ဒီလိုပါပဲ

Wednesday, December 23, 2009


.........................


ဒီလိုပါပဲ

"ငါလား
မင်းကို အရောင်တင်ပေးဖို့လာခဲ့တာပေါ့
မင်းရဲ့ဘုန်းတော်ဘွဲ့တီးလုံးကို ကြိုးညှိပေးခဲ့ချင်သူ "တဲ့လေ။

ပြီးတော့မှ
ငါ့အသက်ကြိုးမျှင်တွေကို ရက်စက်စွာ ဖြတ်ခုတ် ကြိုးလုပ်
သူ့ကိုယ်ရည်သွေးသီချင်းတစ်ပုဒ်ကို .. တီးခတ်သွားခဲ့လေတော့…။ ။

မနော်ဟရီ
၅၊သြဂုတ်၊၂၀၀၉


December and Me !!

Monday, December 14, 2009

December and Me !!

အသက်တစ်နှစ်ကြီးလာတာကို ခပ်တည်တည်နဲ့ မသိချင်ယောင်ဆောင်နေတာ မဟုတ်ပါဘူး။ ဇရာကိုလည်း တဖြည်းဖြည်းသိလာပါတယ်။ (အဲဒီစကားပြောရတာလည်း ဒီက အဖေအမေနဲ့ သြဇီက အသက်ရှစ်ဆယ်ကျော်တဲ့ထိ ဘတ်စကားစီးသွားလာ လှုပ်ရှား ကော်ဖီဆိုင်ထိုင် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ထိ ဂျော့ကင် ပြေးနေတဲ့ ဖိုးဖိုးဖွားဖွားတွေ ကို အားနာပါတယ်) မတတ်နိုင်ပါဘူး။ ကိုယ်က သူတို့လိုမှ ကျန်းမာရေးမကောင်းပဲ။ ဒါကြောင့် ငယ်ငယ်တည်းက အဖွားခဏခဏပြောဖူးတဲ့စကားကို သတိရပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး ဆိုပဲ။ (အဲဒီအဖွားက စကားပြောရင် စကားပုံလေးတွေနဲ့ ထည့်ပြောတတ်ပါတယ်။ စကားပုံပေါင်းမြောက်များစွာကို စာအုပ်မဖတ်ခင်တည်းက ကလေးဘဝတည်းက သိနေတာ အဖွားကျေးဇူးပါပဲ။ အသက် ၈၉နှစ်မှ ကွယ်လွန်သွားခဲ့ ပါတယ်။ ) ခုတော့ ဒီစကားကို အမေက ဆက်ပြောနေပါပြီ။ ဒီတော့လည်း ကိုယ့်ကိုယ်ကို တော်တော်လေးကို အသက်အရွယ်ကြီးရင့်လာသလို ခံစားရတာ မဆန်းပါဘူး။
Blue Mountain ( The Three Sisters)
ပုံကို အကြီးချဲ့ကြည့်လိုက်ရင် ပထမတောင်ရဲ့အစနားမှာ တံတားတစ်ခုတွေ့ပါလိမ့်မယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကထင်ပါတယ်။ Blue Mountain ကိုသွားတယ်။ ပထမ တစ်ခါတုန်းက မမြင်ခဲ့ရတဲ့ The Three Sisters ကို သွားကြည့်တာပါ။ ပထမတစ်ခါတုန်းက မြူတွေတအားစိမ့်နေအောင်ကျနေခဲ့လို့ ဘာဆို ဘာကိုမှမမြင်ရပါဘူး။ အဲဒီက လူကတော့ ပြောပါတယ်။ သိပ်ကံကောင်းတယ်တဲ့။ ဒီလိုရာသီဥတုကိုကြုံရတာ တဲ့။ ဘာပဲပြောပြော Blue Mountain အရဲ့ အလှ နှစ်မျိုးလုံးကိုကြည့်မြင်ခွင့်ရခဲ့တယ်ဆိုပါတော့။ အဲဒီမှာ The Three Sisters က ပထမဆုံးတောင်ကို ဆင်းတဲ့လမ်းကလေးရှိပါတယ်။ မိနစ် ၂၀လောက် လျှောက်ရပါတယ်။ 1st sister တောင်ပတ်လမ်းက ထိုင်ခုံလေးတွေရှိတဲ့ ဝရံတာနားထိ သွားရတာပါ။ အဲဒီလမ်းအဆင်းမှာ Giant Stair Way ဆိုတာရှိပါတယ်။ လှေကားက တော်တော်လေးကို မတ်စောက်တာပါ။ အဆင်းလည်းဖြစ်တော့ မဆင်းခင်တည်းက မဆင်းရင်ကောင်းမယ်လို့ တွေးပါသေးတယ်။ ဒါပေမယ့် ကိုကို့ကိုလည်း ဒီတိုင်းမလွှတ်ချင်ဘူး။ သူ့အဒေါ်တော့ပါတာပေါ့။ ကိုယ်ကလည်း မျက်စိအောက်က အပျောက်မခံချင်တဲ့ အမေမျိုးဆိုတော့ (အကဲပိုတယ်လို့ဆိုကြပါတယ်) လိုက်ဆင်းသွား မိတယ်။ နောက်တစ်ကြောင်းက ငါးဆယ်ကျော် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ကျော် တွေ ဖျတ်ကနဲ ဖျတ်ကနဲ ဆင်းချသွားတာကိုလည်းတွေ့လိုက်လို့ပါ။ နှလုံးမကောင်းတော့တဲ့ကကည်းက အမြင့်ကို မကြောက်တတ်ပါပဲနဲ့ အမြင့်တက်ရင် တုန်လာတတ်တာ ပုဂံဘုရား တွေတက်ကတည်းကပါပဲ။ ကိုယ့်ကိုယ်ကိုသိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် လောက်ကတည်းက အဲလိုဖြစ်နေတာပါ။

Giant Stairway က အတက်တစ်ခုပါ။

ပြန်လည်းတက်ရော (အမှန်က အတက်က အဆင်းလောက် ကြောက်စရာမကောင်း ပါဘူး) လူက တော်တော်ကိုခြေကုန်လက်ပမ်းကျနေပါပြီ။ Giant Stair Way အဆုံးက ခုံမှာ ခြေပစ်လက်ပစ်လှဲချလိုက်ချိန်ကျမှ သတိလစ်ချင်သလိုဖြစ်တော့တာ အသက်တောင် မရှူနိုင်တော့ဘူး။ လူတွေကလည်းကိုယ့်ကို အထူးအဆန်းလိုကြည့်ကြတယ်။ ရွယ်တူတွေ ကလည်း အော် ဖြစ်ရလေပေါ့ .. အသက်ခြောက်ဆယ်ကျော်လူကြီးတစ်ယောက်ကတော့ ကိုယ့်ကိုကြည့်ပြီး .. See?? How smart I am တဲ့ လုပ်သွားသေးတယ်။ ရလဒ်ကတော့ အပြန်ခရီး မိနစ် ၂၀ကျော်ကို တွဲပြီးလျှောက်လာရတာပါပဲ။ ခြေထောက်တွေက တုန်နေပြီ။ ဒီတော့ ကိုယ့်ကိုယ်ကို ဇရာ ဇရာ လို့ ရွတ်မိတာ မဆန်းဘူးထင်တာပါပဲ။

