မေတ္တာတရားရဲ့ နဂိုနေ ရနံ့

Tuesday, February 9, 2010

မေတ္တာတရားရဲ့ နဂိုနေ ရနံ့

မေတ္တာတရားရဲ့ နဂိုနေရနံ့

သန့်စင်မြင့်မြတ်သော အဖြူရောင်စစ်စစ်

အစုန်အဆန်ရှိတဲ့ မြစ်တစ်စင်း

အဲဒီ .. ငြိမ်းအေးခြင်း ဟာ ..

မဖွဲ့သီပဲဖြစ်တည်လာတဲ့ ချစ်ခြင်း တစ်ပုဒ်လည်းဖြစ်ရဲ့ …

ကဗျာလေးက တချို့ တချို့သောသူတွေအတွက် နားလည်ရ ခက်ခဲနေနိုင်ပါလိမ့်မယ်။ ရိုးရှင်းတဲ့ စာလုံးတွေ အကြောင်းအရာတွေနဲ့ ဖွဲ့ထားပါလျက်နဲ့ နားလည်ရခက်ခဲတယ်လို့ ပြောလို့ အံ့သြမသွားပါနဲ့။ အကြောင်းအရာလေးနဲ့ စကားလုံးလေးတွေက ရိုးရှင်းပေမယ့် ရိုးရှင်းမှုနဲ့ နဂိုနေ အလှကို နားမလည်နိုင်တဲ့ မေတ္တာတရားရဲ့ နဂိုနေ ရနံ့ကို မကြုံဖူးသူတွေအတွက် နားလည်ရ ခက်နေလိမ့်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီကဗျာလေးက သားဇက် ရဲ့ မွေးနေ့အတွက် ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။

မနှစ်က easter မှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ စီဘုံးမှာ ကျားကျား ဆိုတဲ့ ဆယ်နှစ် သားလေးနဲ့ အတူ လာလာအော် တတ်တာမို့ သူ့လည်း အလွန်ဆုံးရှိ ၁၂နှစ် ၁၃နှစ်လို့ တွက်ပါတယ်။ ဒါပေမယ့် သူက ဘလော့ခ်ကြီးတစ်ခုတည်ပြီး ခန့်ခန့်ကြီး စာရေးတယ် လို့ ပြောတော့ အသက်ကို နည်းနည်းတိုးပေးလိုက်ပါတယ်။ အလွန်ဆုံးရှိ ၁၆နှစ် ၁၈နှစ်ပေါ့ လို့။

သူထားခဲ့တဲ့ ဘလော့ခ်လင့် လိုက်သွားတော့ ဟိုး သိပ်မသိခင်တုန်းက ကလစ်နှိပ်ပြီး သွားခဲ့ဖူးပြီး မဝင်ရ .. သက်ဆိုင်သူသာ ဆိုတဲ့ တံခါးကြီးကြောင့် လှည့်ပြန်ခဲ့ရဖူးတဲ့ လင့်ခ် ဆိုတာ ကို သွားသတိရပါတယ်။ အဲဒီတုန်းက သူ့ဥယျာဉ်က ဧဒင် ဥယျာဉ်ထင်ပး)) ခုတော့လည်း သူ့ဥယျာဉ်တံခါးက ပွင့်လို့ .. ( နောက်ပိုင်းလည်း ပိတ်ပါမယ် တကဲကဲ လုပ်နေလို့ မနည်း ပြောထားရတယ် … )

အဲဒါနဲ့ ဥယျာဉ်လေးထဲ လှည့်ပတ် ကြည့်မိပါတယ်။ ဒိုင်ယာရီတစ်အုပ်လို ရေးချင်တာ ချရေးထားတဲ့ ပုံစံမျိုး နဲ့ ဆင်ဆင်လေး တူနေပါတယ်။ ရယ်စရာဟာသလေးတွေကို တွေ့ရသလို တွေးစရာ အတွေးလေးတွေလည်း တွေ့ရတယ်။ အလွမ်းနံ့တွေ ခပ်ပျံ့ပျံ့သင်းနေပြီး အသည်းလည်း ကွဲထားပုံရတယ် လို့ တွေးမိပါတယ်။ သာမန်တွေ့ဖူးနေကျ ကိုယ့်ခံစားချက်လေးတွေကို မှတ်တမ်းတင်တဲ့ ဘလော့ခ်တွေနဲ့ မတူသလို ၊ ဘလော့ခ်ပိုင်ရှင်က ဘယ်လိုဆိုတာ မှန်းရခက်တဲ့ ထဲလည်းမပါပါဘူး။ ဒါဆိုရင်တော့ အသက်နည်းနည်းတော့ တိုးပေးမှ ဖြစ်တော့မယ် ဆိုပြီး အလွန် ဆုံးရှိ ၂၀ ပေါ့.. လွန်ရောကျွံရော ၂၂ လို့ တိုးပေးလိုက်ပြန်ပါတယ်။ … (အသည်းကွဲဖူးပြီဆိုတာကိုး ခေတ်ကာလ သားသမိးများနော်… )း))

နောက် သူ့ဆီမှာ အတွေ့များတာက ကဗျာတွေ … ကဗျာနဲ့ ခပ်ဆင်ဆင်တူတဲ့ စကားပြေတွေပါ။ အမေကိုလွမ်းလို့ ရေးထားတဲ့ကဗျာ၊ ချစ်သူကိုလွမ်းလို့ ရေးထားတဲ့ကဗျာ .. အသည်းကွဲကဗျာ စသဖြင့် အစုံပါပဲ။ စာလုံးတွေက လှသလို အတွေးတွေကလည်းကောင်းတယ်။ တစ်ခုပဲ ကဗျာတွေ ကို စိတ်ရှည်လက်ရှည် မဖွဲ့ဘူး။ ကဗျာအတွေးကို အသားကျသည်ထိ သိမ်းမထားဘူး။ အစိမ်းလိုက် တုံ့ပြန်ထားတာကို တွေ့ရတယ်။

သူ့ကို အဲဒါလေးပြောပြတော့ ခုနောက်ပိုင်းမှာတော့ ဒီလိုမတွေ့ရတော့ပါဘူး။ ကိုယ်ရေး ကိုယ်တာတွေနည်းလာသလို အလွမ်းတွေလည်း ပါးလျလာတယ်။ (တစ်ချက်တစ်ချက်တော့ ရေးရေးတွေ့ နေရတုန်းပဲ။ ) ပညာရှင်ဆန်ဆန် သုံးသပ်ဝေဖန်တဲ့ ဆောင်းပါးတွေ တွေ့လာရတယ်။ စာကို သေသေချာချာ professional တစ်ယောက်လို ရေးလာတယ်။ အဲဒါနဲ့ ခုလောက်ရှိရင်တော့ ဒီကလေး အသက် ၂၄..၂၅ တော့ ရှိရောပေါ့ လို့ တွေးမိလိုက်ချိန်မှာ သူက ..ခု ၂၈ နှစ် တဲ့။ ( ၂၈ နှစ်ရှိပြီဖြစ်သော ယောကျာ်းတစ်ယောက် ဘာညာ ဆိုတာမျိုးတွေရေးလို့ရတဲ့ အရွယ်ပေါ့း)) )

သူ့ကို ကဗျာလေးတွေလည်း ကူရေးပေးခဲ့ဖူးပါတယ်။ သူ့အမေရင်း မွေးနေ့အတွက် ကဗျာတွေ အများကြီး သူရေးနေတုန်းက အမေကိုလွမ်းနေတဲ့ သူ့အတွက်.. သူ့အမေမွေးနေ့မှာ ကဗျာလေး တစ်ပုဒ်ရေးပေးခဲ့ဖူးတယ်။ အလွမ်းရာသီ တဲ့။ ၂၀၀၉ သြဂုတ်လ ကလျာ မဂ္ဂဇင်းမှာ ပါသွားပါတယ်။

Blog မှာလည်း မဖွဲ့သီဖြစ်သေးတဲ့...ကဗျာ ဆိုတဲ့ပို့စ်မှာ တွဲတင်ခဲ့ပါတယ်။


အလွမ်းရာသီ


ကလေးလေးတစ်ယောက်
ပြတင်းတစ်ပေါက်စာကောင်းကင်ထဲ
တိမ်တွေဝေ့ပျံလာတာကိုငေးမောနေ
မေမေများပြန်ပါလာမလား..ပေါ့။

