တနင်္ဂနွေရောင် မြူခိုးငွေ့များ

Monday, April 26, 2010


တနင်္ဂနွေရောင် မြူခိုးငွေ့များ

နေရာက ကျွန်တော့်အတွက် အစိမ်းသက်သက်ပါ။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာလေး။ လမ်းကလေးရဲ့ အဝင်ဝမှာ ရှိတဲ့ ခြံကလေးထဲမှာ ကျွန်တော်တို့ gathering တစ်ခု ကျင်းပ နေကြတယ်။ မတွေ့ရတာကြာပြီ ဖြစ်တဲ့ မိတ်ဆွေတွေ ..၊ မတွေ့ရတာကြာလေ ကောင်းလေ ဖြစ်တဲ့ မိတ်ဆွေတွေနဲ့ပေါ့ ..။

ကျွန်တော်ကတော့ ထုံးစံအတိုင်း အရာရာကို ညည်းငွေ့လွယ်သူ ပီပီ နေ့လည်စာ စားပြီးချိန်မှာ အဲဒီလူအုပ်နဲ့ ခွဲထွက်ခဲ့လိုက်တော့တယ်။ တကယ်တော့ ထွက်သာလာတယ်။ ဆက်သွားရင် ဘာရှိမှန်း မသိသလို နောက်ပြန်ဆုတ်ရင်လည်း ဘာရှိမှန်း မသိပါဘူး။ ဒါပေမယ့် တောနက်ကြီးထဲ မြေပုံတစ်ချပ်နဲ့ သွားရတာထက်တော့ လွယ်မှာပါ။

လမ်းကလေးက ဆက်ဝင်သွားတာနဲ့အမျှ စိမ်းစိုအုံ့ဆိုင်းနေတယ်။ လေကတော့ ကြည်ကြည်စင်စင်လေး တိုက်လို့ ..။ ကျွန်တော်ဟာ စိတ်ကူးယဉ်တတ်တဲ့ ကဗျာဆရာ တစ်ယောက် မဟုတ်တာတောင်မှ သစ်ရွက်တွေရဲ့ တီးတိုး တေးသံတွေကို ကြားနေရမိ သလို စိတ်ထဲ ကြည်နူးနေမိတယ်။ လမ်းကလေးကို ဆုံးအောင် ဆက်လျှောက်တာတောင် မှ ခြံကျယ်ကြီး နှစ်ခြံပဲရှိတာ တွေ့ရတယ်။ ဒါပေမယ့် လမ်းကလေးက ဆုံးမလိုနဲ့ မဆုံးပြန်ဘူး။

ဝါးရုံစိမ်းစိမ်းတွေနဲ့ အုံ့ဆိုင်းနေတဲ့ လူတစ်ယောက်သွားသာ လမ်းကလေးကို တွေ့လိုက်ရတယ်။ ကျွန်တော် ခပ်တည်တည်နဲ့ ဆက်လျှောက်သွားလိုက်တယ်။ လမ်းကလေးက အပင်တွေ အုံ့ဆိုင်းနေလို့လားမသိဘူး။ မြူခိုးတွေ ဝေနေသလိုပဲ။ ပြီးတော့ အဲဒီမြူငွေ့တွေကြား လျှောက်ရတာ ခံစားမှုတစ်ခုကို ပေးနေသလိုလည်း ခံစားရတယ်။

လမ်းအဆုံးမှာ အတော်အသင့်ကျယ်တဲ့ ခြံကလေးတစ်ခြံ…။ အိမ်ကလေး တစ်လုံး ..။ အိမ်ရဲ့ ဟိုမှာဖက်မှာ ရေကန်တစ်ခု .. ရေကန်က တော်တော်ကျယ်ပုံပါပဲ။ စိမ်းပြာနေတယ်။ အိမ်ကလေးကတော့ သာမန် မြေစိုက်သစ်သားအိမ်ကလေးပါ။ ဒါပေမယ့် အဲဒီသစ်သားတွေက အဖြူရောင် လင်းတောက်နေတယ်။ အိမ်ထဲမှာ လူရိပ်လူခြေ မတွေ့ရပေမယ့် အိမ်ကလေးက တံခါးလည်း ပိတ်မထားဘူး။

ကျွန်တော် ခပ်လှမ်းလှမ်းကနေ အိမ်ကို ပတ်ကြည့်ပြီး နောက်ဖက်က ကန်ရှိရာကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ခြံထဲမှာက ပတ်ပတ်လည်မှာ ဝါးရုံတွေ အုံ့ဆိုင်းနေတာက လွဲရင် မြေပြင်ကျယ်မှာကျ မြက်တစ်ပင်တောင် မတွေ့ရအောင် ပြောင်ရှင်းလို့။ ရှုပ်နေတာက ဟိုတစ်ရုပ် ဒီတစ်ရုပ် ချထားတဲ့ အရွယ်စုံ ပန်းပုရုပ်၊ပလပ်စတာရုပ်နဲ့ ကျောက်ဆစ်ရုပ်တွေ။

“ အဲ ”

ရုတ်တရက် ကျွန်တော့်ခြေလှမ်းတွေ ရပ်တံ့သွားရတယ်။ စိတ်ထဲမှာလည်း စိုးထိတ် သွားသလိုပဲ။ အိမ်ကလေးရဲ့ အနောက်ဖက်မှာ လူတစ်ယောက်ကို တွေ့လိုက်ရတာကိုး။ ပိုပြီးသေချာအောင် ပြောရရင် အမျိုးသမိး တစ်ယောက်။ သူမ စားပွဲနှစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။

“ အိုး .. သူ အရုပ်တစ်ခု လုပ်နေတာပဲ ”

ရွှံ့စေးနှင့် အရုပ်တစ်ခုကို သွန်းလုပ်နေပုံရတဲ့ သူမဟာ စိတ္တဇ ဆန်နေသလိုပဲ။ ဆင်စွယ်နှစ် ရောင် လက်ပြတ် စွပ်ကျယ်သား အကျီ င်္ ကိုဝတ်ထားပြီး အဲဒီအရောင် ဂါဝန်ရှည်ကိုပဲ ဝတ်ထားတယ်။ ဒါပေမယ့် သူ့အဝတ်အစားမှာ ရွှံ့စေးတွေက အဆင် ဒီဇီုင်းတစ်ခုလို ပေကျံလို့။ ဆံပင်ရှည်ရှည် ခွေခွေ လိပ်လိပ်လေးတွေက အညိုရောင် ..။ လုံးဝသိမ်းဆည်း မထားပဲ ဖြန့်ချထားတာကြောင့် သူမပုံက ပိုပြီး စိတ္တဇ ဆန်နေတာ ထင်ပါရဲ့။

ကျွန်တော် သူမဆီ လျှောက်သွားလိုက်တယ်။

ခြေသံကြောင့် ထင်တယ်။ သူမက အသာမော့ကြည့်တယ်။ ပြီး.. တွေ့နေမြင်နေကျ အရာတစ်ခုကို တွေ့ရသလို . သာမာန်ပဲ .. အကြည့်ပြန်လွှဲသွားတယ်။ တကယ်ဆို ကျွန်တော်လို ကောင်တောင် သူ့ကို တွေ့ရချိန်မှာ ထိတ်ကနဲ ခံစားချက် ပျော့ပျော့တစ်ခု ဝင်လာသေးတာ။ သူမအနေနဲ့ ဒီလောက်မှ လှုပ်ခတ်မသွားဘူးဆိုတာကတော့ တစ်မျိုးပဲ။ မသကာ ထိတ်လန့်မသွားတောင် အံ့သြသွားပုံလောက်တော့ ရှိသင့်တယ်။ ခုဟာက သူမ ပုံစံက သာမန်ကာရှန်ကာ အေးစက်လို့ ..။

ကျွန်တော် အနားထိ လျှောက်သွားလိုက်တယ်။

“ ခင်ဗျား .. ကျွန်တော့်ကို သိလို့လား

အမှန်က သိပ်ကို အူကြောင်ကြောင်နိုင်ပြီး အဆင်မပြေတဲ့ မေးခွန်းပါ။ သူမက ညင်ညင် သာသာပဲ ပြန်ဖြေတယ်။

“ ဟင့်အင်း မသိပါဘူး ”

“ ဒါနဲ့တောင် ခင်ဗျား ခြံထဲ ဝင်လာတဲ့ လူတစ်ယောက်ကို ဘယ်သူလဲ ဘာကိစ္စလဲ ဘယ်ကလဲ လို့ ဘာလို့ မမေးတာလဲ ”

သူမ .. ရွှံ့စေးတွေပေါ်က လက်ကို ခဏ ရုတ်လိုက်ပြီး အကြည့်ကို ကျွန်တော့်ဆီ ပို့တယ်။

“ ရှင် ဘယ်သူပဲဖြစ်ဖြစ် သေချာတာက ကျွန်မစောင့်နေတဲ့သူ မဟုတ်ဘူး ဒိထက် သေချာတာ ဘာရှိမှာလဲ ”

ကျွန်တော် သူမရဲ့ ပြတ်သား သွေးအေးမှုကို တစ်မျိုးကြီး ခံစားလိုက်ရတယ်။ သူမကို ကြည့်တော့လည်း တစ်စုံတစ်ယောက်ကို မျှော်လင့်နေတဲ့ သူနဲ့လည်း မတူပါဘူး။ ကိုယ့်အလုပ်ကိုယ် အေးအေးလူလူ လုပ်နေတဲ့ သူတစ်ယောက်နဲ့ပဲ တူတယ်။

“ ဒါဆို ….. ခင်ဗျားက တစ်ယောက်ယောက်ကို စောင့်နေတာပေါ့ ..”

“ ထင်တာပဲ ”

“ ဘယ်လိုဖြစ်ဖြစ်လေ ခင်ဗျားခြံထဲကို ဝင်လာတဲ့ လူက လူကောင်းတစ်ယောက် မဟုတ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ”

သူမ ကျွန်တော့်ကို မော့တောင်မကြည့်ပဲ ဖြေတယ်။

“ လောကမှာ လူကောင်း ဆိုတာ ရှိလို့လား .. ရှင်က ရှင့်ကိုယ်ရှင် လူကောင်းလို့ အာမခံနိုင် လို့လား ကျွန်မကတော့ အာမ မခံနိုင်ဘူး .. ပြီးတော့ ရှင်ပြောသလိုဆိုရင် ရှင်လည်း ကျွန်မကို သတိထားရမှာပဲ ကျွန်မ ခြံက လူသူလေးပါးနဲ့ မနီးဘူး ကျွန်မက ရှင့်ကို ဖျားယောင်းပြီး သတ်ပစ်လိုက်ပြီဆိုပါစို့ …. …”

“ … …. ….”

