Saturday, November 22, 2008
ကျွန်မ၀တ္ထုကိုဖတ်ပြီးတော့ နေဆူးသစ်က ကဗျာလေးတစ်ပုဒ်လှမ်းပို့ပေးတယ်။
“ကမ်းမဲ့မြစ်တစ်စင်း”တဲ့...။အဲဒါနဲ့ ကျွန်မလည်း ၁၉၉၆ခုနှစ်က လုံမလေးမှာ
ပါခဲ့တဲ့ ကျွန်မရဲ့ကဗျာလေးကိုသွားသတိရတယ်။ “ကုစားခွင့်” တဲ့..။ချစ်တဲ့မြို့
ကလေးကိုတမ်းတထားတဲ့ကဗျာပါ...။လွန်ခဲ့တဲ့ ဆယ်စုနှစ်တုံးက မနော်ဟရီ နဲ့
ခုမနော်ဟရီက မတူနိုင်တော့ဘူးလေ..။တကယ်ပါ...၂၀၀၅ နှစ်ကုန်ပိုင်းမှာ
မြို့ကလေးဆီပြန်ရောက်ရတဲ့ ခံစားချက်ကတော်တော်ကိုဆိုးဝါးတာပါ...။ကန်သုံး
ဆင့်ကလည်းတောကြီးထဲမှာပျောက်ဆုံးလို့...။မြင်နေရတတ်တဲ့ တံတားဖြူလေး
ကိုလည်းမတွေ့ရဘူး။ကိုယ်နေခဲ့တဲ့ယင်းမာဆီကိုသွားမယ်လုပ်တော့လည်း မ၀င်ရ
ဘူးတဲ့။ တော်တော်ကိုဆိုးတာပါ။မာန်ပြေစေတီလည်းမတွေ့ရတော့ဘူး။ တံတားလေး
ဆီသွားတော့...လား လား..ရေနစ်သေဖို့ကံက ကျွန်မတို့သားအမိတွေမှာအပါ
လာခဲ့လို့ပေပဲ...။ လေးဘက်တွားနဲ့ရောက်အောင်ဖြတ်ခဲ့ရတယ်။ မီးရှူးတိုင်ကြီး
လည်း ခြောက်သွေ့ပျက်စီးလို့..အရင်လိုစည်စည်ကားကားပွဲတွေလည်း မရှိတော့
ဘူးထင်တယ်။မာမီနဲ့ကျွန်မပြန်သာလာရော အီလည်လည်နဲ့။ ဘာခံစားချက်မှကို
မပါလာတော့သလိုကိုဖြစ်သွားတာ။
ပြန်လာပြီးတစ်လကျော်ကြာမှဒီဝတ္ထုလေးကိုရေးဖြစ်တာ။ရေးပြီးပြီးချင်းရတီနှစ်လည်
အတွက်စာမူတောင်းတာနဲ့ပေးလိုက်တယ်။ဒါပေမယ့်...စာမူလေးကဘာလို့မှန်းမသိ
ကျန်ခဲ့ရရှာတယ်။မနေ့တနေ့ကထိ အဲဒီသရုပ်ဖော်ပုံလေးကရှိတုန်း။ ကိုကိုနိုင်ရဲ့
လက်ရာပါ..။အဲဒါနဲ့သိမ်းထားလိုက်တာ တစ်နှစ်ကျော်သွားပါတယ်။ ၂၀၀၇ကျမှ
အိုင်ဒီယာနှစ်လည်အတွက်ပြန်တင်ဖြစ်တာ။အဲဒီမှာတော့ သရုပ်ဖော်ပုံက ကိုစိုးဝင်း
ငြိမ်းပါ။ အဲဒီနှစ်ကနှစ်လည်မှာလူတော်တော်စုံပါတယ်။ ဆရာဇော်၊ကိုရဲ(သစ္စာနီ)၊
ကိုငြိမ်း(ငြိမ်းအေးအိမ်)၊တာရာမင်းဝေ၊လင်းဆက်..စသဖြင့်..။
၂၀၀၆ မှာတစ်ခါထပ်ရောက်တယ်။ဒီတစ်ခါတော့ ပြောင်းလဲနေတဲ့ယင်းမာရော တေဇ
ဖက်ဆီရော အကုန်ရောက်ခဲ့တဲ့အပြင် အရင်ကင်တင်းဟောင်းမှာတောင်ထိုင်လိုက်
သေးတယ်။ အဲဒီကင်တင်းက ငယ်ငယ်တုန်းက ကိုယ်မှမထိုင်ခဲ့ရတာ..း) ။
