သော့အပ်ခဲ့တယ်

Tuesday, November 18, 2008

ချိုသင်းက မနက်ဖြန် နိုဝင်ဘာ ၁၉ ရက်က ဆရာဦးတင်မိုး မွေးနေ့ဆိုလို့
တလောက စာအုပ်တွေစုရှင်းရင်း ကဗျာတွေစုထားတဲ့ မှတ်စုစာအုပ်ထဲမှာ
ပြန်ဖတ်လိုက်ရတဲ့ ဆရာ့ ကဗျာတစ်ပုဒ်ကိုသတိရပြီးတင်ပေးလိုက်ပါတယ်။
အဲဒီကဗျာလေးကို ၁၉၉၀ နိုဝင်ဘာ စပယ်ဖြူ မဂ္ဂဇင်း ကကူးထားခဲ့တာပါ။
ဆရာဇော်ဂျီ အမှတ်တရလည်းဖြစ်ပါတယ်။
ဆရာဦးတင်မိုးရဲ့လှပချိုပြေတဲ့ကဗျာစာသားတွေထဲကနေ..ကျွန်မတို့ရဲ့
ဗေဒါလမ်းအရှင်သခင်ကိုတွေ့ကြရပါလိမ့်မယ်...။အဲဒီတုန်းကတည်းက
ကျွန်မက အဲဒီကဗျာလေးကိုချစ်လို့ကူးထားခဲ့တာဖြစ်ပါတယ်...


သော့အပ်ခဲ့တယ်

(၁)
မိုးဦးကျတစ်ညနေ
စိန်ပန်းတွေရဲရဲဝေနေတုန်း
နေရောင်လည်းမပြတပြ
မိုးစက်တွေလည်းမကျတကျနဲ့
တစ်မျိုးလှတစ်မျိုးသစ်နေတဲ့
ချစ်စရာ့ညနေခင်းမှာ
အဘိုးအိုရဲ့အိမ်တံခါးပေါက်
ငါသွားလို့ခေါက်ခဲ့တယ်။
ဒေါက်…ဒေါက်..ဒေါက်
“ဘယ်သူလဲ..”
အထဲကတိုးတိုးအသံ
တုံ့ပြန်လာတယ်။
အားနည်းနွမ်းလျ မရဏနိုင်ငံသို့ကူးအံ့ဆဲ
လဲပြိုလုလုခန္ဓာကိုယ်နဲ့ထွက်လာတယ်။
“ကျွန်တော်တို့ပါ
အဘိုးရဲ့သားမြေးတွေပါ
အဘိုးရဲ့အမွေစားအမွေခံတွေပါ”
အဘိုးဟာ အပြုံးရိပ်နဲ့ခေါင်းကလေးညိတ်ပြီး
ပုတီးစိပ်တာရပ်လိုက်တယ်
ကျွန်တော်တို့ကိုလက်ခံစကားပြောတယ်။

(၂)
အဘိုးရဲ့မျက်လုံးတွေဟာ
တောက်ပစူးရှနေတယ်
ဇရာတရားတောင်အံ့အားသင့်နေရတယ်
သူ့မှာပြည့်ဝတဲ့အသိဥာဏ်တွေ
နူးညံ့တဲ့စိတ်စေတနာတွေ
မှည့်ရင့်နေတဲ့တွေးအခေါ်တွေ
ပွင့်ခိုင်သီးပြည့်ပင်လုံးမှည့်ပါပဲ..။
သူ့စကားသံက
မာန်မနမပါလို့
သာယာတိုးညင်းနေတယ်
အတိတ်ကလုပ်ရပ်တွေကိုသုံးသပ်ဝေဖန်ပြတယ်
ပစ္စုပ္ပန်မှာဘာတွေဖြစ်နေလဲ
မမှိတ်သောမျက်စိနဲ့
သူကြည့်နေတယ်။
ပစ္စုပ္ပန်ရဲ့အားမာန်ကိုလည်း
ထိုက်ထိုက်တန်တန်အသိအမှတ်ပြုတယ်။
အနာဂတ်မှာစာပေအနုပညာရဲ့အလားအလာ
ဘာတွေဘယ်လိုဖြစ်လာမယ်လို့ခန့်မှန်းပြနေတယ်…
အဘိုးအိုရဲ့စာဆိုဥာဏ်စွမ်းဟာ
လောင်ကမန်းလျှပ်ရောင်ပါပဲ.။

