တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း(၃)

Friday, June 19, 2009

(ဇာတ်သိမ်းပိုင်း)
(၉)

လေညင်းကလေးနဲ့မဆုံတာ တစ်ရက်ကနေနှစ်ရက်ဆို ကျွန်တော်သတိထားမိပြီ။ကျွန်တော် မျက်စိမှောက်တာလည်းမဟုတ်လောက်ဘူးလို့ တွေးစပြုနေပြီ။
“နေရထိုင်ရတာ ခြောက်ကပ်ကပ်နဲ့..”
လတ်ဝဏ္ဏက ဟက် ကနဲရယ်ပါတယ်။ပြီး..
“လေ မတိုက်လို့လား..”
“အဲဒီလိုလည်းမဟုတ်ပါဘူး.”
“ဒါဆို ဘယ်လိုမျိုးလဲ..”
“လူတွေ အသက်ရှူနေပေမယ့် လေရှိတာကို မေ့နေသလိုမျိုး..”
“ဘာမှ မဆိုင်ဘူး..”
“မပြီးသေးဘူးလေ..တစ်ခါတစ်ခါ ..အသက်ရှူမဝတော့မှ လေကိုသတိရပြီးခေါင်းမော့ ရှူရ သလိုမျိုး..”
“နီးစပ်လာပြီ..”
“အဲလို သတိရပြီးခေါင်းမော့ရှူတဲ့အခါကျတော့…”
ကျွန်တော် စကားမဆက်ဖြစ်တော့ဘူး။လတ်ဝဏ္ဏက ကျွန်တော့်စကားကိုစာဖတ်ရင်းနား ထောင်နေတာမို့ ဆက်မပြောတာမဟုတ်ပါဘူး။စကားလုံးတွေ လေတိုက်ခံလိုက်ရလို့ပါ။
အဖြူရောင် လေညင်းလေးက အငှားကားတစ်စီးပေါ်ကနေ လမ်းဘေး လက်ဘက်ရည်ဆိုင် ထိုင်ခုံ့ပုလေးတွေမှာ အကျအန ကျောက်ချထိုင်နေတဲ့ ကျွန်တော်တို့ကို သမင်လည်ပြန် တောင်ကြည့်သွားသေးတယ်။ကျွန်တော်လည်း ဒီတစ်ခါတော့ တအံ့တသြနဲ့ကို လိုက်ကြည့် မိတယ်။သူနဲ့ပတ်သက်တာတွေပြောနေမိတဲ့အချိန်ကိုး။
ဒါပေမယ့် ကျွန်တော်တို့အကြည့်တွေဟာ အကြည့်သက်သက်ပဲဖြစ်ကြတယ်။အဲဒီအတွက် အကြည့်တွေ ပြီးဆုံးသွားချိန်မှာ ဘာမှမကျန်တော့ဘူး။ကျွန်တော်ကလည်း အသက်ရှူကြပ် နေတုန်း လေတွေတစ်ဝကြီးရှိုက်သွင်းလိုက်ရသလိုပဲ။ဒိထက်မပိုပါဘူး။ပြီးတော့လည်း မေ့ သွားပြန်ရော။
ကျွန်တော်စကားမဆက်တာကို မဆက်ချင်လို့ မဆက်တာပဲလို့ထင်ပုံရတယ်။ဘာမှဆက်မ ပြောဘူး။သူဖတ်နေတဲ့ ယက်ဗတူရှင်ကို အတ္ထုပ္ပတ္တိ ကိုပဲစိတ်ဝင်တစားဆက်ဖတ်နေတယ်။
အဲဒီ စာအုပ်လေးဘေးချလိုက်တော့လည်း ကျွန်တော်တို့စကားဝိုင်းက ဘီလ်ဂိတ်ဆီ ရောက်သွားပြန်ရော။ဘယ်လောက်ထိ စကားကောင်းသွားကြသလဲဆိုရင် လေတွေကြမ်း ကြမ်းတမ်းတမ်းတိုက်လာပြီး မိုးငွေ့တွေပါလာတာတောင် သတိမထားမိလို့ ကျွန်တော်တို့ မိုးမိခဲ့ကြပါရောလား။

(၁၀)
ဖျားတယ် နာတယ် ဆိုတာ ဘယ်လိုနည်းလေးနဲ့မှ မကောင်းပါဘူး။ကျွန်တော့်လို တစ် ယောက်တည်းနေရတဲ့သူတွက်ပိုဆိုးတာပေါ့။ဆေးလည်းထ မသောက်နိုင်။လာတိုက်မယ့် သူလည်းမရှိ။။ဆေးခန်းလည်းမသွားချင်။လိုက်ပို့မယ့်သူလည်းမရှိ။
ဒါပေမယ့် မလုပ်ချင်တာ မလုပ်နိုင်တာ တစ်ပိုင်း။လုပ်ရမှာက တစ်ပိုင်းလေ။ကျွန်တော်နေမ ကောင်းရင် တပည့်တွေကပျော်ချင်ပျော်နိုင်ပေမယ့် ကျောင်းသားမိဘတွေကတော့ပျော်နိုင် ကြမှာမဟုတ်ဘူး။သူတို့ကငွေပေးထားရတာမဟုတ်လား။သူတို့က ကျွန်တော့်ကိုကျွန်တော့် ဘဝအတွက်ငွေပေးတယ်။ကျွန်တော်က သူတို့သားသမီးတွေကို သူတို့ပေးစေချင်တဲ့ ကျွန် တော့်ပညာကိုဝေမျှပေးတယ်။ဝတ္တရားတွေလဲလှယ်ရာမှာ ကျွန်တော့်ဘက်က ပျက်ကွက်လို့ မဖြစ်ဘူးလေ။
ဒါကြောင့် ရှိတဲ့ ပါရာစီတမောလ်လေးသောက်၊တစ်ရေးအိပ်၊နိုးလာလို့နည်းနည်းသက်သာ တဲ့အချိန်မှာ ဆေးခန်းအရှာထွက်ရပါတော့တယ်။ကျွန်တော်တို့ တိုက်ခန်းနားမှာဆေးခန်းမှ မရှိတာ။ကျွန်တော်နေတဲ့နေရာကနေ သုံးမှတ်တိုင်လောက်စီးသွားရတဲ့နေရာမှာ ဆေးခန်း ကြီးတစ်ခုရှိတယ်။အဲဒီကိုရောက်တော့ ဆရာဝန်မရောက်သေးလို့စောင့်ရသေးတယ်။ရောဂါ ခံစားနေရချိန်မှာဆရာဝန်ထိုင်စောင့်ရတာလောက်စိတ်ညစ်စရာကောင်းတာရှိမလား။ ကျွန် တော်စိတ်ပျက်လက်ပျက်နဲ့ မျက်စိကိုစုံမှိတ်ပြီး ခုံကိုမှီအိပ်နေလိုက်တယ်။
“ပါရာစီတမောလ် တစ်ကဒ်နဲ့ ခရစ်မေးလ် အက်စ တစ်ကဒ်ပေးပါ..”
ကျွန်တော်ရုတ်တရက် ထိုင်ရာကထမိမလိုဖြစ်သွားတယ်။ဆရာဝန်လာလို့မဟုတ်ပါဘူး။အဲ ဒီကြားဖူးသလိုအသံဖြူဖြူလေးကိုကြားလိုက်ရလို့ပါ။မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ဆေးကောင်တာက အမျိုးသမီးကြီးကိုကျော်ပြီး ကျွန်တော့်ကိုကြည့်နေတဲ့ လေညင်းလေး ကိုတွေ့လိုက်ရတယ်။ကောင်းကောင်းမွန်မွန်ကြီးပါပဲ။ဒါတောင် ဒီနေရာမျိုးမှာလာဆုံဖြစ် အောင်ဆုံသေးတယ်။
“အဓိပ္ပာယ်ကိုမရှိဘူး..”
ကျွန်တော့်ရင်ထဲက ခပ်ဖွဖွရေရွတ်လိုက်တာပါ။
အဖျားသွေးတောင် ပြန်တက်လာသလိုခံစားရတာမို့ မျက်စိကိုစုံပြန်မှိတ်ထားလိုက်တော့ တယ်။ကျွန်တော်ဆက်ကြည့်နေလို့ ဘာမှထူးလာမှာမဟုတ်သလို..သူမကလည်း အချိန် ကုန်ခံပြီး ရပ်ကြည့်နေမှာမဟုတ်ပါဘူး။သူ့လမ်းသူ သွားမှာပါပဲ။
အိပ်ရာထဲနှစ်ရက်လောက်လဲလိုက်တဲ့ဒုက္ခက ဘာနဲ့မှလဲလို့မရပါဘူး။တော်တော်စိတ်ပျက်စ ရာကောင်းတာပဲ။နောက်ဆိုရင်တော့ မိုးမမိအောင် မိုးငွေ့ပါတဲ့လေတွေတိုက်ခတ်လာက တည်းက သတိထားမိတတ်အောင် မိုးလွတ်ရာကိုသိအောင် ကြိုးစားထားရဦးမယ်။