နောက်ထပ် အတက်တစ်ခု
ဒါကြောင့် ဒီနှစ်မွေးနေ့ကို ဘာသိဘာသာ လုပ်နေတယ်တော့မဟုတ်ပါဘူး။ တကယ့်ကို နေမကောင်းတာတွေများနေလို့ပါ။ နှလုံးအောင့်တာက လေးငါးရက်၊ အဲဒါပြီးတော့ လူက ပင်ပမ်းပြီး အအေးမိလိုက် ကိုယ်ပူလိုက်ကလည်း ဖြစ်သေးတယ်။ နှာရည်တောက်တောက် ကျနေတော့ ဆေးသောက်ရတာ ဆေးက ခေါင်းမထူနိုင်တော့ပြန်ပါဘူး။ သို့နှင့် သို့နှင့် တွေနဲ့ မွေးနေ့ပို့စ်လည်း မပို့စ် နိုင်တော့ဘူး ဖြစ်သွားတယ်။
လွန်ခဲ့တဲ့ ရက်တွေတည်းက ချစ်သော ဝါဝါ က မေခ မွေးနေ့လုပ်ပါလားလို့ ပြောပါတယ်။ မသေချာဘူးလို့ပြန်ပြောလိုက်ရတယ်။ ကိုယ့်အခြေအနေကိုယ်သိတယ်လေ။ ကိုယ်က ဘာမှမလုပ်နိုင်ပေမယ့် ကိုယ့်မွေးနေ့အတွက် စီဘောက်စ် ကနေ ဆုတွေတောင်းပေးကြ ပို့စ်တွေတင်ပေးကြတဲ့ ချစ်သောသား Zephyr နဲ့ မောင်လေး ဖိုးစိန် ကို ကျေးဇူးတင်ပါတယ်။ နောက် မေးလ်ကနေတဆင့် facebook ကနေတဆင့် မွေးနေ့ wish လုပ်ကြသူတွေအားလုံး ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
ဒါက ချစ်သောသား Zephyr ရဲ့ ကဗျာပါ။

((( (( ((((အမေ ...))) )) )))
အဲဒီ
စကားလုံး
ရဲ့
တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အ၀န်း
ဟာ ..
နှလုံးသားတစ်ခု
အခြေချနေထိုင်ဖို့လုံလောက်ရုံ
ထက်ပို
လျှံ
လိမ့်မယ်။

အမိမဲ့ဆိုတဲ့
ဆင်းရဲသားရပ်ကွက်
တစ်ခု
မိုးခေါင်
ရေရှား ...
ဖြေဆည်ရာ
ရှား၊
မေတ္တာ
ရှား ....
အမေ့အပြုံးတွေလည်းရှား
ခဲ့
တယ် .....။

ပန်းမပွင့်နိုင်
တဲ့
ဆာ
ဟာ
ဝတ်ရုံနဲ့ ...
အမှောင်တွေ
အပြည့်ဖမ်းမိထားမိသူ ...
ရေတွင်းပျက်ထဲ
ခြေချော်လက်ချော်ကျတဲ့သစ်
ရွက်လို ...
လရောင်ကလွဲရင် ဘာကိုမျှော်
နေဦးမှာလဲ .....။

အလင်းကို
ချိန်တွယ်ရောင်းချ
တဲ့
အရှေ့အရပ်ကို
ကျော
ခိုင်း
နာကျင်နေရတယ် ။
ကိုယ့်အရိပ်ထဲ
ကိုယ်
သေမိန့်ကျနေတဲ့နေ့တွေ ...
ခါးခါးစူးစူး မျက်မျက်ရှရှ၊
မျက်ရည်ကျခွင့်မရတဲ့အခါ
သွေးတွေ အငွေ့ပျံကုန်တယ်။

အမေ ...
အချိန်မီရောက်လာတဲ့
ကမ္ဘာပျက်နေ့တစ်ခုလို ...
အချိန်မီတည်ဆောက်ပြီးတဲ့
မဟာကရုဏာတော်လို ...
အချိန်မီ ညာလက်သွင်သွင်ကျိုးသွားတဲ့
ဘုရားသခင်လို ...
မေတ္တာသက်သက်နဲ့ ... အဖြူရောင်တွေ ဖန်ဆင်းပစ်ခဲ့တယ်။

အမေ ...
စိမ်းမြပြာလဲ့နေတဲ့ ရီနေဆန်းပိုက်ကွန်တစ်ခု ..
ခြေ၊လက်၊စိတ်နဲ့ စေတသိက် ၅၂ လုံး
အားလုံးကို အုပ်မိခဲ့တယ်။

အမေ ...
ဘုရားသခင်ရဲ့အမှားပြင်ဆင်ချက်။
ကံတရားရဲ့ နောက်ဆက်တွဲသတင်း၊
ဒီဘ၀ရဲ့
ဒုလ္လဘတရားစစ်စစ် ....။ ။

Zephyr

ဒါကတော့ ချစ်သော သားသေးသေးလေး ကျွန်မ မွေးနေ့အတွက် ရေးပေးထားတဲ့ ကဗျာပါ။ post-post modern ပါပဲး)
(သား..မေ့မွေးနေ့အတွက် ကဗျာလေးတစ်ပုဒ်ရေးပေးဆိုတော့ လွယ်ပါတယ် ဆိုပြီး ရေးပေးလိုက်တဲ့ကဗျာပါ.. ပါရမီထူးပုံက နှုတ်တိုက်ကိုရွတ်ပေးတာပါ။ ..ဖတ်ကြည့်ပါဦး)

ကဗျာ
ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ
ကဗျာ

ခေတ်နေ


ဒါကတော့ ကျွန်မညီမ အိန္ဒြာ ရဲ့ မွေးနေ့လက်ဆောင် ကဗျာပါ။

ဒီဇင်ဘာနှင်းဆီ

ဆယ့်လေးရက် ဒီဇင်ဘာ
နှင်းသားကို ပွတ်တိုက်သွားတဲ့
ရေခဲလေပြည်တွေကြားမှာ
မြူတွေထဲ အလင်းညှိလိုက်တဲ့
နေ့ဦးရောင်ခြည်သစ်အောက်မှာ
သံမဏိနဲ့ နန်းခတ်ထားတဲ့ပွင့်ချပ်လွှာ
နူးညံသလို မာကျောထက်ရှ
အေးစက်သလောက် ဆန်းကြယ်လှပခဲ့

ပန်းချီကားချပ်ထဲက ဆေးစပ်ခက်တဲ့ အရောင်လို
ကဗျာတစ်ပုဒ်ရဲ့ သိပ်သည်းလွန်းတဲ့ အနက်လို
လေတိုက်တိုင်း မနွဲ့တတ်တဲ့ နှင်းဆီရနံ့
အဲဒီ့နေ့ပေါ်ကစ ဖူးခဲ့..တယ်.။

ဘ၀ဟာ...
ဒီဇင်ဘာလို တိတ်ဆိတ်ငြိမ်းချမ်းနေမလား.
ဘုရားသခင်နဲ့ တစ်လတည်းဖွားမြင်ခဲ့တဲ့ မေတ္တာတော်အောက်မှာ
သူမကောင်းကင်က ပြသဒါးတွေအုံမှိုင်းဆိုင်းကြွ
အဲဒီ့ ကောင်းကင်ထက်မှာမှ
အချစ်ဟာ
ဖျတ်ကနဲလွင့်ကြွေလွယ်တဲ့.. ညနေခင်းရဲ့..ကြယ်..

