December and Me !!

Monday, December 14, 2009

December and Me !!

အသက်တစ်နှစ်ကြီးလာတာကို ခပ်တည်တည်နဲ့ မသိချင်ယောင်ဆောင်နေတာ မဟုတ်ပါဘူး။ ဇရာကိုလည်း တဖြည်းဖြည်းသိလာပါတယ်။ (အဲဒီစကားပြောရတာလည်း ဒီက အဖေအမေနဲ့ သြဇီက အသက်ရှစ်ဆယ်ကျော်တဲ့ထိ ဘတ်စကားစီးသွားလာ လှုပ်ရှား ကော်ဖီဆိုင်ထိုင် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ထိ ဂျော့ကင် ပြေးနေတဲ့ ဖိုးဖိုးဖွားဖွားတွေ ကို အားနာပါတယ်) မတတ်နိုင်ပါဘူး။ ကိုယ်က သူတို့လိုမှ ကျန်းမာရေးမကောင်းပဲ။ ဒါကြောင့် ငယ်ငယ်တည်းက အဖွားခဏခဏပြောဖူးတဲ့စကားကို သတိရပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး ဆိုပဲ။ (အဲဒီအဖွားက စကားပြောရင် စကားပုံလေးတွေနဲ့ ထည့်ပြောတတ်ပါတယ်။ စကားပုံပေါင်းမြောက်များစွာကို စာအုပ်မဖတ်ခင်တည်းက ကလေးဘဝတည်းက သိနေတာ အဖွားကျေးဇူးပါပဲ။ အသက် ၈၉နှစ်မှ ကွယ်လွန်သွားခဲ့ ပါတယ်။ ) ခုတော့ ဒီစကားကို အမေက ဆက်ပြောနေပါပြီ။ ဒီတော့လည်း ကိုယ့်ကိုယ်ကို တော်တော်လေးကို အသက်အရွယ်ကြီးရင့်လာသလို ခံစားရတာ မဆန်းပါဘူး။
Blue Mountain ( The Three Sisters)
ပုံကို အကြီးချဲ့ကြည့်လိုက်ရင် ပထမတောင်ရဲ့အစနားမှာ တံတားတစ်ခုတွေ့ပါလိမ့်မယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကထင်ပါတယ်။ Blue Mountain ကိုသွားတယ်။ ပထမ တစ်ခါတုန်းက မမြင်ခဲ့ရတဲ့ The Three Sisters ကို သွားကြည့်တာပါ။ ပထမတစ်ခါတုန်းက မြူတွေတအားစိမ့်နေအောင်ကျနေခဲ့လို့ ဘာဆို ဘာကိုမှမမြင်ရပါဘူး။ အဲဒီက လူကတော့ ပြောပါတယ်။ သိပ်ကံကောင်းတယ်တဲ့။ ဒီလိုရာသီဥတုကိုကြုံရတာ တဲ့။ ဘာပဲပြောပြော Blue Mountain အရဲ့ အလှ နှစ်မျိုးလုံးကိုကြည့်မြင်ခွင့်ရခဲ့တယ်ဆိုပါတော့။ အဲဒီမှာ The Three Sisters က ပထမဆုံးတောင်ကို ဆင်းတဲ့လမ်းကလေးရှိပါတယ်။ မိနစ် ၂၀လောက် လျှောက်ရပါတယ်။ 1st sister တောင်ပတ်လမ်းက ထိုင်ခုံလေးတွေရှိတဲ့ ဝရံတာနားထိ သွားရတာပါ။ အဲဒီလမ်းအဆင်းမှာ Giant Stair Way ဆိုတာရှိပါတယ်။ လှေကားက တော်တော်လေးကို မတ်စောက်တာပါ။ အဆင်းလည်းဖြစ်တော့ မဆင်းခင်တည်းက မဆင်းရင်ကောင်းမယ်လို့ တွေးပါသေးတယ်။ ဒါပေမယ့် ကိုကို့ကိုလည်း ဒီတိုင်းမလွှတ်ချင်ဘူး။ သူ့အဒေါ်တော့ပါတာပေါ့။ ကိုယ်ကလည်း မျက်စိအောက်က အပျောက်မခံချင်တဲ့ အမေမျိုးဆိုတော့ (အကဲပိုတယ်လို့ဆိုကြပါတယ်) လိုက်ဆင်းသွား မိတယ်။ နောက်တစ်ကြောင်းက ငါးဆယ်ကျော် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ကျော် တွေ ဖျတ်ကနဲ ဖျတ်ကနဲ ဆင်းချသွားတာကိုလည်းတွေ့လိုက်လို့ပါ။ နှလုံးမကောင်းတော့တဲ့ကကည်းက အမြင့်ကို မကြောက်တတ်ပါပဲနဲ့ အမြင့်တက်ရင် တုန်လာတတ်တာ ပုဂံဘုရား တွေတက်ကတည်းကပါပဲ။ ကိုယ့်ကိုယ်ကိုသိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် လောက်ကတည်းက အဲလိုဖြစ်နေတာပါ။

Giant Stairway က အတက်တစ်ခုပါ။

ပြန်လည်းတက်ရော (အမှန်က အတက်က အဆင်းလောက် ကြောက်စရာမကောင်း ပါဘူး) လူက တော်တော်ကိုခြေကုန်လက်ပမ်းကျနေပါပြီ။ Giant Stair Way အဆုံးက ခုံမှာ ခြေပစ်လက်ပစ်လှဲချလိုက်ချိန်ကျမှ သတိလစ်ချင်သလိုဖြစ်တော့တာ အသက်တောင် မရှူနိုင်တော့ဘူး။ လူတွေကလည်းကိုယ့်ကို အထူးအဆန်းလိုကြည့်ကြတယ်။ ရွယ်တူတွေ ကလည်း အော် ဖြစ်ရလေပေါ့ .. အသက်ခြောက်ဆယ်ကျော်လူကြီးတစ်ယောက်ကတော့ ကိုယ့်ကိုကြည့်ပြီး .. See?? How smart I am တဲ့ လုပ်သွားသေးတယ်။ ရလဒ်ကတော့ အပြန်ခရီး မိနစ် ၂၀ကျော်ကို တွဲပြီးလျှောက်လာရတာပါပဲ။ ခြေထောက်တွေက တုန်နေပြီ။ ဒီတော့ ကိုယ့်ကိုယ်ကို ဇရာ ဇရာ လို့ ရွတ်မိတာ မဆန်းဘူးထင်တာပါပဲ။

နောက်ထပ် အတက်တစ်ခု
ဒါကြောင့် ဒီနှစ်မွေးနေ့ကို ဘာသိဘာသာ လုပ်နေတယ်တော့မဟုတ်ပါဘူး။ တကယ့်ကို နေမကောင်းတာတွေများနေလို့ပါ။ နှလုံးအောင့်တာက လေးငါးရက်၊ အဲဒါပြီးတော့ လူက ပင်ပမ်းပြီး အအေးမိလိုက် ကိုယ်ပူလိုက်ကလည်း ဖြစ်သေးတယ်။ နှာရည်တောက်တောက် ကျနေတော့ ဆေးသောက်ရတာ ဆေးက ခေါင်းမထူနိုင်တော့ပြန်ပါဘူး။ သို့နှင့် သို့နှင့် တွေနဲ့ မွေးနေ့ပို့စ်လည်း မပို့စ် နိုင်တော့ဘူး ဖြစ်သွားတယ်။
လွန်ခဲ့တဲ့ ရက်တွေတည်းက ချစ်သော ဝါဝါ က မေခ မွေးနေ့လုပ်ပါလားလို့ ပြောပါတယ်။ မသေချာဘူးလို့ပြန်ပြောလိုက်ရတယ်။ ကိုယ့်အခြေအနေကိုယ်သိတယ်လေ။ ကိုယ်က ဘာမှမလုပ်နိုင်ပေမယ့် ကိုယ့်မွေးနေ့အတွက် စီဘောက်စ် ကနေ ဆုတွေတောင်းပေးကြ ပို့စ်တွေတင်ပေးကြတဲ့ ချစ်သောသား Zephyr နဲ့ မောင်လေး ဖိုးစိန် ကို ကျေးဇူးတင်ပါတယ်။ နောက် မေးလ်ကနေတဆင့် facebook ကနေတဆင့် မွေးနေ့ wish လုပ်ကြသူတွေအားလုံး ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
ဒါက ချစ်သောသား Zephyr ရဲ့ ကဗျာပါ။

((( (( ((((အမေ ...))) )) )))
အဲဒီ
စကားလုံး
ရဲ့
တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အ၀န်း
ဟာ ..
နှလုံးသားတစ်ခု
အခြေချနေထိုင်ဖို့လုံလောက်ရုံ
ထက်ပို
လျှံ
လိမ့်မယ်။

အမိမဲ့ဆိုတဲ့
ဆင်းရဲသားရပ်ကွက်
တစ်ခု
မိုးခေါင်
ရေရှား ...
ဖြေဆည်ရာ
ရှား၊
မေတ္တာ
ရှား ....
အမေ့အပြုံးတွေလည်းရှား
ခဲ့
တယ် .....။

ပန်းမပွင့်နိုင်
တဲ့
ဆာ
ဟာ
ဝတ်ရုံနဲ့ ...
အမှောင်တွေ
အပြည့်ဖမ်းမိထားမိသူ ...
ရေတွင်းပျက်ထဲ
ခြေချော်လက်ချော်ကျတဲ့သစ်
ရွက်လို ...
လရောင်ကလွဲရင် ဘာကိုမျှော်
နေဦးမှာလဲ .....။

အလင်းကို
ချိန်တွယ်ရောင်းချ
တဲ့
အရှေ့အရပ်ကို
ကျော
ခိုင်း
နာကျင်နေရတယ် ။
ကိုယ့်အရိပ်ထဲ
ကိုယ်
သေမိန့်ကျနေတဲ့နေ့တွေ ...
ခါးခါးစူးစူး မျက်မျက်ရှရှ၊
မျက်ရည်ကျခွင့်မရတဲ့အခါ
သွေးတွေ အငွေ့ပျံကုန်တယ်။

အမေ ...
အချိန်မီရောက်လာတဲ့
ကမ္ဘာပျက်နေ့တစ်ခုလို ...
အချိန်မီတည်ဆောက်ပြီးတဲ့
မဟာကရုဏာတော်လို ...
အချိန်မီ ညာလက်သွင်သွင်ကျိုးသွားတဲ့
ဘုရားသခင်လို ...
မေတ္တာသက်သက်နဲ့ ... အဖြူရောင်တွေ ဖန်ဆင်းပစ်ခဲ့တယ်။

အမေ ...
စိမ်းမြပြာလဲ့နေတဲ့ ရီနေဆန်းပိုက်ကွန်တစ်ခု ..
ခြေ၊လက်၊စိတ်နဲ့ စေတသိက် ၅၂ လုံး
အားလုံးကို အုပ်မိခဲ့တယ်။

အမေ ...
ဘုရားသခင်ရဲ့အမှားပြင်ဆင်ချက်။
ကံတရားရဲ့ နောက်ဆက်တွဲသတင်း၊
ဒီဘ၀ရဲ့
ဒုလ္လဘတရားစစ်စစ် ....။ ။

Zephyr

ဒါကတော့ ချစ်သော သားသေးသေးလေး ကျွန်မ မွေးနေ့အတွက် ရေးပေးထားတဲ့ ကဗျာပါ။ post-post modern ပါပဲး)
(သား..မေ့မွေးနေ့အတွက် ကဗျာလေးတစ်ပုဒ်ရေးပေးဆိုတော့ လွယ်ပါတယ် ဆိုပြီး ရေးပေးလိုက်တဲ့ကဗျာပါ.. ပါရမီထူးပုံက နှုတ်တိုက်ကိုရွတ်ပေးတာပါ။ ..ဖတ်ကြည့်ပါဦး)

ကဗျာ
ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ ကဗျာ
ကဗျာ ကဗျာ
ကဗျာ

ခေတ်နေ


ဒါကတော့ ကျွန်မညီမ အိန္ဒြာ ရဲ့ မွေးနေ့လက်ဆောင် ကဗျာပါ။

ဒီဇင်ဘာနှင်းဆီ

ဆယ့်လေးရက် ဒီဇင်ဘာ
နှင်းသားကို ပွတ်တိုက်သွားတဲ့
ရေခဲလေပြည်တွေကြားမှာ
မြူတွေထဲ အလင်းညှိလိုက်တဲ့
နေ့ဦးရောင်ခြည်သစ်အောက်မှာ
သံမဏိနဲ့ နန်းခတ်ထားတဲ့ပွင့်ချပ်လွှာ
နူးညံသလို မာကျောထက်ရှ
အေးစက်သလောက် ဆန်းကြယ်လှပခဲ့

ပန်းချီကားချပ်ထဲက ဆေးစပ်ခက်တဲ့ အရောင်လို
ကဗျာတစ်ပုဒ်ရဲ့ သိပ်သည်းလွန်းတဲ့ အနက်လို
လေတိုက်တိုင်း မနွဲ့တတ်တဲ့ နှင်းဆီရနံ့
အဲဒီ့နေ့ပေါ်ကစ ဖူးခဲ့..တယ်.။

ဘ၀ဟာ...
ဒီဇင်ဘာလို တိတ်ဆိတ်ငြိမ်းချမ်းနေမလား.
ဘုရားသခင်နဲ့ တစ်လတည်းဖွားမြင်ခဲ့တဲ့ မေတ္တာတော်အောက်မှာ
သူမကောင်းကင်က ပြသဒါးတွေအုံမှိုင်းဆိုင်းကြွ
အဲဒီ့ ကောင်းကင်ထက်မှာမှ
အချစ်ဟာ
ဖျတ်ကနဲလွင့်ကြွေလွယ်တဲ့.. ညနေခင်းရဲ့..ကြယ်..

စိတ် အိုင်းအနာတွေ ရင်းနေရတဲ့ ဥတုရာသီပါ..
တိုက်ခတ်လေကတောင် ထိုးစစ်တွေလို ပြင်းရှ
တဟူးဟူး အရိုင်းဆန်တဲ့ လောကဓံအခင်းအကျင်းထဲ
အနုပညာကလွဲလို့
အရာရာ ဟာ....တဖျတ်ဖျတ် လွင့်မျောတုန်ခါခဲ့..

ဘ၀ဆိုတာက.
ရန်သူကို တန်ပြန်တိုက်ခိုက်ဖို့
အလှပဆုံးခွက်ပြထားရတဲ့ ပါးပျဉ်းတစ်ခု လို
ပျောင်းအိနွဲ့သွယ်သလောက်
လိုအပ်ရင် ရက်စက်တတ်ခဲ့ပေါ့...

ဖြေရန်မလိုအပ်တဲ့ မေးခွန်းတွေကိုတော့
ရေခဲရိုက်သိမ်းထုတ်လိုက်ပေါ့ ဒီဇင်ဘာ
သူမကျောပြင်အတွက်
သံချပ်ကာ ၀တ်စုံတစ်ခု မလိုပါဘူးးး
သူမ ပွင့်ဖတ်တွေကိုက
သံမဏိနဲ့သွန်းဆစ်ခဲ့တာလေ..။


(ချစ်ခင်ရသော မမအတွက် စိတ်၏အေးချမ်းသာယာခြင်းများနဲ့ ပြည့်စုံလှပသော မွေးနေ့ပေါင်းများစွာစောင့်ကြိုနေပါစေ)

အိန္ဒြာ



ဒါကတော့ ကျွန်မ မွေးနေ့မတိုင်ခင်တည်းက ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ပြီး ရေးထားမိတဲ့ ကဗျာပါ။ တကယ့်တကယ်ကျ ဒီနေ့မှပဲ ကဗျာကို လက်စသပ်နိုင်တာပါ။ မွေးနေ့အမှတ်တရ ပဲတင်လိုက်ပါတယ်။



မနော်ဟရီ စစ်တမ်း

အများအမြင်မှာတော့
ငါက .. ဒါဏ်ရာစုဆောင်းသူ
သောကတွေနဲ့ အနားသပ်သူ အပူသည်..
ဖြစ်သင့်တာက လက်နက်တပ်ဆင်ရေးသမား
ဇာတ်ညွှန်းပြင်ဆင်သူ .. ဖန်ဆင်းနိုင်သူ တန်ခိုးရှင် ..
တကယ်တမ်းကျတော့
အဲဒါတွေက ငါပြင်ဆင်ခွင့်မရှိတဲ့ ငါ့ရဲ့စာမျက်နှာတွေ
ဖြစ်နေတာတွေက မြင်နေရတဲ့အတိုင်း မြက်ရိုင်းတွေချည်းတောထ ..
သေချာတာက..
နောက်ဘဝအတွက်အမှာစာကလည်း ရောက်မလာသေး
Demand နည်းနေသေးသတဲ့ …


ခပ်ကွေးကွေးလေး ငြိမ်သက်နေတဲ့ လလို ..
ငါ .. ဘာကိုမှအမြင်မကျယ်ချင်တော့ဘူး …
စိမ်းလန်းခဲ့ဖူးတဲ့ တောအုပ်လည်း အခန့်မသင့်ရင်တော့ မီးသင့်မှာပဲ
ကြည်လင်နေတဲ့ ရေအိုင်လည်း နေပြင်းလွန်းလာရင် ခမ်းခြောက်ရမှာပဲ
ငါက.. သူတို့ထက် ဘာမှပိုမသာတဲ့ ဇာတ်ကောင်
ကားလိပ်ချရင်မှောင်တဲ့အကြောင်းလောက်သာသိတဲ့သူ ..
ဘာ ပိုရှူနေချင်စရာ အကြောင်း ရှိလို့လဲ ..
ခြေရှိလက်ရှိ မလှုပ်ရှားနိုင်သူ အတွေးရှိ အမြင်ရှိ မတိုးတက်နိုင်သူ
ဦးနှောက်ရှိ နှလုံးသားရှိ ဘာကိုမှ တတ်မြောက်ခံစားမနေချင်တော့သူ


စကားလုံးတွေကတော့ ငါမော့သောက်လိုက်လို့ကုန်ပြီ
ညှီစို့စို့ ပါဒတချို့ကိုတော့အသားမကျသေးလို့ ချန်ထားခဲ့ရတယ်
တကယ်ဆို .. ငါ ဘာကို အနံ့ခံနေသေးတာလဲ …(စဉ်းစားမရဘူး)
တလောကလုံး ဝရုန်းသုန်ကားဖြစ်တဲ့အထိ ..
အားလုံးကို စတိဖြစ်ဖြစ် .. မူးရစ်ပစ်လိုက်သင့်တာ
မေးထူးခေါ်ပြော ဝေါဟာရများနှင့်ထူပျစ်စေးကပ်
ငါက တစ်ခန်းရပ်ဇာတ်တွေကို ဆက်လက်မျှော်လင့်နေမိတတ်သူ
ဆူလွယ် နပ်လွယ် ပြီးလွယ် မေ့လွယ်တွေကို ရွံမုန်းတတ်သူ
နောက်ဆုံး ဒါတွေနဲ့ပဲနပမ်းလုံးရင်း ကျင့်သားရလာသူ….