(၁၁)
ပန်းချီပြပွဲလိုနေရာမျိုး၊စာအုပ်ဆိုင်၊လက်ဘက်ရည်ဆိုင်လိုနေရာမျိုးက လူစုံတတ်တဲ့နေရာ တွေမို့ သူနဲ့ကျွန်တော်တွေ့ကြတာသိပ်တော့မဆန်းပါဘူး။ဒါပေမယ့် သူနဲ့ကျွန်တော်တွေ့ပုံ က အဲလောက်မှမကတာ။နည်းနည်းတောင်မကအောင် သတိထားမိနေကြပြီ။ကိုယ့်ဘာ သာကိုယ်မသိမသာပြုံးမိရင်း ရုပ်ရှင်ထဲမှာသာဆိုတော်တော်လေး ရင်းနှီးနေလောက်ပြီလို့ လည်းတွေးမိတယ်။
ခုတော့ ကျွန်တော်က ကျွန်တော်ဖြစ်နေပြီး သူက သူဖြစ်နေတဲ့အပြင် ကျွန်တော်တို့ဇာတ် ကလည်း ပြဇာတ်မဟုတ်ခဲ့ဘူးလေ။ဒါပေမယ့် ခရီးသွားဟန်လွှဲ၊လမ်းပေါ်က တွေ့မြင်နေကျ ဓါတ်တိုင်တစ်တိုင်၊စာတိုက်ပုံးတစ်ပုံးကိုတွေ့တာထက် နည်းနည်းလေးလောက်ပိုမယ်ထင် ပါတယ်။ဒိထက်တော့ မပိုကြပြန်ဘူး။ကျွန်တော်တို့ အဖြစ်ကရယ်ရတယ်လို့ ပြောရအောင် ကလည်း တကယ်မရယ်ရဘူး။
အဲဒီလိုနဲ့ လမ်းတကာ့လမ်းတွေကိုလျှောက်သွားရင်းနဲ့ သတိရလည်းတွေ့ သတိမရလည်း တွေ့နဲ့ ကိုယ်နဲ့ဆင်တူကောင်မလေးတစ်ယောက် တကယ်ရှိနေတာ သေချာပါတယ်။
“ဘယ်လိုလဲ..”
“ဘာ ..ဘယ်လိုလဲ လဲ”
“ဒီနေ့လည်း လေတိုက်တာပဲလား..”
“အင်း..”
“လေသာ မတိုက်တော့ရင် ဘယ်လိုလုပ်မလဲ..”
“ဘယ်လိုမှမလုပ်ပါဘူး သိလိုက်မယ်လည်းမထင်ပါဘူး..”
“အစက မသိပေမယ့် အသက်ရှူကြပ်လာတဲ့အခါ..”
လတ်ဝဏ္ဏနဲ့ ကျွန်တော် အဓိပ္ပာယ်နည်းနည်းလေးကိုများများရယ်မိကြတယ်။
“သိပ်ရယ်မနေနဲ့နော် လတ်ဝဏ္ဏ”
“ဘာဖြစ်ရပြန်တာလဲ..”
“လေဝင်သွားမှာစိုးလို့..”
“ဘာ..”..ဆိုပြီး လတ်ဝဏ္ဏ သူ့နောက်ကျောကို ဆတ်ခနဲလှည့်ကြည့်တယ်။အမိုးကလေး နဲ့ဆိုက္ကားပေါ်မှာ တလှုပ်လှုပ်ပါသွားတဲ့ အဖြူရောင်ကောင်မလေးကိုကြည့်ပြီး လတ်ဝဏ္ဏပို ရယ်ပါတော့တယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။
ကျွန်တော်တို့ထိုင်နေတာ စည်ဘီယာဆိုင်တစ်ဆိုင်ပါ။ဘယ်လိုမိန်းကလေးမှ ရောက်လာ နိုင်စရာအကြောင်းသိပ်မရှိပါဘူး။ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် ကွယ်ရာမှာအတင်း ပြောသလိုသူ့အတင်းပြောနေကြတာ။
“တော်တော် အသက်ရှည်မယ့်ဟာမလေး..” …လို့ လတ်ဝဏ္ဏကကြိတ်ရေရွတ်တယ်။
တကယ်တော့ ခဏခဏတွေ့နေကြလို့သာ..အထူးအဆန်းလိုဖြစ်နေတာ။မတွေ့ကြတော့ ဘူးဆိုရင်လည်း ထူးဆန်းသလိုခံစားနေရဦးမလားတွေးမိသေးတယ်။
အဲဒီအတွေးကလည်း ခဏပါ။တကယ်မတွေ့ကြတော့မှပဲ ဆက်တွေးတာပေါ့။

