တစ်ရံခါဆီ ဖေဖော်ဝါရီဟု

Tuesday, February 12, 2013



တစ်ရံခါဆီ ဖေဖော်ဝါရီ ဟု …


အရှိန်ပြင်းကားတစ်စင်း ကိုယ့်ရှေ့က ဖြတ်မောင်းသွားတုန်း အဆက်မပြတ်မြည်လာတဲ့ ဖုန်းသံတွေလို
ကျွန်မ … လတ်တလော ဘဝကို အရေးတကြီး ဖြတ်ကူးနေပါတယ်  …. လို့    ဖြေပစ်လိုက်ရမလား  …
အဲလို အရောင်တွေနဲ့  မကြာခဏ လာလာကြည့်တတ်တဲ့ ဖေဖော်ဝါရီကို ကျွန်မမုန်းတယ် ….

စိတ်တွေ ပျံသန်းခွင့် မရတဲ့ ဇုံဆိုတာ မရှိလေတော့ ကိုယ့်စိတ်ကိုယ် နားချရတာပဲ လက်ဝင်တာပါ ..
သူတို့ အသေမသတ်နိုင်တိုင်း မာကျောခွင့် ရသွားရှာတဲ့ နှလုံးသားကလည်း နည်းနည်းခေါင်းမာတယ်
တကယ်ဆို ကျွန်မ  … အဲဒီကြိုးကို အစဆွဲ ဖြည်ပြလိုက်သင့်တာပေါ့  …ခုတော့ ..

အသိတရားမဲ့သူတွေရဲ့ ဇာတ်ဝင်ခန်းမှာ ဇာတ်ပို့ဝင်လုပ်ပေးရတာလည်း ဝဋ်နာကံနာတစ်ခုပါပဲ
ခင်းကျင်းထားတဲ့ ဇာတ်က သိပ်လှလွန်းတော့ ဇာတ်ပို့ကနေ ဗီလိန်ဖြစ်မှန်းမသိဖြစ်သွား ..
ခင်ဗျား အရေးအသားတွေ တစ်နေ့တခြား ညံ့ညံ့လာတယ်  ဇာတ်ဆရာ …

နေဝင်ချိန်တွေကို ဖန်ခွက်ထဲ လောင်းထည့်လိုက်မိတော့ ဖေဖော်ဝါရီညတွေက အေးစက်လို့
ဘာမှန်ကန်ချက်မှ ဘာသက်သေမှ မပါပဲ တွက်ထုတ်လိုက်ပြီးကာမှ ကူးထည့်ပစ်လိုက်တဲ့ အဖြေလို ..
တချို့ လူတွေရဲ့  ထုံအအ အကြည့်အောက်မှာ ချိုနေပုံက စိတ်ပျက်စရာ ..

ဘဝအဆက်ဆက် အစွန်းအထင်းလွယ်တဲ့ အရောင်တစ်ရောင် မဖြစ်ချင်ပါဘူးတဲ့(ကျွန်မရူးနေပြီထင်တယ်) ..
စိတ်ကူးရတိုင်း တောင်းမိတဲ့ တစ်ခုတည်းသော ဆုလို မျက်ရည်တွေစိုလို့ …(ကျွန်မ ငိုနေမိသေးသလား)
ကျေးဇူးပြုပြီး သံသရာဆီ သွားရာလမ်းတွေအားလုံး ကို ပိတ်ပေးထားကြပါ ..

ခရမ်းရောင် ဗျိုင်းအုပ်တွေ ဖြတ်သန်းခွင့် မပြု ဆိုတဲ့ သတိပေးစာတမ်းတွေ ပြည့်နေတဲ့
ကျွန်မ အခန်းနံရံကို ကြည့်လိုက်မိတိုင်း မေမေက တဖွဖွ ရယ်တတ်တယ် ..
တကယ်ဆို ဒီလို စာတမ်းတွေကို ကောင်းကင် တက်ချိတ်လို့ မရမှန်း မေမေလည်း သိတာပဲ …

ပြတင်းပေါက်တွေကို ဖွင့်ကြည့်လိုက်တဲ့အခါ ဖေဖော်ဝါရီကောင်းကင်မှာ ကြယ်တွေစုံနေတယ်
နက္ခတ်အမှားတွေနဲ့  ကျီစယ်တတ်တဲ့  သူ့ ထုံးစံအတိုင်း ကုမ်ရာသီဟာ အရောင်အဝါတွေမဲ့လို့
အချို့သော စကားလုံးတွေနဲ့ နာကျင်ကိုက်ခဲနေတာကလွဲရင် သစ်ရွက်တွေက ဝါနေဆဲ…
မလွဲတော့တဲ့ အနာဂတ် နေ့တွေမှာတော့ အဲဒီကြိုးစကို ငါဆွဲပစ်လိုက်မိတော့မယ် ….. ထင်တယ် …. ။      ။

မနော်ဟရီ
၁၂.၂.၂၀၁၃





တစ်ရံခါဆီ ဖေဖော်ဝါရီဟု ….

ညနေခင်းကောင်းကင်ဆီမှာ ခရမ်းရောင်ဗျိုင်းတစ်အုပ်ပျံသန်းသွားကြတဲ့အခါ
ဒါဟာ ဖေဖော်ဝါရီ ဆိုတာပဲလို့ မေမေက ဆိုတယ်။
မေမေ့ ဒိုင်ယာရီထဲမှာတော့ ဖေဖော်ဝါရီ ဆိုတာ နတ်ဆိုးတစ်ကောင်လိုပဲ မင်နီတွေခပ်များများနဲ့
အဲဒီ နီကျင်ကျင်စာမျက်နှာတွေကို မီးရှို့သုတ်သင်ပစ်လိုက်တုန်းက
ကျွန်မက အဝါရောင်အငေးတွေနဲ့ ခပ်လေးလေးတွေးလို့ .. ဘာကိုမှန်းတော့မသိဘူး ..
မီးခိုးငွေ့တွေကလွင့်ပါးပြီး တိမ်တိုက်တွေဖြစ်သွားတဲ့အခါ ..
မေမေ့မျက်ဝန်းတွေက ပြာလွင်လာပြီး တိမ်တွေကိုယ်စား ရှိုက်ကြီးတငင်ငိုတယ်
သူတို့တွေကို သနားလို့ ဆိုပဲ … ကျွန်မနားလည်ချင်ယောင်ဆောင်ပြီးခေါင်းညိမ့်ပြခဲ့ဖူးတယ်..

အသံတိတ်သင်ကြားမှုတွေကိုနာယူဖို့ ကျွန်မတို့ နှလုံးသားနံရံတွေက အထူးအပါးညီဖို့လိုတယ်
ဒီစာသားကို ခဏခဏ ချချရေးနေခဲ့ဖူးပြီး ဘယ်တုန်းကမှ မလိုက်နာခဲ့ဖူးတဲ့ကျွန်မက
ဆေးစပ်အသစ် အရောင်တွဲအသစ်တွေနဲ့ ဖေဖော်ဝါရီကိုချစ်ကြည့်ဖို့ ကြိုးစားတော့ မေမေကရယ်တယ်..
မေမေ့ရယ်သံတွေက  ဖန်တံတံ အငွေ့အသက်တွေနဲ့  ..ဓာတ်ခွဲစူးစမ်းကြည့်ဖို့တော့ အချိန်မရခဲ့လိုက်ဘူး
အဲဒီအချိန်မှာ ကျွန်မက မှော်ဆရာရဲ့ ကျမ်းတစ်အုပ်နဲ့ မန္တာန်ကြိုးရှုပ်တွေကြားမှာ အရုပ်ဖြစ်နေတဲ့အချိန်
သိဟ်ရာသီရဲ့ နက္ခတ်ရုပ်နဲ့ ကောင်းကင်ကိုမေ့ပြီး ဟန်လုပ်ပျော်မောနေမိတဲ့ အချိန် …
စိုးရိမ်ထိတ်လန့်သံတွေကို မသိကျိုးကျွံပြု ဟားတိုက်ရယ်မောပစ်နေမိတဲ့အချိန် ..
အငြိမ်မနေတတ်တဲ့ ရော်ရွက်ကြွေတွေကိုတောင်မှ ချစ်မြတ်ရိုကျိုးနေမိတဲ့ အချိန် …
တိမ်တွေလိုပဲ ယောက်ယက်တွေခတ်လို့ … အရောင်ပြောင်းဖို့မေ့နေခဲ့တာလေး တစ်ခုပါပဲ …

