……………………………………..

Sunday, March 21, 2010


၁၉၉၇ခု သရဖူ (ကိုငြိမ်းထုတ်တဲ့သရဖူ) နောက်ဆုံးအုပ်မတိုင်ခင် တစ်အုပ်မှာ ပါသွားတဲ့ အက်ဆေးလေးပါ။ အဲဒီစာအုပ်ကို ဒီနေ့ထိ လက်ထဲ မရခဲ့ဖူးပါဘူး။ သွားလိုက်တိုင်း မရ ပြန်တောင်းတော့လည်း မရနဲ့။ တစ်ခါ ဆရာဇော့်ဆီက အဲဒီစာအုပ်ရလို့ ငှားပြီး မိတ္တူဆွဲ ဖူးပါတယ်။ ဒါလည်းပျောက်တာပါပဲ။ခုမှ လက်ရေးမူစစ်စစ်ကို ပြန်တွေ့ပါတယ်။

……………………………………..

(၁)

သတိထားလိုက်မိချိန်တွင် ကျွန်မ၏ နောက်ကျော၌ ဓားမြောင် နောက်တစ်ချောင်း စိုက်ဝင် နေခဲ့ပြီး ဖြစ်သည်။ (ဘယ်နှစ်ချောင်းမြောက် မှန်းတောင် မသိတော့ ..) ထူးဆန်းသည်က နောက်ထပ်ကျလာစရာမရှိတော့၍ပေလားမသိ။ သွေးတစ်စက်မှ ကျမလာတော့ခြင်းပင် ဖြစ်သည်။

ကျွန်မကလည်း ကျွန်မပင် ဖြစ်သည်။ ကျွန်မတွင် နောက်ကြည့်မှန် တစ်ချပ် ရှိမနေသလို နောက်ကျောတွင်လည်း အန္တရာယ်ကင်း မှန်တစ်ချပ် တပ်ဆင်မထားခဲ့မိပါ။ ထို့ပြင် ဒါဏ်ရာ များကလည်း ရင်ဘတ်တွင်မဟုတ်၍ ငုံ့ကြည့်လိုက်တိုင်း သတိရှိနေရန် မဖြစ်နိုင်ပြန်ပါ။ ထုံထိုင်း အက်အ နေခဲ့ပြီဖြစ်သော ကျောပြင်ကလည်း ခံစားမှု မရှိတော့သလိုပင်။

ကျွန်မ ငယ်ငယ်တည်းက ဓားသွားတစ်လက်၏ ထက်ရှမှုကို ကြိုက်နှစ်သက်တတ်ခဲ့သည်။ ဓားသွေားရသည်ကိုလည်း ဝါသနာပါသည်။ ထို့ကြောင့် အခြားသူများ ဓားသွေးနေသည်ကို ကျွန်မက စိတ်ဝင်တစား စောင့်ကြည့်နေတတ်ခဲ့ဖူးသည်။ ထိုဓားက ကျွန်မ နောက်ကျောသို့ စိုက်ဝင်လာမည့်ဓားတစ်လက် ဖြစ်လိမ့်မည်ဟုလည်း ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပါ။ ထို့ပြင် တစ်ခါတစ်ရံ ထိုဓားများထဲမှ အချို့သည် ကိုယ်တိုင်ကိုယ်ကျ စိတ်ပါ လက်ပါ သွေးပေးလိုက်သော ဓားများ ဖြစ်နေတတ်သေးသည်လေ။ ဤသည်ကတော့ ကျွန်မ ကံကြမ္မာ၏ ညံ့ဖျင်းမှုပင် ဖြစ်လိမ့်မည်။

(၂)

ကျွန်မ ယုန်တစ်ကောင်မဟုတ်ခဲ့ပါ။ နားရွက်ရှည်ရှည်နှင့် ပညာရှိသည်ဟု ပုံပြင်များက တင်စားရသော ထိုသတ္တဝါ၏ မျက်လုံးနှင့် အသည်းနှလုံးကို ကျွန်မ မကြိုက်ပါ။ အရာရာကို ကြောက်ရွံ့တုန်လှုပ်စွာ မှတ်သားနေသူဟု မြင်သည်။ သို့သော် ဖြူစင်ဟန်တော့ ရှိပါသည်။ ခက်သည်က ယနေ့ခေတ်သည် ဖြူစင်မှုများကို မလိုလားကြတော့ပေ။