(၁၂)
နယ်က အစ်ကိုတစ်ယောက်နေမကောင်းလို့ ကျွန်တော့်ကို အရေးတကြီးလှမ်းမှာနေတာနဲ့ ကျွန်တော် နယ်ကိုသုံးရက်လောက်သွားလိုက်ရတယ်။ကျွန်တော်ပြန်ရောက်တယ်ဆိုရင်ပဲ ကျွန်တော့် စူပါဗိုက်ဇာ နေမကောင်းလို့ ဆေးရုံမှာသုံးရက်လောက်စောင့်ပေးရပြန်ရော။ ဆရာဆေးရုံကဆင်းတဲ့နေ့မှာပဲ လတ်ဝဏ္ဏအဖေက အူအတက်ခွဲရတယ်။အဲဒီလိုလူမမာ တစ်စုနဲ့ကျွန်တော်လုံးပမ်းနေလိုက်တာ..ကလေးတွေနဲ့လည်းစာသင်ပျက်ခဲ့ရတယ်။
ပိုဆိုတာက အဲဒီဆယ်ရက်လောက်ကို လေညင်းကလေးနဲ့လုံးဝမဆုံတာပါပဲ။ထုံးစံအတိုင်း အစကတော့သတိမထားမိပါဘူး။ကိုယ့်ဇောနဲ့ကိုယ်ကိုး။သတိထားမိတဲ့အချိန် သူမနဲ့မတွေ့ တာဆယ်ရက်ရှိသွားခဲ့ပြီဆိုတာသိလိုက်တယ်။
ဒီနေ့တော့ ကျွန်တော် အလုပ်ကိုပုံမှန်ပြန်လုပ်တယ်။သွားနေကျနေရာတွေကို အရင် ပရိုစီ ဂျာအတိုင်းပုံမှန်ပြန်သွားတယ်။အဲ..ပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကတော့ အာရုံတွေမူး နောက်လာတဲ့အထိ လေညင်းကလေးကိုရှာနေမိတာပါပဲ။ဘယ်နေရာမှာမှ တူတာလေး တောင်မတွေ့ရတော့ပါဘူး။
တစ်ရက်…….
နှစ်ရက်…
……….
ဆယ်ရက်………
ရက်နှစ်ဆယ်………
လနဲ့ချီကြာသွားခဲ့တယ်။
ဟိုးတုန်းက မတွေ့ကြပြန်ရင်လည်းထူးဆန်းသလိုခံစားရမှာပဲလို့တွေးမိတဲ့အတွေးကို ခုဆက်တွေးနေရပြီ။ကျွန်တော် ဘာတွေတွေးနေနေ လေညင်းလေးကိုမတွေ့တာက မတွေ့တာပါပဲ။
ဟိုးအရင်တုန်းက တွေ့မြင်နေကျနေရာတွေကို အမှတ်မထင်လိုလို တမင်လိုလိုနဲ့ ကျွန်တော် ရောက်သွားတတ်တယ်။လက်ဘက်ရည်ဆိုင်သေးသေးလေးက အစ။ပညာရွှေ တောင်နဲ့ FMI အလယ်၊Toilet တွေအဆုံးပေါ့။အင်းဝဆောင်ဖက်လည်းရောက်တာပဲ။ ဆိုက္ကားတွေ အငှားကားတွေလည်း မလွတ်တမ်းကြည့်တာပဲ။ဘယ်မှာမှ မတွေ့တော့ဘူး။
“မင်း..အသက်ရှူကြပ်နေပြီလား..”
လတ်ဝဏ္ဏက အဓိပ္ပာယ်ပါပါမေးတယ်။
“အင်း..”
အဲဒီထက်သေချာတဲ့အဖြေ မရှိတော့ဘူးလေ။
မြို့လယ်ကောင်ကလမ်းတွေမှာ ဆံနွယ်ညိုညိုတွေနဲ့ အိတ်တစ်လုံးလွယ်ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့ကောင်လေး တစ်ယောက်ဟာ ကျွန်တော်ပါပဲ။
လေညင်းတွေကြွေကျလာရာ လမ်းတွေကိုငေးမျှော်ကြည့်ရင်း အရောင်မဲ့လေညင်းတွေကို ဖြတ်သန်းတိုးခွဲရင်း၊တစ်ခါတစ်လေများ ပြန်လည်ရောက်ရှိလာနိုင်မလားလို့ လေညင်းဖြူဖြူ လေးကို စောင့်မျှော်နေမိတတ်တာ ကျွန်တော်ဝန်ခံပါတယ်။
သူမကရော…..။
………….
………………….
…………………………….
…………………………………..
ကျွန်တော်မတွေးတတ်ပါဘူး။တွေးတတ်ရင်လည်းမတွေးချင်တော့ပါဘူး။

သေချာတာကတော့သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ဘူး။သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ ဘူး၊သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ဘူး။သူနဲ့ကျွန်တော်ပြန်ဆုံကြတော့ဘူး။သူနဲ့ကျွန်တော် ပြန်မဆုံကြတော့ဘူး။

