သေတမ်းစာ

Sunday, August 30, 2009



ဓါးတစ်လက်ဖြင့် ရင်ဝတည့်တည့်သို့ ထိုးစိုက်ချလိုက်သောအခါ စက္ကန့်ပိုင်းအတွင်းတွင် ကျွန်မကိုယ်ကျွန်မ အဆုံးစီရင်ခြင်းသည် ပြီးဆုံးသွားပါလိမ့်မည်။ ကျွန်မသည်လည်း ပြီးဆုံး သွားပါလိမ့်မည်။ ထို့အတူ အဆုံးစီရင်ခြင်းသည်လည်း ပြီးဆုံးသွားပါလိမ့်မည်။
သို့သော်….
ကျွန်မ၏ ချစ်ခြင်းများကတော့ ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။

ထိုအခါ ချစ်သူသည် ဝိညာဉ် တစ်ခု၏ လွမ်းဆွတ်ခြင်းကို ခံရလိမ့်မည်။ သို့သော် ဝိညာဉ် တစ်ခုက သူ့ကို လွမ်းဆွတ်နေသည်ကိုတော့ သိချင်မှသိလိမ့်မည်။ ဖြူဆွတ်အေးစိမ့်သော ခံစားမှုကို ချစ်သူက သူ့ထုံးစံအတိုင်း အကောက်အယူလွဲချင်လွဲနေလိမ့်ဦးမည်။ ဖျန်းကနဲ ထလာတေသာ ကြက်သီးဖုများကိုကြည့်ရင်း ခပ်ပေါ့ပေါ့ပါးပါးလည်း ရယ်မောချင်ရယ်မော နေလိမ့်မည်။
ကံတရားအတိုင်းသာရှိပါစေတော့။

(လွမ်းတတ်သော ဝိညာဉ်တစ်ခုသည် ချစ်သူ့အနားမှာရှိသည်။ ချစ်သူ့အနားမှာ လွမ်းတတ်သော ဝိညာဉ်တစ်ခုရှိသည်။ ဝိညာဉ်တစ်ခုသည် လွမ်းတတ်သော ချစ်သူ့အနားမှာ ရှိသည်။ ချစ်သူ့အနားမှာ လွမ်းတတ်သော ဝိညာဉ်တစ်ခုသည်… ….. ….. … စကားလုံးများ ရှုပ်ထွေးသွားကြသည်။)



ချစ်သူ၏ ဆောင်းရာသီ နှင်းများသည် ခါးသက်မူးဝေလှသည်ဟု ကြားဖူးသည်။ ချစ်သူ၏ ဆောင်းရာသီအလွန် နွေဦးပွဲတော် တချို့ကို ကျွန်မ ဆင်နွှဲခွင့် မရလိုက်သော်လည်း မည်သို့မှ မခံစားရပါ။ သို့သော် ကျွန်မ၏ မျက်ရည်မိုးစက်များကြားတွင်တော့ ချစ်သူကို ရှိနေစေချင်သည်။ သို့မဟုတ် ချစ်သူရှိနေပါလိမ့်မည်။ နှစ်သက်စွာ သို့မဟုတ် မနှစ်သက်စွာ သို့မဟုတ် သိမှတ်မဲ့စွာ..။

ဒိုင်ယာရီတစ်ခု၏ စာမျက်နှာများသည် သန့်စင်လေးနက်သော ဖြူစင်မွန်မြတ်သော ချစ်ခြင်းများနှင့် မွှေးသန့်နေခဲ့ဖူးသည်။ ပထမဆုံးပွင့်သော အဖြူရောင် ကမ္ဘာဦး ပန်းကလေး တစ်ပွင့်၏ရနံ့ကို သင်တို့ ရရှိခဲ့ဖူးပါသလား။ ချစ်သူကတော့ ကံကောင်းပါသည်။ တန်ဖိုးမထားတတ်သည်ကတော့ သူ၏ ခံယူမှုသာဖြစ်ပါသည်။

ကျွန်မကတော့ကံကောင်းသည်လား။ ဆိုးသည်လား ။ ရာသီစက်ဝန်းတစ်ခု၏ အစသည် ဆောင်းရာသီ ဖြစ်နေခဲ့ပြီး ကျွန်မက မိုးရေစက်များကြားတွင် နေထိုင်ရသောကြောင့် ဖြစ်သည်။

(ကျွန်မသည် ချစ်သူကို အရမ်းချစ်သည်။ ချစ်သူကို ကျွန်မသည် အရမ်းချစ်သည်။ ချစ်သူကို အရမ်းချစ်သည်။ ချစ်သူကို ကျွန်မသည်……….. ….. …… …. စကားလုံးများ ရှုပ်ထွေးသွားပြန်သည်။)


ဇီဇဝါ ရနံ့များ သင်းပျံ့နေတတ်ပြီး အဝါရောင် နှင်းဆီအိုးတစ်အိုး ထိုးစိုက်ထားသော စုန်းပြုခံ ညများသည် ကျွန်မ၏ ဒိုင်ယာရီ စာရွက်ဖြူဖြူများထဲသို့ ခုန်ပေါက် ဝင်လာခဲ့ကြသည်။ အရောင်ကွဲဆို၍ အဝါရောင် နှင်းဆီများသာရှိသော ကျွန်မ၏ အဖြူရောင် အခန်းလေးသည် ဝါလွင်လွင် ရနံ့များနှင့် ပြည့်နေတော့၏။ အိပ်ရာခင်းထက်မှာ ခန်းဆီးစ ဖြူဖြူထက်မှာ နံရံဖြူဖြူပေါ်မှာ အကျီ င်္ဖြူဖြူပေါ်မှာ ဘယ်နေရာ ကြည့်ကြည့် နေရာအနှံ့ … အဝါရောင် ရနံ့များစွန်းပေလျက်…။

မှော်ပူးနေသည်ဟု ထင်ရသော စကားလုံးလှလှများက ကျွန်မကို ဆွဲကိုင် ခြောက်လှန့် နေတတ်သည်။ ကျေးဇူးပြုပြီး ကျွန်မကို ပဉ္စလက်တွေနဲ့ မနှိပ်စက်ပါနဲ့လားချစ်သူ။ ဝဋ်ကြွေး တစ်ခု မကုန်ခမ်းသရွေ့ ပင်ပန်းခြင်းကြီးစွာ လွင့်မျောနေရဥိးမည့် တိမ်တိုက်တစ်စ ပမာ ကျွန်မ အချိန်တန်လျင် ငိုကြွေးမိပါလိမ့်မည်။ ကျွန်မသည် အဝါရောင်များကို မုန်းသော အဖြူရောင် တိမ်တစ်စသာ ဖြစ်သည်။

(ကျွန်မသည် အဝါရောင် နှင်းဆီပန်းများကို မုန်းသည်။ အဝါရောင်နှင်းဆီပန်းများကို ကျွန်မသည် မုန်းသည်။ မုန်းသည် အဝါရောင် နှင်းဆီပန်းများကို ကျွန်မ…. ….. ….. စကားလုံးများ ရှုပ်ထွေးသွားပြန်သည်။)


ဇိယုနတ်မင်းကြီးထံမှ ပြက္ခဒိန် လုပ်သောလက်ကို ကျွန်မ ခိုးယူချင်သည်။ သို့တည်းမဟုတ် အလဲအလှယ် ပြုလိုသည်။ သို့မဟုတ် ဝယ်ယူလိုသည်။ သက္ကရာဇ် အချို့ကိုဖယ်ထုတ် ပစ်ခဲ့ချင်၍ ဖြစ်သည်။ အထူးသဖြင့် သောကြာရထားစီးလာသော ထိုင်ခုံနံပါတ် (၁၃) နှင့် (၁၄) ကိုတင်ဆောင်လာသည့် ၁၉၉၆ ကိုဖဲ့ထုတ်ခဲ့ချင်သည်။ ထိုသို့ဆိုလျင် အတိတ်တွေ ပြင်ဆင်ခွင့် ရသွားလေမည်လား။

ထင်ရသော အနိုင်၊ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ မမြင်ရသောအရှူံး ၊ ကျဆုံးမှု၊ မျက်ရည်စများ .. တို့နှင့် ကျွန်မ၏ နေ့ရက်များသည် စွတ်စို တိတ်ဆိတ်လာခဲ့သည်။ သို့သော် မျက်ရည်ကို မနှစ်သက်သော မယုံကြည်သော ဥပေက္ခာပြုတတ်သော ချစ်သူအတွက် ကျွန်မ၏ အဖြူရောင် ခေါင်းအုံးကလေးသည် ဓားစာခံ ဝါရော် စွန်းကွက် သွားရတော့၏။

(ကျွန်မသည် မျက်ရည်စက်များနှင့် ရင်းနှီးမှု မရှိခဲ့ပါ။ မျက်ရည်စက်များနှင့် ကျွန်မသည် ရင်းနှီးမှု မရှိခဲ့ပါ။ ရင်းနှီးမှုမရှိခဲ့ပါ….ကျွန်မသည် မျက်ရည်စက်များနှင့်…. ….. ….. စကားလုံးများ ရှုပ်ထွေးသွားကြပြန်သည်။)


တစ်လောကလုံးကို ကြယ်ကလေးတစ်လုံးတည်းနှင့် ကျွန်မကလင်းချင်းစေခဲ့သည်။ သို့သော် ထိုကြယ်ကလေး၏ ရာသီဥတုကတော့ မှိုင်းညို့ အုံ့ဝေနေခဲ့ဆဲ။ နှင်းရိပ်နှင်းငွေ့တို့ ဖျော့ဖျော့ပါးပါး ကျဆင်းရွာသွန်းနေခဲ့ဆဲ။ နှင်းစားသဖြင့် တဖြုတ်ဖြုတ် လွင့်ကြွေသွားသော ချစ်သူ၏ အနာဂတ်များအတွက် ကျွန်မသည် စိုးရိမ်မှုလွန်ကဲစွာ.. … သို့သော်.. .. ကျွန်မ၏ စိုးရိမ်မှုများသည် ဂျပန်ဓါးတစ်လက်ပေါ်သို့ သက်ရောက်သွားခဲ့သောအခါ…….

အရာအားလုံး ပြီးဆုံးလွင့်မျောသွားသည့်အခါ ကျွန်မ၏ အဖြူရောင် အခန်းကလေးသည် အဝါရောင်၊ အနီရောင်၊ များ စွန်းထင်းကျန်နေရစ်လိမ့်မည်။ ခရမ်းရောင်နုနု လွှမ်းခြုံထားသော ကျွန်မ၏ ဝိညာဉ်ကတော့ ချစ်သူကို ကောင်းကင်ယံကနေ ငုံ့ကြည့် လွမ်းဆွတ်နေပါလိမ့်မည် ။ ချစ်သူကရော……….။

(ခရမ်းနုရောင် အလွမ်းများ တဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင်သည် ကျွန်မ ဖြစ်သည်။ ခရမ်းနုရောင် အလွမ်းများ တဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင်သည် ကျွန်မ ဖြစ်သည်။ ခရမ်းနုရောင် အလွမ်းများတဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင် သည် ကျွန်မဖြစ်သည်။…..ထိုစကားလုံးများကတော့ စနစ်တကျ ခိုင်မာနေခဲ့လေသည်။)

မနော်ဟရီ
ရွှေဖူးစာ မဂ္ဂဇင်း အောက်တိုဘာ ၂၀၀၂


လူဇော်နဲ့ နီးစပ်ရာအသိုင်းအဝိုင်း

Thursday, August 27, 2009


graphic designer တဖြစ်လဲ ကဗျာဆရာလူဇော်သစ်ရဲ့ ကဗျာတွေပါ။ သူကိုယ်တိုင် အောက်ခြေမှတ်စုလေး တွေနဲ့ ကျွန်မဆီ တကူးတကပို့ပေးခဲ့တာပါ။ ကဗျာစုလေးတစ်ခု အဖြစ် ဖတ်နိုင်ပါတယ်။ ကျွန်မချစ်သောကဗျာများ မှာ တင်ထားပါတယ်။


မောင်ချောနွယ်ရဲ့ကောင်မလေး

Tuesday, August 25, 2009

ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်ရဲ့ ဘယ်မှာမှ ပုံနှိပ်ခဲ့ခြင်းမရှိသေးတဲ့ ကဗျာရှည်ပါ။ သူငယ်ချင်း တင်မင်းထက် ရဲ့ ရွှေဝါပြည် ဘလော့ဂ် ကနေ ကူးယူလာခဲ့တာဖြစ်ပါတယ်။ ကျွန်မချစ်သောကဗျာများ မှာပဲ ကဗျာမှတ်စုအနေနဲ့တင်ထားလိုက်ပါတယ်။ ရွှေဝါပြည် မှာ အခြားရှားပါး စာကဗျာတွေလည်း ဖတ်နိုင်တာမို့ နတ်လမ်းညွှန်လိုက်ရပါတယ်။

တစ်ညလုံးမအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး
မောင်ချောနွယ်


အတိမ်အနက်

Saturday, August 22, 2009


အတိမ်အနက်

စိတ်ကိုဖောက်ထွက်သွားတဲ့တရားက
ဓါးထက်စိုက်အားနက်ခဲ့တယ်…
ငယ်ရွယ်စဉ်အခါကမိုက်ရူးရဲ ဆေးမင်အရုပ်တွေကို
တရားကိုစောင့်သောနတ်အရောင်ခြယ်လိုက်တော့
ခပ်တင်းတင်းနဲ့ ပျိုးပြက်ပြက်လင်းလာတယ်။

စစ်ထိုးမှာမဟုတ်ပဲ နောက်ပြန်ဆုတ်ခဲ့တာပါ
သတ်ကွင်းထဲမှာ ငါ့မာနတွေကို ခဝါချခဲတာပေါ့
ထပ်မံငြင်းခုံစရာစကားလုံးတွေလည်းဆိတ်သုဉ်းသွားခဲ့
အဲဒီကန်ရေပြင်က နက်ရှိုင်းအေးစိမ့်နေလိုက်ပုံ။

မနော်ဟရီ



အတိမ်အနက်

အတွင်းထဲကိုတိုးဝင်အေးစိမ့်နေတယ် ...
အဲဒီအော်သံဟစ်သံတွေ
အ၀ီစိနဲ့ဘ၀ဂ်ကြားမှာပြည့်သိပ်နေခဲ့တယ် ....
တကယ်ချစ်ရင် ပန်းတစ်ပွင့်ပေးပါ ...
ခေါင်းရမ်းခတ္တာမရွေးနေပါနဲ့တော့ ခေတ်ပျက်ကြီးရယ် ...၊

သေနင်္ဂဗျူဟာ စကတည်းက
သေနေရတဲ့ အဖွင့်စာမျက်နှာမှာ အက်ရာတွေထည်လဲတွဲခဲ့တဲ့သူ ...
အခုလည်းမီးခိုးတိတ် ကြေကွဲနေပုံက
မီးကုန်ယမ်းကုန် နိုင်လွန်းတယ် ....၊