Fast ခလုတ်ကို နှိပ်လိုက်ပစ်လိုက်တော့ အရုပ်တွေ ခုန်ပျံကျော်လွှားပြီး သက္ကရာဇ်တစ်ခုဆီ ရပ်တံ့သွားတဲ့ခါ
ဖေဖော်ဝါရီဟာ ဟန်ကျပန်ကျနဲ့  ပြန်ပေါ်လာတယ် .. မယုံနိုင်စရာ ပန်းသွေးရောင် တလက်လက်ထ လို့ …
အရင့်အရင် ဝိုင်ခွက်တွေအတိုင်း မာရ်နတ်တစ်ပိုင်း ဘုရားတစ်ပိုင်း ပုံရိပ်တွေ လှိုင်းထလို့ ..
မေမေ .. လို့ ကျွန်မအော်ခေါ်လိုက်မိတဲ့အခါ … ခရမ်းရောင်ဗျိုင်းတစ်အုပ် ထပျံသွားရဲ့..
အနက်ရောင်ကျောက်တုံးနှစ်တုံးကို ပွတ်တိုက်ပစ်လိုက်တဲ့အခါ မီးတောက်တွေဖြာကျလာတယ် .
ကိုယ့်ကိုယ်ကို သီချင်းတအေးအေးနဲ့ မီးတင်ရှို့ပစ်လိုက်ပြီး ထိုင်ကြည့်နေတော့ .. 
သားကြီးက ငြိမ်းချမ်းခြင်း တရားတော်ထဲက စကားလုံးတွေကို မီးခိုးငွေ့တွေဆီပစ်တင်ပေးတယ်
သားကလေးကတော့ ကျွန်မငယ်ငယ်ကလိုပဲ ခေါင်းတညိမ့်ညိမ့်နဲ့ သွေးအေးဟန်ဆောင်လို့ ..
မီးတောက်တွေရဲ့ ပေါ့ဆမှုကြောင့် မျက်ရည်တွေပြာကျမသွားခဲ့တာကိုတော့ …
ကျွန်မကိုယ်တိုင်တောင် သတိမထားလိုက်မိပေမယ့် မေမေကတော့ သိသွားခဲ့ပုံပါပဲ …

အဲဒီနေ့ကစလို့  .. မေမေနဲ့ ကျွန်မတို့သားအမိတွေ ..လမ်းလျှောက် မထွက်ဖြစ်ကြတော့ဘူး …
မနော်ဟရီ




စာမျက်နှာကျော်သွားသော မျက်လှည့်ပွဲများနှင့် အနက်ရောင်ပေါက်ဈေး

Monday, February 4, 2013


manor sisyphus  

ဘဝရဲ့  ရှင်သန်နေထိုင်မှုက သေလုမတတ်ပျော်စရာတွေနဲ့အမြဲတမ်း ငြိတယ် ..
ကံတရားကတော့ ငါ့ ပြောစကား ဆိုစကားနားမထောင်တတ်တဲ့ ငါလိုခေါင်းမာသူ …
အလယ်လူဝင်လုပ်ပြီး စကားဝဲချင်ဟန်ဆောင်နေကြသူတွေက များများလာ ..(ကံကြမ္မာကိုက မပီကလာ ပီကလာနဲ့)
သံသရာရိုးကိုးပေါက် လျှောက်ခဲ့ပြီးတာတောင် ခရီးစဉ်အကြွေးက မကျေသေးဘူးတဲ့လား
ထူးထူးခြားခြား အေးခဲနေမိသူဆိုတော့လည်း မျက်ရည်တွေကို အားကိုးတကြီး ငေးကြည့်နေခဲ့မိ ..

ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသော ချစ်ခြင်းမေတ္တာ ဆိုတာကြီးနဲ့လည်း ပက်ပင်းတိုးဖူး ….
အလွန်အမင်း ချစ်စရာကောင်းသော အမုန်းတရား ဆိုတာကိုလည်း ရရှိပိုင်ဆိုင်ခဲ့ဖူး …
ဝမ်းနည်းကြေကွဲဖွယ်ရာတွေနဲ့  ပျော်ရွှင်သယောင် ဟန်ဆောင်ပန်ဆောင် နေထိုင်ခဲ့ဖူး
ပျော်ရွှင်ဖွယ် ကြည်နူးမှုတွေနဲ့   အလဲလဲ အကွဲကွဲ  ဆွတ်ပျံ့ ဝမ်းနည်းနေခဲ့ဖူး …
ဆူးတွေထွင်ရင်း ခရီးမရောက်ခဲ့သူတစ်ယောက်ရဲ့  နေ့ စွဲမဲ့ ဒိုင်ယာရီ .. မင်နီတွေလည်းရဲလို့ ..

