ခေတ်ပြိုင်တို့၏သတို့သမီး

Monday, December 29, 2008


ခေတ်ပြိုင်တို့၏သတို့သမီး………လို့အမည်ပေးထားတဲ့စာအုပ်လေးပါ။အမျိုးသမီးစာရေးဆရာမ
တွေချည်းပဲစုစည်းထားတဲ့ဝတ္ထုတိုစုလေးလည်းဖြစ်ပါတယ်။ ဒီစာအုပ်ကိုစုစည်းသူက ဦးလေးကိုတင်ဖြစ်ပြီးထုတ်ဝေသူကတော့ ကံ့ကော်ဝတ်ရည်စာပေက မ၀ိုင်း ပါ။ဒီစာအုပ်လေး
မှာခေတ်အဆက်ဆက်က စာရေးဆရာမ ၉၁ ယောက်ပါဝင်ပါတယ်။
အဲဒီမှာ ကျွန်မရဲ့ သက္ကရာဇ်များ ဆိုတဲ့ဝတ္ထုလေးလည်းပါပါတယ်။
ရောင်းဈေး ကတော့ ၉၀၀၀ကျပ်ပါ။ ကတ်ထူဖုံးနဲ့ဖြစ်ပြီးစာအုပ်ကတော်တော်ထူပါတယ်။စာ
မျက်နှာ ၉၂၆ မျက်နှာပါပါတယ်။

ကလျာ(၀ိဇ္ဇာသိပ္ပံ)။ကြူကြူသင်း။ကြည်မွေ့အိမ်။ကြည်အေး။ခက်မာ။ခင်ခင်ထူး။ခင်စောမူ။
ခင်ဆွေဦး။ခင်နှင်းယု။ခင်နှင်းဦး။ခင်ပန်နှင်း။ခင်မျိုးချစ်။ခင်မြဇင်။ခင်လေးမူ။ခင်လတ်။ခင်လှိုင်
ကြူ။ချောအိမာန်(မန္တလေး)။ဂျာနယ်ကျော်မမလေး။ငြိမ်း(ရွှေလီ)။ငွေတာရီ။စုထား။စုမီအောင်။
စုသဲမွန်။စိန်စိန်။စိန်ဥမယ်။စမ်းစမ်းနွဲ့(သာယာဝတီ)။ဏီဏီယဉ်။တက္ကသိုလ်ကျော့ရှင်း။တက္က
သိုလ်မြစိမ်း။တင်တင်ဦး။တင်ရီမ(ညောင်ဦး)။ဒဂုန်ခင်ခင်လေး။ဒဂုန်ခင်လေးဆွေ။နုနုရည်(အင်း
ဝ)။နုယဉ်။နတ်မောက်အနီချို။နှင်းပန်းအိမ်။နှင်းဝေငြိမ်း။ပန်းရိပ်ဖြူ။မကို။မကြွယ်ကြွယ်။မခြူးပွင့်
မစန္ဒာ။မစန်းပွင့်။မစန်းမေ။မနော်ဟရီ။မနှင်းဖွေး။မမြညွန့်။မမြတ်လေး။မရွှေချော။မလေးလုံ။
မ၀င့်(မြစ်ငယ်)။မ၀င်းမြင့်။မသီတာ(စမ်းချောင်း)။မသက်ဆွေ။မသိဂီ င်္။မအိ။မဦး။မာလာ။မိချမ်း
ဝေ။မေမောင်။မိုချာ့။မိုးချိုသင်း။မိုးငြိမ်းဧ။မိုးမိုး(အင်းလျား)။မြနှောင်းညို။မြမဉ္ဇူ။မြူမြူ။မြို့သာ
မရာထို။ယုဒါ။ယုဝတီခင်ဦး။ယုဝတီဂျင်းဖောမယ်။ယုဝတီမာလာသိန်း။ယုဝတီရွှေဝါစိန်။ယဉ်မင်း
ဦး(ဆေးတက္ကသိုလ်)။ယဉ်ယဉ်နု(မန္တလေး)။ရာသက်ပန်(တောင်ငူဆောင်)။ရှင်ညိမ်းမယ်။ရွှေကူ
မေနှင်း။ရွှေကျွန်းရီလေး။ရွှေသဉ္ဇာ။ဝင်းဝင်းမြင့်(နန်းတော်ရှေ့)။ဝင်းဝင်းလတ်။သထုံမလေးနွယ်။
သင်းစုစုညိမ်း။သင်းမြစန္ဒီ။သင်းသင်းသာ။သွေး(စစ်ကိုင်း)။သွန်းနှင်းအိမ်။သျှီ(အင်ကြင်း)။အမရာ
(ဆေး-၁)။


သုံးနှစ်ပျောက်ခဲ့တဲ့ဝတ္ထု

Friday, December 26, 2008

ဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်မှာ မေးထားတယ်။ ဘုရင်ကြီးတစ်ပါးဟာ သုံး (၃)ဂဏန်းကိုမနှစ်သက်
လို့ သူ့တိုင်းပြည်မှာသုံးဂဏန်းကိုသုံးခွင့်မပေးဘူးတဲ့။ သုံး ဆိုရင်ကျော်ခဲ့ပြီး ၄ ကိုရောက်သွား
တယ်။ ၁၃ ဆိုမပါဘူး။ ၁၄ ကိုကျော်သွားတယ်။ အဲဒီတော့ ၁ ကနေ ၁၀၀၀ အတွင်းမှာဂဏန်း
လုံးရေဘယ်လောက်လျော့သွားမလဲတဲ့။ အဲလိုပုစ္ဆာကိုဖတ်ရင်းကိုယ်က ၃ ဂဏန်းတွေပါတဲ့
ဝတ္ထုတစ်ပုဒ်ကိုကောက်ရသွားတယ်။
တကယ်ပါပဲ။ မြန်မာတွေအယူအရကတော့ ပညတ်သွားရာဓါတ်သက်ပါတယ်ပဲပြောရမလား၊
ဥပါဒါန်ကြောင့်ဥပါဒ်ရောက်တယ်ပဲပြောရမလား (တစ်ခုမှ မ မှန်တာလည်းဖြစ်နိုင်တယ်။)း)
ကိုဦးဆွေက အဲဒီတုန်းက မဂ္ဂဇင်းအသစ်တစ်ခုလုပ်တယ်။ ပန်းတိုင် တဲ့။ စာမူတောင်းတယ်။
အရေးတကြီး ၊ဖုတ်ပူမီးတိုက်…တစ်ခုခုအတွက်အစားထိုးချင်လို့လည်းဖြစ်နိုင်တာပဲ…ဒါက သူ
တို့ကိုဝါရင့်အယ်ဒီတာကြီးတွေလုပ်နေကျ..။
“ မနက်ဖြန် သုံးနာရီလောက်တော့လာပေးပေးပါကွာ” တဲ့။
တိုက်တိုက်ဆိုင်ဆိုင် သူပြောတဲ့နေ့က အင်္ဂါနေ့။
နောက်နေ့သွားပေးလိုက်တယ်။ ပေးပြီးမကြာဘူး။သူအဲဒီမဂ္ဂဇင်းဆက်မလုပ်တော့ဘူးတဲ့…။
စာမူကိုတော့ပြန်ပေးမယ်ဆိုပြီးပျောက်သွားလိုက်တာ…တကယ်ပဲ ..သုံးနှစ်လောက်ကြာသွား
တယ်။ အဲဒီတော့မှ အဲဒီဝတ္ထုတို အတွက်ခေါင်းစဉ်အမှန်ကိုရတော့တာ။
သုံးနှစ်ပျောက်ခဲ့တဲ့ဝတ္ထု တဲ့။
အန်တီကလျာကိုပေးဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဦးနေမျိုးအေး (ရဲခေါင်မဲမောင်)တောင်းတာ။
သူက အဲဒီတုန်းက ကလျာ မှာလေ။
ခုဒီဝတ္ထုလေးကိုပြန်ဖတ်တိုင်း ဘာလို့ရေးခဲ့မိမှန်းကိုယ့်ဟာကိုယ်တွေးမရဘူး။ ကိုယ်ရေးနေကျ
မျိုးလည်းမဟုတ်ဘူးလေ။ဖတ်ကြည့်ကြပါဦး။


သုံးနှစ်ပျောက်ခဲ့တဲ့ဝတ္ထု

“မြို့ပြင်ရောက်ဖို့ နောက်ထပ် ၃၃ မိနစ်လောက်လျှောက်ရဦးမယ်”
တောက် !.....။
အူကြောင်ကြောင်နိုင်လိုက်တာ။မြို့လည်ကနေမြို့ပြင်ရောက်ဖို့ ၃၃ မိနစ်တောင်ကြာတယ်တဲ့။
တော်တော်စိတ်ပျက်စရာကောင်းတယ်။
ခင်ဗျားပဲစဉ်းစားကြည့်လေ။
ဒီနေ့က ၃ လပိုင်း ၃ ရက် ၊ အင်္ဂါနေ့။
ညနေပိုင်းလေညင်းခံထွက်ချိန်မဟုတ်ပါပဲ မြို့ပြင်ထွက်ချင်နေတဲ့ကျွန်တော့်ရဲ့လက်ကနာရီက
၃ နာရီဆိုတဲ့ ဂဏန်းကိုပြနေတယ်။
ဟင့်အင်း။
မြို့ပြင်ကိုလမ်းလျှောက်မသွားဘူး။ကားနဲ့သွားမယ်။
ဘယ်လောက်ကြာမလဲ။
၃ မိနစ်တဲ့။ သေစမ်း။(မဖြစ်နိုင်တာပြောတာတောင်မှ ၃ နဲ့မလွတ်ဘူး..အံ့ရော )
ဒိထက်မြန်အောင်…ဟာ..ဒိထက်နှေးအောင်…တစ်နည်းနည်း….။
အင်း…..ဥာဏ်စမ်းပုစ္ဆာထဲကလို ဒီညနေခင်းအတွက် (၃)ဂဏန်းမပါရလို့အမိန့်ထုတ်ရင်ကောင်း
မလား။
ကားတစ်စင်းဖြတ်မောင်းသွားတယ်။နံပါတ်အနီပါ။
တားမလို့ကြည့်လိုက်တော့ နံပါတ်က ၁၃ တဲ့။
မောင်းစမ်းပစေ။ဘယ်ရောက်ရောက်….။
“ ဆိုက္ကား…ဆိုက္ကား…”
“ဘယ်လဲ…”
“မြို့ပြင်ကို..”
စကားမဆုံးလိုက်ဘူး။သတိဝင်ချိန်မှာဘီးသုံးဘီးလုံးက ကျွန်တော့်ကိုခြေစုံရပ်ပြနေပြီ။
“ ၁၃ ကျပ် ပါ”
၁၃ ကျပ်တဲ့။ ချာကနဲလှည့်ထွက်ပစ်လိုက်တဲ့ကျွန်တော့်ကိုဆိုက္ကားသမားက ၃ ခွန်းတိတိဆဲရေး
ပါတယ်။
“သုံးဂဏန်းတွေနဲ့မြို့”
တော်တော်ကိုစိတ်ပျက်စရာကောင်းတာပါ။
ဟူး…………..။
“ ဒီနားမှာ ခင်ဗျားရပ်နေတာ ၃ မိနစ်လောက်ရှိပြီ..ဒါမှတ်တိုင်မဟုတ်ဘူး။မှတ်တိုင်ကရှေ့မှာ….
ဒါနဲ့ခင်ဗျားကဧည့်သည်ထင်တယ်။ ဘယ်သွားချင်တာလဲ…”
“ မြို့ပြင်”
ကျွန်တော့်အသံကမာနေလားမသိဘူး။ရပ်နေတာပဲ ၃ မိနစ်တဲ့။မသကာ ၅ မိနစ် ၁၀ မိနစ်
လောက်ကြာမှလာကူညီပါတော့လား။မာကြောပြတ်တောက်တဲ့ ကျွန်တော့်စကားသံကြောင့်
အဲဒီလူမှုဝန်ထမ်းသမား တစ်ချက်ကြောင်သွားတယ်။ဒါပေမယ့်….
“ရှေ့ကိုဆက်လျှောက်လိုက်…၃ လမ်းထိပ်ရောက်ရင်မှတ်တိုင်တွေ့လိမ့်မယ်။အဲဒီကနေအမှတ်
၃ ကားကိုစောင့်စီး။သိပ်မပေးရပါဘူး။၃ ကျပ်..”
ကျွန်တော်အလကားနေရင်းလူသတ်မှုမဖြစ်ချင်ဘူး။ဒါကြောင့်လှည့်ထွက်ခဲ့လိုက်တယ်။သူပြော
တဲ့မှတ်တိုင်နဲ့ဆန့်ကျင်ဘက်နောက်ကြောင်းကမှတ်တိုင်ဆီကို။
နောက်ကြောင်းပြန်လျှောက်ရတာတော်တော်လေးဝေးပါတယ်။နာရီကတောင် ၃း၅၃ ကိုညွှန်ပြ
နေပြီ။ကားမှတ်တိုင်မှာလည်းလူကနည်းနည်းရယ်။
အမှတ် ၃ ကားက ၄း၀၃ ထိမလာသေးဘူး။
ဒါလည်းတစ်မျိုးကောင်းတာပဲ။နံပါတ် ၃ ကားမလာရင်ဒီကနေမြို့ပြင်ကိုလမ်းပြန်လျှောက်မယ်။
ဒါဆိုရင် ၃၃ မိနစ်မက တော့ဘူး။
အတွေးမဆုံးခင်ကျွန်တော့်မြင်ကွင်းထဲဘောလုံးသမား၃ယောက်ဘောလုံးတစ်လုံးကိုကိုင်ရင်း
ဖြတ်ဝင်လာတယ်။
သူတို့ရဲ့နောက်ကျောနံပါတ်တွေက ၃ ၊ ၁၃ ၊ ၂၃ တဲ့။
နောက်…..
ကျွန်တော်ရပ်နေတဲ့မှတ်တိုင်မှာပဲသူတို့ကားစောင့်ကြပါတယ်။ ကားစောင့်ရင်းသူတို့ကစားခဲ့တဲ့
ပွဲအကြောင်းစားမြုံ့ပြန်ကြပြန်ရော။ဖြစ်ချင်တော့သူတို့က တစ်ဖက်အသင်းနဲ့ ၃ ဂိုး၊၃ဂိုးနဲ့ သရေ
ကျခဲ့သတဲ့။ကျွန်တော်စိတ်ပျက်လိုက်တာ။
အဲဒီအချိန်မှာ….
တစ်ယောက်ကနာရီကြည့်ပြီး ….
“ ၃ ကားကလည်း ကြာလိုက်တာ..” တဲ့။
တော်ပါပြီ…။
အဲဒီ ၃ ဂိုး ၊ ၃ ဂိုးသရေကျအောင် ကစားခဲ့တဲ့ ၃ ရယ်၊၁၃ ရယ်၊၂၃ ရယ်နဲ့ နံပါတ် ၃ ကားကိုအ
တူစီးပြီး ကျွန်တော်မြို့ပြင်မထွက်ချင်တော့ဘူး။တည်းတဲ့အိမ်ပြန်တာပဲကောင်းပါတယ်။
အဲဒီ ..ခပ်တုံးတုံး ၃ မြို့လေးက ထိုင်နေဖို့ပဲကောင်းတဲ့မြို့။
မဟုတ်ရင် သွားလေရာမှာ…။
ကျွန်တော်အိမ်ပြန်လာခဲ့တယ်။
တည်းတဲ့အိမ်က ကျွန်တော့်သူငယ်ချင်းရဲ့အိမ်။ရောက်တာပဲ ၃ ရက်ရှိနေပြီ။ ခုမှသူ့အိမ်နံပါတ်
ကိုမြင်တယ်။Dancing Lady အိုးနဲ့ကွယ်နေတာကိုး။
အိမ်နံပါတ်က ၃၃၃၊စံပါယ်ရုံ ၃ လမ်း တဲ့။
စိတ်ပျက်လက်ပျက်နဲ့ နဖူးကိုလက်ဝါးနဲ့ပိတ်ရိုက်ပစ်လိုက်ပြီးအိမ်ထဲလှမ်းအ၀င်…
“ဟာ….အတော်ပဲဦးဦး…သားကိုကူပါဦး..”
ကွန်ပါချွန်၊စက်ဝိုင်ခြမ်း၊ပေတံ။ခဲတံတွေနဲ့အလုပ်ရှုပ်နေတဲ့ သူငယ်ချင်းရဲ့သားငယ်ကကျွန်တော့်
ကိုသူ့စာအုပ်နဲ့ပစ္စည်းတွေထိုးပေးပါတယ်။
“ဘာလဲကွ၊ဘာလုပ်ရမှာလဲ..”
“ဆရာမက သုံးနားညီတြိဂံဆွဲခိုင်းလိုက်လို့ ဦးရဲ့…သားကိုဆွဲပေးပါ..”
“သုံးနားညီ တြိဂံ…ဟုတ်လား”
“ဟုတ်တယ်။ထောင့်တစ်ထောင့်ကို ၆၀ဒီဂရီ ရှိရမယ်တဲ့”
ကလေးက ကျွန်တော့်ကိုမျက်နှာငယ်လေးနဲ့ပြန်ရှင်းပြတယ်။ကျွန်တော်ကလည်းကျွန်တော့်အခံ
နဲ့ကျွန်တော်။ တော်တော်စိတ်တိုနေပြီ…။
“မင်းအဖေရောကွ..”
သူမရှိလို့ ကျွန်တော်အခိုင်းခံရတာမဟုတ်လား။ဘာလို့လဲ မသိဘူး။ကလေးမျက်နှာက တစ်မျိုး
ဖြစ်သွားတယ်။
“ဖေဖေ မရှိဘူး ဦး”
“ ဟင်..ဘယ်သွားလဲ..”
“ခုနကပဲ..ကျွန်တော့် တတိယအစ်ကို လမ်းထိပ်မှာရန်ဖြစ်လို့ ဆေးရုံရောက်သွားတယ်။ဒါဏ်ရာ
က သုံးချက်ချုပ်ရတယ်တဲ့ ဦးရဲ့..အဲဒါ ဦး လက်ဖက်ရည်ဆိုင်ကပြန်လာရင် ပိုက်ဆံ ၃၀၀၀
လောက်ယူပြီးဆေးရုံလိုက်ခဲ့ပါတဲ့…စောစောကပဲဘေးအိမ်ကိုဖုန်းဆက်တယ်”
ကလေးက မောသွားသလိုတစ်ချက်နားတယ်။ ၃ စက္ကန့်လောက်ကြာမှ…
“ဦး…မသွားခင်..သားတြိဂံလေးဆွဲပေးသွားဦး”
ကလေးပီပီသူ့ကိစ္စကိုသူအရင်လုပ်ခိုင်းတယ်။
ကျွန်တော်ဘာလုပ်ရမလဲ….။
ကျွန်တော်ဘာလုပ်ရမလဲ….။
ကျွန်တော်ဘာလုပ်ရမလဲ….။
……………………………………….
……………………………………………………
ပထမ…….သုံးနားညီ တြိဂံဆွဲရမယ်။
ဒုတိယ…..ငွေ ၃၀၀၀ ယူ..။
တတိယ…..မြို့ပြင်မှာရှိတဲ့ဆေးရုံကို လမ်းလျှောက်သွားရင် ၃၃ မိနစ်။ အမှတ် ၃ ကားစီးသွား
ရင် ၁၃ မိနစ်၊ကားနဲ့သွားရင် ၃မိနစ် နဲ့ ကြိုက်ရာလမ်းကိုရွေးပြီး….
ကျွန်တော်သွားရုံပါပဲ။
လောလောဆယ်တော့ ၃ လပိုင်း ၃ ရက် အင်္ဂါနေ့ရယ်။ကျွန်တော်ရယ် ၊ငွေ ၃၀၀၀ရယ်၊ သုံးနား
ညီတြိဂံရယ်။သုံးပင်မကလိမ်နေဆဲ..။
မနော်ဟရီ
၁၉၉၈


သားကလေးရဲ့စာမျက်နှာ

Wednesday, December 24, 2008

သားကလေးရဲ့စာမျက်နှာ
မနေ့ကသားကလေးက သူ့ကျောင်းကသူငယ်ချင်းတွေနဲ့ gathering တစ်ခုလုပ်တယ်။ကျွန်မ
အိမ်မှာကပစ္စည်းတွေသိမ်းထုတ်ထားတာအထုတ်တွေအထုတ်တွေနဲ့။ အိမ်သစ်ကကျတော့မ
နေ့ကမှစပြီးအခန်းဖွဲ့ရတယ်။ဒါနဲ့သားသူငယ်ချင်းကောင်းမြင့်မိုရ်လွင် ရဲ့အိမ်မှာလုပ်ဖြစ်တယ်။
ကောင်းကောင်းအမေနဲ့ ကျွန်မကလည်းအတော်လေးကိုခင်မင်သံယောဇဉ်ရှိကြတာကိုး..။
ကျောင်းမှာတော့သားကတစ်တန်းလုံးနဲ့ချစ်ချစ်ခင်ခင်ရှိပါတယ်။ အဲဒီထဲမှာမှ ကောင်းကောင်း
ရယ်၊မင်းကောင်းထက်ကိုကို ဆိုတဲ့ကလေးရယ်၊ခင်မြတ်ထက် ဆိုတဲ့ကလေးမလေးရယ်ကို
တော့အတော်လေးခင်ပါတယ်။အဲလိုပဲ ကောင်းကောင်းအမေ၊မင်းကောင်းမေမေ၊ခင်မြတ်ထက်
မေမေနဲ့ကျွန်မတို့ကလည်းအတွဲပါ။
ကျွန်မကအလုပ်တွေဆယ့်နှစ်ရာသီရှုပ်နေတတ်တဲ့သူဆိုတော့ ကျောင်းကြိုကျောင်းပို့တွေမှာ
အရင်..သား ကေဂျီ တက်တုန်းကလိုမျိုးအမေချင်းသိပ်မတွေ့နိုင်ကြတော့ဘူး။ဒီတော့ ကျွန်မ
တို့ကျောင်းစအပ်တဲ့နေ့တွေ၊စာမေးပွဲနောက်ဆုံးနေ့လိုနေ့တွေမှာ တွေ့ကြပါတယ်။သူတို့က
ကျွန်မကိုလှမ်းလှမ်းပြီးခေါ်တတ်တယ်။
ဒီနေ့ကတော့သား သမီးတွေအပြင် အမေတွေရော ဆရာမတွေရောတွေ့တာလေ…ကျွန်မနဲ့
သားက ခရီးရှည်တစ်ခုထွက်ကြမှာမို့နှုတ်ဆက်ကြတာလည်းပါတာပေါ့..။ ပြောတော့သာခရီး
ရှည်…ကျွန်မတို့သားအမိအတွက်ကတော့ တိုအောင်ကြိုးစားဖို့ပဲဆုတောင်းနေကြတယ်။ဟိုက
စောင့်နေမယ့်မိသားစုသိရင်တော့စိတ်ကောင်းမှာမဟုတ်ဘူး။ဒါပေမယ့် ဒါဟာ တကယ့်ဖြစ်ရပ်
မှန်ပါပဲ။
သားက ခရီးကိစ္စပြောလိုက်ရင် ငိုပြီ။ တစ်နေ့ညကလည်းတစ်ညလုံးငိုတယ်။အမေနဲ့သားနဲ့ငို
ကြချော့ကြနဲ့..အိပ်လည်းမအိပ်နိုင်ဘူး။နောက်နေ့ကျတော့ ဆရာမ မွန် ကပါပြောလာတယ်။
ခုတလော ခေတ်နေ ကအတန်းထဲမှာငို ငိုနေလို့စိတ်မကောင်းကြဘူး..သူငယ်ချင်းတွေကချော့
နေကြတယ်လို့ပြောတယ်။သူမသွားချင်ဘူးလို့ပြောပြောပြီငိုလို့ ဆရာမ စီစီ ကတော့ လူကြီး
ပီပီ သူများတွေတောင်မရနိုင်တဲ့အခွင့်အရေးမို့ လက်လွတ်မခံသင့်တဲ့အကြောင်းနဲ့ သူ့ကိုကြိုး
စာဖို့တွေမှာတယ်။ ဆရာမစီစီ ကိုတော့ကြောက်တဲ့တွက် သူ့ရှေ့မှာတော့မငိုဘူးတဲ့…။ဒါပေ
မယ့် ဆရာမကိုယ်တိုင်လည်းစိတ်မကောင်းရှာပါဘူး။
ကျွန်မလည်း ကိုယ်တိုင်က စိတ်လက်မပါရတဲ့ထဲ သားကလေးကပါအဲလိုဆိုတော့စိတ်ထဲမ
ကောင်းဘူး။ခွဲခွာခြင်းတွေ ကွေကွင်းခြင်းတွေဆိုတာတော့လာမှာပါပဲ…ဒါပေမယ့် သူ့ဆီရောက်
လာတာတစ်ဆိတ်များစောနေသလားလို့ ။ တချို့ကတော့ပြောတယ်။ ကလေးပဲ..ခဏပါ…..
တော်ကြာနေပျော်သွားမှာပဲ…တဲ့။ ဒါပေမယ့် ကျွန်မက ကျွန်မမွေးထားတဲ့သားအကြောင်း
ကျွန်မသိတယ်။ သူက သာမန်ကလေးတွေနဲ့မတူဘူး။ ပျော်ရင်လည်းတိတ်နေတတ်ပြီးဝမ်း
နည်းရင်လည်းကြိတ်နေတတ်တဲ့ကလေးမျိုး…။
တစ်ယောက်တည်းလည်းနေတတ်ပြီး အမြဲတမ်းတစ်ခုခုကိုမရပ်မနားလုပ်နေတတ်တဲ့ကလေး
လည်းဖြစ်တယ်။ ပန်းချီဆွဲရင်ဆွဲ မဆွဲရင် အခွေတွေကြည့်ပြီး အဲဒီထဲကပုံတွေကြည့်ဆွဲတတ်
သေးတယ်။ အရင်ကတော့ကိုထိန်လင်း က ပန်းချီဆွဲရအောင်ဆိုရင်ထွက်ပြေးတတ်တဲ့ကလေး
ကခုတော့ ပန်းချီပုံတွေကိုဆွဲနေပြီ..။ ကျွန်မကတော့ သူ့ကိုအားပေးတယ်လဲမဟုတ်တားလည်း
မတားဘူး။ သူ့ရဲ့မွေးရာပါဗီဇအတိုင်လာမှာပဲလေ..။
ခုချိန်ဟာ သားအမိနှစ်ယောက်အတွက် တကယ့်ကို လမ်းခွဲတစ်ခုဆီရောက်နေတာ။အင်း..
တစ်ခုပဲ..အဲဒီလမ်းခွဲဟာ ကျွန်မက သားကလေးအတွက်ပြင်ဆင်ပေးခဲ့တာသာမဟုတ်ရင် အဲဒီ
လမ်းကိုကျွန်မလည်းခွဲထွက်လျှောက်ချင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ဟာ အသားကျမှုတွေနဲ့
အသားသေနေတာမျိုးမဟုတ်ပဲနဲ့ကို ဒီနေရာလေးမှာပျော်မွေ့နေကြတာ..ကျိမ်စာတစ်ခုတော့
မဟုတ်လောက်ဘူးလို့ယုံကြည်နေချင်တယ်။


Morris,မင်းကောင်းထက်၊ကျော်လင်းအောင်၊ခေတ်နေ၊ပြည့်စုံအောင်၊ကောင်းမြင့်မိုရ်၊ Susan Tun Tun,ခင်မြတ်ထက်၊မေယွန်းပွင့်
သားကလေးနဲ့သူ့သူငယ်ချင်းတွေ


ညနေတေးချင်း

Sunday, December 21, 2008

ဒီအက်ဆေးလေးကိုကျွန်မ ၂၀၀၀ခုနှစ်ကရေးဖြစ်ခဲ့တာပါ။ စိတ်ထဲမှာနင့်နေတဲ့စိတ်ခံစားမှုတစ်
ခုကို ၅နှစ်လောက်ကြာမှချရေးလိုက်ရပေမယ့် စိတ်တိုင်းတော့မကျဘူး။သေချာတာက ကျွန်မ
ဒိထက်ပိုပြီးတော့လည်းရေးလို့မရဘူး....။ကျွန်မဘာကိုရည်ရွယ်ရေးထားတယ်ဆိုတာကိုတချို့
ကတော့သိကြတယ်။ တချို့ကတော့မသိကြဘူး...။..ခုလည်းကျွန်မရဲ့သံစဉ်တွေကိုဘယ်
သူတွေကဘယ်လောက်များဖမ်းယူနိုင်မလဲသိချင်လိုက်တာ။မရခဲ့ရင်တော့ကျွန်မညံ့တာပေါ့....။
အဲဒါလေးက Fashion Image မဂ္ဂဇင်းမှာပါသွားခဲ့ပါတယ်။၂၀၀၁မှာထင်တာပဲ....။
အစက မဟေသီကိုပေးလိုက်တာပါ။ပျောက်သွားပုံကတိုက်ကိုတောင်မရောက်ပဲ ပျောက်သွား
သတဲ့..။အဲဒါနဲ့ နောက်တစ်တိုက်ကိုပေးလိုက်တာ။အဲဒီတုန်းက ၀ိုင်ချို အဲဒီမဂ္ဂဇင်းမှာလုပ်နေတဲ့
အချိန်ပေါ့....။