ခန္ဓာတစ်အိမ်တည်းနဲ့
အိမ်ခြေမဲ့နေတဲ့ဘ၀ ...
စေ့စေ့တွေးမှ ရေးရေးနာတယ် ...
လောကဓံက အဆန်တွေချည်းပဲ ....
ရေစီးတသံသရာ ရေသာချိန်မရှိ
ဒီလိုနဲ့ ...
ကာလနဂါးတွေ တစ်ရေးခဏခဏနိုးတယ် ...
(ဘုရားအဆူဆူလွဲတယ်)
ဒီမောဟက နောက်မောဟကိုမွေးစားတယ် ...
နေ့တာအတိုဆုံး
ဆောင်းတွင်းတစ်ခု ကောက်ရခဲ့တဲ့
အန္ဓတစ်ယောက်ရဲ့အရှုံးမှာ ...
ကြယ်တွေတောင်ကြွေဖို့အားမရှိတော့ဘူး ....။

Zephyr


Idea Magazine September Issue

Thursday, August 20, 2009


memorandom poem collection

Wednesday, August 19, 2009

ကဗျာဆရာ နောင်မင်းနိုင် ရဲ့မွေးနေ့အမှတ်တရ ထုတ်ဝေတဲ့ ကဗျာစာအုပ်လေးပါ။ ပါဝင်ရေးသားသူတွေနဲ့ နီးစပ်ရာခင်မင်သူတွေအတွက်ပဲ ကန့်သတ်ထုတ်ဝေတာလို့ဆိုပါတယ်။ ဒီစာအုပ်လေးကို ပို့ပေးတဲ့ ကဗျာ ဆရာလူဇော်သစ်နဲ့ pdf file ကနေ ဖိုင်ပြောင်းပေး ဖောင့်ပြောင်းပေးပြီးပြန်ပို့ပေးတဲ့ တင်မင်းထက် တို့ကို ကျေးဇူးတင်ပါတယ်။ ပါဝင်ရေးသားသူတွေက
နောင်မင်းနိုင်
လူဇော်သစ်
ညွန့်သစ်
ဝိုင်ချို
မောင်လင်းခက်
မောင်မျိုးမွန်
သျှီသူအောင်
တိုးနှောင်မိုး
အောင်ရင်ငြိမ်း
အေမွန်
ဇော်မိုးလွင်
မအိ
ကိုမြတ်ခိုင်ဦး
အောင်ပိုင်စိုး
စိုးထွဋ်
ဖျာပုံမောင်စန္ဒာ
သစ်အောင်ခိုင်
မင်းထက်ခိုင်
ဖွဲ့သီသစ်
လင်းသဏ်ညီ
မာန်ထက်သာ
မျိုးမင်းညိန်း
ညိုနွယ်ထွန်း
မင်းသန့်စင်
ဗညားလှိုင်ဦး
နီမျိုးထက်
ကေမျိုးငြိမ်း
စည်သူငြိမ်း
သူရနီ
..........................တို့ပါပဲ။ ကျွန်မချစ်သော ကဗျာများ မှာ တင်ထားပါတယ်။
ဒီစာအုပ်လေးကို pdf file နဲ့လိုချင်တယ်ဆိုရင် မြန်မာကျူးပစ်ဖိုရမ်မှာ သွားပြီး download လုပ်နိုင်ပါတယ်။ တဆက်တည်းပြောရရင် ဒီကျွန်မချစ်သောကဗျာများမှာတင်ခဲ့တဲ့ သုခမိန်လှိုင်ရဲ့ ဂျွန်လ၏မိုးရေစက်များ နဲ့ ဖော်ဝေး၊မောင်ချောနွယ်၊အောင်ချိမ့် တို့ရဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ တို့ကိုလည်း အဲဒီမှာ ebook အဖြစ် ရယူနိုင်ပါတယ်။ နောက် ကျွန်မရဲ့လုံးချင်းတချို့လည်း သူတို့ဆီမှာ ebook အဖြစ်တင်ထားတယ် လို့သိရပါတယ်။


အဖြူရောင်သက်တံတစ်စင်းနဲ့ ကျွန်မရဲ့ရောင်စုံသီချင်းတွေ

Saturday, August 15, 2009

နန်းညီ tag ထားတဲ့ ကျွန်မရဲ့ရောင်စုံတွေအတွက်.. ဒီပို့စ်အဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။



အဖြူရောင်သက်တံတစ်စင်းနဲ့ကျွန်မရဲ့ရောင်စုံသီချင်းတွေ


ခရမ်းရောင်သစ်သီး



ခရမ်းရောင်ရနံ့တွေနဲ့…နလံမထုနိုင်တဲ့ရက်စွဲတွေကို ပိုက်ဆံလုပ်တဲ့စက်စုတ်တစ်လုံးထဲ ပစ်ထည့်လိုက်တော့မှ.အတော်လေးဟန်ကျပန်ကျရှိသွားသယောင် ကိုယ့်ကိုယ်ကို လှည့်စားနိုင်တော့တယ်။ ဒါပေမယ့်ရလဒ်ကတော့အဆင်မပြေပါဘူး ။ ပိုပြီးစွတ်စိုဝင်းမှည့်လာတဲ့ ခရမ်းရင့်ရောင်သစ်သီးတွေပဲ ထွက်ကျလာတယ်။ မကြာခင် အမှည့်လွန် ပျက်စီးသွားမှာပါ လို့….ထင်ရပေမယ့်ခုဆို..သက္ကရာဇ်တွေ တော်တော်တောင်ညောင်းသွားပြီ။ ခုထိ…. ဒီအတိုင်း။
ကျွန်မ အဲဒီသစ်သီးတွေကိုကြည့်ပြီး အစားမစားဖြစ်တာ တော်တော်တောင်ကြာသွားပြီ။ အရောင်တွေ၊ ရနံ့တွေရဲ့နှိပ်စက်ကလူပြုတာကိုလည်း ကျွန်မမခံစားနိုင်ဘူး။ နိုင်လိုမင်းထက် မဟုတ်ပါပဲနဲ့ကို တငွေ့ငွေ့သိမ်းသွင်း လှည့်ဖျား နှစ်မြှုပ်ထားခဲ့ကြတာ။ အံ့သြစရာ။
အိပ်မက်တွေကလည်း ၀ရုန်းသုန်းကားနဲ့ ခရမ်းရောင်တွေချည်း သွန်းကြဲပက်ချနေကြပြန်တယ်။.ခရမ်းရောင်သစ်သီးတွေကို နှစ်လိုစွာစားနေတဲ့ ကောင်မလေးတစ်ယောက်။ ‘ဟေ့…ဟေ့ ရပ်လိုက်’ ။ကျွန်မကို ထုံပေပေယုန်တစ်ကောင်လို ပြန်ကြည့်နေတဲ့ ကောင်မလေးနှုတ်ခမ်းမှာ…ခရမ်းရောင်တွေ စွန်းပေလို့။…တစ္ဆေမလှလှလေး တစ်ကောင်ရဲ့ နှုတ်ခမ်းလိုပဲ။ လှနေလိုက်တာ။ သိပ်ကြောက်စရာကောင်းတာဘဲ။ လန့်နိုးတော့ကျွန်မတစ်ကိုယ်လုံးအေးစက်လို့။
သံခြေကျင်းသံတွေဝဲနေတဲ့ခြေလှမ်းတွေက ဘယ်ကိုရောက်နိုင်မယ်လို့များ ရှင်ထင်လို့လဲ။ ကျွန်မ ပက်ပက်စက်စက် မုန်းပစ်ချင်လောက်အောင် နှစ်လိုမိတဲ့ရနံ့တွေထဲမှာပဲ လဲကျန်ရစ်ခဲ့ရ ပြန်တာပါပဲ ။ နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားရင်းက မုန်းမုန်းနေမိတဲ့ ခြေလှမ်းတွေနဲ့ ရက်ရက် စက်စက်မုန်းဖို့ကြိုးစားရင်းက နှစ်လိုနေမိတဲ့ ရနံ့တွေရဲ့ တိုက်ပွဲမှာ ကျွန်မဟာ သွေးအေးတဲ့ ဒိုင်သူကြီးတစ်ယောက်ပမာ…ဟန်ဆောင်ကောင်းလို့။ လက်ခံရရှိလိုက်တဲ့. အော်စကာရုပ်တုပေါ်က မျက်ရည်စက်တွေ ကတော့ ကျရှုံးမှုရဲ့သက်သေဖြစ် နေပေမယ့် ဘယ်သူမှ မမြင်လိုက်ကြပါဘူး။

I.N.D.I.G.O


မပွင့်ဖြစ်ခဲ့တဲ့ ရနံ့တစ်ချို့အကြောင်း ပြန်စဉ်းစားလိုက်တဲ့အခါမှာ အပြာရောင်လွင်လွင် သစ်ခွပွင့်တချို့ကို ပြန်သတိရမိတယ်။ ဘ၀မှာဘယ်တုန်းကမှ ပန်ဆင်ဖို့ စိတ်မကုးဖြစ်ခဲ့တဲ့ လွင်ပြင်ကမ္ဘာတွေနဲ့..တရင်းတနှီးကြီးကျွမ်းဝင်လာခဲ့ရတာ..ဘာလို့လဲ။.တစ်ခါတစ်ခါတော့လည်း အဲဒီရင်းနှီးပြီးသား ကံကြမ္မာဆိုတာကြီးကို ထိုင်ထိုင်ကြည့်ပြီး သူစိမ်းတစ်ရံစာ ဆန်ဆန်နေမိတာ..ဘာဆန်းတော့လို့လဲ။ ဘ၀ဟာ သိပ်ပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားဆန်မနေဖို့ ၊ အမြဲတမ်းဆန်းသစ်ပြောင်းလဲ ပစ်နေရတာတဲ့လား ။ ကျွန်မပျင်းလှပြီ။ အဲဒီမဲပြာရောင် ပိတ်ကားကြီးကို ၀ုန်းကနဲ ပစ်ချလိုက်ရင် တကယ်ပဲ ပြည်ဖုံးကားကျသွားမှာတဲ့လား။
‘ဒါဆိုခပ်သွက်သွက်ကလေး ၊ ဟေ့လူ….. လုပ်လေ…ဘာလုပ်နေတာလဲ’
အရောင်စုံလှပနေတဲ့ ဆပ်ပြာပူဖောင်းတွေလို အဲဒီစာကားလုံးတွေ ပေါက်ကွဲလွင့်မျော ပျောက်ဆုံးသွားတယ်။
လှလှပပလေး၊…..လေထဲမှာ။

အပြာရောင်ဒိုင်ယာရီ


ကျွန်မက စကားတွေတရစပ်ပြောနေရင် မော့ကြည့် နားထောင်နေတတ်ပြီး ကျွန်မ ခံစားမှုတွေနဲ့ဖိစီး လေးလံလာရင်တော့ သူကကောင်းကင်တစ်ခုလို အုပ်မိုးပေးထားတတ်တယ်။ ကျွန်မရဲ့စကားလုံး တွေပြာရီ မှုန်မှိုင်းလာပြီဆိုရင်တော့ သူက အဲဒီစကားလုံးတွေကို တစ်ခါမှမမြင်ဖူးတဲ့အရောင်တစ်ရောင်ကိုတွေ့သလို ငေးမောနေတတ်ပြန်ရော။
တစ်ခါတစ်ရံမှာ သူ့ရင်ထဲက စကားလုံးပြာပြာတွေ ထွက်ထွက်ကျနေတတ်လို့ လိုက်လိုက် ကောက် ပေးရတတ်တယ်။ အဲဒီအခါမှာသူနဲ့ကျွန်မစိတ်ကောက်တတ်ကြပါတယ်။ လျို့ဝှက်မှုအက်ဥပဒေကို မထိမ်းသိမ်းဘူးဆိုတဲ့ ပုဒ်မကြီးကြီးနဲ့ ကျွန်မက သူ့ကိုစွပ်စွဲပြီး သူက ကျွန်မကိုနှစ်သိမ့်ဖို့ စကားလုံးတချို့ကို ထုတ်ထုတ်ကြည့်မိတာပါလို့ ကာကွယ် ငြင်းဆိုတယ်။
အဲဒီလို ညတွေမှာဆိုရင် အပြာရောင်မင်တွေနဲ့ရေးထားတဲ့ စကားလုံးတွေ အခန်းထဲမှာ ပွစာကျဲလို့။ တံမြက်စည်းတစ်ချောင်းနဲ့ ကျွန်မကစိတ်လိုက်မာန်ပါ လှဲထုတ်နေပြီးဆိုရင် သူ ကျွန်မကို ပြုံးကြည့်နေတတ်တယ်။ မောမောနဲ့ ကျွန်မအိပ်မောကျသွာပြီးလို့ မိုးလင်းပြီဆိုရင်တော့..ကျွန်မအခန်းလေးနေ ရောင်ခြည်အသစ်တွေနဲ့အတူ လင်းစင်နေတာကိုတွေ့ရတတ်တယ်။ သူကစကားလုံးအကြွင်း အကျန်တွေကိုကျွန်မ မသိအောင်ရှင်းလင်းပစ်လိုက်ပြီလေ။
‘ဘ၀ဆိုတာ…..ဒီလိုပါပဲ’………….တဲ့။သူကကျွန်မကိုတည်ငြိမ်စွာပြောတယ်။ ကျွန်မကတော့ နေ့သစ်တစ်ခုကို ဇဝေဇ၀ါကြည့်ရင်း ညကလှဲကျင်းထုတ်ပစ်လိုက်တဲ့ စကားလုံးတွေအကြောင်းတွေးနေမိသေးတယ်။သူပြောတဲ့ ဒီလိုပါပဲ ဆိုတဲ့အထဲမှာ ဇဝေဇ၀ါနဲ့ အတိတ်တွေကို ပြန်ပြန် စဉ်းစားနေမိတတ်တာရော ပါလားမသိဘူး၊ ကျွန်မ မမေးဖြစ်လိုက်ဘူး ။
Jim Reeves ကတော့ ipod ထဲကနေအော်နေတယ်။
'Blue Skies, smiling at me
Nothing but blue skies do I see
Blue birds, singing a song
Nothing but blue birds, all day Long
I never saw the sun shines so bright
Never saw things going so right' တဲ့
သိပ်ရယ်ရတာပဲ။
အဲဒီသီချင်းပြောပါတယ်။ ကျွန်မလွမ်းဆွတ်နေတဲ့အပြာရောင်မျက်ဝန်းတစ်စုံအကြောင်းလည်းမပါဘူးလေ။