မွေးစကတော့ ကျွန်မသည် ကျားကလေး တစ်ကောင်ဖြစ်သည်။ ကြီးပြင်းစ ပြုလာသော အရွယ်၌ပင် လောက ဆပ်ကပ်ဆရာ၏ သင်ကြားမှုဖြင့် ကျားကလေးသည် အရိုင်းစိတ် ဆိုသည်ကို မသိတော့။ ယဉ်ကျေးလိမ္မာမှု သြဝါဒချိုများ၊ အုပ်မိုးထားသော ကြာပွတ်များ၊ ဖျားယောင်းထားသော အသားစိမ်းများ အောက်တွင် ကျွန်မသည် စက္ကူနှင့် ခေါက်ကာ ပြုလုပ်ထားသော ကျားကလေး ဖြစ်သွားပါတော့သည်။ ယခုကဲ့သို့ နှစ်ပရိစ္ဆေတ ကြာလာ သောအခါ ခေါက်ရိုးများသည် ဝါကျင် ဆွေးမြေ့စ ပြုလာပါတော့သည်။ တစ်ခုတော့ ကျေးဇူးတင်ပါသည်။ ကျွန်မသည် ကျားကလေး စစ်စစ် ဖြစ်ခွင့်မရခဲ့သလို ယုန်ကလေး တစ်ကောင်လည်း ဖြစ်ခွင့် မရခဲ့သောကြောင့် ဖြစ်သည်။ ထို့အတွက် ဘုရားသခင်အား ကျေးဇူးစကားဆိုရန် ကျွန်မ ကြွေးကျန်နေပါသည်။

(၃)

သိုးကလေးတစ်ကောင်၏ ဒဏ္ဍာရီအကြောင်း ကျွန်မ ရေးခဲ့ဖူးပါသည်။ အားလုံးအတွက် ဓားစာခံ ဖြစ်သွားရရှာသော ကျွန်မ မိတ်ဆွေ သိုးကလေး အတွက် ကျွန်မ စိတ်မကောင်းပါ။ သိုးကလေးကတော့ ကျွန်မကို ရက်စက်သည တဲ့။ ဘဝရဲ့သိက္ခာ ဆိုတာ ဘာလဲ တဲ့။ ငွေနဲ့ ပေးဝယ်လို့ရတဲ့ အရာတွေထဲမှာ သိက္ခာ ဆိုတာ ပါနေပြီဆိုတာ မင်း မသိဘူးလား … တဲ့။ ကိုယ့်ကိုယ်ကို ဘာကောင်မှန်းမသိတဲ့ ကောင်မလေးရေ .. မင်းနောက်ကျောက ဒါဏ်ရာတွေအတွက် ငါ ဆေးခါးတစ်ခွက် တိုက်ချင်ပါရဲ့ တဲ့။

သူ့စွဲချက်များ ချေပချက်များက ပြီးဆုံးမသွားသေးပါ။ မင်းက .. မင်းနောက်ကျောကို လုံအောင်မထားဘူး … မင်းကျောက လှေခါးထစ်တွေကို လူတွေစိတ်ဝင်စားလာတဲ့အခါမှ မင်းက မတက်ရ တဲ့ .. မင်း … ဒါဏ်ရာမှာ ….

ကျွန်မ ဆုံးအောင်နားမထောင်နိုင်တော့ပါ။ ကျွန်မက ဆက်နားမထောင်၍ မဟုတ်သလို သူက ဆက်ပြောစရာ စကားလုံး ရှာမရ၍လည်း မဟုတ်ပါ။ သူနဲ့ကျွန်မအကြား အရာတစ်ခု ဝုန်းကနဲ ပြုတ်ကျလာသောကြောင့် သူ့အသ့များ ဓားနှင့် တိဖြတ်ခံလိုက်ရသလို ပျောက်ဆုံး သွားခြင်းဖြစ်သည်။ ( ခုထိ ထိုအရာကို ဘာမှန်း ကျွန်မ မသိပါ ..)

