နေထန်းတစ်ဖျား

Monday, May 7, 2012


နေထန်းတစ်ဖျား

အနားမှာ ဘယ်သူမှမရှိပေမယ့် စကားတွေ အများကြီး ပြောဖြစ်နေတယ်
ပျံသန်းသွားတဲ့ စကားလုံးတွေ အတော်များများကတော့ ပြန်မလာကြတော့ဘူး
လေထုထဲကနေ ပြန်ရလိုက်တာက အမည်နာမရှိတော့တဲ့ အထီးကျန်ခြင်း ..
ကိုယ်သတင်းစာတွေ မဖတ်ဖြစ်တာ အတော်တောင်ကြာနေပြီ …

ရေမှာမျောနေတဲ့ ငှက်မွှေးတွေကိုကြည့်ပြီး မကြာခဏ စိတ်အလာ့ဂျစ် ဖြစ်ရတယ်
(ဖြစ်နေပုံက)ကျောကဓားတွေကိုလည်း လက်ကလေးနဲ့အသာအယာ သပ်ချတတ်နေပြီ ..
ကြိုးကွင်းလို လာလာစွပ်တတ်တဲ့ မျှော်လင့်ခြင်းတွေနဲ့လည်း သဟဇာတသိပ်မဖြစ် ..
ရုပ်ရှင်တွေ မကြည့်ဖြစ်တာလည်း အတော်ကြာပြီ …

ခုတလော .. တစ်ယောက်တည်း စကားတွေအများကြီး ပြောဖြစ်နေတယ်
စိတ်မမှန်သူတစ်ယောက်ရဲ့  နားလည်ရခက်တဲ့ အရောင်အသွေးစုံ ရုပ်ရှင်လို ..
အဆက်အစပ်မမိတဲ့ အရောင်တွေ …. စကားလုံးတွေ …  ဘာမှမဆိုင်တဲ့ ဇာတ်ကောင်တွေနဲ့
ကိုယ့်ရဲ့  ပန်းချီကားလေး အသံဝင်နေတာလည်း အတော်ကြာပြီ ..

အတောင်ညောင်းနေတဲ့ မြို့ကြီးပေါ်မှာ ခဏလောက်တော့ နားချင်သေးတယ်
ရှင်သန်ခြင်းကို ငြီးငွေ့လာလို့ ညစ်ကန်ကန် ခွေပတ်နေတဲ့ မြစ်ကျဉ်းလေးလိုပါပဲ ..
တရားသဘောနဲ့ဆင်ခြင်လိုက်ပြန်တော့ အရာအားလုံးဟာ စကြဝဠာထဲက “ ကြယ်”
ကြီးမားလွန်းတယ်လို့ အမှန်တကယ်သိပေမယ့် သိပ်ကို ဝေးကွာ သေးငယ်လွန်းနေခဲ့
လသာညတွေမှာ အပြင်ထွက်မကြည့်ဖြစ်တာလည်း ကြာပြီ ..။

လက်ရှိအခြေအနေ အစစ်အမှန်ကဘာလဲ .. လရောင်လား၊ တေးသွားလား၊ ကခုန်မှုလား
တရားသဘောလို့ ချချရေးပြီး တယောပြားလေးနဲ့ အလွမ်းပုန်းခုတ်ခုတ်နေမိတဲ့ ပြဇာတ်
အမှတ်မရှိ သညာမရှိ မကြာခဏ ခေါင်းထိုးခံပေးမိနေတဲ့ ဝဋ်နာကံနာများ ..
သင် မကြားလိုက်လည်း တစ်ယောက်တည်း ဆိုနေမိတဲ့ တေးသွားဟာ
နေမြင့်နေပြီ ……. လို့ အမည်တပ်ခံထားရတယ်။     ။

မနော်ဟရီ