Tuesday, October 8, 2024

တခါတုန်းဆီက ချစ်သော မမဝိုင်းက ပြောဖူးတယ်။ ထုံးစံအတိုင်း ကျမတို့ ဝိုင်းဖွဲ့စားသောက်နေကြချိန်မှာပေါ့။ “ဘာစားနေတယ်ဆိုတာက အရေးမကြီးပါဘူး။ ဘယ်သူနဲ့စားတယ်ဆိုတာကသာအရေးကြီးတာ” တဲ့။ မဖြူနုကလည်းတခါကရေးဖူးတယ်။ အစားအစာတွေဟာ အတိတ်က ခံစားချက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာမျိုး။ သေချာအတိအကျကြီးတော့ စာသားတွေမမှတ်မိတော့ဘူး။ တစ်စုံတရာကို မစားဖြစ်တော့တာဟာ၊ စားမိတိုင်းမျက်ရည်ဝိုင်းရတာဟာ၊ တခုပ်တရ ချက်စားဖြစ်တာဟာ၊ စားမိတိုင်း ပျော်ရွှင်မှုတွေပြန်ရောက်လာသလိုခံစားရတာဟာ၊ အတိတ်က ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေသလို စိတ်ခံစားမှုတွေနဲ့လည်း ဆက်စပ်နေလို့ပါပဲ။ ခု .. ကျမတို့လို အဝေးတနေရာကို အလိုမတူပဲရောက်နေကြတဲ့သူတွေဆိုပိုပြီး သိမှာပါ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ယဉ်ကျေးမှု၊ ရိုးရာ အစားအစာ စတာတွေနဲ့ ကြီးပြင်းလာတဲ့သူတွေမို့လို့ ဘယ်လိုပဲပြောပြော အချိန်တန်ရင်တော့ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အစားအစာတွေကို သတိရလွမ်းဆွတ်လာတတ်တာပဲ။ 

တနေ့က အိမ်ကို အထူးဧည့်သည်လေးတွေလာမယ်ဆိုလို့ သူတို့လည်း မစားရတာကြာနေပြီဖြစ်တဲ့ ဝက်သားတုတ်ထိုးလေး လုပ်ကျွေးဖြစ်တယ်။ အဲဒီမှာ ကျမက ကြာဇံကြော်၊ အချဉ်ရည်က အစ ရန်ကုန်တုတ်ထိုးလေးတွေနဲ့တူအောင် လုပ်ဖြစ်တယ်။ တချို့ဆိုင်တွေမှာ ဂေါ်ဖီကို ခပ်ကြမ်းကြမ်းကြီးကြီး လှီးပြီး ကြာဇံထဲထည့်ကြော်တာမျိုး။ အိမ်ကလူတွေကျ မကြိုက်ဘူး။ ကျမကို ဘာတွက် ဆိုင်တွေအတိုင်း တသွေမသိမ်းလိုက်လုပ်စရာရှိလဲလို့ ဆိုတယ်။ ကျမလည်း ကြိုက်လို့မှမဟုတ်တာ။  ကျမက ကိုယ့်စိတ်ခံစားချက်နဲ့ကိုယ်။ ကိုယ်စားခဲ့တဲ့ ဆိုင်လေးတွေရဲ့အငွေ့အသက်လေးတွေပြန်ဖမ်းခေါ်ယူချင်မိတာမျိုး။ (အတိအကျပြောရရင် ဝက်သားတုတ်ထိုးဆိုတာလည်း ဘယ်အချိန် ဘယ်နေရာမှာလုပ်လုပ် ကျမက သူများကို ကျွေးချင်လို့ကို ချက်ပေးလုပ်ပေးတာမျိုးဖြစ်ပြီး ကိုယ်တိုင်ကျ ဝက်သားကို အဲ့လို တခုပ်တရ သိပ်စားလေ့မရှိသူ)  အဲဒီခံစားချက်မျိုးကို ကိုယ်တွေလိုလူချင်းမှ နားလည်လိမ့်ထင်မယ်။ အစားအသောက်ကို ခံစားချက်နဲ့ ဆက်စပ်စားသုံးသူတွေပေါ့။ အဲ့လိုမှမဟုတ်ရင်တော့ နားလည်နိုင်လိမ့်မယ်မထင်ဘူး။ ရန်ကုန်ကို သတိရစိတ်နဲ့ မုန့်လင်မယား လုပ်စားတယ်။ ဘူးသီးကြော် ကြော်စားတယ်။ လက်ဘက်ထမင်းလေးလုပ်စားတယ်ဆိုတာကလည်း စားချင်စိတ် သက်သက်ထက် သတိရခြင်းတွေက ပိုတယ်လို့ဆိုရင်လည်း စိတ်တူသူချင်းမှ နားလည်ပါလိမ့်မယ်။ 