ကျွန်တော် ထိတ်ကနဲ ဖြစ်သွားရပြီးမှ ရှက်ရှက်နဲ့ စိတ်ထဲက ကြိတ်ပြီး အဲဒီမိန်းမကို ကျိမ်ဆဲ ပစ်လိုက်တယ်။

“ မဖြစ်နိုင်တာ ”

“ လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ”

သူမက လုပ်လက်စ အလုပ်ကိုဆက်လုပ်နေပါတယ်။ ရုပ်လုံးသာ မပေါ်သေးတာ။ လူတစ်ယောက်ရဲ့ ဦးခေါင်းပိုင်းဆိုတာတော့ ကျွန်တော် မှန်းလို့ရတယ်။ သူမ လုပ်နေတာကို ကျွန်တော် စိတ်ဝင်တစား ကြည့်နေမိတယ်။

“ ရှင် .. ထိုင်ချင်ထိုင်လေ ကျွန်မက လူသတ်ရမှာ ပျင်းပါတယ် ”

စားပွဲဘေးမှာ ချထားတဲ့ ကြိမ်ခုံပုလေးကိုပြပြီး ဧည့်ဝတ်ပြုပုံက သင်းတယ်။ ဒီမိန်းမ ကြည့်ရတာ အလွန်ဆုံးရှိလှ လွန်ရော ကျွံရော သုံးဆယ်နား မကပ်နိုင်သေးလောက်ဘူး။

“ ခု … .. မင်းလုပ်နေတာ မင်းစောင့်နေတဲ့ သူရဲ့ ပုံတူလား ”

“ ဟင့်အင်း ”

“ ဒါဆို ဘယ်သူ့ပုံလဲ ”

“ ရှင် အဲဒီမှာ ဆက်ထိုင်နေရင် ရှင့်ပုံတူ ဖြစ်သွားနိုင်တယ် မဟုတ်ဘူးဆိုရင်တော့ ဒီပုံဟာ Brad Pitt လည်းဖြစ်နိုင်တာပဲ Michael Pare’ လည်း ဖြစ်နိုင်တာပဲ ”

သူမကြည့်ရတာ အရူးတစ်ယောက်နဲ့တော့ သိပ်မတူဘူး။ ဒါပေမယ့် စိတ်ရောဂါ ခပ်ပါးပါးလေး ကိုခံစားနေရတဲ့သူနဲ့တော့တူတယ်။

“ မင်း ..ဒီမှာ တစ်ယောက်တည်းနေတာလား

“ ဟုတ်တယ် ”

“ မင်း တစ်ယောက်တည်း မကြောက်ဘူးလား ”

သူမက ရွှံ့စေးပုံထဲက ရွှံ့စေးအနည်းငယ်ကို ထပ်ဖဲ့ယူနေရာကနေ ကျွန်တော့်ကို မော့ကြည့်ပါတယ်။ နောက် ရွှံ့စေးပုံနားက ဓားတစ်ချောင်းကို ညွှန်ပြရင်း ပြောတယ်။

“ ရှင်တွေ့လား .. အဲဒီ ဓားက သိပ်ထက်တာ သူ့မှာ ဆင်တူ အမြွှာ ဓား တစ်ချောင်းရှိခဲ့ဖူး တယ် ခုတော့ မရှိတော့ပါဘူး မနှစ်က ကျွန်မ အဲဒီဓားနဲ့ ထောက်ပြီး ဓားပြတိုက်ခံရဖူးတယ် လေ ”

“ ဗျာ ”

ဓားပြတိုက်ခံရတဲ့ကိစ္စကို မနေ့တစ်နေ့က ကားဂိတ်မှာ လူသိပ်များတာပဲ ဆိုတဲ့ ကိစ္စမျိုး ပြောသလို သွေးအေးအေးနဲ့ ပြောပြနေပုံက အသည်းယားစရာ ..။

“ ရယ်ရတယ် သိလား ဒီဓားနှစ်ချောင်းကို ချပြထားရင် ဝယ်ခဲ့တဲ့ ကျွန်မတောင် မခွဲတတ်ဘူး အဲဒီ ဓား ပြကိုချပြရင်လည်း သူဘယ်ဓာကို ကောက်ကိုင်ခဲ့တယ်ဆိုတာ သူ့ဟာသူ ခွဲတတ်မှာမဟုတ်ဘူး။ ဒါပေမယ့် သက်ဆိုင်ရာက ဓားနှစ်ချောင်းထဲက တစ်ချောင်းကို သက်သေအဖြစ် သိမ်းသွားခဲ့တယ်။ အဲဒီကတည်းက သူလည်း အဖော်မဲ့သွားခဲ့တာပဲ ..”

“ အဲဒီ ဓားပြကိုရော မိသွားရောလား ”

“ ဟင့်အင်း .. ကျွန်မ ဓားကလေးပဲ စိတ္တဇရောဂါရ ကျန်ခဲ့တယ် ”

စိတ္တဇရောဂါ ရနေတာကတော့ ဓားနဲ့သူ့သခင် တူတူပဲ ဖြစ်လိမ့်မယ်ထင်တယ်။

“ ဒါနဲ့ မင်း ပစ္စည်းတွေ တော်တော် ပါသွားသေးလား ”

“ တော်တော် ပေးလိုက်ပါတယ် ”

“ ဘယ်လို ..”

“ သူက ဘယ်ပစ္စည်း ဘယ်မှာ ရှိမှန်းသိတာမှမဟုတ်တာ သိတဲ့ ကျွန်မကပဲ အကုန် ရှာဖွေပေးလိုက်တယ် သူပြန်ရောင်းစားလို့ အဆင်ပြေမှာတွေပေါ့ ”

“ တန်ဖိုးအားဖြင့် …”

“ တန်ဖိုးအားဖြင့် သူတန်ဖိုးထားတာတွေ သူရသွားပြီး ကျွန်မ တန်ဖိုးထားတာတွေ သူက လက်ဖျားနဲ့တောင် မထိသွားလို့ ကျေးဇူးတင်နေတာ ”

ကြည့်ပါဦး။ ကျေးဇူးတောင် တင်တယ်တဲ့။

“ မင်း တန်ဖိုးထားတာတွေက …”

“ ဒီ ပန်းပုရုပ်တွေ အိမ်ထဲက ပန်းချီကားတွေနဲ့ စာအုပ်စင်ပေါ်က စာအုပ်တွေ..”

ကျွန်တော် စိတ်ထဲကနေ ရှုံ့ချလိုက်တယ်။ ဒီပစ္စည်းတွေကို ဘာလုပ်လို့ရမှာမို့ ဘယ်သူက ယူသွားမှာလဲ .. လို့လည်း တွေးလိုက်တယ်။

“ မင်းက အာဂ သတ္တိပဲ ”

“ ဘယ်ကလာ .. ရှင်မှားနေပြီ သတ္တိမရှိလို့သာ ရှာဖွေပေးလိုက်တာပေါ့ အမှန်ဆို ကျွန်မက တန်ဖိုးရှိတယ်လို့ ထင်တဲ့ အရာတွေနဲ့ သူတို့က တန်ဖိုး ရှိတယ်လို့ ထင်တဲ့ အရာတွေ မတူဘူးလေ အဲဒါကို မနည်း စဉ်းစားပေးလိုက်ရတာ ကြောက်လို့ပေါ့ ..”

ကျွန်တော် ဘာမှ ပြန်မပြောတော့ သူမက ဆက်ပြောတယ်။

“ ရှင်သာဆိုရင်ရော ဘာလုပ်မှာလဲ ခုခံမှာလား သူမြင်သမျှပဲ ယူလို့ သဘောထားလိုက် မှာလား ကျွန်မလိုပဲ အဆင်ပြေမှာလေးတွေ ရွေးပေးမိမှာလား ”

“ မသိဘူး ”

ကျွန်တော် တကယ်မသိတာပါ။ ကျွန်တော့်မှ ဒီအခြေအနေကို မကြုံဖူးတာ။ ကျွန်တော့် အတွက် အဖြေက အဆင်သင့် ရှိမနေဘူး။

“ ဓားပြတိုက်ပါတယ်ဆိုမှ သူက သူ့လိုအပ်ချက်ပြည့်မှ ပြန်မှာလေ သူ့အတွက် အဆင်ပြေမှာတွေ ရွေးပေးလိုက်တော့ သူလည်း မြန်မြန် ပြန်လို့ရသွားတယ် ကျွန်မလည်း အကျဉ်းအကြပ်က လွတ်မြောက်သွားတာပေါ့ ဒါပေမယ့် တစ်ချက်ကောင်းတာက ကျွန်မနဲ့ သူ တန်ဖိုးထားတဲ့ အရာတွေ တူမနေခဲ့တာပဲ ”

ဘယ်ဓားပြကမှ သူ့ပန်းချီကားတွေ ပန်းပုတွေ စာအုပ်တွေ သယ်မသွားဘူးဆိုတာကို သူမ သိသင့်တာပေါ့။

“ ဒါလည်း ခုထိ မင်းတစ်ယောက်တည်း နေတာပဲလား ”

“ အင်းလေ ကျွန်မမှာ သူတို့ တန်ဖိုးထားတဲ့ အရာတွေ ဘာမှ မှ မရှိတော့တာ ကိစ္စ မရှိပါဘူး ”

အမှန်ဆို ခုမှတွေ့ပြီး ဒီလောက် အပြောအဆို သွေးအေး အဆင်မပြေတဲ့ မိန်းမ တစ်ယောက် အတွက် ကျွန်တော် ဘာပူစရာရှိလဲ။ ခက်တာက ကျွန်တော် ဘာလို့မှန်းမသိ ပူနေမိတယ်။

“ ဒါထက် မင်း စောင့်နေတယ်ဆိုတဲ့ သူကရော ”

“ စောင့်နေပါတယ်ဆိုမှ မလာသေးလို့ပေါ့ရှင့် ”

“ သူက မင်းချစ်သူလား ”

“ ဆိုပါတော့ ”

ဒီစကားကို ဖြေတဲ့ လေသံကတော့ အေးစက်မနေဘူး။ နွေးထွေးလာသလိုပဲ။

“ သူက မင်းကို မစောင့်ရှောက်ဘူးလား ”

“ ချစ်သူဆိုတာ စောင့်ရှောက်ဖို့လား ”

သူမ အေးစက်စက်ပြန်မေးပါတယ်။

“ အဲလိုတော့ မဟုတ်ပါဘူး ဒါပေမယ့် ပါသလားလို့ ..”

သူမက ရွှံ့စေးတွေ ပေနေတဲ့ လက်ကို ရေထဲ နှစ်ပြီး ဆေးလိုက်တယ်။ ပြီးမှ ရယ်သံခပ်ဖွဖွ ကပ်ပါလာတဲ့ အသံနဲ့ ဖြေတယ်။

“ ရှင်က စာရေးဆရာလား ”

“ ဟင့်အင်း .. ဘာလို့လဲ ”

“ အဲဒါတွေက ဝတ္ထုထဲ ထည့်ရေးဖို့ပဲ ကောင်းတာလေ လက်တွေ့ကျ သိပ်အသုံး မတည့်လှဘူး ရှင်က အချစ်ဆိုတာကို သိလို့လား ..”

“ သိသလိုလိုပဲ ကျွန်တော့်မှာ ချစ်သူရှိတယ် ”

“ တစ်ယောက်တည်းလား ”

အတော့်ကို မထော်မနန်းနိုင်တဲ့ မေးခွန်းကြောင့် ကျွန်တော် ထောင်းကနဲ ဒေါသထွက် သွားရတယ်။

“ မင်းက ဘာကို ဆိုလိုတာလဲ ”

“ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တယ်ဆိုတာက စာအုပ်ထဲမှာပဲ ရှိတာ လက်ရှိမှာ ရှင့်ချစ်သူက တစ်ယောက်တည်း ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ရှင်ချစ်ခဲ့ဖူးတာက တစ်ယောက်တည်း မဖြစ်လောက်ဘူး ”

“ ချစ်ဖူးတာဆိုရင်တော့ တစ်ယောက်မကပါဘူး ခုလောလောဆယ်တော့ ချစ်နေတဲ့ ချစ်သူ တစ်ယောက်ပဲ ရှိပါတယ် ”

“ ရှင့်ကို ချီးကျူးပါတယ် ”

“ ဘာလဲ ..ဘာအတွက်လဲ ”

“ တစ်ချိန်တည်းမှာ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ချစ်မနေတဲ့အတွက် ”

ကျွန်တော် စိတ်ရှုပ်လာရပြီ။ ဒီမိန်းမက လေအေးအေးလေးနဲ့သာ အလုပ်နဲ့လက် မပြတ်ပဲ ပြောနေတာ။ သူ့စကားတွေက လေးလံလွန်းနယ်။ သူမကပဲ သွေးအေး ငြိမ်သက်ပြီး ခံစားချက်မဲ့လွန်းတာလား ။ ကျွန်တော်ကပဲ ခံစားလွယ်တာလားတော့မသိတော့ဘူး။

“ ဒါနဲ့ မင်းချစ်သူက ဘယ်မှာလဲ ”

သူမ အကြည့်တွေ ချက်ချင်း အရောင်ပြောင်းသွားသလိုပဲ။

“ ကျွန်မ မသိဘူး။ ဘာလို့မှန်းမသိတဲ့ စိတ်တွေနဲ့ ကျန်နေခဲ့တဲ့ ကျွန်မကို သူက ထားသွားခဲ့တယ် ”

