စိုင်းစိုင်းခမ်းလှိုင်၊စက္ကူငှက်နှင့်…………blah blah blah !!

Friday, November 27, 2009


စိုင်းစိုင်းခမ်းလှိုင်၊စက္ကူငှက်နှင့်…………blah blah blah !!

လွန်ခဲ့တဲ့ သုံးလေးရက်လောက် (အဲထက်လည်းပိုရင်ပိုလိမ့်မယ်) ကတည်းက forward mail တစ်စောင်ရပါတယ်။ blogger တစ်ယောက်လည်းဖြစ် ကျွန်မတို့ UFL မှာ English Diploma အတူတူတက်ခဲ့တဲ့သူလည်းဖြစ်တဲ့ သူငယ်ချင်း ဆီကပါ။ ဖတ်ပြီးပြီးချင်း ကျွန်မ စိတ်နည်းနည်းတိုသွားလို့ သူ့ကိုတောင်ပြောမိသေးတယ်။ ဒီလိုစာမျိုးကို ဆက်ပြီး forward မလုပ်သင့်ဘူးထင်တာပဲလို့ .. အဓိကက မောင်စိုင်းကိုသိနေတဲ့ မောင်စိုင်းသူငယ်ချင်း တစ်ယောက်လည်းဖြစ်တဲ့ သူ့အနေနဲ့ပေါ့။ စာက စိုင်းစိုင်းရဲ့ စက္ကူငှက်ဟာ နာမည်ကျော် ရှမ်းစာရေးဆရာတစ်ယောက် ရေးထားခဲ့တဲ့ ၁၉၉၅ခုနှစ်က ထုတ်ခဲ့တဲ့ ဝတ္ထုတစ်အုပ်ကို မှီး ထားတာ ဆိုတဲ့ စာပါပဲ။ စာကိုဖော်ပြလိုက်ပါတယ်။

စက္ကူငှက်ရဲ.ပိုင်ရှင်ဘယ်သူလဲ

နာမည်ကျော် အဆိုတော် သရုပ်ဆောင် စာရေးဆရာ စိုင်းစိုင်းခမ်းလှိုင်ရဲ.
လူငယ်ထုကြားထဲမှာရေပန်းစားခဲ.တဲ.စက္ကူငှက်လုံးချင်းဝတ္ထုရဲ.
မူရင်းဇာတ်လမ်းပိုင်ရှင်ဟာ စိုင်းစိုင်းမဟုတ်ပါဘူးလို. သတင်းတွေကြားနေရပါတယ်။
အဲဒီသတင်းကို
ကျွန်တော်ကရှမ်းပြည်နယ်ဘက်ကသူငယ်ချင်းတစ်ယောက်ဆီကသိခဲ.ရတာဖြစ်ပြီးအဲဒီဝတ္ထုရဲ.မူရင်းစာရေးဆရာကရှမ်းလူမျိုး
စာရေးဆရာဟိန်းစိုင်ခိုင် လို.သိရပါတယ်။ စက္ကူငှက်ဝတ္ထုရဲ. ဇာတ်လမ်းကျောရိုးက
စာရေးဆရာ
ဟိန်းစိုင်ခိုင်ရဲ.အချစ်ပျံလွှားငှက်ဆိုတဲ.၀တ္ထုရဲ.ကျောရိုးနဲ.တစ်ထပ်တည်းနီးပါးတူတယ်လို.ကျွန်တော်.သူငယ်ချင်းကပြောပါတယ်၊၊
အဲဒီအချစ်ပျံလွှားငှက်ဝတ္ထုကမြန်မာလိုရေးထားတဲ.၀တ္ထု
မဟုတ်ပါဘူး။ရှမ်းဘာသာနဲ.ရေးထားတဲ.၀တ္ထုလို.သိရပါတယ်။အဲဒီဝတ္ထုကိုစာရေးဆရာကရေးထား
ခဲ.တာနှစ်တွေကြာခဲ.ပြီဖြစ်ပြီးကျွန်တော်.သူငယ်ချင်းရဲ.ပြောပြချက်အရ 1996
ဝန်းကျင်လောက်ကဖြစ်မယ်ထင်တယ်လို.ဆိုပါတယ်။စာရေးဆရာဟိန်းစိုင်ခိုင်ကဒီအကြောင်းနဲ.ပတ်သတ်လို.ရှင်းလင်းတာတွေဘာတွေလုပ်မနေချင်တော.ပါဘူး။သူ.ကိုလဲဒီအကြောင်းတွေ
ဆက်စပ်ယှက်ယှက်ပြောပြနေမှာမဟုတ်ပါဘူး။ွဘာလို.လဲဆိုတော.စာရေးဆရာကအခုဆိုရင်သာသနာ.ဘောင်မှာရဟန်းတစ်ပါးအဖြစ်နဲ.တရားအလုပ်တွေကိုလုပ်ကိုင်နေပြီလို.ကျွန်တော်.သူငယ်ချင်းကပြောပါတယ်။

သူ.ရဲ.၀တ္ထုတွေကိုရှမ်းလူငယ်တော်တော်များများကကြိုက်နှစ်သက်ကြပြီးသူတို.အနေနဲ.ဒီလိုမျိုးပုံတူကူးချတာကိုမခံချင်လို.တနည်းနည်းနဲ.ဖော်ထုတ်ပေးစေချင်လို.ကျွန်တော်.ကိုအကူအညီတောင်းတာလို.ဆိုပါတယ်။သူရဲ.၀တ္ထုကရေးခဲ.တာအချိန်တော်တော်ကြာခဲ.ပြီဖြစ်ပါတယ်။
ရှမ်းစာဖတ်ကြတဲ.ရှမ်းလူငယ်အသိုင်းအ၀န်းမှာတော.သူကနာမည်ရစာရေးဆရာတစ်ဦးလို.သိရပါတယ်။