ညနေတေးချင်း
ကျွန်မရင်ထဲကနေခွဲဖြာထွက်သွားတဲ့ဖြူဝါ၀ါလမ်းဖုံဖုံလေးတွေကိုကျွန်မငေးကြည့်နေမိတယ်။
လမ်းကလေးတွေကလည်းကျွန်မကိုခပ်လှမ်းလှမ်းကရီဝေစွာကြည့်လို့။ဒီညနေခင်းမှာတော့
ကျွန်မတို့ဒါပဲတတ်နိုင်ခဲ့ကြပါတယ်။
အဲဒီလမ်းကလေးတွေဘယ်တော့များမှကျွန်မဆီပြန်လာနိုင်တော့မလဲမသိဘူး။လမ်းကလေး
တွေကိုကျွန်မတာဝန်မကျေနိုင်ခဲ့ဘူးလေ။သစ္စာမဲ့ခွင့်ကိုအလိုမတူပဲလက်ခံလိုက်ရတာပါလမ်း
ကလေးတွေရေ..ကျွန်မကိုဘယ်တော့မှခွင့်မလွှတ်လိုက်ပါနဲ့။
တကယ်တော့ကျွန်မဟာဘာဆိုဘာမှမတတ်နိုင်တော့တဲ့ရှေးဟောင်းနန်းရင်ပြင်လေးတစ်ခုပါ။
ကျားကန်ထားခြင်းတွေကလည်းယိုင်နဲ့စီးမျောထွက်ကုန်ကြပြီ။ခွဲဖြာထွက်သွားတဲ့လမ်းကလေး
တွေပေါ်မှာတော့အိပ်တန်းပြန်ရောင်ခြည်တွေ ရွှဲရွှဲစိုလို့။
မကြာခင်နေ၀င်တော့မယ်။ညနေခင်းကတော့သူနဲ့ဘာမှမဆိုင်သလိုစိမ်းမြနေဆဲပဲ။

လမ်းကလေးတွေသယ်ဆောင်သွားကြတဲ့ရယ်သံလွင်မြမြလေးတွေကိုကျွန်မလွမ်းတယ်။သူတို့
ကိုယ်ပေါ်မှာအစီအရီပွင့်ခဲ့ဖူးတဲ့အဖြူရောင်ပွင့်ဖတ်လေးတွေကိုလည်းလွမ်းတယ်။ခုတော့၊ကျွန်မ
ရင်အုံပေါ်မှာအနီရောင်ပန်းပွင့်တွေကပဲစွေးစွေးလှုပ်လှုပ်အောင်ပွဲခံလို့။
ကျွန်မနာကျင်ခါးသက်စွာရယ်မောလိုက်မိတယ်။(လောလောဆယ်မှာတော့ဒါဟာ ကျွန်မအ
တွက်အကောင်းဆုံးဆေးတစ်ခွက်ပဲလေ)“မကြာခင်မှာအသားကျသွားမှာပါ၊အရာရာဟာအစ
တော့ဒီလိုပါပဲ” တဲ့။
ဟင့်အင်း၊ကျွန်မက လေညင်းတွေနဲ့အတူယောယိမ်းကမယ့်၊လေကြမ်းတွေနဲ့အတူလိုက်တေး
ဆိုမယ့်စိမ်းမြမြသစ်ရွက်တစ်ရွက်မှအဟုတ်တာ။ဒါပေမယ့်...နေရောင်ခြည်တွေကိုတော့လို
အပ်ချက်အတွက်မဟုတ်ပဲချစ်တယ်။ခုတော့.....
မကြာခင်နေ၀င်တော့မယ်။ညနေခင်းကတော့သူနဲ့ဘာမှမဆိုင်သလိုစိမ်းမြနေဆဲပဲ။

ပစ္စက္ခအချိန်တွေကိုကုန်ကြမ်းအဖြစ်အဓမ္မ၀ယ်ယူခဲ့ရပြီး အသုံးမ၀င်တဲ့အနာဂတ်အတုတွေကို
ထုတ်ပေးနေခဲ့တာကျွန်မရဲ့တတိယတန်းစားနှစ်ကောင်စောင့်ရင်ပြင်လေးပေါ့။အဲဒီရင်ပြငထက်
မှာရာသီစာပွဲတော်တွေခြိမ့်ခြိမ့်သဲသဲကျင်းပနေလိုက်တာတစပြင်အတိုင်းပဲ..။
အနက်ရောင်ဖဲကြိုးရှည်ကြီးတစ်ချောင်းနဲ့လှလှပပစည်းနှောင်ခံထားရတဲ့ ကျွန်မရဲ့ရင်ဝင်လမ်းမ
ဟာ ရောင်ခြည်တွေနည်းနေခဲ့ပြီ။
ပန်းပွင့်တွေကိုမမြင်ရတော့ဘူး။ရနံ့တစ်လူလူကိုဘယ်သူကန့်သတ်ချက်ပေးလိုက်တာလဲ။ တေး
သံတစ်ချွင်ချွင်တွေဘယ်နားကများလွန့်လူးသက်ဝင်လာလေမလဲရယ်လို့စိတ်စောမိတဲ့နေ့ရက်
တွေလည်း ဆယ်စုနှစ်တစ်ခုစာတောင်မကတော့ဘူး။
တံခါးမပိတ်ကြပါနဲ့ဦး။ အိမ်ကိုပြန်လာတဲ့လှိုင်းခေါင်းဖြူဖြူလေးတွေကိုမစောင့်တော့ဘူးလား။
ဟိုးအဝေးကြီးက ပျံသန်းလာတဲ့ဖန်ဆင်းရှင်တစ်ပါး။သူ....ကျွန်မဆီနေမ၀င်ခင်ရောက်ဖို့လို
တယ်။
မကြာခင်နေ၀င်တော့မယ်။ညနေခင်းကတော့သူနဲ့ဘာမှမဆိုင်သလိုစိမ်းမြနေဆဲပဲ။

ဘုရားကျောင်းကလွင့်ကျလာတဲ့ခေါင်းလောင်းသံခပ်ဖျော့ဖျော့လေးတွေ၊ ခါးသက်စိမ်းမြတဲ့မြက်
ခင်းပြင်ပေါ်မှာလေးတိလေးကန်ကခုန်လို့။ ဘာအတွက်ခြွေချလိုက်တဲ့ခေါင်းလောင်းသံတွေပါ
လိမ့်။မင်္ဂလာရှိတဲ့အချိန်နာရီအတွက်လား။
ကြေကွဲစရာလမ်းခွဲနေ့ရက်တွေအတွက်လား။
ကျွန်မအတွက်ကတော့ တစ်ယောက်တည်းခြောက်ခြားနေတတ်တဲ့နွေတွေ ခပ်စိတ်စိတ်ရွာချ
လာနေပြီ...။ဘုရားသခင်...ရာသီသုံးမျိုးစလုံးမှာသူဟာပင်တိုင်အသုံးတော်ခံတော့မယ့်ဗီလိန်
ဇာတ်ကောင်များလား။အပူရောင်တွေကတော့ကျွန်မကိုယ်ပေါ်မှာ ခပ်ကျဲကျဲခြယ်သလို့။
လပ်ဟာနေတဲ့ကျွန်မရဲ့ဘယ်ဘက်ရင်ခွင်ထောင့်ကကွက်လပ်ကလေး...။ဘယ်တော့များမှတေး
သီရပါ့မလဲ။ငှက်ကလေးတွေရဲ့အိပ်တန်းပြန်သံနဲ့အတူ၊ အရိပ်အယောင်တချို့ကြေကွဲစွာနောက်
ဆုတ်လှည့်ပြန်သွားကြတယ်။တစ်ခါတစ်ခါတော့လည်းအချိန်ဆိုတာစောင့်ဆိုင်းရတတ်တဲ့အရာ
တစ်မျိုးပါပဲ။
မကြာခင်နေ၀င်တော့မယ်။ညနေခင်းကတော့သူနဲ့ဘာမှမဆိုင်သလိုစိမ်းမြနေဆဲပဲ။

အတောင်ပံစစ်စစ်တွေနဲ့လွတ်လပ်စွာပျံသန်းသွားတဲ့ငှက်တစ်အုပ်နဲ့အတူကျွန်မရောလိုက်သွားချင်
လိုက်တာ။လမ်းကလေးတွေကိုတော့ ကျွန်မရွှေနဲ့လုပ်တဲ့အတောင်ပံအတုတွေလက်ဆောင်ပေး
လိုက်ခဲ့ဖူးတယ်။(သူတို့တကယ်ပျံသန်းနိုင်ကြမှာမဟုတ်ဘူး)မျှော်လင့်ချက်တွေဟာဘာလို့နေစောင်း
စောင်းသွားရတာတဲ့လဲ။လရောင်ဆိုတာအခါခပ်သိမ်းအလည်လာတတ်တဲ့ဧည့်သည်မဟုတ်ဘူးဆိုတာ
ကျွန်မမေ့နေခဲ့တယ်။
ကြယ်ပွင့်ကလေးတစ်ပွင့်တစ်လေနဲ့မိတ်ဖွဲ့ခွင့်ရမယ်ဆိုရင်ကျွန်မလမ်းကလေးတွေကိုကြယ်ရောင်က
လေးတွေနဲ့ခရီးဆက်ခိုင်းနိုင်မှာပါ။ နေ့သစ်တစ်ခုထိလေ။
ခေါင်းမော့ပြီးပင့်သက်အပူတွေကိုလူမသိအောင်ခိုးထုတ်ဖူးသလား။ကောင်းကင်မှာလျှပ်တစ်ပြက်မြင်
လိုက်ရတဲ့တိမ်တစ်စကိုရောဘယ်တုန်းကပြန်ခေါ်လို့ရခဲ့ဖူးလဲ။(ဆရာဝင်းဖေမြင့်ကတော့တိမ် ၁၀၀
ကိုအကျဉ်းချထားနိုင်ခဲ့တယ်။)
ညနေခင်းကောင်းကင်ကြီးကိုဒီအတိုင်းထိုင်ကြည့်နေခဲ့ရတာတစ်ထောင့်တစ်ညပုံပြင်ရှည်တွေတောင်
ခရီးလွန်နေခဲ့ပြီ...။
မကြာခင်နေ၀င်တော့မယ်။ညနေခင်းကတော့သူနဲ့ဘာမှမဆိုင်သလိုစိမ်းမြနေဆဲပဲ။

ပဲ့တင်သံတွေကိုမုန်းတယ်။
ပဲ့တင်သံတွေကိုဖြစ်စေပြီး ကာဆီးထားတဲ့တောင်ကမ်းပါးရှည်ကြီးတွေကိုလည်းမုန်းတယ်။နားနှစ်ဖက်
ကိုကြေကွဲလုမတတ်ပိတ်ရင်းပဲ့တင်သံတွေကိုရိုက်ချိုးပစ်လိုက်တဲ့အခါ..ကျွန်မရင်ပြင်ဟာဘုရားသခင်
ချပေးတဲ့ ဖိတ်တစ်ဝက်စင်တစ်ဝက်(ကျွန်မရဲ့တုန်ယင်နေတဲ့လက်တွေကြောင့်ပဲဖြစ်မှာပါ..)ငြိမ်သက်
ခြင်းအနည်းငယ်နဲ့ တိတ်ဆိတ်လို့။
တိတ်ဆိတ်နေလိုက်တာ။
ပြန်လာပါဦးလမ်းကလေးတွေရေ...။ဘုရားသခင်ရှေ့မှာရှိတဲ့ဖလားထဲမှာ (ကျွန်မရဲ့အလျင်စလိုအ
လောတကြီးနိုင်မှုကြောင့်) ဖိတ်လျှံကျသွားရတဲ့ဆုတောင်းတချို့ရှိနေတယ်။
ကျွန်မရင်ပြင်လေးကတော့ခုထိတိတ်ဆိတ်နေဆဲပဲ။
ညနေခင်းကိုထိုင်ကြည့်ရင်းကျွန်မလည်းနေစောင်းစောင်းလာလိုက်တာ မကြာခင်သီချင်းတစ်ပုဒ်ကြား
ရတော့မယ်ထင်ရဲ့။သီဆိုသူရဲ့မေ့လျော့ခြင်းခံထားရတဲ့သီချင်းတစ်ပုဒ်လို..ကျွန်မငိုနေမိသလား....။
နှုတ်ဆက်ညနေခင်းလေးအတွက် ခေါက်သိမ်းထားတဲ့ရွှေရောင်ငွေရောင်တလက်လက်နဲ့ ကျွန်မရဲ့ပွဲ
တက်ဝတ်စုံတွေကိုသတိရနေမိတယ်။စိန်ရောင်လက်ခွင့်မရတာကလွဲရင်ပေါ့။ အကယ်တော့ အရောင်
မဲ့ဆိုတာ အဖြူရောင်မှအဟုတ်တာ...။
မကြာခင်နေ၀င်တော့မယ်။ညနေခင်းကတော့သူနဲ့ဘာမှမဆိုင်သလိုစိမ်းမြနေဆဲပဲ။

တစ်နှစ်တစ်ခါဆိုနေကျသက်တံတေးချင်းတွေလည်းရင့်ညိုကျလာနေပြီ..။မကြာခင်ကြွေကျထွက်ခွာ
သွားရတော့မယ့်သစ်ရွက်ခြောက်တွေလိုပဲ။ ဟိုးဝေးဝေးကနေစီးမျောလွင့်ခတ်လာတဲ့ဓမ္မတေးသံခြောက်
ခြောက်တွေကစိတ္တဇဆန်နေလိုက်တာ။နေ၀င်တော့မယ်...တဲ့။
နေ၀င်မှာစောလိုက်တာ။
နေ၀င်တာစောလိုက်တာ။
နေ၀င်စောလိုက်တာ။
................
......................
ရှည်လျားလှတဲ့အမှောင်ညတွေပြီးရင် ကျွန်မပြန်အာရုဏ်ကျင်းခွင့်ရဦးမှာလား။ဒါဆိုရင် ကျွန်မ အချိန်တွေ
အမိန့်တွေ၊တောင်းပန်တိုးလျိုးသံတွေကိုတွေကိုစောင့်မနေတော့ဘူး။ကိုယ့်ဘာသာဆည်းဆာအရောင်တွေ
နဲ့ရစ်ပတ်..အမှောင်တေးသွားကိုတီးခတ်လိုက်တော့မယ်။
တေးသွားဆုံးသွားခဲ့ရင်............
ကျွန်မ..............


မနော်ဟရီ


ကကြီးခကွေးအိမ်ကိုပြေး...အပြေးမတတ်...

Tuesday, December 16, 2008

ကကြီးခခွေးအိမ်ကိုပြေး….
အပြေးမတတ်…………

ကချော်ကချွတ်နိုင်လှတဲ့ ကမ္ဘာထဲကိုကံအားလျော်စွာကစဥ့်ကလျားပြုတ်ကျခဲ့တာဟာ
ကံဇာတ်ဆရာရဲ့အလိုကျအတိုင်းများလား။ ဒီလောက်တောင်ကမောက်ကမနိုင်ခဲ့ရကောင်း
လားလို့..ကက်ကက်လန်ရန်တွေ့ဖို့ကျပြန်တော့လည်း ကျွန်မမှာက အဲဒီလိုနိမ့်ကျတဲ့ဗီဇက
ဘုရားသခင်ရဲ့ကောင်းချီးတစ်ခုအနေနဲ့ပါမလာခဲ့ပြန်ဘူး။ကျေးဇူးဆိုတာရှိမှကျေးစွပ်နိုင်တာ
ပဲ။ကြောက်စရာကောင်းတဲ့ကတိက၀တ်တွေနဲ့ဆန့်ကျင်ပြီး တည့်တည့်ကြီးထိုးခွင်းပျံသန်း
လာတဲ့ကျောဖက်ကဓါးတစ်ချောင်းဟာ “ကတညုတ”တရားနဲ့ဘယ်လိုများပတ်သက်နိုင်
မှာတဲ့လဲ။ကိုယ်ကျိုးအတွက်ကစိန်းက၀ါးကြည့်တတ်တဲ့သူတွေကို ကျွန်မကသီးခံလို့မရ
တတ်ဘူး။ ကရကဋ်ရာသီရဲ့တိမ်ထုကမှောင်လွန်းတယ်။တချို့သူတွေရဲ့လျို့ဝှက်လက်သည်း
ချွန်တွေလိုပဲ။
“ခန္တီစတရား”ဆိုတာတကယ်တော့ပညာရှိတွေရဲ့အလှစကားပါ။အမှန်ကအားမတန်လို့မာန်
ချလိုက်ရတာမျိုး။အဖက်မတန်လို့ကောမဖြစ်နိုင်ဘူးလား။ ခွန်းကြီးခွန်းငယ်စကားများရတာကို
သေမလောက်ကြောက်တတ်တဲ့စိတ်က ခံပြင်းစိတ်တွေကိုလျော့ပါးအားပျော့သွားစေခဲ့တယ်။
ဘ၀မှာခိုက်ရန်ဒေါသဖြစ်ရမှာကို မကောင်းမှုကျူးလွန်ရသလိုကြောက်တတ်တဲ့ကျွန်မက …
မကြာခဏချောက်ကမ်းပါးတွေနားကပ်လျှောက်နေခဲ့ရတယ်။ခလောက်ဆန်နေရမှနေသာတဲ့
လူတစ်ချို့ကိုခပ်ထတ်ထတ်လေးပြောကြည့်ဖို့ကြိုးစားပေမယ့်မအောင်မြင်ဘူး။ဝန်တိုမစ္ဆရစိတ်
များနေတဲ့လူတွေကိုကျကျနနလျှော်ဖွပ်ပေးဖို့ခ၀ါသည်ကောင်းကောင်းလိုနေတယ်။ခလုတ်တံ
သင်းနဲ့တူတဲ့အနှောက်မယှက်ဖြစ်နေတဲ့အမှိုက်သရိုက်တွေကိုစစ်ထုတ်ဖယ်ရှားပေးနေတဲ့ခြင်း
ကခြင်းကြားကြီးဖြစ်နေခဲ့တာကတော့ ကမ္ဘာကြီးရဲ့ကံပေါ့။
ငြိုးသူရန်ဖက်တွေအတွက်ဂြိုဟ်ပြေနံပြေယတြာခြေပေးဖို့လိုအပ်နေပုံပဲ။ကိုယ့်ဂုဏ်ကိုယ်ဖော်
မှလူသိမယ်ထင်တဲ့မသူတော်တွေကို ကျွန်မ မနေ့ကပဲအကောင်းစားကြည့်မှန်တွေလိုက်ဝေ
ပေးလိုက်သေးတယ်။တကယ်တော့ရှုပ်ထွေးပွေလီပြီးမာယာများလှတဲ့လောကနဲ့လားလားမှ
မအပ်စပ်တာက “ဃ”ပါ။
“ငါတကော”ကောနေတဲ့သူတွေကိုကြည့်ပြီးသံဝေဂတွေရလို့။ချောင်းကောမြောင်းကောတွေနဲ့
လူကောတွေဘယ်လိုကွာလဲသိချင်တယ်။ရွှေတကောကတော့လူတွေကိုဆီးကြိုနေလေရဲ့။ငြင်း
ခုံအော်ဟစ်ရန်အဆိုတင်သွင်းခဲ့တာမဟုတ်ရပါဘူး။ငါ့စကားနွားရပြောတတ်သူတွေကိုအံ့သြ
လွန်းလို့ပါ။တကယ်ဆိုကျွန်မကငြိမ်သက်ငြိမ်းအေးတာကိုပဲနှစ်သက်ပိုင်ဆိုင်ချင်တာပါ။
“စိုင်ကော်လို့ချုံပေါ်ရောက်”ခဲ့တဲ့သူတွေကိုကြည့်ပြီးထိုးကော်တင်ပေးမယ့်စိုင်တွေကိုတောနင်း
ရှာနေကြတာကိုစိတ်စနိုးစနောက်နဲ့ထိုင်ကြည့်နေမယ့်အစား စနစ်တကျစနည်းနာလိုက်ပါလား။
စနစ်တကျနဲ့ချုံပေါ်ရောက်ရေး plan တွေကိုတွေ့ရမှာပေါ့။စပ်ဆုပ်စရာကောင်းတဲ့စေတသိက်
တွေ၊စေတနာမပါတဲ့မာယာစကားလုံးတွေ၊အစွယ်ပုန်းတွေ၊စိတ်ကိုဥပါဒ်ပေးမယ့်မိန်းမလိုမိန်းမရ
တိမ်တိုက်တွေ၊မျိုးပွားရှင်သန်နေကြလေရဲ့။
ဆင်ခြင်တုံတရားဆိုတဲ့စကားလုံးကို လူတွေသုံးလာလိုက်တာဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်
တောင်မကတော့ဘူး။ဒီလိုနဲ့ဘ၀တွေဆတ်ဆတ်ခါနာခဲ့ရပေါင်းများပြီ။ကိုယ့်ဆင်ခြင်တုံတရားနဲ့
သူတစ်ပါးရဲ့ဆင်ကြံ ကြံမှုပက်ပင်းတိုးလာတဲ့အခါ..။ဆင်သေကိုဆိတ်ရေနဲ့မဖုံးရလောက်
အောင်မတုံးတော့တဲ့လူတွေကိုလည်းတွေ့ဖူးလာတယ်။သေပြီဆိုမှတော့ကွယ်။
ဇ၀က်သာနဲ့ဇာတိပ္ဖိုလ်သီးကိုရောစပ်ထားတဲ့ပရဆေးကိုမြင်ဖူးလား။ဘယ်လိုအသုံးကျလဲသိချင်
ရင်ဇာတ်ကြောင်းသာလှန်ကြည့်လိုက်ပေတော့။ဇာတ်သာလန်သွားမယ်ဇစ်မြစ်မတွေ့ရတဲ့ကိစ္စ
တွေလည်းရှိနေတာပါပဲ။ကျွန်မကိုဇိကုတ်ပြီးနတ်ပြည်တင်ပေးမှတော့ဇက်နာရုံပဲရှိတော့မှာပေါ့။
ဇာတ်ဆရာကတော့ဇာတ်ကိုပြင်ပေးမှာအဟုတ်ဘူး။ ဇဝေဇ၀ါနဲ့ဇိုးဇိုးဇတ်ဇတ်ကောက်ယူလိုက်
မိတဲ့ အရာဟာ ကျွန်မလက်ထဲမှာ ဇေ ပဲတဲ့။ Victory ဖြစ်ဖို့တစ်ဘ၀စာခြားသွားခဲ့တာကလွဲရင်
ပေါ့။
ဈာပနအခန်းအနားတစ်ခုရဲ့နိဂုံးတစ်ခုဟာစတင်မှုအသစ်တစ်ခုရဲ့အစဖြစ်တယ်။
သိပ်တော့မကောင်းပါဘူး။ကျွန်မလည်းလူကောင်းမှမဟုတ်တာ။ကျွန်မရဲ့အားနည်းချက်ကိုက
ငတုံးတွေကိုမုန်းတာ။ဥာဏ်နုံနဲ့ရတဲ့အထဲဥာဉ်ကလည်းဆိုးသေး…ဆိုတဲ့သူတွေကလည်းဒီ
လောကမှဒုနဲ့ဒေး။ဒါပေမယ့်သူတို့ရှင်သန်ပေါက်ရောက်နေကြတယ်။ဥာဏ်မရှိပေမယ့်ကံရှိတယ်
ဆိုလား…။သံသရာရထားကြီးကဆီကုန်နေတယ်။ညစ်ပုတ်ကပ်ကျယ်နဲ့လူတွင်ကျယ်လုပ်နေတဲ့
သူတွေကျန်းမာရေးကောင်းကြပါစေ။
ကြုံခဲ့ဆုံခဲ့သမျှစိတ်ညစ်ညူးစရာတွေကိုသာဋိကာချဲ့ရရင်“ဋိကာကျော်ကျမ်း”ကတောင်ငိုသွား
ဦးမယ်။ဌာန်ကရိုဏ်းကျကျရွတ်ဆိုရတဲ့ဂါထာတွေအကြောင်းပြောပြပါဦး။
တကယ်တမ်းကျတော့တက္ကသိုလ်ဆိုတာဘွဲ့တွေချည်းပဲပေးလိုက်တဲ့နေရာမဟုတ်ဘူး။ဒါပေ
မယ့်တော်တော်များများက ဒါကိုပဲတခုတ်တရယူခဲ့ကြတယ်။တံငါနားနီးတံငါဆိုတာကိုး။တစ်
ခုလပ်တစ်ယောက်ကိုတစေ့တစောင်းကြည့်ပြီးတခဲနက်တာဝန်မဲ့ဝေဖန်အားပေးချင်သူတွေ
ကလည်းအုံနဲ့ကျင်းနဲ့။လူဆိုတာကလည်းလူတိုင်းကိုကိုယ့်စေတသိက်နဲ့တွက်ကြတာကိုး..။
“ငါသာဆိုရင်လည်းသူ့လို…” လို့သူတို့မတွေးတာလား၊တွေးနိုင်စွမ်းပါမလာတာလားမသိဘူး။
တယောသံတွေကတအီအီနဲ့တလိမ့်ခေါက်ကွေးပြိုကျလာနေတယ်။ပျင်းစရာကောင်း
လိုက်တာ။တစည်းတလုံးတည်းရှင်သန်နေတဲ့မ တစ်ရာသားတွေကိုတွေ့ဖူးလို့လား။ အားလုံး
ကကိုယ်လှေကိုယ်ထိုးရင်းသူများလှေလှမ်းနှစ်ဖို့ကြိုးစားနေကြသူတွေများတယ်။ကိုယ်နဲ့နှိုင်း
မရိုင်းဆိုလား..။အရေးကြီးတာကလူလည်ကျနိုင်မှုကိုဥာဏ်ကြီးမှုလို့ထင်သွားမှာစိုးတာပါပဲ..။
ဒါကအန္တရာယ်ကြီးတယ်..။
ထီးချက်စောင့်နတ်သမီးတောင်လက်မှိုင်ချရတဲ့ထိ ကောက်ကျစ်ယုတ်မာတဲ့ပုစ္ဆာတွေ
လှိုင်းထနေခဲ့ကြပြီ။ထောင့်မှန်တစ်ခုရဲ့အတွင်းထောင့်ဟာ ..၉၀ံ တိတိကျကျရှိနေပါလျက်နဲ့
“ထောင့်မကျိုးဘူး”လို့အပြောခံရတာကလည်းရင်နာစရာ။ထုံထိုင်းထွားကျိုင်းလာတဲ့သူတွေကို
ထွေလီကာလီရှင်းပြမနေတော့ဘူး။သူတို့တွေနဲ့ထွေးရောယှက်တင်နေစရာအကြောင်းမှမရှိတာ
ကာကွယ်ဆေးရော ATD ရောထိုးထားသင့်တာပေါ့။
ဒလန်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ဟာကျွန်မနဲ့စိမ်းဝေးလွန်းလှပါတယ်။ကျွန်မကဒီဇင်ဘာ
လမှာမွေးခဲ့တာကိုး။ဒီဇိုင်းလှတပတလေးတွေနဲ့ယက်လုပ်ဖော်ကျူးထားတဲ့အနုပညာဟာဒုံးဝေး
လွန်းနေတယ်။မြင်းစီးလာခဲ့ပါလား။ခွာတော့မလိပ်စေနဲ့ပေါ့။ဒေ၀ဒတ်တောင်နားမခံသာတဲ့ဒိုက်
သရောတွေမျောပါလာနေတယ်။ခုခံကာကွယ်ဖို့ဒိုင်းလွှားတစ်ခုလောက်ပေးလိုက်ပါ။စိတ်ရဲ့ဒါဏ်
ရာဒါဏ်ချက်တွေနဲ့ထွက်ပေါက်မဲ့နေခဲ့တဲ့ဒိုင်ယာရီစာအုပ်ကလေးကသနားစရာ..။ဓနုရာသီမှာ
မွေးဖွားခဲ့တာကိုကစမှားတာထင်ပါရဲ့။ဓူဝံကြယ်ကတော့လမ်းပြပါရဲ့။ခက်တာကဓားစာခံသက်
သက်ဖြစ်နေတာ။
နကျယ်ကောင်လို့လာလို့ခေါ်ကြတာလဲ။နားစွန်နားဖျားနဲ့နားကြားများလွဲရော့လေသ
လား။နိမိတ်တွေကိုဖတ်ကြည့်တဲ့အခါနိယာမတရားတွေကအတုတွေ..။နက္ခတ်တွေကအလွဲ
လွဲအချော်ချော်…။နတ်သံနဲ့လာပစ်နေပုံက …နင်ပဲငဆနဲ့..။လူလည်းနွမ်းလျလာခဲ့ရပြီ။နှုတ်
ကြမ်းလျှာကြမ်းနဲ့နှုတ်တုံ့လှန်တတ်တဲ့သူတွေဟာ ဘယ်လိုကန္တာရတွေကပေါက်ရောက်လာ
ကြတာတဲ့လဲ…။နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့………..။
တကယ့်“ပကတိ”တရားကိုပြပါဆိုရင်ဒါဟာ “ပညာ”ပါပဲ။အဲဒီမှာ ပညတ်ချက်မပါဘူး။
ပစိပစပ်မများဘူး။ပြန်ပြောင်းပြောဆိုမနေတော့ပါဘူး။ပြဿဒါးရက်တွေက ပြဿနာတွေကို
သယ်သယ်လာတတ်လွန်းလို့။ဘ၀ဟာပုံသေကားကျတော့မဟုတ်နိုင်ဘူး။ပါချီပါချဲ့ပညာ
လောက်နဲ့တော့ နားလိုက်တာကောင်းမှာပါ။ပွဲလန့်တုန်းဖျာခင်းချင်သူတွေကအများသား…။
အဲဒီလူတွေကိုဖယ်ကျဉ်ထားခဲ့ဖို့ကောင်းပေမယ့်တချို့ကတော့ဒါကိုပဲ..မိုးရွာတုန်းရေခံတာ
လို့မြင်နေတော့မခက်လား…။
ဖားကိုဖုတ်ကျည်းသဂြိုဟ်ထားတဲ့ပုံနဲ့တော်တော်တူတာပဲ..။ဖောက်ချည်နဲ့တိုင်ချည်က
လည်းလွဲနေသေးတယ်။ဖက်ဆွတ်မိုးလေးရွာရုံဖက်ယားပင်တွေအပြိုင်းအယိုင်းပေါက်လာတာ
တော့လွန်လွန်းတယ်။လောကထဲကဖဲ့ထုတ်ဖို့ဆိုတာကလည်းဖြတ်ထိုးဥာဏ်ကောင်းဦးမှ…။
ခုတော့ဖျင်းလိုက်တာကလည်းချာလို့။ဖြစ်စဉ်တွေကိုပြန်ကြည့်တဲ့အခါ..မင်းကလွဲရင်ဖွဲနဲ့စကွဲ
ပါပဲ…တဲ့။ဖွဲတွေကပြာသွားတာတော့ဆိုးတယ်။
အထဲမှာဘာမှမပါတဲ့ဗလာစာအုပ်နဲ့တူတဲ့လူတချို့ကိုတွေ့ဖူးတယ်။တချို့ကတော့ဖြူစင်
ရိုးအ တာပေါ့။တချို့ကျတော့..ဘာတွေမှန်းကိုမသိတာ။ဗလာကောင်တွေ..။တချို့ကျတော့
ဗဟုသုတတွေစီတန်းထည့်ပြီးလိုသလိုဆွဲဆွဲသုံးတတ်ကြတယ်။သူတို့ကျတော့ဘယ်လိုခေါ်မလဲ
ဗုံမဟုတ်ပတ်မဟုတ်နဲ့…။ဗလစ်ဗလစ်နဲ့ဗလောင်းဗလဲပြောတတ်တဲ့သူတစ်ယောက်ကိုတွေ့ဖူး
လား..။ဟိုရှေ့နားကဗွက်အိုင်ကိုကျော်ရင်သူ့ဆီရောက်ပြီ။
ဘူတာရုံတွေတောင်ချိတ်ပိတ်ထားရတဲ့ရထားတစ်စင်းကိုလည်းကျွန်မတွေ့ဖူးတာပဲ..။
ရေဆူမှတ်တောင်ရောက်နေပြီ။ဘောင်ဘင်ခတ်သံတွေဆူညံလိုက်တာနားမခံသာဘူး..။ခုကျမှ
လည်းဒီကစားပွဲကနေဘွာခတ်လို့ရမှာမှမဟုတ်တာ။ဘွဲ့ထူးဂုဏ်ထူးတွေပေးလို့ရရင်တောင်ပေး
လိုက်ချင်ပါရဲ့။ဘုံကြိုးပြတ်တဲ့နတ်ဘီလူးမကြီးရယ်။
လူတွေများခက်တာ။ဘာမှပြန်လှန်မပြောနိုင်တဲ့ဝိညာဉ်တွေကိုခေါ်ပုံက “မကောင်းဆိုးဝါး”တဲ့။တညင်းသီးကပြန်နံနေတာမျိုးထင်ပါရဲ့။မကြားဝံ့မနာသာစကားတွေကို
မချိသွားဖြဲလေးနဲ့မချိမဆန့်ခံနေရတဲ့လူတွေကိုတော့ကိုယ်ချင်းစာပါတယ်။မလုံမလဲနဲ့ထွက်ကျ
လာတဲ့မလှိမ့်တပတ်စကားတွေကိုဘယ်သူကမထီတရီနားထောင်နိုင်မှာတဲ့လဲ။မနုသီဟကမှဖင်
နှစ်ခွထဲရှိတာ။မြွေဟောက်ကလျှာနှစ်ခွနဲ့။မှော်ဆရာရေ..အဲဒီမြို့ကလေးကိုဘယ်လိုမှမကယ်
တင်နိုင်တော့ဘူးလား။မိုက်မိုက်မဲမဲနဲ့မွန်မြတ်နေမိတဲ့ဘ၀ပါ။
ရှေ့မှာယီးတီးယားတားလာလုပ်နေပုံကိုက ကြည့်ရတာရင်ထဲမှာယားကျိကျိဖြစ်လာစေ
တယ်။ယစ်ထုတ်တွေကတော့ကမ္ဘာကြီးလည်လို့လည်နေမှန်းတောင်မသိကြဘူး။ယောက်ယက်
ခတ်နေတဲ့ယောက်မတွေမွှေနှောက်နေပုံကအော်ဂလီဆန်စရာကောင်းလိုက်တာ။ယေရှုသခင်
ကိုယ်တော်..ကယ်တင်ပါ။ယူကျုံးမရနေ့ရက်တွေကိုတော့ထားခဲ့လိုက်ပါပြီ။ဘယ်သူ့ဘယ်သူမှ
ယိုးစွပ်မနေတော့ပါဘူး။
ရာဇဂုဏ်မောက်ဖို့ဆိုတာက လွယ်တာမှတ်လို့။ရာသက်ပန်ရိုးမြေကျတဲ့..။ရေစက်..တဲ့။
ရူးကြောင်ကြောင်စကားလုံးတွေရေရွတ်ပြနေတာ။ခင်ဗျား..ခုထိမရင့်ကျက်နိုင်သေးဘူးလား…။
လူကဖြင့်ရင့်ရော်နေခဲ့ပြီ။တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းပြီးတခြားသူတစ်ယောက်ကိုရိသဲ့သဲ့နဲ့
ရိုင်းပြရတာ အရသာလား..။လောကနိတိအကောင်းစားတွေကိုတော့ထားခဲ့လိုက်ပါတော့။
ကိုယ်ဖော်တဲ့ဆေးကိုယ်မစားနိုင်ဖြစ်မှာစိုးရတယ်လေ။
လိုင်းတွေပူးနေတယ်။ပန်းချီပြပွဲကဂီတသံတွေ..ဂီတပဒေသာပွဲကအရောင်တွေ၊စာမျက်
နှာထက်ကသံစဉ်တွေ၊သံစဉ်တွေကြားက ကလောင်သွားတွေ၊မူယာမာယာတွေနဲ့ပြုလုပ်ထား
တဲ့စကားလုံးတွေ၊စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့မာယာတွေ ။ကျွန်မလွတ်ငြိမ်းအေးချမ်းခွင့်ရ
ချင်ပါပြီ။လွတ်မြောက်ငြိမ်သက်ခွင့်ရချင်ပါပြီ။လွတ်လပ်နေပျော်ခွင့်ရချင်ပါပြီ။လွတ်ကျွတ်ပျော်
မောခွင့်ရချင်ပါပြီ။လှည့်ပတ်ပြောနေရတာမမောဘူးလား။လက်ပမ်းကျနေရင်လည်းလက်မှတ်
ဝယ်ပြီးလေယာဉ်ခရီးစဉ်ပြောင်းကြည့်သင့်တယ်။လမ်းခုလတ်ကျကာမှလက်သည်မပေါ်မှာ
မကြောက်ဘူးလား။
ဝါရမိတ္တူကြီးနေ့တဲ့၊မဟာရက်ကြမ်းတဲ့၊သမားညိုနေ့တဲ့။ဘယ်မှာလဲ..ရက်ရာဇာ..။ဝင်္က
ပါတွေကတင်းကြမ်းနဲ့။ဝဋ်ကြွေးကခုထိမပြေနိုင်ဘူး။ဒီဝဲသြဃသံသရာကိုတော့နောက်တစ်
ခေါက်ပြန်မလည်ချင်ပါဘူး။ဝင်္ကန္တဥာဏ်နည်းနည်းပေးပါ။ဝါသနာထုံလို့တော့မဟုတ်ပါဘူး။ဝမရှိ
ပဲဝိလုပ်ကြည်ချင်တာသက်သက်ပါ။
သတင်းစကားတွေကြားနေရတယ်။အရေးကြီးတာက အတင်းအဓမ္မလာမပြောဖို့ပါပဲ။
သမာသမတ်ကျကျဆုံးဖြတ်ပေးပါ့မယ်။တစ်ထွာလောက်ရှိတဲ့သမုဒ္ဒရာထဲခြေကုန်လက်ပမ်းကျ
နေရတဲ့အထဲ….။သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တွေကလည်းမကယ်နိုင်ပြန်ဘူး။သံမဏိ
စကားလုံးတွေနဲ့ရေးဖွဲ့ထားတဲ့သေတမ်းစာကိုပဲသူရဲဘောနည်းစွာရေးခဲ့ရတော့မှာပေါ့။သိကြား
မင်းနဲ့သဟဇာတဖြစ်ခွင့်ရမယ်ဆိုရင်တော့၊ကြေးဝါသော့လေးတစ်ချောင်းအပ်ခဲ့ချင်တယ်။သူ
တော်ကောင်းတရားတွေအတွက်ပါ။သုညတ္တတရားကတော့လွင့်ပါးသွားခဲ့ရပြီ။
ဟိတ်ဟန်ထုတ်နေတဲ့ဟိရိသြတ္တပ္ပတရားတွေက ဟဿရသမြောက်လွန်းတယ်။ဟုပ်က
နဲငြိမ်းသွားခဲ့ပြီ…။ဟိမ၀န္တာချီးမွမ်းခန်းဖွင့်မနေတော့ပါဘူး။အပေါ်ကိုမော့ကြည့်ရင်းဟပ်ထိုးလဲ
မှာစိုးရသေးတယ်။ဠင်းတလောက်တော့ငှက်တိုင်းလှကြပါတယ်တဲ့။ဒါဟာလည်းရွှေပြည်အေး
တရားတစ်မျိုးပဲပေါ့။
အခိုက်အတန့်ဆိုတဲ့ခဏလေးမှာတောင် အမနာပတွေနဲ့ အကုသိုလ်ရှာချင်နေကြ..၊
အငြိုးထားချင်နေကြတာကိုအံ့သြမိပါရဲ့။အတုံ့အလှည့်ဆိုတာရှိပေမယ့်လှည့်မနေတော့တာ
ကောင်းပါတယ်။အမျှအတန်းဝေရေစက်ချလိုက်တာကောင်းတာပေါ့။အတိတ်နိမိတ်တွေအရ
ကတော့ကောင်းကင်မှာနက္ခတ်တွေစုံလို့။အတိအလင်းကြေညာမထားတာကလွဲရင်ပေါ့..။
အာလာပသလ္လာပစကားတွေကြားထဲညပ်ပါလာတဲ့အလိမ်အကောက်တွေကိုမြင်ရတော့…
အဆင့်အတန်းဆိုတဲ့ဝေါဟာရကိုသတိရမိတယ်။ဒီလိုနဲ့ပဲ…အတွင်းကြေ..ကြေခဲ့ရပေါ့……..။
ဥပါဒါန်ကြောင့်ဥပါဒ်ရောက်မှာစိုးရင်းစိုးရင်းနဲ့ပဲ..ဥမ္မတကောတွေနဲ့မျောခဲ့ရတာ…..။
တကယ်ဆိုဥပဓိရုပ်ကိုကြည့်မိသင့်တာပေါ့။ခုတော့...ဤရွေ့ဤမျှသာ…လို့ပြောရုံကလွဲလို့
ဘာမှမတတ်နိုင်တော့တာသေချာသွားခဲ့ပါပြီ။ ဤရွေ့ဤမျှသာ…။ ။
မနော်ဟရီ


