Sunday, October 20, 2024

ကိုလွမ်းဝေနိုင် (ကိုတင်ကို) ဆုံးတာ16th Jan 2024 မှာ ၅နှစ်ပြည့်ခဲ့တယ်။  စတင်ဖွံ့ဖြိုးလာတဲ့ စာနယ်ဇင်းအလုပ်တွေကို ပြန်လှည့်ကြည့်လိုက်ရင် သူက တက်ကြွစွာ လုပ်ဆောင်ခဲ့တဲ့သူတွေထဲက တစ်ယောက်ပဲ။ တချိန်တုန်းက ပေါ်ပြူလာ ဂျာနယ်တိုက် ဆိုတာ သူ့ကြောင့်သာမဟုတ်ရင် မကြာခဏရောက်ဖြစ်တဲ့နေရာတစ်ခုမဟုတ်နိုင်ခဲ့ဘူး။ သူ့ကြောင့်သာ ပေါ်ပြူလာဂျာနယ်ရဲ့ ဖောင်ပိတ်ရက်တွေမှာ ကိုယ်တွေပါ တရုန်းရုန်းးရှိနေခဲ့တာ။ လူတွေစုံပြီး အသံတွေဝေစီ ဆူညံနေတဲ့ ညနေခင်းတွေဟာ ပေါ်ပြူလာဂျာနယ် ဖောင်ပိတ်ရက်တွေပဲ။ အဲဒီတုန်းက ဆရာဟိန်းလတ်က အယ်ဒီတာချုပ်၊ ကိုလွမ်းဝေနိုင်က တာဝန်ခံအယ်ဒီတာ၊ ကိုမျိုး (မြန်မာစာ)က အယ်ဒီတာ၊ နောက် အဲဒီမှာ အမျိုးသမီး အယ်ဒီတာလေး ၂ယောက်ရှိသေးတယ်။ ၂၀၂၁ က စလို့ အခန်းတစ်ချို့ ပျောက်ဆုံးသွားတဲ့ မှတ်ဥာဏ်က မျက်နှာလေးတွေမြင်ယောင်နေပေမယ့် သူတို့ နှစ်ယောက်နာမည်ကိုတော့ ပြန်ထုတ်မပေးတော့ဘူး။ 


ညနေစောင်းက စလို့ လူတွေတဖွဲဖွဲ ရောက်လာပြီ။ စာမူတွေလာပေးကြတယ်။ ပုံတွေလာပေးကြတယ်။ တစ်ယောက်တပေါက် ဆူညံအော်ဟစ် ငြင်းခုံ ပြောဆိုနေတဲ့ အချိန်နာရီတွေထဲမှာပဲ အယ်ဒီတာတွေဟာ သူတို့အလုပ်သူတို့ ပြီးအောင်လုပ်သွားတယ်။ အရေးပေါ်လိုတဲ့စာမူတွေကို ရောက်နေတဲ့သူတွေထဲကလည်း တထိုင်တည်း ချရေးပေးနိုင်ကြတယ်။ လိုတဲ့ပုံကို တစ်ထိုင်တည်း ကောက်ရေးပေးနိုင်ကြတယ်။ ပျော်စရာကောင်းပြီး အလုပ်တွေလည်း ပြီးခဲ့တဲ့ ညနေခင်းတွေပဲ။ သူတို့တွေညဘက်ထိ ကျန်ခဲ့ပေမယ့် ကိုယ်ကတော့ ညနေစောင်းရင်ပြန်တာပါပဲ။ ညနက်တဲ့ထိ နေခဲ့ကြသူတွေဆီကနေတော့ လွမ်းစရာညပုံပြင်တချို့ကို ပြန်တောင်း ထုတ်ကြည့်လို့ရနိုင်မယ်ထင်ပါရဲ့။ 

တကယ်တော့ ကိုလွမ်းဝေနိုင်ကို ကိုတင်ကိုလို့ စခေါ်ပြီးသိခဲ့တာပါ။ သူလွမ်းဝေနိုင် ကိုယ်မနော်ဟရီဖြစ်မှသိကြတာမျိုးမဟုတ်ပဲ တောင်ငူဆောင် ကင်တင်းမှာ စသိခဲ့ကြတယ်လို့ ထင်တာပဲ။ တကယ်က ဒဿနိကဗေဒအတန်းတွေနဲ့ နီးတဲ့ ဝိဇ္ဇာကင်တင်းလည်း ဖြစ်နိုင်တာပဲ။ သူက ဒဿနိကဗေဒဌာနကကိုး။ အဲဒီမှာလည်း ဆရာလုပ်ခဲ့သေးတယ်။ စသိချင်းမှာတော့ သူက ကျောင်းတက်တုန်း။ သူက ကိုယ့်ထက် အသက်ကြီးပေမယ့် အတန်းကျငယ်တယ်။ ဒါပေမယ့် အဲ့ချိန်တည်းက ကျူရှင်ဆရာပေါက်စ။ လောကမှာ စကားပြောကောင်းသူတွေအများကြီးတွေ့ ခဲ့ဖူးတယ်။ သူကျတော့ စကားပြောကောင်းတယ်ရယ်လို့ ဆိုနိုင်တဲ့ထဲမပါပေမယ့် အတော်တော့ ပေါက်ကရတွေ ရယ်စရာတွေပြောတတ်တဲ့ထဲပါတယ်။ စကားပြောတဲ့အခါ ကိန်းကြီးခန်းကြီးမပါပဲ ပွင့်လင်းရိုးသားမှုကိုခံစားရတယ်။ တခါတလေ ကိုယ်တွေစိတ်ရှုပ်လာရင် အတန်းလစ်ပြီး ဒဿနိကအတန်းတွေနားက ကင်တင်းဆီသွားတာပဲ။ အဲမှာ ဆရာဦးအေးကျော်တို့ ဆရာနန္ဒသိန်းဇံတို့ကိုလည်း တွေ့ရနိုင်တယ်လေ။ အဓိကကတော့ ဆရာကြီးတွေစကားဝိုင်းကို ဘေးဝိုင်းက ခိုးနားထောင်တာထက် ကိုလွမ်းဝေနိုင်တို့ နဲ့ ဝိုင်းပြီး တဟားဟား ပေါက်ကရတွေပြော ရယ်ကြတာပါပဲ။ ပြီးရင် စိတ်လက်ပေါ့ပါးစွာ ပြန်လာကြတယ်။ ခုနေပြန်စဉ်းစားကြည့်တော့ အဲဒီအရွယ်က စိတ်ရှုပ်တယ်ဆိုတာ ဘာမှမှမဟုတ်ပဲ။ ဒါပေမယ့် အဲဒီလို ဘာမှမဟုတ်တာလေးတွေကိုပြေစေမယ့်သူတွေက အနီးအပါးမှာရှိနေခဲ့ကြတယ်။

ကျောင်းတော်ထဲကနေရွေ့လာပြီး ပေါ်ပြူလာမှာပြန်ဆုံကြတယ်။ စာမူကို ဒိုင်ခံပို့ရသူက ကိုယ်ဆိုတော့ အပတ်စဉ်လိုဆုံဖြစ်တယ်။ လမ်းဘေးလက်ဘက်ရည်ဆိုင်လေးတွေကခုံပုလေးတွေပေါ်ထိုင်ရင်း ကမ္ဘာကြီးနဲ့ ကိုယ်တွေကမ္ဘာလေးရဲ့  update တွေ တနင့်တပိုးပြောခဲ့ကြဖူးတဲ့ နေ့ရက်တွေပေါ့။ တခါသား သူနဲ့ ကိုရွှေဘုန်းနဲ့ ကဗျာတစ်ပုဒ်နဲ့ ပတ်သက်ပြီး အကြီးအကျယ် ပြဿနာတက်ကြတယ်။ စကားတွေများတယ်။ တယောက်နဲ့တယောက် စကားမပြောကြတော့ဘူး။ ဒါပေမယ့် စာမူကကျ ပေါ်ပြူလာအခန်းဆက်ဆိုတော့ ဆက်ပေးနေတော့ ကိုယ်က အပတ်စဉ်စာမူသွားပို့ရတယ်။ တိုက်ရောက်ရင် ကိုလွမ်းဝေနိုင်က ဟိုဟာကြီးရော လို့ မေးတတ်သလို ဟိုကလည်း အိမ်ပြန်ရောက်တာနဲ့ ဟိုအကောင်ဘာပြောသေးလဲနဲ့ စတယ်။ တစ်ရက်သား ချောင်းတွေအရမ်းဆိုပြီး တိုက်ကိုရောက်သွားတော့ ( ကိုကို့ကို လွယ်ထားတဲ့ ကိုယ်ဝန်ကလည်း အရင့်အမာနဲ့ ) ဟိုဟာကြီး ကဘာလုပ်နေလို့ နင်က လာရတာလဲဆိုပြီး ဆူရင်းဆဲရင်း ကွမ်းရွက်ပုံတွေဖျော်တိုက်တာ။ သူတိုက်မှပဲ ကွမ်းရွက်ပုံဆိုတာ သောက်ရကောင်းမှန်းသိခဲ့တာကို သတိရတယ်။ ခင်ဗျားလင်ကလေ ၊ ဟိုဟာကြီးကလေ နဲ့   နောက်နှစ်တွေကျော်သွားတော့ သူတို့ပဲ ဟီးဟီးဟားဟားနဲ့ ပြန်ဖြစ်သွားတာပါပဲ။ 