တစ်နေဝင်တစ်နေထွက်လို့ အမည်ရတဲ့ ကျောက်တုံးကြီးတွေကို တွန်းတင်လိုက် ပြန်ချလိုက်
ပြန်ချလိုက် တွန်းတင်လိုက်  တွန်းတက်လိုက် ပြန်ချလိုက်  ..  တစ်နေဝင် တစ်နေထွက် ..  …
မျက်ရည်ထွက်မတတ် ရယ်မောနေမိတဲ့ သေလုမတတ်ပျော်စရာတွေမှာ အလိုမတူပဲငြိတွယ်
တစ်နေကွယ်သွားခဲ့ပြန်ပြီ … ကျိန်စာတွေကတော့ ကြောက်မက်ဖွယ် မီးတောက်တွေလို တက်ကြွပျော်မောနေကြတုန်း 

မနော်ဟရီ



မျက်လှည့်ပွဲ

သူ့ကို ငေးကြည့်နေမိရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားမှန်း သိလိုက်ရတဲ့ သွေးပျက်ဖွယ်ပြကွက် ..
ဒီဇာတ်ကွက်က စိတ်ပျက်စရာကောင်းလွန်းတဲ့ အဟောင်းအမြင်း ပြကွက်  ..
ကံကြမ္မာက သွက်လွန်းအားကြီးလို့ အသက်ရှူဖို့ တောင် အတော်ခက်ရဲ့ ..
သူ့လက်ထဲက ပျံပြေးသွားတဲ့ ငှက်ဖြူဖြူလေးကိုငေးရင်း ကိုယ့်ကျောက အတောင်ပံတွေကို ပြန်စမ်းနေမိ…
မှန်ကြည့်မိသလို အံ့အားသင့် ထိတ်လန့်သွားရမယ့်အစား ထုံပေပေ…   ….   ….

အမှတ်မရှိသူရဲ့ ပွဲခင်းထဲက ညနေဟာ ခိုဖြူခိုပြာခိုဝါ နက်ကယ်.. လိုအရောင်စုံလို့
ဝတ်ရုံနက်ထဲက ခုန်ထွက်လာပြီးကာမှ စက္ကူပန်းဖြစ်သွားရတဲ့ ယုန်ဖြူလေးတစ်ကောင်ဟာ ဘယ်သူပါလိမ့်
တံခါးရွက်အတုတွေနဲ့ တံခါးတွေကို ငေးကြည့်ရင်း “ အပြန်လမ်း ”လို့ အမည်ရတဲ့ ပုံပြင်ကို အမှတ်ရနေမိ
ပုံပြောသူမရှိတော့တဲ့ ညနေခင်းတွေကတော့ ခရမ်းပြာရောင် အခိုးအငွေ့တွေကို ဝေဝေဆာဆာပန်လို့
နှစ်ချို့ တောင်တန်းကြီးတွေလည်း သူလို ကိုယ်လို ပျောက်ဆုံးသွားခဲ့ပြန်တာပါပဲ ..

အမှန်တရားဆိုတာက   စားရိတ်စားက များလွန်းတဲ့ခရီး … “ မီးနည်းနည်းမြှင့်ပေးပါ”
အလင်းတွေ များလွန်းအားကြီးနေတဲ့အတွက် ဘာကိုမှသဲသဲကွဲကွဲ မမြင်ရဘူး  … ….
ကိုယ်ရူးနေပြီလို့ ခပ်ဖွဖွရေရွတ်နေတတ်တဲ့ အရူးမျိုး မရှိဘူးတဲ့လား … (ခင်ဗျားမှားနေပြီ )
အဲဒီလို အမှားတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ နေထိုင်လာလိုက်တာ အယောင်ဆောင်သူကောင်းဖြစ်လုနီးနီး ..
အခွင့်အခါ ဆိုတာကို စောင့်ရင်း ကြီးကျယ်မြင့်မြတ်ဟန်ဆောင်နေလိုက်တာ
ဟောဟိုက … ကုန်သည်လေတွေကတော့ လမ်းမှားပြီး ဝင်လာခဲ့ကြပုံနဲ့ …။          ။

မနော်ဟရီ




စာမျက်နှာတွေကိုကျော်ဖတ်လိုက်တဲ့အခါ ..