မွေးနေ့မုန့်နဲ့ကော်ဖီ

Sunday, December 14, 2008

မွေးနေ့ဆုတောင်းပေးသူတွေအားလုံးနဲ့ မမြင်ရမစားရတဲ့မုန့်တော့မကျွေးနဲ့နော်ဆိုတဲ့ချစ်သူငယ်ချင်း ဂျူ အတွက်ပါ...

ဒါကမွေးနေ့ကိတ်..ခက်ခက်ခဲခဲပဲ..google ထဲကရှာထားတာ၊ကျွေးချင်လွန်းလို့


ဒါကကော်ဖီ...တစ်ယောက်ကိုတစ်ခွက်ပဲ..ဒီမှာက မယ်လမင်းကိုကြောက်လို့ ဘလက်ခ်ပဲတိုက်လိုက်တယ်။


ခရစ္စမတ်နဲ့ကိုကို

Saturday, December 13, 2008


ခရစ္စမတ်ဘိုးဘိုးလေးများ

ခရစ္စမတ်မင်းသားလေးနှစ်ပါး

ကိုကိုခေတ်နေနဲ့သူဆင်ထားတဲ့ခရစ္စမတ်သစ်ပင်


ဒီဇင်ဘာခရစ္စမတ်ချိန်ရောက်လေတိုင်း

Thursday, December 11, 2008

ခရစ္စမတ်ရောက်ပြီဆိုရင်သတိရနေတတ်တာတစ်ခုရှိတယ်။ အဲဒါကတော့
ကျွန်မဆရာ L.J. Kan Gyi ကိုပါ။
L.J. Kan Gyi ဆိုရင်တော်တော်များများသိမယ်လို့ထင်ပါတယ်။ ရန်ကုန်
တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခတွေအဖြစ်လူသိများပါတယ်။ ဆရာ
ရော ဆရာ့အမ ဆရာမကြီး E.J. Kan Gyi ရော....။
သဘောကောင်းတာ ၊စာသင်ကောင်းတာ၊အသံထွက်အရမ်းကောင်းတာ
တပည့်တွေကိုတကယ့်သားသမီးတွေလိုချစ်တာ စတဲ့ဂုဏ်ပုဒ်တွေနဲ့ပြည့်
စုံသူတွေပေါ့။
တကယ်ဆို ဆရာ့ကိုကျွန်မတို့ကမီလိုက်စရာအကြောင်းမရှိပါဘူး။ ကျွန်မ
တို့ ၈၈ကျောင်းတွေပိတ်တော့ အင်္ဂလိပ်စာသင်ဖို့ အဖေက ဆရာ့ဆီလိုက်
အပ်ပေးပါတယ်။ ၀ါဏိဇဗေဒ ကျောင်းသူကျောင်းသားများအသင်းမှာသင်
တဲ့ဆရာ့ရဲ့ class ကိုကျွန်မတို့တောင်မရောက်မြောက်မရောက်လေးသုံး
ယောက် (ကျွန်မရယ်၊ကျွန်မညီမရယ်၊ကျွန်မသူငယ်ချင်းရယ်)တက္ကသိုလ်
ကျောင်းသူကျောင်းသားတွေကြားမှာတက်ခွင့်ရခဲ့တယ်။
ဆရာ့စာသင်ချိန်တွေဟာနည်းနည်းလေးမှ ပျင်းစရာမကောင်းပါဘူး။ စက္ကန့်
မလပ်ကိုစိတ်ဝင်စားစရာကောင်းနေတတ်ပါတယ်။ တပည့်တွေအားလုံးနဲ့လဲ
ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်ဆိုတော့ပျော်စရာလည်းကောင်းပါတယ်။
အဲဒီနှစ် (၁၉၈၉)ခရစ္စမတ်မှာတော့ ကျွန်မတို့သင်တန်းကလူတွေအားလုံးစု
ပြီး ဒေါ်သိန်းတင်လမ်းက ဘိုးဘွားရိပ်သာမှာ အလှူလုပ်ကြ၊ဘိုးဘွားတွေ
ကိုမုန့်တွေဝေကြတယ်။အမှန်က ဆရာတို့က အဲဒါကိုနှစ်တိုင်းပုံမှန်လုပ်နေ
ကျ...ဘိုးဘွားတွေကိုမုန့်ကျွေးတယ်။တစ်ခန်းဝင်တစ်ခန်းထွက်နဲ့အဘိုး
အဘွားတွေကိုသီချင်းဆိုပြ ကပြကြတယ်။ အဘိုးတွေအဘွားတွေကလည်း
ပြန်သီချင်းဆိုပြ ကပြကြတယ်။ ပျော်စရာကြီး ။အဲဒီမှာ Rudolph ဆို
တဲ့ အဘိုးတစ်ယောက်လည်ဲးရှိတယ်။သူက တကယ့်ကိုနှာခေါင်းနီနီလေးနဲ့...။
က’ ရင်တော့ကွေးနေတာပဲ။
တစ်ခါတစ်ခါဆိုအဲဒီကာလကိုသတိရတယ်။အဘိုးအဘွားတွေကိုတကယ့်ချစ်
ခင်စိတ်ကလေးတွေနဲ့ဖျော်ဖြေခဲ့ကြတာကိုရော…ဆရာ့ရဲ့အရိပ်အောက်မှာ
တွေ့ခဲ့ကြဖူးတဲ့မောင်နှမတွေကိုရော..ဆရာ၊ဆရာမကြီးနဲ့ Uncle Wallace
ကိုရော..(နာမည်မှားနိုင်ပါတယ်၊မှားရင်ပြင်ပေးပါ၊ဆရာ့အစ်ကိုဖြစ်ပါတယ်။)
ဘာလို့လဲဆိုတော့ အဲဒီ Uncle နောက်တစ်နှစ် ခရစ္စမတ်အိဗ်မှာဆုံးသွားခဲ့
လို့ပါပဲ။
ကျွန်မတို့ကျောင်းပြီးကာစမှာ ဆရာဆုံးပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးခဲ့တဲ့
ဆရာ့ကို အားလုံးကနှမျောကြပါတယ်။ ဆရာဆုံးတော့ ဆရာက ကျောင်းက
လက်ရှိပါမောက္ခထင်ပါတယ်။ ဂျပ်ဆင်ကနေချတဲ့ဆရာ့ funeral ကိုရောက်
သွားခဲ့သေးတယ်။ ဆရာသိပ်နှစ်သက်တယ်ဆိုတဲ့ကျမ်းပိုဒ်လေးပါတဲ့ယပ်
တောင်လေးတစ်ခုကမ်းတယ်။ မြေချကာနီးမှာ “ပို့ဆောင်တော်မူကျူး”သီချင်း
ကိုဆိုခဲ့တာလည်းသတိရနေမိတယ်။
ဆရာမကြီးဆုံးတော့ ကျွန်မတို့ကျောင်းနဲ့အလှမ်းဝေးသွားပြီ။ဒါပေမယ့် ဆရာ
မကြီးနဲ့သူ့အမျိုးသားကိုကျွန်မတက်တဲ့ Immanuel Baptist Church မှာ
တနင်္ဂနွေနေ့တိုင်းတွေ့နေကျ၊။ဆရာမကြီးကိုဆို choir မှာတွေ့ရတတ်ပြီး သူ့
အမျိုးသား Uncle Orlando ကိုတော့ choir leader အဖြစ်တွေ့ရတတ်ပါတယ်။
ဆရာမကြီးဆုံးတော့ ကျွန်မ မပို့ဖြစ်ဘူး။ တစ်ယောက်တည်းကျန်ခဲ့တဲ့ Uncle
Orlando ကိုကြည့်ပြီးကျွန်မစိတ်မကောင်းဘူး။ဒါပေမယ့်…မကြာပါဘူး။သူလည်း
ဆုံးသွားတယ်။ ခုဆို ဆရာတို့မောင်နှမသုံးယောက်လုံးရော Uncle Orlando
ရော ကောင်းကင်နိုင်ငံတော်မှာ အတူပြန်ဆုံနေကြလောက်ပါပြီ..။
တပည့်တွေကိုချစ်တဲ့ ၊စာသင်ကောင်းတဲ့၊ဘုရားကျောင်းတက်ဖို့ထက်စာသင်ဖို့
ပိုစိတ်ဝင်စားတတ်တဲ့၊စာသင်ဖို့သူ့ကိုဘုရားကလွှတ်လိုက်တာဆိုတဲ့၊ အဘိုးအဘွား
တွေကိုချစ်တတ်ပြီးကြီးလာရင်ဘိုးဘွားရိပ်သာမှာနေဖို့ကြိုတင်နေရာဦးထားတယ်
ဆိုတဲ့ဆရာ့ကို ကျွန်မက ခရစ္စမတ်သီချင်းသံတွေကြားတိုင်း သတိတရလွမ်းနေ
မိတတ်တယ်။ဘာပဲဖြစ်ဖြစ်ဆရာတစ်ယောက်ကောင်းကင်ဘုံမှာငြိမ်းအေးပျော်
မွေ့နေလောက်ပြီလို့ကျွန်မယုံပါတယ်။


မွေးနေ့လက်ဆောင်

ဒီနှစ်ကတော့ တစ်မျိုးပဲ...စိတ်ညစ်စရာတွေများသလို အချိုးအကွေ့တွေလည်းရှိသလို
ထူးခြားတာလေးတွေလည်းဖြစ်နေတယ်။ ခုနကလေးတင် မွေးနေ့လက်ဆောင်တစ်ခုရ
လိုက်တယ်။ ရုံးမှာလာပေးသွားတာ..။ရှိခဲတတ်ပေမယ့် ဒီနေ့တော့ရှိနေတယ်။ဒါတောင်
လာပေးတဲ့သူနဲ့မတွေ့လိုက်ရဘူး...။မွေးနေ့က သုံးရက်လိုသေးတယ်။ တနင်္ဂနွေနေ့မှ။
ခုလာပေးတဲ့မွေးနေ့လက်ဆောင်က ဒီနှစ်တွက်ပထမဆုံးရတာဖြစ်သလို ကိုယ်တစ်ခါမှ
မမြင်ဖူးတဲ့ ပရိသတ်ကလာပေးတာလည်းဖြစ်နေတယ်။ အမှန်က ကိုယ့်ကံကြမ္မာက အဲ
လိုအကောင်းကြီးမဟုတ်ဘူး။ ရုံးမှာဆိုမွေးနေ့အတွက်ကျွေးခိုင်းတာပဲရှိတာ တစ်ခါမှလက်
ဆောင်ဆိုတာမရဖူးဘူး။ သူငယ်ချင်းလက်ကျန်သုံးလေးယောက်လည်းဒီလိုပဲ။ မကျွေးရင်
တာပြဿနာရှာတတ်တာ။ကျွေးပြီးရင်တော့ ပြောတတ်ကြတယ်။ဒါ ..မွေးနေ့လက်ဆောင်
ပေးရမယ့် အရွယ်မဟုတ်ဘူးဆိုပဲ...။
အင်း..ခုတော့ ကံကြမ္မာကကိုယ့်ကိုကြည်နူးစရာကောင်းတဲ့လက်ဆောင်လေးတစ်ခုပေးလာ
တယ်ထင်တာပဲ။ ပေးလာတဲ့ညီမလေးကိုလည်းအားနာမိတယ်။ သူနဲ့အွန်လိုင်းမှာတွေ့နေကျ။
သူမွေးနေ့လက်ဆောင်လာပေးမယ်တော့ပြောသား။ဒါပေမယ့် ..မလုပ်ပါနဲ့လို့ပြောထားမိ
တယ်ထင်တာပဲ။ ခုတော့..သူတကယ်လာသွားတာပဲ။ ပြီးတော့..သူ့မုန့်ဘိုးလေးထဲကနေ
လာပေးရတာမို့စိတ်လည်းမကောင်းဖြစ်မိသေးတယ်။ ဘာပဲပြောပြော တကယ့်ကိုကျေးဇူး
တင်ပါတယ်..ညီမလေးရေ...။
အော်..မွေးနေ့ဆိုလို့..အသက်မေးတယ်လား...ဟဲဟဲ..ကေ့ထက်တစ်နှစ်ကြီးပြီး ချိုသင်း
နဲ့ တစ်နှစ်တည်း...လို့ဝေ့လည်ကြောင်ပတ်ဖြေထားလိုက်ရင်ကောင်းမယ်ထင်တာပဲ...။
ချစ်သောညီမလေး မိုးနေ ..ပျော်ရွှင်ပါစေ..


ငါ့ကမ်းဆီပြန်လည်လှော်ခတ်လာမယ့်လှေကလေး

Tuesday, December 9, 2008

ငါ့ကမ်းဆီပြန်လည်လှော်ခတ်လာမယ့်လှေကလေး

ကမ်းပါးထိပ်မှာ
ငါရပ်နေခဲ့တယ်...
ငါ့ကမ်းဆီပြန်လည်လှော်ခတ်လာမယ့်လှေကလေးအတွက်..။

သံသရာဆိုတာသိပ်ကျယ်ပြောတာပဲ
ငါတို့တစ်နေရာရာမှာသစ္စာပြုခဲ့ကြဖူးသလား
တရားသော“စစ်”ဟာလည်း“စစ်”ပဲ
ငါတို့ဝေးခဲ့ကြဖူးတယ်။

ဘယ်နေရာမှာပြန်ဆုံမယ်ဆိုတာသိတော့သိခဲ့ကြမှာပဲ..
လှိုင်းတွေကကြီးလွန်းပြီးပင်လယ်ကွေ့တွေကများလွန်းတယ်
ဆံချည်တစ်မျှင်စာလောက်ပဲကွာတဲ့ဖြစ်ရပ်တွေကလည်းအများကြီးပဲ
အရောင်တွေကိုငါတို့နှလုံးသားနဲ့ပဲခွဲရလိမ့်မယ်
သစ်အယ်သီးရောင်လှေကလေးဟာကမ္ဘာမှာတစ်စင်းတည်းရှိတာမှမဟုတ်တာ။

အဲဒီအချိန်မှာအရာရာအားနည်းနေခဲ့ရင်
အမှတ်အသားပြုခဲ့တဲ့နေရာတွေနဲ့လွဲရလိမ့်မယ်
ချစ်သူရယ်
ဟောဒီကမ်းပါးထိပ်မှာ
ကိုယ်ရပ်နေခဲ့ပါတယ်။ ။
မနော်ဟရီ


မဆုံနိုင်သောအိပ်မက်များစွာသို့ရည်ညွှန်းပါသည်။


မြေပုံအတုထဲကမြို့

Tuesday, December 2, 2008

မြေပုံအတုထဲကမြို့

(၁)
ကျွန်မရဲ့ကောက်ရိုးမီးလေးကတော့ငြိမ်းသွားခဲ့ပါပြီ။အငွေ့တလူလူတောင်မကျန်တာကတော့
ရင်နင့်စရာကောင်းလေရဲ့။ကမ်းပါးအနားသပ်မရှိတဲ့ညနေခင်းတွေကတော့ ခပ်တည်တည်နဲ့
ကျွန်မကိုကောင်းကင်ဆန်ပြနေကြတယ်။ ဒဏ္ဍာရီတွေကိုအိပ်ရာဝင်တိုင်းကြားနေကျ ကလေး
တစ်ယောက်အတွက်တော့ တော်ရုံဇာတ်ကွက်ဟာပျင်းစရာကောင်းနေလိမ့်မယ်။ ရေအေးတစ်
ခွက်နဲ့ပြာပုံလေးကိုဖျန်းပက်ပြီးတဲ့အချိန်မှာ ကျွန်မဟာ တော်တော်ကြီးကိုသမ်းဝေငြီးငွေ့နေမိ
ပြီ။

(၂)
ပန်းနုရောင်အလောင်းအစားတစ်ခုကိုစိမ်ခေါ်ပြီးတဲ့အချိန်မှာ ကျွန်မဟာ ဒါဏ်ရာတစ်ချို့ကိုလျှာ
နဲ့ဖြည်းဖြည်းချင်းလျက်နေတတ်တဲ့ ကြောင်တစ်ကောင်နဲ့ခပ်ဆင်ဆင်တူနေတယ်။ အဲဒီ နလပိန်တုံး(အထူအပါးမညီတာ)ကြီးတွေဘယ်လိုများရှင်သန်ကြီးထွားပေါက်ရောက်လာကြ
တာလဲ…။ဒါကရောဘုရားသခင်ရဲ့အလိုတော်ပဲလား။နေကြပါဦး ။ခဏလေးနေကြပါဦး။နောက်
ကျောကဓားတစ်ချို့ကိုလက်ဆောင်ပေးလိုက်ချင်လို့ပါ။ ကျွန်မ မဟော်သဓ ဇာတ်တော်ထဲက
ပုဏ္ဏားလို မှန်ကြည့်တိုင်းသေပြီးရင်သေမနေချင်ပါဘူး။

(၃)
ရေတွေကတော့စီးသွားခဲ့ပြီ။ဘယ်တော့များမှရေသာအလှည့်ရောက်မှာတဲ့လဲ။ပန်းတွေအ
ကြောင်းပြောရတာကတော့နွမ်းဖတ်လွယ်ပါတယ်။ တကယ်ဆိုအနာဂတ်တွေကိုပြပွဲတင်
သွင်း ဈေးပြိုင်ခေါ်ပြီးရောင်းချပစ်ဖို့ကောင်းတာ။အခုတော့ကျွန်မက ပစ္စုပ္ပန်တစ်ခုတည်းနဲ့
ယောက်ယက်ခတ်နေပုံက ကျောက်ချမထားတဲ့တိမ်တွေလိုပါပဲ။ တကယ်ပါကွယ်။ cupid
တစ်ကောင်ရဲ့လက်မငြိမ်မှုတွေက အတော့်ကိုဒုက္ခပေးတတ်ပါတယ်။

(၄)
ဒလိမ့်ကောက်ကွေး၊အထွေးထွေးအယိုင်ယိုင် ပြိုကျလာတဲ့အောင်ပွဲရတံပိုးသံတွေ၊၀ရုန်းသုန်း
ကားလိမ့်ဆင်းလာနေကြတယ်။ ကျွန်မရယ်မောလိုက်ရတော့မလား။သေချာတာကတော့
တံတားတစ်စင်းမှမရှိတဲ့ပင်လယ်ပြင်လို ကျွန်မလှိုင်းထန်ပစ်လိုက်ချင်တယ်။ ဘယ်တော့များ
မှကံကြမ္မာက ကျွန်မကိုမျက်နှာသာပေးမှာတဲ့လဲ။ နာရီလက်တံတွေထဲမှာသေဆုံးနေခဲ့တဲ့
ကျွန်မဟာအနာဂတ်ကိုနာနာကျင်ကျင်ဖဲ့ထုတ်နေခဲ့မိတယ်။

(၅)
အမှောင်တွေကတော့တိတိပပကိုတောက်ပလာခဲ့ပြီ။ ဒါဟာကျွန်မရဲ့မနက်ဖြန်ဆိုရင်ပိုးစုန်းကြူး
တစ်ကောင်လောက်တော့ အဖော်ရသင့်တာပေါ့။ ဘယ်လိုကံကြမ္မာကများဖျားယောင်းထားခဲ့
လို့ ခဏခဏမှားယွင်းနေခဲ့ရတာလဲလို့မေးရင်၊ ဖြေစရာတောင်ရှိမှာမဟုတ်ဘူး။
တကယ်တော့သူရဲကောင်းတွေရဲ့ ကျဆုံးမှုဟာသူတို့ရဲ့“မာန”တွေနဲ့ပဲ တိုက်ရိုက်ပတ်သက်နေ
ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ်။အဲဒီမာနတွေဟာဖန်တရာထေနေတဲ့ ဇာတ်ညွှန်းတွေထဲက
ကျောရိုးမဲ့မာနတွေနဲ့တော့ ခြားနားမှုရှိတာသေချာပါတယ်။

