အလွမ်းကြောင့် ဖြစ်သော စစ်ပွဲများ၊ လွမ်းစရာ မကောင်းတဲ့ သီချင်း

Monday, June 27, 2011

အလွမ်းကြောင့် ဖြစ်သော စစ်ပွဲများ

စိတ်ကို စိတ်နဲ့တိုက်ရတာ ကြာလာတော့ အကျအဆုံးများလာတယ်

နာလံမထူနိုင်တဲ့ စိတ်နဲ့ စူစူးနစ်နစ်ကြည့်နေပုံက အော်ဂလီဆန်ချင်စရာ

ကိုယ့်ကိုယ်ကို ခြုံခို တိုက်ရဖန်များတော့ ဗျူဟာလည်း မမြောက်တော့ဘူး

လက်ဖြောင့် တပ်သားတွေကလည်း ငါ့အသံကို အနာခံ လွဲလာတယ် ...

ခံနိုင်ရည် ဘယ်လောက်ကျန်သေးလဲ ... ငါ့ကိုငါက မသိသလို ဟန်လုပ်မေးတယ်

ခြောက်သွေ့ပျက်စီးနေတဲ့ မြို့တော်ကြီးမှာ ဘာအသံမှ မကျန်တော့ဘူး ....။

မျှော်လင့်ချက်တွေနဲ့ မကြာခဏ ခလုတ်တိုက်နေမိတာကလည်း ဇဝေဇဝါ ဖြစ်ချင်စရာ

ဟော ဟိုနားက ထကွဲပြန်တဲ့ ရေမြုပ်ဗုံး တစ်လုံး ..............

ပိုက်စိတ်တိုက် ရှာဟန်ပြုတုန်းက ဘယ်မှာပုန်းနေလို့ ငါ အမိန့်ပေးထားခဲ့မိပါလိမ့် ...

စစ်ကူမရှိ မဟာမိတ်မရှိ .. စိတ်ကို စိတ်နဲ့ တိုက်မိနေသော စစ်ပွဲများ .. .... ..... ...

အမိန့်သံတွေ ပေါက်ကွဲ ဆူညံနေပြီး နာခံမှု မပါတော့သော နံနက်ခင်းများ ..

ထုံပေပေ မော့ကြည့်နေသော အရောင်မဲ့ မသိစိတ် .. အသိစိတ်များ

မဖြစ်နိုင်ခြင်းများစွာကို ထုဆစ်နေမိသော အဆိပ်မိထားသလို အသိဥာဏ်များ ..

နှစ်ကာလများစွာ ရှည်ကြာခဲ့သော သုံ့ပန်းဆန်ဆန် ခံစားမှုများ ....

နှစ်တစ်နှစ်ရဲ့ နှင်းကွဲစ မနက်ခင်း အလင်းရောင်အောက်မှာ ...

မှန်တစ်ချပ်ထဲ .. ... ပျက်စီးယိုယွင်းနေတဲ့ စစ်တလင်းလို မျက်နှာနဲ့

နှစ်ပေါင်းများစွာ ကျင့်သားရနေခဲ့လို့ အတုအစစ်ခွဲမရတော့တဲ့ အပြုံးတစ်ခုကိုသာ

ငါ ...စစ်လျော်ကြေးအဖြစ် ပြန်ရရှိခဲ့လိုက်ရဲ့ .... ....

မနော်ဟရီ



လွမ်းစရာ မကောင်းတဲ့ သီချင်း

Scene 1

စစ်ပွဲတစ်ခု အစပျိုးလာသလိုမျိုး .. ပျိုးလာတဲ့ အင်ထရိုပိုဒ်က နည်းနည်းတော့ မိုက်သလို ရှိသား

အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ စကားလုံးတွေနဲ့ ငြိမ်းချမ်းရေးပတ်ပျိုးတွေလည်း ဝင်မလာသေးဘူး