(၁၃)
ပုံမှန်မဟုတ်တော့တဲ့အရာတွေကိုပုံမှန်ပြန်လုပ်ရတာခက်ပါတယ်။ပြန်ကြိုးစားရင်းကြိုးစား ရင်းနဲ့ကျွန်တော်ဟာ ဟိုးအရင်ကထက်ပိုပြီး ဂျစ်ပဆီဆန်လာပါတယ်။တစ်နေ့တစ်နေ့ လမ်းတကာလမ်းတွေကိုလျှောက်သွားတယ်။ စာသင်တယ်။လေညင်းကလေးကိုရှာတယ်။ အမှုမဲ့အမှတ်မဲ့များပြန်တွေ့လေမလားလို့ အမှုမဲ့အမှတ်မဲ့နေကြည့်တယ်။မထူးပါဘူး။ဒီတိုင်း ပါပဲ။
“အဟွတ်…အဟွတ်..အဟွတ်..”
ချောင်းဆိုးသံတစ်ဟွတ်ဟွတ်ကြောင့် ကျွန်တော်လှည့်ကြည့်မိတယ်။
လမ်းထောင့်သစ်ပင်ရိပ်ကလေးမှာ အဘွားအိုတစ်ယောက်။ဇရာရဲ့အရေးအကြောင်းတွေက သူ့မျက်နှာမှာလှိုင်းထလို့။ သစ်ပင်ကိုမှီထိုင်ရင်း အသက်ကိုအနိုင်နိုင်ရှူလို့ ပင်ပမန်းမော ဟိုက်နေပုံရတယ်။သူ့ရှေ့မှာက သူ့လိုပဲအိုမင်းနေပြီဖြစ်တဲ့ စားပွဲခုံသေးသေးလေးတစ်လုံး။ စားပွဲလေးပေါ်မှာ ဖဲထုတ်တစ်ထုတ်။
“အဘွားက ဘာလုပ်တာလဲဟင်..”
“အဟွတ်..အဟွတ်..ရှေ့..ရှေ့ဖြစ် ..အဟွတ်..ဟောတာ..”
အဘွားအိုကြည့်ရတာ အရမ်းကိုနွမ်းပါးပုံရပါတယ်။ဒီလောက်ကျန်းမာရေး မကောင်းတာ တောင်နားခွင့်ရှိပုံမပေါ်ဘူး။အနားက ဆိုက္ကားသမားလေးက
“အဘွား ကျန်းမာရေးက တော်တော်ဆိုးနေပြီ နားပါတော့လား..”..လို့ဝင်ပြောတယ်။
အဲဒါနဲ့ ကျွန်တော်စိတ်ကူးတစ်ခုရလိုက်တယ်။အဘွားအိုလည်း ဆေးဖိုးဝါးခရပါစေတော့ ဆိုပြီး .. ကျွန်တော် အဘွားအိုရှေက မြေပြင်ပြောင်ပြောင်လေးမှာ အကျအနဝင်ထိုင်လိုက် တယ်။
ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့အဘွားအိုက ကျွန်တော့်ကိုမော့ကြည့်ပြီး ..
“သား..ဘာမေးမလဲ…” ..တဲ့။
အဲဒါမှပြဿနာပါ။
ကျွန်တော်လည်းဘာမေးရမှန်းမသိဘူး။ကျွန်တော့်မှာဗေဒင်မေးရလောက်အောင် ခက်ခဲရှုပ် ထွေးနေတဲ့ ဘဝမျိုးလည်းမပိုင်ဆိုင်ထားဘူး။ရုတ်တရက် ကျွန်တော့်ခေါင်းထဲကိုဖျတ်ကနဲ ဝင်လာတာကတော့ လေညင်းလေးပါပဲ။
“ကျွန်တော် အရင်တွေ့မြင်နေကျ လူတစ်ယောက်အကြောင်းမေးချင်တယ် ”
အဘွားအိုက ခေါင်းညိတ်ပြတယ်။
“အခု..ဘယ်မှာလဲ..သိချင်လို့..”
အဘွားအိုက ဖဲထုတ်ကိုဖြန့်ချပြီး တစ်ချပ်ဆွဲခိုင်းပါတယ်။
ကျွန်တော် ဘယ်လက်နဲ့ဆွဲပြီးတရိုတသေပေးလိုက်တော့…အဘွားအိုက ကဒ်ကိုသေသေ ချာချာ စူးစိုက်ကြည့်တယ်။ပြီး…ပြောမယ်လုပ်ပြီးမှ အဘွားအို ချောင်းတွေပြန်ဆိုးလာပြန်ပါ တယ်။
“အဟွတ်..အဟွတ်…အဟွတ်..”
ဆိုးလိုက်တာမှ မရပ်မနားပါပဲ။အသက်တောင်မရှူနိုင်တော့လောက်အောင် မရပ်မနားဆိုး တယ်။ခဏကျတော့ ချောင်းဆိုးရပ်သွားပြိး ကျွန်တော့်ကိုတစ်ချက်ကြည့်တယ်။ပြီး..ကဒ်ကို ပြန်ကြည့်တယ်။ပြီး..ပြောမယ်လုပ်ပြီးမှ ချောင်းတစ်ချက်ခပ်ပြင်းပြင်းထန်ထန် ထပ်ဆိုးပြီး အဘွားအိုဟာ နေရာမှာတင် ခွေကနဲလဲသွားပါတော့တယ်။သူ့လက်ထဲက ဖဲချပ်လေးလည်း လွင့်သွားတယ်။
အဘွားအိုလဲသွားတော့ အနားကလူတစ်ချို့အုံလာတယ်။
“သေပြီထင်တယ်”
“ဆေးရုံ ပို့ရအောင်..”
“မရတော့ပါဘူး..”
“ဝဋ်ကျွတ်တာပေါ့..”
သူတို့ဘာတွေဆက်ဖြစ်ကြတယ်မသိပါဘူး။ငါးရာတန်တစ်ရွက်ကို ဖဲထုတ်လေးနဲ့ဖိပြီးစားပွဲ ပေါ်မှာထားခဲ့လိုက်တယ်။ပြီး …လွင့်ကျသွားတဲ့..(အဘွားအို နိမိတ်မဖတ်လိုက်ရတဲ့)ဖဲချပ် ကလေးကို အမြတ်တနိုးကောက်ယူပြီး အဲဒီနေရာက ထွက်လာခဲ့လိုက်တယ်။
ပထမဆုံး လေညင်းကလေးနဲ့ဆုံတဲ့ လက်ဘက်ရည်ဆိုင်လေးကိုရောက်မှ ကျွန်တော် ကောက်လာတဲ့ကဒ်ပြားလေးကိုသေချာကြည့်မိတယ်။ကဒ်ကလေးမှာ The Fool လို့ရေး ထားတယ်။လူပျော်တစ်ယောက်ပုံအဝတ်အစားမျိုးနဲ့ အထုတ်တစ်ထုတ်လွယ်ထားတဲ့လူ တစ်ယောက်ဟာ ချောက်ကမ်းပါးပေါ်မှာခြေတစ်ဖက်လှမ်းနေလေရဲ့။


အဲဒီပုံရဲ့အဓိပ္ပာယ်ကို ကျွန်တော်မသိပါဘူး။ကျွန်တော်မေးတဲ့ မေးခွန်းရဲ့အဖြေနဲ့ရော ဘယ်လို ဆက်စပ်နေလဲ။ကျွန်တော်မသိပါဘူး။
“လတ်ဝဏ္ဏ”
“ဘာလဲ”
“အဲဒီကဒ်ရဲ့ အဓိပ္ပာယ်ကဘာလဲ”
“The Fool ပါဆိုမှ အရူးပေါ့..”
“အဲဒီကောင်မလေးက အရူးလား..”
“ဟင့်အင်း..မင်းကရူးနေတာ..”
“တော်ပြီ ..မင်းလိုနားမလည်တဲ့သူကိုမမေးဘူးနာလည်တဲ့သူကိုမေးမယ်..”
“ငါလည်း နားလည်ပါတယ် မင်းလေမဝလို့ အသက်ရှူအားနည်းပြီး ဦးနှောက်ပါထိချင်နေတာ…”
ကျွန်တော် အသံတိတ်ဆဲရေးပစ်လိုက်တယ်။ညစ်ညမ်းသွားတဲ့လေထုကြောင့်လားမသိဘူး ကျွန်တော် အသက်ရှူမဝတော့ဘူး။

