နှစ်လေးဆယ်

Saturday, May 29, 2010


တစ်ခါမှ အမေ နဲ့ပတ်သက်ပြီး စာမဖွဲ့ဖူးပါဘူး။ ဘာလို့လဲ ဆိုတော့ ရေးလို့ မမီတဲ့ ပန်းချီကားတစ်ချပ် ဖွဲ့လို့မပီတဲ့ တေးတစ်ပုဒ်လို့ ခံစားမိလို့ပါ။ ဒီဝတ္ထုကိုတော့ မနှစ်က စရေးပါတယ်။ ဒီနှစ် ရန်ကုန်ပြန်ရောက် လို့ ရတီ အထူးထုတ်အတွက် စာမူ ဆိုမှ ဒီဝတ္ထုကို လက်စသပ်ဖြစ်ပါတော့တယ်။ သရုပ်ဖော်ထားတဲ့ ကိုကိုနိုင်ရဲ့ လက်ရာကိုလည်း ကြည့်လိုက်ပါဦး ... ကျွန်မကတော့ သူ့သရုပ်ဖော်ပုံ တွေကို နှစ်သက်လို့ပဲလားမသိဘူး ဒီပုံလေးကို တော်တော်လိုက်ဖက်တယ်လို့ မြင်ပါတယ် ...



နှစ်လေးဆယ်



မှန်ပြင်ထဲတွင်မြင်နေရသော ပုံရိပ်ကိုကြည့်လိုက်သောအခါ လွန်ခဲ့သောနှစ်လေးဆယ်ကို ပြန်မြင်လာသည်။ ဇရာသည် နှစ်လေးဆယ်ကိုဖြတ်သန်းကာ သူမကို အမီလိုက်လာခဲ့ပြီ။ နုပျိုမှုအားလုံးသည် ဇရာ၏စုတ်မျိုသွားမှုအောက်တွင် ခပ်ငွေ့ငွေ့တောင်မကျန်ချင်။ တစ်ချက်ပြုံးလိုက်တော့ အပြုံးက ငယ်စဉ်ကလို သန့်စင်မနေနိုင်တော့ ။ လောကကိုလှောင် ရယ်ခဲ့ခြင်းနည်းပါးခဲ့သည့်တိုင် တစ်ခါတစ်ရံတော့လည်း ရယ်မောခဲ့မိလိမ့်မည်ထင်သည်။


ဖြတ်သန်းလာခဲ့သော သက္ကရာဇ်များကို ပြန်လှည့်ကြည့်လိုက်သောအခါ အရာရာသည် ပြက်ပြက်ထင်ထင်ရှိနေဆဲ..။ ဒီလိုကျတော့လည်း နှစ်လေးဆယ်သည် ခြေလှမ်းလေးဆယ် မျှသာလှမ်းခဲ့ရသော ခရီးတိုတစ်ခုလို။ လျှောက်လာခဲ့တုန်းကတော့ကြာလှချည့်..ဟုထင်ခဲ့ မိသောအချိန်များရှိခဲ့သလို အကုန်သိပ်မြန်ခဲ့သောကာလများလည်းရှိခဲ့သည်။ လင်းတစ်ခါ မှိန်တစ်လှည့်ရက်စွဲများပါဝင်သလို၊ ပြိုတစ်ခါ လဲတစ်လှည့်နေ့ရက်များလည်းပါဝင်ခဲ့သည်ပဲ။ လောကဓံကို ပန်းလိုပန်ခဲ့ရသောနေ့ရက်များကိုကြုံခဲ့ရသည့်တိုင် မှန်ကြည့်မပျက်ခဲ့သည်ကို က ရင်ဆိုင်ရဲခြင်းတစ်မျိုးဟု ကိုယ့်ကိုယ်ကို ကျေနပ်နေခဲ့ဖူးသည်..။ခုတော့လည်း အရာရာ ကိုစိတ်လျှော့အရှုံးပေးချင်လာသလိုလို…။


ထိုင်ရာမှထလိုက်သောအခါ မှန်ထဲတွင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ပြက်ထင်စွာမြင်လိုက် ရသည်။ဒီတစ်ကြိမ်တွင်တော့ မပြုံးမိတော့။ သက်ပြင်းတစ်ချက်ကိုအသာချကာ မှန်ပြင်ကို ကျောခိုင်းပစ်လိုက်သည်။ လေးကန်ချိနဲ့ချင်သောခြေလှမ်းများနှင့် မှန်ရှေ့မှခွာခဲ့လိုက်သည်။ အခန်းနံရံတစ်ဖက်အပြည့်နေရာယူထားသော နံရံကပ်ဘီရိုကိုလှမ်းဆွဲဖွင့်လိုက်သောအခါ အထဲတွင် အရောင်အသွေးစုံလင်နေသော အဝတ်များက သူမကိုစောင့်ကြိုနေသည်။ ဘယ်တုန်းကမှ ဘာကိုမှ မက်မက်မောမော မဝတ်ဆင်ချင်ခဲ့ မတောင့်တ တတ်ခဲ့ပါပဲလျက် သူမ ဘီရိုထဲ ထိုမျှအရောင်သွေးစုံနေသည်မှာအံ့တော့အံ့သြစရာပင်။ သားတွေသမီးတွေက မွေးနေ့တွေ အမှတ်တရနေ့တွေ အမှတ်တမဲ့နေ့တွေမှာပေးထားခဲ့သောအရာများလည်း မနည်းမနော။နှစ်လေးဆယ်သည် အရောင်များကိုလည်းစုံလင်စွာသယ်လာတတ်ခဲ့သည်ပဲ။