အဲဒီအချိန်ကျတော့လူကစိတ်တော်တော်ပြန်ပြေသွားပြီ...။နောက်ဆုံးတစ်ခေါက်က
တော့ ဆရာကန်တော့ပွဲသွားတာပါ။ Teacher ဒေါ်စန်းစန်းရီက သေသေချာချာ
ကိုခေါ်ထားတာမို့ရော..နောက်လည်းသိပ်ရောက်ဖြစ်ဖို့မသေချာဘူးဆိုပြီးရောသွား
လိုက်တာ..နေ့ချင်းပြန်ပါပဲ..မြို့ခံတွေတောင်မလာကြတဲ့ဆရာကန်တော့ပွဲဆိုရင်
မှားမယ်မထင်ဘူး။ဘာလို့လဲဆိုတော့ သူငယ်ချင်းတော်တော်များများကိုမတွေ့ခဲ့ရ
လို့ပါ။ အတင်းအဓမ္မ သွားဆွဲခေါ်ချရတဲ့သူငယ်ချင်းတွေလည်းရှိပါရဲ့.။သူတို့ကြည့်
ရတာ ကျွန်မတို့ကိုတောင်တော်တော်အားလို့လာတယ်ထင်ပုံပဲ..။မအားပါဘူးဟာ
ဆိုတဲ့သူလည်းရှိတာပဲ..။
စိတ်လည်သွားပြီဆိုပေမယ့် ဒီစာလေးက ကိုယ်ပဲရေးထားခဲ့တာလေ...မညာချင်ဘူး။
အဲဒီတုန်းက ငါအဲလိုခံစားခဲ့ရတယ်ဆိုတာလေးအမှတ်တရပေါ့.ဆိုပြီးထားလိုက်တာ။
ခုကဗျာလေးနှစ်ပုဒ်ကတော့ မြို့ကလေးရောလွမ်းသူတွေရောကျေနပ်နိုင်မယ့်ကဗျာလေး
လို့မျှော်လင့်မိတာပဲ...နောက်ထပ်သေချာတာတစ်ခုကနှစ်ယောက်လုံးရဲ့ ငယ်လက်
ရာတွေလည်းဖြစ်လို့ ကဗျာတွေက ပျော့ရင်ပျော့နေမယ်။သေချာတာကတော့ အဲဒီထဲ
မှာ “...မလွမ်းတော့ဘူး”ကလိုအတတ်ပညာတွေ၊မရိုးသားမှုတွေမပါသေးဘူးဆိုတာ
ပါပဲ။
ကိုကြွက်ပြောသလို ဆိုင်းဘုတ်ဟိုဘက်ကျော်ရင်လူတော်တွေချည်းပဲဆိုတာလေးကိုလည်း
အမမေငြိမ်းနဲ့အတူ ထောက်ခံချက်ပေးလိုက်ရင်..အနည်းဆုံးသုံးမဲ..(နေဆူးသစ်နဲ့
အမခင်မင်းဇော်..ကိုထွေး(ခင်မောင်ထွေး)..း))ရမယ်ထင်တယ်။ တကယ်ပါ..။
ကိုထူးအိမ်သင်၊ကိုမြင့်မိုးအောင်၊ပန်းချီအေးကို၊ကိုအောင်မင်း၊မောင်စိမ်းသူ၊ကိုကြွက်
(သိမ်းတင်သား)၊ပိုပို..၊စသဖြင့်အများကြီးပါ...။ဒါပေမယ့်ဒီမြို့လေးတစ်မြို့တည်းမှာ
ဒီလိုရှိတာမဟုတ်ပါဘူး။မြို့ကလေးတိုင်းဟာ ရာဇ၀င်အတွက်သားကောင်းတွေ သူရဲကောင်း
တွေမွေးထုတ်ပေးမွေးထုတ်နေဆဲပါပဲ။ ဘာတွေပဲဖြစ်နေနေ ကျွန်မကတော့ အချိုးအစား
ကျနလှတဲ့မြန်မာပြည်မြေပုံထဲက ( ကျွန်မတစ်ယောက်တည်းအနေနဲ့ဆို ကမ္ဘာပေါ်မှာ
အလှဆုံးမြေပုံလေးပေါ့..)မြို့ကလေးပေါင်းမြောက်များစွာကိုလွမ်းနေမယ့် သားသမီး