စိတ် အိုင်းအနာတွေ ရင်းနေရတဲ့ ဥတုရာသီပါ..
တိုက်ခတ်လေကတောင် ထိုးစစ်တွေလို ပြင်းရှ
တဟူးဟူး အရိုင်းဆန်တဲ့ လောကဓံအခင်းအကျင်းထဲ
အနုပညာကလွဲလို့
အရာရာ ဟာ....တဖျတ်ဖျတ် လွင့်မျောတုန်ခါခဲ့..

ဘ၀ဆိုတာက.
ရန်သူကို တန်ပြန်တိုက်ခိုက်ဖို့
အလှပဆုံးခွက်ပြထားရတဲ့ ပါးပျဉ်းတစ်ခု လို
ပျောင်းအိနွဲ့သွယ်သလောက်
လိုအပ်ရင် ရက်စက်တတ်ခဲ့ပေါ့...

ဖြေရန်မလိုအပ်တဲ့ မေးခွန်းတွေကိုတော့
ရေခဲရိုက်သိမ်းထုတ်လိုက်ပေါ့ ဒီဇင်ဘာ
သူမကျောပြင်အတွက်
သံချပ်ကာ ၀တ်စုံတစ်ခု မလိုပါဘူးးး
သူမ ပွင့်ဖတ်တွေကိုက
သံမဏိနဲ့သွန်းဆစ်ခဲ့တာလေ..။


(ချစ်ခင်ရသော မမအတွက် စိတ်၏အေးချမ်းသာယာခြင်းများနဲ့ ပြည့်စုံလှပသော မွေးနေ့ပေါင်းများစွာစောင့်ကြိုနေပါစေ)

အိန္ဒြာ



ဒါကတော့ ကျွန်မ မွေးနေ့မတိုင်ခင်တည်းက ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ပြီး ရေးထားမိတဲ့ ကဗျာပါ။ တကယ့်တကယ်ကျ ဒီနေ့မှပဲ ကဗျာကို လက်စသပ်နိုင်တာပါ။ မွေးနေ့အမှတ်တရ ပဲတင်လိုက်ပါတယ်။



မနော်ဟရီ စစ်တမ်း

အများအမြင်မှာတော့
ငါက .. ဒါဏ်ရာစုဆောင်းသူ
သောကတွေနဲ့ အနားသပ်သူ အပူသည်..
ဖြစ်သင့်တာက လက်နက်တပ်ဆင်ရေးသမား
ဇာတ်ညွှန်းပြင်ဆင်သူ .. ဖန်ဆင်းနိုင်သူ တန်ခိုးရှင် ..
တကယ်တမ်းကျတော့
အဲဒါတွေက ငါပြင်ဆင်ခွင့်မရှိတဲ့ ငါ့ရဲ့စာမျက်နှာတွေ
ဖြစ်နေတာတွေက မြင်နေရတဲ့အတိုင်း မြက်ရိုင်းတွေချည်းတောထ ..
သေချာတာက..
နောက်ဘဝအတွက်အမှာစာကလည်း ရောက်မလာသေး
Demand နည်းနေသေးသတဲ့ …


ခပ်ကွေးကွေးလေး ငြိမ်သက်နေတဲ့ လလို ..
ငါ .. ဘာကိုမှအမြင်မကျယ်ချင်တော့ဘူး …
စိမ်းလန်းခဲ့ဖူးတဲ့ တောအုပ်လည်း အခန့်မသင့်ရင်တော့ မီးသင့်မှာပဲ
ကြည်လင်နေတဲ့ ရေအိုင်လည်း နေပြင်းလွန်းလာရင် ခမ်းခြောက်ရမှာပဲ
ငါက.. သူတို့ထက် ဘာမှပိုမသာတဲ့ ဇာတ်ကောင်
ကားလိပ်ချရင်မှောင်တဲ့အကြောင်းလောက်သာသိတဲ့သူ ..
ဘာ ပိုရှူနေချင်စရာ အကြောင်း ရှိလို့လဲ ..
ခြေရှိလက်ရှိ မလှုပ်ရှားနိုင်သူ အတွေးရှိ အမြင်ရှိ မတိုးတက်နိုင်သူ
ဦးနှောက်ရှိ နှလုံးသားရှိ ဘာကိုမှ တတ်မြောက်ခံစားမနေချင်တော့သူ


စကားလုံးတွေကတော့ ငါမော့သောက်လိုက်လို့ကုန်ပြီ
ညှီစို့စို့ ပါဒတချို့ကိုတော့အသားမကျသေးလို့ ချန်ထားခဲ့ရတယ်
တကယ်ဆို .. ငါ ဘာကို အနံ့ခံနေသေးတာလဲ …(စဉ်းစားမရဘူး)
တလောကလုံး ဝရုန်းသုန်ကားဖြစ်တဲ့အထိ ..
အားလုံးကို စတိဖြစ်ဖြစ် .. မူးရစ်ပစ်လိုက်သင့်တာ
မေးထူးခေါ်ပြော ဝေါဟာရများနှင့်ထူပျစ်စေးကပ်
ငါက တစ်ခန်းရပ်ဇာတ်တွေကို ဆက်လက်မျှော်လင့်နေမိတတ်သူ
ဆူလွယ် နပ်လွယ် ပြီးလွယ် မေ့လွယ်တွေကို ရွံမုန်းတတ်သူ
နောက်ဆုံး ဒါတွေနဲ့ပဲနပမ်းလုံးရင်း ကျင့်သားရလာသူ….


ပုံပြင်တွေကတော့ ဒါပါပဲလို့ အဆုံးသတ်ကြသတဲ့
ဇာတ်တော်လာတွေကတော့ ဤတွင်ပြီး၏ ပေါ့ ..
ခုတော့ … နိဂုံးချုပ်စကားလုံးတွေက ပျောက်ဆုံး
အသုံးအနှုန်းတွေလည်း လက်ကုန်ခြေပန်း …
ဝဋ်ကြွေးတွေက တသီတတန်းလိုက်ပါလာတယ်
ဖိတ်စာမရလိုက်တဲ့ ကံကောင်းခြင်းတွေကတော့
ဟောဟို့ တောအုပ်ကလေးထဲမှာ သူ့ဘာသာသူ စိမ်းလန်းရှင်သန် ..
အမှန်တရားဆိုတာ တွေနဲ့အတူ
ထူထူပိန်းပိန်း …မြူတွေအလိမ်းလိမ်းနဲ့ ….

မနော်ဟရီ


လူပျက်

Saturday, December 5, 2009

ပုံကို ပန်းချီအေးကို ရဲ့ performance တစ်ခုကယူပါတယ်။

လူပျက်

တကယ်ဆို
ဇာတ်ဝင်ခန်းအစမှာကတည်းကိုက
နားထင်ကိုသေနတ်နဲ့ထောက်
ရဲရဲတောက်သတ်သေပစ်လိုက်တဲ့အခန်းနဲ့စခဲ့သင့်တယ်။

ခုတော့ ………
ကတိကဝတ်မပါသောငရဲများစွာနဲ့ခင်းကျင်းနေထိုင်
မျက်ရည်မဲ့နာကျင်သွေ့ခြောက်အက်ကွဲ
ဇာတ်ဆရာငနဲကလည်း မိန့်မိန့်ကြီးထိုင်လို့

ငါတို့က သူ့ရှေ့စစ်တုရင်ခုံပေါ်က
နယ်ရုပ်ကလေးတွေမို့လို့လား
သွားစမ်းပါ…………….
သေရာပါအမာရွတ်တွေပြန်ပြန်စမ်း
သေပြီးရင်းသေနေရတဲ့အခန်းတွေ
ရပ်တန်းကရပ်သင့်နေပြီ။

ငရမန်ကန်း
ဥဒုမ္မရဒေဝီ
ယုဒရဲ့အနမ်း
အင်ကြင်းပန်းတွေနဲ့စူဠသုဘဒ္ဒါ
ရာဇဝင်တွေပြန်ပြန်လှည့်လာဆဲ
မွဲပြာပုဆိုးတွေလည်း စုတ်ပြဲလို့။

မမြင်ရသောသွေးစက်တွေကညှီတယ်
နံနက်ခင်းအသစ်စက်စက်တွေက မီးခိုးတလူလူနဲ့
ဘယ်သူဟာကယ်တင်ရှင်မှန်းမသိနိုင်တဲ့ဇာတ်
ဝါဝါလက်*တွေလိုအဆက်မပြတ်ငိုကြွေးနေရမှာတဲ့လား။

ဒီမှာ ဇာတ်ဆရာ
ခင်ဗျားသဘောတူညီမှုမပါလည်း
လက်ထဲမှာ သေနတ်တစ်လက်ရှိနေခဲ့ပြီဆိုပါတော့..

