နတ်သမီးပုံပြင် (အပိုင်း ၃)

Saturday, January 30, 2010


(၃)

“ လူဆိုတာ အပြောင်းအလဲတော့ ရှိသင့်တာပေါ့ ”

ရုတ်တရက် ရင်ဘတ်ထဲမှ ထိုးဖောက်ထွက်လာသလို ကြားလိုက်ရသော အသံကြောင့် ကျွန်မ လန့်ဖျပ်သွားရသည်။

“ အိုး .. ဧရာမ ကြက်တူရွေးကြီးပါလား ”

ထိုကြက်တူရွေးကြီးပေါ်တွင် ဆာရီအနီရောင်ဝတ် မိန်မလှတစ်ဦး။ သူ့ကို ကျွန်မ သိပါသည်။ လက်ရှ်မီး ( Lakshmi ) မယ်တော်ဟု လူသိများသူဖြစ်သည်။




မြန်မာပြည်တွင် တော့ တချို့က သူရဿတီနှင့် လက်ရှ်မီးကို မကွဲချင်ကြပါ။

“ အပြောင်းအလဲ ဟုတ်လား ”

ကျွန်မ မျက်မှောင်ကြုတ်ကာ တအံ့တသြ ပြန်မေးလိုက်မိသည်။ သူမက..

“ ဟုတ်တယ်လေ မင်းခုလိုဖြစ်လာဖို့ မင်း ဖြစ်ချင်ခဲ့တဲ့ အရာတွေကို စွန့်လွှတ် ပြောင်းလဲခဲ့ရတာ မဟုတ်လား ”

“ ဟုတ်ပါတယ် ဒါပေမယ့် အပြောင်းအလဲတိုင်းဟာ အလကားမရဘူး ကျွန်မ အများကြီး နာကျင်ခဲ့ရတယ် ”

“ ခုလည်း မနာမကျင်ပြောင်းလဲရမယ်လို့ မင်းထင်လို့လား ”

“ မထင်ပါဘူး ”

“ ဒါပေမယ့် မင်းရဲ့ ကံကြမ္မာကို ငါက ပြုပြင်ပေးနိုင်တယ် ”

“ ကျွန်မ ကံကြမ္မာကို ဟုတ်လား ”

“ ဟုတ်တယ်လေ ကံကြမ္မာဆိုတာ လည်နေတဲ့ ဘီးလိုပဲ အကောင်းကနေ အဆိုးကို မရောက်ဖို့ပဲ ဂရုစိုက်ရမှာ ဒါတွေကို ငါက ဖန်တီးပေးနိုင်တယ် ”

“ ဟင့်အင်း ကျွန်မ ဘာမှ မပြောင်းလဲချင်တော့ဘူး ”

“ မင်းက မပြောင်းလဲချင်တော့တာလား ဘယ်လိုပြောင်းလဲလိုက်ရင် ကောင်းမလဲ ဆိုတာ မသိတာလား ”

“ နှစ်ခုလုံးပါပဲ ”

ကျွန်မကို သူမ စိုက်ကြည့်နေပုံက ကျွန်မ အရည်ပျော်ကျသွားမလား မှတ်ရသည်။ သူမကို ကိုးကွယ်ဆည်းကပ်သူများကို သူမက ပြည့်စုံကြွယ်ဝသည့်ဘဝသို့ ပြောင်းလဲပေးတတ်သည် ဟု ကျွန်မ ဖတ်ဖူးသည်။ သူမ၏ သင်္ကေတကိုက Change (ပြောင်းလဲခြင်း) ဖြစ်သည်။

သို့သော် ကျွန်မက ထိုပြည့်စုံကြွယ်ဝမှုများ၏ အသုံးမဝင်ပုံကို လက်တွေ့ခံစားခဲ့ရသူပီပီ ခေါင်းမာနေခဲ့သည်။ သူမက ကျွန်မကို ..

“ မင်း ခုလို ခေါင်းမာနေပုံနဲ့တော့ မင်းကို ဗီးနပ်(စ) (Venus) နဲ့ တွေ့ပေးရမယ် ”

“ အတော်ပါပဲ ကျွန်မကလည်း တွေ့ချင်နေတာ ”





“ အော် မင်းက ခေါင်းသာမာတာ အချစ်ကိုကျတော့ ယုံကြည်သလား ”

“ ဟင့်အင်း မယုံပါဘူး ခုဟာက ကျွန်မ သူ့ကိုမေးစရာရှိလို့ပါ ”

ကျွန်မ၏ စကားအဆုံးတွင် နီလွင်တောက်ပသောဝတ်ရုံ တင်ပါးကျော်ရှည်လျားမည်ဟု ခန့်မှန်းရသည့် ရွှေရောင်ဆံပင်ဖျော့ဖျော့များနှင့် အချစ်နတ်သမီးသည် ကျွန်မရှေ့ရောက် လာခဲ့သည်။ သူ၏ သင်္ကေတက Love .

“ မင်းလား ငါ့ကို မေးစရာရှိတယ်ဆိုတာ ”

“ ဟုတ်တယ် ”

ကျွန်မ သူမ၏ ကျော်စောလှသော အလှတွင် မင်သက်နေမိသေးသည်။ ပြီးမှ ကျွန်မ သတိဝင်လာကာ မေးခွန်းမေးရန်ပြင်တော့ သူမက လက်ကာတား၏။

“ မင်းမေးမှာကို ငါသိနေတယ် ဒါပေမယ့် ငါ မဖြေချင်ဘူး ။ မင်းနားလည်မှာပါ မင်းလည်း အရာရာကို အသားကျမှုတွေကနေ ပြောင်းလဲမပစ်ချင်ဘူး မဟုတ်လား ငါ့ကိုလည်း ဒီအတိုင်းထားလိုက်ပါတော့ မင်း အကူအညီလိုရင်သာ ငါ့ကို တ သ လိုက်ပါ ငါတတ်နိုင်တာဆို ကူညီပါ့မယ် ”

သူမ၏ စကားအဆုံးတွင် ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။ လက်ရှ်မီးသည် ကျွန်မနှင့် ဗီးနပ်စ ကို နားမလည်သလို ကြည့်နေဆဲ။ သူမ၏ ကြက်တူရွေးကြီးက အရှိန်နှင့် ထပျံသွား သဖြင့် သူမလည်း လိုက်ပါသွားတော့သည်။

တကယ်တော့ အက်ဖရိုဒိုက်တီဟု အမည်ရသော ဗီးနပ်စ သည် အလှဆုံး နတ်ဘုရားမ တစ်ပါးဖြစ်သည်။ သို့သော် ဇူးနတ်မင်းကြီးက အလှမာန်တက်မှာစိုးသဖြင့် ခြေတစ်ဖက် မသန်သည့် ဟီဖက်စတပ် နှင့် ပေးစားခဲ့သည်။ ကျွန်မ သူမကို မေးချင်သည်က အချစ်နတ်သမီးဟု အများက တင်စားခေါ်ဝေါ်သည့် သူမကိုယ်တိုင်ပင် ဟီဖက်စတပ် ကို တကယ်ပင် ချစ်မြတ်နိုးခဲ့ဖူးပါသလား ဟူသော မေးခွန်းပင်။

