လိုအပ်ချက်

Tuesday, September 30, 2008


လိုအပ်ချက်

နောက်ဆုံးတေးသွားများနှင့်ကျဉ်းမြောင်းလိုက်ရသော
ငါ့အနာဂါတ်..
ငါတကယ်ချစ်တတ်ခဲ့တာပါ…။

ယုတ္တိယုတ္တာတွေဟာလိုအပ်လို့ လား
နတ်သိကြားတို့ ၏အကူအညီနှင့်
ရင်ထဲကကျောက်ဖျာပဲတင်းစေချင်..။

ခဏမေ့ထားလိုက်ပါ
” ချစ်ခြင်းမေတ္တာ” ဟာမာယာတွေလောက်အရေးမပါမှတော့
တစ္ဆေတွေဆော့ကစားတဲ့ပွဲမှာ
တရားခံဆိုတာလည်းမရှိနိုင်တော့...။

ဆောက်ချက်မိထားပြီဖြစ်သောသက္ကရာဇ်
တဖျတ်ဖျတ်လွင့်ဝဲနေသောရက်စွဲများ
မြူခိုးများနှင့်ထူထပ်နေသောသံသရာ
ဒါဏ်ရာတွေကပိုချိုလာတယ်…။

တတိတိလွင့်စင်ပဲ့ပါသွားသော
မျှော်လင့်ချက်
စွဲချက်တွေအထပ်ထပ်နဲ့ တရားခံ
အမှန်တရားသာပါခဲ့ရင်
ကြိုးစင်ဝင်ပြီးလောက်ပြီ..။

ခန်းနားသပ်ရပ်
ကြီးကျယ်မြင့်မြတ်လှတဲ့ဘီလူးဇာတ်
Cut….။

နတ်ကောင်းနတ်မြတ်များ၏မှိုင်းမမှုဖြင့်
အော်စကာတွေ..အကယ်ဒမီတွေအကြိမ်ကြိမ်ရ
တစ်ချိန်ကဇာတ်တော်ထဲကဗီလိန်
မိန်ရာသီရဲ့နောက်ဆုံးခရီးသွားလက်မှတ်
ပြတ်သားတတ်မှုများ
ငါ့အားပေးခဲ့ပါ..။


အဖြူရောင်


အဖြူရောင်

အလင်းပွင့်တွေကအဖြူရောင်
မမြင်ရသောကြိုးတွေကအဖြူရောင်
ငါ့ကောင်းကင်ကလည်းအဖြူရောင်ပါ..။

ငါမိုးရွာချဖို့ လည်းစိတ်မကူးခဲ့ပါဘူး
တိမ်တွေကိုကျောက်ချ
အတိတ်မှာအိပ်မွေ့ ချထားခဲ့တာပဲ..။

ဘာများမှားသွားခဲ့လို့ လဲ
ဘာများမှားသွားခဲ့လို့ လဲ
တိမ်တိုက်ဆန်သောမေးခွန်းတွေကပူတယ်…။

မိုးခါးရေတစ်စက်အတွက်မျှော်လင့်ချက်မျိုးဆိုရင်
သင့်ကောင်းကင်တစ်ခုလုံးနီစွေး
ကြက်ခြေခတ်တွေဖွေးသွားလိမ့်မပေါ့..။

အဖြူရောင်အနာဂါတ်
သင်ချစ်မြတ်တတ်ခဲ့မယ်ဆိုရင်
ငါ့ကောင်းကင်ကနေဆောင်ကျဉ်းပေးခဲ့ပါ့မယ်..။

(အဲဒီအခါ..)
အဖြူရောင်နှင်းစက်အေးမြတွေရဲ့အောက်
လင်းတောက်နေမယ့်သင့်ကောင်းကင်
ကြည်စင်နေခဲ့မှာပေါ့ကွယ်..။


အိမ်ပြန်ချင်တယ်

Monday, September 29, 2008


အိမ်ပြန်ချင်တယ်

ငါ့ကောင်းကင်တံစက်မြိတ်မှာတွဲခိုစောင့်စားနေကြမယ့်
ငါ့ရဲ့ မွန်မြတ်သန့် စင်သောချစ်ခြင်းမေတ္တာ
ငါဟာနာတာရှည်အလွမ်းတွေနဲ့ ခရီးသည်ပါ..။