ကိုယ့်ကိုယ်ကို ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်ပစ်လိုက်ရမှာ
ရယ်စရာတော့မကောင်းမှာသေချာတယ်
…………………။

မနော်ဟရီ
၁၃၊၇၊၀၉ - ၂၂၊၇၊၀၉

wawalak :

During the Dreamtime, a mythic time when gods and goddesses still walked the earth, the Wawalak, a pair of Australian aboriginal sister goddesses, accidentally polluted the sacred waterhole of Yurlungur, the Great Rainbow Serpent, with a single drop of menstrual blood. In angry response, rain poured down and the waterhole flooded.

Yurlungur then emerged from the waterhole and swallowed the sisters in a huge gulp. It was until later when Yurlungur was told to regurgitate the sisters that the Wawalak were reborn into the light.



စိုင်းစိုင်းခမ်းလှိုင်၊စက္ကူငှက်နှင့်…………blah blah blah !!

Friday, November 27, 2009


စိုင်းစိုင်းခမ်းလှိုင်၊စက္ကူငှက်နှင့်…………blah blah blah !!

လွန်ခဲ့တဲ့ သုံးလေးရက်လောက် (အဲထက်လည်းပိုရင်ပိုလိမ့်မယ်) ကတည်းက forward mail တစ်စောင်ရပါတယ်။ blogger တစ်ယောက်လည်းဖြစ် ကျွန်မတို့ UFL မှာ English Diploma အတူတူတက်ခဲ့တဲ့သူလည်းဖြစ်တဲ့ သူငယ်ချင်း ဆီကပါ။ ဖတ်ပြီးပြီးချင်း ကျွန်မ စိတ်နည်းနည်းတိုသွားလို့ သူ့ကိုတောင်ပြောမိသေးတယ်။ ဒီလိုစာမျိုးကို ဆက်ပြီး forward မလုပ်သင့်ဘူးထင်တာပဲလို့ .. အဓိကက မောင်စိုင်းကိုသိနေတဲ့ မောင်စိုင်းသူငယ်ချင်း တစ်ယောက်လည်းဖြစ်တဲ့ သူ့အနေနဲ့ပေါ့။ စာက စိုင်းစိုင်းရဲ့ စက္ကူငှက်ဟာ နာမည်ကျော် ရှမ်းစာရေးဆရာတစ်ယောက် ရေးထားခဲ့တဲ့ ၁၉၉၅ခုနှစ်က ထုတ်ခဲ့တဲ့ ဝတ္ထုတစ်အုပ်ကို မှီး ထားတာ ဆိုတဲ့ စာပါပဲ။ စာကိုဖော်ပြလိုက်ပါတယ်။

စက္ကူငှက်ရဲ.ပိုင်ရှင်ဘယ်သူလဲ

နာမည်ကျော် အဆိုတော် သရုပ်ဆောင် စာရေးဆရာ စိုင်းစိုင်းခမ်းလှိုင်ရဲ.
လူငယ်ထုကြားထဲမှာရေပန်းစားခဲ.တဲ.စက္ကူငှက်လုံးချင်းဝတ္ထုရဲ.
မူရင်းဇာတ်လမ်းပိုင်ရှင်ဟာ စိုင်းစိုင်းမဟုတ်ပါဘူးလို. သတင်းတွေကြားနေရပါတယ်။
အဲဒီသတင်းကို
ကျွန်တော်ကရှမ်းပြည်နယ်ဘက်ကသူငယ်ချင်းတစ်ယောက်ဆီကသိခဲ.ရတာဖြစ်ပြီးအဲဒီဝတ္ထုရဲ.မူရင်းစာရေးဆရာကရှမ်းလူမျိုး
စာရေးဆရာဟိန်းစိုင်ခိုင် လို.သိရပါတယ်။ စက္ကူငှက်ဝတ္ထုရဲ. ဇာတ်လမ်းကျောရိုးက
စာရေးဆရာ
ဟိန်းစိုင်ခိုင်ရဲ.အချစ်ပျံလွှားငှက်ဆိုတဲ.၀တ္ထုရဲ.ကျောရိုးနဲ.တစ်ထပ်တည်းနီးပါးတူတယ်လို.ကျွန်တော်.သူငယ်ချင်းကပြောပါတယ်၊၊
အဲဒီအချစ်ပျံလွှားငှက်ဝတ္ထုကမြန်မာလိုရေးထားတဲ.၀တ္ထု
မဟုတ်ပါဘူး။ရှမ်းဘာသာနဲ.ရေးထားတဲ.၀တ္ထုလို.သိရပါတယ်။အဲဒီဝတ္ထုကိုစာရေးဆရာကရေးထား
ခဲ.တာနှစ်တွေကြာခဲ.ပြီဖြစ်ပြီးကျွန်တော်.သူငယ်ချင်းရဲ.ပြောပြချက်အရ 1996
ဝန်းကျင်လောက်ကဖြစ်မယ်ထင်တယ်လို.ဆိုပါတယ်။စာရေးဆရာဟိန်းစိုင်ခိုင်ကဒီအကြောင်းနဲ.ပတ်သတ်လို.ရှင်းလင်းတာတွေဘာတွေလုပ်မနေချင်တော.ပါဘူး။သူ.ကိုလဲဒီအကြောင်းတွေ
ဆက်စပ်ယှက်ယှက်ပြောပြနေမှာမဟုတ်ပါဘူး။ွဘာလို.လဲဆိုတော.စာရေးဆရာကအခုဆိုရင်သာသနာ.ဘောင်မှာရဟန်းတစ်ပါးအဖြစ်နဲ.တရားအလုပ်တွေကိုလုပ်ကိုင်နေပြီလို.ကျွန်တော်.သူငယ်ချင်းကပြောပါတယ်။

သူ.ရဲ.၀တ္ထုတွေကိုရှမ်းလူငယ်တော်တော်များများကကြိုက်နှစ်သက်ကြပြီးသူတို.အနေနဲ.ဒီလိုမျိုးပုံတူကူးချတာကိုမခံချင်လို.တနည်းနည်းနဲ.ဖော်ထုတ်ပေးစေချင်လို.ကျွန်တော်.ကိုအကူအညီတောင်းတာလို.ဆိုပါတယ်။သူရဲ.၀တ္ထုကရေးခဲ.တာအချိန်တော်တော်ကြာခဲ.ပြီဖြစ်ပါတယ်။
ရှမ်းစာဖတ်ကြတဲ.ရှမ်းလူငယ်အသိုင်းအ၀န်းမှာတော.သူကနာမည်ရစာရေးဆရာတစ်ဦးလို.သိရပါတယ်။

