အစိမ်းရောင်ဇာတ်လမ်း

Wednesday, February 24, 2010




ဒီဝတ္ထုလေးကို ၂၀၀၈ သြဂုတ်လတုန်းက ရေးပါတယ်။ မောင်သစ္စာ (သစ္စာပိုင်စိုး) Empress မှာ လုပ်နေတဲ့ အချိန်ပါ။ သူနဲ့ ဝိုင်ချို အကူးအပြောင်းမှာ (စီစစ်ရေး)မလွတ်ခဲ့ဖူးပြီး ပျောက်နေတဲ့ ရှူံးနိမ့်ခြင်းမော်ကွန်း .. ဆိုတဲ့ ဝတ္ထုတိုလေးကို သစ္စာကပဲပြန်ရှာပေးပါတယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ .. :P သူ့ကို ဒီစာမူပေးခဲ့တာပါ။ ၂၀၀၈ စက်တင်ဘာ Empress မှာပါလာပါတယ်။ တကယ်လည်း ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်ဆိုတာ လက်တစ်လုံးခြား ကိစ္စတွေချည်းပါပဲ ... ။

အစိမ်းရောင်ဇာတ်လမ်း

(၁)
ဖြစ်ရိုးဖြစ်စဉ်နဲ့ ထူးခြားဖြစ်စဉ်ဆိုတာ .. လက်တစ်လုံးပဲခြားတယ်။ မယုံနိုင်စရာလို့ လူတွေက ထင်တဲ့ လှည့်စားခံရမှုတိုင်းဟာ .. လက်တစ်လုံးခြားကိစ္စတွေနဲ့ပဲ ဆက်နွယ် နေခဲ့ပါတယ်။
(နန်းမြစိမ်းနွယ်)


(၂)
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ နေ့လည်ခင်းတစ်ခုပါ။ ကျွန်တော်က အိပ်မက် တစ်ခုကို အသည်းအသန် တိုက်ခိုက်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအိပ်မက်ဟာ မက်နေကျ အိပ်မက်တွေနဲ့ မတူပဲ အစိမ်းရောင်တွေ ကျွံထွက်နေတာပါပဲ။ စဉ်းစားကြည့်မယ်ဆိုရင် အစိမ်းရောင်ဟာ နှစ်လိုစရာကောင်းတဲ့အရောင်လို့ ထင်ချင်စရာ ပေါ့။ ဒါပေမယ့် တကယ့်တကယ် ဖြစ်ပျက်နေတာက လေးရောင်ဖလင်မှာ အရောင် တစ်ရောင်ကျွံဝင်နေတာမျိုး .. အစိမ်းရောင်တွေ ကျွံထွက်နေခဲ့တာ.. ။ အဲဒီလို texture မျိုး နဲ့ ကျွံနေတဲ့ အရောင်တွေကို ခင်ဗျားသာဆို ဘယ်လို ခံစားမလဲ။ ဒါကြောင့်ပေါ့ ..။ သူမက ပြောသွားခဲ့တာ။ အရာအားလုံးဟာ လက်တစ်လုံးခြား ကိစ္စတွေချည်းပဲ.. လို့။
ဒီတော့ ကိုယ်ကပြန်ပြီး လှည့်ထွက်လိုက်ဖို့ပဲ ရှိတော့တာလေ။ အမှန်က မိုးအေးအေးနဲ့ နေ့လည်ခင်းကြီး အိပ်နေမိလို့သာ ဒီလိုအိပ်မက်မျိုး မက်တာ .. ။ အဲဒီအချိန်မှာ ကျွန်တော်သာ အလုပ်လုပ်နေခဲ့ရင် ဒါမှမဟုတ်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူ ရှိနေခဲ့ရင် ဒီလို အရောင်တွေ ကျွံနေတဲ့ အိပ်မက်မျိုး အနားတောင် သီနိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် ကျွန်တော် အပြင်ထွက်ဖို့ ဆုံးဖြတ်ပြီး အိပ်ရာထဲက ကဗျာကယာ ခုန်ထ လိုက်မိတယ်။ ကောက်စွပ်လိုက်မိတဲ့ အကျီ င်္က GIORDANO SPORTSHIRT အစိမ်းရောင်။ အိပ်မက်ထဲက ကျွံထွက်နေတဲ့ အစိမ်းရောင်တွေနဲ့ ယှဉ်ရင် အများကြီး နှစ်လိုစရာကောင်းပါတယ်။ အိပ်ရာထဲက ထွက်လာတာနဲ့ မတူအောင် ရေမွှေးတော့ သုံးဥိးမှ ဆိုပြီး ရေမွှေးပုလင်းကို လှမ်းအဆွဲ .. နမော်နမဲ့ နိုင်တဲ့လက်က (သူမ ရွတ်ဆို နေကျ စကားလုံးနဲ့ဆို clumsy finger ပေါ့ ) မှန်တင်ခုံပေါ်မှာ စည်းမရှိ ကမ်းမရှိ တင်ထားမိတဲ့ ကော်ဖီခွက်ကို တိုက်မိပြီး…………
ညိုညစ်ညစ် မည်းတည်းတည်းတွေ စွန်းထင်းနေတဲ့ အစိမ်းရောင်ဟာ မျက်စိပသာဒ ဖြစ်မယ်လို့များ ခင်ဗျားထင်သလား။ အမှန်က ကော်ဖီဆိုတာ အစာအိမ်ထဲကို ဖြောင့်ဖြောင့် တန်းတန်း စီးဆင်းသွားရမှာ ..။ ခုလို လက်တစ်လုံးခြားလောက် လွဲသွားတာနဲ့ ဒုက္ခ ရောက်တော့တာပဲ။
“ ကျွတ်..”
အကျီ င်္ ကို ကဗျာကယာ ပြန်လဲပြီး အိမ်အပြင်ကို အရှိန်အဟုန် တစ်ခုနဲ့ တိုးထွက် လိုက်တယ်။ မိုးစက်တွေ ထိစိုထားလို့ အရာအားလုံးဟာ စိုလက် တောက်ပ နေရမယ့် အစား စိုထိုင်းထိုင်းကြီးတွေ ဖြစ်နေကြသလိုပဲ။ အဲဒီ စကားလုံး နှစ်လုံးရဲ့ အဓိပ္ပာယ် ကတော့ လက်တစ်လုံးခြားမကဘူး ထင်တာပဲ။ သစ်ပင်ကြီးတွေက စိမ်းကုတ်ကုတ်နဲ့။ ဟောဟိုက .. အစိမ်းရောင်ကောင်မလေးကလည်း ရသတွေ ပျက်လို့။ အဖြူနဲ့ အစိမ်းဝတ် ကျောင်းဆင်းချိန်ကလည်း လေးလံ စိုထိုင်းလို့ ..။ ဘာတွေလဲ ….။ ဘာတွေလဲ … ။
မြန်မာဘီယာ ဆိုင်းဘုတ်ကြီးတွေကလည်း စိမ်းဝေဝေနဲ့ ..။ ရီဝေတဲ့ ခံစားမှုနဲ့ အစိမ်းရောင် ဘယ်လို ဆက်စပ်တယ်ဆိုတာကို အူတူတူနဲ့ ပြန်တွေးနေမိတယ်။ သိပ်တော့ သဘာဝ မကျပါဘူး။ ဒါပေမယ့် အရာအားလုံးကို သဘာဝကျကျကြီး မျှော်လင့်နေလို့ မရဘူးဆိုတာ လည်း သိထားတာပဲ။ အစိမ်းရောင်ဟာ ညှို့ငင်နိုင်တဲ့ အရောင် တဲ့လား ….
“ နန်းမြစိမ်းနွယ် ”
သူမကတော့ ညှို့ငင်တတ်တယ်။
အစိမ်းရောင် ညှို့ငင်မှုဆိုတာ ကမ္ဘာမှာ တစ်ခုတည်းရှိတယ်။ အဲဒါ နန်းမြစိမ်းနွယ် ပဲ။ အဲဒီ မြစိမ်းနွယ် ခေတ်တုန်းကတော့ ကျွန်တော်လည်း စိမ်းစို လန်းဆန်းနေခဲ့ဖူးတာပေါ့ ..။
“ မင်း .. ဘာလို့ အစိမ်းရောင်တွေချည်း ရွေးသုံးတာတုန်း ”
“ မုန်းလို့ ”
“ ဘာရယ် ”
“ မုန်းလို့ .. ကျွန်မ အစိမ်းရောင်ကို မုန်းတယ် ”
“ မင်း နာမည် ကိုရော .. ”
“ မုန်းတာပဲ ”
“ လူတွေက ကိုယ်နှစ်သက်တဲ့ အရောင်တွေကိုပဲ ရွေးချယ်တတ်ကြတာ ”
“ ကျွန်မက သူတို့မှ မဟုတ်ဘဲ ”
“ ဒီတော့ .. မုန်းတီးမှုတွေကို မင်းက အမြဲ ဝတ်ဆင်နေတဲ့ သဘောလား ..”
“ ဒါပေါ့.. ဒါမှသာ .. ကျွန်မရဲ့ မုန်းတီးမှုတွေက ပိုအားကောင်းလာမှာ .. မဟုတ်ရင် အားဖျော့ မှိန်ဆင်းသွားလိမ့်မယ် ..”
“ မင်း နာမည်ကို ဘယ်သူပေးတာလဲ ”
“ အဖေ..”
“ မင်း အဖေကိုရော … မင်းကို အဲဒီနာမည် ပေးခဲ့တဲ့အတွက် မမုန်းဘူးလား ”
“ သူ ကိုယ်၌ က အဲဒီနာမည်ကို မုန်းတီးလို့ ပေးခဲ့တာ …”
“ မုန်းတီးလို့ ကိုယ့်သမီးကို မုန်းတီးတဲ့ နာမည်ပေးတယ် ..”
“ သိပ်ပြီး သမားရိုးကျ ဆန်တဲ့ ဖြစ်စဉ်တွေကိုချည်း မျှော်လင့် မထားနဲ့လေ သမားရိုးကျ ဖြစ်စဉ်တွေနဲ့ လူတွေက ထူးခြားတယ်လို့ထင်တဲ့ ဖြစ်စဉ်တွေဟာ လက်တစ်လုံးပဲ ခြားပါတယ်။ ”
(သေချာတာက အဲဒီတုန်းက အဲဒီစကာလုံးရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။)
“ မင်းအဖေက မင်းကိုရော မုန်းလို့လား ”
“ သူက သူတွေ့ခဲ့ဖူးတဲ့ နန်းမြစိမ်းနွယ် ဆိုတဲ့ မိန်းမကို အရမ်းမုန်းတယ် ”
မုန့်လုံးကို စက္ကူကပ်နေသလိုပဲ လို့ ပြောရအောင်ကလည်း အစိမ်းရောင် ဆီစိမ် စက္ကူကြီးနဲ့ ကပ်နေရသလို .. နောက်ဆုံးကျတော့ အစိမ်းရောင်တွေကို မုန်းတဲ့ နန်းမြစိမ်းနွယ်က ဘာအရောင်မှ မရှိတဲ့ ကျွန်တော့်ကို လမ်းခွဲခဲ့တယ်။ မုန်းလို့တော့ ဟုတ်မယ် မထင်ဘူး။ မုန်းလို့ဆိုရင် သူ့နာမည်ဟာ ခုလောက်ရှိ ကျွန်တော့် နာမည် ဖြစ်နေလောက်ပြီ ..။
“ ယောကျာ်းတစ်ယောက်နဲ့ မိန်းမ တစ်ယောက်ဟာ အတူတူတွေ့မြင်နေရမှ ချစ်လို့ရတာလား မောင် ..”
“ တစ်ယောက်ကို တစ်ယောက် ချစ်မိမှတော့ တွေ့မြင်ချင်ကြတာပဲ နွယ် ”
“ အဝေးကြီးကနေ ချစ်လို့ မရနိုင်ဘူးတဲ့လား ”
“ မဖြစ်နိုင်ဘူး ထင်တာပဲ နွယ် ”
“ ကျွန်မကတော့ ဖြစ်နို်င်တယ်လို့ ထင်တယ် မောင်လည်း သိတာပဲ ကျွန်မက ကျွန်မမုန်းတဲ့ အရာတွေကို ကျွန်မနဲ့ အနီးဆုံးမှာ ထားတယ် ”
မုန်းတီးမှုတွေ ပိုအားကောင်းလာအောင်လို့လို့ သူမပြောခဲ့ဖူးတာ သွားသတိရတယ်။ သူမ ဆက်ပြောသေးတယ်။
“ မောင် ပြောနေတာတွေက ဖြစ်ရိုးဖြစ်စဉ်နဲ့ သမားရိုးကျ ကိစ္စတွေ ..”
ဒါတွေပြီးရင် နောက်ကနေ လက်တစ်လုံးခြား ကိစ္စတွေ ကပ်ပါလာတော့မယ် ..။
“ ဒီမှာ မောင် .. အချစ်မှာ ပေါင်းရဖို့က အဓိက ကျပြီး တွေ့ဆုံနီးကပ်နေဖို့ကလည်း အရေးပါတယ်ဆိုရင် အချစ်ရဲ့ ပင်ကိုယ် တန်ဖိုးတွေ လျော့ကျသွားတော့မှာပေါ့ ”
“ ဘာရယ် ” ..လို့မအော်မိအောင် ကျွန်တော် ထိန်းထားလိုက်နိုင်ပါတယ်။
“ အချစ်ရဲ့ ပင်ကိုယ်တန်ဖိုး စစ်စစ်ကို မြှင့်တင်ဖို့ မောင်တို့ဘာလုပ်ကြရမှာလဲ နွယ် ..”
“ ကျွန်မတို့ ခွဲခွာကြရမယ် .. ဝေးနေလည်း ကျွန်မက ကျွန်မ … မောင်က မောင်ပဲ .. နီးနေရင်သာ .. မောင်ဟာ ကျွန်မ မုန်းတီးတဲ့ အရာတွေနဲ့ ရောထွေးသွားလိမ့်မယ် .. အရေးကြီးတာက ချစ်ခြင်းပဲလေ … နီးစပ်မှုနဲ့ ပေါင်းစည်းမှု မပါဝင်တဲ့ ချစ်ခြင်းရဲ့ တန်ဖိုးစစ်စစ်အတွက် ကျွန်မတို့ လမ်းခွဲကြရအောင် ..”
အဲဒီလိုနဲ့ ကျွန်တော်တို့ ဝေးကွာခဲ့ကြတယ်။
ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ကိစ္စ တစ်ခုက .. အဲဒီအတွက် ကျွန်တော် သည်းထန် နင့်သီးစွာ မခံစားရတာပါပဲ။ အမှတ်မထင် သူမကို လမ်းမှာ ပေါ့ပါးပျော်ရွှင်စွာ မြင်လိုက်ရတဲ့အခါ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလား လို့ တွေးမိတတ်ပြန်ပါတယ်။ ဒါပေမယ့် တကယ့် တကယ်ကျတော့ သူမပြောသလိုပဲ ..။ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေဟာ လက်တစ်လုံးခြား ကိစ္စတွေပဲ ဆိုတာ တဖြည်းဖြည်းသိလာခဲ့ရတယ်။
သေချာ ပြန်တွေးကြည့်မယ်ဆိုရင် ဒီညနေခင်းကလည်း သမားရိုးကျ ညနေခင်း ဟုတ်ဟန် မတူဘူး။ ကျွန်တော့်ကို ဖြစ်ရိုး ဖြစ်စဉ်တွေထဲက ခွဲထုတ်ပြီး နေ့လည်ခေ့င်းကြီး ( အလုပ်ပိတ်ရက်လည်းမဟုတ်ပါပဲ ) အိပ်ခိုင်းထားတယ်။ အစိမ်းရောင်တွေ ကျွံထွက်နေတဲ့ အိပ်မက်တစ်ခုကို ပေးတယ်။ ဟော…ခု … စိုထိုင်းထိုင်း စိမ်းအက်အက် ညနေခင်းထဲမှာ လျှောက်ရင်း အစိမ်းရောင်အတိတ်တွေကို ပြန်သတိရနေမိပြန်တယ်။ ဒါဟာ .. သမားရိုးကျ ဖြစ်စဉ်တွေပဲလို့ ခင်ဗျား ပြောမလား ..။
“ မောင်..”
ရုတ်တရက် နားစည်ထဲကို တိုးဝင်လာတဲ့ ရင်းရင်းနှီးနှီး အသံကြောင့် ကျွန်တော် ယောင်ရမ်း လှည့်ကြည့်မိတယ်။
နွယ်…
မဟုတ်သေးဘူး။
နန်းမြစိမ်းနွယ်..
အို… မဟုတ်သေးဘူး ..
အစိမ်းရောင်တွေ..။
အစိမ်းရောင်လှိုင်းတွေ…
အစိမ်းရောင်လှိုင်းတွေဟာ နန်းမြစိမ်းနွယ်လား။ မြစိမ်းနွယ်ဟာ အစိမ်းရောင် လှိုင်းတွေလား။ ကျွန်တော် ဝေခွဲမရဘူး။
“ မောင် ”
ခေါ်သံက ပိုမိုနီးကပ်လာသလို… လှိုင်းတွေကလည်း ပိုနီးကပ်လာတယ်။
“ မောင်”
ကျွန်တော် ခြေလှမ်းတွေ စတင်ဖို့ ခုမှ သတိရတယ်။
ဒါပေမယ့် … ကျွန်တော်သိပ်နောက်ကျ သွားခဲ့ပြီ။
စိမ်းရင့် ညိုမှောင်နေတဲ့ လှိုင်းလုံးတွေက ကျွန်တော့် တစ်ကိုယ်စာကို ကျော်လွန် ဖုံးအုပ် သွားခဲ့ပြီ။
ကျွန်တော် အစိမ်းရောင်တွေထဲ ပြတ်ရွေ့မျောပါသွားတဲ့အခါ .. ညနေခင်းကတော့ ဒီအတိုင်းပဲ ကျန်ခဲ့လိမ့်မယ်။ သေချာပါတယ်။ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေဟာ.. …………………