ကံကြမ္မာလို့ အမည်တပ်ထားတဲ့ အဲဒီမိစ္ဆာကြီးသာမရှိခဲ့ရင်
ငါတို့ လည်းခရီးရှည်တွေဘယ်ထွက်ချင်ပါ့မလဲ..
ခုတော့အိမ်အလွမ်းတွေနဲ့ နစ်မွန်းရင်းခရီးရှည်…။

ရာသီဥတုကဆိုးလွန်းတယ်
ခရီးလမ်းတွေကသေချာမမြင်ရဘူး
နေရောင်ဆိုတာကအဝေးကြီးမှာပေါ့..။

မိုးလေကင်းစင်တဲ့တစ်နေ့ 
မြူတိမ်ကင်းစင်မဲ့တစ်နေ့ 
အဲဒီလိုနေ့ တစ်နေ့ များယောင်မှားပါလာလေဦးမလား…။

အိမ်ပြန်ချင်တယ်
အလွမ်း
စိတ်တစ္ဆေအနမ်းနဲ့ 
အိပ်မက်ကိုထမ်းပြန်ခဲ့တဲ့ညက
ငါ့တံခါးဝမှာ
နေရောင်တွေလက်ဖြာလို့ …။


ရေလွှမ်းမိုးခြင်း


ရေလွှမ်းမိုးခြင်း

အိပ်မက်တွေကို
ပင့်သက်လေးလေးတွေနဲ့ 
မှုတ်သိမ်းငြိမ်းသတ်လိုက်တဲ့အခါ
နိဗ္ဗာန်ဘုံဆိုတဲ့တံခါးဝမှာ
ငါဟာ..အပြီးတိုင်ပြာကျလို့ ။

ဆိုကြပါစို့ 
ငါတို့ မိုးလည်းရွာခဲ့ပြီးကြပြီ
လူသတ်သမားတွေနဲ့ လည်းဖက်လှဲတကင်း
မျှော်လင့်ခြင်းအသေတွေကိုနှိုးဆွ
မငြိမ်းချမ်းခဲ့ကြတဲ့အချိန်မှာ
မုန်တိုင်းကရောက်လာတယ်..။

ဘာများတတ်နိုင်ကြလို့ လဲ
ငါတို့ ရဲ့ မွေးရာပါနှလုံးသားတွေကိုထုတ်
အလံဖြူလုပ်ပစ်ရတာနှမျောစရာ..။

မင်္ဂလာပါငှက်ကလေးရေ
မင်းပျံသန်းတဲ့အခါ ငါတို့ ကိုသတိရပါ..
ငှက်တွေသာပျံသန်းနိုင်တဲ့လမ်းကြောင်းမှာ
တရေးရေးဖြတ်သန်းဆုတ်ခွာခဲ့ရတဲ့ပြာမှုန်များ
သင့်အားလက်ပြနှုတ်ဆက်
တစ်နေ့ ..ငါတို့ ဆက်ဆက်ပြန်လာခဲ့ကြမယ်..။

နောဧ သဘောင်္ကြီးကမ်းပြန်ကပ်တဲ့နေ့ မှာပေါ့..။


အခက်အခဲများ

ပို့စ်တင်ဖို့လည်းခက်..ပြန်ကြည့်ဖို့လည်းခက်..ပြန်နှုတ်ဆက်ချင်လည်းခက် ..စကားတစ်ခုခုပြန်ပြောချင်လည်းခက် နဲ့ ..ဘာလုပ်ရမှန်းတောင်မသိဘူး...
ဒီတော့ဒီကနေပဲပြောတော့မယ်...
ကိုထိန် နဲ့တကွလာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်..
ပေးထားတဲ့ ကွန်မင့်တွေ အတွက်ကောပေါ့....
ချစ်ခင်စွာ
မနော်ဟရီ