(၆)
တောင်ရိုးငွေ့ငွေ့အလင်းကွေ့ကွေ့တွေနဲ့ဖြတ်သန်းတည်ဆောက်ထားခဲ့တဲ့ကျွန်မရဲ့“ခံစစ်တံတိုင်း”လေးဟာ ဘယ်အချိန်အတိုင်းအတာထိများခံနိုင်ရည်ရှိမှာတဲ့လဲ။ “စိတ်”စစ်ပွဲများစွာကို
တစ်ယောက်တည်းမျက်ရည်တ၀ဲဝဲနဲ့တိုက်ရင်း “ခံနိုင်ရည်ရှိသေးရဲ့လား”လို့ကိုယ့်ကိုယ်ကိုလှမ်း
မေးရတာကလည်းမသတီစရာကောင်းပါတယ်။ ကျွန်မသဘောမတူပဲကျွန်မဆီတရွေ့ရွေ့လာ
ပြီး ဖြတ်သန်းတိုက်ခတ်သွားတဲ့အချိန်တွေကိုပဲစိတ်ပျက်လက်ပျက်ထိုင်ကြည့်နေရတော့တယ်။

(၇)
“ရိုးသားမှု”ဆိုတာဘာမှန်းမသိဘဲ“ရိုးသားချင်ယောင်ဆောင်”ပြီးကျွန်မဆီကရိုးသားမှုတွေကို
ဖောက်ယူသွားတဲ့ပုံပြင်ထဲကမြေခွေးတစ်ကောင်းဘယ်ရီသီးတွေကိုအားရပါးရစားနေတာမြင်
တော့ ကျွန်မပုံပြင်တွေကိုအန်ချလိုက်တယ်။ စပျစ်သီးတွေကချဉ်တာကိုး။ သူခိုးတွေနဲ့မပေါင်း
နဲ့လို့ အလီဘာဘာက ကျွန်မကိုခပ်တိုးတိုးလေး အကြိမ် ၄၀တိတိမှာတယ်။ ကောင်းကင်မှာ
နက္ခတ်တွေမစုံတော့တာကတော့ သူတို့နဲ့ဘာမှမဆိုင်ပါဘူး။ ကျွန်မသက်သေရှိပါတယ်။

(၈)

အဝေးဆီက ကျွန်မ မပိုင်ဆိုင်တဲ့ကျွန်မရဲ့အနာဂတ်များနဲ့ကျွန်မပိုင်ဆိုင်ရမယ့်ကျွန်မရဲ့ကံကြမ္မာ
များ၏“စီးချင်းထိုး”သံသဲ့သဲ့ကိုကြားနေရ။
ဘယ်သူဟာ ကျွန်မကိုပိုင်ဆိုင်သွားမလဲ…?????
တော်လဲသံတွေရဲ့ဂီတဟာ တစ်ခါတစ်ခါကျ ရင်ထိတ်စရာသိပ်မကောင်းပြန်ပါဘူး။ အသားကျ
နေသူတစ်ယောက်အတွက်ကန်းဆွံ့ထားလိုက်ရသောအာရုံများ ၊ဥပက္ခာတရားဆိုတာ တစ်ခါ
တစ်ခါတော့ချိုပါတယ်။
မချိုနိုင်တာကတော့စီးချင်းတိုက်ပွဲရဲ့ရလာဒ်နေ့ရက်တွေပါပဲ။

(၉)
ဘယ်တော့မှသာယာညွတ်ပျောင်းလာမှာမဟုတ်တဲ့ မြစ်ကျဉ်းလေးတစ်ခုလို ချိတ်ပိတ်ကွေး
ကောက်ထားလိုက်ရရင်ကောင်းမလား။ တစ်ခါတစ်ခါတော့လည်း အတင်းအဖျင်းတွေက
ရယ်မောစရာတစ်ခုလိုဆေးဖက်ဝင်ပါတယ်။ ရောင်စုံပွင့်လန်းနေတဲ့ညနေခင်းတစ်ချို့လို
တောက်ပပါလျက်နဲ့နေ၀င်မပစ်လိုက်ချင်ဘူး။
လက်ထဲမှာ မြေပုံအတုတစ်ခုကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး Wawalak တွေလို အလင်း
ရောင်ကိုမျှော်ကိုးနေမိတဲ့အရူးတစ်ယောက်ဟာ ကျွန်မလား။
တကယ်ဆိုရင်…….
နေ့ရက်လိုက်..နေ့ရက်လိုက်တံခါးပိတ်ထားခဲ့သင့်တာပေါ့။
ခုတော့…..
အတိတ်တွေကိုပြန်ပြန်ကြည့်နေမိတော့တယ်။
တကယ်တော့….
ကျွန်မဟာ…မြေပုံအတုထဲကမြို့တစ်မြို့ကို လိုက်ရှာနေမိတဲ့ “သူရူး”တစ်ယောက်သာဖြစ်ပါတယ်။
မနော်ဟရီ


Wawalak – During the dream time , the Australian aboriginal sister goddesses,
the Wawalak were swallowed whole by Yurlungur ,the great rainbow
serpent oppressed by Darkness in the belly of the serpent , the
wawalak wept until they were reborn from Yurlungur back into the
light.


ဘာပြောရင်ကောင်းမလဲ....????

အသစ်..အသစ်ဆိုတဲ့သူအားလုံးကိုအသစ်ကပေးချင်..လူကမအား..စိတ်ကလည်းမအား၊
စိတ်ပမ်းလူပမ်းလည်းကလည်းဖြစ်နေတော့ ဘာပြောရင်ကောင်းမလဲလို့စဉ်းစားရင်းဘာမှမရေး
ဖြစ်ဘူးဖြစ်နေတယ်။ အရင်လိုပဲ ငိုညည်းလေးညည်းပြီး ရှောင်တခင် ခွင့်ဆိုပြီးတောင်းရင်
ကောင်းမလား..ဒါမှမဟုတ် ခရီးထွက်မလို့ လို့ပြောရင်ကောင်းမလား..စဉ်းစားရင်းစဉ်းစား
ရင်း အမှန်အတိုင်းပဲပြောလိုက်ပါတယ်။
ဒီဇင်ဘာလကုန်မှာ ခရီးရှည်တစ်ခုသွားစရာရှိလို့ပြင်ဆင်နေရတာရယ်၊ အိမ်ပြောင်းမှာမို့ အိမ်
သစ်ကိုပြင်၊အိမ်ဟောင်းကို သိမ်းဆည်းနဲ့မအားရတာရယ်၊မဂ္ဂဇင်းအတွက် ရုံးကျရယ် နောက်
လတွေအတွက်ပြင်ပေးနေတာရယ်နဲ့ လုံးဝ(လုံးဝ)ကိုခြေကုန်လက်ပမ်းကျနေလို့ပါ။ ၀တ္ထုတစ်
ပုဒ်ရိုက်လက်စရှိတာတော့ ပြီးတာနဲ့တင်ပေးပါ့မယ်။ အမြည်းပေးရရင်တော့ ခေါင်းစဉ်က
“မြေပုံအတုထဲကမြို့” တဲ့...။
မွေးနေ့နီးလာလို့လားမသိဘူး။ အတိုက်အခံကလည်းများ၊ ဘာလုပ်လုပ် အဆင်ကချက်ချင်းမပြေ
နဲ့..အင်း..ရှေ့လာမယ့် အချိုးအကွေ့ကတော့ တော်တော်လေးကြည့်ကောင်းမယ်ထင်တာပဲ။
ဒီတစ်ခါဆိုရင်တော့ ...


သက္ကရာဇ်များ

Tuesday, November 25, 2008

သက္ကရာဇ်များ ကိုရေးခဲ့တာ ၂၀၀၄အကုန်ပိုင်းလောက်မှာပါ။ မှတ်စုများထက်နောက်ကျပါတယ်။
ခုချိန်မှာ ထပ်ဖြည့်စရာသက္ကရာဇ်တွေအများကြီးတိုးလာပေမယ့် ..အဲဒီလောက်ကြီး မနာကျင်
ရတော့လို့လားမသိဘူး..ထုံပေပေနဲ့ ..ဘာမှထပ်ဖြည့်စရာမရှိသလိုပဲ။ဒါကြောင့်ဒီတိုင်းလေးပဲ
တင်လိုက်တယ်။

ဘလော့ခ်လေးတစ်ခုထပ်လုပ်မိပါတယ်..မနော်ဟရီတို့ က သူ့ရှိတဲ့အိုင်တီအင်တာနက်
အရည်အချင်းတွေကိုချပြလိုက်သလိုပဲ..အရပ်ကူပါ..လူဝိုင်းပါတွေနဲ့ ..
ကွန်နက်ရှင်ကမကောင်း (ဒါကအကြောင်းပြတာပါ အမှန်က အတော်လေးကို use to ဖြစ်နေပြီ)
စိတ်က ကယောင်ခြောက်ခြားနဲ့ ကလစ်တွေအပေါ်အောက်မှားနှိပ်မိပြီး စိတ်နဲ့ကိုယ်နဲ့ကလည်း မကပ်
သည့်သကာလ ပြင်ပြီးသားမနော်ဟရီဘလော့ခ်လည်းဖြစ်ချင်ရာဖြစ်ပြီးပျောက်ပျက်ကုန်တယ်။
အသစ်မှာလည်း စီဘောက်စဖြုတ်ဖို့ ဘယ်လိုမှ ကွန်နက်ရှင်က မရသည့်သကာလ
လုပ်သလိုမဖြစ်ရင် ဖြစ်နိုင်သလိုလုပ်တယ်ဟာဆိုပြီး မူရင်းတန်းပလိတ်ကိုပဲပြန်သုံးပစ်လိုက်တယ်။
နောက်ပိုင်းပြင်ဖို့ဆင်ဖို့ကိစ္စတွေကို ကွန်ပြူက၀ိကျော်ကြီး ဆြာNLSဆီအပ်နှံထားကြောင်း......


သက္ကရာဇ်များ

၁၉၉၀

အတော်ကိုမလွယ်ခဲ့တဲ့သက္ကရာဇ်ပါ..။မိုးလင်းကမိုးချုပ် ကွန်ပျူတာဖန်သားပြင်ရယ်၊
စာရင်းဇယားတွေရယ် ၊Errors တွေရယ်နဲ့ဗျာများခဲ့ရတဲ့နှစ်ပေါ့..။ခြူခြူခြာခြာနိုင်
လိုက်ပုံကလည်း လက်နှစ်ဖက်လုံး အပ်ပေါက်ရာ အထပ်ထပ်နဲ့…။ရောဂါရှာတာတဲ့
လေ…။ထူထူထောင်ထောင်သာဖြစ်လာရော ဘာရောဂါမှန်းသူတို့မသိလိုက်ကြဘူး။
မရှာပဲတွေ့ခဲ့ရတာတော့ ကိုယ့်ရဲ့ချစ်သောမိတ်ဆွေများပါပဲ….။အ၀ါရောင်ညီအစ်မ၊
အမေ့အိမ်၊ခရမ်းရောင်လွင်ပြင်၊နှစ်ချို့မချို့မသေချာပဲ..ကိုယ်အားလုံးကိုရင်ထဲပိတ်
ထည့်ထားလိုက်တယ်။

၁၉၉၁
အတော်ကိုချစ်စရာကောင်းတဲ့သက္ကရာဇ်လေးပါ..။ကိုယ်မျှော်လင့်နေတဲ့စိမ်းလန်း
အိပ်မက်တွေပြန်မက်ခွင့်ရခဲ့တယ်။ဆေးဝါးတွေနဲ့ကင်းကင်းရှင်းရှင်းကြီးမဟုတ်တောင်
ခပ်ခွာခွာနေရင်းကျန်းမာလာတယ်။ကိုယ့်လှေကားထစ်ကလေးက သုံးနှစ်လောက်
နောက်ကျပြီးမှတက်ခဲ့ရတာတောင်သူစိမ်းဆန်မနေဘူး။အဆင်ပြေပြေပဲ…..။ရေစက်
တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်လေးထဲ..ပထမတဆင့်ကျော်ဖြတ်ခွင့်ရခဲ့တယ်..
ပေါ့..။
၉၁ရဲ့ စတုတ္ထမြောက်နေ့ရက်တချို့မှာတွေ့ရတတ်တဲ့ မျက်ဝန်းတစ်စုံကိုလည်းအမှတ်
တရရှိနေခဲ့ပါတယ်။

၁၉၉၂
ဒုတိယလှေကားထစ်ကလေးပေါ့..။ရှေ့မှာလမ်းခွဲတစ်ခုရှိတယ်။ကိုယ်ဘယ်လမ်းကို
လျှောက်မလဲလို့စဉ်းစားရတော့မှာ..။ဒါပေမယ့် ကိုယ်ကထုံးစံအတိုင်း ငှက်ကုလားအုတ်
ဆန်တဲ့အိပ်မက်တွေကိုပဲရွေလိုက်တယ်။နည်းနည်းတော့ပင်ပမ်းတာပေါ့..။105 တဲ့..။
ကိုယ်က အဲဒီအခန်းကိုသိပ်မကြိုက်ချင်ဘူး။ကိုယ့်ရဲကစတုတ္ထမြောက်နေ့ရက်လေးက
မျက်ဝန်းတစ်စုံ ကိုယ့်ရှေ့ကပျောက်သွားခဲ့တယ်။သင်္ခါရတရားလို့ကိုယ်မတွေးတတ်ခဲ့
ပါဘူး။ကိုယ်က အစွဲအလမ်းကြီးတတ်တဲ့ခရေပင်လေးလိုပဲ..၊တောင့်တင်းခိုင်မာစွာသင်း
မွှေးနေခဲ့တယ်။ဒါ…ကိုယ့်ရဲ့အားနည်းချက်ပါကွယ်။

၁၉၉၃
အဆိုးဆုံးတွေတွေ့ခဲ့ရတယ်ပဲဆိုပါစို့။မိုးတွေသည်းသည်းမည်းမည်းရွာသွန်းတတ်တဲ့ရာ
သီတစ်ခုမှာ ခေါ်သံတွေလည်းလွဲမှားခဲ့ဖူးတယ်။ပုဂံလမ်းပေါ်က မိုးရာသီလေးဟာ ဒီနေ့
ထိတော့ပုံပြင်ပါပဲ..။စိုးရိမ်တကြီးချောင်းပေါက်မတတ်လာလာသတိပေးတတ်တဲ့ကြား
ထဲက ကိုယ်က ပေတေတေနဲ့..။207 နဲ့ဝေးရာမှာပဲနေနေဖြစ်တယ်။ကိုယ့်ရဲ့မတွေဝေတတ်
တဲ့စိတ်က ကိုယ့်အစွဲအလန်းကြီးတတ်မှုကို အကြီးအကျယ်အနိုင်ယူတော့တာပဲ..။ကိုယ်
လည်းအလဲလဲအကွဲကွဲနဲ့ပေါ့…။တတိယမြောက်ပထမလှေကားထစ်မှာ ကျွန်မ ကံ့ကော်
ပွင့်လေးသုံးပွင့်ပဲဆွတ်ခူးခွင့်ရခဲ့တယ်။ကိုယ်ကျေနပ်ပါတယ်။

၁၉၉၄
ကိုယ့်အတွေးတွေကသိပ်ေ၀၀ါးစပြုချင်လာပြီ။ကိုယ့်ကိုယ်ကိုပြန်ကုစားယူရတယ်။“သင်း
ကွဲပင်လယ်”ထဲကနေရုန်းထွက်ပြီး “ကျန်းမာခြင်းအသစ်”ကိုရယူလို့ “ရာစုသစ်မြစ်ကျဉ်း”
ထဲကိုစီးမျောခဲ့တယ်။“လမ်းနဲ့မဆန့်တဲ့ခရီး”တွေကိုလည်းတွေ့ရတယ်။“တစ်မိုးတည်းအောက်
မှာ”မိုးခိုနေကြတဲ့သူတွေကိုလည်းတွေ့ရတယ်။ “မျှော်လင့်အိပ်မက်”ကိုမက်နေကြသူတွေ၊
“ဘို့များတဲ့ကုလားအုတ်”တွေ၊“နှလုံးသားထဲကမျက်ဝန်းတစ်စုံ”နဲ့ “ခပ်ညံ့ညံ့ကဗျာတွေ”..။
ဟိုးရှေ့မှာလမ်းခွဲ..။ကိုယ်က အပြိုပြိုအလဲလဲနဲ့ “ပန်းလှေလမ်းခွဲ”ကိုအိပ်မက်ခဲ့…။

၁၉၉၅
ခေါင်းလောင်းသံတွေကြားနေရတာကိုသိလျက်နဲ့ ကိုယ်ကနားပိတ်ထားခဲ့မိတာ။“စကားဝါ”
ရဲ့ညတွေကိုတမ်းတရင်း အဆိပ်တွေတက်လို့..။ရေစက်တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်
လေးထဲက ထွက်မသွားရရေးကိုကျားကုတ်ကျားခဲ ကြိုးစားမိလို့..။တရားရှိလျက်နဲ့ တရားမရ
နိုင်ကြပုံများလေ..။ပန်းလှေတွေ ပန်းတိုင်တစ်ခုကိုအတူရောက်နိုင်ကြမှာမှမဟုတ်တာ..။
အမေအိုရဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာ သားသမီးမစုံမညီနဲ့ အမေကျေနပ်ရဲ့လားမသိ…။
အမေကတော့တရားရှိလောက်ပါတယ်လေ…။

၁၉၉၆

ကိုယ်တောက်လျှောက်မှားခဲ့တဲ့သက္ကရာဇ်ပေါ့…။မိစ္ဆာပွဲသဘင်ဆင်ယင်နေတဲ့ထဲမှာ ကိုယ်က
ဘုမသိဘမသိနဲ့ ချောက်ကမ်းပါးကပ်လျှောက်နေမိတဲ့အဖြစ်…။သစ်ကိုင်းကျိုးသံတွေက
ကျယ်လောင်လွန်းတယ်။ ကိုယ်က ကိုယ့်ရင်ခုန်သံတိုးတိုးလေးကိုပဲရိုကျိုးတတ်တဲ့သူလေ..။
ကိုယ့်နှလုံးသားရဲ့တရားဓမ္မကိုကိုယ်ယုံကြည်..ကိုယ့်သစ္စာတရားးကိုပဲကိုယ်ပြာလွင်ချင်ခဲ့သူ
လေ…။မေမေကတော့ ငယ်ငယ်ကသင်ခဲ့တာပဲ..။“စိုက်တဲ့အတိုင်းရိတ်ရလိမ့်မယ်”တဲ့…။
မေမေ..သမီးစိုက်ခဲ့တဲ့အပင်တွေက ပြာလွင်ကြည်စင်ခဲ့တာသေချာပါတယ်…။

၁၉၉၇
လှည့်ကြည့်မိတော့ရက်တွေက တော်တော်လွန်နေခဲ့ပြီ..။ကိုယ်ဘယ်ဘက်လက်သူကြွယ်က
ရွှေရောင် အလင်းတန်းလေး ကနီလာရောင်ပြာလွင်လို့…။ကိုယ်ကဒါကိုသစ္စာတရားရဲ့အစ
လို့ထင်ခဲ့တာ။ဘယ်တော့မှမတွေဝေတတ်ချင်တဲ့၊အစွဲအလန်းကြီးတတ်တဲ့ ကိုယ့်တရားကိုယ်
ကြည်ညိုချင်တတ်တဲ့ လူတစ်ယောက်ရဲ့ခရီးလမ်းအစလေ..။ကိုယ်ဟာတကယ်တော့ကိုယ့်
ကိုယ်ကိုပဲ့ပြင်ဖတ်ရှုတတ်ပြီး.ကိုယ့်ပတ်ဝန်းကျင်ကိုတော့မဖတ်တတ်ခဲ့တဲ့သူပဲ..။
မှော်ဆရာရဲ့မျက်လှည့်ပြကွက်တွေကိုမှကိုယ်ကရိုကျိုးစွဲလန်းခဲ့တာလေ..။

၁၉၉၈
တိုက်စစ်တွေသိပ်များတဲ့စစ်မျက်နှာပြင်လိုပဲ..။ကိုယ်အလိုမတူပဲစစ်မျက်နှာတွေဖွင့်ခဲ့ရတယ်။
အတုလို့ထင်ခဲ့တာတွေထဲက အစစ်တချို့ကိုရှာဖွေတွေ့ရှိလိုက်သလိုအစစ်လို့ထင်ခဲ့တဲ့ထဲက
အတုတွေကိုလည်းအံ့သြခြင်းကြီးစွာတွေ့လိုက်ရတယ်။
တချို့မြို့တော်တွေမှာတောင်ရပ်နားခွင့်မရှိတော့တဲ့ရထားအိုကြီးရဲ့ပြယုဒ်ကတော့ အတော်
မတော်မတည့်နိုင်လွန်းလှပါတယ်။
ဘုရားသခင်..ဒီကြွေပွဲကိုဘယ်သူကများကစားခဲ့တာလဲ..။တိုက်ပြီဆိုကတည်းက အနိုင်ရတဲ့
သူလည်းဆုံးရှုံးရတာပါပဲ။အဆုံးအရှုံးတွေများရတဲ့အထဲ ကိုယ့်လက်ကျန်ကောင်းကင်လေးပါ
အဝေးကိုဆွဲရွှေ့ခံလိုက်ရပါတယ်။
မေမေ..အဝေးကကောင်းကင်မေမေ..။ညီမလေးရဲ့ကြယ်ကိုလင်းလက်ပေးလိုက်ပါဦး။

၁၉၉၉
ကောင်းကင်အတု၊ကြယ်တာရာအတု၊နက္ခတ်သဘင်အတု၊ရာသီဥတုအတုတွေနဲ့ကိုယ်ဟာအသား
ကျလို့။၉၉ က ကိုယ့်အပေါ်သိပ်မဆိုးဝါးခဲ့ပါဘူး။တစ်ခါမှအိပ်မက်မမက်ခဲ့ဖူးတဲ့အရာကိုလည်းမျှော်
လင့်ခွင့်ရလာတယ်။သေချာတယ်။ကိုယ်အိပ်မက် မက်နေတာမဟုတ်ဘူး။ဘုရာသခင်ရဲ့အသံ
တော်ကိုလည်းကြားရတယ်။ ဗျာဒိတ်တော်တွေကလင်းလက်၊ကိုယ့်လက်မှာ ကြယ်ပွင့်သေးသေး
လေးတစ်ပွင့်ပိုင်ဆိုင်ခွင့်ရတော့မယ်။

၂၀၀၀
သရ၀ဏ်ကြယ်တန်းလေးကိုယ့်ကောင်းကင်မှာလင်းချင်းလာချိန်မှာတော့၊ကိုယ်ဟာမျှော်လင့်ချက်
တချို့နဲ့မှိန်ဖျော့လို့။သေချာသွားခဲ့ပြီလေ..။အတုတွေရဲ့ပင်ကိုယ်ဗီဇချို့တဲ့မှုကိုမျက်ဝါးထင်ထင်
တွေ့ခွင့်ရခဲ့ပြီပဲကွယ်။ဒါပေမယ့်ကိုယ့်ရဲ့ခေါင်းမာတတ်တဲ့စိတ်က ကိုယ့်မျှော်လင့်ချက်တွေကိုအ
ရောင်ပြန်တင်ပေးလိုက်တယ်။ကိုယ့်ရဲ့အသက်ငင်နေတဲ့နှလုံးသားလေးကို ကြယ်သေးသေးလေး
တစ်ပွင့်ကကယ်တင်လိုက်ခဲ့ပါတယ်။

၂၀၀၁
ကိုယ့်ကိုယ်ကိုမှန်ထဲပြန်ကြည့်ခွင့်ရလာတယ်။(ယာယီပေါ့) ကိုယ်ဘာလဲဆိုတာ ဂဃနဏသိခွင့်ရ
လာတယ်။ဒါပေမယ့်ကွယ်..ကိုယ်ကရိုးသားလွန်းတယ်။အန္တရာယ်ရဲ့အငွေ့အသက်ကိုမရှူရှိုက်တတ်
ခဲ့ဘူး။ကျော့ကွင်းတွေရဲ့မာယာကိုလည်းနားမလည်ဘူး။ကိုယ်သိတာက ယုံကြည်မှုရဲ့ကျမ်းစာလေ။
ဒီပွဲမှာလည်းကိုယ်က အကြေကြေအကွဲကွဲနဲ့..၊ဒီကြားထဲကမှ အိမ်မှာမွေးထားမိတဲ့ခွေးက ကိုယ့်ကို
ပြန်ကိုက်လိုက်လို့ကာကွယ်ဆေးတွေထိုးခဲ့ရပါရောလား။ ကိုယ်အားလုံးကိုတရားခဲ့ပါတယ်။မတရား
ခဲ့တာက ကံကြမ္မာပါ။

၂၀၀၂

The final destination of love is full of danger တဲ့။
ကိုယ့်သီအိုရီကိုယ်ထုတ်၊ကိုယ်ကခေါင်းမော့ရယ်မောတတ်ဖို့ကြိုးစားနေတဲ့အရုပ်တစ်ရုပ်လိုပဲ..။
ကိုယ့်ရင်ခုန်သံကိုကိုယ်အကြည်အညိုမဲ့စပြုလာတယ်။မှော်ပညာရဲ့အသက်ကုန်သွားခဲ့ပြီလား။
ဒါပေမယ့်ကိုယ့်သစ္စာတရားကတော့ပြာစင်နေတုန်းပဲ..။ကြည့်တတ်ရင်တော့ကိုယ်က အမှတ်မရှိ
တတ်တဲ့စပယ်ပွင့်လေးလိုပေါ့။ခေါင်းမော့ကြည့်မိလို့မှ အမှောင်တွေအုံ့ဆိုင်း နေတာမြင်ရတာ
တောင် ကိုယ်က အလင်းတွေပြန်ညှိပေးချင်နေတုန်း။
မေမေ……စိုက်ခဲ့တဲ့ အပြာရောင်တွေအစားဘာလို့များတိမ်တိုက်တွေပဲရိတ်သိမ်းခဲ့ရတာလဲ…။

၂၀၀၃
အဆိုးဆုံးတွေကိုရင်ဆိုင်ဖြတ်သန်းခဲ့ပြီးမှတော့ ကျောက်မီးသွေးတွေမာကျောသွားတာအဆန်းမ
ဟုတ်ပါဘူး။ သံမဏိတွေအသွေးအရောင်တောက်ပြောင်ခိုင်ခန့်လာတာလည်းအဆန်းမဟုတ်ပါ
ဘူး။သူတို့မီးပြင်းတိုက်ခံခဲ့ကြရတယ်လေ။ဘယ်သူတွေဘယ်လိုပဲတာဝန်မဲ့မဲ့ ကိုယ်ကတော့ ကိုယ့်
ကြယ်စုလေးအတွက် ပြာလဲ့ပေးရဦးမယ်။
ကိုယ်အိပ်မက်အဟောင်းတွေကနေနိုးထနိုင်ခဲ့ပါတယ်။

၂၀၀၄
ကိုယ့်ကိုအားသစ်တွေပေးခဲ့တဲ့နှစ်ပေါ့။ အခြေအနေတွေပိုမိုမှောင်မိုက်သည်းထန်လာတဲ့ကြားက
ကိုယ်ထူမတ်ထားနိုင်ခဲ့တယ်။ကိုယ့်ကောင်းကင်မှာကြယ်စုကလေးတွေလည်းလင်းလက်တိုးပွား
လာခဲ့တယ်။ (ကိုယ်ပိုင်တော့မဟုတ်ဘူးပေါ့) ဒီကြယ်စုလေးတွေအတွက်ကိုယ်ဟာအပြာလွင်လွင်
ကိုပဲပေးခဲ့သင့်တာပေါ့နော်။ဒါပေမယ့်ကွယ်…ရှေ့မှာကိုယ့်ကိုစောင့်စားနေတဲ့ ၂၀၀၅…သူကကိုယ့်
ကိုဘယ်လိုတရားချဦးမှာလဲမသိဘူး။ကိုယ်ချစ်ကြည်ဖို့ကြိုးစားရဦးတော့မှာပေါ့…။ ။