သူက ရပ်ကျန်နေခဲ့မှတော့ ထားသွားပြီပေါ့ လို့ စိတ်ထဲက အော်ပြောနေမိတယ်။ အပြင်မှာတော့ မပြောမိပါဘူး။ ပါးစပ်က အလိုလို လှုပ်ရှားမရ ဖြစ်နေတာ။

“ ဒါပေမယ့် သူပြန်လာမှာပါ ”

ဒီလေသံကတော့ ခုနက လေသံလို မဟုတ်ဘူး။ ယုံကြည်ချက်တွေ အပြည့်နဲ့ ခိုင်မာနေ သလိုပဲ။ ပြီး .. သူ့ရဲ့ လုပ်လက်စ အရုပ်ကို အချောသပ်နေတယ်။ ရုပ်လုံးက ပေါ်နေပြီ။ ဒါပေမယ့် အဲဒီပုံဟာ ကျွန်တော်မဟုတ်သလို Pitt တို့ Pare’ တို့ မဟုတ်တာလည်း သေချာတယ်။ သူမလိုပဲ ဆံနွယ်ခွေတွေကျနေတဲ့ မေးရိုး အနည်းငယ် မာကျောဟန် ရှိတဲ့ ဒီအရုပ်ပုံဟာ .. သူမချစ်သူလား ..။

“ ရှင်သိလား ..ချစ်ခြင်းနဲ့ ပေါင်းဆုံခြင်းက ဘာမှသက်ဆိုင်မနေဘူး တခြားစီပဲ ပြီးတော့ ချစ်ခြင်း အစစ် ဆိုတာကလည်း တွေ့ဖို့သိပ်ခဲယဉ်းတာ။ ဒါကြောင့်လည်း လူတွေဟာ ထင်ယောင်ထင်မှား ချစ်ခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေခဲ့ရပြီး တကယ့်တကယ် အချစ်စစ်ကို တွေ့တဲ့အခါကျတော့ အရမ်းကို ပင်ပမ်းနွမ်းနယ် အားကုန်နေခဲ့ပြီ။ အခြေအနေ အရပ်ရပ်တွေက ပြုပြင်လို့ မရကြတော့ဘူး ”

သူမပြောတာ အမှန်ပါပဲ။ တကယ်တကယ်လည်း လူတွေက စမ်းတဝါးဝါးနဲ့ ချစ်တယ်လို့ ထင်ခြင်းတွေနဲ့ နပမ်းလုံးနေကြရတာပဲ။ တကယ်တမ်း အချစ်စစ်ကိုလည်း တွေ့ရော ကံကောင်းနိုင်တဲ့သူက လူနည်းစုပါ။ အတော်များများက ပြုပြင်လို့ မရတော့ဘူး။ ခု ကျွန်တော်တောင် ချစ်တယ်လို့ ထင်ခဲ့ခြင်းတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီးမှ ခု .. ချစ်သူကို တွေ့ခဲ့ရတာ။ သေချာတာကတော့ ကျွန်တော်တို့ နှစ်ယောက်လည်း ချစ်နေကြပေမယ့် ပေါင်းစည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေခဲ့တာပါပဲ။

“ ကျွန်မကတော့ သူပြန်လာတဲ့အခါ ပြုပြင်လို့မရနိုင်တော့တဲ့ အခြေအနေတွေ မရှိဖို့ အရာအားလုံးကို ရှင်းလင်းထားပြီးပြီ ကျွန်မ အားလုံးကို ပြတ်သားစွာ ဆုံးဖြတ်ထားပြီးပြီ အရင်တစ်ခါကလို တွေဝေပြီး ကျန်ခဲ့တော့မှာ မဟုတ်ဘူး ”

ဆံနွယ်ခွေတွေအောက်က မေးရိုးတွေ မာကျော တောင့်တင်းလာတဲ့အထိ ယုံကြည်ချက် အပြည့်နဲ့ ပြောနေတဲ့ သူမကိုကြည့်ပြီး ကျွန်တော် သနားလာတယ်။ ဟုတ်တယ်လေ။ သူမ မသိတာက ယောကျာ်းတော်တော်များများဟာ ကျောခိုင်းသွားပြီးရင် ပြန်လှည့်မလားတတ် ဘူးဆိုတာကိုပါပဲ။ သူမ ပြောသလို သူတို့ရဲ့ ချစ်ခြင်းဟာ တကယ်ပဲ အရမ်း စစ်မှန်နေခဲ့တယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့ ..။

“ ရှင် .. ကျွန်မကို သနားနေတယ် မဟုတ်လား ”

“ ဗျာ ..”

ကျွန်တော် အံ့သြနှုတ်ဆွံ့သွားရတယ်။ ဒီမိန်းမ အကြားအမြင် ၇နေတာတော့ မဟုတ်လောက်ဘူး။

“ ရှင်ကတော့ သနားချင် သနားမှာပေါ့။ ဒါပေမယ့် ကျွန်မသိတယ်။ သူပြန်လာမယ့်အချိန်က တစ်နေ့ထက် တစ်နေ့ ပိုနီးလာပြီ။ ကျွန်မလုပ်နေတဲ့ ရုပ်ပုံတောင် လုပ်ရင်းလုပ်ရင်း ဘယ်လိုမှ ထိန်းမရပဲ သူ့ပုံတူ ဖြစ်သွားသေးတာပဲ .. သေချာတယ် ဒီရုပ်ထုလေး ခြောက်သွေ့ အချောသပ်သွားတဲ့အချိန်ကျ သူရောက်လာလိမ့်မယ်။ ”

ကျွန်တော် .. ဘာပြန်ပြောရမှန်း မသိဘူး။ ပြောစရာလည်း မရှိသလိုပဲ။ ရင်ထဲမှာလည်း ရှုပ်ထွေးမှုတွေနဲ့ မှိုင်းအုံ့နေသလို ခံစားရတယ်။ ထုံးစံအတိုင်း အရာရာကို ညည်းငွေ့လွယ် တဲ့ ကျွန်တော် ဒိနေရာက ခွာဖို့ ဆုံးဖြတ်လိုက်တယ်။

“ ကျွန်တော် သွားဦးမယ် ”

ပြောပြောဆိုဆို ထိုင်ရာက အထမှာ ခြံဝန်းတစ်ခုလုံး ခပ်ပါးပါး မြူငွေ့တွေ အချိန်အခါ မဟုတ် အုံ့ခို ဆင်းကျလာသလိုပဲ။

“ ဟော မြူတွေ ကျလာပြီ ”

ဟုတ်ပါရဲ့။ စောစောကထက်ပိုပြီး မှိုင်းဝေ ကျလာတယ်။

“ အင်း .. အချိန်မဟုတ် အခါမဟုတ် ”

သူမရဲ့ စိတ်လှုပ်ရှားသံကို ဒီတစ်ခါတော့ ကျွန်တော်က မှတ်ချက် တစ်ခုနဲ့ ထောက်ခံလိုက်တယ်။ သူမက စောစောကနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ လေသံနဲ့ .. စိတ်လှုပ်ရှားစွာ ပြန်ပြောတယ်။

“ သူ .. လာတော့မယ် ”

“ ဗျာ ..”

“ ဟုတ်တယ် သူ ထွက်သွားတုန်းကလည်း ဒီလို တနင်္ဂနွေရောင် မြူငွေ့တွေထဲမှာပဲ ထွက်သွားခဲ့တာ ”

“ ဘာ …. ဘာ အရောင် …”

“ တနင်္ဂနွေရောင် …”

ကျွန်တော် ဆွံ့အ တွေဝေ စဉ်းစားနေဆဲမှာပဲ သူက ဆက်ပြောတယ်။

“ အဲဒီ တနင်္ဂနွေရောင် မြူတွေထဲမှာပဲ ကျွန်မ ကျန်ခဲ့ရတာ .. ခု .. သူ… ကျွန်မ ကျန်ခဲ့တဲ့ နေရာကို ပြန်လာတော့မယ် ..”

ကျောထဲ တစ်ချက်စိမ့်တက်လာတဲ့ ခံစားမှုကို ဘာကြောင့်ဆိုတာ ဆန်းစစ်မနေတော့ဘူး။ မြူတွေက ပိုပြီး ထူထပ်လာသလိုပဲ။ သူမပြောတဲ့ တနင်္ဂနွေရောင် မြူတွေ ..။ တောက်ပတဲ့ အညိုနုရောင် မျက်ဝန်းတွေနဲ့ မြူတွေကို ရင်ခုန်လှုပ်ခတ်စွာ ကြည့်နေတဲ့ သူမ ကို ကျွန်တော် ထားခဲ့ပြီး လှည့်ထွက်လာခဲ့လိုက်သည်။

မြတ်စွာ ဘုရား သခင် ..။

ဟိုးခပ်ဝေးဝေး ……. မြူတွေကြား …… သူမပြောတဲ့ …… တနင်္ဂနွေရောင် မြူခိုးတွေ ကြားမှာ လူရိပ်တစ်ခုကို တွေ့လိုက်ရသလို ……….။

မနော်ဟရီ

၂၀၀၇ ကလျာ မဂ္ဂဇင်း


ချစ်ခြင်း၏အလင်းတရားနေ့ရက်

Thursday, April 22, 2010

ချစ်ခြင်း၏အလင်းတရားနေ့ရက်

အဲဒီသီချင်းပေါ့
တစိမ့်စိမ့်စီးဆင်းလာခဲ့တာ သံသရာတစ်လျှောက်
နှလုံးသားတွေကို ဖောက်ပြီး ..........

အဲဒီအလင်းပေါ့
တငွေ့ငွ့လင်းချင်းလာခဲ့တာ ဘဒ္ဒကမ္ဘာတည်သရွေ့
အမုန်းတရားတွေကို ကွေ့ဝိုက်ပြီး ............

ဘယ်မှာ ဆုံမှာလဲကွယ် ...
အပျောကျယ်တဲ့ သံသရာအတွင်း .....

ယုံကြည်မှု..ချစ်ခြင်း...
သင်္ကေတမြစ်အစင်းစင်းကိုဖြတ်သန်းရင်း
နားလည်မှုလှေတစ်စင်းနဲ့
သူတို့ ထွက်ခွာခဲ့ကြပြီ ...
ချစ်ခြင်းတို့ စုဆုံရာ ပင်လယ်ဆီ ...........

မနော်ဟရီ
၂၂၊၄၊၂၀၁၀
၂၃း၃၂
.
(ချစ်ခင်ရသော ညီမလေး အမရာနှင့်အိုင်လွယ်ပန်တို့အတွက် မင်္ဂလာဦး အမှတ်တရ ..)


အဝါရောင် ပုံဆောင်ခဲ တစ္ဆေ

Saturday, April 17, 2010

အဝါရောင် ပုံဆောင်ခဲ တစ္ဆေ

လတ်တလော ကိစ္စက စရမည် ထင်သည်။
လေထု ကင်းမဲ့သွားသလို ခံစားလိုက်ရ၍ ခေါင်းမော့ကာ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်သောအခါ အဝါရောင် ရနံ့တချို့ ရောထွေးပါလာသည်။ ရှောင်လွှဲရန် ကြိုးစား မိသော်လည်း ကျွန်မ၏ အသက်ရှူလမ်းကြောင်းတစ်လျှောက် ဝါအက်အက် အနံ့များ ပေကျံသွားခဲ့ရပြီ။ ဘာမှ မတတ်နိုင်ကြောင်းကို မည်သူ့ကိုမှဝန်ခံစရာ မလိုပါ။ အသက်ရှူနေသော သူများအားလုံး တူညိနေလျှင် လောကတွင် စစ်ပွဲများမဲ့ကာ ပျင်းရိစရာ ကောင်းနေမည်လား ..။ (သူရဲကောင်းလည်း ရှိတော့မည် မဟုတ်)
ကျွန်မ၏ ခြေလှမ်းများကို ဝါတာတာ အကြည့်တချို့က ကန့်သတ်နေသလို ခံစားရလာသည်။ ကျွန်မက အမှုမဲ့ အမှတ်မဲ့ ခါချမိရင်းက အကြည့်များ စွန်းပေနေသော အဖြူရောင် အကျီ င်္ လေးကို နှမျောတသ ဖြစ်နေမိပြန်သည်။ လှောင်ချိုင့်ထဲက အသက်သာခိုချင်သော ငှက်ဝါဝါတစ်ကောင်ကတော့ တဂီးဂီး အော်ဟစ် ရန်လိုလျက်။ သူ့ကြည့်ရတာ ကျွန်မ ပင်ပမ်းသလို ခံစားလာရသည်။ ( အဝါရောင်သည် ဝန်တိုမှုကို ဆောင်သော မစ္တိယ အရောင်ဖြစ်၏.)
ကျွန်မကို စကားလုံးဝါဝါများနှင့် ပစ်ပေါက်ရန်ကြိုးစား လေ့ကျင့်နေသာ သူတစ်ယောက် ကို ကျွန်မက ငြိမ်းငြိမ်းချမ်းချမ်း ပြန်ကြည့်လိုက်မိသောအခါ ကျွန်မတို့ကြားတွင် အစိမ်းရောင် မြစ်တစ်စင်း စီးဆင်းသွားခဲ့သည်။ ကျွန်မက ထိုမြစ်ကမ်းနံဘေးမှ လျှောက်ရန် အကြောင်း မရှိသူပီပီ .. ကိုယ့်လမ်းကိုယ်လျှောက်နိုင်သော်လည်း တစ်ဖက်ကမ်းမှ အားစိုက်ထုတ်နေ သောသူအတွက် ပင်ပမ်း ပျင်းရိနေမိပြန်သည်။ သူမသည် လေးလံလွန်းသော အဝါရောင် များကို ထမ်းပိုးထား၏။ (သူမ .. ထိုဒုက္ခများမှ အမြန်ဆုံး လွတ်မြောက်ပါစေ ..)
အဝါရောင် သံစဉ်များ၏ နာသာခံခက်မှုများကို သင် နားဆင်ဖူးပါသလား။ ချစ်သူကတော့ ကျွန်မ၏ ညွှန်းဖွဲ့မှုများကို လက်မခံချင်ပါ။ ကျွန်မသည် အဝါရောင်ကို အလာ့ဂျစ် ဖြစ်နေသူ တစ်ယောက်နှင့် ခပ်ဆင်ဆင်တူနေသည်ဟု သူက မလူးသာ မလွန့်သာ စွတ်စွဲချင်နေ ပြန်သေးသည်။ ပြတ်တောက်သွားသော အဝါရောင် ဂစ်တာကြိုးတစ်ကြိုး အကြောင်း ပြောပြရန် ကျွန်မတွင် တာဝန်မရှိမှန်းသိသိကြီးနှင့် ကျွန်မ၏ ပင်ကိုယ်ဗီဇ အရ အားနာ နေမိပြန်သည်။ (Athena ထံမှ တရားမျှတမှုများကို ကျွန်မက ဇီးကွက် အဖြူတစ်ကောင် နှင့် လဲလှယ်လိုသည့်အတွက် Harry Potter နှင့် စကားကမ်းလှမ်းထားကြောင်း သင့်ကို ပြောပြ၍ မဖြစ်သေးပါ..။)
အဝါရောင်မျက်စောင်းတစ်ချက်၏ အဆုံးတွင် မာနတရား စစ်စစ်များနှင့် ရောယှက် နေသော ကျွန်မ၏ သရော်ပြုံးတစ်ခု မလွှဲသာ မရှောင်သာ တည်ရှိနေလိမ့်မည်။ မပြည့်သော အိုးများကို ဖြည့်ပေးရန် မည်သူ့တွင်မှ တာဝန်မရှိပါ။ ( နောင်တ …ခန္တီစ တရားတိုင်းသည် အားမတန်၍ မာန်ချခြင်း မဟုတ်ကြောင်း သိလာရသောအခါ လွန်ခဲ့သော ဆယ်နှစ်ကျော်က ရေးခဲ့သည့် ကဗျာလေးတစ်ပုဒ်ကို တိတ်တခိုး အားနာနေမိ ပြန်သည်။)
ဝန်တိုမှု ဆိုသော မစ္တိယစိတ်သည် ကိုယ့်ထက်သာသော သူများအပေါ်ထားသော စိတ်မှန်း သိသိကြီးနှင့် ကျွန်မ ဂုဏ်ယူရခက်ခဲနေခြင်းသည် ကျွန်မ၏ အားနည်းချက်ပင်။ ကျွန်မသည် ဘုရားလောင်း သိဒ္ဓတ္ထကဲ့သို့ ပါရမီမရင့်သန်သဖြင့် ဒေဝဒတ်ကဲ့သို့သော နတ်ဆိုးကို အလိုမရှိပါ။ ကျွန်မသည် လောကီတွင် ရိုးစင်းစွာ မွေ့လျော်သူသာ ဖြစ်သည်။
စောစောစီးစီး အဝါရောင် အမှိုက်စများကို လှဲကျင်းပစ်နေမိသည့် ကျွန်မကို ကြည့်ကာ ချစ်သူက မေးသည်။
“ မင်း မပင်ပမ်းဘူးလား ” ..တဲ့။
“ ဟင့်အင်း .. မပင်ပမ်းပါဘူး .. ရှင်းလင်းသွားမှုရဲ့ ပေါ့ပါးသန့်စင်တဲ့ ခံစားချက်ကသာ အရေးကြီးတာပါ ”
… လို့ ကျွန်မက ပြန်ပြောတော့ ချစ်သူက နားမလည်သလိုကြည့်တယ်။ တကယ်လည်း နားလည်ပေးစရာမလိုပါ။ တစ်စုံတစ်ဦး၏ နားလည်မှုထက် ချစ်သူ၏ နားလည်မှုက ပိုပြီး တန်ဖိုးကြီးတာ မှန်သော်လည်း ဖြစ်တည်မှု တစ်ခုမဟုတ်ပဲ ဖန်တီးယူရမည့် ကိစ္စ ဆိုလျင်တော့ ကျွန်မက လက်ခံချင်မိမှာမဟုတ်။ အဝါရောင် အမှိုက်စများ ရှင်းလင်း သွားသည်နှင့် လေထုသည် ပြန်လည် ဖြူစင်လာပေလိမ့်မည်မှာ သေချာသည်။ (သို့သော် တဖန်ပြန်လည် ညစ်ညူးစွန်းပေသွားစေမည့် အချိန်အတွက်တော့ ကျွန်မ ကြိုတင် မခံစားချင်ပါ ..)
အဝါရောင် အစွန်းကွက်များကို အဝတ်ဟောင်း တစ်စနှင့် လိုက်လံ ရှင်းလင်း ဖျက်ပစ် ရသည့်အခါတိုင်း ကျွန်မလက်ကလေးများ နာကျင်ယောင်ရမ်းမှုများနှင့် နီရဲ လာတတ်သည်။ အစွန်းကွက် ဝါအက်အက် များနှင့် ပေါင်းစပ်သွားသောအခါ လိမ္မော်နီ ရောင်များ အဖြစ် ကျွန်မကို ခပ်ညင်းညင်း ပျက်ရယ် ပြုကြပြန်သည်။ ဥပက္ခာ ပြုနိုင်ခြင်းသည် ခံစားချက်မဲ့ခြင်း မဟုတ်ပါ။ ( ဥပေက္ခာ ……. feelingless )
လတ်တလော ကိစ္စများ ပြီးဆုံးသွားသောအခါ နေ့ရက်တချို့သည် အဝါရောင်များ ကူးစက် ခံလိုက်ရသည်။ အနာဂါတ်သည်ပင် ဝါတာတာ အငွေ့များ ယှက်သန်းလျက် ။ ကြာလာလျင် ကျွန်မ၏ ထွက်သက်များပါ ဝါကျင်လာမှာ စိုးရသည်။ အသက်အောင့် ထားလိုက်လျင် ကောင်းမည်လား။ လှဲကျင်း သုတ်သင်နေရသော လက်များ ညောင်းညာ ကိုက်ခဲ ပေါက်ပြဲလာသည့်တိုင် လေထုက ကြည်စင် မသွားခဲ့တာတော့ အတော့ကို ဆိုးပါသည်။
“ ဝေါ့ .”
ကြိုးစားထိန်းထားသည့်ကြားက အဝါရောင်များကို ကျွန်မ အန်ချလိုက်မိပြီ။ ချစ်သူက .. ကျွန်မကို စိုးရိမ်တကြီးနှင့် တအံ့တသြမေးသည်။
“ ဘယ်လိုဖြစ်လို့ …………. ဒီလို…..”
သူ့မေးခွန်းက မဆုံးပဲ အဝါရောင် အန်ဖတ်များနှင့် ရောထွေး တိမ်မြုပ်သွားတော့ သူ တုန်လှုပ် သွားသည်။ လောကပါလတရားသည် အခါခပ်သိမ်း သူ့တရားသူ မစီရင်နိုင် ကြောင်း မည့်သူ့ကို အကြောင်းကြားရမှန်း ကျွန်မတို့ မသိကြပါ။ သို့သော် ကျွန်မကို နှောက်ယှက်နေသော စိတ်အစာမကြေမှုများ အကြောင်းကိုတော့ ချစ်သူ သဘောပေါက် သွားလောက်ပါသည်။
အဝါရောင်များကို အလိုမတူပဲ စုတ်ယူလိုက်ရသည့်အတွက် မြေလမ်းကလေးခမျာ ညိုညစ် ပုပ်အက်သွားရရှာသည်။ ကျွန်မတွင် နှစ်သိမ့်ရန် စကားလုံးတချို့ ရှိနေပါလျက် ဝါကျင် နေမှာစိုးသဖြင့် ထုတ်မသုံးရဲ။ တကယ်တော့ သူ အရောင်ပြောင်းသွားရသည့် တရားခံသည် ကျွန်မဟု ဆိုနိုင်သော်လည်း တကယ့် အဓိက တရားခံရင်းကတော့ အဝါရောင်များကို ထုတ်လွှတ်နေသော ကဝေသူမ သာ ဖြစ်သည်ဆိုတာ ကျွန်မ သူ့ကို ရှင်းမပြဖြစ်တော့ပါ။
အဝါရောင်သစ်ရွက်များ တဖွဲဖွဲ ကြွေကျလာနေသည်။ နွေ၏သရုပ်သည် အဝါရောင်လား။ ပူပြင်းလွန်းလှပါသည်။ မစ္ဆိယစိတ်များသည်လည်း ထိုကဲ့သို့ပင် ရှိလိမ့်မည်။ အရှိန်ဟပ် ခံရသော ကျွန်မပင်လျင် ပူလောင်မှုကို ခံစားမိလျင် ကာယကံရှင် သူမ ဆိုလျင်တော့ …။ ကျွန်မ မတွေးရဲ ..။ သူမ ရင်ထဲ မီးဟုန်းဟုန်း တောက်နေပေလိမ့်မည်။ ( မီးသတ်သမားတွေခေါ်ပါ။ ဒါပေမယ့် အဲဒီနှလုံးသားပေါ်ကိုတော့ မီးသတ်သမား ဖိနပ်ကြီးတွေနဲ့ မနင်းမိပါစေနဲ့။ သူမ အရမ်းနာကျင်နေမှာ စိုးလို့ပါ..)
ထင်မြင်မှု … သင်္ကေတ … ဆုတောင်း ..တောင်းဆိုချက်… နောင်တ .. ကြောက်ရွံ့မှု …. ဥပက္ခာ … ဆန္ဒ .. အရာအားလုံးကို တစ်ကန့်စီ ခွဲထားလိုက်သည်။ အစီအစဉ် တကျ မရှိလှသော ခါးသက်သက်အိပ်မက်များနှင့် ဝေးရာနေရာ တစ်ခုမှာပေါ့။ လေကောင်း လေသန့်ကို အလိုရှိနေသည်..ဟုဆိုလျင် ကျွန်မကို လက်ခံနားလည်မည့်သူ အတော် များနိုင်ပါသည်။ သို့တိုင်လျက် မြို့တော်ကြီးက ခမ်းနားကြီးကျယ် လာသည်နှင့်အမျှ လေကောင်းလေသန့် စက်ရုံကလေးများကလည်း အလျိုလျိုနှင့် တချို့ ပျောက်ကွယ် .. တချို့ ..ဝေးကွာ .. တချို့ ..ယာယီပြောင်းလဲ … နှင့် .. ။ ကျွန်မ ပို၍ပို၍ အသက်ရှူ ကြပ်လာခဲ့ရပြီ။
(တစ်ခုသော အချိန်ကာလတွင် ပြိုဆင်းကျလာတော့မည့် အဝါရောင် ပုံဆောင်ခဲများ၏ အန္တရာယ်မှ ကျွန်မကို ကာကွယ်ပေးပါ ချစ်သူ ..။ အဝါရောင် လက်ချောင်းများ၏ ဆန့်တန်း စုတ်ယူမှုများမှ လည်း လွတ်မြောက်ချင်နေပါသည်။)
ကျကွဲသွားသော ကြည်ကြည်လင်လင် မှန်ကလေး တစ်ချပ်ကို ကြည့်ကာ .. ကျွန်မက ကြေကွဲ နေမိချိန်တွင် ကောင်းကင်မှ မိုးရေစက်တချို့ လိမ့်ဆင်းကျလာခဲ့သည်။ အစိုးမရတတ်သော မိုးရေစက်များအကြောင်း သိထားပါလျက်နှင့် ကျွန်မ မငိုကြွေးချင်ပါ။ ဘောင်ဘင်ခတ်နေသော အိုးများကို ဖြည့်ရန် သူ့မှာ တာဝန်မရှိမှန်း သိသိကြိးနှင့် ကျွန်မက ထိုမိုးကို ဆက်ရွာစေချင်နေမိသည်။ အိုးများ .. ပြည့်သွားခဲ့လျင်… … ..
သူမ၏ ရင်အုံလှောင်ချိုင့်တွင် တစ္ဆေ တစ်ကောင်ရှိသည်။ ထိုတစ္ဆေသည် အဝါရောင် ဖြစ်၏။ တရားသံများကို နားပိတ်ထားတတ်သော ထိုတစ္ဆေသည် လွတ်မြောက်ရန်လမ်း မမြင်သေး။ တကယ်ဆို လောကတွင် မည်သို့မှ ဆေးကြော သန့်စင်ခြင်းငှာ မစွမ်းနိုင်သော အရာသည် မစ္ဆိယစိတ်ဖြစ်သည် .. ဆိုတာ ကျွန်မ သတိထား မှတ်သားထားခဲ့သင့်သည်။ ခုတော့ အရာအားလုံးသည် အစိမ်းရောင် မြစ်တစ်စင်းနှင့်အတူ စီးမျော ပါသွားခဲ့ရပြီ။
ဟိုးအဝေးဆီမှ .. တရွေ့ရွေ့ ပျံသန်းလာနေသော တန်ခိုးရှင် တစ်ပါး ..။ သင့်အား ဆုတစ်ခု တောင်းခဲ့ပါရစေ။ ကမ္ဘာမြေကြီးပေါ်မှ လူသားအားလုံးကို ငြိမ်းချမ်း ဖြူစင်ခွင့် ပေးခဲ့ပါ။
(သူ၏ သရော်ပြုံးကို မမြင်လိုက်ရခြင်းသည် မည်သူ၏ ကံကောင်းမှုလေလဲ )
မနော်ဟရီ
၂၀၀၈ Life Style Magazine