အစိမ်းရောင်ဒဏ်ရာ


ဒဏ်ရာက ရထားတာ အတော်လေးကြာနေပြီဆိုပေမယ့် အဲဒီဒဏ်ရာကျက်မကျက် ကျွန်မမသိဘူး။ ခဏခဏလှမ်းမေးနေရတာ ကြာတော့လည်း ကိုယ့်ကိုယ်ကို အားနာလာတယ်။ ရာဇ၀င်တွေကို ပြန်ပြန်မေ့တတ်တဲ့ ကျွန်မရဲ့မှတ်ဥာဏ်က အဲဒီဒဏ်ရာကို ဘယ်လိုရခဲ့မှန်းမသိတော့ဘူး။ အမြဲစိမ်းသစ်တောကြီးတွေဆီကကူးစက်တာလား။ ကျောင်းသူလေးတစ်ယောက်ရဲ့ဝတ်စုံကနေထိခိုက်မိခဲ့တာလား။ အစိမ်းရောင် သစ်သီးတစ်လုံးကြောင့်လား။ ဘာမှသိပ်မသဲကွဲတော့ဘူး။
ဖြစ်ရပုံက အစိမ်းရောင်သန်းနေတဲ့ အဲဒီဒဏ်ရာကိုကြည့်ပြီး ကျွန်မက ပြန်လည် လန်းဆန်းလာတတ်တာဆိုတော့ ဒဏ်ရာက မကျက်တော့တာဆန်းသလား။ ကျွန်မဖြတ်သန်းခဲ့တဲ့ သစ်တော လမ်းလေး ပေါ်က အစိမ်းရောင် ရက်စွဲတချို့ကိုကျပြန်တော့ သိပ်မကောင်းလှတဲ့ ကျွန်မရဲ့ ဦးနှောက်က စွဲမိစွဲရာ
ဆိုသလို အမှတ်ရနေပြန်တယ်။ ဒီဒဏ်ရာလေး ဘယ်လိုရခဲ့သလဲ မသိတာကလွဲရင်ပေါ့။
စိမ်းရွှေရွှေနံ့ရတဲ့ မျက်လုံးတွေကို ရှောင်ဖယ်လို့မရတတ်တဲ့အခါတိုင်း ကျွန်မ အဲဒီဒဏ်ရာလေးကို ငုံ့..ငုံ့ကြည့်မိတယ်။ ဒဏ်ရာလေးကတော့ ကျွန်မကိုစိမ်းစိမ်း ကား ကားဆက်ဆံမြဲပါပဲ။ သူ့ကြည့်ရတာ ကျွန်မ ဆီကနေဘယ်သောအခါမှခွာသွားမယ့်ပုံလည်းမပေါက်ဘဲနဲ့ ကျွန်မနဲ့ ကျတော့လည်း ငြိမ်းချမ်းရေးယူချင်ပုံ မရပြန်ပါဘူး။ တစ်ခါတစ်ရံမှာ စိမ်းဆတ်ဆတ်နဲ့ ကျွန်မကိုအသက်ရှုကြပ်စေပြန်သေးတယ်။
မိုးစက်တွေကျလာတဲ့အခါ သူကရောယောင်ငိုတယ်။ နှင်းငွေ့တွေစွတ်ဆိုလာတဲ့အခါ သူက ငေးငိုင်လွမ်းမောနေပြန်ရော။နွေရာသီရောက်ရင်တော့ သူဟာ ခေါင်းထောင် ကြည့်တတ်ပါတယ်။ ပြီးရင်တော့သူ့ဘာသာသူ စိမ်းမြဲစိမ်းဆဲပါပဲ။

အ၀ါရောင်ပန်းချီကား


သေချာပါတယ်။ တော်ရုံဦးနှောက်လောက်နဲ့ကတော့ လူရာဝင်အောင် မှတ်ထားတတ်တဲ့ ဗန်ဂိုး ရဲ့ပန်းချီကားတွေလောက်ပဲ သူတို့ခေါင်းထဲ ခုန်ပေါက်ဝင်လာကြမှာ။ တချို့လူတွေက အံ့သြပြချင်စရာကောင်းလောက်အောင်. ၀ါတာတာ နိုင်လွန်းတယ်။ ကျွန်မရဲ့ ပန်းချီကားထဲ မှာ..ဘာနေကြာပန်းမှ မပါပါဘူး၊ဗန်ဂိုးရဲ့ အ၀ါလည်းမဟုတ်ဘူး။ ပိတောက်တွေလူးတဲ့ ရွှေရည်မျိုးလည်း မဟုတ်ပါဘူး။(တုံးလိုက်တာ)
အ၀ါရောင်လူတွေကို စိတ်ရှိလက်ရှိ ပြွတ်ကြပ်ညပ်နေအောင် ဖိသိပ်ရေးဆွဲထားတာ။
တစ်ကားလုံးဝါလို့။ အဲဒီ အ၀ါဟာ ညှီတီတီတော့အရှိသား။ အနံ့အသက်ဆိုးတွေကို တော်ရုံမရတတ်တဲ့ ကျွန်မ အတွက်တော့ အဆင်ပြေပါတယ်။ ရှင်တို့ကတော့ တဆိတ် သည်းခံ ပေးကြပေါ့။ အနည်းဆုံး…နှာခေါင်းလောက်တော့ ရှုံ့နိုင်ပါတယ်။ သံခင်းံတမန်ခင်းအရ လက်ဝါးနဲ့တော့ မအုပ်မိစေနဲ့ပေါ့။ Diplomacy ဆိုတာကြီးကို ကိုယ်ကမသိတောင် သူများတွေ သိနေတယ် ဆိုတာလောက်ကိုတောင်မှ ..မသိတဲ့သူတွေအတွက်တော့ ကျွန်မ ပန်းချီကားက..တော်တော်လေး..သရော်တော်တော်နိုင်နေပါလိမ့်မယ်။ ‘လောကမှာဘာမှမသိတဲ့လူဟာဘာမှသိပ်ရှက်စရာမလိုပါဘူး’……..တဲ့။
ဘယ်သူမှပြောခဲ့တာမဟုတ်ပါဘူး ။ ကိုယ့်ဘာသာကိုယ်မနေ့ညကပဲ ပုလဲကွန်ဒိုအောက်က
Asia Light နားမှာကောက်ရခဲ့တာ။ ပိုင်ရှင်တွေ့ရင်တော့ပြန်ပေးမှာပါ။ ဒါပေမယ့်သက်သေ အထောက်အထားပြခိုင်းတဲ့အခါမှာ အဲဒီစကားလုံးတွေဟာ အ၀ါရောင်တွေ လို့တော့မလိမ်မိစေနဲ့ပေါ့။ ကျွန်မက ညှီနံ့တွေနဲ့ ယဉ်ပါးနေတာတောင်မှု ဇီဇာတော့ ကြောင်တတ်သေးတဲ့…ခပ်ကြောင်ကြောင်လူတစ်ယောက်ပါ။


လိမ္မော်ရောင်အကျီ င်္


တကယ်ဆိုအဲဒီအကျီ င်္က၀တ်ဖို့မဟုတ်ခဲ့ဘူး။ ရွှန်းစိုနေတဲ့ လိမ္မော်သီး လှလှကြီးတွေ ပါတာမို့ သိပ်အရသာရှိမှာပဲ ဆိုပြီး ၀ယ်သိမ်းထားလိုက်တာပါ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တစ်ခါမှမမှည့်နိုင်တဲ့ လိမ္မော်သီးတွေကိုကြည့်ပြီး ကျွန်မနာကျင် လာတယ်။
‘အဲဒါဘာလဲ’
‘အကျီင်္တစ်ထည်ပေါ့’
‘ဟင့်အင်း….လိမ္မော်သီးတွေပါ’
‘မယုံရင်ရှင်ဝတ်ကြည့်ပါလား၊..ဒါပေမယ့်အခုထိတော့မမှည့်သေးဘူး’
‘အကျီင်္ဆိုတာ..မှည့်စရာမလိုပါဘူး’
‘လိမ္မော်သီးတွေကလည်း…၀တ်ဖို့မလိုပါဘူး’
မေးခွန်းတွေ သယ်လာသောသူတစ်ယောက် သူ့မေးခွန်းတွေပြန်ကောက်သိမ်းကာ လာရာလမ်းအတိုင်း..ပြန်သွားတာတွေ့လိုက်ရသည်။သူ့နောက်မှ လိမ္မော်ရောင် အကျီတစ်ထည်တလိမ့်လိမ့်နှင့်ပါသွားတာ…သူမသိလိုက်။
လိမ္မော်ရောင်ဟာ ချိုမြိန်တဲ့အရောင် မဟုတ်တာ သေချာပါရက်နဲ့ အဲဒီအကျီ င်္
ပေါ်မှာ ပုရွက်ဆိတ် တကောင်ကို တအံ့တသြ တွေ့လိုက်ရသေးတယ်။

အနီရောင်ရက်စွဲ


အဲဒီမနက်က ပန်းတွေ လုံးဝမပွင့်ခဲ့တာ သေချာကြောင်း သက်သေပြဖို့ ကျွန်မမှာ အချက်
အလက် တစ်စုံတစ်ခုမှ အသင့်ရှိမနေခဲ့ပါဘူး။ သေချာတာကအဲဒီနေ့မှာလူတစ်ယောက်
သေဆုံးသွားခဲ့ပြီး…အဲဒီလူက ကျွန်မကိုယ်တိုင် ဖြစ်နေတာပါပဲ။အဲဒီလူဟာ ကျွန်မဖြစ်ကြောင်း သက်သေပြဖို့ဆိုရင်တော့. အတော်ကို ခက်ခဲပါလိမ့်မယ်။
ကျွန်မရဲ့ ID card မှာ မင်နီတွေ စွန်းနေခဲ့လို့ပါ။
ပန်းစည်းနီနီတွေ၊ ပန်းပွင့်နီနီတွေက အဲဒီဈာပနဆီ အုပ်ဖွဲ့ပျံသန်းလာခဲ့ကြတယ်။
စံပယ် တစ်ပွင့် တစ်လေတောင်မှ ယောင်ယမ်းပြီး မမွှေးမြခဲ့တာတော့ကြံစည်မှု
တစ်ခုခုပါဝင်လိမ့်မယ် ထင်ပါရဲ့။တကယ်တော့ အဲဒီနေ့က နေမသာခဲ့ပါဘူး။
ဟန်ဆောင်ပန်ဆောင် မိုးခြိမ်းသံတစ်ချို့ကိုတော့ ကြားလိုက်ရတယ်။
ရွာချလိုက်ဖို့ ဘာအင်အားမှမရှိဘဲနဲ့ဘာလို့များ အပင်ပန်းခံနေတာပါလိမ့် ။ မျက်ရည်တစ်စက်မှ မပါဝင်တဲ့ ဈာပနလေးဟာ ခြောက်ခြောက် သွေ့သွေ့လေးနဲ့ စွတ်စိုပြီးဆုံးသွားပါလိမ့်မယ်။
ကျေးဇူးပြုပြီး ကျွန်မကို စံပယ်အဖြူရောင် တစ်စက်လောက် ပေးကြပါ။
နီမြန်း စူးရှနေရတာ ကျွန်မ ပင်ပန်းလှပါပြီ။
နေ၀င်သွားခဲ့ရင်တော့ အဲဒီနေ့ဟာ သူ့အလိုအလျောက် ပြီးဆုံးသွား ပါလိမ့်မယ်။ သမိုင်းတင်စရာမလိုတဲ့ ရက်စွဲတစ်ခုလည်းဖြစ်တာမို့ သူ့အလိုလို အငွေ့ပျံပြီး ပြီးဆုံးသွားပါလိမ့်မယ်။ အရာအားလုံးကို ဟန့်တားနိုင်စွမ်းတဲ့ အနီရောင်ဟာ သေခြင်းတရားကိုတော့..ငေးမောကြည့်နေခဲ့ရပါတယ်။

အဖြူရောင်သက်တံ


ဆူညံပေါက်ကွဲနေသော အရောင်များ ငြိမ်သက် မောဟိုက်သွားကြသောအခါ အဖြူရောင်
သက်တံတစ်စင်းကို မြင်လိုက်ရသည်။ ထိုသက်တံကို ကျွန်မ မပိုင်ပါ။
ရှိနေသော မရှိခြင်းတရားကို ကျွန်မတို့ အဘယ်မှာ ပိုင်ဆိုင်နိုင်မည်နည်း။ ဖြူမှုန်လင်းဝေနေသော သက်တံ တစ်စင်းက ငုံ့ကိုင်း ကြည့်လိုက်သောအခါ ကမ္ဘာသည်………………..။

စာကြွင်း
စာမူပြီးဆုံးရက် - မုန်တိုင်းစဲပြီးသောနေ့
ပါဝင်သောအရာများ - နှလုံးသားခံစားမှု ၂၅%

ဦးနှောက်နှင့်အတတ်ပညာ ၂၅%

အနုပညာ ၅၀%

မှတ်ချက် - စိတ်ခံအားမကောင်းသူများ၊ နှလုံးရည်အားနည်းသူများ၊ မစ္ဆိယစိတ်များသူများနှင့်
အသိဥာဏ်နုံ့နဲသူများနှင့်မအပ်စပ်ပါ။ တားမြစ်သည့်ကြားမှဖတ်မိပါက ကျွန်မတွင်တာဝန်မရှိပါ။


တစ်ခါတုန်းက မှော်ဆရာ

Thursday, August 13, 2009


တစ်ခါတုန်းက မှော်ဆရာ
တချိန်တုန်းက မှတ်မှတ်ရရပြောရရင် ၁၉၉၀ ရာဇဝင်များရဲ့ သတို့သမီးမထွက်ခင် အချိန်က မဂ္ဂဇင်းတစ်အုပ်ထဲမှာပါခဲ့တဲ့ ထူးအိမ်သင်ရဲ့ စကားတွေကို ကူးထားခဲ့တာပါ။ ဘာလို့ ဒီစကားလုံးတွေကိုမှရွေးကူးခဲ့မိလဲဆိုရင် ကျွန်မ ကိုယ်၌ကလည်း ဧရာဝတီကို ချစ်ခဲ့ဖူးသူတစ်ယောက်မို့ပါပဲ။ ချစ်တဲ့ ဧရာဝတီကို ပြည်မြို့ မြစ်ကမ်းနဖူးပေါ်ကနေငေးရင်း ဧရာဝတီနဲ့ပတ်သက်တဲ့ အနုပညာတစ်ခုခုတော့ဖန်တီးကြည့်ချင်ခဲ့ဖူးတယ်။ ခင်ဝမ်းရဲ့ ဧရာဝတီကိုဆိုညည်းရင်း…။တကယ့်တကယ်ကျတော့ ဧရာဝတီရဲ့ညှို့ငင်နိုင်စွမ်းတဲ့သမိုင်း ဟာ ကျွန်မကို လက်လျှော့သွားစေခဲ့ပါတယ်။ ဟုတ်တယ်။ ကျွန်မမှာ ဖွဲ့စရာ စကားလုံး တွေထိုက်တန်တယ်လို့မထင်မိအောင်ကို ရှားပါးကွယ်ပျောက်နေခဲ့ရတယ်။ဘယ်လို မြင့်မြတ်ခြင်းဖွဲ့စာလုံးတွေနဲ့ နှိုင်းဆင့်ရမှန်းမသိစေခဲ့တဲ့ ဧရာဝတီ……
နောက်တော့ ကိုငှက်(ထူးအိမ်သင်)ရဲ့ ရာဇဝင်များရဲ့ သတို့သမီး ဆိုတာထွက်လာတယ်။ ဒီအင်တာဗျူးဆန်ဆန်စာစုဟာ အဲဒီခွေမထွက်ခင်ကပါ။ ဒီစကားလုံးတွေမြင်လိုက်ရတဲ့အခါ ကျွန်မ မြောက်တက်သွားမတတ်ခံစားလိုက်ရတယ်။ ဧရာဝတီနဲ့ ကျွန်မတို့ အမိနိုင်ငံရဲ့ အသက်သွေးကြောနဲ့ ထိုက်တန်တဲ့ မှော်ပေါက်နေတဲ့ စကားလုံးတွေ…။ဘယ်လို လေးမြတ်ခြင်းဝိညာဉ်တွေကများ သူ့ကို ပူးကပ်ငြိတွယ်ခဲ့ပါသလဲ။ ဒီလို မှော်ပေါက်နေတဲ့ စကားလုံးတွေ သံစဉ်တွေကို ဘယ်ကများရပါသလဲ။ ကောင်းကင်တော်က အလိုရှိခဲ့တဲ့ သတို့သမိးတစ်ယောက်အတွက် ထိုက်တန်ရာ စကားလုံးတွေ ဘယ်လိုများ သူ့ရင်ထဲ ကိန်းအောင်းနေခဲ့တာလေလဲ။ သေချာတာကတော့ ထပ်မံဖွဲ့နွဲ့စရာ အကြောင်းမရှိဆိုတာ ပါပဲ။
မနော်ဟရီ


ကွယ်လွန်ပြီးသောအိပ်မက်များ…. ထာဝစဉ် လဲလျောင်းအိပ်စက်ရာ က္ကုနြေ္ဒကြီးမားလွန်တဲ့ ဒီမြေမှာတို့ရဲ့သွေးတွေ ဖြတ်သန်းရင်းစီးဆင်း သူဟာ ရာဇဝင်များရဲ့ လျို့ဝှက်ချက်ကိုသိမ်းဆည်းထား ဧရာဝတီ……..