သူ ပေါ်ပြူလာကနေ ထွက်သွားတော့ ကိုယ်တွေလည်း ပေါ်ပြူလာဘက်ကို အရောက်နည်းသွားတော့တာပဲ။ ကိုသျှီသူအောင်တို့ ကိုမျိုး တို့ ညိုသစ်ငယ်တို့ ရှိနေတဲ့ကာလတွေမှာ ရောက်ဖြစ်ပေမယ့် အရင် ခေတ်ဦး ပေါ်ပြူလာလို ပျော်စရာမကောင်းတော့ဘူး။ ပုံမှန်နေသားကျနေတဲ့နေ့ရက်တွေကနေ ရုတ်တရက် သူလည်းရွေ့ ကိုယ်လည်းရွေ့ နဲ့ ရွေ့သွားလိုက်ကြတာ ။ အရင်လို တပတ်တခါ ၊ နှစ်ပတ် တစ်ခါတွေ ဖောင်ပိတ်ရက်တိုင်း စာမူပို့စရာမလိုတော့ မတွေ့ဖြစ်ကြတော့ဘူး။ ဟိုနိုင်ငံ ဒီနိုင်ငံ စ ကူးနေပြီဖြစ်တဲ့ ကိုယ်က ပိုဆိုးတာပေါ့။ မြန်မာပြည်ပြန်ရောက်ပြီဆိုတာနဲ့ ၆လစာလောက်အလုပ်တွေ တခါတည်းလုပ်ထားခဲ့ရတတ်တော့ ခေါင်းတောင်မဖော်နိုင်။ သူနဲ့ ဟိုထွက် ဒီတိုက် လောက်ပဲ ဆုံဖြစ်တော့တယ်။ မှတ်မှတ်ရရ အရင်လို စကားဝိုင်းမျိုးနဲ့ ပြန်ဆုံဖြစ်တဲ့ အချိန်တစ်ချိန်တော့ရှိတယ်။ အဲဒါက ကိုယ်မြန်မာပြည်ပြန်ရောက်စ ရက် တစ်ရက်ပဲ။ သူဖုန်းလှမ်းဆက်တယ်။ ဟဲ့ အဖွားကြီး ငါတို့ ကန်တော်ကြီးမှာရှိမယ် လာခဲ့ တဲ့။ ( တခါတခါ သူက ကိုယ့်ကို အဲ့လိုခေါ်တယ်။ ပွစိဗျစ်တောက်အပူများလို့ခေါ်တယ် ထင်တာပဲ ) ဟင် ငါတို့ ဆိုတော့ ဘယ်သူတွေပါလို့လဲ ဆိုတော့ ကိုကိုကြီး တဲ့။ အကြည်တော်ကိုပြောတာပါ။ အကြည်တော်ကို ကိုယ်တွေက ကိုကိုကြီးလို့ပဲ ခေါ်ပါတယ်။ အဲဒါက သူ့ရဲ့အရင်ကလောင်နာမည်တစ်ခုလည်းဖြစ်တယ်။  ဘာလုပ်ကြမလို့လဲ လို့ မျက်လုံးပြူးပြီး မေးမိတယ်။ သူတို့က သောက်ကြမှာကို ကိုယ်က အတတ်သိပြီးသားလေ။ သူက ဟဲ့ ဘာလုပ်ရမှာလဲ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောမယ်လေတဲ့။ ဖုန်းပေါ်မှာတင် အော်ရယ်မိကြပြီး အဲဒီရယ်သံတွေကို ပြန်အမှတ်ရသွားမိတဲ့ အဖွားကြီးလေးဟာ ကန်တော်ကြီးထဲက ဆိုင်တန်းတွေဆီကိုရောက်သွားပါတော့တယ်။ 

