Sunday, June 26, 2011
အဖြူရင့်ရင့်အလွမ်း
ကောင်းကင် တောင်တန်းတစ်လျှောက်တွင် တရိပ်ရိပ် အုံ့ခိုရစ်ဖွဲ့လာသော အခြားသောသူများ၏ တိမ်တိုက်များကို မြင်ရသောအခါ ကျွန်မ၏ ရာသီဥတုကလေးကို ကျွန်မ လွမ်းဆွတ်နေမိပြန်တော့သည်။ ကံကြမ္မာ၏ လှည့်စား စေစားချက်များကြောင့် လွဲချော် ပြောင်းလဲသွားခဲ့ရသော မြောက်ပြန်လေလမ်းကြောင်းခရီးသည် ခုတော့ ကျွန်မရင်ကို ဟင်းလင်းပွင့်သွားသည်အထိ တိုက်စား ဖဲ့ခြွေနေခဲ့ပြီ။ အဘယ်သော တန်ခိုးရှင်သည် ကျွန်မကို ပြန်လည် စွတ်စိုစေနိုင်ပါမည်နည်း ။
ပွင့်ဖတ် ပွင့်ချပ်ကလေးများ နှင်းစား ပဲ့ကြွေသွားရသော နေ့ရက်များကို သိမှတ်မဲ့ ရှိုက်သွင်းမိသောအခါ ကျွန်မ ဆောင်းခိုငှက်တစ်ကောင်၏ သဘာဝကို လေ့လာမထားခဲ့မိသည့်အတွက် နောင်တရနေမိပြန်၏။ တကယ်တော့ ဂရုဏာ သက်စရာ မကောင်းလှပါ။ တစ်ခါဖူးမျှ စိတ်ကူး မယဉ်ခဲ့ဖူးသော ဆောင်းသည် တကယ့်တကယ်ကျ လက်လုပ်ကဗျာအပျက်တစ်ပုဒ်နှင့် ခပ်ဆင်ဆင် တူနေခဲ့သည်ကိုသာ ကြေကွဲဖွယ်ရာ တွေ့ခဲ့ရလေသည်။
တဖြည်းဖြည်းနှင့် ကျဉ်းမြောင်း ရှုံးနိမ့်ခဲ့ရသော ကျွန်မ၏ ရာသီဥတုကလေးသည် ၉၀ဒီဂရီ တိတိရှိသည်။ လောလောဆယ်မှာတော့ ကျွန်မသည် ကိုယ့်ကိုယ်ကို ၃၆၀ံလား ၀ံလား မသိနိုင်သေးသော ဧဒင်ဥယျာဉ်ထဲမှ ဧဝကို ဒုက္ခပေးခဲ့ဖူးသော သစ်သီးတစ်လုံးနှင့် အလား သဏ္ဍာန် တူနေလေမလားမသိ။ ဤသည်မှာလည်း ကြေကွဲခြင်း တိမ်တစ်စ မဟုတ်ခဲ့သေးပါ။ ကျွန်မ၏ ပျောက်ဆုံးနေခဲ့သော ငယ်ဘဝ ရာသီဥတု ကလေးတစ်ခု မိုးစိမ့်ခဲ့ဖူးတာကတော့ သေချာလွန်းလှသည်။
တစ်ရံတစ်ခါဆီတုန်းကတော့ ကံ့ကော်ပန်းများကလွဲလျင် မည်သည့်ရနံ့ကိုမျှ ဆေးဖော်ကျောဖက် မလုပ်ခဲ့ဖူးပါ။ ခုတော့လည်း နှင်းဆီရနံ့တု များမှအစ စိမ်းရွှေရွှေ သစ္စာပန်းများအလယ်၊ ရနံ့မဲ့သစ်ခွပန်းများအဆုံး အားလုံးကို ကျွန်မ သီကုံးနိုင်ခဲ့ပြီ။ သို့သော် .. ထိုရနံ့များသည်လည်း လောက၏ လူမသိ သူမသိ ထောင့်ချိုးတစ်ခုတွင် သွေ့ခြောက် အေးခဲ့ နေခဲ့လိမ့်မည် ထင်သည်။
ဝုန်းဒိုင်းကျဲ ခုန်ပေါက် သည်းထန်ခဲ့ဖူးသော အတိတ်နေ့ရက်များကို ကျွန်မက မုန်တိုင်းဆန်သည်ဟု မထင်မှတ်ခဲ့ပါ။ ရွှဲရွှဲ စိုခဲ့ဖူးသော ကံကောင်းခြင်း အေးစိမ့်စိမ့်လေးကို ခုနေခါမှာ ကျွန်မ လွမ်းဆွတ်နေမိသည်။ ဝါးရုံစိမ်းစိုစိုများကို ဖြတ်တိုက်လာသော ကန်ဖြတ်လေ တစ်စွန်းတစ်စတွင် ပဲ့တင်ထပ်ကျန်ခဲ့မည့် ကျွန်မ၏ ငယ်အိပ်မက် စိမ်းစိမ်းစိုစိုများကို သင် .. ကြားနာခဲ့ဖူးပါသလား ။
မဆိုစလောက်ကလေး နွေးထွေးနေသေးသည့် အသိအာရုံထဲတွင် နာကျင်စွာ တမ်းတခြင်းများ အုံ့ခို နေခဲ့သည်ကိုတော့ မည်သူ တစ်ဦး တစ်ယောက်မျှ သိနိုင်လိမ့်မည် မထင်ပါ။ နူးညံ့ စူးရှ ခါးသက် စွာ စီးဆင်းကျလာသော နှင်းစက်များသည် ကျွန်မ၏ အေးခဲနေသော မျက်ရည်စများနှင့် ခပ်ဆင်ဆင် တူနေခဲ့သည်ကတော့ အံ့သြစရာ ကောင်းလှ၏။ မည်သူမျှ နားလည် ခံစားနိုင်လိမ့်မည် မဟုတ်သော ထိုနှင်းစက်ခါးခါးများကို ကျွန်မက နွေဦးပေါက် ရာသီတစ်ခုသာ လက်ဆောင်ပေးလိုက်ချင်ပါသည်။
ခရမ်းရောင် သစ္စာပန်းများ မပွင့်သော၊ အောက်ချင်းငှက်များ တေးမသီနိုင်သော၊ ဇာတ်ညွှန်းပျက်သွားခဲ့သော ကိန္တွရီချောင်းခြား ပြဇာတ် (ထိုဇာတ်ညွှန်းအပျက်ထဲတွင် ခုနှစ်ရက် ခုနှစ်လီ မိုးရွာခြင်း မဟုတ်ပဲ ခုနှစ်နှစ်တာ နှင်းမုန်တိုင်း တိုက်ခဲ့ခြင်း ဖြစ်နေခဲ့သည်။) အတုလုပ် ထားသည့် ကသောင်းကနင်း ရာသီဥတု စသည့်အပျက်အစီးများ ထဲတွင် ကျွန်မသည် အလွမ်းတို့နှင့် စွတ်စို နေသော ရေခဲမြစ် တစ်စင်းသာ ဖြစ်သည်။ တကယ်တော့ နေရောင်ကို နှစ်သက်ခံစားရန် ခံစားမှုအာရုံများ ပါမလာသော ကျွန်မ၏ အဖြစ်ကသာ ခြောက်ခြား တုန်လှုပ်စရာကောင်းနေပေသည်။
တရွေ့ရွေ့ တငွေ့ငွေ့ စီးမျော ဝေးလွင့်သွားသော တိမ်တိုက်များ နောက်သို့ ကျွန်မ စိတ်ကူးနှင့် ခရီးထွက်ချင်နေမိ၏။ အလွမ်းတို့နှင့် ပိနေသော နာကျဉ်ဒဏ်ရာ တချို့အတွက် ယုံကြည်ခြင်း တစ်စက်တစ်လေများ ကျကျန်ခဲ့လိမ့်နိုးနှင့်ပေါ့။ နောက်ဖက်သို့ ပြန်လှ ည့် ကြည့်လိုက်သောအခါ လှေရုံနားဘေးတွင် ဆိတ်ဖလူးပွင့်ကြွေများ သီနေသော ကောင်မလေးတစ်ယောက်က ကျွန်မကို ပြုံးကြည့် နေသည်ကို တွေ့ရ၏။ သူမလေး၏ အပြုံးသည် စင်ကြယ်သန့်ရှင်းလွန်းသဖြင့် ကျွန်မတွင်ရင်ဆိုင်ရန် အားမရှိပါ။ ကျွန်မ မသိကျိုးကျွံ ပြုကာ လှည့်ထွက်ခဲ့ချိန်တွင် အရာရာသည် ကျွန်မ၏ လက်ထဲတွင် ဝေဝါး ပျောက်ဆုံးသွားခဲ့လေပြီ။
သထုံလမ်းဆီမှ ပျံ့လွင့်လာသည့် မိုးပိတောက်များ၏ ရနံ့သည် ကျွန်မ ရှူထုတ်လိုက်သော နာကျင်မှု ပြွန်းသည့် သက်ပြင်းမောများနှင့် အတူ ဒရောသောပါး လွင့်ပါးသွားခဲ့ကြသည်။ ဘဝတွင် တစ်ခါဘူးမှ ပြဌာန်းမထားခဲ့သော ..သံဝေဂများကို စိတ်မသက်သာစွာ ဖတ်ရှုရင်း ပြက္ခဒိန်လုပ်သည့် လက်များကို ရူးသွပ်စွာ ပိုင်ဆိုင်ချင်နေခဲ့သည်။ ဖြစ်နိုင်လျင်ပေါ့။
ဲကျွန်မထံမှ ခိုးယူခံခဲ့ရသော မိုးစက်များကို ဖြစ်နိုင်လျင် ကြေးကောင်းကောင်းပေး၍ ကျွန်မ ပြန်ဝယ်ယူလိုပါသည်။ ပြီးလျင် ထိုရာသီဥတုလေးကို သက္ကရာဇ်တစ်ခုထဲတွင် လုံခြုံစွာ ဝှက်သို သိမ်းဆည်း ထားလိုပါသည်။ ပြန်ဖတ်မိတိုင်း မလွမ်းတတ်အောင်လို့ပေါ့။
ခုတော့ ...
အရာရာသည် .............
၃၊မေ၊၂၀၀၃
မနော်ဟရီ
ဘယ်မဂ္ဂဇင်းမှာ ပါခဲ့လဲ ဆိုတာတောင် ပြန်စဉ်းစားလို့ မမှတ်မိတော့ပါဘူး ..
1 Comment:
အဖြူရင့်ရင့်အလွမ်းများ၊
အညိုရင့်ရနံ့များတစ်လျှောက်၊
ဖြတ်သန်းစဉ်ခဏ
ရလိုက်သောရနံ့များ ၀န်းသီဖွဲ့ခို၊
Post a Comment