အနီကိုနှစ်ခြိုက်ပါလျက်ရဲရင့်ရမှာ ကိုမေ့လျော့နေခဲ့ဖူးသည်။အဖြူသည်စွန်းထင်းလွယ်မှန်း သိပါလျက်နှင့် ဖြူစင်မှုကိုနှစ်လိုနေခဲ့ဖူးသည်။ ဝန်တိုခြင်းများသောအဝါရောင်များကလည်း ဟိုတစ်စ သည်တစ်စနှင့်ရောပါနေဆဲ။ သိပ်ပြီးလက်မခံချင်ပဲလက်ခံထားရသော ခရမ်းနု ခရမ်းရင့်များကလည်း ပြိုးပြိုးပြက်ပြက်လက်လို့။ မေ့လျော့ထားခဲ့မိသောအစိမ်းရောင်ဝတ်စုံ များကိုတော့ ဒီနေ့ပြန်ထုတ်ကြည့်နေမိသည်။ အနက်ရောင်ကို လူတွေက ဘာလို့ဝမ်းနည်း ကြေကွဲသည့်အခါဝတ်ဆင်တတ်ကြတာလဲ..။သူမကတော့ အနက်ရောင်ကို ပျော်ရွှင်နှစ်လို စွာဝတ်ဆင်ခဲ့ဖူးသည်။မိန်းမဆန်လွန်းသော ပန်းနုရောင် ရွှေအိုရောင် များကိုတော့ တခြား သောအရောင်များနှင့်သာရောနှော၍တွေ့ရတတ်သည်။ သူမက သိပ်မနှစ်သက်တတ်သလို သားနှင့်သမီးတို့လည်းနှစ်သက်ကြပုံမပေါ်။ တစ်ခါကတော့ အဖြူရောင်တွေချည်းပဲလွှမ်းမိုး နေမည့် အဝတ်ဘီရိုတစ်ခုကိုစိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။ လက်တွေ့ဘဝတွင်တော့ အရာရာသည်စွန်းပေလွယ်လွန်းလေစွ။


နောက်ဆုံးလက်ထဲပါလာသည်က အညိုရောင်ရင့်ရင့်။ ရင့်မှိုင်းတည်ငြိမ်နေသည်။ ဒီအညို တွေကိုကြည့်ရင်း သူမသည်ပင် ငြိမ်သက်မှိုင်းပျသွားသလို ခံစားသွားရသည်။ ပယင်းရောင် လဲ့နေသော လည်ဆွဲများနှင့်ယှဉ်တွဲလိုက်သောအခါ…တည်ငြိမ်သော ကြည်လင်မှုတစ်စုံ တစ်ရာကိုရလိုက်သလို သူမကျေနပ်သွားမိသည်။ သေချာတာကတော့ ငယ်စဉ်ကလို အညိုရောင်နှုတ်ခမ်းဆိုးဆေးကို မဆိုးနိုင်တော့မှာပင်။ ပန်းသွေးရောင်စွန်းသည်ဆိုရုံမျှသာ စွန်းသော နှုတ်ခမ်းကို ကြည့်ကာကျေနပ်လိုက်သည်။ ဘာလုပ်မှာလဲကွယ်။ ကျားကန်ခြင်း ပန်းပန်ခြင်းတွေကို သူမနဂိုတည်းက အယုံအကြည်မှမရှိခဲ့ပဲ။ အဖြူရောင်တွေရောယှက် စိမ့်ဝင်လာခဲ့သော ဆံနွယ်များကိုကြည့်ကာ နှစ်နှစ်လိုလို လက်ခံထားနိုင်ခဲ့သည်ပဲ။


တချို့သော မိန်းမများကဲ့သို့ ဇရာကိုဖုံးကွယ်လိုသည့်ထဲ သူမ မပါဝင်ခဲ့ပါ။ ကျူးကျော်ဝင် ရောက်လာသော အရေးအကြောင်းများကိုလည်း သက္ကရာဇ်လှေကားထစ်များသဖွယ် သူမက လက်ခံကျေနပ်နေခဲ့ဖူးသည်။ ရော့ရဲ ပြေလျော့သွားမှုများကိုလည်း ဓမ္မတာဟု လက်ခံနိုင်ခဲ့သည်။ အပေါ်ယံအရည်ပြားတစ်ထောက်စာသာရှိသော အလှကို သူမ မယုံ ကြည်ခဲ့ဖူးပါ။ သူမ ယုံကြည်သည်က ဖြူစင်မှု ဖြစ်ပြီး မယုံကြည့်သည်က သံသယများသာ ဖြစ်သည်။ သို့သော် ထိုယုံကြည်မှုများနှင့် အမြဲတမ်း ပဋိပက္ခ ဖြစ်နေခဲ့ရပြီး မယုံကြည်သည့် သံသယများကသာ ဘဝထဲ စိမ့်စို ကျူးကျော်လာတတ်ခဲ့သည်ပဲ။


