၂၀၁၁ နှင့် ကုသိုလ်တော်

Wednesday, January 26, 2011


၂၀၁၁ နှင့် ကုသိုလ်တော်
၂၀၁၁ ဟာ ယဉ်သကို ဆိုသလိုပါပဲ။ စက္ကန့်ပိုင်းကူးလိုက်ကတည်းက ရာဝဏ ဆိုင်းနဲ့ ဝင်လာလိုက်တာ လူလည်း နာလံကို မထူပါဘူး။ စိတ်ရော လူရော ဒုန်းဒုန်းကျသွားလိုက်တာ ၁၃ ရက်နေ့မှာတော့ အခြေအနေ အတော်ပိုဆိုးလာပါတယ်။ နှာခေါင်းသွေးလျှံသလို သွေးတွေကျလာတာ ၁၇ ရက်မနက်မှပဲ သွေးကျတာ ခြားသွားပါတယ်။ ဘဝမှာ nasal polyps တွေ ခွဲထုတ်တုန်းက တစ်ခါပဲ နှာခေါင်းက သွေးဆိုတာ မြင်ဖူးတာပါ။ တစ်ခါမှလည်း နှာခေါင်းသွေး လျှံလေ့မရှိသူက တကယ့်ကို အအေးလှိုင်း ဖြတ်ပြီး အေးနေချိန်မှာမှ မရပ်မနား သွေးကျတာ နည်းနည်းတော့ ဆန်းသလိုပါပဲ။

ထုံးစံအတိုင်း ဆရာဝန်တွေက စ လယ် ဆုံး checkup လုပ်ပါတယ်။ အဖြေမထွက်ခင်တည်းက ကျွန်မ သူငယ်ချင်း ဂျူက ကျွန်မကို လှမ်းပြောပါတယ်။ နင် result သွားယူဦးမလို့လားတဲ့။ သွားမနေပါနဲ့။ အချိန်တန်ရင် ဘာမှမဖြစ်ပါဘူး ဆိုတဲ့ အဖြေပဲ ရမှာပါတဲ့။ တကယ်ပါပဲ။ ဂဏန်း၆လုံးနားကပ်လု အကုန်အကျခံလိုက်တဲ့ အဖြေတွေက ဘာမှ မဖြစ်ဘူးတဲ့။ ဝမ်းသာစရာပေါ့နော်။ နောက်ဆုံးလက်သယ်က နှာခေါင်းထဲက သွေးကြောတစ်ခု ပေါက်တာ ဆိုပြီး သွေးတိတ်ဆေးသောက်လိုက်တာ သက်သာသွားပါတယ်။

သက်သာတာနဲ့ အလုပ်တွေက ကိုယ့်ကို တန်းစီစောင့်နေတာ။ မတ်လ ဖောင်ပိတ်ဖို့ စာမူတွေအကုန် တက်သုတ်ရိုက်လုပ်ရပါတယ်။ တစ်ရှူးတစ်ဗူး၊ ထွေးခံတစ်ခု ဘေးချပြီး မသက်သာခင်တည်းက စလုပ်ခဲ့ရတာ၊ ဖေဖော်ဝါရီ ဖလင်တွေရော၊ ဖလက်တွေရော၊ သတင်းတွေရော အစုံပါပဲ။ ဒီမှာက နေမကောင်းလည်း နားခွင့်မရှိပါဘူး။ တော်သေးတာ တစ်ခုက ကိုယ်နေမကောင်းချိန်မှာမှ အချိန်ကိုက် ဆိုသလို ဝင်လာတဲ့ မင်္ဂလာပွဲတွေ၊ အကယ်ဒမီပွဲတွေကြောင့် မဂ္ဂဇင်းက ထွက်ရက် နောက်ဆုတ်လိုက်ရပြီး၊ နောက်လ ပြင်ဆင်မှုပါ အချိန်နည်းနည်း ရလိုက်တာပါ။ အမှန်ကတော့ ဒါက စာမရေးဖြစ်တာ ဒီပို့စ်ကို တင်ပေးဖို့ နောက်ကျနေရတာကို ဆင်ခြေဆင်လက်တွေ လျှောက်ပေးကြည့်တာပါ။

ကဲကဲ .. ခုချိန်ကနေစပြီး ၂၀၁၁ အစပိုင်းတည်းကစလို့ ဖုန်တက်နေတဲ့ ဘလော့ခ်ကို ဖုန်ခါပြီး အလှူငွေ ကိစ္စနဲ့ ကုသိုလ်ယူဖို့ စဖွင့်ပါမယ်။ စစချင်း ဆောက်နဲ့ထွင်းဆိုသလို မနော်ဟရီနဲ့ အိန္ဒြာ မြင်တာနဲ့ အလှူခံဖို့ပဲလား လို့ တွေးမိနိုင်ပေမယ့် တချို့ကလည်း မနော်ဟရီနဲ့ အိန္ဒြာတွေ့တာနဲ့ အလှူခံပစ်လိုက်မယ်ဟဲ့ အလှူခံခိုင်း ပစ်လိုက်မဟဲ့ ဆိုတာတွေလည်း ရှိတယ်ဆိုတာ ကြိုတင်ပြောကြားထားပါရစေ။း))

