သောကြာစကားပင်

Sunday, July 31, 2011

ဘာရယ်မသိဘူး။ မနေ့ညက တင်မင်းထက်ရဲ့ စကားပင်ကိုဖတ်အပြီးမှာ စီးဝင်လာတဲ့ စကားလုံးတွေပဲ။သောကြာ စကားပင်လို့အမည်တပ်လိုက်တယ်။

သောကြာစကားပင်

ဘယ်လိုသောကြာနေ့မျိုးလဲ .. ..သူမက ခပ်တိုးတိုးလေး ရေရွတ်တယ်
တကယ်ဆိုရင် အကိုင်းအခက် မစုံလင်တော့တဲ့ သောကြာနေ့လေးတစ်နေ့ပေါ့
ဒါပေမယ့် ရေလောင်းပေါင်းသင်မှုတွေအကြောင်း သူမကို ကျွန်တော် မပြောဖြစ်လိုက်ဘူး

နာရီလက်တံတွေကို မော့ကြည့်တော့ သူတို့က အမောတကောနဲ့ ပြေးလွှားသွားတယ် ..
ဘယ်လိုအကြောင်းနဲ့မှ ဒီလို မဖြစ်သင့်ဘူးလို့ တားဆီးပေးလို့ရတဲ့ကိစ္စမှမဟုတ်ပဲ ..
သစ်ရွက်အကြွေတွေကိုပဲ ကျွန်တော် လိုက်ကောက်နေလိုက်တယ် . တချို့က စိမ်းမြနေတုန်းပဲ။

ဆွဲလက်စပန်းချီကားထဲက အရောင်တွေက နည်းနည်းခါးသက်သက်ဖြစ်နေတယ်
သူမ လက်တပြင်ပြင် ဖြစ်နေတဲ့ သကြားခွက်ကို ကျွန်တော် ဘယ်စိတ်နဲ့တားရမလဲ
လက်ပြန်တိုက်ပစ်လိုက်မိလို့ မှောက်သွားတဲ့ကော်ဖီခွက်ကတော့ ကြမ်းပြင်ပေါ်မှာ အတုံးအရုံး
တကယ်တော့ အရှုံးဆိုတာကလည်း ဘဝနေထိုင်နည်း တစ်မျိုးသက်သက်ပဲမဟုတ်လား ..
မပြောဖြစ်ကြတဲ့ စကားလုံးတွေက ပိုမို ကျယ်လောင်ပြင်းပြလွန်းနေခဲ့တယ် ..
ညနေခင်းနဲ့ သူမရဲ့ အသက်ရှူသံမွမွ သဟဇာတ မဖြစ်ခင်မှာပဲ နေက ညိုနေခဲ့ပြီ။

ဘယ်လိုညနေခင်းမျိုးလဲ ..ဆိုတဲ့ ဒုတိယမေးခွန်းက ကျွန်တော့်ဆီတည့်တည့် ပျံသန်းလာတယ်
ခြင်္သေ့နှစ်ကောင် စောင့်ကြပ်တဲ့ တံခါးဝမှာက မျှော်လင့်ချက်တချို့ အပြိုင်းအရိုင်းကြွေလို့ ..
ကျွန်တော်တို့ အသက်ရှူမှားခဲ့တဲ့ ရေတမာအစိမ်းကတော့ ချိန်းထားတဲ့ ရာသီတိုင်းရောက်လာခဲ့မြဲ
အလွဲလွဲအချော်ချော် ဖြစ်ရပ်တွေနဲ့ ခုထိ လပ်ဟာနေတဲ့ ညာဖက်ရင်အုံက ကွက်လပ်ကိုတော့
ကျွန်တော်ရော သူမရော စကားတပြောပြောနဲ့ မေ့ထားချင်ဟန်ဆောင်ခဲ့ကြရတယ် ..
ရောမသားတွေ ဘယ်လိုနေတယ် မသိပေမယ့် ကျွန်တော်တို့ အတွက်ကတော့
တကယ့်ကို မသက်သာခဲ့ကြပါဘူး ..

လမ်းဟောင်းကလေးအတိုင်း တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်ပြန်ခဲ့ကြရတာပါပဲ ..
မတွေ့တော့တာကြာနေပြီဖြစ်တဲ့ စကားပင်လေးတစ်ပင် အကြောင်း စကားမစပ်ဖြစ်ကြဘူး
ကဗျာနံပါတ်စဉ် ၈၈/စစ်ကိုင်းလမ်း/ခြံနံပါတ်(၁) /ကိုနေဝင်း/ရထားဥသြသံ/ကံ့ကော်ပန်းတစ်ခက်
အဆက်အစပ်မဲ့နေတဲ့ စကားလုံးတွေနဲ့ ခပ်လှမ်းလှမ်း ဘုရားကျောင်းက ခေါင်းလောင်းသံ..
အခြေအနေအားလုံးကပုံမှန်အတိုင်းလို့ ထင်ချင်စရာကောင်းအောင် ပြောင်မြောက်နေခဲ့တယ် ..
ပုံမှန်မဟုတ်တာဆိုလို့ သူမ မမြင်အောင် ကျစ်ကျစ်ပါဆုပ်သိမ်းထားတဲ့ သောကြာအသေတွေရယ်
ပြောမပြဖြစ်တဲ့ ပုံပြင်တွေရယ်နဲ့ ကျွန်တော့်နှလုံးသားရယ်ပဲ ကျန်ပါတယ် ….

မနော်ဟရီ

30 Jul 2011



6 Comments:

Zephyr said...

Mom,

Lovely and sorrowful poem again .

...

လင်းဒီပ said...

တစ်ယောက်ရဲ့ဝိညာဉ်အသွားကို တစ်ယောက်က တိတ်ဆိတ်စွာ လွမ်းနေရ...။
အေးစက်ကြေကွဲဆွေးမြေ့ဖွယ်...။

tin min htet said...

မျက်နှာစာအုပ်မှာ ရေးထားတဲ့ မှတ်ချက်ကိုပဲ ပြန်ကူးလာလိုက်တယ် -
မူရင်းကဗျာထက် ပိုဝေးဝေးရောက် ပိုနက်နက်စိုက်တဲ့အတွက် "မမ" ဟု ၃ ခါခေါ်သွားပါတယ် :P

Zephyr said...

ကိုတင်။

လွှတ်ကို ကြည်ညိုမိသွားတယ်ပေါ့လေ။

Regards,
Zephyr

မီးခိုးဖြူ said...

ဘယ်လိုမုန်းမသိတဲ့သောကြာနေ့လေးကို
ခပ်ဖွဖွလေးဖွင့်ကြည့်မိပါရဲ့
ကြည်နူးစွာ ။ ။

မီးခိုးဖြူ said...

ဘယ်လိုမှန်းမသိတဲ့ သောကြာနေ့လေးကို
ခပ်ဖွဖွလေးတွန်းဖွင့်ကြည့်မိပါရဲ့
ကြည်နူးစွာ ။ ။