ဧပြီတစပြင်

Thursday, April 8, 2010



မဂ္ဂဇင်းလောကရဲ့ ထုံးစံအတိုင်း ရာသီစာ စာမူတွေကို တောင်းတတ်ကြပါတယ်။ ချစ်သူများနေ့ဆို အချစ်ကဗျာလေး အချစ်ဝတ္ထုလေး၊ သင်္ကြန်နားနီးရင် သင်္ကြန် ဝတ္ထုလေး။ ကျွန်မကျပြန်တော့လည်း ရာသီစာနဲ့ ကင်းကင်းနေတတ်တဲ့သူလိုဖြစ်နေတယ်။ အထူးသဖြင့် သင်္ကြန်ကို ဘယ်လိုမှ မခံစားတတ်တာ။ ငယ်ငယ်တည်းကလည်း အပြင်ထွက် ရေပက်ခံလေ့မရှိသလို မဏ္ဍပ်တွေလည်း မသွားပါဘူး။ သင်္ကြန်ဆို လုပ်တဲ့ အလုပ်က စာတွေထိုင်ဖတ် စာရေး အခွေကြည့် ဒါပါပဲ။ သင်္ကြန်ကို အိမ်ထဲ အောင်းရတဲ့ ရက်တွေလို့ သတ်မှတ်ထားပါတယ်။ ရေစိုမှာလည်း ကြောက်ပါတယ်။ သူများကိုလည်း ရေမပက်ချင်တတ်တဲ့ လူထူး လူဆန်းပေါ့။ ဒါပေမယ့် ကိုယ်ခင်မင်ရတဲ့သူတွေ လေးစားရတဲ့သူတွေက စာမူတောင်းလာရင်တော့ ကျွန်မ ကြိုးစား ရေးဖြစ်ပါတယ်။ ရေးလိုက်ရင်လည်း သူများ သင်္ကြန် ဝတ္ထုတွေနဲ့ ကွဲနေတတ်တာမျိုးပါ။ မှတ်မှတ်ရရ ကျွန်မ သုံးပုဒ် ရေးဖူးပါတယ်။ ပထမ တစ်ပုဒ်က People ကိုပေးခဲ့ဖူးတဲ့ (ခင်မျိုးသန်း ခင်မျိုးသင်းတို့ ရှိစဉ်က) ဧပြီ၃၁ရက် ပါ။ ဒါကို ကျွန်မ နွေရာသီ ၃၁ ဆိုပြီး လုံးချင်းလည်း ပြန်ရေးခဲ့ဖူးပါတယ်။ သင်္ကြန်နဲ့ မဆိုင်ပဲ ဧပြီနဲ့သာဆိုင်တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ နောက်တစ်ပုဒ်ကလည်း People ကတောင်းတာပါပဲ။ အဲဒါကတော့ ချစ်လှစွာသော ဒေါ်လူပန့်ငယ် တောင်းတာပါ။ ကျိန်စာသင့် လို့ နာမည်ပေးထားပါတယ်။ ခု အက်ဆေးလေးကိုတော့ အရင်က နာမည်ကျော်ဟာသ စာစောင် တစ်ခုကို မဂ္ဂဇင်း အဖြစ်ထုတ်တော့ စာမူလာတောင်းတာနဲ့ ပေးဖြစ်သွားတာပါ။ တောင်းတဲ့သူက ဆရာနိုင်ဝင်းသီပါ။ (ကျွန်မ မမှားဘူးဆိုရင် ဆရာက ဘုန်းနေသွန်းရဲ့ ဖခင် ဖြစ်ပါတယ်) ဒါနဲ့ပဲ ရေးပေးဖြစ်လိုက်တယ်။ စိတ်ထဲက အချဉ်ပေါက်နေတဲ့ အရာတွေနဲ့ ကိုနေမျိုးရဲ့ ကဗျာဆရာဝံပုလွေ ဖတ်ပြီးချိန်မှာရတာတွေနဲ့ ရောရေး လိုက်တာပါ။ ဖြစ်ချင်တော့ ဒီစာမူလေးက သနားစရာ ..ဖြစ်သလို နေရာတစ်ခုမှာ ပစ်ထည့်လိုက်သလို လုပ်တာခံလိုက်ရတယ်။ ကျွန်မရော ကိုရဲကျော်မြင့်ရော နှစ်ယောက်ပါ။ ဒါကလည်း သူတို့ရဲ့ မဂ္ဂဇင်းကို ၌က ဒီလိုပုံမို့ပဲလို့ ဖြေတွေးလိုက်လို့ရပါတယ်။ အားနာစရာကောင်းတာက ဆရာပါ။ သူက စာမူတောင်းပေးတဲ့သူဆိုတော့ ကြားထဲကနေ စိတ်မကောင်းတဲ့စကား ဆိုသွားခဲ့ရှာပါတယ်။ လူလည်းသိပ်မဖတ်တဲ့ မဂ္ဂဇင်းတစ်ခုကို စာမူပေးရတာ ကိုယ့်အားထုတ်မှု တစ်ခု ဆုံးရှုံးသွားသလိုပဲလို့ တချို့က ဆိုကြပါတယ် ။ ဒါပေမယ့် ကျွန်မတို့ စာသမားအချင်းချင်းကျ ပေးဖြစ်ပါတယ်။ ဘယ်သူ ဘာလုပ်နေတယ်ဆို အားလုံးက ဝိုင်းကူ ဖြစ်လိုက် ကြတာပါပဲ။ ခုလည်း ဘယ်သူမှ သိပ်သိလိုက်ပုံ မရတဲ့ ဒီအက်ဆေးလေးကို ကျွန်မ အိမ်ပြန်လာတော့ ပြန်တွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ဒီအက်ဆေးလေးကို ၄၊၄၊၂၀၁၀ တုန်းက ဘလော့ခ် တစ်နှစ် ပြည့်တဲ့ ရီနိုမာန် ကိုလည်း သူ့နှစ်လည်မှာတင်ဖို့ အမှတ်တရ ပေးခဲ့ပါသေးတယ်။


ဧပြီတစပြင်


နောက်ဆုံးနှင်းစက်ကလေး၏ နှုတ်ဆက်သံကို မနေ့က ကြားခဲ့ရသည်။ ကျွန်မတို့သည် ဆောင်းကာလ တစ်လျှောက်လုံး မီးတောက်မီးလျှံများကို စာတိုက်က တဆင့် တစ်ဦးကို တစ်ဦး ပေးပို့ခဲ့ကြ၏။ (ယင်း လျို့ဝှက်ချက်ကို မည်သူမှ သိရန်မလိုပါ။) လမ်းခုလတ်တွင် အခန့်မသင့်၍ အေးခဲ ငြိမ်သက်သွားသော မီးတောက်များအကြောင်းကိုတော့ နေ့စဉ်မှတ်တမ်းတွင် မင်နီတား၍ မှတ်တမ်းတင်ခဲ့ကြသည်။

ဧပြီလ၏ နေ့လည်ခင်းနေက ခြစ်ခြစ်တောက်ပူနေသည်။ ဧပြီလပြီးရင် ဧပြီ မလာဘူး ဟု ဆိုသည်။ ကျေးဇူး တင်စွာ ဝမ်းနည်းမိပါသည်။ ကျွန်မတို့တွင် ဒီနှစ် နွေရာသီအကြောင်း ပြောဆိုရန် စကားမရှိပါ။ ခွင့်ပြုချက် မရသဖြင့် တစ်ဝက်တစ်ပျက် ပွင့်နေသော ပြတင်းဝမှ တဆင့် နွေရောင်ကောင်းကင်ကို ကျွန်မတို့ ပြိုင်တူ မော့ကြည့်မိကြသည်။ အဝါရောင်ရင့်ရင့် ဘက်လုနေသော ပန်းတချို့ ပွင့်နေကြသည်။