နာမည်ကျော်ဟစ်ဟော.အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ.စက္ကူငှက်ဝတ္ထုကလူငယ်ပရိသတ်ကြားထဲမှာအလွန်ရေပန်းစားခဲ.တဲ.၀တ္ထုတစ်ပုဒ်ဖြစ်ပြီးရုပ်ရှင်ရိုက်တဲ.နေရာမှာလည်းလူငယ်တွေကြိုက်နှစ်သက်ခဲ.တဲ.ပေါက်ကားတစ်ကားဖြစ်ခဲ.ပါတယ်။
သူရဲ.စက္ကူငှက်ဟာသူကိုယ်တိုင်ဖန်တီးခဲ.သလား။ဒါမှမဟုတ်
ပုံတူကူးချခဲ.သလားဆိုတာကတော.သူမှသိမှာပါပရိသတ်ကြီးရေ။


တခြားလူအတွက်တော့ မသိပါဘူး။ ဒီစာကို စရေးကတည်းက ဘေးကနေထိုင်ဖတ်၊ ကူညီဝေဖန်ပေးခဲ့တဲ့ ကျွန်မကတော့ ရယ်ချင်ပါတယ်။ ကျွန်မမျက်စိရှေ့မှာ နာရီများစွာ တစ်ခန်းပြီးတစ်ခန်း ဖျက်လိုက် ပြင်လိုက် ၊ ဖြုတ်လုပ်တပ်လိုက် ရွှေ့လိုက် ၊ နာမည်ကျော် စစ်တုရင်သမား အကွက်ရွှေ့သလို ရွှေ့နေခဲ့တဲ့ မောင်စိုင်းကို ကျွန်မ ပြန်မြင်ယောင်မိလို့ပါ။ တကယ်ဆို ဒီလို ပို့စ်မျိုးရေးတာ ကျွန်မ အလုပ်မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ ဒါပေမယ့် ခုဟာက ကျွန်မနဲ့ စလယ်ဆုံးတူတူလောက် ဖန်တီးခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့အတွက် ကျွန်မမှာ ပြောရမယ့် တာဝန်ရှိလာသလို ခံစားရပါတယ်။ တခြားရှည်ရှည်ဝေးဝေး တွေ မပြောချင်ပါဘူး။ စက္ကူငှက်ရဲ့ အစအလယ်အဆုံးကိုပဲ ပြောကြရအောင်။
၂၀၀၆ နွေနံနက်ခင်းတစ်ခုမှာပါ။ ကျွန်မ ကိုကို့ကို summer school သွားပို့နေတုန်း မနက်စောစော ဖုန်းဝင်လာပါတယ်။ မနက် ရှစ်နာရီအရောက် ပို့ရတဲ့ကျောင်းကို ကျွန်မတို့ ၇နာရီခွဲကျော်တည်းက အိမ်ကထွက်ရပါတယ်။ အဲဒီလိုအချိန်မှာဝင်လာတဲ့ဖုန်းက ထူးထူး ဆန်းဆန်း မောင်စိုင်းဖုန်းဖြစ်နေလို့ ကျွန်မ တအံ့တသြနဲ့ မေးရပါတယ်။ စောစောစီးစီး ဘယ်လိုဖြစ်ရတာတုန်း ။ညတည်းက မအိပ်သေးတာလား မနက်စောစောနိုးတာလား ဆိုတော့ ထုံးစံအတိုင်း ညကတည်းက မအိပ်သေးတာပါ ..။ ကျွန်မကို ဘယ်ရောက်နေလဲ မေးပြီး ကိုကို့ကို ပို့ပြီးတာနဲ့ သူတို့ရှိတဲ့နေရာကိုလာဖို့ လှမ်းခေါ်ပါတယ်။ breakfast ကျွေး မလို့ဆိုပဲ။ (ထူးထွေတည့်အံ့ရာသော်ပါပဲ) ဒါပေမယ့် ကိစ္စမရှိပဲနဲ့အချိန်ကုန်ခံတတ်တဲ့ထဲ စိုင်းစိုင်းမပါဘူးဆိုတာ ကျွန်မသိပါတယ်။ အဲဒါနဲ့ လာခဲ့မယ်ပဲပြောပြီး ကျောင်းပို့ပြီးတာနဲ့ သူတို့ရှိတဲ့အင်းလျားက ရှမ်းအိုးစည် ဆိုင်ကိုရောက်ခဲ့ပါတယ်။
ဟိုကျတော့ သူနဲ့ဂျွန်နဲ့ နှစ်ယောက်၊ ဘုရားတောင် တက်ခဲ့ပြီးပြီ တဲ့။ တစ်ညလုံးမအိပ်ထား ပေမယ့် သူတို့ပုံက လန်းဆန်းလို့။ လူငယ်တွေကိုး ။ ကဲ ကိစ္စကိုပြော ဆိုတော့ တော်တော် လေးကို ခေါက်ချိုးထားလို့ ဖြန့်ချလို့တောင်မရတဲ့ ဗလာစာအုပ်တစ်အုပ်ကို ကျွန်မကို ကမ်းပေးပါတယ်။ ဘာလဲ လို့မေးတော့ ဂျွန်က အမေ စားပြီးမှ ဖတ်ပါ တဲ့ ။ ကျွန်တော့်လည်း သူ ကော်ဖီတိုက်ပြီးမှ ဖတ်ခိုင်းရတာ လို့ဆိုတဲ့အတွက် စာမူဆိုတာ သဘောပေါက်လိုက်ပါတယ်။ သူက ကျွန်မတို့ မဂ္ဂဇင်းမှာရော၊ သရဖူနဲ့ မြင်ကွင်းမှာပါ ကဗျာတွေ ဝတ္ထုတိုတွေ ရေးနေကျဆိုတော့ ကျွန်မကို ဝတ္ထုတိုတစ်ပုဒ်ပေးတယ်လို့ပဲ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမယ့် ယူကြည့်လိုက်တော့ တစ်ရွက်နှစ်ရွက် လှန်လိုက်တာနဲ့ ဒါ အတိုတစ်ပုဒ်ရဲ့ အသွားအလာ မဟုတ်ဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ လုံးချင်းလား လို့ ကျွန်မ တအံ့တသြမေးတော့ ဟုတ်တယ် လို့ဖြေပါတယ်။ မနက်စာမစားဖြစ်ပဲ ထိုင်ဖတ် လိုက်တာ သုံးလေးခန်းပဲပြီးသေးတာမို့ မကြာခင်မှာပဲ ပြီးသွားပါတယ်။ သူ့ကို ကဗျာတွေ အတိုတွေရေးတာ ဖတ်ဖူးပေမယ့် လုံးချင်းရေးလိမ့်မယ်လို့ ထင်မထားခဲ့ဖူးဘူး။ ရေးလိုက်တဲ့ အခါကျတော့လည်း continuity ရှိရှိရေးနိုင်တာကို တွေ့ရတယ်။
စာရေးတာ အမျိုးမျိုးရှိပါတယ်။ ကဗျာသမားက စကားပြေမရေးနိုင်တဲ့သူတွေရှိသလို စကားပြေသမားကလည်း ကဗျာမရေးတတ်တာရှိပါတယ်။ နှစ်ခုလုံးရေးနိုင်တဲ့သူကတော့ တစ်မျိုးပေါ့။ စကားပြေ ဝတ္ထုတိုလည်းရေးနိုင် ကဗျာလည်းရေးနိုင်ပေမယ့် လုံးချင်းရေးနိုင်ဖို့ ကျပြန်တော့လည်း ခက်ပြန်ပါရော။ ဒါပေမယ့် မောင်စိုင်းကျတော့ အတိုကို အတိုလို ထိမိအောင်ရေးနိုင်သလို ၊ကဗျာကို လှလှပပဖွဲ့နိုင်သလို လုံးချင်းကိုလည်း သပ်သပ်ရပ်ရပ် ရေးနိုင်တာကို သတိထားမိလိုက်တယ်။
သူက ကျွန်မကို ဝေဖန်ပါဆိုတဲ့အချိန်မှာ ကျွန်မ အနေအထားတချို့ကို ဘယ်လိုလေးလုပ်ရင် ကောင်းမယ်ဆိုတဲ့အကြံကလွဲရင် ကျန်တာ ဘာမှမပြောခဲ့ပါဘူး။ ပြောစရာမလိုလည်းမလိုလို့ပါ။ သူ့ရိုးသားမှုနဲ့ သူ စာမူလေးက အဆင်ပြေနေပါတယ်။ အဲဒီမှာ ကျွန်မတို့ UFL အတူ တက်ခဲ့တဲ့ကာလနေ့ရက်တွေဆီက အဖြစ်အပျက်လေး တချို့လည်းပါပါတယ်။ ဆရာ ဆရာမတွေ လည်းပါပါတယ်။ ကျွန်မတို့ချင်းမှ သိနိုင်မယ့် အဖြစ်အပျက်လေးတွေကို ဇာတ်ဝင်ခန်းတစ်ခုသဖွယ်ရေးထားတာမျိုးပါ။ ဒါကို ရှမ်းစာရေး ဆရာကြီးဆီက ကူးချပါတယ်ဆိုတော့ တော်တော်လေး ကို စဉ်းစားစရာဖြစ်နေပါပြီ။
နောက်ပိုင်း café aroma မှာ၊စိမ်းလန်းစိုပြေမှာ ကျွန်မတို့ဆုံဖြစ်ကြရင် ဆက်ဆက်ရေးထား တဲ့ အခန်းတွေကို ဆက်ဖတ်ရပါတယ်။ သူ့လက်ရေးမူကိုဖတ်ရတာ ကျွန်မ တစ်ခုပဲ စိတ်ညစ်ပါတယ်။ မလိုချင်တဲ့ အပိုဒ်လိုက်ကို ခြစ်ချ လိုသလိုပြန်ထည့်ဖို့ စာမျက်နှာဘယ် လောက်သို့ .. ဆိုတာတွေ။ ဒီအခန်းက ဘယ်အခန်းနောက်ကို ဝင်မှာ ဆိုတာတွေစတဲ့ မြားတွေညွှန်ရာကို လိုက်ဖတ်ရလို့ပါပဲ။ အဖွင့်ခန်းဆိုရင် နောက်ဆုံးမှ ရေးတာပါ။ အဲဒီလို ကိုယ့်စာမူတစ်ပုဒ်ကို စလယ်ဆုံး ဂစ်တာကြိုးညှိသလို ညှိရေးခဲ့တာ မျက်မြင်ဖြစ်တာရော ပြောခဲ့သလို တချို့ ဇာတ်ကွက်တွေက ကျွန်မတို့ UFL အတူတက်ခဲ့စဉ်က အဖြစ်တချို့ ဖြစ်နေတာရော ကြောင့် သူများဝတ္ထုကို ကူးယူထားတာဆိုတဲ့အမနာပ စကားကို ကျွန်မ ဘယ်လိုမှ ခံစားလို့မရပါဘူး။
ကြုံခဲ့တာလေးတစ်ခုကိုလည်း သွားသတိရပါတယ်။ ကိုတာရာမင်းဝေ အရှေ့မြို့ရိုးက မိုးရေစက်များ ထွက်လာတုန်းကလို.. ဘာသာပြန်ကြီးပါ အဲဒီမူရင်း ငါဖတ်ဖူးတယ်။ ငါက ဘယ်လောက် နိုင်ငံတကာစာဖတ်တာနှံ့စပ်တာ ဆိုတဲ့သူတွေ၊ မှီးထားတာပါ ဘာစာအုပ်ကို မှီးတယ်ဆိုတာ ပြောလို့ရပါတယ်ဆိုတဲ့သူတွေ အများကြီးကြုံဖူးပါတယ်။ အဲဒီတုန်းက ကျွန်မက သူနှုတ်က ခေါ်တာကို လိုက်ရေးပေးခဲ့တဲ့သူ။ လိုအပ်တဲ့ ဒေတာတွေကို အတူရှာခဲ့တဲ့သူ။ အဲဒီလူကိုတောင် သူမှီးထားပြီးမှ နင့်ကိုခေါ်ပေးတာဆိုရင် လည်းရတာပဲ လို့ ပြောခံခဲ့ရဖူးတာလည်း မမေ့ပါဘူး။
ကိုတာရာမင်းဝေက ပြတ်ပါတယ်။ စာမျက်နှာပေါ်တက်လာခဲ့ပါ။ မှီးထားတယ်ဆိုတဲ့ စာအုပ်ကို သေချာချပြလိုက်ပါ ။တကယ်သာဆိုရင် လက်ဖြတ်ကြေးလောင်းတယ် စည်းစိမ်ပါ ပုံပေးလိုက်ဦးမယ် တစ်သက်လည်းစာရေးမစားတော့ဘူးလို့ ကြေညာလိုက်မှ ငြိမ်သွားကြပါတယ်။ ဒီနေ့ထိလည်း အသံဆက်မထွက်ရဲတော့ပါဘူ။
ဒါတွေကိုတွေ့လာတဲ့အခါမှာ ဆရာဝင်းစည်သူ မဆုံးခင်က ပြောနေကျ စကားတစ်ခုကို သွားသတိရပါတယ်။ မြန်မာလူမျိုးတွေက မစ္ဆိယ စိတ် သိပ်များတယ်ဆိုတဲ့စကားပါ။ လူမျိုးနဲ့တော့ ကျွန်မက ချီမပြောချင်ပါဘူး။ ဒါပေမယ့် ဒါက အမှန်ပါပဲ။ တော်တော်များများ က အဲဒိလိုကိုဖြစ်နေပါတယ်။ ကိုတာရာမင်းဝေ ကျွန်မကို ပြောသွားတဲ့စကားတစ်ခွန်း ရှိပါတယ်။ နင့်ဘာသာနင် သေအောင်လုပ် ဘယ်လောက်ကောင်းနေနေ ဘယ်သူမှတစ်ခွန်း လာမချီးကျူးဘူး ။ အဲ .. နည်းနည်းလျော့တာနဲ့ ဆဲဖို့ထိုင်စောင့်နေတဲ့ သူတွေကတော့ တပုံကြီးပဲ တဲ့။ အဲဒါ သိပ်မှန်ပါတယ်။ သူ့ဘဝမှာလည်း ဒီလိုပဲ တွေ့ခဲ့ရတာ အများကြီးကိုး။
စက္ကူငှက် ကို ချိုမီက ကွန်ပြူတာစာစီပြီး ကျွန်မဆီပို့ပါတယ်။ word file နဲ့ပါ။ အဲဒါကို ကျွန်မက ရုံးမှာ page maker ပြန်စီပြီး စီစစ်ရေးမတင်ခင် ကျွန်မ တစ်ခေါက်ထပ်ဖတ် ပါတယ်။ အဆင်ပြေပြီ ဆိုမှ ရုံးတင်လိုက်တာပါ။ နောက်ပိုင်း စာအုပ်ဖြစ်အောင် ဖန်တီးမှုတွေကတော့ ထားလိုက်ပါတော့။ ကျွန်မသိချင်တာက အဲဒီရှမ်းစာရေးဆရာကြိးရဲ့ စာအုပ်ထဲမှာလည်း ဒီခေတ်ကာလလိုပဲ စက္ကူငှက်ကလေးတွေ အကောင်ရေ တစ်ထောင် ခေါက်ပြီး ပေးတဲ့ အလေ့အထကို ထည့်ရေးထားသလားဆိုတာပါပဲ။ ဒါကို ဖယ်လိုက်လို့က နောက် UFL က အမှတ်တရနေ့ရက်တွေကို အခြေခံထားတာကို ဖယ်လိုက်လို့က ဒီဇာတ်ဟာ ဘာမှသိပ်ထူးဆန်းတဲ့ ဇာတ်ကွက်တစ်ကွက်မဟုတ်ပါဘူး။ ကောင်မလေး နှစ်ယောက် ကောင်လေးတစ်ယောက်ကိုကြိုက်တယ် ။ ဒါပါပဲ။ စက္ကူငှက်ကလေးတွေ ကြယ်စေ့လေးတွေ အရုပ်ကလေးတွေ ဆိုတာကလည်း မောင်စိုင်း ကျောင်းမှာ နေ့စဉ်နဲ့ အမျှ လက်ခံရရှိနေတတ်တဲ့ ပစ္စည်းလေးတွေပါပဲ။ သူမို့ ကျောင်းရောက်လာပြီဆို ကြယ်ပုလင်းလေးတွေ ၊စက္ကူငှက်ပုလင်းလေးတွေ အရုပ်ကလေးတွေ တစ်ခုမဟုတ် တစ်ခုတော့ ရောက်လာတတ်တာကိုး ။ ဒီလိုပဲ ဟိုခေတ် အခါကလည်း အဲဒီဆရာကြီး ရခဲ့ဖူးသလား သိချင်လာရပြန်ပါရော ..
လူတစ်ယောက်ကို နာမည်ဖျက်ဖို့ ဆိုတာက လွယ်ပါတယ်။ အဲဒီလူ နာမည်တကယ်ပျက် သွားဖို့ကတော့ လွယ်မယ်လို့ မထင်လိုက်ပါနဲ့။ အောင်မြင်လာတဲ့လူတစ်ယောက်စီတိုင်းမှာ ဘယ်လိုပဲ ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း၊ ဘယ်လောက် မနာလိုလို သူ့မှာ ကိုယ်ပိုင် အရည်အချင်းတစ်ခုတော့မရှိပဲ သူဟာနေရာတစ်နေရာ မရလာပါဘူး။ အဲဒီအရည်အချင်းက သူ့ကို နာမည်မဖျက်နိုင်တဲ့ အဓိက အချက်ပါပဲ။ သိက္ခာချချင်လို့ အမနာပ လျှောက်ပြောရတာ forward mail တွေပို့ရတာ၊ post တင်ရတာ လွယ်ပါတယ်။ အဲဒီအတွက် တစ်ကိုယ်ရည် ပျော်ရွှင်နေတယ်ဆိုရင်လည်း ပျော်ရွှင်လိုက်ကြပါ။ တကယ် တော့ သူတို့ မျှော်လင့်ထားသလို ဖြစ်မသွားနိုင်ဘူးဆိုတာ သိဖို့တော့လိုလိမ့်မယ် ထင်ပါတယ်။ သူများတကာတွေ နေ့ရက်တွေကို လိပ်ပြာသန့်သန့် နဲ့ ဖြတ်သန်းနေတာကို လိပ်ပြာမသန့်စွာ ရှင်သန်သွားရမယ့်လမ်းကို ရွေးချယ်ပြီး ဒီလိုလုပ်တာကတော့ သူတို့ ရွေးချယ်မှုနဲ့ သူတို့ပါပဲ။


မနေ့ကအကြောင်း

Saturday, November 21, 2009


မနေ့ကအကြောင်း

ပုလင်းနဲ့မျောလာတဲ့ စာတွေကများများလာတယ်
မနေ့က အကြောင်းတွေပြန်ပြန်ပြောဖြစ်ကြတဲ့အခါ
ပြဿဒါးတွေကများပြီး ရက်ရာဇာတွေက ပါးလွန်းသတဲ့
သမားတွေကညိုလိုက် ဖြူလိုက်
နဂါးခေါင်းတွေက ငါ့ဆီကျမှတည့်တည့်လှည့်လိုက်


မဟာရက်ကြမ်းတွေရဲ့ နှုတ်ခမ်းနဲ့အနမ်းခံရတိုင်း
အသက်ရှူသံတွေက အပိုင်းပိုင်းပြတ်ကျ ..
ပုလင်းဝမှာကပ်ပါလာတဲ့ ရေချိုကိုအငမ်းမရဖြစ်မိသလို
အဲဒီလို နေ့ရက်တွေနဲ့..တဒင်္ဂများစွာမှာသေဆုံး..
အရှုံးတွေကိုချည်း ရွတ်ဖတ်သရဇ္ဇယ်နေရပြန်


မနက်ဖြန်တွေနောက်ကို တကောက်ကောက်လိုက်ရင်း
အပြင်းစားနာရီတွေကိုပဲ လိုက်လံတွန်းတိုက်နေခဲ့ရ
ဘဝဆိုတာက စာမျက်နှာမတပ်ထားတဲ့ တိုက်ပျက် စာအုပ်တစ်အုပ်လို
ဘာဆိုဘာကိုမှမသိချင်တော့ပါဘူးဆိုလည်း
အဆီအငေါ်မတည့်စွာ ဆက်လက်ချီတက်နေရဆဲ။


အခင်းအကျင်းမဲ့စွာခမ်းနားတဲ့ မရဏဗုံသံတွေလို
နာကျင်မှုရဲ့တော်လဲသံက ဆူညံလွန်းတယ်
မနေ့ကအကြောင်းတွေက လှခဲ့တာလည်းမဟုတ်ပါပဲ
မနက်ဖြန်တွေကို ပိုပိုကြောက်တတ်လာခဲ့ ..
အဲဒါကိုကသဘာဝ ကျ တဲ့ မြင့်မြတ်သောကျိန်စာ ….။


မနော်ဟရီ
နိုဝင်ဘာ ၂၊ ၂၀၀၉




မနေ့ကအကြောင်း ...