အဆိပ် ဟုအမည်ရသော ကမ္ဘာကျော်ရေမွှေးနံ့က အခန်းလေးထဲ ပျံ့နှံ့သွားသည်။ ဘာကိုမှ အစွဲအလန်းမထားတတ်သောသူမ အဖို့ကတော့ အဆိပ် သည်လည်းကောင်း၊ ပျော်ရွှင်မှု သည်လည်းကောင်း၊ သုခဘုံအလွန် သည်လည်းကောင်း ဘာမှသိပ်ပြီးမထူးခြားလှပေ။ အရာအားလုံးသည် ငွေကြေးနှင့်လဲလှယ်ယူနိုင်သော ရနံ့အတုများဖြစ်သည်။သူမကတော့ တစ်ချိန်က (ခုထိလည်းဖြစ်နိုင်ပါသည်) ပိုင်ဆိုင်ခဲ့သော ကိုယ့်ကိုယ်သင်းနံ့ကိုသာ ကိုယ်ယုံကြည်နေချင်တုန်း။သို့သော်လည်း… အရာရာသည် ပြောင်းလဲသွားခဲ့ပြီ။ တန်ဖိုးတစ်ခုသည် သတ်မှတ်သူနှင့်သာ တိုက်ရိုက်အချိုးကျတတ်တာကတော့ ရင်နင့်စရာ ။အချို့သောသူများတွင် စံဆိုသည့်အရာများ ပျောက်ဆုံးနေခဲ့သောကြောင့် ဖြစ်သည်။ ဒီရေမွှေးကို သူမ ကိုယ်ပိုင်စွဲလန်းမှုနှင့် သုံးစွဲနေခဲ့သည်မှမဟုတ်ပဲ။ အဆိပ် ကို သူမနှင့် ယဉ်ပါးစေခဲ့သူ သည် …


ပြူတင်းဝမှတစ်ချက်လှမ်းကြည့်မိသောအခါ တိုက်တိုက်ဆိုင်ဆိုင်ခြံထဲတွင် အညိုရင့်ရောင် ပန်းတချို့လင်းလက်စွာပွင့်နေကြသည်။ သစ်ရွက်ကြွေတချို့ညိုးရော်ခြောက်သွေ့နေတာ ကိုလည်းမြင်ရသည်။ ပြတင်းပေါက်မှဝင်လာသောနွေသည် အရာအားလုံးကို သွေ့ခြောက် နွမ်းရော်သွားစေနိုင်သည်တဲ့လား။ဒီပြတင်းလေးမှပင်ရာသီဥတုအမျိုးမျိုး သူမထံဝင်လာ ထွက်သွားရှိခဲ့ဖူးသည်။ နွေကိုလည်း နှုတ်ဆက်ရသလို ဆောင်းကိုလည်း ခရီးဦးကြိုပြုရ သည်ပဲ။ မိုးစက်တွေကိုလည်း တရင်းတနှီး မိတ်ဖွဲ့ခဲ့ရဖူးသည်။ မိုးစက်များနှင့်တူရောနှော သွားခဲ့ရသောမျက်ရည်စက်များကိုတော့ အထူးတလည်ပြန်ပြီးမိတ်ဆက်မနေချင်တော့။ အရာအားလုံးသည် အတိတ်နေ့ရက်များနှင့်အတူဟောင်းနွမ်းသွားပေလိမ့်မည်။ ( ထင်သည်။)

အညိုရောင် ကျောက်များနှင့် စီရီထားသော နောက်ညှပ်ကလစ် တစ်ခုကိုယူကာ ဆံပင်များကို သပ်သပ်ရပ်ရပ် စုသိမ်းလိုက်သည်။ သမီးကြီးကတော့ ဟော အဘွားကြီး အရောင်နဲ့ ထွက်လာပြန်ပြီ ဟု ပြောဦးမလား .. ။ သမီးလတ်ကတော့ ယောဂီဆန်သော ဒီအရောင်ကို သဘောကျနေပေလိမ့်မည်။ အဝေးမှ သီချင်းသံတစ်စကို ကြားရသည်။ Brown girl in the ring , sha la la la la တဲ့။ ဘာလို့များ အဲဒီ အညိုရောင် ကောင်မလေးက ကြိုးဝိုင်းထဲ ရောက်နေရတာတဲ့လဲ။ အတွေးနှင့်အတူ သူမ ကျရောက်နေခဲ့သော ကြိုးဝိုင်း တစ်ခုမြင်မိသလို။ သတ်ကွင်း ။ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသော အပြုံးကပင် အညိုရောင် ရင့်ရင့် ဖြစ်နေခဲ့၏။


ခပ်စိမ်းစိမ်းရနံ့တစ်ခု ရောက်နေခဲ့တာ ကာလ တစ်ခုမက ကြာနေပြီဖြစ်သော အခန်းကလေးကို ဝေ့ဝဲကြည့်လိုက်သည်။ အခန်းထောင့်က ဖိနပ်စင်တွင် အညိုရင့်ရင့် ဖိနပ်ပါးပါးလေးတစ်ရံရှိနေသည်။ (အသက်အရွယ်အရ ခွာသေးသေး ချွန်ချွန် ဖိနပ်များကို မစီးဖြစ်တာ ဆယ်စုနှစ် တစ်ခုပင် မကတော့ဟု ထင်သည်။) တကယ်တော့ ဒီအညိုရောင်တွေကို သူမ ရည်ရွယ်ချက် ရှိရှိ ဖိတ်ခေါ်ထားခဲ့ခြင်းမဟုတ်ပါ။ အကြောင်းတရားများစွာ နှင့် သူမထံ ရောက်ရှိနေခဲ့ကြ ခြင်းဖြစ်သည်။ ခုတော့လည်း တိုက်ဆိုင်လွန်းလေစွ.. ။ သူမ အညိုရောင်များကို စက္ကန့် ပိုင်းအတွင်း နှစ်လိုသွားခဲ့ရတော့သည်။ မနေ့က သမီးကြီးဆိုးပေးထားသော အညိုနုရောင် လက်သည်း ဆိုးဆေးများကပင် ဖျော့တော့နေသလို ခံစားလာရသည်။ နည်းနည်းဖြစ်ဖြစ် မှို်င်းရင့် ပစ်လိုက်ကြပါတော့လား။ ခပ်မှိုင်းမှိုင်းရင့်ရင့် လက်သည်းများကရော ဘယ်လို အသုံးဝင်မှာ မို့တဲ့လဲ ။ နှလုံးသားတွေကို စုတ်ပြတ်သတ်သွားအောင် ကုတ်ဖဲ့ပစ်လိုက်လို့ရမှာတဲ့လား။ အဲလို အသုံးဝင်ခဲ့သည့်တိုင် မှိုင်းညိုနေသော သူမ စိတ်အင်အားများက သူမ နောက်က ပါလာလိမ့်မည်မထင်တော့ပါ ။ နောက်ကျ သွားခဲ့သော စက္ကန့်များသည် အညိုရောင် စက္ကန့်များ ဖြစ်သည်။


အညိုရောင်ရင့်ရင့် မှိုင်းမှိုင်း အကျီ င်္လုံခြည်ပေါ်တွင် လဲ့နေသော ပယင်းတစ်ဆင်စာက ခပ်လဲ့လဲ့လေး လင်းနေစေသည်။ အဆိပ်နံ့သင်းနေသော ခန္ဓာကိုယ်သည် ကိုယ်ပိုင်တန်ဖိုး များကို ဖုံးကွယ်ထားလိုက်သည်။ အညိုရောင်ဖိနပ်ပါးပါးလေးသည် နာကျင်မှုကို မေ့လျော့နေသည့်နှယ် သူမကို ထမ်းပိုးထားခဲ့သည်။ ဘယ်လက်လက်ဖျံပေါ်မှ သားရေညို ကြိုးတပ် နာရီ ဒိုင်ခွက် အညိုလေးကို ဖျတ်ကနဲကြည့်မိတော့ အညိုရောင်နာရီ တစ်ခုကို ညွှန်ပြနေခဲ့ပြီ။ ထို အချိန်နာရီသည် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကတည်းက ညိုမှိုင်း နေခဲ့သည်လား။ ဘယ်တုန်းကများ ညိုမှိုင်းရင့်အိုသွားခဲ့ရသည်လဲ။


အတွေးပင်မဆုံးလိုက် အညိုရောင်မီးခိုးလုံးများနှင့်တူသော အသံတစ်သံသည် တံခါးကိုဖြတ်ဖောက် ဝင်ရောက်လာသည်။ မပြီးသေးဘူးလား..တဲ့ ။ တစ်သက်တာနာခံခဲ့ဖူးသည်ဟု ထင်ချင်စရာ မရှိတော့သော အညိုရောင်မုန်တိုင်းတစ်ခုနှင့် ခပ်ဆင်ဆင် တူသည့် အသံအောက်တွင် သူမ၏ ဖုံးကွယ် ထားခဲ့သော ယိုယွင်းပျက်စီးနေသည့် စိတ်ဓါတ်များက ခုံးကြွ မိုမောက် လာချင်သလို ဖြစ်သွားရသည်မို့ ကဗျာကယာ ပြန်သိမ်းလိုက်ရသည်။ ရှိပါစေတော့။ အပျက်အစီးများကို သိမ်းကောက်ရင်း ဘဝကို အဆုံးမသပ်လိုတော့ပါ။ အရာအားလုံးကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်စေချင်သူတစ်ယောက်၏ ကြေမွအက်ကွဲနေသော သက္ကရာဇ်များသည် ခပ်ရင့်ရင့် လွှမ်းခြုံထားသော အညိုရောင်များ အောက်တွင် နစ်မြုပ်နေပါစေတော့။


တဆိတ်ကလေး ဖျော့တော့နေသည်ဟု ထင်ရသော အညိုရောင် ကျွန်းတံခါးကို ဆွဲဖွင့်ထွက်လိုက်သော အခါ ..အညိုရောင်များနှင့် တည်ငြိမ်မှိုင်းပြနေသော သူမကို နှစ်လေးဆယ်ကြာသူမနှင့် အတူ ရှိခဲ့ဖူးသည့် အရင်းနှီးဆုံးသူစိမ်းတစ်ယောက်က သူမကို ကြောက်မက်ဖွယ်ရာ စောင့်ကြိုနေခဲ့သည်။ တကယ်တော့ မှိုင်းပြညိုလွင်နေသော ယနေ့သည် သူမတို့နှစ်ဦး၏ နှစ်လေးဆယ်ပြည့် မင်္ဂလာနေ့ဖြစ်သလို မှားယွင်းခဲ့မှု၏ နှစ်လေးဆယ်ပြည့်နေ့လည်း ဖြစ်လေသည်။

To 27th July’09 and my mom !!!

မနော်ဟရီ

2010, March' Yati Magazine



ပညာသင်ထောက်ပံ့ကြေး နောက်ဆက်တွဲ

Wednesday, May 19, 2010


ပညာသင်ထောက်ပံ့ကြေး နောက်ဆက်တွဲ

ကျောင်းသူလေး နှစ်ယောက်ထဲက သက်ထားမွန်အတွက် လစဉ် တာဝန်ယူမယ့် အလှူရှင်တော့ ရသွားပါပြီ။ ကိုရီးယားနိုင်ငံက ကိုကျော်သူရနဲ့ဇနီးဆွေဆွေဝင်းတို့ပါပဲ။ ကျွန်မလည်း ကလေးတွေကိုယ်စားရော မိဘ တွေ ကိုယ်စားရော ဝမ်းလည်းသာ ကျေးဇူးလည်းတင်ပါတယ်။ အားလုံးလည်း သာဓုခေါ်စေချင်ပါတယ်။ ကျန်တဲ့ အေးသူဇာမိုးအတွက်ကတော့ ကျွန်မလက်ထဲ ရောက်နေတဲ့ ကိုအောင်(ပျူနိုင်ငံ)တို့မိသားစု ဆီက အလှူငွေ၊ ဖြိုးဖြိုး ၊ အိန္ဒြာ ၊ Zephyr နဲ့ ကျွန်မတို့ ဆီက အလှူငွေတွေပေါင်းပြီး လစဉ် ပို့နိုင်အောင် လုပ်သွားမှာပါ။ အဲဒီထဲက လစဉ် သုံးပုံတစ်ပုံအလှူငွေကို Zephyr က တစ်ပုံ၊ ကိုရီးယားနိုင်ငံက ကိုစိုးသက်ပိုင်က တစ်ပုံ ၊ကျန်တဲ့သုံးပုံတစ်ပုံကို ကျွန်မ ၊ အိန္ဒြာနဲ့ တခြားအလှူရှင်တွေရသလို ပါဝင်သွားမှာ ဖြစ်ပါတယ်။




Manorhary and her artistic life of A to Z

Tuesday, May 18, 2010






Manorhary and her artistic life of A to Z ( Fashion Image June'10)

A for Adrian
My little son, Adrian Khit Nay.
B for Blessing
There shall be showers of blessing, this is the promise of Love.
C for Cappuccino
Addicted to hot Cappuccino of Starbucks.

D for Daggers
Attention!! They can fly to you from your back.
E for Elvis Presley
He’s my King.

F for Family
F – Forever … we wanna live together forever
A – Authentic …
Our love is authentic
M – Morality … We all aim at same morality.
I – Infinity … It is the limit of our bond
L - Loving kindness … It is the string we attached each other
Y- Yearn … Our innermost desire to be Peaceful …
( This Acrostic Poem is written by Zephyr)
G for Giving
Happiness lies in giving not in getting !
H for Harmony
Harmony of body and soul !
I for Immanuel
Immanuel = God (is) with us.
J for Judas
The betrayal of Jesus Christ is the greatest symbol of forgiveness. How many miles I need to go to reach that point?
K for Kitaro
The music that I need to meditate!

L for Love
Faith, Hope and Love. But the greatest of these is LOVE.



M for Mum
My beloved Mom.
N for NO
Sometimes, we need to say absolute NO!
O for Osho
Osho Zen Tarot. I use these cards now.

P for PEACE
We need PEACE. Everybody needs PEACE. PEACE BE UPON YOU!
Q for Quarantine
Quarantine for my own empire is UNTRUSTED PEOPLE. It’s not only for 40days but forever.
R for Ryan Gigg
MY RED HERO.
S for Stress
Should keep it in a bay!
T for TRUTH
What is TRUTH? Are we already there?
U for U-turn
There’s no U-turn in my life.
V for Versatile
It’s not jack of all trades, I wanna be versatile. (Am I worth to say? no problem, everyone can dream on!)
W for Will and Way
Where there is a will, there is a way. ( my motto) Someone told me that I am the best person who can go straight without set squares, if I wish to. J
X for Xanthos
The color that I fear most!
Y for Yin and Yang
The passive female cosmic principle and masculine cosmic principle!
Z for Zephyr
My son, Zephyr the Great J


A and Z
Manorhary
14th March’ 2010

ဒီလူတွေကို Tag ပါတယ်။

Zephyr
အိန္ဒြာ
မမေငြိမ်း
မိုးချိုသင်း
ကေ
ပန်ဒိုရာ
တင်မင်းထက်
မိုးကုတ်သား
ဖိုးစိန်
ဝါဝါခိုင်မင်း
Craton
မိုးခါး
အမရာ
အိုင်လွယ်ပန်
မယ်ကိုး
ရီနိုမာန်
ကိုရင်နော်
ခင်လေးငယ်
ဆွိ
July Dream
သက်ပိုင်သူ

လင်းဒီပ


ပညာသင့်ထောက်ပံ့ကြေး နောက်ဆက်တွဲ

Saturday, May 15, 2010

ပညာသင့်ထောက်ပံ့ကြေး နောက်ဆက်တွဲ


ပညာသင်ထောက်ပံ့ကြေးအတွက် လောလောဆယ် ရရှိထားတဲ့ အလှူငွေကတော့


၁။ ကိုအောင်(ပျူနိုင်ငံ)နဲ့ မခိုင်ခိုင်ဦး တို့ဆီက အလှူငွေ ကျပ် တစ်သိန်း
၂။ Zephyr အလှူငွေတစ်သိန်းကျပ် ( လစဉ် ကျပ်၃၅၀၀၀)
၃။ အိန္ဒြာ လစဉ် ၁၀၀၀၀ကျပ်
၎။ နိုဘယ်မိုး SGD 50


ကျန်တဲ့သူတွေဆီကတော့ confirm မရသေးပါဘူး။ ကိုရီးယားက အလှူရှင် တစ်ယောက်ကလည်း တစ်ယောက်စာတာဝန်ယူမယ်လို့ ကမ်းလှမ်းထားပါတယ်။ ကိုထွန်းဝေမြင့်နဲ့ ချိတ်ပေးပြီး သေချာပြီဆို ကျွန်မ ဒီကနေ တင်ပေးပါမယ်။ နောက်ထပ် အလှူရှင်တွေလည်း ဆန္ဒရှိပေမယ့် အဆက်အသွယ်ခက်ခဲနေပါသေးတယ်။ confirm ဖြစ်သမျှကို ဖြစ်တာနဲ့ တင်ပေးသွားပါမယ်။ လစဉ်လှူချင်တဲ့သူများရှိရင်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ တစ်ခါတည်းပဲ လှူလို့မရဘူးလားလို့မေးတဲ့သူတွေလည်းရှိတဲ့အတွက် မိမိတို့အဆင်ပြေသလိုလှူဒါန်းနိုင်ကြောင်း အသိပေးချင်ပါတယ်။


ပညာသင်ထောက်ပံ့ကြေး

Wednesday, May 5, 2010


ပညာသင်ထောက်ပံ့ကြေး



ကဗျာတွေရေးတဲ့ ပန်းချီတွေဆွဲတဲ့ ကဗျာဆရာကိုထွန်းဝေမြင့်က ကျွန်မကို အကူအညီ တစ်ခု တောင်းလာပါတယ်။ အဲဒါကတော့ မကွေး ဆေးတက္ကသိုလ်က ပညာထူးချွန်တဲ့ ကျောင်းသူနှစ်ဦး အကြောင်းကြောင်းတွေ အခက်အခဲတွေကြောင့် ကျောင်းဆက် မတက် နိုင်တော့တဲ့အတွက် ပညာသင် ထောက်ပံ့ကြေးများရနိုင်မယ် ဆိုရင် ပညာဆက်သင် နိုင်မှာမို့ တစ်ခုခုကူညီပေးပါ လို့ဆိုပါတယ်။ အမှန်က ဒါ မအိန္ဒြာ ဆီက လာတဲ့ အကျိုးဆက်ပါ။ သူနဲ့ကျွန်မတို့ လုပ်ခဲ့တဲ့ အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ မိဘမဲ့ ကလေးတွေအတွက် အလှူငွေကြောင့် ဒီလိုခက်ခဲတဲ့သူတွေကိုလည်း ကူညီပေးဖို့ အကူအညီ တောင်းလာတာလို့ ကျွန်မက မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကူညီချင်ပါတယ်။ ကိုယ်တိုင် မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့သူတွေဆီကနေ တဆင့် ကူညီချိတ်ဆက်ပေးချင်ပါတယ်။ ဒါကြောင့် ဒီပို့စ်ကလေးကို ဒီကလေးမ နှစ်ယောက် အတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်။
ပထမတစ်ယောက်က အေးသူဇာမိုးဖြစ်ပါတယ်။ တောင်တွင်းကြီး အမကကျောင်းက အလယ်တန်းပြ ဆရာမ တစ်ယောက်ဖြစ်တဲ့ ဒေါ်သန်းသန်းအေးရဲ့ သမီး ဖြစ်ပါတယ်။ ဆယ်တန်းကို ၂၀၀၈ ခုနှစ်က ဂုဏ်ထူး ငါးဘာသာနဲ့ အောင်မြင်ခဲ့ပြီး အမှတ်ပေါင်း ၅၀၀ နဲ့ မကွေး ဆေးတက္ကသိုလ်မှာ ဝင်ခွင့် ရခဲ့ပါတယ်။ ခု ဒုတိယနှစ် ရောက်နေပါပြီ။ ကျောင်းဆက်လက် တက်နိုင်ဖို့ မိခင်ဖြစ်သူ အလယ်တန်းပြ ဆရာမ တစ်ဦးတည်းရဲ့ ဝင်ငွေနဲ့ မဖြစ်နိုင်တာမို့ ပညာသင်ထောက်ပံ့ကြေး လိုအပ်နေသူ ဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ မသက်ထားမွန် ဖြစ်ပါတယ်။ သူ့အမေကလည်း အလယ်တန်းပြ ဆရာမ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမ ဖခင်ကတော့ ဦးခင်မောင်မြင့် ဖြစ်ပြီး စိုက်ပျိုးရေးဆေးပစ္စည်းတွေ ရောင်းချတဲ့အလုပ်ကိုလုပ်ရာမှာ အရှုံးပေါ်ပြီး လုပ်ငန်း ရပ်ဆိုင်းလိုက်ရတဲ့အတွက် ကျောင်းပညာဆက်လက်သင်ကြားဖို့အတွက် ပညာသင် ထောက်ပံ့ကြေးလိုအပ်သူ ဖြစ်ပါတယ်။ သူမကတော့ တတိယနှစ်မှာ ပညာသင် ကြားနေပြီး ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူး အမှတ်ပေါင်း ၄၈၅မှတ်နဲ့ အောင်မြင် ထားခဲ့တာ ဖြစ်ပါတယ်။
အေးသူဇာမိုးအတွက် ပညာသင်ထောက်ပံ့ကြေး လိုအပ်တဲ့ကာလက
ဒုတိယနှစ် (၁)နှစ်
တတိယနှစ် (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(က) (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(ခ) (၁)နှစ်
အလုပ်သင် (၁)နှစ်
စုစုပေါင်း ငါးနှစ်စာ လိုအပ်မှာဖြစ်ပြီး တစ်လကို ကျပ်တစ်သိန်း လိုအပ်ပါတယ်။
အဆောင်ကြေး ၁၅၀၀၀
ထမင်းလခ ၆၀၀၀၀
ဖယ်ရီကားခ ၄၀၀၀
ကျောင်းလခ ၁၀၀၀
စာအုပ်စာတမ်းနှင်
အထွေထွေ ၂၀၀၀၀
စုစုပေါင်း တစ်သိန်းကျပ် (၁၀၀၀၀၀) တိတိ ဖြစ်ပါတယ်။

မသက်ထားမွန်အတွက်ကတော့
တတိယနှစ် (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(က) (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(ခ) (၁)နှစ်
အလုပ်သင် (၁)နှစ်
စုစုပေါင်း လေးနှစ်စာ လိုအပ်မှာဖြစ်ပြီး မအေးသူဇာမိုးလိုပဲ တစ်လ ကျပ် တစ်သိန်း ဖြစ်ပါတယ်။

ပညာသင် ထောက်ပံ့ကြေး လှူဒါန်းလိုသူတွေ အနေနဲ့ ကျွန်မ ကို တိုက်ရိုက် ဆက်သွယ် နိုင်သလို တခြားနိုင်ငံက လှူဒါန်းလိုသူတွေအနေနဲ့
Myanmar
manorhary@gmail.com,
သီတာဝင်း

အမှတ် ၁၂၇ - ၄၃လမ်း ရန်ကုန်

၁၂/မရက (နိုင်) ၁၁၄၇၄၆

ဖုန်း ၂၅၆၆၉၅
Singapore

eaindra.mm@gmail.com,
henrynawaung@gmail.com
Malaysia
craton1990@gmail.com,
US
untamed.pathbreaker@gmail.com


စတဲ့မေးလ်တွေကို ဆက်သွယ် လှူဒါန်း နိုင်ပါတယ်။

တောင်တွင်းကြီးကို တိုက်ရိုက် ဆက်သွယ်ချင်တယ်ဆိုရင်တော့
၀၆၃ - ၅၀၈၃၃ ဒေါ်လှလှညွှန့် နဲ့
၀၆၃ - ၅၀၀၈၇ ဒေါ်သန်းသန်းအေး တို့ဆီလည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ဆက်သွယ်မေးမြန်းဖို့အတွက်ကိုတော့
၀၉၅၁၉၁၆၇၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်.. အိမ်ကလေးရယ်…. ငါရယ်…………

Saturday, May 1, 2010


အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်.. အိမ်ကလေးရယ်….ငါရယ်…………

အမြင်မဲ့
ယိုင်နဲ့နေခဲ့တဲ့ ငါ့အိမ်ကလေး
ကျားကန်ခြင်းမဲ့ …..

အများကပြောတဲ့
မိုက်မဲခြင်းတွေကိုသာ
အိမ်ကလေးရဲ့ပတ်ပတ်လည်မှာ
ဆင့်စီထားခဲ့ရ
ငါ့ဦးခေါင်းကတော့
ဘာမဆိြုေ့ပးတိုက်ပစ်လိုက်ဖို့
မာနတွေနဲ့ မာကျောနေခဲ့ …….

အိမ်ကလေး…
ငါ..အဝေးကြီးထိ
ခရီးဆက်ရဦးမှာ
ရာသီဥတုဒါဏ်တွေ
နတ်ဆိုးတွေရဲ့ အမှောင့်ပယောဂတွေ
အမြဲစိမ်းသစ်တောကြီးတွေရဲ့ ကာဆီးမှုတွေ
လက်ညှိုးတွေ …အများကြီး ကြုံရဦးမှာ
ငါ့မှာ ကာရန်ပေးစရာဆိုလို့
အများကပြောတဲ့ မိုက်မဲခြင်းတွေသာရှိရဲ့ ….

မင်း..မမြင်ရတဲ့အိပ်မက်တွေနဲ့
ငါ.. လောကကို မေ့လျော့နေခဲ့မိတဲ့အခါတိုင်း
ညစာမဲ့ .. နေရောင်မဲ့ .. မင်းအတွက်
ငါ့အိပ်မက်တွေက ဆေးဖက်မဝင်နိုင်တဲ့အခါတိုင်း
မိုးစက်တွေ ကံ့ကော်ရနံ့တွေ
စိန်ပန်းကြွေတွေ .. ရေတမာတွေကြား
ငါ ..နာဖျားနေတဲ့အခါတိုင်း
အများကပြောတဲ့
မိုက်မဲခြင်းတွေရဲ့ အဆိပ်သင့်တဲ့ဒါဏ်
ငါခံရတိုင်း
အများကြိုက်စကားလုံးတွေနဲ့
မင်းကို …
ကျားကန်မပေးနိုင်ခဲ့တာ
ခွင့်လွှတ်ပေးခဲ့ပါ။