ရာဇဝင်များရဲ့သတို့သမီး
၁၉၇၀ပြည့်နှစ်တုန်းက မြန်မာ့အသံအင်္ဂလိပ်ပိုင်အစီအစဉ်မှာ လွှင့်တဲ့ Pussy Cat ရဲ့ Mississippi ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ကိုအရမ်းစွဲလန်ခဲ့ဖူးပါတယ်။ Mississippi မြစ်ဝှန်းသားတွေ သူတို့ရဲ့ ဒီမြစ်ကြီးကို ဘယ်လိုများရင်ခုန်ခဲ့ပါသလဲ။ ကျွန်တော်လည်း ဒီသီချင်း လေးကို နားထောင်ရင်း လိုက်ဆိုရင်းနဲ့ ကျွန်တော်ကိုယ်တိုင်မမြင်ဖူး မတွေ့ဖူးးတဲ့ Mississippi မြစ်ကြီးကိုရင်ခုန်ခဲ့ရတယ်။ ကျွန်တော်သီချင်းစရေးတဲ့အချိန် ကတည်းက တစ်နေ့နေ့ကျရင် ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးကို သီချင်းတစ်ပုဒ်ဖြစ်အောင် ရေးဖွဲ့မယ်လို့ အမြဲအိပ်မက်မက် ခဲ့ပါတယ်။ ဒါပေမယ့် ဧရာဝတီရဲ့ရင်ခုန်သံကို ပီပီပြင်ပြင် ဖမ်းဆုပ်နိုင်စွမ်း ကျွန်တော့်မှာမရှိခဲ့တဲ့အတွက် ဧရာဝတီဟာ ကျွန်တော့်ရင်ထဲမှာပဲ တိုးတိုးတိတ်တိတ် စီးဆင်းနေခဲ့ရပါတယ်။ အဲဒီရင်ခုန်သံ ဟာ တစ်ခါတစ်လေတော့ တိုးတိုးသဲ့သဲ့ တစ်ခါတစ်လေကျတော့ ကျယ်ကျယ်လောင်လောင်နဲ့ ဒီလိုနဲ့ပဲ အချိန်တွေအများကြီး ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပေါ့။
၁၉၈၆(ပုဂံ)
ဒီဧရာဝတီမြစ်ကြီးရဲ့ မြစ်ဝှန်းမှာ ကျွန်တော်တို့ ဘိုးဘေးတွေ ရှေးမျိုးဆက်ဟောင်းကြီးတွေ ဘယ်လိုများတောက်ပတဲ့ ယဉ်ကျေးမှုမျိုးတွေထူထောင်ခဲ့ကြပါသလဲ။ ဘယ်လိုများ ရွှေရောင် တောက်စားတဲ့ မြို့ပြအဆောက်အဦတွေပါလိမ့်၊ဘယ်လိုများ ခိုင်ခံ့ခဲ့တဲ့ နိုင်ငံတော်တွေပါလိမ့်။ ဘယ်လိုကြံ့ခိုင်သန်မာတဲ့ အင်အားတွေပါလိမ့်..။သေချာတာတစ်ခုကိုတော့ ကျွန်တော် ပြက်ကနဲ မြင်လိုက်ရတယ်။ဧရာဝတီမှာ ရာဇဝင်ရှိတယ်…ဆိုတာပဲ။ ကျွန်တော့်ထက် အရင်လူတွေ ဧရာဝတီကို ရင်ခုန်ခဲ့ကြဖူးပါပြီ။ မြန်မာ့အသံက မြစ်ကြီးဧရာဝတီ တို့ ၊ကိုခင်ဝမ်းရဲ့ ဧရာဝတီ တို့ ကျွန်တော်တို့ခံစားဖူးကြပါပြီ။ ဒါပေမယ့် ကျွန်တော့် ဧရာဝတီရဲ့ ရင်ခုန်သံက သူတို့နဲ့မတူဘူး။ ကျွန်တော်က ဧရာဝတီကို အရင်လူတွေနဲ့ မတူခြားနားပြီးမြင်တယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပါ။ ကျွန်တော်တို့ရဲ့ သွေးကြော ကြီးပါ။ ဒီဧရာဝတီ မြစ်ဝှန်းမှာပဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးမိဘတွေ ရှေးမြန်မာကြီးတွေ …… သူတို့ရဲ့ ကြီးကြမ်းမောက်မာသလောက် သိမ်မွေ့နူးညံ့တဲ့ နှလုံးသားနဲ့ သန်မာကြံ့ခိုင်သလောက် ပြောင်းညွတ်တဲ့လက်ရုံးတွေနဲ့ ..တောက်ပတဲ့ ယဉ်ကျေးမှုတွေ ခမ်းနားတဲ့ မြို့ပြနိုင်ငံတွေ ထူထောင်ခဲ့ကြတယ်။ ဒီမြေ ၊ဒီရေ၊ကိုပိုင်ဆိုင်ဖို့ အတွက်၊ကာကွယ်ဖို့အတွက် သွေးမြေကျ စစ်ပွဲ ကြီးတွေ ဒီမြစ်ဝှန်းမှာ ခင်းကျင်းခဲ့ပါတယ်။ ဧရာဝတီရဲ့ သူရဲကောင်းတွေ ဒီမှာပဲ မွေးဖွား ဒီမှာပဲ စတေးပြီ ဧရာဝတီရဲ့သမိုင်ကို ခိုင်ခံ့အောင် ဆောက်တည်ခဲ့ကြတယ်။ ရာဇဝင်တွေ တစ်ခုပြီးတစ်ခု ဟောင်းသွားကြတယ်။ တစ်ခုပြီး တစ်ခု သစ်လာကြတယ်။ ဧရာဝတီက ရာဇဝင်များစွာရဲ့ သတို့သမီး ၊ကျွန်တော်တို့ရဲ့ မိခင်၊ ကျွန်တော် တို့ရဲ့ ဝိညာဉ်ပါပဲ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုကြားမှာ ဧရာဝတီရဲ့ ရာဇဝင်သစ် တွေအတွက် ကျွန်တော် ကြိုဆိုရင်း ရင်ခုန်ရပါတယ်။
ထူးအိမ်သင်



နောက်တစ်ခုက အမေ့ရဲ့ဒုက္ခအိုးလေး။ ထင်းရူးပင်ရိပ်ကို ဖတ်စဉ်က ဒိကဗျာအတွက် ဒီလောက် တနင့်တသီး မခံစားခဲ့လိုက်မိတာဘာကြောင့်လဲလို့ ပြန်တွေးမိတဲ့ထိ ဖြစ်သွားခဲ့ ဖူးတယ်။ ကျွန်မတို့အားလုံးဟာ တကယ့်ကို အမေ့ရဲ့ ဒုက္ခအိုးကလေးတွေ ဖြစ်ခဲ့ကြတယ်။ အထူးသဖြင့် အနုပညာ ဆိုပြီး ဖက်တွယ်ရူးသွပ်ခဲ့ကြတဲ့သူတွေပေါ့။ ကျွန်မတို့မှာ ပိုင်ဆိုင် တာဆိုလို့ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ပွက်ပွက်ထ အနုပညာသွေးတွေပဲ မာနအဖြစ် ပိုင်ဆိုင်ထားခဲ့ကြတယ်။ ဘယ်လိုလူတွေရဲ့နားလည်မှုကများ ကျွန်မတို့ရဲ့ အနုပညာတွေ ကိုဖြတ်သန်းစီးဆင်းသွားနိုင်မှာတဲ့လဲ။ အမေ ပဲပေါ့ ။ အနုပညာကို မဟုတ်သည့်တိုင် ဒီမာနတွေကို မက်တွယ်နေတဲ့ သူတို့သားသမီးတွေကိုတော့ သူတို့ ခွင့်လွှတ်စိတ်နဲ့ နားလည်ပေးချင်နေတတ်ခဲ့ကြတယ်။ ကိုယ်တိုင်မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ပိုပြီး နားလည်လာခဲ့တယ်။

ပိုက်ဆံတစ်ပြားမှမရှိတယ်။သူသိက္ခာရှိချင်သေးသတဲ့…ကျွန်မတို့ဟာ ပိုက်ဆံရှိချင်တဲ့ သူတွေမဟုတ်ဘူးအမေ ..လို့ ဘယ်လိုခွန်အားနဲ့ ဒီနေ့ခေတ်ကာလမှာငြင်းဆိုကြမလဲ။ တစ်ခါတစ်လေ commercial art ဆိုတဲ့စကားလုံးကြီးတွေကိုတွင်တွင်သုံးပြီး ဖြစ်ချင်တာ နည်းနည်းမကလျှော့ မဖြစ်ချင်တာတွေခပ်များများထည့်ပြီး စကားလုံးအတုတွေနဲ့ ရဲရင့်ပစ် လိုက်ရလို့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ခဲ့ကြတဲ့သူတွေထဲ ကျွန်မလည်းပါမယ်ထင်ပါတယ်။ ပါဝင်ခွင့် မရတဲ့ အနုပညာသမားစစ်စစ်တွေကိုလည်း ဒီနေရာကနေဥိးညွတ်လိုက်ပါတယ်။
မနော်ဟရီ




အမေ့ရဲ့ ဒုက္ခအိုးလေး (မွေးနေ့) အမေ့ရဲ့ ဒုက္ခအိုးလေးမွေးနေ့မှာ ဖြစ်နိုင်ရင် အမေ့ကို နှုတ်ခွန်းဆက်ချင်ပါတယ် အမေ.. ဒီခေတ်အပေါ် ကြင်နာမှုကင်းစွာ ကိုးကွယ်တာကို သူ အမေ့ဆီက အမွေရခဲ့ခြင်းပါ။
ယက်ဗ် တူရှစ် (ရုရှစာဆို) မောင်သာနိုးမြန်မာပြန်

ဒီကဗျာလေးကိုဖတ်ပြီး ကျွန်တော် တော်တော်ခံစားရပါတယ်။ တကယ်ပဲ ကျွန်တော်အပါအဝင် ကျွန်တော်တို့သူငယ်ချင်းတွေ လူငယ်တွေ တော်တော်များများဟာ အမေ့ ဒုက္ခအိုးကလေးတွေ ဖြစ်နေကြတယ်။ သိပ်ကံကောင်းတဲ့ ဒါမှမဟုတ် သိပ်တော်တဲ့လူတချို့ကလွဲရင်ပေါ့။ အမေတို့ ယုံကြည်သလို၊မျှော်လင့်သလိုလည်းမဖြစ်၊ ကျွန်တော် မျှော်လင့်သလို၊ယုံကြည်သလို လည်းမဖြစ်တဲ့ ကျွန်တော်တို့ပါပဲ။ ဒီကြားထဲ ကိုယ်ယုံကြည်ရာကိုပဲ စွဲမြဲချင်သတဲ့။ ခေါင်းကလည်း မာလိုက်သေးရဲ့..။အသက်တွေ တဖြည်းဖြည်းကြီးလို့လာတယ်။ ကျွန်တော့်အိပ် မက်တွေကတော့ မပြောင်းမလဲ။။ဒီအတိုင်းပဲလေ။ ကိုယ်ယုံကြည်ရာမှာပဲ အဆုံးအရှုံးတွေနဲ့ ရင်ခုန်နေကြတယ်။ ဘဝမှာ အောင်မြင်မှုက လည်းဘာမှမရ ဒါတောင်မှမာနက လည်းကြီးချင်ရ..။ပိုက်ဆံသာ တစ်ပြားတစ်ချပ်မှမရှိတာ။ ဂုဏ်သိက္ခာကလည်းရှိချင်ရဲ့။ အဲဒီလိုမျိုး ဆန့်ကျင်ဖက် အဖြစ်အပျက်တွေနဲ့ စိတ်အခြေအနေတွေကြားမှာ အသက်ရှင်နေထိုင် ကြရတဲ့လူငယ်တွေဟာ ကျွန်တော်တို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်မပျက်ကြပါဘူး။ ကမ္ဘာကြီးမှာ မသမာစွာ နေထိုင်ရမှာနဲ့စာရင် ရိုးသားစွာ ရှင်သန်နေထိုင်ခွင့် ရတာကိုပဲ ကျေနပ်နိုင်ကြပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဘဝရဲ့ အနက်အဓိပ္ပာယ်ကိုသင်ကြားရင်း ကြိုးစားအားတင်းပြီး ကိုယ့်လိပ်ပြာ ကိုယ်သန့်နေရင်းက မိတ်ဆွေတချို့ရဲ့ ပျက်ရယ်ပြုမှုကိုခံရတဲ့အခါမျိုးမှာ နောက် ကိုယ့်ချစ်သူက ကိုယ့်ကိုနားမလည်တတ်တဲ့အခါမျိုးမှာ ကျွန်တော်တို့ တကယ်ပဲ အသည်းကွဲကြရပါတယ်။
ထူးအိမ်သင်