ပုံပြင်တွေကတော့ ဒါပါပဲလို့ အဆုံးသတ်ကြသတဲ့
ဇာတ်တော်လာတွေကတော့ ဤတွင်ပြီး၏ ပေါ့ ..
ခုတော့ … နိဂုံးချုပ်စကားလုံးတွေက ပျောက်ဆုံး
အသုံးအနှုန်းတွေလည်း လက်ကုန်ခြေပန်း …
ဝဋ်ကြွေးတွေက တသီတတန်းလိုက်ပါလာတယ်
ဖိတ်စာမရလိုက်တဲ့ ကံကောင်းခြင်းတွေကတော့
ဟောဟို့ တောအုပ်ကလေးထဲမှာ သူ့ဘာသာသူ စိမ်းလန်းရှင်သန် ..
အမှန်တရားဆိုတာ တွေနဲ့အတူ
ထူထူပိန်းပိန်း …မြူတွေအလိမ်းလိမ်းနဲ့ ….

မနော်ဟရီ


လယ်တောလေးနှင့်ချစ်သောအိမ်

Sunday, August 9, 2009

လယ်တောလေးနှင့်ချစ်သောအိမ်

တစ်ချိန်က (ကို) ခင်မောင်တိုးသီချင်းလေးတစ်ပုဒ်ကတော့ မြက်ခင်းစိမ်းနဲ့ တဲငယ်လေးတဲ့။ အဲဒီသီချင်းလေးကို နားထောင်ပြီး ဟိုးပုသိမ်ကောလိပ်ဝန်းထဲက မြက်ခင်းစိမ်းတွေ၊လယ် တောတွေကိုဖြတ်သွားရင်ရောက်တဲ့ လယ်တဲလေးတွေကိုသွားသတိရတယ်။ သိပ်သတိရ တဲ့အခါကျထိုင်ဖို့ အိမ်ရှေ့မှာ မြက်ခင်းစိမ်းစိမ်းလေး စိုက်ခဲ့ဖူးတယ်။ခုတော့လည်း မရှိတော့ ပါဘူး။ အရာအားလုံးဟာ နေ့ရက်တွေနဲ့အတူဟောင်းအိုကျန်နေခဲ့ပေါ့။
ခုတော့လည်း လူတွေမှာဖြစ်နေကျအတိုင်း ပုံရိပ်ယောင်တွေနဲ့ပျော်နေတတ်ခဲ့ပြီ။ facebook ဆိုတဲ့ တကယ်မမြင်ရတဲ့ မျက်နှာစာအုပ်လေးထဲမှာ ကိုယ်ပိုင်စိုက်ခင်းကိုယ်စီနဲ့ ကိုယ်ပိုင် စိမ်းလန်းမှုတွေကို စိတ်ကူးနဲ့ဖန်တီးနေတတ်ခဲ့ကြပြီ။ ပထမဆုံးကျွန်မကို လယ်တောဆီ ရောက်အောင်ခေါ်တဲ့ julydream ကိုကျေးဇူးတင်ပါတယ်။(သူကတော့ ခု မကောင်းမှုကိုပဲ စိုက်လိုက်မတ်တတ်လုပ်ပါတော့တယ်..မာဖီးယားကြိးလုပ်နေတာကိုပြောတာပါ..သူ့ဟာသူ ကျွန်မကို လယ်တောကိုခေါ်ခဲ့တဲ့သူဆိုတာတောင်မေ့နေပါပြီ..)
ပထမတော့ သူပို့လိုက်တဲ့ ဝက်တစ်ကောင်နဲ့ စိုက်ခင်းထဲပါလာတဲ့အခင်းသုံးလေးခုနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိပါဘူး။ ဘဝမှာလည်း ဂိမ်းတွေကိုဆော့လေ့မှမရှိတာ။ တော်တော်ကြာပစ်ထားလိုက်သေးတယ်။နှလုံးသားရပ်ဝန်းကပါဆိုတဲ့ Boyz ဆီကလည်း အပင်တွေဘာတွေရသေးတယ်။ နောက်တော့သူလည်း တိုက်ရခိုက်ရတာပဲဝါသနာပါသွား ပုံရတယ်။မတွေ့တော့ဘူး။

စိုက်ခင်းများနဲ့အိမ်ကလေး


လယ်တောထဲက ကျွန်မအိမ်ကလေးနဲ့ပန်းခင်းလေးတွေ
ဘာလုပ်ရမှန်းမသိလို့ ရသမျှပစ္စည်းတွေစုသိမ်းပြိးဒီတိုင်းပစ်ထားလိုက်တာတော်တော်ကြာ ပါတယ်။ နောက်မှ ဟိုကလစ် ဒိကလစ်နဲ့ လယ်ထွန်တတ်၊အပင်စိုက်တတ်သွားတယ်။ စိုက်ပြီးရင်သွားရောင်းလို့ရတယ် ။ရတဲ့ပိုက်ဆံနဲ့ ပြန်စိုက်လို့ရတယ်ဆိုတာသိလာတယ်။ အဲဒါနဲ့ အားတွေတက်ပြီးစိုက်လိုက်ပျိုးလိုက်တာ တော်တော်ကြာသွားတယ်။ အိမ်နီးချင်းဆို တာတွေလည်း လာ addရင် လက်ခံလိုက်တယ်။ ကိုယ်က ပြန်မaddဖြစ်ဘူး။အရင်က တော့ သူတို့က လာ addလို့ လက်ခံလိုက်ရင် သူတို့လည်း ကိုယ့် အိမ်နီးချင်းစာရင်းထဲ ဝင်လာသလို ကိုယ်လည်းသူတို့အိမ်နီးချင်းစာရင်းထဲဝင်သွားတယ်။ခုကျတော့ အဲလိုမဟုတ် ပြန်ဘူး ။ ကိုယ်ကလိုချင်ရင် ကိုယ်က add ရတယ်။ သူတို့ကလိုချင်ရင်သူတို့ကadd ရ တယ် ။အဲဒါ မှားချင်လည်းမှားပါလိမ့်မယ်။ ကျွန်မဆီမှာတော့ဒီတိုင်းပါပဲ။
နောက် ကစားတာလယ်ဗယ်တစ်ဆယ်ကျော်သာရောက်ရော စိုက်ထားသမျှတွေကို သူများကို ရိတ်သိမ်းခိုင်းလို့ရတယ်ဆိုတာ မသိပါဘူး။ တစ်ရက်ကျတော့ ဆောင်းကြယ်ဖြူ ဆိုတဲ့ညီမလေးက ကျွန်မကို လယ်ရိတ်တာလာကူပါ ဆိုတဲ့ မက်ဆေ့ခ်ျလေးနဲ့ခေါ်ပါတယ်။ သူတို့က အဲဒီတုန်းက လယ်ဗယ်အမြင့်သမားတွေပေါ့။ကိုယ်က သူတို့ကိုအားကျရသူ။သူ့ ဆီလိုက်သွားတော့ အားပါး..သူ့လယ်မှာ ရွှေဖရုံသီးတွေဝင်းလို့။တစ်ခင်းရိတ်ရင် ၉၉ကျပ် ရတယ်။ အဲဒီနေ့ ဝင်ငွေတော်တော်ကောင်းသွားလိုက်တာ ကိုယ်လည်း မျိုးစေ့ကောင်းကောင်း ဝယ်စိုက်နိုင်သွားတယ်။ ဒါတောင် ကိုယ့်အလှည့်ကျရင် သူများကို ခေါ်ရိတ်ခိုင်းဖို့မတွေးမိဘူး။ နောက်မှသိရတာက သူများကိုခေါ်ရိတ်ခိုင်းလို့ရတဲ့အသီး တွေက ပိုပြီးဈေးရတယ်ဆိုတာပါပဲ။ နောက်ပိုင်းမှာတော့ ကျွန်မကို မိတ်ဆွေတွေက သင်ကြပါတယ်။ စိုက်ခင်းတွေကို တစ်ကွက်နဲ့တစ်ကွက် ကြားချဲမရှိအောင်ဘယ်လိုလုပ် ရတယ်။ နောက်..သစ်ပင်တွေ၊ပန်းပင်တွေ၊အဆောက်အဥိတွေကို လိုသလို ခဏဖျောက် ထားလို့ရတယ်ဆိုတာတွေသင်ပေးတယ်။
တကယ်တော့ လယ်တောထဲက မိတ်ဆွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဘယ်သူမှန်း တောင်မသိကြပါဘူး။ facebook id ကတစ်မျိုး၊ farm town id ကတစ်မျိုးနဲ့လူတွေ အများ ကြီးပါ။ ကိုယ့်လို id တစ်မျိုးတည်းနဲ့လုပ်နေတဲ့သူက နည်းပါတယ်။ ဒါပေမယ့် အဓိကက အိုင်ဒီတွေ အမည်နာမတွေမဟုတ်ပါဘူး။ လယ်တောမိတ်ဆွေချင်းကတော့ အလိုလိုကို ရင်းနှီးကြပါတယ်။ ဒီထဲမှာ ရှေ့ကနေပြေးပြီးအပြိုင်အဆိုင် ပန်းဝင်သွားကြတဲ့ လယ်ဗယ် ၃၄ ရောက် ကျွန်မမိတ်ဆွေလယ်သမားကြီးနှစ်ယောက်လည်းရှိပါတယ်။ သူတို့က ကျွန်မ ကို အများကြီးအကူအညီပေးခဲ့ကြတယ်။ခုလည်း သူတို့ပန်းဝင်သလိုဖြစ်နေပြီမို့ မကစားချင် တော့တဲ့တိုင် ဈေးထဲသွားအလုပ်မရှာတတ်တဲ့ ကျွန်မအတွက် အပင်တွေစိုက်ပေးနေတုန်း ပါပဲ။ (ကျေးဇူးတင်ပါတယ် KTM နဲ့ Danny Arkar)


KTM ရဲ့အိမ်(ခိုးရိုက်ထားတာပါ :P)


Danny's Mansion :)
နောက်ပိုင်းကျတော့ သူငယ်ချင်းတွေအများကြီးလယ်ထဲရောက်လာခဲ့တယ်။ ဘလော်ကာ တွေချည်းများပါတယ်။ ကိုဖြိုးနဲ့ အိအိ တို့စုံတွဲ၊ သူငယ်ချင်းမဂျူ၊ ဖိုးစိန်၊မိုးကုတ်သား၊ Sweetpeony.. မခင်မင်းဇော်၊ မသိဂီ င်္နွယ်၊စသဖြင့်…တပျော်ကြီး ရောက်လာကြတယ်။ အရင်က KTM ရယ် Danny Arkarရယ် ကျွန်မရယ် ပျော်ရွှင်စွာလယ်စိုက်ကြရိတ်ကြဖူး တယ်။နောက်တော့ သူတို့အလာကျဲသွားတော့ ကျွန်မ ရယ် မဂျူရယ်၊ဖိုးစိန်၊မိုးကုတ်သားနဲ့ ဆွိရယ်၊နောက် ပါမောက္ခညို ရယ် လယ်ထဲမှာပျော်ရွှင်စွာစိုက်ဖြစ်ပျိုးဖြစ်ကြတယ်။
လယ်ထဲမှာက အိမ်ကလေးတွေကိုယ်စီ၊ပန်းခင်းတွေကိုယ်စီ၊စမ်းချောင်းတွေကိုယ်စီနဲ့ သီးပင်စားပင်တွေကလည်းစုံလို့…။ စမ်းချောင်းကလေးဘေးနားသွားထိုင်မလား၊ ပန်းခင်းတွေကြားပဲ နေမလား စိတ်ချမ်းမြေ့စရာပါပဲ။ တစ်ခါတစ်ခါများဆို စကားပြောစရာ နေရာတွေအများကြီးရှိပါလျက် လယ်ထဲမှာရပ်ပြီးစကားတွေပြောနေဖြစ်ကြတယ်။ ကဗျာတွေအကြောင်း၊စာတွေအကြောင်း၊ ကိုယ်ရေးနေတဲ့ဘလော့ခ်တွေအကြောင်း၊ ခဲခြစ်ပန်းချီအကြောင်း(KTMနဲ့)၊ သီချင်းတွေအကြောင်း စသဖြင့်အစုံအစုံပေါ့။ ဂျီတော့ခ် ကိုခြေမချချင်တဲ့သူတွေအတွက် နေရာတစ်နေရာပေါ့။ ကျွန်မဆို ဂျီတော့ခ်ကို ပိတ်ထားတတ်တာကြာပါပြီ။ စီဘောက်စလည်းလူစုံတတ်ပါလျက်နဲ့ အမီမလိုက်နိုင်လို့ သိပ်မပြောဖြစ်ဘူး၊ လယ်ထဲမှာတော့ ပြောဖြစ်ကြပါတယ်။

မိုးကုတ်သားလယ်ထဲမှာဝိုင်းဝန်းရိတ်သိမ်းထွန်ယက်နေစဉ်
အားလုံးရဲ့တညီတညွတ်တည်းအသံကလည်း ဒီလိုမျိုးစိုက်ခင်းစိမ်းစိမ်းတွေနဲ့ သိပ်သာယာ တဲ့အိမ်ကလေး ယာကလေးနဲ့ ဘဝလေးတွေကိုတောင့်တမိကြတယ်ဆိုတာပါပဲ။ ရုပ်ဝတ္ထု တွေရှိရာဆီ ဘယ်သူမှစေခိုင်းမှုမပါပဲနဲ့ ခြေကုန်သုတ်လိုက်နေမိကြတဲ့ ကျွန်မတို့တွေ တစ်ခါတစ်လေတော့လည်း မသိစိတ်က မြက်ခင်းစိမ်းနဲ့တဲငယ်လေးတွေကိုတမ်းတတတ် ကြမှာပါ။ ဒါပေမယ့် တကယ့်တကယ်ကျ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အတိတ်မြက်ခင်းစိမ်း တွေရှိရာ ခြေဦးပြန်မလှည့်နိုင်သလိုပဲ စိတ်ကူးအိပ်မက်ထဲက လယ်တောအိမ်လေးရှိရာဆီ လည်းအရောက်မသွားနိုင်ခဲ့ကြပါဘူး။ ဟောဒီပူလောင်တဲ့မြို့ပြကန္တာရကြီးတွေဆီမှာ မိသား စုတွေ ဒါမှမဟုတ် ချစ်ခင်သူတွေအတွက် အိုအေစစ်တွေကိုရှာဖွေရင်း ချစ်သူတွေနဲ့ ဝေးရာမှာ ဝေးကွာမှုကိုစိတ်ကူးနဲ့ဆွဲဆွဲချုံ့လို့ နာကျင်နေကြဆဲပါပဲ။
လယ်တောထဲက ချစ်စရာအိမ်ကလေးတွေကိုငေးရင်း လက်တွေ့ဘဝကို နာကျင်ရင်း မလှမ်းနိုင်တဲ့ခြေလှမ်းတွေကို စိတ်ပျက်ရွံရှာမိရင်း နွေးထွေးတဲ့အိမ်ကလေးတစ်လုံးကိုတော့ အားလုံးတောင့်တနေကြလိမ့်မယ်ထင်ပါတယ်။
အိမ်…တဲ့။
နေထိုင်ခိုနားရာနေရာလေးတစ်ခုလို့ နားလည်ထားခဲ့တဲ့နေရာလေးပေါ့။အဲဒီထဲမှာ မိသားစု လို့ခေါ်တွင်တဲ့ ဝေါဟာရတစ်စုရှိမယ်၊မေတ္တာ၊သံယောဇဉ်၊နားလည်မှု၊နားမလည်မှု၊နာကျင်မှု စတဲ့ခံစားမှုတွေနဲ့ပြွန်းနေတဲ့ အရိပ်တွေအယောင်တွေရှိမယ်၊ ရှေ့ရေးတွေ အနာဂါတ်တွေ ကျေးဇူးတုံ့ပြန်မှုတွေနဲ့ ခုန်ပေါက်နေတဲ့ အိပ်မက်တချို့ရှိမယ်။ ဒါတစ်ချိန်ကအတွေးပေါ့။ ခုချိန်ကျတော့လည်း ဓီရာမိုရ်သီချင်းထဲကလိုပါပဲ။ အိမ်အစစ်တွေနဲ့ဝေးနေကြတဲ့သူတွေ အတွက်တော့ နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ် ဆိုတာလိုပဲ…ကျွန်မတို့နှလုံး သားတွေနွေးထွေးနေတဲ့နေရာလေးတစ်နေရာကိုတွေ့ခဲ့ကြတယ်။
ကျွန်မ ဘလော့ခ်လောကထဲစရောက်တော့ အိမ် ဆိုတဲ့အသုံးအနှုန်းကိုနားမယဉ်ဘူး။ နောက်ပိုင်းကျမှ ကိုယ့်ဘလော့သူ့ဘလော့ကို အိမ် ဆိုတဲ့ဝေါဟာရလေးနဲ့ ခိုင်းနှိုင်းကြတယ် လို့နားလည်လာတယ်။လက်ခံနိုင်လာတယ်။ ခုဆို ကျွန်မ အိမ်ကလေးဟာလည်း ကျွန်မ ချစ်တဲ့သူတွေ၊ကျွန်မကို ချစ်တဲ့သူတွေနဲ့ဝေစည်လို့။ ညညဆို စီဘုံးလေးမှာပါတီပွဲကျင်းပ သလားလို့ တခြားသူတွေက ပြောစမှတ်ပြုရလောက်အောင် လူစည်နေတတ်တယ်။
အချင်းချင်းစကားပြောစရာနေရာတွေအများကြီးရှိပါလျက် ဒီနေရာလေးမှာပဲလာလာစုဝေး နေတတ်ကြတာဘာလို့ပါလဲ။ ကျွန်မ ထင်တာကတော့ နွေးထွေးတဲ့နေရာလေးတစ်ခုမို့ပဲ လို့ထင်ပါတယ်။ကျွန်မတို့တစ်နေရာစီမှာနေထိုင်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နှလုံးသား တွေကတော့နီးစပ်နွေးထွေးနေကြတယ်။ ဒီတော့ ပျော်ရွှင်ရာ ပုံရိပ်ယောင်အိမ်ကလေးထဲ မှာပဲ ကျွန်မတို့ ဖြေသိမ့်နွေးထွေးတတ်လာတယ်။ တစ်ယောက်ငိုနေရင် တစ်ယောက်က ဖေးကူမယ်၊တစ်ယောက်စိတ်ညစ်နေရင် တစ်ယောက်က ပျော်အောင်လုပ်ပေးတယ်။ တစ်ယောက်က ပျော်ရွှင်နေရင် အဲဒီပျော်ရွှင်မှုကိုဝေမျှကြတယ်။ ဒီလိုနဲ့ နှလုံးသားတွေနဲ့ မီးဖိုထားတဲ့ အိမ်ကလေးတွေလင်းချင်းပျော်ရွှင်လာခဲ့တယ်။
ကျွန်မ ဆိုရင် ဘလော့ခ်လောကထဲရောက်မှ မိတ်ဆွေတွေအများကြီးရလာတယ်။ (ရန်သူ တွေကတော့ သူတို့ဟာသူတို့ ကွယ်ရာကနေရှေ့ကနေထိုးမစိုက်ရဲတဲ့ ဓားတွေကို သွေးနေကြပါလိမ့်မယ်..အခါခပ်သိမ်းတော့လည်းကျွန်မတို့….သူတို့ကိုသတိရနေကြမယ်မထင်ပါဘူး)..။ ချစ်စရာခင်စရာကောင်းတဲ့ မောင်နှမ တွေရလာတယ်။ ပျော်စရာအိမ်ကလေးတွေကိုယ်စီနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် သွားတတ် လာတယ်။ ခုဆို ကျွန်မမှာ ချစ်ခင်စရာ အစ်ကိုတွေ၊အစ်မတွေ၊မောင်တွေ၊ညီမတွေ၊တူတွေ တူမတွေနဲ့သားတစ်ယောက်တောင်ပိုင်ဆိုင်ထားခဲ့ပါပြီ။
ဒီလူတွေရဲ့ဆုံဆည်းမှုကရော …လောကရဲ့ဓမ္မတာကို ဘယ်လောက်ထိ အံတုကျော်လွှား နိုင်ကြမှာမို့တဲ့လဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာလည်းပြန်လည်ဝေးကွာသွားနိုင်သေးတာပဲ။ ဒါပေမယ့် ပြန်တွေးလိုက်တဲ့အခါတိုင်းကြည်နူးမှု ချစ်ခြင်းရနံ့တွေနဲ့သင်းပျံ့ကျန်နေခဲ့မယ့် မိသားစုဆန်ဆန် အိမ်ရနံ့သင်းသင်းနဲ့ နွေးထွေးတဲ့ ရက်စွဲတွေကိုရဖို့ ခုချိန်မှာတည်းက ကျွန်မတို့အချင်းချင်းနားလည်မှုတွေနဲ့လက်တွဲထား ကြဖို့လိုလိမ့်မယ်လို့ထင်ပါတယ်။
တကယ်ပဲ တစ်နေ့မှာ ကျွန်မတို့ ချစ်သော ခြေတစ်ချောင်းထောက် မြေပုံလေးပေါ်က နေရာ စိမ်းစိမ်းလန်းလန်းတွေမှာ ကျွန်မတို့လိုချင်တဲ့ စိမ်းလန်းအိပ်မက်တွေနဲ့ပုံဖော်ထားတဲ့ လယ်တောနဲ့အိမ်ကလေးတွေကိုပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်……………………
…………………………………………….


