Monday, October 6, 2008
ကျောက်ဆောင်တစ်ခုရဲ့အတ္ထုပတ္တိ
တ၀ုန်းဝုန်းရိုက်ခတ်လာတဲ့
လှိုင်းလုံးများကြား
ငါ….ယိုင်လဲမသွားစေရဘူး။
“ကြံ့ခိုင်မှု” “ခံနိုင်ရည်” “ဇွဲ” “မာန်”
ပန်းပန်လျက်ပါဆိုတဲ့အပြုံး
တစ်ဘ၀လုံး
မပျောက်ဆုံးစေရဘူး။
အစွန်းနှစ်ခုရဲ့ကြားမှာ
ပြေးလွှားရှင်သန်ရင်း
အံတင်းတင်းကြိတ်
တိတ်တဆိတ်ရှိုက်မိတဲ့သက်ပြင်းများစွာမှာ
“ပေါ်လီယာနာ”လိုပဲ
ငါလည်း
နေတတ်ရဲချင်တယ်။
သံလွင်ချမ်းမြေ့ 
မှတ်တိုင်များ
ဟောသည်ရင်ခွင်မှာ
ရာဇ၀င်မဲ့မြစ်တစ်စင်း
ညင်သာစွာစီးစင်းခဲ့ဖူးပါတယ်..။
ဘ၀မှာအရှုံးဆိုတာမရှိစေရ
အနိုင်ရမှကျေနပ်တတ်သူ
ငါ..
တစ်ခါက အရှုံးကိုမေ့ပစ်ဖို့
မာယာများကိုမွေးဖွားခဲ့
ဒါ…လှပတဲ့ပြကွက်တစ်ခုပေါ့ကွယ်။
ကမ္ဘာမြေရဲ့ အမှန်တရား
သန့်စင်ရိုးသားမှုတို့ဖြစ်ထွန်းရာ
ကဗျာ ပါလို့ယုံကြည်ဆဲ..။
စာရွက်ထဲမှာတော့
ဝေဒနာတွေဟန်ကျတတ်
ဒဏ်ရာတွေနဲ့ငိုပြတတ်
အလိမ်အညာတွေနဲ့စကားပြောတတ်
သတ်မှတ်ချက်ဖြူစင်ခြင်း
ပကတိသန့်ရှင်းမှုဆိုတာ
အကယ့်ကိုခဏလေးပါပဲ။
စောင့်စည်းထိန်းချုပ်မှုများနဲ့
တလှပ်လှပ်နာကျင်ဆဲနှလုံးသားအစုံ
တဆတ်ဆတ်တုန်ယင်တဲ့နှုတ်ခမ်းလွှာ
ထာဝရဖြစ်တည်မယ့်ချစ်ခြင်းအတွက်
ကွေကွင်းခွင့်ဆုလာဘ်
ရှင်.. မပေးတတ်ပါစေနဲ့ကွယ်။
ချစ်သူရယ်..
တကယ်ယုံကြည်စမ်းပါကွယ်
နှလုံးသွေးမရပ်သမျှ
ရှင့်ကို (ကျွန်မ)
ချစ်နေတတ်မှာ
အသေအချာပါပဲဆိုတာကို..။
သံလွင်ချမ်းမြေ့ 
0 Comments:
Post a Comment