နှင်းစက်ရက်လွန်

Wednesday, March 4, 2009

တစ်ချိန်တုန်းကတော့အဲဒီလိုခံစားမှုတွေနဲ့ကျွန်မနာတာရှည်ခဲ့ဖူးတယ်။လောကမှာခံစားမှု
မျိုးစုံကိုခံစားတတ်အောင်ဘုရားသခင်ကပေးထားခဲ့လိုသာ..ကျွန်မဒီလိုအနုပညာတွေ
ဖန်တီးနေနိုင်တယ်လို့ယုံတယ်။ဒီကဗျာကိုကျွန်မရေးတုန်းက..၂၀၀၀ခုနှစ်ထင်တယ်။..
ပါသွားတာကတော့ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာပါ။သုသစ်တို့ကျွန်မ
တို့ဆီလာတောင်းသွားခဲ့တယ်လို့မှတ်မိနေတယ်။ဒီခေါင်းစဉ်လေးနဲ့ပဲကျွန်မ..လုံးချင်းတ
အုပ်ရေးထားသေးတယ်။အကြောင်းအရာကတော့မတူပါဘူး။ဒီခေါင်းစဉ်လေးကိုကြိုက်
လွန်းလို့ပေးဖြစ်သွားတာပါ။
နှင်းစက်ကလေးတွေရက်လွန်သွားတဲ့ခါ..ဘာဖြစ်သွားမယ်လို့..ရှင်တို့ထင်သလဲ...
ကျွန်မလည်း..အဲဒီကဗျာရေးစဉ်ကာလက..နှင်းစက်လေးတစ်စက်အဖြစ်ရက်တွေလွန်
နေခဲ့ဖူးတယ်။

နှင်းစက်ရက်လွန်

ရှုံးနိမ့်ခဲ့ရတဲ့ တောင်ကုန်းလေးရဲ့ခံတပ်စောင့်ဟာ... ငါပါ
ငါ့ရဲ့မြစ်ပြင်ကျယ်ကလေးကတော့... ဟိုးအဝေးမှာ
ဗေဒါတချို့ မြစ်ကျဉ်းတချို့နဲ့... ခပ်တိုးတိုးလေးစီးဆင်းလို့

တကယ်တော့...
လွင်ပြင်တွေဘယ်လောက်ပဲ ကာဆီးကာဆီး
ငါတို့ရဲ့ကောင်းကင်ပြာကတော့... တစ်ခုတည်းပါပဲ။
လရောင်ဖြာကျနေပုံကအစ အထီးကျန်ဆန်လှတဲ့ညတွေ
.......
အများကြီးပါ

တကယ်ဆိုရင်...
ပန်းရနံ့လေးပဲဖြစ်ဖြစ် သာသာယာယာကြားချင်မိတာပေါ့
အာရုံတွေကန်းနေတဲ့လူတစ်ယောက်ဖြစ်ခဲ့ရင်တော့ အကောင်းသား
ခုတော့လည်း...
လောကရဲ့ဆွံ့အမှုတွေကိုအဓိပ္ပာယ်ရှာ... သည်းခံတတ်ခဲ့ပါပြီ။

ငှက်ကလေးရေ...
နာကျင်နေတဲ့တေးတွေကို အလိုမကျစွာ သီဆိုနေတုန်းလား
သံစဉ်တစ်ခုရဲ့ ဂီတကို စည်းဝါးကျကျ မခံစားတတ်သူရယ်လို့ မရှိပါဘူး
တစ်ခါတစ်ခါတော့လည်း...
ကံကြမ္မာပတ်မသံဟာရင်ကွဲမတတ် ကျယ်လောင်လွန်းလှပါတယ်
ငါကတော့... ဆောင်းခိုငှက်ကလေးတစ်ကောင်ရဲ့ ဘ၀ဂီတကို
ဟိုအဝေးကနေစိတ်နဲ့
ကြားနာချင်နေမိတာတစ်ခုပါပဲ။

ပန်းချီကားတစ်ချပ်ရဲ့ သက်ဝင်မှုမျိုးလောက်နဲ့တော့
ငါ့ကိုမဖြားယောင်းပါနဲ့တော့...
ငြိမ်းအေးခြင်းတွေ ခုန်ဆင်းထွက်ကျမလာမယ့်အတူတူ
အဖြူရောင်တွေ အိပ်စက်နေပါစေလေ...
(မေမေ...အိပ်ရာဝင်ပုံပြင်တွေထဲက နတ်ဆိုးတစ်ပါးပါးများ
ခရီးထွက်ခဲ့သေးသလား... )