(Htoo Eain Thin Memorial )14th August'09
ထူးအိမ်သင် ရေးသားခဲ့သော ကဗျာများကို ကျွန်မချစ်သောကဗျာများ တွင်ဖတ်ရှုနိုင်ပါသည်။
(ကဗျာတချို့နဲ့ ပုံတွေကို ကိုဖိုးသားရဲ့ htooeainthin.com ကနေယူပါတယ်။)


လယ်တောလေးနှင့်ချစ်သောအိမ်

Sunday, August 9, 2009

လယ်တောလေးနှင့်ချစ်သောအိမ်

တစ်ချိန်က (ကို) ခင်မောင်တိုးသီချင်းလေးတစ်ပုဒ်ကတော့ မြက်ခင်းစိမ်းနဲ့ တဲငယ်လေးတဲ့။ အဲဒီသီချင်းလေးကို နားထောင်ပြီး ဟိုးပုသိမ်ကောလိပ်ဝန်းထဲက မြက်ခင်းစိမ်းတွေ၊လယ် တောတွေကိုဖြတ်သွားရင်ရောက်တဲ့ လယ်တဲလေးတွေကိုသွားသတိရတယ်။ သိပ်သတိရ တဲ့အခါကျထိုင်ဖို့ အိမ်ရှေ့မှာ မြက်ခင်းစိမ်းစိမ်းလေး စိုက်ခဲ့ဖူးတယ်။ခုတော့လည်း မရှိတော့ ပါဘူး။ အရာအားလုံးဟာ နေ့ရက်တွေနဲ့အတူဟောင်းအိုကျန်နေခဲ့ပေါ့။
ခုတော့လည်း လူတွေမှာဖြစ်နေကျအတိုင်း ပုံရိပ်ယောင်တွေနဲ့ပျော်နေတတ်ခဲ့ပြီ။ facebook ဆိုတဲ့ တကယ်မမြင်ရတဲ့ မျက်နှာစာအုပ်လေးထဲမှာ ကိုယ်ပိုင်စိုက်ခင်းကိုယ်စီနဲ့ ကိုယ်ပိုင် စိမ်းလန်းမှုတွေကို စိတ်ကူးနဲ့ဖန်တီးနေတတ်ခဲ့ကြပြီ။ ပထမဆုံးကျွန်မကို လယ်တောဆီ ရောက်အောင်ခေါ်တဲ့ julydream ကိုကျေးဇူးတင်ပါတယ်။(သူကတော့ ခု မကောင်းမှုကိုပဲ စိုက်လိုက်မတ်တတ်လုပ်ပါတော့တယ်..မာဖီးယားကြိးလုပ်နေတာကိုပြောတာပါ..သူ့ဟာသူ ကျွန်မကို လယ်တောကိုခေါ်ခဲ့တဲ့သူဆိုတာတောင်မေ့နေပါပြီ..)
ပထမတော့ သူပို့လိုက်တဲ့ ဝက်တစ်ကောင်နဲ့ စိုက်ခင်းထဲပါလာတဲ့အခင်းသုံးလေးခုနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိပါဘူး။ ဘဝမှာလည်း ဂိမ်းတွေကိုဆော့လေ့မှမရှိတာ။ တော်တော်ကြာပစ်ထားလိုက်သေးတယ်။နှလုံးသားရပ်ဝန်းကပါဆိုတဲ့ Boyz ဆီကလည်း အပင်တွေဘာတွေရသေးတယ်။ နောက်တော့သူလည်း တိုက်ရခိုက်ရတာပဲဝါသနာပါသွား ပုံရတယ်။မတွေ့တော့ဘူး။

စိုက်ခင်းများနဲ့အိမ်ကလေး


လယ်တောထဲက ကျွန်မအိမ်ကလေးနဲ့ပန်းခင်းလေးတွေ
ဘာလုပ်ရမှန်းမသိလို့ ရသမျှပစ္စည်းတွေစုသိမ်းပြိးဒီတိုင်းပစ်ထားလိုက်တာတော်တော်ကြာ ပါတယ်။ နောက်မှ ဟိုကလစ် ဒိကလစ်နဲ့ လယ်ထွန်တတ်၊အပင်စိုက်တတ်သွားတယ်။ စိုက်ပြီးရင်သွားရောင်းလို့ရတယ် ။ရတဲ့ပိုက်ဆံနဲ့ ပြန်စိုက်လို့ရတယ်ဆိုတာသိလာတယ်။ အဲဒါနဲ့ အားတွေတက်ပြီးစိုက်လိုက်ပျိုးလိုက်တာ တော်တော်ကြာသွားတယ်။ အိမ်နီးချင်းဆို တာတွေလည်း လာ addရင် လက်ခံလိုက်တယ်။ ကိုယ်က ပြန်မaddဖြစ်ဘူး။အရင်က တော့ သူတို့က လာ addလို့ လက်ခံလိုက်ရင် သူတို့လည်း ကိုယ့် အိမ်နီးချင်းစာရင်းထဲ ဝင်လာသလို ကိုယ်လည်းသူတို့အိမ်နီးချင်းစာရင်းထဲဝင်သွားတယ်။ခုကျတော့ အဲလိုမဟုတ် ပြန်ဘူး ။ ကိုယ်ကလိုချင်ရင် ကိုယ်က add ရတယ်။ သူတို့ကလိုချင်ရင်သူတို့ကadd ရ တယ် ။အဲဒါ မှားချင်လည်းမှားပါလိမ့်မယ်။ ကျွန်မဆီမှာတော့ဒီတိုင်းပါပဲ။
နောက် ကစားတာလယ်ဗယ်တစ်ဆယ်ကျော်သာရောက်ရော စိုက်ထားသမျှတွေကို သူများကို ရိတ်သိမ်းခိုင်းလို့ရတယ်ဆိုတာ မသိပါဘူး။ တစ်ရက်ကျတော့ ဆောင်းကြယ်ဖြူ ဆိုတဲ့ညီမလေးက ကျွန်မကို လယ်ရိတ်တာလာကူပါ ဆိုတဲ့ မက်ဆေ့ခ်ျလေးနဲ့ခေါ်ပါတယ်။ သူတို့က အဲဒီတုန်းက လယ်ဗယ်အမြင့်သမားတွေပေါ့။ကိုယ်က သူတို့ကိုအားကျရသူ။သူ့ ဆီလိုက်သွားတော့ အားပါး..သူ့လယ်မှာ ရွှေဖရုံသီးတွေဝင်းလို့။တစ်ခင်းရိတ်ရင် ၉၉ကျပ် ရတယ်။ အဲဒီနေ့ ဝင်ငွေတော်တော်ကောင်းသွားလိုက်တာ ကိုယ်လည်း မျိုးစေ့ကောင်းကောင်း ဝယ်စိုက်နိုင်သွားတယ်။ ဒါတောင် ကိုယ့်အလှည့်ကျရင် သူများကို ခေါ်ရိတ်ခိုင်းဖို့မတွေးမိဘူး။ နောက်မှသိရတာက သူများကိုခေါ်ရိတ်ခိုင်းလို့ရတဲ့အသီး တွေက ပိုပြီးဈေးရတယ်ဆိုတာပါပဲ။ နောက်ပိုင်းမှာတော့ ကျွန်မကို မိတ်ဆွေတွေက သင်ကြပါတယ်။ စိုက်ခင်းတွေကို တစ်ကွက်နဲ့တစ်ကွက် ကြားချဲမရှိအောင်ဘယ်လိုလုပ် ရတယ်။ နောက်..သစ်ပင်တွေ၊ပန်းပင်တွေ၊အဆောက်အဥိတွေကို လိုသလို ခဏဖျောက် ထားလို့ရတယ်ဆိုတာတွေသင်ပေးတယ်။
တကယ်တော့ လယ်တောထဲက မိတ်ဆွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဘယ်သူမှန်း တောင်မသိကြပါဘူး။ facebook id ကတစ်မျိုး၊ farm town id ကတစ်မျိုးနဲ့လူတွေ အများ ကြီးပါ။ ကိုယ့်လို id တစ်မျိုးတည်းနဲ့လုပ်နေတဲ့သူက နည်းပါတယ်။ ဒါပေမယ့် အဓိကက အိုင်ဒီတွေ အမည်နာမတွေမဟုတ်ပါဘူး။ လယ်တောမိတ်ဆွေချင်းကတော့ အလိုလိုကို ရင်းနှီးကြပါတယ်။ ဒီထဲမှာ ရှေ့ကနေပြေးပြီးအပြိုင်အဆိုင် ပန်းဝင်သွားကြတဲ့ လယ်ဗယ် ၃၄ ရောက် ကျွန်မမိတ်ဆွေလယ်သမားကြီးနှစ်ယောက်လည်းရှိပါတယ်။ သူတို့က ကျွန်မ ကို အများကြီးအကူအညီပေးခဲ့ကြတယ်။ခုလည်း သူတို့ပန်းဝင်သလိုဖြစ်နေပြီမို့ မကစားချင် တော့တဲ့တိုင် ဈေးထဲသွားအလုပ်မရှာတတ်တဲ့ ကျွန်မအတွက် အပင်တွေစိုက်ပေးနေတုန်း ပါပဲ။ (ကျေးဇူးတင်ပါတယ် KTM နဲ့ Danny Arkar)


KTM ရဲ့အိမ်(ခိုးရိုက်ထားတာပါ :P)


Danny's Mansion :)
နောက်ပိုင်းကျတော့ သူငယ်ချင်းတွေအများကြီးလယ်ထဲရောက်လာခဲ့တယ်။ ဘလော်ကာ တွေချည်းများပါတယ်။ ကိုဖြိုးနဲ့ အိအိ တို့စုံတွဲ၊ သူငယ်ချင်းမဂျူ၊ ဖိုးစိန်၊မိုးကုတ်သား၊ Sweetpeony.. မခင်မင်းဇော်၊ မသိဂီ င်္နွယ်၊စသဖြင့်…တပျော်ကြီး ရောက်လာကြတယ်။ အရင်က KTM ရယ် Danny Arkarရယ် ကျွန်မရယ် ပျော်ရွှင်စွာလယ်စိုက်ကြရိတ်ကြဖူး တယ်။နောက်တော့ သူတို့အလာကျဲသွားတော့ ကျွန်မ ရယ် မဂျူရယ်၊ဖိုးစိန်၊မိုးကုတ်သားနဲ့ ဆွိရယ်၊နောက် ပါမောက္ခညို ရယ် လယ်ထဲမှာပျော်ရွှင်စွာစိုက်ဖြစ်ပျိုးဖြစ်ကြတယ်။
လယ်ထဲမှာက အိမ်ကလေးတွေကိုယ်စီ၊ပန်းခင်းတွေကိုယ်စီ၊စမ်းချောင်းတွေကိုယ်စီနဲ့ သီးပင်စားပင်တွေကလည်းစုံလို့…။ စမ်းချောင်းကလေးဘေးနားသွားထိုင်မလား၊ ပန်းခင်းတွေကြားပဲ နေမလား စိတ်ချမ်းမြေ့စရာပါပဲ။ တစ်ခါတစ်ခါများဆို စကားပြောစရာ နေရာတွေအများကြီးရှိပါလျက် လယ်ထဲမှာရပ်ပြီးစကားတွေပြောနေဖြစ်ကြတယ်။ ကဗျာတွေအကြောင်း၊စာတွေအကြောင်း၊ ကိုယ်ရေးနေတဲ့ဘလော့ခ်တွေအကြောင်း၊ ခဲခြစ်ပန်းချီအကြောင်း(KTMနဲ့)၊ သီချင်းတွေအကြောင်း စသဖြင့်အစုံအစုံပေါ့။ ဂျီတော့ခ် ကိုခြေမချချင်တဲ့သူတွေအတွက် နေရာတစ်နေရာပေါ့။ ကျွန်မဆို ဂျီတော့ခ်ကို ပိတ်ထားတတ်တာကြာပါပြီ။ စီဘောက်စလည်းလူစုံတတ်ပါလျက်နဲ့ အမီမလိုက်နိုင်လို့ သိပ်မပြောဖြစ်ဘူး၊ လယ်ထဲမှာတော့ ပြောဖြစ်ကြပါတယ်။

