။ အဲဒီ အရာအားလုံးဟာလည်း တွယ်ငြိမှုထဲ အကြုံးဝင်ပါတယ်။ ချစ်စခင်စ ကြင်နာစမှာတော့ အရာအားလုံးဟာ စိတ်ဝင်စားစရာ ချည်းပါပဲ။ သူ့လုပ်ငန်းကလည်း ကိုယ်စိတ်ဝင်စားချင်စရာ၊ သူ့ဝါသနာကလည်း ကိုယ့်ဝါသနာနဲ့ ဆင်သလိုလို၊ သူ့လုပ်ငန်းကလည်း ကိုယ်နဲ့ပဲ ဆက်စပ်နေသလိုလိုတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ရွေ့လျောသွားတာနဲ့အမျှ ဒါတွေက လျော့ကျလာပါတယ်။ စိတ်ထင်တော့ စစချင်း ချစ်တယ် ဆိုတာနဲ့အတူပါလာတဲ့ စိတ်ဝင်စားမှုတွေ တွယ်ငြိမှုတွေဟာ အစစ်မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကာလ ရွေ့လျောမှုနဲ့အတူ ကွယ်ပျောက်သွားလို့ပါပဲ။

အဲဒီ တွယ်ငြိတတ်တဲ့ စိတ်တွေကို မြှင့်တင်ပေးဖို့အတွက် လကျောက် (moonstone) ကို ဆောင်နိုင်ပါတယ်။ လကျောက်ဟာ နူးညံ့တဲ့ချစ်ခြင်း မေတ္တာရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ လကျောက်ဟာ ချစ်ခြင်းနဲ့ ပတ်သက်တဲ့ ရာဇဝင်တွေနဲ့ ကျောက်တစ်မျိုး ဖြစ်ပါတယ်။ ရောမတွေရဲ့ ရာဇဝင်မှာတော့ လကျောက်ဟာ လရောင်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေးဟောင်း ဟိန္ဒူတွေကလည်း လရောင်တန်းနဲ့ ဖြစ်တည်လာတဲ့ ကျောက်လို့ ယုံကြည်ကြတယ်။ အိန္ဒိယမှာဆို လကျောက်ကို မြင့်မြတ်သန့်စင်တဲ့ ကျောက်အဖြစ် သူတို့က မြင့်မြတ်တဲ့ အရောင်လို့ သတ်မှတ်ထားတဲ့ အဝါရောင် ပိုးထည်ပေါ်မှာပဲ တင်ထားတတ်ကြပါတယ်။ ရောမတွေရဲ့ ဒဏ္ဍာရီထဲက ဒိုင်ယာနာ လနတ်သမီးနဲ့ ဆက်နွယ်နေတဲ့ ကျောက်ဖြစ်တဲ့အတွက် ပွားများခြင်း၊ သဘာဝတရား၊ နဲ့ လွတ်လပ်မှုတွေကို ကာကွယ်ပေးတယ်လို့လည်း ဆိုပါတယ်။

ချစ်သူချင်း ဒီကျောက်ကို လက်ဆောင်ပေးမယ် ဆိုရင်တော့ လကျောက်က တွယ်ငြိတပ်မက်မှုတွေကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်ပြီး ချစ်သူနှစ်ဦးရဲ့ ကံကြမ္မာ အကောင်းအဆိုးကိုလည်း မြင်နိုင်ခွင့် ပေးတယ်လို့ အယူရှိကြပါတယ်။ အာရုံသိစိတ်ကို ဖြစ်စေတာဟာ လကျောက်ရဲ့ စွမ်းအင်တစ်ခုပါပဲ။

လကျောက်ကို သုံးနိုင်တဲ့ အခြေအနေ

+ လကျောက်ကို လက်ဝတ်ရတနာ အဖြစ် ဝတ်ဆင်နိုင်ပါတယ်။

+ ချစ်သူကို လက်ဆောင်အဖြစ်ပေးပြီး ဘယ်သူမှ မထိနိုင်တဲ့ နေရာ၊ လုံခြုံတဲ့ နေရာမှာ ထားခိုင်းပါ