အခန်း(၁)
ပြကွက်တွေက နည်းနည်းမှိန်တယ် .. အလင်းအားမကောင်းဘူး .. မကြာခင် မိုးလင်းမယ်အထင်နဲ့
အရုဏ်ဦးပါတဲ့ ပန်းချီကားတစ်ချပ်ကို ဈေးကောင်းပေးမဝယ်ခဲ့မိသူလို .. နောင်တတွေ အားကောင်း ချိုလွင်နေခဲ့
ဘာ ဘာသာစကားနဲ့ ရေးထားမှန်းတောင် မသိမှတော့ စာကြွင်းစာကျမသိနိုင်သလို ဘာသာပြန်လည်း မှားနေလိမ့်မယ်
အဲဒီမှာ သတ္တိရှိရှိ ခဏ ရပ်ထားလိုက် တချို့ ခြေလှမ်းတွေမှာက နောက်ဆုတ်ရဲတဲ့ သတ္တိလိုတယ် ..


အခန်း(၄)
မပြောဖြစ်ပဲ မျိုသိပ်ထားတဲ့ စကားလုံးတွေက ဘဝမှာ ပိုပြီး ဆူညံ ပွက်လောရိုက်နေတတ်သတဲ့လား  ..
သိမ်းထားလိုက်တဲ့ အရောင်တွေကို အဖော်ပြုပြီး ဒိုင်ယာရီ တစ်ကြောင်းလောက်ရေး ကာလာတွေ အပျင်းပြေစပ် ..
ပြန်မတ်တပ်ရပ်လိုက်တဲ့အခါ  .. ထိုင်နေအကောင်းသားလို့ တွေးမိစေမယ့် ထီလက်မှတ်တွေ …ပြုတ်ကျလာမယ်
ခပ်ဟဟ ရယ်သံတချို့ကိုတော့ နည်းနည်း ခံနိုင်ရည်ရှိဖို့  လိုလိမ့်မယ် …

အခန်း(၆)
ကိုယ်သင်ပေးတဲ့ အကွက်နဲ့ ကိုယ့်ကို အရူးကွက်လာနင်းနေတာမျိုးလောက်ကို ခံရခက်မနေနဲ့ ရယ်ပစ်လိုက် …
စိတ်ရောဂါအထူးကု ဆေးရုံက လူနာစစ်မှန်ကြောင်းလက်မှတ်ကျ ခင်ဗျားလည်း လိုချင်တိုင်း ရနိုင်မှာမှ မဟုတ်ပဲ
တချို့ အလဲအထပ်တွေက အမြတ်မရှိပေမယ့် တချို့ကတော့ အရှုံးချည်း သက်သက်  …


အခန်း(၁၁)
နေကြာပွင့်တွေရဲ့ သန်းခေါင်ယံ မျှော်ငေးမှုဟာ သစ္စာတရားလား .. သံသရာလည်နေတဲ့ ဝဋ်ကြွေးလား ..
ဗန်ဂိုးရဲ့  အဝါတွေချယ်ထားတဲ့ ပန်းချီကားကိုတော့ သစ္စာတရားလို့ နာမည်တပ်ကြည့်လိုက်တယ် ..
ပြက္ခဒိန်တွေ လွင့်ကြွေရင့်ရော်သွားတဲ့ ကာလဟာ ဇာတ်ဝင်ခန်းတစ်ခန်းစာ ရှိခဲ့သလား ..(သံသယ)
စိတ်အာရုံတွေလွင့်တိုင်း စာမျက်နှာတွေကို ခပ်မြန်မြန် လှန်ဖတ်နေတတ်တာ စိတ္တဇတစ်ခုလို …

ဇာတ်သိမ်း
အလင်းပွင့်တွေ ငြိမ်သက်သွားတဲ့အခါကျတော့မှ အမှောင်နဲ့ စကားစမြည်ပြောခွင့်ရတော့တဲ့ သူတစ်ယောက်လို
အထိတ်တလန့် ပြိုကျလာတဲ့ ကျီးကန်းတွေကိုပဲ သိမှတ်မဲ့စိတ်နဲ့ အဝါရောင်တွေ လှမ်းခြယ်ပေးနေမိ  .. …
မျက်တောင်မခတ်တမ်း သတိလက်လွတ် ကြည့်လာခဲ့လျက်က ဘာတွေမှန်း မသိလိုက်တော့  … ..