မှတ်မှတ်ရရ အဲဒီညနေမှာ အဲဒီကန်တော်ကြီးထဲက ဆိုင်လေးမှာ လူသိပ်မများဘူး။ သုံးယောက်တည်းနဲ့ ရေပက်မဝင် စကားတွေလုပြောကြ၊ ကိုယ့်အကြောင်း သူ့အကြောင်း သူများအကြောင်း၊ လောကကြီးအကြောင်း၊ လောကဓံအကြောင်း ။ အစုံ။ တချိန်က ကိုယ်တို့ထိုင်နေရာနေရာကနေ လှမ်းမြင်နေရတဲ့ ကန်စပ်စားပွဲလေးမှာ စာထိုင်ရေးနေကျ ကိုအောင်မင်းသိမ်းကို သတိရတဲ့အကြောင်းလည်းပါသလို ခုလောက် ဟိုမှာလူစုံနေပြီဆိုတာမျိုးလည်းပါရဲ့။  (ခုဆို ပိုစုံပြီပေါ့။ ဒီဘက်ကမ်းမှာသာ ချစ်ခင်သူတွေကျဲပါးကျန်ခဲ့တာ။) 

မှောင်ရီသမ်းတာနဲ့ အိမ်ပြန်ဖို့ ဖင်ကြွနေတတ်တဲ့ ကိုယ့်ကို သူတို့နှစ်ယောက်က ပြန်ပို့ပါ့မယ်ဆိုတဲ့ ကတိနဲ့ ည ၈နာရီကျော်တဲ့ထိ ဆွဲထားခဲ့တယ်။ သူတို့ နှစ်ယောက်သောက်တာလည်း အတော်များနေပြီ။ ဘီယာပဲ သောက်တာဆိုပေမယ့် သူတို့ က မမူးဘူး ဘယ်လိုပြောပြော ကိုယ်ကတော့ သူတို့အနေအထားကို စိတ်မချ။ အတင်းအဓမ္မပြောတော့မှ ၈နာရီခွဲလောက်မှာ ထကြတယ်။ ကားငှားဖို့လွယ်ပါ့မလားမသိဘူးလို့ ရေရွတ်တော့ ကိုကိုကြီးက ကားပါတယ်တဲ့။ Best seller ဆရာကြီးတယောက်ကားပါတာမဆန်းပါဘူး။ သူပို့မယ်ဆိုတော့ ပို့ပေါ့။ ခါတိုင်းလည်း ဒီလိုပဲ သူ့ကားနဲ့ သွားဖူးတာပဲ။ ကားနားရောက်တော့မှ ခါတိုင်းလို ဒရိုင်ဘာမတွေ့ရဘူး။ ဒရိုင်ဘာ ဘယ်သွားနေလဲမသိဘူး ခေါ်လိုက်လေ ဆိုတော့ ကိုကိုကြီးက သူမောင်းလာတာတဲ့။ 