နာမည်ကျော်ဟစ်ဟော.အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ.စက္ကူငှက်ဝတ္ထုကလူငယ်ပရိသတ်ကြားထဲမှာအလွန်ရေပန်းစားခဲ.တဲ.၀တ္ထုတစ်ပုဒ်ဖြစ်ပြီးရုပ်ရှင်ရိုက်တဲ.နေရာမှာလည်းလူငယ်တွေကြိုက်နှစ်သက်ခဲ.တဲ.ပေါက်ကားတစ်ကားဖြစ်ခဲ.ပါတယ်။
သူရဲ.စက္ကူငှက်ဟာသူကိုယ်တိုင်ဖန်တီးခဲ.သလား။ဒါမှမဟုတ်
ပုံတူကူးချခဲ.သလားဆိုတာကတော.သူမှသိမှာပါပရိသတ်ကြီးရေ။


တခြားလူအတွက်တော့ မသိပါဘူး။ ဒီစာကို စရေးကတည်းက ဘေးကနေထိုင်ဖတ်၊ ကူညီဝေဖန်ပေးခဲ့တဲ့ ကျွန်မကတော့ ရယ်ချင်ပါတယ်။ ကျွန်မမျက်စိရှေ့မှာ နာရီများစွာ တစ်ခန်းပြီးတစ်ခန်း ဖျက်လိုက် ပြင်လိုက် ၊ ဖြုတ်လုပ်တပ်လိုက် ရွှေ့လိုက် ၊ နာမည်ကျော် စစ်တုရင်သမား အကွက်ရွှေ့သလို ရွှေ့နေခဲ့တဲ့ မောင်စိုင်းကို ကျွန်မ ပြန်မြင်ယောင်မိလို့ပါ။ တကယ်ဆို ဒီလို ပို့စ်မျိုးရေးတာ ကျွန်မ အလုပ်မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ ဒါပေမယ့် ခုဟာက ကျွန်မနဲ့ စလယ်ဆုံးတူတူလောက် ဖန်တီးခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့အတွက် ကျွန်မမှာ ပြောရမယ့် တာဝန်ရှိလာသလို ခံစားရပါတယ်။ တခြားရှည်ရှည်ဝေးဝေး တွေ မပြောချင်ပါဘူး။ စက္ကူငှက်ရဲ့ အစအလယ်အဆုံးကိုပဲ ပြောကြရအောင်။
၂၀၀၆ နွေနံနက်ခင်းတစ်ခုမှာပါ။ ကျွန်မ ကိုကို့ကို summer school သွားပို့နေတုန်း မနက်စောစော ဖုန်းဝင်လာပါတယ်။ မနက် ရှစ်နာရီအရောက် ပို့ရတဲ့ကျောင်းကို ကျွန်မတို့ ၇နာရီခွဲကျော်တည်းက အိမ်ကထွက်ရပါတယ်။ အဲဒီလိုအချိန်မှာဝင်လာတဲ့ဖုန်းက ထူးထူး ဆန်းဆန်း မောင်စိုင်းဖုန်းဖြစ်နေလို့ ကျွန်မ တအံ့တသြနဲ့ မေးရပါတယ်။ စောစောစီးစီး ဘယ်လိုဖြစ်ရတာတုန်း ။ညတည်းက မအိပ်သေးတာလား မနက်စောစောနိုးတာလား ဆိုတော့ ထုံးစံအတိုင်း ညကတည်းက မအိပ်သေးတာပါ ..။ ကျွန်မကို ဘယ်ရောက်နေလဲ မေးပြီး ကိုကို့ကို ပို့ပြီးတာနဲ့ သူတို့ရှိတဲ့နေရာကိုလာဖို့ လှမ်းခေါ်ပါတယ်။ breakfast ကျွေး မလို့ဆိုပဲ။ (ထူးထွေတည့်အံ့ရာသော်ပါပဲ) ဒါပေမယ့် ကိစ္စမရှိပဲနဲ့အချိန်ကုန်ခံတတ်တဲ့ထဲ စိုင်းစိုင်းမပါဘူးဆိုတာ ကျွန်မသိပါတယ်။ အဲဒါနဲ့ လာခဲ့မယ်ပဲပြောပြီး ကျောင်းပို့ပြီးတာနဲ့ သူတို့ရှိတဲ့အင်းလျားက ရှမ်းအိုးစည် ဆိုင်ကိုရောက်ခဲ့ပါတယ်။
ဟိုကျတော့ သူနဲ့ဂျွန်နဲ့ နှစ်ယောက်၊ ဘုရားတောင် တက်ခဲ့ပြီးပြီ တဲ့။ တစ်ညလုံးမအိပ်ထား ပေမယ့် သူတို့ပုံက လန်းဆန်းလို့။ လူငယ်တွေကိုး ။ ကဲ ကိစ္စကိုပြော ဆိုတော့ တော်တော် လေးကို ခေါက်ချိုးထားလို့ ဖြန့်ချလို့တောင်မရတဲ့ ဗလာစာအုပ်တစ်အုပ်ကို ကျွန်မကို ကမ်းပေးပါတယ်။ ဘာလဲ လို့မေးတော့ ဂျွန်က အမေ စားပြီးမှ ဖတ်ပါ တဲ့ ။ ကျွန်တော့်လည်း သူ ကော်ဖီတိုက်ပြီးမှ ဖတ်ခိုင်းရတာ လို့ဆိုတဲ့အတွက် စာမူဆိုတာ သဘောပေါက်လိုက်ပါတယ်။ သူက ကျွန်မတို့ မဂ္ဂဇင်းမှာရော၊ သရဖူနဲ့ မြင်ကွင်းမှာပါ ကဗျာတွေ ဝတ္ထုတိုတွေ ရေးနေကျဆိုတော့ ကျွန်မကို ဝတ္ထုတိုတစ်ပုဒ်ပေးတယ်လို့ပဲ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမယ့် ယူကြည့်လိုက်တော့ တစ်ရွက်နှစ်ရွက် လှန်လိုက်တာနဲ့ ဒါ အတိုတစ်ပုဒ်ရဲ့ အသွားအလာ မဟုတ်ဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ လုံးချင်းလား လို့ ကျွန်မ တအံ့တသြမေးတော့ ဟုတ်တယ် လို့ဖြေပါတယ်။ မနက်စာမစားဖြစ်ပဲ ထိုင်ဖတ် လိုက်တာ သုံးလေးခန်းပဲပြီးသေးတာမို့ မကြာခင်မှာပဲ ပြီးသွားပါတယ်။ သူ့ကို ကဗျာတွေ အတိုတွေရေးတာ ဖတ်ဖူးပေမယ့် လုံးချင်းရေးလိမ့်မယ်လို့ ထင်မထားခဲ့ဖူးဘူး။ ရေးလိုက်တဲ့ အခါကျတော့လည်း continuity ရှိရှိရေးနိုင်တာကို တွေ့ရတယ်။