အရှေ့မြို့ရိုးပေါ်မှနံနက်ခင်း ကဗျာပြပွဲ

Tuesday, August 4, 2009


ကဗျာဆရာ တာရာမင်းဝေ အတွက် အမှတ်တရ ပန်းချီထိန်လင်း၊အိန္ဒြာ၊အမရာ၊သစ်ကောင်းအိမ်၊Zephyr၊ကမာပုလဲ။လင်းဆက်၊တင်မင်းထက်၊နေဆူးသစ် လင်းဒီပ၊လူဇော်သစ်၊အိုင်လွယ်ပန်၊သျှင်နွေခ၊ Xanthos တို့၏
အရှေ့မြို့ရိုးပေါ်မှနံနက်ခင်း ကဗျာပြပွဲ


သတိရကြောင်း

Sunday, June 28, 2009


သတိရကြောင်း

(က)
သတိရခြင်းတွေက မိုးတိမ်လိုပြိုကျတဲ့အခါ
ငါ့ပေါ်မှာ လွမ်းဆွတ်ခြင်းမိုးဖွဲတွေရွာတယ်
တစ်ချိန်ကအတိတ်နေရောင်တွေကိုတမ်းတ
ငွေ့ရည်ဖွဲ့လာတဲ့မျက်ဝန်း…
ရေခိုးရေငွေ့တို့စွန်းထင်းလာခဲ့ရဲ့။

ပထမဆုံးသတိရမိတာက ခြေထောက်ကလေးတစ်ချောင်းတည်းနဲ့ ထောက်ရပ်နေပေမယ့် သိပ်ပြီးကြံ့ခိုင်တဲ့ သိပ်လှတဲ့ ကမ္ဘာပေါ်ကအလှဆုံးမြေပုံလေးနဲ့ အမိနိုင်ငံကိုပါ။ ဘာတွေပဲ ဖြစ်နေနေ ဘုရားသခင်က ကျွန်မကိုအဲဒီမြေပေါ်မွေးဖွားရှင်သန်ခွင့်ချပေးခဲ့သလို အဲဒီမြေ ကြီးကလည်း ကျွန်မကိုနွေးထွေးစွာကြိုဆိုခဲ့တာပါပဲ။ဖြတ်လျှောက်ခဲ့တဲ့လမ်းသွယ်တစ်ချို့ ကိုသတိရမိလေတိုင်း ဒီလမ်းတွေပေါ်မတိမ်းစောင်းစေခဲ့တဲ့နေ့ရက်တွေကိုလည်းသတိရမိ ပါရဲ့။ဘာကိုမှမသိတဲ့ကလေးငယ်တစ်ယောက်ရဲ့နိဗ္ဗာန်ဘုံနေ့ရက်တချို့ဟာ ဟိုးဝေးဝေးမှာ မှုန်ဝါးကျန်နေခဲ့ရပြီ။သေချာတာက နိဗ္ဗာန်ဘုံရယ်လို့မရှိခဲ့ရှာတဲ့ကလေးတွေရှေ့မှာတော့ ကျွန်မတို့က ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ ဆိုတဲ့သီချင်းကို မျက်ရည်တွေနဲ့မဆိုခဲ့သင့်ဘူး မဟုတ်လား။

(ခ)
သန့်စင်ခြင်းတွေနဲ့အိပ်မက်မက်ခွင့်ပေးခဲ့တဲ့
တစ်ကိုယ်ရေမြို့ကလေး သင့်တေးသီချင်းကို
ငါ ..ဆိုပါရစေ…………

ဒုတိယသတိရမိတာကတော့ ပထမဆုံးရွှေ့ပြောင်းရောက်ရှိခဲ့ဖူးတဲ့ ပုသိမ်ကောလိပ်။ မုန်တိုင်းစဲပြိးကာစကာလမှာရောက်သွားခဲ့တာမို့ မြို့ကလေးက အပြိုပြို အယိုင်ယိုင်၊နိုဟီ ရဲ့ အုတ်ပုံတွေကိုကြည့်ပြီး ဒါတွေက ဘာဖြစ်တာလဲဆိုတော့ မုန်တိုင်းကြောင့်ပြိုတာ ဆိုတဲ့ အဖြေကိုရခဲ့တယ်။အဲဒီကတည်းက (ပထမတန်းကျောင်းသူကျွန်မက) မုန်တိုင်းဆိုတာ သိပ်ကြောက်စရာကောင်းမှာပဲလို့တွေးခဲ့တဲ့ကျွန်မ.. ၂၀၀၈ကျမှပဲ တကယ့်မုန်တိုင်းဆိုတာနဲ့ ပက်ပင်းတိုးတော့တယ်။

တကယ်တော့ ပုသိမ်မြို့ကလေးဟာ တိတ်ဆိတ်နေတဲ့ ကလေးငယ်တစ်ယောက်လို ရိုးသားစွာလှပတဲ့မြိုကလေးပါ။ သူ့ရင်ခွင်မှာနေခဲ့ရတဲ့နှစ်လတွေဟာ ရိုးစင်းအေးမြမှုကို လက်တွေ့သင်ကြားခံခဲ့ရတဲ့ မိဘရင်ခွင်အောက်က ကလေးငယ်တစ်ယောက်လိုနေ့ရက် တွေပါပဲ။သတိရနေမိတဲ့သူတွေကပုသိမ်ကောလိပ်စာကြည့်တိုက်က.စာကြည့်တိုက်မှူးအန်ကယ်
ဦးဥာဏ်ထွန်း(ဦးအောင်စည်)၊သူငယ်ချင်းဝင်းမင်းထွန်း၊မီးငယ်၊စာသင်သိပ်ကောင်းတဲ့ ဆရာကြီးဦးအုန်းမောင်၊ဆရာဦးလေးမောင်၊ဒေါ်အေးအေး၊ဒေါ်စန်းစန်းရီ……စာရေးဆရာဆိုတာသေ ချာမြင်တွေ့ဖူးတဲ့ထဲ ပထမဆုံးက အဲဒီချိန်က ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီး တက္ကသိုလ် ဘုန်းနိုင်ဆိုရင် ဒုတိယလူဟာ ကျွန်မဆရာမ ဒေါ်စန်းစန်းရီပါပဲ။စာရေးဆရာမ စိမ်းနှင်းဆီ..တဲ့။အဲဒီအချိန်တည်းက..စာတွေကိုဖတ်ရုံတင်မက….ကျွန်မရေးဖို့ကြိုးစားနေခဲ့ပါပြီ။
အဲဒီတုန်းက..ကျွန်မ(၆)တန်း။စာပေခရီးကိုအဲဒီကျောင်းနံရံကပ်စာစောင်နဲ့မြို့နယ်နံရံကပ်စာစောင် တွေကနေစခဲ့ပါတယ်။

(ဂ)
ဂျပ်ဆင်လမ်းကြားကပြေးထွက်လာမယ့်

တစ်ရံတစ်ခါဆီက ငါတို့ရဲ့ရယ်မောသံတွေ

“အဓိပတိ ”မြေကိုကျော်
“ စစ်ကိုင်းလမ်း”ပေါ်ဖြတ်
“ ပုဂံလမ်း”ထိမရပ်တန့်
“ သထုံလမ်း”ထိခရီးဆန့်
အမြဲတည်တံ့နေလိမ့်မယ်။
သတိရကြောင်းတွေကိုပြောမယ်ဆိုရင် မြကျွန်းညိုညို တက္ကသိုလ်ကိုလည်းချန်ထားလို့ မဖြစ်ပါဘူး။တက္ကသိုလ်ကဆရာတစ်ယောက်ရဲ့သမီးမို့ ဒီလမ်း၊ဒီစခန်းတွေက ရင်းနှီးနေပြီး သားဆိုပေမယ့် တကယ်ကိုယ်တိုင်တက်ရတဲ့ကျောင်းသူဘဝနဲ့တော့ဘယ်လိုမှမတူနိုင်တာ သေချာပါတယ်။ ဒီ သီရေတာတွေ၊ဒီဓါတ်ခွဲခန်းတွေ၊သစ်ပုတ်ပင်၊ငွေစာရင်းရုံး၊သိပ္ပံကင်တင်း ပုဂံလမ်း၊စစ်ကိုင်းလမ်း၊စတာတွေက ကျွန်မငယ်ငယ်တည်းကခြေရာထပ်ခဲ့တဲ့နေရာတွေပဲ။ တကယ့်တကယ်ရန်ကုန်တက္ကသိုလ်ပင်မထဲရောက်သည့်တိုင်၊အဲဒီမြေကထွက်ခွာလာခဲ့တဲ့ တိုင် ကျွန်မ အဲဒီလမ်းတွေကိုပြန်လျှောက်ချင်နေတုန်း။ပုဂံလမ်းဆိုတာကကျောင်းလာတိုင်း ပုဂံလမ်းမှတ်တိုင်မှာဆင်းလျှောက်နေကျလမ်း၊ကျောင်းရှေ့ကနေဝင်ဝင်၊ဘွဲ့နှင်းသဘင်ရဲ့ နောက်ဖက်ပေါက်ကနေဝင်ဝင် ဘယ်လိုဝင်ဝင်ပိုနီးပေမယ့် ပုဂံလမ်းကနေပဲနေ့တိုင်းဆင်း လျှောက်ခဲ့တဲ့တိုင် တစ်နေ့မှမရိုးနိုင်တဲ့လမ်းကလေး။ပုဂံလမ်းပေါ်က အမှတ်တရနေ့ရက် တွေကိုလည်း မမေ့နိုင်စတမ်းပေါ့။

မိုးလင်းကနေမိုးချုပ် အတန်းမှန်သမျှတက် ကျောင်းထဲမှာတစ်နေကုန်နေတတ်တာ ကျွန်မ တို့အုပ်စုပဲရှိလိမ့်မယ်ထင်တယ်။မနက်တစ်ဝက် ညနေတစ်ဝက် ခွဲထားတဲ့နောက်ဆုံးနှစ် ဂုဏ်ထူးတန်းတန်းခွဲနှစ်ခုမှာ ကျွန်မတို့က မနက်ပိုင်းပါ။ဒါကိုမနက် ၇နာရီခွဲကနေကျောင်း စတက်လိုက်တာ ညနေတန်းခွဲပြီးတဲ့ငါးနာရီမှပြန်ပါတယ်။အဓိကအကြောင်းပြချက်ကတော့ ညနေပိုင်းသင်တဲ့ ဒေါက်တာထွန်းခင်အတန်းကိုတက်တာပါ။ဒါပေမယ့် အဲဒါအဓိကအချက် တော့မဟုတ်ခဲ့တာကိုယ့်ကိုယ်ကိုသိပါတယ်။ကျောင်းထဲမှာတတ်နိုင်သမျှနေမယ်ဆိုတဲ့စိတ် ကလေးနဲ့နေခဲ့လိုက်တာပါ။နောက် မဟာ တန်းဆိုတာက ဆက်တက်ဖြစ်သည့်တိုင်ဒီလူ တွေအကုန်ပါမလာနိုင်တော့ဘူးဆိုတာကို ကျွန်မကြိုတွေးထားခဲ့ပြီပဲ။ပန်းလှေလမ်းခွဲကဗျာ စုကိုတောင် ဒုတိယနှစ်ဂုဏ်ထူးတန်းအပြိးကျောင်းပိတ်ရက်ကတည်းကရေးပြီးနေခဲ့ပြီလေ။

မြကျွန်းညိုကိုသတိရပြီဆိုမှဖြင့် မြကျွန်းသာလက်ဘက်ရည်ဆိုင် (ဝိဇ္ဖာကင်တင်းက) ကိုလည်းသတိရမိပါတယ်။သိပ္ပံဘက်ကနေကျော်ကျော်ပြီး ဝိဇ္ဇာကင်တင်းမှာထမင်းသွားစား ရခြင်းအကြောင်းအရင်းက အင်းဝရှေ့ကခုံတွေကို မဦးနိုင်လို့တစ်ခုတည်းမဟုတ်ပါဘူး။အဲဒီ မှာ မောင်ကြည်သစ်ရှိတယ်၊နန္ဒသိန်းဇံရှိတယ်၊မောင်မောင်ဇေယျရှိတယ်…။နောက်ပိုင်းကျ ကျွန်မတို့ ရာစုသစ်အုပ်စုက သူငယ်ချင်းလေးတွေပါရှိလာတော့ အဲဒီဖက်ပဲခြေဥိးလှည့်ဖြစ် ပါတော့တယ်။အဲဒီကနေတဆင့်မှ ဆက်သွားချင်တယ်ဆိုရင် ဦးချစ်ဖက်ပေါ့။နယ်မြေကျော် ကျော်လာတဲ့ ကျွန်မကို ဒဂုံဆောင်ပေါ်က သူငယ်ချင်းတွေကလှမ်းလှမ်းအော်နေကျပါ။ဒဂုံ ဆောင်ဆိုတာက များသောအားဖြင့် နေဆူးသစ်တို့လို ဘူုမိကျောင်းသားတွေထားတဲ့ နေရာ ပေါ့..။(အော်တဲ့ထဲသူမပါပါဘူး..အဲဒီတုန်းက သူတွဲနေကျ ညီဆင်းသစ်နဲ့ အဝေးတစ်နေရာ ကနေ လက်လှမ်းပြသွားတတ်ရုံပါပဲ..)

ညနေဆို တော်တော်နဲ့မပြန်သေးပြန်ပဲ ဦးချစ်မှာစကားလက်ဆုံကျနေတတ်တဲ့နေ့ရက်တွေ ကိုလည်းသတိရတယ်။အိမ်မှာဆို ရေနွေးကြမ်းဟာ ဘာအဖတ်တွေရောထားမှန်းမသိတဲ့ ရေပူပူပေါ့။အဲဒီမှာဆိုရင်တော့ ရေနွေးကြမ်းလည်းတစ်အိုးပြီးတစ်အိုးသောက်ကြတယ်။ ပြောမကုန်နိုင်တဲ့စကားတွေလည်းပြောကြတယ်။ နောက်ပိုင်းကျတော့ရာစုသစ်မြစ်ကျဉ်း အုပ်စုတွေကဗျာအတွက်ဆုံကြတော့လည်း ဦးချစ် သို့မဟုတ် အရှည်ကြိးရဲ့ တောင်ပိန္နဲပင် အောက်ကခုံတွေမှာပါပဲ။

သိပ္ပံဆောင်ဟာ ဇာတိမြေဆိုရင် မြကျွန်းသာဟာ အနုပညာတချိုကနဲ့ဝေစည်နေတဲ့ဥယျာဉ် လေးတစ်ခုပေါ့။တောင်ငူဆောင်နဲ့ ဦးချစ်ဆိုင်ကတော့ သိပ်ကိုချိုမြတဲ့ ဂန္ထဝင်များစွာနဲ့ဖွဲ့သီ ထားတဲ့အရပ်။ပုဂံလမ်းက အမှတ်တရနေ့ရက်များစွာဝှက်သိုသိမ်းဆည်းရာနေရာ။ စစ်ကိုင်း လမ်းကတော့ ပျော်ရွှင်မှုများစီးဆင်းသွားရာအရပ်၊(ကိုနေဝင်းအတွက်ကတော့..ခုညတော့ အိပ်နိုင်မယ်မထင်ဘူး ဆိုတဲ့လမ်းကလေး..)..သထုံလမ်းကလေးကတော့ မိုးပိတောက်တွေ နဲ့စိမ်းစိုတိတ်ဆိတ်နေတဲ့အတိတ်ရပ်ဝန်း။လွမ်းတယ်။အကြောင်းပြချက်များစွာထဲက တစ်ခု မှမကြွင်းကျန်ခဲ့ရင်တောင်လွမ်းနေဦးမယ့်နေရာလေးတစ်ခုပါပဲ။

မြကျွန်းညိုနဲ့အတူသတိရနေကြောင်းပြောချင်မိသူတွေက ဘယ်သောအခါမှ ကိုယ့်အတွက် negative ဆိုတာမပေးခဲ့ပဲ (နင့်ဆီမှာနိုးလို့ပြောတတ်တဲ့အကျင့်ရောရှိသေးလားလို့မေးချင် ရလောက်အောင်သဘောကောင်းခဲ့တဲ့သူငယ်ချင်း)သံလွင်ချမ်းမြေ့။ခုဆိုရင်တော့ သူဟာ တစ်ချိန်က အဲလိုလူပါလားလို့ ပြန်တွေးရမှာတောင်ခပ်ခက်ခက်ဖြစ်စေတဲ့လူတစ်ယောက် ဖြစ်နေပါပြီ။ဆတ်ဆတ်ကျဲ။မဟုတ်မခံ၊မန်းဆေးတက္ကသိုလ်ရဲ့ ပြဿနာလေးတစ်ပွင့်ကိုဖြစ်
လို့..။နောက်..ကျွန်မ နားမှာတစ်ချိန်လုံးဆိုးအတူကောင်းအတူနေခဲ့ပြီးကာမှ Thesis ပြီးခါ နီးချိန်ကျမှ သင်းကွဲဘဝကိုတစ်စုံတစ်ယောက်ကဆွဲထုတ်မွှေနှောက်သွားတာကိုခံလိုက်ရ တဲ့ ကျွန်မရဲ့အကောင်းစားသူငယ်ချင်းလေး။တစ်ချိန်ကသိပ်ထက်မြက်ခဲ့ပါတယ်လို့ ဘုရား စူးကြိမ်ပြောရမယ့်နင့်သူငယ်ချင်းကိုကြည့်စမ်းလို့ ..ပြောယူရတဲ့ထိ နယ်မြို့ကလေးတစ်မြို့ က စီးပွားရေးသမား ကလေးနှစ်ယောက်အမေ သူငယ်ချင်းလေး။ဘဝမုန်တိုင်းဒါဏ်တွေကို ငယ်ငယ်တည်းက ရုန်းခံတွန်းလှန်ခဲ့ပြီး ခုထိလည်းရုန်းကန်နေရဆဲ မတည်ငြိမ်နိုင်သေးတဲ့ ဒလဖက်ကမ်းက ကျွန်မတို့အုပ်စုရဲ့ မွေးစားကလေးလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်။