+ လပြည့်ညမှာ လကျောက်ကို လက်ထဲ ဆုပ်ကိုင်ပြီး ချစ်သူကို မြင်ယောင်ကြည့်မယ်ဆိုရင် ချစ်ခြင်းမေတ္တာ ပိုမိုလေးနက် ခိုင်မြဲ နိုင်ပါတယ်။

လကျောက်ကို တခြား love gem stones တွေနဲ့ တွဲဖက်တဲ့အခါ

+ ဆွဲဆောင်မှု အားကောင်းအောင် လကျောက် (moonstone) ကို နေကျောက် (sunstone) နဲ့ တွဲဖက် သုံးနိုင်ပါတယ်။

+ ဖန်တီးမှု စွမ်းအားတွေတိုးတက်ဖို့နဲ့ စဉ်ဆက်မပြတ် တိုးတက်နေဖို့ ဆိုရင် လကျောက်ကို Rhodochrosite နဲ့ တွဲထားနိုင်ပါတယ်။

+ စိတ်ခံစားမှု အနာတရတွေကို ဖြေဖျောက်ဖို့ နဲ့ ဆက်နွယ်မှု အသစ်ကို စတင်ဖို့ ဆိုရင် လကျောက်ကို Rhodonite နဲ့ တွဲထားပါ။

Rose Quartz တုန်းကလိုပဲ ဒီကျောက်တွေကို အိတ်ကလေး တစ်ခုထဲ တွဲထည့်ထားနိုင်သလို အလှဆင်ခွက်ထဲမှာလည်း ထည့်ထားနိုင်ပါတယ်။ တရားထိုင်စဉ်မှာ ဆုပ်ကိုင်ထားနိုင်ပြီး စွမ်းအင်ကို ရယူနိုင်သလို သူ့စွမ်းအင်ကို လိုအပ်တယ်လို့ ထင်တဲ့အခါတိုင်းမှာလည်း လက်ထဲ ဆုပ်ကိုင်ထားနိုင်ပါတယ်။

ကောင်းမွန်တဲ့ ဆက်ဆံရေး ကိုဖန်တီးဖို့အတွက် ကျောက်မျက်တွေနဲ့ သလင်းတွေကို ဘယ်လို အသုံးချမလဲ

ပျော်ရွှင် အောင်မြင်တဲ့ ဘဝတစ်ခုအတွက် အားကောင်းပြီး ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးဟာ အဓိက လိုအပ်ပါတယ်။ ကျယ်ပြန့်လှတဲ့ လူ့စိတ်ခံစားမှု တွေကြောင့်ရယ်၊ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင် အယူတွေကြောင့်ရယ် ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးဆိုတာ ထင်သလို မလွယ်ကူလှပါဘူး။ အဲဒီလို ဆက်ဆံရေးကို ရဖို့ဆိုတာ တခြားသူတွေရဲ့ ဆန္ဒနဲ့ စိတ်ခံစားချက်တွေကို ကိုယ့်စိတ်ထဲ ထည့်ထားဖို့ လိုအပ်ပါတယ်။ နောက် ကိုယ့်အပြုအမူတွေ နဲ့ စကားလုံးတွေက တစ်ဖက်သားကို ဘယ်လို ထိခိုက်စေလဲ၊ ဘယ်လို အကျိုးရှိစေလဲ ဆိုတာကိုလည်း အစဉ်သတိရှိနေရပါလိမ့်မယ်။