မြတ်စွာဘုရား။ ကားစမောင်းတာ မကြာသေးတာ သေချာတဲ့ ကိုကိုကြီး တယောက်ကတော့ ကားသော့လေး ထုတ်ပြီး ကားတံခါးဖွင့်တယ်။ တက်တဲ့။ ငှယ် … ငါ ကားငှား ပြန်လိုက်ပါ့မယ် ဆိုတော့ မှောင်နေပြီတဲ့။ မကြောက်ဘူးလားဆိုပဲ။ ငါ နင်မောင်းတဲ့ကားစီးရမှာ ပိုကြောက်တယ်လို့တော့ မပြောရဲလို့ မပြောလိုက်မိဘူး။ ဒါပေမယ့် ကိုလွမ်းဝေနိုင်က သဘောပေါက်တယ်။ ငါသူနဲ့ အလာတည်းက စီးလာတာ။ ဒီကောင်ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်ပါတယ်လို့ အာမခံရှာတယ်။ ဟုတ်ဘူးလေ။ ခုက သောက်ထားတာလေ ဆိုတော့  ကိုကိုကြီးက သူမောင်းနေကျပါတဲ့။ ကိုလွမ်းဝေနိုင်ကို လှည့်ကြည့်တော့ ဘာမှမကြောက်နဲ့ သေလည်း ငါတို့ တူတူသေကြတာပေါ့။ ဂျာနယ်တွေ မဂ္ဂဇင်းမှာ သောက်သောက်လဲ ပါလာပြီးနာမည်ကြီးမှာ သုံးလောင်းပြိုင်ဆိုပြီး ... ပြောလည်းပြော လာပါဟ ဆိုပြီးကားပေါ် တွန်းထည့်လိုက်လို့ ကားပေါ်ရောက်သွားရတယ်။ ကန်တော်ကြီးနဲ့ ကိုယ်နေတဲ့နေရာက သိပ်မဝေးဘူး။ နောက်ကနေ ကိုယ်က မီးပွိုင့်နီနေပြီတို့  ဟိုမှာ လူ . ကား ဘာညာ ပြောပေးသတိပေးသွားရင်ရောက်တယ်။ စိတ်ပူရမှာက သူက ကိုလွမ်းဝေနိုင်ကို တောင်ဥက္ကလာပြန်ပို့ရမှာ။ ပြီးရင် သူနေတဲ့ တောင်ဒဂုံကိုပြန်ဦးမှာ။ အတွေးတွေနဲ့ အသံတိတ်နေတဲ့ကိုယ့်ကို နောက်လှည့်ကြည့်ပြီး ဘုရားစာရွတ်နေလား လည်းမေးကြသေးတာ။ လူက ဘုရားစာမရွတ်အားဘူး။ လမ်းကို ပြူးနေအောင် လိုက်ကြည့်နေရတာ။ ကိုလွမ်းဝေနိုင်ကတော့ ပေါက်ကရတွေဆက်ပြောတုန်း။ ငါတို့ သုံးယောက် တပြိုင်တည်းသေရင်က အဓိက အကြောင်းအရာပေါ့။ ရယ်ကလည်ရယ်ချင် ကြောက်ကလည်းကြောက် .. ဘယ်လိုအိမ်ရောက်သွားမှန်းတောင်မသိဘူး။ 

အိမ်အောက်မှာ ခဏလောက်ရပ်ပြီးစကားပြောလိုက်ကြသေးတယ်။ ပြီးတော့မှ ပြန်ခါနီးပြောသွားပုံက ငါတို့နှစ်ယောက်သေလည်း သုံးယောက်ထက်နာမည်ကြီးဦးမှာပါ တဲ့။ အဲ့လိုလူတွေ။ ကိုယ့်မှာသာ စိတ်တွေပူပြီး နောက်တနေ့မှာ သူတို့သက်ရှိထင်ရှားရှိနေသေးလား confirm လုပ်ခဲ့ရသေးတာ။ ခုကျတော့လည်း နှစ်ယောက်လုံး မရှိကြတော့ဘူး။ ငါတို့ အတူတူသေကြတာပေါ့ လို့ ပြောတုန်းကပြောပြီး တစ်ယောက်စီ တစ်ယောက်စီ လမ်းခွဲထွက်သွားလိုက်ကြတာ ကိုလွမ်းဝေနိုင်က ဒီနေ့ဆို ၅နှစ်ရှိပြီဖြစ်ပြီး ကိုကိုကြီးကတော့ တစ်နှစ်နဲ့ ၂လ ရှိခဲ့ပြီ။ 

သူတို့တွေ ဘယ်ရောက်နေလဲလို့ မေးစရာမလိုပါဘူး။ ငြိမ်းအေးရာမှာအတူရှိနေကြမှာ သေချာပါတယ်။ မေးချင်တာက ဘာလို့ ကိုယ်က ကျန်နေခဲ့တာရတာလဲ ဆိုတာပါပဲ။ 

#manorhary 

#16thJanuary2024 



တကယ်တမ်းကျတော့ တယောက်ယောက်အကြောင်း သတိတရနဲ့ရေးရတယ်ဆိုတာက ခုလို စိတ်တွေရှုပ်ထွေးလေးလံနေကြတဲ့ကာလကြီးမှာ တကယ့်ကို မလွယ်ကူပါဘူး။ အထူးသဖြင့်သတိရစရာပိုတဲ့သူတွေဟာ ပိုချရေးရခက်တတ်တယ်။ စကားလုံးတွေ ဖြစ်ရပ်တွေ ပလုံစီပြီး အဲဒီပလုံစီတွေ ဒီအတိုင်းလေးကျန်ခဲ့တာ။ ဘာမှဆောက်တည်လို့မှမရပဲ။ ကိုလွမ်းဝေနိုင်အကြောင်းကို ရေးခဲ့တာ ၂၀၂၄ နှစ်စက။ ခု ပြန်ဖတ်ရင်းမှ တချို့သောအကြောင်းအရာတွေပြန်ပေါ်လာတယ်။ ခု ဆြာဖိုးနိုင်လင်းက သူနဲ့ကိုလွမ်းဝေနိုင် တခြား ၆ယောက်နဲ့ ရန်ဖြစ်ခဲ့တဲ့အကြောင်းဆိုမှ သွားသတိရတာ။

တနေ့သားထုံးစံအတိုင်း ၃၆လမ်းထိပ် တက်စီကိုရပ်ခိုင်းပြီး လမ်းလျှောက်ဝင်မယ်လုပ်တုန်း လမ်းထိပ်တင် စာနယ်ဇင်းတွေတအုပ်ကြီးနဲ့တွေ့လိုက်ရတယ်။ ထိပ်ဆုံးက ကိုတင်ကို (ကိုလွမ်းဝေနိုင်)။ ကိုယ့်မြင်တာနဲ့ ” အတော်ပဲ မနော် ၊ လာ လိုက်ခဲ့တဲ့ ” ။ အူကြောင်ကြောင်နဲ့ ဘယ်လဲလို့ပြန်မေးတော့ ၃၃လမ်းတဲ့။ အင်း ဒီလောက်လူအုပ်နဲ့ဆိုတော့ လေထန်ကုန်းသွားထိုင်ကြမလို့လား တွေးလိုက်သေးတာ။ အဲဒီနေ့က အဲဒီဘက်သိပ်ခြေဦးမလှည့်တော့တဲ့ ဆရာဦးမြတ်သစ်လည်းပါတယ်။ မြင်နေကျ သိပ်မဟုတ်တဲ့ ဦးမြတ်ခိုင်လည်းပါတယ်။ ကျန်တာကတော့ ဒီတိုက်နားမြင်တွေ့နေကျလူတွေပေါ့။ မှတ်မိသလောက်က ကိုမျိုးလေး၊ ကိုကျော်သီဟ၊ ကိုဝင်းကျော်၊ စသဖြင့်။ ဘာဆန်းလဲ။ ဒီလူတွေနဲ့က လက်ဘက်ရည်ဆိုင်ထိုင်နေကျပဲဟာ။ မအူမလည်လေးနဲ့လိုက်သွားလိုက်တယ်။ ကားလမ်းကူးပြီးမှ ကိုတင်ကိုက ငါတို့ ဝေမှူးသွင်နဲ့ချိန်းရိုက်ကြမလို့တဲ့။ ငှယ် လိုက်မိလား။ တိန်လိုက်မိလားမသိဘူး။ ဆက်ပြောသေးတယ်။ နင်ပါတော့ အင်အားပိုတောင့်တာပေါ့တဲ့။ အင်းလေ။ ဟုတ်မှာပါ။ သူတို့ထဲလည်း ကိုယ်တစ်ယောက်ပဲ အားကောင်းမောင်းသန် ပါရှာတာကိုး ။ ဘာဖြစ်ကြတာလဲ ပြောဦးဆိုတော့ အဖြေမရဘူး။ အဲဒါအရေးမကြီးပါဘူး ။ နောက်မှပြောမယ်ဆိုပဲ။ ကျန်တဲ့လူကြီးတွေကြည့်လိုက်တော့လည်း တက်တက်ကြွကြွ တက်ညီ လက်ညီပဲ။ တကယ်ဆိုရင် ကိုယ်အပါအဝင် အားလုံးဟာ ကိုတင်ကိုနဲ့ရော ဝေမှူးသွင်နဲ့ရော တရင်းတနှီးသိနေပြီးသားလူတွေချည်းပဲ။ ဘာတွေဖြစ်ကုန်တာလဲမသိဘူးလို့တွေးရင်းက တွေးမရတဲ့အဆုံး ဝေမှူးသွင် တစ်ကောင် ဘာတွေလုပ်ပြန်ပြီလဲမသိလို့သာတွေးလိုက်မိတာပဲ။ လူကြီးတွေကလည်း ဟိုကျ ကြည့်ကျက်ပြီး ဆွဲတန်ဆွဲ ညှိတန်ညှိ လုပ်ကြမလို့ ပါလာတာထင်တယ်လို့လည်းတွေးလိုက်သေးတာ။ 