မနော်ဟရီ


ကျွန်မချစ်သောကဗျာများ

Saturday, November 22, 2008

ပို့စ်တစ်ရာပြည့်ပြီဆိုတော့ တချို့ကပြောတယ်။ ကျွန်မသူငယ်ချင်းတွေကအစပါ။သူများကဗျာတွေအများကြီးပါတယ်
နော်..တဲ့။အဲဒီစကားလေးကြောင့်ကျွန်မ ဒီဘလော့သစ်လေးကိုလုပ်လိုက်ပါတယ်။ ကျွန်မမှတ်စုစာအုပ်ထဲက ကဗျာ
တွေကို တင်ပေးသွားမှာပါ။ တတ်နိုင်သမျှ အဲဒီကဗျာဆရာအကြောင်းလေးရောပေါ့...။

http://manorhary-poemsilove.blogspot.com


ကမ်းမဲ့မြစ်တစ်စင်း၏ကုစားခွင့်

ကျွန်မ၀တ္ထုကိုဖတ်ပြီးတော့ နေဆူးသစ်က ကဗျာလေးတစ်ပုဒ်လှမ်းပို့ပေးတယ်။
“ကမ်းမဲ့မြစ်တစ်စင်း”တဲ့...။အဲဒါနဲ့ ကျွန်မလည်း ၁၉၉၆ခုနှစ်က လုံမလေးမှာ
ပါခဲ့တဲ့ ကျွန်မရဲ့ကဗျာလေးကိုသွားသတိရတယ်။ “ကုစားခွင့်” တဲ့..။ချစ်တဲ့မြို့
ကလေးကိုတမ်းတထားတဲ့ကဗျာပါ...။လွန်ခဲ့တဲ့ ဆယ်စုနှစ်တုံးက မနော်ဟရီ နဲ့
ခုမနော်ဟရီက မတူနိုင်တော့ဘူးလေ..။တကယ်ပါ...၂၀၀၅ နှစ်ကုန်ပိုင်းမှာ
မြို့ကလေးဆီပြန်ရောက်ရတဲ့ ခံစားချက်ကတော်တော်ကိုဆိုးဝါးတာပါ...။ကန်သုံး
ဆင့်
ကလည်းတောကြီးထဲမှာပျောက်ဆုံးလို့...။မြင်နေရတတ်တဲ့ တံတားဖြူလေး
ကိုလည်းမတွေ့ရဘူး။ကိုယ်နေခဲ့တဲ့ယင်းမာဆီကိုသွားမယ်လုပ်တော့လည်း မ၀င်ရ
ဘူးတဲ့။ တော်တော်ကိုဆိုးတာပါ။မာန်ပြေစေတီလည်းမတွေ့ရတော့ဘူး။ တံတားလေး
ဆီသွားတော့...လား လား..ရေနစ်သေဖို့ကံက ကျွန်မတို့သားအမိတွေမှာအပါ
လာခဲ့လို့ပေပဲ...။ လေးဘက်တွားနဲ့ရောက်အောင်ဖြတ်ခဲ့ရတယ်။ မီးရှူးတိုင်ကြီး
လည်း ခြောက်သွေ့ပျက်စီးလို့..အရင်လိုစည်စည်ကားကားပွဲတွေလည်း မရှိတော့
ဘူးထင်တယ်။မာမီနဲ့ကျွန်မပြန်သာလာရော အီလည်လည်နဲ့။ ဘာခံစားချက်မှကို
မပါလာတော့သလိုကိုဖြစ်သွားတာ။
ပြန်လာပြီးတစ်လကျော်ကြာမှဒီဝတ္ထုလေးကိုရေးဖြစ်တာ။ရေးပြီးပြီးချင်းရတီနှစ်လည်
အတွက်စာမူတောင်းတာနဲ့ပေးလိုက်တယ်။ဒါပေမယ့်...စာမူလေးကဘာလို့မှန်းမသိ
ကျန်ခဲ့ရရှာတယ်။မနေ့တနေ့ကထိ အဲဒီသရုပ်ဖော်ပုံလေးကရှိတုန်း။ ကိုကိုနိုင်ရဲ့
လက်ရာပါ..။အဲဒါနဲ့သိမ်းထားလိုက်တာ တစ်နှစ်ကျော်သွားပါတယ်။ ၂၀၀၇ကျမှ
အိုင်ဒီယာနှစ်လည်အတွက်ပြန်တင်ဖြစ်တာ။အဲဒီမှာတော့ သရုပ်ဖော်ပုံက ကိုစိုးဝင်း
ငြိမ်း
ပါ။ အဲဒီနှစ်ကနှစ်လည်မှာလူတော်တော်စုံပါတယ်။ ဆရာဇော်၊ကိုရဲ(သစ္စာနီ)၊
ကိုငြိမ်း(ငြိမ်းအေးအိမ်)၊တာရာမင်းဝေ၊လင်းဆက်
..စသဖြင့်..။
၂၀၀၆ မှာတစ်ခါထပ်ရောက်တယ်။ဒီတစ်ခါတော့ ပြောင်းလဲနေတဲ့ယင်းမာရော တေဇ
ဖက်ဆီရော အကုန်ရောက်ခဲ့တဲ့အပြင် အရင်ကင်တင်းဟောင်းမှာတောင်ထိုင်လိုက်
သေးတယ်။ အဲဒီကင်တင်းက ငယ်ငယ်တုန်းက ကိုယ်မှမထိုင်ခဲ့ရတာ..း) ။
အဲဒီအချိန်ကျတော့လူကစိတ်တော်တော်ပြန်ပြေသွားပြီ...။နောက်ဆုံးတစ်ခေါက်က
တော့ ဆရာကန်တော့ပွဲသွားတာပါ။ Teacher ဒေါ်စန်းစန်းရီက သေသေချာချာ
ကိုခေါ်ထားတာမို့ရော..နောက်လည်းသိပ်ရောက်ဖြစ်ဖို့မသေချာဘူးဆိုပြီးရောသွား
လိုက်တာ..နေ့ချင်းပြန်ပါပဲ..မြို့ခံတွေတောင်မလာကြတဲ့ဆရာကန်တော့ပွဲဆိုရင်
မှားမယ်မထင်ဘူး။ဘာလို့လဲဆိုတော့ သူငယ်ချင်းတော်တော်များများကိုမတွေ့ခဲ့ရ
လို့ပါ။ အတင်းအဓမ္မ သွားဆွဲခေါ်ချရတဲ့သူငယ်ချင်းတွေလည်းရှိပါရဲ့.။သူတို့ကြည့်
ရတာ ကျွန်မတို့ကိုတောင်တော်တော်အားလို့လာတယ်ထင်ပုံပဲ..။မအားပါဘူးဟာ
ဆိုတဲ့သူလည်းရှိတာပဲ..။
စိတ်လည်သွားပြီဆိုပေမယ့် ဒီစာလေးက ကိုယ်ပဲရေးထားခဲ့တာလေ...မညာချင်ဘူး။
အဲဒီတုန်းက ငါအဲလိုခံစားခဲ့ရတယ်ဆိုတာလေးအမှတ်တရပေါ့.ဆိုပြီးထားလိုက်တာ။
ခုကဗျာလေးနှစ်ပုဒ်ကတော့ မြို့ကလေးရောလွမ်းသူတွေရောကျေနပ်နိုင်မယ့်ကဗျာလေး
လို့မျှော်လင့်မိတာပဲ...နောက်ထပ်သေချာတာတစ်ခုကနှစ်ယောက်လုံးရဲ့ ငယ်လက်
ရာတွေလည်းဖြစ်လို့ ကဗျာတွေက ပျော့ရင်ပျော့နေမယ်။သေချာတာကတော့ အဲဒီထဲ
မှာ “...မလွမ်းတော့ဘူး”ကလိုအတတ်ပညာတွေ၊မရိုးသားမှုတွေမပါသေးဘူးဆိုတာ
ပါပဲ။
ကိုကြွက်ပြောသလို ဆိုင်းဘုတ်ဟိုဘက်ကျော်ရင်လူတော်တွေချည်းပဲဆိုတာလေးကိုလည်း
အမမေငြိမ်းနဲ့အတူ ထောက်ခံချက်ပေးလိုက်ရင်..အနည်းဆုံးသုံးမဲ..(နေဆူးသစ်နဲ့
အမခင်မင်းဇော်..ကိုထွေး(ခင်မောင်ထွေး)..း))ရမယ်ထင်တယ်။ တကယ်ပါ..။
ကိုထူးအိမ်သင်၊ကိုမြင့်မိုးအောင်၊ပန်းချီအေးကို၊ကိုအောင်မင်း၊မောင်စိမ်းသူ၊ကိုကြွက်
(သိမ်းတင်သား)၊ပိုပို.
.၊စသဖြင့်အများကြီးပါ...။ဒါပေမယ့်ဒီမြို့လေးတစ်မြို့တည်းမှာ
ဒီလိုရှိတာမဟုတ်ပါဘူး။မြို့ကလေးတိုင်းဟာ ရာဇ၀င်အတွက်သားကောင်းတွေ သူရဲကောင်း
တွေမွေးထုတ်ပေးမွေးထုတ်နေဆဲပါပဲ။ ဘာတွေပဲဖြစ်နေနေ ကျွန်မကတော့ အချိုးအစား
ကျနလှတဲ့မြန်မာပြည်မြေပုံထဲက ( ကျွန်မတစ်ယောက်တည်းအနေနဲ့ဆို ကမ္ဘာပေါ်မှာ
အလှဆုံးမြေပုံလေးပေါ့..)မြို့ကလေးပေါင်းမြောက်များစွာကိုလွမ်းနေမယ့် သားသမီး
များစွာအတွက်ရည်ညွန်းပါတယ်။နေဆူးသစ်လည်းဒီလိုပဲရည်ရွယ်ပါလိမ့်မယ်။


ကမ်းမဲ့မြစ်တစ်စင်း
ဒီလူရဲ့ပုသိမ်ဟာ
ဧရာဝတီရဲ့သဒ္ဒါ၊ င၀န်မြစ်နဘေးမှာ
စီးမျောပါဝင် နေခဲ့ပြီ။
အလှဆိပ်ကမ်း၊ အသည်းကွဲအနမ်း
ကျွမ်းမြေ့လောင်မြိုက်၊ အိပ်မက်ကိုဖမ်းစား
အလွှာကွာခြားနေပြီလားကွယ်……။
ရွှေမုဌောနဲ့ ရေကြည်၊ရေနောက်
မော်တင်စွန်းလည်း ရောက်ခဲ့
အလွမ်းတွေ……………
အလွမ်းတွေ………………..
လွမ်းမပြေ သိပ်ခက်နေတော့၊
ရေချိုရေချမ်း၊ ပန်းနုဆီမီး
ကုသိုလ်တွေ မပျက်ဆီးရအောင်
နောက်နောင် ဘ၀တလျှောက်
“စိတ်ဖေါက်ပြန်မှုတွေ” မရပါစေနဲ့ ဘုရား
ဝတ်တွားလို့ဆုတောင်း
ပြန်ပြောင်း အောင်းမေ့မိသေးတယ်။
အဲဒီနေ့တွေမှာ
ညရေ မင်းပါမလာနဲ့တော့………….
ရွှေဖြစ်၊ ငွေဖြစ်
သက္ကရာဇ်တွေ ရာထောင်ချီခဲ့
ငါရဲ့ ခရီး အဆက်ဆက်လေ။
နယ်ကျွံလို့သွားတဲ့
ဘ၀ရဲ့ ညစ်ထေးခြင်းဟာ
အားလုံးကို ပြောင်းလဲ ကာရံ ထားခဲ့ပြီ။
ဌာနေကိုလွမ်းတဲ့တေး
နေရာဟောင်းလေးတွေလဲ
သတိတရ ရှိနေဆဲပေါ့………
လက်ဆောင်မိတ်ဆက်
မင်းမြို့က ထွက်တဲ့
ဟာလ၀ါနဲ့ ပုသိမ်ထီး
မေ့ပြီး ချန်မထားနဲ့နော် ဆိုတဲ့
မိတ်ဆွေတို့ရဲ့စကား
လိပ်ပြာလွင့်သွားရတာလဲ
ခဏ ခဏပါဘဲ။
နောက်တော့လဲ
ဒေသချက်မြှုတ်၊ ပြန်ပေါင်းထုတ်ဖို့
သိမ်နုတ်ကြိုးစား၊ ခရီးသွားဟာ
တည်ရာမှီရာ၊ ဝေးလွင့်ဝေးကွာ
ကမ်းမဲ့ မြစ်တစ်စင်း
ဖြစ်နေရှာခဲ့…………။ ။
နေဆူးသစ်


ကုစားခွင့်
င၀န်မြစ်ရေ
တစ္ဆေတစ်ကောင်လိုစီးဆင်း
ငိုညည်းခြင်းအပြည့်နဲ့။

င၀န်ရဲ့ကမ်းပါး
ရပ်နားနေတဲ့မြို့ကလေး
ဟိုးအဝေးမှာ
ငါလွမ်းနေပါတယ်။

မှော်ဆရာပြောဖူးတဲ့
အဖြူစင်ဆုံးမြို့ကလေး
အရိုးသားဆုံမြို့ကလေး
အဲဒီမြို့ကလေးနဲ့ ခင်မင်ရင်းနှီးစွာ
ငါ
ကာလတစ်ခုကိုဖြတ်ခဲ့အေးချမ်းခဲ့ဖူးတယ်။

ကန်သုံးဆင့်ရေပြင်လှိုင်း
တစ်ခါတစ်ခါရိုင်းစိုင်တတ်တဲ့ ငါ့ရင်ကို
တည်ငြိမ်စေခဲ့
တေဇရဲ့အရိပ်ခိုနား
မာန်ပြေစေတီအားဖူးမျှော်
ရော်ကျနေတဲ့ညနေတွေ
ငါ..ရေတွက်ခဲ့ဘူးတယ်။

ပုသိမ်မြို့ကလေးရေ
အတိတ်တွေကိုထားရစ်
ပြန်မချစ်တတ်တဲ့ထဲ
ငါမှမပါဘဲနော်..
ပျော်ရွှင်ခဲ့ဖူးတဲ့မင်းရင်ခွင်
အရင်လိုနွေးထွေးဆဲဆိုရင်ပေါ့
ဟောဒီလှိုင်မြစ်ကမ်းပါးပေါ်က
ပူလောင်လှတဲ့မြို့ကြီးကနေ
ငါပြေးလာခဲ့မယ်
တစ္ဆေကိုဖြတ်စီး
ငိုညည်းသံကိုမမှု
အံတုရင်းပေါ့…။

မင်းနဲ့ဆန့်ကျင်ရာအရပ်ကပေးတဲ့
ရင်တွင်းဒါဏ်ရာများစွာ
ငါ..နာကျင်လှပါပြီ..။

မနော်ဟရီ


အဲဒီမြို့လေးကိုဘယ်တော့မှမလွမ်းတော့ဘူး..

Friday, November 21, 2008

ဒီပို့စ်ကိုရိုက်နေတည်းက နေဆူးသစ်ကိုလှမ်းစလိုက်သေးတယ်။နင်တို့အတွက် ပို့စ်တစ်ခုတင်စရာရှိတယ်..
ရိုက်နေတယ်လို့..ပြီးမှ..ခင်မောင်ထွေးတို့ အမခင်မင်းဇော်တို့အတွက်ရော..ဆိုမှ..သူလည်သွားတယ်
ခုတော့ ရှင်းလောက်ပါပြီ...ကျွန်မကသူတို့ရဲ့မြို့ကလေးမှာ..၈နှစ်တိတိနေခဲ့ဖူးတယ်... ၈နှစ်ဆိုတာ
ဘယ်လိုကုန်မှန်းမသိအောင်ကိုပျော်စရာကောင်းခဲ့တဲ့နေရာလေးပါ... အဲဒီမြို့ကလေးကို ကိုထူးအိမ်သင်
ကလည်းသိပ်ရိုးစင်းတဲ့မြို့ကလေးလို့ပြောခဲ့ဖူးတယ်။ဒါပေမယ့်ဒုတိယအကြိမ်ပြန်
ရောက်သွားချိန်မှာတော့မြို့ကလေးကတမျိုးဖြစ်နေခဲ့ပြီ.
ကျွန်မတစ်ဦးတည်းရဲ့ပုဂ္ဂလိကခံစားချက်ပဲဖြစ်ပါတယ်။..ကဲ..ဒီလောက်
ဆိုဘယ်မြို့လဲလို့သိပ်တွေးစရာလိုတော့မယ်မထင်ပါဘူး..ဟုတ်တယ်ဟုတ်...




အဲဒီမြို့ကလေးကိုဘယ်တော့မှမလွမ်းတော့ဘူး


တစ္ဆေတစ်ကောင်တစ်ကောင်လိုငိုညည်းစီးဆင်းနေတဲ့ ဒီမြစ်ကြီးကိုစီးနင်းပြီးကျွန်မချစ်
တဲ့မြို့ကလေးဆီကိုပြန်သွားရတဲ့အိပ်မက်ပြာလွင်လွင်တွေကိုနေ့စဉ်ရက်ဆက်မက်ခဲ့ဖူး
တယ်။မြို့ကလေးကလည်းကျွန်မအိပ်မက်ထဲကို ကြည်လင်နေတဲ့အရောင်လွင်လွင်တွေ
ဆင်မြန်းပြီးအလည်လာရတာ နှစ်သက်ခဲ့ဟန်တူပါရဲ့….။
ခုတော့လည်း တစ်နေ့တစ်ခြား ကျွန်မနဲ့မြိုကလေးက အနေဝေးလာလိုက်တာ။ခြောက်
အိပ်မက်တချို့နဲ့အတူရောထွေးပါလာတတ်တဲ့ မြို့ကလေးရဲ့အိပ်မက်တွေကတောင် မျက်လှည့်ပွဲတစ်ခုလိုခြောက်ခြားလှိုက်မောစရာကောင်းနေခဲ့ပြန်တယ်။သိပ်တော့မ
ဟုတ်နိုင်လောက်ပါဘူးနော်…။ကျွန်မဘ၀ရဲ့ဆောင်းရာသီက ရှည်လျားအေးစိမ့်လွန်း
နေခဲ့တော့..အိပ်မက်တွေက ကယောက်ကယက်နိုင်လွန်းနေခဲ့တာပဲဖြစ်မှာပါ။တကယ်
ဆိုကျွန်မချစ်ခဲ့ဖူးတဲ့မြို့ကလေးဟာ သီလကောင်းပြီး မာယာမရှိခဲ့ရှာပါဘူး..ဟုတ်တယ်
မဟုတ်လား..။အဲဒီခြောက်ခြောက်ခြားခြား အိပ်မက်တွေကိုကျော်လွှားထားရစ်ခဲ့နိုင်ဖို့
အတွက်..ကျွန်မ မြို့ကလေးရှိရာ ခဏဖြစ်ဖြစ် ..ပြန်မှဖြစ်တော့မယ်။အသေအချာကို
ပြန်မှဖြစ်တော့မယ်။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

မယုံနိုင်စရာကောင်းလောက်အောင် တက်ကြွလန်းဆန်းနေတဲ့ကျွန်မကို ချစ်သူက
တောင် မသင်္ကာသလိုကြည့်လာပါရောလား..။ပြီး…ကျွန်မကိုစိတ်မချနိုင်သလိုလည်း
မှာသေးတယ်။
“ဖြစ်ပါ့မလား..ချစ်.သွားရမယ့်ခရီးက သိပ်ဝေးလွန်းတယ်” တဲ့..။
ခရီးစဉ်တစ်ခုရဲ့လှည့်ဖျားမှုဆိုတာကိုဘ၀မှာမသင်ကြားခဲ့ရဖူးသေးတဲ့ကျွန်မကတော့
ခေါင်းမာမာနဲ့ခေါင်းကိုသာ တွင်တွင်ရမ်းရင်း စကားတစ်ခွန်းကိုခပ်တင်းတင်းဆိုခဲ့သေး
ရဲ့…။
“ဖြစ်ပါတယ်..ကို..ရဲ့..ခရီးပမ်းပေမယ့် အပမ်းပြေမှာသေချာပါတယ်..” လို့..။
ချစ်သူကတော့ တအံ့တသြနဲ့ပေါ့..။ကျွန်မ ဂီတသံစဉ်တစ်ခုလိုခပ်ဖွဖွ ရွတ်ဆိုခဲ့ဖူးတဲ့ ..
အဲဒီမြို့ကလေးဟာ..သူ့ကိုတောင်ခွဲသွားနိုင်လောက်အောင်စွမ်းသလားလို့လည်းတွေး
နေပုံပဲ..။ကျွန်မ ချစ်သူကိုမြို့ကလေးရဲ့ ဒဏ္ဍာရီအကြောင်းတဖွဲ့တနွဲ့ပြောပြချင်ပေမယ့်
….ပိုပြီးလေးနက်သက်ဝင်စေချင်တဲ့အတွက်..အပြန်မှပဲပြောပြဖို့ဆုံးဖြတ်လိုက်မိတယ်။
ကျွန်မခရီးစဉ်ကိုစခဲ့တဲ့နံနက်ခင်းဟာ…မယုံချင်စရာကောင်းလောက်အောင်ကို
သာသာယာယာရှိခဲ့တာပါ..။ခရီးရဲ့အကွာအဝေးဟာ သက္ကရာဇ်ပေါင်းမြောက်များစွာဆို
တာကို ကျွန်မတကယ်ပဲမမေ့ခဲ့ပါဘူး…။ဒါကိုကျော်လွှားဖို့အားတွေ တကယ်ပဲ ..အဆင်
သင့်ရှိနေခဲ့တယ်ဆိုရင် ယုံချင်ပါ့မလားမသိ…။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

သက္ကရာဇ်မိုင်တိုင်တွေနဲ့သူ့ရဲ့အရိပ်တွေ(မှုန်ဝါးတချို့၊ပြက်ထင်တချို့…)ကို ကျွန်မ..ခပ်
တင်းတင်းပဲကျော်ဖြတ်ပြစ်ခဲ့တယ်။ တစ်ချိန်က မာကြောကြော..စိမ်းဆတ်ဆတ်နဲ့ သံမဏိ
ဝတ်မှုန်တစ်စဟာ …တကယ်ပဲသူ့ရင်ခွင်ဆီဦးလှည့်လွင့်မျောလာခဲ့ပါပြီ..။စိတ်
ထဲမှာလည်း..“မြို့ကလေးရေ..ကျွန်မတော့တကယ်ပြန်လာခဲ့ပြီ..” ဆိုတဲ့စကားတစ်ခွန်း
ကို ဂါထာတစ်ပုဒ်လို အခါခါရွတ်ဆိုလို့…။
ပြီးတော့စိတ်ကူးတွေနဲ့လည်းရူးလို့…။ကျွန်မအိပ်မက်တွေထဲကမြို့ကလေးကိုတစ်စစီ
ပြန်လည်ဆက်စပ်သီတွဲရတာ..သိပ်ပျော်စရာကောင်းတာပါ..။မိုင်တိုင်တွေနဲ့ အရိပ်တွေ
ကလည်းဝိုးတ၀ါးကခုန်လို့..။ပန်းရောင်စုံတွေကလည်းပွင့်လို့…။မြို့ကလေးရဲ့ရိုးစင်းမှုက
လည်းလင်းချင်းလို့..။မာယာမများတဲ့သက်တံတစ်စင်းကတောင် အုံ့မိုးထားသေးရဲ့..။
မြို့ကလေးက ကျွန်မစိတ်ကူးထဲမှာတော့ရှုချင်စဖွယ် သက်ငြိမ်ပန်းချီကားတစ်ချပ်ပါပဲ..။
သက္ကရာဇ်တွေ…သက္ကရာဇ်တွေကို အမောတကော အပြေးအလွှားကျော်လွှား
ဖြတ်သန်းလာခဲ့လိုက်တာ…ခရီးဆုံးတောင်ရောက်လုပြီ..။ကျွန်မစိတ်ကူးရောင်စုံတွေကို
ခ၀ါချလိုက်တယ်။တကယ်လက်တွေ့ရင်ဆိုင်ရတော့မယ့် မြို့ကလေးရဲ့ရင်ခွင်ကို..
ဘယ်လိုစိတ်ကူးစိတ်သန်းကများ အမီလိုက်နိုင်မှာမို့လဲ…။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

“ရောက်ပြီ”
ဘယ်သူကပြောလိုက်တဲ့အသံမှန်းမသိပေမယ့်..ကျွန်မလိုခရီးသွားတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားရတာမို့..ကျွန်မလည်းဘေးဘီကိုကြည့်မိတယ်..။
“ ဟင်..ဘယ်ကိုရောက်တာလဲ..”
ကျွန်မရဲ့နှုတ်ဖျားက တအံ့တသြထွက်ကျလာတဲ့မေးခွန်းကြောင့်ကျွန်မဘေးက ခရီး
သည်ကြီးက..တအံ့တသြပဲပြန်မေးတယ်..။
“ မင်းက ..ဘယ်လာတာမို့လဲ..”
ကျွန်မက ကျွန်မမြို့ကလေးရဲ့နာမည်ကိုဂုဏ်ယူဝံ့ကြွားစွာပြောတော့…ခရီးသည်ကြီးက
ခေါင်းကိုရမ်းရင်းသက်ပြင်းတစ်ခုကိုချတယ်။
“ မင်းလာတဲ့နေရာကိုမင်းရောက်လာတာပေါ့..” တဲ့..။
“ ဟင့်အင်း..မဖြစ်နိုင်ပါဘူး..”
ကျွန်မရဲ့တိုးလျလျစောဒကတက်သံကိုခရီးသည်ကြီးက ဂရုမပြုတော့ပါဘူး..။သူ့ဘာ
သာသူ ပေါ့ပါးစွာခရီးဆက်သွားတော့တယ်။
ကျွန်မမှာသာ ဇဝေဇ၀ါနဲ့မြို့ကလေးကိုအကြာကြီးကြည့်နေမိတာ…။မြို့ကလေးကတော့
ကျွန်မကိုအသိအမှတ်ပြုဖို့မပြောနဲ့..ကျွန်မကိုတောင်တစ်ချက်ငဲ့ကြည့်ဖော်မရပါဘူး..။
ချုပ်ညရီရဲ့ဝိုးတ၀ါးအမှောင်အောက်မှာ..မြို့ကလေးဟာ အပိုဆာဒါးတွေသိပ်များနေတဲ့
ဇာတ်လမ်းအပျက်တစ်ပုဒ်လိုပဲ..။ပျက်ချော်ချော်နဲ့..။အိုး…ကျွန်မအမြင်မှားနေတာနေမှာ
ပါ..။တကယ်တော့ ကျွန်မဖြတ်သန်းခဲ့ရတဲ့ခရီးစဉ်က ရှည်လျားကြမ်းတမ်းလွန်းလို့ ကျွန်မအားအင်ချိနဲ့ေ၀၀ါးသွားတာဖြစ်နိုင်ပါတယ်။
တစ်ချိန်တုန်းကပြာလွင်စိမ်းမှောင်နေခဲ့ဖူးတဲ့ ရေကန်နားက နားခိုရားလေးတစ်
ခုဆီကျွန်မသွားရောက်နားခိုဖို့ဆုံးဖြတ်လိုက်တယ်။နေရောင်ဟာတစ်စစပျောက်ကွယ်
သွားပြီဖြစ်တဲ့အတွက်..ရေကန်ကိုတော့ကျွန်မမမြင်ရတော့ဘူး..။အဲဒီရေကန်နဲ့တံတား
လေးတစ်ခုကိုဖြတ်သန်းခဲ့ရတဲ့..နေ့ရက်ဟောင်းတချို့ကိုကောက်ယူစပ်သီရင်း
..ကျွန်မအိပ်စက်ပစ်လိုက်တယ်။ နေ့သစ်ဟာ..ကျွန်မဆီကို ကျွန်မချစ်တဲ့မြို့ကလေးကို
ပြန်ခေါ်လာခဲ့မှာပါဆိုတဲ့ယုံကြည်ချက်တွေနဲ့…။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

မနက်မိုးလင်းလို့ကျွန်မ ပထမဆုံးလုပ်မိတာက အခန်းတံခါးကိုဆွဲဖွင့်လို့ ၀ရံတာကို အလျင်စလိုထွက်လိုက်မိတာပါပဲ..။ဘုရားသခင်…ကျွန်မရဲ့ရေကန်ကြီးဘယ်ရောက်
သွားတာပါလိမ့်…။အပြိုင်းအရိုင်းထူထပ်မာကျောနေတဲ့ သစ်ပင်တွေက ကျွန်မကိုစိမ်း
စိမ်းကြီးရပ်ကြည့်နေကြတယ်။ ကျွန်မက အစိမ်းရောင်ကိုနှစ်သက်ခဲ့ဖူးပေမယ့်……..
အကြည့်စိမ်းတွေကိုတော့နှစ်လိုလေ့မရှိဘူး..။ဒါကြောင့်..ကျွန်မစိတ်ပျက်အားလျော့စွာ
အခန်းထဲပြန်ဝင်ခဲ့လိုက်တယ်။လှိုင်းဂယက်လေးတချို့ရဲ့တိုးတိုးတိတ်တိတ်ငိုညည်းသံ
တွေကိုကျွန်မကြားလိုက်ရသလိုပဲ..။
ကျွန်မဘာလုပ်ရမလဲ..။
ဘာတတ်နိုင်မှာလဲကွယ်…။အဲဒီအကြည့်တွေကိုရှောင်ကွင်းသွားလိုက်ရုံပေါ့…။
မဟုတ်ဘူးလား…။ကျွန်မနည်းနည်းတော့အားတက်သွားတယ်။ပြင်ဆင်ပြီးတဲ့မနက်စာကို
တောင်သတိမရအားပဲ ကျွန်မမြို့ကလေးရဲ့ရင်ခွင်ထဲ အလျင်စလိုခြေချလိုက်မိတော့
တယ်။
“ဟေ့”ခေါ်သံကြောင့် ကျွန်မလှည့်ကြည့်မိတော့လူတစ်ယောက်..။
“ဘာလဲ”
“ဒီလမ်းကမင်းသွားလို့မရဘူး”
“ဘာလို့မရရမှာလဲ..ကျွန်မရေကန်ကိုသွားမလို့”
“မင်းလိုလူမျိုးတွေမသွားရလို့ သတ်မှတ်ထားတယ်”
မြတ်စွာဘုရားသခင်။။
ကျွန်မဟာ ဥဒဟိုဖြတ်သန်းသွားလာနေတဲ့လူတွေနဲ့ယှဉ်ရင်ဘာများထူးခြားနေလို့ပါလိမ့်။
ကျွန်မမှန်ပဲပြေးကြည့်ရတော့မလိုလို..။
“ ကျွန်မကဘာဖြစ်နေလို့လဲ”
တကယ်ဆိုကျွန်မမှာအဲဒီလူလိုလည်းအစွယ်အပါဘူး။ဥဒဟိုသွားလာနေကြတဲ့သူတွေလိုလည်း
စံလွဲမှုအပါဝင်ဘူး..။
“မင်းဘာဖြစ်ဖြစ် မသွားရဘူး”
ဟင်..ဘလိုင်းကြီး။
“သွားရင်ကော..”
“သွားရင်..”
လက်ကနဲမြင်လိုက်ရတဲ့အစွယ်ဖွေးဖွေးတွေက..ကျွန်မကိုကျောစိမ့်သွားစေတယ်။မြိုကလေးကို
စစ်ကူတောင်းဖို့လှည့်ကြည့်မိတော့..မြို့ကလေးကို အရင်ကလိုပဲပြန်မြင်လိုက်ရတယ်။ဒါပေမယ့်
တစ်ခုခုတော့လွဲမှားနေသလိုပဲ..။SOS ဆန်တဲ့ကျွန်မရဲ့အကြည့်တွေကိုသူက မထီတရီနဲ့ကြည့်
နေတယ်။မှော်ဆရာရေ..ကျွန်မလမ်းမှားနေခဲ့ပြီလားမသိ..။မြို့ကလေးကိုဘယ်လိုနတ်ဆိုးတွေ
ကများပြုစားထားခဲ့ကြသလဲ..။တမလွန်ကနေရှင်ထောက်လှမ်းပေးပါဦး….။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