မိုးကုတ်သားလယ်ထဲမှာဝိုင်းဝန်းရိတ်သိမ်းထွန်ယက်နေစဉ်
အားလုံးရဲ့တညီတညွတ်တည်းအသံကလည်း ဒီလိုမျိုးစိုက်ခင်းစိမ်းစိမ်းတွေနဲ့ သိပ်သာယာ တဲ့အိမ်ကလေး ယာကလေးနဲ့ ဘဝလေးတွေကိုတောင့်တမိကြတယ်ဆိုတာပါပဲ။ ရုပ်ဝတ္ထု တွေရှိရာဆီ ဘယ်သူမှစေခိုင်းမှုမပါပဲနဲ့ ခြေကုန်သုတ်လိုက်နေမိကြတဲ့ ကျွန်မတို့တွေ တစ်ခါတစ်လေတော့လည်း မသိစိတ်က မြက်ခင်းစိမ်းနဲ့တဲငယ်လေးတွေကိုတမ်းတတတ် ကြမှာပါ။ ဒါပေမယ့် တကယ့်တကယ်ကျ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အတိတ်မြက်ခင်းစိမ်း တွေရှိရာ ခြေဦးပြန်မလှည့်နိုင်သလိုပဲ စိတ်ကူးအိပ်မက်ထဲက လယ်တောအိမ်လေးရှိရာဆီ လည်းအရောက်မသွားနိုင်ခဲ့ကြပါဘူး။ ဟောဒီပူလောင်တဲ့မြို့ပြကန္တာရကြီးတွေဆီမှာ မိသား စုတွေ ဒါမှမဟုတ် ချစ်ခင်သူတွေအတွက် အိုအေစစ်တွေကိုရှာဖွေရင်း ချစ်သူတွေနဲ့ ဝေးရာမှာ ဝေးကွာမှုကိုစိတ်ကူးနဲ့ဆွဲဆွဲချုံ့လို့ နာကျင်နေကြဆဲပါပဲ။
လယ်တောထဲက ချစ်စရာအိမ်ကလေးတွေကိုငေးရင်း လက်တွေ့ဘဝကို နာကျင်ရင်း မလှမ်းနိုင်တဲ့ခြေလှမ်းတွေကို စိတ်ပျက်ရွံရှာမိရင်း နွေးထွေးတဲ့အိမ်ကလေးတစ်လုံးကိုတော့ အားလုံးတောင့်တနေကြလိမ့်မယ်ထင်ပါတယ်။
အိမ်…တဲ့။
နေထိုင်ခိုနားရာနေရာလေးတစ်ခုလို့ နားလည်ထားခဲ့တဲ့နေရာလေးပေါ့။အဲဒီထဲမှာ မိသားစု လို့ခေါ်တွင်တဲ့ ဝေါဟာရတစ်စုရှိမယ်၊မေတ္တာ၊သံယောဇဉ်၊နားလည်မှု၊နားမလည်မှု၊နာကျင်မှု စတဲ့ခံစားမှုတွေနဲ့ပြွန်းနေတဲ့ အရိပ်တွေအယောင်တွေရှိမယ်၊ ရှေ့ရေးတွေ အနာဂါတ်တွေ ကျေးဇူးတုံ့ပြန်မှုတွေနဲ့ ခုန်ပေါက်နေတဲ့ အိပ်မက်တချို့ရှိမယ်။ ဒါတစ်ချိန်ကအတွေးပေါ့။ ခုချိန်ကျတော့လည်း ဓီရာမိုရ်သီချင်းထဲကလိုပါပဲ။ အိမ်အစစ်တွေနဲ့ဝေးနေကြတဲ့သူတွေ အတွက်တော့ နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ် ဆိုတာလိုပဲ…ကျွန်မတို့နှလုံး သားတွေနွေးထွေးနေတဲ့နေရာလေးတစ်နေရာကိုတွေ့ခဲ့ကြတယ်။
ကျွန်မ ဘလော့ခ်လောကထဲစရောက်တော့ အိမ် ဆိုတဲ့အသုံးအနှုန်းကိုနားမယဉ်ဘူး။ နောက်ပိုင်းကျမှ ကိုယ့်ဘလော့သူ့ဘလော့ကို အိမ် ဆိုတဲ့ဝေါဟာရလေးနဲ့ ခိုင်းနှိုင်းကြတယ် လို့နားလည်လာတယ်။လက်ခံနိုင်လာတယ်။ ခုဆို ကျွန်မ အိမ်ကလေးဟာလည်း ကျွန်မ ချစ်တဲ့သူတွေ၊ကျွန်မကို ချစ်တဲ့သူတွေနဲ့ဝေစည်လို့။ ညညဆို စီဘုံးလေးမှာပါတီပွဲကျင်းပ သလားလို့ တခြားသူတွေက ပြောစမှတ်ပြုရလောက်အောင် လူစည်နေတတ်တယ်။
အချင်းချင်းစကားပြောစရာနေရာတွေအများကြီးရှိပါလျက် ဒီနေရာလေးမှာပဲလာလာစုဝေး နေတတ်ကြတာဘာလို့ပါလဲ။ ကျွန်မ ထင်တာကတော့ နွေးထွေးတဲ့နေရာလေးတစ်ခုမို့ပဲ လို့ထင်ပါတယ်။ကျွန်မတို့တစ်နေရာစီမှာနေထိုင်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နှလုံးသား တွေကတော့နီးစပ်နွေးထွေးနေကြတယ်။ ဒီတော့ ပျော်ရွှင်ရာ ပုံရိပ်ယောင်အိမ်ကလေးထဲ မှာပဲ ကျွန်မတို့ ဖြေသိမ့်နွေးထွေးတတ်လာတယ်။ တစ်ယောက်ငိုနေရင် တစ်ယောက်က ဖေးကူမယ်၊တစ်ယောက်စိတ်ညစ်နေရင် တစ်ယောက်က ပျော်အောင်လုပ်ပေးတယ်။ တစ်ယောက်က ပျော်ရွှင်နေရင် အဲဒီပျော်ရွှင်မှုကိုဝေမျှကြတယ်။ ဒီလိုနဲ့ နှလုံးသားတွေနဲ့ မီးဖိုထားတဲ့ အိမ်ကလေးတွေလင်းချင်းပျော်ရွှင်လာခဲ့တယ်။
ကျွန်မ ဆိုရင် ဘလော့ခ်လောကထဲရောက်မှ မိတ်ဆွေတွေအများကြီးရလာတယ်။ (ရန်သူ တွေကတော့ သူတို့ဟာသူတို့ ကွယ်ရာကနေရှေ့ကနေထိုးမစိုက်ရဲတဲ့ ဓားတွေကို သွေးနေကြပါလိမ့်မယ်..အခါခပ်သိမ်းတော့လည်းကျွန်မတို့….သူတို့ကိုသတိရနေကြမယ်မထင်ပါဘူး)..။ ချစ်စရာခင်စရာကောင်းတဲ့ မောင်နှမ တွေရလာတယ်။ ပျော်စရာအိမ်ကလေးတွေကိုယ်စီနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် သွားတတ် လာတယ်။ ခုဆို ကျွန်မမှာ ချစ်ခင်စရာ အစ်ကိုတွေ၊အစ်မတွေ၊မောင်တွေ၊ညီမတွေ၊တူတွေ တူမတွေနဲ့သားတစ်ယောက်တောင်ပိုင်ဆိုင်ထားခဲ့ပါပြီ။
ဒီလူတွေရဲ့ဆုံဆည်းမှုကရော …လောကရဲ့ဓမ္မတာကို ဘယ်လောက်ထိ အံတုကျော်လွှား နိုင်ကြမှာမို့တဲ့လဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာလည်းပြန်လည်ဝေးကွာသွားနိုင်သေးတာပဲ။ ဒါပေမယ့် ပြန်တွေးလိုက်တဲ့အခါတိုင်းကြည်နူးမှု ချစ်ခြင်းရနံ့တွေနဲ့သင်းပျံ့ကျန်နေခဲ့မယ့် မိသားစုဆန်ဆန် အိမ်ရနံ့သင်းသင်းနဲ့ နွေးထွေးတဲ့ ရက်စွဲတွေကိုရဖို့ ခုချိန်မှာတည်းက ကျွန်မတို့အချင်းချင်းနားလည်မှုတွေနဲ့လက်တွဲထား ကြဖို့လိုလိမ့်မယ်လို့ထင်ပါတယ်။
တကယ်ပဲ တစ်နေ့မှာ ကျွန်မတို့ ချစ်သော ခြေတစ်ချောင်းထောက် မြေပုံလေးပေါ်က နေရာ စိမ်းစိမ်းလန်းလန်းတွေမှာ ကျွန်မတို့လိုချင်တဲ့ စိမ်းလန်းအိပ်မက်တွေနဲ့ပုံဖော်ထားတဲ့ လယ်တောနဲ့အိမ်ကလေးတွေကိုပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်……………………
…………………………………………….


ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းများ

Thursday, August 6, 2009


ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းများ

နံနက်ခင်းလေးတစ်ခုခုက ကျွန်မကိုလွမ်းဆွတ်နေပါတယ်ဆိုရင် သေချာတယ် အဲဒီနံနက်ခင်းလေးဟာ နှင်းငွေ့တွေဝေနေတဲ့ သိဟ်ရာသီနက္ခတ်အောက်က နံနက်ခင်းလေးတစ်ခုလည်းပါဝင်နေလိမ့်မယ်။ ကျွန်မမကြားရဲတဲ့နံနက်ခင်းတေးသွားတစ်ခုကိုခပ်တိုးတိုးညည်းဆိုနေရင်း.ကျွန်မကိုပုဂံလမ်း ထက်ကနေ စောင့်မျှော်နေခဲ့လိမ့်မယ်။အို….ကျွန်မ…နှင်းတွေကြားထဲမှာလမ်းပျောက်နေခဲ့ပါပြီ။ ပြန်လာခဲ့ချင်ပေမယ့် သက္ကရာဇ်အထပ်ထပ်တွေက ကျွန်မရှေ့မှာပိတ်မှောင်ကာဆီးလို့……….။

နံနက်ခင်းလေးနဲ့အတူ ကံကော်တွေကလည်းကျွန်မကိုလွမ်းဆွတ်လို့တဲ့ ကဗျာရှည်တစ်ပုဒ်ကိုဖွဖွညင် ညင် ရွတ်ဆိုမြည်တမ်းလို့ ။စိမ်းစိမ်းချွန်ချွန်ကံ့ကော်ရွက်တွေကလည်း ကံကြမ္မာကိုသူတို့ရဲ့ချွန်ထက်တဲ့ လက်သည်းတွေနဲ့ပဲ ကျွန်မကိုယ်စားထိုးစိုက်ပေးတော့မယောင်နဲ့…ညင်သာသွယ်ပြောင်းစွာ ခက်ထန် မာကျောလို့…။ကျွန်မ ကလဲ့စားခြေမှုတွေကိုမုန်းပါတယ်ကွယ်။ထားခဲ့လိုက်ပါတော့နော်။

လက်ဘက်ရည်ဆိုင်အိုလေးထဲက ဟောင်းနွမ်းနေတဲ့ခုံလေးပေါ်က လက်ဘက်ရည်ခွက်လေးတစ်ခွက် ပါဝင်တဲ့ နံနက်ခင်းလေး ကလည်း ကျွန်မကိုမျှော်လင့်လွမ်းဆွတ်နေခဲ့တယ်။
အမ မသောက်တော့ သူ့ခမျာ သနားပါတယ် ….တဲ့။
စားပွဲထိုးလေးကပြောတယ်။ဟန်ဆောင်တင်းမာနေတဲ့ မျက်နှာပြင်အောက်ကအပူငွေ့တွေနဲ့ လက်ဘက်ရည်ခွက်ကလေးဟာ ကျွန်မကို..မသိကျိုးကျွံပြုကာ..တမ်းတလို့………။ ကျွန်မ..မရေမတွက်နိုင်တဲ့……အပေါ်ယံကော်ဖီခွက်တွေကိုမုန်းလှပါပြီ။ကျွန်မပြန်လာခဲ့ပါ့မယ်။ ဘယ်တော့လဲဆိုတာတော့ကျွန်မလည်း မသိသေးလို့ ခွင့်လွှတ်ပါဥိး။

ကျွန်မရဲ့ခြေသံကိုတိတ်ဆိတ်စွာမျှော်လင့်စောင့်စားနေတဲ့ နံနက်ခင်းကလေးကတော့ ခုထိ မျှော်လင့်ခိုး တွေတဝေဝေနဲ့ ကျွန်မကို လွမ်းဆွတ်နေတုန်း။ ကျွန်မ သူ့ကို ဘာတွေနဲ့ဖြေသိမ့်ပေးလိုက်ရမှာတဲ့လဲ။ တကယ်တော့ နံနက်ခင်းတွေကို ကျွန်မတို့က ရွေးချယ်ခွင့်မရှိသလို နံနက်ခင်းတွေကလည်း ကျွန်မတို့ ကိုရွေးချယ်ခွင့်မရှိတာ ကျွန်မ ဘယ်လိုရှင်းပြလိုက်ရပါ့။ ပစ်ချခံလိုက်ရတဲ့ဘဝကိုယ်စီမှာ အတိတ်ကံ အင်္ကျီဟောင်းတွေကို မနှစ်လိုစွာဝတ်ဆင်ရင်း သက်ပြင်းတွေကိုသာခပ်ကြမ်းကြမ်းမှုတ်ထုတ်ပစ်လိုက် ရတဲ့အခါ ကျွန်မကမ္ဘာဟာလည်း နံနက်ခင်းလေးလိုပဲ သက်ပြင်းခိုးတွေနဲ့စိမ့်ဝေနေခဲ့ပြန်ပါတယ်။

တစ်ချိန်တုန်းကတော့ နံနက်ခင်းဝေသီသီထဲမှာ ပုဂံလမ်းပေါ် တစ်လှမ်းချင်းခြေချနင်းလျှောက်ရတာကို ပျော်မွေ့နေခဲ့ဖူးတယ်။ တိတ်ဆိတ်နေတဲ့ နံနက်ခင်းထဲမှာ ကျွန်မရဲ့ခြေသံကလွဲရင် ကံ့ကော်ပွင့်တွေရဲ့ ဝတ်မှုန်တေးသံတချို့သာ သာသာယာယာကြားနေရတတ်တာပေါ့။ အနက်ရောင်လမ်းမလေးရဲ့ ခပ်သဲ့သဲ့ ငိုရှိုက်သံတွေကို အဲဒီတုန်းကတော့ ကျွန်မက မသိကျိုးကျွံပြုခဲ့မိတယ်။ ဒီရာဇဝင်လမ်းကလေး မှာ ပုံပြင်တွေအများကြီးနဲ့ ရင့်အိုနာကျင်နေခဲ့ရှာမှာပဲလို့ မတွေးခဲ့မိဘူး။ခုတော့ သူ့ပုံပြင်တွေထဲမှာ ကျွန်မက ဒဏ္ဍာရီဇာတ်ကောင်တစ်ကောင်အဖြစ်အသက်ဝင်ခဲ့ရပြီပဲ။

နံနက်ခင်းကလေးရေ…ကျွန်မကိုလွမ်းတိုင်း ပုဂံလမ်းမပေါ်က ဒဏ္ဍာရီတွေကိုသွားဖတ်တတ်တယ်တဲ့ လား………။ အဲဒီမှာ မာကျောကျော ကျွတ်ဆတ်ဆတ်ပုံပေါက်နေတဲ့ သံမဏိပွင့်ဖတ်လေးရဲ့ အတ္ထုပ္ပတ္တိ တစ်စကို တွေ့ရလိမ့်မယ်။ ULB အဆောက်အဦဘက်သွားတဲ့လမ်းမဖက်ဆီ ငေးရီရင်း ကျွန်မများ အရင်တချိန်ကလို တစ်စုံတစ်ခု ပျောက်ဆုံးနေလို့လာရှာသလို ခြေဦးလှည့်လာလိမ့်ဦးမလားဆိုတဲ့ အတွေးတွေနဲ့ ငေးကြည့်နေမိတတ်သေးသတဲ့။ ကျွန်မကို ခွင့်မလွှတ်လိုက်ပါနဲ့။ ကျွန်မဟာ ပျောက်ဆုံး နေသောနာကျင်မှုတွေနဲ့ အသားကျနေခဲ့သူပါ။ လူးလာခေါက်တုံ့ပြန်ပြန်လှည့်လာတဲ့ ဖန်တရာထေ ကံကြမ္မာဆိုးတွေကို လက်ခံနေမိတတ်သူပါ။

နှင်းရည်တွေနဲ့စိုလဲ့နေတဲ့မြက်ခင်းစိမ်းနုနုလေးတစ်ခုပါဝင်တဲ့နံနက်ခင်းကလေးကလည်း ကျွန်မကို လွမ်း နေသတဲ့။ စကားလုံးတွေ၊စာအုပ်တွေ စကားပွင့်ကြွေတွေ နဲ့သူ့ရင်ခွင်မှာလာဖြန့်ကျဲထားတတ်ပြီး သူ့ကို တော့မေ့လျော့နေတတ်တဲ့ ၊ကုန်ဆုံးသွားတဲ့နံနက်ခင်းတွေကို လက်ဘက်ရည်တစ်ခွက်နဲ့ အရသာခံနေ တတ်တဲ့ ကျွန်မကို သူလွမ်းဆွတ်နေသင့်ရဲ့လား။ တကယ်တော့ ကျွန်မဟာ မတရားခဲ့သူပါ။ ခုတော့ လည်းပြန်စရာလမ်းတွေက ပျောက်ဆုံးနေခဲ့ရပြီ။ဝင်္ကပါအထပ်ထပ်နဲ့ ထွက်ပေါက်မဲ့နေတဲ့ ဘဝတွေထဲ ငါလည်း မင်းကိုလွမ်းနေတယ်လို့ ပြောလိုက်ဖို့တောင် အားအင်တွေမဲ့နေခဲ့ရပေါ့။