စာရေးတာ အမျိုးမျိုးရှိပါတယ်။ ကဗျာသမားက စကားပြေမရေးနိုင်တဲ့သူတွေရှိသလို စကားပြေသမားကလည်း ကဗျာမရေးတတ်တာရှိပါတယ်။ နှစ်ခုလုံးရေးနိုင်တဲ့သူကတော့ တစ်မျိုးပေါ့။ စကားပြေ ဝတ္ထုတိုလည်းရေးနိုင် ကဗျာလည်းရေးနိုင်ပေမယ့် လုံးချင်းရေးနိုင်ဖို့ ကျပြန်တော့လည်း ခက်ပြန်ပါရော။ ဒါပေမယ့် မောင်စိုင်းကျတော့ အတိုကို အတိုလို ထိမိအောင်ရေးနိုင်သလို ၊ကဗျာကို လှလှပပဖွဲ့နိုင်သလို လုံးချင်းကိုလည်း သပ်သပ်ရပ်ရပ် ရေးနိုင်တာကို သတိထားမိလိုက်တယ်။
သူက ကျွန်မကို ဝေဖန်ပါဆိုတဲ့အချိန်မှာ ကျွန်မ အနေအထားတချို့ကို ဘယ်လိုလေးလုပ်ရင် ကောင်းမယ်ဆိုတဲ့အကြံကလွဲရင် ကျန်တာ ဘာမှမပြောခဲ့ပါဘူး။ ပြောစရာမလိုလည်းမလိုလို့ပါ။ သူ့ရိုးသားမှုနဲ့ သူ စာမူလေးက အဆင်ပြေနေပါတယ်။ အဲဒီမှာ ကျွန်မတို့ UFL အတူ တက်ခဲ့တဲ့ကာလနေ့ရက်တွေဆီက အဖြစ်အပျက်လေး တချို့လည်းပါပါတယ်။ ဆရာ ဆရာမတွေ လည်းပါပါတယ်။ ကျွန်မတို့ချင်းမှ သိနိုင်မယ့် အဖြစ်အပျက်လေးတွေကို ဇာတ်ဝင်ခန်းတစ်ခုသဖွယ်ရေးထားတာမျိုးပါ။ ဒါကို ရှမ်းစာရေး ဆရာကြီးဆီက ကူးချပါတယ်ဆိုတော့ တော်တော်လေး ကို စဉ်းစားစရာဖြစ်နေပါပြီ။
နောက်ပိုင်း café aroma မှာ၊စိမ်းလန်းစိုပြေမှာ ကျွန်မတို့ဆုံဖြစ်ကြရင် ဆက်ဆက်ရေးထား တဲ့ အခန်းတွေကို ဆက်ဖတ်ရပါတယ်။ သူ့လက်ရေးမူကိုဖတ်ရတာ ကျွန်မ တစ်ခုပဲ စိတ်ညစ်ပါတယ်။ မလိုချင်တဲ့ အပိုဒ်လိုက်ကို ခြစ်ချ လိုသလိုပြန်ထည့်ဖို့ စာမျက်နှာဘယ် လောက်သို့ .. ဆိုတာတွေ။ ဒီအခန်းက ဘယ်အခန်းနောက်ကို ဝင်မှာ ဆိုတာတွေစတဲ့ မြားတွေညွှန်ရာကို လိုက်ဖတ်ရလို့ပါပဲ။ အဖွင့်ခန်းဆိုရင် နောက်ဆုံးမှ ရေးတာပါ။ အဲဒီလို ကိုယ့်စာမူတစ်ပုဒ်ကို စလယ်ဆုံး ဂစ်တာကြိုးညှိသလို ညှိရေးခဲ့တာ မျက်မြင်ဖြစ်တာရော ပြောခဲ့သလို တချို့ ဇာတ်ကွက်တွေက ကျွန်မတို့ UFL အတူတက်ခဲ့စဉ်က အဖြစ်တချို့ ဖြစ်နေတာရော ကြောင့် သူများဝတ္ထုကို ကူးယူထားတာဆိုတဲ့အမနာပ စကားကို ကျွန်မ ဘယ်လိုမှ ခံစားလို့မရပါဘူး။
ကြုံခဲ့တာလေးတစ်ခုကိုလည်း သွားသတိရပါတယ်။ ကိုတာရာမင်းဝေ အရှေ့မြို့ရိုးက မိုးရေစက်များ ထွက်လာတုန်းကလို.. ဘာသာပြန်ကြီးပါ အဲဒီမူရင်း ငါဖတ်ဖူးတယ်။ ငါက ဘယ်လောက် နိုင်ငံတကာစာဖတ်တာနှံ့စပ်တာ ဆိုတဲ့သူတွေ၊ မှီးထားတာပါ ဘာစာအုပ်ကို မှီးတယ်ဆိုတာ ပြောလို့ရပါတယ်ဆိုတဲ့သူတွေ အများကြီးကြုံဖူးပါတယ်။ အဲဒီတုန်းက ကျွန်မက သူနှုတ်က ခေါ်တာကို လိုက်ရေးပေးခဲ့တဲ့သူ။ လိုအပ်တဲ့ ဒေတာတွေကို အတူရှာခဲ့တဲ့သူ။ အဲဒီလူကိုတောင် သူမှီးထားပြီးမှ နင့်ကိုခေါ်ပေးတာဆိုရင် လည်းရတာပဲ လို့ ပြောခံခဲ့ရဖူးတာလည်း မမေ့ပါဘူး။