အဲဒီလို သတိထားပြီး နေရင်းကနေ အဲဒီမှာ ကိုယ့်အထဲက ကိုယ်တောင် မသိခဲ့တဲ့ အရည်အချင်းကို ကိုယ်တိုင်တွေ့သိ လာနိုင်ပါတယ်။ ဆက်ဆံရေးတွေ ပိုမို တိုးတက်ခိုင်မာ လာတာ၊ ပျော်ရွှင် မှုတွေ ကျန်းမာမှုတွေနဲ့ ကြံ့ခိုင်လာတာ တွေကိုလည်း တွေ့နိုင်ပါတယ်။ ကျောက်မျက်တွေနဲ့ သလင်းတွေကလည်း အဲဒီလို တိုးတက်လာဖို့အတွက် သူတို့မှာရှိတဲ့ စွမ်းအင်တွေနဲ့ အကူအညီ ပေးနိုင်ပါတယ်။ ကျောက်မျက်တွေရဲ့ စွမ်းအင်က ညီညွတ်မျှတတဲ့ ဆက်ဆံရေး၊ ပြည့်ဝတဲ့ ချစ်ခြင်း၊ တွေကို ဆောင်ကျဉ်းပေးနိုင်သလို အလုပ်မှာ တွေ့ကြုံရတဲ့ အတိုက်အခံတွေ၊ အပျက်သဘောဆောင်တဲ့ အရာတွေကို အပြုသဘောဖက် အကောင်းဖက်ကို ပို့ဆောင်ပေးနိုင်ပါသေးတယ်။

ဆက်ဆံရေး ဆိုရာမှာလည်း အမျိုးမျိုး ရှိပါတယ်။ သားသမီးနဲ့ မိဘကြားက ဆက်ဆံရေး၊ ချစ်သူနှစ်ဦး ကြားက ဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်း ကြားက ဆက်ဆံရေး၊ အိမ်နီးနားချင်းနဲ့ ဆက်ဆံရေး၊ အလုပ်က လက်အောက်ငယ်သားတွေနဲ့ ဆက်ဆံရေး၊ အသင်းအဖွဲ့ထဲက လူတွေနဲ့ ဆက်ဆံရေး စသဖြင့်ပေါ့။ အားလုံးဟာ သင့်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာမှု၊ စိတ်ဓာတ်အင်အားတိုးတက်မှု တွေနဲ့ ဆက်စပ်နေပါတယ်။ အဆောင်ကျောက်မျက်တွေက ဒါတွေအားလုံးကို အထောက်အကူပြုပေးနိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံခြင်းရဲ့ အဓိက အချက်ကတော့ ချစ်ခြင်းမေတ္တာပါပဲ

ကမ္ဘာကျော် Beatles တွေရဲ့ နောက်ဆုံး အယ်လ်ဘမ်ထဲက Paul McCartney ရဲ့ ကမ္ဘာကျော် စကားလိုပါပဲ။ And , in the end, the love you take is equal to the love you make ! တဲ့။ သင့်ဖက်က ပေးသလောက် မေတ္တာကို သင်ပြန်ရနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာ ဆိုတာကိုက ဘဝတစ်ခုလုံး ( အမှန်က စကြဝဠာတစ်ခုလုံး) တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံ အချက်ပါပဲ။

ချစ်ခြင်း တည်ရှိနေတဲ့ ဘယ်လို နေရာမှာမဆို …

+ အတိုက်အခိုက်တွေ ပြေပျောက်သွားတယ်

+ ကြွယ်ဝမှုနဲ့ ဖွံ့ဖြိုးမှုတွေ ဖြစ်တည်လာနိုင်တယ်

+ ကြောက်ရွံ့ စိုးထိတ်မှုတွေ ကွယ်ပျောက်သွားတယ်

+ စစ်မှန်တဲ့ စိတ်ဝိဥာဉ် သဘာဝတွေ ပေါ်ထွက်လာစေတယ်

+ ရောဂါဘယတွေကို ကင်းပျောက်သွားစေတယ်

+ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကို ရနိုင်တယ် …။

ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် သင်ယူပါ

ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်အောင်၊ ကိုယ့်ကိုယ်ကို အရှိအတိုင်း လက်ခံနိုင်အောင် လေ့ကျင့်ပါ။ ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့အခါ၊ သင့ှ်နှလုံးသားက ချစ်ခြင်းကို နားလည်လက်ခံလာတာပါပဲ။ အဲဒီလို လက်ခံလိုက်ခြင်းနဲအတူ၊ သင့်ရဲ့ ဘဝလက်တွဲဖော်ကို တွေ့လာနိုင်တယ်၊ ပျက်ပျယ်ခဲ့ရတဲ့ ခင်မင်မှုတွေကို ပြန်လည် တည်ဆောက်နိုင်မယ်။ ဆက်ဆံရေးသစ်တွေကိုလည်း ထူထောင်နိုင်မယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတိုင်းနဲ့ ထိတွေ့ဆက်ဆံရတဲ့ သင့်အရည်အချင်းတွေပါ တိုးတက်လာလိမ့်မယ်။သင့်ဟာ သင့်ရဲ့ သဘာဝ အနေအထားမှာကို ပြိးပြည့်စုံလာတာကို တွေ့ရလိမ့်မယ်။

ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ဆိုတာက လိုအပ်တဲ့ ချစ်ခြင်းနဲ့ ပတ်သက်တဲ့ အရည်အသွေးတွေကို တိုးတက်စေမယ့် အချက်အလက်တွေ အများကြီးရှိပါတယ်။ အဲဒီထဲက တချို့ကတော့ နားလည်မှု၊ နွေးထွေးမှု၊ ချီးမွမ်းမှု၊ လက်ခံနိုင်မှု၊ စိတ်ရှည်မှု၊ ခွင့်လွှတ်မှု၊ သနားဂရုဏာသက်မှု၊ ရင်းနှီးမှု၊ ဂရုစိုက်မှု၊ ကြင်နာမှု၊ နူးညံ့မှု၊ စတာတွေပါပဲ။ အဲဒီအချက်အလက်တွေ အားလုံးကို သင့်ရဲ့ နေ့စဉ်ဘဝမှာ ကျင့်သုံးသွားဖို့ လိုပါတယ်။ ဘယ်အထိ ကျင့်သုံးရမလဲ ဆိုရင် ချစ်ခင်တဲ့ အမူအယာ အားလုံးဟာ သင့်သဘာဝဖြစ်လာတဲ့ထိ ပါပဲ။ အမှန်ကတော့ သဘာဝလောက် အခြေခံကျတာ ဘာမှမရှိဘူးမဟုတ်လား။

အနှိုင်းမဲ့ မေတ္တာတရားက ဆက်ဆံရေးကို ပျက်စီးစေနိုင်တဲ့ မကောင်းတဲ့ အရာတွေဖြစ်တဲ့ စိတ်တိုဒေါသထွက်မှု၊ မနာလိုမှု၊ ကြောက်ကန်ကန်မှု၊ အပြစ်ရှိသလို ခံစားရမှု၊ စိတ်ပျက်ညည်းငွေ့မှု၊ ရှက်ရွံ့မှုနဲ့ ဝမ်းနည်းမှုတွေကို ဖယ်ရှားပေးပါတယ်။ သင့်ကိုယ်သင်ရော တခြားသူတွေကိုရော အနှိုင်းမဲ့ မေတ္တာတရားနဲ့ ချစ်ခင်နိုင်ပြီဆိုရင်တော့ သင် ဘာ အဆောင်ကျောက်မှ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် သင့်အတွက် အဆောင်ကျောက် စာရင်းလေးတော့ လိုအပ်ရင်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။

အန္တိမ ချစ်ခြင်း အဆောင်ကျောက်များ

အန္တိမ ချစ်ခြင်း အဆောင်ကျောက် အိတ်ကလေးမှာ ပါဝင်တဲ့ ကျောက်တွေကတော့ ..

+ Rose Quartz (ကိုယ့်ကိုယ်ကိုချစ်ခြင်း အတွက်)

+ Moonstone (သူတစ်ပါးရဲ့ စိတ်ခံစားမှုကိုသိခြင်းအတွက်)

+ Prehnite (ခွင့်လွှတ်ခြင်း အတွက်)

+ Charoite (အရှိတရားကို လက်ခံနိုင်ဖို့အတွက်)

+ Amazonite ( ယုံကြည်မှု အတွက်)

+ Chrysocolla ( စိတ်ရှည်မှု အတွက်)

+ Aventurine ( သနားဂရုဏာ အတွက်)

+ Jade (ပေးကမ်း စွန့်ကျဲမှု အတွက်)

+ Amber ( သစ္စာရှိမှု အတွက်)

စတဲ့ ကျောက်တွေပဲ ဖြစ်ပါတယ်။ ကတ္တီပါ အိတ်ကလေး တစ်ခုနဲ့ အတူစု ထည့်ထားနိုင်ပါတယ်။

Rose Quartz ကို ချစ်ခြင်းနဲ့ ဆက်နွယ်နေတဲ့ ကျောက်လို့ ဆိုခဲ့ပါပြီ။ တခြား ချစ်ခြင်းနဲ့ ပတ်သက်နေတဲ့ ကျောက်တွေလည်း ရှိပါသေးတယ်။

+ Agate ချစ်ခြင်းဖြစ်တည်လာဖို့ ဆွဲဆောင်ပေးပါတယ်။

+ Amber ရိုမန်တစ်ဖြစ်တဲ့ ချစ်ခြင်းကို ဆောင်ယူလာပေးနိုင်ပါတယ်။

+ Aventurine ကိုယ့်ကိုယ်ကို ချစ်ဖို့နဲ တစ်ပါးသူတွေကို ချစ်နိုင်ဖို့အားပေးပါတယ်။ ချစ်ခြင်းကို ( ရင့်ကျက်တည်ငြိမ်တဲ့ချစ်ခြင်း) ဖြစ်တည်စေပါတယ်

+ Chalcedony ချစ်ခြင်းကို ပိုမိုတိုးပွားစေပြီး အနှိုင်းမဲ့ မေတ္တာကို ဖြစ်စေပါတယ်။

+ Chrysocolla ချစ်ခြင်းရဲ့အားကို တိုးစေပါတယ်။

+ Emerald လက်ထပ်ပြီးတဲ့နောက် ချစ်ခြင်းကို မြှင့်တင်ပေးပါတယ်။

+ Red garnet စစ်မှန်တဲ့ ချစ်ခြင်းကို တွေ့ဖို့ အထောက်အကူပေးပါတယ်။

+ Jade ချစ်ခြင်းကို မြှင့်တင်ပေးပါတယ်။

+ Pink Kunzite ကိုယ့်ကိုယ်ကို ချစ်ပြီး အရှိအတိုင်း လက်ခံနိုင်စေတယ်။

+ Lapis Lazuli ချစ်ခြင်းကို မျှတစေတယ်။

+ Magnetite ချစ်ခြင်းကို ဖြစ်တည်စေတယ်.

+ Moonstone ချစ်သူတွေကြား ချစ်ခြင်းနဲ့ နူးညံ့မှုကို ဆောင်ကျဉ်းပေးတယ်။ သစ္စာတည်မြဲစေပြီး တာဝန်ယူတဲ့ ချစ်ခြင်းကို ဖြစ်စေတယ်။

+ Pink Tourmaline အချစ်၊ တွယ်ငြိမှုနဲ့ သစ္စာတရားကို မြှင့်တင်ပေးတယ်။

+ Rhodonite ချစ်ခြင်းကို ဖြစ်တည်စေတယ်။ ချစ်ခြင်းမှာ ရင့်ကျက်စေတယ်။ စစ်မှန်တဲ့ ချစ်ခြင်းလား အပျော်ချစ် လားဆိုတာ ခွဲခြားနိုင်ဖို့ အထောက်အကူပြုတယ်။

+ Ruby အနှိုင်းမဲ့ မေတ္တာတရား၊ လက်ထပ်ခြင်း၊ သစ္စာရှိစွာ ငြိတွယ်မှု စတာတွေကို မြှင့်တင်ပေးတယ်။

+ Blue sapphire တစ်ယောက်ကို တစ်ယောက် စောင့်သိရမယ့် သစ္စာတရား၊ တည်ဆောက်ရမယ့် ယုံကြည်မှု တွေကို မြှင့်တင်ပေးတယ်။

+ Topaz လူတစ်ယောက်ကို ဘယ်လိုချစ်ရမယ် ဆိုတာ သင်ကြားပေးပြီး ရိုမန်တစ်ဆန်တဲ့ ချစ်ခြင်းကို ဖြစ်တည်စေတယ်။

ဒါတွေတင်မကပါဘူး။ တခြားသော အကြောင်းအရာတွေအတွက် အထောက်အကူပြုနိုင်တဲ့ ကျောက်တွေ ရှိပါသေးတယ်။