သံယောဇဉ် ဆိုတာ
တကယ်တော့ ရာသီဥတုလေးတစ်ခုသက်သက်ပါ
ဘုရားသခင်က တိတ်တဆိတ်ဖန်ဆင်းခဲ့တဲ့အရာပေါ့...
အရာရာအစစ မိုင်ပေါင်း(၅၀၀)မက ဝေးကွာသွားကြတဲ့အခါ
မရိတ်သိမ်းလိုက်ရတဲ့ ပျိုးခင်းဝါ၀ါတွေ...
ငါတို့ရဲ့တစ်ခုတည်း ကောင်းကင်ပြင်ကြီးအောက်မှာ...
ဒဏ္ဍာရီဂီတတွေနဲ့
ပင့်သက်လွင့်ဝေနေဦးမလား... ။

ညရေ...
အမှောင်ကဝေတွေ သေဆုံးသွားတော့မှာလား...
ဆောင်းညတွေရဲ့အမှားတွေ...
ငါ့ခံတပ်ကလေးမှာ... ကဗျာမဆန်စွာ... အတုံးအရုံးစုပုံလို့
ငါတို့...
ဘာလို့... နှင်းကျခဲ့ကြတာပါလိမ့်... ။


မနော်ဟရီ


21 Comments:

sait phay yar said...

ဘာလို့နှင်းကျခဲ့ပါလိမ့်နော်
မကျခဲ့ရင် ဒီလောက်ခံစားရမှာမဟုတ်ဘူးလေ

Anonymous said...

:)
မှန်ကန်တဲ့ညတွေရဲ့ နှင်းစက်တွေလည်း ကျချင်ကျဦးမှာ.. မကျချင်လည်း မကျနိုင်တော့ဘူး..

Moe Myint Tane said...

"နှင်းစက်ရက်လွန်" သိပ်ကောင်းတဲ့ ကဗျာလေးပါအမရေ။ နောက်ဆုံးအပိုဒ်လေး အကြိုက်ဆုံးဘဲ အမ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းဒီပ said...

“တစ်ခါတစ်ခါတော့လည်း...
ကံကြမ္မာပတ်မသံဟာရင်ကွဲမတတ် ကျယ်လောင်လွန်းလှပါတယ်”

ပတ်မတစ်ချက်တီးလိုက်တိုင်း ရင်ကို ဟိန်းဟိန်းထွက်သွားတယ်..

“သံယောဇဉ် ဆိုတာ
တကယ်တော့ ရာသီဥတုလေးတစ်ခုသက်သက်ပါ”

ဆောင်းရာသီလေးပါပဲ အစ်မရယ်..

သက်ပိုင်သူ said...

သံယောဇဉ် ဆိုတာ
တကယ်တော့ ရာသီဥတုလေးတစ်ခုသက်သက်ပါ.. တဲ့
ဘယ်လောက်လှလိုက်သလဲ.........

ရာသီတွေ ခဏခဏပြောင်းသလို သံယောဇဉ်ကရော ပြောင်းဦးမလား။

ဒါမှမဟုတ် ရာသီတွေတစ်ပတ်လည်လာသလို သံယောဇဉ်အဟောင်းက အဟောင်းပေါ်မှာပဲ ပြန်လည်လာမလား

တွေးသွားတယ် နော်

Moe Cho Thinn said...

အရာရာအစစ မိုင်ပေါင်း(၅၀၀)မက ဝေးကွာ သွားကြတဲ့အခါ..တဲ့။
နားလည်ခံစားမိသွားသလိုပဲ..

emayarKhin said...

ဟုတ်တယ်နော.်..မ..တခါတလေကံကြမ္မာပါတ်မသံ
ဆိုတာတကယ့်ကိုရင်ကွဲမတတ်ကျယ်လောင်
လွန်းလှလို့နားတွေတောင်ထိုင်းချင်လာတယ်...........

Sein Lyan Tun said...

ငှက်ကလေးရေ...
နာကျင်နေတဲ့တေးတွေကို အလိုမကျစွာ သီဆိုနေတုန်းလား
သံစဉ်တစ်ခုရဲ့ ဂီတကို စည်းဝါးကျကျ မခံစားတတ်သူရယ်လို့ မရှိပါဘူး
တစ်ခါတစ်ခါတော့လည်း...
ကံကြမ္မာပတ်မသံဟာရင်ကွဲမတတ် ကျယ်လောင်လွန်းလှပါတယ်
ဟုတ်တယ်နော်..
သိပ်မှန်တယ်..
ဒီအပိုဒ်လေးကိုကြိုက်တယ်

ATN said...

ပျော်ကျသွားတဲ့အခါ မအေးမြနိုင်တော့ဘူးလေ...း(

အိုင်လွယ်ပန် said...

သံယောဇဉ်ဆိုတာ တကယ်တော့ရာသီဥတုလေးတစ်ခုသက်သက်ပါ ...

