Tuesday, November 25, 2008
သက္ကရာဇ်များ ကိုရေးခဲ့တာ ၂၀၀၄အကုန်ပိုင်းလောက်မှာပါ။ မှတ်စုများထက်နောက်ကျပါတယ်။
ခုချိန်မှာ ထပ်ဖြည့်စရာသက္ကရာဇ်တွေအများကြီးတိုးလာပေမယ့် ..အဲဒီလောက်ကြီး မနာကျင်
ရတော့လို့လားမသိဘူး..ထုံပေပေနဲ့ ..ဘာမှထပ်ဖြည့်စရာမရှိသလိုပဲ။ဒါကြောင့်ဒီတိုင်းလေးပဲ
တင်လိုက်တယ်။
ဘလော့ခ်လေးတစ်ခုထပ်လုပ်မိပါတယ်..မနော်ဟရီတို့ က သူ့ရှိတဲ့အိုင်တီအင်တာနက်
အရည်အချင်းတွေကိုချပြလိုက်သလိုပဲ..အရပ်ကူပါ..လူဝိုင်းပါတွေနဲ့ ..
ကွန်နက်ရှင်ကမကောင်း (ဒါကအကြောင်းပြတာပါ အမှန်က အတော်လေးကို use to ဖြစ်နေပြီ)
စိတ်က ကယောင်ခြောက်ခြားနဲ့ ကလစ်တွေအပေါ်အောက်မှားနှိပ်မိပြီး စိတ်နဲ့ကိုယ်နဲ့ကလည်း မကပ်
သည့်သကာလ ပြင်ပြီးသားမနော်ဟရီဘလော့ခ်လည်းဖြစ်ချင်ရာဖြစ်ပြီးပျောက်ပျက်ကုန်တယ်။
အသစ်မှာလည်း စီဘောက်စဖြုတ်ဖို့ ဘယ်လိုမှ ကွန်နက်ရှင်က မရသည့်သကာလ
လုပ်သလိုမဖြစ်ရင် ဖြစ်နိုင်သလိုလုပ်တယ်ဟာဆိုပြီး မူရင်းတန်းပလိတ်ကိုပဲပြန်သုံးပစ်လိုက်တယ်။
နောက်ပိုင်းပြင်ဖို့ဆင်ဖို့ကိစ္စတွေကို ကွန်ပြူက၀ိကျော်ကြီး ဆြာNLSဆီအပ်နှံထားကြောင်း......
သက္ကရာဇ်များ
၁၉၉၀
အတော်ကိုမလွယ်ခဲ့တဲ့သက္ကရာဇ်ပါ..။မိုးလင်းကမိုးချုပ် ကွန်ပျူတာဖန်သားပြင်ရယ်၊
စာရင်းဇယားတွေရယ် ၊Errors တွေရယ်နဲ့ဗျာများခဲ့ရတဲ့နှစ်ပေါ့..။ခြူခြူခြာခြာနိုင်
လိုက်ပုံကလည်း လက်နှစ်ဖက်လုံး အပ်ပေါက်ရာ အထပ်ထပ်နဲ့…။ရောဂါရှာတာတဲ့
လေ…။ထူထူထောင်ထောင်သာဖြစ်လာရော ဘာရောဂါမှန်းသူတို့မသိလိုက်ကြဘူး။
မရှာပဲတွေ့ခဲ့ရတာတော့ ကိုယ့်ရဲ့ချစ်သောမိတ်ဆွေများပါပဲ….။အ၀ါရောင်ညီအစ်မ၊
အမေ့အိမ်၊ခရမ်းရောင်လွင်ပြင်၊နှစ်ချို့မချို့မသေချာပဲ..ကိုယ်အားလုံးကိုရင်ထဲပိတ်
ထည့်ထားလိုက်တယ်။
၁၉၉၁
အတော်ကိုချစ်စရာကောင်းတဲ့သက္ကရာဇ်လေးပါ..။ကိုယ်မျှော်လင့်နေတဲ့စိမ်းလန်း
အိပ်မက်တွေပြန်မက်ခွင့်ရခဲ့တယ်။ဆေးဝါးတွေနဲ့ကင်းကင်းရှင်းရှင်းကြီးမဟုတ်တောင်
ခပ်ခွာခွာနေရင်းကျန်းမာလာတယ်။ကိုယ့်လှေကားထစ်ကလေးက သုံးနှစ်လောက်
နောက်ကျပြီးမှတက်ခဲ့ရတာတောင်သူစိမ်းဆန်မနေဘူး။အဆင်ပြေပြေပဲ…..။ရေစက်
တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်လေးထဲ..ပထမတဆင့်ကျော်ဖြတ်ခွင့်ရခဲ့တယ်..