(၃)
ကျွန်တော်နဲ့ နန်းမြစိမ်းနွယ်တို့ရဲ့ နှလုံးသားဟာလည်း လက်တစ်လုံးပဲ ခြားပါတယ်။
ဒါကရော .. ထူးခြားဖြစ်စဉ်တစ်ခုလား ….။ ။

မနော်ဟရီ
9th August, 2008
September’2008 Empress Magazine



စိမ်းစိုလတ်ဆတ်ခြင်းများနှင့် စိမ်းစိုခြောက်ကပ်သွားခြင်းများ ....


မင်းအပြုံးလေးတစ်ခုရဖို့ ...
တစ်ချို့အရာတွေကို အစိမ်းရောင်ထပ်သုတ်ပြီး ..
တစ်ချို့သူတွေကို အစိမ်းရောင်ကြက်ခြေခတ်တွေ နဲ့ မှတ်သားထားလိုက်ရတယ် ...
စိမ်းစိုနူးညံ့နေတဲ့ အပြုံးတစ်ခုစာ မိုက်မဲခဲ့စဉ်တွေ ......။

အစိမ်းရောင်တွေ ပျော့တွဲကျလာတယ်
အစိမ်းရောင်တွေ စိတ်ထဲက စိမ့်ထွက်လာတယ်။
ကြားနေကြသတင်းမှာ အစိမ်းရောင်ဟာ တစ်ခုတည်းသော လိုအပ်မှုဖြစ်လာတယ်။
အပိုင်မလိုချင်တဲ့ အစိမ်းတွေနဲ့ အပိုင်မပေးလိုက်ချင်တဲ့ အစိမ်းတွေကြားမှာ ..
ငါ အသက်ရှူနေပါတယ်။

ညာဘက် လက်သူကြွယ်က အစိမ်းရောင်ကျောက်စိမ်းလက်စွပ်လေးရဲ့ စိမ်းစိုအေးမြမှုတွေ ....
လမ်းခွဲညနေခင်းတစ်ခုရဲ့ စိမ်းစိုပူလောင်မှုတွေ ...
လက်တစ်လုံးခြားနေတဲ့စိတ်ဟာ အဝေးဆုံးကိုရောက်သွားနိုင်တယ် ...
တစ် ဒီဂရီ လွဲသွားတဲ့ လေယာဉ် တွေ နောက်တစ်နေ့မှာ ပြန်မဆုံကြတော့သလိုပေါ့။

အစိမ်းရောင်ဟာ စိတ်ထဲမှာ ကပ်ညိနေတဲ့ရေညှိတစ်မျိုးလား ... နန်းမြစိမ်းနွယ် ...
စိမ်းစို အေးခဲတဲ့ သတိရခြင်းတွေနဲ့ ... စိမ်းစို အက်ကွဲတဲ့ လွမ်းဆွတ်မှုတွေရဲ့ လက်တစ်လုံးကြား ကွက်လပ်လေးထဲမှာ ...
ငါ့နာမည်ကို အစိမ်းရောင်နဲ့ ဖြည့်ထားခဲ့တယ် ....။
အစိမ်းရောင်မှတ်ဥာဏ်များ ပျောက်ဆုံးလု ...
သူ့ အပြုံး စိမ်းမြလေးတစ်ခုစာ ... အလွမ်းပစ္စယာ ဝေဒနာ ..............................။ ။

Zephyr
24th Feb 2010(@ Office)


ဝ + ၇ = ၁

Monday, February 22, 2010

ဝ + ၇ = ၁
ဆောင်းတစ်ညရဲ့အေးခဲမှုမှာ ငြိမ်သက်ခြင်းဟာ အရေပြားတစ်လျှောက် တဟုန်ထိုးစီးနေ
ဖြစ်နိုင်မယ်ဆို ခင်ဗျားလက်နဲ့ သူ့မျက်လုံးကို ပိတ်ပေးပါ
မျက်နှာ ဝှက်ထားဖို့ကြိုးစားရင်း မုတ်သုန်လေအလာကို မျှော်မိရဲ့
ငါ့ရဲ့ ကျဆုံးခန်းကို အပြိုင်အဆိုင် တစ်လက်လက်နဲ့ မှတ်တမ်းတင်ကုန်ကြပြန်ပြီ
အိမ်ပြန်ချိန်တွေ လဲလဲကျတော့ ပြေးပြေးထူမိရ
လောကရဲ့ .. တချို့သော ပြဿနာတွေဟာ ကိုယ့်အရိပ်ကိုယ်နင်းထားရတာမို့
တစ်နေ့သော ... ခပ်စောစောမှာ .. ကျီးပြိုသံတွေကြားရလိမ့်မယ် ...။ ။

မနော်ဟရီ

ဒီကဗျာလေးက ဆရာမြတ်သစ် လုပ်မယ့် မဂ္ဂဇင်းတစ်ခုအတွက် ရေးပေးဖြစ်တာပါ။ ခရောင်း၊ညီမိုင်းလင်း၊မင်းခက်ရဲ၊ ပြည့်နိုင်(ဖိုးပြည့်)၊နန္ဒမင်းနိုင်၊ နှင်းမြို့ရိုး( နိုးဝေ) ၊ထက်ခေါင် တို့ရဲ့ ကဗျာတွေနဲ့ ပြုလုပ် ထားတဲ့ collage ကဗျာတစ်ပုဒ်လည်း ဖြစ်သလို အဲဒီ ခုနှစ်ယောက်ရဲ့ ကဗျာစာအုပ်ဖြစ်တဲ့ ၀+၇=၁ မှာရေးပေးတဲ့ ကိုတာရာမင်းဝေရဲ့ အမှာမှာလည်း ဒီကဗျာကို ပြန်သုံးထားခဲ့ပါတယ်။ (အဲဒီ အမှာလေးကို လည်း အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။)
ဒါလေးကိုပြန်ဖတ်ပြီး နှင်းမြို့ရိုးတို့ ဖိုးပြည့်တို့ ထက်ခေါင်တို့ ကဗျာတွေပိုရေးလာနိုင်ပါစေ။
( ဒီထဲမှာပါတဲ့ မင်းခက်ရဲ ဆိုတာ ခုလက်ရှိ စာကြီးပေကြီးတွေ ရေးနေတဲ့ မင်းခက်ရဲ ပဲလားမသိပါဘူး။
အိအိခင် စာမူခလာထုတ်တဲ့ မင်းခက်ရဲကို ကဗျာတောင်းမိတုန်းက သူ ကဗျာမရေးပါဘူး လို့ အကြောက် အကန်ငြင်းခဲ့တာ အမှတ်ရတယ်။ တစ်ယောက်စီဖြစ်ပြီးနာမည်တူတာ ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ )

ဝ + ၇ = ၁
------------------------------
--------------- တာရာမင်းဝေ ------------------
ဆောင်းတစ်ညရဲ့အေးခဲမှုမှာ ငြိမ်သက်ခြင်းဟာ အရေပြားတစ်လျှောက် တဟုန်ထိုးစီးနေ
ဖြစ်နိုင်မယ်ဆို ခင်ဗျားလက်နဲ့ သူ့မျက်လုံးကို ပိတ်ပေးပါ
မျက်နှာ ဝှက်ထားဖို့ကြိုးစားရင်း မုတ်သုန်လေအလာကို မျှော်မိရဲ့
ငါ့ရဲ့ ကျဆုံးခန်းကို အပြိုင်အဆိုင် တစ်လက်လက်နဲ့ မှတ်တမ်းတင်ကုန်ကြပြန်ပြီ
အိမ်ပြန်ချိန်တွေ လဲလဲကျတော့ ပြေးပြေးထူမိရ
လောကရဲ့ .. တချို့သော ပြဿနာတွေဟာ ကိုယ့်အရိပ်ကိုယ်နင်းထားရတာမို့
တစ်နေ့သော ... ခပ်စောစောမှာ .. ကျီးပြိုသံတွေကြားရလိမ့်မယ် ...။ ။


တစ်နေ့မှာ ကျွန်တော့်အိမ်ကို မော်ဒန် ဂုရုကြီးတစ်ပါးက ဖုန်းဆက်လာပါတယ်။ ဆရာမြတ်သစ်ပါ။ ကျွန်တော့်ဆီက ဝတ္ထုတိုတစ်ပုဒ်၊ မနော်ဟရီဆီက ကဗျာတစ်ပုဒ် လိုချင်ကြောင်း ပြောပါတယ်။ လူနိုင်တွေမို့ အားအား မအားအား ရေးပေးရတော့မှာပါပဲ။ ကျွန်တော် မရေးရသေးခင်မှာ .. မနော်ဟရီက ရေးပြီးသွားပါပြီ.. ။ အထက်မှာဖော်ပြခဲ့တဲ့ ကဗျာလေးပါပဲ။

