သူယောင်နေ့များ

Tuesday, March 3, 2009

ရာစုသစ်မြစ်ကျဉ်း (၂)ထဲက ကဗျာလေးပါ။
ဒီရက်ပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုလှည့်ဖျားဆုံးမရင်း...အဲဒီကဗျာလေးကိုပဲ
သတိရနေမိတာနဲ့ပြန်တင်လိုက်တာပါ။ ၁၉၉၄ ကနေ့ရက်တွေနဲ့ ခုနေ့ရက်တွေ
တူနေသေးတာကတော့ အံ့သြစရာလို့ပြောမလား....
ဒီလိုပါပဲ ကိုယ့်ကိုကြိုးပေးသတ်နိုင်မှန်းသိသိကြီးနဲ့မျှော်လင့်ချက်တွေနဲ့ကျွန်မ
တို့ရှင်သန်နေကြတာ...
ကျွန်မတို့ ဘာကိုမျှော်လင့်နေကြလဲ....အခွင့်အရေးတစ်ခုတစ်လေဆိုလို့
သိပ်ကြီးကြီးမားမားလို့ထင်သွားမှာစိုးလို့ပါ...သိပ်မများပါဘူး.
ချစ်ခြင်းမေတ္တာတွေနဲ့ရှင်သန်နေထိုင်သွားခွင့်...ပြီးတော့စိတ်၏ငြိမ်းချမ်းရာ
နေရာလေးတစ်ခုအေးငြိမ်းခွင့်...ဒီလောက်ပါပဲ...

သူယောင်နေ့များ

ဘာအာမခံချက်တွေမှပေးမထားတဲ့
မနက်ဖြန်တွေကိုပဲ ကျုပ်တို့မျှော်လင့်
အခွင့်အရေးတစ်ခုတလေများ
မျက်စိလည်လမ်းမှား... ပါလာလေမလားလို့... ။
မျှော်လင့်ချက်အသစ်စက်စက်တွေနဲ့
စိစိညက်ညက်ကြေနေတဲ့ရင်ခွင်
ဘ၀င်များတောင်မြင့်နေသေး
မရောက်လာသေးတဲ့မနက်ဖြန်ဟာ...
မဟာအခွင့်အရေးသစ်တွေကိုပဲ
ချစ်မြတ်ခွင့်ပေးတော့မယောင်နဲ့... ။
တည်းတည်းမျှင်မျှင်ကျန်နေတဲ့
ရှင်သန်နေထိုင်မှုကို
အင်မတန်ထုထည်ကြီးသယောင်ဖန်ဆင်း
ခပ်တင်းတင်းနဲ့...
မနက်ဖြန်တွေကို လိုက်လံခူးဆွတ်နေလိုက်တာ
အရူးအမူးပါပဲ။


မနော်ဟရီ
၂၁.၀၄.၁၉၉၄


20 Comments:

Anonymous said...

အစ်မ "နော်."...

မနက်ဖန်လို့ ရွတ်နေရတာကိုက
ထိပ်လန့်တုန်လှုပ်နေမိသလိုလို
အရုတ်ကြိုးပြတ်ချိနဲ့သွားသလိုလို..
ဝမ်းနည်းကြေကွဲလာသလိုလိုကြီး..နော်...

ဘာအာမခံချက်တွေမှပေးမထားတဲ့
မနက်ဖြန်တွေကိုပဲ ကျုပ်တို့မျှော်လင့်
အခွင့်အရေးတစ်ခုတလေများ
မျက်စိလည်လမ်းမှား... ပါလာလေမလားလို့... ။

အဲလိုတွေး..မိပြန်တော့လဲ နေပျော်လာသလိုပါပဲ..။

အစ်မနော်ရေ..ကဗျာကောင်းလေးအတွက်ကျေးဇူးပါ.
(၁၉၉၄ နဲ့ ၂၀၀၉ ဆိုတာ ဘာများထူးသွားလို့လဲ အစ်မရယ်...).

လင်းဒီပ said...

မအိန္ဒြာကို သံယောင်လိုက်ပြောလိုက်မယ်..
၁၉၉၄ နဲ့ ၂၀၀၉ ဆိုတာ ဘာများထူးသွားလို့လဲ အစ်မရယ်...

ဘာမှ ထူးမလာတဲ့ မနက်ဖြန်အသေတွေထဲမှာပဲ ရှင်သန်ရတာ အဓိပ္ပာယ်မဲ့ လွန်းတယ်။။

Sein Lyan said...

ကျနော့်အတွက်တော့
မနက်ဖန်များစွာကို
အရူးအမူးဆွတ်ခူးနေရတာမောလှပါပြီး..
မနက်ဖန်ကို ရပ်လိုက်ချင်ပြီး..

Anonymous said...

ရိုးရိုးရှင်းရှင်းနဲ့ ကွင်းကွင်းကွက်ကွက်ပါပဲ အန်တီနော်ရေ.. အရမ်းကြိုက်မိပါတယ်..

မသက်ဇင် said...

မနောဟရီ ဆိုသည့်အမည်လေးကို ကြားဘူးတာကြာပြီ--
စာတွေဖတ်ကြည့်လိုက်တော့-----?
အနာဂတ် မြန်မာစာပေ ယဉ်ကျေးမှုအတွက်--
အားကိုးလောက်စရာကလောင်တချောင်းပါပဲ--
ပျော်ရွှင်ပါစေ--

kay said...

၉၄ နဲ့ ၀၉ နေ့ရက်တွေ တူနေသေးတယ် ဆိုတာ..ဘယ်လောက်တောင် ကံထူးသလဲ..

ဇနိ said...