တွေ့လေရာတကောက်ကောက်လိုက်မုန့်တောင်းစားတတ်တဲ့ ဥပဒေပညာရှင်ကြီးတစ်စု လည်းရှိသေးတယ်။တစ်ခါတစ်ခါသူတို့များသိပ်အားနေရင် ရူပဗေဒအဆောင်တစ်ဆောင် လုံးကိုပတ်လို့ ကိုယ့်နာမည်အော် ပြီးမုန့်ကိုကြွေးတောင်းသလိုလာတောင်းစားတတ်တဲ့သူ တွေ ။အဲဒီတုန်းကတော့ ကြောက်လို့ထွက်ပြေးတာပဲ။ခုတော့လည်းသူတို့ကိုသတိရပါမိပါ ရဲ့ ။အဲဒီထဲက ကာတွန်းမင်းသားကတော့မင်းသမီးဟောင်းတစ်ယောက်နဲ့အကြောင်းပါသွား တာသိခဲ့ရတယ်။

နောက်ဆုံးနှစ်ဂုဏ်ထူးတန်းမှာ စာသင်ဝိုင်းတစ်ခုအဖြစ်ဆုံဆည်းပြီးပိုတွဲဖြစ်ခဲ့ကြတဲ့သူငယ် ချင်းတွေလည်း ခုတော့တစ်နေရာစီမှာ။ပဲခူးဆောင်ရဲ့ဂီတမှူးတစ်ယောက်ကတော့တစ်ခါ တစ်ခါ မျက်စိလည်လမ်းမှားပြီးဘလော့ကိုရောက်ရောက်လာတတ်တယ်။တစ်ယောက်က တော့ အင်္ဂလန်မှာ၊စာရင်းတွေဇယားတွေနဲ့ဘဝကိုမြုပ်နှံလို့။တစ်ယောက်ကလည်းတတ်တဲ့ ပညာမနေသာဆိုသလို နယ်မြို့ကလေးတစ်မြို့မှာကလေးတွေကိုစာသင်လိုက် electric current တွေမမေ့အောင်မီးသွယ်တဲ့အလုပ်လုပ်လိုက်နဲ့တဲ့..။(ကလေးတွေရှေ့ရေးနဲ့ မီးရေး ကိုတော့ ထူးပြီးတွေးမပူနေတော့ပါဘူး..:P ) မိဘနှစ်ပါးကိုပြုစုဖို့မိန်းမတော့ယူမှဖြစ်မယ်ဆို ပြီး နယ်ပြန်သွားပြီးကတည်းကတစ်ခါမှမဆုံတော့တဲ့သူငယ်ချင်းတစ်ယောက် မနှစ်ကပြန် တွေ့တော့ လူပျိုကြီးပဲ တဲ့။ရန်ကုန်လိုနေရာမှာလမ်းလေးနှစ်ခုခြားတာတောင်ဖုန်းတစ်ချက် ဆက်စကားပြောဖော်မရတဲ့သူတို့သူငယ်ချင်းမလေးကိုသူတို့လည်းသိပ်သတိရတော့မယ်မ ထင်ပါဘူး။


(ဃ)
ဘဝတစ်ခု ပြိုကျမသွားခင်
ကျားကန်ထိန်းသိမ်းပေးခဲ့ရာ နေရာလေး
စိတ်ရှုပ်စရာဆိုတာတွေးချိန်မရှိအောင်
အချိန်ပြည့်အလုပ်တွေနဲ့
ကွယ်ကာကုသပေးခဲ့တဲ့နေရာလေး..
မင်းရင်ခွင်သေးသေးလေးကိုလွမ်းတယ်
အလူမီနီယံတံခါးတစ်ချပ်ကိုဆွဲပိတ်လိုက်ပြီဆို ကိုယ်ပိုင်ကမ္ဘာတစ်ခုလိုဖြစ်သွားစေတဲ့ ကျွန် မအလုပ်လုပ်ရာ ရုံးခန်းကလေး။တခြားလူတွေဘယ်လိုပဲပြားပန်းခတ်မျှအောက်မှာလှုပ်ရှား နေနေ ကျွန်မကတော့တံခါးလေးတစ်ချပ်ပိတ်လိုက်တာနဲ့အာရုံတွေဖြန့်ကျက်လို့ရတဲ့နေရာ တစ်ခုဖြစ်သွားခဲ့ပြီ။ကွန်ပျူတာရှေကထိုင်ပြီး အင်တာနက်ကွန်ယက်နဲ့အတူစီးမျောမလား။ စားပွဲပေါ်မှာပြန့်ကျဲမို့မောက်နေတဲ့ စာအုပ်တွေရဲ့ခေါ်ဆောင်ရာအတိုင်းအတွေးကွန်ယက် ဖြန့်ကျက်လိုက်သွားမလား။ဒီဇိုင်းစာရွက်တွေ၊စာမူပုံတွေ၊စာအုပ်ပုံတွေ၊ပြဿနာပုံတွေထဲမှာ ခေါင်းမဖော်နိုင်ခဲ့သည့်တိုင် အဲဒီနေ့ရက်တွေနဲ့နေရာလေးကိုတော့သတိရနေတုန်း။

အလုပ်ခန်းလေးနဲ့အတူ ကျွန်မနဲ့အလုပ်တူတွဲလုပ်ခဲ့ကြဖူးတဲ့စာပေမောင်နှမတွေ .. မိတ်ဆွေသူငယ်ချင်းတွေကိုလည်းသတိရပါတယ်။

(င)
မိတ်ဆွေ တဲ့
စိတ်စေတနာမပါပဲ
တစ်ဆစ်စာလျှာဖျားကိုအသုံးပြု
ဝေါဟာရတုတွေခပ်များများနဲ့
ငါ့ရဲ့နေ့တွေကိုကျန်းမာရေးကောင်းစေခဲ့သူများ
သင်တို့အား ငါကောင်းချီးပေးပါရစေ။

ကျန်းမာရေးသိပ်မကောင်းတတ်တဲ့ကျွန်မကို ဖုန်းဆက်လိုက်တိုင်း မသေသေးဘူးလားလို့ ခေတ်သစ်လူမမာမေးနည်းနဲ့မေးတတ်တဲ့အကြည်တော်၊မနော် အားရင်ဒီဖက်လျှောက်ခဲ့ဥိး လို့ ကိုယ်တစ်ယောက်တည်းလမ်းလျှောက်တတ်ပြီးသူကျ လမ်းမလျှောက်တတ်သလိုခေါ် တဲ့ ကိုသျှီ(သူများတွေကတော့သူ့ကို အစ်ကိုအောင်လို့ခေါ်ကြတယ်။ကိုယ်ကတော့ရိုင်းရာ ကျမှာစိုးလို့မခေါ်ပါဘူး. :P)..။ နင်က သမီးလှလှလေးတွေမှ ကိုသျှီ့လိုမွေးမထားတာ သား ချည်းပဲ ဆိုတော့နင့်ဆီလာမလည်ချင်ဘူး ဆိုတဲ့ကိုဇော်သက်ထွေး၊လာလိုက်ရင် ဖင်ပူ အောင်မထိုင်ရသေးဘူး ကန့်သတ်ချိန်နာရီကိုတကြည့်ကြည့်နဲ့ (ထိုက်ထိုက်ကန့်သတ်ပေး လိုက်တဲ့အချိန်အတိုင်းပြန်ပြေးဖို့ကြိုးစားနေတဲ့) ကိုမျိုးမင်းယု(မျိုးကိုမျိုး)၊သတင်းပေါင်းစုံ ကိုဟုတ်တာရောမဟုတ်တာရောအကုန်သယ်လာတတ်တဲ့ဝေမှူးသွင်၊ကျွန်မနဲ့ အသွင်လဲမ တူပါပဲ ညီအစ်မတွေလိုခင်နေကြတဲ့ မမသည်း(ခင်လိမ္မာ)၊မချို(ခင်ချိုချိုဦး)၊ဝင်းမာ၊သီတာစိုး သူတို့နဲ့အတူ တစ်နေရာကနေတစ်နေရာကူးပြီးသူတို့ရဲ့ သတင်းသမားဘဝကို ဘေးက လိုက်ထိုင်ကြည့်လေ့လာခဲ့ဖူးတဲ့နေ့ရက်တွေ။

သူတစ်ပါးကဥိးနှောက်ဖောက်စားထားတာကို.ခံထားရလို့လားမသိဘူး….တစ်နေ့တခြားအရွယ်နဲ့
မမျှအောင်အိုစာလာတဲ့..အဖိုးကြီးရုပ်ကလေးနဲ့..ကိုယ့်ကိုယ်ကိုယ်..စိတ်ဓါတ်မြှင့်တင်ရေးလုပ်တဲ့
အနေနဲ့ကိုယ့်ကိုအန်တီလာလာခေါ်ဖို့ကြိုးစားတတ်တဲ့.မောင်သစ္စာ(သစ္စာပိုင်စိုး)၊ရုပ်တည်ကြီးနဲ့ လူတွေကိုကလောင်တစ် ချောင်းနဲ့အမိအရနှိပ်စက်တတ်လို့ တစ်သက်စာ ဘီတီဘီတီဗန်ဗန် ဆိုတဲ့သံစဉ်နဲ့တွဲမှတ်မိ ခံရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ခုထိလည်း နင်မကြောက်ရင်ငါ့အကြောင်းရေးလိုက်ပေါ့…လို့ခြိမ်းချောက်သံနဲ့ဆိုတဲ့…ကိုမင်းလူ..၊အမြဲတမ်းလို
အလုပ်ရှုပ်နေတတ်ပြီး..သောကတွေဘယ်လောက်များများအမြဲပြုံးချိုစွာနေတတ်တဲ့ သူငယ်ချင်းလူပန့်ငယ်။

(စ)
ရောင်စဉ်တံလျှပ်တွေအထပ်ထပ်နဲ့

ရေကြည်သန့်တွေကိုငတ်မွတ်ခဲ့သောနေ့ရက်များမှာ

ငါ့ကောင်းကင်တောင်ကြားလမ်းကအလင်းတချို့
ငါ့ရင်ကိုဆို့နင့်စေခဲ့ဖူးတယ်

ကြေကွဲလွယ်တယ်ဆိုပေမယ့်
မေ့တော့မမေ့လွယ်ခဲ့ပြန်ပါဘူး။

သူ့အိမ်ရောက်တာနဲ့ ထမင်းချိန်ထမင်း ၊ကော်ဖီချိန်ကော်ဖီ တစ်ခုခုလုပ်ကျွေးတတ်ပြီး လူကိုကြည့်လို့အားမရရင် အားဆေးပါတိုက်လိုက်သေးတဲ့၊ဆေးရုံအရေးပေါ်တင်လိုက်ရပြီ ဆိုအနားကနေ စောင့်အိပ်ပေးတတ်တဲ့ မသန္တာ၊ပင်ပမ်းမယ့်အလုပ်ဆို လေတောင်မချွန်စား တဲ့ လက်ဘက်ရည်ဆိုင်တစ်ခါထွက်ထိုင်ဖို့အတွက်ကားနဲ့ပင့်ယူရတတ်ပေမယ့် သူအလိုရှိ ရင်တော့ ဘယ်လိုချိန်ဖြစ်ဖြစ်ရောက်လာတတ်တဲ့ မဆွေ(ကိုတာရာမင်းဝေတောင်သူ့ကို မှော်ဆရာရဲ့ကျောင်းစာအုပ်ထဲမှာ ထည့်ရေးထားသေးတယ်)၊ ကလေးတစ်ယောက်တော့ မွေးစမ်းပါဟယ် ငါတို့လည်း ရှိနေတာပဲ အကုန်ဝိုင်းမွေးပေးမှာပေါ့ ဆိုပြီး ကလေးမွေးတော့ တစ်ကောင်မှအနားမှာမရှိတဲ့ ဆေး(၂)ကချစ်လှစွာသောသူငယ်ချင်းများ၊(ယုံစားမိတော့လဲ ကလေးတစ်ယောက်အဖတ်တင်တာပေါ့ သူတို့ကိုတောင်ကျေးဇူးတင်ရဦးမှာ..အဲဒီထဲက ဒီ ဘလော့ကိုလာလာဖတ်နေတဲ့ မီရေ အားလုံးကိုကြုံရင်ပြန်ပြောပြပေးပါ။သတိတရကျေးဇူး တင်ရှိနေကြောင်း…)


အချိန်တွေက တရွေ့ရွေ့နဲ့။ အချိန်ဆိုတာ တကယ်အကုန်မြန်တတ်တဲ့အရာလား။ မရွေ့ တရွေ့နဲ့ တကယ်ပဲမရွေ့နိုင်တတ်တဲ့အရာလေလား။စိတ်တွေရဲ့စေစားရာတွေအတိုင်းရွေ့ မျောရင်း သတိရခြင်းတွေက တားမနိုင်ဆီးမရ ငွေ့ရည်ဖွဲ့လာတဲ့အခါ ငါဘယ်မှာရွာချလိုက် ရတော့မလဲ…………….။ကျောက်ထက်အက္ခရာတွေထွင်းထု၊စကားလုံးအစုစုတွေက ငါ့ကို လိုက်လံစိုစွတ်စေခဲ့ပြီ။မနက်ဖြန်မှာမင်းမရှိတော့ဘူးဆိုရင် မနက်ခင်းရဲ့အလင်းတွေကိုလဲ ငါမလိုချင်ပါဘူး။အစတည်းက ဘာလို့ အရာရာကိုငြင်းမထုတ်နိုင်ခဲ့ရတာတဲ့လဲ။ခုတော့….. သူရေးခဲ့တဲကဗျာလေးတစ်စကဖြင့် သတိရကြောင်းတွေကိုပြောပြစေခဲ့ပြီ။


ကဲ....မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ.....သူ့ကို သတိရကြောင်း
ပြောပြပေးပါ......၊၊ ၊၊
မနော်ဟရီ


Another Virtual World

Wednesday, May 27, 2009

တကယ်တမ်းကျတော့ ရေဒီယိုလောက ကလည်း ခု အွန်လိုင်းမိတ်ဆွေတွေလို virtual world တစ်ခုပါပဲ။ ၈၈ကျောင်းပိတ်တော့ ကျွန်မတို့ညီအစ်မ စလုပ်တာက စာရေးတယ်။က ဗျာတွေ၊ဝတ္ထုတိုတွေ..။နောက် အဖွားဘေးသွားပြီး ရေဒီယိုနားထောင်တယ်။မေးပါများ စကားရ တို့ ကျေးတမာနဲ့ပေဖူးလွှာတို့..။နောက် မာမီကကျတော့ ဘာသာရေးနားထောင် တယ်။သူနားထောင်တာက အရှေ့ဖျားအသံ။FEBC(Far East Broadcasting Company).

လိုက်နားထောင်ရင်း သီချင်းတောင်းတဲ့ကဏ္ဍတွေမှာ နာမည်တချို့ကိုထပ်ခါတလဲလဲကြား ရတဲ့အပြင် သူတို့ချင်းချင်းလည်းသိပ်ရင်းနှီးသလို သီချင်းတွေတောင်းပေးနေတာကိုကြားရ တယ်။ဒီလူတွေပဲ FEBC,RVA,AIR,မြန်မာ့အသံ(မြန်မာပိုင်း+အင်္ဂလိပ်ပိုင်း)၊ပါကစ္စတန်အသံ နောက်..ရေဒီယိုပီကင်း..အစုံအစုံမှာ ပြန်ပြန်ကြားနေရတော့ စိတ်ဝင်စားလာတယ်။

တစ်နေ့ကျတော့ FEBCက မမနော်ဂေမူး ကလာလည်ပါဆိုတာနဲ့ မမနော်ဂေမူးဆီသွားရင်း သူရှင်းပြမှပဲ ဒီလူတွေအချင်းချင်းဘယ်လိုသိတယ်ဆိုတာသိရတော့တယ်။အဲဒီထိ RVA ကို မသိသေးပါဘူး။မမနော်ဂေမူး ကျေးဇူးနဲ့ နမ္မတူက စောနန်းစံလွင်၊မျိုးခိုင်စံလွင် ဆိုတဲ့အမြွှာ ညီအစ်မကိုစသိခဲ့တယ်။(လုံးဝမတူသောအမြွာပါ..တစ်ယောက်ကဖြူ.တစ်ယောက်ကညို တဲ့အပြင် တစ်ယောက်က ခေတ်ဆန်ဆန် တစ်ယောက်က မြန်မာအကျီ င်္မချွတ်တမ်းဝတ်.နဲ့ အဲလိုထူးခြားသော အမြွာ)

နောက် စောနန်း ကျေးဇူးနဲ့ အန်တီခက်ဝေလတ်၊မမခင်လင်းအေး၊မသင်းဇေယျာလင်း တို့ပါ သိခဲ့ရတဲ့အပြင် RVA နဲ့လည်းအဆက်အသွယ်ရခဲ့တယ်။FEBC က ဧဝံဂလိလုပ်တဲ့အဖွဲ့အ စည်းတစ်ခုပါ။Baptists တွေပါ။RVA ကလည်းသူတို့လိုပါပဲ။ဒါပေမယ့်သူတို့က Roman Catholic တွေပါ။ဒါပေမယ့် သောတရှင်အများစုကတော့ ဗုဒ္ဓဘာသာတွေများပါတယ်။ဝါဝါ အပါအဝင်.. ဂျူတို့ညီအစ်မတွေရောပေါ့။(ဂျူများဆို သူ့ profile မှာဖြည့်ပုံက Strong Buddhist တဲ့..  ..ဒါက စကားချပ်)


နှစ်လေးဆယ်သက်တမ်းရှိသွားပြီဖြစ်တဲ့ RVA
နောက်ပိုင်းမှာ RVA က မမမာလာ မမခင်မေထွေး တို့နဲ့လည်းစာတွေအပြန်အလှန်ရေးဖြစ် ကြတယ်။သူတို့ကို ကျွန်မ ချီးကျူးတာက တစ်နိုင်ငံလုံးက စာတွေကို လုံးဝအကြွေးမထားပဲ သေချာစာပြန်ပေးတာပါပဲ။သိပ်အံ့သြစရာကောင်းတယ်။ဒီကလူတွေကလည်း သူတို့ကိုချစ် ကြတယ်။သူတို့လိုချင်တဲ့ မြန်မာငရုတ်သီးမှုန့်တွေ၊နနွင်းမှုန့်တွေ၊မဆလာတွေကို ပလတ်စ တစ်အိတ်ထဲထည့်၊စာထူထူထဲထိုးထည့်လို့ ပို့ကြတယ်။ဟိုကလည်း နည်းနည်းချင်းစီစုထား ပြီးချက်စားတယ်။အဲလိုချစ်ခဲ့ကြတာ(ဒေါ်မေခ တို့တော့မပါပါဘူး။ဒေါ်ဂျူပါတယ်။ဝါဝါပါလား မသိ..မပါလောက်ဘူးထင်တာပဲ..)

နောက်ပိုင်းကျတော့ RVAကဖွင့်ထားတဲ့ကလောင်မိတ်ဆက်ကဏ္ဍမှာ ကိုယ့် ကိုယ်ရေးရာဇ ဝင်လေးပေးလိုက်ရင် သူတို့ကဖတ်ပြ မိတ်ဆက်ပေးတယ်၊အမည်၊အသက်၊ဝါသနာ၊နေရပ် လိပ်စာပေါ့။ပြီးရင် မွေးနေ့ရောက်တိုင်းတစ်ယောက်ချင်းစီရဲ့မွေးနေ့တွေမှာ သီချင်းတစ်ပုဒ် နဲ့နှုတ်ဆက်တတ်ပါတယ်။(ဒါကတော့ ဒီနေ့ထိပါပဲ။နှစ်စဉ် ဒီဇင်ဘာ ၁၄ ရက်မနက်တိုင်းနား ထောင်မယ်ဆိုရင် ကြားနိုင်ပါတယ်။)အဲဒီကနေ တိုးပွားလာတဲ့မိတ်ဆွေတွေက အများကြီး ပါ..ဂျူတို့ညီအစ်မလို တကယ့်ညီအစ်မ ရင်းချာလိုခင်မင်ခဲ့တဲ့သူတွေလည်းအများကြီးပါပဲ။ခု ဝါဝါနဲ့ပြန်တွေ့ချိန်မှာ ရင်းနှီးသွားတယ်ဆိုတာကလည်း အဲဒီသံယောဇဉ်တွေပဲပေါ့။

ကျွန်မ ဒီကိုထွက်မလာခင်တစ်လလောက်ကပဲ မမမာလာရန်ကုန်ရောက်လာလို့ တွေ့ဆုံပွဲ တစ်ခုလုပ်တော့ သွားဖြစ်လိုက်သေးတယ်။ဒီနောက်ပိုင်းလူတွေကိုတော့ ကျွန်မ မသိတော့ ပါဘူး။(၁၉၉၃ လောက်တည်းက ရေဒီယိုဆိုတာ ဘာမှန်းသိပ်မသိတော့တာပါ။)..ဒါပေမယ့် သေချာတာက ရေဒီယိုက အချစ်ဦးမို့ အရေးအကြောင်းဆို မပစ်ပယ်နိုင်ပါဘူး။နာဂစ်တုန်း ကလည်းရေမီးမရှိတဲ့ကမ္ဘာကြီးထဲမှာ ဓါတ်ခဲရေဒီယိုလေးတစ်လုံးနဲ့နှစ်ပါးသွားခဲ့ရတာလေ။ဒါ ကလည်းမေ့လို့မရတဲ့ကိစ္စတစ်ခုပါပဲ။

ကျွန်မ အဲဒီလောကကိုနောက်ခံထားတဲ့ လုံးချင်းတစ်အုပ်ရေးဖြစ်ပါတယ်။ သောကြာကြယ် ကတဲ့ရထား .. တဲ့။အဲဒီထဲက အဓိက ဇာတ်ကောင်တွေကလွဲရင် သူနာပြုဆရာမလေး ဂျာ မိုင် ကအစ အားလုံးက ဒီလောကထဲကတကယ့်သက်ရှိတွေပါ။အဲဒီစာအုပ်ကို မြန်မာကျူး ပစ်က သူငယ်ချင်းတင်မင်းထက်တို့အုပ်စုက အီးဘွတ်လုပ်ထားတာမို့ သူတို့ဆီမှာ သွားပြီး ဒေါင်းလို့ရပါတယ်။



ဒီလောကလေးက တကယ့်ကို စိတ်ဓါတ်ရေးရာအရ မြှင့်တင်အားပေးနိုင်ခဲ့တဲ့ကမ္ဘာလေး တစ်ခုပါ။ကျွန်မကိုယ်တိုင် ကိုယ်တစ်ပိုင်းသေနေတဲ့ မျက်စိမမြင်တဲ့ မမ Olive နဲ့လည်းသိခဲ့ ရတယ်။မမOlive ဟာ မျက်စိသာမမြင်တာ ပညာတတ်ဘွဲ့ရမို့ သူကစာတွေကိုစမ်းပြီးကိုယ် တိုင်ရေးပါတယ်။လိုင်းညီအောင် စာရွက်ကိုခေါက်ပြီးအရာလေးတွေကိုစမ်းရေးတာပါ။

အမှန်က..မမOlive..ကို..ကျွန်မငယ်ငယ်တည်းကသိပါတယ်။ကျွန်မအဖေပုသိမ်ကောလိပ်မှာတာဝန်ကျတုန်းက..သူ့အစ်မက..အဖေ့တပည့်တစ်ယောက်မို့သူတို့အိမ်လည်းဝင်ထွက် နေခဲ့ဖူးတယ်။နောက်မှသူမျက်စိကွယ်သွားတယ်၊ကိုယ်တစ်ခြမ်းသေသွားတယ်၊အဲဒီ၁၉၉၅တစ် ဝိုက်မှာသူဆုံးသွားပါတယ်(အတိအကျတော့မမှတ်မိတော့ဘူး)

သူ့လိုပဲ နောက်ထပ် ခန္ဓာကိုယ်တစ်ပိုင်းသေနေတဲ့လူတစ်ယောက်လည်းသိခဲ့ဖူးတယ်။ကို ဇေယျာမင်း တဲ့။သူကတော့ စာကိုမှောက်ရက်ကိုယ်တိုင်ရေးပါတယ်တဲ့။ဒီလောက်ကြားထဲ ကပဲသူ့အိမ် ကြည့်မြင်တိုင်မီးထဲပါသွားသေးတယ်။ ကျွန်မလူကိုယ်တိုင်တော့ သူ့ကိုမတွေ့ ဖူးလိုက်ပါဘူး။သူ့လက်ရေးလေးတွေက ညီပြီးသပ်သပ်ရပ်ရ့ပ်ရှိလှတာတော့မှတ်မိနေတယ်

နောက်တစ်ယောက်ကတော့ အောက်ပိုင်းသေနေပေမယ့် ဒိနေ့ထိ တက်ကြွလန်းဆန်းနေ ဆဲလူတစ်ယောက်ပါ။ကျုတ်ကျုတ်ကြည်မြင့် လို့ခေါ်ပါတယ်။ကျွန်မ မမမာလာနဲ့သွားတွေ့ တုန်းကတောင်သူနဲ့တွေ့ခဲ့သေးတယ်။ Wheel Chair တစ်ခုနဲ့ သူ့အိမ်ကလည်းသူ့ကိုပံ့ပိုး ပေးနိုင်တာကိုး။သူ့ကို ပထမဆုံးဘီးတပ်ကုလားထိုင်ပေးခဲ့တာက RVA ပါ။၁၉၉၃ဝန်းကျင် က တွေ့ဆုံပွဲတစ်ခုမှာပေးခဲ့တာကိုမှတ်မိနေတယ်။

အဓိက က တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေပေမယ့် စာလုံးလေးတွေကနေ ရနေတဲ့ ခင်မင်မှုတွေသံယောဇဉ်တွေကြောင့် အားငယ်အထီးကျန်နေတဲ့သူတွေပြန်လည် သက်ဝင် လှုပ်ရှားလာကြတယ်။ရေဒီယိုကနေတဆင့် စဉ်ဆက်မပြတ်ကြားနေရတဲ့ ကိုယ့်ကိုစေတဲ့ တေးတွေကြောင့် သူတို့ဘဝတွေနွေးထွေးလာတယ်။သံယောဇဉ်ဆိုတာက အနေနီးမှဖြစ် စေနိုင်တာမျိုးချည်းပဲမှမဟုတ်တာ။တကယ်တမ်း အချိန်မပေးနိုင် တော့ဘူးဆိုပေမယ့် ဒီက တွေ့ကြုံခဲ့တဲ့ တကယ်ရရှိလိုက်တဲ့ မိတ်ဆွေကောင်းတွေကိုတော့ ကျွန်မဒီနေ့ထိတန်ဖိုး ထားပါတယ်။ရာထောင်ချီတဲ့ pen pals တွေထဲမှာ ကျွန်မတွေ့ဆုံဖူးခဲ့တဲ့သူတွေလည်း တော်တော်များပါတယ်။Julian July Moe တို့ညီအစ်မလို၊ဝတ်ရည်နဲ့မသင်းဇေယျာလင်းတို့ လိုလူတွေပါ။နောက် မတော်လိုက်ရသောယောင်းမ(ကျွန်မ ကမောင်ပေးရမှာပါ..)သဇင်..
(အမေက သူ့ကိုသိပ်ချစ်တာပါ..:P )..နန်းလောင်လှိုင်း..ငယ်ငယ် စသဖြင့်..ကျွန်မ ဒီနေ့ထိ အဆက်အသွယ်ရှိနေဆဲလူတွေလည်းရှိပါတယ်။

အမှန်က ကျွန်မက သောကြာကြယ်ကတဲ့ရထား ကိုရေးပြီးကတည်းက တာဝန်ကျေပြီ ထပ် မရေးတော့ဘူးလို့ စဉ်းစားထားတာပါ။မနေ့ကတော့ဝါဝါ့ပို့စ်ကိုဖတ် ပြီး ရေးချင်သွားတာနဲ့ ဒါလေးကိုထပ်ရေးဖြစ်လိုက်ပါတယ်။

စိတ်ဝင်စားတယ်ဆိုတဲ့ မောင်ဖိုးစိန်နဲ့တကွ (မန္တလာဇော်ဇွီဇွမ်းလည်း စိတ်ဝင်စားပုံရတယ်) စိတ်ဝင်စားသူများကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ချစ်ခင်စွာ
မနော်ဟရီ



အချစ် နဲ့ အလွမ်း

Wednesday, April 29, 2009

အချစ် နဲ့ အလွမ်း တဲ့။
အဲဒါ ကျွန်မ အစ်ကိုကြီး ငြိမ်းအေးအိမ် ရေးတဲ့စာမူပါ။ ကျွန်မရေးခဲ့တဲ့စောင့်ကြည့်ငှက် ကဗျာကိုရေးထားတာမို့ ကျွန်မခွင့်တောင်းပြီး တင်လိုက်တာပါ။
ကျွန်မ..စာပေလောက ထဲစရောက်တော့ ကျွန်မက သင်းကွဲတစ်ယောက်လိုပဲ..လူမှုရေးက လည်းညံ့လေတော့ မိတ်သိဆွေသိကလည်း ရှားတယ်။ ဘာသိဘာသာနေတတ်တာလည်း ပါတာပေါ့လေ။ နောက် တစ်ခုက အတွေ့အကြုံတစ်ခုအရ စာမူတွေကိုစာတိုက်ကနေပဲ တံဆိပ်ခေါင်းဖိုးအကုန်အကျခံပို့တတ်ပြီး စာမူပါလည်း မောင်ကတလှည့် သူငယ်ချင်းတွေ ကိုတလှည့်လှည့်ပြီး စာမူခသွားထုတ်ခိုင်းတတ်တဲ့သူဆိုတော့…အဲလိုဖြစ်တာမဆန်းပါဘူး။ နောက်ပိုင်းကျတော့မှ ကျွန်မ စာရေးဆရာတွေနဲ့ ပေါင်းသင်းတတ်သွားတယ်။
ကျွန်မ ၁၉၉၆ မှာ သရဖူ တိုက်ကိုစရောက်ဖူးပါတယ်။ အဲဒီကိုမရောက်ခင်တည်းကလည်း ကျွန်မ ခရမ်းရောင်သစ္စာ (ကိုငြိမ်းဝတ္ထုတို တစ်ပုဒ်ပါ..)ရဲ့ပရိသတ်။ နောက်တော့ ကိုတာရာ မင်းဝေနဲ့အတူ ရှစ်မိုင်က ဆရာဇော်ဇော်အောင့်ဆီရောက်တယ်။အဲဒီနားကနေ ကိုငြိမ်းဆီပါ ရောက်ခဲ့တယ်။နောက် မြောက်ဥက္ကလာက ကိုရဲ(သစ္စာနီ)ဆီရောက်တယ်။အဲဒီနောက်မှာ တော့ကျွန်မ ဆက်လက်ပေါင်းသင်းတာ အားလုံးက အနုပညာသမားတွေချည်းဖြစ်လို့နေ တော့တယ်။
တကယ်တော့ စာပေသမားတိုင်း အနုပညာသမားတိုင်း အသွေးအရောင်တွေ ရင်ခုန်သံ တွေတူနေတာမဟုတ်ပါဘူး။အဲဒီထဲကမှ ဘုရားသခင်က ကျွန်မကို ချစ်လှစွာသောအစ်ကို တွေအစ်မတွေ အများကြီးပေးခဲ့တယ်။ကိုငြိမ်းဟာ အဲဒိထဲကတစ်ယောက်ပေါ့။ဒါပေမယ့် တစ်ချိန်ကတော့ သူ့ညီမရင်ထဲကိုဒီလောက်ထိကြည့်တတ်လိမ့်မယ်လို့ မထင်ထားပါဘူး။ အားလုံးသိတဲ့အတိုင်း ကဗျာဆရာဟာ ကဗျာကိုဖန်တီးချိန်မှာ ကဗျာခေါ်ရာအတိုင်း စိတ်ခံ စားမှုအလျဉ်အတိုင်း စီးမျောလိုက်ပါသွားလိုက်တာ ကိုယ့်ကိုယ်ကိုတောင် ပြန်မမြင်တတ်ပါ ဘူး။ အဲဒီအခိုက်အတံ့က ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေတဲ့ ကျွန်မကို ကိုငြိမ်းက ပြန်ပြီးသရုပ်ဖော်ပေးထားတဲ့အတွက် ကျေးဇူးလည်းတင်သလို ဝမ်းသာဝမ်းနည်းလည်းဖြစ် ရပါတယ်။
ကျွန်မ အဲဒီစာမူကိုဖတ်ရတဲ့နေ့က တစ်ယောက်တည်းငိုနေမိခဲ့တယ် ။ ကျွန်မဟာ ချစ်ခင်သူတွေနဲ့ဝေးရာမှာနေရမယ့် ကျိမ်စာအမှတ်အသားနဲ့လူလားလို့လည်း တွေးနေမိခဲ့ တယ်။ဒါပေမယ့် သေချာပြန်တွေးကြည့်တော့ ကျွန်မတို့ ဘယ်မှာဝေးနေကြလို့လဲ။ ကျွန်မလည်းကျွန်မအလျောက် သူတို့ရင်ထဲကိုထွင်းမြင်နိုင်တယ် ။သူတို့လည်းသူတို့အ လျောက် ချစ်ခင်သူတွေရင်ထဲကိုထွင်းမြင်နိုင်တယ်။အကာအရံတွေ တံတိုင်းတွေ အချိန်နဲ့ အကွာအဝေးတွေဆိုတာက ကျွန်မတို့ အားလုံးရဲ့ အတွင်းထဲမှာပဲ ရှိနေတဲ့အရာ ဆိုတာ ကို သိလိုက်မိလိုပါပဲ…
ကိုငြိမ်း ရဲ့ အချစ် နဲ့ အလွမ်းဟာ ကျွန်မတို့အားလုံးရဲ့ အချစ်နဲ့အလွမ်းဖြစ်လိမ့်မယ်လို့ ကျွန်မယုံတယ်။
ချစ်ခင်စွာ
မနော်ဟရီ





အချစ် နဲ့ အလွမ်း

သစ်ပင်တစ်ပင်ဟာ အမြစ်တွေကြောင့် ရှင်သန်နေရသလို လူဟာလည်း အချစ်နဲ့ ပဲ သူတို့ ဘ၀တွေ ရှင်နေကြ/နေရတာပါ။

လူဆိုတာ ကိုယ့်ကိုယ်ကို ချစ်ခြင်းကို အမြင့်ဆုံးမှာ တလူလူလွှင့်တင်ထားရင်းကပဲ၊ သူ့ ရင်ထဲမှာ “အခြားသောအရာများကို ချစ်ခြင်း”တွေ တသွင်သွင်စီးဆင်းနေတတ်တာလို့  ကျွန်တော်တော့ဖြင့် ယုံတယ်။ (လုပ်ရပ်နဲ့  ပါးစပ်လွဲတတ်သူတစ်ချို့ ရဲ့  နှုတ်ဖျားလေးတွေ ကမလိုအပ်ဘဲ အန်အန်ကျနေတဲ့) တိုင်းပြည်ကိုချစ်ခြင်း၊ လူမျိုးကိုချစ်ခြင်းလို စကားလုံးအကြီးကြီးတွေကစပြီး၊ ကိုယ့်အိမ်ကိုယ့်ယာ၊ မိဘဆွေမျိုး သူငယ်ချင်းနဲ့  ကိုယ်ကျင်လည်ရာ အသိုင်းအ၀ိုင်းကို ချစ်ခြင်း အလယ်၊ ခွေးလေးကြောင်လေး ပစ္စည်းပစ္စယသေးသေးမွှားမွှားလေးတွေကို ချစ်ခင်မြတ်နိုးခြင်းအဆုံး၊ အချစ်တွေကို အမျိုးခွဲရင် တော်တော် အမယ်စုံမယ် ထင်ပါတယ်။

ဘာကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲချစ်ချစ်၊ ချစ်တာဟာ ချစ်တာပါပဲ။ ချစ်ခြင်းတိုင်းဟာ ဘယ်တော့မှ မလျှော့ပါးမယ့် သူ့ဂုဏ်ရည်ကို သူကိုယ်တိုင် ၀ံ့ကြွားစွာ ဖော်ထုတ်ရှင်သန်လျက်ပါ။

လွမ်းတယ်။
ချစ်ခြင်းနဲ့  ဝေးကွာရတဲ့အခါ၊
လူ့ ရင်ထဲမှာ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ အလွမ်းဓာတ်တွေ တောလုံးဟီးထလာရိုး ထုံးစံပါ။
ခုတလော၊ ကဗျာလေးတွေ ဖတ်မိရာက ချစ်ခြင်းနဲ့  အလွမ်းဓာတ်တွေဟာ အခါမဲ့မိုးလိုရွာချခဲ့၊
အဲသည့် စိတ်မိုးရေတွေက ကျွနတော့်တစ်ကိုယ်စာ ရွှဲရွှဲနစ်စိုစေခဲ့ပါတော့တယ်။
(၁)
ငါ့တိုင်းပြည်လေးမှာ
သစ်မြစ်တွေကိုတောင်
ငါချစ်တယ် .. တကယ်လို့ 
အကြိမ်ပေါင်း တစ်ထောင်
သေရင် ..
အဲဒီမှာပဲ ငါသေချင်တယ်
တကယ်လို့ 
အကြိမ်ပေါင်း တစ်ထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
“နီရူဒါ”