(၄)

ပြဌာန်းချက် စာအုပ်တွေက ဖတ်မကုန်၊မှတ်မကုန်၊ သင်ခန်းစာတွေက တစ်ပုံတစ်ပင် ၊စာမေးပွဲကြီးတွေကလည်း လက်မတင်လေးအလိုမှာ ရောက်နေတတ်သော ကျောင်းသား တစ်ယောက်ကဲ့သို့ အမြဲတစေ ရင်မောကြောက်လန့်မနေစေရန် အရာတချို့နှင့် ကျွန်မကိုယ် ကျွန်မ ကျားကန်ထားရသည်။ ထို ကျားကန်ထားသော အရာများကလည်း သိပ် အခိုင်အခန့်ကြီးတော့ မဟုတ်လှချေ။ ဖော်မလင်နံ့တွေကလည်း တထောင်းထောင်း ထနေသေးသည်။ ကြာတော့ မျှော်လင့်ချက်များကိုလည်း သိပ်အယုံအကြည် မရှိတတ် ဖြစ်လာတော့သည်။

မကြာမီ ယိုင်နဲ့ ပြိုလဲသွားနိုင်သည့် ကျွန်မ၏ အဆောက်အဦလေးအတွက် ကျားကန်နိုင်ရန် အရာတစ်ခုကို အသည်းအသန် ရှာဖွေနေသည်။ ရေသိပ်နက်နက်ထဲသို့ ဆင်းရန် ကျွန်မမှာ အောက်စီဂျင်လက်ကျန် သိပ်မရှိတော့ပါ။ ထို့ကြောင့် ပင်လယ်ကြမ်းပြင်တွင်သာ နေထိုင်ပြီး ရှာဖွေရန်ခက်ခဲသော ကမာကောင်များကို ရေပေါ်သို့ဖိတ်ခေါ်ရန် ကြံစည်နေပါသည်။ (စနစ်တကျ မွေးမြူ ထားသော ကမာကောင်များ မပါပါ ) ခက်သည်က မည်သည့် ပုလဲမျိုးကိုမှ ရေပေါ်မှာ မတွေ့ဖူးသေးခြင်းပင် ဖြစ်သည်။

မနော်ဟရီ

၂၂ဒီဇင်ဘာ၁၉၉၆


ဓားဒဏ္ဍာရီ

Monday, March 15, 2010

ဓားဒဏ္ဍာရီ


ငါဟာ တည်ငြိမ်ထက်ရှနေတဲ့ ဓားတစ်လက်
ငါ့အတွက်ခက်ခဲနေတာက ငါ့အပေါ်မှာ အုံ့မိုးထားတဲ့ ဓားအိမ်
တည်ငြိမ်မှုတွေက အတိုင်းထက် အလွန်...

ကြားနေကျအသံတွေက တရားဓမ္မနဲ့အမှန်တရား
အသိတရားတွေက ထွက်သက်နဲ့ဝင်သက်မှာကပ်ငြိ
သွေးစွန်းလက်တို့ရဲ့ အတ္တုပ္ပတ္ဆိဆိုတာ ဒဏ္ဍာရီလား ....