ကျမတို့အုပ်စုဟာ ရန်ကုန်မှာဆိုရင် မကြာခဏ ချိန်းပြီး တနေရာမဟုတ်တနေရာမှာ တခုခုသွားစားဖြစ်ကြသလို၊ ကျမအိမ်မှာလည်း ချက်စားဖြစ်၊ ဖိုးစိန်တို့ ဝေလင်းတို့ ပြာပြာတို့ ဆိုင်ဖွင့်တုန်းကဆိုလည်း သူတို့ဆိုင်မှာ ဆုံကြ စားချင်တာချက်ခိုင်းပြီးစားခဲ့ကြတာလေ။ သန်လျင်ထိသွား ကြက်ကြော်နဲ့ ကြက်သားဘူးသီးကာလသားချက်ကို တခုတ်တရသွားစားရင်စားကြသလို၊ ပုံပုံတို့ဆိုင်မှာလည်း စကောထမင်းသွားစုစားရင်စားတတ်ကြတာ။ အဲလိုမှမလုပ်ရရင် အိမ်မှာတင် တစ်ယောက်တမျိုးစီချက်လာကြပြီးလည်း စုစားကြတယ်။ ကိုယ့်ဘာသာချက်စားလည်း ဒီထမင်း ဒီဟင်း ၊ ဒီမုန့်ဟင်းခါး၊ ဒီမုန့်ပဲ။ ဒါပေမယ့် အတူတူ စားကြတဲ့အခါ အဲဒီအတူရှိနေခြင်းရဲ့ အရသာတစ်ခု ပိုလာတာပေါ့။ 

လက်ဘက်သုပ်ကို ဒေါ်ရိတ်ကြီး စတိုင်လ်လေး သုပ်ဖြစ်တာ၊ ရခိုင်မုန့်တီကို ကျောက်ဖြူနဲ့ တူအောင် ချက်စားချင်တာ၊ ရှမ်းခေါက်ဆွဲကို အမှတ်တရ လို၊ တိုဟူးနွေးကို ကလောက မပုံ့တိုဟူးနွေးလို လုပ်စားချင်တာ၊ နန်းကြီးသုပ်နဲ့ လက်ဘက်ရည်ကို lucky seven ကလိုအရသာမျိုး ရချင်တာ၊ ဘူးသီးကြော်ကို စိန်ပေါလ်ကျောင်းနားက အချဉ်လိုမျိုးနဲ့ရအောင်လုပ်ဖြစ်တာ၊ ကြာဇံချက်ကို လှည်းတန်းဈေးနောက်က ဆိုင်ကလေးလို ချက်ဖြစ်တာ၊ အုန်းနို့ခေါက်ဆွဲကို ခပ်ကျဲကျဲနဲ့ ခြေထောက်ရိုး၊ ခေါင်းရိုး လည်ချောင်းရိုးတွေနဲ့ချက်ချင်တာ၊ မုန့်ဟင်းခါးကို လယ်ငါးခူလေးနဲ့မှ ချက်ပြီး ဒီနိုင်ငံမှာ အင်မတန်ဈေးကြီးတဲ့ shallot ကိုမှ ဥလိုက်ထည့်စားချင်တာ၊ မြန်မာကြက်ကို အနှစ်ကျကျချက်ပြီး ချဉ်ပေါင်ကြော် ငရုတ်သီးကြော်လေးနဲ့ Country Home က ဖက်ထမင်းလို ဖက်မပါပဲ ဖက်နံ့ကို စိတ်နဲ့ဖမ်းယူပြီးချက်စားဖြစ်တာတွေဟာ သတိရခြင်း သက်သက်တွေသာပါပဲ။ ကျမတို့ရဲ့ သတိရခြင်းနဲ့ ချစ်ခြင်းတွေဟာ ဘယ်လောက်များ ရိုးရှင်းလိုက်သလဲ။ ဒါနဲ့တောင် မရိုးရှင်းသူတွေရဲ့ ဇာတ်ကွက်မှာ သွက်သွက်ကြီး စီးထွက်မျောပါ ဝေးရာရောက်ခဲ့ကြရတာ။ 

တခါတခါတော့လည်း အတ္တကြီးလွန်းသူ လူတယောက်နဲ့ အပေါင်းအပါတွေကြောင့် အတ္တဆိုလို့ သတိရခြင်းနဲ့ နှောင်ကြိုးသက်သက်လောက်သာရှိကြတဲ့သူတွေမှာ ဒုက္ခရောက်ကြရတယ်။ သန်းပေါင်းများစွာသောလူတွေဟာ နက္ခတ်တစ်ခုတည်းမှာမွေးဖွားခဲ့ကြလို့ ဒီလိုဒုက္ခတွေစုခံနေရတယ်လို့ဖြင့် ကျမတော့ လက်မခံချင်ပေါင်။ တနေ့တော့ ပြန်ဆုံမယ်လို့ ဆိုကြရင် ပြန်ဆုံဖို့ကို စိတ်ရောလူပါ အားထုတ်ဖို့တော့လိုတာပေါ့နော်။ နှုတ်ဖျားလက်ဖျားကထွက်ကျလာတဲ့ စကားလုံးလောက်နဲ့တော့ ပြန်ဆုံခြင်းတရားဟာ ရောက်ရှိလာမှာမဟုတ်ပါဘူး။ ခုထက်ပိုပြီး ချစ်ခြင်းတွေစိုက်ထည့်ပေးစေချင်မိတာပါပဲ။

#မနော်ဟရီ #manorhary

#goodfoodisthefoundationofgenuinehappiness 

#၇အောက်တိုဘာ၂၀၂၄






0 Comments: