Saturday, December 5, 2009
လူပျက်
တကယ်ဆို
ဇာတ်ဝင်ခန်းအစမှာကတည်းကိုက
နားထင်ကိုသေနတ်နဲ့ထောက်
ရဲရဲတောက်သတ်သေပစ်လိုက်တဲ့အခန်းနဲ့စခဲ့သင့်တယ်။
ခုတော့ ………
ကတိကဝတ်မပါသောငရဲများစွာနဲ့ခင်းကျင်းနေထိုင်
မျက်ရည်မဲ့နာကျင်သွေ့ခြောက်အက်ကွဲ
ဇာတ်ဆရာငနဲကလည်း မိန့်မိန့်ကြီးထိုင်လို့
ငါတို့က သူ့ရှေ့စစ်တုရင်ခုံပေါ်က
နယ်ရုပ်ကလေးတွေမို့လို့လား
သွားစမ်းပါ…………….
သေရာပါအမာရွတ်တွေပြန်ပြန်စမ်း
သေပြီးရင်းသေနေရတဲ့အခန်းတွေ
ရပ်တန်းကရပ်သင့်နေပြီ။
ငရမန်ကန်း
ဥဒုမ္မရဒေဝီ
ယုဒရဲ့အနမ်း
အင်ကြင်းပန်းတွေနဲ့စူဠသုဘဒ္ဒါ
ရာဇဝင်တွေပြန်ပြန်လှည့်လာဆဲ
မွဲပြာပုဆိုးတွေလည်း စုတ်ပြဲလို့။
မမြင်ရသောသွေးစက်တွေကညှီတယ်
နံနက်ခင်းအသစ်စက်စက်တွေက မီးခိုးတလူလူနဲ့
ဘယ်သူဟာကယ်တင်ရှင်မှန်းမသိနိုင်တဲ့ဇာတ်
ဝါဝါလက်*တွေလိုအဆက်မပြတ်ငိုကြွေးနေရမှာတဲ့လား။
ဒီမှာ ဇာတ်ဆရာ
ခင်ဗျားသဘောတူညီမှုမပါလည်း
လက်ထဲမှာ သေနတ်တစ်လက်ရှိနေခဲ့ပြီဆိုပါတော့..
ကိုယ့်ကိုယ်ကို ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်ပစ်လိုက်ရမှာ
ရယ်စရာတော့မကောင်းမှာသေချာတယ်
…………………။
မနော်ဟရီ
၁၃၊၇၊၀၉ - ၂၂၊၇၊၀၉
wawalak :
During the Dreamtime, a mythic time when gods and goddesses still walked the earth, the Wawalak, a pair of Australian aboriginal sister goddesses, accidentally polluted the sacred waterhole of Yurlungur, the Great Rainbow Serpent, with a single drop of menstrual blood. In angry response, rain poured down and the waterhole flooded.
Yurlungur then emerged from the waterhole and swallowed the sisters in a huge gulp. It was until later when Yurlungur was told to regurgitate the sisters that the Wawalak were reborn into the light.
22 Comments:
ကဗျာဖတ်ရတာမောတယ် ...။
မွန်းကြပ်တာကိုပြောတာ ...။
ထွက်ပေါက်မပါသလိုခံစားရတယ် ...။
တကယ်ဆို ဇာတ်ဝင်ခန်းအစမှာကတည်းကိုက
သတ်သေပစ်ခဲ့တာဘဲ ခက်တာက ကျည်ဆံမပါတဲ့သေနတ်ဖြစ်နေတယ်...
ဘယ်လောက်ဘဲနာကျင်ကြေကွဲစွာကပြနေခဲ့လည်း
ဇာတ်ဆရာကတော့ခံစားမှုမဲ့စွာ နောက်ဇာတ်ကွက်တွေနေရာချလေရဲ့
ခက်တာက နယ်ရုပ်တွေလိုအရွေ့  မခံရတော့ရင်တောင် မနေတတ်တော့သလို ကျင့်သားရနေခဲ့ပြီး ကေ၀ဋ်ပုဏ္ဏားလိုအမာရွတ်တွေပြန်ပြန်စမ်းနေတတ်တာကာလတစ်ခုကြာခဲ့ပြီ
မွဲပြာပုဆိုးဆိုရင်လဲစုတ်ပြီးသားဖြစ်နေရော့မယ်
ကျေးဇူးစွပ်တယ်ဆိုတာကျေးဇူးရှိမှစွပ်လို့ရတာမို့ တစ်ခါတစ်လေတော့ ကျေးဇူးလဲအတင်မခံ ကျေးဇူးလဲအဆပ်မခံချင်ပေဘူး
မမြင်ရတဲ့သွေးစက်တွေ မီးခိုးအပြည့်နံနက်ခင်းတွေကြားမှာ ကယ်တင်ရှင်ရှာမိသူအမှားလား ကယ်တင်ရှင်ဘဲမရှိခဲ့တာလား
ဘ၀ဇာတ်ဆရာခင်းကျင်းတဲ့ဒီဇာတ်ကို လွဲမှားစွာဝင်လာခဲ့မိပြီဆိုပါတော့
ကိုယ်တို့လုပ်နိုင်တာတစ်ခုဘဲရှိတော့တယ်
ဒီဇာတ်ဆုံးအောင်ဆက်ကရင်း တချိန်ချိန်မှာအဆုံးစီရင်ပစ်ဖို့ အနဲဆုံးသေနတ်တစ်လက်ကျည်တစ်တောင့်တော့ ၀ှက်ဖဲထားသင့်ကြတယ်ပေါ့
ဂျူ
တစ်ခြားတစ်ဖက်မှဟိုကြည့်ဒီကြည့်ခံစားကြည့်မိပါသည်....