ကိုတာရာမင်းဝေက ပြတ်ပါတယ်။ စာမျက်နှာပေါ်တက်လာခဲ့ပါ။ မှီးထားတယ်ဆိုတဲ့ စာအုပ်ကို သေချာချပြလိုက်ပါ ။တကယ်သာဆိုရင် လက်ဖြတ်ကြေးလောင်းတယ် စည်းစိမ်ပါ ပုံပေးလိုက်ဦးမယ် တစ်သက်လည်းစာရေးမစားတော့ဘူးလို့ ကြေညာလိုက်မှ ငြိမ်သွားကြပါတယ်။ ဒီနေ့ထိလည်း အသံဆက်မထွက်ရဲတော့ပါဘူ။
ဒါတွေကိုတွေ့လာတဲ့အခါမှာ ဆရာဝင်းစည်သူ မဆုံးခင်က ပြောနေကျ စကားတစ်ခုကို သွားသတိရပါတယ်။ မြန်မာလူမျိုးတွေက မစ္ဆိယ စိတ် သိပ်များတယ်ဆိုတဲ့စကားပါ။ လူမျိုးနဲ့တော့ ကျွန်မက ချီမပြောချင်ပါဘူး။ ဒါပေမယ့် ဒါက အမှန်ပါပဲ။ တော်တော်များများ က အဲဒိလိုကိုဖြစ်နေပါတယ်။ ကိုတာရာမင်းဝေ ကျွန်မကို ပြောသွားတဲ့စကားတစ်ခွန်း ရှိပါတယ်။ နင့်ဘာသာနင် သေအောင်လုပ် ဘယ်လောက်ကောင်းနေနေ ဘယ်သူမှတစ်ခွန်း လာမချီးကျူးဘူး ။ အဲ .. နည်းနည်းလျော့တာနဲ့ ဆဲဖို့ထိုင်စောင့်နေတဲ့ သူတွေကတော့ တပုံကြီးပဲ တဲ့။ အဲဒါ သိပ်မှန်ပါတယ်။ သူ့ဘဝမှာလည်း ဒီလိုပဲ တွေ့ခဲ့ရတာ အများကြီးကိုး။
စက္ကူငှက် ကို ချိုမီက ကွန်ပြူတာစာစီပြီး ကျွန်မဆီပို့ပါတယ်။ word file နဲ့ပါ။ အဲဒါကို ကျွန်မက ရုံးမှာ page maker ပြန်စီပြီး စီစစ်ရေးမတင်ခင် ကျွန်မ တစ်ခေါက်ထပ်ဖတ် ပါတယ်။ အဆင်ပြေပြီ ဆိုမှ ရုံးတင်လိုက်တာပါ။ နောက်ပိုင်း စာအုပ်ဖြစ်အောင် ဖန်တီးမှုတွေကတော့ ထားလိုက်ပါတော့။ ကျွန်မသိချင်တာက အဲဒီရှမ်းစာရေးဆရာကြိးရဲ့ စာအုပ်ထဲမှာလည်း ဒီခေတ်ကာလလိုပဲ စက္ကူငှက်ကလေးတွေ အကောင်ရေ တစ်ထောင် ခေါက်ပြီး ပေးတဲ့ အလေ့အထကို ထည့်ရေးထားသလားဆိုတာပါပဲ။ ဒါကို ဖယ်လိုက်လို့က နောက် UFL က အမှတ်တရနေ့ရက်တွေကို အခြေခံထားတာကို ဖယ်လိုက်လို့က ဒီဇာတ်ဟာ ဘာမှသိပ်ထူးဆန်းတဲ့ ဇာတ်ကွက်တစ်ကွက်မဟုတ်ပါဘူး။ ကောင်မလေး နှစ်ယောက် ကောင်လေးတစ်ယောက်ကိုကြိုက်တယ် ။ ဒါပါပဲ။ စက္ကူငှက်ကလေးတွေ ကြယ်စေ့လေးတွေ အရုပ်ကလေးတွေ ဆိုတာကလည်း မောင်စိုင်း ကျောင်းမှာ နေ့စဉ်နဲ့ အမျှ လက်ခံရရှိနေတတ်တဲ့ ပစ္စည်းလေးတွေပါပဲ။ သူမို့ ကျောင်းရောက်လာပြီဆို ကြယ်ပုလင်းလေးတွေ ၊စက္ကူငှက်ပုလင်းလေးတွေ အရုပ်ကလေးတွေ တစ်ခုမဟုတ် တစ်ခုတော့ ရောက်လာတတ်တာကိုး ။ ဒီလိုပဲ ဟိုခေတ် အခါကလည်း အဲဒီဆရာကြီး ရခဲ့ဖူးသလား သိချင်လာရပြန်ပါရော ..
လူတစ်ယောက်ကို နာမည်ဖျက်ဖို့ ဆိုတာက လွယ်ပါတယ်။ အဲဒီလူ နာမည်တကယ်ပျက် သွားဖို့ကတော့ လွယ်မယ်လို့ မထင်လိုက်ပါနဲ့။ အောင်မြင်လာတဲ့လူတစ်ယောက်စီတိုင်းမှာ ဘယ်လိုပဲ ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း၊ ဘယ်လောက် မနာလိုလို သူ့မှာ ကိုယ်ပိုင် အရည်အချင်းတစ်ခုတော့မရှိပဲ သူဟာနေရာတစ်နေရာ မရလာပါဘူး။ အဲဒီအရည်အချင်းက သူ့ကို နာမည်မဖျက်နိုင်တဲ့ အဓိက အချက်ပါပဲ။ သိက္ခာချချင်လို့ အမနာပ လျှောက်ပြောရတာ forward mail တွေပို့ရတာ၊ post တင်ရတာ လွယ်ပါတယ်။ အဲဒီအတွက် တစ်ကိုယ်ရည် ပျော်ရွှင်နေတယ်ဆိုရင်လည်း ပျော်ရွှင်လိုက်ကြပါ။ တကယ် တော့ သူတို့ မျှော်လင့်ထားသလို ဖြစ်မသွားနိုင်ဘူးဆိုတာ သိဖို့တော့လိုလိမ့်မယ် ထင်ပါတယ်။ သူများတကာတွေ နေ့ရက်တွေကို လိပ်ပြာသန့်သန့် နဲ့ ဖြတ်သန်းနေတာကို လိပ်ပြာမသန့်စွာ ရှင်သန်သွားရမယ့်လမ်းကို ရွေးချယ်ပြီး ဒီလိုလုပ်တာကတော့ သူတို့ ရွေးချယ်မှုနဲ့ သူတို့ပါပဲ။


မနေ့ကအကြောင်း

Saturday, November 21, 2009


မနေ့ကအကြောင်း

ပုလင်းနဲ့မျောလာတဲ့ စာတွေကများများလာတယ်
မနေ့က အကြောင်းတွေပြန်ပြန်ပြောဖြစ်ကြတဲ့အခါ
ပြဿဒါးတွေကများပြီး ရက်ရာဇာတွေက ပါးလွန်းသတဲ့
သမားတွေကညိုလိုက် ဖြူလိုက်
နဂါးခေါင်းတွေက ငါ့ဆီကျမှတည့်တည့်လှည့်လိုက်


မဟာရက်ကြမ်းတွေရဲ့ နှုတ်ခမ်းနဲ့အနမ်းခံရတိုင်း
အသက်ရှူသံတွေက အပိုင်းပိုင်းပြတ်ကျ ..
ပုလင်းဝမှာကပ်ပါလာတဲ့ ရေချိုကိုအငမ်းမရဖြစ်မိသလို
အဲဒီလို နေ့ရက်တွေနဲ့..တဒင်္ဂများစွာမှာသေဆုံး..
အရှုံးတွေကိုချည်း ရွတ်ဖတ်သရဇ္ဇယ်နေရပြန်


မနက်ဖြန်တွေနောက်ကို တကောက်ကောက်လိုက်ရင်း
အပြင်းစားနာရီတွေကိုပဲ လိုက်လံတွန်းတိုက်နေခဲ့ရ
ဘဝဆိုတာက စာမျက်နှာမတပ်ထားတဲ့ တိုက်ပျက် စာအုပ်တစ်အုပ်လို
ဘာဆိုဘာကိုမှမသိချင်တော့ပါဘူးဆိုလည်း
အဆီအငေါ်မတည့်စွာ ဆက်လက်ချီတက်နေရဆဲ။


အခင်းအကျင်းမဲ့စွာခမ်းနားတဲ့ မရဏဗုံသံတွေလို
နာကျင်မှုရဲ့တော်လဲသံက ဆူညံလွန်းတယ်
မနေ့ကအကြောင်းတွေက လှခဲ့တာလည်းမဟုတ်ပါပဲ
မနက်ဖြန်တွေကို ပိုပိုကြောက်တတ်လာခဲ့ ..
အဲဒါကိုကသဘာဝ ကျ တဲ့ မြင့်မြတ်သောကျိန်စာ ….။


မနော်ဟရီ
နိုဝင်ဘာ ၂၊ ၂၀၀၉




မနေ့ကအကြောင်း ...

မနေ့က ...
ရွှေဖြစ်နေတဲ့ Midas အိမ်မက်တွေတွေ့တယ် ...
ကရုဏာ သီတလ ဟဒယံ အစချီတဲ့ .... တိမ်ကလေးတွေ ဖြတ်သွားတာတွေ့တယ် ...
ကဗျာတစ်ပုဒ်ရဲ့ မြစ်ဖျားခံရာဒေသကိုလည်းတွေ့တယ် ....
အမှောင်ထဲမှာ ရပ်တန့်စောင့်ဆိုင်းနေတဲ့ သစ်ကိုင်း ရဲ့ စိတ်ရှည်တဲ့ အသက်ရှူသံကိုတွေ့တယ် ...
စစ်ပွဲတွေစတင်ရာအကြောင်းတရားမဲ့မှုကို တွေ့တယ် ....
ပတ်စာခွာ ဖျာလိပ် .. ငြိမ်းချမ်းရေးရဲ့ အသံတိတ်နေတာကိုလည်း တွေ့တယ် ....။


မနေ့က ...
အသက်ရှူရတာကိုမေ့တယ် ...။
လူတွေရဲ့ လောက၀တ်ကို မေ့တယ် ....။
ဖြောင့်တန်းစွာ ဆက်လက် ခရီးမဆက်နိုင်တော့တဲ့ အလင်းတန်းကို မေ့တယ် ...။
လူတွေဝိုင်းဝန်းပစ်ချထားတဲ့ သက်ပြင်းချသံရဲ့ dB (decibel) ကိုမေ့တယ် ...။
ကတိက၀တ်ကိုမေ့တယ် ...။
ဘဏ်ငွေလက်ကျန်ကိုမေ့တယ် ...။
မိဘကျေးဇူးကိုမေ့တယ် ...။
လေထုထဲ အောက်ဆီဂျင်ဆက်လက်ပါဝင်နှုန်းကို မေ့တယ် ...။


မနေ့က ...
လက်ပံပွင့်ချိန် မရူးသေးတဲ့ခွေး အဖော်မဲ့တဲ့အကြောင်းတွေးတယ် ။
မပွင့်သေးတဲ့ ပန်းတစ်ပွင့်ရဲ့ရနံ့အကြောင်းတွေးတယ် ...။
မတည့်အတူနေတဲ့ ရုပ်နဲ့နာမ်အကြောင်းတွေးတယ် ...။
ခရမ်းရောင် အပြည့်သိပ်ထည့်ထားတဲ့ မိုးပျံပူဖောင်းတစ်ခုအကြောင်းတွေးတယ် ...။
စကြ၀ဠာထဲ ပစ်လွှတ်လိုက်တဲ့ ဘူမာရင်း အကြောင်းတွေးတယ် ...။


မနေ့က ...
ဇီဝနာရီ သဲတွေနည်းလာတာကို ပျော်ရွှင်တယ်။
စကားလုံးခွဲခြမ်းစိတ်ဖြာထားတဲ့ကဗျာဖတ်ရတာပျော်ရွှင်တယ်။


မနေ့က
သက်တစ်ရာတမ်းကို မနေ့ကဟုယူဆပါ ... ဆိုတဲ့ စာတစ်ကြောင်း ကဗျာအစမှာ အရင်ရေးဖို့ မေ့ခဲ့တယ်။ ။

Zephyr
နိုဝင်ဘာ ၂၁၊ ၂၀၀၉


Idea Magazine 100th Issue

Thursday, November 12, 2009



Idea Magazine 100th Issue တင်ထားပါတယ်။ စာမူအကုန်တော့ မတင်ထားနိုင်ပါဘူး။ အကြောင်းကြောင်းသော အခက်အခဲလေးတွေကြောင့်ပါ။ ထပ်ရရင် ရသလိုတင်ပေးပါမယ်။ ခုတင်ထားတာလေး တွေကို ဒီမှာ သွားဖတ်နိုင်ပါတယ်။
ကဗျာ - သုခမိန်လှိုင်၊ဝင်းမောင်၊ကျော်ထူး၊စိုးရိမ်၊သျှီသူအောင်၊ဝင်းမြင့်၊ဝေမှူးသွင်
Your Idea - ပိုင်
Poem Corner - အိုင်လွယ်ပန်၊နေနိုင်(ချောက်)၊မိုးဇက်တီကေ၊မိုးအိမ်လူ
ဝတ္ထု - ဂျူး၊နေဝင်းမြင့်၊မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊မင်းခိုက်စိုးစန်၊လင်းဆက်
နီကိုရဲ စာမူကိုတော့ ကျွန်မဘလော့မှာတင်ထားလို့ မတင်တော့ပါဘူး။ ကျန်တာတွေလည်း ရရင်ထပ်တင်ပေးပါမယ်။


ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို

Sunday, November 8, 2009


ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို


ခဏတာအတွင်းမှာ လက်ကွက်တွေ ဆင့်ကာဆင့်ကာမှားနေတဲ့ ဂီတသမားလို
ဘဝကို ခပ်မှောင်မှောင် ရေးချယ်ပစ်လိုက်တာ အဘယ်နတ်ဒေဝတာပါလဲ ..
လမ်းပြနေတဲ့ ကြယ်တွေကို ခပ်ဝေးဝေး မောင်းထုတ်ပစ်လိုက်ပြီးကာမှ
လကွယ်ညတွေချည်း တရကြမ်းဖြတ်ကျော်ချင်နေမိ လမ်းကလည်း မရှိတော့ဘူး
(လမ်းဆိုတာက ကိုယ်တိုင်ဖော်စပ်လို့ရတဲ့အရာ .. ဆေးစပ်လည်းမှားနိုင်သလို
ဆေးခပ်လည်း ခံရနိုင်သေး ….)

ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ
ဖြစ်ချိန်တန်မဖြစ် ပျက်ချိန်တန်ပျက်များနှင့် သာဖက်လှဲတကင်းရှင်သန်ခဲ့ရ ..
ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို အလိုလို ဦးညွတ်ချင်စရာကောင်းလာတယ်
သူ့နောက်မှာပါလာမယ့် လေပြေညင်းအတွက် မျှော်လင့်နေတာမျိုးမဟုတ်ပါပဲ
ဘဝကို ခပ်ပြင်းပြင်းတိုက်ခတ်ရယ်မောပစ်လိုက်ရ.. ဒါ .. အရသာ .. တဲ့လား …

ပြက်ရယ်ဖွဲ့ နေ့ရက်တွေက နှစ်လိုစရာအရောင်အဆင်းနဲ့ ဘဝထဲဆင်းချလာပြန်တယ်
ကျယ်ပြန့်လွင့်မျောတဲ့ သံသရာမှာ ငါက ဝဋ်ကြွေးတွေကိုမှဖမ်းဆုပ်တတ်သူတဲ့လား
တံခါးတစ်ချပ်ကို လှလှပပဖွင့်ထွက်သွားဖို့ ငါတို့အတွက် လိုအပ်တဲ့ သင်္ကေတဟာဘာလဲ
ပျောက်ဆုံးပျက်စီးနေသော ရှေးဟောင်းမြို့ပျက်များလို ကံကြမ္မာအသစ်များ
ရက်ရက်စက်စက် ကွဲပျက်အောင် ထပ်မံဖျက်ဆီးလိုသော စွန့်စားရှာဖွေသူအမည်ခံများ
သ...င်္ကေ...တ...အား...လုံး...ပျောက်...ဆုံး...လက်...စ...နဲ့...ပျောက်...ဆုံး...နေ...ပါ...စေ့...လေ ..

တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။

မနော်ဟရီ

ညီမလေး အိန္ဒြာ ရဲ့ ဘလော့ခ် တစ်နှစ်ပြည့်တွက် အမှတ်တရပေးဖြစ်ခဲ့တဲ့ကဗျာပါ ။
ကဗျာက မုန်တိုင်းတစ်ပုဒ်လို မသာယာခဲ့ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ ဒါပဲ ရေးနိုင်ခဲ့တဲ့အတွက်
ဒီကဗျာလေးပဲ ပေးဖြစ်လိုက်ပါတယ်။ သူက ဒီကဗျာကိုခံစားပြီး အက်ဆေးတစ်ပုဒ်
ရေးဖြစ်ခဲ့ပါတယ်။ အဲဒါကိုတော့ အိန္ဒြာ့ ဆီမှာ သွားဖတ်နိုင်ပါတယ်။


ခရမ်းရောင်ဝတ်ရုံလွှာ

Tuesday, November 3, 2009




စိတ်ဒီရေသည် .. လရောင်အတက်အကျနှင့်သာဆိုင်သည်။

အထက်ပါ စာသားကို ငြင်းဆိုချင်ပါသည်။


အောက်ပါဝါကျများအား အငြင်းဝါကျ အဖြစ်ပြောင်းလဲပါ။
ပြောင်းလဲခြင်းသည် လွယ်ကူသော်လည်း ငြင်းဆို ခြင်းသည် တစ်ခါတစ်ရံတွင်ခက်ခဲတတ်သည်။ ခရမ်းရောင်ရင့်ရင့်ဆန်သောအိပ်မက်များနှင့် ဘယ်သူမှ မိုးလင်း ချင်ကြလိမ့်မည်မထင်။ (မှတ်ချက် - ဤနေရာတွင် ငြင်းဆန်ခြင်းအား ခရမ်းရောင်ဟု သတ်မှတ်ပါ။)

ဖွဖွညင်သာသော ခြေလှမ်းများကတော့ သိပါလိမ့်မည်။ ညို့မှိုင်းသောဝင်းတံခါးလေးနှင့်အတူ၊ မျှော်လင့်တတ်သော နှလုံးသားနှင့်အတူ၊ နာရီလက်တံတို့နှင့်အတူ၊ ကော်ဖီခွက်ထဲမှ တိတ်ဆိတ်မှုနှင့်အတူ သူမကို ငေးမျှော်စောင့်ဆိုင်းနေတတ်သော သက္ကရာဇ် တစ်ဆင်စာတို့သိလိမ့်မည်။
အထက်ပါစာသားများကို ငြင်းဆိုသည်။

ကြယ်ကြွေတွေကိုကောက်ကြရအောင် ....။နှင်း မြို့တော်ခရီးများ ရှည်လျားတွန့်လိမ်…။ ဓားကျိုးတစ်လက်၏ ရာဇ၀င်မှ ချရားနံ့များ…။ ထုံသင်း မွေးမြနေသော ဒဏ္ဍာရီဆန်ဆန်နေ့ရက်များ ။

အခက်အလက်များသည့် ကြယ်များ ကောင်းကင်အစိမ်းမှကြွေကျလာကြသည်။ နှင်းမြို့ရိုးတစ်လျှောက် ပန်းတွေမှောက်မှားနေပုံက ရနံ့တွေပင် ပျယ်လို့။ လာခြင်း ပြန်ခြင်း အောင်ပွဲခံခြင်း ..ရံှု့းနိမ့်ခြင်း အရာအားလုံးသည် ရာဇဝင်သံချပ်သံများနှင့် ရောယှက်နေသော အောင်ပွဲရ ဓားသွေးသံများနှင့် ရောထွေး ကျန်နေရစ်ခဲ့သည်။
အထက်ပါဝါကျများအား ငြင်းဆိုပေးပါ။

ကျန်နေရစ်ခဲ့သည်။ …. ကျန်နေရစ်ခဲ့သည်။ သောကစွန်းထင်သော ပန်းပွင့်သံတစ်စလို ကျန်နေရစ်ခဲ့သည်။.... အစွန်းအထင်းကင်းသော အဖြူရောင်များဖြင့် ကျန်နေရစ်ခဲ့သည်။ ကျိုးပဲ့ကြေမွသောစိတ် ဖြင့် ခါးသက်မှေးမှိန်စွာ ကျန်နေရစ်ခဲ့သည်။ ကျန်ရစ်ခဲ့ခြင်းသည် ငြင်းဆိုခံရခြင်းလည်း ဖြစ်နိုင်သလို ငြင်းပယ်ခြင်း၏ ရလဒ် တစ်ခုလည်း ဖြစ်နိုင်နေသေးသည်။

သောကြာကြယ်၏ အလင်းကတော့ပျောက်သွားခဲ့ပြီ။အိပ်ကပ်ထဲတွင် ငွေကြေး တစ်ပြားတစ်ချပ်မှမရှိသလို ..အိပ်ကပ်နောက်တွင်လည်း နှလုံးသားတစ်ခုရှိမနှေပါ။ အထက်ပါ ၀ါကျများကို ဒုတိယအကြိမ် ငြင်းဆိုပါသည်။

မင်နီကြက်ခြေခတ်များနှင့် ရဲနေသော အငြင်းဝါကျများသည် မှန်သည်။ အငြင်းမခံရသော နှလုံးသားတွင် ထပ်မံပျောက်ကျစရာ အလွမ်းအပိုမကျန်ရစ်ခဲ့ပါ။ ချစ်ခြင်းနှင့်သက်ဆိုင်နေသည်ဆိုသော အို အချင်း သောကြာကြယ် …. သင့်အား နံနက်ဦးတွင် ငါမမြင်လိုပြီ။ ငါ့အား ကျွမ်းကျင်စွာ ဆွံအ ထုံထိုင်းခွင့်ကိုပေးပါ။