တိမ်တွေကရွာချလိုက်တဲ့ခါ
မိုးစက်တွေဟာကျွန်တော်ပေါ့
မေမေ့စမ်းချောင်းလေးထဲ
ခပ်ကွေးကွေးဝပ်ဆင်းပုန်းအောင်းနေလိုက်မယ်။

နွေအခါ..
မေမေ မပါမှန်းသိတော့မှ
ကျွန်တော်အငွေ့အဖြစ်နဲ့ပျံ
အမှန်တရားကိုရင်ဆိုင်လိုက်ရဦးမှာပေါ့။

မမြင်ရတဲ့တစ်နေရာကိုငေးရင်း
တစ်ကိုယ်စာငလျင်များစွာနဲ့
ကျွန်တော်လှုပ်ခတ်နေခဲ့ပေါ့
လွမ်းတယ်.မေမေ
ကျွန်တော့်ကိုစွတ်စိုစေတဲ့ သစ်ရွက်ကလေးတွေနဲ့အတူ..။

လူတွေသိပ်လွမ်းလာရင်
ဘာလုပ်တတ်ကြလဲမေမေ
အဲဒီပညာရပ်တွေဘယ်သူ့ဆီသွားသင်လိုက်ရမလဲ
မေမေလည်းတတ်မြောက်သွားပုံမပေါ်ဘူ

ခုနေခါမှာတော့
မေမေ့ရဲ့သစ်ပင်လေးကျွန်တော်လေ
မေမေ့ချစ်ခြင်းမေတ္တာတစ်ခုစာ
ရှင်သန်မြင့်မားလို့..
ဒါပေမယ့်
ကျွန်တော့်အသီးအပွင့်တွေကို
ဘယ်သူဆွတ်ခူးပေးမှာတဲ့လဲ..။

တစ်နေ့တော့
ရေခိုးရေငွေ့ကလေးကျွန်တော်
မေမေရှိရာကောင်းကင်တော်ဆီ
ခရီးထွက်လာခဲ့မှာပေါ့
ခုနေခါမှာတော့
အလွမ်းတွေနဲ့ငွေ့ရည်ဖွဲ့လို့
လေးလံလွမ်းဆွတ်နေခဲ့ပါတယ်မေမေ။ ။
မနော်ဟရီ




နောက် .. သူ့ရဲ့ အသည်းကွဲ ကဗျာတွေကို collage လုပ်ထားတဲ့ကဗျာ တစ်ပုဒ်ကိုလည်း ရေးဖြစ်ခဲ့တယ်။ ။ အဲဒါကတော့ အိုင်ဒီယာမှာ ပါသွားပါတယ်။ ချုပ်ရိုးမခိုင်သော အလွမ်း တဲ့။ သူ့ကဗျာ ငါးပုဒ်ကို collage လုပ်ထားတာပါ။ ဒီကဗျာကိုလည်း blog မှာ collage ဝတ္ထုတစ်ပုဒ်နဲ့ တွဲတင်ခဲ့ပါသေးတယ်။

ချုပ်ရိုးမခိုင်သောအလွမ်း

သတိရလိုက်တိုင်း
ချုပ်ရိုးပြေစအလွမ်းတွေ
ခရမ်းရောင်တေးသံတွေသံပြိုင်တီးမှုတ်
မိုးစုန်းစုန်းချုပ်ခဲ့ပြီ။

လရောင်တွေဖျော့ဖျော့လာတယ်
တရွေ့ရွေ့
ရင်ထဲမှာမေ့ပြီဆိုတဲ့သက္ကရာဇ်
……………………….
ခက်ခဲခဲ့ပါတယ်
…………………………………
အလွမ်းဆိုတာ
ထွက်ခွာသွားတဲ့လူနဲ့ကျန်ခဲ့တဲ့လူကြားက
စိတ်အကွာအဝေးတဲ့…..

