Tuesday, August 27, 2013
အရူးလွယ်အိတ်
အခန့်မသင့်လို့ အိတ်ကလေး ခဏကိုင်ပေးပါလို့
တောင်းဆိုလိုက်တိုင်း အိတ်ကိုင်ပေးရတဲ့သူတိုင်းက အမလေး အိတ်က လေးလိုက်တာ၊ ဘာတွေ
ထည့်ထားတာတုန်း လို့ အော်တတ်ကြပါတယ်။ ဘာတွေပါလို့ ဒီလောက်တောင် လေးသလဲလို့ မေးလာရင် ဘာမှတောင် သိပ်ပါတယ်လို့
ကိုယ့်ကိုယ်ကို မထင်တတ်ပါဘူး။ ဒါတောင် လက်က သပ်သပ် ကိုင်ရတတ်တဲ့ ထမင်းချိုင့်တို့
laptop တို့ မပါသေးဘူး။ နိစ္စ ဓူဝ လိုအပ်တာလေးတွေပဲ ရှိသေးတယ်။ ကဲကဲ ကြည့်ရအောင် .. ဘာတွေပါလဲဆိုတာ ..
၁။ သုံးလက်မ ခြောက်လက်မ အထူ တစ်လက်မလောက်ရှိတဲ့
ပိုက်ဆံအိတ်အဝါတစ်လုံး။ (ချစ်သော မယုကီက ပေးထားထား။ သုံးရမယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်
အိတ်အကြီးထဲ အဲဒီအိတ်ကလေး ထည့်ထားမိတာ ဘယ်လောက်ကြာပြီလဲမသိဘူး။ အစကတော့ ပိုက်ဆံကို
ဖြစ်သလို အိတ်ကြီးထဲက အလယ်အိတ်ထဲ ပစ်ထည့်တတ်တယ်။ wallet အသေးဆို ခဏခဏ မေ့ကျန်တတ်လွန်းလို့
)
ပိုက်ဆံအိတ်ထဲတွင် ပါဝင်သော အရာများ
ကဒ်များ၊ ( credit card မဟုတ်သော
ကဒ်များဆို ပိုမှန်ပါမည်။ )၊
ရွှေရောင် ချိတ်ပေါက်စ တစ်တွဲ၊
အပ်ချည်တန်းလန်းနှင့် အပ်တစ်ချောင်း
တွယ်ထားသော ငွေရောင်စက္ကူတစ်ချပ်၊
ဖုန်းငွေဖြည့်ကဒ် အသစ်များ
ဟိုနိုင်ငံ ဒီနိုင်ငံမှ မပစ်ရက်သော
sim card များ
ဟိုကျန် ဒီကျန် ကျန်နေသော အကြွေစေ့များ
(မြန်မာပြည်မှာတော့ အကြွေသုံးမရတာ ကံကောင်းခြင်းလား ဆိုးခြင်းလားပင် မသိတော့ )
ခေါင်းစည်းသော သားရေပင်ပေါက်စလေးများ
အဆီစုတ် စက္ကူထုတ် သေးသေးလေး ( ဒါလည်း
Julian လက်ဆောင် ပေးထားတာ၊ သူပေးတော့ ကိုယ်က အိတ်ထဲထည့်ထားလိုက်ရော၊ သုံးဖြစ်လားဆိုတော့
မသုံးဖြစ်၊ ခုထိ ရှိနေဆဲ )
၂။ အမြဲတမ်း မေ့ချင်ယောင်ဆောင် ထားပစ်ခဲ့လည်း
အိမ်က ကောင်မလေးက မမေ့မလျော့ အိတ်ထဲ ဝတ္တရားကျေလွန်းစွာ လာလာထည့်ပေးတတ်တဲ့ အိမ်သော့တွေ။
(အတွင်းအပြင်၊ အရှေ့အနောက်၊ စုစုပေါင်း ၆ချောင်းခန့် တွဲထားသည်)
၃။ Clinique press powder ( နှုတ်ခမ်းနီတွဲလျက်)
တစ်ဘူး။ ( မြန်မာ့ထုံးတမ်း စဉ်လာအတိုင်း နှုတ်ခမ်းနီ တစ်တောင့်ပိုပါလာတာကို ပိုတန်တယ်ထင်ပြီး