(၃)
စာဆိုပညာရှိကြီးဟာ
ခံစားမှုအသိနဲ့ကဗျာဖွဲ့ခဲ့တယ်
သဒ္ဒါလင်္ကာရ
အတ္ထာလင်္ကာရဆိုတဲ့
လင်္ကာရတွေကိုရှေ့တန်းမတင်
တန်ဆာဆင်မှုတွေကိုကိုယ်ရှိန်သပ်
ကြွားတတ်ဝါတတ်တဲ့စကားအသုံး
ကြွားလုံးပြစာလုံးတွေကိုရှောင်ခွာ
စေတနာသက်ရာကိုတေးဖွဲ့ခဲ့တယ်
စကားပရိယာယ်တွေ
အကြွားသတိဆွယ်ပြီး
တကယ်တန်းဥဒါန်းဖြစ်တဲ့
တေးသစ်တွေကိုဖွဲ့ဆိုခဲ့တယ်
သူ့ခေတ်မှာသူလမ်းဖောက်ပြီး
ရဲရဲကြီးလျှောက်ခဲ့တယ်။
လက်ညှိုးငေါက်ငေါက်တွေကိုသူမမှု
အတုအယောင်တွေကိုဂရုမထား
သူ့တရားနဲ့သူ့ကဗျာ
သူ့အစဉ်အလာသစ်တွေထွင်ခဲ့တယ်။
ကျိုးကြောင်းဆင်ခြင်တုံနဲ့
အာရုံခံစားမှုအသိ
ဂီတကြိုးညှိပြီး
သတိနဲ့စခန်းသွား
လမ်းမှားကိုရှောင်ကွင်း
စာခေတ်သစ်အမှောင်ခွင်းခဲ့တယ်။
လက်ခုပ်တီးတိုင်းသူမမြောက်
နောက်လိုက်မရှိတိုင်းသူမကြောက်
ထွန်းတောက်တဲ့ကဗျာမီးတိုင်နဲ့
နိုင်ငံရဲ့အတွေးသစ်ကို
အုတ်မြစ်ခိုင်ခိုင်ချခဲ့ပါတယ်။

(၄)
အဘိုးအိုဟာကျောက်စာတိုင်
အဘိုးအိုဟာမီးရှူးတိုင်
နိုင်ငံရဲ့တန်ဆောင်ဆီမီးပါ
သည်ဆီမီးဟာဆီခန်းစပြုပါပြီ
ဘ၀ဆည်းဆာညနေတာဟာ
မလွဲမသွေလာနေပြီ..။
အရွယ်အသက်တွေကလည်း
ကြွေရွက်လိုတဖြုတ်ဖြုတ်နဲ့
နိဂုံးချုပ်အချိန်နီးပါပြီ
မီးစာလဲကုန်
ဆီလဲကုန်တဲံ
ညနေမှုန်အချိန်ကလဲ
မှေးမှိန်တဲ့အရောင်ပြနေပြီ
မကြာခင်
နီကျင်ကျင်မီးရောင်တန်းလေးကို
အမှောင်လွှမ်းတော့မယ်။

(၅)
အေး ..အေး..ပြန်ကြတော့….တဲ့
ကရုဏာသံနဲ့ခွင့်ပြုတဲ့
အနုဆုံးလေသံနဲ့
အိပ်ခန်းထဲပြန်ဝင်သွားတယ်
ကျွန်တော်တို့ဆီကို
လောကသော့တံအပ်ထားခဲ့တယ်
“ဖွင့်ကြည့်ပေါ့..မင်းတို့ဘာသာ
မင်းတို့ရှာတဲ့လမ်းမှာ
ကြိုက်တဲ့ပန်းစိုက်ကြကွာ” လို့
မှာထားနေသလိုပါပဲ…။ ။
တင်မိုး

(ဆရာဇော်ဂျီထံမှာ ဂါဝရပြု၍အပြန်ဖွဲ့ဆိုပါသည်။)
၂၆.၉.၉၀ တွင်ကွယ်လွန်သော ဆရာဇော်ဂျီသို့…………


ခု..အဲဒီသော့လေး ..ဆရာ ဘယ်သူ့တွေကိုအပ်သွားပါလိမ့်လို့လည်း စာရိုက်ရင်း
တွေးနေမိသေးတယ်...သေချာတာကတော့ အဲဒီသော့ကလေးရှိသေးတယ်...


2 Comments:

Moe Cho Thinn said...

ကျေးဇူးတင်ပါတယ် မနော်ရေ..
နိုဝင်ဘာကတော့ အဖေ့ကိုလွမ်း၊ အမေ့ကို လွမ်းနဲ့ တော်တော် ခက်ခက်ခဲခဲ ကျော်ဖြတ်ရတဲ့ အလွမ်း လ ပါပဲ။

Zephyr said...

ဆရာဇော်ဂျီရဲ့ ကဗျာတွေကို အရမ်းသဘောကျတယ်အစ်မရေ....ဆရာတင်မိုးရဲ့ ကဗျာထဲကနေ ... ဆရာဇော်ဂျီကို မြင်ခွင့်ရလိုက်လို့ ကျေးဇူးတင်တယ် ...။
ရိုးဂုဏ်ပြည့်ဝတဲ့ လူကြီးတွေပေါ့ ...။

...
...
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ကဗျာတွေကြောင့် စိတ်ချမ်းသာသွားရတဲ့ လူတွေ အမြဲရှိနေတော့ ...ကဗျာဆရာတွေ က ထာဝရ ကုသိုလ်ပြုသွားတဲ့ လူကောင်းတွေပါပဲ ..။

ကျေးဇူးတင်ဖို့ကောင်းလိုက်တာ ....။