သတိတရ
ငုပ်လျိုးလိုက်တော့
နောက်ကျသွားခဲ့ပြီ
အသက်လမ်းကြောင်းဘေးက
မှည့်နက်လေးကလှောင်ရယ်လို့။

အေးမြရက်စက်တဲ့လောင်ကျွမ်းမှု
မြူနှင်းမီးလျှံ
သွေးတိုးသံတဒိတ်ဒိတ်ကြားတယ်။

ဆွံ့အနေတဲ့အသံနဲ့အော်ဟစ်
ကျဆုံးခဲ့တဲ့နှလုံးသားအတွက်
ဓါတ်မှန်ရိုက်ကြည့်တော့
ဟောင်းလောင်းပေါက် ချိုင့်ခွက်ထဲမှာ
ပြုံးနေတဲ့ဝတ်မှုန်တစ်ခြမ်း
ပြန်ချုပ်ထားတဲ့အလွမ်းလို
ချုပ်ရိုးတွေမခိုင်ကြတော့ဘူး။
မနော်ဟရီ
( Zephyr ၏ကဗျာများဖြစ်သော
၁။နာဖျားနေသောဂီတ
၂။မီးလျှံနဲ့ ငွေ့ရည်ဖွဲ့တဲ့တိမ်
၃။ရွက်ကြွေရင်ဘတ်
၎။ချုပ်ရိုးပြေစအလွမ်းတွေ
၅။ဝိမုတ္တိအပိုင်းအစ
တို့နှင့် ဖွဲ့စည်းသည်။)


တတိယတစ်ပုဒ်ကတော့ အရာရာဟာလင်းသွဲ့ဖြာဝေ လို့ အမည်ရတဲ့ကဗျာပါ။ မြင်နေရတဲ့ သူ့အလွမ်းတွေကို ကြည့်ပြီး ကူလွမ်းပေးထားတဲ့ကဗျာပေါ့ ။ ဒီကဗျာကိုလည်း မှတ်ချက်နဲ့အတူ ကျွန်မ blog မှာတင်ခဲ့ဖူးပါတယ်။

အရာရာဟာ လင်းသွဲ့ဖြာဝေ

အမှတ်တမဲ့နဲ့လှည့်ကြည့်မိတော့
ချစ်သူ့ခြေလှမ်းများရဲ့ရနံ့
သင်းပျံ့လို့နေဆဲ………….

အလင်းသဲ့သဲ့ကိုကြားတဲ့အခါ
အိပ်မက်ပြာတို့ထပျံသွား
တစ္တေရောင်တံခါးတစ်ချပ်
ဖျတ်ကနဲ ပိတ်
တိတ်ဆိတ်မှုတွေသာ လင်းညိုကျလာခဲ့။

ကြေကွဲလွယ်တာမှန်ခဲ့ပါရဲ့
ဒါပေမယ့်
မေ့ဖို့တော့မလွယ်ခဲ့မိဘူး
သတိရမိတိုင်း ရေးခြယ်နေမိတဲ့ အိပ်မက်တွေ
စနစ်ကျစွာပရမ်းပတာဖြစ်လို့။

ဆက်ဆွဲလို့မရတော့တဲ့ပန်းချီကားတစ်ချပ်လို
ဆေးသားတွေလည်းအက်ကွဲရင့်ရော်
ကမ်းမကပ်နိုင်သေးတဲ့မျှော်လင့်ချက်တွေကလည်းဝေး
ဆုတောင်းသံတွေလည်းအေးစက်
အသက်ရှူရလည်းခက်နေခဲ့ပေါ့။

အရာရာဟာ
သံသရာအထပ်ထပ်
ပြတ်သားစွာ..ဝေးကွာသွားခဲ့ပေမယ်
အဲဒီခြေသံလေးကတော့
အရောင်တွေတောက်ပနေဆဲ။ ။
မနော်ဟရီ

နောက်ပိုင်းမှာတော့ ကျွန်မတို့ သားအမိ တစ်ယောက်ကို တစ်ယောက် တော်တော် နားလည် သံယောဇဉ်ရှိခဲ့ကြသလို သူနဲ့ ကိုကိုလည်း တစ်ယောက်ကို တစ်ယောက် ချစ်ခင်လာပါတယ်။ မဟုတ်လို့ကတော့ အမေ အရုပ်တစ်ရုပ်ပိုက်ထားတာတောင် မကြိုက်တတ်တဲ့ ကိုကိုက နောက်ထပ် သားတစ်ယောက် ၊ အကိုတစ်ယောက် ကို လက်ခံဖို့ဆိုတာ..ဘယ်လိုမှ..မဖြစ်နိုင်လို့ပါပဲ။ ဒါကလည်း သူ့ရဲ့ ငြိမ်းအေးတဲ့ မေတ္တာကြောင့်..ဖြစ်နိုင်ပါတယ်။
တကယ်တော့ ဒီသားကြီးက သိပ်ကိုငြိမ်းချမ်းတဲ့ ကလေးတစ်ယောက်ပါ ။ သူ့ကျေးဇူးနဲ့ တရားစကားတွေ အများကြီးကြားခဲ့ရသလို ဘယ်လို စိတ်ကို ထားရမယ်ဆိုတဲ့ တရားတွေကိုလည်း နာဖြစ်ခဲ့ပါတယ်။ ခုနောက်ပိုင်း နားချိန်တွေမှာ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် တရားမှတ်တတ်တဲ့ အကျင့်ကောင်းလေးလည်း ဒီသားရဲ့ ကျေးဇူးနဲ့ပဲ ရခဲ့ပါတယ်။

ည ၁၂ ရီထိုးတာနဲ့

ကောင်းသောညပါလို့

ကမ္ဘာတစ်ခြမ်းကို

ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး

ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့

ကမ္ဘာတစ်ခြမ်းမှာ

မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ

ကမ္ဘာတစ်ခြမ်းစီဟာ ..

(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...

Zephyr

အရင်တုန်းကတော့ ကျွန်မအချိန်နဲ့ သူ့အချိန်က နှစ်နာရီ သို့မဟုတ် တချို့လတွေမှာ သုံးနာရီ ကွာတတ်တာမို့ သူက ၁၂နာရီထိုးပြီ လို့ နှုတ်ဆက်တဲ့အချိန်ဟာ ကျွန်မဆီက မနက် ၂နာရီ သို့မဟုတ် ၃ နာရီပါပဲ။

ခုတော့ သူတချိန်က ရေးခဲ့တဲ့ကဗျာလေးလို ည ၁၂နာရီထိုးတာနဲ့ ကောင်းသောည လို့ နှုတ်ဆက်ပြီး အတင်းအိပ်ခိုင်းစရာမလိုတော့ပါဘူး။ ငြိမ်းချမ်းအေးမြတဲ့ ဘဝမှာ သန့်စင်တဲ့ ချစ်ခြင်းတွေ၊ သားနှစ်ယောက်ရဲ့ သံယောဇဉ်တွေနဲ့ကို ကျွန်မ ငြိမ်းချမ်းနေခဲ့ပါပြီ။

မွေးနေ့ကျရောက်တဲ့ သား ..

ဒီထက် ငြိမ်းချမ်းပါစေ။

ဒီထက်အေးမြနိုင်ပါစေ ..လို့


မနော်ဟရီ


19 Comments:

Zephyr said...

ွှThanks mom for birthday post and birthday present ...
......

လွတ်လပ်စွာငြိမ်းချမ်းခွင့်နဲ့ပဲ
ပွင့်ပစ်လိုက်တော့တယ် ...
လောကဓံတရားက ၈ ပါးထက်မပိုဘူးမဟုတ်လား ...။
(ငါ့ကို အံတုနေတဲ့လောကဓံမှ ...)

သားZ

မယ့်ကိုး said...

happy birthday !!! ပါ ကိုဇက်
ကိုဇက်ရဲ့ မထိတထိ သရော်စာ။ လှပတဲ့ ကဗျာ။ ငြိမ်းအေးတဲ့စာ .... အတွေးအမြင်..... အားလုံး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မွေးနေ့မှစ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ ....

Sein Lyan Tun said...

Z မွေးနေ့မှသည် ထာဝရ ငြိမ်းချမ်းပျော်ရွင်ပါစေဗျာ

rose said...

ကဗျာလေးတွေရော...နတ်သမီးပုံပြင် ၀တ္ထုပါ လာဖတ်သွားပါတယ်။ အားလုံးကြိုက်တယ်။ ကျေးဇူးမမ...

emayarKhin said...

ံ့ံ့hApPy bIrThDaY kO z !!!

ထာဝရချမ်းမြေ့ပါစေ...။။။

အိုင်လွယ်ပန် said...