တစ်ရံခါတုန်းဆီကတော့ မြောက်ပြန်လေနှင့်အတူ မျောရွေ့လွင့်ပါလာသော အက္ခရာများကို သယ်ယူ ခဲ့ကြ ဖူးသည်။ အဝါရောင် ရနံ့များနှင့် ရောနှောရန်။ မဖြစ်နိုင်ခြင်း အဘိဓာန်ထဲမှာ ဝေါဟာရများကို အတည်ပြုပေး ခဲ့ကြဖူးသည်။ နပိုလီယံထံ ပေးပို့ရန်။ ကိုယ့်နောက်ကျောအတွက် ဓားကို ကိုယ်ပြန်သွေးပေးခဲ့ဖူးသည်။ ပန်းပဲ မောင်တင့်တယ်ကို ဆက်သရန်။ ဝံပုလွေများနှင့် တရင်းတနှီး (လေးစားစွာ) လက်ဆွဲ နှုတ်ဆက် ခဲ့ကြဖူးသည်။ မြေခွေးများနှင့် လမ်းခွဲထွက်ခွာရန်။ ဦးခေါင်းတစ်လုံးကို အသိဥာဏ်လျော့ပါးစွာ ဖွင့်ကြည့်ခဲ့မိ ဖူးသည်။ (တကယ်ဆို ထိုမျှ မိုက်မဲရန် မသင့်ပါ။) ခုထိတော့ ရွှေတွင်းတွေ ဘယ်မှာရှိမှန်း ကျွန်မ မသိသေးပါ။ အဝါရင့်ရောင် ပန်းများ (ပိတောက်ဟု လူတချို့က ခေါ်သည်) ကတော့ ကဗျာဆရာများ၏ စကားလုံးတွေ ကြားထဲတွင် ရွှေရည်လူးကျန်ခဲ့၏။

ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေနေသော ဧပြီတစ်ရက် ကို ကျွန်မက ရှာဖွေ တွေ့ရှိသွားသည်။ ဘာမှတော့ အသုံးမဝင်ပါ။ (ကျွန်မမှ လူတွေကို အရူးလုပ်တာ ဝါသနာမပါတာ) ယူစရာသံဝေဂ ဘာမှ လက်ကျန် မရှိတော့တဲ့ ၃၂ ကောဌာသ ကြီးက ခုန်ဆွခုန်ဆွနှင့် မဏ္ဍပ်တွင်းမှာ မြူးလို့။ ကျွန်မကတော့ ပျော်ရွှင်မှုတွေဆီ ခုန်ချလိုက်တိုင်း ဘယ်တော့မှ လေထီးမပွင့်ခဲ့သူဖြစ်သည်။ နောင်တရ မျက်ရည်ကျစရာ ပင်နယံများကား လည်ပတ်စရာဆီကုန်နေသော ဘီးများကဲ့သို့ သိပ်အသုံးအဝင်တော့။ သင်္ကြန်ဟု လူအများက သတ်မှတ် ခေါ်ဆိုနေသော ရေစက်များသည် ပြောင်းလဲခြင်းဆီ ဥိးတည်နေကြသည်။

ကျွန်မကတော့ လူတစ်ယောက်၏ နောက်ဆုံးဝါကျကို ဖတ်ခဲ့ရဖူးသည်။ လူဖြစ်ရတာ ကောင်းတယ်..တဲ့။ စိတ်အချဉ်ပေါက်နေသော ဂီတသံတစ်ခုကိုလည်း ကြာခဲး့ရသည်။ လူဖြစ်ရတဲ့ ဒုက္ခ … တဲ့။ အခါအားလျော်စွာ လွဲချော်နေတတ်သော ပုံပြင်များနှင့် ပတ်သက်၍ ကျွန်မတို့တွင် မည်သည့်တာဝန်မှ မရှိကြောင်း အရေးတယူ ပြောပြရန် ပုဂ္ဂိုလ် မရှိပါ။ မြေပုံတစ်ခုထဲတွင် ပျောက်ဆုံးနေသော မြို့တော်ကြိးများ အကြောင်းကိုတော့ ကြားဖူးနားဝ ပုံပြင် တစ်ပုဒ်အနေနှင့် နားဆင်လိုပါသည်။

ကုသိုလ် အပြည့်အသိပ် တစ်ဝက်နှင့် ဆဲရေးသံ အလျှံအမောက် တစ်ခြမ်း။ ထိုအရာများသည် ဧပြီ၏ ဝေစုများ တဲ့လား။ နူးညံ့မှုထဲက ပုံပြင်များဆီ သီချင်းတအေးအေးနှင့် မရောက်ရောက်အောင် လျှောက်သွား နေသော စိတ်ရောဂါ ဝေဒနာသည် တစ်ယောက်သည် မှန်ထဲရှိ ကျွန်မ၏ ပုံရိပ်များနှင့် ခပ်ဆင်ဆင် တူနသည်။ ကျွန်မသည် ဘုရားသခင်လွယ်ပိုးသွားသော အိတ်ကြီး၏ အပေါက်တစ်ပေါက်မှ ကံအား မလျော်စွာ ကျကျန်ခဲ့သူလည်း မဟုတ်ပြန်။ သို့သော် အဝါရောင် ရနံ့များနှင့် မျက်နှာချင်းဆိုင် တည့်တည့်ကြီး တိုးခဲ့ရသည်။ ထိုရနံ့များကို ဆေးစစ်ကြည့်သောအခါ အရာအားလုံးသည် နဂ္ဂတစ်။ ကျွန်မ ဘာကိုမှ အတည့် မမြင်ရတော့ပါ။

တစ်ချိန်က လစ်လပ်နေခဲ့သော ခုံတန်းလျားများ လက်မှတ်ကုန်သွားခဲ့ကြပြီ။ တချို့သော မိုးပိတောက် များသည် ဇွန် ဇူလိုင် ကျမှ ပွင့်တတ်သည်။ ထူးဆန်းသော ငိုရှိုက်သံတစ်စက်ကြောင့် တံခါးကို ခေါက်ကြည့်ရာ အထဲတွင် ရိုးရာပွဲတော်တစ်ခု ကျွန်မကို ချောင်းကြည့်နေခဲ့၏။ ကျွန်မ ရင်ဘတ်ထဲတွင် အစီအစဉ်တကျ ထည့်သိုထားသော ဝါကျများနှင့် မီးကုန်ယမ်းကုန် ပေါက်ပစ်လိုက်သည်။ ပိတောက်တွေ တဖောင်းဖောင်း ပေါက်ကွဲသံနှင့်အတူ ရေစက်များ ခမ်းခြောက် အေးစက်သွားကြ၏။ ဧပြိသည် အဆုံးသပ် တံခါးတစ်ချပ်နှင့် ခပ်ဆင်ဆင် တူနေခဲ့ပြန်သည်။

တိုင်ကပ်နာရီတစ်လုံး၏ နရီစည်းသံသည် သင်တုန်းဓား တစ်လက်ဆီမှ လာသောအသံနှင့် တူနေ၏။ ထိုအသံသည် ပိတောက်ခြောက်ရောင် ဖြစ်သည်ဟု ရေစက်တချို့က ကျွန်မကို သတင်းပေးခဲ့သည်။ ( ထိုသတင်း၏ အသုံးဝင်မှုသည် အင်မတန်မှ နုံနဲ့ နေခဲ့၏။ )

ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင် ထားပါ့မယ်… ချာလီချက်ပလင်၏ နှုတ်ထွက် စကားတော့ မဟုတ်ခဲ့ပါ။ သို့သော် CNN ကကြေညာသွားသော ထိုစကားလုံးကို ကြားတော့ ကျွန်မတို့ ငိုကြွေးခဲ့ကြရသည်။ သင်္ကြန်ရေနှင့် မတူသော မျက်ရည်များက အဝါရောင်အနုများ ဖြစ်သည်။

မင်းဆီကို ငါ လာနေခဲ့တာကြာပြီ .. ခုထိ မရောက်နိုင်ခဲ့သေးဘူး …. နှင်းစက်ကလေးတစ်စက်၏ ကြေကွဲသံကို နွေဦးက နာခံနိုင်စွမ်း မရှိသလို ကျွန်မ ထုံပေပေ ပြန်ကြည့်နေခဲ့မိသည်လား။ ဧပြီ၏ နေ့လည်ခင်း နေသည် အရှိန်ပြင်းလွန်းလှသဖြင့် လူများကို စိတ်ဖောက်ပြန်စေနိုင်သည်။ ကျွန်မတို့ အားလုံး မာဆိုးကို သတိရခြင်းနှင့်အတူ စည်းပြင်ဖက်ကို ထွက်ရပ်လိုက်ကြသည်။ (သုံးစက္ကန့်မျှသာ) မလျှော်ဖွပ်ရသေးသော ကံကြမ္မာ အသစ်စက်စက်ကြီးတစ်ပုံ မှိုတက်နေပုံက ရင်နာစရာ။ နေခြည်တုတွေက အနောက်ဘက်မှာ နေဝင်တော့မည်မှာ သေချာနေပြီလားမသိ။ အသစ်ဟူသော ဝေါဟာရကို ပိုက်ထားရင်း အဟောင်းတွေနှင့် လူတချို့ အလုပ်ရှုပ်နေ ကြသည်။ ရာသီစာများကို ချချကျွေးတတ်သော ကိစ္စကို ပြင်ဆင်ချက်ချရန် ညီလာခံ ခေါ်သင့်နေပြီ ထင်သည်။ ချက်နည်းပြုတ်နည်း လမ်းညွှန် စာအုပ်များထဲတွင် ပိတောက်နှင့် ငုများကို သင်္ကြန်ရေနှင့် ရောနှော ချက်ပြုတ်နည်း ပါဝင်နေသည်က အံ့သြစရာ ။ အော်ဒါ မှာထားသော ဟင်းပွဲများနှင့် ဒုက္ခရောက်နေသော အယ်ဒီတာ တချို့ကို ကျွန်မ အားနာသည်။ အမှန်တော့ ကျွန်မသည် အချက်အပြုတ်ကျွမ်းကျင်သော သူတစ်ယောက် မဟုတ်တာတော့ ကိုယ့်ဘာသာကိုယ်ပဲ သိသည်။ ထို့အပြင် ကျွန်မက ရာသီစာများကိုလည်း မကြိုက်တတ်ချေ။

မေးခွန်းများနှင့် ယက်ဖောက် ဖျော်စပ်ထားသော နေ့ရက်တချို့သည် ဧပြီ ဖြစ်သည်။ သစ္စာဖောက်ဟု စွပ်စွဲခံရသော အဝါရောင်ပန်းများနှင့် လောကဓံကို ကြံ့ကြံ့ ခံနိုင်သည်ဟု (လျှာအရိုးမရှိတိုင်း) ဖွဲ့ဆိုခံရသော အဝါရောင်ပန်းများက အားလုံးကို ကျောခိုင်းနှုတ်ဆက်သွားခဲ့ကြပြီ။ ထုံးစံအတိုင်း ဧပြီသည် နွေနှင့်အတူ အထီးကျန်စွာ ကျန်ရစ်ခဲ့၏။ သိကြားမင်းကတော့ ထုံးစံအတိုင်း ကျွန်မတို့ရှိရာ ခရီးထွက်လာနေပြီ။ သေချာတာက သူ ဘယ်သောအခါမှ ကဗျာဆရာတစ်ယောက်ကို စီးနင်းလိုက်ပါလာမှာ မဟုတ်ချေ။

ပွဲတော်တစ်ခု၏ အူသံကို ကြားရသည်။ ထိုအူသံသည် စွတ်စိုသော အဝါရောင် ဖြစ်၏။



မနော်ဟရီ

(ကိုနေမျိုး၏ ကဗျာဆရာ ဝံပုလွေကို ဖတ်အပြီး ..)