ကျွန်မ မေးခွင့် မကြုံလိုက်ပါ။

“ ဘဝကို အသစ်က ပြန်စချင်စိတ်ရော မရှိဘူးလား ”

ဒူး နှစ်ဖက်ပေါ် မျက်နှာအပ်ထားကာ စိတ်ပျက်လက်ပျက် ဖြစ်နေမိသော ကျွန်မ..။ အသံကြောင့် မော့ကြည့်မိသည့်အခါ ကျွန်မတို့ နယ်စပ်မှ ရဝမ်လိုလို လီဆူးလိုလို ဂါဝန် အစင်းကားကားကြီးဝတ်ထားပြီး အနီရောင် ပုဝါရှည်ကို ပတ်ရစ်ထားကာ ရွှေရောင်သရဖူ ဆောင်းထားသော အင်မတန်အပြစ်ကင်းစင်သည့် မျက်နှာနှင့် မိန်းမလှလေးကို တွေ့လိုက်ရသည်။

ကျွန်မ သူ့ကို မသိပါ။

“ မင်း ငါ့ကို မသိဘူး မဟုတ်လား ။ အမှန်က မင်းသိပါတယ် မင်းပုဂံရောက်တုန်းကတောင် ငါ့ရုပ်တုများ တွေ့မလားလို့ ရှာခဲ့သေးတာပဲ ”

“ အို… ဒါ .. ဒါ .. တာရာ နတ်သမီး ”

“ ဟုတ်တယ် ငါဟာ တာရာ (Tara) နတ်သမီးပဲ ”



တာရာဒေဝီခေါ် တာရာနတ်သမီးသည် တိဗက်လူမျိုးတို့၏ နတ်ဘုရားမဖြစ်သည်။ ဝမ်းနည်း ကြေကွဲမှုများကို ဖြေသိမ့် ကုသပေးနိုင်ပြီး တောင်းဆုများကို ဖြည့်ပေးနိုင်သည်ဟု တိဗက်များက ယုံကြည်ကြသည်။ သူမ၏ သင်္ကေတက အစပြုခြင်း ( Beginning) ဖြစ်သည်။ ကျွန်မကတော့ သူမ၏ ထူးခြားလှသော မုဒြာ ဟန်တစ်မျိုးနှင့် ဆင်းတုတော်ကို ရရန် ရှာဖွေခဲ့ခြင်းဖြစ်သည်။ သို့သော် ပုဂံဈေးသည်များက တာရာနတ်သမီးကို မသိကြပါ။

“ ဘဝကို အသစ်က ပြန်စလို့ရလား ”

“ ရတာပေါ့ ငါ စွမ်းဆောင်ပေးရင်လေ ”

“ မဖြစ်ပါဘူး အားလုံးကို ပြန်ရင်ဆိုင် နာကျင်နေရဦးမယ် ”

“ မင်း ခု ကြောက်လန့်နေတဲ့ ကံကြမ္မာတွေအားလုံးကိုလည်း ချန်ထားလို့ ရနိုင်လိမ့်မယ် ”

“ ကျွန်မ … ဘာကိုမှ မကြောက်လန့်ဘူး ”

“ မင်းညာတာ ”

“ ကျွန်မ မညာပါဘူး ”

“ ဒါဆို မင်းဘာလို့ချိုးကွေ့ခဲ့တာလဲ မင်းကွေ့ခဲ့တဲ့လမ်းတွေကို မင်းကျေနပ်လို့လား ”

တာရာနတ်သမီးက ကျွန်မကို လေသံ နူးနူးညံ့ညံ့လေးနဲ့ ချိုချိုသာသာလေးမေးတာပါ။ ကျွန်မရင်ထဲမှာတော့ ဗုံးတစ်လုံး ပေါက်ကွဲသလို ခါးသက် ကျယ်လောင်လွန်းလှသည်။ သို့သော် ခေါင်းမာ ဟန်ဆောင်မှုများတွင် အသားကျခဲ့ပြီးသော ကျွန်မက နှုတ်ခမ်းကို တင်းတင်း စေ့ထားကာ ခေါင်းကို ခပ်ဆတ်ဆတ်ညိမ့်လိုက်တော့ တာရာနတ်သမီးက ပြုံးသည်။

“ ကျွန်မ အသားကျနေပါပြီ ”

“ အသားကျမှုဟာ ကျေနပ်မှု မဟုတ်ဘူး ”

“ အဲဒါဆို အစက ပြန်စတာဟာလည်း နဂိုဖြစ်တည်မှု မဟုတ်ဘူး ”

ကျွန်မ၏ အရိုးစွဲနေသော အကျင့်အတိုင်း နှုတ်လှန်ထိုးမှုကို တာရာနတ်သမီးက စိတ်မဆိုးပါ။ စိတ်ရှည် လက်ရှည်နှင့် တရားချနေပါသည်။ ကျွန်မကတော့ သူ့တရားရေအေးများကို အာရုံ မဝင်စားနိုင်တော့ပါ။ ကြယ်တာရာများကို ခြုံရုံ ဝတ်ဆင် ထားသော ကြယ်တာရာဝတ်ရုံနှင့် နတ်သမီးတစ်ပါးသည် ခြင်္သေ့ အထီးအမ တစ်စုံကို အဖော်ပြုကာ တရွေ့ရွေ့နီးကပ်လာနေသောကြောင့် ဖြစ်ပါသည်။


နတ်သမီးပုံပြင် (အပိုင်း ၂)

Monday, January 25, 2010


(၂)

လေ၏ အရှိန်အဟုန်များ ရုတ်တရက် တိတ်ဆိတ် ရပ်တံ့သွားသောအခါ ကျွန်မရှေ့တွင် သမင်ညိုနှစ်ကောင်နှင့်အတူ Oya နတ်ဘုရားမကို တွေ့လိုက်ရသည်။ အနီဖက်လုသော လိမ္မော်နီရောင် ဝတ်ရုံဖားဖားကြီးကို ဝတ်ဆင်ကာ အုန်းခွံရောင် ဆံပင်ပေါ်တွင် တွေ့မြင်နေကျပုံမဟုတ်သည့် သရဖူဆန်ဆန် အရာတစ်ခုကို ဆောင်းထားသည်။ သူမ၏ အသားအရေက မည်းနက်လှသည်။ ဖြူဝင်းနူးညံ့လှပနေသော Freyja နှင့်ယှဉ်သော် တစ်ဘာသာစီဖြစ်သော်လည်း Oya သည်လည်း သူ့ဟန်နှင့်သူတော့ တင့်တယ်လှသည်။

Oya ၏မျက်နှာက Freyja ကဲ့သို့ မနူးညံ့ပါ ။ ကျွန်မကို စူးစိုက်ကြည့်သော သူမ၏ မျက်ဝန်း နက်နက်များကလည်း ကျွန်မကို လွှမ်းမိုးနိုင်စွမ်းလှ၏။ ကျွန်မက တအံတသြနှင့် မင်သက်မိနေဆဲ Oya ကမေးသည်။

“ မင်းက ဘာကို အလိုရှိတာလဲ ”

“ ကျွန်မ …”