ပထမဆုံးများ

Sunday, September 28, 2008

ပထမဆုံးများ
ကိုမောင်ရင် tag ထားတယ်ဆိုလို့ ရေးလိုက်တာပါ…။
ခုမှ ဘလော့ခ်စရေးတဲ့အသစ်ကလေးဆိုတော့…မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တာမို့ …
အဆင်ပြေအောင်ကြည့်သာဖတ်ပေးကြပါလို့ ။

ပထမဆုံး စပြောတဲ့စကား - သူများတွေလို ဖေဖေ၊မေမေ မဟုတ်ဘူး။ ရေအိုးစင် ..တုတ်တုတ်..တဲ့..;) ရေအိုးစင်ဆိုတာကရေအိုးစင် ပေါ့..တုတ်တုတ်ဆိုတာက အစ်ကို တစ်ယောက်ရဲ့  အိမ်နာမည်..။

ပထမဆုံးစတက်တဲ့ကျောင်း - တောင်ကြီးက ဒေါ်ကြီး ၊ဒေါ်ငယ် ကျောင်း…English အခြေခံကောင်းကောင်းကို အဲဒီကရခဲ့တာ…

ပထမဆုံးသူငယ်ချင်း - အယ့်အယ် ဆိုလား၊လောအယ်ဆိုလားပဲ..ကောင်လေး.. ဒေါ်ကြီး ဒေါ်ငယ်ကျောင်းမှာတွဲကခဲ့ဘူးတယ်… ခုဆို ဘယ်မှာမှန်းတောင်မသိတော့ဘူး..

ပထမဆုံးလက်ဆောင် - Teddy Bear လေး..၁၉၉၅ လောက်ကမှ အမွေးတွေကျွတ်ကုန်လို့  ပစ်လိုက်ရတယ်…

ပထမဆုံးဖတ်တဲ့စာအုပ် - ရွှေသွေး ..ဦးဘကြည်ရဲ့ ဇာတ်ကြီး ဆယ်ဘွဲ့ နဲ့ တခြား ကာတွန်းလေးတွေ…

ပထမဆုံးဖတ်တဲ့ဝတ္ထု - တက္ကသိုလ်ဘုန်းနိုင် ရဲ့ နွေကန္တာဦး ..အဒေါ်အငယ်ဆုံးဝယ်စုထားတဲ့စာအုပ်တွေကို ခိုးဖတ်ရတာ..သူတောင်ခိုးသိမ်းထားရတာဆိုပဲ.. လွမ်းတေးမဆုံးစေနှင့်စောသခင် ..တို့  ၊ စိမ်းနေဦးမည့်ကျွန်တော့်မြေ.. တို့လည်းရှိတယ်..ပြောရင်းလွမ်းလာပြီ..အဲဒီ အဒေါ်ကဆုံးသွားပြီလေ…

ပထမဆုံးရဖူးသောဆု - ပထမတန်း - ပထမဆု

ပထမဆုံးရည်းစားစာ- ခေတ်ကြီးကပြောင်းသွားပြီလေ.
.ဘယ်သူမှတကူးတကစာတွေဘာတွေတဖွဲ့ တနွဲ့ မရေးကြတော့ဘူးထင်တာပဲ .. :)

ပထမဆုံးရေးတဲ့ကဗျာ - ပုသိမ်အနောက်မြို့ နယ်အဆင့် နံရံကပ်စာစောင်မှာရွေးခံရတယ်..
ခုနေဖတ်ရရင်သိပ်ရယ်ရမှာ…မရှိတော့တာနာတယ်..

ပထမဆုံးဖော်ပြခံရတဲ့စာမူ - ၁၉၉၀-ဇွန်- မဟေသီ (၀တ္ထုတိုစာတွဲ-ကကတစ်)

ပထမဆုံးရေးတဲ့ဝတ္ထုလတ် - ကမ်းခြေမြို့ သူ
တာရာမင်းဝေ၊ ရဲရင့်ရင်ညို တို့ နဲ့ သုံးယောက်တွဲထုတ်ခဲ့တယ်..