များစွာအတွက်ရည်ညွန်းပါတယ်။နေဆူးသစ်လည်းဒီလိုပဲရည်ရွယ်ပါလိမ့်မယ်။
ကမ်းမဲ့မြစ်တစ်စင်း
ဒီလူရဲ့ပုသိမ်ဟာ
ဧရာဝတီရဲ့သဒ္ဒါ၊ င၀န်မြစ်နဘေးမှာ
စီးမျောပါဝင် နေခဲ့ပြီ။
အလှဆိပ်ကမ်း၊ အသည်းကွဲအနမ်း
ကျွမ်းမြေ့လောင်မြိုက်၊ အိပ်မက်ကိုဖမ်းစား
အလွှာကွာခြားနေပြီလားကွယ်……။
ရွှေမုဌောနဲ့ ရေကြည်၊ရေနောက်
မော်တင်စွန်းလည်း ရောက်ခဲ့
အလွမ်းတွေ……………
အလွမ်းတွေ………………..
လွမ်းမပြေ သိပ်ခက်နေတော့၊
ရေချိုရေချမ်း၊ ပန်းနုဆီမီး
ကုသိုလ်တွေ မပျက်ဆီးရအောင်
နောက်နောင် ဘ၀တလျှောက်
“စိတ်ဖေါက်ပြန်မှုတွေ” မရပါစေနဲ့ ဘုရား
ဝတ်တွားလို့ဆုတောင်း
ပြန်ပြောင်း အောင်းမေ့မိသေးတယ်။
အဲဒီနေ့တွေမှာ
ညရေ မင်းပါမလာနဲ့တော့………….
ရွှေဖြစ်၊ ငွေဖြစ်
သက္ကရာဇ်တွေ ရာထောင်ချီခဲ့
ငါရဲ့ ခရီး အဆက်ဆက်လေ။
နယ်ကျွံလို့သွားတဲ့
ဘ၀ရဲ့ ညစ်ထေးခြင်းဟာ
အားလုံးကို ပြောင်းလဲ ကာရံ ထားခဲ့ပြီ။
ဌာနေကိုလွမ်းတဲ့တေး
နေရာဟောင်းလေးတွေလဲ
သတိတရ ရှိနေဆဲပေါ့………
လက်ဆောင်မိတ်ဆက်
မင်းမြို့က ထွက်တဲ့
ဟာလ၀ါနဲ့ ပုသိမ်ထီး
မေ့ပြီး ချန်မထားနဲ့နော် ဆိုတဲ့
မိတ်ဆွေတို့ရဲ့စကား
လိပ်ပြာလွင့်သွားရတာလဲ
ခဏ ခဏပါဘဲ။
နောက်တော့လဲ
ဒေသချက်မြှုတ်၊ ပြန်ပေါင်းထုတ်ဖို့
သိမ်နုတ်ကြိုးစား၊ ခရီးသွားဟာ
တည်ရာမှီရာ၊ ဝေးလွင့်ဝေးကွာ
ကမ်းမဲ့ မြစ်တစ်စင်း
ဖြစ်နေရှာခဲ့…………။ ။
နေဆူးသစ်
ကုစားခွင့်
င၀န်မြစ်ရေ
တစ္ဆေတစ်ကောင်လိုစီးဆင်း
ငိုညည်းခြင်းအပြည့်နဲ့။
င၀န်ရဲ့ကမ်းပါး
ရပ်နားနေတဲ့မြို့ကလေး
ဟိုးအဝေးမှာ
ငါလွမ်းနေပါတယ်။
မှော်ဆရာပြောဖူးတဲ့
အဖြူစင်ဆုံးမြို့ကလေး
အရိုးသားဆုံမြို့ကလေး
အဲဒီမြို့ကလေးနဲ့ ခင်မင်ရင်းနှီးစွာ
ငါ
ကာလတစ်ခုကိုဖြတ်ခဲ့အေးချမ်းခဲ့ဖူးတယ်။
ကန်သုံးဆင့်ရေပြင်လှိုင်း
တစ်ခါတစ်ခါရိုင်းစိုင်တတ်တဲ့ ငါ့ရင်ကို
တည်ငြိမ်စေခဲ့
တေဇရဲ့အရိပ်ခိုနား
မာန်ပြေစေတီအားဖူးမျှော်
ရော်ကျနေတဲ့ညနေတွေ
ငါ..ရေတွက်ခဲ့ဘူးတယ်။
ပုသိမ်မြို့ကလေးရေ
အတိတ်တွေကိုထားရစ်
ပြန်မချစ်တတ်တဲ့ထဲ
ငါမှမပါဘဲနော်..
ပျော်ရွှင်ခဲ့ဖူးတဲ့မင်းရင်ခွင်
အရင်လိုနွေးထွေးဆဲဆိုရင်ပေါ့
ဟောဒီလှိုင်မြစ်ကမ်းပါးပေါ်က
ပူလောင်လှတဲ့မြို့ကြီးကနေ
ငါပြေးလာခဲ့မယ်
တစ္ဆေကိုဖြတ်စီး
ငိုညည်းသံကိုမမှု
အံတုရင်းပေါ့…။
မင်းနဲ့ဆန့်ကျင်ရာအရပ်ကပေးတဲ့
ရင်တွင်းဒါဏ်ရာများစွာ
ငါ..နာကျင်လှပါပြီ..။
မနော်ဟရီ
5 Comments:
မြို့ကလေးဟာ မိခင်တဦးဆိုရင်တော့ မုန်တိုင်းရိုက်ချလိုက်တဲ့ သူ့ရင်ခွင်ထဲက သားသမီးတွေရဲ့ ငြီးတွားရှိုက်သံတွေကို အခုတော့ ရင်နာနာနဲ့ နားထောင်နေရတယ် ထင်ပါရဲ့။
ကဗျာလေးက ကောင်းတယ်အမရေ...ကျွန်မကြိုက်တယ်။
မနော်ရေ... နေဆူးသစ်က ကဗျာရေးနေဆဲပါလားနော်..
၂ ယောက်စလုံးရဲ့ ကဗျာလေးတွေက ချစ်စရာလေးတွေ။ ကိုယ့်မြို့ကို ရေးထားတာကိုးနော်.. ကောင်းတယ်ချည်းထင်တာမဟုတ်ဘူး။
တကယ့်ကို ကောင်းနေတာ။
ချစ်ခင်စွာဖြင့်
အမရေ.မြို့ကလေးနဲ့ပတ်သက်တဲ့ကဗျာတွေကိုဖတ်ရတာကျေး
ဇူးပါ.မြို့ကလေးကိုပိုပြီးလွမ်းသွားတယ်ဗျာ.ကျနော်ကတော့အထူးသဖြင့်တာလမ်းမကြီးပေါ်ကစိမ်း
နန္ဒာလက်ဖက်ရည်ဆိုင်ကိုပိုသတိရတယ်.ပြီးတော့ကန်သုံးဆင့်ကတံတားဖြူလေးကိုလည်းလွမ်းတယ်.သူငယ်ချင်းတွေကိုလည်းသတိရတယ်.အထူးသဖြင့်
ညီနိုင်ဆိုတဲ့အမည်နဲ့ကဗျာတွေရေးတတ်တဲ့ကျနော့်သူ
ငယ်ချင်းတစ်ယောက်ကိုပိုပြီးသတိရတယ်...
ပြီးတော့မြေနီလမ်းကလေးနဲ့အမေ့အိမ်ကိုပေါ့...
လေးစားစွာဖြင့်.....
မနော်ရော စိုးစိုး ရဲ့ ကဗျာမှာရော ပုသိမ်မြို့လေးအပေါ် သံယောဇဉ်တွေ အထင်းသား တွေ့ရတယ်။
တို့ အမျိုးသားရဲ့ အဖိုးအဖွားတွေက ပုသိမ်က မို့ တို့လဲ ပတ်သတ်ဖူးပါတယ်။
ဟုတ်ပ။ ပုသိမ်က လူဆိုရင် ခင်မိနေတာပဲ။
Post a Comment