ဝယ်လာပေးတဲ့ ညီမလုပ်တဲ့သူရဲ့ စေတနာရယ်ကြောင့် ဘယ်တော့မှ မဆိုးဖြစ်တဲ့ အဲဒီနှုတ်ခမ်းနီတောင့်ကြီးကို
တွဲတွဲသယ်ရ၊ ဖြုတ်ထားလို့ကလည်းမရ။ ဟောင်းလောင်းကြီးနဲ့ ကြည့်မကောင်း )
၎။ မသက်ဝေ နဲ့ အိန္ဒြာ ပေးထားတဲ့
Clinique နှုတ်ခမ်းဆီ ၂တောင့် ။ ( တစ်ရောင်စီ လည်းဖြစ် နှစ်ယောက်လုံးကိုလည်း သတိတရဖြစ်နေအောင်
အိတ်ထဲ ထည့်ထားလိုက်တယ် ) ၊ တခြား နှုတ်ခမ်း အဆီ gloss ၂ရောင်ခန့်၊ ဘယ်သူမှ သိပ်မသုံးတော့တဲ့
foumae နှုတ်ခမ်းဆိုးတောင့် နံပါတ်ကိုး (
အရောင်သိပ်ကြိုက်လို့ ၊ ဖြူဖတ် ဖြူရော်လေး၊ သူ့ပေါ်က ဘာထပ်ဆိုးဆိုးလည်း လှတယ် ) ၊
eye liner အနက်တစ်ချောင်း၊ အိမ်ကမထွက်ခင် ဆိုးလာတဲ့ အရောင်အတိုင်း လိုင်နာ တစ်ချောင်း
(တစ်နေကုန်ပြေးလွှားသွားလာနေရသည့် နေ့များတွင် touch up လုပ်ရန် )
၅။ ချစ်သော ညီမလေး တစ်ယောက် လက်ဆောင်ပေးထားတဲ့
တစ်ထွာခန့် ဘီးပါးပါး တစ်ချောင်း၊ တစ်ရှူး အစိုအသေး တစ်ထုတ်၊ တစ်ရှူးအခြောက် အထူစား
တစ်ထုတ် ၊ လက်သည်းညှပ်၊ မှန်ဘီလူး တစ်ခြမ်းပါသော မှန်ဘူး။ ကျားပါးစပ်ခွကလစ်ကြီး တစ်ခု၊
၅။ မင် အနီ၊ အပြာ၊ အနက်၊ အစိမ်း၊
ပန်းရောင် ( uniball 0.30 များ)
ခဲဖျက်၊ ခဲတံ၊ ပေတံ ၆ လက်မ၊
corrector ၊
highlight အဝါနု၊ လိမ္မော်၊ ၂ချောင်း
CD pen ( permanent ink ) အနီတစ်ချောင်း၊ အနက်တစ်ချောင်း
ခဲဆံဘူး တစ်ဘူး
တစ်လက်မခွဲလောက် ရှိမယ့် stapler
တစ်ခု၊
အသေးဆုံးဆိုဒ် staple တစ်ဘူး၊
စတာတွေ ပါတဲ့ ခြောက်လက်မ နှစ်လက်မခွဲခန့်
အဝတ်အိတ် တစ်လုံး။
၆။ iPad ( မကြီးမငယ်နဲ့ iPad ကို ဘာလို့ ကိုင်ရသလဲ ဆိုတာကို အရင် ရှင်းရမယ်
ထင်တယ်။ တစ်နေ့ တစ်နေ့ ရှုတင်တွေသွား၊ မော်ဒယ်လ်တွေထိုင်စောင့်၊ ဓာတ်ပုံဆရာထိုင်စောင့်၊
မိတ်ကပ်သမားစောင့်၊ ဒီဇိုင်နာ စောင့်နဲ့ အစောင့်ကြိးလုပ်နေရတဲ့
ဘဝမှာ ခန္တီစတွေ လိုတာထက် ပိုရှိနေဖို့ လိုတာကြောင့် iPad လေးနဲ့ ကစားတန်ကစား၊ စာဖတ်တန် စာဖတ်ပြီး ကိုယ့်စိတ်ကိုယ်
ထိန်းပြီး စောင့်ရတဲ့ အတွက် ဝယ်မိသွားတယ်။ ဝယ်ပြီး သုံးလလောက် အိပ်မပျော်ဖြစ်ခဲ့တာလည်း
သတိရဆဲပါ )
၇။ ဖတ်လက်စ စာအုပ်ရှိရင် တစ်အုပ်၊