တံခါးကိုဆွဲဖွင့်ထွက်သွားချင်လျက်က
ငါ .. တိတ်ဆိတ်စွာ ထက်မြ နေခဲ့ရတယ်။

မနော်ဟရီ

၁၆.၂.၂၀၁၀


နွေကို ဖွဲ့တဲ့တိမ်

Tuesday, March 9, 2010

ကိုပြည်သွေးနိုင်နဲ့ သူ့ဇနီးခင်သန်းမြင့်တို့ ချယ်ရီ မဂ္ဂဇင်းကို လုပ်နေစဉ်က ပေးခဲ့ဖူးတဲ့ ဝတ္ထုလေးပါ။ အကြည်တော်ကတော့ မကြီးမငယ်နဲ့ ဒါမျိုးလည်း ရေးသလားလို့ မေးပါတယ်။ တကယ်က ကျွန်မ ရေးနေကျပုံ မဟုတ်လို့ ပြောတာပါ။ တကယ်လည်း ဒါမျိုး တစ်ခါမှ မရေးဖူးပါဘူး။ အိပ်မက်ဆန်ဆန် အိပ်မက်နဲ့ လက်တွေ့ ရောယှက်နေဟန်မျိုးမှာ အချစ်ဝတ္ထုပုံစံ နည်းနည်းစွက်ပြီး ရေးထားတာမျိုး ဖြစ်နေလို့ပါ။ အိပ်မက်ကတော့ တကယ်ပဲ ကျွန်မ ငယ်ငယ်တည်းကနေ ၂၀၀၇ ထိ ဆက်တိုက်မက်ဖူးတဲ့ အိပ်မက်ပါပဲ။ အဲဒါကို ဖြည့်စွက်ရေးထားတာမျိုးပါ။ အဲဒီအိပ်မက်ကို ခုလို ဝတ္ထုတိုတစ်ပုဒ် ၊ လုံးချင်းဝတ္ထုထဲက အပိုင်းတစ်ခု အဖြစ် လည်း ချရေးပစ်လိုက်ရော တစ်ခါမှကို ထပ်မမက်တော့ပါဘူး။ နွေကိုဖွဲ့တဲ့တိမ် ဆိုတဲ့ ခေါင်းစဉ်ကိုလည်း ကိုယ့်ဘာသာကိုယ် ကြိုက်လို့ လုံးချင်းဝတ္ထုတစ်အုပ်ခေါင်းစဉ်ကိုလည်း အဲဒီနာမည်ပဲ ပြန်ပေးခဲ့ပါတယ်။ ၂၀၀၈မှာ ထွက်ခဲ့ပါတယ်။

နွေကို ဖွဲ့တဲ့တိမ်

အိပ်မက်တွေထဲက ကမ်းပါးလေးတစ်ခုပေါ်မှာ ကိုယ်ရပ်နေမိတယ်။

ဟိုး.. ခပ်ဝေးဝေးက သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ သစ်အယ်သီးရောင် လှေကလေး တစ်စင်းများ ဖြစ်မလား။ ဒါဆိုရင်တော့ ချစ်သူကို တင်ဆောင်လာတဲ့ လှေကလေးတစ်စင်းပဲ ဖြစ်မှာပါ။ ခက်တာက ရွှေအိုရောင် အလင်းသဲ့သဲ့တွေ အောက်မှာ ဘာကမှ မသဲကွဲခဲ့ပါဘူး။

………………………………………………………………………………………………………………

စီးကျလာတဲ့ မျက်ရည်စတွေကို တို့ထုတ်ဖယ်ရှားဖို့ မေ့လျော့ရင်း ငယ်ငယ်က လှော်ခတ်ခဲ့ ဖူးတဲ့ စိတ်ကူး တိမ်တိုက်တွေအကြောင်း တွေးနေမိတယ်။ သူတို့ ကိုယ့်ဆီ ပြန်လှည့်လာခဲ့သေးသလား လို့ ..။ ဝင်္ကပါတွေအကြောင်း စဉ်းစားရင်းပေါ့ ..။

တစ်ချိန်ကတော့ ကိုယ်ဟာ လွမ်းစရာကောင်းတဲ့ ရနံ့တချို့ကို ရယ်ရယ် မောမောနဲ့ နားမလည် ပါးမလည် စိတ်ကူးယဉ်စွာ ရှူရှိုက်ခဲ့မိဖူးပါရဲ့ ..။ ခုတော့လည်း နောင်တ တချို့နဲ့အတူ စွတ်စွတ်စိုစို ပြုံးနေမိပြန်တယ်။

တကယ်ဆို .. ကိုယ်ဟာ ကိုယ်ရဲ့ အိပ်မက်တွေအပေါ် သစ္စာ မမဲ့ခဲ့သင့်ဘူး။ ဒါပေမယ့်ကွယ် .. ကိုယ်ဟာ ၂၁ရာစု သိပ္ပံခေတ်ကြီးထဲမှာ ရှင်သန် ကြီးပြင်းနေရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ်။ လောကရဲ့ လျို့ဝှက်ချက်တွေကို တပင်တပမ်း သင်အံ လေ့လာတူးဖော် ကြည့်ခဲ့ပြီးကာမှ ကိုယ့်အိပ်မက်ရဲ့ လျို့ဝှက်ချက်ကို ဆန်းစစ်ဖို့ကျတော့ မေ့လျော့နေခဲ့မိတယ်။

ချစ်သူရယ် .. ကိုယ့်ကို ခွင့်လွှတ်နားလည်ပေးပါ။ ဟိုး… ကမ္ဘာ တစ်ဖက်ဆီကနေ ကိုယ့်ကို တမ်းတနေခဲ့ရတယ်ဆိုရင်ပေါ့ ..။

………………………………………………………………………………………………………………

ချစ်စရာကောင်းတဲ့ ဆံနွယ် ခွေခွေပျော့ပျော့လေးတွေက အိပ်မက်ထဲမှာတောင် ညိုရွှေရောင် တောက်ပနေခဲ့ပြီး ကိုယ့်ကို ရင်မောစေနိုင်ခဲ့ပါလျက်နဲ့ ကိုယ်စာ နံနက်ခင်း အလင်းနဲ့အတူ မေ့လျော့ပစ်နိုင်အောင် ကြိုးစားနိုင်ခဲ့ရက်တယ်လို့ ပြောရင်လည်း ခံရမှာ ပါပဲ။ နူးညံ့ကြည်စင်လွန်းတဲ့ မျက်ဝန်းလက်လက်တွေဟာ ကိုယ့်ကို ညွတ်နူးမိန်းမောစေခဲ့ ပါလျက်နဲ့ ကိုယ်က ဒီ မျက်ဝန်းအစုံကို အသိမ်းလွန်ပြီး ထုတ်မကြည့်မိတော့တဲ့ အရာတစ်ခုလို ထားခဲ့မိတယ်။

တကယ်ဆို သက္ကရာဇ်တွေဟာ တစ်စစီ ပြန်ကောက်ယူလို့ရတဲ့ မှန်ကွဲတစ်ချပ်မှ မဟုတ်တာ။ သံသရာဆိုတာကိုလည်း လေ့လာ သိရှိထားခဲ့ပေမယ့် အတိတ်မေ့ သစ်သီး တွေကို စားသုံးခဲ့ရလေတော့ ဘာကိုမှ ဆက်စပ်မရတာ ကိုယ့်အမှားလားကွယ်။ ချစ်သူရယ် တကယ်ပဲ ကိုယ်တို့ဟာ အရင် ဘဝအဆက်ဆက်ကတည်းက တွေ့ဆုံဖို့ ဆန္ဒ ပြုခဲ့ ကြသလား။ ဆုတောင်းတစ်ခုကို အတူပြုခဲ့မိကြသလား။ ကိုယ်တို့ ဘယ်သိနိုင်ကြမှာလဲ။

ဒါဆိုလည်း ကိုယ်တို့ ဒိထက်ပို စောစော တွေ့ခဲ့သင့်တာပေါ့နော်။ ဘဝရဲ့ စာမျက်နှာ တွေဟာ ဘာပြီး ဘာလာမယ်ဆိုတာ ကြိုတင်သိခွင့်ရတဲ့ အရာတွေ မဟုတ်ခဲ့လေတော့ တစ်နေ့နေ့မှာ အဲဒီအိပ်မက်တွေဟာ ကိုယ်ကြုံနေကျ အတိုင်း ကိုယ့်ရှေ့ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ဘူးလေ။

………………………………………………………………………………………………………………

ညိုရွှေရောင် ဆံနွယ်ခွေခွေလေးတွေရယ် သစ်အယ်သီးရောင် လှေကလေး တစ်စင်းရယ်။ ညင်သာစွာာ ကိုယ့်လက်ထဲ ထည့်ပေးခဲ့ဖူးတဲ့ ဆင်စွယ်နှစ်ရောင် ရိုမန်ကက်သလစ် တွေရဲ့ လက်ဝါးကပ်တိုင်ပုံပါ ပုတီးတစ်ကုံးရယ် သားရေဖုံးအနက်ရောင်ပေါ်မှာ ရွှေရောင် လက်ဝါးကပ်တိုင်ပုံ ရိုက်နှိပ်ထားတဲ့ ကျမ်းစာအုပ်တစ်အုပ်ရယ် ပြီးတော့ ချစ်သူ ဝတ်ဆင် ထားတဲ့ ဆင်စွယ်ရောင် ခပ်နွမ်းနွမ်း ရှပ်အကျီ င်္ ကပိုကရိုရယ် ၊ ဘယ်လိုမှ ပြောမပြတတ် လောက်အောင် ရင်ထဲမှာ နင့်နေတဲ့ ခံစားမှု တစ်ခုရယ် နဲ့ ကိုယ်တို့ ဝေးကွာ သွားခဲ့ရပြန်တယ်။

