Saturday, April 20, 2013
ကျွန်မနာမည် မပျော်ရွှင်သူကြီး လို့ ခေါ်ပါတယ်
အရောင်တွေ တလက်လက်ထနေတဲ့ ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ တစ်နေရာကနေ တစ်နေရာ ခုန်ကူးရင်း သိလိုက်ရတဲ့ အချက်အလက်တွေအရ ကမ္ဘာကြီးဟာ ကျွန်မတစ်ဦးတည်း အတွက်ပဲ သီးသန့် နှေးကွေးစွာ လည်နေခဲ့သတဲ့။ ဘုရားသခင်။ အဲဒါ တကယ်ပဲလား။ ကယောင်ကတမ်း၊ ထိတ်လန့်တကြား၊ စိုးရိမ်တကြီး ဆိုသလို ကျွန်မရဲ့ ထင်ယောင်ထင်မှား ပျော်ရွှင်မှုတွေကို ရေခဲသေတ္တာထဲ အလျင်အမြန် ပစ်ထည့်လိုက်မိတယ်..။ ရက်လွန်သက်တမ်း စစ်စစ် မကပ်ထားတဲ့ စားသောက်ဖွယ်တချို့လို အဲဒီ ထင်ယောင်ထင်မှား ပျော်ရွှင်မှုတွေကို ကျွန်မ မျိုချဖို့ မသတီတော့ဘူး။ ကျွတ် .. ကိုယ့်ညံ့ဖျင်းမှုကို ကိုယ်ထိန်ချန်ပြီး အခြားသော အရာတွေကို လက်ညှိုးထိုးနေမိတာ ရှက်စရာကောင်းလိုက်တာ။ တကယ်ဆို နဂိုတည်းက ကျွန်မ ရွေးချယ်တတ်ခဲ့ရမှာလေ။
အကြောင်းကြောင်းကြောင့် မပွင့်ဖြစ်လိုက်တဲ့ ပန်းဝါဝါလေးတွေရဲ့ ရနံ့ကို နံနက်ခင်း အသစ်စက်စက်တွေမှာ ရှာမရတော့တာ သိပ်တော့ မဆန်းလှသလို အရေးပါလှတဲ့ အချက်အလက်တစ်ခုလည်း မဟုတ်ပြန်ဘူး။ ဒါဆို လောကမှာ ဘာက အရေးပါသတဲ့လဲ ..။ အချက် အလက်ကလား။ အကြောင်းအရာ ကလား၊ ဒါမှမဟုတ် ပျော်ရွှင်မှု ဆိုတာကြီးလား (ဘယ်နားက ချိုးကွေ့ဝင်လာမှန်းမသိပဲ မဆီမဆိုင် အဲဒီစကားလုံးက ခွင့်ပြုချက် မပါပဲ ဖြတ်ဝင်လာတယ်)။ ရှင်သန် နေထိုင်မှု သက်သက်လား။ ( ဦးနှောက်က မသိမသာ လမ်းကြောင်း ပြောင်းပစ်လိုက်တယ်။) အနေအထိုင်တတ်မှု ဆိုတဲ့ အတတ်ပညာလား။ (ဟော .. လမ်းက ပြန်လွဲလာပြန်ပြီ) စိတ်အထားအသို ဆိုတဲ့ အခန်းကြီးလား (နောက်ဆုံးကျတော့လည်း နာမည်မတူတဲ့ ဘူတာဟောင်းပဲ ပြန်ဆိုက်တာပါပဲလား)..။
တကယ်တော့ ပျော်ရွှင်မှု ဆိုတာက သိပ်ချစ်စရာကောင်းပေမယ့် သစ္စာမရှိတဲ့ စုန်းပြူး ခွေးလေးတစ်ကောင် လိုပါပဲ။ သိပ်အရောတဝင်လုပ်ဖို့ မကောင်းတဲ့ အရာတွေထဲမှာ ပါတယ်လို့ ဆိုကြပြန်တယ် ။ မေးထူး ခေါ်ပြော အဆင့်တောင် မဟုတ်ပဲ ဘာသိဘာသာလေး နေပစ်လိုက်တော့မှ လောကမှာ သူရှိနေမှန်း မသိတော့ပဲ နေသာထိုင်သာ ရှိလာမယ်ဆိုလား ??? ။ ကြိုးစားရှင်သန် နေထိုင်ရခြင်းမှာ ၂၄/၇ ဆိုတဲ့ သီချင်းက အကောင်းဆုံး တေးသွား။ Workaholic ဆိုတာက မူးယစ်ဆေးတစ်ခုလို အမြဲတမ်း မူးအောင် သောက်ထားသင့်တဲ့ အရာ။