ပထမဆုံးရေးတဲ့လုံးချင်း - တနလာနေ့ မနက်

ပထမဆုံးရောက်ဖူးသောအခြားမြို့  - တောင်ကြီး

ပထမဆုံးရောက်ဖူးသောနိုင်ငံ - မလေးရှား

ပထမဆုံးသောက်ဖူးသောဆေးလိပ်၊အရက် - ၅၅၅ စီးကရက်၊ ဆေးစိမ်ထားတဲ့အရက်
ငယ်ငယ်ကတော့အကုန်မြည်းစမ်းကြည့်တာပဲ
ဘကြီးကတောင်အံ့သြတယ်..သူ့ဆီကယူသောက်တာကိုး ၊ ဒါပေမယ့် ..ကြိုက်ကိုမကြိုက်ဘူး

ပထမဆုံးစဆွဲတဲ့ပန်းချီကား - ပင်လယ်ပြာနဲ့တံငါရွာ…ကျောင်းမှာသူတို့ချပေးတဲ့ခေါင်းစဉ်နဲ့ ဆွဲရတာ..အိန္ဒိယ ရှန်ကာအတွက်ဆိုလားပဲ…အဲဒီတော့မှ ဆေးကိုင်ရတာ..အိမ်မှာက sketch ခြစ်ရင်တောင် တစ်နာရီဒါဏ်ပေးခံရတာလေ…ဒါကြောင့်လည်းကိုထိန်တို့ လိုပန်းချီဆရာ မဖြစ်တာပေါ့…:)

ပထမဆုံးထိုင်ဖူးတဲ့လက်ဘက်ရည်ဆိုင် - ပုသိမ်ကောလိပ် ကင်တင်း

ပထမဆုံးကျောင်းပြေးတာ - ရန်ကုန်တက္ကသိုလ်ရောက်မှပါ… ဒါလည်းလက်တစ်လုံးခြားလောက်ပါပဲ…တခြားခန်းသွားထိုင်နေတာ၊ဝေးဝေးတောင်မဟုတ်ဘူး..နောက်ကျောကပ်လျက်အခန်းတင်…ကျောင်းကိုချစ်တဲ့သူဆိုတော့တစ်ဖ၀ါးမှပင်မခွာချင်
ပါပဲ…ဝေးဆုံးဆို ဦးချစ်ဆိုင် ပဲ..မနီးမဝေးဆိုရင်တော့ မြကျွန်းသာပေါ့

ပထမဆုံးလုပ်တဲ့အလုပ် - အဝေးသင် (ဗိုလ်တထောင်မှာ ဆရာမ  )


လက်တမ့်းပုံပြင်


လက်တမ်းပုံပြင်...တင်ပေးပါဆိုတဲ့ ဆရာလေး(မယ်သီလရင်တော့မဟုတ်ရှာဘူး)ညီလင်းဆက် အတွက်...


လက်တမ်းပုံပြင်

ရင်ကိုတောက်စားတတ်တဲ့ဖဲပွင့်တွေအကြောင်းကစ ရအောင်
“ချစ်တယ်”ဆိုတာတကယ်တော့“သေဆုံးခြင်း”တဲ့..
နားလည်သူတွေရဲ့ ခေါင်းတညိတ် ကိုပဲ လက်ခံမှာပါ..
အနာဂါတ်ဟာ ဘာအကြောင်း အရာမှရေးထိုး မထားတဲ့ စာရွက်တစ်ရွက် မှ မဟုတ်ပဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ...
“မသေချာဘူး”ဆိုတဲ့ လူတွေကို ပြုံးကြည့်ရင်း
မျက်နှာကြော တွေ တောင် တင်းလာ လိုက်တာ
ကမ္ဘာဦးကျမ်းကြီး တောင် မြွေတစ်ကောင်နဲ့  အကြီးအကျယ် ပြသနာတက်လို့ ..
“ငါတို့ နောက်ဆုတ် ကြပါတော့လား”
ကိုယ့်ကိုကိုယ် ပြောတာတောင် ကြားအောင် မပြောရဲတဲ့ နောက်
ချောက်ကမ်းပါး ဆိုတာလည်း ဂန္ဓ၀င် ဂီတတစ်ပါး ပဲပေါ့
တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။
၂၀၀၃