အားမတန်မာန်လျှော့..တဲ့။ပညာရှိစကားနဲ့ပြောရရင်တော့ ဒါဟာ ခန္တီစရောစွက်နေတဲ့လိမ်မာပါး
နပ်မှုတစ်မျိုးပေါ့..။ကျောခိုင်းလှည့်ပြန်ခဲ့ရတဲ့ကျွန်မရင်ထဲမှာ..မမြင်နိုင်တဲ့အစွယ်ရာတွေ ဗရပွနဲ့
ဆိုတာ ကျွန်မပဲသိပါတယ်။ ဒါပေမယ့် တော်ရုံနဲ့ကျွန်မလက်မလျှော့ချင်ဘူး..။နိုးထကာစနံက်ခင်း
တချို့မှာ..အရာရာကိုဇဝေဇ၀ါမသဲမကွဲဖြစ်နေတတ်ကြတယ်မဟုတ်လား..။မြို့ကလေးနဲ့ကျွန်မ
လည်းအဲလိုပဲဖြစ်မှာပါ..။
ကျွန်မခြေလှမ်တွေကိုလမ်းကြောင်းပြောင်းလိုက်ချိန်မှာ..နေရောင်တွေက မြို့ကလေးအပေါ်ကို
လင်းလက်စူးရဲစွာကျရောက်နေခဲ့ပါပြီ..။
“ဟင်..”
ဒီတစ်ခါရော..ကျွန်မအမြင်မှားတာပဲလား။
မြို့ကလေးဟာဖြူစင်ကြည်လင်မှုမရှိတော့တဲ့သူ့အသားအရေညစ်ထပ်ထပ်ကို …အဆင်ဆန်း
ခြုံထည်တွေအောက်ကိုယ်ယောင်ဖျောက်ထားရင်း..မျက်နှာထားတင်းတင်းနဲ့မာနတွေတက်နေ
လိုက်တာ..။ဘယ်မှာလဲ…သူ့ရဲ့ပင်ကိုယ်အလှ..။ပင်ကိုယ်ရိုးသားမှု…။နဂိုအဖြူထည်…။
ကျွန်မ..မိနစ်များစွာကြာအောင်သေဆုံးသွားခဲ့သလိုပဲ…။ငြိမ်သက်တိတ်ဆိတ်ငေးမော
နေမိတယ်။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

“မင်းဘာရပ်လုပ်နေပြန်တာလဲ..”
အသံကြားလို့လှည့်ကြည့်မိတော့…မနေ့ကခရီးသည်ကြီး…။
“ကျွန်မ….ကျွန်မ..”
ဆွံ့အ ထစ်ငေါ့နေတဲ့ကျွန်မကို ခရီးသည်ကြီးက ပြုံးပြီးကြည့်တယ်။
“မင်း..တစ်ခုခုကိုမေ့နေလား..”
“ ရှင်…ဘာ..ဘာလဲ”
“အချိန်နာရီတွေဟာ အရာရာကိုပြောင်းလဲပြစ်လိုက်နိုင်တယ်ဆိုတာလေ..”
သူ့စကားကိုနားလည်သလိုနဲ့ကျွန်မနားမလည်သေးဘူး..။
“ဘာကိုဆိုလိုတာလဲ..ခရီးသည်ကြီးရဲ့”
“ မင်း..ဘယ်ကနေဒီမြို့ကလေးဆီပြန်လာခဲ့တာလဲ..”
“ ဒီကနေ သက္ကရာဇ် အခု ၂၀ ကွာဝေးတဲ့နေရာက….”
ကျွန်မအဖြေကြောင့် သူတအံ့တသြဟန်နဲ့ တမင်ကြည့်တယ်။
“ မင်းနှယ့်ကွယ်…မင်းတောင်..အရင်ဒီမြို့ကလေးမှာနေတုန်းက အခြေအနေနဲ့ခုအခြေအနေ
တူသေးလို့လား..”
ကျွန်မ..ဇဝေဇ၀ါဖြစ်သွားရတယ်။ဒါပေမယ့်..ကျွန်မအာရုံမှာတော့ ယိမ်းထိုးကခုန်နေဆဲ အဖြူ
ရောင်တွေကိုကျွန်မမြင်နေရတုန်းပဲ။အားလုံးရှင်သန်နေကြသေးလားမသေချာတာကလွဲရင်ပေါ့။
“ထင်တာပဲ”
ကျွန်မအဖြေကြောင့်သူကပြုံးတယ်။
“ဘာမှမစွန်းထင်းဖို့အတွက်..မင်းဘယ်လိုဖြတ်သန်းရပ်တည်ခဲ့လဲ..”
“ဘာမှမစွန်းထင်းခဲ့တာမဟုတ်ပါဘူး…ပြန်လည်လျှော်ဖွပ်ခဲ့တာပါ…”
ကျွန်မအမှန်အတိုင်းဝန်ခံလိုက်တယ်။
“အေး..မြို့ကလေးကတော့မင်းလိုမတတ်နိုင်ခဲ့ဘူး၊အဲဒီအရောင်တွေကိုသူနှစ်လိုခဲ့တယ်လေ..”
ကျွန်မလက်မခံချင်ပါဘူး။ခေါင်းကိုအသာခါရမ်းမိရင်း…
“ မဖြစ်နိုင်ဘူး…မြို့ကလေးကသိပ်ဖြူစင်တာ..သူ့မှာအဲဒီလိုတပ်မက်တိမ်းမူးတတ်တဲ့ စိတ်တွေမရှိ
ဘူး..အဲဒါမှော်ဆရာသိတယ်..အို..မှော်ဆရာသာရှိရင်သိပ်ကောင်းမှာပဲ..”
ကျွန်မတောင့်တ လိုက်မိတယ်။ ရေနစ်တဲ့သူကောက်ရိုးတစ်မျှင်ကိုတမ်းတပုံမျိုးနဲ့..။
“ သူကဘာလုပ်နိုင်မှာမို့လဲ..”
“ သူ..သူ..မြို့ကလေးကို..တစ်ခုခု..”
ခရီးသည်ကြီးကပြုံးတယ်။သူ့အပြုံးက ကြေကွဲနာကျင်မှု၊ရင့်ကျက်တည်ငြိမ်မှုတွေသာမက..သရော်
တော်တော်ဟန်တွေလည်းရောစွက်နေသလိုပဲ..။လောကဓံတရားနဲ့ လောကပါလတရားတွေကို
သူဟာဆက်ယူကြည့်ခဲ့ဖူးပြီးလေပြီလား..။
“ မြို့ကလေးက မင်းဝတ္ထုတွေထဲကလို..မင်းလိုရာပုံသွင်းနိုင်တဲ့ ဇာတ်ကောင်တစ်ကောင်မဟုတ်ဘူး
ကလေးမရဲ့…။”
ရှင်….အံ့သြစရာ…သူက ကျွန်မစာရေးတာကိုဘယ်လိုသိရပြန်တာလဲ…။ကျွန်မရဲ့အတွေးကိုသူ့
စကားက ဖြတ်တောက်ပစ်လိုက်တယ်။
“ မင်းကပုံသွင်းနိုင်တယ်ပဲထား…မင်းရဲ့မှော်ဆရာက တစ်ခုခုတတ်နိုင်တယ်ပဲထား…မြို့ကလေးက
အလိုမကျခဲ့ရင်မင်းဘာတတ်နိုင်မှာလဲ..။”
“အံမယ်..မြို့ကလေးဒီလိုဖြစ်နေရတာကော…အလိုမတူပဲဖြစ်နေတာမဖြစ်နိုင်ဘူးလား..”
“မင်းသေချာကြည့်နေတာတောင်သေချာမသိသေးဘူးလား..”
ခရီးသည်ကြီးရဲ့စကားကြောင့်ကျွန်မဘယ်နှစ်ကြိမ်မြောက်မှန်း မသိမြို့ကလေးကိုစူးစိုက်ကြည့်မိ
ပြန်တယ်။အစိမ်းရောင်ဥပက္ခာအကြည့်တွေနဲ့ အဆင်ဆန်းဝတ်ရုံတွေထည်လဲဝတ်ဆင်ရင်း..
သံကွန်ခြာ (၇)ထပ်ထဲက အစွယ်ဖွေးဖွေးသတ္တ၀ါတွေ…။စံလွဲမှုတွေနဲ့နေထိုင်နေရတာကို သူမွေ့
ပျော်နေခဲ့ပြီလား…။
နီယွန်မီးပျောက်မီးစက်တွေတလက်လက်နဲ့ အနှစ်မဲ့ဥခွံတွေကိုထမ်းပိုးပျော်ပါးနေရတာကို ကျေနပ်
ပျော်မောနေခဲ့ပြီလား…။ရင်ဘတ်ထဲကသယံဇာတတွေကိုပြတိုက်ပို့လို့ သူဟာစောလူးလိုလူတွေနဲ့
နေထိုင်ရွှင်မြူးနေခဲ့ပြီပဲ…။


* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *


ကျွန်မရင်ထဲကခုန်ပေါက်ထွက်သွားတဲ့မေးခွန်းတွေကို ကြားသလိုနဲ့ မြို့ကလေးက ကျွန်မကို သနား
စရာသတ္တ၀ါတစ်ကောင်လိုမထီတရီကြည့်တယ်။ပြီးတော့ စကားတစ်ခွန်းကိုခပ်တိုးတိုးပြောသေး
တယ်။ ဟောလီးဝုတ်မင်းသမီးလေသံမျိုးနဲ့..။
“ကိုယ်နဲ့မဆိုင်ရင်မဆိုင်သလိုနေပါ”..တဲ့။
ခိုတွဲဝန်းသီလာတဲ့မျက်ရည်စတွေကို ခရီးသည်ကြီးမမြင်အောင်ခေါင်းငုံ့ပစ်လိုက်ပြီး..သက်ပြင်းကို
ခိုးချမိချိန်မှာ ခရီးသည်ကြီးက စကားတစ်ခွန်းကိုဆိုတယ်။
“ ဒီလိုပါပဲ..ကလေးမရယ်”..တဲ့။
လောကမှာ ဒီလိုပါပဲ ဆိုတဲ့စကားလောက်ခုချိန်မှာပြီးပြည့်စုံပြီးတာသွားတဲ့စကားလုံးတောင်ရှိနိုင်တော့
မှာမဟုတ်ဘူးလို့ ကျွန်မတွေးလိုက်မိတယ်။
“ မင်း..ဘာလုပ်မှာလဲ..”
“ ကျွန်မပြန်ပါ့မယ်”
“ ဒါဆို..မင်းငါနဲ့လိုက်ခဲ့တော့..”
“ ရှင်..ဘာ..ဘာလို့လဲ..”
ခရီးသည်ကြီးက အဝေးတစ်နေရာကိုငေးရင်းဖြေတယ်။
“ ငါဟာမင်းဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်တွေကိုထမ်းပိုးထားရသူလေ..” တဲ့။
ကျွန်မခြေလှမ်းတွေလေးကန်တုံ့ဆိုင်း…..။
ကျွန်မအားအင်တွေချိနဲ့မောပမ်း…။
ကျွန်မမျှော်လင့်ချက်တွေယိုင်လဲပြိုကျ….။
ကျွန်မအိပ်မက်တွေ တစ်စစီကွဲထွက်လွင့်ပျယ်…။
အို…ကျွန်မယိုင်လဲမသွားခင် ချစ်သူ့လက်ကိုဆွဲကိုင်ထားချင်မိတယ်။ ကျွန်မချစ်သူကိုခုမှလွမ်းတာ
တရားရဲ့လား..။တကယ်တော့ လူဆိုတာမျိုးက ဒီလိုပါပဲ..။ကံကြမ္မာတွေလွဲချော်သွားမှ နောင်တ
ရတတ်ကြတာလေ…။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

သက္ကရာဇ်အခု ၂၀ဖြတ်သန်းပြန်လာတဲ့ကျွန်မကို ချစ်သူကတော့ မေတ္တာ ကရုဏာအပြည့်နဲ့ဆီးကြို
နေခဲ့ပါတယ်။
“ပြောစမ်းပါဦး…မြို့ကလေးရဲ့ပုံပြင်ကို..”
ချစ်သူရဲ့အမေးကိုကျွန်မ မဖြေနိုင်ခဲ့ဘူး..။စကားလုံးတွေဆိတ်သုဉ်းသွားတာထက် ..ကျွန်မရဲ့ဆန္ဒ
အိပ်မက်တွေဆိတ်သုဉ်းသွားရတာဆိုပိုမှန်မလားပဲ..။ငြိမ်သက်နေမိတဲ့ကျွန်မကိုချစ်သူကနားမလည်
သလိုကြည့်တယ်။ကျွန်မကတော့အဲဒီနားမလည်နိုင်ခြင်းတွေကိုရှောင်ကွင်းရင်း စကားတစ်ခွန်းတည်း
ပြောနိုင်ခဲ့တယ်။
“ ကို..သိလား..ကျွန်မအဲဒီမြို့ကလေးကိုဘယ်တော့မှလွမ်းတော့မှာအဟုတ်ဘူး”…လို့။
ချစ်သူကတော့ခုထိနားမလည်နိုင်သေးဘူး။ဒါပေမယ့် ကျွန်မကတော့သေချာပါတယ်။ အဲဒီမြို့ကလေး
ကိုဘယ်သောအခါမှလွမ်းဆွတ်တမ်းမက်မိတော့မှာမဟုတ်ပါဘူး..။

မနော်ဟရီ


ရာပြည့်

Thursday, November 20, 2008

ဘာလိုလိုနဲ့ ဒီနေ့ ပို့စ်တွေကိုပြန်စီတော့မှသတိပြုမိတယ်။ ပို့စ် ၁၀၀ ပြည့်သွားပြီပဲ...မှတ်စုများ က ပို့စ် ၁၀၀ ပြည့်တဲ့...။
ဒီနေ့ ဘန်နာလည်း ဒီဇင်ဘာအတွက် အသစ်လုပ်ဖြစ်တယ်။ ခရစ္စမတ်သစ်ပင်ကော...ခေါင်းလောင်းလေးရော..ဘိုးဘိုးကြီးနဲ့
သမင်လေးရော...မိတ်ဆွေတွေအတွက် ခရစ္စမတ်လက်ဆောင်ရော..အစုံထည့်ပေးလိုက်တယ်။ပြီးမှသွားသတိရတယ်....
ကလေးတွေအတွက်(အင်း...တချို့ လူကြီးတွေနဲ့ လူမကြီးတကြီးတွေအတွက်ရော..)mistletoes လေးတစ်ခုပါ သတိ
တရထည့်ပေးလိုက်တယ်။ အဲဒီအောက်မှာဆို ဘယ်လိုအခွင့်အရေးရှိတယ်ဆိုလား...။
လာလည်တဲ့သူတွေအားလုံးလည်း ဘိုးဘိုးကြီးဆီကလက်ဆောင်တောင်းသွားနိုင်တယ်။ဒါမှမဟုတ်လဲ ပုံထားတဲ့ထဲက ယူသွားနိုင်
တယ်နော်...။အထဲမှာဘာပါလဲဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မေးကြည့်ကြပေါ့... ။


မှတ်စုများ

Wednesday, November 19, 2008

မှတ်စုများ


ဖေဖေ နဲ့ မေမေ

သူတို့ကျွန်မကို ဒီကမ္ဘာမြေဆီခေါ်ဆောင်လာတုန်းကတော့ ကျွန်မဟာ “ရတနာ”တစ်ပွင့်ပါပဲ..။တယုတယသိမ်းဆည်းထားခဲ့ကြသလို “တန်ဖိုး”
လည်းရှိခွင့်ရခဲ့ပါတယ်။ကျေးဇူး အနန္တပါ..မေမေ..ကျေးဇူးအနန္တပါ ဖေဖေ..။ ဒီကျေးဇူးတွေကိုကျွန်မက ခုထိဆပ်ခွင့်မကြုံခဲ့သေးဘူး…။ပြီးတော့..သူတို့ ဒိုင်ယာရီထဲက ပြဿဒါးရက်တစ်ရက်ကိုလည်း ခုထိဖဲ့ထုတ်မပေးနိုင်ခဲ့သေး
ဘူး…။ပဉ္စလက်တန်ခိုးနဲ့ သူတို့ရဲ့ပန်းလေးတစ်ပွင့်ခိုးယူခံလိုက်ရတဲ့နေ့တစ်
နေ့ပေါ့..။ကျွန်မဟာ လောကကြီးရဲ့အပူအအေးတွေကို မမျှမတခံစားခဲ့ရပြီး
ပါပြီမေမေ..။နေပူခံထွက်လျှောက်ခဲ့ပြီးကာမှ ပြန်စရာလမ်းကပျောက်နေခဲ့
ရပြန်တယ်…။မေမေရယ်….မေမေ့ရင်ခွင်ဆီကထွက်ခွာခဲ့တဲ့လမ်းကလေးကို
ပြန်လည်တည့်မတ်ပေးပါဦး..။ကျွန်မလှည့်ပြန်ချင်လှပါပြီ…။


မနှင်းဖြူ နဲ့ နဂါးလေး

မနှင်းဖြူဆိုတာ ကျွန်မနောက်မှ ကမ္ဘာကြီးးကိုခြေချခွင့်ရတဲ့ညီမလေးပါ…။
နဂါးလေးကတော့ အငယ်ဆုံးပေါ့…။နှင်းငွေ့တွေလိုသိပ်သည်းအေးစိမ့်နေတတ်
တဲ့ မနှင်းဖြူလေး က ကင်းမြီးကောက်တွေလိုပဲ..အဆိပ်ပြင်းတယ်။ နဂါးတွေရဲ့
မျက်စောင်းကလည်းအကြောင်းမရွေးတတ်ပါဘူး…။ဒါနဲ့တောင် ကျွန်မက စည်း
အပြင်ကိုကိုယ်တိုင်ထွက်ခဲ့မိတာလေ..။ခွင့်လွှတ်ပါညီမလေးရေ..။ခံတပ်တွေ
ကောင်းတိုင်းလည်းတိုက်ပွဲတွေမနိုင် နိုင်ပါဘူး..။ကံကြမ္မာကရှိသေးတယ်လေ.။
ကျွန်မကတော့ ရူးရူးမိုက်မိုက်နဲ့ သစ္စာရှိခွေးလေးတစ်ကောင်နဲ့တူတုန်းပါပဲ…။
ခုချိန်ကျကာမှ ငှက်ကုလားအုတ်လည်းဖြစ်ခွင့်မရ..။ရေခဲငှက် ဘ၀ကိုလည်း အခဲမကြေနဲ့..။နေ့ရက်တွေကိုရုန်းကန်ထုတ်နေတဲ့ ကျွန်မကိုသူတို့က ကရုဏာ
သက်နေကြတုန်း..။ကျွန်မ တရားခဲ့ပါသလား..။


မျက်လှည့်ဆရာ

ကိုယ့်ကိုယ်ကို “ုမျက်လှည့်ဆရာပါ ”လို့ကြေညာထားပါလျက် နဲ့ တအံ့တသြငေး
မောကြည့်မိတာ ကတော့ …ပဉ္စလက်ရဲ့တန်ခိုးပဲလား..။ကိုယ်ကိုယ်တိုင်ရဲ့ညံ့
ဖျင်းမှုပဲလားတော့မသိပါဘူး..။အံစာအပွင့်တွေကိုရေတွက်ရင်း ကြွေအံမကစား
တတ်တဲ့ ဘုရားသခင်ကိုတိုင်တည်ရင်း..ပွဲခင်းထဲ အဆိပ်တက်ခဲ့ရတာလေ…။
လှည့်စားမှုတွေမှန်းသိသိကြီးနဲ့ အားတင်း ယုံကြည်ပစ်လိုက်ရတာ ..။တကယ်
တော့..ပျင်းစရာကောင်းသလိုနာကျည်းစရာလည်းကောင်းပါတယ်..။အားတင်း
လှည့်ထွက်ဖို့ကြိုးစားလိုက်ချိန်မှာ..ကျွန်မခြေထောက်မှာ အမြစ်တွေကဖွာရရာ
ကျဲပြန့်လို့..။ဥယျာဉ်မှူးတစ်ဦးတော့ အလိုရှိနေခဲ့ပြီ..။ ကျွန်မကို အမြစ်က တူး
ထုတ်သွားနိုင်ဖို့ပေါ့…။အသက်ရှင်လျက်နဲ့လေ..။


မိတ်ဆွေ

ကျွန်မဘ၀တစ်လျှောက်မှာ..“မိတ်ဆွေ”လို့ခေါ်လို့ရတဲ့ လူတချို့နဲ့ဆုံတွေ့ခဲ့ရဖူး
တယ်..။အဲဒီ “မိတ်ဆွေ” ဆိုတဲ့ဝေါဟာရကိုတိတိကျကျ..အဓိပ္ပါယ် မဖွင့်ဆိုရ
သေးခင်မှာပဲ..ကျွန်မက မိတ်ဆွေ သုံးမျိုးသုံးစား ရှိတာကိုတွေ့လိုက်ရပြီးနေပြီ။
ပထမ အမျိုးအစားက “လေ” နဲ့တူတယ်..။ကိုယ်က အောက်စီဂျင် အဖြစ်ရှူ
သွင်းလို့ရသလို..ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ်လည်းရှူထုတ်လိုက်လို့ရတယ်။
သူတို့ဟာ ရန်သူတွေလည်းမဟုတ်ကြသလို မိတ်ဆွေစစ်တွေလည်းမဟုတ်ကြ
ဘူး..။
ဒုတိယတစ်မျိုးကတော့..နောက်ကျောကဓါးတွေနဲ့တူတယ်။မျက်နှာဖုံးအတုတွေလည်းစွပ်ထားကြသေးရဲ့..။ခက်တာက မျက်နှာဖုံးမှန်းသိသိနဲ့ ဆွဲခွာမရခဲ့တာ
လေ…။သူတို့ဟာ ရန်သူစစ်စစ်တွေပါပဲ..။
တတိယတစ်မျိုးကတော့ ပုလဲနဲ့တူတယ်..။သူတို့ကိုရှာဖို့ဆိုတာ ဟိုးရေနက်ထဲ
ထိကိုယ်တိုင်ဆင်း ပြီး ကိုယ်တိုင်အမွန်းခံရသေးတယ်။ တွေ့ချင်မှလည်းတွေ့
ရတတ်တာမျိုးလေ..။ကိုယ်တိုင်က ဆလုံတွေလိုရေငုတ်ကျွမ်းကျင်ဖို့ကလည်း
လိုပါသေးတယ်။


ရှေ့ဖြစ်ဖတ်သူများ

ကျွန်မက ကံဇာတာကိုစစ်ဆေးဖို့ဝါသနာပါတတ်တဲ့သူတစ်ယောက်မဟုတ်လေ
တော့ ဘယ်ရှေ့ဖြစ်ဖတ်ဆရာကိုမှ ဘာမှ မမေးခဲ့ဖူးဘူး..။ဘာလို့လဲဆိုတော့
ကျွန်မဟာ ဘုရားသခင်ရဲ့စာမျက်နှာတွေနဲ့လူဖြစ်ခဲ့ရတာ လို့ ကိုယ့်ကိုယ်ကို ယုံ
ကြည်တယ်လေ..။ဒါဟာ..ကျွန်မအတွက် လုံလောက်တဲ့အဖြေပါ..။ကျွန်မလက်
ကလိုင်းတွေကိုပြုပြင်ဆွဲသားနိုင်သူဟာ ဘုရားသခင်ကလွဲလို့ဘယ်သူမှမဖြစ်
နိုင်ပါဘူး..။ကျွန်မရဲ့ကောင်းခြင်းဆိုးခြင်းတွေဟာ ဘုရားသခင် ထံကလာတဲ့ ဆု
ကြေး၊ဒဏ်ကြေးတွေပဲဖြစ်တယ်လို့ ကျွန်မယုံကြည်ထားပါတယ်။လူတွေဟာစိုက်
တဲ့အတိုင်းးရိတ်သိမ်းတတ်ကြရတာပဲမဟုတ်လား..။သူတစ်ပါးစိုက်ထားတာတွေ
ကိုခိုးယူရိတ်သိမ်းတတ်တဲ့ သူတချို့ကလွဲရင်ပေါ့…။



ဆရာဝန်

သူတို့ကိုကြည့်ရတာ တဖြည်းဖြည်းနဲ့ဆောင်းဥတုဆန်လာတယ်။နှင်းတောထဲ
မှာ စမ်းတ၀ါးဝါးနဲ့လျှောက်နေကြတဲ့သူတွေလိုပဲ..။တချို့ကျတော့လည်း ရူပဗေ
ဒ ပညာရှင်ဆန်ချင်လာတယ်။ သီအိုရီအကိုးအကားနဲ့ သက်သေပြချက်မခိုင်လုံ
ရင်ဘာမှမလုပ်တတ်ကြတော့သလိုပဲ..။ကျွန်မကမွန်းကြပ်နေချိန်မှာ သူတို့က
ကျွန်မကိုစစ်ဆေးရေးအတွက် ညွှန်ကြားချက်တွေပေးလို့ကောင်းတုန်း..။ကျွန်မ
ကနာကျင်ခံစားနေရချိန်မှာ..သူတို့က results တွေကိုဇဝေဇ၀ါဖတ်တုန်း…။
ကျွန်မက အသက်ငင်နေတဲ့အချိန်အထိသူတို့ကခေါင်းခါငြင်းပယ် တုန်း…။
Hypnosis ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ Psychiatrist များရှိရင်တော့ ကျွန်မ ကုသ
ခံချင်ပါတယ်..။ဒါမှမဟုတ်လည်း တစ်လောကလုံးကို အိပ်မွေ့ချ..အသစ်ကပြန်
စခိုင်းချင်ပါတယ်။


ဇာတ်ခုံ

အလိုမတူပဲကရတဲ့ ကကွက်တွေက များများလာနေတယ်။ကြာလာတော့လည်း
သမ္ဘာရင့်ကြေးစားသရုပ်ဆောင်တွေနဲ့တူတူလာတာမဆန်းပါဘူး..။မှန်ထဲပြန်
ကြည့်ရင်ကိုယ့်ကိုယ်ကိုသိပ်မမှတ်မိချင်ဘူး.။မှတ်မိပြန်ရင်လည်းမသတီချင်ဘူး။
တစ်ခါတစ်ခါတော့ကိုယ့်ခြေကိုယ့်လက်တွေကိုလာသိုင်းထားတတ်တဲ့ ရုပ်သေး
ကြိုးတွေကိုဖြတ်မိချင်တတ်ကြတာပဲပေါ့..။ကျွန်မကဓားကိုင်မကျွမ်းကျင်ပြန်ဘူး။
မြေပုံမပါတဲ့လမ်းတွေကိုလျှောက်ရင်းလျှောက်ရင်း …ဒီကွန်တိုမျဉ်းတွေထဲပဲတ
လည်လည်ပြုတ်ကျနေတော့တယ်။ဇာတ်သိမ်းကားလိပ်ချမယ့်အချိန်ကလည်း..
ခုထိသံသရာရှည်တုန်း..။ခက်ပဲခက်ရချည်တော့ရဲ့..။


ဇာတ်ညွှန်း

ကျွန်မဘ၀ကိုရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာကို ကျွန်မက ဘုရားသခင်လို့
သတ်မှတ်ထားခဲ့တာ…။ဒါပေမယ့် မာရ်နတ်ရဲ့ဇာတ်တွေကိုဝင်ဝင်ကပေးနေရ
တတ်တာကတော့ စဥ်းစားစရာပဲ…။စည်းကမ်းမရှိတဲ့ ကျွန်မရဲ့ခြေလက်တွေကို
ကျွန်မက ..တားဆီးပိတ်ပင်ထားဖို့ရာကျတော့လည်း..ကျွန်မက ကြိုးတွေနဲ့ ရှုပ်
နေတဲ့ ရုပ်သေးရုပ်ဖြစ်နေခဲ့ပြန်ရော…။အမှန်တော့ လူ့အလိုနတ်မလိုက်နိုင်တာ
ပါ..။ဒီနေ့ဟာ နေသာလို့ ကျွန်မတို့ခြေခင်းလက်ခင်းသာယာတယ်လို့ထင်ပေ
မယ့်..မထင်မှတ်တဲ့ထောင့်က ၀င်လာတတ်တဲ့အကြောင်းအရာတွေအရ..ကျွန်
မတို့ကြုံရာကွေ့ကိုကြုံရာတက်နဲ့ဆက်ခဲ့ရတာလည်းနည်းမှမနည်းပဲ..။တကယ်
တော့ပညာသားပါလွန်းလှတဲ့ဇာတ်ကွက်တွေကြောင့်သာ..ကျွန်မတို့ အကယ်ဒ
မီရခဲ့ကြတာမဟုတ်လား..။ဆုတံဆိပ်တွေကများတော့ ခါးချည့်နေခဲ့ရပြီ…။


ချစ်သူ

“ချစ်သူ”ဆိုတာကတော့ ကျွန်မရဲ့ အဘိဓာန်ထဲမှာ အရာအားလုံးနဲ့ကင်းလွတ်
တဲ့ဝေါဟာရပါ..။ပုံပြင်ထဲက “မင်းသား”တစ်ပါးလိုလည်းတင့်တယ် အပြစ်ကင်း
တယ်.။။သံစဉ်ခပ်ဖျော့ဖျော့လေးတွေနဲ့ ကျွန်မရဲ့နေ့ရက်တွေကိုအရောင်တင်
ပေးတတ်သူလည်းဖြစ်တယ်။ ကျွန်မရဲ့နာတာရှည်ရောဂါတွေကို ပဉ္စလက်နဲ့
လှည့်သိမ်းဖယ်ရှားနိုင်သူလည်းဖြစ်တယ်။မှောင်မိုက်အတိပြီးတဲ့ညတွေကို အခန်းဆက်စကားလုံးတွေနဲ့ လင်းချင်းစေနိုင်သူလည်းဖြစ်တယ်။ကျွန်မပေါ်ကို
နူးနူးညံ့ညံ့ဖြာကျနေမယ့်..အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်။
ကျွန်မရဲ့အနာဂတ်နေ့ရက်တွေကိုဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်။..ပြီးတော့……
အဲဒီအရာအားလုံးကိုဖျက်ခြွေချနိုင်သူလည်းဖြစ်သေးတယ်။
(ခုထိတော့ အိပ်မက်တွေက ကယောက်ကယက်နဲ့ သွေးပျက်စရာကောင်းနေ
တုန်းပဲ…)


အိပ်မက်

အိပ်မက်ဆိုးတွေကိုညစဉ်ရက်ဆက် အခန်းဆက်မက်ရတတ်တဲ့အခါ..ကြောက်
ရွံ့တုန်လှုပ်ခြင်းတွေကပျင်းရိငြီးငွေ့လာတာဆန်းသလား..။အနက်ရောင်စုတ်
ချက်တွေခပ်များများနဲ့ မကြားတကြားအိပ်မက်တွေကို ကျွန်မကမုန်းတယ်..။
တစ်ညလုံးမအိပ်ပဲငုတ်တုတ်ထိုင်နေတာကမှ အကျိုးရှိဦးမယ်လေ…။တချို့အိပ်
မက်တွေကတော့ ကျွန်မကိုနွမ်းလျစေတဲ့အထိ..ဖြားယောင်းတတ်လွန်းပါတယ်။
ဘ၀မှာ“ချို”ဖူးတာလည်းဒီဖြားယောင်းအိပ်မက်တွေပဲရှိခဲ့တာကိုး…။ခပ်တိုးတိုး
တိုက်ခတ်လွင့်မျောလာတဲ့..အိပ်ဖန်စောင့်နတ်သားရဲ့ဗျတ်စောင်းသံမှာ…အိပ်
မက်ရဲ့အပိုင်အစတွေပါလာသေးလား…ကျွန်မေ၀၀ါးစွာကြည့်နေမိခဲ့တယ်။


ပြိုင်ပွဲ

ငယ်ငယ်တည်းက ကျွန်မခုထိပြေးနေခဲ့ရတာ..။မရပ်မနားပါပဲ..။ပြိုင်ပွဲများစွာမှာ
ဆုတံဆိပ်များစွာနဲ့ ..နိုင်လျက်နဲ့ ရှုံးခဲ့သလို ရှုံးလျက်နဲ့လည်းနိုင်ခဲ့ရဖူးပါတယ်။
တယ်..။ပြိုင်ပွဲရဲ့အထာတွေကိုမသိရခင်တုန်းကတော့..ကျွန်မဟာ အားသွန်ခွန်
စိုက်ခြေလှမ်းတွေနဲ့..ရွှေရောင်အိပ်မက်တွေကိုမှမရရင် မျက်ရည်စိုခဲ့ဖူးတာပေါ့။
ခုတော့…ကျွန်မက ပြိုင်ပွဲတွေအကြောင်းကောင်းကောင်းသိနေတဲ့သူတစ်
ယောက်ဖြစ်နေခဲ့ပြီ..။ဒါတောင်မှ..အရှုံးတွေကိုတွေတွေဝေေ၀နဲ့စိုက်ကြည့်နေမိ
တတ်တုန်း..။ မစိုက်ပဲနဲ့ ရိတ်သိမ်းသွားတဲ့ပျိုးခင်းတွေကို တအံ့တသြတရားရနေ
မိတုန်း..။တကယ်တော့ ကျွန်မဟာ အမှတ်သညာနည်းတဲ့မိန်းမတစ်ယောက်ပါ
ပဲ…။
ပန်းတိုင်
အနိုင်အရှုံး
နားလည်ရခက်ခြင်းများ
ယုံမှားသံသယ
နိဂုံး


ပြည်ဖုံးကား

အချိန်မတိုင်ခင်ပြည်ဖုံးကားကျလာခဲ့ရင်…..
ကျွန်မကောင်းကင်က မောင်ရင်ဆိုင်းထမ်းကြယ်စုကလေးနဲ့ဝေးသွားရမှာပဲ
ကြောက်ပါတယ်..။
ကျွန်မက ကြယ်ကလေးရဲ့မေမေဖြစ်ချင်သေးတယ်လေ………။ ။
မနော်ဟရီ


သော့အပ်ခဲ့တယ်

Tuesday, November 18, 2008

ချိုသင်းက မနက်ဖြန် နိုဝင်ဘာ ၁၉ ရက်က ဆရာဦးတင်မိုး မွေးနေ့ဆိုလို့
တလောက စာအုပ်တွေစုရှင်းရင်း ကဗျာတွေစုထားတဲ့ မှတ်စုစာအုပ်ထဲမှာ
ပြန်ဖတ်လိုက်ရတဲ့ ဆရာ့ ကဗျာတစ်ပုဒ်ကိုသတိရပြီးတင်ပေးလိုက်ပါတယ်။
အဲဒီကဗျာလေးကို ၁၉၉၀ နိုဝင်ဘာ စပယ်ဖြူ မဂ္ဂဇင်း ကကူးထားခဲ့တာပါ။
ဆရာဇော်ဂျီ အမှတ်တရလည်းဖြစ်ပါတယ်။
ဆရာဦးတင်မိုးရဲ့လှပချိုပြေတဲ့ကဗျာစာသားတွေထဲကနေ..ကျွန်မတို့ရဲ့
ဗေဒါလမ်းအရှင်သခင်ကိုတွေ့ကြရပါလိမ့်မယ်...။အဲဒီတုန်းကတည်းက
ကျွန်မက အဲဒီကဗျာလေးကိုချစ်လို့ကူးထားခဲ့တာဖြစ်ပါတယ်...


သော့အပ်ခဲ့တယ်

(၁)
မိုးဦးကျတစ်ညနေ
စိန်ပန်းတွေရဲရဲဝေနေတုန်း
နေရောင်လည်းမပြတပြ
မိုးစက်တွေလည်းမကျတကျနဲ့
တစ်မျိုးလှတစ်မျိုးသစ်နေတဲ့
ချစ်စရာ့ညနေခင်းမှာ
အဘိုးအိုရဲ့အိမ်တံခါးပေါက်
ငါသွားလို့ခေါက်ခဲ့တယ်။
ဒေါက်…ဒေါက်..ဒေါက်
“ဘယ်သူလဲ..”
အထဲကတိုးတိုးအသံ
တုံ့ပြန်လာတယ်။
အားနည်းနွမ်းလျ မရဏနိုင်ငံသို့ကူးအံ့ဆဲ
လဲပြိုလုလုခန္ဓာကိုယ်နဲ့ထွက်လာတယ်။
“ကျွန်တော်တို့ပါ
အဘိုးရဲ့သားမြေးတွေပါ
အဘိုးရဲ့အမွေစားအမွေခံတွေပါ”
အဘိုးဟာ အပြုံးရိပ်နဲ့ခေါင်းကလေးညိတ်ပြီး
ပုတီးစိပ်တာရပ်လိုက်တယ်
ကျွန်တော်တို့ကိုလက်ခံစကားပြောတယ်။

(၂)
အဘိုးရဲ့မျက်လုံးတွေဟာ
တောက်ပစူးရှနေတယ်
ဇရာတရားတောင်အံ့အားသင့်နေရတယ်
သူ့မှာပြည့်ဝတဲ့အသိဥာဏ်တွေ
နူးညံ့တဲ့စိတ်စေတနာတွေ
မှည့်ရင့်နေတဲ့တွေးအခေါ်တွေ
ပွင့်ခိုင်သီးပြည့်ပင်လုံးမှည့်ပါပဲ..။
သူ့စကားသံက
မာန်မနမပါလို့
သာယာတိုးညင်းနေတယ်
အတိတ်ကလုပ်ရပ်တွေကိုသုံးသပ်ဝေဖန်ပြတယ်
ပစ္စုပ္ပန်မှာဘာတွေဖြစ်နေလဲ
မမှိတ်သောမျက်စိနဲ့
သူကြည့်နေတယ်။
ပစ္စုပ္ပန်ရဲ့အားမာန်ကိုလည်း
ထိုက်ထိုက်တန်တန်အသိအမှတ်ပြုတယ်။
အနာဂတ်မှာစာပေအနုပညာရဲ့အလားအလာ
ဘာတွေဘယ်လိုဖြစ်လာမယ်လို့ခန့်မှန်းပြနေတယ်…
အဘိုးအိုရဲ့စာဆိုဥာဏ်စွမ်းဟာ
လောင်ကမန်းလျှပ်ရောင်ပါပဲ.။

(၃)
စာဆိုပညာရှိကြီးဟာ
ခံစားမှုအသိနဲ့ကဗျာဖွဲ့ခဲ့တယ်
သဒ္ဒါလင်္ကာရ
အတ္ထာလင်္ကာရဆိုတဲ့
လင်္ကာရတွေကိုရှေ့တန်းမတင်
တန်ဆာဆင်မှုတွေကိုကိုယ်ရှိန်သပ်
ကြွားတတ်ဝါတတ်တဲ့စကားအသုံး
ကြွားလုံးပြစာလုံးတွေကိုရှောင်ခွာ
စေတနာသက်ရာကိုတေးဖွဲ့ခဲ့တယ်
စကားပရိယာယ်တွေ
အကြွားသတိဆွယ်ပြီး
တကယ်တန်းဥဒါန်းဖြစ်တဲ့
တေးသစ်တွေကိုဖွဲ့ဆိုခဲ့တယ်
သူ့ခေတ်မှာသူလမ်းဖောက်ပြီး
ရဲရဲကြီးလျှောက်ခဲ့တယ်။
လက်ညှိုးငေါက်ငေါက်တွေကိုသူမမှု
အတုအယောင်တွေကိုဂရုမထား
သူ့တရားနဲ့သူ့ကဗျာ
သူ့အစဉ်အလာသစ်တွေထွင်ခဲ့တယ်။
ကျိုးကြောင်းဆင်ခြင်တုံနဲ့
အာရုံခံစားမှုအသိ
ဂီတကြိုးညှိပြီး
သတိနဲ့စခန်းသွား
လမ်းမှားကိုရှောင်ကွင်း
စာခေတ်သစ်အမှောင်ခွင်းခဲ့တယ်။
လက်ခုပ်တီးတိုင်းသူမမြောက်
နောက်လိုက်မရှိတိုင်းသူမကြောက်
ထွန်းတောက်တဲ့ကဗျာမီးတိုင်နဲ့
နိုင်ငံရဲ့အတွေးသစ်ကို
အုတ်မြစ်ခိုင်ခိုင်ချခဲ့ပါတယ်။

(၄)
အဘိုးအိုဟာကျောက်စာတိုင်
အဘိုးအိုဟာမီးရှူးတိုင်
နိုင်ငံရဲ့တန်ဆောင်ဆီမီးပါ
သည်ဆီမီးဟာဆီခန်းစပြုပါပြီ
ဘ၀ဆည်းဆာညနေတာဟာ
မလွဲမသွေလာနေပြီ..။
အရွယ်အသက်တွေကလည်း
ကြွေရွက်လိုတဖြုတ်ဖြုတ်နဲ့
နိဂုံးချုပ်အချိန်နီးပါပြီ
မီးစာလဲကုန်
ဆီလဲကုန်တဲံ
ညနေမှုန်အချိန်ကလဲ
မှေးမှိန်တဲ့အရောင်ပြနေပြီ
မကြာခင်
နီကျင်ကျင်မီးရောင်တန်းလေးကို
အမှောင်လွှမ်းတော့မယ်။

(၅)
အေး ..အေး..ပြန်ကြတော့….တဲ့
ကရုဏာသံနဲ့ခွင့်ပြုတဲ့
အနုဆုံးလေသံနဲ့
အိပ်ခန်းထဲပြန်ဝင်သွားတယ်
ကျွန်တော်တို့ဆီကို
လောကသော့တံအပ်ထားခဲ့တယ်
“ဖွင့်ကြည့်ပေါ့..မင်းတို့ဘာသာ
မင်းတို့ရှာတဲ့လမ်းမှာ
ကြိုက်တဲ့ပန်းစိုက်ကြကွာ” လို့
မှာထားနေသလိုပါပဲ…။ ။
တင်မိုး

(ဆရာဇော်ဂျီထံမှာ ဂါဝရပြု၍အပြန်ဖွဲ့ဆိုပါသည်။)
၂၆.၉.၉၀ တွင်ကွယ်လွန်သော ဆရာဇော်ဂျီသို့…………


ခု..အဲဒီသော့လေး ..ဆရာ ဘယ်သူ့တွေကိုအပ်သွားပါလိမ့်လို့လည်း စာရိုက်ရင်း
တွေးနေမိသေးတယ်...သေချာတာကတော့ အဲဒီသော့ကလေးရှိသေးတယ်...


တစ်ယောက်ယောက်..

Saturday, November 15, 2008

ဒီဝတ္ထုတိုလေးက ၂၀၀၆ အိုင်ဒီယာ အထူးထုတ်မှာပါသွားခဲ့တာပါ....ကိုယ်ရေးနေကျ အက်ဆေးဆန်ဆန်မျိုးပေမယ့် ရေးနေကျပုံစံထဲကနေကွဲထွက်နေသလို ခုချိန်မှာခံစားရတယ်...


တစ်ယောက်ယောက်
(၁)
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ရင်ထဲမှာကြပ်ခဲလေးလံပြီးထွက်ပေါက်မဲ့နေတဲ့
ငါ့မျက်ရည်တွေအကြောင်း…။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
ငါဘယ်တော့မှမရနိုင်တဲ့ ဘယ်တော့မှလည်းရယူဖြစ်မှာမဟုတ်တဲ့ ဘ၀တစ်ခုအကြောင်း ။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ငါဘယ်လိုမှမတတ်နိုင်တော့လောက်အောင် လက်ကျန်အင်အားနည်းပါးနေပြီဖြစ်တဲ့အကြောင်း..။
(နောင်တတွေနဲ့ နပမ်းသတ်နေရတဲ့ဘ၀ဟာတကယ်တော့ ၀ိဘစ္ဆရသလိုပါပဲ..)

တစ်ယောက်ယောက်ဆိုတာဘယ်သူလဲလို့မမေးပါနဲ့..။
ဘယ်သူဟာငါ့ရင်ထဲကိုဝင်စာနာနိုင်မလဲ..။ဘယ်သူဟာငါ့ဒါဏ်ရာတွေရဲ့
နာကျင်မှုအတိုင်းအတာအတိုင်းလိုက်လံထိရှနိုင်မှာမို့လဲ..........။
ဘယ်သူဟာငါ့ကိုစကားလုံးအကျိုးအပဲ့တွေမပါပဲ အကြည့်တစ်ချက်နဲ့ကုစားနိုင်မှာမို့လဲ…။
တကယ်တော့ငါဟာ ရူးသွပ်နေတဲ့နေရောင်ခြည်တစ်စသာဖြစ်ပါတယ်…။
(၂)
တစ်ယောက်ယောက်ကိုချစ်မိတဲ့အတွက်ဆုံးရှုံးမှုတွေအကြောင်း
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ တစ်ယောက်ယောက်ကို
မုန်းချင်နေမိတဲ့ဆန္ဒတချို့ကို ပြောပြချင်တယ်။အချစ်ခံရတယ်ဆိုတာ
တကယ်တော့ ခေါင်းစဉ်လှလှလေးတပ်ထားတဲ့ ဖေတော့မောင်တော့
ဝတ္ထုတစ်ပုဒ်သက်သက်ပဲလားလို့ တစ်ယောက်ယောက်ကို မေးကြည့်ချင်တယ်။
တစ်ယောက်ယောက်က ငါ့ရဲ့အကျင့်သီလသိက္ခာတွေကိုခိုးယူသွားတဲ့အကြောင်း
ငါဘယ်ခုံရုံးကိုတိုင်ရမှာလဲဆိုတာ တစ်ယောက်ယောက်ကိုမေးကြည့်ချင်တယ်။ တစ်ယောက်ယောက်ကငါ့ကိုအနိုင်ကျင့်ဖို့ကြိုးစားနေပြီး တစ်ယောက်ယောက်ကို
ငါကအနိုင်ယူချင်နေတာကို တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
ပြီးတော့ တစ်ယောက်ယောက်ကိုငါကမျှော်လင့်နေပြီး တစ်ယောက်ယောက်
ကများင့ါကိုမျှော်လင့်နေမလားလို့ စိတ်ကူးယဉ်မိတဲ့အဖြစ်အပျက်ကို
(ဟာသတစ်ပုဒ်အဖြစ်) တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
တစ်ယောက်ယောက်ကမှနားမထောင်ပေးဘူးဆိုရင် လည်းကိစ္စမရှိပါဘူး။
တစ်ခါတစ်ရံမှာလေထဲကစကားလုံးတွေရဲ့တာရှည်ခံမှုစံနှုန်းနဲ့
လူတွေရဲ့ရင်ထဲကပြီးလွယ်ပျက်လွယ်သဘောထားတို့ အပြေးပြိုင်ပွဲမှာ
ဘယ်သူနိုင်ခဲ့သလဲဆိုတာ တစ်ယောက်ယောက်ဆီက confirm ရချင်နေတယ်။
ကိုယ်ချင်းစာတရားအကြောင်းကောင်းကောင်းသင်ကြားပြသနိုင်မယ့်
တစ်ယောက်ယောက်များကမ္ဘာပေါ်မှာရှိမလား…။
(၃)
တစ်ယောက်ယောက်ကိုပြောပြချင်ပြီး မပြောပြဖြစ်တဲ့ အကြောင်းအရာတွေကို
စာရွက်ဖြူဖြူတွေထဲ တွန်းထိုးပစ်ထည့်ထားလိုက်ရတာဟာဖြေသာစရာတစ်ခုလား…။ တစ်ယောက်ယောက်ကိုတမ်းတနေတတ်တဲ့ငါ့နှလုံးသားကို ..ငါ..ဥပက္ခာပြုကဲ့ရဲ့
ပစ်လိုက်ရတာဟာ စိတ္တဇတစ်ခုလား……………။“တစ်ခုခုတော့မှားနေပြီ”လို့တွင်တွင်ပြောရင်း အဲဒီအမှားတွေကိုဖြေရှင်းလို့မရနိုင်ခဲ့တာဟာ..လောကပါလတရားအစစ်လားလို့
တစ်ယောက်ယောက်ကိုမေးချင်မိပါတယ်။
တကယ်တော့ ကမ္ဘာခြားနေတဲ့သူတွေမှာ ဘာသာစကားချို့တဲ့မှုတော့ရှိမှာပဲ
ဆိုတာသိထားသင့်တာပေါ့…။စကားလုံးတွေရဲ့အားနည်းညံ့ဖျင်းမှု..
ဘာသာစကားတွေရဲ့မပြည့်စုံမှုဟာ..တကယ့်ပြဿနာပဲဆိုတာ
တစ်ယောက်ယောက်ကတော့သိနေမှာပဲ။
အသက်ရှူကြပ်လိုက်တာ…။
တကယ်ဆိုငါလိုချင်တာငါ့ဆီလာမယ့်အသံတစ်သံပါ…။
ငါ့ဆီကထွက်ခွာသွားမယ့်အသံတစ်သံမဟုတ်ပါဘူး..။ဘုရားစူးရ
ပါစေရဲ့..။စကားလုံးတွေကိုငါမုန်းတယ်..။
(၄)
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။“အချစ်”ဆိုတာ ပုံမှန်မဟုတ်တဲ့
“စိတ္တဇနာမ်”ဆိုတဲ့အကြောင်း…။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်..။
လမ်းမှားချင်ယောင်ဆောင်ပြီး ဘ၀ထဲကိုခပ်တည်တည်နဲ့ တည့်တည့်ကြီးဝင်လာပြီး
အကြွေးတောင်းတတ်တဲ့ သံသရာ အကြောင်း..။ငါက တစ်ယောက်ယောက်ကို
တစ်ခုခုလုပ်ခဲ့မိသလား..။ တစ်ယောက်ယောက်
ကရောငါ့ကို တစ်ခုခု မလုပ်နိုင်ခဲ့ဘူးလား…။“၀ဋ်ကြွေး”ဆိုတာပေးဆပ်ရတာပဲလား…။
ပြန်ရယူရတာကောမပါဘူးလား..လို့ တစ်ယောက်ယောက်ကိုမေးကြည့်ချင်တယ်..။
တကယ်ဆိုသံစဉ်ကလည်းသိပ်မကောင်း၊စာသားကလည်းမလှမပ.၊အသံကလည်းခပ်ညံ့ညံ့နဲ့
သီချင်းတစ်ပုဒ်ကို ဘယ်လိုလူကမှနားမထောင်ချင်မှာ မဟုတ်ဘူးဆိုတာ သိသင့်တာပေါ့…။
ခပ်ချာချာရေးဖွဲ့ကပြနေတဲ့ ပြဇာတ်တစ်ပုဒ်ဆိုလည်းဘယ်သူကမှ ကြည့်ချင်မှာမဟုတ်ဘူး..။
တစ်ယောက်ယောက်ရဲ့ရင်ထဲမှာတော့ တစ်ယောက်ယောက်ကိုခံစားနားလည်ပေးနိုင်စွမ်းတွေ
ရှိနေမှာလို့ထင်နေမိတယ်။အဲဒီ တစ်ယောက်ယောက်ဟာ ငါမဟုတ်ခဲတာလေးတစ်ခုနဲ့တင်
ဘ၀တွေခြားသွားရတော့မယ်။
(၅)
တစ်ယောက်ယောက်ကများငါ့ကိုအလိုမလျောက်နားလည်သွားခဲ့ရင်ဆိုတဲ့ ရူးနှမ်းတဲ့
အတွေးတွေကခုထိ အုပ်စိုးမင်းမူနေတုန်း..။မရနိုင်မှန်းသိရက်နဲ့ ရလည်းရယူဖြစ်မှာ
မဟုတ် တဲ့ အိပ်မက်တစ်ခုကို တယုတယပျိုးထောင်နေမိတာ..ဘာကြော့င်လဲဆိုတာ တစ်ယောက်ယောက်များသိမလားပဲ…။အချိန်တွေ နာရီတွေစက္ကန့်တွေတိုက်စားသွားခဲ့တာတောင်မှ..
ပွန်းပဲ့မသွားပဲ ထုနဲ့ထည်နဲ့ တည်တံ့ခိုင်မာလာတဲ့အိပ်မက်တွေကို..မလွန်ဆန်
နိုင်ခဲ့တာ ငါမှားသွားသလား… တစ်ယောက်ယောက်ကပြောပေးပါဦး…။
မေးခွန်းတွေများလွန်းပြီး အဖြေမရှိတဲ့စာဖြေစာရွက်လို တကယ်တော့ ငါဟာ
အမှတ်ခပ်နည်းနည်းနဲ့ ဘ၀မှာ မင်ရည်ကျဲခဲ့တဲ့ကောင်ပါ…။ တစ်ယောက်ယောက်ကများ
ငါ့ကိုအရောင်တင်ပေးမလားဆိုတဲ့ ယောက်ယက်ခတ်မျှော်လင့်ချက်တွေနဲ့
ကျဲကျဲတောက်ပူလောင်နေခဲ့ရတာလည်း ငါပဲပေါ့ချစ်သူ….။
(၆)
တစ်ယောက်ယောက်ရဲ့ရင်ခွင်မှာပန်းတချို့ပွင်နေတဲ့ရနံ့ကိုငါကြားရတယ်။
လေအဝေ့မှာ ငါ့ဆီစီးမျောကူးခတ်လာပြီး မှ အဲဒီရနံ့တွေဟာ ငါနဲ့မှ တိတိပပ မသက်ဆိုင်ဘူးတဲ့လား…။ရနံ့တွေရဲ့လွင့်မျောမှုကိုတားဆီးလို့မရသလို..ငါ့ရဲ့ဝင်သက်
ထွက်သက်ကိုလည်းတားဆီးလို့်မရခဲ့တာ..သိပ်ဆိုးရွားခမ်းနားတဲ့ ကံကြမ္မာတစ်ခုပါ..။
ဒီအကြောင်းတွေကို တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ ဒါပေမယ့် အကြည့်တစ်ချက်နဲ့တင်အားလုံးနားလည်ပြီးမြောက်သွားမယ့် ဘာသာဗေဒကို
ငါတို့ဘာလို့မတတ်မြောက်ကြသေးတာလဲ…။
သင်ကြားခွင့်မရတာလား..။သင်ကြားဖို့မေ့နေတာလား..။သင်ခဲ့ရလျက် နဲ့
မအောင်မြင်ခဲ့ကြတာလား…။
အဖြေမထွက်နိုင်တဲ့ပုစ္ဆာတချို့ကို တစ်ယောက်ယောက်နဲ့ အတူတူတွက်ချင်တယ်။
တစ်ယောက်ယောက်ကပြောလာမယ့်သီအိုရီတချို့ကိုလည်း သက်သေပြချက်ပေးချင်နေတယ်။
ဘာတတ်နိုင်မှာလဲကွယ်။ တစ်ယောက်ယောက်ကဖန်ဆင်းမယ့်နေ့ရက်တွေမှာ
အသက်ရှင်ခွင့်ငါရှိနေချင်ခဲ့မိတာ ဘာတတ်နိုင်မှာလဲကွယ်။
တကယ်တော့ ငါဟာ ရုပ်သေးရုပ်တစ်ရုပ်ရဲ့ဘ၀ကို တိတ်တိတ်ကလေးမနာလိုနေမိတဲ့ အလှကြည့်မွေးပွရုပ်လေးတစ်ရုပ်သာဖြစ်ပါတယ်..။
(၇)
တစ်ယောက်ယောက်ကိုပြောပြချင်သေးတယ်။ မျက်ရည်တချို့ရဲ့ အတ္ထုပ္ပတ္တိပုံဆောင်ခဲတွေအကြောင်း…။ တစ်ယောက်ယောက်ကိုဖွင့်ဟချင်သေးတယ်။ ဘယ်တုန်းကမှမျှော်လင့်မထားခဲ့တဲ့
ချစ်ခြင်းတရားရဲ့လေးနက်မှုအကြောင်း။ တစ်ယောက်ယောက်ကိုရှင်းပြချင်သေးတယ်။
အနာဂတ်မပါပဲနဲ့နေပျော်စေတဲ့ မေတ္တာတရားတစ်ခုအကြောင်း…။
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ မိုက်ရူးရဲသိပ်ဆန်တယ်ထင်ရလို့
သိမ်းဆည်းထားတဲ့ သက်ငြိမ်ပန်းချီကားတချို့အကြောင်း…။ရေအေးစီးကြောင်းတွေ၊
ရေနွေးစီးကြောင်းတွေအောက်ခြေက ဖြတ်သန်းစီးဆင်းနေတဲ့ရေပြင်တစ်ခုအကြောင်း…။
အပ်ကြောင်းထပ် အဖြစ်အပျက်ဆန်လွန်းနေမလားမသိဘူး..လို့ တစ်ယောက်ယောက်က
ိုသေဖော်ညှိချင်သေးတယ်။
ဒါပေမယ့် ဒါတွေအားလုံးမှာ ပကတိအသံတွေပါဝင်နေမှာ မဟုတ်ဘူးဆိုတာ တစ်ယောက်ယောက်ကတော့မပြောပဲသိနိုင်ကောင်းပါရဲ့။
(၈)
တစ်ယောက်ယောက်ကပြောလာမယ့်စကားတွေကိုလည်းနားထောင်ချင်နေမိသေးတယ်။
အမြင်အကြည့်တွေရဲ့အောက်မှာငုံ့လျိုးဖျောက်ကွယ် ထားရတဲ့ ခံစားချက် တချို့အကြောင်း..။ တစ်ယောက်ယောက်ကခွင့်ပြုလာမယ့်နေ့ရက်တွေမှာ လိုအပ်နေတဲ့ အရိပ်တချို့အရောင်တချို့
စကားလုံးတချို့ကို သုံးပြီးခမ်းနားကြီးးကျယ်မြင့်မြတ်တဲ့ အကြောင်းအရာတစ်ခုကိုဖွဲ့
သီပြချင်သေးတယ်။
တစ်ယောက်ယောက်ကိုပြောပြချင်တဲ့အကြောင်းအရာတွေနဲ့ အဲဒီတမ်းမက်မှုတွေရောယှက်ပြာကျသွားတဲ့အခါ….။
တစ်ယောက်ယောက်ကမောင်းနှင်စီးနင်းသွားတဲ့ စစ်ရထားတစ်စီး ဖြစ်ခွင့်ရချင်နေမိပြန်ပါတယ်။
တစ်ယောက်ယောက်ဆီကို အရှိန်ပြင်းပြင်းနဲ့ချဉ်းကပ်နိုင်ခွင့်ရမလားရယ်လို့
ဆိုတဲ့အတွေးနဲ့များလားမသိဘူး..။ဒါမှမဟုတ်တစ်ယောက်ယောက်ရဲ့ရင်
ခွင်မှာ တောက်ပလောင်ကျွမ်းခွင့်ရနိုးနိုးနဲ့များလား…။
တကယ်တမ်းကျတော့ အဲဒီအတွေးတွေနဲ့ငါဟာ..ငါ့ဆီကိုအရှိန်ပြင်းပြင်းနဲ့ချဉ်းကပ်တောက်လောင်လာမယ့် မီးတောက်တစ်ခုကိုခေါင်းငုံ့စောင့်စားနေခဲ့ရတယ်။ တစ်ယောက်ယောက်ကများငါ့ကိုကယ်တင်သွားခဲ့မယ်ဆိုရင်……..။
မနော်ဟရီ


မပြောချင်သော...

Thursday, November 13, 2008

Did this story base on "The Notebook" by Nicolas Spark? Anyway, your version is nicer than original.