(၁၄)
ပုံပြင်တွေ၊ဒဏ္ဍာရီတွေကိုငယ်ငယ်တည်းက ကျွန်တော်နားထောင်လေ့မရှိဘူး။
ရန်ကုန်မြို့ရဲ့လမ်းမတွေမှာ ဆံနွယ်ညိုညို လိမ်လိမ်လေးတွေနဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ ကောင်လေးတစ်ယောက်၊The Fool ကဒ်လေးကိုကိုင်လို့ တွေ့ရာလူကို အဓိပ္ပာယ်လိုက် မေးနေတာ ပုံပြင်မဟုတ်ပါဘူး။တကယ်ပါ။အမေးခံရတဲ့သူတွေက ကဒ်ကိုတစ်လှည့် ကျွန် တော့်ကိုတစ်လှည့်ကြည့်ပြီးပြုံးချင်ကြတယ်။အဖြစ်အပျက်တွေကိုပါသိနေတဲ့ လတ်ဝဏ္ဏလို ကောင်မျိုးကျတော့ ကျွန်တော့်ကို အရူးတစ်ယောက်လိုပါကြည့်တယ်။
ဒါတွေဟာဂရုစိုက်စရာမဟုတ်ပါဘူး။
ကျွန်တော် မေးခဲ့တဲ့မေးခွန်းနဲ့ကိုက်ညီကျေနပ်စရာကောင်းတဲ့အဖြေကို မရသရွေ့ ကျွန်တော် လိုက်မေးနေမှာပဲ။
သေချာတာကတော့…
အဲဒါဟာ ပုံပြင်လည်းမဟုတ်ဘူး။ဒဏ္ဍာရီလည်းမဟုတ်ဘူး။ဇာတ်ညွှန်းတစ်စောင်လည်း မဟုတ်ဘူး။ကျွန်တော့်ရင်ခွင်ထဲကို တစ်ချိန်က အဖြူရောင်လေညင်းလေးတစ်စ မကြာခဏ တိုက်ခတ်သွားခဲ့ဖူးတာ တကယ်ပါ။
“ဒီ ဖဲချပ်လေးရဲ့အဓိပ္ပာယ်ကဘာလဲ..”
“အရူးလေ ”
“အရူးရဲ့ အဓိပ္ပာယ်က ဘာလဲ..”
…. …. …. …. …. …. …. …. …. …. ….
…. …. …. …. …. …. ….. ….။ ။
(အံ့သြဖွယ်ရာကောင်းသည်က တစ်ရံတစ်ခါတွင် ကံကြမ္မာသည် အဖြူရောင် ဓားသွား အသွင်ကိုဆောင်တတ်လေသည်။ပို၍အံ့သြဖွယ်ရာကောင်းသည်က ထိုအဖြူရောင်ဓားသွား သည် ရင်ခုန်သံလှိုင်းများနှင့် အတူတိမ်းနွဲ့လွန့်လူးတတ်ခြင်းပင်ဖြစ်သည်။)

မနော်ဟရီ
၂၀၀၁ စက်တင်ဘာ၊အိုင်ဒီယာ


တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း(၂)

Thursday, June 18, 2009

(၅)
ဘာရယ်မဟုတ်ဘူး။ကျွန်တော်က လမ်းတကာ့လမ်းကိုတစ်ယောက်တည်းလျှောက်သွားရ တတ်တယ်။အလုပ်လုပ်တယ်ဆိုမှတော့ အဖော်ပါချင်လို့မှမရတာ။ကောင်မလေးကလည်း ကျွန်တော့်လိုပဲထင်ပါရဲ့။ဘယ်သောအခါမှ အဖော်နဲ့မတွေ့ရတတ်ဘူး။
“မုန့်ဟင်းခါးတစ်ပွဲ အကြော်မထည့်ဘူး..”
ဒါ..ပထမဆုံးကြားဖူးတဲ့ လေညင်းလေးရဲ့အသံ။ကျွန်တော်မုန့်ဟင်းခါးစားနေရာကနေ ဆံနွယ်တွေကို ကပိုကရိုသပ်တင်ရင်းမော့ကြည့်လိုက်တော့ ..သူမလည်းတအံ့တသြပြန် ကြည့်တယ်။ပြီး..ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကျွန်တော့်နံဘေးက ခုံလွတ်တစ်ခုမှာဝင်ထိုင် လိုက်တယ်။သူ့ဘာသာသူ အေးအေးဆေးဆေးစားစရာရှိတာစားတယ်။မြင်တွေ့နေကျမို့ နှုတ်ဆက်ဖို့လည်း စိတ်ကူးရှိပုံမပေါ်ပါဘူး။ရှိုးတိုးရှန့်တန့်လည်းဖြစ်မနေဘူး။ပြီးတာနဲ့ ကျော ပိုးအိတ်ကလေးဆွဲ၊ငွေရှင်းပြီးထွက်သွားပြန်လေရော။
အဲဒီညနေမှာ မတွေ့တာအတော်ကြာပြီဖြစ်တဲ့သူငယ်ချင်းမလေးတစ်ယောက်နဲ့တွေ့လို့ ကျွန်တော်သတိတရပြောဖြစ်သေးတယ်။
“ခုတလော..လူတစ်ယောက်ကို အဓိပ္ပာယ်မရှိခဏခဏတွေ့နေရတယ်..”
“နင့်နောက် တကောက်ကောက်လိုက်နေတာလား ဒါဆို အခြောက်ပဲဖြစ်ရမယ်”
“မဟုတ်ပါဘူးဟာ..”
“ဒါဆို နင်နဲ့သွားလမ်းလာလမ်းတူနေတဲ့သူ ဖြစ်ရမယ် ”
“ငါလိုကောင်နဲ့မှ သွားလမ်းလာလမ်းတူနေရင် အမြွာပဲဖြစ်ရမယ် ဖြစ်ရင်တောင် အလုပ် ချင်းဘယ်လိုမှတူမှာမှမဟုတ်တာ..”
“ဟ ..ဒါဆို နင့်ဟာက ဘာကြီးလဲ..”
“အေး ..ဘာမှန်းတော့မသိဘူး အဓိပ္ပာယ်လည်းမရှိဘူး ထူးလည်းထူးသလိုခံစားရလို့ နင့်ကိုပြောပြတာ ဘာမှတော့မဟုတ်ပါဘူး ”
“ဘာမှမဟုတ်ရင် ဘာလို့လာပြောသေးလဲ..”
“သြော် ..နင်နဲ့ငါက ငယ်ငယ်တည်းကသူငယ်ချင်း အရမ်းခင်ကြတယ် ဒါတောင်မှ တစ်နှစ် နေလို့တစ်ခါမတွေ့တဲ့အခါ မတွေ့ကြဘူး..မဟုတ်လား..”
“အေးလေ..”
“အဲဒါပေါ့ ..သူနဲ့ငါကျ မသိဘူး မခင်ဘူး ချိန်းလည်းမထားဘူး ဒါပေမယ့် ရက်ခြားလောက် တွေ့နေတယ် အဲဒါကိုက အဓိပ္ပာယ်မရှိသလို ထူးဆန်းသလိုဖြစ်မနေဘူးလား ”
“အိုကေ..ရှင်းပြီ ကဲ ပြော နင်ဘယ်လိုလူကိုတွေ့တွေ့နေတာလဲ ..”
“ကောင်မလေး…အဲ..အဲ..သူ.. သူ .. သူ ပဲ..”
ကျွန်တော့်စကားမဆုံးခင်မှာ အဖြူရောင်လေညင်းလေးက ကျွန်တော့်ရှေ့က ဒုတိယအ ကြိမ်ဖြတ်သန်းသွားတယ်။ဒီတစ်ခါတော့ လေညင်းလေးက ရေးကြီးသုတ်ပြာနိုင်နေသလိုပဲ။
သူငယ်ချင်းမလေးက ဖျတ်ကနဲလိုက်ကြည့်ပေမယ့် မမီလိုက်တော့ဘူး။အဖြူရောင် အငွေ့ အသက်လေးတွေဖျော့တော့ကျန်ခဲ့တာကိုတော့ ကျွန်တော်ခံစားလို့ရလိုက်တယ်။
“ဇာတ်ညွှန်းတွေလာရေးနေတယ်..”
သူငယ်ချင်းမလေးက မကျေမနပ်ရေရွတ်ပါတယ်။
ကျွန်တော်လည်းရှင်းပြမနေတော့ပါဘူး။စကားလမ်းကြောင်း ပြောင်းလိုက်ရတယ်။ခဏနေ တော့အရာရာဟာပုံမှန်ပြန်ဖြစ်သွားပြီ။သူမနဲ့ ပတ်သက်လာရင်ဖြစ်နေကျအတိုင်း။