ပျော်ရွှင်ငြိမ်းချမ်းသော မွေးနေ့ ဖြစ်ပါစေ ကိုဇက် ..။
ကမ္ဘာ တစ်ခြမ်း ရဲ့ နွေးထွေးမှု ကို
ကမ္ဘာ တစ်ခြမ်းက ကူးစက်
စိတ်ကို စိတ်ချင်း ထိခတ် နေထိုင်သောရက်တို့
သာယာငြိမ်းချမ်း စေကြောင်း
ဆုမွန်ကောင်း များစွာ

Unknown said...

အစ်ကို Zephyr ရဲ့ blog မှာ စီဗုံးရော ကောမန့်ပါ ပိတ်ထားတာမို့ ဒီကပဲ မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်။ သူ့ရဲ့ blog ကို အစ်မချိတ်ထားတဲ့လင့်ကနေ စရောက်သွားတာပါ။ နောက်တော့ သူရေးတဲ့စာတွေကြောင့် အမြဲရောက်ဖြစ်ပါတယ်။ သူ့စာတွေကို သိပ်ကြိုက်တယ်။ အထူးသဖြင့် Bottom Billion ဆောင်းပါးတွေကိုဆို ကြိုက်လွန်းလို့ print ထုတ်ပြီးဖတ်ပါတယ်။ ၂၈ နှစ်လို့ မထင်ရလောက်အောင် ရင့်ကျက်တဲ့ သူ့စာတွေကြောင့် လေးစားလျက်ပါ။ ကိုZephyr မွေးနေ့မှာပျော်ရွှင်ပါစေ...

Eaindra said...

ဇက်ကိုတော မွေးနေ့ဆုတောင်း ကြိုတောင်းပေးလိုက်ပြီးပြီ

သူကလည်း ကျေးဇူးတွေ ကြိုတင်ပြီးသွားပြီ

မမရေ...

နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်း အိမ် ဆိုတဲ့
မမကြိုက်တဲ့
ညီမလေးကြိုက်တဲ့ စကားလုံးလေးလို

စိတ်နဲ့တော်စပ်ရင်းနီးနေရတဲ့ သားအမိ မောင်နှမ ညီအမ တွေ...
ကိုယ့်စိတ်တွေကို ဘယ်လောက်နွေးထွေးစေလိုက်လည်းးးနော်....

( ဇက်ညံ့သေးတယ် မမ ။ ၂၈ မှာ သူ့အဖေက သားနှစ်ယောက်နဲ့ တဲ့..၊ သူ့မှာ ခုမှ အသည်းကွဲတုန်း)

tin min htet said...

နဂိုနေရနံ့ ... ရဲ့ ကြည်လင်အေးချမ်းမှုကို မြင်ရ၊ ထိတွေ့ ရတာ ကြည်နူးစရာ ..

မနော် နဲ့ ဇက် တို့ သားအမိကိုတွေ့တော့ တီချယ်ကြီး နဲ့ ကိုနေလင်း တို့ သားအမိကိုတောင် သတိရသေး။ သူတို့ဆို ၅ နှစ်လောက်ပဲ ကွာမယ်ထင်တယ်။

tin min htet said...

eaindra ပြောတဲ့ ဇက်ညံ့သေးတယ် ဆိုတာကို ထောက်ခံပါသည်.

သူ့ အရေးအသား အဖွဲ့အနွဲ့လေးတွေကို လက်တွေ့ အသုံးမချဘူး ထင်တယ်။

ကိုရင်နော်ခင်လေးငယ် said...

ကိုဇက်..... ရေ...

Happy Birthday...ပါ

ငြိမ်းချမ်းပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေ..
ချစ်ခင်ရသူတွေနဲ့ သက်ဆုံးတိုင် မခွဲခွာရပဲ...
နောက်တစ်ကြိမ် အသည်းကွဲရခြင်းမှလည်း ကင်းဝေးပါစေနော်...

ခင်မင်စွာချစ်ခြင်းများစွာဖြင့်...

Zephyr said...

မခင်လေးရေ ... မဒါရဲ့ကောလဟာလကို အတည်ယူမနေပါနဲ့ ...။

အပေါ်ကလူကြီးကလည်း သူတစ်ယောက်တည်း ကြက်သွန်ခွာရတာအားငယ်လို့ ကြီးမြတ်သော မီးဖိုချောင်ကဗျာဆရာအသင်းအတွက် လူစုတာပါ။

ခင်မင်စွာဖြင့်
Zephyr

tg.nwai said...