ကျွန်မ ဘာဆက်ပြောရမည်မှန်းမသိ၍ စကားစ ပြတ်သွားသည်။ တကယ်တော့ ကျွန်မသည် ဘာကိုလိုလားတောင့်တနေမှန်း ကိုယ့်ကိုယ်ကိုပင် မသိသောသူဖြစ်၏။

“ ငါက ဆန့်ကျင်ဖက်အားနှစ်ခု လွန်ဆွဲနေတဲ့ကြားမှာ မင်းကို ငြိမ်းချမ်းမှုရအောင် စွမ်းဆောင်ပေးနိုင်တယ် ဒါပေမယ့် အဲဒီအားက မင်းကိုယ်ထဲမှာရှိပြီးသားပါ သေချာ နူးညံ့ သိမ်မွေ့သွားအောင် လေ့ကျင့်ရုံပါပဲ ”

သူမ ပြောတာကို ကျွန်မ သိပ်နားအလည်ကြီးမဟုတ်သော်လည်း ဖိတ်တစ်ဝက် စင်တစ်ဝက် တော့သိပါသည်။ ကျွန်မသည် ဒွိဟများကြားတွင် လွင့်မျောနေသူ ဖြစ်သည်လေ။ သို့သော် ထိုလွင့်မျောမှုကို ကျွန်မ ထိန်းချုပ်နိုင်စွမ်း မရှိသေးပါ။ ကျွန်မ၏ စိတ်များသည် Oya ဖန်ဆင်းလိုက်သော လေပြင်းများနှယ် ဦးတည်ရာမဲ့ တိုက်ခတ်နေဆဲ ။ Oya နှင့် Freyja တို့သည် ကျွန်မကို သနားစရာ သတ္တဝါ တစ်ကောင်ပမာ ကြည့်နေကြသည်။ ထိုအကြည့်များအောက်တွင် ကျွန်မသည်ပင် သိမ်ငယ်သွားသလို ခံစားလာရသည်။

“ ဟော..”

ဂီတသံတစ်ခုကို ကျွန်မတို့ကြားလိုက်ရသည်။ Freyja ကပြုံးကာ ..

“ ဒါ Sarasvati ရဲ့ ဘင်ဂျိုသံပဲ ”

“ သူ့ကိုတော့ မင်းသိမှာပါ မင်းတို့တိုင်းပြည်က လူတော်တော်များများ သူ့ကို ကိုးကွယ်ကြတယ် ”

Oya က ဖြည့်စွက်ပြော၏။

မိနစ်ပိုင်းအတွင်း တိမ်ကြက်ခွပ်များကြားတွင် ပန်းရောင် ကြာပန်းပလ္လင်ပေါ်တွင် ထိုင်ပြီး (စောစောက Freyja ဘင်ဂျို ဟု ပြောသည့်) တူရိယာကို တီးခတ်နေသည့် Sarasvati ကို တွေ့လိုက်ရသည်။





“ သူရဿတီ ”

ကျွန်မက ထိုသို့ရေရွတ်တော့ အားလုံးက ပြုံးပါသည်။ ကျွန်မက …

“ သူ့ကို ကျွန်မတို့က သူရဿတီ လို့ သိကြတယ် များသောအားဖြင့်ကတော့ သူ့ကို ဟသာင်္ စီးပြီး ပိဋကတ်သုံးပုံ ကိုင်ထားတာပဲ မြင်ဖူးတယ် ”

“ သူက ဟိန္ဒူ နတ်ဘုရားမပဲ မြစ်စောင့်နတ်သမီးလို့လည်း ပြောကြတယ် ယဉ်ကျေးမှုနဲ့ အသိပညာကို ပေးနိုင်စွမ်းတဲ့သူပေါ့ သူ့ရဲ့ သင်္ကေတက wisdom တဲ့ ”

Freyja ကရှင်းပြသည်။

“ ကျွန်မတို့လူမျိုးတွေက သူ့ကို ဥာဏ်ပညာအတွက် ကိုးကွယ်ကြတယ် ”

“ မင်းကရော ဥာဏ်ပညာကြီးမြတ်မှုကို မလိုချင်ဘူးလား ”

သူရဿတီနတ်သမီးက ဘင်ဂျိုကို အတီးရပ်ကာ ကျွန်မကိုမေး၏။ ကျွန်မက ဖြေရန်နှုတ်ဆွံ့ နေသဖြင့် Oya ကဝင်ထောက်၏။

“ ဖြေလေ ”

“ တစ်ချိန်က လိုချင်ခဲ့ပါတယ် ”

“ တစ်ချိန်က … ခုရော ..”

Freyja က ကျွန်မကို အားမလိုအားမရ ဝင်မေးပြန်သည်။

“ ခုတော့ ကျွန်မ မလိုချင်တော့ဘူး ”

“ မင်းဟာ လူမိုက်ပဲ ”

Oya က ကျွန်မကို မာထန်စွာ ဝေဖန်၏။

“ ဟုတ်ပါတယ် ကျွန်မ မိုက်ခဲ့ပါတယ် ”

ကျွန်မက စကားကို ကျွန်မ အဓိပ္ပာယ်နှင့် ကျွန်မ ပြောသည်။ သူတို့က သူတို့ အဓိပ္ပာယ်နှင့် သူတို့ နားလည်လိုက်ကြပုံပေါ်သည်။

“ မဖြစ်ဘူး မင်းကိုတော့ အသီနာ (Athena) နဲ့တွေ့ပေးရမယ် ”





Freyja က ကျွန်မကို လက်မလျှော့သေးဘူး ဆိုသော အကြည့်နှင့် ကြည့်ကာပြော၏။

“ အသီနာ ဟုတ်လား Zeus နတ်မင်းကြီးရဲ့ ခေါင်းထဲကနေ ချပ်ဝတ်တန်ဆာ အပြည့်နဲ့ မွေးလာတယ်ဆိုတဲ့ သူလား ”

“ ဟုတ်တယ် သူက ဥာဏ်လင်းပွင့်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ် ”

“ ဟင့်အင်း ကျွန်မက သူ့ကို မြို့တော်ကြီးတွေကိုပဲ ကယ်တင်စေချင်တယ် ”

“ အိုး သူက စစ်ဖြစ်နေတဲ့ မြို့တော်ကြီးတွေကိုပဲ ကယ်တင်တာ မင်းနေရာလေးက အေးချမ်းနေတာပဲ ”

Oya က ကျွန်မကို ဘာမှန်းမသိဘူး ဆိုသည့်အကြည့်နှင့်ကြည့်ပြီး ပြောပါသည်။ ကျွန်မက မသိကျိုးကျွံပြုကာ အဝေးဆီမှ ရွေ့မျောလာသော ရွှေရောင်ဖျော့ဖျော့ကလေးကို လှမ်းကြည့်နေလိုက်သည်။ ထုံးစံအတိုင်း Justice ကို ကိုယ်စားပြုသော သူမ၏ ပုခုံးထက် တွင် ဇီးကွက်တစ်ကောင်ပါလာသည်။ ရွှေရောင်ဆံပင် ခွေခွေ ရှည်ရှည်များက သေသပ်စွာ ကပိုကရိုကျလျက်။ နို့နှစ် အဖြူရောင်ပေါ်တွင် ရွှေကြယ်ပွင့်ပန်းများ ကျဲပက်ထားသော ဝတ်စုံကို ဝတ်ဆင်ကာ လက်တစ်ဖက်တွင်လည်း ကျွန်မ မသိသော တစ်စုံတစ်ရာကို ကိုင်ဆွဲထားသည်။

“ မင်းကို လင်းပွင့်မှု တစ်ခုခုပေးမှဖြစ်တော့မယ်လို့ သူတို့က ပြောတယ် ဟုတ်သလား ”

သူမ၏ အသံက အေးစက်တည်ငြိမ်လှ၏။ ဆွဲငင်အားနှင့် သြဇာသံကတော့ အပြည့် ပါလေသည်။ ကျွန်မက ခေါင်းမာစွာ ခေါင်းကိုခါရမ်းပစ်လိုက်ရင်း …

“ အဲဒါဆို ကျွန်မ ဘဝလေး အရာရာ လွဲချော်သွားလိမ့်မယ် ”

“ ဘာ..”

စစ်သွေးစစ်မာန်နှင့် မွေးဖွားလာခဲ့သည် ဆိုသော Athena သည် ကျွန်မကို မကျေမနပ် အော်ထည့်လိုက်ရာ ကျွန်မပင် နောက်ဘက်သို့ ယိုင်လဲမတတ် ဖြစ်သွားရ၏။

“ ကျွန်မ ဒီလိုမျိုးလေးနေနိုင်ဖို့ ခံယူချက်တော်တော်များများကို စွန့်လွှတ်နာကျင် ခဲ့ရဖူးတယ် လမ်းကြောင်းတော်တော်များများကို မမြင်ချင်ယောင်ဆောင်ခဲ့ရတယ် လင်းပွင့်မှု တော်တော် များများကို စုံမှိတ်လမ်းလွှဲခဲ့ရတယ် ဘာကိုမှ ထပ်မသိတော့အောင် အတော်လေး ကြိုးစားခဲ့ရတယ် ခုချိန်မှာ ကျွန်မ အသားကျနေခဲ့ပြီ ”

“ မင်းကိုယ်မင်း ညာရတာကိုရော မနာကျင်ဘူးလား ”

သူမ၏ အမေးကို ကျွန်မ မဖြေမိပါ။ သူမ ပုခုံးထက်မှ ဇီးကွက်ကတော့ ကျွန်မကို ထုံပေပေ နှင့်ကြည့်နေသည်။ Freyja ၏ ကြောင်ကြီးများကလည်း တခွီးခွီး မာန်ဖီကာ ဇက်ကြိုးကို ရုန်းနေခဲ့ပြီ။ Oya၏ သမင်ညိုကြီးနှစ်ကောင်ကတော့ သခင့်နားမှာ ငြိမ်သက်စွာ ရပ်တံ့လို့။ သူရဿတီသည်လည်း ဘင်ဂျိုကို တီးခတ်ဖို့ မေ့လျော့နေသည့်နှယ်။

ကျွန်မက စကားတချို့ကို ရင်နှင့်ပြောသောအခါ သူတို့ ရင်နှင့်ကြားကြပုံရသည်။ နားလည် လက်လျှော့သွားကြဟန်နှင့် ကျွန်မရှေ့ ကောင်းကင်ယံမှ ထွက်ခွာသွားကြတော့သည်။ ခုတော့လည်း မခို့တရို့ အလင်းအနည်းငယ်နှင့် ကျွန်မကို နှစ်သိမ့်မှုပေးနေသယောင်။ သို့သော် ကျွန်မက လရောင်ကိုလည်း မယုံကြည်ခဲ့ဖူးပါ။


မနော်ဟရီ


နတ်သမီးပုံပြင် (အပိုင်း ၁)

Thursday, January 21, 2010

ဘလော့ခ် ကို သိပ်ပြီး အစဉ်တစိုက် အားထုတ်မရေးဖြစ်တာ ကြာပြီလို့ ထင်ပါတယ်။ ကေ့ စကားနဲ့ ဆိုရင်တော့ ဂရပ်ဖ် မျဉ်းက ထိုးကျလာတဲ့သဘောပေါ့ ။ ဒါက ကေ tag ထားတဲ့ စိန်ပန်းတွေ ကံ့ကော်တွေကို ကြာဦးမယ် လို့ ပြောဖို့ စတဲ့ စကားဦး တော့မဟုတ်ပါဘူး။ J


အစကတော့ ကံကော်တင်းကုတ်ကလေး အကြောင်းကို တခုတ်တရရေးရမယ့်အချိန်နဲ့ ကျွန်မ အိမ်ပြန်မယ့်အချိန်နဲ့က အံကိုက်ဖြစ်နေလို့ ပုံတွေက အစ သေချာရှာပြီး ရေးမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တော့လည်း လုပ်စရာတွေက တပုံတပင်.။ နေဆူးသစ်နဲ့ တင်မင်းထက်ကြည့်လိုက်တော့လည်း ရေးပုံမပေါ်သေးတော့ အဖော်ရတယ် လို့လည်း ဖြေတွေး တွေးလိုက်ပါသေးတယ်။ ဒါပေမယ့် ရေးတော့ ရေးမှာပါ။ အမြန်ရေးနိုင် အောင်ပဲ ကြိုးစားရပါမယ်။ (ဒါက ကေ့ကိုပေးတဲ့ ကတိပါ ) တင်မင်းထက်ရဲ့ အကြွေးကို ဆပ်ဖို့ရှိနေတာလည်း သတိရပါတယ်။ ငယ်လက်ရာကဗျာတစ်ပုဒ်ပါ။


ခု ဝတ္တုရှည်ကတော့ mini fiction သဘောမျိုးရေးထားတဲ့ ဝတ္ထုရှည်ပါ။ ၂၀၀၂ ခုနှစ်မှာ ကျွန်မ လက်ထဲ tarot ကဒ် တစ်ထုတ်ရောက်လာခဲ့တယ်။ Goddess Tarot တဲ့။ မေဂျာ ၂၂ ကဒ်ကို နတ်ဘုရားမ ၂၂ပါးနဲ့ ဖန်တီးထားတဲ့ tarot ကဒ်တွေပါ။ စိတ်ဝင်စားစရာ တကယ်ကောင်းသလို ကျွန်မနဲ့လည်း အတော်ကီးကိုက်ခဲ့တဲ့ ကဒ်တွေဖြစ်ပါတယ်။ ဘယ်ထိလဲ ဆိုရင် နောက်ဆုံးမှာ ကျွန်မက အဲဒီအထုတ်ကို ကိုင်တဲ့အခါမှာ မေဂျာ ၂၂ကဒ်ကလွဲပြီး ကျန်တဲ့ကဒ်တွေကိုတောင် မကိုင်ဖြစ်တဲ့ထိကို ဖြစ်သွားပါတယ်။ (တခြားအထုတ်တွေ ဆိုရင်တော့ မိုင်နာကဒ်တွေပါ ကိုင်ပါတယ် ။ ဥပမာ လက်ရှိကိုင်နေတဲ့ Osho Zen Tarot ကဒ်တွေဆို ကျွန်မ ၇၈ ချပ်လုံး သုံးပါတယ်။)