တကယ့်တကယ်ကျ ၃၃ လမ်းထဲလည်းရောက်ရော တကယ်ကြီး လေထန်ကုန်းက ခုံပုလေးတွေဆွဲပြီး ရိုက်မယ်လုပ်ကြတာ။ ဝေမှူးသွင်ဘက်မှာလည်း တခြားလူတွေပါတယ်ထင်တာပဲ။ သိပ်တော့ မမှတ်မိတော့ဘူး။ အားကောင်းမောင်းသန် သတ္တိခဲလေး ဒေါ်မနော်ဟာ ကိုတင်ကို့ပဲ ဝင်ဆွဲရမလို ဝေမှူးသွင်ကိုပဲ ဟန့်ရမလိုနဲ့ (ဟန့်ရအောင် တခါမှလည်း ကိုယ့်စကားနားထောင်သူတွေမဟုတ်) ။ ပါလာတဲ့လူကြီးတွေကိုပဲ ကူကြဦးလေလို့ပြောရမလို၊ အဲလို ဟိုလိုလို ဒီလိုလိုတွေနဲ့ စိုးရိမ်တကြီး ကြည့်နေတုန်းမှာပဲ ရန်ပွဲက ရပ်သွားတယ်။ ကိုတင်ကိုလည်း ပါလာသူတွေပြန်ဆွဲခေါ်လာသလို ဝေမှူးသွင်လည်း ဟိုဘက်မှာဆွဲလွဲသူတွေနဲ့ ကျန်ခဲ့တယ်။ သူ့ထုံးစံအတိုင်း ရန်ဖြစ်ခဲ့တယ်တောင်မထင်ရအောင် အပြန်လမ်းမှာလည်း ဟီးဟီးဟားဟားပဲ။ တခုပဲ အဲ့ကိစ္စရဲ့ မူလရင်းမြစ်ကို သူရော ကျန်တဲ့လူကြီးတွေကပါ ကိုယ့်ကို ဂဃနဏမပြောပြကြတာပဲ။ 

ဒီလူတွေနဲ့တွေ့ရင် တစ်ခု သတိထားရတတ်တာက .. သူတို့ရဲ့ဇာတ်ညွှန်းတွေကိုပဲ။ မနော်ရဲ့ ဘယ်သို့ဘယ်ညာဆိုပြီး ဇာတ်စုံလေးခင်းသလို အကြောင်းအရာတစ်ခုကို တည်ပြောနေပြီဆိုရင် မဟုတ်တော့ဘူးဆိုတာ သိလိုက်တော့။ ဇာတ်လမ်းတွေက ဇာတ်ညွှန်းသမားတွေလို့ မပြောရဘူး။ တကယ့်ကို ပိပိရိရိ ။ ကွက်တိတွေ။ ပြီးမှ မနော် နင်ကလေ ယုံတာပဲဆိုပြီး တဟားဟားရယ်ကြတာမျိုး။ တခါကနေ နှစ်ခါ ဆို ကိုယ်လည်းသတိနဲ့ဖြစ်သွားတာပါပဲ။ ဟုတ်လား။ ဟုတ်တာပေါ့နော် ဆိုပြီး ရိတိတိမျက်နှာနဲ့ နားထောင်ရင် သူတို့လည်း တိုက်စစ်တစ်မျိုးပြောင်းတယ်။ မယုံဘူးလား။ မယုံရင် ဆရာဦးဟိန်းလတ်မေးကြည့်ဆိုတာမျိုး။ ဆရာဦးဟိန်းလတ်ကျတော့ လူကြီးဆိုပြီး ပထမတော့ ဆရာပြောရင်တော့ဟုတ်မယ်ဖြစ်လိုက်သေးတာ။ ပြီးမှ ဆရာက သူတို့ရဲ့ ဆရာကြီးဖြစ်နေတာ သိလိုက်ရတယ်။ ရုပ်တည်နဲ့ ကြပ်ရမယ်ဆို ထိပ်ဆုံးက လာထား ဆိုတဲ့ထဲကပဲ။ ကြာလာတော့လည်း သူတို့နဲ့ ရေလိုက် ငါးလိုက်တင်မကဘူး။ တခုခု ဇာတ်ညွှန်းရေးနေပြီဆို ကိုယ်ပါဝင်ရေးဖို့ ဝန်မလေးဘူးဖြစ်ကုန်တော့တာ။