အစဆိုတဲ့အတိုင်း .. ယဉ်သကိုနဲ့ ခြေဆင်းနဲ့ ညင်ညင်သာသာလေး .. ရက်စက်နေခဲ့ပုံ …

နည်းနည်းတော့ … ရင်ခုန်ချင်စရာ ကောင်းတယ် …

Scene 2

တရွှီရွှီပျံသန်းလာတဲ့ ကျည်ဆံသံတွေ၊ တရစပ်ပေါက်ကွဲနေတဲ့ဒုံးကျည်တွေ …

နာကျင်မှုရဲ့ တော်လဲသံတွေ … သွေးရဲရဲသံရဲရဲတွေနဲ့ ဒုတိယပိုဒ်က ဝိဘစ္ဆ ရသများလာပြီ ..

လက်တစ်ဖက်က လက်တစ်ဖက်ကို စွန့်ခွာလိုက်ရတဲ့ ဂီတ ..

ခြေတစ်ဖက်က ခြေတစ်ဖက်ကို လိုက်ရှာနေရတဲ့ စုံနံ့သာမြိုင် .. အတီးပိုဒ်ကအစ သိပ်မမြိုင်တော့ဘူး။

Scene 3

ဝိညာဉ်တွေငိုတယ် .. အသက်ရှိလျက်သေဆုံးသွားရသူတွေ ငိုတယ် .. မပြီးဆုံးသေးတဲ့ ဂီတအတွက် ငိုတယ်

တတိယမြောက် မြစ်လက်တက်မှာတော့ စီးဆင်းသံက နည်းနည်းပြောင်းသွားခဲ့ပြီ …

ဟင်နရီဒူးနန့်က ဒီစစ်ပွဲတွေကို ဘယ်လို စိတ်ထားနဲ့ဖြတ်ခဲ့တာလဲ ဆိုတာ သိလာတယ်

နိုက်တင်းဂေးလ်ရဲ့ မီးအိမ်တွေကို မျှော်လင့်တတ်လာတယ် …

ပျံသန်းလာမယ့် အနီရောင် ကြက်ခြေခတ်တွေကိုလည်း အိပ်မက်မက်တတ်လာတယ် .

Salvation army ဆိုတာ ဘဝတွေကို ကယ်တင်တဲ့တပ်တဲ့လား ….

ကယောင်ကတမ်းတွေလည်း ပါးစပ်က အလိုလို ရွတ်ဆိုနေမိတတ်လာတယ် …

Scene 4

ကိုယ်ပိုင်အတ္တကလေးတွေ နည်းနည်းစီ လျှော့ချပြစ်ဖို့ ညှိနှိုင်းတော့ အဲဒီသမိုင်းက ဆေးမမီတော့ဘူး

သံလွင်ခက်တွေ ချိုးငှက်ဖြူတွေကို ဘာလို့ စောင့်နေတာလဲ .. .. ရေက ခုထိမလွှမ်းသေးဘူး

လွှမ်းနေတာက သွေးစက်တွေ … ဝိညာဉ်အသေတွေ ..အနာဂါတ်အသေတွေ ..

ငါတို့ နောက်ဆုတ်ကြပါတော့လား ………ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို နားချရတာ လက်အဝင်ဆုံးပဲ ..

စကားမှမဆုံးသေးဘူး .. လက်ကလေးကို ကွေးညွတ်လိုက်မိပြီ ဆိုသလို .. ဆိုသလို … ဆိုသလို..

စိတ်ကလေးတစ်ဆစ်စာ နောက်ဆုတ်လိုက်ဖို့ကိုပဲ စိတ်တွေ လေးလံ တုံ့ဆိုင်းနေခဲ့ …

အကျအဆုံးများသလို အပျက်အစီး အဆုံးအရှုံးလည်း များလွန်းတယ် (ဘာထပ်ဆုံးရှုံ့းခံဖို့ ကျန်သေးလို့လဲ ..)