၂၀၀၇ ဧပြီ၊သောကြာ စာစောင်


ဆယ်နှစ်ခရီး

Saturday, April 3, 2010


ဆယ်နှစ်ခရီး

ဆယ်နှစ်ဆိုတဲ့ကာလကို မနှစ်က ကိုးနှစ်ထိ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေသေးတယ်။ ဒီနှစ် ဆယ်နှစ် လည်း ဆိုရော တော်တော်များများက တအံ့တသြမေးကြတယ်။ ဆယ်နှစ်တောင် ရှိသွားပြီလား တဲ့။ ဟုတ်တယ်။ အဲဒီဆယ်နှစ်ကို ကျွန်မ ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကို အံ့သြမိတာလည်း အမှန်ပဲ။ ဒါပေမယ့် နောက်ဆယ်နှစ် ဆိုတာကို တွေးမိတော့ ကျွန်မ ရင်မောရပြန်ပါတယ်။ ဟုတ်တယ်။ ဒီနေ့ ကိုကို ဆယ်နှစ် ပြည့်ပါတယ်။ သူ အသက်နှစ်ဆယ်ဆိုတဲ့ သေသေချာချာ ကလေးဘဝကို လွန်မြောက်နိုင်တဲ့ အသက်အရွယ် (အဲဒီအချိန်ကျရင်လည်း အဲဒီအရွယ်ကို ကျွန်မက ကလေးလို့ မြင်နေဦးမှာပါပဲ။ သားဇက် ကိုတောင် ခုထိ ကလေးလို့ မြင်နေတာကိုး) ကိုရောက်ဖို့ နောက်ထပ် ဆယ်နှစ်လိုနေပါတယ်။

နောက်ဆယ်နှစ် ကျွန်မ အသက်ရှင်နေဦးမှာလား ။ သိပ်တော့မသေချာဘူး။ ဒါပေမယ့် ချူချာတဲ့လူတွေက သက်ဆိုးပိုရှည်တယ်ဆိုတဲ့ စကားလေးကို မျှော်လင့်ချက်အဖြစ်ထားပြီး အသက်ကို ရှည်အောင် ဆွဲဆန့်ဖို့ စိတ်ကူးထားပါတယ်။

ကလေးတစ်ယောက် မွေးရတာ လွယ်ပါတယ်။ ပြုစုပျိုးထောင်ရတာပဲ ခက်တာလို့ တချို့က ပြောကြတယ်။ ကျွန်မအတွက်ကတော့ မွေးရတာလည်း မလွယ်ပါဘူး။ ကိုယ်ဝန်စရှိတည်းက ငါးလကျော်တဲ့ထိ ငှက်ပျောသီး နဲ့ ပြီးခဲ့ရပါတယ်။ ငှက်ပျောသီးတစ်ဖီးကို သုံးလေးရက် စားယူရပါတယ်။ အစာလည်း မဝင်ပါဘူး။ ခြောက်လလောက်ကစပြီး ခြေထောက်တွေ လက်တွေက မှန်မှန်ဖောယောင်နေတာမို့ တစ်ချိန်လုံး ကိုယ်ဝန်ဆိပ် မတက်ဖို့ ဂရုစိုက်နေခဲ့ရတယ်။ မွေးတော့လည်း သူများတွေကို တမင်သက်သက် ခွဲမွေးတာမျိုး မဟုတ်ပဲ မမွေးနိုင်လို့ကို ခွဲလိုက်ရပါတယ်။

မွေးပြီးပြန်တော့လည်း မောင်ခေတ်နေ တို့က အမေနို့ မစို့ပြန်ပါဘူး။ နို့ဗူးကို ချက်ချင်းပြုတ်ထားတာကိုပဲ သုံးချင်တဲ့ကျွန်မ ညည မအိပ်ရတော့ပြန်ပါဘူး။ ကလေးကို ဖျော်ထားတာကြာတဲ့ နို့ မတိုက်တာ၊ ချက်ချင်းပြုတ်ထားတဲ့ ပူနေတဲ့ ဗူးကိုပဲသုံးချင်တာ ကိုယ်တိုင် အချိုးကျ ဖျော်ချင်တာ စတာတွေက ကျွန်မကို အိပ်ရေးပျက်စေပြန်ပါတယ်။ နေ့နဲ့ညနဲ့မှားတတ်တာကတော့ ကလေးတော်တော်များများမို့ ကျွန်မ စာမဖွဲ့ချင် တော့ပါဘူး။

နောက်နည်းနည်း ကြီးလာတာနဲ့ ကြုံရတာက အစားအသောက်ရွေးတာ၊ ဘာအသားမှ မစားတာပါပဲ။ ငယ်ငယ်က blender ထဲ ထည့်မွှေ ပြီး ငါး၊အသား၊ပဲ အကုန်ကျွေးခဲ့လို့ စားခဲ့တဲ့ကလေးက သိလည်းသိတတ်ရော၊ အသားမျှင် သေးသေးလေး တွေကအစ ဖယ်ပါတော့မယ်။ အသားမစားလို့ အသီးအရွက်ကို အကုန်စားလား ဆိုတော့ မစားပါဘူး။ ပဲလည်း ပဲပြုတ်ကလွဲလို့ မစားပါဘူး။ သူစားတာက ပြောင်းဖူး( အကြီးရောအသေးရောစားပါတယ်) ၊ မုန်လာဥနီနဲ့အာလူး။ ဒါပဲ ရှိပါတယ်။ အစက ဘူးသီး၊ ပန်းဂေါ်ဖီ စတာတွေ စားပါသေးတယ်။ နောက် ဘယ်လို ဖြစ်တယ် မသိ။ မစားတော့ပြန်ပါဘူး။

သုံးနှစ်ကျော်မှာ ဆရာကိုတာ ဖွင့်ထားတဲ့ silta lumbini ကို ပို့ပါတယ်။ အဲဒီမှာတော့ ကလေးတွေကို စနစ်တကျ အဟာရတန်ဖိုးနဲ့ တွက်ချက် ချက်ပြုတ်ကျွေးတာမို့ ကျွန်မသဘောကျပြီး ဒီတစ်ခါဖြင့် အဆင်ပြေပြီ ထင်တာ။ မောင်ခေတ်နေက ကျောင်းမှာပဲ စားပြီး အိမ်မှာ မစားပါဘူး။ ကျောင်းမှာလည်း နောက်မှ ဆရာမတွေပြောပြတာက ကြာဇံချက်ဆိုလည်း အကုန်ဖယ်ပြီး ကြာဇံမျှင်နဲ့ အရည်ပဲ သောက်ပါတယ်။ ကြက်သားပလာတာ ဆိုလည်း ပဲအရည်နဲ့ ပလာတာပဲစားပြီး အသားကို ဖယ်ခဲ့ပါတယ်တဲ့။ ခေါက်ဆွဲကြော် ကြာဇံကြော် ဆိုလည်း အမျှင်ချည်းသပ်သပ် ဖယ်ပေးမှ စားတယ်ဆိုပဲ။ ဒါတွေတောင် ကျောင်းမှာမို့ စားတာပါ။ အိမ်မှာဆို ကြာဇံနဲ့အရည်ချည်းတိုက်လည်း ကြာဇံချက်ကို မစားပါဘူး။ ပလာတာ ဆိုလည်း စားရကောင်းတယ်လို့ကို မထင်တာပါ။ တော်တော် အစားရွေးပါတယ်။

နောက် ILBC စတက်တော့ သူ့ထမင်းဗူးထဲ ပါနေကျ အရာက ငါးကြော် နည်းနည်းနဲ့ အာလူးကို အချောင်းလုပ်ကြော်လိုက်၊ အပြားအချပ် လိုက်ကြော်လိုက် ဆိုတဲ့အရာတွေနဲ့ ပြောင်းဖူးသေးသေးလေး( baby corn) နဲ့မုန်လာဥနီတွေ ပါပဲ။ ငါးကြော် နည်းနည်း စစားတတ်လာတယ်ဆိုရပါမယ်။ ဒါတောင် ငါးကို ရွေးပါသေးတယ်။ ငါးခူကြော် ဆိုမစားပါဘူး။ ငါးကြင်းနဲ့ ကကတစ်လောက်ပဲ စားတယ်။ ဒါက ငါးကြင်း ဒါက ကကတစ်လို့ သူ ဘယ်လိုများခွဲလဲလို့ စဉ်းစားနေခဲ့မိသေးတယ်။ ကျွန်မတို့ ငယ်ငယ်ကဆို ငါးကိုတုံးထစ်ပြီးချက်ထားရင် ဘာမှန်းကို မသိတော့ ပါဘူး။ သိလည်းသိစရာမလိုပါဘူး။ ဒါချက်ဒါစားပါ။ မစားချင်ဘူးလို့ မငြင်းရဲသလို ငြင်းခွင့် ရွေးချယ်ခွင့်လည်း မရှိပါဘူး။

၂၀၀၈မှာ မုန်တိုင်းတိုက်ပြီးတော့ ငါးတွေက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ အသံကြားတော့မှ ငါးကို လတ်တလော မစားတော့ဘူး ဆိုလို့ ကြက်သားချော့ကျွေးရာက ခုဆို ကြက်သားတော့ စားတတ်နေပါပြီ။ ငါးနဲ့ ကြက်သားက လွဲရင် ကျန်တဲ့ ကုန်းသတ္တဝါ ရေသတ္တဝါ တစ်ခုမှ မစားသေးပါဘူး။ တချို့ကတော့ ပြောကြတယ်။ ကောင်းတာပေါ့ တဲ့။ အကုန်သက်သာတယ်တဲ့။ ရယ်နေလိုက်ရပါတယ်။ အစုံမစားတဲ့အတွက် အာဟာရ အတွက် နောက်က နို့တွေ ဆေးတွေ ကို ခုထိ လိုက်နေရတုန်းပါပဲ။ ဒါတောင်မှ နို့များ တိုက်ပြီဆို ရန်သူနဲ့ စစ်ခင်းရတဲ့အတိုင်းပါပဲ။ အတင်းရော အဓမ္မရော ပြောဆို တိုက်နေရတုန်း။ ဒါက အစားအသောက် ကိစ္စပဲ ရှိပါသေးတယ်။

တခြား ကဂျီကဂျောင် ကိစ္စတွေ မပါသေးပါဘူး။ တွေ့တွေ့ချင်းမှာတော့ ခေတ်နေကို လူတိုင်းက ချစ်ကြပါတယ်။ နည်းနည်း ကြာလာပြီဆိုတာနဲ့ ခေတ်နေဟာ ပညာသည် အဆင့် ရစ်တတ်တယ် ဆိုတာ တော်တော်များများ သိသွားတတ်ကြပါတယ်။ သူလိုချင်တာ သူဖြစ်ချင်တာလောက်ပဲ စိတ်ဝင်စားပြီး ကျန်တာကို ဘာမှစိတ်မဝင်စားပါဘူး။ ခေတ်နေကို အတွင်းကျကျ သိပြီဆိုသူတွေက ပညာသည်လေး ဆိုတာ သဘောပေါက်သွားတတ်ကြပါတယ်။ သူ့ပိုက်ဆံနဲ့သူ့မုန့်ဘိုးနဲ့ဆို အရာရာကပ်စေးနည်းတတ်ပြီး အမေက ဝယ်ပေးတာဆိုရင် ဈေးနှုန်းကိုတောင် မဖတ်ပဲကောက်ထည့်တတ်ပါတယ်။ အမေ ဈေးဆက်ဝယ်နေရင်တော့ တော်လောက်ပြီ ပိုက်ဆံကုန်တယ် ပြန်မယ် ဆိုတဲ့အစားထဲကပါ။

သားကလေးတစ်ယောက်တည်း ကပ်စေး နည်းတယ်မထင်ပါနဲ့။ နောက်သားတစ်ယောက်လည်း ကပ်စေးနည်းပါတယ်။ သူတို့ကပ်စေးနည်းပုံကို ဥပမာပေးရရင် .. ပြီးခဲ့တဲ့ ခရစ္စမတ်က သူတို့ညီအစ်ကို နှစ်ယောက် ခရစ္စမတ် လက်ဆောင် အပြန်အလှန် ပေးဖို့ ကြံစည်ကြပါတယ်။ တစ်ယောက်ကလည်း Harry Potter တဲ့။ နောက်တစ်ယောက်ကလည်း Harry Potter တဲ့။ အိုကေပေါ့။ Australia မှာက ဈေးချတာ တစ်အုပ်ကို ၁၂ကျပ် ပဲရှိပါတယ်။ စလုံးမှာက နှစ်ဆယ်ကျော်တယ်တဲ့။ အဲဒါ Australia ကနေ ဝယ်ခဲ့ပါပေါ့။ ဘာညာ နဲ့ ဆွေးနွေးလိုက်ကြတာ မည်သို့ လုပ်လိုက်သည်မသိ ။ သူတို့နှစ်ယောက် အပြန်အလှန်ပေးမယ့်လက်ဆောင်ကို ဝယ်ပေးရမယ့်သူက အမေ ဖြစ်သွားတယ်။ (ဘုရားဘုရား… ) ဒါ အကင်းပဲရှိပါသေးတယ်။ အမေ အသက်ကြီးလာရင် ကျွေးထားကြမှာလား မေးမိပါတယ်။ တစ်ယောက်က တစ်ယောက်ကို မေးတယ်။ ဘယ်သူက ဟင်းကျွေးမှာလဲ ဘယ်သူက ထမင်းကျွေးမှာလဲတဲ့။ ကြည့်ကြပါဦး ။ တစ်ယောက်က ထမင်းကျွေးဖို့ မေ့ရင် နောက်တစ်ယောက်က အော် ထမင်းမှ မရှိတာ ဟင်းဘာလုပ်တော့မလဲ ဆိုပြီး ဒီတိုင်းထားမယ်ထင်ပါတယ် ။ ဟင်းကျွေးမယ့်သူ မရှိရင်လည်း အော် ထမင်းချည်းတော့ စားမယ်မထင်ပါဘူးဆိုပြီး ထားသွားမယ့်ပုံတွေပါ။