ဖတ်ကြည့်ရတာ ရင်ထဲမကောင်း။
ရင်ထဲမှာ ဒဏ်ရာတွေ မွ သွားတယ်။
ဒီကဗျာက..တပတ်ကြာအောင် တောင် မွေးဖွားရတာပဲ..
ဘယ်သူကိုမှ ဘာမှ ထပ်မပြောချင်..။
ဇာတ်ဆရာအလိုကျ
လောကအလိုကျ
အားလုံးအလိုကျ
ထင်မြင်ချက်တွေရဲ့အပြင်ဖက်မှာ
ကိုယ်ကို့ကိုယ် လှောင်ရယ်ပျက်လုံး ထုတ်ရင်း
လိပ်ပြာလန့်နေတဲ့ လူတည်လူခန့်ကြီးတွေကို
အထူးသဖြင့် လူတည်လူခန့်ကြီးလို့ ထင်နေသူတွေကို
(သနားသဖြင့် စိတ်ဓာတ်ကလေးနဲ့)
လူပျက်တစ်ယောက် အဖြစ်ခံပြီး
“ပေး”ရယ်မောလိုက်ပါတယ်..။
ရယ်လိုက ရယ်ကြစေ..။
(လတ်တလော ခံစားနေရတာလေးပါ..။)
ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်...တဲ့
လှလိုက်တဲ့ စကားလုံးလေး မရယ်။
အဲဒီအနက်တိုင်းကိုလည်း သဘောကျနေမိတယ်။
………
ကတိကဝတ်မပါသောငရဲများစွာနဲ့ခင်းကျင်းနေထိုင်
မျက်ရည်မဲ့နာကျင်သွေ့ခြောက်အက်ကွဲ
ဇာတ်ဆရာငနဲကလည်း မိန့်မိန့်ကြီးထိုင်လို့ ....
ဆိုတဲ့ မရဲ့ ကဗျာလေးအတိုင်းပါပဲ။
အမနော်ပေးသလောက်တော့ ကျွန်တော်ရလိုက်တယ်ထင်တာပဲ။
လူပျက်..တဲ့လား..
ဘ၀တခုလုံး အမှောင်တွေထဲ ရောက်သွားသလို..စမ်းတ၀ါးဝါး..တခါတလေလည်း နာနာကျင်ကျင်..၀င်္ကပါကြီးထဲမှာပဲ တ၀ဲလည်လည်..ဒဏ်ရာအဟောင်းတွေနဲ့ပဲ ထပ်ခါထပ်ခါ သေဆဲ..ကဲ..မနက်ခင်းအသစ်စက်စက်ကလေးတွေကပါ မီးခိုးတွေတလူလူနဲ့....။
မောလိုက်တာ..ဒါပြီးရင်ရော..ပြီးသွားမှာလား..တွေးရင်းတွေးရင်း.....
မနော်ရေ..ကဗျာလေးဖတ်ပြီး ၀င်ခံစားသွားပါတယ်..
ဒီကဗျာလေးကို ဖတ်ရတော့..
စောဘွဲ့မှုးရဲ့ မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်းလေးကို
ပြန်သတိရမိတယ်....
ဒါပေမယ့်..
ဘာကမှားနေတာလဲ?
ဘယ်သူကမှားနေတာလဲ?
အမှန်တရားဆိုတာကလဲ
ဘယ်ဟာသေချာမှန်း မသိတော့ခက်တယ်!!
ကိုယ့်ကိုယ်ကို ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်ပစ်လိုက်ရမှာ
ရယ်စရာတော့မကောင်းမှာသေချာတယ်
…………………။
ကဗျာတစ်ပုဒ်လုံးက လှပါတယ် .. ဒါပေမယ့် ကိုဇက် ပြောသလို မွန်းကျပ်တယ်လို့ ခံစားရတယ်နော် ..
အကြိုက်ဆုံးကတော့ အဲ့နောက်ဆုံးအပိုဒ်လေးပဲ ..
၁ပတ်လုံး မွေးဖွားထားရတယ်လို့ ကေပြောတဲ့ ဒီကဗျာက ဖတ်ရတာ စက္ကန့်ပိုင်းအတွင်းလေးပဲ ကြာတာပါ .. ဒါပေမယ့် ရင်ထဲမှာတော့ တစ်စုံတစ်ခုက နာရီအတော်ကြာကြာ စွဲထင်နေခဲ့တယ် ..