+ လက်သင့်ခံနိုင်ခြင်းအတွက် .. charoite, moonstone (လကျောက်), prehnite

+ မျှခြေဖြစ်ခြင်းအတွက် diamond(စိန်), tabular quartz, watermelon tourmaline(ဖရဲအူ)

+ နှောင်ကြိုးမြဲဖို့အတွက် diamond(စိန်)၊ lapis lazuli (ပါလဒုတ္ထာ) ၊ prehnite

+ ဂရုစိုက်မှုအတွက် Jasper, pink tourmaline ( ပန်းရောင် ဖရဲအူ)

+ ဖွင့်ဟဝန်ခံမှုအတွက် black onyx (မဟူရာ)၊ sardonyx

+ဆက်သွယ်မှုအတွက် blue lace agate(အပြာရောင်ကျောက်)၊aquamarine( စိမ်းပြာရောင်ကျောက်)၊ Chrysocolla, clear quartz

+ သနားဂရုဏာအတွက် aventurine, red garnet (ကျောက်နီ)၊ malachite, prehnite, rhodochrosite, pink tourmaline

+ ပူးပေါင်းလုပ်ဆောင်မှု quartz cluster

+ စာနာ နားလည်မှု moonstone, pink tourmaline, turquoise

+ စိတ်ခံစားမှုအတွက် amazonite, aventurine, opal (ရွဲ)၊ rhodochrosite, pink tourmaline

+ ယုံကြည်မှု အတွက် lapis lazuli (ပါလဒုတ္ထာ)၊ opal ( ရွဲ)

+ မိသားစုအတွက် carnelian, citrine(သလင်းဝါ)၊ picture jasper ( မောင်နှမအတွက်)

+ ခွင့်လွှတ်ခြင်းတွက် prehnite, rhodochrosite, sugilite, topaz (ဥဿဖယား)

+ သဟဇာတဖြစ်မှု blue lace agate, chrysocolla, diamond, geode (အသိုင်းအဝိုင်းအတွက်)၊ jade, pyrite (သူတစ်ပါးနဲ့ အလုပ်လုပ်ရာမှာ)၊ quartz clusters, rhodochrosite , blue sapphire (နီလာ)

+ ရိုးသားမှုအတွက် blue lace agate, amazonite, aquamarine

+ ရင်းနှီးကျွမ်းဝင်မှု chrysocolla, red garnet, rhodochrosite, turquoise

+ကြင်နာတတ်မှုအတွက် blue lace agate, chalcedony, jade, rhodochrosite

+ သစ္စာတရားအတွက် amber (ပယင်း)၊ jade (ကျောက်စိမ်း)၊ blue sapphire (နီလာ)၊ turquoise

+ ပွင့်လင်းမှုအတွက် amazonite, moonstone

+ စိတ်ရှည်မှုအတွက် blue lace agate, amber , chalcedony, chrysocolla

+ စိတ်အခန့်မသင့်မှုများ agate (သူငယ်ချင်းတွေကြား)၊ aquamarine, ruby, sugilite (အုပ်စုများကြား)၊ watermelon tourmaline

+ လေးစားမှုအတွက် lapis lazuli (ပါလဒုတ္ထာ)

+ တာဝန်ယူမှုအတွက် aquamarine

+ တည်ငြိမ်မှုအတွက် malachite, opal

+ နားလည်မှုအတွက် turquoise

+ စည်းလုံးမှုအတွက် blue lace agate, carnelian ( မိသားစု)

+ အထောက်အပံ့အတွက် agate, ivory/bone

+ တစ်ကိုယ်ကောင်းမဆန်မှု moonstone, ruby

Valentine Day ကတော့ ရိုးရာအားဖြင့် နှလုံးသားပုံသဏ္ဍန် နဲ့ သင်္ကေတပြုကြပြီး၊ ကျောက်တွေအဖြစ် စိန် နဲ့ အနီရောင် ပတ္တမြားတို့ကို အသုံးပြုကြပ့ါတယ်။ တန်ဖိုးကြီးတဲ့ ကျောက်နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာ တစ်ခုခုကို လက်ဆောင်ပေးတာ ခေတ်စားလာပါတယ်။ အချစ်ရဲ့သင်္ကေတအဖြစ် စိန်ကို ငွေ သို့မဟုတ် ရွှေ နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာ တစ်ခုခုအပြင် ပေးတတ်ကြတာက အနီရောင်နဲ့ ပန်းရောင်ရှိတဲ့ ကျောက်မျက်တွေပါပဲ။ နောက်ပိုင်းမှာ Rose Quartz ဟာ သူ့ရဲ့ လှပတဲ့ ရိုမန်တစ်ဆန်တဲ့ အရောင်နဲ့ စွမ်းအင်တို့ကြောင့် လူသုံးပိုများလာပါတယ်။