အမြဲစိမ်းမိုး





အမြဲစိမ်းမိုး

နောက်ဆုံးစကားတစ်ခွန်းနဲ့ ပြဒါးလမ်းလွဲခဲ့ရုံလေးပါ
ခုနေခါမှာတော့မေမေ့မျက်ရည်တွေက
တိမ်တွေလိုရင်ထဲမှာအုံ့ ခိုလို့ ..။

မမိုက်ဖူးလို့ မိုက်ကြည့်ခဲ့တာမဟုတ်ပါဘူး
မှတ်လောက်သားလောက်ရှိလို့ လှည့်ကြည့်လိုက်မိတော့မှ
ပြန်စရာလမ်းကပျောက်နေခဲ့..။

အမြဲစိမ်းသစ်တောတွေနေတဲ့အရပ်ဟာ
အမြဲတမ်းမိုးရွာရသတဲ့လား
ခြေကုန်လက်ပမ်းကျလှပါပြီ..
နေရောင်ခြည်တွေကိုနာကျင်နွမ်းလျ
မေမေ..
နောက်တစ်ခါကျရင် .. ကျွန်မ
မျက်ရည်မကျချင်တော့ဘူး. ။


ဒိုင်ယာရီများ

Saturday, September 27, 2008



ဒိုင်ယာရီများ

ရက်စွဲတွေကိုအလွတ်ရနေတဲ့အခါတိုင်း
ဖြစ်ရပ်တွေကိုတမင်မေ့လျော့ပစ်လိုက်ရ
အစိမ်းချုပ်ချက်တွေကနာတယ်။

မျက်နှာစိမ်းတွေ
ဒဏ္ဍာရီတွေ
Ripleyရဲ့ရတနာတွေ
အမာရွတ်စမ်းမိတဲ့အခါတိုင်း…မယုံနိုင်ဖြစ်တုန်း။

အဲဒီအချိန်မှာ
စာရွက်ပြာတွေကိုငေးရင်း
မိုးတိမ်ဖြစ်ချင်တဲ့စိတ်
ကြိတ်မှိတ်မျိုချ။

နှစ်ပရိစ္ဆေတတွေကြာတဲ့အခါ
မင်ပြာတွေကစာရွက်အ၀ါတွေကိုစား
စာရွက်အ၀ါတွေကငါ့ကိုစား
အစိမ်းရောင်တွေသာသန်မာကြီးထွားလာခဲ့။ ။


သေတမ်းစာ



သေတမ်းစာ

ငါ့ကိုပြန်ထွန်းညှိဖို့ မကြိုးစားပါနဲ့ တော့
ငါဟာတောင်စဉ်မရေမရာဖြစ်သွားခဲ့ပြီးပြီ..
ငါ့ရင်ဘတ်ကစောင်းကြိုးတွေကိုငါဖြတ်
ငါ့ကိုယ်ငါဇက်ကြိုးပြန်ပြန်တပ်နေရတယ်..
ငါ့ကိုယ်ငါ..ချုပ်သိမ်းငြိမ်းသတ်ဖို့ ကြိုးစားပြန်တော့လည်း
ငါ့အမှိုက်. .ငါ့သဲ..ငါ့ခဲတွေကငါ့ပဲပြန်စင်….
ငါ့မှာကကယ်တင်ခြင်းတပ်မရှိဘူး
ငါ့ရဲ့မိဝေးဖဝေးနှလုံးသားလေးထဲမှာ
ငါ့ဘာသာယက်ဖောက်ထားတဲ့ဘ၀ကွန်ယက်
ငါ့လက်မှာသွေးတွေထွက်လို့ ..။

ခင်ဗျားတို့ ဘယ်လိုအော်ခေါ်အော်ခေါ်
..တော်တော်နဲ့ ကြားနိုင်တော့မှာမဟုတ်ပါဘူး
အဆိပ်တွေစူးနစ်ထားတဲ့နာရီ
သက္ကရာဇ်တွေသိပ်ကြာသွားခဲ့ပြီးပြီ
ဇီဝကဆိုတာကလည်း..
ဒဏ္ဍာရီထဲမှာပဲဆေးစွမ်းနိုင်တာမျိုး…။