(၆)
FMI Centre ဆိုတာ တကယ်တော့ ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး။ဒါပေမယ့် ဒီနေ့တော့ ကျွန်တော် FMI ကိုရောက်ခဲ့ရပြီ။ရောက်ရောက်ချင်း လှိုက်လှဲတဲ့အအေးဓာတ်တချို့ကကျွန် တော့်ကိုဆီးကြိုတယ်။ ကျွန်တော်သွားရမယ့်နေရာက ဒုတိယထပ်က ဆိုင်ခန်းတစ်ခန်းကို ပါ။အဲဒီမှာ ကျွန်တော့်အစ်မဝမ်းကွဲဆိုင်ရှိတယ်။သူ့ဆီမှာနိုင်ငံခြားက လူကြုံပါးထားတဲ့ စီဒီ တစ်ချို့ရောက်နေတာ သွားယူရမယ်လေ။
ဒုတိယထပ်ကိုတက်ဖို့ လှေကားထစ်ကို စလိုက်တယ်ဆိုရင်ပဲ ကျွန်တော့်ခြေရင်းကို ပန်းဖြူ ဖြူလေးတစ်ပွင့် လွင့်ကျလာတယ်။တကယ့်ပန်းပွင့်အစစ်လေးပါ။ကျွန်တော် ငုံ့မကောက်မိ ပါဘူး။ပန်းကလေး ဘယ်ကလွင့်ကျလာတယ်ဆိုတာကိုပဲဝေ့ဝဲရှာမိတယ်။
အပေါ်ထပ်ကနေ ပန်းကလေးကျနေရာကို အူယားဖားယား ပြေးဆင်းလာတဲ့သူကတော့ ကျွန်တော့်ကို နေရာမရွေးဖြတ်ဖြတ်တိုက်သွားတတ်တဲ့ လေညင်းဖြူဖြူလေးပါပဲ။ဒီနေ့တော့ အဖြူရောင် အကျီ င်္ အဖြူရောင်ဂါဝန်ရှည်ကလေးနဲ့ သူမပြုတ်ကျခဲ့တဲ့ပန်းပွင့်ကလေးလိုပဲ ကြွကြွရွရွကလေး ဖွေးဖွေးဖြူလို့။ ကျွန်တော့်ကိုမြင်တော့ “တွေ့ပြန်ပြီ..” ဆိုတဲ့ အကြည့် လေးတစ်ပွင့်ကို စက္ကန့်ဝက်လောက်ပေးသွားပြီး သူမရဲ့ပန်းပွင့်ကလေးကို ဆတ်ကနဲ ကောက်ယူတယ်။ပြီး FMI ထဲကနေ ခပ်သွက်သွက်ကလေး လှမ်းထွက်သွားတော့တယ်။
ကျွန်တော် မသိမသာတစ်ချက်ပြုံးမိတယ်။ဘာလို့မှန်းမသိဘူး။သူနဲ့ကျွန်တော် ခဏခဏဆုံ နေတာလည်း အဲလိုပဲ ဘာလို့မှန်းမသိဘူး။လက်စမသပ်နိုင်သေးတဲ့ အပြုံးစစနဲ့ ဆိုင်ထဲဝင် လာတဲ့ ကျွန်တော့်ကို မမနွယ်က ခုမှမြင်ဖူးတဲ့သူလိုသေသေချာချာ ကြည့်တယ်။
“ဘာဖြစ်နေတာလဲ..”
“အင်း..အဲ..ဘာမှမဖြစ်ပါဘူး..”
…ဆိုပြီး ကျွန်တော့်အတွက်ရောက်နေတဲ့ စီဒီ တွေထုတ်ပေးတယ်။ပြီးမှ..
“စောစောကတောင်..”
“ဘာဖြစ်လဲ..”
“ကောင်မလေးတစ်ယောက် ဆိုင်ထဲဝင်လာရင်းနဲ့ နင့်စီဒီတွေတွေ့လို့ အတင်းတောင်း ဝယ်နေသေးတယ်”
“ဟုတ်လား မရောင်းနိုင်ပါဘူး မမနွယ်ရာ..”
“နင် မြင်ရင်ရောင်းချင်မှာပါ..”
“ဟင်..ဘာဆိုင်လို့လဲ.မမရဲ့ ကျွန်တော့်များ ငကြောင်မှတ်နေလို့လား...”
မမနွယ်က အားနာသလိုရယ်တယ်။
“မဟုတ်ရပါဘူးဟာ ထူးထူးဆန်းဆန်း အဲဒီကောင်မလေးက ..”
“ကျွန်တော်နဲ့တူနေတယ်..”
ကျွန်တော်ကပဲ မမနွယ်စကားကိုဖြည့်ပေးလိုက်တာမို့ မမနွယ်မှာတအံတသြနဲ့ဘာမှ ဆက်မပြောနိုင်ဘူး။အတော်ကြာမှ..
“မောင်နှမချင်းတောင် မျက်စိလည်တယ် နင်နဲ့ဘာတော်လဲ..”
“မောင်နှမ..”
ကျွန်တော်ရွဲ့ဖြေရင်း ကုလားကြီးကိုပြေးသတိရမိတယ်။အဲဒီတုန်းက သူအမ်းစရာရှိတဲ့ငွေ ကိုယူပြီး ခပ်တည်တည်နဲ့ လက်ဘက်ရည်သောက်လိုက်ရကောင်းသား..လို့တွေးနေမိသေး တယ်။
အံ့တွေသြနေတဲ့ မမနွယ်ကိုတော့ လေပင့်မနေတော့ဘူး။
တစ်ခုခုထူးခြားနေတာ သေချာနေပြီပဲ။
အချိန်ကုန်ခံ စဉ်းစားနေစရာမလိုတော့ဘူးလေ။