Scene 5

နောက်ဆုံး ငြိမ်းသွားခဲ့တဲ့ မီးဟာ ဘာမီးလဲ …. တစ်ဖက်နဲ့ တစ်ဖက် မီးကုန်ယမ်းကုန် စိတ်ကုန် …

တလူလူကျန်ခဲ့တဲ့ စိတ်အခိုးအငွေ့တွေက မြင်မကောင်းဘူး …

မထူးတော့တဲ့ဇာတ်မှာ တယောသမားချည်းကျန်တော့သလို ဂီတက အိုင်ဖွဲ့ အီဆွဲလာခဲ့ …

ဆန့်ငင် ဆန့်ငင်ဖြစ်နေတဲ့ မီးခိုးတွေ ဘယ်ဆီသွားရမှန်းမသိသလိုဖြစ်နေပုံ ….

အယောင်ယောင် အနန ဘယ်လိုအဆုံးသပ်ရမှန်းမသိ အဆုံးသပ်သွားခဲ့ရပုံက …

တသသ အော်ဟစ်လွမ်းမောနေချင်စရာ တစ်စက်မှမကောင်းတာ သေချာတယ် …။

မနော်ဟရီ

၂၂.၂.၂၀၁၁

တကယ်က ဒီကဗျာက လွမ်းနေသောအကြည့်များ နဲ့ အတူတူ ရေးခဲ့တာပါ .. ခုကျ အလွမ်းကြောင့် ဖြစ်သော စစ်ပွဲများနဲ့ တွဲတင်လိုက်မိပြီး)


အဖြူရင့်ရင့်အလွမ်း

Sunday, June 26, 2011

အဖြူရင့်ရင့်အလွမ်း

ကောင်းကင် တောင်တန်းတစ်လျှောက်တွင် တရိပ်ရိပ် အုံ့ခိုရစ်ဖွဲ့လာသော အခြားသောသူများ၏ တိမ်တိုက်များကို မြင်ရသောအခါ ကျွန်မ၏ ရာသီဥတုကလေးကို ကျွန်မ လွမ်းဆွတ်နေမိပြန်တော့သည်။ ကံကြမ္မာ၏ လှည့်စား စေစားချက်များကြောင့် လွဲချော် ပြောင်းလဲသွားခဲ့ရသော မြောက်ပြန်လေလမ်းကြောင်းခရီးသည် ခုတော့ ကျွန်မရင်ကို ဟင်းလင်းပွင့်သွားသည်အထိ တိုက်စား ဖဲ့ခြွေနေခဲ့ပြီ။ အဘယ်သော တန်ခိုးရှင်သည် ကျွန်မကို ပြန်လည် စွတ်စိုစေနိုင်ပါမည်နည်း ။

ပွင့်ဖတ် ပွင့်ချပ်ကလေးများ နှင်းစား ပဲ့ကြွေသွားရသော နေ့ရက်များကို သိမှတ်မဲ့ ရှိုက်သွင်းမိသောအခါ ကျွန်မ ဆောင်းခိုငှက်တစ်ကောင်၏ သဘာဝကို လေ့လာမထားခဲ့မိသည့်အတွက် နောင်တရနေမိပြန်၏။ တကယ်တော့ ဂရုဏာ သက်စရာ မကောင်းလှပါ။ တစ်ခါဖူးမျှ စိတ်ကူး မယဉ်ခဲ့ဖူးသော ဆောင်းသည် တကယ့်တကယ်ကျ လက်လုပ်ကဗျာအပျက်တစ်ပုဒ်နှင့် ခပ်ဆင်ဆင် တူနေခဲ့သည်ကိုသာ ကြေကွဲဖွယ်ရာ တွေ့ခဲ့ရလေသည်။