ပို့စ်မော်ဒန်အယူအဆ အရ အဲဒီကဗျာအမျိုးအစားကို
collage text လို့ ခေါ်ပါတယ်။ ပို့စ်မော်ဒန် သဘောတရားဆိုင်ရာ ကျမ်းစာအုပ်တွေမှာ collage text အကြောင်းပြောပြီဆိုလို့ရှိရင် ဒေါ်နယ်ဘာသမ်လ် ရဲ့ The Viennese Opera Ball (1964) A Picture History of the War (1968) တို့ကို ကိုးကားပြောဆို လေ့ရှိကြပါတယ်။ စာပေအရာနဲ့ပတ်သက်ပြီး ပန်းချီဝေါဟာရဆန်တဲ့ collage ထက်စာရင် Pastiche စကားလုံးကို တချို့ပညာရှင်တွေက ပိုမို ကြိုက်နှစ်သက်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပို့စ်မော်ဒန် အနုပညာရဲ့ စရိုက်လက္ခဏာဟာ Pastiche နဲ့ Collage ဖြစ်တယ်လို့ ပါမောက္ခ
Steinar Kvale ကဖွင့်ဆို ထားပါတယ်။ သူ့ရဲ့ ပို့စ်မော်ဒန် ခံယူချက်များ ဆိုတဲ့ ဆောင်းပါးမှာ ထည့်သွင်း ရေးသားထားတာဖြစ်ပြီး မူရင်းမှာ Postmodern Art is characterized by pastiche and collage လို့ ရေးထားပါတယ်။
Pastiche ပဲဖြစ်ဖြစ်၊ Collage Text ပဲဖြစ်ဖြစ်၊ သူတစ်ပါးရဲ့ စာသားတွေကို ကိုယ့်ဘာသာပုံစံ ကစဥ့်ကလျား တွဲစပ်ပြီး အနုပညာမြောက်အောင် ပြုလုပ်ဖန်တီးကြတာချည်းပါပဲ။

ဒဂုံတက္ကသိုလ်က ကျောင်းသားတစ်သိုက် ကျွန်တော့်အိမ်ကို ရောက်လာပြီး သူတို့ထုတ်ဝေမယ့် သုည+ခုနှစ်=တစ် ဆိုတဲ့ ကဗျာစာအုပ်လေးအတွက် အမှာတောင်းလာပါတယ်။ ဖတ်ကြည့်မိတော့ သဘောတွေ့ပါတယ်။ သူတို့ရဲ့ ကဗျာ စာကြောင်းတွေကို ကစဥ့်ကလျားဆွဲယူ ပေါင်းစပ်ပြီး မနော်ဟရီ က အထက်ပါ ကဗျာကို ရေးသားပါတယ်။

မနော်ဟရီရဲ့ ကဗျာဟာ ပို့စ်မော်ဒန် ကဗျာလို့ ဆိုကြပါစို့။ ထက်ခေါင် ညီမိုင်းလင်း ၊ပြည့်နိုင် ၊နှင်းမြို့ရိုး၊ မင်းခက်ရဲ၊ NDမင်းနိုင်၊ ခရောင်းတို့ရဲ့ ကဗျာတွေကလည်း ပို့စ်မော်ဒန် ကဗျာတွေပါပဲ။ ပို့စ်မော်ဒန် ကဗျာတွေ ရဲ့ ထုံးစံအတိုင်း ကာရန်နည်းကျ ကဗျာတွေကို သူတို့ ဆန့်ကျင်ထားပါတယ်။ တညီတညွတ် တည်းသော ပေါင်းစုမှုအသံ
( The Unified Voice) ကို သူတို့ မသုံးဘူး။ အသံပေါင်းစုံ ဖြာထွက် စေတဲ့ Multiple Voice ကို သူတို့ သုံးထာတယ်။

အဓိက အားဖြင့် လွတ်လပ်တဲ့ ခင်းကျင်းထားသိုမှု
( Open field composition) ကို သူတို့ ဆောင်ယူ တယ်။ ပိတ်ထားတဲ့ ပုံစံနဲ့ မရေးပဲ .. ဖွင့်လျက်အနေအထားနဲ့ ရေးထားတဲ့ ကဗျာတွေမို့လို့ သူတို့ အုပ်စုရဲ့ ကဗျာတွေဟာ Open Poetry အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ( ပုံစံတစ်ခုထဲမှာ ပိတ်မိနေတဲ့ ကဗျာတွေ ကို Close Poetry/ Othodox Poetry/ Mainstream Poetry လို့သုံးလေ့ရှိပါတယ်။)

ပို့စ်မော်ဒန်ကာလကြီးထဲမှာ မွေးဖွားကြီးပြင်းလာတဲ့ လူငယ်တချို့ဟာ ပို့စ်မော်ဒန် ခံစားမှုတွေကို တစ်စိပ် တစ်ပိုင်းသော်လည်းကောင်း၊ တနင့်တခဲသော်လည်းကောင်း၊ ခံယူရလေ့ရှိပါတယ်။ အဲဒီထဲမှာ သူတို့ ခုနှစ် ယောက် ပါဝင်နေတာကို တွေ့ရပါတယ်။ သူတို့တွေရဲ့ ကဗျာရေးလက်တွေဟာ ရှေ့လျှောက် ပိုပြီး တက်လာ ကြဦးမှာပါပဲ။ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကို အပြိုင်းအရိုင်း ဝင်ရောက်လာမယ့် နေ့တစ်နေ့ဟာ မကြာမီ ရောက်လာတော့မယ် ထင်ပါရဲ့။

မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ ရေးလက်စ ကဗျာဆရာတစ်ယောက်အနေနဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ် မှာရေးလာတော့မယ့် သူတို့ ခုနှစ်ယောက်ကို ကျွန်တော့်အနေနဲ့ ကြိုဆိုလိုက်ပါတယ်။
ပန်းဆိုတာ အပင်ရင်းဖက်ကို လှည့်မပွင်ဘူး တဲ့။ ပင်မရေစီးကဗျာတွေကို ကျောခိုင်းပြီးပွင့်လာတဲ့ သူတို့ပို့စ်မော်ဒန် ကဗျာတွေကို ဖတ်ရှုအားပေးလိုက်ကြပါဦး ..။ ။


February'2010 Idea

Friday, February 12, 2010

အဖွင့်ကဗျာ ... သုခမိန်လှိုင်၊မင်းခိုက်စိုးစန်၊သွေး(စစ်ကိုင်း)၊နေဆူးသစ်၊ကိုဖြိုး၊အိုင်လွယ်ပန်၊Zephyr
Your Idea .... တည်ရ
Poem Corners ....ကျော်ညိုသွေး၊ကိုနတ်၊ညီခွန်းည၊သူဝေး
Fictions .... အိန္ဒြာ၊ မယ်ကိုး၊ခင်လေးငယ်၊မိဇုစံ၊ မောင်မျိုးမင်း
Special feature.. မိုးZ
Essay .. လင်းဒီပ
တို့ပါဝင်သော idea february issue ကိုhttp://ideamagazine.blogspot.com/ တွင်ဖတ်နိုင်ပါပြီဖြစ်ကြောင်း


မေတ္တာတရားရဲ့ နဂိုနေ ရနံ့

Tuesday, February 9, 2010

မေတ္တာတရားရဲ့ နဂိုနေ ရနံ့

မေတ္တာတရားရဲ့ နဂိုနေရနံ့

သန့်စင်မြင့်မြတ်သော အဖြူရောင်စစ်စစ်

အစုန်အဆန်ရှိတဲ့ မြစ်တစ်စင်း

အဲဒီ .. ငြိမ်းအေးခြင်း ဟာ ..

မဖွဲ့သီပဲဖြစ်တည်လာတဲ့ ချစ်ခြင်း တစ်ပုဒ်လည်းဖြစ်ရဲ့ …

ကဗျာလေးက တချို့ တချို့သောသူတွေအတွက် နားလည်ရ ခက်ခဲနေနိုင်ပါလိမ့်မယ်။ ရိုးရှင်းတဲ့ စာလုံးတွေ အကြောင်းအရာတွေနဲ့ ဖွဲ့ထားပါလျက်နဲ့ နားလည်ရခက်ခဲတယ်လို့ ပြောလို့ အံ့သြမသွားပါနဲ့။ အကြောင်းအရာလေးနဲ့ စကားလုံးလေးတွေက ရိုးရှင်းပေမယ့် ရိုးရှင်းမှုနဲ့ နဂိုနေ အလှကို နားမလည်နိုင်တဲ့ မေတ္တာတရားရဲ့ နဂိုနေ ရနံ့ကို မကြုံဖူးသူတွေအတွက် နားလည်ရ ခက်နေလိမ့်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီကဗျာလေးက သားဇက် ရဲ့ မွေးနေ့အတွက် ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။

မနှစ်က easter မှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ စီဘုံးမှာ ကျားကျား ဆိုတဲ့ ဆယ်နှစ် သားလေးနဲ့ အတူ လာလာအော် တတ်တာမို့ သူ့လည်း အလွန်ဆုံးရှိ ၁၂နှစ် ၁၃နှစ်လို့ တွက်ပါတယ်။ ဒါပေမယ့် သူက ဘလော့ခ်ကြီးတစ်ခုတည်ပြီး ခန့်ခန့်ကြီး စာရေးတယ် လို့ ပြောတော့ အသက်ကို နည်းနည်းတိုးပေးလိုက်ပါတယ်။ အလွန်ဆုံးရှိ ၁၆နှစ် ၁၈နှစ်ပေါ့ လို့။

သူထားခဲ့တဲ့ ဘလော့ခ်လင့် လိုက်သွားတော့ ဟိုး သိပ်မသိခင်တုန်းက ကလစ်နှိပ်ပြီး သွားခဲ့ဖူးပြီး မဝင်ရ .. သက်ဆိုင်သူသာ ဆိုတဲ့ တံခါးကြီးကြောင့် လှည့်ပြန်ခဲ့ရဖူးတဲ့ လင့်ခ် ဆိုတာ ကို သွားသတိရပါတယ်။ အဲဒီတုန်းက သူ့ဥယျာဉ်က ဧဒင် ဥယျာဉ်ထင်ပး)) ခုတော့လည်း သူ့ဥယျာဉ်တံခါးက ပွင့်လို့ .. ( နောက်ပိုင်းလည်း ပိတ်ပါမယ် တကဲကဲ လုပ်နေလို့ မနည်း ပြောထားရတယ် … )

အဲဒါနဲ့ ဥယျာဉ်လေးထဲ လှည့်ပတ် ကြည့်မိပါတယ်။ ဒိုင်ယာရီတစ်အုပ်လို ရေးချင်တာ ချရေးထားတဲ့ ပုံစံမျိုး နဲ့ ဆင်ဆင်လေး တူနေပါတယ်။ ရယ်စရာဟာသလေးတွေကို တွေ့ရသလို တွေးစရာ အတွေးလေးတွေလည်း တွေ့ရတယ်။ အလွမ်းနံ့တွေ ခပ်ပျံ့ပျံ့သင်းနေပြီး အသည်းလည်း ကွဲထားပုံရတယ် လို့ တွေးမိပါတယ်။ သာမန်တွေ့ဖူးနေကျ ကိုယ့်ခံစားချက်လေးတွေကို မှတ်တမ်းတင်တဲ့ ဘလော့ခ်တွေနဲ့ မတူသလို ၊ ဘလော့ခ်ပိုင်ရှင်က ဘယ်လိုဆိုတာ မှန်းရခက်တဲ့ ထဲလည်းမပါပါဘူး။ ဒါဆိုရင်တော့ အသက်နည်းနည်းတော့ တိုးပေးမှ ဖြစ်တော့မယ် ဆိုပြီး အလွန် ဆုံးရှိ ၂၀ ပေါ့.. လွန်ရောကျွံရော ၂၂ လို့ တိုးပေးလိုက်ပြန်ပါတယ်။ … (အသည်းကွဲဖူးပြီဆိုတာကိုး ခေတ်ကာလ သားသမိးများနော်… )း))

နောက် သူ့ဆီမှာ အတွေ့များတာက ကဗျာတွေ … ကဗျာနဲ့ ခပ်ဆင်ဆင်တူတဲ့ စကားပြေတွေပါ။ အမေကိုလွမ်းလို့ ရေးထားတဲ့ကဗျာ၊ ချစ်သူကိုလွမ်းလို့ ရေးထားတဲ့ကဗျာ .. အသည်းကွဲကဗျာ စသဖြင့် အစုံပါပဲ။ စာလုံးတွေက လှသလို အတွေးတွေကလည်းကောင်းတယ်။ တစ်ခုပဲ ကဗျာတွေ ကို စိတ်ရှည်လက်ရှည် မဖွဲ့ဘူး။ ကဗျာအတွေးကို အသားကျသည်ထိ သိမ်းမထားဘူး။ အစိမ်းလိုက် တုံ့ပြန်ထားတာကို တွေ့ရတယ်။

သူ့ကို အဲဒါလေးပြောပြတော့ ခုနောက်ပိုင်းမှာတော့ ဒီလိုမတွေ့ရတော့ပါဘူး။ ကိုယ်ရေး ကိုယ်တာတွေနည်းလာသလို အလွမ်းတွေလည်း ပါးလျလာတယ်။ (တစ်ချက်တစ်ချက်တော့ ရေးရေးတွေ့ နေရတုန်းပဲ။ ) ပညာရှင်ဆန်ဆန် သုံးသပ်ဝေဖန်တဲ့ ဆောင်းပါးတွေ တွေ့လာရတယ်။ စာကို သေသေချာချာ professional တစ်ယောက်လို ရေးလာတယ်။ အဲဒါနဲ့ ခုလောက်ရှိရင်တော့ ဒီကလေး အသက် ၂၄..၂၅ တော့ ရှိရောပေါ့ လို့ တွေးမိလိုက်ချိန်မှာ သူက ..ခု ၂၈ နှစ် တဲ့။ ( ၂၈ နှစ်ရှိပြီဖြစ်သော ယောကျာ်းတစ်ယောက် ဘာညာ ဆိုတာမျိုးတွေရေးလို့ရတဲ့ အရွယ်ပေါ့း)) )