ကိုယ်က ဘာလို့မှန်းမသိ။ ကမ်းပေါ်မှာ ကျန်နေခဲ့ပြီး မျက်ရည်တွေနဲ့ လှေကလေး ထွက်သွားရာကို ငေးကြည့်နာကျင်နေမိတယ်။ အိပ်မက်က အနိုးမှာ သည်းသည်းထန်ထန် ရှိုက်ငိုနေမိပြန်တဲ့ နေ့ရက်တွေကို ကိုယ် .. ဘာလို့ မေ့လျော့ထားပစ်ခဲ့ရတာလဲ။

လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ဖူးတဲ့ အိပ်မက်ထဲက ပုတီးလေးနဲ့ ကျမ်းစာအုပ်ကလေး ဟာ ကိုယ့်ဆီမှာ တကယ်ပဲ ရှိနေခဲ့တာတော့ အံ့သြစရာပါ။ ကိုယ် ကိုယ်တိုင် ဝယ်ယူ ထားတာလည်း မဟုတ် .. တစ်စုံတစ်ယောက်က တသီးတသန့် ပေးတာလည်း မဟုတ်ပါပဲ တဆင့် တဆင့် လက်ဆင့်ကမ်းရင်း ကိုယ့်ဆီမှာ ခရီးဆုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ဖြစ်နေခဲ့တယ်လေ။

တရွေ့ရွေ့ ထွက်ခွာသွားတဲ့ လှေကလေးပေါ်က ချစ်သူရဲ့ အညိုရောင် မျက်ဝန်းတွေကို ပြန်တွေးကြည့်မိတိုင်း တုန်လှုပ်ချောက်ချား မှုတွေနဲ့ ရင်ဆိုင်တိုးရတော့တာပါပဲ။ ဒါကြောင့် ထင်ပါရဲ့..။ ကိုယ်ဟာ လက်တွေ့ကျချင်ယောင်ဆောင်ပြီး အိပ်မက်တွေကို မေ့လျော့ ထားခဲ့မိတာ။

တကယ်ဆို ကိုယ်ဟာ မုန်တိုင်းထဲက လွတ်မြောက်လာကာစ ငှက်ကလေး တစ်ကောင်ပါ။ သောကဝန်ထုတ်တွေ လေးလေးလံလံ ပိပြိုကျခဲ့တဲ့ ဒါဏ်တွေကို ခံစားခဲ့ရပါတယ်။ အဲဒီ အချိန်တွေမှာ အဲဒီ မျက်ဝန်းတွေကို မတမ်းတဖြစ်အောင် ဘယ်လိုနေထိုင်ခဲ့ရတယ် ဆိုတာကတော့ ကိုယ်ပဲ သိပါတယ်လေ။ တကယ်တော့ ကိုယ်ဟာ မီးပြင်းတိုက်ခံထားရတဲ့ သံမဏိ တစ်စလို မာကျောနေခဲ့ပါပြီ။