မနေ့က ...
ရွှေဖြစ်နေတဲ့ Midas အိမ်မက်တွေတွေ့တယ် ...
ကရုဏာ သီတလ ဟဒယံ အစချီတဲ့ .... တိမ်ကလေးတွေ ဖြတ်သွားတာတွေ့တယ် ...
ကဗျာတစ်ပုဒ်ရဲ့ မြစ်ဖျားခံရာဒေသကိုလည်းတွေ့တယ် ....
အမှောင်ထဲမှာ ရပ်တန့်စောင့်ဆိုင်းနေတဲ့ သစ်ကိုင်း ရဲ့ စိတ်ရှည်တဲ့ အသက်ရှူသံကိုတွေ့တယ် ...
စစ်ပွဲတွေစတင်ရာအကြောင်းတရားမဲ့မှုကို တွေ့တယ် ....
ပတ်စာခွာ ဖျာလိပ် .. ငြိမ်းချမ်းရေးရဲ့ အသံတိတ်နေတာကိုလည်း တွေ့တယ် ....။


မနေ့က ...
အသက်ရှူရတာကိုမေ့တယ် ...။
လူတွေရဲ့ လောက၀တ်ကို မေ့တယ် ....။
ဖြောင့်တန်းစွာ ဆက်လက် ခရီးမဆက်နိုင်တော့တဲ့ အလင်းတန်းကို မေ့တယ် ...။
လူတွေဝိုင်းဝန်းပစ်ချထားတဲ့ သက်ပြင်းချသံရဲ့ dB (decibel) ကိုမေ့တယ် ...။
ကတိက၀တ်ကိုမေ့တယ် ...။
ဘဏ်ငွေလက်ကျန်ကိုမေ့တယ် ...။
မိဘကျေးဇူးကိုမေ့တယ် ...။
လေထုထဲ အောက်ဆီဂျင်ဆက်လက်ပါဝင်နှုန်းကို မေ့တယ် ...။


မနေ့က ...
လက်ပံပွင့်ချိန် မရူးသေးတဲ့ခွေး အဖော်မဲ့တဲ့အကြောင်းတွေးတယ် ။
မပွင့်သေးတဲ့ ပန်းတစ်ပွင့်ရဲ့ရနံ့အကြောင်းတွေးတယ် ...။
မတည့်အတူနေတဲ့ ရုပ်နဲ့နာမ်အကြောင်းတွေးတယ် ...။
ခရမ်းရောင် အပြည့်သိပ်ထည့်ထားတဲ့ မိုးပျံပူဖောင်းတစ်ခုအကြောင်းတွေးတယ် ...။
စကြ၀ဠာထဲ ပစ်လွှတ်လိုက်တဲ့ ဘူမာရင်း အကြောင်းတွေးတယ် ...။


မနေ့က ...
ဇီဝနာရီ သဲတွေနည်းလာတာကို ပျော်ရွှင်တယ်။
စကားလုံးခွဲခြမ်းစိတ်ဖြာထားတဲ့ကဗျာဖတ်ရတာပျော်ရွှင်တယ်။


မနေ့က
သက်တစ်ရာတမ်းကို မနေ့ကဟုယူဆပါ ... ဆိုတဲ့ စာတစ်ကြောင်း ကဗျာအစမှာ အရင်ရေးဖို့ မေ့ခဲ့တယ်။ ။

Zephyr
နိုဝင်ဘာ ၂၁၊ ၂၀၀၉


Idea Magazine 100th Issue

Thursday, November 12, 2009



Idea Magazine 100th Issue တင်ထားပါတယ်။ စာမူအကုန်တော့ မတင်ထားနိုင်ပါဘူး။ အကြောင်းကြောင်းသော အခက်အခဲလေးတွေကြောင့်ပါ။ ထပ်ရရင် ရသလိုတင်ပေးပါမယ်။ ခုတင်ထားတာလေး တွေကို ဒီမှာ သွားဖတ်နိုင်ပါတယ်။
ကဗျာ - သုခမိန်လှိုင်၊ဝင်းမောင်၊ကျော်ထူး၊စိုးရိမ်၊သျှီသူအောင်၊ဝင်းမြင့်၊ဝေမှူးသွင်
Your Idea - ပိုင်
Poem Corner - အိုင်လွယ်ပန်၊နေနိုင်(ချောက်)၊မိုးဇက်တီကေ၊မိုးအိမ်လူ
ဝတ္ထု - ဂျူး၊နေဝင်းမြင့်၊မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊မင်းခိုက်စိုးစန်၊လင်းဆက်
နီကိုရဲ စာမူကိုတော့ ကျွန်မဘလော့မှာတင်ထားလို့ မတင်တော့ပါဘူး။ ကျန်တာတွေလည်း ရရင်ထပ်တင်ပေးပါမယ်။


ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို

Sunday, November 8, 2009


ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို


ခဏတာအတွင်းမှာ လက်ကွက်တွေ ဆင့်ကာဆင့်ကာမှားနေတဲ့ ဂီတသမားလို
ဘဝကို ခပ်မှောင်မှောင် ရေးချယ်ပစ်လိုက်တာ အဘယ်နတ်ဒေဝတာပါလဲ ..
လမ်းပြနေတဲ့ ကြယ်တွေကို ခပ်ဝေးဝေး မောင်းထုတ်ပစ်လိုက်ပြီးကာမှ
လကွယ်ညတွေချည်း တရကြမ်းဖြတ်ကျော်ချင်နေမိ လမ်းကလည်း မရှိတော့ဘူး
(လမ်းဆိုတာက ကိုယ်တိုင်ဖော်စပ်လို့ရတဲ့အရာ .. ဆေးစပ်လည်းမှားနိုင်သလို
ဆေးခပ်လည်း ခံရနိုင်သေး ….)

ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ
ဖြစ်ချိန်တန်မဖြစ် ပျက်ချိန်တန်ပျက်များနှင့် သာဖက်လှဲတကင်းရှင်သန်ခဲ့ရ ..
ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို အလိုလို ဦးညွတ်ချင်စရာကောင်းလာတယ်
သူ့နောက်မှာပါလာမယ့် လေပြေညင်းအတွက် မျှော်လင့်နေတာမျိုးမဟုတ်ပါပဲ
ဘဝကို ခပ်ပြင်းပြင်းတိုက်ခတ်ရယ်မောပစ်လိုက်ရ.. ဒါ .. အရသာ .. တဲ့လား …

ပြက်ရယ်ဖွဲ့ နေ့ရက်တွေက နှစ်လိုစရာအရောင်အဆင်းနဲ့ ဘဝထဲဆင်းချလာပြန်တယ်
ကျယ်ပြန့်လွင့်မျောတဲ့ သံသရာမှာ ငါက ဝဋ်ကြွေးတွေကိုမှဖမ်းဆုပ်တတ်သူတဲ့လား
တံခါးတစ်ချပ်ကို လှလှပပဖွင့်ထွက်သွားဖို့ ငါတို့အတွက် လိုအပ်တဲ့ သင်္ကေတဟာဘာလဲ
ပျောက်ဆုံးပျက်စီးနေသော ရှေးဟောင်းမြို့ပျက်များလို ကံကြမ္မာအသစ်များ
ရက်ရက်စက်စက် ကွဲပျက်အောင် ထပ်မံဖျက်ဆီးလိုသော စွန့်စားရှာဖွေသူအမည်ခံများ
သ...င်္ကေ...တ...အား...လုံး...ပျောက်...ဆုံး...လက်...စ...နဲ့...ပျောက်...ဆုံး...နေ...ပါ...စေ့...လေ ..

တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။

မနော်ဟရီ

ညီမလေး အိန္ဒြာ ရဲ့ ဘလော့ခ် တစ်နှစ်ပြည့်တွက် အမှတ်တရပေးဖြစ်ခဲ့တဲ့ကဗျာပါ ။
ကဗျာက မုန်တိုင်းတစ်ပုဒ်လို မသာယာခဲ့ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ ဒါပဲ ရေးနိုင်ခဲ့တဲ့အတွက်
ဒီကဗျာလေးပဲ ပေးဖြစ်လိုက်ပါတယ်။ သူက ဒီကဗျာကိုခံစားပြီး အက်ဆေးတစ်ပုဒ်
ရေးဖြစ်ခဲ့ပါတယ်။ အဲဒါကိုတော့ အိန္ဒြာ့ ဆီမှာ သွားဖတ်နိုင်ပါတယ်။