လောကမှာ ဘာအလိုအပ်ဆုံးလဲ
သိက္ခာ
ပညာ
မာန
ဆောက်တည်ရာမရ ရွတ်ဆိုနေခဲ့တဲ့
မေးခွန်းတွေလည်း ပျံ့ကျဲ
အိမ်ကလေးရဲ့ ရင်ခွင်ထဲမှာ …..
လှဲကျင်းပစ်လိုက်ဖို့ရာလည်း မဖြစ်နိုင်
ရှင်းလင်းပြဖို့ရာလည်း မဖြစ်သေး
ရာဇဝင်သစ်တွေ ပြောင်းပြန်ဖြစ်နေခဲ့ …

အမှားအယွင်းတွေရဲ့ သားကောင်
အမှန်တရားရဲ့ နောက်တော်ပါး
ပါးနပ်မှုရှိလျက်နဲ့ အသုံးမချသူလေ
ခုတော့လည်း
သုံ့ပန်းလုံးလုံးကိုဖြစ်လို့……….

ရွက်ကြွေတွေလို
ဦးတည်ရာမဲ့ လွင့်မျောပစ်လိုက်ချင်ရဲ့
ဒါပေမယ့်
ယိုင်နဲ့နေသေးတဲ့
ငါ့အိမ်ကလေးကို
ငါ ဘယ်လိုပစ်ခွာသွားရက်ပါ့မလဲ …
အများကပြောတဲ့
မိုက်မဲခြင်းတွေသာ
ခရီးရှည်နေခဲ့ ….

ခုဆိုရင်
ငါရယ်
ငါ့အိမ်ကလေးရယ်
အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်
……………………………
……………………………………
အများကပြောတဲ့မိုက်မဲခြင်းတွေရယ်
ငါ့အိမ်ကလေးရယ်
ငါရယ်
…………………
………..
..

မိုင်ပေါင်းများစွာ
ရာစုများစွာတိုင်ထိ …….။ ။


၂၆၊ဂျွန်၊၁၉၉၆


အဲဒီကဗျာကိုရေးတုန်းကတော့ ကျွန်မ အဲဒီအိမ်ကလေးနဲ့ အတူရှိနေဆဲပါ။ ကံ့ကော်ရနံ့တွေက ကျွန်မကို မူးရီနေအောင် ဆွဲဆောင်ထားနိုင်တုန်းအချိန်ပေါ့ …။ နောက်ပိုင်းကျတော့ ကျွန်မကို အိမ်ကလေးထဲက တွန်းထုတ်တဲ့ လူတစ်စုနဲ့တွေ့ခဲ့ရသလို အိမ်ကလေးထဲကနေ ဖျားယောင်းသွေးဆောင် ခေါ်ထုတ်သွားမယ့် လူတစ်ယောက်ကိုလည်း တွေ့ခဲ့ရတယ်။ အဲဒါနဲ့ ကျွန်မလည်း အိမ်ကလေးနဲ့ ဝေးရာမှာ အခြားသော ဖျားနာမှုတွေနဲ့ နာတာရှည်လို့ပေါ့ ……

ခု အရင်က တင်ထားခဲ့ဖူးပြီး မထုတ်ဖြစ်သေးတဲ့ မီးပြတိုက်အလွန်နဲ့ မနှစ်က ရေးခဲ့တဲ့ကဗျာတွေကို စုစည်းပြီး မီးပြတိုက်အလွန် ၂၀၀၉ ဆိုပြီး ထုတ်ဖို့ စာမူတွေပြန်စီတော့ ဒီကဗျာလေးကို ပြန်ဖတ်မိတယ်။ မိုင်ပေါင်းများစွာ ရာစုတစ်ခုစာမက ဝေးကွာသွားခဲ့ပြီဆိုတဲ့အသိက ကျွန်မကို လိပ်ပြာမလုံစေတော့ပြန်ပါဘူး။ ဒါပေမယ့် နောက်ကြောင်းပြန်လှည့်တတ်တဲ့ စိတ်ကပါမလာခဲ့သလို ပြန်လည်းလှည့်ကြည့်ခွင့်မရတဲ့အတွက် စိတ်တွေကို အတတ်နိုင်ဆုံး လျှော့ချပစ်ခဲ့တာ ကြာပါပြီ။ ခုတော့လည်း အိမ်ကလေးက တခန်းတနားနဲ့ကို ကျားကန်ပေးထားခံရပြီး တနင့်တပိုး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ..

သူ ကျွန်မကို ဘာတွေပြောချင်နေမလဲ ဆိုတာ မနာကြားရဲတဲ့ကျွန်မက အိမ်ကလေးကို ခပ်ဝေးဝေးကနေ ငေးလို့ …… ပြီးရင် မသိမသာသက်ပြင်းတွေနဲ့ နောက်ဆုတ်လှည့်ပြန်လို့ ..။ ကိုယ့်ကိုယ်ကို တောင် ကျားကန်နိုင်ခြင်း မဲ့နေတဲ့ဘဝထဲမှာ ဒါပဲ တတ်နိုင်ခဲ့တာပါ။ မတတ်နိုင်ခြင်းများစွာ မတတ်သာခြင်းများစွာနဲ့ ကျွန်မတို့ ဘဝတွေ ဘယ်တော့များမှ အလင်းသစ် ရမှာတဲ့လဲ။ ကျွန်မရဲ့ မေးခွန်းကို အိမ်ကလေးကတော့ ရေငုံနှုတ်ပိတ်နေလိမ့်မယ် ထင်ပါတယ်။


မနော်ဟရီ