အဲဒီကဒ်တွေကို ကိုင်ရင်း ကျွန်မဒီဝတ္ထုကို ရေးဖြစ်သွားတယ်။ အဲဒီမှာပါတဲ့ နတ်ဘုရားမ ၂၂ပါးနဲ့ ဖွဲ့တည်ထားတဲ့ ဝတ္ထုမျိုးပါ။ အဲဒီအချိန်တုန်းက စိတ်အခြေအနေတွေလည်း အများကြီးပါမယ်ထင်ပါတယ်။ ခုချိန်မှာ ပြန်ဖတ်ကြည့်တော့ သိပ်တော့ စိတ်တိုင်းမကျ တော့ပါဘူး။ အဓိကက အဲဒီတုန်းက စိတ်အခြေအနေမျိုး ကျွန်မမှာ မရှိတော့လို့ပါပဲ။ ပြောင်းလဲမှု တရားတွေနဲ့အတူ ကျွန်မလည်း ပြောင်းလဲလာခဲ့ပြီကိုး။


အဲဒီဝတ္ထုရှည်ကို ပထမဆုံးပေးဖြစ်တာက ကိုသျှီသူအောင် အင်တာဗျူးဂျာနယ်မှာ လုပ်နေတုန်းက ဖြစ်ပါတယ်။ ရတယ် ပေးပါ အခန်းဆက်ထည့်မယ် ဆိုလို့ ပေးလိုက်တာ။ တစ်ပတ်နှစ်ပတ်နဲ့ တင် ရပ်သွားပါတယ်။ ဆက်ထည့်ခွင့်မရတော့ပါဘူး။ နောက်တစ်ခါ မဂ္ဂဇင်းတစ်ခုကိုပေးပါတယ်။ မရပြန်ပါဘူး။ တတိယအကြိမ်မှာတော့ ကျွန်မ အိုင်ဒိယာကို ပေးဖြစ်သွားပါတယ်။ ၂၀၀၄ နိုဝင်ဘာ မှာ ပါလာပါတယ်။ တစ်လုံးတစ်ပါဒမှ မထိခိုက်ပဲ ပါလာတာပါ။ ရှားပါးလှတဲ့ ဆရာမောင်မောင်သိုက်ရဲ့ ပန်းချီလက်ရာနဲ့ဖြစ်ပါတယ်။ နတ်သမီးပုံပြင် လို့ အမည်ရပါတယ်။ အမှန်တော့ Goddess တွေက နတ်သမီးတွေမဟုတ်ပါဘူး။ နတ်ဘုရားမတွေပါ။ ဒါပေမယ့် နာမည်ကို လှအောင် နတ်သမီးပုံပြင် လို့ ပေးလိုက်ပါတယ်။


တခြားတခြားသော အခန်းဆက် တင်တဲ့ blogger တွေကို လက်စားခြေတဲ့အနေနဲ့ မဟုတ်ရပါဘူး။ တပြိုင်နက်တည်း စာများများ မရိုက်နိုင်တဲ့အတွက် ခြွေပြီး တင်တယ်လို့ သဘောထားပေးပါ။ တစ်ပိုင်းစီ တင်ပေးသွားပါမယ်။



နတ်သမီးပုံပြင်

“ ဧည့်သည် ..”“

"ဝေး .. ဧည့်သည် ..”

ဆရာ .. ဧည့်သည် ..”


ကလေးများ တဆင့်တဆင့်အော်သံ၏ အဆုံးတွင် ကျွန်မ၏ ချစ်လှစွာသော သူငယ်ချင်းကလေးသည် ကျောင်းခန်းကလေးထဲမှ ထွက်လာသည်။ မျက်မှောင်ကို အတတ်နိုင်ဆုံး ကြုတ်ကာ အဘိုးအိုလေး တစ်ယောက်လို ကျွန်မကို ကြည့်၏။ ပြီးမှ မယုံကြည်နိုင်သော မျက်နှာနှင့် ..


“ မေခ .. နင် မေခ လား ”

“ အင်းလေ..”

“ နင် ဒီကို ဘာလာလုပ်တာလဲ ”


ကျွန်မကိုမြင်၍ သူ ဝမ်းသာသည်က နည်းနည်း ဘာလာရှုပ်တာလဲဟု တွေးသည်က ခပ်များများ ဖြစ်ပုံရသည်။ ဟန်ပင်မဆောင်နိုင်ပဲ သူ့ထုံးစံအတိုင်း သူသိလိုသည်ကိုသာ မေး၏။


“ စာလာရေးတာ ”

“ လာ… ထွင်ကိုထွင်တယ် ..အံ့ရော သူများတွေလို အေးအေးဆေးဆေးရှိမယ့် နေရာမျိုး မှာရေးပါလား ဒီလိုနေရာထိလာပြီး …”


ဖိတ်ခေါ်ပုံက စေတနာပါသော်လည်း နောက်က ပွစိပွစိသံများက ကပ်ပါလာသည်။


“ နင် နားမလည်ပါဘူး စိုလတ်ရာ ..”

“ ဘာလို့ နားမလည်ရမှာလဲ တခြားလူဆရာသွားလုပ် ငါ့တော့လာမလုပ်နဲ့ ”

“ အေးအေး မေ့သွားလို့ နင်က ကျောင်းဆရာပဲ ..”


ခုနေခါမှာတော့ သူက အိမ်ရှင်.. ကျွန်မက ဧည့်သည်။ သူထားရာနေရပြီး သူပြောတာခံရမည့်သူ ဖြစ်သည်။ ဒီလောက်ခရီးကို ကျောပိုးအိတ်တစ်လုံး လက်ဆွဲအိတ် တစ်အိတ်နှင့် လမ်းလျှောက်ခဲ့ရတာကို တစ်စက်ကလေးမှ ဂရုဏာသက်ဖော်မရပါ။


“ ငါ့ရွာကို ဘယ်လိုလာရတယ်ဆိုတာ မမေ့အောင်လို့ စာနဲ့တောင် အတိအကျရေးပြောပြီးသား .. အဲဒါကို နင့်ဟာနင်လာဖြစ်အောင်လာတာ ပင်ပမ်းလည်း နင်ပဲ ..”


ကျွန်မ အတွေးများကို သူက သိသည့်နှယ်။ ထပ်ပြီးပွစိထိုးနေသေးသည်။ ပြီး ကျွန်မကို အိမ်ကလေးတစ်အိမ်သို့ခေါ်သွား၏။ ကုန်းကမူလေးအထက်က အိမ်ကလေး။ သူနေထိုင်ရာ မူလတန်းကျောင်းနားက အိမ်ကလေးနှင့် အနီးဆုံးအိမ်ဖြစ်၏။ အိမ်ရှင် ရဝမ်အမျိုးသမီး ညီအစ်မက ကျွန်မကို ကျွန်မသူငယ်ချင်းထက်ပင် လှိုက်လှဲစွာ ကြိုဆိုကြသေးသည်။


နောက်တစ်နေ့မှာတော့ ကျွန်မက အိမ်ခြေဘယ်လောက်မှမရှိသော ရွာကလေးကို လှည့်ကာ စပ်စုရေးဆင်းတော့သည်။ သူတို့လုပ်သမျှ ကိုင်သမျှက ကျွန်မတို့ ရန်ကုန်နှင့် ဘာမှမဆိုင်တာမို့ ကျွန်မ သိချင်သမျှကို စပ်စပ်စုစုမေးသည်။ သူတို့က သူတို့နားလည် သလိုဖြေသည်။ သူတို့စကားဝဲဝဲကို ကျွန်မက တစ်ဝက်မျှသာ နားလည်သည်။ သိပ်တော့ မဆိုးလှပါ ။ သုံးပုံတစ်ပုံလောက်တော့ တင်ကျန်ခဲ့ပါသည်။


သူတို့က ကျွန်မကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်ကြသော်လည်း သူတို့ကိုယ်၌က ကျွန်မ ဘာကြောင့်ဒီကိုလာပြီး ဒါတွေလျှောက်မေးနေမှန်း သူတို့မသိကြပါ။ ထို့ကြောင့် ကျွန်မ သူငယ်ချင်းကို ခေါ်မေးကြသည်။


“ ဆရာ့ သူငယ်ချင်းက ဒီကိုလာလည်တာလား ”

“ ဟင့်အင်း စာလာရေးတာ ”


ကလေးတွေကို ဘယ်လိုစာသင်သည်မသိ။ သူ့အဖြေကတော့ အပိုအလိုမရှိ။ တိကျလှ၏။ ဒေသခံများကတော့ ကျွန်မကို နားမလည်သလိုသာကြည့်သည်။ စာရွက်နှင့် ခဲတံ(သို့) ဘောလ်ပင်ရှိလျင် ဘယ်နေရာရေးရေးရသည့်ကိစ္စကို ဒီအထိ လာသလား ဟုလည်း တွေးပုံရသည်။ ကိစ္စမရှိပါ။ သူတို့နားလည်အောင် ကျွန်မရှင်းပြစရာမလိုပါ။ တချို့ကိစ္စများတွင် နားမလည်သည်က ပို၍ကောင်းပါသည်။ စိုလတ်ကတော့ ကျွန်မကို မယုံသင်္ကာနှင့်မေးပါသည်။


“ နင်ထွက်ပြေးလာတာတော့ မဟုတ်ပါဘူးနော် ”

“ ရော် ..ခက်နေပါပြီ ပြေးချင်ရင် ဒိထက်ဝေးတဲ့နေရာ ပြေးလို့ရတယ်လေ ငါ့ကို မယုံသင်္ကာ လာမလုပ်နဲ့ ဒီးရမ် တို့သာဆို ငါ့ကို အဲလိုမေးမှာမဟုတ်ဘူး ”


သူ ဘာမှပြန်မပြောတော့ပါ။


ရွာကလေးနှင့်ကျွန်မ လွဲချော်နေတာ တစ်ခုပဲရှိသည်။ သူတို့က ညဆို စောစောအိပ်တတ်ပြီး မနက်မိုးမလင်းမီ ထတတ်ကြသည်။ ကျွန်မက ညဆို တော်တော်နှင့် မအိပ်တတ်ပဲ မနက်ဆို နေမြင့်မှ ထတတ်သည်။ ကျွန်မက သူတို့ကို မအံ့သြသော်လည်း သူတို့က ကျွန်မကို တအံ့တသြ။


ကျွန်မတည်းခိုရာအိမ်ကလေးမှ မကြီးနှင့်မငယ်ဟု ကျွန်မက ခေါ်သည့် (သူတို့ ရဝမ်အမည် ကိုကျွန်မ မခေါ်တတ်ပါ။ ) အမျိုးသမီးကြီးနှစ်ယောက်သည် ရောက်စညက ကျွန်မ တော်တော်နှင့် မအိပ်သည့်အတွက် သူတို့ပါ အိပ်ရေးပျက်ခဲ့ရသည်။ ထို့ကြောင့် ကျွန်မ စိုလတ်ကိုခေါ်ကာ ရှင်းပြခိုင်းရသေး၏။ ထိုအခါမှ သူတို့ဘာသာ သူတို့ စောစော အိပ်ရာဝင်ကာ မနက်ထသည်နှင့် တောင်ယာသို့ထွက်သွားကြတော့သည်။


ကျွန်မ နာမည်ကိုတော့ သူတို့စိတ်ဝင်စားကြသည်။ကျွန်မသူငယ်ချင်းက ..


“ သူ့နာမည်က မေခ တဲ့”

“ အိုးအို .. အမိုင်ခ လား ”

“ အင်း .. ဟုတ်တယ် ”

“ ထူးဆန်းရာရော သူက ဘာလူမျိုးလဲ ”

“ ကချင်မဟုတ်ပါဘူး”

“ အော် အော် ”


သူတို့ ကျွန်မနာမည်ကိုတော့ သဘောကျနေကြသည်။ ကျွန်မတွင် မေလိခ ဟုခေါ်သော ညီမတစ်ယောက် ရှိသည်ဟုပါ ထပ်ပြောလိုက်လျင် သူတို့ အတော် စိတ်ဝင်စားသွားကြပေ လိမ့်မည်။ သို့သော် ကျွန်မ မပြောဖြစ်ပါ။ စိုလတ်ကလည်း မပြောပြပါ။


တစ်ညနေတွင် ကျွန်မတို့ ညစာ စားသောက်ပြီးကြသောအခါ မကြီးက ကျွန်မအတွက် စာရေးရန် ထမင်းစားပွဲကို ပြောင်စင်အောင် သုတ်ပေးရင်းက ..


“ အမိုင်ခရေ ဒီနှစ် တောင်ယာက နည်းတယ် ”

“ ဟင် ဟုတ်လား ဒါဆို ဘယ်လိုလုပ်ကြမလဲ ”


တကယ်တော့ ကျွန်မ မကြီးပြောတာကို သိပ်နားမလည်ပါ။ နားလည်ချင်ယောင်ဆောင် တတ်သောပညာတတ်တချို့၏ညာဉ်အတိုင်း ကျွန်မ ခပ်တည်တည်နှင့် ပြန်မေးခွန်း ထုတ်လိုက်ခြင်းဖြစ်သည်။


“ဘာတတ်နိုင်မှာလဲရော ဘာမှမတတ်နိုင်ဘူး စားလောက်ကြမှာပါ မလောက်လည်း မျှစားပေါ့ ဘယ်သူမှ လာပေးမှာမှ မဟုတ်တာ ”


မငယ်က ဝင်ဖြေခြင်း ဖြစ်သည်။ အင်မတန်လက်တွေ့ကျသော အဖြေပင်ဖြစ်သည်။ သို့သော် ယူကီမိုချီ ( Ukemochi) ဟူသော ဂျပန်နတ်ဘုရားမအကြောင်းကို ဖတ်ထားဖူးသော ကျွန်မက အတွန့်တက်လိုက်မိသည်။





“ မေခ ဖတ်ထားဖူးတဲ့အကြောင်းအရာလေးတစ်ခုပြောပြချင်တယ် ပုံပြင်ပေါ့လေ ”

“ ဘာအကြောင်းလဲ ပြောလေ”

“ အော် ဂျပန်ရိုးရာပုံပြင်ခေါ်မလား ဒဏ္ဍာရီခေါ်မလားပဲ ကောက်ပဲသီးနှံနဲ့ ဆိုင်တဲ့ နတ်ဘုရားမ တစ်ပါး အကြောင်းပေါ့ ”


ဂျပန် .. ဒဏ္ဍာရီ.. နတ်ဘုရားမ .. ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သူတို့ မမေးကြတော့ပါ။ ကျွန်မကိုသာ မျက်လုံးမှေးမှေးလေးများနှင့် စိုက်ကြည့်နေကြသည်။


“အဲဒီ နတ်သမီးလေးနာမည်က ယူကီမိုချီ တဲ့ သူတို့နိုင်ငံမှာ မိုးခေါင်ပြီး ကောက်ပဲသီးနှံမအောင် ၊အစာရေစာရှားပါးနေတဲ့အချိန်မှာ အဲဒီ Ukemochi ဟာ အစာရေစာ ခေါင်းပါးနေသူတွေအတွက် အသေခံပြီး သူ့ကိုယ်သူ အစာဖြစ်အောင် ပြောင်းလဲ ပေးခဲ့တယ်တဲ့ ”


“ သူသေတော့ သူ့ကို စားခိုင်းတာလား ဟင် ”

“မဟုတ်လူး မငယ်ရဲ့ သူ့ရဲ့ အဓိဌာန်အတိုင်း သူသေတော့ သူ့ဦးခေါင်းဟာ နွားဖြစ်သွားတယ် ပြီးတော့ နဖူးကနေ စပါးပင်တွေ ကောက်ပဲသီးနှံပင်တွေ ပေါက်လာခဲ့ သတဲ့ ”

“ နွား .. ဟုတ်လား နွားက စားဖို့လား လယ်ထွန်ဖို့လား ”

“ အဲ ”


ကျွန်မ ပြန်မဖြေတတ်တော့ပါ။ သို့သော် ဟန်ကိုယ့်ဖို့ ဆိုသည့်အတိုင်း ..


“ ဟို လယ်ထွန်ဖို့နေမှာပေါ့ သြော် သူ့နဖူးက ပေါက်လာတဲ့ ကောက်ပဲသီးနှံတွေကလည်း အားလုံး စားလောက်ကြတယ်တဲ့ ”

“ သြော် ”


တကယ်တော့ ဒဏ္ဍာရီထဲမှာ ဒါတွေမပါပါ။ သို့သော် ကျွန်မက စမိသူလေ။ နဖူးက ပေါက်တဲ့အပင် ဘယ်နှယောက်စားရမှာလဲဟု မမေးခင် ကြိုကာကွယ်ထားလိုက်ခြင်း ဖြစ်သည်။ စိတ်တော့မကောင်းပါ။ ကျွန်မတို့တွင် မွေးရာပါ ဖြတ်ထိုးဥာဏ်များက လက်နက်တစ်ခုပမာ ဖြစ်နေခဲ့ပြီလေ။ ကျွန်မ ပြောသမျှကို နားထောင်ပြီး အိပ်ရာဝင်သွားကြသော ရိုးသားလှသည့် ညီအစ်မ နှစ်ဦးကိုကြည့်ကာ ကျွန်မ သူတို့ကို အားကျနေမိသည်။ တစ်ခါတစ်ခါတော့လည်း မဖြစ်နိုင်သော အရာတွေကို စိတ်ကူးယဉ်ရတာ ပျော်စရာကောင်းပါသည်။


(၁)

သူတို့အိပ်ပျော်သွားသောအခါ ကျွန်မ ထုံးစံအတိုင်း အပြင်ထွက် လမ်းလျှောက်ဖြစ်သည်။ ဒီအရပ်ဒေသတွင် အမှောင်မရှိပေ။ အမှောင်မရှိသလို အန္တရာယ်လည်းမရှိ။ လ ကလည်း သာနေသည်။ ကျွန်မသိသလောက် ဒီနေ့သည် လပြည့်နေ့ဖြစ်သည်။


မကြီးနှင့် မငယ်၏အိမ်သည် ကုန်းမြင့်ကလေးပေါ်တွင် တည်ရှိသည်။ ထိုကုန်းကမူအစွန်း လေးမှ ရပ်ကြည့်လိုက်လျှင် အတော်ကလေးပြန့်ပြူးသော မြေပြင်နှင့် မူလတန်းကျောင်း ကလေးကိုတွေ့ရ၏။ ကျောင်းဘေးမှ သူငယ်ချင်း၏ အိမ်ကလေးသည် ထင်းရှူးသားလိုလို အသားဖြူဖြူ သစ်တစ်ချို့နှင့် ဆောက်ထားခြင်းဖြစ်၍ သူငယ်ချင်း၏ အိမ်ကလေးသည် လရောက်အောက်တွင် ဝင်းလက်နေ၏။


တစ်ရွာလုံးကတော့ တိတ်ဆိတ်ငြိမ်သက်လို့။


တကယ်တော့ ဒီလိုအချိန်၊ ဒီလိုရာသီဥတု၊ ဒီလိုနေရာဆိုတာ တကယ့်ကို စာရေးလို့ ကောင်းမည့်နေရာဖြစ်သည်။ သို့သော် ကျွန်မမှာတော့ ဘာကိုမှတွေးမရ။ ရေးမရခဲ့ပါ။ ဘာကိုမှန်းမသိ ရမ်းရော်လွမ်းဆွတ်နေသော အလွမ်းများနှင့် ကျွန်မ ဆောက်တည်ရာမဲ့နေ တတ်သည်။ တစ်ခါတစ်ရံတော့လည်း ဘာကိုမှန်းမသိ စိုးရွံ့နေမိတတ်ပြန်၏။


ကမူကလေး၏ အစွန်းတွင် ခဲရာခဲဆစ် ကုတ်ကပ် အမြစ်တွယ်ထားသော ဘာပင်မှန်းမသိသည့် အပင်လေးတစ်ပင် ရှိသည်။ ထိုအပင်လေး၏ နိမ့်လျှော ပြေဆင်း သွားပုံက ကျွန်မအတွက် အမှီတစ်ခုလိုပင်။ တစ်ခါတစ်ရံတော့လည်း သဘာဝတရားက ဆန်းကြယ်လွန်းလှသည်။


ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်တွင် ကြယ်များစုံနေပြီ။ ညဦးပိုင်းသာ ရှိသေး၍ ခုနှစ်စဉ်ကြယ်ကလည်း နြေ္ဒရနေဆဲ။ southern cross ဟုခေါ်သော ခုနှစ်စဉ် ကြယ်ဆန်ဆန် ငါးလုံးတွဲကြယ်စုကလေးလည်း ရှိနေသည်။ ဓနုရာသီ၏ ကြယ်စုကရော ဘယ်ဆီမှာလဲ။ ထို ကြယ်ကလေးဆယ်လုံးပါဝင်သည်ဆိုသည် ဓနုရာသီ၏ ကြယ်စုကလေး ကို ကျွန်မ တစ်ခါမှ သေချာမမြင်ဖူးသေးပါ။ ဘယ်ကြယ်စုများ ဖြစ်လေမလဲ။


ကျွန်မ ရှေ့နောက်ဝဲယာ ကောင်းကင်ကို လှည့်ပတ်ရှာဖွေလိုက်သည်။

ဘုရားသခင်။

ကျွန်မ အမြင်မှားနေသလားဟု ကိုယ့်ကိုယ်ကို သံသယဝင်ကာ မျက်လုံးများကိုပင် ယောင်ရမ်း ပွတ်သပ်မိလေသလား မသိ။ ခြင်္သေ့အမတွေလား ၊ကြောင်ကြီးတွေလား ကျားသစ်လား ကျွန်မ မခွဲခြားတတ်သည့် အကောင်လှလှကြီးနှစ်ကောင်ကသော ရထားပျံ တစ်စီး ကျွန်မဆီပျံသန်းလာနေသည်။ ရထားပျံပေါ်တွင် ပါလာသည်က ပန်းဆီရောင် ဝတ်ရုံကို ခြုံထားသည့် ရွှေညိုရောင် ဆံပင်များနှင့် မိန်းမလှလေး။





“ အိုး … လှလိုက်တာ ”

ကျွန်မ တအံတသြ ရေရွတ်မိဆဲ ရထားပျံက ကျွန်မရှေ့တွင် ရပ်သွားကာ မိန်းမလှလေးက ကျွန်မကို ပြုံးကာကြည့်၏။

ကျွန်မ…။

ဆွံ့အနေသူ တစ်ယောက်ပမာ သူ့ကိုပြန်ကြည့်နေမိရုံကလွဲပြီး ဘာပြောရမှန်းမသိ။ သူမကပင် ..

“ မင်း ငါ့ကိုသိလား ”

“ ဟင့်အင်း .. ”

ကျွန်မ ခေါင်းခါပြမိသည်။

“ ငါက Freyja ပဲ ”

“ အော် ကျွန်မ သိတယ် ”


ကျွန်မသည် နတ်ဘုရားမများနှင့် စာအုပ်ထဲတွင်သာ ကျွမ်းဝင်သူဖြစ်သည်။ Freyja ကိုလည်း ကျွန်မ တကယ်သိပါသည်။ သူမသည် Norse တွေ၏ နတ်ဘုရားမ ဖြစ်သည်။ စွမ်းအားလည်း အလွန်ကြီးသည်။ သူမ၏ သင်္ကေတသည် Power ဖြစ်သည်။

သူမကပင်ဆက်၍ ပြောပြန်သည်။

“ ငါက ဖန်တီးမှု အချစ်နဲ့ အလှအပကို အုပ်စိုးတဲ့ နတ်ဘုရားပေါ့ အဲဒါနဲ့ ပတ်သက်တဲ့ စွမ်းအင်တွေကို အလိုရှိတယ်ဆိုရင်တော့ မင်းးကိုငါ ကူညီနိုင်တယ် ”

“ ကျွန်မ အလှအပကို မကိုးကွယ်ဘူး အချစ်ဆိုတဲ့ လက်တမ်းပုံပြင်တွေကို အယုံအကြည် မရှိဘူး .. အဲ .. အနုပညာ ဖန်တီးမှု စွမ်းရည်ကိုတော့ စိတ်ဝင်စားပါရဲ့ ဒါပေမယ့် အဲဒီ စွမ်းရည်သိပ်များနေရင်လည်း ကျွန်မ အလုပ်ဖြစ်မှာမဟုတ်ဘူး ”

“ ဒါဆို မင်း ဒီမှာ ဘာလာလုပ်နေတာလဲ စာလာရေးတာဆို ”

“ ရှင် ”


ရုတ်တရက် အံ့သြမိသွားပြီးမှ ထိုအံ့သြမှုတွေကို အမြန် လက်စသပ်လိုက်ရသည်။ သူမက နတ်ဘုရားမပဲ။


“ အဲဒါ ခေါင်းစဉ်တစ်ခုပါ အမှန်က ကျွန်မ လူတချို့ ဘယ်လိုနေထိုင်တယ်ဆိုတာ သိရအောင် လာတာ ”

“ အဲဒါလည်း ခေါင်းစဉ်တစ်ခုဖြစ်မှာပါ ။မင်းဘာလို့ ဒီကိုရောက်လာတယ်ဆိုတာ ငါသိပါတယ်။ ”


ဟင့်အင်း။ မဖြစ်နိုင်ပါ။ ကျွန်မဘာသာကျွန်မပင် ခေါင်းစဉ်ပေါင်းမြောက်များစွာထဲမှ နီးစပ် သင့်လျော်သည့်ခေါင်းစဉ်တစ်ခုကို ဆွဲယူလာခြင်းဖြစ်သည်။ အတိအကျမဟုတ်ပေ။


“ မင်း မယုံဘူးမဟုတ်လား မင်းစိတ်တွေလွင့်နေတယ် ”

ဒါကိုတော့ ကျွန်မ ဝန်ခံလိုပါသည်။ သူမက ဆက်ပြော၏။

“ မင်း စိတ်တွေလွင့်နေတော့ အတွေးတွေသာ ရနေတယ် စာမရေးနိုင်ဘူး ။ စိတ်နဲ့ကိုယ်နဲ့ ကလည်း မကပ်တော့ ခုနက မင်း ယူကီမိုချီ အကြောင်းပြောသလိုပေါ့ ”


ညဉ့်ငှက် နှင့် နှုတ်ဆက်ချိန်

Monday, January 11, 2010


ညဥ့်ငှက်

ညရောက်ပြီဆို..ကမ္ဘာတစ်ဖက်ခြမ်းက အလင်းကို
စိတ်နဲ့မှန်းမျှော်ဖမ်းယူကြည့်ရင်း..မျှော်လင့်ခြင်းတွေနဲ့ အရုဏ်ကျင်းကြည့်လို့။

နေ့ဆိုရင်တော့ ခြောက်ခြားဖွယ်သီချင်းတစ်ပုဒ်ကိုဆို
ကိုယ့်ကမ္ဘာခြမ်းက အလင်းကို ကိုယ်သံသယဖြစ်နေခဲ့။

မနော်ဟရီ
၅၊သြဂုတ်၊၂၀၀၉


နှုတ်ဆက်ချိန်

ည ၁၂ ရီထိုးတာနဲ့ ကောင်းသောညပါလို့
ကမ္ဘာတစ်ခြမ်းကို ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး
ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့
ကမ္ဘာတစ်ခြမ်းမှာ မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ
ကမ္ဘာတစ်ခြမ်းစီဟာ ..
(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...။

Zephyr
၁၀၊သြဂုတ်၊၂၀၀၉


Singapore Fringe Festival'10

Friday, January 8, 2010

Singapore Fringe Festival'10 ကို Art and The Law ဆိုတဲ့ ခေါင်းစဉ်နဲ့ စင်ကာပူနိုင်ငံက Esplanade မှာ ပြုလုပ်နေပါတယ်။ 7th Jan'10 ကနေ 24th Jan'10 ထိဖြစ်ပါတယ်။ အဲဒီမှာ Singapore, Taiwan, Croatia, England , Belgium , Slovakia , Japan, USA, Iran, Australia , Malaysia နဲ့ Myanmar ပြည်က ပန်းချီဆရာ ထိန်လင်း တို့ပါ ပါဝင်ပြသမှာဖြစ်ပါတယ်။ စင်ကာပူက မြန်မာတွေအနေနဲ့ သွားရောက်လေ့လာ ကြည့်ရှုနိုင် စေဖို့ သတင်းကောင်းပေးလိုက်ရပါတယ်။