ကဗျာစာအုပ်က အသစ်တစ်အုပ် (ဝယ်ထားပြီး မဖတ်ရသေးတာ) ၊ အဟောင်းတစ်အုပ် (ပြန်ဖတ်ချင်တဲ့
အဟောင်းတွေထဲက တစ်အုပ် )၊
ခြောက်လက်မ လေးလက်မခန့် အထူ လက်မဝက်လောက် ရှိတဲ့ မှတ်စုစာအုပ်သေး
တစ်အုပ်၊
( တစ်လုံး တစ်ကြောင်းရသမျှစာ ကောက်မှတ်ရန် )
၈။ Canon G11 Camera တစ်လုံး ၊
( မှတ်တမ်းဓာတ်ပုံရိုက်ရန်၊ လမ်းတွင် အမြင်မတော်မှုများကို
မှတ်တမ်းတင်ရန် )
၉ ။ အစာအိမ်ဆေး KremilS ၊ ပန်းရောင်တစ်ကဒ်၊
အဖြူတစ်ကဒ်၊ Biogesic အလုံး ၂၀ကဒ် တစ်ကဒ်၊ Berocca ရေဆူဆေး တစ်ဘူး၊ (သူက ခေါင်းကြည်တယ်
) ၊ သောက်နေကျ မြန်မာဆေးတွေကို မနက်နေ့ည အစဉ်လိုက် တန်းစီ ထည့်ထားလို့ ရတဲ့ ဆေးဘူးလေးဘူးတွဲ
ပါ သော့ချိတ်လေးတစ်ခု၊ eclipse mint အစိမ်းရောင် တစ်ဘူး၊ ဦးဇော် နဲ့ မညူတို့က အိတ်ထဲ
ဆောင်ဖို့ ပေးထားတဲ့ အသည်းပုံ ဂုံညင်းဒိုးလေး တစ်လုံး၊ အမေပေးထားတဲ့ Daughters are my best friend ဆိုတဲ့ key
holder လေးတစ်ခု၊
၁၀။ အနီးကြည့် စာကြည့်မျက်မှန် တစ်လက်
ထည့်ထားတဲ့ မျက်မှန်ဘူး ၊ ( နေကာမျက်မှန်တော့ ရန်ကုန်မှာဆို သိပ်မဆောင်ဖြစ်ဘူး။ )၊ မဖြစ်မနေပါရမယ့် ဆက်သွယ်ရေး ကိရိယာ ဖုန်းတစ်လုံး ..
ဒါက နိစ္စဓူဝ ပါနေကျ ပစ္စည်းတွေပါ။
ပုခုံးသိပ်နာလာတဲ့နေ့ဆို ကင်မရာကို မသိမသာ
ဖြုတ်ချ ထားခဲ့တတ်ပေမယ့် iPad တော့ မချန်ရက်
ဖြစ်နေတတ်ပါတယ်။ ပုံမှန် ဝန်ထမ်းတွေလို ရုံး နေ့တိုင်း မတက်ရဘူးဆိုပေမယ့် အလုပ်ရှိလို့
သွားရရင်တော့ ထမင်းချိုင့်နဲ့ data အစုံထည့်ထားတဲ့
laptop ကလည်း သယ်ရပါသေးတယ်။ ဒါတောင် မသက်ဝေလို ရေပုလင်း မပါသေးဘူး။ ရန်ကုန်မှာတုန်းကတော့
ရေသန့်ဘူးက ဘယ်နားဝယ်ဝယ် ၂၀၀ ၊ ၂၅၀ ကိုး။ ဒီရောက်တော့ အိတ်ထဲ ရေဘူးပိုပါလာတယ်။ ရေက
ဘယ်နားဝယ်ဝယ် သုံးဒေါ်လာခွဲကိုး ။
ရှုတင်တွေမှာ လူရှင်းရင် စာဖတ်တယ်။
လူနည်းနည်းရှုပ်ရင် game ကစားတယ်။ သီချင်းနားထောင်တယ်။ တစ်လတစ်လ ရှုတင်တွေကလည်း မနည်းမနော။
သွားရတဲ့နေရာတွေကလည်း မနည်းမနော၊ သယ်ရတဲ့ ပစ္စည်းတွေကလည်း မနည်းမနော။ ဒါတောင် မပါတဲ့ပစ္စည်းတွေက
ရှိသေးတယ်။
ကိုကိုငယ်ငယ်က ဆရာဝန်က မေးဖူးတယ်။
နင် အလေးအပင် မလား တဲ့။ ဟင့်အင်း လို့ ဖြေခဲ့ပြီးမှ ကိုယ့်ဘာသာကို စိတ်ထဲ မကျေမနပ်ဖြစ်နေမိတယ်။