မနှစ်က မကွေး ဆေးတက္ကသိုလ် တက်နေတဲ့ တောင်တွင်းကြီးက ကလေးမလေး နှစ်ယောက်အတွက် ကျောင်းဆက်မတက်နိုင်တော့လို့ ကျောင်းလခထောက်ပံ့မှု ရအောင် ကူညီပေးပါလို့ ကဗျာဆရာ ကိုထွန်းဝေမြင့်ကနေ တဆင့် အကူအညီတောင်းလာလို့ အကူအညီ ပေးခဲ့ပါတယ်။ ခုဆို ကလေးမလေး နှစ်ယောက်လုံး အဆင်ပြေပါတယ်။ မသက်ထားနွယ်ကို ကိုရီးယားနိုင်ငံက ကိုကျော်သူရနဲ့ဇနီးက တစ်ယောက်စာလုံး တာဝန်ယူလိုက်ပါတယ်။ အေးစန္ဒာမိုး အတွက်ကတော့ အစပိုင်းမှာ ကိုအောင် (ပျူနိုင်ငံ) တို့၊ ပန်ဒိုရာ၊ အိန္ဒြာ ၊ နိုဘယ်လ်မိုး၊ ကျွန်မနဲ့သားနှစ်ယောက်၊ စတဲ့ အလှူရှင်တွေရဲ့ အလှူငွေနဲ့ စခဲ့ပါတယ်။ နောက်ပိုင်းလစဉ်လတိုင်း ကိုကျော်သူရရဲ့ သူငယ်ချင်းက တစ်လသုံးသောင်းခွဲ၊ Zephyr က တစ်လသုံးသောင်းခွဲ နဲ့ မယ်လိုဒီဖြိုး က သုံးသောင်း စုစုပေါင်း တစ်လ ကျပ်တစ်သိန်း လစဉ်လှူနေပါတယ်။ သူတို့ နှစ်ယောက်အတွက် စိတ်အေး သွားရတဲ့အချိန်မှာ မကွေးဆေးတက္ကသိုလ်က ဆရာမ တစ်ယောက်က သူ့တပည့်တစ်ယောက် ဆေးကျောင်း ဝင်ပြီးကာမှ ဘယ်လိုမှ ဆက်တက်ဖို့ မဖြစ်နိုင် ဖြစ်နေလို့ ကူညီပေးပါ လို့ ဆိုလာတာနဲ့ ကျွန်မ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။

အဲဒီကလေးကတော့ မောင်ရန်ပိုင်မှူး ဆိုသူဖြစ်ပြီး အဖ ဦးခင်မောင်ကြည် အမိ ဒေါ်ဆွေဆွေဦး တို့က မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ လေးယောက်ရှိတဲ့အနက် သူက တတိယမြောက် သားဖြစ်ပါတယ်။ ၂၀၁၀ မတ်လမှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းကို သုံးဘာသာဂုဏ်ထူး (သချာင်္၊ ဓာတုဗေဒ၊ ရူပဗေဒ) နဲ့ အောင်မြင်ခဲ့ပြီး စုစုပေါင်း ရမှတ် ၄၇၁ မှတ်နဲ့ မကွေးဆေးတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မိဘ နှစ်ပါးက မုန့်ဟင်းခါး ရောင်းသူတွေလို့ ဆိုပါတယ်။ ကျောင်းလခ စားရိတ်ကို လုံလောက်စွာ မပေးနိုင်တဲ့ အတွက် ကျောင်းတက်ဖို့ ခက်ခဲနေတာကြောင့် ကုသိုလ် ပြုလိုတဲ့ စေတနာရှင်များရှိရင် မကွေးဆေးတက္ကသိုလ်က သူတို့ဆရာတွေနဲ့ပဲ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ တခြား သိလိုတဲ့ အချက်အလက်တွေရှိသေးတယ် ဆိုရင်တော့ ကျွန်မဆီပဲ အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျွန်မလည်း မတ်လဆို မြန်မာပြည်မှာ ရှိတော့မှာ မဟုတ်တဲ့အတွက် သူတို့ ဆရာမတွေနဲ့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းတာက ပိုအဆင်ပြေမယ် ထင်လို့ပါ။

ဆက်သွယ်ရန်
ဒါက ကျွန်မ email ပါ။
တိုက်ရိုက်ဆက်သွယ်ဖို့က ..
ဒေါ်ဆွေဆွေမြင့်၊ လက်ထောက် ကထိက၊ ရူပဗေဒဌာန၊ မကွေးဆေးတက္ကသိုလ်။
ဖုန်းနံပါတ် .. ၀၉ ၅၀၄ ၆၇၄၆
ဘယ်ရွေ့ဘယ်မျှလို့ အရင်ကလေးမလေးတွေလို မပြောထားတဲ့အတွက် ကျွန်မလည်း ပမာဏကို ဖော်ပြမပေးလိုက်ပါဘူး။ ဆရာမတွေနဲ့ ဖြစ်ဖြစ် တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းလှူဒါန်းနိုင်ပါတယ်။ ကျွန်မကတော့ အကျိုးဆောင်ပေးရုံသက်သက်ပါပဲ။ အလှူရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။