ဒါပေမယ့် ကိုယ့်အတွက် ကိုတင်ကိုရဲ့ သတိပေးမှု မှာကြားမှုတွေကတော ဒီနေ့ထိ မှတ်မိနေစေပြီး မှန်လည်း မှန်နေခဲ့တယ်။ လမ်းထိပ်က ဘရာကြော်သုပ်သည်ဆီမှာ မစားနဲ့ ဆိုတာမျိုးလေးက အစ … ဟိုလူနဲ့ မပေါင်းနဲ့။ ဒီလူက ဘယ်လို ဆိုတာတွေအဆုံးပေါ့။ ဟဲ့ မနော် ဒီလူက နင်လေးစားရမယ့်လူမဟုတ်ဘူး။ ဆရာတွေဘာတွေသွားလုပ်မနေနဲ့ ဆိုရင် သေချာတယ် အဲဒီလူဟာ တခုခုနဲ့ ကိုယ့်စည်းထဲက လွင့်သွားတတ်တာမျိုးချည်းပဲ။ မနော် ဒီလူကဖြင့် ဘယ်လိုကောင်းကွက်ရှိတယ်လို့ သူပြောထားတဲ့သူတွေကိုကြည့်လိုက်ရင်လည်း ဒီနေ့ထိ ပြစ်ချက်မရှိဆိုတာမျိုး။  သူချစ်တဲ့သူတွေအတွက်ဆို သူဟာ အဆုံးစွန်ကောင်းတတ်ပြီး သူမနှစ်သက်သူဆိုလည်း ကိုယ့်လို ဟန်သိပ်မဆောင်သူမျိုး။ အဲ့လိုပြောလို့ ဒီလူက လူကောင်းမို့လို့လားရမေးရင် ကျမအတွက်တော့ ကောင်းပါတယ်။ လူတိုင်းလူတိုင်းမှာ အခြေအနေအကြောင်းတရယပေါ်မူတည်ကြီး တုံ့ပြန်မှုကွဲတတ်တာမို့ လက်ဖမိုးဘက်ကကြည့်ရင် လက်ဖမိုး အဖြစ်မြင်ရနိုင်ကြီး လက်ဖဝါးဘက်ကကြည့်ရင်တော့ လက်ဖဝါးပဲမြင်ရမှာပါပဲ။ 

ကျမတို့ နှစ်ပေါင်းများစွာ အလုပ်တွေအတူလုပ်ခဲ့ကြတယ်။ လက်ဘက်ရည်ဆိုင်တွေအတူထိုင်ခဲ့ကြတယ်။ အုပ်စုလိုက် အော်ဟစ်ရယ်မောခဲ့ကြတယ်။ အော်ဟစ်ငြင်းခုံခဲ့ကြတယ်။ ရန်တွေဖြစ်ကြတယ်။ ဒါပေမယ့် ရန်သူတွေမဟုတ်ခဲ့ကြဘူး။  တွေ့ကြုံ ဆုံကွဲ ဆိုတဲ့ လောကကြီးထဲမှာ တချို့လူတွေဟာ ကွဲကွာသွားပေမယ့် ဘယ်ချိန်ပြန်တွေ့တွေ့ ဒီတိုင်းပဲရှိနေတတ်ကြတယ်။ ခု မရှိတော့ဘူးဆိုပေမယ့်လည်း တခါတခါ သူတို့မရှီတော့ဘူးဆိုတာ မေ့နေတတ်တယ်။ အရင်ကလိုပဲ အမှတ်တမဲ့ မထင်မှတ်ထားတဲ့နေ့တနေ့မှာ ဖုန်းခေါ်သံလေးဝင်လာပြီး ဟဲ့ ငါတို့ဘယ်မှာ နင်လာခဲ့ဆိုတာမျိုး၊ ငါ ဘယ်သူနဲ့ချိန်းရိုက်မလို့ လိုက်ခဲ့ဦး ဆိုတာမျိုးလည်း ဖြစ်လာနိုင်သေးတာပဲလို့ တခါတခါထင်မိနေတုန်း။ 


0 Comments: