အချစ် အကြောင်း ပြောရအောင်

Tuesday, March 22, 2011


အချစ် အကြောင်း ပြောရအောင် ...တဲ့။ တရားခံ အစစ်ကတော့ အမမေငြိမ်းပေါ့ .. ။ သူ့ရဲ့ သိပ်ကို အောင်မြင်ခဲ့တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်၊ ခုထိလည်း သတိတရဖြစ်ကျန်နေစေတဲ့ စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး။ ဒုတိယ တရားခံက မသက်ဝေ ...။ သူ့ခမျာ မနော်ဟရီ ဆိုလို့ နုနုလှလှတွေများ ဖတ်ရမလား ဆိုပြီး တက်ဂ်ပုံရပါတယ်။ ကိုယ်ကကျတော့လည်း အချစ် ဆိုတာကို ခုထိ အမြင်မကြည်လင်ချင်သေးပဲ စောင်ပေပေနဲ့ ကြည့်နေတဲ့ စာသူငယ်လိုလူ ဆိုတော့ .. အချစ် လို့ ဆိုလိုက်တာနဲ့ လက်တမ်းပုံပြင်ကိုပဲ ပြေးပြေးသတိရပါတယ်။ အချစ် လို့ ဆိုလိုက်တာနဲ့ လေတွေ ထန်နေတဲ့ ချောက်ကမ်းပါးကြီးရယ်၊ ဒေါင်းမလိုလိုနဲ့ တလက်လက်ပွင့်ပြနေပြီး ဂျိုကာတစ်ကောင် အမြဲလိုနေတတ်တဲ့ ဖဲချပ်တွေရယ် .. .. ခေါင်းတခါခါနဲ့ မသေချာပါဘူးလို့ ပြောနေတဲ့အသံတွေရယ် .. ဒါတွေပဲပြေးမြင်ကြားယောင် နေမိတတ်သူဆိုတော့ ... စိတ်မကောင်းပါဘူး ..လို့ ပြောရမလားပဲ။ ၂၀၀၉ လောက်ကလည်း ဝါဝါ တစ်ခါ tag ပါတယ်။ ဒီကဗျာကိုပဲ တင်ခဲ့မိတယ်။ ခုလည်း ဒီကဗျာလေးပဲ တင်မိပြန်ပါတယ်။ အင်း .. နောက်လည်း ဒီကဗျာပဲ တင်မိဖို့ များပါတယ်။း) ဘာပဲပြောပြော၊ ဖုန်တက်နေတဲ့ ဘလော့ခ်ကို ဖုန်ခါခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။



အစ... ဘုရားသခင်က ကြွေအံမကစားတော့ဘူးဆိုပြီး အံစာတုံးကိုကောက်အသိမ်း အိတ်ဝကနေ ချော်ကျလာတဲ့ အံစာတစ်တုံးဟာ ငါ့ရဲ့ ကံကြမ္မာဖြစ်တယ်။ ကြည့်လိုက်တော့ မျက်နှာပြင် ခြောက်ခုလုံး နဲ့ မသက်ဆိုင်တဲ့ အံစောင်းတစ်ခုဖြစ်နေခဲ့ရဲ့ ။ ဒါပါပဲ ။ နောက်ထပ် လက်တမ်းပုံပြင်အသစ်တစ်ပုဒ် ဘုရားသခင် ကိုယ်တိုင် နားဆင်ခွင့်ရသွားခဲ့တာပေါ့

လက်တမ်းပုံပြင်
ရင်ကိုတောက်စားတတ်တဲ့ဖဲပွင့်တွေအကြောင်းကစ ရအောင်
“ချစ်တယ်”ဆိုတာတကယ်တော့“သေဆုံးခြင်း”တဲ့..
နားလည်သူတွေရဲ့ ခေါင်းတညိတ် ကိုပဲ လက်ခံမှာပါ..
အနာဂါတ်ဟာ ဘာအကြောင်း အရာမှရေးထိုး မထားတဲ့ စာရွက်တစ်ရွက် မှ မဟုတ်ပဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ...
“မသေချာဘူး”ဆိုတဲ့ လူတွေကို ပြုံးကြည့်ရင်း
မျက်နှာကြော တွေ တောင် တင်းလာ လိုက်တာ
ကမ္ဘာဦးကျမ်းကြီး တောင် မြွေတစ်ကောင်နဲ့  အကြီးအကျယ် ပြဿနာတက်လို့ ..
“ငါတို့ နောက်ဆုတ် ကြပါတော့လား”
ကိုယ့်ကိုကိုယ် ပြောတာတောင် ကြားအောင် မပြောရဲတဲ့ နောက်
ချောက်ကမ်းပါး ဆိုတာလည်း ဂန္ထ၀င် ဂီတတစ်ပါး ပဲပေါ့
တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။
မနော်ဟရီ
၂၀၀၃
၂၀၀၃၊ ရွှေဖူးစာ မဂ္ဂဇင်း၊ အချစ်ဂျာနယ်