ကျနော် အနာဂတ်မှာဆိုပြီး အများကြီးမျှော်လင့်ခဲ့ဖူးတယ်.. ဒါပေမယ့်... ကျနော် အခုအချိန်မှာ သဘောပေါက်နေပါပြီ.. လူ့ဘဝဆိုတာကိုက ဒါမျိုးပဲလား မသိနော်

လင်း said...

ဘာမှန်းမသိတဲ့မနက်ဖြန်တွေထဲမှာ လူးလားခေါက်တုန့်  ရုံးကန်နေရတာ မောလှပြီ။ အရှုံးနဲ့ ကျောခိုင်းလိုက်ချင်ပြီ။
ဘာမှန်းမသိဝမ်းနည်းနေတာ မနော်ကဗျာလေးဖတ်ပြီး ပိုပြီးဝမ်းနည်းသွားတယ်။

ATN said...

အနှစ် ၂၀ ဆိုတာတောင် မနေ့ တနေ့ကလို ခံစားနေရသေးရင်...
၁၅ နှစ်ဆိုတာ သည်နေ့မနက်ပဲ မဟုတ်လား...

Anonymous said...

သူယောင်နေ့ တဲလား အမရယ်....
ရှင်သန်နေတဲ့နေ့  တွေကိုမျှော်လင့်မိတယ်...
အသက်ရှိတဲ့ အသက်ဝင်တဲ့ နေ့ မျိုးလေးပေါ့...
တောနက်ထဲ ၀င်ခဲ့မိတော့ သူယောင်နဲ့ တွေ့ ရတာပေါ့...

pandora said...

ဘာအာမခံချက်တွေမှပေးမထားတဲ့
မနက်ဖြန်တွေကိုပဲ ကျုပ်တို့မျှော်လင့်....

ရင်မောရပါတယ်။

tg.nwai said...

မနော်ရေ..မနေ့တနေ့တုန်းကလိုပါပဲ...နှစ်တွေသာ ပြောင်းသွားတယ်..။
အရင်တုန်းကတော့ မနက်ဖြန်တွေ အများကြီး ပိုင်ဆိုင်ရမယ် ထင်ထားခဲ့ရင်း မျှော်လင့်ခဲ့မိတာပေါ့..။
အခုကျတော့ မသေချာတဲ့ မနက်ဖြန်များစွာကို ချန်ထားရစ်ခဲ့ပြီး လက်ကျန် မနက်ဖြန်တွေအတွက်... သိပ်မမျှော်လင့်ချင်တော့ပါဘူး။

မနော်ပြောခဲ့သလိုပဲ...ချစ်ခြင်းမေတ္တာတွေနဲ့ရှင်သန်နေထိုင်သွားခွင့်...ပြီးတော့စိတ်၏ငြိမ်းချမ်းရာ
နေရာလေးတစ်ခုအေးငြိမ်းခွင့်...ဒီလောက်ပါပဲ...။

Moe Cho Thinn said...

ဘာမှ ထူးမလာပေမဲ့လည်း တို့ကတော့..
မနက်ဖြန်တွေကို လိုက်လံခူးဆွတ်နေလိုက်တာ
အရူးအမူးပါပဲ..:))

ယောနသံစင်ရော် said...

မနော်ကဗျာလေးက .. မေ့လျော့နေတာတခုကို သတိပေးလိုက်သလိုပါပဲ..
တခါတခါတော့ အမရေ.. မနက်ဖြန်ဆိုတာ တိုက်ပွဲခေါ်သံလို့ ထင်မိတဲ့အခါများလည်း ရှိသေးတယ်နော်။

မီယာ said...

ဒီနေ့အတွက်ပဲ အသက်ရှင်နေခဲ့တာ ကြာပါပေါ့ မနော်
၁၉၉၄ ကတည်းက ဆိုပါတော့... ကိုယ့် လက်ရာမပါဘဲ သူ့ဘာသာ ပြောင်းလဲ သွားတာတွေတော့ အများကြီးပဲ။

ဆောင်းယွန်းလ said...

ရှင်သန်နေထိုင်မှုကို
အင်မတန်ထုထည်ကြီးသယောင်ဖန်ဆင်း
ခပ်တင်းတင်းနဲ့.....
အမှန်အကန်ထိတဲ့ စာသားတွေပါလား မနော်ရေ...
နက်နက်ရှိုင်းရှိုင်းကို ခံစားလို့ရပါတယ်ဗျာ...

ကိုရင်နော်ခင်လေးငယ် said...

မနော်...

ဘယ်တော့များ မျက်စိလည်လမ်းမှား...
ပါလာလေမလားလို့....
တကယ်ပါ... အရူးအမူးနဲ့ မနက်ဖြန်တွေကို
လိုက်လံခူးဆွတ် နေမိတာ...

with love...

အိုင်လွယ်ပန် said...

အရူးအမူးပါပဲအစ်မရေ ....

မနက်ဖြန်တွေကို လိုက်လံခူးဆွတ်နေလိုက်တာ ...

Thant said...

ျကောင်းလိုက်တဲ့ကဗျာ ....ဟိုးတုန်းကတော့ မနက်ဖြန်ပေါင်းများစွာကို မျှော်လင့်ခဲ့ဖူးတယ် ။ မနက်ဖြန်မြန်မြန်ရောက်ချင်လွန်းလို့ မိုးချုပ်ပြီဆိုတာနဲ့ အိပ်တော့တာပဲ ။ အခုတော့ မနက်ဖြန်ဆိုတာကို မတွေးတော့ဘူး ။ လောကကြီးက နေတတ်ရင်ကျေနပ်စရာတွေချည်းပါပဲလေ......

April said...

မနက်ဖြန်တွေကို လိုက်လံ ခူးဆွတ်နေရတာ.. အရူးအမူးပါပဲ...

မိုးနေ