သွားလေရာ တကောက်ကောက် လိုက်ပူနေတဲ့နေက နည်းနည်းပြင်းတယ် လို့ ခင်ဗျား မထင်ဘူးလား။ နေကာမျက်မှန် ခပ်နက်နက် တစ်လက်ကို ထုတ်တပ်ကြည့်လိုက်တော့ ကျွန်မရှေ့က မပျော်ရွှင်မှုတွေ ဘောင်တစ်ခုထဲ အကျဉ်းကျသွားရ ရှာတယ်။ အတုံး အရုံး။ ပြည့်ကျပ်မွန်းသိပ်လို့။ ကျွန်မပါ အသက်ရှူ မရတော့ဘူး။ တကယ်ဆို ကျွန်မလည်း မငိုချင်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှ အသိပေးစရာမလိုပဲ တိတ်တိတ်ကလေး ပျော်မောခွင့်ကိုပဲ လိုချင်ခဲ့တာပါ။ ခုတော့ ဘယ်လို သံစဉ်နဲ့မှ ကိုယ့်ရဲ့ မပျော်ရွှင်မှုတွေက ရပ်တံ့မသွားကြတော့ဘူး။ သူတို့ ရှင်သန် ပေါက်ရောက်နေပုံကိုက ရင်နင့်စရာ။ ဒိထက်ပိုပြီးတော့လည်း ကျွန်မ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
အလွယ်တကူ ဖျော်သောက်လို့ ရတဲ့ ကော်ဖီထုတ် တစ်ထုတ်လို မလွယ်ကူတဲ့ ကျွန်မကို ခပ်ဝေးဝေးကနေ လှမ်းကြည့်ပြီး မြေခွေးတစ်ကောင်လို ချဉ်တယ်လို့ ပြောလိုက်တဲ့အသံ ကျွန်မ ဘေးက နံရံကိုမှန်ပြီး ပြန်လွင့်စင် ထွက်သွားတယ်။ ဆေးစပ်မှားနေတဲ့ အရောင်တွေနဲ့ စွန့်ပစ်ခံ ပန်းချီကားတစ်ချပ်လို ကိုယ့်ကိုယ်ကို နေဝင်ချိန်လို့ နာမည် ပေးထားလိုက်ရတာက တစ်ကဏ္ဍပေါ့။ နေ့ရက်တွေက သိပ်အရောင်မမှန်လှပါဘူး။ အပေါစား စုတ်တံတွေရဲ့ လက်က လွတ်မြောက်အောင် ရှောင်နေရတာလည်း ဝဋ်ဒုက္ခတစ်မျိုးပါပဲ ။ တန်ဖိုးကြီးတယ်လို့ အလွယ်တကူ မှတ်ယူနို်င်တဲ့ အသွင်အပြင်နဲ့ ကနုတ်ပန်းဘောင် တစ်ခုရဲ့ အတွင်းမှာ ပိုးထိုးလှိုက်စားထားတာ၊ တကယ်တမ်းက လှချင်ယောင်ဆောင်ထားတဲ့ ကနုတ်ပန်းတွေလိုပဲ ကွေ့ကောက်ပြီး ဝင်္ကဘာ ဆန်နေခဲ့တာ ဘယ်သူသိနိုင်မှာတဲ့လဲ။ ကျွန်မသိတာ သိပ်များနေခဲ့ပြီလား။ တကယ်က ကျွန်မ အဲတစ်ခုပဲ သိတယ်လို့ ထင်တာပဲ။ သိပ်များများ သိထားတဲ့သူဟာ အန္တရာယ်များပြီး စိုးရိမ်ကြောင့်ကျနေရတတ်သတဲ့။ အဲဒီ စိုးရိမ်ကြောင့်ကျမှု အနက်ရောင်တွေနဲ့ပဲ နေဟာ ဝင်သွားခဲ့ပြန်ပေါ့။