………………………………………………………………………………………………………………

ဒါပေမယ့်ကွယ် .. သိပ်အံသြစရာကောင်းတာပဲ။

ဟိုး .. ဝေးဝေးက .. သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ ကိုယ့်ကမ်းဆီ တရွေ့ရွေ့ ပြန်လည် ချဉ်းကပ်လာတဲ့ သစ်အယ်သီးရောင် လှေကလေး ဆိုတာလည်း သိရော ကိုယ်ဟာ အရင်ကလိုပဲ ပန်းကလေးတစ်ပွင့် ပြန်ဖြစ်သွားတယ်။ တသုန်သုန် ဖြတ်သန်း တိုက်ခတ်လာတဲ့ ရနံ့ချိုချိုတွေကို ခေါင်းမော့ လည်ဆန့်ရင်း နှစ်လိုနေတတ်တဲ့ ပန်းကလေး တစ်ပွင့်လို ကိုယ်ဟာ လန်းဆန်း သက်ဝင်လို့ …။ ကိုယ့်ရင်ထဲမှာလည်း ရင်ခုန်သံတွေ မကြုံစဖူး လန်းဆတ် သစ်လွင် ပျိုမြစ်လို့။ သူ တကယ်ပဲ ကိုယ်ကျန်ရစ်ခဲ့ရာ ကမ်းဆီ ပြန်လှည့်လာခဲ့တယ်လေ။ ကိုယ် လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားတဲ့ ဆင်စွယ်ပုတီးလေးကို အသာ ပြန်ကြည့်မိတယ်။ အိပ်မက်ထဲမှာ သူပေးခဲ့ဖူးတဲ့ ဆင်စွယ် ပုတီးလေးနဲ့ တစ်ထေရာတည်း ပါပဲ။

ခုတစ်ခါမှာတော့ ကိုယ် … သူကမ်းပေးလာတဲ့ လက်ကို ဆုပ်ကိုင်လိုက်မိပါပြီ။ လှေကလေးပေါ်ကို ညင်သာစွာ ဆွဲယူ တွဲခေါ်သွားရာကို ကိုယ်လိုက်ခဲ့မိပြီ။ ခပ်နွမ်းနွမ်း ဆင်စွယ်နှစ်ရောင် ရှပ်အကျီ င်္ ကပိုကရို အောက်က ချစ်သူရဲ့ ဆင်စွယ်နှစ်ရောင် အသားနုနု ကိုလည်း မြင်နေရတယ်။ ဒါဟာ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေလိုပဲလား။ နိုးထ လာခဲ့ရင် ကိုယ် ငိုရှိုက်နေခဲ့ ရဥိးမှာလား။

………………………………………………………………………………………………………………

ကိုယ့်ရဲ့ အညိုရောင် ဆံစတွေနဲ့ သူ့ရဲ့ ညိုရွှေရောင် ဆံနွယ်ခွေတွေ ရောယှက်သွားချိန်မှာ ကိုယ် ..သူ့ရင်ခုန်သံကို သေသေချာချာ ကြားလိုက်ရပါပြီ။ နတ်ဆိုးတွေ သက္ကရာဇ် အဆက်ဆက် လိုက်လံ နှောက်ယှက် ဖျက်ဆီးထားတာကို ခံရတဲ့ ကစားပွဲလေးတစ်ခုကို အဆုံးသတ်လိုက်ရသလို ကိုယ်တို့ နိုင်ခဲ့ကြပြီလား …။ သူ့ရင်ဘတ်ပေါ် စီးကျသွားတဲ့ ကိုယ့်မျက်ရည်တွေကို သူက လွတ်လပ်စွာ စီးဆင်းခွင့် ပေးတယ်။ ပြီးမှ စကားတစ်ခွန်းကို တိုးဖွညင်သာစွာ ဆိုတယ်။

“ အရာအားလုံး ပြီးဆုံးသွားပြီပဲကွယ် မင်းရဲ့ မျက်ရည်တွေဟာ ဒါ နောက်ဆုံး ဖြစ်မှာပါ ”

တဲ့။

တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်နှစ်ခုကြားမှာ ဆင်စွယ်နှစ်ရောင် ပုတီးလေး ရှိနေတယ်။ ဒါပေမယ့် ဘယ်သူကမှ မဖယ်ပစ်ကြဘူး။ သူ့ရင်ခွင်ထဲမှာ ကိုယ်ရှိနေခဲ့ပြီး ကိုယ့်ရင်ခွင်ထဲမှာတော့ ကျမ်းစာအုပ်ကလေး ရှိနေတယ်။ တရွေ့ရွေ့နဲ့ ထွက်ခွာနေတဲ့ လှေကလေးနဲ့အတူ ကိုယ်တို့ ဘယ်ကို သွားကြမှာလဲ။

ကျန်ရစ်ခဲ့တဲ့ ကမ်းတစ်ဖက်ဆီမှာတော့ ဒါဏ်ရာ အနာတရတွေနဲ့ အတိတ်အားလုံးကို ထားခဲ့လိုက်ပြီ။ လုံခြုံနွေးထွေးရာ နေရာသစ် တစ်ခုကို ချစ်သူနဲ့အတူ သွားနေကြပြီပဲလေ။ ကိုယ်တို့ရဲ့ ဥိးတည်ရာကောင်းကင်ဟာ အလင်းတချို့နဲ့အတူ ကြည်စင်လို့ ..။ လှပတဲ့ တိမ်ဖြူတချို့ စီးမျောနေရာ ကောင်းကင်ပြင်ကြီးကို အတူငေးကြည့်ရင်း ကိုယ့် မျက်ရည်တွေ သွေ့ခြောက်သွားတာကို သတိပြုလိုက်မိတယ်။

“ ဟိုးမှာ ကြည့်စမ်း ”

“ အင်း ”

“ အဲဒါ နွေကို ဖွဲ့တဲ့ တိမ်တွေ ”

“ နွေကို ဖွဲ့တဲ့တိမ် ..”

ကိုယ် သံယောင်လိုက် လိုက်မိတယ်

“ ဟုတ်တယ် မိုးတိမ်တွေလို စွတ်စိုမှုကို မပေးဘူး။ ဒီအတွက် မင်း မငိုရတော့ဘူး ”

“ ရှင် ”

“ ဟုတ်တယ် နောက် မိုးတိမ်တွေလို မည်းမှောင်မနေဘူး ဒီအတွက် မင်းဘဝမှာ အမှောင်ဆိုတာ မရှိရတော့ဘူး ”

“ အိုး ..”

တကယ်ပါ။ ဘာပြန်ပြောရမှန်း မသိတဲ့အတွက် တိတ်ဆိတ်နေမိတယ်။ ဒါပေမယ့် အဲဒီ တိတ်ဆိတ်မှုဟာ သိပ်ကြည်နူးချမ်းမြေ့စရာ ကောင်းတာကို သိနေတယ်။ မှီနွဲ့ထားမိတဲ့ သူ့ရင်ခွင်ဟာလည်း နွေကို ဖွဲ့တဲ့တိမ်တွေ စီးမျောရာ ကောင်းကင်ပြင်လိုပဲ နွေးထွေး ကြည်စင်နေခဲ့တယ် ဆိုတာကိုတော့ ကိုယ်ကလွဲလို့ ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး။

…………………………………………….. မနော်ဟရီ ………………………….

၁၄၊၇၊၂၀၀၇


စိတ်အဆင်မပြေတဲ့နေ့

Thursday, March 4, 2010

ပုံဆောင်ခဲတစ်ခုအနေနဲ့တော့ ကောင်းချင်မှ ကောင်းလိမ့်မယ်။ ဒါပေမယ့် ငယ်ငယ်တုန်းကရေးခဲ့တဲ့ ကဗျာမို့ အမှတ်တရပါ။ တင်မင်းထက် ရဲ့ tag အတွက် ဖြစ်ပါတယ်။
ပထမဆုံး ရင်ခုန်ပွင့်မှာပါခဲ့ဖူးတဲ့ အဖွင့်ကဗျာ မဟေသီ အဖွင့်ကဗျာတွေထက် ရှေးကျပါတယ်။

စိတ်အဆင်မပြေတဲ့နေ့


စိတ်နဲ့ခတ်ထားတဲ့
အဆင်အသွေးတွေ
အခိုင်လိုက် အလိပ်လိုက် ထွက်ကျ
ငါ့ .. ဘယ်ဘက်ရင်ဝကနေ ...

တိုင်ခြည်နဲ့ ယက်ခြည်လွဲခဲ့ရလို့
အပြစ်အနာအဆာ ဗရပွနဲ့
စိတ္တဇ ဆန်ဆန် ..
ကံကလည်း နည်းနေခဲ့သေး ...

တိမ်တွေကို အရောင်ဖျောက်ပစ်လိုက်တာ ငါပါ
ကမ္ဘာကတော့
ငါခေါ်လိုက်တဲ့အသံ သူမကြားဟန်နဲ့
ငါ့ကို ထမ်းပိုးထားတုန်း ..။


မနော်ဟရီ
၁၉၈၇