ငါတို့ဘာလို့နှင်းကျခဲ့ကြတာပါလိမ့် .....

ကောင်းတယ်အစ်မရာ .........

ညီလင်းသစ် said...

အဲဒီ မရိတ်သိမ်းလိုက်ရတဲ့ ပျိုးခင်းဝါဝါတွေကို ထားထား ခဲ့ရတာ များလှပြီဗျာ၊

လွင်ပြင်တွေရဲ့ အလွန်မတော့ တစ်ခုတည်းသော ကောင်းကင်ပြာကြီးအောက်မှာ ကျနော်တို့ မက်မက်စက်စက် ကျပစ်လိုက်ကြရအောင်..... နှင်းတွေလေ။

မိုးခါး said...

တကယ်တော့...
လွင်ပြင်တွေဘယ်လောက်ပဲ ကာဆီးကာဆီး
ငါတို့ရဲ့ကောင်းကင်ပြာကတော့... တစ်ခုတည်းပါပဲ .. ညီမ တစ်ပုဒ်လုံးကို ကြိုက်တယ် မနော်ရေ ..း)

ဆောင်းယွန်းလ said...

ပန်းချီကားတစ်ချပ်ရဲ့ သက်ဝင်မှုမျိုးလောက်နဲ့တော့
ငါ့ကိုမဖြားယောင်းပါနဲ့တော့...
ငြိမ်းအေးခြင်းတွေ ခုန်ဆင်းထွက်ကျမလာမယ့်အတူတူ
အဖြူရောင်တွေ အိပ်စက်နေပါစေလေ..
ဟုတ်တယ် ဒီလိုအခင်းအကျင်းမှာ အဖြူရောင်တွေ အိပ်စက်နေကြတာပဲ အကောင်းဆုံးဖြစ်မှာပါ မနော်ရေ

ဆောင်းယွန်းလ said...

၁၃မကြိုက်သူအတွက် ၁၄ခုမြောက်ကွန်မန့်အဖြစ် ကဗျာဆန်တဲ့ ကဗျာတစ်ပုဒ်ကို ကဗျာဆန်စွာနှစ်သက်ကြောင်း ထပ်ပြီးပြောပါရစေ...

ယောနသံစင်ရော် said...

သံယောဇဉ်ဆိုတာ တကယ်တော့ ရာသီဥတုလေး တခုသက်သက်ပါ...
အရာရာ အစစ မိုင်ပေါင်း(၅၀၀)မက ဝေးကွာသွားကြတဲ့အခါ...

(မနော်..ချမ်းမြေ့ပါစေ...)

ကိုရင်နော်ခင်လေးငယ် said...

ညရေ......
ဆောင်းညရဲ့ အမှားတွေမှာ
ဘာလို့.. နှင်းကျခဲ့ကြတာပါလိမ့်..!!

သံယောဇဉ် ဆိုတာ တကယ်တော့ ရာသီဥတုလေး တစ်ခုသက်သက်ပါ...

မနော်ရယ်.. တော်လိုက်တာ..
အရမ်းလှတာပဲ....

with love..

April said...

လွင်ပြင်တွေဘယ်လောက်ပဲ ကာဆီးကာဆီး
ငါတို့ရဲ့ကောင်းကင်ပြာကတော့... တစ်ခုတည်းပါပဲ။
အဲဒါလေး အရမ်းကြိုက်တယ်..

ပျော်ရွှင်ပါစေ..
မိုးနေ

Anonymous said...

နှင်းစက်ရက်လွန်........................

ရက်လွန်သွားမှတော့နှင်းစက်ဟုတ်ပါအုန်းမလား..............

ဂျူ

tg.nwai said...

စကားလုံးလေးတွေက လှပပြောင်မြောက်ပါပေတယ်...။
နှင်းစက်ရက်လွန်သွားပေမယ့် နှင်းစက်ဆိုတာ တံလျှပ်တစ်ခု မဟုတ်ခဲ့တာတွက်တော့ ....ကျေးဇူးတင်မိမှာပါပဲ...။

မေငြိမ်း said...

အဲဒီ နှင်းတွေ ကျခဲ့တာကိုက ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ မဟုတ်လား...။
(မနော်ရေ.. အဲလို ထိထိရှရှ ကဗျာတွေ ဖတ်ရတိုင်း ငါအဲလိုမျိုး မရေးတတ်ပါလားလို့ တွေးမိတယ်။
ဟုတ်တယ်မနော်.. အမကို ဘုရားသခင်က ကဗျာသန္ဓေ ထည့်ပေးမထားခဲ့ဘူးထင်ပါရဲ့)။

Kaung Kin Ko said...

ခေါင်းစဉ်ပေးထားတာလေးက အစ ကဗျာလေးက အရမ်းလှတယ်။