(၂)
တစ်ရက်က ကျွန်တော့် အီးမေးလ်ထဲကို လင့်ခ်(Link) လေးတစ်ခု ရောက်လာတယ်။ အဲဒါကို ကလစ်လုပ်လိုက်တော့ ကျွန်တော့် ညီမလေး တစ်ယောက်လို ချစ်ခင်ရင်းနှီးတဲ့ “မနော်ဟရီ”ရဲ့  အင်တာနက်စာမျက်နှာဆီ ရောက်သွားရော။ သူ့ စာမျက်နှာရဲ့  ညာဘက်အပေါ်ထောင့်မယ် အထက်မှာဖော်ပြထားတဲ့ “နီရူဒါ”ရဲ့  ကဗျာလေးကို တွေ့ ရပါတယ်။ သံလိုက်စက်ကွင်းနဲ့  ညှို့ ယူခံလိုက်ရတဲ့ သံမှုန်တစ်စလို ကျွန်တော့်မျက်လုံးတွေ အဲဒီကဗျာဆီ ကျသွားခဲ့တယ်။

ဒီကဗျာကို ကျွန်တော် ဖတ်မိတယ်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးလေးကြိမ်လား။
မဟုတ်လောက်ဘူး။
ဘယ်နှစ်ကြိမ်ဆိုတာလည်း သတိမထားမိ၊ ရေတွက်မထားမိဘူး။ ဖတ်ရင်း ရင်ထဲဆို့ လာတယ်။ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ရင်ထဲက သူ့ တိုင်းပြည်ကို သူချစ်ခဲ့တဲ့ ချစ်ခြင်းတွေဟာ နိုင်ငံတကာကို ခြေဆန့် လို့  ခုချိန်ထိ ရှင်သန်သက်ဝင်နေဆဲ။

ကဗျာနဲ့  ကဗျာဆရာဟာ ချစ်ခြင်းအားဖြင့် ကြီးကျယ်မြင့်မြတ်နေဆဲ။

ကဗျာဖတ်မိချိန်လေးမှာ ကိုယ့်မြေကိုယ့်ရေ ကိုယ့်တိုင်းပြည်ရှိရာမှာ ရှိမနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ဟာ သူရောက်နေရာမှာ ကျောက်သားရုပ်တုတစ်ခုလို တုတ်တုတ်မလှုပ်။ စိတ်က အဝေးကြီးပြန်ရောက်သွားတယ်။ ကျွန်တော့်စိတ်တို့  (အိမ်လွမ်းစိတ်များကို တနင့်တပိုး မနိုင်မနင်းထမ်းပိုးရင်း) ခြေဒရွတ်ဆွဲလို့  သူ့အိမ်သူ ပြန်ချိန်ပေါ့။

ကျွန်တော် ပြန်ခဲ့တယ်။ ကျွန်တော့်စိတ်တွေ ပြန်ခဲ့တယ်။ ကျွန်တော့်အိပ်မက်တွေ ပြန်ခဲ့တယ်။ ကျွန်တော် ပြန်ခဲ့တာ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်သစ်ပင် ကိုယ့်တောတောင်၊ ကိုယ်ဘာသာစကား ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အစားအစာ ကိုယ့်အနံ့ အသက်၊ ကိုယ့်ထီးကိုယ့်နန်း ရှိရာဆီ။

ပြန်မိတဲ့ခရီးမှာ စိတ်နဲ့ ကိုယ်ဟာ အဝေးကြီးကွာသွားလိုက်။ နီးစပ်ပူးကပ်လာလိုက်၊ ဧရာဝတီစီးသံတောင် နားထဲ ကြားယောင်လာသလို။ ဘာမှမရှိတဲ့ ဗလာနယ်ဖြစ်နေသလိုလို၊ စိတ်ချည်းသက်သက်ရှိတဲ့ ဘုံတစ်ခုကို ရောက်သွားသလိုလို။

ပြီးတော့ ကျွန်တော့် စိတ်ထဲမှာ အဆို/အငြင်း ၀ါကျတွေနဲ့ ပြည့်လျှံလာခဲ့ပြန်ပါရော။

`တိုင်းပြည်ဆိုတာ၊ ကျွန်တော့်အိမ်မှ မဟုတ်တာ´

ဘာများ ထူးပြီး ချစ်စရာလိုသလဲ။ စိတ်က တင်းတယ်။ ငြင်းတယ်။ အဲသည့် အငြင်းတွေ အကန်တွေ ရပ်နားမသွားခင်လေးမှာပဲ စိတ်က စိတ်ကို ပြန်ပြောတယ်။ ပြန်ငြင်းဆန်တယ်။ ပြန်အာခံတယ်။ ပြန်ကန်တယ်။

`အကန်´ဟာ အကန်နဲ့တွေ့ပြီး ထွေးလုံးရစ်ပတ်ဖြစ်သွားတယ်။
ဟုတ်တယ်။

`တိုင်းပြည်ဆိုတာ ကျွန်တော့်အိမ်ဖြစ်တယ်´

ကျွန်တော် အသက်ရှင်သန်နေသေးသရွေ့၊ ကျွန်တော် ချစ်နေရမယ့် နေရာဖြစ်တယ်။ ကျွန်တော့်တိုင်းပြည်ထဲမှာ ကျွန်တော့် မိသားစုအိမ်ရှိတယ်။ ကျွန်တာ့်တိုင်းပြည်ထဲမှာ ကျွန်တော်မိတ်ရင်းဆွေခြာတို့ ရဲ့  မိသားစုတွေနဲ့  သူတို့ ရဲ့  နေအိမ်တွေ ရှိတယ်။ ကျွန်တော် ချစ်တဲ့ ဆက်ဆံရေး၊ နွေးထွေးမှု၊ လူ့ ဝန်း ကျင်၊ အစားအစာ၊ လေရေနေ၊ ရနံ့ ၊ အသားကျမှု၊ ကျွန်တော်နဲ့  တစ်သွေးတစ်သားတည်း ထပ်တူကျတဲ့အရာရာဟာ ကျွန်တော့တိုင်းပြည်ထဲမှာပဲ ရှိတယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြန်မာပြည်ရဲ့ အပြင်ဘက်မှာ သေအံ့မူးမူးရောဂါဒဏ် အပြင်းအထန်ခံစားနေရသူ မိတ်ဆွေတစ်ဦးရဲ့  နောက်ဆုံး ထွက်သက်မတိုင်မီ နှုတ်ထွက်စကားက ကျွန်တော့် မသိစိတ်နားစည်ထဲမှာ ဗုံးတစ်လုံးလို အပြင်းအထန် ပေါက်ကွဲလာတယ်။

`ကျွန်တော်သေရင် ဧရာဝတီမြစ်ကမ်းဘေးနားလေးမှာ သေချင်တယ်ဗျာ´

နောက်ဆုံးမှာ သူ တိမ်းပါးသွားခဲ့တယ်။

ကျွန်တော်ယုံတယ်။ သူဟာ ဧရာဝတီမြစ်ကမ်းနဘေးက သူ့ ရွာလေးဆီ အရောက်ပြန်သွားတာ ဖြစ်တယ်။ သူသေသွားတာ မဟုတ်ဘူး။ လူသေသွားတယ် ဆိုရင်တောင်မှ သူ့ ဝိညာဉ်သူ့ အိမ်ပြန်သွားတာသာ ဖြစ်မယ်။ သူ့ အိမ်သူ ပြန်သွားတဲ့ခရီးမှာ အိမ်အလွမ်းတွေ တစ်ထမ်းတစ်ပွေ့ ကြီး ပါသွားမှာလည်း သေချာလွန်းလှတယ်။ အိမ်ကိုချစ်တဲ့စိတ်ကလည်း သူသယ်ယူသွားနိုင်တာထက် အဆပေါင်းများစွာ ပိုပါသွားလိမ့်မယ်။

ကျွန်တော် မသေချာတာတစ်ခုက ကျွန်တော့်မိတ်ဆွေဟာ အဲဒီရွာလေးမှာ ပြန်မွေးဖွားခဲ့သလား မမွေးဖွားလာတော့ဘူးလားဆိုတာပါပဲဗျာ။

`နီရူဒါ´ သူ့ တိုင်းပြည်ကိုချစ်ခဲ့သလို၊ ကျွန်တော့်မိတ်ဆွေလည်း သူ့ တိုင်းပြည်ကို ချစ်ခဲ့တာပဲ။ ဒီအချစ်နှစ်ခုဟာ အလေးချိန်တူလို့။ သိပ်သည်းဆတူလို့ ။ ပြင်းအား၊ ကွဲအားတူလို့ ။ လင်းအား မြန်အားတူလို့ ။

ချစ်ခြင်းအားဖြင့် ကြီးကျယ်မြင့်မြတ်ခဲ့မှုခြင်းလည်း ထပ်တူဖြစ်လို့။

(၃)
ကျွန်တော်ဟာ `နီရူဒါ´ရဲ့  အဲဒီကဗျာလေးကို မနော်ဟရီရဲ့  ၀က်ဆိုဒ်စာမျက်နှာပေါ်မှာ ဖတ်လိုက်ရတာ။ အဲဒီကဗျာလေးကပဲ သူ့ ရင်ကို ဟင်းလင်းဖွင့်ပြထားသလို ဖြစ်နေခဲ့တယ်။ သူဟာ သူ့ ရေမြေကို ဘယ်လောက် ချစ်နေလွမ်းနေတယ်ဆိုတာ ဒီကဗျာလေးတင်ပြီး ဖော်ပြထားတာလို့  ခံစားမိတယ်။

လောလောဆယ် သူကလည်း အမိမြေရဲ့ အဝေးမှာ။

ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ (သူ့ ကိုယ်ရေးကိုယ်တာဘ၀အတွက် ရွေးချယ်စရာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုရတဲ့အခြေအနေ အကြောင်းကြောင်းကြောင့်ဖြစ်စေ) သူဟာ ကိုယ့်မြေကိုယ့်ယာ၊ ကိုယ့်အိမ်ခြေမဟုတ်တဲ့ နေရာတစ်ခုမှာ ရောက်နေတယ်။ အဲဒီ မိန်းကလေးက သူပိုင်တဲ့စာမျက်နှာမှာ အခုလို `ပါဘလိုနီရူဒါ´ရဲ့ ကဗျာလေးကို ထင်ထင်ရှားရှားကြီး တင်ပြကြေငြာထားတယ်။ ဒီကဗျာလေးဟာပဲ သူ့ ရင်ကို ထုတ်ချင်းခတ်မြင်နိုင်စေမယ့် တံခါးတစ်ပေါက် ဖြစ်စေခဲ့တယ်လို့  ကျွန်တော် ထင်မိတယ်။ အဲဒီကဗျာရဲ့ ဘေးနားမှာတော့ သူကိုယ်တိုင်ရေးသီ ထားတဲ့ ကဗျာတစ်ပုဒ်ကို သူ့ ပရိသတ်တွေဖတ်နိုင်အောင် တင်ပြထားလေရဲ့။

ကဗျာအမည်က `စောင့်ကြည့်ငှက်´။

အခြားကဗျာဖတ်သူတွေကတော့ သူ့ ကဗျာကို ဘယ်လိုစိတ်အခံနဲ့  ဖတ်ကြမယ် မသိဘူး။ ကျွန်တော်ကတော့ ယှဉ်လျက် ကဗျာနှစ်ပုဒ်ဟာ အနက်တစ်ခုတည်း ထွက်နေသလို ခံစားလိုက်ရတယ်။ ကိုယ့်ဇာတိမြေကို ကိုယ်ချစ်ကြခြင်းနဲ့  သူတို့  ရင်ထဲက (ချစ်ခင်မြတ်နိုးလွန်းခြင်းကြောင့်ဖြစ်တဲ့) လွမ်းခြင်းတွေကို ဖော်ပြတဲ့အနက်ပေါ့။

ခုနေမှာတော့ ကျွန်တော်လည်း ကိုယ့်ဇာတိမြေရဲ့ အဝေးမှာ။ သူလည်း ကိုယ့်ထက်တောင်မှ ပိုဝေးကွာရာအရပ်မှာ။

သူနဲ့  ကျွန်တော့်လိုပဲ ကိုယ့်ရေကိုယ့်မြေရဲ့ ဝေးဝေးကွာကွာကြီးမှာ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ နှစ်ယောက်စလုံးရဲ့သူငယ်ချင်းတွေလည်း (မနည်းမနောမှ တကယ့်ကို မနည်းမနော) မြို့ ရွာအနှံ့ မှာ ရှိနေကြတယ်။ အဲသလို ကမ္ဘာ့နေရာအနှံ့  ပြန့် ကျဲနေသူအချင်းချင်း နေ့ တိုင်းနီးပါး လျှပ်စစ်စာ၊ လျှပ်စစ်စကားနဲ့  ပြောဆိုဆွေးနွေးဖြစ်နေကြတော့ အိမ်ဝေးသူတွေရဲ့  ပြင်းထန်လှတဲ့ အဖျားဒီဂရီကို ကျွန်တော်တို့ ချင်းပဲ ပိုပြီးသိနားလည်နေကြမယ်လို့ ယုံကြည်တယ်။ စစ်သားတစ်ယောက်ဟာ စစ်ရဲ့ အနိဌာရုံကို ပိုသိမြင်ခံစားရသလိုမျိုး၊ သန့် ရှင်းရေးသမားတစ်ယောက်ဟာ ဆိုးဝါးတဲ့ အနံ့ အသက်ကို ပိုထိတွေ့ရသလိုမျိုး ဖြစ်မယ်ထင်ရဲ့။

လူတစ်ချို့က ရေမီး ၂၄နာရီ ဒေါင်ဒေါင်မြည်ရ။ သန့် ရှင်းသပ်ရပ်တဲ့ ၀န်းကျင်ရှိ၊ ခေတ်မီပစ္စည်းပြည့်စုံ။ လက်လက်တောက်တောက် ၀တ်စားဆင်ရင်း လူသူရှေ့မှာ ကော့ကော့ကျော့ကျော့လေး နေထိုင်ပြခွင့်ရ၊ ကိုယ့်ကိုကိုယ်အုပ်ထိန်းရင်း လွတ်လပ်မှု တော်တော်များများရတဲ့ တိုင်းတစ်ပါးရောက် စာသင်သား၊ အလုပ်လုပ်ကိုင်သူ၊ အခြေချနေထိုင်သူတွေဟာ သိပ်ပျော်နေကြမှာပဲလို့  ထင် တတ်ကြတယ်။ တစ်ချို့ အဲဒီဘ၀မှာ ကျေနပ်နေကောင်းနေကြမယ်။ အများစုကတော့ ဒါကို ဘ၀အတုလို့ ထင်ကြတယ်။ (ဘယ်တိုင်းပြည်ရောက်ရောက်၊ ကျွန်တော်တို့တစ်တွေဟာ ကိုယ်ရောက်ရှိနေရာ တိုင်းပြည်ရဲ့ ဒုတိယနိုင်ငံသားတွေသာဖြစ်ကြောင်း စိတ်က အလိုလိုသိရှိခံယူထားတတ်ကြတယ်။ အဲသလို သိနေအောင်လည်း ပတ်ဝန်းကျင်ရဲ့ဖိအားနဲ့ သူ့ နိုင်ငံရဲ့ စည်းမျဉ်းတွေက လှုံ့ဆော်သတိပေးနေကြတယ်။)

သူတို့ ရဲ့ တကယ့်ဘ၀အစစ်က ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်မိဘဆွေမျိုးနဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းကြားမှာပဲ ရှိတယ်ဆိုတာ အမိမြေရဲ့ အဝေးရောက်ကြေသူတို့ ကိုယ်တိုင် အသေအချာသိကြတယ်။ မပြန်နိုင်ခင်မှာ လွမ်းကြတယ်။ တမ်းတကြတယ်။ ဒီလိုအသံတွေကို နားမဆန့်အောင် နေရာအနှံ့ကနေ ကျွန်တော် ကြားနေရတယ်။ နေ့တိုင်းလိုပါပဲ။

`မနော်ဟရီ´ရဲ့ `စောင့်ကြည့်ငှက်´ဟာလည်း (ပုဂ္ဂလိကခံစားမှုဆန်ကောင်းဆန်နေပေမယ့်) ဒီအလွမ်းကို ကီးမြင့်မြင့်နဲ့ ဖော်ပြလိုက်တာပါ။

(၄)
ကျွန်တာ် သူ့ ကဗျာကို ဖတ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာချည်းသက်သက်ကိုပဲ ဖတ်ရတာမျိုးမဟုတ်တော့ပါဘူး။ ကျွန်တော်နဲ့ သူက မောင်ရင်းနှမလို သံယောဇဉ်ရှိတဲ့ မိတ်ဆွေတွေဖြစ်ကြပြီး သူ့ဘ၀နောက်ခံ၊ သူ ရောက်ရှိနေရာ၊ လက်ရှိခံစားနေရနိုင်တဲ့ သူ့စိတ်ခံစားမှုတွေကို တို့ထိသိရှိထားသူမို့ သူ့ကဗျာကို ကျွန်တော်မြင်ပုံက သူ့စိတ်ကိုကျွန်တော် မြင်ရပုံမျိုးဖြစ်နေနိုင်ပါတယ်။ စာအပြင်၊ လူကိုပါ လှမ်းမြင်နေရတဲ့ အနေအထားပါ။

တကယ်တော့ သူဖွင့်ထားတဲ့ ပြတင်းတံခါးကနေ သူ့ရဲ့စိတ်ခံစားမှုခြံကျယ်ကြီးထဲ ခုန်ဆင်းဝင်ရောက်လည်ပတ်လိုက်ရပုံမျိုးပါပဲ။ အဝေးရောက် `မနော်´ဟာ သူ့ကဗျာကို ခုလို စဖွင့်ပါတယ်။

မနေ့က ...
ကမ္ဘာမြေကို ခေါက်တုံ့ခေါက်ပြန် အော်ခေါ်ကြည့်တဲ့အခါ
အပြာရောင်သစ်ရွက်တစ်ရွက် ထိုးစိုက်ဆင်းချလာတယ်
ငါ့အိပ်မက် ၀ါတာတာတွေနဲ့ရောနှော
တစ်တောလုံး တစ်တောင်လုံး အားပါးတရ စိမ်းထ သွားလိုက်ကြပုံ
ငါ ... ရင်ခုန်လို့ မရဘူး ...