တဖြည်းဖြည်းနှင့် ကျဉ်းမြောင်း ရှုံးနိမ့်ခဲ့ရသော ကျွန်မ၏ ရာသီဥတုကလေးသည် ၉၀ဒီဂရီ တိတိရှိသည်။ လောလောဆယ်မှာတော့ ကျွန်မသည် ကိုယ့်ကိုယ်ကို ၃၆၀ံလား ၀ံလား မသိနိုင်သေးသော ဧဒင်ဥယျာဉ်ထဲမှ ဧဝကို ဒုက္ခပေးခဲ့ဖူးသော သစ်သီးတစ်လုံးနှင့် အလား သဏ္ဍာန် တူနေလေမလားမသိ။ ဤသည်မှာလည်း ကြေကွဲခြင်း တိမ်တစ်စ မဟုတ်ခဲ့သေးပါ။ ကျွန်မ၏ ပျောက်ဆုံးနေခဲ့သော ငယ်ဘဝ ရာသီဥတု ကလေးတစ်ခု မိုးစိမ့်ခဲ့ဖူးတာကတော့ သေချာလွန်းလှသည်။

တစ်ရံတစ်ခါဆီတုန်းကတော့ ကံ့ကော်ပန်းများကလွဲလျင် မည်သည့်ရနံ့ကိုမျှ ဆေးဖော်ကျောဖက် မလုပ်ခဲ့ဖူးပါ။ ခုတော့လည်း နှင်းဆီရနံ့တု များမှအစ စိမ်းရွှေရွှေ သစ္စာပန်းများအလယ်၊ ရနံ့မဲ့သစ်ခွပန်းများအဆုံး အားလုံးကို ကျွန်မ သီကုံးနိုင်ခဲ့ပြီ။ သို့သော် .. ထိုရနံ့များသည်လည်း လောက၏ လူမသိ သူမသိ ထောင့်ချိုးတစ်ခုတွင် သွေ့ခြောက် အေးခဲ့ နေခဲ့လိမ့်မည် ထင်သည်။

ဝုန်းဒိုင်းကျဲ ခုန်ပေါက် သည်းထန်ခဲ့ဖူးသော အတိတ်နေ့ရက်များကို ကျွန်မက မုန်တိုင်းဆန်သည်ဟု မထင်မှတ်ခဲ့ပါ။ ရွှဲရွှဲ စိုခဲ့ဖူးသော ကံကောင်းခြင်း အေးစိမ့်စိမ့်လေးကို ခုနေခါမှာ ကျွန်မ လွမ်းဆွတ်နေမိသည်။ ဝါးရုံစိမ်းစိုစိုများကို ဖြတ်တိုက်လာသော ကန်ဖြတ်လေ တစ်စွန်းတစ်စတွင် ပဲ့တင်ထပ်ကျန်ခဲ့မည့် ကျွန်မ၏ ငယ်အိပ်မက် စိမ်းစိမ်းစိုစိုများကို သင် .. ကြားနာခဲ့ဖူးပါသလား ။

မဆိုစလောက်ကလေး နွေးထွေးနေသေးသည့် အသိအာရုံထဲတွင် နာကျင်စွာ တမ်းတခြင်းများ အုံ့ခို နေခဲ့သည်ကိုတော့ မည်သူ တစ်ဦး တစ်ယောက်မျှ သိနိုင်လိမ့်မည် မထင်ပါ။ နူးညံ့ စူးရှ ခါးသက် စွာ စီးဆင်းကျလာသော နှင်းစက်များသည် ကျွန်မ၏ အေးခဲနေသော မျက်ရည်စများနှင့် ခပ်ဆင်ဆင် တူနေခဲ့သည်ကတော့ အံ့သြစရာ ကောင်းလှ၏။ မည်သူမျှ နားလည် ခံစားနိုင်လိမ့်မည် မဟုတ်သော ထိုနှင်းစက်ခါးခါးများကို ကျွန်မက နွေဦးပေါက် ရာသီတစ်ခုသာ လက်ဆောင်ပေးလိုက်ချင်ပါသည်။

ခရမ်းရောင် သစ္စာပန်းများ မပွင့်သော၊ အောက်ချင်းငှက်များ တေးမသီနိုင်သော၊ ဇာတ်ညွှန်းပျက်သွားခဲ့သော ကိန္တွရီချောင်းခြား ပြဇာတ် (ထိုဇာတ်ညွှန်းအပျက်ထဲတွင် ခုနှစ်ရက် ခုနှစ်လီ မိုးရွာခြင်း မဟုတ်ပဲ ခုနှစ်နှစ်တာ နှင်းမုန်တိုင်း တိုက်ခဲ့ခြင်း ဖြစ်နေခဲ့သည်။) အတုလုပ် ထားသည့် ကသောင်းကနင်း ရာသီဥတု စသည့်အပျက်အစီးများ ထဲတွင် ကျွန်မသည် အလွမ်းတို့နှင့် စွတ်စို နေသော ရေခဲမြစ် တစ်စင်းသာ ဖြစ်သည်။ တကယ်တော့ နေရောင်ကို နှစ်သက်ခံစားရန် ခံစားမှုအာရုံများ ပါမလာသော ကျွန်မ၏ အဖြစ်ကသာ ခြောက်ခြား တုန်လှုပ်စရာကောင်းနေပေသည်။

တရွေ့ရွေ့ တငွေ့ငွေ့ စီးမျော ဝေးလွင့်သွားသော တိမ်တိုက်များ နောက်သို့ ကျွန်မ စိတ်ကူးနှင့် ခရီးထွက်ချင်နေမိ၏။ အလွမ်းတို့နှင့် ပိနေသော နာကျဉ်ဒဏ်ရာ တချို့အတွက် ယုံကြည်ခြင်း တစ်စက်တစ်လေများ ကျကျန်ခဲ့လိမ့်နိုးနှင့်ပေါ့။ နောက်ဖက်သို့ ပြန်လှ ည့် ကြည့်လိုက်သောအခါ လှေရုံနားဘေးတွင် ဆိတ်ဖလူးပွင့်ကြွေများ သီနေသော ကောင်မလေးတစ်ယောက်က ကျွန်မကို ပြုံးကြည့် နေသည်ကို တွေ့ရ၏။ သူမလေး၏ အပြုံးသည် စင်ကြယ်သန့်ရှင်းလွန်းသဖြင့် ကျွန်မတွင်ရင်ဆိုင်ရန် အားမရှိပါ။ ကျွန်မ မသိကျိုးကျွံ ပြုကာ လှည့်ထွက်ခဲ့ချိန်တွင် အရာရာသည် ကျွန်မ၏ လက်ထဲတွင် ဝေဝါး ပျောက်ဆုံးသွားခဲ့လေပြီ။

သထုံလမ်းဆီမှ ပျံ့လွင့်လာသည့် မိုးပိတောက်များ၏ ရနံ့သည် ကျွန်မ ရှူထုတ်လိုက်သော နာကျင်မှု ပြွန်းသည့် သက်ပြင်းမောများနှင့် အတူ ဒရောသောပါး လွင့်ပါးသွားခဲ့ကြသည်။ ဘဝတွင် တစ်ခါဘူးမှ ပြဌာန်းမထားခဲ့သော ..သံဝေဂများကို စိတ်မသက်သာစွာ ဖတ်ရှုရင်း ပြက္ခဒိန်လုပ်သည့် လက်များကို ရူးသွပ်စွာ ပိုင်ဆိုင်ချင်နေခဲ့သည်။ ဖြစ်နိုင်လျင်ပေါ့။

ဲကျွန်မထံမှ ခိုးယူခံခဲ့ရသော မိုးစက်များကို ဖြစ်နိုင်လျင် ကြေးကောင်းကောင်းပေး၍ ကျွန်မ ပြန်ဝယ်ယူလိုပါသည်။ ပြီးလျင် ထိုရာသီဥတုလေးကို သက္ကရာဇ်တစ်ခုထဲတွင် လုံခြုံစွာ ဝှက်သို သိမ်းဆည်း ထားလိုပါသည်။ ပြန်ဖတ်မိတိုင်း မလွမ်းတတ်အောင်လို့ပေါ့။

ခုတော့ ...

အရာရာသည် .............

သည်းထန်စွာ လွမ်းဆွတ်ဖွယ်ရာအတိ ဖြစ်နေတော့၏။

၃၊မေ၊၂၀၀၃

မနော်ဟရီ

ဘယ်မဂ္ဂဇင်းမှာ ပါခဲ့လဲ ဆိုတာတောင် ပြန်စဉ်းစားလို့ မမှတ်မိတော့ပါဘူး ..


လွမ်းနေသော အကြည့်များ နှင့်သေသပ်သောဓားချက်များ

Wednesday, June 22, 2011

လွမ်းနေသော အကြည့်များ

ကော်ဖီခွက်တွေကို မကြည့်ရဲတော့လို့ အဲဒီနာရီထဲက ပြေးထွက်ခဲ့လိုက်တယ်
အကြည့်နီနီနဲ့ နှင်းဆီပွင့်တွေကျပြန်တော့ အရဲကိုးလွန်းလို့ ကမ်းပျောက် လမ်းပျောက်နဲ့
စူးစူး ဆောင့်ဆောင့်နဲ့ ဖြောင့်ဖြောင့်တန်းတန်း ဝင်လာတဲ့ ရေမွှေးနံ့က ဝိဘစ္ဆ ရသမြောက်လွန်းနေသလိုလို ...
ခပ်ထွေထွေ ပြိုကျလာတဲ့ မြို့ပြရဲ့ ညနေကျပြန်တော့ ဘာသတင်းမှ ပြန်မပါလာခဲ့ဘူး .....ု
အသက်မဲ့နေသလိုလို ....

ထူးထူးခြားခြား တစ်ခုမှမရှိတဲ့ နေ့ရက်တွေက နည်းနည်းတော့ အနံ့ပျက်စပြုနေပြီ
ကိုယ့်ကိုယ်ကို ရီတီတီ ပြုစားဖို့ ကျတော့လည်း ပျင်းရိငြီးငွေ့စရာကောင်းနေခဲ့
နှလုံးသားချင်း တိတ်တဆိတ် မေးထူးခေါ်ပြောမှုမှာ ဘာအရာမှ မထင်ခဲ့လေတော့
သူ့အကြည့်တွေကို တမျှော်တခေါ် လှမ်းခေါ်မိတဲ့ ညနေမှာမှ မိုးတွေက ရွာချနေခဲ့တယ်
ကန်ရာသီ နက္ခတ်လိုလို ...

ဟိုတုန်းကလို လျှောက်လမ်းတွေက ကပိုကရို ..တိတ်တခိုးကြွေကျ
နေဝင်ဖို့သတိမရတဲ့နာရီ .. အဲဒီပန်းချီကားက ဆေးရောင် နည်းနည်းတော့ ပျယ်နေပြီ
တစ်စုံတစ်ရာ ငွေ့ရည်ဖွဲ့နေခဲ့တယ်လို့ ထင်ခဲ့ဖူးတဲ့ အဲဒီအကြည့်တွေက
ခုတော့လည်း ဇာတ်ညွှန်းပြောင်းသွားတဲ့ အဆက်အစပ်မဲ့ စာမျက်နှာ ဆန်နေခဲ့ .. အသက်မဲ့စွာ
သရုပ်ဆောင်နေခဲ့သလိုလို ...

မလွမ်းရဲတော့လို့ ဒီဘဝထဲက ခုန်ထွက်ခဲ့လိုက်ပါတယ် .........။ ။

မနော်ဟရီ
ပိတောက်ပွင့်သစ် နှစ်၂၀ပြည့်(၁၉၉၁-၂၀၁၁)



သေသပ်သောဓားချက်များ၊

ခုန်ထွက်ခဲ့သော ဘ၀တစ်ခုစာ ဓားသွားတစ်လျှောက် စိတ်သည်ရုတ်ချည်းအလင်းရောင်မှိန်ဖျော့ကျလာ။
ဒဏ်ရာများထဲ ဒဏ်ရာထပ်ဆင့်ရနေသောဇာတ်လမ်းများသည်လည်းမှိန်ဖျော့ကျလာ။
ဘ၀သည်ဆက်တင်လွဲနေသေးသော အရောင်မှိန်မှိန်ပိတ်ကားလေးတစ်ခုမျှသာ။