(၇)
ကျွန်တော့် Thesis အတွက် စာအုပ်တစ်အုပ်လိုလို့ ကျွန်တော်ကွန်ပျူတာတက္ကသိုလ်က နေ ပင်မတက္ကသိုလ် ထဲကိုရောက်ခဲ့တယ်။သွားရမှာက စစ်ကိုင်းဆောင်က ဆရာတစ်ဦးဆီ ကိုပါ။သူ့ဆီမှာ ကျွန်တော်လိုချင်တဲ့ စာအုပ်ရှိကြောင်း နတ်လမ်းညွှန်ရထားတယ်လေ။
ပင်မတက္ကသိုလ်ကြိးက ကျောင်းပိတ်ချိန်တစ်ခုလိုပဲ။လူခြေတိတ်လို့။စာကြည့်တိုက်ဖက်မှာပဲ ဖင်မြဲတတ်တဲ့ မဟာတွေ ပါရဂူလောင်းလျာကြီးတွေပဲ ရှိတော့လို့ထင်ပါရဲ့။ကျွန်တော်မှာ အဓိပတိလမ်းမပေါ်ချလှမ်းရတဲ့ကိုယ့်ခြေသံကိုတောင် ကိုယ်ပြန်ကြားနေရသလားထင်မိပါ တယ်။ပင်းယဆောင်ဖက်ကနေ စစ်ကိုင်းဆောင်ဖက်ကိုချိုးတဲ့လမ်းကလေးက ပိုဆိုးပါတယ် ဘယ်သူမှလည်းမရှိဘူး။ဘာသံမှလည်းမကြားရဘူး။စစ်ကိုင်းဆောင်ရောက်မှပဲ လူတွေ့ရ တော့တယ်။ကျွန်တော် ဆရာ့ဆီက လိုချင်တဲ့စာအုပ်လည်းမရခဲ့ပါဘူး။တခြားလူကိုငှားထား လို့တဲ့။စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော်ပြန်ထွက်လာခဲ့မိတယ်။အင်းဝဆောင်ဖက်ကို ခေါင်း ငိုက်စိုက်ချရင်းဆက်လျှောက်လာမိရာက ခြေသံလိုလိုကြားရလို့ နောက်လှည့်ကြည့်မိတော့ မြတ်စွာဘုရား………..
ကောင်းကင်က ပြုတ်ကျလာသလားမှတ်ရတယ်။အဖြူရောင်လေညင်းကလေးပေါ့။ထုံးစံ အတိုင်း တရွေ့ရွေ့နဲ့လွင့်မျောလာတယ်။လက်ထဲမှာလည်း ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းနေမှန်းမသိတဲ့ စာအုပ်တစ်အုပ်ကိုငုံ့ကြည့်လှန်လှောလို့။
ဘာအဓိပ္ပာယ်မှမရှိပါဘူး။ဆက်ရပ်ကြည့်နေလို့လည်း ဖြစ်တာမဟုတ်လို့ တအံတသြနဲ့ပဲ ကျွန်တော်ဆက်လျှောက်ခဲ့ရတယ်။ပြီး အင်းဝရှေ့က ခုံတစ်ခုံမှာ ကျွန်တော်ဝင်ထိုင်လိုက် တယ်။ထမင်းစားဖို့ပါ။ခဏနေကျမှ သူမလေးက ကျွန်တော့ရှေ့ကိုဖြတ်လျှောက်တယ်။စော စောက စိတ်ဝင်တစားကြည့်နေတဲ့စာအုပ်ကိုပိတ်ထားလိုက်ပြီမို့ ကျွန်တော့်ကိုမြင်သွားပါ တယ်။ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ဆုံနေကျအတိုင်းပဲ။သူက ကျွန်တော့်ကို အဖုံး ပိတ်ထားတဲ့ (အထဲမှာ ဘာပါမှန်းသူသိချင်ပုံမရတဲ့)စာအုပ်တစ်အုပ်ကြည့်သလိုကြည့်တယ် ကျွန်တော်ကလည်း ဝယ်သူမဟုတ်တဲ့သူတွေ ဖြတ်သန်းရင်းး ကြည့်သွားတာခံရနေကျ ပစ္စည်းတစ်ခုလိုပဲ ဘာသိဘာသာနေလိုက်တယ်။နောက်ဆုံးတော့လည်း အဖြူရောင် လေညင်းကလေးဟာ စစ်ကိုင်းလမ်းကိုဖြတ်တိုက်လာတဲ့ လေပြည်တချို့နဲ့အတူ ဂျပ်ဆင် ဖက်ကိုမျောရွေ့သွားတော့တယ်။စစ်ကိုင်းလမ်းပေါ်မှာက ကျွန်တော်ပဲကျန်ခဲ့တာလေ။ လေညင်းဆိုတာက နေရာတိုင်းမှာရှိနေတတ်တဲ့အရာပါ။ဒါကြောင့်များ ကျွန်တော်သွားလေ ရာမှာ အဲဒီလေညင်းဖြူဖြူလေးက ဖြတ်သန်းတိုက်ခတ်နေတာများလား။
တစ်ခါတစ်ခါတော့ တကယ့်အဖြစ်အပျက်တွေဟာ စင်တင်ပြဇာတ်တွေထက် ဆန်းကြယ် တတ်ပါတယ်။