ကဗျာကို ဖတ်မိသူတွေကို ဒီတစ်ပိုဒ်က ဘယ်လိုခံစားမှုရစေတယ်ဆိုတာ ကျွန်တော် မသိနိုင်ပါ။

ကျွန်တော့်စိတ်မြင်ကွင်းမှာတော့ ကဗျာဆရာမဟာ အခန်းတစ်ခုထဲမှာ တစ်ကိုယ်တည်းရှိနေတယ် (ကဗျာရေးနေချိန်ဖြစ်တာကိုး)။ အဲသလို ကဗျာရေးနေချိန်လေးမှာပဲ၊ နံရံတွေနဲ့ ပိတ်လှောင်ထားတဲ့ အခန်းထဲကနေ သူဟာ ကမ္ဘာကြီးဆီ စိတ်နဲ့ထွက်ပြေးခဲ့တယ်။ နေရာအနှံ့၊ အကြိမ်ကြိမ်။ ပြီးတော့ သူ့စိတ်ကို ဖောက်ထုတ်တယ်။ တကယ်တော့ သူ့ရင်ထဲမွန်းကြပ်ပြစ်ခဲနေတဲ့ အလွမ်းတွေကို ပေါက်လွှတ်ပစ်ခွဲလိုက်တာပါပဲ။

သူအော်ခေါ်မယ်။ အော်ခေါ်တယ်။ ခေါ်သံတွေဟာ အကြိမ်ကြိမ်အထပ်ထပ်။ နေရာအနှံ့။

ဘာတွေကိုလဲ၊ ဘယ်သူတွေကိုလဲ။ သူ့သံယောဇဉ်တွေကို ဖြစ်မှာပေါ့။ သူ့သံယောဇဉ်တွေဆိုတာ အဝေးမှာကျန်ရစ်ခဲ့ပြီဖြစ်တဲ့ သူ့နေအိမ်ခြံဝင်းထဲက မြေတစ်မှုန်လည်း ဖြစ်နိုင်၊ သစ်ပင်တစ်ပင်လည်းဖြစ်နိုင်တယ်။ သူသောက်နေကျ ကော်ဖီခွက်ကလေးလည်း ဖြစ်နိုင်တယ်။ အခုအချိန်မှာ သခင်မဲ့နေမယ့် သူစာရေးတိုင်း ထိုင်ထိုင်နေကျ ကုလားထိုင်လေးလည်း ဖြစ်နိုင်တယ်။ စာအုပ်စင် ထောင့်တစ်ထောင့်မှာ ခိုနားနေမယ့် သူဖတ်ချင်တဲ့ စာအုပ်ကလေးလည်း ဖြစ်နိုင်တယ်။ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်နိုင်သလို၊ ပြန်မဆုံနိုင်တော့မယ့် ညနေခင်းတွေလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ဒီ့ထက်မကသော အရာရာလည်း ကဗျာဆရာမ စိတ်ထဲမှာ ဖြစ်ပေါ်နိုင်သေးတာပါပဲ။

အော်ခေါ်သံတွေအတွက် သူ ဘာတွေ ပြန်လက်ခံရလိုက်ပါသလဲ။

ထိုးစိုက်ဆင်းချလာတဲ့ အပြာရောင်သစ်ရွက်တစ်ရွက်တည်းပဲ သူ ရလိုက်ပါသတဲ့။ “အပြာ”ရောင်ဆိုတာ အလွမ်းရဲ့သင်္ကေတမို့၊ လွမ်းလို့ အော်ခေါ်သူ့ရင်ဝကို အလွမ်းထက်ထက်တွေက လှံသွားတစ်ချောင်းလို ထုတ်ချင်းခတ် ထိုးဖောက်စိုက်ဝင်သွားတာ မြင်လိုက်ရပါတော့တယ်။

နောက်တစ်ကြောင်းမှာ “ငါ့အိပ်မက်ဝါတာတာ”လို့ သုံးနှုန်းထားပါတယ်။ အိပ်မက်ဟာ “မျှော်လင့်ချက်”ဖြစ်သလို အ၀ါရောင်ဆိုတာ၊ ညှိုးလျော်ခြင်း၊ တတိတိပျက်စီးခြင်း၊ ကြွေလုကြွေခင် ဆုံးရှုံးလုနီးနီး အခြေအနေကို ရည်ညွှန်းတယ်ဆိုတယ်လို့ ထင်ပါတယ်။ “မျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့”လို့များပြောချင်တာများလား။

အပြာရောင်အလွမ်းတွေဟာ ပျက်သုဉ်းကြွေလုဆဲ မျှော်လင့်ချက်တွေနဲ့ ရောနှောပေါင်းစပ်သွားတဲ့အခါ “တစ်တောလုံးတစ်တောင်လုံး စိမ်းထသွား” ပါတော့သတဲ့။ ဒီအဖြစ်အပေါ်မှာ ကဗျာဆရာမက သူ ရင်မခုန်တော့ပါဘူးလို့ ကြွေးကြော်ခဲ့တယ်။

“ငါ ... ရင်ခုန်လို့မရဘူး ...”တဲ့။ သူပြောခဲ့တယ်။ သည်းထန်လွန်းတဲ့ စိတ်ဖိစီးမှုဒဏ်တွေကြောင့် တစ်ခဏာ ထုံထိုင်းအသွားတဲ့ အခြေအမျိုးကို မြင်ရပါတယ်။ ပြင်းထန်တဲ့ အလွမ်းစိတ်တွေက သူ့ရင်ခုန်သံကို သတ်ဖြတ်သွားခဲ့သလိုပါပဲ။

စိတ်ခံစားမှု ပြင်းပြင်းထန်ထန်နဲ့ ရေးဖွဲ့လေ့ရှိတဲ့ အမေရိကန် ကဗျာဆရာမ “ဆစ်လ်ဗီယာ ပလာ့သ်” (Sylvia Plath) ရဲ့ ကဗျာတစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။

ကဗျာဆရာမ က ခုလို ရေးခဲ့ဖူးတယ်။

“ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာ တစ်ခုခု။
................................
...............................
သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်ျးခင်းဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်” တဲ့။

(၅)

“စောင့်ကြည့်ငှက်”ရဲ့ ကဗျာနောက်အပိုဒ်တွေကို ခုလိုဖော်ပြထားခဲ့တယ်။

ငါ့ကို တရားဦးလာဟောလှည့်စမ်းပါ
အဲဒီနေရာဟာ နေသာပါတယ်ဆိုတဲ့ စကားလုံး မပါစေနဲ့
ပြတင်းဝက လှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင် ကိုယ်မမြင်ရတဲ့ည
အဲဒီညကို ငါ စိတ်မချဘူး

ကြယ်တွေကို ဟစ်အော်ပေါက်ကွဲပြရတာလည်း မောတယ်
နာမည်တွေ တသီးတသန့်နဲ့ ခမ်းနားပြနေတဲ့ မြို့ရွာတွေကိုလည်း မုန်းတယ်
ငါ့သီလနဲ့ငါ လုံခြုံနေတဲ့ အမေ့အိမ်လေးလောက်တော့
ဘယ်ဟာမှ ဖြန့်ကျက် အုပ်မိုးပေးထားနိုင်မှာ မဟုတ်ဘူ

ဒီနေရာမှာ ထူးထူးခြားခြား အနက်ဝှက်တွေ မပါပေမယ့် “အဲဒီနေရာဟာ” ဆိုတဲ့ အညွှန်းပြစကားလုံးထဲက “နေရာ”ကို ကျွန်တော် လိုက်ရှာနေမိတယ်။ သူလက်ရှိ ရပ်တည်နေထိုင်ရရာ အရပ်ကလွဲလို့ အခြားမဖြစ်နိုင်ဘူးလို့ ယူပါတယ်။ သူဘယ်လိုမှ စိတ်လက်ချချ နေထိုင်လိုက်ဖို့ မဖြစ်နိုင်တဲ့ “ပြတင်းဝက လှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင် ကိုယ်မမြင်ရတဲ့ည”လို့ သူကိုယ်တိုင် တိတိကျကျ သတ်မှတ် တံဆိပ်ကပ်ထားနိုင်တဲ့အရပ်မှာ “နေသာပါတယ်”ဆိုတဲ့ စကားလုံးနဲ့ ချော့မြူညှို့ယူနေသူတွေကိုပါ သူ ယုံကြည်ဟန် မတူတော့ ပါဘူး။

သူ အခုရောက်ရှိနေရာ အရပ်ဒေသဟာ ဘယ်လောက်ပဲ ခမ်းနား၊ ခမ်းနား (နတ်ဘုံနတ်နန်းတမျှ ဟန်ဆောင်ခမ်းနားပြတာဖြစ်စေ၊ အမှန်တကယ် ကြီးကျယ်ခမ်းနားတာဖြစ်စေ)၊ သူ့သီလတရားကို သူ ယုံစွာ ကြည်စောင့်ထိန်းရင်း သူ့ကိုယ်သူ ခိုင်ခိုင်မာမာ တည်ဆောက်ပြနိုင်ခဲ့တဲ့ အမေ့အိမ်လေးထက်တော့ ဘယ်ဟာကိုမှ တန်ဖိုးမထားနိုင်တော့ဘူးဆိုတာ ပြတ်ပြတ်သားသား ကြေငြာထားတာပါပဲ။

ဒီနေရာမှာ ကဗျာဆရာမဟာ အလွမ်းတွေနဲ့ သေဆုံးနေသူမဟုတ်တော့ ပါဘူး။ ရှင်သန်နေတဲ့စိတ်နဲ့ ဘယ်ဟာမှားပြီး ဘယ်ဟာ မှန်တယ်၊ သူ့ကိုယ်သူ ဘယ်မှာ နေရာချရမယ်ဆိုတာ သိထားတဲ့ နိုးကြားနေသူ၊ ပြတ်သားနေသူဖြစ်နေပါပြီ။ အိပ်မက်ဆိုးက နိုးလာပြီး နေရောင်အောက်မှာ ကြည်ကြည်လင်လင်ဖြစ်နေသူတစ်ယောက်လို့ ခံစားရပါတယ်။

အမေ့အိမ်ကို တမ်းတမ်းတတ တန်ဖိုးထားသူတစ်ယောက်တွေ့တော့ ကျွန်တော့်နားထဲမှာ ထူးအိမ်သင်ရဲ့ “အမေ့အိမ်”သီချင်းသံကို ပီပီကျယ်ကျယ် ကြားယောင်လာမိပါတယ်။

တစ်ပြိုင်နက်မှာပဲ “နေမျိုး”ရဲ့ ကဗျာတစ်ပိုဒ်ကို ကျွန်တော်ရွတ်ဆို လိုက်မိတယ်။ ကဗျာအမည်က “အရုဏ်မျှော်ပန်းကလေး”။

ခင်ဗျားတို့ရော ကျွန်တော်ပါ “စောင့်ကြည့်ငှက်”ပိုင်ရှင် ကဗျာဆရာမကိုယ်တိုင် ဒီကဗျာလေးကို (တိုးတိတ်တိတ်ကလေးဖြစ်စေ) ရွတ်မနေလောက်ပါဘူးလို့ ဘယ်လို ခိုင်မာမှုမျိုးနဲ့ အာမခံနိုင်မှာလဲ။

သူ့အိမ်ကိုသူလွမ်းတဲ့အခါ၊
သူ့မြေကို သူလွမ်းတဲ့အခါ၊
သူဟာ အလင်းလာမယ့် အရုဏ်ကိုမျှော်ရင်း အမြစ်ထဲကနေ ပွင့်ချိန်စောင့်နေရတဲ့ ပန်းကလေးဖြစ်တယ်လို့ သူကိုယ်တိုင် ခံစားမိတဲ့ အခါမျိုးမှာ။

ငါ ပြန်လာမှ ပွင့်ပါ
အဲဒီလို ပန်းကလေးကိုမှာပြီး
သူ ခရီးထွက်သွားခဲ့
အဝေးကြီးကို

နှင်းတွေ ယိုစီး
တစ်ညပြီးတစ်ည
တောအုပ်ထဲမှာ
ဝံပုလွေအိုကြီးတွေ အူကြ
မြစ်မရေတွ တလက်လက်စီးဆင်းသွား
ညများဟာလည်း မှောင်မြဲ
ကြယ်များ ရွေ့လျားဆဲပေါ့

သတင်းစကားတွေ
လမ်းခုလတ်မှာ ပြန်ကွေ့သွားကြ
အမြစ်ထဲမှာ
စောင့်ဆိုင်းနေရှာတဲ့ ပန်းကလေးတစ်ပွင့်
ဘယ်သော့နဲ့ ဖွင့်မလဲ . . . မေမေ။

(၆)
ကျွန်တော်တို့ နောက် ကဗျာပိုဒ်တွေကို ဆက်ဖတ်ကြည့်ကြရအောင်ပါ။

ငါ့ကို ထူးလိုက်စမ်းပါ ကမ္ဘာမြေရေ
ငါ့အသံကို မြင်ကြည့်လိုက်စမ်းပါ
ငါ့ကောင်းကင်ရဲ့အရောင်တွေကို နားစွင့်လိုက်စမ်းပါ
ငါ့ရှေ့က အမှောင်ကို ကောင်းချီးပေးလိုက်စမ်းပါ
ငါ့အတောင်တွေကို ရွှေချလိုက်စမ်းပါ

ဒီမှာ . . .
ငါဟာ ကမ္ဘာမြေကိုစောင့်ကြည့်နေတတ်တဲ့ ငှက်တစ်ကောင်ပါ
ပျံသန်းခွင့်ဆိုတာက ကိုယ့်စိတ်သမုဒ္ဒရာထဲမှာ ကိုယ်တစ်ကိုယ်ရေ ဖြန့်ခင်းလို့ရသလို
ကိုယ့်ကိုယ်ပိုင်ရေတွင်းလေးထဲမှာလည်း တစ်ကိုယ်ရေ ကျဉ်းမြောင်းခွင့် ရနိုင်သေးတာပဲ
ကိုယ့် . . . စံ . . . သတ်မှတ်ချက်တွေနဲ့ အရာရာဟာ ဖီဆန်လွဲသွေ
ငါ ဘာလို့သေဆုံးမသွားသေးတာလဲ . . .

ကဗျာဆရာမဟာ အိပ်ရာက လန့်နိုးထာလာပြီးတာနဲ့ အားမာမန်ပြည့်လာသလိုပါပဲ။

သူဟာ ချစ်စိတ်/လွမ်းစိတ် ဂယောင်ခြောက်ခြားနဲ့တမ်းတခြင်းတွေ ကျဲဖြန့်၊ သူကိုယ်တိုင်အမှန်အမှားမသေချာတဲ့ စိတ်ပျံ့လွင့်မှုတွေ သွန်ဖောက်ချ၊ ဆောက်တည်ရာမရ ကမ္ဘာ့နေရာအနှံ့ဆီ လူးလားခေါက်တုံ့ ပြေးလွှားရင်း အော်ဟစ်နေသူ မဟုတ်တော့ပါဘူး။

သူ့ဘ၀ထဲဝင်ရောက်လာတဲ့ စိန်ခေါ်မှုမှန်သမျှကို ၀ံ့စားစွာ ရင်ဆိုင်ပြစ်လိုက်ဖို့ ဓားအိမ်ထဲက ဓားကိုဆွဲထုတ်ပြရင်း တိုက်ပွဲဝင်မယ့် ကျားသစ်ပျိုမ ဖြစ်လာခဲ့ပါပြီ။ ဓားသွားဆီက ထွက်လာတဲ့ အလင်းပြန်မှုဟာ စကားလုံးနေရောင်အောက်မှာ လက်ကနဲဖြစ်လို့။ သူ့တိုက်ပွဲခေါ်သံမှာ အံတင်းတင်း ကြိတ်ရင်း အားတင်းထားရတဲ့အသံတွေ၊ သူ့အတ္တကိုသူ အကျစ်လျစ်ဆုံးဖြစ်အောင် စုစည်းရင်း မာန်တင်းထားရမှုတွေ ပါနေတယ်လို့ ထင်ပါတယ်။ “ငါ့ရှေ့က အမှောင်ကို ကောင်းချီးပေးလိုက်စမ်းပါ။ ငါ့အတောင်တွေကို ရွှေချပစ်လိုက်စမ်းပါ” တဲ့။ သူ့စိတ်ဓာတ်ကိုသူ ကောင်းကင်ပေါ် ရောက်နိုင်သမျှ အမြင့်ဆုံးရောက်အောင် လွှင့်တင်ထားတဲ့အခိုက်အတန့် ခဏငယ်လေးပါပဲ။

နောက်စာပိုဒ်မှာတော့ အရွယ်ရောက်ပြီး လွတ်လပ်နေတဲ့လူဆိုတာ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း အရာရာဆုံးဖြတ်ခွင့်ရှိတယ်ဆိုပေမယ့်၊ သူ့စံသူ့သတ်မှတ်ချက်တွေနဲ့ လွဲချော်တိမ်းပါးနေတဲ့အရပ်မှာ သူဘာလို့ သေဆုံးမသွားသေးတာလဲလို့ မေးခွန်းထုတ်လိုက်ရင်း မြင့်နေတဲ့ (ကိုယ့်ဘာသာကိုယ် အတင်းမြှင့်တင်ယူထားတဲ့) စိတ်အခြေအနေကို လီဗာလျှော့လိုက်တာ တွေ့ရပါတော့တယ်။

ဒါပါပဲ။ စိတ်နဲ့ ဖန်တီးတဲ့ အနုပညာမှာစိတ်ရဲ့မတည်ငြိမ်မှု၊ အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ ရွှေ့လျားနေမှုကို ကဗျာဆရာမက အကောင်းဆုံးပြဆိုလိုက်တဲ့ ပြကွက်ဟာ အဲဒါပါပဲ။

(၇)
ခုတော့
ကဗျာဆရာရေ....“ဟေ့လူ”လို့ ခေါ်မယ့်သူလည်း မရှိ
တောချောက်တောင်ချောက်မှာလည်း မပူရ
ပန်းချီဆရာရေ....တစ်ကြောင်းဆွဲပုံတူတွေလည်းမရှိ
မှန်မကြည့်ချင်မှာလည်း မပူရ
ဇာတ်ညွှန်းရေးဆရာရေ....ဇာတ်ညွှန်းအစစ်ဆိုတာလည်းမရှိတော့
တင်ဆက် ကပြနေဖို့လည်းမပူရ
အဲဒီနေရာက အလွမ်းတွေနဲ့ ပြာကျနေတဲ့အရပ်ဖြစ်တယ်

ဒီကဗျာပိုဒ်မှာတော့ဖြင့် သူဟာ ပုဂ္ဂလိက ခံစားမှုတွေအဖြစ် သူနဲ့အလွန် ရင်းနှီးတဲ့ (ကျွန်တော်နဲ့လည်း ရင်းနှီးချစ်ခင်တဲ့) ကဗျာဆရာ၊ ပန်းချီဆရာ၊ ဇာတ်ညွှန်းရေးဆရာတို့ရဲ့ အမည်တွေကို ထုတ်ဖော် တိုင်တည်ထားပါတယ်။ အများဖတ်လို့ကောင်းအောင် ကျွန်တော်က ပုဂ္ဂလိကအမည်တွေအစား သူတို့ရဲ့ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကြောင်း အမည်နာမ/ဂုဏ်ပုဒ်တွေနဲ့ အစားထိုးဖော်ပြလိုက်တာပါ။ (ဒီ့အတွက်တော့ “မနော်ဟရီ”က သူ့ကဗျာကို ပုံဖျက်ဖြတ်ညှပ်ကပ်လုပ်လိုက်တာပဲဆိုပြီး စိတ်မဆိုးလောက်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။)