သွေးပျက်ဖွယ်ရာဂီတတွေ၊ တပြေးတည်း ပြေးနေရတဲ့ မလွတ်မြောက်မှုတွေ၊ တောထနေတဲ့ ရန်သူတွေ အပြည့်အသိပ်နဲ့ လွန်းထိုးနေတတ်တဲ့ အိပ်မက်တွေကလည်း ပျော်ရွှင်မှု နဲ့ ခပ်ဝေးဝေးမှာ အတည်တကျ သောင်ထွန်းလို့ ..။ စိတ်ရဲ့ ရာသီဥတုက တဖြည်းဖြည်း ပူပူလာနေပြီ။ မောပမ်းနွမ်းနယ်မှုတွေနဲ့ အိပ်ရာကနိုးလာလို့ နေရောင်ခြည်နုနုလေးတွေကို တပျော်တပါး ရိတ်သိမ်းပစ်လိုက်မဟဲ့ လို့ ကြိုးစားလိုက်တိုင်း ဇာတ်ညွှန်းမဲ့ မိုးတိမ်တွေက ကျွန်မဆီကိုမှ တိတိပပ လမ်းမှားသယောင် ဟန်ဆောင် လွင့်မျော လာနေကြတာကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေခဲ့ရတယ်။
ပျော်ရွှင်မှု ဆိုတာကြီးက ဘာတဲ့လဲ ။ (မကြာခဏ ဖြေနေရတဲ့ ဘယ်တော့မှ မအောင်တဲ့ စာမေးပွဲတစ်ခုလိုပဲ ဒီမေးခွန်းကြီးက အရူးတွေ စစ်တဲ့ စာမေးပွဲဆန်တယ်။) ဆုပ်ကိုင်ဖမ်းယူလို့ တကယ်လည်း မရနိုင်ပဲနဲ့ စိတ်နှလုံးတွေကို တိုက်စားနိုင်လွန်းလှချည့်။ စွမ်းအားကြီးလွန်းလှချည့်။ တွန်းလှန်နိုင်စွမ်း ချို့တဲ့လွန်းလှချည့်။ ပစ္စက္ခမှာတော့ ကျွန်မက စိတ္တဇနာမ်တွေကို စိတ်နဲ့ ဖမ်းယူရတဲ့နည်းကို သင်ခန်းစာအပြည့် မသင်လိုက်ရသူပမာ ဝိဘစ္ဆတွေ၊ ရုဒ္ဒတွေ၊ ဘယာနကတွေ နဲ့ချည်း ပက်ပင်းတိုးနေခဲ့ရတယ်။
အလိုလောဘကြီးသူတွေဟာ မပျော်ရွှင်နိုင်ဘူးတဲ့။ အသိဥာဏ်ကြီးတဲ့သူတွေဟာ မပျော်ရွှင်နိုင်ဘူးတဲ့။ ဘယ်သူတွေပြောခဲ့လဲ မသိပေမယ့် ကျွန်မနဲ့ကျ တိတိပပကြီးကို လာလွဲချော်နေတော့တာပဲ။ ပျော်ရွှင်မှု ခပ်သေးသေး တစ်ခုလောက်ကို မြည်းစမ်းချင်တာကလွဲရင် ဘာဆိုဘာမှ လောဘမတက်ရပါပဲကို မပျော်နိုင်ဖြစ်နေခဲ့တာ။ အသိဥာဏ် ဟုတ်တိပတ်တိလည်း ရှိလှတယ်မဟုတ်ပါပဲကို မပျော်ရွှင်နိုင်ခဲ့တာ။ ဒါက ချွင်းချက်ဆိုရင်တော့ သတိပေး alarm တစ်ခုလို ကိုယ့်ဆီမှ တိတိပပ လာပြီး ချွင်းကနဲ အော်မြည်နေတဲ့ အချက်အလက်ပဲ ဖြစ်ရမယ်။
ပျော်ရွှင်မှု ဆိုတာ ဘာတဲ့လဲ။ (ဒီမေးခွန်းက ပြန်လှည့်လာပြန်ပြီ။) သွေးမျက်ရည်နဲ့ ငိုနေတဲ့ အပြုံး လား။ တိမ်ဖြူတစ်စလား။ ကြောင်တစ်ကောင်လား။ မုန်လာဥလား။ ကန္တာရခရီးသွား တောလား တစ်ပုဒ်လား။ ကြေးအိုးတစ်ပွဲလား။ ဝက်သား တုတ်ထိုးလား။ မုန့်ဗိုင်းတောင့် တစ်ထုတ်လား။ ဇော်ဝင်းထွဋ်ရဲ့ live Show လား။ ပြည်တော်ပြန် လားရှိုးသိန်းအောင် ရဲ့ သီချင်းသံလား။ နှင်းတွေ စွတ်စိုနေတဲ့ ဒေါ်မာမာအေးရဲ့ ရင်ပြင်ပေါ်က ညလား။ အမြဲတမ်း ရီဝေနေတဲ့ ၁၉ လမ်းလား။ အိုဇု ပြောသလို ကိုယ့်အားထုတ်မှုကနေမှပဲ ရနိုင်တဲ့ အရာလား။ (အဲဒါဆို ကျွန်မ ညံနေသေးတယ်။ အားထုတ်နေပါလျက် မရနိုင်သေးဘူး) မျိုးကျော့မြိုင်ရဲ့ မအောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်လား။ celebration လို့ အမည်ရတဲ့ ဒင်္ဂါးသုံးခု tarot card တစ်ချပ်လား။
Happiness ဆိုတာကြီးက lies not in getting but in giving လို့ ဆိုကြပြန်ရဲ့ ။ စိတ်ရဲ့ ငြိမ်းချမ်းမှု လို့လည်း ဆိုကြပြန်ရဲ့ ။ ဝေးဝေးက အမေ့အိမ် နဲ့ မိတ်ဆွေစစ်တွေလို့ ဆိုသူက ဆိုရဲ့။ ဒါမှမဟုတ် ပျော်ရွှင်မှု ဆိုတာက ၁၃လမ်းက ဦးဘဂျမ်း ကာတွန်းပွဲတော်လား။ စိမ်းလန်းစိုပြေ ဥယာဉ်ထဲက နောက်ဆုံးညနေခင်းလား။ မော်ဒန် လက်ဘက်ရည်ဆိုင်က ထမင်းကြော် ပွဲတစ်ဝက်လား။ Shake က ကော်ဖီခါးခါး အေးအေး တစ်ခွက်လား။ သဲနာရီလေးကို စောင့်ကြည့်ရင်း သောက်ရတဲ့ ရေနွေးကြမ်း တစ်အိုးလား။ ဒါမှမဟုတ် စစ်တုရင်ခုံပေါ်က အရွှေ့ခံ ဘဝတွေလား။
ပဲပင်ပေါက်ကလေးတွေ အညှောင့်ထွက်လာတာကို စောင့်ကြည့်ခွင့် ပျော်ရွှင်တတ်သူကတော့ ကံထူးသူပေါ ..။ စည်းကမ်းကြီးတဲ့ မြေပဲစေ့လေးတွေ အကန့်လိုက် အကန့်လိုက် တန်းစီနေထိုင်နေကြတာကရော ပျော်ရွှင်မှုများလား …။ သစ်ရွက်ကလေးတွေ နုရာက စိမ်း စိမ်းရာကရင့်၊ ရင့်ရာကကြွေရတာကရော ပျော်ရွှင်မှုလား။ အနိစ္စ၊ အနတ္တ၊ ဒုက္ခ ဆိုတာတွေကရော ပျော်ရွင်မှုလား။ အဲဒီ ပျော်ရွှင်မှု ဆိုတဲ့ စကားလုံးကြီးကိုက ကျွန်မတို့ နဲ့စိမ်းဝေး နေခဲ့ရှာတာပါ။ အဲဒီ စိမ်းဝေးမှုကြီးက ဆီလ်ဗက်စ်တာ လိုက်လို့ ပြေးပြေးနေရတဲ့ တွီတီလေးဖြစ်နိုင်သလို သူတစ်ပြန် ကိုယ်တစ်ပြန် အခွင့်သင့်တိုင်း ဆော်နေကြတဲ့ တွမ်နဲ့ ဂျယ်ရီလည်း ဖြစ်နိုင်တာပဲ။ .. တပြေးတည်းပြေးနေရတဲ့ load runner လေး.. သူ့လိုပဲ မနိုင်ဝန်တွေထမ်းပြီး ပြေးပြီးရင်း ပြေးနေရတဲ့ ကျွန်မကို ဘယ်သူမှ တိတိကျကျ အဖြေမပေးနိုင်ခဲ့သေးဘူး။
ကျောင်းဆရာကတော့ ပြောပါတယ်။ လက်တွေ့ဘဝမှာ ပျော်စရာဆိုတာ တစ်ခုမှ မရှိတော့ဘူး ဆိုလား။ ကဗျာဆရာကတော့ ပန်းပင်လေးတွေ စိုက်ပြီး ရေလောင်းပေါင်းသင် ရတာက ပျော်ရွှင်မှုတဲ့။ နောက် ကဗျာဆရာ တစ်ယောက်ကတော့ မပျော်ရွှင်မှုတွေဆီက လွတ်မြောက်ရတာဟာ ပျော်ရွှင်မှုလို့ ဆိုပြန်တယ် ။ ခုထိ မပျော်ရွှင်မှုတွေဆီက မလွတ်မြောက်နိုင်သေးတဲ့ ပျော်ရွှင်မှုကို မသိသေးတဲ့ ကျွန်မကို ဟိုကဗျာဆရာလေး စကားအတိုင်း နှိမ်ပါ။ အထင်သေးပါ။ တတ်သမျှ မှတ်သမျှ နည်းတွေနဲ့ နှိမ်ပါ။ အထက်အောက် ခုန်ဆွခုန်ဆွ လုပ်ပြီး နှိမ်ပါ။ ဘေး ဘယ်ညာ ယိမ်းထိုးပြီး နှိမ်ပါ။ ရှေ့တစ်လှမ်း တိုးပြီး နှိမ်ပါ။ ထိုးမယ့် ဆင် နောက်တစ်လှမ်းဆုတ်သလို နောက်တစ်လှမ်းဆုတ်ပြီး နှိမ်ပါ။ ခေါင်းတငြိမ့်ငြိမ့်နဲ့ နှိမ်ပါ။ ခေါင်းတခါခါနဲ့ နှိမ်ပါ။ အကြည့်နဲ့နှိမ်ပါ။ အသံနဲ့နှိမ်ပါ။ အသံတိတ်နှိမ်ပါ။ အရုပ်နဲ့နှိမ်ပါ။ အဖြူအမည်းနဲ့ နှိမ်ပါ။ အရောင်လေးရောင်နဲ့ နှိမ်ပါ။ Special color တစ်ရောင် ထပ်နင်းပီး နှိမ်ပါ။ ကပ်ထူဖုံး အခန့်ချုပ်နဲ့ နှိမ်ပါ။ နောက် ပျော်လို့ရတဲ့ နည်းတွေနဲ့ သင်ပျော်နေတဲ့ အခါတိုင်း ကျွန်မကို သတိတရ ရှိနေလိုက်ပါ။
သိပ်ကြာကြာမခံတတ်ဘူးလို့ ဆိုကြတဲ့ ပျော်ရွှင်မှုတွေက တကယ်ပဲ ကျွန်မဆီလာသွားကြပြီး ကျွန်မက မသိလိုက်လေတာလား၊ ကျွန်မကိုပဲ ကွေ့ပတ် ကျော်လွှား သွားခဲ့တာလား၊ ကျွန်မပတ်ဝန်းကျင်မှာ ပျော်ရွှင်မှုတွေ ဖြတ်သန်းသွားလာဖို့ လမ်းတစ်လမ်း တကယ်ပဲ မရှိခဲ့တာလား ပညာရှိ တစ်ယောက် ယောက်က ဖြေပေးပါ။ ဘာဆို ဘာမှ မသိခဲ့တဲ့ အတွက် ကျွန်မ တကယ်ညံ့ခဲ့ပါတယ်။ နောက်ဆုံး ကြံရာမရသူလို ဟေး .. ပျော်ရွှင်မှု လို့ အကျယ်ကြီး အော်ခေါ်လိုက်ပေမယ့် ပဲ့တင်သံတွေ ကျွန်မဆီ ပြန်မလာခဲ့ကြဘူး။ ဝမ်းနည်းစရာကောင်းတဲ့ ပြဇာတ်ရှည်ကြီး တစ်ပုဒ် ထိုင်ကြည့်ရသလို ခင်ဗျားတို့ နှစ်သက်နိုင်ကြလိမ့်မယ် မထင်ဘူး။ ဘာဆိုဘာမှ ပြန်မပေးနိုင်တဲ့ ကျွန်မကိုပဲ ခွင့်လွှတ်လိုက်ကြပါတော့။