တစ်ထစ်ပြီးတစ်ထစ် နင်းတက်လာရတဲ့လှေခါးတွေကိုခေါင်းအုံးမော့ကြည့်လိုက်တော့ မိုးကချုပ်စပြုနေ ခဲ့ပြီ။ ဒီတစ်ညကိုဖြတ်ကျော်လိုက်ရင် ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းကလေးဆီ ပြန်လှည့်နိုင်မှာ မို့လား။ ညညတွေမှာ အိပ်စက်ခြင်းကင်းမဲ့စွာ နံနက်ခင်းတွေကို စောင့်ကြိုဖမ်းဆုပ်ဖို့ကြိုးစားနေခဲ့ ပေမယ့် တကယ်တမ်းကျ ကျွန်မက နံနက်ခင်းတွေထက် နောက်ကျနေခဲ့ရပြန်တယ်။ နာရီတွေကို နောက်ပြန်လှည့်ပစ်ဖို့ပညာရပ်မတတ်စွမ်းခဲ့သလို နံနက်ခင်းတွေကိုလည်း ခရီးထွက်လာနိုင်စေဖို့ မစွမ်း ဆောင်နိုင်ခဲ့တဲ့ငါဟာ လူညံ့တစ်ယောက်ပါ။ ပစ်စလက်ခတ်ညံ့ဖျင်းမှုတွေနဲ့ အသံသေနေခဲ့သူပေါ့။

ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့..လေညင်းကလေးရေ…မင်းချစ်တဲ့နံနက်ခင်းတွေကိုပြောပြလိုက်ပါ။ လွမ်းဆွတ်ခြင်းတွေကို တနင့်တပိုးလက်ခံရရှိထားတဲ့အကြောင်းပေါ့။ အရာကိုကိုခွာချထားရစ်တတ်ချင် တဲ့..ငါ..ခုကျကာမှ ဒီလွမ်းဆွတ်ခြင်းတွေကို ဘာလို့များ နင့်နင့်သီးသီးလက်ခံထားမိရတာတဲ့လဲ။ ကျွန်မ ကိုမလွမ်းကြပါနဲ့ လို့လည်း မတားရက်နိုင်ပြန်ပါဘူး။တကယ်ဆိုရင်လည်း ကျွန်မဟာ လွမ်းဆွတ်ချင်စရာ မကောင်းတဲ့သံမဏိစလေးတစ်စသာသာပါပဲ။ ကိုယ့်ကိုယ်ကိုပါးလျပ်မာကျောဟန်ဆောင်ထားရင်း အပေါ်ယံကြောတင်းနေတဲ့ ကော်ဖီခွက်တွေကိုမေ့လျော့ရှောင်ကွင်းရင်း နံနက်ခင်းတွေကို လျစ်လျူရှု ထားခဲ့မိတာလေ။

အလင်းစက်တွေပြိုကျလာတဲ့ လမ်းအိုလေးကတော့ ကျွန်မနာမည်ကို ခပ်ဖွဖွရွတ်ဆိုလို့ နံနက်ခင်းလေး ကိုနှစ်သိမ့်ဖို့ကြိုစားခဲ့သတဲ့။ ခြေတစ်လှမ်းအချမှာ ကျွန်မခပ်ဖွဖွရွတ်ဆိုတတ်တဲ့သံစဉ်တွေကို မှတ်တမ်း တင်ထားတတ်တဲ့နံနက်ခင်းကလေးကတော့ ကျိုးပျက်ကျန်နေခဲ့တဲ့နရီတွေကို လိုက်ကောက်နေခဲ့တုန်း။ ဘယ်လိုမှ ပြန်လည်ဖွဲ့သီလို့မရတော့မှာ သိရက်သားနဲ့..နံနက်ခင်းတွေမှာလည်း မျှော်လင့်ချက်မှုန်မှုန် တွေကျနေတတ်ပါသေးလား…။ဘယ်လိုနေရောင်ခြည်ကများ ဒီမျှော်လင့်ချက်တွေကို အငွေ့ပျံစေခဲ့တာ ပါလိမ့်။
သိင်္ဂါရ ရသမြောက်တဲ့ လက်တစ်ကမ်းအကွာကခြေလှမ်းတွေကိုလွမ်းဆွတ်မိတဲ့အခါ နံနက်ခင်းတချို့က ကျွန်မနဲ့အတူကပ်ပါလာတယ်။ စောင့်မျှော်ခြင်းလက်ဘက်ရည်ခွက်တွေကို မသိကျိုးကျွံပြု ကျော်ကျော် သွားပြီးမှ မသိသလိုပြန်ပြန်လှည့်လာတတ်တဲ့ အရိပ်တွေကိုများ လိုက်လံရှာဖွေနေရော့သလား…။ စစ်ကိုင်းလမ်းပေါ်က ရယ်မောသံတချို့တောင်ကွယ်ပျောက်နေခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ။ ဒါဟာ တချိန်က ငါတို့ရဲ့ နေရာတဲ့လား။ ကံ့ကော်တင်းကုတ်လေးတစ်ခုသာပါဝင်တဲ့ နေဝင်ရီတရောအချိန် လေးတွေကိုမှ ကျွန်မတို့က.ဘာလို့တပ်မက်ခဲ့ကြတာလဲ။သင်းပျံ့ကျန်နေရစ်ခဲ့ပေမယ့် ပြန်လည်ဆက်သီ မရတော့တဲ့ ရနံ့တွေနဲ့အတူ ငါတို့ ရူးသွပ်ခဲ့ကြတော့မယ်။ နံနက်ခင်းလေးရေ ကျေးဇူးပြုပြီး ငါ့ကိုမလွမ်း လိုက်ပါနဲ့တော့…။ငါ့ပေါ်ရွာရွာကျလာတဲ့ မျှော်လင့်ခြင်းအခိုးအမှုန်တွေကို ငါက တုန်နေအောင်ကြောက် တတ်တဲ့သူပေါ့။ သံမဏိပွင့်ဖတ်တစ်ခုလို ဟန်ဆောင်နေထိုင်ကျင့်ကြံခဲ့ဖူးတာဝန်ခံလိုပါရဲ့။ ဒါပေမယ့် ငါဟာ ငါ့ရနံ့တွေကိုတော့သိုဝှက်မထားခဲ့မိပြန်ပါဘူး။ညံ့ပြီးရင်းညံ့ဖျင်းနေခဲ့ရတဲ့သူပါ။

တချို့ပုစ္ဆာတွေက အဖြေမရှိဘူး။ တချို့ပုစ္ဆာတွေရဲ့အဖြေက အနန္တ၊တစ်ချို့ပုစ္ဆာတွေရဲ့အဖြေက သုည။ သုညတွေအများကြီးကိုထမ်းပြိး အနန္တတွေရှိရာဆီ ရမ်းရော်ခရီးဆက်ကြတဲ့အခါ မရေရာခြင်းတွေသာ ပြိုကျလာတော့ရဲ့။ ပြန်ဆုံခွင့်မရှိတော့တဲ့ နံနက်ခင်းတွေရဲ့ အော်ဟစ်ညည်းညူသံကို မကြားလိုတော့ ပါဘူး။ ကျွန်မကို ခွင့်မလွှတ်လိုက်ပါနဲ့။ ကျွန်မမှာ လှည့်ပြန်လာစရာလမ်းရှိခဲ့ရင်တောင် ကျွန်မခြေလှမ်း တွေက ဆွံ့အ ထုံကျင်နေခဲ့တော့မယ်။ မတော်တဆ ပြန်လည်ကောက်ရသလိုမျိုးများ ကျွန်မကို ပြန်ကောက်ရခဲ့မယ်ဆိုရင် နံနက်ခင်းကလေးတွေရေ …ကျွန်မကို သေချာပြန်လည်သိမ်းထုတ်ပေးလှည့် ပါ။ မြက်ခင်းစိမ်းစိမ်းနဲ့ စကားပွင့်ကြွေတွေသာပါတဲ့ ပုဂံလမ်းပေါ်က နေ့ရက်ခြေသံတွေထဲသာ အသေ အချာသိမ်းထုတ် ထားပစ်လိုက်ပါ။ ခုတော့ နံနက်ခင်းတွေမပါတဲ့ အလင်းတွေဟာ လင်းတောက်စူးရှစွာ ရင့်မှောင်နက်ရှိုင်းနေခဲ့ပါတယ်။ ၊
မနော်ဟရီ



အရှေ့မြို့ရိုးပေါ်မှနံနက်ခင်း ကဗျာပြပွဲ

Tuesday, August 4, 2009


ကဗျာဆရာ တာရာမင်းဝေ အတွက် အမှတ်တရ ပန်းချီထိန်လင်း၊အိန္ဒြာ၊အမရာ၊သစ်ကောင်းအိမ်၊Zephyr၊ကမာပုလဲ။လင်းဆက်၊တင်မင်းထက်၊နေဆူးသစ် လင်းဒီပ၊လူဇော်သစ်၊အိုင်လွယ်ပန်၊သျှင်နွေခ၊ Xanthos တို့၏
အရှေ့မြို့ရိုးပေါ်မှနံနက်ခင်း ကဗျာပြပွဲ


ခုတလော

Monday, August 3, 2009


ခုတလော

တွေးနေမိတာက

(၁) လိပ်ပြာမလုံတဲ့သူတွေအကြောင်း
(သူတို့ကိုနားလည်တာဟာ ကိုယ့်ကိုယ်ကို မတရားရာကျတယ် ဆိုတာလည်းပါတယ်။)
(၂) ကြီးကြီးသေးသေး မြွေပွေးကတော့ မြွေပွေးပါပဲ ဆိုတာ…
(ဘယ်လိုဖြစ်ဖြစ်ပေါက်မယ်ဆိုတာချည်းပဲကိုး..)
(၃) ခွေးဟောင်လို့တောင်မရွေ့ ဆိုတဲ့စကားပုံအကြောင်း
(ငယ်ငယ်ကသင်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်တောင် သတိရမိသေး..ရွှေလရောင် ပြောင်မပျက် တယ် လင်းလျက်သာပဲ…ဆိုတဲ့ကဗျာလေး..)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တိရစ္ဆာန်တွေအကြောင်းချည်းများတွေးနေသလားလို့.. :(
(လိပ်ပြာတွေ၊မြွေတွေ၊ခွေးတွေ… ခစ်..)

ကျန်းမာရေး
ဓားကိုးလက် က မတက်သေးဘူး။ နောက်တစ်လက်ထပ်တိုးလိုက်ရင်တော့ သေချာပြီ..
(Tarot မှာ ဓားဆယ်လက်ကဒ်က Rebirth တဲ့.. :( ..)

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ပိုင်စိုးဝေ၊နေမျိုး၊ခိုင်မြဲကျော်စွာ၊မိုဃ်းဇော်၊ပိုင်..တို့ရဲ့ ကဗျာစာအုပ်တွေနဲ့ အာဟာရတွေ အများ ကြီးပါတဲ့ ပိတောက်ပွင့်သစ်၊နောက် 101 People ,you won’t meet in Heaven ~~ (ခေါင်းစဉ်ဖတ်ပြီး သိပ်စိတ်ဝင်စားသွားလား ကိုယ်တို့အမျိုးပေါက်ဖော် တစ်ယောက်တောင် ပါသေး..ဂုဏ်ယူတတ်မယ်ဆိုရင်ပေါ့..)

ရောက်နေဖြစ်တာက
Farm Town ထဲက လယ်တောအိမ်ကလေး
(စိတ်ချမ်းသာစရာကောင်းလိုက်တာ)

ရေးဖြစ်နေတာက
ကဗျာတွေ…. ကဗျာတွေ….
(တစ်ပုဒ်လုံးအပြည့်တွေရော…. တစ်ကြောင်းစနှစ်ကြောင်းစတွေရော
တစ်ဝက်တစ်ပျက်တွေရော၊နှစ်ဝက် တစ်ပျက်တွေရော….)

နားထောင်ဖြစ်နေတာက
Gospel Songs
(ဘုရားတရားဖက်စိတ်ရောက်နေတယ်လို့ ထင်ရင်လည်းထင်ကြပါစေလေ)

ရွတ်နေမိတဲ့ကဗျာက
ငါ့စိတ်တွေလေးလံလွန်းလို့ တိမ်တွေနဲ့ ကျောက်ချထားရတယ်
(ဘယ်သူ့ကဗျာလဲ လို့မမေးနဲ့ ကဗျာရှင်လာအော်လိမ့်မယ် )

ဖြစ်ချင်နေတာက
တန်ခိုးရှင်
(လူတချို့ကိုကယ်တင်ချင်လို့ စိတ်စစ်စစ်နဲ့ ဒုက္ခစစ်စစ်ကိုရင်ဆိုင်နေရသူများ အတွက်သာ….)

စားဖြစ်နေတတ်တာက
အစိမ်းရောင်နေ့လည်စာများ

သနားနေမိတာက
ထူထူထဲထဲပေါက်ရောက်လာတဲ့ လူ့အန္ဓတွေ
(မိုးကြီးရွာထားတယ်ထင်ပါရဲ့..)

လွမ်းနေမိတာက
ကျွန်မ မိတ်ဆွေ မင်းသားလေး

မေ့လျော့ပစ်နေမိတာက
အတိတ်မီးလျှံများ

ခါးသက်နေမိတာက
အငွေ့ပျံသွားတဲ့ ဟန်ဆောင်မှုအတုများ

တမ်းတနေမိတာက
Lucky Seven ကလက်ဘက်ရည်၊ အန်တီမြ ထမင်းဝိုင်း၊ ကျောင်းဆရာရဲ့ ဟာသတွေ
(ရယ်မောခြင်းနဲ့ သိပ်တရင်းတနှီးမရှိတာကြာနေသလိုပဲ...)

ကြိတ်ပြီးချီးကျူးနေမိတာက
ကဗျာကို သဒ္ဒါနဲ့ရေးရမယ်ဆိုတဲ့သူ
(အရမ်းကိုလေးစားနေမိတာ)
ကြည့်ရတာကဗျာဆရာတွေကို လိုင်စင်(poetic license)ထုတ်ထုတ်ပေးနေတဲ့သူကြီးကို များ သူသတ်လိုက်မိသလားမသိ… ????

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်အပြစ်သူများမြင်မှာစိုးလို့ ဦးအောင်လက်ညှိုးထိုးတတ်တဲ့သူတွေ
(တော်သေးတယ် လက်သီးနဲ့မထိုးတာ..)


ဆန္ဒမရှိတဲ့နေရာ
ခုချိန်ထိ G-talk ပဲ (အပြောင်းအလဲသိပ်မများဘူးဆိုတဲ့သဘော ..:P)

ဆန္ဒရှိနေတဲ့ကိစ္စ
ကမ္ဘာတစ်ဝှန်းက မြန်မာဘလော်ကာတွေတွေ့ဆုံပွဲလုပ်ဖို့
(ထီပေါက်ရင်ပြောပါတယ်..အဲဒီကျမှ မျက်နှာချင်းဆိုင် အားရပါးရ သတ်ကြ..အဲ ချစ်ကြ တာပေါ့နော်.. :P မှတ်ချက်..မျက်နှာဖုံးတပ်ဆင်ခွင့်မပြု... သိပ်တော့မကြောက်သွားကြပါနဲ့...ခုထိတော့ ထီထိုးဖို့က စိတ်ကူးထဲကကို မထွက်ဘူး ဆိုသလိုပဲ….)