ခု သူ ဆယ်နှစ်။ အမေ သိထားတာတွေသာ သူ စိတ်မဝင်စားရင်ရှိမယ်။ သူသိထားတာတွေ အမေ မသိရင် အမေက သိပ်ညံ့တယ်လို့ ထင်ချင်သူပါ။ ဒီတော့ သူ့အမေ ဖြစ်ဖို့အတွက် ကျွန်မက Harry Potter ရဲ့ these and that တွေကို သိထားရသလို၊ Dragon Ball တို့၊ Bleach တို့ Naruto တို့ Ben Ten တို့လည်း သိထားရပါတယ်။ အမှန်တကယ်က တစ်စက်လေးမှ စိတ်မဝင်စားပါဘူး။ ကျွန်မ ကြိုက်တဲ့ကာတွန်းကား တွေက တစ်မျိုးပါ။ Pooh လို Pink Panther လို၊ ကာတွန်းမျိုးတွေပါ။

မနှစ်က သူ့မွေးနေ့ ပို့စ် တင်တော့ အတော်များများက ခေတ်နေ အကြောင်းလေး ရေးပါလို့ ပြောကြပါတယ်။ ကျွန်မ ကိုယ်တိုင်က စာရေးပျင်းတတ်ပြီး ဒီလို Personal ရေးတဲ့နေရာမှာလည်း ညံ့တတ်လို့ မရေးဖြစ်ခဲ့ ပါဘူး။ ခုနှစ် မွေးနေ့ကျမှပဲ ရေးဖြစ်ပါတော့တယ်။ အများက သိချင်နေတဲ့ ခေတ်နေရဲ့ မြန်မာစာပါရမီကတော့ အထူးကို ပြည့်ဝပါတယ်။ ငယ်ငယ်တည်းက အဲဒီ ဝိုင်းဝိုင်း စက်စက် ရှုပ်ရှုပ်ခတ်ခတ်တွေက တော်တော် ခက် ဆိုပဲ။ သူတို့ သူငယ်ချင်း အုပ်စု ညည်းညူပုံပါ။ ခုလည်း မြန်မာစာလေ့ကျင့်ပေးရင်း ဟိုနေ့က သူ့အဖေ ရေးခဲ့တဲ့ စကား ၆၄ပွင့် ကို သူ့ကို ဖတ်ခိုင်းပါတယ်။ ကြောင်အမ်းသွားသည် ဆိုရင် .. ကြောင်အန် သွားသည် တို့၊ မိမရှိ ဖမရှိ ဆိုရင် မိ - မ - ရှိ - ဖ - မ- ရှိ လို့ တစ်လုံးချင်း ဖတ်တာတို့၊ တစ်ကောင်ကြွက်ဘဝ နဲ့ ဆိုတာကို တစ်ကောင်က သပ်သပ်။ ကြွက် ဘဝနဲ့ ဆိုတာက သပ်သပ် ခွဲဖတ်တာတို့ကို လုပ်ပါတယ်။ အဝေးရောက်သွားလို့ အဲလို ဖြစ်သွားတယ်လို့ မထင်လိုက်ပါနဲ့ ။ ဟိုမှာလည်း ကျွန်မတို့က သူ့ကို ကျမ်းစာက အစ မြန်မာလို သင်တာပါ။

တလောက ဟာကျူလီ အကြောင်းကာတွန်းကားလာတော့ ကျွန်မက သူ့ကို ခေါမ ဒဏ္ဍာရီအကြောင်း ပြောပြပါတယ်။ ဒါတော့ စိတ်ဝင်စားတဲ့ပုံမို့ သူ့ကို ခင်မောင်ကြီးရဲ့ ခေါမဂန္ထဝင် စာအုပ်ပေးဖတ်ပါတယ်။ ဟင့်အင်း၊ ဗမာလိုတွေ၊ ဖတ်ချင်ဘူးဆိုပဲ။ ဒါနဲ့ Theosophy ကို လှူထားမိတဲ့ Dictionary of Mythology ကို ပြန်ကူးဖို့ လုပ်ရပါတော့တယ်။ ခက်တာက မြန်မာစာ မတတ်လည်း ဘာအရေးလဲ ဆိုတဲ့ မိဘထဲ ကျွန်မ မပါတာပါပဲ။ သူအဲလိုဖြစ်နေတာကို ကျွန်မက ရှက်နေတတ်တာပါ။ မေးလိုက်ရင်တော့ အဖေနဲ့အမေက စာရေးဆရာ၊ စာရေးဆရာမှ ဗမာစာရေးဆရာ၊ သားက ဗမာစာ သိပ်မတတ်ဘူး ဆိုတာမျိုး ကျွန်မ အဖြစ်မခံချင်လို့ သူ့ကို စာတွေသင်နေရပါတယ်။ နားလည်းသွင်းရပါတယ်။ ဘယ်နားနေနေ၊ ဘယ်နိုင်ငံရောက်ရောက်၊ ဘာကြီးဖြစ်နေနေ သားဟာ ဗမာပြည်ဖွား၊ ဗမာ ပြည်သား တစ်ယောက်ဖြစ်တဲ့အတွက် ဗမာလိုတော့ ကောင်းကောင်းကိုတတ်နေရမယ် မမေ့နဲ့ လို့ မှာရတာလည်း အာပေါက်မတတ်ပါပဲ။ ပြောရင်တော့ လက်ခံခေါင်းညိတ်ပါတယ်။ တိုးတက်မှု သိပ်ရှိမလာတာ တစ်ခုတည်း ပါပဲ။

ခု ဒင်းကလေး ဆယ်နှစ်ပြည့်ပါပြီ။ ကျွန်မ ဆယ်နှစ်မှာ ဘာတွေသိနေပြီလဲ၊ သူ ဆယ်နှစ်မှာ ဘာတွေ ဖြစ်နေပြီလဲ ပြန်ဆန်းစစ်ကြည့်မိပါတယ်။ ကျွန်မ ဆယ်နှစ်မှာ ကမ္ဘာကြီးကို စာအုပ်တွေထဲကနေ ရှာဖွေ နေတုန်းပါ။ သင်ထောက်ကူပစ္စည်း အကူအညီ တစ်ခုမှ မပါပဲ ကျွန်မတို့ အားလုံးကို ဖြစ်အောင် လေ့လာခဲ့ကြရတယ်။ ကမ္ဘာ့သမိုင်းတွေ ပထဝီ ကျောင်းစာအုပ် စာမျက်နှာတွေကနေတဆင့်ပေါ့။ သူကတော့ ကမ္ဘာကြီးကို လက်တွေ့ ပတ်နေခဲ့ရ ပါပြီ။ သင်ထောက်ကူ များစွာနဲ့ ကျောင်းတွေမှာလည်း တက်နေရပါလျက်နဲ့ စိတ်ကို မဝင်စားတာပါ။ သူ စိတ်ဝင်စားတာဆို အသေးစိတ်က အစ သိနေတတ်ပြီး စိတ်မဝင်စားတာဆို ဘာမှ မသိပါဘူး။ ဥပမာ ပြောရရင် Tom and Jerry ကို ဆွဲတဲ့ လူနှစ်ယောက် ဘယ်ကောင်က ဘယ်သူဆွဲတာ ဆိုတာက အစ သိနေပေမယ့် အိုဘားမား ဆိုတာ ဘယ်သူလဲ ဆိုတာ သူမသိပါဘူး။

လောလောဆယ် သူက ( ခုခေတ် ကလေးတော်တော်များများလိုပဲ ) ရွေးချယ်ခွင့်တွေ သိပ်များတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီး ရွေးချယ်မှု မှန်သမျှ ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေတတ်တဲ့ အမေ တစ်ယောက်ကိုလည်း သူပိုင်ဆိုင်ထားပါတယ်။ ကျွန်မကလည်း ကျွန်မတို့ ငယ်စဉ်က မရရှိခဲ့တဲ့ အရာအားလုံးကို သူ့ကို ပေးနိုင်အောင် ကြိုးစားနေခဲ့မိတာကိုး။ တန်ဖိုး ကိုသိတတ်ဖို့ လေ့ကျင့် သင်ကြားပေးဖို့လည်း လိုနေပါသေးတယ်။ သူ့ရဲ့ ညံ့ဖျင်းမှု အားလုံးဟာ ကျွန်မနဲ့ တိုက်ရိုက်သက်ဆိုင် နေပြီး သူ့ရဲ့ ထူးချွန်မှု အားလုံးဟာ သူ့ပင်ကိုယ်အရည်အချင်းနဲ့ပဲ တိုက်ရိုက်ပတ်သက်တယ်လို့လည်း ကျွန်မ လက်ခံထားပါတယ်။ နောက် ရှေကဆက်လာမယ့် နှစ်များစွာအတွင်းမှာ ကျွန်မ သူ့ကို တန်ဖိုးတွေ အကြောင်း အများကြီး ပြောပြဖို့ လိုအပ်သလို မြန်မာစာကိုရော မြန်မာစကားကိုပါ ကျွမ်းကျင်စွာ ပြောတတ်ဖို့ သင်ကြား ပေးရပါဦးမယ်။ သိုးကလေးရဲ့ အရေခွံကို သိထားဖို့လိုသလို ဝံပုလွေတစ်ကောင်ရဲ့ အစွယ်အကြောင်းလည်း သူသိထားသင့်တာပါပဲ။ နောက်ကျောက ဓားတွေအကြောင်းလည်း သူသိလာမှာ ဖြစ်သလို ပျက်ယွင်း နေတဲ့ အဇတ္တတွေကို ဘယ်လိုကွေ့ရှောင်သွားရမယ်ဆိုတာလည်း သူသိလာမှာပါပဲ။ အချိန်တွေ အများကြီး ကျန်သေးသလို အချိန်လည်း သိပ်မရှိတော့ပါဘူး။ ကိုယ့်အချိန်ကိုယ် အကျိုးရှိစွာ အသုံးချတတ်တဲ့ သူတစ်ပါးရဲ့ ရှင်သန်မှုကို မထိခိုက်ပဲ ကိုယ့်ဘာသာကိုယ် ငြိမ်းအေးစွာ ရှင်သန်တတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့လည်း ကျွန်မ အများကြီး ကြိုးစားရပါဥိးမယ်။

ချစ်သော သားကလေး ပျော်ရွှင်ဖွယ်မွေးနေ့များစွာ ပိုင်ဆိုင်ပါစေ။

ချစ်သော

မေမေ





၁။ မွေးနေ့ကိတ်



၂။ ပလာတာ


။ဆိတ်သား

၎။ကြက်သား ( ဆိတ်သားမစားသူများအတွက်)


၅။ ပဲဟင်း



၆။ ကြက်သွန် နဲ့ အချဉ်



၇။ strawberry ice cream


၈။ လှီးထားတဲ့ မွေးနေ့ကိတ်

(ဒါက တစ်ယောက်ကိုတစ်ယောက်ကြည့်နေတာနဲ့ စားဖို့ မေ့ကျန်ခဲ့တဲ့ ဟို ကဗျာဆရာမ သေးသေးလေးရဲ့ မုန့်ပါ )