သူ့ကို ကဗျာလေးတွေလည်း ကူရေးပေးခဲ့ဖူးပါတယ်။ သူ့အမေရင်း မွေးနေ့အတွက် ကဗျာတွေ အများကြီး သူရေးနေတုန်းက အမေကိုလွမ်းနေတဲ့ သူ့အတွက်.. သူ့အမေမွေးနေ့မှာ ကဗျာလေး တစ်ပုဒ်ရေးပေးခဲ့ဖူးတယ်။ အလွမ်းရာသီ တဲ့။ ၂၀၀၉ သြဂုတ်လ ကလျာ မဂ္ဂဇင်းမှာ ပါသွားပါတယ်။

Blog မှာလည်း မဖွဲ့သီဖြစ်သေးတဲ့...ကဗျာ ဆိုတဲ့ပို့စ်မှာ တွဲတင်ခဲ့ပါတယ်။


အလွမ်းရာသီ


ကလေးလေးတစ်ယောက်
ပြတင်းတစ်ပေါက်စာကောင်းကင်ထဲ
တိမ်တွေဝေ့ပျံလာတာကိုငေးမောနေ
မေမေများပြန်ပါလာမလား..ပေါ့။

တိမ်တွေကရွာချလိုက်တဲ့ခါ
မိုးစက်တွေဟာကျွန်တော်ပေါ့
မေမေ့စမ်းချောင်းလေးထဲ
ခပ်ကွေးကွေးဝပ်ဆင်းပုန်းအောင်းနေလိုက်မယ်။

နွေအခါ..
မေမေ မပါမှန်းသိတော့မှ
ကျွန်တော်အငွေ့အဖြစ်နဲ့ပျံ
အမှန်တရားကိုရင်ဆိုင်လိုက်ရဦးမှာပေါ့။

မမြင်ရတဲ့တစ်နေရာကိုငေးရင်း
တစ်ကိုယ်စာငလျင်များစွာနဲ့
ကျွန်တော်လှုပ်ခတ်နေခဲ့ပေါ့
လွမ်းတယ်.မေမေ
ကျွန်တော့်ကိုစွတ်စိုစေတဲ့ သစ်ရွက်ကလေးတွေနဲ့အတူ..။

လူတွေသိပ်လွမ်းလာရင်
ဘာလုပ်တတ်ကြလဲမေမေ
အဲဒီပညာရပ်တွေဘယ်သူ့ဆီသွားသင်လိုက်ရမလဲ
မေမေလည်းတတ်မြောက်သွားပုံမပေါ်ဘူ

ခုနေခါမှာတော့
မေမေ့ရဲ့သစ်ပင်လေးကျွန်တော်လေ
မေမေ့ချစ်ခြင်းမေတ္တာတစ်ခုစာ
ရှင်သန်မြင့်မားလို့..
ဒါပေမယ့်
ကျွန်တော့်အသီးအပွင့်တွေကို
ဘယ်သူဆွတ်ခူးပေးမှာတဲ့လဲ..။

တစ်နေ့တော့
ရေခိုးရေငွေ့ကလေးကျွန်တော်
မေမေရှိရာကောင်းကင်တော်ဆီ
ခရီးထွက်လာခဲ့မှာပေါ့
ခုနေခါမှာတော့
အလွမ်းတွေနဲ့ငွေ့ရည်ဖွဲ့လို့
လေးလံလွမ်းဆွတ်နေခဲ့ပါတယ်မေမေ။ ။
မနော်ဟရီ




နောက် .. သူ့ရဲ့ အသည်းကွဲ ကဗျာတွေကို collage လုပ်ထားတဲ့ကဗျာ တစ်ပုဒ်ကိုလည်း ရေးဖြစ်ခဲ့တယ်။ ။ အဲဒါကတော့ အိုင်ဒီယာမှာ ပါသွားပါတယ်။ ချုပ်ရိုးမခိုင်သော အလွမ်း တဲ့။ သူ့ကဗျာ ငါးပုဒ်ကို collage လုပ်ထားတာပါ။ ဒီကဗျာကိုလည်း blog မှာ collage ဝတ္ထုတစ်ပုဒ်နဲ့ တွဲတင်ခဲ့ပါသေးတယ်။

ချုပ်ရိုးမခိုင်သောအလွမ်း

သတိရလိုက်တိုင်း
ချုပ်ရိုးပြေစအလွမ်းတွေ
ခရမ်းရောင်တေးသံတွေသံပြိုင်တီးမှုတ်
မိုးစုန်းစုန်းချုပ်ခဲ့ပြီ။

လရောင်တွေဖျော့ဖျော့လာတယ်
တရွေ့ရွေ့
ရင်ထဲမှာမေ့ပြီဆိုတဲ့သက္ကရာဇ်
……………………….
ခက်ခဲခဲ့ပါတယ်
…………………………………
အလွမ်းဆိုတာ
ထွက်ခွာသွားတဲ့လူနဲ့ကျန်ခဲ့တဲ့လူကြားက
စိတ်အကွာအဝေးတဲ့…..

သတိတရ
ငုပ်လျိုးလိုက်တော့
နောက်ကျသွားခဲ့ပြီ
အသက်လမ်းကြောင်းဘေးက
မှည့်နက်လေးကလှောင်ရယ်လို့။

အေးမြရက်စက်တဲ့လောင်ကျွမ်းမှု
မြူနှင်းမီးလျှံ
သွေးတိုးသံတဒိတ်ဒိတ်ကြားတယ်။

ဆွံ့အနေတဲ့အသံနဲ့အော်ဟစ်
ကျဆုံးခဲ့တဲ့နှလုံးသားအတွက်
ဓါတ်မှန်ရိုက်ကြည့်တော့
ဟောင်းလောင်းပေါက် ချိုင့်ခွက်ထဲမှာ
ပြုံးနေတဲ့ဝတ်မှုန်တစ်ခြမ်း
ပြန်ချုပ်ထားတဲ့အလွမ်းလို
ချုပ်ရိုးတွေမခိုင်ကြတော့ဘူး။
မနော်ဟရီ
( Zephyr ၏ကဗျာများဖြစ်သော
၁။နာဖျားနေသောဂီတ
၂။မီးလျှံနဲ့ ငွေ့ရည်ဖွဲ့တဲ့တိမ်
၃။ရွက်ကြွေရင်ဘတ်
၎။ချုပ်ရိုးပြေစအလွမ်းတွေ
၅။ဝိမုတ္တိအပိုင်းအစ
တို့နှင့် ဖွဲ့စည်းသည်။)


တတိယတစ်ပုဒ်ကတော့ အရာရာဟာလင်းသွဲ့ဖြာဝေ လို့ အမည်ရတဲ့ကဗျာပါ။ မြင်နေရတဲ့ သူ့အလွမ်းတွေကို ကြည့်ပြီး ကူလွမ်းပေးထားတဲ့ကဗျာပေါ့ ။ ဒီကဗျာကိုလည်း မှတ်ချက်နဲ့အတူ ကျွန်မ blog မှာတင်ခဲ့ဖူးပါတယ်။

အရာရာဟာ လင်းသွဲ့ဖြာဝေ

အမှတ်တမဲ့နဲ့လှည့်ကြည့်မိတော့
ချစ်သူ့ခြေလှမ်းများရဲ့ရနံ့
သင်းပျံ့လို့နေဆဲ………….

အလင်းသဲ့သဲ့ကိုကြားတဲ့အခါ
အိပ်မက်ပြာတို့ထပျံသွား
တစ္တေရောင်တံခါးတစ်ချပ်
ဖျတ်ကနဲ ပိတ်
တိတ်ဆိတ်မှုတွေသာ လင်းညိုကျလာခဲ့။

ကြေကွဲလွယ်တာမှန်ခဲ့ပါရဲ့
ဒါပေမယ့်
မေ့ဖို့တော့မလွယ်ခဲ့မိဘူး
သတိရမိတိုင်း ရေးခြယ်နေမိတဲ့ အိပ်မက်တွေ
စနစ်ကျစွာပရမ်းပတာဖြစ်လို့။

ဆက်ဆွဲလို့မရတော့တဲ့ပန်းချီကားတစ်ချပ်လို
ဆေးသားတွေလည်းအက်ကွဲရင့်ရော်
ကမ်းမကပ်နိုင်သေးတဲ့မျှော်လင့်ချက်တွေကလည်းဝေး
ဆုတောင်းသံတွေလည်းအေးစက်
အသက်ရှူရလည်းခက်နေခဲ့ပေါ့။

အရာရာဟာ
သံသရာအထပ်ထပ်
ပြတ်သားစွာ..ဝေးကွာသွားခဲ့ပေမယ်
အဲဒီခြေသံလေးကတော့
အရောင်တွေတောက်ပနေဆဲ။ ။
မနော်ဟရီ

နောက်ပိုင်းမှာတော့ ကျွန်မတို့ သားအမိ တစ်ယောက်ကို တစ်ယောက် တော်တော် နားလည် သံယောဇဉ်ရှိခဲ့ကြသလို သူနဲ့ ကိုကိုလည်း တစ်ယောက်ကို တစ်ယောက် ချစ်ခင်လာပါတယ်။ မဟုတ်လို့ကတော့ အမေ အရုပ်တစ်ရုပ်ပိုက်ထားတာတောင် မကြိုက်တတ်တဲ့ ကိုကိုက နောက်ထပ် သားတစ်ယောက် ၊ အကိုတစ်ယောက် ကို လက်ခံဖို့ဆိုတာ..ဘယ်လိုမှ..မဖြစ်နိုင်လို့ပါပဲ။ ဒါကလည်း သူ့ရဲ့ ငြိမ်းအေးတဲ့ မေတ္တာကြောင့်..ဖြစ်နိုင်ပါတယ်။
တကယ်တော့ ဒီသားကြီးက သိပ်ကိုငြိမ်းချမ်းတဲ့ ကလေးတစ်ယောက်ပါ ။ သူ့ကျေးဇူးနဲ့ တရားစကားတွေ အများကြီးကြားခဲ့ရသလို ဘယ်လို စိတ်ကို ထားရမယ်ဆိုတဲ့ တရားတွေကိုလည်း နာဖြစ်ခဲ့ပါတယ်။ ခုနောက်ပိုင်း နားချိန်တွေမှာ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် တရားမှတ်တတ်တဲ့ အကျင့်ကောင်းလေးလည်း ဒီသားရဲ့ ကျေးဇူးနဲ့ပဲ ရခဲ့ပါတယ်။

ည ၁၂ ရီထိုးတာနဲ့

ကောင်းသောညပါလို့

ကမ္ဘာတစ်ခြမ်းကို

ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး

ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့

ကမ္ဘာတစ်ခြမ်းမှာ

မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ

ကမ္ဘာတစ်ခြမ်းစီဟာ ..

(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...

Zephyr

အရင်တုန်းကတော့ ကျွန်မအချိန်နဲ့ သူ့အချိန်က နှစ်နာရီ သို့မဟုတ် တချို့လတွေမှာ သုံးနာရီ ကွာတတ်တာမို့ သူက ၁၂နာရီထိုးပြီ လို့ နှုတ်ဆက်တဲ့အချိန်ဟာ ကျွန်မဆီက မနက် ၂နာရီ သို့မဟုတ် ၃ နာရီပါပဲ။

ခုတော့ သူတချိန်က ရေးခဲ့တဲ့ကဗျာလေးလို ည ၁၂နာရီထိုးတာနဲ့ ကောင်းသောည လို့ နှုတ်ဆက်ပြီး အတင်းအိပ်ခိုင်းစရာမလိုတော့ပါဘူး။ ငြိမ်းချမ်းအေးမြတဲ့ ဘဝမှာ သန့်စင်တဲ့ ချစ်ခြင်းတွေ၊ သားနှစ်ယောက်ရဲ့ သံယောဇဉ်တွေနဲ့ကို ကျွန်မ ငြိမ်းချမ်းနေခဲ့ပါပြီ။

မွေးနေ့ကျရောက်တဲ့ သား ..

ဒီထက် ငြိမ်းချမ်းပါစေ။

ဒီထက်အေးမြနိုင်ပါစေ ..လို့


မနော်ဟရီ


နတ်သမီးပုံပြင် (ဇာတ်သိမ်းပိုင်း)

Sunday, February 7, 2010


(၅)

Rhiannon က ကျွန်မကို ဂရုဏာ ကြီးစွာ စိတ်ရှည်သလောက်၊ သူမ၏ မြင်းဖြူကြီး ကတော့ တကြွကြွ ဖြစ်နေလေပြီ။ ကျွန်မကို စိတ်မရှည်နိုင်သလို ကြည့်ကာ ပြန်ဖို့ရန်ပဲ အရှိန်ယူ ရုန်းကန်နေခဲ့၏။ ကျွန်မ မြင်းဖြူကြီးကို မကျေမနပ် ကြည့်လိုက်မိပြန်သည်။ မြင်းဖြူကြီးက ကျွန်မ အကြည့်ကိုသိဟန်နှင့် စူးစူးနက်နက် ပြန်ကြည့်ကာ..