တစ်ခုပဲကူညီပေးကြပါ..
ငါသေဆုံးလွန်မြောက်သွားတဲ့အခါ
ငါ့လက်ထဲက..ငါမြတ်နိုးရာသရ၀ဏ်ကြယ်စုလေး
ငါ့ကောင်းကင်ဆီပို့ ပေးကြပါ..။

အဲဒီအခါ
ပြာရီမိုးမှုန်မိုးစက်တွေနဲ့ ရောနှော
ငါမပြောပြချင်တဲ့ငါ့ရဲ့ပုံပြင်
တောလမ်းလေးတစ်ခုမှာထင်ကျန်ခဲ့ရစ်ပါလိမ့်မယ်..။ ။


နောင်တ



နောင်တ


ကိုယ့်တောင်တန်းကိုကိုယ်စွန့် ခွာခဲ့တဲ့ညက
ကိုယ့်ရောင်ခြည်မှာအမှောင်တွေသန်းလို့ 
ကိုယ်တို့ မိုးချူပ်ကြတော့မယ်။

ဆေးရောင်တွေလွယ်လွယ်ကူကူခြယ်ခဲ့မိကြတဲ့
၉၃…
ကိုယ်ကရင့်ကျက်ချင်တုန်းပဲ..။
မင်နီတံကိုင်ရင်းကြက်ခြေတွေခတ်
ကိုယ်က..
သိပ်စကားမတတ်တဲ့ကံ့ကော်အိုလို..။

လမိုက်နေတုန်းပါပဲ
ကမ္ဘာဟာလည်နေလျက်ကရပ်တံ့
သက္ကရာဇ်တွေကငါ့ရှေ့ မှာသွေးပျက်စွာခန့် ညားလို့ ..။

ရထားအိုလိုအတွေးတွေနဲ့ 
သက်ပြင်းတဖိုဖိုရှိုက်ငိုခဲ့ရ
၉၅ ရဲ့ ညတွေလည်းခုထိမိုးမစဲနိုင်သေး..။

အဲဒီလိုမလွယ်ကူခဲ့ကြပါဘူး
ရှုံးနိမ့်ခဲ့ဖူးသူတိုင်သိမှာပါ…
အမာရွတ်ဟာစကားတတ်တဲ့ငှက်တစ်ကောင်လိုပဲ
အရိပ်သုံးပါးနဲ့ အဝေးကြီးဝေးခဲ့..။

ခရီးကဝေးတုန်းပဲလား
စမ်းတ၀ါးဝါးနိုင်လွန်းတဲ့ကြယ်ကလေး
အတိတ်ရေးရေးတွေထဲပုန်းအိပ်
ကိုယ်ကခုထိတိတ်ဆိတ်နေရတုန်းပါပဲ..။ ။


ကျေးဇူးစကား

ဒီ…blog လေးဖြစ်မြောက်ဖို့ အတွက်.. blog ဆိုတာဘာမှန်းမသိခင်..သူများ blog တွေကိုငေးမောဖတ်ရှုအားကျနေမိစဉ်အချိန်လောက်ကတည်းက..ကျွန်မနာမည်နဲ့  blog တစ်ခု Register လုပ်ထားပေးပြီး သင်ကြားကူညီပေးခဲ့တဲ့.. ညီလင်းဆက်၊ကျွန်မကို တချိန်လုံးရေးဖို့ တိုက်တွန်းခဲ့တဲ့ သူငယ်ချင်း ကေ …၊(ကေ ကသူ့ template လေးတောင် ပေးလိုက်သေးတာ)၊ နောက်ထပ်တိုက်တွန်းသူတစ်ယောက်ဖြစ်တဲ့ မချောအိ(ချောအိသိမ်း)၊ ပြီးတော့… ကျွန်မကိုအားကျစေခဲ့တဲ့ bloggers တွေ….အားလုံးကိုကျေးဇူးတင်ပါတယ်။