မနော်ဟရီ
နိုဝင်ဘာ ၂၀၁၂ … ၂.၁.၂၀၁၃




ရုပ်ရှင်ရုံ

ဇာတ်ညွှန်းအတိုင်း .. အမှောင်ထုထဲ  တန်ကြေးကြီးကြီးပေးပြီး အလိုတူတူ မတူတူ တိုးဝင်လိုက်ရ
ကန့်လန့်ကာ အဖွင့်  .. နံနက်ခင်းကြယ်က ဖြုတ်ကနဲ ရှေ့မှာ ကြွေ ..ကျ .. အ လင်း စက် အတုတွေ..
ချစ်ခြင်း တွေနဲ့ကြေကွဲ .. .. စစ်ပွဲတွေနဲ့  ယစ်မူးပျော်ပါး .. လွန်မြောက်ခြင်းမှာ သာယာ..

တဖျောက်ဖျောက်နဲ့ ကိုက်ခွဲခံနေရတဲ့ ဘဝတွေက တချို့ တချို့ရဲ့ အာသာပြေပါးစပ်ဖျားမှာ ..
ဖိတ်တဝက် စင်တဝက် အာရုံတွေက အမှုမဲ့အမှတ်မဲ့ မော့သောက်လိုက်တဲ့ သံသရာတလျှောက် စီးဝင်သွား ..
ဘယ်ဘက်မှာထိုင်နေသူရဲ့  အစွယ်က လက်ကနဲ  ညာဘက်က မျက်ထောင့်နီတွေက လင်းကနဲ ..

ဝှက်ဓားတွေက ခုကျကာမှ တချွင်ချွင်လာခတ် .. အမှောင်က ကျဉ်းလွန်း ကြပ်လွန်းတဲ့ ဝတ်ရုံ
မလုံခြုံဘူး …  အထိတ်တလန့်  ခေါင်းလောင်းသံက ထောင့်ကန်ဘောဧရိယာထဲက ကံကြမ္မာ
အလင်းစက်တွေက အတု ဆိုတာ မေ့လျော့နေမိကြတော့ တချို့ပုံရိပ်တွေ အရောင်ဖျော့လွင့်ပါးသွားခဲ့ကြ။ ..

လူ့ဘုံခန်းဝါ ဆိုတာကြီးက သွေးပျက်စရာအတိပြီးတဲ့ ကျီးလန့်စာစား ဇာတ်လမ်းရှည်
အစကအဆုံး .. သူတစ်ပါးရဲ့အတ္တဆူးတွေ လာလာစိုက်နေတဲ့ စိတ်နှလုံးနဲ့ နာနာကျင်ကျင် ပြေးလွှား
နာရီတကြည့်ကြည့် ၊ ပြက္ခဒိန် တကြည့်ကြည့် နက္ခတ်တွေ တကြည့်ကြည့်နဲ့ .. စိတ်တွေလည်းအဖန်ဖန်ကျကွဲ ..

စကတည်းက ယဉ်သကို ပတ်မသံနဲ့ စ … ကားလိပ်ကမကျသေးတော့ ပြန်ထွက်လို့လည်းမရသေး
လေအေးစက်အတု နဲ့ မောဟအစစ်တွေကြား ကျဉ်းကျဉ်းကြပ်ကြပ် ခက်ခက်ခဲခဲ ရှင်သန် ..
လေကောင်းလေသန့် နဲ့ စိမ်းလန်းသော ရှုခင်းများ  စိတ်နဲ့အားတင်းချောင်းကြည့်နေခဲ့ရ …..။     ။   

မနော်ဟရီ
၂၄.၉ .၂၀၁၂





အရောင်စုံသစ်သီးများ

သိပ်တော့ မရယ်ရပါဘူး .. အသက်ရှူလို့ မဝဘူး ဆိုတဲ့အကြောင်းက ရယ်စရာမှ မဟုတ်တာ
လေထုအားနည်းနေတာမဟုတ်ပဲ အသက်ရှူအားနည်းနေတာ ဆိုတာကိုတော့ ဖွင့်မပြောတော့ဘူး
ထူးထူးခြားခြား ဖြစ်စဉ်ရယ်လို့ တစ်ခုမှမပါပဲ တစ်နေ့ပြီး တစ်နေ့ ပွင့်ပွင့်လာတာကိုက စိတ်ပျက်စရာ
သိပ်ချစ်တာပဲတဲ့လား … ခင်ဗျားဘေးနားက လက်ပစ်ဗုံးတွေ ခဏလောက် တော်ရာထားပြီးမှပြောပါ
မကြာခဏ ထထပေါက်နေတဲ့ စိတ်ပူဖောင်း အရောင်စုံ အကွဲစတွေက ပလက်ဖောင်းပေါ်မှာပြန့်ကျဲလို့
နှုတ်ခမ်းဖျားကလေးကို မထိတရိလေးတွန့်ပြီး ပြုံးလိုက်မိသေးလား မဆိုနိုင် …