မုန်းတီးနေမိတာက
တီကောင်တွေ……….. :(
(သူတို့ချင်းမချစ်ပဲလုံးထွေးနေကြပုံက … .. … မသင်္ကာစရာ..)

ချစ်နေတာက
သက်မဲ့… Rosary အနက်ရောင် ( မပြောင်းလဲသေးဘူး)
သက်ရှိ… မပြောင်းမလဲကိုကို၊သားကြီးသြရသ....

စိတ်ပျက်နေမိတာက
ကိုယ့်တာဝန်ကိုယ်သေချာမယူနိုင်တဲ့ တရားမဲ့လက်လွတ်စပယ်လုပ်တတ်တဲ့သူတွေ
(ဘာဖြစ်ချင်မှန်းမသိဘူး...)

စွဲလန်းနေမိတာက
တိမ်ဖြူတွေ ( စွဲနေမိတုန်းပဲ)

လိုအပ်နေတာက
စိတ်၏ငြိမ်းချမ်းရာ

တောင်းနေမိတဲ့ဆု
!*@&#*$^~~~

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အဖြေမရှိတဲ့ မေးခွန်းတွေ.. ????????????????????

ဝန်ခံချင်တာက
ဒီပို့စ်က တစ်ယောက်သောသူရဲ့ အကြံပေးချက်အရ တက်ဂ် ချင်လို့ရေးတဲ့ပို့စ် ဆိုတာ
ကဲ..tag ပါပြီ။



မေငြိမ်း
မသိဂီ င်္နွယ်
မသီတာ

ကိုအောင်သာငယ်
ကိုဆောင်းယွန်းလ

မခင်ဦးမေ

တင်မင်းထက်၊

မိုးချိုသင်း၊

ကေ

Zephyr

ဖိုးစိန်၊

ဝါဝါခိုင်မင်း၊

အိန္ဒြာ၊

မကြေးမုံ၊

ပန်ဒိုရာ

သစ်ကောင်းအိမ် (ရေးလေ့မရှိပေမယ့် tag ချင်ပါသည်)

အမည်မဲ့

နန်းညီ

မိုးခါး
မီယာ ( Prosper & Peace)

မိုးကုတ်သား

ကိုရင်နော်

ခင်လေးငယ် (မှတ်ချက်..တစ်ယောက်တစ်ခုစီရေးရန်)
ကိုနိ မနိ (ပျောက်နေတာတော့ကြာပြီ tag တာတော့ tag မှာပဲ)

မိုးနေ

မေ (စိတ်ဖြေရာ)

ချိုသောpeony

သက်ပိုင်သူ

စိမ်းတိမ်းတိမ်းဆိုတဲ့ လွမ်းသုရင်

ဂျူလိုင်အိပ်မက် (July Dream)

ကလိုစေးထူး

လင်းဒီပ

အိုင်လွယ်ပန်

အမရာ

ဇော် ဆိုသော လတ်လတ်ဇော်

မယ်ကိုး

Craton(အထူးတလည် tag ခြင်းဖြစ်ပါသည်။)
*** blogger မဟုတ်ပဲ tag ချင်တာက သူငယ်ချင်း Julian ပါ။ ရေးပါဟာ။ လျို့ဝှက်ခန်းကြီး ဖွင့်မပြချင်လည်း ရေးပြီးရင် ငါ့ဆီမှာပဲတင်ပါ့မယ် နော်…

ချစ်သော သူငယ်ချင်း (ကိုယ့်ကို အတော်ကြောက်ရှာတာ ခမျာ သနားပါတယ်) ချက်ချင်းရေးပေးလိုက်တဲ့
တက်ဂ်ပို့စ်ပါ ..ညညဆို timer ဝယ်ထားတာထက်တောင်မှန်တဲ့ အသံက မနက်နှစ်နာရီများကျော်ပလား ဟေ့ဆိုရင် အိပ်တော့ အိပ်တော့ တဲ့ ကောင်းသောညပါ ကောင်းသောညပါ တဲ့ ..ဒီတော့ သူရေးတဲ့ပို့စ် ကို မနက်မိုးလင်းမှတွေ့ရတယ်။ ကွန်မင့်ထဲကမို့ ပြန်ကူးတင်ပေးလိုက်ပါတယ်။

ခုတလော

တွေးနေမိတာက
(၁) လယ်ထဲမှာဘယ်လိုအဆင့်အောင်လုပ်ရမလဲ လက်တွေ့မှာကောဒီလိုလေး လွယ်ရင်ကောင်းမှာဘဲ သူ့မှာရာသီဥတုတွေ ဈေးပြိုင်စံနစ်တွေ ဈေးအတက်အကျတွေ ပုပ်သိုးတာတွေ သယ်ဆောင်ခတွေ မရှိဘူးလေ
(၂) အဲလိုတွေးနေရင် ခက်တာကမုန့်လုံးစက္ကူကပ်သလို တွေးရင်ခေါင်းကိုက်တယ် ခေါင်းကိုက်တာကို ကူညီယူမ သွားမဲ့ GOD ကလဲမရှိ မရှိတော့ ဒီခေါင်းကိုက်တာက ကိုယ့်ကိုတအားချစ် ဘာလို့ ဂလောက်ချစ်နေပါလိမ့်လို့တွေးမိတော့ခေါင်းပြန်ကိုက် ဂျာအေးသူ့အမေရိုက်
(၃) ဘယ်တော့သေမလဲ ဘယ်လိုသေမလဲ ဘယ်မှာသေမလဲ ငါသေရင် ငိုမယ့်သူလက်ချိုးရေတောင်လက်၂ဖက်မပြည့်ချင်ဘူးဆိုပြီး

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
နဲနဲစိတ်ကျန်းမာရေးလိုအပ်နေသလို ကိုယ်ကျန်းမာရေးလဲချို့တဲ့လာပြီ

ကျန်းမာရေး
ဓားကိုးလက်နဲ့လက်ကိုင်ရိုး က မတက်သေးဘူး။ နဲနဲပိုရမယ် မေခထက် သူ့မှာက ချစ်စရာ သားကြီးသြရသရှိတယ် နာ့မှာဖြေစရာရှိဘူး ဒီတော့ တစ်မူးပိုပြီး လက်ကိုင်ရိုးထည့်ပေးမယ်။ သူခိုးဓါးရိုးကမ်းတယ်ဆိုတာကြားဘူးတယ်ဟုတ်....

ဖတ်ဖြစ်တဲ့စာအုပ်တွေက
သနားစရာ ဘာစာအုပ်မှမရှိလို့ e book နဲ့ ဘလောဂ်တွေကို စာအုပ် သဘောထားဖတ်နေရတယ် လက်နဲ့ပိုင်ပိုင်နိုင်နိုင်ကိုင်ဖတ်လို့မရ အိပ်ယာပေါ်မှာဇိမ်ကျကျဖတ်လို့မရတဲ့ဘဝ

ရောက်နေဖြစ်တာက
Farm Town ထဲက လယ်တောအိမ်ကလေး - -ဘ၀မှာဒီလောက်နစ်ဝင်မိတဲ့ကစားနည်းမျိုး နဲနဲဘဲကြုံဘူးတယ်။

ရေးဖြစ်နေတာက
ငါဘယ်သူလဲ ငါဘာကောင်လဲ ငါဘယ်လောက်တန်ဖိုးရှိသလဲ ငါ့...ငါ....ငါ... ချရေးနေတာနဲ့တင် အတ္တတွေများလာတယ်

နားထောင်ဖြစ်နေတာက
မတတ်နိုင်တဲ့အဆုံး ပရိတ်နဲ့ပဌာန်းအပြောင်းအပြန်ဖွင့်ရင်း ကြိုကြားကြိုကြား 20s 40s 60s တွေနားထောင်ရင်း မြင်ယောင်နေမိတဲ့ ပြန်မရ ပြင်မရတော့တဲ့အတိတ်

ရွတ်နေမိတဲ့ကဗျာက
အမေ ကျနော့ကိုသူကမုန်းသတဲ့
မမြင်ချင်အောင်မုန်းသတဲ့
.............
ကိုယ့်ပါးကိုယ်ပြန်ရိုက်မိတယ်
( လွန်ခဲ့တဲ့ နှစ်20 ကျော်က ရုတ်တရက်စွဲလမ်းသွားတဲ့ကဗျာလေး ဒီအပိုဒ်ကလေးဘဲမှတ်မိတယ် ခေါင်းစဉ်ကတော့ ကဝေမ တဲ့ )



ဖြစ်ချင်နေတာက
လူတွေရဲ့တကယ့်စိတ်ကလေးကိုသိချင်နေတယ် ….
ထူထုံလွန်းတော့ ခဏခဏခံရပါများနေပြီ….
သူတို့ဘယ်လိုရင်ဘတ်တွေ ဘယ်လိုလျာဖျားတွေနဲ့ပြောသလဲဆိုတာသိချင်လာတယ်

စားဖြစ်နေတတ်တာက
ပန်းသီး ပန်းသီး ပန်းသီး ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် Tropicana juice Mango Juice....

သနားနေမိတာက
ကိုယ့်ကိုယ်ကိုယ် - မနေသင့်သောအရပ်မှာအူကြောင်ကြောင်ရောက်နေရတဲ့ကိုယ့်အတိတ်ဘ၀ ကုသိုလ်ကံကောင်းလွန်းပုံကို ( မှတ်ချက်*** ဒီဘ၀တော့ဒီမျှသာ )

လွမ်းနေမိတာက
မပြောပြဘူးနော် ပြောဘူး ဟင့်အင်း

မေ့လျော့ပစ်နေမိတာက
မုန်းစရာကောင်းလွန်းသောလူတစ်ချို့ရဲ့ရက်လွန်ဒိန်ခဲများ
နောက်ဘ၀အတွက်ကျောက်ခဲတွေကောက်စုနေသောလူများ

ခါးသက်နေမိတာက
လူလူချင်း တမူးပိုရှုနေသောသူများ ( ကုလားမခြေထောက်တပ်ထားသောသူများ )

တမ်းတနေမိတာက
အမလတ်ရဲ့ ဘ၀ကိုပျော်စရာရီစရာဖြစ်အောင်နေတတ်ပြောတတ်ပုံများ ဘယ်လိုကုသိုလ်ကံကောင်းသလဲမမေးနဲ့ တော်တော့်ကို စိတ်ထားကောင်းသောအမ စိတ်ပုပ်သောကိုယ်ကအလကားနေရင်း သူ့စိတ်ကောင်းကိုဒေါသထွက်ရတယ် သူကတော့ခံရတယ်လို့ကိုမမှတ်တော့တာ အရင်ဘ၀ရှေးကုသိုလ်တဲ့

ကြိတ်ပြီးချီးကျူးနေမိတာက
ဟန်ဆောင်ကောင်းသောပတ်ဝန်းကျင်
နောက်ကျောကိုဓါးနဲ့ထိုးသောအတတ်ကိုပိရိသေသပ်စွာတတ်ကျွမ်းသောတစ်ချို့သောသူများ

ကြိတ်ပြီးအထင်သေးနေမိတာက
စိတ်ပျက်စရာကောင်းသောသူများ
အရှက်မရှိသောမျက်နှာနှင့်အဆီဝင်းပနေသော - မျက်နှာဖုံးအောက်မှမျက်နှာများ


ဆန္ဒမရှိတဲ့နေရာ
ဘယ်သူနဲ့မှစကားမပြောချင်သော ဆယ့်တစ်ကျပ်ကျနေသောကြောင့်မည်သည့် စကားပြောဆွေးနွေးခန်းကိုမှမဖွင့်ပါ

ဆန္ဒရှိနေတဲ့ကိစ္စ
ထီပေါက်ချင်တယ် အိုင်ယာလန်ထီ ( ဘယ်တော့မှလည်းမထိုးသောထီ)
မကြုံစဖူးထူးဆန်းဖွယ်နောင်ရေးအတွက် သေသည်အထိမပူရတော့မယ့်ပိုင်ဆိုင်မှုတွေရမယ်ဆိုရင်တော့ ဒီအရပ်ဒေသလို ပတ္တမြားစီချယ်လေယာဉ်နဲ့ခေါ်မယ်ဆိုရင်တောင်မလာတော့ပါ ချစ်သောကိုယ့်တိုင်းပြည်မှာဘဲ ဝေလေလေလုပ်နေချင်တော့သည်

မုန်းတီးနေမိတာက
တီကောင်တွေ နှင့်တူသောလူတွေ……….. :(
(သူတို့ချင်းမချစ်ဘဲလုံးထွေးသွားဖြဲပြနေကြတာက … .. … မသင်္ကာစရာ ရွံ့စရာ..)

ချစ်နေတာက
သက်မဲ့… ကွန်ပြူတာ ( ဒါဘဲချစ်ဘို့ရှိတယ် )
သက်ရှိ… မပြောင်းမလဲ မေမေ ၊ မလတ်

စိတ်ပျက်နေမိတာက
ရွေးချယ်မှုမှားခဲ့သောကိုယ့်ကိုယ်ကိုယ် ( တကယ်ကတော့ရွေးချယ်ခွင့်မရှိခဲ့တာပါလေ )

စွဲလန်းနေမိတာက
ဘာကိုမှကိုမရှိတော့အောင် နေသားကျနေပြီ

လိုအပ်နေတာက
စိတ်၏ငြိမ်းချမ်းရာ- တူတူဘဲ တူတူဘဲ

တောင်းနေမိတဲ့ဆု
ရာထူးတိုးပါစေ

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
why why why...... နင်းစရာချောက်ကမ်းပါးစွန်းဘဲရှိသူကို ခြေထောက်၂ချောင်းစာအပြင် နေစရာအိမ်ပါရှိနေသူများက တွန်းချဘို့ကြိုးစားကြတာနားမလည်နိုင်

ဝန်ခံချင်တာက
ဘာကိုမှဝန်မခံချင်တာရယ် အပေါ်ကရေးသမျှဟာ ဘယ်လောက်ထိကြာကြာခံမလဲဆိုတာမသိတာရယ်
သိတယ်ဟုတ် စိတ်တစ်ခုယုတ်ကိုးဆယ် ၈၉ ခါဖြစ်ပျက်နေသောစိတ်ကိုအစိုးမရနိုင်ပါ

တက်ဂ်ဖြေပြီးပြီ မောတွားတာဘဲကွယ်
လယ်အလုပ်ရပ်ထားပြီး ကိုယ့်သူငယ်ချင်းစိတ်အနှောက်အယှက်ဖြစ်ပါစေဆိုတဲ့သဘောနဲ့ သေသေချာချာ မန့်တွား ဖြေတွားပါ၏။

လယ်ထဲကိုပြန်ဘီ........

ဂျူ