မပျော်ရွှင်တတ်သူကြီးရဲ့ အတတ်ပညာ ချို့တဲ့နုံချာမှုလမ်းမှာတော့ အဖော်တွေက တရုန်းရုန်းပါပဲ။ လမ်းမပေါ် တက်လာလိုက်၊ ထင်ယောင်ထင်မှားမှုတွေနဲ့ ပြန်လည်ဖဲခွာထွက်သွားလိုက်၊ နောက်တစ်ဆစ်ချိုးမှာ ပြန်လည် ဆုံဆည်းလိုက်နဲ့ပေါ့ ..။ တကယ်ပါ။ ကျွန်မဟာ မပျော်ရွှင်သူကြီးပါ။ စိတ်အထားအသိုတွေ မှားပြီးရင်း မှားနေတတ်သူ လူညံ့ တစ်ယောက်ပါ။ ၂၀၀၄ ခုမြောက်လမ်းမပေါ်ကို ရောက်တာတောင် လမ်းတွေကို ဇဝေဇဝါ ကြည့်နေမိတဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ဖြေသိမ့်ရမယ်ဆိုတာ မသိနိုင်ခဲ့သေးဘူး။ တကယ့်ကို ညံ့ဖျင်းလွန်းလှပါတယ်။
မပျော်ရွှင်မှုတွေဟာ ညံ့ဖျင်းမှုတွေနဲ့ ဘယ်လို အချိုးကျလဲ သိချင်လိုက်တာ။ 1001 Ways to Happiness ဆိုတဲ့ စာအုပ်ကို ပစ်ချလိုက်မိတယ်။ တိကျတဲ့လမ်း ၁၀၀၁လမ်းနဲ့ မတိကျတဲ့ ကြားလမ်း ၁၀၀၃လမ်း စုစုပေါင်း ၂၀၀၄လမ်း အထက်မှာ ရှိမယ့် လမ်းတွေကို တစ်လမ်းမှ ကျွန်မ မသိဘူး။ လမ်းတွေ ဒီလောက်များနေမှတော့ ပျော်ရွှင်မှုတွေဆီ ကျွန်မတို့ မရောက်တာ မဆန်းသလို ပျော်ရွှင်မှုတွေ ကျွန်မတို့ဆီ မလာနိုင်တာလည်း မဆန်းဘူးလို့ စိတ်ပျက်လက်ပျက် လက်လျှော့လိုက်ရတော့မလား။
ဒါထက် စကားမစပ် ပျော်ရွှင်မှု နှင့် သူ၏ ဆက်စပ်ပစ္စည်းများ အရောင်းဆိုင် ဆိုတာကိုများ တွေ့ခဲ့ မယ်ဆိုရင် ကျွန်မဆီ email လေး ပို့ပေးပါ။ အင်တာနက် ကွန်နက်ရှင်တွေ မကောင်းဘူးဆိုရင်တော့ ပျော်ရွှင်စွာ ဖုန်းခေါ်လိုက်ပါ။ တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ မအားသေးပါရှင် ဆိုရင် တက်တက်ကြွကြွ လှမ်းအော်ခေါ်ပစ်လိုက်ပါ။ သင့်နှလုံးသားနဲ့ မလှမ်းမကမ်းမှာ မပျော်ရွှင်သူ တစ်ယောက်ရှိနေခဲ့ပါတယ်။
မနော်ဟရီ
၁.၂.၂၀၁၃
March'2013, Fashion Image Special Annual Issue
thanks are due to Naw May Zin, Thin Nu Swe, Soe Min Aung and the illustrator Ko Ngu Eain Htet Myet
1 Comment:
ဒီမေးခွန်းကြီးက အရူးတွေ စစ်တဲ့ စာမေးပွဲဆန်တယ်။
မပျော်ရွှင်မှုတွေဆီက လွတ်မြောက်ရတာဟာ ပျော်ရွှင်မှု လို့ ဆိုပြန်တယ် ။ စိတ်အထားအသိုတွေ မှားပြီးရင်း မှားနေတတ်သူ သင့်နှလုံးသားနဲ့ မလှမ်းမကမ်းမှာ မပျော်ရွှင်သူ တစ်ယောက်ရှိနေခဲ့ပါတယ်။ စိတ်အထားအသို ဆိုတဲ့ အခန်းကြီးလား ကပ်ထူဖုံး အခန့်ချုပ်နဲ့ နှိမ်ပါ။ ...
Post a Comment