ငါ့များ ကမ်းနားကုန်ထမ်းတယ် ထင်နေလား မသိဘူး လို့ ပြောတော့ သူငယ်ချင်းက နင် ကလေးမချီဘူးလား
တဲ့။ ချီတယ်လေ ဆိုတော့ အဲဒါ အလေးပေါ့တဲ့ ။ ဟုတ်သားပဲ။ ကိုယ်က ကိုကို့ကို ၇နှစ်
၈နှစ်ထိ ချီတုန်းကိုး။ ကိုယ့်ဇောနဲ့ ကိုယ်ဆိုတော့ ဒါကို အလေးအပင်လို့ မမြင်သလိုပဲပေါ့။
ကိုယ့်လိုအပ်မှုနဲ့ ကို်ယ်ဆိုတော့ အိတ်ကြီး ဘယ်လောက်လေးနေလဲဆိုတာ သိပ်သတိမထားမိဘူးပဲ။
ပုခုံးတွေ နာကျင်ကိုက်ခဲလာမှသာ သတိရတတ်တာ။ အဲခါကျတော့လည်း လျှော့ပစ်လို့ ရတဲ့ အရာတွေက
အိမ်သော့နဲ့ နှုတ်ခမ်းနီဘူးတွေလောက်ပဲ ရှိတာဆိုတော့လည်း
….
ဒါကခုမှလား ဆိုတော့ မဟုတ်ပါဘူး။
ကျောင်းတုန်းတည်းကလည်း ဒီတိုင်းပါပဲ။ ကင်မရာတွေ ဘာညာ ကွိကွ မပါဘူးဆိုပေမယ့် တိုလီမုတ်စ
အစုံတော့ ထည့်သေးတာပဲ။ ဒါကြောင့်ထင်တယ် ကျွန်မနဲ့ ကျွန်မ သူငယ်ချင်း နှစ်ယောက်
tarot ကဒ် ဆွဲလိုက်ရင် ကျတတ်တဲ့ ကဒ် တစ်ကဒ် ရှိတယ်။ အဲဒါ The Fool ကဒ်ပါပဲ။ အိတ်ကြီးတစ်လုံးနဲ့
လျှောက်သွားနေရတတ်တယ်လို့ တားရော့ဆရာကြီးတစ်ယောက်က ကျွန်မတို့ကို ပြောဖူးပါတယ်။
ခုထိလည်း ဒီကဒ်နဲ့ မလွတ်သေးဘူ ထင်ပါရဲ့ .. အိတ်ကြီးတစ်လုံးနဲ့ လည်နေတုန်း …
မနော်ဟရီ
၂၇.၈.၁၃
(မှတ်ချက်၊ ငါ အတော်ဟုတ်နေပါလား။
နေမကောင်းတဲ့ကြားက ဒီပို့စ်ကို ချက်ချင်းကြိး ရေးပစ်လိုက်တာ၊ ဒါ မသက်ကို ချစ်လွန်းလို့ ဖြစ်ရမယ် ) :D
4 Comments:
မနော် စာတွေမတင်တာဘယ်လောက်ကြာနေပြီလဲ...ခု ဘလော့ရိုးလ်မှာ အရူးလွယ်အိတ်လို့တွေ့လိုက်တာနဲ့ မမသက်ဝေ တဂ်ပို့စ်ပဲဖြစ်မယ်လို့ အပြေးလာဖတ်တာ...။
တဖြည်းဖြည်း အသက်တွေကြီးလာကြတဲ့အခါ မလိုတာတွေကို လွှတ်ချတတ်အောင် ကြိုးစားကြရမယ် မနော်... တလေးတလံတွေကို အချိန်ကြာကြာ ထမ်းပိုးထားဖို့ ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား...
(နေမကောင်းတဲ့ကြားက ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ရေးပစ်လိုက်လို့ မသက်ကလည်း အတော်ချစ်မိကြောင်းပါ...)
အရူးလွယ်အိတ် မှောက်ချထားတာလေးလည်း လာဖတ်သွားတယ် မနော် :)
သားလေးကို၇နှစ်၈နှစ်အထိချီတုန်းကို အလေးအပင်မမိတယ်မထင်တဲ့ မိခင်မေတ္တာက လေးစားစရာ....
Post a Comment