အက်ကြောင်းရာတွေ ဖာထေးရင်း ဖာထေးရင်းကပဲ ငလျင်ဒါဏ်တွေက ပိုမို ပြင်းထန်လာခဲ့
လေထုထဲမှာက အောက်စီဂျင်လက်ကျန် သိပ်မရှိတော့ဘူးလို့ သိနေတယ် ..
အငမ်းမရ ဆိုတဲ့ ဝေါဟာရကို အပြန်ပြန် အလှန်လှန်တွေးရင် အသက်ကိုခပ်မြှင်းမြှင်း ရှူကြည့်နေမိ ..
မချိတင်ကဲ ဆိုတဲ့ အကြည့်မှာ တဖျတ်ဖျတ်လက်နေတဲ့ အသံတွေပါမလာခဲ့ဘူး ..
မိုးခေါင်ရေရှားအရပ်က ကန္တာရပင်တွေကြား ပွင့်ခဲ့ရတဲ့ မိုးဥတု နံနက်ခင်းလေး တစ်ခုလို
အခြောက်ခြောက် အသွေ့သွေ့ ကွဲရှ တိုးထွက်လာခဲ့ရ … ပုခုံးတစ်ချက်တွန့် ခဲ့လိုက်မိသေးလား မဆိုနိုင်  …

မထွေးနိုင် မအန်နိုင် အဆီတဝင်းဝင်းတွေနဲ့  မအန်နိုင်မထွေးနိုင် သဲတရှပ်ရှပ်တွေကြား
ရှေ့မဆက်တတ်တော့သလို  ဘာရပ်လုပ်နေမိပြန်တာလဲ …
ပိတ်ကားပေါ်က ဖယောင်းတိုင်မီး လှလှလေး လင်းနေတာကိုလည်း စွန့်လွှတ်ခဲ့ပြီးပြီ  ..
စာအုပ်ကြားထဲက ကံ့ကော်ပွင့်လေး သင်းနေတာကိုလည်း ပိတ်ပစ်လိုက်ခဲ့ပြီးပြီ …
ခြေကုန်လက်ပမ်းကျသလို အီဆွဲဆန့်ငင်လာတဲ့ တယောသံတွေကိုကျ ….
စကားဝဲသူတစ်ယောက်ရဲ့  မျက်ဝန်းတွေနဲ့  လှည့်ကြည့်ခဲ့မိသေးလား .. မသိနိုင် ….

အမှိုက်တွေ စုပုံအနည်ကျလာတဲ့ စိတ်နဲ့  စိတ်တွေ စုပုံအနည်ကျသွားတဲ့ အမှိုက်ပုံ
အရောင်စုံသစ်သီးတွေအကြောင်း ခဏတဖြုတ်ဖြစ်ဖြစ် မေ့ထားလိုက်ကြရအောင်
အနံ့အရသာတွေနဲ့  ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ အခွင့်အလမ်းသစ်တွေ ..
ကိုယ်ပဲ စစ်သူကြီး ကိုယ်ပဲ သံတမန် ကိုယ်ပဲ စစ်သုပန်း .. တခန်းတနားကြီး မြင့်မြတ်ပြနေကြ
သွေးရဲရဲ သံရဲရဲ အိပ်မက်တွေနဲ့ သတ္တိခပ်ကျဲကျဲကိုပဲ မရမက စုစည်းထားလိုက်ရတော့
မျက်ရည်တွေနဲ့  မက်မက်စက်စက် ရယ်မောခဲ့မိသေးလား မဆိုနိုင် ….