မနော်ရေ...ကိုဇက်ကို မနော်ဆီကနေ သိခဲ့ရတာ..အခုမှ မနော် သားကြီးရဲ့အကြောင်းတွေ သိရတော့တယ်...မေတ္တာတရားရဲ့ အေးမြခြင်းကို ခံစားရတာက ဒီပို့စ်ထဲမှာ မေတ္တာတွေပြည့်နေလို့ဖြစ်မယ် ထင်ရဲ့...

ကိုဇက်ရဲ့ မွေးနေ့မှသည် စာကောင်း ကဗျာကောင်းမြောက်မြားတွေ ဖွဲ့သီရင်း ချစ်သောသူများရဲ့ မေတ္တာတရားရဲ့ နဂိုနေရနံ့ဖြင့် သင်းပျံ့ပါစေလေ...

Mogok Thar said...

မေတ္တာတရားရဲ့ နဂိုနေရနံ့

မွှေးပျံ့စွာ ရှိပါစေ....


ညီလေးဇက်

ငြိမ်းချမ်းပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေဗျာ....

နွေဆူးလင်္ကာ said...

ခေတ်ကာလ သားသမီးတွေတော့ မသိဘူး။ ကျနော်ဆို ခြောက်တန်းမှာ အသဲစကွဲတာပဲ ခိခိ။

Zephyr ရေ။ ကောင်းသော မွေးနေ့ ဖြစ်ပါစေ။

Moe Cho Thinn said...

မနော်တို့ သားအမိ သံယောဇဉ်တွေကို ကဗျာလေးတွေကနေ လှလှပပ ယဉ်ယဉ်ကျေးကျေး ဖတ်ရ၊ အနွေးဓာတ်ရတယ်။
နောက်ဆုံးကဗျာလေးကို အကြိုက်ဆုံးပဲ။ မနော်သားကြီးအတွက် မွေးနေ့ ဆုတောင်းပါတယ်။ အေးမြတဲ့ မေတ္တာကြောင့် ဘ၀မှာ ပျော်ရွှင်စွာ ကဗျာတွေ ဆက်ရေးနိုင်ပါစေလို့...

(ဒါနဲ့ မနော် စီဘောက်စ်ကို အမြဲ ၀င်ရေး နှုတ်ဆက်၊ အရုပ်နဲ့ ဆော့ဖို့ ကြိုးစားတယ်။ ဘယ်တော့မှ မရဘူး။ အရင်က ဘာနဲ့ register လုပ်မိမှန်း မမှတ်မိဘူး၊ သိပ်ခက်တာပဲ မနော်ရေ..)

Ree Noe Mann said...

နောက်ကျ ဆုတောင်းပါ ဇက်။
ခုမှ ၂၈ ဆိုတော့ ကျနော်ထက်တော့ လပိုင်းလောက်
ငေယ်သေးတာပဲ.

ပျော်ရွှင်ပါစေဗျာ။

ရီနိုမာန်

လင်းဒီပ said...

ကဲပါဗျာ..
ဘာပဲဖြစ်ဖြစ်ပေါ့ (ဘာပဲဖြစ်ဖြစ်...ဘာဆက်ပြောရမှန်း မသိသောကြောင့်...)

ဇက်ကြီးလည်း အသီးမကွဲ ကြက်သွန်နွာဖြစ်အောင်...
ကြီးမြတ်သော မီးဖိုချောင်ကဗျာဆရာအသင်း အင်အားတောင့်တင်းခိုင်မာသွားအောင်
(အင်အားတောင့်ရင် ပါတီထောင်မယ် :P)...

ကိုဇက်ရေ...လက်တွေ့အသုံးချလိုက်ပါ...

၂၈ မှသည် အသက် ၂၈၀ တိုင်ပါစေ...

Julian said...

ဘာမှမစားရဘူး ဒီမွေးနေ့က ဘူဇွာလက်သစ်က သူ့မွေးနေ့မှာတရားထိုင်နေတယ်ထင်ပါ့

ဂျူ