စိန်

စိန်ကတော့ ချစ်ခြင်းနဲ့ သစ္စာစောင့်သိခြင်းတို့ရဲ့ သင်္ကေတ ဖြစ်ပါတယ်။ ဒါကြောင့် စေ့စပ်လက်စွပ်ကို စိန်နဲ့ ပြုလုပ်ကြတာ များပါတယ်။ ရရှိတဲ့ စေ့စပ်လက်စွပ်ပေါ်မူတည်ပြီး အမျိုးသမီး အများစုက သူတို့ကိုယ်သူတို့ တန်ဖိုးမြှင့်ကြတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် စိန်ကို ချစ်ခြင်းနဲ့ ပတ်သက်တဲ့ ကျောက်မျက် (love gem stone) အဖြစ် သတ်မှတ်လိုက်တာ အချိန်သိပ်မကြာသေးပါဘူး။

စိန်က ချစ်သူနှစ်ဦးအတွက် တာရှည်တည်မြဲမှုနဲ့ ခိုင်မာမှုကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် အဲဒီလို ကိုယ်စားပြုတယ်ဆိုတာကို ဒီနေ့ခေတ် ငွေကြေးနဲ့ တိုင်းတာမှုထဲမှာ သိသူ သိပ်နည်းသွားကြပါပြီ။ ထုံးတမ်းစဉ်လာအရ၊ ဂုဏ်အရသာ လက်ထပ်လက်စွပ်၊စေ့စပ်လက်စွပ် တွေကို စိန်နဲ့ ပြုလုပ်နေကြသူတွေ လည်းရှိပါတယ်။

ခရမ်းစွဲ

နောက်ထပ် ထင်ရှားတဲ့ Valentine ကျောက်မျက် တစ်မျိုးကတော့ ခရမ်းစွဲကျောက်ပဲ ဖြစ်ပါတယ်။ ခရမ်းစွဲဟာ သဟဇာတဖြစ်မှု၊ ချစ်ခြင်း နဲ့ ဆက်စပ်နေတဲ့ သလင်းကျောက်တစ်မျိုး ဖြစ်ပါတယ်။ ခရမ်းစွဲဟာ သူ့ဟာနဲ့သူကို တင့်တယ်လွန်းပြီး တန်ဖိုးမြင့်တယ်လို့ ထင်ရတဲ့ ကျောက်လည်း ဖြစ်ပါတယ်။ ခရမ်းစွဲရဲ့ သင်္ကေတက ခွင့်လွှတ်ခြင်းလို့ တချို့က ဆိုပါတယ်။

ချစ်ခြင်း နှင့် ဆက်နွယ်ပတ်သက်နေသော ကျောက်များ နှင့်အဓိပ္ပာယ်

ခရမ်းစွဲ ခွင့်လွှတ်ခြင်း

မြ အမှန်တရား နှင့် ရိုးသားမှု

မယ်လခိုက် ခင်မင်မှု

ကျောက်နီ ဆန့်ကျင်ဖက်အား ဆွဲဆောင်နိုင်မှု

Hematite အင်အား

Kunzite အနှိုင်းမဲ့ မေတ္တာ

Larimar မိသားစု ဆက်နွယ်မှု

Mexican fire opal ရမ္မက်ပါသော ချစ်ခြင်း

မီးခိုးရောင်သလင်း မိမိကိုယ်ကိုချစ်ခြင်း

နှင်းဆီသလင်း မိမိကိုယ်ကိုချစ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း

ပတ္တမြား ရမ္မက်

အနက်ရောင် ဖရဲအူ ကိုယ့်ကိုယ်ကို ရှာဖွေခြင်း

Rhodochrosite ကိုယ်ရေးကိုယ်တာ အဆောင်

Rhodonite ချိုမြိန်ခြင်း နှင့် မျှခြေ

Sugilite ကြောက်ရွံ့မှုမှ ချစ်ခြင်းသို့

တကယ်တော့ ကျောက်မျက်တွေရဲ့ အစွမ်းသတ္တိက ဘယ်လောက်ပဲ ကောင်းကောင်း၊ တကယ့် မေတ္တာတရား (အနှိုင်းမဲ့ မေတ္တာတရား) လောက် စွမ်းတာကတော့ လောကမှာ မရှိနိုင်တာ သေချာပါတယ်။ ဒါကြောင့် အချင်းချင်း မေတ္တာတရားစစ်စစ်နဲ့ ချစ်နိုင်ဖို့ပဲ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

.............


Amethyst : ခရမ်းစွဲ ..

Adventurine : သူက အစိမ်းရောင်၊အပြာရောင်၊ စိမ်းပြာရောင် အရောင်သုံးမျိုးလောက် တွေ့ရတတ်ပါတယ်။

Azurite : သူက မဲနယ်ပြာရောင် စိုလက်နေတဲ့ သိပ်လှတဲ့ ကျောက်တစ်မျိုးပါ။


Black Onyx : မဟူရာ

Black Tourmaline : အနက်ရောင် ဖရဲအူ

Blue Lace Agate : Agate အမျိုးအစားပါပဲ။ အပြာနုနုလေး ပါတယ်ဆိုရုံ ပါပဲ။

Charoite Sphere: ခရမ်းရောင် ကျောက်တစ်မျိုး ဖြစ်ပါတယ်။

Chrysocolla : အစိမ်းနဲ့ အပြာရောတွေ့ရတတ်တဲ့ ကျောက်တစ်မျိုး ဖြစ်ပါတယ်။

ဒါလည်း Chrysocolla ပါပဲ။


Heart-shaped Rose Quartz : အသည်းပုံ နှင်းဆီသလင်း

Hematite : ရေသံ


Kunzite : ပန်းနုရောင်သလင်း တစ်မျိုး ဖြစ်ပါတယ်။


Larima : အက်ကွာဖက်သန်းတဲ့ အပြာရောင်ကျောက်ပါ။

Love Gem Stones Kit : ချစ်ခြင်းမေတ္တာအတွက် အဆောင်ကျောက်များ


Malachite : မယ်လခိုက်က အစိမ်းရောင်ဖြစ်ပါတယ်။


Mexican fire opal : မက်ဆီကန် မီးရွဲ လို့ ခေါ်ပါတယ်။ လိမ္မော်ဖက်သန်းတဲ့ မီးတောက်ရောင်တွေ ဖြစ်ပါတယ်။


Moonstone : လရောင်နဲ့ ဖြစ်တည်တယ်ဆိုတဲ့ လကျောက်ပါ။

Pink Tourmaline : ပန်းရောင် ဖရဲအူ ဖြစ်ပါတယ်။

Prehnite : ကျောက်စိမ်းနဲ့ ခပ်ဆင်ဆင် အစိမ်းလေးတွေပါ။ တစ်ချို့ကတော့ အပြာဖက် သန်းပါတယ်။

Red Garnet : ကျောက်နီပါ။

Rhodochrosite : အနီရောင် သလင်းကျောက်တစ်မျိုး ဖြစ်ပါတယ်။


Rhodonite : သူလည်း အနီရောင် ကျောက်တစ်မျိုးပါပဲ။


Rose Pink Tourmaline : ပန်းနှင်းဆီ တိုမလင်း ဖြစ်ပါတယ်။


Rose Quartz Sphere: နှင်းဆီသလင်း


Sugilite : ခရမ်းရောင် ကျောက်တစ်မျိုးပါပဲ။


Watermelon Tourmaline :ဖရဲသီးလို ရောင်စဉ်ဖြာနေတဲ့ ဖရဲသီးရောင် ဖရဲအူ ဖြစ်ပါတယ်။

မနော်ဟရီ