မနော်ဟရီ
၂၀၁၂ သြဂုတ်




မနက်ဖြန် ကျွန်မပေါက်ဈေးက အနက်ရောင် 

ကျောပေါ်က လှေခါးထစ်တွေရဲ့  ဖွင့်ဈေးက တိုက်ရည်ခိုက်ရည်ကောင်းတဲ့ နှလုံးသားထက် အရောင်လွင်တယ်..
(ဒီမှာ ပန်းချီဆရာ အဖြူနည်းနည်းပက်လိုက်သင့်လား ရေများများ ရောလိုက်သင့်သလား ..အကြံပေးစမ်းပါ)
တချို့ကတော့ အဲဒီလှေခါးထစ်တွေထက် ပင့်ကူတစ်ကောင်လို ဦးနှောက်ကိုပဲ ပိုစိတ်ဝင်စားသတဲ့ ..
အဲဒီပေါက်ဈေးကတော့ ကီး နည်းနည်း မြင့်နေတဲ့ အသံတစ်သံ … (pitch တော့ မမီပြန်ဘူး )
အဟောင်းတွေကို အသစ်လုပ်ဝတ်ပြီး ဈေးနှုန်းအသစ် ကပ်ထားတဲ့သူက တစ်မျိုး ..( မြင်ရတာ နားရေစပ်တယ် )
အလကားခိုးလို့ ရတဲ့ ဝေါဟာရတွေအတွက် ဈေးလာညှိနေတာကိုပဲ ကျေးဇူးတင်ပစ်လိုက်ရတော့မယောင် ..
မကြောင်ကြစမ်းပါနဲ့ ဟာ  .. ဘယ်နေ့ဖြစ်ဖြစ် ပေါက်ဈေးမတူတဲ့အရာဟာ အဲဒီ ဂီလာန မာယာတွေပါပဲ …

လတ်တလော အရေးပေါ် ရေးခြစ် အရောင်တင် ပစ်လိုက်တဲ့ သမိုင်း၊ ရင်းနှီးမှုနဲ့ ကပ်ထားတဲ့ တံဆိပ်ခေါင်း ..
လက်ခုပ်သံတွေက ဖြောင်းဖြောင်းနဲ့ ခင်ဗျားကျ တန်ဖိုးပြောင်းရတာ လွယ်လိုက်တာ .(အထူးတလည်အံ့သြပြလိုက်..)
ဆောင်ဓား တစ်ချက်လှမ်းဆွဲ ခတ်လိုက်ရုံနဲ့  ဓားဖျားမှာ အပြုံလိုက် ငြိပါလာမယ့် မျက်နှာဖုံးတွေ ..
မနေ့က အပြုံးတွေနဲ့ ဒီနေ့အချစ်ကို လက်သိပ်ထိုးဝယ်ဖို့ ကြိုးစားနေပုံက စိတ်ပျက်စရာ ..
မကစားတတ်သူတွေ အစားခံနေရကျ လူ့ဘဝကြီးထဲ ခင်ဗျားတို့ ကျွန်တော်တို့   ပြုတ်ကျလာပုံကိုက
သကာင်္မကင်းတဲ့ ရနံ့တွေရနေတဲ့ နတ်ဒေဝတာတွေ ထွေခင်းတဲ့ပွဲကြီးထဲ ဘုမသိ ဘမသိ ရောက်လာသလို ..
တစ်ထောင့်တစ်ည ပုံပြင်ဆန်းတွေလောက်တော့ ပျင်းတယ်ဆိုတဲ့ ဇာတ်ကွက်နဲ့ ..

ခါတော်မီသမိုင်း .. အရောင်ပြောင်းထားတဲ့ အတွင်းသံ .. ပုံသဏ္ဍန် မမှန်တော့တဲ့ လူမှုဆက်ဆံရေး
အဆိပ်ခတ်ထားတဲ့ အချိုရောင် စကားလုံးများ .. မျက်နှာဖုံးများ နောက်က ကိုယ်ရည်သွေးတီးလုံးသံများ..
စကားလုံးအတုတွေနဲ့  လှီးချွတ်ခံလိုက်ရတဲ့ သိက္ခာများ နှုတ်ခမ်းပါးကလေးနဲ့ သတ်ပစ်လိုက်လို့ ရတဲ့ ဘဝများ ..
“ရောင်းရန်ရှိသည်” ဆိုင်းဘုတ် မလိုတဲ့ သံသရာဈေးကွက် ..  မနက်ဖြန်မနက် ဆက်ဆက်တက်လာမယ့် ပေါက်ဈေး …
အသံတွေစုံနေပြီဆို မျက်စိကိုမှိတ်ထားလိုက် .. ကိုက်လမ်းလေးအတိုင်း ပြန်လာမယ့် မနက်ခင်း အလင်း အမှောင်မှာ ကိုယ့်လှောင်ရယ်သံက အစွန်းအထင်းလို အထင်းသား  …. J အခါးဓာတ် ကဲချင်ကဲနေနိုင်တဲ့ မနက်ဖြန်မှာတော့
ကျွန်မပေါက်ဈေးက တကယ့်ကို အမှောင်ရင့်ရင့် … နည်းနည်းတော့ချင့်ယုံကြရတော့မယ်  …

မနော်ဟရီ
စက်တင်ဘာ ၂၀၁၂