စိတ်တစ်ခုယုတ်ကိုးဆယ်မှ တစ်ခုမကယုတ်လာ။
လျော့နည်းလာသောရှင်သန်ခြင်းတရား၊ ယှဉ်တွဲရှင်သန်ရခြင်းများ
ဆာမူရိုင်းတစ်ယောက် ဓားဆီကသင်ယူခဲ့သလို
မျက်ရည်များဆီမှသင်ယူခဲ့သောဂီတ၏ နူးညံ့မှုသည် မှိန်ဖျော့လာ။

တိကျသော အဓိပ္ပာယ်များ၏သွေးဆောင်မှုသို့ကောက်ကွေ့စွာစီးဆင်းလိုက်ပါခဲ့သောမြစ်တစ်စင်းသည်လည်းမှိန်ဖျော့လာ။
တစ်ယောက်ဒဏ်ရာမှ သွေးစက်များသည် တစ်ယောက်ဒဏ်ရာတွင်ဆက်လက်စီးဆင်းသွားနေ၊
မိမိအရိုးမိမိ စီးနင်းလိုက်ပါနေရသောနှစ်များသည်လည်းတွားသွားမျောပါ၊
သက်ပြင်းနှင့်သက်မတစ်လှည့်စီ ရှူသွင်းရှူထုတ်နေရသော ငြီးငွေ့ဖွယ်ထပ်တလဲလဲဖြစ်စဉ်သည် သံသရာပေါက်စလေးတစ်ခုသာဖြစ်ပါသည်။

ရပ်နေသောစိတ်မှ
သွားနေသောစိတ်သို့ အော်ဟစ်သံမဲ့ခေါ်ဆိုနေခြင်းများသည်လည်း အငွေ့ပျံသံထွက်နေပြန်။
ဘ၀သည် ဟောင်းလောင်းပေါက်ထဲ လေဟာနယ်အသစ်ခုထပ်မံတည်ဆောက်နေရသောဖြစ်စဉ်မျှသာ။
ချစ်ခြင်း၏အခြားတစ်ဖက်မှ
တိတ်ဆိတ်သော၊ ထက်မြသော ဓားဒဏ်ရာတစ်ခုထံမှ သွေးသံများမမျှော်လင့်ပါ။
နာကျင်ခြင်းကိုဖွင့်ဆိုသောအရာမှာမျက်ရည်များမဟုတ်ဘဲ၊
နာကျင်ခြင်းကိုဖွင့်ဆိုထားသော အကြည့်တစ်ခုမျှသာဖြစ်ပါသည်။

သံသရာသည်ထင်သလောက်မရှည်ကြာသော်လည်း
ဝေ့၀ဲကျရောက်လာသော
ဓားချက်သည် ရှိုက်သံတစ်ခုနှင့်ဆင်တူပါသည်။

လွင့်ဝဲကျလာသောဦးခေါင်းသည် အိပ်ပျက်ညများဆိုပါစို့၊
ချစ်ခဲ့သလောက်ကြေကွဲရမှုသည် မနက်ဖြန်အရောင်ခြယ်သ၍်
သင့်နေအိမ်ဝင်းတံခါးရှေ့ သနပ်ခါးပင်ပျိုလေးလို ရပ်တန့်နေစဉ်ခဏအတွင်း
ပြန်လည်ရှင်သန်ခွင့်သည် သင့်စိတ်မှလွတ်ကျ ကွဲအက်သွားသော
ယုံကြည်ခြင်းဖန်ခွက်ပါးလေးတစ်ခုသာဖြစ်နေ။ ။


Zephyr
(Prose improvised @ 22 Jun 2011, 11:07 pm)