လှလိုက်တာ .. =)
မိန့်မိန့်ကြီး ထိုင်နေတဲ့ ကံဇာတ်ဆရာ
ကျရာ သရုပ်ဆောင်နေရတဲ့
နာကျင်မှုများစွာနဲ့
လူပျက် တစ်ယောက်လက်ထဲ
သူ့ကြမ္မာ သူ အဆုံးသတ်ခွင့် လေး
သူ့ဖာသာ သူ မွေးဖွားစေခဲ့ပြီ ..
ဆို
ပါ
တော့ ။
ကိုယ့်ကိုယ်ကို ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်ပစ်လိုက်ရမှာ ..
ရယ်စရာတော့မကောင်းမှာသေချာတယ် ။
မမရေ...
ဇာတ်ဆရာငနဲက မိန့်မိန့်ကြီး ထိုင်ရှု့နေတာကို
သိနေရက်နဲ့တောင်...
အဆုံးအထိ ကပြနေကြရဦးမှာ...
အသက်ရှုတွေ မရပ်တဲ့ အထိပဲနော်...
ရယ်စရာတော့မကောင်းတာ အမှန်ပါပဲ..
အစ အဆုံး တစ်ပုဒ်လုံးကို အရမ်းကို ကြိုက်မိတယ်...
ချစ်တဲ့....
မမြင်ရသောသွေးစက်တွေကညှီတယ်
နံနက်ခင်းအသစ်စက်စက်တွေက မီးခိုးတလူလူနဲ့
ဘယ်သူဟာကယ်တင်ရှင်မှန်းမသိနိုင်တဲ့ဇာတ်
ဝါဝါလက်*တွေလိုအဆက်မပြတ်ငိုကြွေးနေရမှာတဲ့လား။
ကဗျာက ပေါက်ဓါးတစ်လက်လို ပစ်မှတ်ကို ၀င်စိုက်ပြီး တဆတ်ဆတ်ခါနေတယ်....
မမရေ..ကိုအေးကိုလုပ်ပြတဲ့ ပါဖောင်းမန့်ကိုပါ ပြန်မြင်ယောင်လာတယ်....
သူမှန်ကြည့် ၊ နှုတ်ခမ်းကိုကွင်းပြီးဆေး အနီရောင်တွေ ရဲတောက်နေအောင်ဆိုးခဲ့သေးတာ
ကဗျာလေး ကြိုက်တယ်။ ဟုတ်တယ် ကျနော်တို့ဟာ လူပြက်မဟုတ်တဲ့ လူပျက်တွေပဲ။
အထူးသဖြင့်မြန်မာစာလေးပေါ့ဗျာ။
“ကတိကဝတ်မပါသောငရဲများစွာနဲ့ခင်းကျင်းနေထိုင်”
အဲ့ဒါကျွန်တော်တို့နေ့တိုင်းသောက်နေတဲ့ရေနွေးကြမ်းနဲ့ငါးခြောက်ဖုတ်....
ကျနော့်အီးမေးလ်ထဲကို မနော်ဟရီဆီကိုမန့်သမျှ ၀င်လာနေတယ်ဗျ .. ကယ်ကြပါဦး ... =(
ကိုယ့်ကိုယ်ကို ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်ပစ်လိုက်ရမှာ
ရယ်စရာမကောင်းမှာတော့တကယ်
သေချာတယ်...
လူပျက်ကလည်း ကြောက်စရာကြီးဖြစ်နေတယ်ဗျာ
မနော် ရေ စီဘောက်မှာ Bithday wish လာလုပ်တာ လုပ်လို့လဲမရလို့ comment မှာပဲ လုပ်သွားတော့တယ်နော်
မနော် မွေးနေ့မှာပျော်ရွှင်ပါစေနော် ဖိုးစိန်ဘလော့ဂ်မှာ မနော် မွေးနေ့ ဆိုတာ သိရလို့ လာပြောတာပါ ပျော်ရွှင်ပါစေ အစ်မ
HAPPY BIRTHDAY TO YOU !!!!!!!!!!!!!!!!!
အဟဲ အရိုးဆုံး ဆုတောင်းဖြစ်မယ် ထင်တယ်နော် အစ်မ
အမနော်ရေ...မရဲ့ကဗျာလေးတွေကို အရမ်းကြိုက်သူပါ...မွေးနေ့ အကြို လာဆုတောင်းပေးပါတယ် မရေ ...၊ ကိုယ်စိတ် ၂ပါး ကျန်းမာ ချမ်းသာစွာနဲ့ မ ချစ်တဲ့စာတွေ အများကြီးရေးနိုင်ပါစေ...လို့...။
စီဘောက်မှာ ရေးလို့ မရလို့ ဒီမှာပဲ...။
happy birthday ma nor.
Post a Comment