သူက(ကဗျာဆရာမ)က“ဟေ့လူ”လို့ ခေါ်တဲ့ကဗျာတစ်ပုဒ်ကိုရေးဖူးတဲ့ ကဗျာဆရာ(ယောက်ျား)တစ်ယောက်ကို သူ သတိတရရှိနေတယ်။ ဒါဟာ ဒီကဗျာဆရာနာမည်နဲ့ တိုင်တည်မြည်တမ်းထားပေမယ့် ဒီကဗျာ ရေးသူ ကျင်လည်ခဲ့ရာ၊ သူနေထိုင်ချင်ခဲ့ရာ ကဗျာအသိုင်းအ၀ိုင်းလေးတစ်ခုကို ညွှန်းဆိုတာလို့ ယူဆပါတယ်။ သူ့ဆီ “မျဉ်းပန်းချီလေး”ပုံတူလေးဆွဲပေးခဲ့ဖူးတဲ့ အင်္ဂလန်ရောက် ပန်းချီဆရာတစ်ယောက်ကို ထပ်မံတိုင်တည်ပါတယ်။ ဒါလည်း အထက်က ဆိုခဲ့သလို သူနေပျော်နှစ်သက်ခဲ့တဲ့ အနုပညာရပ်ဝန်းတစ်ခုဆီ ညွှန်းဆို တမ်းတလိုက်တာပါပဲ။ နောက်ဆုံးမှာ သူနဲ့မောင်နှမရင်းတွေလို တစ်ဘ၀တည်း စီးဆင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ၊ ကဗျာဆရာတစ်ယောက်ကို သတိတရအော်ခေါ် လိုက်ပါတယ်။ လူ့ဘ၀ထဲမှာ သူကပြနေရတာတွေဟာ အစစ်မှန်တွေ မဟုတ်ဘူး။ အတုအယောင်တွေလို့ ထင်လာတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ ဘာပြီးရင်ဘာဖြစ်ရမယ်လို့ တိတိကျကျကြိုကြိုတင်တင် ရေးသားစီမံထားတဲ့ ဇာတ်ညွှန်းရယ်လို့မှ မရှိတာ။ ဒီတော့ သူက ဘာကို (လေ့ကျင့်သင်ကြားထားချက်အရ/ ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားချက်အရ) ကပြနေရတော့မှာလဲလို့ စိတ်ကိုဖြေလျော့လိုက်တဲ့ စာပိုဒ်ပါပဲ။ “အဲဒီနေရာက အလွမ်းတွေနဲ့ ပြာကျနေတဲ့အရပ်ဖြစ်တယ်”ဆိုတဲ့ အဖွဲ့ကိုက ကျဆင်းသွားလိုက်တဲ့ သူ့ စိတ်ဓာတ်ဟာ မြေပြင်ဆီတင်ရပ်မနေတော့ပဲ မြေကြီးထဲထိ ထိုးဖောက်နစ်ဝင်သွားလေသလား ထင်မှားစရာပါ။ (မပူရ/မပူရ/မပူရ) ဆိုတဲ့ စကားလုံးကို သုံးကြိမ်ထပ်ဆင့်သုံးသွားတဲ့ ကဗျာရေးသူရဲ့ ရင်ထဲမှာ အပူတွေဟာ အလွမ်းတွေနဲ့ ပြာကျသွားတဲ့အထိတောင် ကြီးမား လောင်မြိုက်နေခဲ့ပါတယ်။ ဒီစိတ်အခြေအနေကို ကဗျာရေးဖွဲ့ နေစဉ်အချိန်လေးအတွင်း သူ (ကဗျာဆရာမ)ကိုယ်တိုင် သတိမှ ထားမိပါ့မလားလို့ ကျွန်တော် သံသယရှိခဲ့ပါတယ်။

“ဆစ်လ်ဗီယာ ပလာ့သ်”ကတော့ “အပြုံးပန်းတစ်ပွင့် မြက်ခင်းထဲ ကျသွားတယ်။ ပြန်ကောက်ယူလို့ မရတော့ဘူး”လို့ ရေးဖွဲ့ခဲ့ဖူးပါရဲ့။

(၈)
ဆက်ဖတ်ကြည့်ရအောင်ဗျာ။

ငါ့ကို ခေါ်ပါ
ငါ့နာမည်မပါတဲ့ တေးတစ်ပုဒ်ကို ထမ်းလာခဲ့ပါ
ငါ့အိပ်မက်တွေနဲ့ ဝေးရာတောင်တန်းတွေဆီမှာအထီးကျန်
ငါ ... မာန် ... ဆိုတာတွေကို ခဏ ခ၀ါချလို့
တိတ်တိတ်ကလေး တွေးနေချင်တယ်
ငါ့နာမည်မပါတဲ့ တေးတစ်ပုဒ်နဲ့ပေါ့ ...
ငါကိုယ်တိုင် ထိုးစိုက်ပျံဆင်းလာမယ့် နေ့ရက်ကို စောင့်ကြို
ကမ္ဘာမြေရေ နင် ငိုမနေနဲ့တော့နော် .....။

ကဗျာရေးဖွဲ့သူရဲ့ အတွေးတွေဟာ ယက္ကန်းစင်ပေါ်က “လွန်း”လို မရပ်မနား ပြေးလွှားလို့။ နောက်ဆုံးတော့ ဘ၀မောတွေနဲ့ ဖွတ်ဖွတ်ကြေနေတဲ့သူဟာ သူ့အခန်းလေးထဲမှာ သူ ကိုယ်တိုင် ပုံ့ပုံ့လေးခွေကျနေပုံပါပဲ။ ကျွန်တော်ကတော့ ၀တ်ဆင်သူ စွန့်လွှတ်ခဲ့တဲ့ အ၀တ်ဟောင်းလေးတစ်ပုံလို အခန်းထောင့်တစ်နေရာမှာ စုံ့စုံ့ကလေး ပုံနေတဲ့ ကဗျာဆရာမကိုသာ မြင်ယောင်မိနေပါတော့တယ်။

သူ ဟာ ဘာကို စောင့်ကြည့်နေတဲ့ ငှက်တစ်ကောင်ပါလဲ။
သူ့ ကံကြမ္မာကိုလား။ သူ့ဆုံးဖြတ်ချက်ကိုလား။
ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ အပြောင်းအလဲတစ်ရပ်ရပ်ကိုလား။
သူ့ လူမှုဆက်ဆံရေးဝန်းကျင်က သူ့ကို ပြဌာန်းသတ်မှတ်လိုက်မယ့် ကိုဓ ဥပဒေပုဒ်မတစ်ခုခုကိုလား။
ကျွန်တော်တို့လည်း သူ့ကို ရင်မောစိတ်စောစွာ စောင့်ကြည့်နေရပါတော့မယ်။
ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျရာ ကောင်းကင်သစ်ဆီ “စောင့်ကြည့်ငှက်” လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ။

ငြိမ်းအေးအိမ်
၂၀၀၉၊ မတ်လ (၂၈)ရက်၊ (၁၂း၃၀)နာရီ၊ ရန်ကုန်။


ကြည်လင်သောရေ.ကြည်လင်သောကဗျာဆရာ

Saturday, March 28, 2009

ကဗျာဆရာဦးကြည်အောင်..၊အမည်ရင်း..ဦးကြည်လင်.ဟာမနေ့က..၂၇.၃.၀၉..မနက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ကြယ်တွေကောင်းကင်မှာများလာတယ်လို့ပဲတွေးဆမော့ကြည့်ရင်း......ကျွန်မတို့ဖြေသိမ့်ကြရအောင်...။
ဦးကြည်အောင်ရဲ့ကဗျာတွေကို..ကျွန်မချစ်သောကဗျာများ...မှာတင်ထားပါတယ်။..အဲဒီမှာသွားဖတ်နိုင်သလိုပဲ
ပျံ့လွင့်နေသောတေးနှင့်ဧကစာရီ...မှာလည်းသွားဖတ်နိုင်ပါတယ်။


အသံဗလံများနဲ့သိမ်းတင်သား

Saturday, March 7, 2009

အသံဗလံများ

စကားလုံးများကခုန်နေကြသည်။အယူဝါဒများကားငိုက်မြည်းလျက်။ဆွံ့အနေသည့်ပင်လယ်
သည်ဘာသာစကားအားလုံးကိုသိမ်းဆည်းထားလိုက်ပြီဖြစ်ကြောင်း၊ခိုင်လုံသော၊သတင်းရပ်
ကွက်ကဆို၏။စကားလုံးများအငြိမ်းစားရသွားပြီ။နံရံများမရှိတော့ပြီဖြစ်ရာ၊ကြယ်စုံသောည.
ပန်းချီကားကိုသင်လည်းအခမဲ့ကြည့်ရှုခွင့်ရပါပြီ။ပင်လယ်အော်သံသည်ကဗျာဆရာအောင်ဘ
ညို၏မူပိုင်စကားလုံးဖြစ်ပြီးအဆိုတော်လေးဖြူကစိတ်လျော်ကြေးဖြင့်သီချင်းလုပ်ပစ်လိုက်၏။
ပင်လယ်ရယ်သံကားမောင်မျိုးမင်း၏ရင်တွင်းဖြစ်ဟုသိရသလို၊နီကိုရဲ၏ဇာတ်လမ်းဖြစ်ကြောင်း၊
အမှန်ကပင်လယ်သည်ဆွံ့အနေသည်မှာကြာခဲ့ပြီ။အယူအဆမတူသူများကြမ်းတစ်ပြေးတည်း
မထိုင်လိုကြပါ။ကြမ်းကြားလေနှင့်ဗူးခါးရေသည်အလွန်ပင်အေးမြသည်ဟုအဆိုရှိရာ၊သင်လည်း
သုံးဆောင်ကြည့်စေလိုပါသည်။လေကိုသောက်ရင်းရေကိုဝတ်ဆင်ပါ။ကကြီးမှ..အထိသိရုံမျှဖြင့်
ဘဝင်မမြင့်သင့်ပါ။သရများသိရန်လိုပြီးသဒ္ဒါနည်းနည်းတတ်ရန်တော့လိုပါသည်။အယ်လ်ဖာ၊
ဘီတာ၊ဂမ်မာ၊လမ်ဗဒါ၊မြူ၊ဖိုင်တို့ကိုပင်လယ်ထဲသွားပို့ပေးပါ။..လိုအပ်သလောက်သာသိပြီး.
လွဲမှားစွာ..အသုံးချမိလျင်..အန္တရာယ်များလှပါ၏။သိပ္ပံမောင်ဝ၏ဇာတ်လိုက်၊မောင်လူအေးကို
အော်တိုရေးခိုင်းပါ။သူ့တွင်.အောင်သိန်းဆိုသည့်ကျောင်းသားတစ်ယောက်ကောက်ရထားသည်။
“လူတကာဒုက္ခရောက်လျင်..အောင်သိန်းကားမပျော်သည်မရှိ.. ”ဟု..ဆရာစောတောင်ရွံ့
ကြောက်ရသော..ကိုအောင်သိန်းတစ်ယောက်မာသေးရဲ့လား။ဆရာစော..တပည့်တစ်ယောက်
ဆရာဝန်ဖြစ်သွားသတဲ့.။ပြီးတော့..လူတကာကိုဆေးတစ်မျိုးတည်းပေးကာ.ဒေါက်တာပါရာဟု
..အနွတ္တညာ..မှည့်ထားသေး၏။ပါရာနေရာတွင်..အက်ဆီတိုင်အုပ်စုသွင်းထားသည့်ဆေးကို
..ထိုဆရာဝန်ကအမည်မှားပြီး..(ပါရာစီတမော)ဟုခေါ်နေ၏။ကိစ္စမရှိပါ။ပါအက်စီတမော..
ဟုမခေါ်လည်းကိစ္စမရှိပါ။ဆရာဝန်ဖြစ်ဖြစ်..ဘုန်းကြီးလူထွက်ဖြစ်ဖြစ်.ပါရာစီတမောသောက်နိုင်
ပါသည်။စာဖတ်ရင်းသောက်သောက်၊ခေါင်းမူးလို့သောက်သောက်၊ဒေါက်တာပါရာ(စိတ္တဇ)ထံမှ
အခမဲ့ယူနိုင်ပါသည်။ကလီရှေးသည်နစ်ရှေးနှင့်အမျိုးတော်ကြောင်းလျှောက်ပြောနေသည့်..
ဝေဖန်ရေးဆရာအညံ့စားတစ်ယောက်၊ဒေါက်တာပါရာထံပို့ကြပါ။အက်ဇရာပေါင်းသည်ကောက်
ညှင်းပေါင်းအလွန်ကြိုက်သောဒြပ်ပေါင်းတစ်ခုသာဖြစ်ပြီး၊မိုဆိုလီနီသည်ဆိုနီကာလာတီဗီကံစမ်း
မဲပေါက်သွားသဖြင့်..အလွန်ပျော်နေ၏။ဆရာသစ္စာနီတစ်ယောက်..ဆင်ဖိုးထွန်းထံသွားကာ.
.ဆင်ဖမ်းနည်းသင်နေ၏။လပြတ်ကျူရှင်တက်နေ၏။ဆင်တစ်ကောင်ဖမ်းပြီးဝေဖန်ရေးဆရာ
ဦးဗျစ်ထူများကိုလက်ဆောင်ပေးရန်ဟုယူဆရပေသည်။ပရမ်းပတာဟုထင်ရသည့်တချို့
ကိစ္စများသည်စနစ်တကျသင်ကြားခဲ့ရသောပရမ်းပတာများဖြစ်၏။
ဤတွင်..ဝတ္ထုတစ်ပုဒ်ပြီး၏။
ပရမ်းပတာတွေလုပ်နိုင်အောင်စနစ်တကျသင်ယူခဲ့ရသည်များးကိုမိတ်ဆွေတို့ရိပ်မိပါစေ..။

စာပေဝေဖန်ရေးဆရာတစ်ယောက်သာဒီစာတွေဖတ်မိရင်တော့တော်တော်အာရုံ
နောက်ပြီး
အရွယ်ကျသွားမှာပဲဗျာ..။ပြီးတော့လည်း..ပွစိပွစိနဲ့..မြန်မာစာပေလော
ကတော့ဘာဖြစ်ပါပြီ
..ညာဖြစ်ပါပြီ..လုပ်ဥိးတော့မှာအသေအချာပဲ။ဆရာတို့ခင်ဗျား…
ဖတ်မရရင်မဖတ်နဲ့ပေါ့ဗျာ..
။ဇာတ်ကလေးတစ်ခုပြောပါရစေ။ထိုးဇာတ်ပေါ့ဗျာ။
တစ်ခါကလိုင်းကားတစ်စီးပေါ်မှာအရက်သောက်လာတဲ့လူတစ်ယောက်ပါသတဲ့။
အရက်သမားလို့မပြောဘူးနော်။အရက်သောက်ထားတယ်လို့ပဲပြောတာနော်....။
အရက်နံ့တော့
ထွက်တာပေါ့ခင်ဗျာ။..ရမ်းကားဆဲဆိုခြင်းလည်း.....မလုပ်ပါဘူး။
အရက်သမား....(ဆိုပါစို့ရဲ့)
......ဘက်ကကြည့်တော့လည်း ဘတ်စကားပဲဗျ။ .
ပိုက်ဆံပေးနိုင်ရင် တက်စီးလို့ရတာပေါ့။
အရက်သမားးမစီးရ လို့စာကပ်ထား
တာမှ .မဟုတ်တာ။ ပြီးတော့..မူးပြီးရစ်တာ...ရိတာ
လည်းမဟုတ်။ မသကာ..
.အနံ့လေးထွက်ရုံပါ။....ဒါပေမယ့်မသောက်တတ်တဲ့....သူအဖို့
..ကတော့..
ဘယ်လောက်ကောင်းတဲ့....အရက်ကိုပဲ..သောက်သောက်........အနံ့ကဆိုး

တာအသေအချာပဲ။ဒီမှာတင်............မခံမရပ်နိုင်တဲ့....အဖိုးကြီးတစ်ယောက်က..
“ ဟေ့..သူငယ်..မောင်ဘယ်သွားနေတယ်ဆိုတာသိသလား..”…
...................လို့မေးခွန်းမေးလိုက်ပါလေရော။အရက်သမားက..............
“ ကျွန်တော်..ကျွန်တော့်အိမ်ကိုပြန်နေတာဗျ..”
.............လို့ကောင်းကောင်းမွန်မွန်ပဲပြန်ဖြေပါတယ်။....ဒီမှာတင်..အဖိုးကြီးက.....
စိတ်ထွက်ထွက်နဲ့ငေါက်တော့တယ်။
“ငရဲသွားနေတာဟေ့……ငရဲကိုသွားနေတာ..”
............လို့..လူကြီးဆိုတော့..စိတ်တိုတိုနဲ့လုပ်ရော...............။
အရက်သမားကဘာမှပြန်မပြောပါဘူး။
“ ဗျို့..ကားဆရာ…ကျုပ်ကားမှားစီးလာလို့ပါ..ဆင်းပါရစေဗျာ..”
..............ဆိုပြီးဆင်းသွားပါလေရော..။ဒါပါပဲ..........။....ထိုးဇာတ်လေကဒါပါပဲ..။
မြန်မာစာပေခုံရုံးမှာ..တစ်နေ့ကျရင်..အပြစ်ခံရရင်........ကျုပ်တို့လည်းမကယ်နိုင်
တော့ဘူး။သမိုင်းကတရားစီရင်..ရင်ခံရမှာပဲ..။..တစ်ကိုယ်တော်လွတ်မြောက်ရေး
တွေဟာဖက်ဆစ်ဝါဒတွေကိုအသက်သွင်းးနေတာပဲ။အဆိပ်အတောက်တွေသွင်း
မလာပါနဲ့။ဘာနဲ့တဲ့..ပြောမနေပါနဲ့တော့ဆရာတို့ခင်ဗျာ.။
သိပ်လည်းကြောက်မနေပါနဲ့ဗျာ။ကျွန်တော်တို့ကတော့ဆရာတို့နဲ့အတူမလိုက်ချင်
တော့ဘူး။
ကားမှားစီးမိတာကိုး..။ဆင်းသွားပြီဗျို့….။တာ့တာ..ဘိုင့်ဘိုင်.။
သိမ်းတင်သား


ဘာမှမဟုတ်ပါဘူး။
စိတ်ထဲမှာအစိုင်အခဲတွေ၊ရှုပ်ထွေးနေတာတွေကိုဘာနဲ့အန်ထုတ်ရမလဲစဉ်းစားနေတုန်းဒီစာ
လေးကိုဖတ်လိုက်မိတာပါ။ဒါ..၁၉၉၇..သရဖူ..အမှတ်စဉ်..၃၂..က..သိမ်းတင်သားရဲ့အသံဗလံ
များပါ။..အဲဒီခေတ်က..ကိုကြွက်သတင်းရေးတာကိုဖတ်ပြီး..ဒီနေ့ခေတ်သူတို့ကိုယ်သူတို့
သတင်းသမား၊ဂျာနယ်လစ်၊အယ်ဒီတာ၊ရီပိုတာဆိုတဲ့သူတွေကိုဂုတ်ကနေဆွဲခေါ်ပြချင်ပါတယ်။
ဒါ..သတင်းတစ်ခုရဲ့အစပဲရှိပါသေးတယ်။
သိပ္ပံမောင်ဝနှစ်တစ်ရာပွဲသွားပြီးတစ်ခါတည်းသိပ္ပံမောင်ဝပါအင်တာဗျူးလုပ်ခဲ့ရမလားဆိုတဲ့သူ
မျိုးတွေနဲ့..ကလီရှေးနဲ့နစ်ရှေးကိုဘာလဲစဉ်းစားနေမယ့်သူတွေ..ဆက်ဖတ်စရာမလိုတဲ့ပွဲပေါ့..။
ကျွန်မလည်းအဲဒါပြန်ဖတ်ပြီးဘတ်စကားပေါ်ကနေပျော်ပျော်ကြီးဆင်းခဲ့လိုက်တော့မှလူလည်း
နေသာထိုင်သာတွေရှိသွားတော့တာ။ကျေးဇူးတင်ပါတယ်..ကိုကြွက်..။ကိုကြွက်ဆရာကိုကား
ကောင်းကောင်းပေါ်တင်ပေးလိုက်ပြီးကျွန်မ..ကတော့လမ်းဆင်းလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်
ဆိုတာလေးလည်း..ကိုကြွက်ဆီသတင်းပို့ပေးကြပါဥိး..။

မနော်ဟရီ