“ မင်းက မကျေနပ်တာကို အကြည့်တစ်ချက်နဲ့ လက်စသပ်တတ်တဲ့သူပဲ။ ငါကတော့ အဲဒီလိုမဟုတ်တဲ့အတွက် မင်းကို ငါ ပျင်းရိနေပြီ ”

အဲဒါ ကျွန်မနှင့် မဆိုင်ပါ။ Rhiannon က သူ့ဇက်ကြိုးကို မဆွဲမချင်း သူ ပျံသန်းခွင့် မရှိပါ။ ကျွန်မ သူ့ကို မထီတရီပြုံးကြည့်လိုက်မိသည်။

“ အဲဒီလို အပြုံးတွေက အသုံးဝင်တယ်ထင်လို့လား မခံယူတတ်တဲ့သူ၊ နှလုံးသား အထူအပါး မတူတဲ့သူ ၊ ဥပက္ခာ ပြုတတ်တဲ့သူနဲ့ တွေ့ရင် မင်းရဲ့ အပြုံးက ဘာမှ အသုံးမဝင်ပါဘူး ”

ကျွန်မ မြင်းတစ်ကောင်နှင့် ဖက်ရန်မဖြစ်ဖူးပါ။ ခုတော့ ကျွန်မ တစ်ကိုယ်လုံး ဒေါသများနှင့် ဆူဝေလာသလို ခံစားရသည်။ သို့သော် သူ့စကားများသည် မှန်နေ၍ ကျွန်မတွင် ချေပရန် စကားလုံး တစ်လုံးမှ မရှိပါ။ Rhiannon ကတော့ ကျွန်မကို ရုန်းထွက် လွတ်မြောက် နိုင်ဖို့သာ နားချနေခဲ့သည်။

“ ငါကရော ဘယ်လိုကူညီနိုင်မှာလဲ ”

အသံနှင့်အတူ တိမ်လှိုင်းဖြူဖြူကြားမှထဲမှ ရွေ့မျောလာသူက …

“ အိုး ရှင်က ရေသူမလား ”

ကျွန်မ တအံတသြ ရေရွတ်မိသည်။

သူမက..

“ ဟုတ်တယ် ငါက Mermaid တွေရဲ့ နတ်ဘုရားမ Nyai Loro Kidul ဆိုတာပဲ ။ ပိစိဖိတ် သမုဒ္ဒရာ ထဲမှာနေတယ်။ ငါ့ရဲ့ သင်္ကေတက Temptation ပဲ ..”





“ ရှင် ကျွန်မကို ဘာကူညီနိုင်မှာမို့လဲ ”

သူမက ကျွန်မ စကားကို ပြုံးပါသည်။

“ မင်းက မင်းကိုယ်မင်း ဘာဖြစ်ချင်နေမှန်းမသိတဲ့သူပဲ ဒီတော့ ငါပေးနိုင်တာကိုပဲ ငါပြောရမှာပေါ့ ။ လက်ခံတာ ငြင်းပယ်တာ မင်းအလုပ်လေ ”

အလဲ့။ တယ်လည်း တရားမျှတပါလား။ ကျွန်မ ကျေနပ်သွားရသည်။

“ ပြောပါဦး ”

“ မင်းကို ဘယ်လိုလူသားကမှ မထိန်းချုပ်နိုင်တဲ့ ဖြားယောင်းသွေးဆောင်နိုင်စွမ်းတွေကို ပေးနိုင်တယ်။ မင်းလိုချင်တယ်ဆိုရင်ပေါ့ ”

ကျွန်မ ထုံးစံအတိုင်း တုံ့ဆိုင်းမနေပဲ ခေါင်းကို ခါရမ်းပစ်လိုက်သည်။

“ အဲဒါတွေကို ကျွန်မ စိတ်မဝင်စားဘူး ”

“ မင်းကတော့ အသားကျမှုတွေနဲ့ သေဆုံးခါနီးနေပါပြီ ”

“ ဘာရှင့် .. ကျွန်မက ဖြားယောင်းသွေးဆောင်ရမှာ အမုန်းဆုံးပဲ ။ ရိုးသားမှု မှန်ကန်မှု တွေနဲ့ပဲ ကျွန်မရဲ့ ရပ်တည်မှုကို လုံခြုံနွေးထွေးချင်တယ် ”

“ မင်း .. အောင်မြင်ခဲ့သလား ”

မေးခွန်းက ခပ်တိုတိုပင် ။ သို့သော် ဖြေရန် ကျွန်မ မိနစ်များစွာ တုံ့ဆိုင်း တွေဝေသွားသည်။ သေပစ်လိုက်စမ်းပါလား…။ Rhiannon ရှေ့တွင် ကျွန်မ တွေဝေနေမိပြန်သည်။ ကိုယ့်ကိုယ်ကို ကျိတ်၍ ဆဲရေးပစ်လိုက်ရုံကလွဲ၍ ကျွန်မ ဘာကိုမှ မတတ်နိုင်ခဲ့ပါ။

“ မင်းက Venus ကိုလည်း မေးခွန်းတစ်ခုနဲ့ ခါထုတ်ပစ်ခဲ့တယ်။ Sarasvati ကိုလည်း လက်မခံဘူး။ Freyja နဲ့ Oya ကိုလည်း ငြင်းခဲ့တယ်။ သေချာပါတယ်။ မင်းဟာ Estanatlehi ပြောသလို ထိုက်တန်တာနဲ့ နေခဲ့ရမှာပါပဲ ”

တဖျတ်ဖျတ် လက်လင်း တောက်ပနေသော ငွေရောင် အကြေးခွံများနှင့် သူမ၏ အမြီးကို တစ်ချက်ရမ်းခါလိုက်ကာ ထွက်သွားသောအခါ ..ကျွန်မ သူမကို ငေးကြည့် ကျန်ခဲ့ရသည်။ သူမနှင့်အတူ Rhiannon နှင့် သူမ၏ မြင်းဖြူကြီး လည်း ကျွန်မကို ထားခဲ့ကာ ပျောက်ကွယ် သွားကြပြန်သည်။

ကျွန်မက လရောင်ဖြာကျနေသော မူလတန်းကျောင်းကလေးကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်နေမိသည်။

“ မထူးပါဘူး ။ နောက်ဆုံးတော့လည်း ဒီအတိုင်း ငြိမ်ငြိမ်ကလေး စီးဆင်းနေတာ အကောင်းဆုံးပါပဲ ”

ကျွန်မ၏ ရေရွတ်သံ အဆုံးမှာ ရယ်သံလွင်လွင်ကလေး တစ်သံ ထွက်ပေါ်လာသည်။ ဂီတသံထက်ပင် နှစ်လို တပ်မက်ဖွယ်ရာကောင်းသော ရယ်သံကလေး ဖြစ်သည်။

အသံကလေးနှင့်အတူ ကျွန်မ၏ နောက်ကျောမှ သစ်ပင်ထိပ်ဖျားတွင် လေတိုးသံ တစ်ချက် ကြားလိုက်ရကာ .. ကျွန်မ ရှေ့သို့ ပန်းရင့်ရောင် ဝတ်ရုံ၊ ရွှေရောင် သရဖူ တို့နှင့် လှပ တင့်တယ်နေသော နတ်သမီး တစ်ပါးကို တွေ့လိုက်ရပြန်သည်။ မကုန်သေးပါလား။

“ ရှင်က ဘယ်သူလဲ ”

“ ငါက Gaia ပဲ”


“ အိုး … ကမ္ဘာမြေကြီးကို သက်ရှိသက်မဲ့တွေနဲ့ ပြီးပြည့်စုံသွားအောင် ဖန်ဆင်းပေးခဲ့တယ်ဆိုတဲ့ ဂရိ နတ်ဘုရားမပေါ့ ဟုတ်လား ”

Gaia က ကြည်လင်စွာရယ်ကာ ပြန်ပြော၏။

“ မင်းက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာသာ ညံ့တာ တခြားနေရာမှာတော့ တော်သားပဲ။ ဟုတ်တယ် ငါ့ရဲ့ သင်္ကေတ ကိုက The World (ကမ္ဘာမြေကြီး) ပဲ ”

“ ရှင်နဲ့ Jesus Christ နဲ့ ကမ္ဘာကို အတူဖန်ဆင်းခဲ့တာလား ”

Gaia က ကျွန်မကို အင်မတန်မှ ထူးဆန်းသော သတ္တဝါ တစ်ကောင်လို ကြည့်ကာ ရယ်၏။ သူမ ရယ်သံက စောစောကလို မကြည်လင်တော့။

“ မင်းက အဲဒီလို ကလန်ကဆန်မေးခွန်းတွေနဲ့ပဲ ဒုက္ခရောက်မယ့် ကောင်မလေးပဲ ”

“ ကျွန်မမှာ မေးခွင့် မရှိဘူးလား ”

ပါးစပ်ကသာ ထိုသို့ မေးလိုက်ခြင်းဖြစ်သည်။ စိတ်ထဲကတော့ အမေးမခံချင်ရင် မလာနဲ့ပေါ့ ဟုတွေးနေမိသေးသည်။

မေးခွင့် မင်းမှာရှိတယ်ပဲထားဦး သိခွင့် မရှိဘူး ”

“ ဘာထူးလို့လဲ ”

“ ထူးပါတယ် တချို့ကိစ္စတွေဆို မင်းမှာ မေးခွင့်တောင်မရှိပါဘူး ”

“ ဘာဖြစ်လို့လဲ ”

Gaia က ကျွန်မ မေးခွန်းကို မဖြေပါ။ အမေးနှင့်သာ တုံ့ပြန်သည်။

“ မင်း Wawalak တွေကို သိလား ”

“ အင်း သိပါတယ် Aborigine တွေရဲ့ နတ်ဘုရား ညီအစ်မလေ ..”


“ သူတို့ ဘာဖြစ်ခဲ့ကြလဲ မင်းသိမှာပေါ့ ”

“ သိပါတယ်။ Yurlungur ဆိုတဲ့ မြွေနဂါးကြီးက မျိုချထားတာကို ခံခဲ့ရလို့ အလင်းပြန်ရဖို့ နဂါးကြီးရဲ့ ဝမ်းဗိုက်ထဲကနေ ငိုကြွေးစောင့်မျှော်ခဲ့ရတယ် တဲ့”

Gaia က ကျေနပ်စွာ ခေါင်းတဆတ်ဆတ်ညိတ်၏။

“ မင်းဟာ အထွေထွေ ဗဟုသုတတော့ ရှိသားပဲ။ ခက်တာက Wawalak တွေလိုပဲ မင်းကို မျိုချဖို့ စောင့်နေတဲ့ နဂါးကြီးတစ်ကောင် မင်းနောက်မှာ ရှိနေခဲ့ပြီ။ ဒါတောင် မင်းက ကယ်တင်ခြင်းကို မလိုချင်သေးဘူး ။ မင်းကံကြမ္မာကို မင်း ပြောင်းလဲပစ်မလား .. မင်း .. မင်းဥာဏ်ပညာနဲ့ ဒါကို ကျော်လွှားသွားမလား ။ မင်းအလှ မင်းမာယာတွေနဲ့ ဒါတွေကို လှည့်စား ရှောင်လွှဲသွားမလား ။ မင်းရွေးရတော့မှာ။ ခုတော့ မင်းက မင်းကို အခွင့်အရေး လာပေးနေကြတဲ့သူတွေ အားလုံးကို ငြင်းဆန်လွှတ်နေခဲ့တယ်။ မင်း ခေါင်းမာနေတုန်းပဲ ။ မင်းဘာလုပ်မှာလဲ။ ဒီရွာကလေးက သိပ်ရိုးစင်း၊သိပ်ဖြူစင်ပါတယ်။ မင်း သူငယ်ချင်းလေး လိုရော မင်းမှာ စွန့်လွှတ်နိုင်စွမ်း ကြီးမားလို့လား။ ဒီရွာမှာ မင်းတစ်သက်လုံး နေနိုင်မှာလည်း မဟုတ်ဘူး ။ ခဏ ရှောင်တိမ်းပြေးထွက်တယ်ဆိုတာကလည်း လွတ်မြောက်မှု မဟုတ်ဘူး။ အချိန်နှောင်းမှ မင်း wawalak တွေလို ဖြစ်မှာစိုးလို့ ငါတို့က မင်းကို ကူညီဖို့ ရောက်လာကြတာ ”

ကျွန်မကို သူတို့က ဘယ်လိုဖြစ်စေချင်တာလဲ။ ကျွန်မရှေ့အနာဂါတ်က ဘာလဲ။ ဘယ်လို ကူညီချင်တာလဲ။ ကျွန်မက ဘာတွေကို တောင်းဆိုလိုက်ရင် ကျွန်မ ဘဝ ကောင်းမွန် ပြောင်းလဲသွားမလဲ။ ဒီတိုင်းနေရင်ကော ဘာဖြစ်မလဲ။ wawalak တွေလို အမှောင် အကြောင်းတော့ ကျွန်မ သိပ်မသိသေးဟု ထင်သည်။ သို့သော် ယခုထက် မှောင်သော အမှောင်ကကော ရှိပါဦးမည်လား။ ယခုပင် ညမွန်းတည့်နေခဲ့ပြီ။

ကျွန်မဘဝသည် အလင်းကို မျှော်ရမည့် ဘဝလား။ ပြောင်းလဲပစ်လိုက်ဖို့ အချိန်တန်နေပြီလား။ ထွက်ပြေးလွတ်မြောက်ဖို့ အချိန်တန်နေပြီလား။ ကျွန်မ မသိပါ။ ဆုံးဖြတ်ချက်တစ်ခု ချခါနီးတိုင်း ကျွန်မကို လာရောက် ရစ်ပတ်တတ်သောကြိုးများက ကျွန်မကို အလွန်အမင်း မွန်းကြပ်စေပါသည်။ ကျွန်မကို လာရောက် အုပ်မိုးနေသော ကျွန်မ ကြည့်ရမည့် မျက်နှာများကလည်း ကျွန်မကို အမြဲတစေ ခြောက်လှန့်နေတတ်သေးသည်။

ကျွန်မသည် သာမန်လူသား တစ်ယောက်သာ ဖြစ်ပါသည်။ သူတို့ကဲ့သို့ အနှောင်အဖွဲ့ ကင်းသူ မဟုတ်ခဲ့ကြောင်း သူတို့သိစေချငင်ပါသည်။

(၆)

“ သူက ကိုယ့်လို တစ်ကိုယ်တည်း တရားအားထုတ်ချင်စိတ်များ ရှိနေမလား Gaia ”

ဖြူဖွေးဆွတ်နေသော ယုန်ကလေးတစ်ကောင်နှင့် ကျွန်မဆီ တရွေ့ရွေ့ မျောလွင့်လာသည့် အေးချမ်း ငြိမ်သက်လှသောမျက်နှာပိုင်ရှင်လေးကို တွေ့လိုက်ရသည်။

“ ရှင်က ကွမ်ရင် မယ်တော် ဆိုတာလား ”

ကြားဖူးနားဝထဲမှာပင် ကွမ်ရင် မယ်တော်ဘေး၌ ယုန်တစ်ကောင်ရှိနေသည်ဟု မကြားဖူးတာ ကျွန်မ သိနေသည်။ ထင်သည့်အတိုင်း သူမက ခေါင်းခါသလို Gaia က ဒါကျ မသိပြန်ဘူးလား ဟူသော အကြည့်နှင့် ကြည့်ပါသည်။ ပြီးမှ..

“ သူက ချန်အို( Chang O ) တဲ့။ တရုတ်လူမျိုးတွေရဲ့ လနတ်ဘုရားမပေါ့။ သူ့မှာ အဖော်ဆိုလို့ ယုန်လေးတစ်ကောင်တည်းနဲ့ နေထိုင်ပြီး ဘဝရဲ့ ရှုပ်ထွေးမှုတွေကို တရား မှတ်ရှုနေတဲ့သူပေါ့။ သူ့ရဲ့ သင်္ကေတက contemplation လေ”

“ မင်းရော တရားအားမထုတ်ချင်ဘူးလား ”

ချန်အိုက ညင်သာစွာမေး၏။

တရားအားထုတ်သည် ဆိုသော ဝေါဟာရသည် ကျွန်မနှင့် အတော်လေး စိမ်းဝေးလှပါသည်။ ဘာသာတရား တော်တော်များများတွင် သူ့နည်းနှင့်သူ တရားအားထုတ်ခြင်းတော့ ရှိကြသည်ပင်။ လောလောဆယ်တော့ ကျွန်မက တရား ထိုင်နိုင်သူ တစ်ယောက် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါ။ ကျွန်မ၏ စိတ်များသည် တစ်ခုခု တိမ်းစောင်းလွဲချော်သွားမှာကို စိုးရိမ်စိတ်နှင့် ဘယ်လိုမှ မငြိမ်းအေးနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ကျွန်မသည် ဘာကိုမှ လွယ်လင့်တကူ လက်မခံလိုသော ကြောင်းကျိုးမဲ့ ခေါင်းမာတတ်သည့် မိန်းကလေးလည်း ဖြစ်သည်။

ကျွန်မ သူငယ်ချင်း ပြောခဲ့သလိုပင် …

“ မေခ .. နင်က မေခမြစ်ရေအတိုင်းပဲ ။ ကျောက်ဆောင်တချို့နဲ့ သိပ်လျို့ဝှက်တယ်။ ရေစီးသန်တယ်။ အေးစိမ့် နက်ရှိုင်းတယ်။ အစိုးမရဘူး။ ဘာမှန်းကို မသိဘူး ” .. တဲ့။

ထိုမှတ်ချက်လေးက မှန်သင့်သလောက် မှန်ပါလိမ့်မည်။ ကျွန်မလည်း ကျွန်မ ကိုယ်ကို ဘာမှန်း မသိသေးသောကြောင့် ဖြစ်သည်။ သို့သော် သေချာတာက မေခ မြစ်ရေသည် သဘာဝက ဖန်တီးထား၍ ဖြစ်သလို ကျွန်မသည်လည်း ဘဝပေးအခြေအနေနှင့် ကံကြမ္မာ၏ ဖန်တီးထားမှုကြောင့် လျို့ဝှက် အေးစိမ့် ခဲ့ရသူသာ ဖြစ်ပါလိမ့်မည်။

“ အင်းလေ.. မင်းငြိမ်းချမ်းချင်တဲ့အခါ လရောင်ကို ကြည့်လိုက်ပါ။ လရဲ့အရိပ်မှာ ငါရှိနေပါတယ်။ မင်းအတွက် ငြိမ်းအေးမှုတွေဘယ်လိုရယူရမယ်ဆိုတာ ကူညီဖို့ ငါ အသင့် ရှိနေတယ်နော် ”

ယုန်ဖြူလေးကတော့ သူမဘေးတွင် ငြိမ်သက်စွာ ဝပ်လျက်။

ရုတ်တရက် နေ့လည်ခင်း အလင်းရောင်တမျှ လင်းချင်းလာသောကြောင့် ကျွန်မတို့ အလန့်တကြား မော့ကြည့်မိကြသည်။ ဒစ္စနေကမ္ဘာမှ Donald Duck အော်သလိုပင် “ အိုး အို ” ဟု ကျွန်မ အော်လိုက်ချင်ပါသည်။ ဘယ်နတ်ဘုရားမနှင့်မှ မတူသော ထူးဆန်းသည့် နတ်သမီးသုံးဖော်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ သူမတို့သည် လိမ္မော်ရောင် ခရမ်းရောင် အပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကာ ရှည်လျားသော ကျစ်ဆံမြီးကြီး လေးချောင်းစီကိုလည်း ကျစ်ချထားကြသေးသည်။ ခေါင်းတွင်သရဖူများလည်း ပါ၏။

“ ရှင်တို့က အသက်စောင့် နတ်သမီးတွေလား ၊ တစ်ယောက်က အသက်ချည်မျှင်ကို ယက်တယ်။ တစ်ယောက်က တိုင်းတယ်။ တစ်ယောက်က ကတ်ကြေးနဲ့ ဖြတ်တယ်ဆိုတဲ့ နတ်သမီးတွေလား ”

သူတို့သုံးယောက်လုံး ခေါင်းကို ခပ်သွက်သွက်ခါ၏။

“ မဟုတ်ဘူး။ ငါတို့က ဇိုရာ(Zora) သုံးဖော်ပဲ နေနတ်သားရဲ့ အစောင့်အကြပ်တွေပေါ့ နေ (sun) ကို ကိုယ်စားပြုကြတယ်။ တစ်ယောက်က ဆင်ခြင်ဥာဏ် အလင်းကိုပေးတယ်။ တစ်ယောက်က ဖန်တီးမှု အလင်းကို ပေးတယ်။ တစ်ယောက်က ပွားစီးမှု အလင်းကို ပေးတယ်။ မင်းက ဘာလိုချင်သလဲ ”


“ ကျွန်မ .. အဲဒီသုံးခုလုံးကို လိုချင်ခဲ့ဖူးတယ်။ ရှိလည်းရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ ကျွန်မအတွက် ဆေး မဟုတ်ဘူး ”

“ မင်းက ဆေးရှာနေတာလား ”

“ အဲလိုတော့ မဟုတ်ပါဘူး ”

“ ဒါဖြင့် ဘာလဲ ”

“ ကျွန်မ …”

ကျွန်မ ထုံးစံအတိုင်း ဘာဆက်ပြောရမှန်း မသိခဲ့ပါ။ ဆွံ့အသူ တစ်ယောက်ပမာ သူတို့၏ သရဖူများပေါ်တွင် စီခြယ်ထားသော ပတ္တမြား စိန်ပြာနှင့် ခရမ်းစွဲများ၏ ကာလတန်ကြေးကို မိန်းကလေးပီသစွာ တွက်နေမိသည်။ ဇိုရာသုံးဖော်အနက်မှ ခရမ်းရောင်ဆင်မြန်းထားသူက

“ မင်း တကယ်ရှာနေတာကလည်း ဆေး မဟုတ်ပါဘူး။ မင်းက ရှောင်လွှဲလို့ကောင်းအောင် ခေါင်းစဉ်တပ်ပြနေတာပါ ”

မှန်နေသောကြောင့် ကျွန်မ ဘာမှ ပြန်မပြောမိပါ။ အပြာရောင် နတ်သမီးကမူ ..

“ တကယ်တော့ မင်းခံစားနေရတာတွေကို အသိဥာဏ် အလင်းနဲ့ ကုစားရင်လည်း ရနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်သလဲ ဘာလိုချင်သလဲ သိဖို့နဲ့ ရအောင် ယူတတ်ဖို့ပဲ ။ ခုဟာက မင်းက ပေးကားပေး၏ မရ .. ဆိုတာမျိုး ဖြစ်နေတယ်။ မင်းကို မင်းမိဘတွေက ဘယ်လို နက္ခတ်နဲ့များ ယှဉ်မွေးလာလဲ မသိဘူး ”

ကဗျာဆရာ ဝင်းမောင်ရဲ့ ကဗျာထဲကလို ဝိသာခါ နက္ခတ် ရာဟုဓါတ် စီးတဲ့ အချိန်လို့ ပြောလိုက်ရ မကောင်းရှိတော့မည်။ လိမ္မော်နီရောင်ကမူ ဘာမှ မပြောချေ၊ သူတို့အစား ကျွန်မ ပင်ပမ်းလေးလံလာသည်။ သူတို့ကိုလည်း အားနာလာသည်။ သူတို့က ကျွန်မကို ကယ်တင်ချင်သည်။ ကူညီချင်သည်။ ကျွန်မက အသားကျနေမှု တစ်ခုထဲမှ ပိုကောင်းရန် သော်လည်းကောင်း၊ ပိုဆိုးရန်သော် လည်းကောင်း၊ ရင်ဆိုင်ရန် အားအင် မရှိတော့တာ သူတို့ မသိချေ။ အနာကျက်စ ကြောင်တစ်ကောင်လို ဒါဏ်ရာရစဉ်က ခိုအောင်းခဲ့သော ချောင်လေးတစ်ချောင်မှာပဲ တိတ်ဆိတ် လုံခြုံနေချင်သည်။

Gaia က သက်ပြင်းတစ်ချက်ကို ခပ်မွမွလေးချ၏။ သူမ၏ ဂရုဏာမျက်ဝန်းများနှင့် ကျွန်မကို ကြည့်ကာ ..

“ မင်းဆီ ရောက်လာကြဦးမယ့် နတ်ဘုရားမတွေ ရှိသေးတယ်။ ငါကတော့ မင်းကို နားလည်သင့်သလောက် နားလည်နေပြီလို့ ယူဆတဲ့အတွက် သူတို့နဲ့ တွေ့လိုက်ပါဦး ”

Gaia က သူမလက်ထဲမှ ပုဝါရှည်ကြီးကို ဝှေ့ရမ်းလိုက်သောအခါ နတ်သမီး ငါးပါးကို တွေ့ရသည်။ ပထမဆုံး နတ်ဘုရားမကို ကျွန်မ သိပါသည်။စောစောက ကျွန်မ Chang O နှင့်မှားသော ကွမ်ရင် ဖြစ်သည်။ ဒုတိယ နတ်ဘုရားမကိုတော့ ကျွန်မ မသိပါ။ ဖက်ဖူးစိမ်း ရောင် ဝတ်စုံပေါ်တွင် ခရမ်းပြာရောင်ဝတ်ရုံကို ခြုံရုံထားသည်။ လက်ထဲတွင် အင်မတန် အရည်အသွေးကောင်းလှသည့် ပတ္တမြားသုံးလုံး လက်ကိုင်တွင် စီခြယ်ထားသည့် ဓားတစ်လက်ကို ကိုင်ထား၏။ တစ်ဦးတည်းသော ဓားကိုင်သည့် နတ်ဘုရားမပင်။ သို့သော် သူမက သိပ်သည်းစွာ လှ၏။

“ ငါ့ကို မသိဘူး မဟုတ်လား ”

သူမ ကျွန်မ စိတ်ကိုသိသည်ထင့်။ မေးလာ၏။

“ ဟုတ်ကဲ့”

“ ငါက Gwenhwyfar ပဲ။ Judgment ကို ကိုယ်စားပြုတယ်။ လူတွေက ငါ့ကို တရားမျှတ တဲ့ စီရင်ချက်နဲ့ အသိပညာအတွက် ကိုးကွယ်ကြတယ်။ မင်း ဘာများလိုအပ်နေသလဲ ။ ကူညီဖို့ လာခဲ့တာပါ ”


“ ကျွန်မ သိပ်ဒုက္ခရောက်နေလို့လားဟင် ”

ကျွန်မ တအံ့တသြပင် မေးလိုက်မိသည်။

“ မင်း ဒုက္ခရောက်နေတယ်လို့ မင်းကိုယ်မင်း မယူဆရင်တော့ မေးချင်ပါတယ်။ ငါ့လိုပဲ အရာအားလုံးအတွက် ကိုယ့်ကိုယ်ကို စတေးနိုင်ပြီလား ”

ကွမ်ရင်က ကျွန်မကို အင်မတန်နူးညံ့ချိုလွင်သည့် အသံနှင့် ဝင်မေးခြင်းဖြစ်သည်။ ကျွန်မ ခေါင်းခါမိသလားမသိ။

“ ကျွန်မ အရာတော်တော်များများကို စွန့်လွှတ် ဆုံးရှုံးခဲ့ရပြီးပြီ ၊ ကျွန်မရဲ့ ကံကြမ္မာ တချို့ကို စတေးခဲ့ရပြီးပြီ ။ ကျွန်မကိုယ် ကျွန်မတော့ မစတေးနိုင်တော့ပါဘူး။ ထိုက်တန်မှု ရှိတယ် တရားတယ်လို့ ထင်ကြလို့လား ”

ကွမ်ရင် ကတော့ပြုံးပါသည်။ သူကတော့ Sacrifice ကို ကိုယ်စားပြုသူကိုး။


“ စိတ်ထင်မြင်ချက် အားလုံးဟာ ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်။ ကိုယ်က ထိုက်တန်တယ် ထင်ရင် ထိုက်တန်မှာပဲ။ ကိုယ်က ကျေနပ်ရင် ကျေနပ်စရာ ကောင်းပါတယ်။ မကျေနပ်ရင် တော့ဒါဟာ ဒုက္ခတွေပဲပေါ့ ”

Kuan Yin နှင့် Gwenhwyfar တို့၏ စကားများကြားတွင် ကျွန်မ ဝင်္ကဘာမိနေတော့သည်။

(၇)

ဝင်္ကပါထဲမှ ကျွန်မ ရုန်းထွက်ရန် အစပေးသူမှာ ကျွန်မ အလွန်စိတ်ဝင်စားခဲ့သည့် အီဂျစ်တို့၏ ပိရမစ်နံရံမှ ဝတ်စားဆင်ယင်မှုမျိုးနှင့် ရှိနေသော နတ်ဘုရားမပင် ဖြစ်သည်။ ပုခုံးထက်တွင် သိမ်းငှက် တစ်ကောင်ပါလာပြီး လျို့ဝှက်သိပ်သည်းသော မျက်နှာကို ပိုင်ဆိုင်၏။ သူမ လှပပုံက ပဟေဠိ ဆန်လွန်းလှလေသည်။

“ ဒါနဲ့ သူက အီဂျစ်ဖက်က နတ်ဘုရားမလား ”

“ သိပ်နီးစပ်ပါတယ် သူက အိုက်ဇစ်( Isis) လေ ”


ကွမ်ရင်က ဖြေပေးခြင်းဖြစ်၏။

“ ဘုရားရေ သူက Isis လား၊ ကျွန်မ ကောင်းကောင်းသိတာပေါ့ ”

အိုက်ဇစ်က မပြုံးပါ။ ကျွန်မကို မည်သို့မှလည်း မတုံ့ပြန်ပါ။ အတန်ကြာတော့မှ ..

“ မင်းက ဘာတစ်ခုမှ မလိုချင်ဘူးဆိုတော့ magic power ကိုရော မင်းမလိုချင်ဘူးလား ။ ငါက magic ကို ကိုယ်စားပြုတယ်လေ။ သိပ်တော့ မထင်ပါဘူး ”

သူမကတော့ ကျွန်မကို လျှော့တွက်ထားပုံရပါသည်။

“ magic power က ကျွန်မ ဘာလုပ်လို့ရမလဲ ”

ကျွန်မ၏ အူကြောင်ကြောင်နိုင်လှသော မေးခွန်းကြောင့် Isis ဒေါသ ထွက်သွားပုံရသည်။ အလွန်စူးရှ နက်နဲသော မျက်ဝန်းများနှင့် ကြည့်ကာ ဘာမှ မပြောတော့ပဲ ကျွန်မရှေ့မှ ထွက်ခွာသွားတော့သည်။ ပုခုံးပေါ်မှ သိမ်းငှက်ကြီးကလည်း “ ဂီး ” ဟု စူးရှရှ အသံ တစ်ချက်ပေးကာ လိုက်ပါသွား၏။

ကျွန်မ သက်ပြင်းကို အသာချမိသည်။

တကယ်တော့ magic power နှင့် လှည့်စားခြင်းသည် လှည့်စားခြင်းသာဖြစ်၏။ တကယ့် အစစ်အမှန်မဟုတ်ပေ။ တကယ့် အစစ်အမှန်များ ကျတော့လည်း၊ ကျွန်မအတွက် ခြေချော် လက်ချော်ပင် အကောင်းဘက်မှ မလာပါ။

“ မင်း ပျော်မယ်ထင်ရင် ငါနဲ့ လိုက်ခဲ့လို့ ရပါတယ် ”

“ ပျော်မယ် ထင်ရင် ”

ကျွန်မ ထိုစကားစုကို မျက်ဝန်းအဝိုင်းသားနှင့် ရေရွတ်တော့ ဒိုင်ယာနာ ( Diana ) ဟူသော လနတ်သမီးက ကျွန်မကို ပြန်မေးသည်။


“ ပျော်ရွှင်မှုဆိုတာ မင်းမသိဘူးလား၊ ငါကတော့ တောကစားထွက်ရတာပျော်တယ်။ ပြီးတော့ အပြစ်မဲ့တဲ့ သတ္တဝါလေးတွေကို စောင့်ရှောက်ရတာလည်း ကျေနပ်တယ် ”

သူ့ ဝါသနာနှင့် ပျော်ရွှင်မှုကလည်း တစ်မျိုးပင်။ တောကစားထွက်သတဲ့။ အပြစ်မဲ့ သတ္တဝါ တွေကို စောင့်ရှောက်သတဲ့။ ဆန့်ကျင်ဘက် နှစ်ခုပင်။ ကျွန်မကတော့ သူမနှင့် အတူပါလာ သော အမဲလိုက်ခွေးကြီးများကိုသာ တအံတသြ ကြည့်နေမိသည်။ ဖြစ်နိုင်လျင် သူမလက်ထဲမှ လှပ ခန့်ညားပြီး အလွန်အသုံးဝင်မည့် “ လေး ” ကြီးနှင့် အမဲလိုက် ခွေး တစ်ကောင်တော့ လိုချင်ပါသည်။ သူမပြောသော ပျော်ရွှင်မှုအတွက်တော့ မဟုတ်ပါ။ အသုံးတည့်မည့် အချိန် တစ်ချိန်ချိန်အတွက် ဖြစ်ပါသည်။

“ ကျွန်မကတော့ ပျော်ရွှင်မှုဆိုတာ တစ်ခါမှ မခံစားဖူးသလိုပဲ ”

“ မင်းက တရားရနေသူလည်း မဟုတ်ဘူး ။ ပြီးပြည့်စုံနေသူလည်း မဟုတ်ဘူး။ လူဆိုတာ ငိုဖူးရင် ရယ်ဖူးရမှာပေါ့။ ဝမ်းနည်းဖူးရင် ပျော်ဖူးရမှာပေါ့ ”

“ ဟုတ်လား၊ လောကနိယာမကြီးက အဲဒီလိုလား ၊ ကျွန်မ မသိခဲ့ပါဘူး။ နာကျင် ဆုံးရှုံးခဲ့ ဖူးရင်ကော ကျွန်မ ဘာပြန်ရမှာလဲ ”

Diana နတ်သမီးသည် ကျွန်မကို အရှုံးပေးသွား၏။ ကျွန်မ စကားကို ဘာမှ ပြန်မပြောတော့ပဲ ဂျူနို ( Juno) ကိုသာ လှည့်၍ ပြောသွားခဲ့သည်။

“ မင်းကိုတော့ ဂျူနို့ လက်ထဲပဲ ထားခဲ့ရတော့မှာပဲ ”

“ အဲဒါ အကောင်းဆုံးပါပဲ ”

တညီတညွတ်တည်း ထောက်ခံကာ Gaia, Zoya သုံးဖော်၊ Kuan Yin, Gwenhwyfar နှင့် Diana တို့အားလုံး ကျွန်မရှေ့မှ ထွက်ခွာသွားကြတော့သည်။

တည်ငြိမ်ရင့်ကျက်ဟန်ရှိပြီး ကျက်သရေရှိလှသော ဂျူနိုက ကျွန်မကို မမှိတ်မသုန် ကြည့်နေသည်။ သူမ၏ အကြည့်များတွင် တစ်စုံတစ်ရာသော အားများ ပါနေသလို ကျွန်မ ရင်မဆိုင်နိုင်ပါ။ ထူးထူးဆန်းဆန်း သူမနှင့်အတူ မြန်မာ့ကဒေါင်းကြီးတစ်ကောင် ပါလာသဖြင့် ကျွန်မ ဒေါင်းကြီးကိုသာ ငေးကြည့်နေမိတော့သည်။


ဒေါင်းကြီးက စိမ်းဖန့်ဖန့်နှင့်။

ကျွန်မတို့ အတန်ကြာ တိတ်ဆိတ်နေမိကြသည်။

လရောင်ဖြာကျနေပုံကအစ တစ်စ တစ်စ ချောက်ချားဖွယ်ရာ ကောင်းလာသည်ဟု ခံစားရသည်။ သူမသည် နောက်ဆုံးသော နတ်ဘုရားမဖြစ်လိမ့်မည်။ ကျွန်မသည် ကြယ်တာရာ အစင်းစင်းနှင့်လွဲချော်ခဲ့သူလား။ ဘယ်သူမှ မရနိုင်သော အခွင့်အရေးကို ရခဲ့ သော်လည်း ကျွန်မ လက်မခံနိုင်လောက်အောင်ပင် ကျွန်မ နှလုံးသားများက အသားကျ နေခဲ့ပြီလား။ ကျွန်မ မျက်ရည်ဆိုသော အရာကို မုန်းပါသည်။ တကယ်တော့ ထိုမျက်ရည် များသည် အများတကာက သမုတ်သလို လက်နက်မဟုတ်ပါ။ နာကျင် ကျဆုံးခြင်း၏ ကမ္ဗည်းကျောက်စာဖြစ်သည်။

ခု ဘာကြောင့်မှန်းမသိ။ ကျွန်မ အမြင်အာရုံများ မှုန်ဝါး ဝေသီလာခဲ့သည်။ မျက်ရည်တော့ မဖြစ်နိုင်ပါ။ ကျွန်မက နာကျင်မှုကို ကမ္ဗည်းတင်ချင်သူ မဟုတ်ပေ။ နှင်းငွေ့နှင်းရိပ်များ ဖြစ်နိုင်ပါသည်။ မြန်မာပြည်မြောက်ပိုင်းဒေသသည် နွေဦးပေါက်ထိ အေးမြနေတတ်သည် မဟုတ်ပါလား။

“ မြစ်ကလေးရေ ”

နူးညံ့ ညင်သာ၍ ကြည်လင်သော အသံသာသာလေးကြောင့် ကျွန်မ ပြန်ကြည့်လိုက်မိသည်။ သူမက ကျွန်မကို မြစ်ကလေး တဲ့။ ဟုတ်တာပေါ့။ အမိုင်ခ သည် ဧရာဝတီ၏ အစဖြစ်သည်လေ။

“ မင်း ရပ်တံ့နေလို့ မရဘူး။ ဆက်စီးဆင်းနေရဦးမှာပဲ။ အဲဒီအခါမှာ အသားကျမှုတွေကို ကောင်းကောင်းဆိုးဆိုး မင်း စွန့်လွှတ်ရလိမ့်ဦးမယ်။ ကံကောင်းခြင်းတွေကိုလည်း မင်း ထပ်ကြုံတွေ့ရဦးမှာပဲ။ ကံဆိုးခြင်းတွေကိုလည်း မင်းရင်ဆိုင်ရဦးမှာပဲ။ မင်းရင်ဆိုင်ခဲ့ဖူးပြီးပြီ လေ..ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဟိုးမှာ တွေ့လား နေထွက်တော့မှာ၊ ဘယ်သူမဆို အမှောင်ဟာ အမြဲတမ်း ဖုံးလွှမ်းမနေပါဘူး ”

“ wawalak တွေ..”

“ မင်းက wawalak တွေ မဟုတ်ဘူးလေ ”

“ ဒါပေမယ့် ကျွန်မနောက်မှာ Yurlungar လို နဂါးကြီးတစ်ကောင် ပါးစပ်ဖြဲ စောင့်နေတယ်လို့ Gaia က ပြောတယ်လေ ”

ကျွန်မ စကားကြောင့် Gaia က ဂရုဏာသက်စွာ ပြုံး၏။ ပြီးမှ ..

“ အဲဒီ နဂါးကြီးကို ဖြိုခွင်းနိုင်မှာလည်း မင်းပဲ။ အဲဒီနဂါးခံတွင်းထဲ ခုန်ချနိုင်တာလည်း မင်းပဲ မင်းမှာ ဆင်ခြင်ဥာဏ် ရှိပါတယ်။ ငါကတော့ မင်းနဲ့အတူ အမြဲတမ်း ရှိနေမှာပါ ”

“ ရှင် .. ဘာဖြစ်လို့လဲ ”

“ ငါက မင်းနဲ့မှ မဟုတ်ပါဘူး ကမ္ဘာပေါ်က အမျိုးသမီးတိုင်းရဲ့ ပထမဆုံး ဝင်သက် ထွက်သက်ကနေ နောက်ဆုံးထွက်သက်ထိ ငါ သူတို့နဲ့အတူရှိနေ စောင့်ရှောက်နေပါတယ်။ မင်းလည်း မလွတ်မြောက်ပဲ ထွက်ပြေးနေမယ့် အတူတူ ရင်ဆိုင်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါ။ ပြောင်းလဲစရာရှိတာတွေကို မတုံ့မဆိုင်း ပြောင်းလဲပစ်လိုက် စမ်းပါ ။ အသိဥာဏ်ရှိပြီး တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမ တစ်ယောက်အတွက် ဘာက အလိုအပ်ဆုံးလဲဆိုတာ မင်း ရွေးချယ်တတ်လိုက်စမ်းပါ ။ မင်း မညံ့ပါဘူး။ ငါယုံပါတယ် ”

ကျွန်မ သူမကို ဘာမှ ပြန်မပြောမိပါ။ Juno က ဒေါင်းတောင် စိမ်းဖန့်ဖန့်လေးတစ်ခု လက်ထဲထည့်ပေးကာ ကျွန်မခေါင်းကို အသာပွတ်သပ်လျက် ပြော၏။

“ ငါတို့ဟာ မိန်းမသားတွေဖြစ်တယ် ဆိုတာကိုတော့ မမေ့နဲ့။ ဒါဟာ ပျော့ညံ့ဖို့ မဟုတ်ဘူး မာကျောဖို့ ပြောတဲ့ အမှာစကားပဲဖြစ်တယ်။ မိန်းမဆိုတာ ပန်းတော့ပန်းပေါ့။ ဒါပေမယ့် သံမဏိပွင့်ဖတ်တွေနဲ့ တည်ဆောက်ထားတဲ့ ပန်း ဖြစ်ရမယ်။ ဒါကို မင်း မမေ့ပါနဲ့ ”

Juno က ကျွန်မကို နှစ်သိမ့်ပြုံး ပြုံးကာ ကျွန်မထံမှ ပြန်လည် ထွက်ခွာသွားတော့သည်။ သူမ ထွက်ခွာသွားချိန်တွင် အရှေ့ဆီမှ ရောင်နီစများပင် သန်းလာခဲ့ပြီ။ ကျွန်မကတော့ လက်ထဲမှ ဒေါင်းတောင်လေးကိုကြည့်ကာ ကျွန်မကိုယ် ကျွန်မ ပြန်လည် နားချနေမိသည်။ တစ်ခါတစ်ခါတော့ ကိုယ့်ကိုယ်ကို နားချ အယုံသွင်းရခြင်းသည် အခက်ခဲဆုံး ဖြစ်နေတတ်သည်။

ကျွန်မ တစ်ညလုံး တစ်စက်မှ မမှေးခဲ့ရ။

ခု နေရောင်များ ဖြာကျလာခဲ့ပြီ။

နေရောင်ခြည်များကိုရော ကျွန်မ ယုံကြည်လို့ ရနိုင်ပါမည်လား။

ကိုယ့်ကိုယ်ကို သေချာမှု ရယူရပေဦးမည်။

(၈)

“ မေခ နင် ဘာလုပ်နေတာလဲ ”

မှီလျှော့ထားသော ပင်စည်မှ ခွာကာ ကြည့်လိုက်တော့ ကျွန်မ သူငယ်ချင်း စိုလတ်ကို တွေ့လိုက်ရသည်။

“ ဟို အင်း .. ဘာမှ မလုပ်ပါဘူး ”

“ ဘာမှ မလုပ်ဘူး ဟုတ်လား ။ ခါတိုင်း ဒီအချိန် နင်က အိပ်ရာထတတ်တာမှ မဟုတ်တာ မှန်းစမ်း .. နင့်လက်ထဲက ဘာလဲ ”

ပြောပြောဆိုဆို ကျွန်မ လက်ထဲမှ ဒေါင်းတောင်လေးကို ဖျတ်ကနဲ လှမ်းဆွဲယူသွားသည်။

“ ဒေါင်းတောင်လေးပဲ ။ နင် ဗမာပြည်က ယူလာတာလား ”

“ မဟုတ် .. အဲ .. ဟုတ်တယ် ”

ကျွန်မအဖြေကြောင့် စိုလတ်က ကမန်မကို မသကာင်္သလို ကြည့်ပါသည်။

“ နင် ဘာဖြစ်နေလဲ ”

“ ဘာမှ မဖြစ်ပါဘူး ”

“ ဒါဆို ဒီလောက်အစောကြီး ဒေါင်းတောင် တစ်ချောင်းကို ကိုင်ပြီး နင်ဘာထိုင်လုပ်နေတာလဲ အေးကအေးနဲ့ ”

ထုံးစံအတိုင်း ဥာဏ်နီဥာဏ်နက်များကို ကဗျာကယာ စုယူရသည်။

“ သြော် … မနက်စောစော တစ်ခါမှ မထဖူးဘူး မဟုတ်လား။ ဒါကြောင့် မနက်ခင်းရဲ့ ရှုခင်းကို ငါထကြည့်နေတာ။ ဘာလို့လဲဆိုတော့ ဒီရွာကလေးရဲ့ နံနက်ခင်းကို ငါ မခံစားလိုက်ရမှာစိုးလို့။ ငါ နောက် နှစ်ရက် သုံးရက်နေရင် ပြန်တော့မှာလေ။ ”

“ ဟင် .. ဘယ်လိုဖြစ်ရပြန်တာလဲ ။ နင်ပြောတော့ နှစ်လ သုံးလ နေမှာဆို ”

“ အင်း .. ဟုတ်တယ်။ ခုတော့ မဟုတ်တော့ဘူး ”

စိုလတ် ကျွန်မကို မသကာင်္သလို ကြည့်ပြန်ပါသည်။ သူ့ မသကာင်္ခြင်းက ကျွန်မကို စိတ်မှ နှံ့ရဲ့လားဟူသော အကြည့်မျိုးဟု ကျွန်မ ခံစားရလျက်က မသိချင်ယောင်ဆောင် နေလိုက်သည်။

“ အဲဒါ ထားပါ။ ဒီဒေါင်းတောင်က နင်လာတုန်းက ပါမလာပါဘူး။ ငါ့ကို ညာမနေနဲ့ ။ ဘယ်ကရလဲ ပြော ..”

“ နင် Juno ကိုသိလား ”

“ မော်ဒယ်လ် လား၊ အကပညာရှင်လား၊ body fitness centre လား ”

“ သေတော့မှာပဲ ”

ကျွန်မက ညည်းညူတော့ သူက ..

“ ကဲ ထားပါ ။ ဆက်ပြောပါ ”

“ သူကလေ ငါ့ကို ဒီဒေါင်းတောင်လေးပေးပြီး ငါ့စိတ်ကို ကုစားပေးခဲ့တာ။ ”

စိုလတ်က မျက်မှောင်ကို အစွမ်းကုန် ကြုတ်ရင်း ..

“ ဘာလဲ .. ဒီဒေါင်းတောင်ကို ပြာချပြီး သုံးခွက်တစ်ခွက်တင် ..”

“ ကြံကြီး စည်ရာဟာ ”

“ တော်ပြီ ဒါဆိုလည်း ဘာမှပြောမနေနဲ့တော့ ။ ဘာတွေမှန်းကို မသိဘူး။ လာ ဒီနေ့ နင်ရောက်နေတယ်ဆိုလို့ ကိုင်မီးနဲ့ဒီးရမ် လာလိမ့်မယ်။ ရွာထိပ်က သွားကြိုရအောင် နင့်ကို လာခေါ်တာ ”

“ ဟုတ်လား .. သွားလေ ”

သစ်ပင်ကို မှီထိုင်နေရာမှ ထလိုက်သောအခါ ကျွန်မ မိုက်ကနဲ ပြန်ပြိုလဲသွားခဲ့ရသည်။ စိုလတ်က ကဗျာကယာ လှမ်းဆွဲရင်း မျက်မှောင်ကြုတ်ကာ……..

“ နင် ဘာဖြစ်နေတာလဲ ”

“ အဲဒီမေးခွန်းကို နင်မေးနေတာ ဘယ်နှခါရှိပြီလဲ ”

“ ဒါကတော့ နင်က မေးအောင် လုပ်နေတာကိုး၊ နင် ..ဘာဖြစ်နေလဲ ပြောစမ်း ”

တစ်စက်ကလေးမှ စိုးရိမ်သံမပါပါ။ ဆူပူချင်သံပဲ ပါသည်။

“ ငါ .. ညက ..”

“ ညက .. ဘာဖြစ်လဲ ”

“ တရေးမှ မအိပ်ရသေးဘူး ”

ကျွန်မကို မယုံသင်္ကာကြည့်ပြန်ပါသည်။

“ စောစောက နင်ပြောတော့ အစောကြိးထပြီး နံနက်ခင်းကို ခံစားတာဆို ”

“ အဲဒါ ညာတာ ခုပြောတာကမှ အမှန် ”

“ ကဲပါ .. ဘာလို့ မအိပ်တာလဲ၊ အိပ်မပျော်တာလား၊ တမင် မအိပ်တာလား ”

“ တစ်ခုမှ မဟုတ်ဘူး ၊ အင်း ..ဟိုလေ နတ်သမီး အဲ ..”

“ ဘာဖြစ်နေပြန်လဲ .. ဘာနတ်သမီးလဲ ”

“ သြော် .. ဘာမှ မဟုတ်ပါဘူး။ ငါရေးမယ့် ဝတ္ထုခေါင်းစဉ် ပြောမလို့ပါ ”

“ ဘာတဲ့လဲ ”

“ နတ်သမီးပုံပြင် တဲ့ ”

“ ဟင်းးးးးးးးးးးး ဘာမှန်းကို မသိဘူး ”

စိုလတ်က ကျွန်မကို နှုတ်လှန်ထိုးမနေတော့ပါ။ သူနှင့် ကျွန်မသည် စကားနိုင်လုတတ်သော်လည်း တကယ့်တကယ်ကျ အတွေးတူသော ခံယူချက်တူသော သူငယ်ချင်းများ ဖြစ်သည်။

ဟိုးအဝေးဆီမှ တရွေ့ရွေ့ လှမ်းလာသော ဖြူဖြူရိပ်ကလေးနှစ်ခုကို နှင်းငွေ့ငွေ့ကြားမှ မြင်နေရသည်။ ကိုင်မီးနှင့် ဒီးရမ် ဖြစ်နိုင်သည်။ ဧည့်သည် .. ဧည့်သည် ..ဟူသော လက်ဆင့်ကမ်း သံချိုလေးများကို ကြားလိုက်ရသည်။

ကျွန်မ စိုလတ်လက်ထဲမှ ဒေါင်းတောင်လေးကို ပြန်ယူကာ တယုတယ သိမ်းလိုက်ရင်း တောင်စောင်းလမ်းလေး အတိုင်း ဖြူဖြူရိပ်ကလေးများ ရှိရာသို့ ပြေးဆင်း သွားလိုက်တော့သည်။

အေးစိမ့်သော ဆောင်းနှောင်းနွေဦး၏ လေသည် ကျွန်မကို ကြမ်းတမ်းစွာ တားဆီး နှောက်ယှက်နေ၏။ သို့သော် ကျွန်မ ဖြတ်သန်းထိုးခွဲနိုင်ခဲ့သည်။ Juno ပြောသလို ရင်ဆိုင်စရာရှိသည်များကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှသာ ကျွန်မတို့ ငြိမ်းအေးနိုင်မည် မဟုတ်လား။

နှင်းဖြူငွေ့ အေးစက်စက်များ၏ အဆုံး၊ နေရောင်ခြည် တချို့အောက်တွင် ၊ ကျွန်မ ချစ်သော အစ်ကိုအစ်မ များက ကျွန်မကို စောင့်နေလိမ့်မည်။ ကျွန်မ၏ နောက်ကျော တွင်လည်း ကျွန်မ သူငယ်ချင်းလေး ရှိနေခဲ့သည်။ ကျွန်မ လက်ထဲတွင်လည်း ဒေါင်းတောင်လေး ရှိနေ၏။

နှင်းမြူများကို ဖြိုခွင်း ကျော်လွှားနိုင်မှာလည်း ကျွန်မ၊ နေရောင်များကို လက်ကမ်းကြိုနိုင်မှာ လည်း ကျွန်မ ဆိုတာ ပိုသေချာသွားခဲ့ရလေပြီ။

မနော်ဟရီ

၂၀၀၂

ဒီဝတ္ထုကို ၂၀၀၂ ခုနှစ်တည်းက ရေးခဲ့တယ်လို့ အမှာမှာ တည်းက ရေးခဲ့ပါတယ်။ ဒါပေမယ့် ခုရေးတယ်ထင်နေကြတဲ့သူတွေရှိသလို နတ်သမီး မပြောခဲ့တဲ့ပုံပြင် တို့ ကိုရဲ (နီကိုရဲ) ရဲ့ နတ်သမီးထောင်ချောက် တို့နဲ့ မှားနေသူတွေလည်း ရှိပါတယ်။ ဒါက မဂ္ဂဇင်းဝတ္ထုရှည်လို့ ပြောလို့ရမယ့် mini-fiction အမျိုးအစားပါ။ မောင်စိုင်းနဲ့ Rebecca Win ရိုက်တာက နတ်သမီးမပြောခဲ့တဲ့ပုံပြင် ပါ။ အဲဒါက လုံးချင်းဖြစ်ပါတယ်။

မနော်ဟရီ