အဲဒါကတော့ ကျွန်မရဲ့ နံနက်ခင်းပုံပြင် မှာ လာထားသွားတဲ့ comment ပါ...။
“ အရှေ့မြို့ရိုးမှမိုးရေစက်များ” ကို အဲလိုနည်းနှင်နှင်လာပြောခံရတုန်းက
ကိုတာရာမင်းဝေက...
“ မှီးထား ဘာသာပြန်ထားတယ်လို့ပြောတဲ့ ခင်ဗျားတို့စာအုပ်ယူလာခဲ့...ရလာရင်
တွေ့လား..ရှေ့မှာရပ်ထားတဲ့ကား ..အပိုင်ယူသွားလို့ရတယ်..ဒါ့အပြင် ကျွန်တော်
စာရေးမစားတော့ဘူး ” ...လို့ပြောလွှတ်တယ်။
ကျွန်မကတော့ သူ့လိုပြောရင် သူပြောခံရသလို ကွယ်ရာမှာ...
“ အော်..အပျော်ဖတ်စာပေတွေနဲ့ပိုက်ဆံရထားတဲ့သူတွေဆိုတော့ မောက်မာမှာပေါ့..”
ဆိုပြီး ရရာဒါးနဲ့လှမ်းခုတ်မှာကိုကြောက်လို့မပြောတော့ပါဘူး...။
မေးပဲမေးချင်တာပါ...အဲဒီ anonymous ဆိုတဲ့သူကို....
သူ နိုင်ငံတကာစာပေတွေကိုထုံးလိုချေ ရေလိုနှောက်ဖတ်ထားတာကိုလူသိစေချင်တာ
လား....ဒါဆို ရင် web page တစ်ခုဖွင့်လိုက်ပါ...ပြီးရင်ကိုယ်ရည်သွေးတီးလုံး
တွေတီးနိုင်ပါပြီ...။
အဲ..အဲလိုမှမဟုတ်ဘူး..ကျွန်မရေးတဲ့စာကိုစော်ကားချင်ရုံသက်သက်ဆိုရင်လည်းပြော
ပါ..ကျွန်မနဲ့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်...ကျွန်မက နာမည်ရောလူရောရှောင်ပုန်း
နေတဲ့သူမဟုတ်ပါဘူး....။face to face လာပြောနိုင်ပါတယ်လို့.....


အကြိမ်ပေါင်းတစ်ထောင်......

ကျွန်မက နီရူဒါရဲ့ကဗျာလေးကို ကျွန်မစိတ်နဲ့ထပ်တူကျလွန်းလို့ကိုအောင်သာငယ်ဆီကခွင့်တောင်းပြီး ကျွန်မဘလော့ခ်မှာတင်ထားခဲ့ပါတယ်။ကိုအောင်သာငယ်ကတော့ သူ့ကဗျာမှမဟုတ်တာ သုံးနိုင်ပါတယ်ဆိုပေမယ့် သူကသူ့ ဘန်နာမှာတင်ထားတာဆိုတော့ ကျွန်မကလေးစားသမှုနဲ့ခွင့်တောင်းတာပါ.....
ကိုအောင်သာငယ်တော့မသိဘူး..ကျွန်မကိုတော့ဒီကဗျာစာသားလေးကြောင့်ခုလိုလာအော်သွားလေရဲ့....

အကြိမ်ပေါင်းတစ်ထောင်!!! ရန်ကုန်မြို့ပေါ်ကြီးမှာ မြွေဆိပ်ဖြေဆေး မရှိလို့ သေလိုက်ရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်း တစ်ထောင်!!!
နာဂစ် အပြီး (လှူဒါန်းမယ့် သူတွေ ရှိပါရက်) စားစရာမရှိလို့ သေလိုက်ရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆လ ချခံရမယ့် ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
OK!!! ခံရတဲ့သူ ဘ၀မျိုးကို ဖယ်ထားလိုက်ပါ အဲဒီလို အသိုင်းအ၀ိုင်းမှာ (ကျက်သရေ ကလွဲလို့) အစစ အရာရာ ပြည့်စုံနေမယ့် ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
အနှစ် ၂၀ နဲ့ ၆လ လို့ စီရင်ချက်ကို ဖတ်ပြရမယ့် ဘ၀မျိုးမှာ အကြိမ်ပေါင်းတစ်ထောင်!!!
OK again!!! ကံကောင်းထောက်မစွာ အဲဒီ ဘ၀တွေ တစ်ခုမှ မရဘူးထား… ဒါမျိုးတွေ ငါနေတဲ့ ငါမွေးတဲ့ နိုင်ငံမှာ ငါ့ရှေ့မှာတင် ဖြစ်နေတာပါလား ဆိုတဲ့ အတွေးကလွဲပြီး ဘာမှ မတတ်နိုင်ဘဲ ထိုင်ကြည့်နေရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်း တစ်ထောင်!!!


ဒါကတစ်ယောက်ပါ....နောက်တစ်ယောက်ကလည်းခုလိုပြောပြန်ပါတယ်...

နင်ရူးဒါ ....ကျွန်မ၏ချစ်ခြင်းတည်ရာ.....ဒီသံသရာကလွတ်အောင်ရုန်း

..ကျွန်မတကယ်ပဲရူးနေတာဆိုရင်တောင် အဲဒီရူးသွပ်မှုဟာ စင်ကြယ်ပါတယ်။ကိုယ်လွတ်ရုန်းမှုမပါ ပါဘူး..။သူများတွေလိုပြေးစရာမြေမရှိတာမှမဟုတ်တာ..။ကျွန်မမှာ သွားစရာလမ်းတွေမှတပုံတပင်..
.။ဒီကြားထဲကမှ ဒီလမ်းကို ရွေးခဲ့တာမို့ရူးသွပ်နေတယ် ဆိုရင်တောင် ကျွန်မဖြူစင်စွာရှိနေသေးတဲ့
အတွက် ကျွန်မကိုယ်ကျွန်မ လိပ်ပြာသန့်ပါတယ်။အသိဥာဏ်မရှိအောင်ထားရင် ကျွန်မတို့က
ရှိအောင်ကြိုးစားရမယ်...။ ဒီလိုနည်းနဲ့မရရင် ဟိုလိုနည်းတွေကျွန်မတို့ရှာဖွေရမယ်။ကျွန်မတို့ရှာခဲ့ကြပါတယ်
...ရှာပေးခဲ့ပြီး လက်တွေထဲအရောက်ပို့နိုင်အောင် တစ်နိုင်တစ်ပိုင်ကြိုးစားပေးခဲ့ပါတယ်...။
ကျွန်မတို့သာသူတို့နဲ့အတူရှိမနေခဲ့ဘူး..ဆိုရင် အဲဒီလက်တွေကိုဘယ်သူတွေက ကမ်းလင့်ကယ်တင်မလဲ...။
သံသရာ.တို့..၀ဋ်ကြွေးတို့ ဆိုတာ ကျွန်မထက် ဗုဒ္ဓဘာသာဝင်တွေကပိုပြီးနားလည်မှာပါ....။
ကျွန်မဋီကာချဲ့ပြောမနေချင်ဘူး...။ကျွန်မကတော့ ဒီဘ၀မှာဒီလိုခံရသလိုနောက်
ဘ၀ပေါင်းတစ်ထောင်ဒီလိုခံရလိမ့်မယ်လို့မထင်ပါဘူး..။ ဦးရွှေအောင်စာအုပ်တချို့ကိုဖတ်ခိုင်းရမယ့်သူတွေ...ဘ၀ဆက်တိုင်းကံကောင်းမယ်လို့ထင်လို့လား..
.ကိုယ့်လမ်းမှာကိုယ်အကောင်းဆုံးလိပ်ပြာသန့်နိုင်ဖို့ကြိုးစားမယ်..ကြိုးစားနေတယ်..
.လက်တချို့ကိုကမ်းကူနိုင်အောင်ကြိုးစားနေတယ်..ခံစားချက်တချို့ကိုအနုပညာနဲ့
ဆောက်တည်ထိန်းမတ်နေတယ်..ထိန်းမတ်ပေးနေတယ်.........
.တရားသဘောနဲ့ကြည့်ရင်ဘယ်အရာမှမတည်မြဲပါဘူး..။
ပျော်ရွှင်မှုတွေခမ်းခြောက်ပျောက်ကွယ်နိုင်သလို...
မျက်ရည်တွေလည်း အငွေ့ပျံပျောက်ဆုံးသွားနိုင်သေးတာပါပဲ...အဲဒီအတွက်..
ကျွန်မတို့က လမ်းကြောင်းပြောင်းပြေးရမှာလား...ကိုယ်လွတ်ရုန်းပြေးရမှာလား...
ကိုယ်တိုင်ပြုပြင်လို့မရတဲ့ကံကြမ္မာကို ထိုင်ပြီးဝေဖန်ပြစ်တင်နေမယ့်အစား...
ကိုယ့်ကိုယ်ကိုပဲ လိပ်ပြာသန့်စွာနေထိုင်ရင်း တခြားသောလိပ်ပြာတွေကိုဖေးမကူညီရင်း အားလုံးတစ်သွေးတည်းတစ်ရောင်တည်းတစ်စိပ်တည်းနေသွားချင်တယ်...။ဒါက ကျွန်မဆန္ဒပါ...။ မသိလို့မေးရရင်..ခုကျွန်မကိုလာအော်သွားတဲ့သူတွေမှာရော...တစ်ကြိမ်တည်းနဲ့သံသရာဖြတ်ပြီး
လွတ်မြောက်နိုင်တဲ့နည်းလမ်းများ..ဒါမှမဟုတ် တရားဓမ္မများတွေ့ထားခဲ့ပြီလားလို့...။
တွေ့ရင်လည်းမျှခဲ့ကြပါဦး...။


နံနက်ခင်းပုံပြင်

Monday, November 10, 2008

၂၀၀၅ January,Fashion Image Magazine မှာပါသွားတဲ့ ၀တ္ထုတိုလေးဖြစ်ပါတယ်....
စိတ်ရှုပ်ရှုပ်နဲ့ ဟိုရက်တွေမှာ အင်တာနက်ထဲလည် စာဖတ်နေတုန်း တစ်နေရာမှာတင်ထားတာတွေ့လိုက်
ရလို့ ပြန်ကူးတင်ပေးလိုက်တာပါ...တင်ထားသူကိုလည်းကျေးဇူးတင်ပါတယ်....
အဲဒီနေ့ကတွေ့လိုက်ရတာတချို့လည်းရှိသေးတယ်..ကျွန်မစာတွေကိုအပိုဒ်လိုက်ကူးထားပြီးခပ်တည်တည်
နဲ့ကိုယ်တိုင်ရေးလိုတင်ထားတာပါ...တချို့ကျပြန်တော့လည်း မနော်ဟရီ ရဲ့စာတွေကို ဂဃနဏ မဖတ်
ပဲ..လျှောက်ပြောနေတာမျိုးတွေတွေ့ရပြန်ပါတယ်..တချို့ကျပြန်တော့လည်းကိုယ်ရည်သွေးတီးလုံးတွေ
ကိုသူများသံစဉ်နဲ့တီးပြနေတာလည်းတွေ့ရပြန်တော့...ကျွန်မမှာစိတ်ရှုပ်ရတဲ့ထဲ ငိုရမလိုရယ်ရမလို...
သေချာတာကတော့ ငြိမ်သက်သွားချိန်မှာ တရားရလိုက်တာပါပဲ...အော်..ငါမကြုံမတွေ့ရသေးလို့သာ..
လောကမှာဒီလိုတွေရှိပါသေးလားပေါ့.....



နံနက်ခင်းပုံပြင်

“အဲဒီမနက်ခင်းကလေးက အတော်တော့ သာယာတာ”
အဘိုးအိုက စကားစကိုဖြတ်ကာ အမယ်အိုရဲ့ မီးခိုးနုရောင် မျက်ဝန်းများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အမယ်အို၏ မျက်ဝန်းများက စိုလက်တောက်ပနေသယောင်။ အဘိုးအိုက စကားကိုဆက်၏။
“သာယာတယ်ဆိုတာထက် အချစ်တစ်ခု စတင်ဖြစ်ထွန်းမယ့်နေ့မို့ ထင်ပါရဲ့၊ အတော်ကြီးကို သက်ဝင်လှပနေခဲ့တာ”
“ဘယ်လို လှတာမျိုးပါလိမ့်”
အမယ်အိုက အရေးအကြောင်းများ လှိုင်းထနေသော မျက်နှာပြင်ကို ယောင်ယောင်လေး မျက်မှောင်ကြုတ်ဟန်ပြုကာ မေး၏။
“နေရောင်ခြည်က နုနုလေးရယ်၊ တချို့နေရာတွေမှာ နှင်းမြူတွေကဆိုင်းလို့ သဇင်ပန်းရနံ့တွေတောင် ရနေသေးတယ် ထင်တာပဲ”
အမယ်အိုက ခေါင်းကို တဆတ်ဆတ်ညိတ်၏။ ထိုနံနက်ခင်းလေးကို မြင်ယောင်သွားသလိုမျိုးလည်း ပြုံး၏။
“အဲဒီမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စတွေ့ကြတာပဲ။ ရုပ်ရှင်ထဲကလိုတော့ လှချင်လှနေလိမ့်မယ်။ ရုပ်ရှင်ထဲက ဇာတ်ကွက်တွေလိုတော့ မဆန်းပြားပါဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ။ ပစ္စည်းတွေ တနင့်တပိုး ထည့်ထားတဲ့ ဈေးခြင်းကို ဆွဲလာတဲ့ ကောင်မလေးရယ်၊ ဈေးထဲကို ကိစ္စရှိလို့ ရောက်လာတဲ့ ကောင်လေးရယ်၊ ဈေးအ၀င် လမ်းမှာ တွေ့ကြတာ”
အဘိုးအိုက အမယ်အို၏ စိတ်ဝင်စားနေသော မျက်နှာလေးကို တစ်ချက်ကြည့်ကာ လက်ထဲမှ စာအုပ်အဟောင်းလေးကို တစ်ချက်ဖွင့်ကြည့်လိုက်သေးသည်။ အလွတ်ရနေသော ဒိုင်ယာရီစာမျက်နှာများက ပြန်ကြည့်စရာမလိုပါ။ အဘိုးအို သက်ပြင်းမွမွတစ်ချက်ကို မသိမသာချကာ စကားကို ဆက်လိုက်၏။
“ပစ္စည်းတွေက တအားလေးလို့ထင်ပါရဲ့။ ခြင်းအဟောင်းလေးရဲ့ အောက်ခံ ကျွံကျသွားပြီး ပစ္စည်းတွေ ဒရောသောပါးနဲ့ ပြန့်ကျဲကုန်တာ၊ ကောင်မလေးလည်း ဘာလုပ်ရမှန်း မသိဘူးပေါ့။ ဒါကို လှမ်းမြင်တဲ့ ကောင်လေးက စက်ဘီးလေးကို အသာထောက်ထားခဲ့ပြီး ပစ္စည်းတွေ ကူကောက်ပေးတယ်။ ဘာအတွက်ယူလာမှန်းမသိတဲ့ သူ့လက်ထဲက ဂုန်နီအိတ်တစ်လုံးနဲ့ စုထည့်ပေးပြီး ကောင်မလေးကို မြင်းလှည်းပေါ်ထိ တင်ပေးလိုက်တယ်”
“သာဓုတော်.. သာဓု.. သာဓု”
အမယ်အိုက ထုံးစံအတိုင်း သာဓု တိုးတိုးလေးခေါ်တော့ အဘိုးအိုက ပြုံးသည်။ နေ့တိုင်း ဒီနေရာရောက်လျှင် အမယ်အိုက ‘သာဓု’ ခေါ်မြဲ။ အဘိုးအိုပြောပြချင်သော ပုံပြင်လေး၏ လိုရင်မဟုတ်သော်လည်း ထို သာဓုသံ ကြားရတိုင်း အဘိုးအို ကျေနပ်ပါသည်။
“အဲဒီနေ့က စပြီး ကောင်လေးက ကောင်မလေး ဈေးလာရင် ဘုရားပန်းဝယ်နေကျဆိုင်မှာ ကောင်မလေးအတွက် ပန်းတွေ သွားသွား ထားပေးတတ်တယ်”
“ဟုတ်လား ဘာပန်းတွေလဲ”
အမယ်အိုက ထုံးစံအတိုင်း မေးပြန်သည်။
“ခရေပန်းကုံး၊ ဇွန်ပန်းကုံး၊ ဆိတ်ဖလူး၊ ဧကရာဇ် စသဖြင့်ပေါ့၊ ရာသီအလိုက်ပေါ့”
အမယ်အိုက ခေါင်းတညိတ်ညိတ်နှင့် ပြုံးကာ သူ့ခေါင်းထက်မှ ဆိပ်ဖလူးပန်းကုံးလေးကို လက်နှင့် စမ်းကြည့်နေသည်။ အဘိုးအိုကလည်း ကျေနပ်စွာပြုံး၏။
ဒီပုံပြင်ကို ဒီနေ့မှ နားထောင်ခွင့်ရသော ကျွန်တော်က အားမလိုအားရဖြစ်လာသည်။
“သူတို့ အဆင်ပြေသွားကြရောလားဟင် အဘိုး”
အဘိုးအိုက ‘ရှူး’ ဟု ခပ်တိုးတိုး အသံပြုကာ ကျွန်တော့်ကို လက်ကာထား၏။
“မလောနဲ့လေ မင်းအဘွားက အဆင့်ကျော်လို့မရဘူး”
ကျွန်တော်ပြုံးလိုက်မိသည်။ မနက်တိုင်း အဘွားကို ပန်းကုံးလေးတစ်ကုံး လာလာပေးကာ ပုံပြင်တစ်ပုဒ်ကို ပြောပြတတ်သော အဘိုးအိုကို ကျွန်တော် တွေ့နေရတာ တစ်လရှိတော့မည်ထင်သည်။ ဒီနေ့မနက်မှ အကြောင်းတိုက်ဆိုင်၍ ကျွန်တော် ငြိမ်ငြိမ်လေး ထိုင်နားထောင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ အဘိုးအိုက သူ့ပုံပြင်ကို ဆက်၏။
“ဒီလိုနဲ့ အချိန်တွေသာ ကုန်သွားရော၊ သူတို့အခြေအနေက ဒီအတိုင်းပဲ မတိုးတက်ခဲ့ဘူး”
ကျွန်တော် အားမလိုအားမရ ဖြစ်သွားရပြန်သည်။ သို့သော် စောဒကတော့ မတက်ရဲ။
“တစ်နေ့မှာ..”
ထို တစ်နေ့မှာကို ကျွန်တော်က ရုပ်ရှင်ကားတစ်ကား ဇာတ်ပြောင်းလိုက်သလို စိတ်ဝင်စားသွားသော်လည်း အမယ်အိုကတော့ ဘာမှမဖြစ်သလို နားထောင်နေရှာသည်။
“ကောင်လေးက အရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့် ခရီးထွက်သွားရတယ်”
“အကြာကြီးလား”
“အကြာကြီးပဲ”
အမယ်အိုက ‘အကြာကြီးလား’ ဆိုသော အမေးကို သာမန်မျှသာ မေးခြင်းဖြစ်သော်လည်း အဘိုးအိုကတော့ ထိုကာလ တစ်မျှော်တစ်ခေါ်ကို မြင်ယောင်တမ်းတသံနှင့် ဖြေခြင်းဖြစ်သည်ဟု ကျွန်တော်ခံစားလိုက်မိသည်။
“ကောင်လေးပြန်လာတော့ အရာအားလုံးဟာ ပြောင်းလဲစပြုနေပြီ”
“ပြောင်းလဲစပြုနေပြီ”
ကျွန်တော်၏ သံယောင်လိုက်သံကြောင့် အမယ်အိုက မသိမသာလှည့်ကြည့်၏။ ကျွန်တော် ပါးစပ်ကို ပိတ်ထားလိုက်ရသည်။ အဘိုးအိုက အသိနှင့် ကင်းကွာနေသူတစ်ယောက်ပမာ စကားကိုဆက်၏။
“ဟုတ်တယ်၊ ကောင်မလေးက မကြာခင် တခြားလူတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကို ကောင်လေးက မြို့အ၀င်လမ်းမှာကတည်းက ကြားခဲ့ရတယ်လေ”
ကျွန်တော်က မောဟိုက်သွားသလို ခံစားရကာ၊ အမယ်အိုက သက်ပြင်းဖွဖွလေး တစ်ချက်ချတာကို ကျွန်တော် တွေ့လိုက်ရသလို။
“အဲဒီညနေမှာပဲ ကောင်လေးက ကောင်မလေးအတွက် တစ်နယ်တစ်ကျေးက ယူလာတဲ့ သစ်ခွပန်း ခရမ်းရောင်တွေကို ကောင်မလေးအပြင်အထွက်မှာ ပေးဖို့ သွားခဲ့တယ်။ ကောင်မလေးဟာ ကောင်လေးကို ပန်းတွေနဲ့ မြင်လိုက်ရတယ်ဆိုရင်ပဲ မျက်ရည်တွေ ကျလာတော့တာပဲ”
အမယ်အို၏ မီးခိုးနုရောင် မှိန်ဖျော့ဖျော့ မျက်ဝန်းများတွင် မျက်ရည်များ စိုလက်လာသလို၊ ကျွန်တော့်ရင်ထဲက မျက်ရည်များကိုတော့ ဘယ်သူမှ မြင်ခွင့်မရလိုက်။ အဘိုးအိုက စကားကိုဆက်၏။ သူ့ကြည့်ရတာ မောဟိုက်နွမ်းနယ်နေသလို။
“ပန်းတွေကိုယူပြီး ကောင်မလေးက ကောင်လေးကို စကားတစ်ခွန်းပြောသွားတယ်”
“ဘာတဲ့လဲ”
အမယ်အိုက တုန်ရီစွာမေး၏။
“အရာအားလုံး နောက်ကျသွားခဲ့ပေမယ့် ကျွန်မရင်ထဲမှာတော့ အဦးဆုံးပန်းတွေပါပဲတဲ့”
ဒီတစ်ခါ မောလျသွားရတာက ကျွန်တော်။ အမယ်အိုကတော့ စောစောက မေးခဲ့တာ သူမဟုတ်သလို အဝေးကို အငေးငေးအမောမော။
“လှည့်ပြန်ခဲ့ရတဲ့ ကောင်လေးရဲ့ ရင်ထဲမှာ ပန်းတွေ ဝေနေမယ်လို့ ထင်သလား”
မြတ်စွာဘုရား။ ဒီမေးခွန်းက အဘိုးအို ကျွန်တော့်ကို မေးတာလား။ အမယ်အိုကို မေးတာလား မသိ။ သူ့ဘာသာသူ မေးတာလည်း ဖြစ်နိုင်တာပဲ။ သူက ဇာတ်ကြောင်းပြန်ပြောသူလေ။ ကျွန်တော်တို့ထဲမှ အဖြေမရသော်လည်း သူ ဘာမှမပြောပါ။ သူ့စကားကိုသာ သူဆက်၏။
“နောက်နေ့မနက် ဈေးအ၀င်လမ်းမှာ သူတို့တွေ့ကြတော့ ကောင်မလေးက ပန်းခြောက်တွေအများကြီး စုထားတဲ့ အိတ်ကလေးတစ်အိတ် ကောင်လေးကို ပေးတယ်။ ပါးစပ်ကနေ စကားတစ်ခွန်းမှ ပြောမသွားပေမယ့် မျက်ဝန်းကနေ စကားတွေ အများကြီးပြောသွားတာကို ကောင်လေး ကြားလိုက်ရတယ်။ အဲဒီစကားတွေဟာ ရင်ထဲမှာ ထာဝရတည်မြဲနေမယ့် စကားတွေပဲ”
သုံးယောက်သား စက္ကန့်များစွာ တိတ်ဆိတ်နေမိကြသည်။ ဇာတ်လမ်းက ဆုံးသွားပြီလား။ ကျွန်တော်မသိပါ။ အဘိုးအိုကတော့ သိပေလိမ့်မည်။ သို့သော် ကျွန်တော်က ဇာတ်လမ်းကို ဒီနေရာမှာ မဆုံးစေချင်သေး။ ဆက်ရန်ရှိသေးသည်ဟု ခံစားနေရသည်။
“အဲဒီလိုနဲ့”
အဲဒီလိုနဲ့ ဟူသော စကားလုံးသည် အဘွားအို၏ မျက်ဝန်းမှ မျက်ရည်စက်တချို့ကို ဆွဲသိမ်းသွားသလို၊ ကျွန်တော့်ရင်ထဲမှ မျှော်လင့်ချက်တချို့ကိုလည်း နိုးထသွားစေသည်။
“ကောင်လေးက အဲဒီမြို့က ပြန်ထွက်သွားတယ်။ သက္ကရာဇ်တွေ အများကြီးကို ခက်ခက်ခဲခဲ တစ်ယောက်တည်း ဖြတ်သန်း သွားခဲ့ရတယ်။ သူ့ရင်ထဲမှာ ရှိနေတဲ့ ပန်းခြောက်တွေ တစ်နေ့တော့ ပြန်ရှင်သန်လာမှာလို့ မျှော်လင့်တဲ့ မျှော်လင့်ချက်တွေနဲ့ သူ အသက်ဆက်ခဲ့တာပေါ့”
ကျွန်တော် အမယ်အိုမျက်နှာကို လှမ်းကြည့်မိတော့ အရိပ်အယောင်တချို့ကို တွေ့ရသည်။ ဘာလဲဆိုတာတော့ ကျွန်တော်လည်း အဓိပ္ပာယ်မဖော်တတ်သေးပါ။ အဘိုးအိုက နာရီကိုတစ်ချက်ကြည့်ကာ စာအုပ်ဟောင်းလေးကို ပိတ်သိမ်းလိုက်၏။ ပြီး စကားကိုဆက်၏။
“နှစ်တွေ အရမ်းကြာသွားလို့ မြို့ကလေးကို ပြန်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြတယ်”
မဆီမဆိုင် ကျွန်တော်ပင် ရင်ခုန်ချင်သွားရသည်။ အမယ်အိုကတော့ ယောင်ယောင်လေး ပြုံးနေသလား မဆိုနိုင်။
“ဒါပေမယ့် ”
ဒါပေမဲ့ဆိုသော စကားလုံးသည် အဓိပ္ပာယ်ဆန့်ကျင်သော စကားလုံးတို့ကို တွဲဆက်ပေးသော စကားလုံးဖြစ်သည်။ ကျွန်တော်က စိုးရိမ်တကြီး မော့ကြည့်မိသော်လည်း အဘိုးအိုက ထိုင်ရာမှ အသာထ၏။ အမယ်အို၏ နဖူးပြင်ကို ဖွဖွလေး နမ်းကာ နှုတ်ဆက်ရင်း…
“နောက်နေ့မှ ဆက်ပြောတာပေါ့” တဲ့။
အမယ်အိုက ရီရီဝေေ၀ ခေါင်းညိတ်ပြကာ “ကောင်းသားပဲ” ဟု ထောက်ခံ၏။ မထောက်ခံနိုင်တာက ကျွန်တော်ပါ။ ထို့ကြောင့် ကျွန်တော့်အိတ်ကို ကောက်ဆွဲကာ အဘိုးအိုနောက်သို့ ခြေလှမ်းကျဲများဖြင့် လိုက်လာခဲ့မိသည်မှာ အမယ်အိုကိုပင် နှုတ်မဆက်ခဲ့မိ။
“အဘိုး”
“ဟင်”
အဘိုးအိုက ကျွန်တော့်ကို လှည့်ကြည့်၏။ ကျွန်တော် ဘာသိချင်နေသည်ဆိုတာကို သူရိပ်မိနေပုံရသည်။
“ဒါပေမယ့်... ဒါပေမယ့်.. ဘာဖြစ်လဲ အဘိုး”
အဘိုးအိုက တလက်လက်တောက်ရှနေသော တံလျှပ်များကို ငေးကြည့်ကာ သက်ပြင်းတစ်ချက်ကို ချ၏။
“ဒါပေမယ့် ကောင်မလေးက ကောင်လေးကို..၊ မဟုတ်သေးဘူး.. ၊ အမယ်အိုက ငါ့ကို ဘယ်လိုမှ မမှတ်မိတော့ဘူး”
“ဗျာ”
ကျွန်တော် ရုတ်တရက် အံ့သြမင်သက်သွားရ၏။ အဘိုးအိုကတော့ တည်ငြိမ်စွာပင်။
“ဟုတ်တယ်၊ လောကရဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ တမ်းတခြင်းတွေနဲ့ ကင်းဝေးတဲ့ နေရာကို သူရောက်နေပြီ။ သူ ဘာကိုမှ မမှတ်မိတော့ဘူး။ မနက်တိုင်း လာလာပြောတတ်တဲ့ အဖြစ်အပျက်လေးတွေကို သူက ပုံပြင်တစ်ပုဒ်လို နားထောင်နေတတ်တယ်။ သူ့မှာ ဒီနေ့ဆိုတာလည်းမရှိဘူး။ မနေ့ကဆိုတာလည်း မရှိဘူး။ မနက်ဖြန်ဆိုတာလည်း မရှိဘူး။ နောက်တစ်နေ့မှာ ငါပြောပြမယ့် ပုံပြင်လေးဟာ သူ့အတွက်တော့ အသစ်ပဲပေါ့ကွာ။ ဒါကိုက ငါ့အတွက် ကံကောင်းခြင်းတစ်မျိုးပေါ့”
အဘိုးအိုက စကားကိုဖြတ်ကာ နေရောင်အောက်တွင် ခြေလှမ်းကျဲများဖြင့် လှမ်းလျှောက်သွားသည်။ တကယ့်တကယ် လွမ်းလျကျန်ခဲ့ရသူက ကျွန်တော်။
နံနက်ခင်းအသစ်တိုင်းသည် သူတို့အတွက်တော့ အဓိပ္ပါယ်ရှိနေကြပေလိမ့်မည်။ ထို အဓိပ္ပါယ်သည် သေချာမှု တစ်ခုဟုတ်မဟုတ် ကတော့ ကျွန်တော်လည်း မသေချာပါ။
အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ နေရောင်များကြားတွင် တိမ်ညိုတစ်စကို တွေ့လိုက်ရသည်။ ထိုတိမ်တိုက်များထဲတွင် မျှော်လင့်ခြင်းမိုးရေစက်များ ပါဝင်နေမည်လား။
သိပ်တော့မသေချာပါ။ လင်းတောက်နေသော နေရောင်အောက်မှာပင် အရာရာသည်ေ၀၀ါးနေခဲ့လေသည်။