ပေါ့..။
၉၁ရဲ့ စတုတ္ထမြောက်နေ့ရက်တချို့မှာတွေ့ရတတ်တဲ့ မျက်ဝန်းတစ်စုံကိုလည်းအမှတ်
တရရှိနေခဲ့ပါတယ်။
၁၉၉၂
ဒုတိယလှေကားထစ်ကလေးပေါ့..။ရှေ့မှာလမ်းခွဲတစ်ခုရှိတယ်။ကိုယ်ဘယ်လမ်းကို
လျှောက်မလဲလို့စဉ်းစားရတော့မှာ..။ဒါပေမယ့် ကိုယ်ကထုံးစံအတိုင်း ငှက်ကုလားအုတ်
ဆန်တဲ့အိပ်မက်တွေကိုပဲရွေလိုက်တယ်။နည်းနည်းတော့ပင်ပမ်းတာပေါ့..။105 တဲ့..။
ကိုယ်က အဲဒီအခန်းကိုသိပ်မကြိုက်ချင်ဘူး။ကိုယ့်ရဲကစတုတ္ထမြောက်နေ့ရက်လေးက
မျက်ဝန်းတစ်စုံ ကိုယ့်ရှေ့ကပျောက်သွားခဲ့တယ်။သင်္ခါရတရားလို့ကိုယ်မတွေးတတ်ခဲ့
ပါဘူး။ကိုယ်က အစွဲအလမ်းကြီးတတ်တဲ့ခရေပင်လေးလိုပဲ..၊တောင့်တင်းခိုင်မာစွာသင်း
မွှေးနေခဲ့တယ်။ဒါ…ကိုယ့်ရဲ့အားနည်းချက်ပါကွယ်။
၁၉၉၃
အဆိုးဆုံးတွေတွေ့ခဲ့ရတယ်ပဲဆိုပါစို့။မိုးတွေသည်းသည်းမည်းမည်းရွာသွန်းတတ်တဲ့ရာ
သီတစ်ခုမှာ ခေါ်သံတွေလည်းလွဲမှားခဲ့ဖူးတယ်။ပုဂံလမ်းပေါ်က မိုးရာသီလေးဟာ ဒီနေ့
ထိတော့ပုံပြင်ပါပဲ..။စိုးရိမ်တကြီးချောင်းပေါက်မတတ်လာလာသတိပေးတတ်တဲ့ကြား
ထဲက ကိုယ်က ပေတေတေနဲ့..။207 နဲ့ဝေးရာမှာပဲနေနေဖြစ်တယ်။ကိုယ့်ရဲ့မတွေဝေတတ်
တဲ့စိတ်က ကိုယ့်အစွဲအလန်းကြီးတတ်မှုကို အကြီးအကျယ်အနိုင်ယူတော့တာပဲ..။ကိုယ်
လည်းအလဲလဲအကွဲကွဲနဲ့ပေါ့…။တတိယမြောက်ပထမလှေကားထစ်မှာ ကျွန်မ ကံ့ကော်
ပွင့်လေးသုံးပွင့်ပဲဆွတ်ခူးခွင့်ရခဲ့တယ်။ကိုယ်ကျေနပ်ပါတယ်။
၁၉၉၄
ကိုယ့်အတွေးတွေကသိပ်ေ၀၀ါးစပြုချင်လာပြီ။ကိုယ့်ကိုယ်ကိုပြန်ကုစားယူရတယ်။“သင်း
ကွဲပင်လယ်”ထဲကနေရုန်းထွက်ပြီး “ကျန်းမာခြင်းအသစ်”ကိုရယူလို့ “ရာစုသစ်မြစ်ကျဉ်း”
ထဲကိုစီးမျောခဲ့တယ်။“လမ်းနဲ့မဆန့်တဲ့ခရီး”တွေကိုလည်းတွေ့ရတယ်။“တစ်မိုးတည်းအောက်
မှာ”မိုးခိုနေကြတဲ့သူတွေကိုလည်းတွေ့ရတယ်။ “မျှော်လင့်အိပ်မက်”ကိုမက်နေကြသူတွေ၊
“ဘို့များတဲ့ကုလားအုတ်”တွေ၊“နှလုံးသားထဲကမျက်ဝန်းတစ်စုံ”နဲ့ “ခပ်ညံ့ညံ့ကဗျာတွေ”..။
ဟိုးရှေ့မှာလမ်းခွဲ..။ကိုယ်က အပြိုပြိုအလဲလဲနဲ့ “ပန်းလှေလမ်းခွဲ”ကိုအိပ်မက်ခဲ့…။
၁၉၉၅
ခေါင်းလောင်းသံတွေကြားနေရတာကိုသိလျက်နဲ့ ကိုယ်ကနားပိတ်ထားခဲ့မိတာ။“စကားဝါ”
ရဲ့ညတွေကိုတမ်းတရင်း အဆိပ်တွေတက်လို့..။ရေစက်တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်
လေးထဲက ထွက်မသွားရရေးကိုကျားကုတ်ကျားခဲ ကြိုးစားမိလို့..။တရားရှိလျက်နဲ့ တရားမရ
နိုင်ကြပုံများလေ..။ပန်းလှေတွေ ပန်းတိုင်တစ်ခုကိုအတူရောက်နိုင်ကြမှာမှမဟုတ်တာ..။
အမေအိုရဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာ သားသမီးမစုံမညီနဲ့ အမေကျေနပ်ရဲ့လားမသိ…။
အမေကတော့တရားရှိလောက်ပါတယ်လေ…။
၁၉၉၆
ကိုယ်တောက်လျှောက်မှားခဲ့တဲ့သက္ကရာဇ်ပေါ့…။မိစ္ဆာပွဲသဘင်ဆင်ယင်နေတဲ့ထဲမှာ ကိုယ်က
ဘုမသိဘမသိနဲ့ ချောက်ကမ်းပါးကပ်လျှောက်နေမိတဲ့အဖြစ်…။သစ်ကိုင်းကျိုးသံတွေက
ကျယ်လောင်လွန်းတယ်။ ကိုယ်က ကိုယ့်ရင်ခုန်သံတိုးတိုးလေးကိုပဲရိုကျိုးတတ်တဲ့သူလေ..။
ကိုယ့်နှလုံးသားရဲ့တရားဓမ္မကိုကိုယ်ယုံကြည်..ကိုယ့်သစ္စာတရားးကိုပဲကိုယ်ပြာလွင်ချင်ခဲ့သူ
လေ…။မေမေကတော့ ငယ်ငယ်ကသင်ခဲ့တာပဲ..။“စိုက်တဲ့အတိုင်းရိတ်ရလိမ့်မယ်”တဲ့…။
မေမေ..သမီးစိုက်ခဲ့တဲ့အပင်တွေက ပြာလွင်ကြည်စင်ခဲ့တာသေချာပါတယ်…။
၁၉၉၇
လှည့်ကြည့်မိတော့ရက်တွေက တော်တော်လွန်နေခဲ့ပြီ..။ကိုယ်ဘယ်ဘက်လက်သူကြွယ်က
ရွှေရောင် အလင်းတန်းလေး ကနီလာရောင်ပြာလွင်လို့…။ကိုယ်ကဒါကိုသစ္စာတရားရဲ့အစ
လို့ထင်ခဲ့တာ။ဘယ်တော့မှမတွေဝေတတ်ချင်တဲ့၊အစွဲအလန်းကြီးတတ်တဲ့ ကိုယ့်တရားကိုယ်
ကြည်ညိုချင်တတ်တဲ့ လူတစ်ယောက်ရဲ့ခရီးလမ်းအစလေ..။ကိုယ်ဟာတကယ်တော့ကိုယ့်
ကိုယ်ကိုပဲ့ပြင်ဖတ်ရှုတတ်ပြီး.ကိုယ့်ပတ်ဝန်းကျင်ကိုတော့မဖတ်တတ်ခဲ့တဲ့သူပဲ..။
မှော်ဆရာရဲ့မျက်လှည့်ပြကွက်တွေကိုမှကိုယ်ကရိုကျိုးစွဲလန်းခဲ့တာလေ..။
၁၉၉၈
တိုက်စစ်တွေသိပ်များတဲ့စစ်မျက်နှာပြင်လိုပဲ..။ကိုယ်အလိုမတူပဲစစ်မျက်နှာတွေဖွင့်ခဲ့ရတယ်။
အတုလို့ထင်ခဲ့တာတွေထဲက အစစ်တချို့ကိုရှာဖွေတွေ့ရှိလိုက်သလိုအစစ်လို့ထင်ခဲ့တဲ့ထဲက
အတုတွေကိုလည်းအံ့သြခြင်းကြီးစွာတွေ့လိုက်ရတယ်။
တချို့မြို့တော်တွေမှာတောင်ရပ်နားခွင့်မရှိတော့တဲ့ရထားအိုကြီးရဲ့ပြယုဒ်ကတော့ အတော်
မတော်မတည့်နိုင်လွန်းလှပါတယ်။
ဘုရားသခင်..ဒီကြွေပွဲကိုဘယ်သူကများကစားခဲ့တာလဲ..။တိုက်ပြီဆိုကတည်းက အနိုင်ရတဲ့
သူလည်းဆုံးရှုံးရတာပါပဲ။အဆုံးအရှုံးတွေများရတဲ့အထဲ ကိုယ့်လက်ကျန်ကောင်းကင်လေးပါ
အဝေးကိုဆွဲရွှေ့ခံလိုက်ရပါတယ်။
မေမေ..အဝေးကကောင်းကင်မေမေ..။ညီမလေးရဲ့ကြယ်ကိုလင်းလက်ပေးလိုက်ပါဦး။
၁၉၉၉
ကောင်းကင်အတု၊ကြယ်တာရာအတု၊နက္ခတ်သဘင်အတု၊ရာသီဥတုအတုတွေနဲ့ကိုယ်ဟာအသား
ကျလို့။၉၉ က ကိုယ့်အပေါ်သိပ်မဆိုးဝါးခဲ့ပါဘူး။တစ်ခါမှအိပ်မက်မမက်ခဲ့ဖူးတဲ့အရာကိုလည်းမျှော်
လင့်ခွင့်ရလာတယ်။သေချာတယ်။ကိုယ်အိပ်မက် မက်နေတာမဟုတ်ဘူး။ဘုရာသခင်ရဲ့အသံ
တော်ကိုလည်းကြားရတယ်။ ဗျာဒိတ်တော်တွေကလင်းလက်၊ကိုယ့်လက်မှာ ကြယ်ပွင့်သေးသေး
လေးတစ်ပွင့်ပိုင်ဆိုင်ခွင့်ရတော့မယ်။
၂၀၀၀
သရ၀ဏ်ကြယ်တန်းလေးကိုယ့်ကောင်းကင်မှာလင်းချင်းလာချိန်မှာတော့၊ကိုယ်ဟာမျှော်လင့်ချက်
တချို့နဲ့မှိန်ဖျော့လို့။သေချာသွားခဲ့ပြီလေ..။အတုတွေရဲ့ပင်ကိုယ်ဗီဇချို့တဲ့မှုကိုမျက်ဝါးထင်ထင်
တွေ့ခွင့်ရခဲ့ပြီပဲကွယ်။ဒါပေမယ့်ကိုယ့်ရဲ့ခေါင်းမာတတ်တဲ့စိတ်က ကိုယ့်မျှော်လင့်ချက်တွေကိုအ
ရောင်ပြန်တင်ပေးလိုက်တယ်။ကိုယ့်ရဲ့အသက်ငင်နေတဲ့နှလုံးသားလေးကို ကြယ်သေးသေးလေး
တစ်ပွင့်ကကယ်တင်လိုက်ခဲ့ပါတယ်။
၂၀၀၁
ကိုယ့်ကိုယ်ကိုမှန်ထဲပြန်ကြည့်ခွင့်ရလာတယ်။(ယာယီပေါ့) ကိုယ်ဘာလဲဆိုတာ ဂဃနဏသိခွင့်ရ
လာတယ်။ဒါပေမယ့်ကွယ်..ကိုယ်ကရိုးသားလွန်းတယ်။အန္တရာယ်ရဲ့အငွေ့အသက်ကိုမရှူရှိုက်တတ်
ခဲ့ဘူး။ကျော့ကွင်းတွေရဲ့မာယာကိုလည်းနားမလည်ဘူး။ကိုယ်သိတာက ယုံကြည်မှုရဲ့ကျမ်းစာလေ။
ဒီပွဲမှာလည်းကိုယ်က အကြေကြေအကွဲကွဲနဲ့..၊ဒီကြားထဲကမှ အိမ်မှာမွေးထားမိတဲ့ခွေးက ကိုယ့်ကို
ပြန်ကိုက်လိုက်လို့ကာကွယ်ဆေးတွေထိုးခဲ့ရပါရောလား။ ကိုယ်အားလုံးကိုတရားခဲ့ပါတယ်။မတရား
ခဲ့တာက ကံကြမ္မာပါ။
၂၀၀၂
The final destination of love is full of danger တဲ့။
ကိုယ့်သီအိုရီကိုယ်ထုတ်၊ကိုယ်ကခေါင်းမော့ရယ်မောတတ်ဖို့ကြိုးစားနေတဲ့အရုပ်တစ်ရုပ်လိုပဲ..။
ကိုယ့်ရင်ခုန်သံကိုကိုယ်အကြည်အညိုမဲ့စပြုလာတယ်။မှော်ပညာရဲ့အသက်ကုန်သွားခဲ့ပြီလား။
ဒါပေမယ့်ကိုယ့်သစ္စာတရားကတော့ပြာစင်နေတုန်းပဲ..။ကြည့်တတ်ရင်တော့ကိုယ်က အမှတ်မရှိ
တတ်တဲ့စပယ်ပွင့်လေးလိုပေါ့။ခေါင်းမော့ကြည့်မိလို့မှ အမှောင်တွေအုံ့ဆိုင်း နေတာမြင်ရတာ
တောင် ကိုယ်က အလင်းတွေပြန်ညှိပေးချင်နေတုန်း။
မေမေ……စိုက်ခဲ့တဲ့ အပြာရောင်တွေအစားဘာလို့များတိမ်တိုက်တွေပဲရိတ်သိမ်းခဲ့ရတာလဲ…။
၂၀၀၃
အဆိုးဆုံးတွေကိုရင်ဆိုင်ဖြတ်သန်းခဲ့ပြီးမှတော့ ကျောက်မီးသွေးတွေမာကျောသွားတာအဆန်းမ
ဟုတ်ပါဘူး။ သံမဏိတွေအသွေးအရောင်တောက်ပြောင်ခိုင်ခန့်လာတာလည်းအဆန်းမဟုတ်ပါ
ဘူး။သူတို့မီးပြင်းတိုက်ခံခဲ့ကြရတယ်လေ။ဘယ်သူတွေဘယ်လိုပဲတာဝန်မဲ့မဲ့ ကိုယ်ကတော့ ကိုယ့်
ကြယ်စုလေးအတွက် ပြာလဲ့ပေးရဦးမယ်။
ကိုယ်အိပ်မက်အဟောင်းတွေကနေနိုးထနိုင်ခဲ့ပါတယ်။
၂၀၀၄
ကိုယ့်ကိုအားသစ်တွေပေးခဲ့တဲ့နှစ်ပေါ့။ အခြေအနေတွေပိုမိုမှောင်မိုက်သည်းထန်လာတဲ့ကြားက
ကိုယ်ထူမတ်ထားနိုင်ခဲ့တယ်။ကိုယ့်ကောင်းကင်မှာကြယ်စုကလေးတွေလည်းလင်းလက်တိုးပွား
လာခဲ့တယ်။ (ကိုယ်ပိုင်တော့မဟုတ်ဘူးပေါ့) ဒီကြယ်စုလေးတွေအတွက်ကိုယ်ဟာအပြာလွင်လွင်
ကိုပဲပေးခဲ့သင့်တာပေါ့နော်။ဒါပေမယ့်ကွယ်…ရှေ့မှာကိုယ့်ကိုစောင့်စားနေတဲ့ ၂၀၀၅…သူကကိုယ့်
ကိုဘယ်လိုတရားချဦးမှာလဲမသိဘူး။ကိုယ်ချစ်ကြည်ဖို့ကြိုးစားရဦးတော့မှာပေါ့…။ ။
မနော်ဟရီ