အလင်းစက်များ ဖြန့်ကြဲ ပေါက်ရောက်ရာ တောင်ကုန်းမို့မို့လေးတစ်ခု ။ ခရမ်းရောင်နုရောင်ပန်း တစ်ပွင့် ။ တေးသံများ စတင်ကြားနာဖို့လိုအပ်နေခဲ့ပြီ ...။ မည်သူမှမရွေ့ခင် .. အရုဏ်ကဖြင့် ရွှေ့သွားခဲ့ပြီ။ အရုဏ်အရွေ့ထဲတွင် ဝေ့ကျလာသော နေခြည် အကျိုးအပဲ့စများက လှပစွာ နေရာယူထားကြသည်။ ဥသြငှက်တစ်ကောင်၏ နွေရာသီကိုမှ ခိုးဝှက်ထားသူများ . သူတို့မျက်ရည်စက်များခမ်းခြောက်နေမှုအတွက် မည်သူ့တွင်မှ တာဝန်မရှိခဲ့ပါ။ အလွမ်းမိုးများခေါင်သော အရပ်သည် အမှန်တကယ် နေထိုင်သင့်သော အရပ်ဖြစ်နေခဲ့ပါလျက်နှင့် …

ကြွေခဲလွန်းသော ခရမ်းရောင်ပန်းတစ်ပွင့်၏ အတ္ထုပ္ပတ္တိဆန်သော သမိုင်းသည် အလွမ်းဖြစ်သည်။ (အငြင်းဝါကျကိုပေးပါ ) နွေရာသီ နည်းနည်း စုံနံ့သာမြိုင်ရှာတော်ပုံနည်းနည်း နှင့် မထိတထိကျဲပြန့်နေသော နေရောင်များ တိတ်တဆိတ် လက်ဖြာလင်းအေးနေပုံက ရင်နင့်စရာ။ (ထပ်မံငြင်းဆိုပါဦး ) ရင်ထဲသို့ဖိတ်စင် လျှံကျလာသော မျက်ရည်တချို့အားဖြင့် နွေ၏ အပူသည် ငြိမ်းနိုင်ပါမည်လား။ (အဖြေပေးရန်မလိုအပ်တော့ပါ)။


ဖြစ်ရိုးဖြစ်စဉ်များအတွင်း အကောင်ပြမှ အရိပ်ထင်သော စိတ်သည် တစ်စစီ ကျိုးပဲ့ပြိုကျလာသည်။ ဖဿပစ္စယာဝေဒနာမျှသာ…။ ကြေးစည်သံများ စည်ဝေဆူပွက်သွားသည်။ တတိယအကြိမ် ငြင်းဆိုမည်။ အထက်ပါစကားလုံးများကို။

အနှုတ်နှင့် အနှုတ်တွေ့လျင် ရူပဗေဒ နိယာမအရ တွန်းကန်သည်။ သချာင်္ဗေဒအရ အပေါင်း ဖြစ်သွားသည်။ အငြင်းပေါ် အငြင်း ဆင့်လျင်ရော …။ မစဉ်းစားခြင်းနိယာမကို ဤနေရာတွင် မြုပ်နှံပစ်ခဲ့လိုက်သည်။မိမိစိတ်ကို ငြင်းဆန်သူတို့သည်သာ ရိုးသားကြသည်ဟု လိမ်ညာပြောဆိုခဲ့ဖူးသည်။ ဤမုသားဖြင့်သာ အရိုးထုတ်တော့မည်ဟု မိုက်မဲစွာ သံနိဌာန်ကိုချလိုက်မိချိန်တွင်…. အရာရာသည် နောက်ကျနေခဲ့ပြီ။

ညှို့မှိုင်း အှုံဆိုင်းနေသော ကောင်းကင်တစ်ခု ပြိုကျလာသည်။ ကောင်းကင်ကို ထမ်းပိုးတင်ထားသော စိတ်တို့ စည်ဝေ ဆူပွက်နေကြ၏။ လေးလံညွတ်တွဲနေသော အိပ်မက်များ၏လားရာသည် အပြာရင့်ရောင်သစ္စာတရားဆီ ..။ အခါခါ ရုန်းထွက် လွတ်မြောက်ချင်နေမိရင်း အခါခါတိုးဝင်ငြိတွယ်နေမိရင်း..။ အရောင်များစွန်းထင်းလာသော နံနက်ခင်းသည် တကယ်တော့ သစ္စာတရားတို့နှင့်သာ ပြာလွင်နေခဲ့သင့်သည်။

လေးကိုင်းမှ ရုန်းကန်ဆန်ထွက်လာသော မြားတစ်စင်းလို တွေးခေါ်နေစရာ အချိန်မလုံလောက်ခဲ့ပါ ...။ ရွေးချယ်ခွင့်မရခဲ့သော ကံစီမံရာ မြူနှင်းများအောက်တွင် တစ်သီးပုဂ္ဂလ အလင်းများမှိန်လျော့သွားခဲ့ပြီဖြစ်သည်။ နောက်ထပ် တစ်ခုခု ရွေးချယ်ခွင့်ရမယ်ဆိုရင်... နှုတ်ဆက်အနမ်း တစ်ခုကလွဲရင် ဘာပဲဖြစ်ဖြစ်လက်သင့်ခံချင်နေမိသည်။ သို့သော် ရွေးချယ်ခွင့်သည် နှုတ်ဆက်အနမ်းထက် တန်ဖိုးကြီးမားနေခဲ့ပြန်၏။

ငြင်းဆန်မှုများ ပြီးဆုံးသွားသည့်အခါ တမ်းတခြင်းဒီရေများ တရိပ်ရိပ်ထိုးတက်လာခဲ့သည်။ အထားအသိုလွဲမှား နေခဲ့သော မာနများနှင့် မတ်မတ်မော့ထားသော ဦးခေါင်းဆီ ဖြတ်ကျော်တက်မသွားခင်ကလေးး.... မှာကြားခဲ့ပါရစေ .... အချစ်နှင့်တကွ အရာအားလုံးကို ဘဝဆက်တိုင်း ငြင်းဆိုနိုင်သောကိုယ် ဖြစ်ရပါလို၏ ...။

မနော်ဟရီ၊ Zephyr