အချိန်

Friday, September 26, 2008



အချိန်

ငါဟာ. .
တဖြည်းဖြည်းဝေးလွင့်နေတဲ့တိမ်
ကျိမ်စာဖတ်မုန်တိုင်းတွေကြား
မြားအစင်းစင်းနဲ့ သွေးချင်းချင်းနီ
ကိုယ့်ကိုယ်ကိုပြန်ခေါ်ကြည့်တော့လည်း
အသက်မမီချင်တော့..။

ငါ့နောက်ကဘယ်သူလိုက်ခဲ့မှာလဲ
မိုးမစဲမချင်းခိုက်ခိုက်တုန်
ကံမကုန်သေးရင်လည်းပြန်မဆုံချင်တော့
လျော့ကြိုးတွေလည်းကုန်ခဲ့ပြီ..။

တောင်စွယ်မှာနေကွယ်ပြီဆိုပါတော့
ဇက်ပေါ်ကျလာမယ့်ဓါး
အဲဒီအခါကျမှမမှားဖို့ လိုတယ်..၊
အမှာစကားတွေလည်းမမှာကြားလိုတော့
သွားနှင့်ကြပါ…
ငါကားတိုင်ငါထမ်းပြီးလိုက်ခဲ့မှာပါ..။

အိပ်မက်တွေကနီတယ်
အနာဂါတ်ကမှောင်တောင်တောင်နဲ့ 
အရောင်တွေလွင့်နေတတ်တဲ့ငါ..
တဖြည်းဖြည်းမှိန်ဖျော့ပါးလျားလာခဲ့..
ငါကနေကွယ်တော့မယ်..။ ။
(၁၈.၉.၀၄)


ဆုတောင်း




ဆုတောင်း

ငါ့အလွမ်းမတင်မီကာလ
မှတ်တမ်းမှတ်ရာမဲ့စွဲမြဲနေသောအဖြစ်အပျက်များ
ခုချစ်ကြည့်တော့လည်း
ပုံပြင်အဟောင်းတွေပဲထွက်ကျလာ။

ဒါဏ်ရာမပါသောဆေးစက်က
အရသာမဲ့သတဲ့
ချဲ့ ကားပြောတတ်တဲ့ရာဇ၀င်က
ငါ့သံခြေကျင်းတွေးကိုလာလာရိုက်
ကံကြမ္မာနဲ့ များဇာတ်တိုက်ထားရော့သလား။

ဘ၀ဟာ..
တစ်ခန်းရပ်အမဲလိုက်ပြဇာတ်ဆန်ဆန်
ဖန်တံတံနဲ့ 
နှစ်ချို့ ရမ္မက်တွေ
မွေးရာပါအတ္တတွေ
လူစဉ်မမီသောအတွေးအခေါ်တွေ
တော်တော်မှအခြေတကျရှိပါရဲ့လား..။

ခေါ်သံများနှင့်နားအံသေ
ကြားရသောခရီးစဉ်အထပ်ထပ်က
တရားကိုစောင့်သောနတ်များ
ငါ့အား…
ကြိုးကွင်းတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ …။ ။


another test post


Ode to Friend
by Elizabeth Pinard

The day I met you
I found a friend -
And a friendship that
I pray will never end.

Your smile - so sweet
And so bright -
Kept me going
When day was as dark as night.

You never ever judged me,
You understood my sorrow.
Then you told me it needn't be that way
And gave me the hope of a better tomorrow.

You were always there for me,
I knew I could count on you.
You gave me advice and encouragement
Whenever I didn't know what to do.

You helped me learn to love myself
You made life seem so good.
You said I can do anything I put my mind to
And suddenly I knew I could.

There were times when we didn't see eye to eye
And there were days when both of us cried.
But even so we made it through:
Our friendship hasn't yet died.

Circumstances have pulled us apart,
We are separated by many miles.
Truly, the only thing that keeps me going
Is my treasured memory of your smile.

This friendship we share
Is so precious to me,
I hope it grows and flourishes
And lasts unto infinity.

You are so extra-special to me
And so this to you I really must tell:
You are my one true friend,
My Guardian Angel.

Our friendship is one-in-a-million
So let's hold on to it and each other.
We cannot let this chance of pure bliss fly away
For there will never be another.

I love you.
I will always love you.




Testing Post

Thursday, September 25, 2008

Testing