(၈)
“ဆရာ..”
“ပြော..”
“ဒီကပြီးရင် မြို့ထဲသွားမှာလား..”
“အင်း…”
“ကျွန်တော်လည်း လိုက်မယ်..”
“ဘာလုပ်မလို့လဲကွ..”
ကျွန်တော်မျက်မှောင်ကြုတ်ရင်းပြန်မေးတော့ ကိုရွှေချောလေးက မျက်နှာချိုသွေးတယ်။
“Game CD တစ်ချပ်လောက်လိုက်ဝယ်ချင်လို့ ..”
..လို့ မရဲတရဲလေးပြောပါတယ်။
ကျွန်တော် ခေါ်ခဲ့လိုက်တယ်။
ဒါပေမယ့် ကိုယ်တော်လေးက လိုချင်တာရပြီး ကိစ္စက မပြီးသွားပါဘူး။
“ဆရာ”
“ပြော..”
“ကျွန်တော် TOILET ဝင်ချင်တယ်..”
အံမယ်လေး၊လူယဉ်ကျေးသားရယ်လို့ပဲ ကျွန်တော်အော်လိုက်ချင်ပါတော့တယ်။မြို့လယ် ကောင်မှာ ကျွန်တော်က သူ့အတွက် TOILET ဆိုတဲ့နေရာကို ကဗျာကယာစဉ်းစားပေးရ တယ်။
“လာ..လိုက်ခဲ့..”
သူ့ကို ဆူးလေကားဂိတ်နားက အခကြေးငွေပေး အများသုံးအိမ်သာကိုခေါ်သွားရတယ်။ သန့်တော့သန့်ပါတယ်။တစ်ခါတစ်ခါတော့လည်း ကျွန်တော်လို ဂျစ်ပဆီကောင်အတွက် ဒီ နေရာလေးတွေက သိထားတာမမှားပါဘူး။အသုံးဝင်ပါတယ်။
“ဒီမှာ ရောက်ပြီ..”
“ဆရာရော..ဝင်ဦးမလား..”
“အင်း..ရောက်လက်စနဲ့”
ကျွန်တော်ပါဝင်လိုက်သွားဖြစ်တယ်။
ပြန်ထွက်လာတော့
“အဲ..”
တစ်ဖက် အမျိုးသမီးအိမ်သာကနေ ဖြူဖြူအရိပ်ကလေးတစ်ခု ထွက်လာတာမို့ ကျွန်တော်တို့ အပြန်အလှန်ကြည့်မိကြတယ်။အဓိပ္ပာယ်မရှိလိုက်တာ။အိမ်သာထဲက ထွက်လာတာတောင် ဆုံရတယ်လို့..။
ကျွန်တော်လည်း တပည့်ကျော်လက်ကို ဆတ်ခနဲဖမ်းဆွဲပြီး လှည့်ထွက်လိုက်တယ်။သူမ လေးက လည်းကျောပိုးအိတ်ကလေးကို ဖျတ်ကနဲပြန်ပြင်လွယ်ရင်း သူနဲ့ဆန့်ကျင်ရာဘက် ကို ထွက်ခွာသွားလေရဲ့။


တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း

Wednesday, June 17, 2009



တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း

(၁)
မြုမိုးမှုန်တွေ..လက်စိုတောက်ပနေတဲ့..အလင်းညိုညိုနံနက်ခင်းလေးတစ်ခုမှာပါ။ရှည်သွယ်
ကျဉ်းမြောင်းပြီး..သိပ်ပြေပြစ်ခြင်းမရှိလှတဲ့လမ်းကလေးတစ်လမ်းပေါ်မှာ..ကျွန်တော်..တစ်
လှမ်းချင်း..ခြေချနင်းလျှောက်နေမိတယ်။နံနက်ခင်းကတော့ခုထိမစုံညီသေးတဲ့အလင်းတွေ
နဲ့မှုန်ရီလို့ကောင်းနေတုန်းပဲ။
အိပ်ရာကနေစောစောထပြီးခုလိုလမ်းလျှောက်နေဖို့ဆိုတာ..ဘယ်တုန်းကမှ…ကျွန်တော်မ
တွေးမိခဲ့တဲ့အလုပ်ပါ။ဒါပေမယ့်..ခုလိုနံနက်ခင်းလေးမျိုးကျတော့လည်း…ကျွန်တော်…အိပ်
စက်နေခဲ့မိတဲ့နံနက်ခင်းတွေအတွက်နှမြောတသနေမိပြန်ရော။
အစကတော့…ဒီလောက်အစောကြီးချိန်းတဲ့အတွက်..လတ်ဝဏ္ဏကိုကျွန်တော်…တော်တော်
လေးပြောပစ်ဖို့ကြံရွယ်ထားတာပါ။ခုတော့..ကြံရွယ်ထားတဲ့စကားလုံးတွေရင်ထဲမှာတစ်လုံး
မှမကျန်တော့ဘူး။အလုပ်တစ်ခုအရေးတကြီးအပ်စရာရှိတယ်ဆိုပြီး..ဒီနေရာလေးကို..စော
စောစီးစီးချိန်းပေးတဲ့အတွက်ပဲ..သူ့ကိုတောင်ပြန်ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
တကယ်တော့..ကျွန်တော်ဟာမိုးလင်းကနေမိုးချုပ်…ဂျစ်ပဆီတစ်ယောက်လိုလျှောက်သွား
နေတဲ့ကောင်ပါ။အိမ်တကာလှည့်ပြီး..ကွန်ပျူတာသင်တဲ့အလုပ်ကို(လောလောဆယ်မှာ..)
ကျွန်တော်လုပ်တယ်လေ။ခုလည်းလတ်ဝဏ္ဏက..အလုပ်သစ်တစ်ခုပေးဖို့ချိန်းတာပဲနေမှာပါ။

ကသီကရီနဲ့ကောင်းကင်ကနေခုန်ဆင်းချလာတဲ့..မြူမိုးမှုန်တွေကိုခေါင်းမော့ခံယူပစ်လိုက်
ရင်းအလင်းရနံ့သင်းတဲ့..လေညင်းတစ်စကိုရှိုက်သွင်းပစ်လိုက်တယ်။
“ အိုး ”
လတ်ဝဏ္ဏနဲ့ကျွန်တော်ချိန်းထားတဲ့လမ်းဘေးလက်ဘက်ရည်ဆိုင်ကလေးကိုတောင်..လှမ်း
မြင်နေရပါပြီ။လက်ဘက်ရည်ဆိုင်လေးက..အလင်းမှုန်ရီအောက်မှာ..လှုပ်လှုပ်လဲ့လဲ့နဲ့….စ
တင်အသက်ဝင်စပြုနေပြီ။အဲဒီအချိန်မှာပဲ..
ကျွန်တော်နဲ့တူရုမျက်နှာချင်းဆိုင်လမ်းမပေါ်မှာ..ကောင်မလေးတစ်ယောက်..လျှောက်လာ
တာကိုသတိထားလိုက်မိတယ်။ကျွန်တော့်လိုပဲ..ရှပ်အကျီ င်္အဖြူရောင်လေးနဲ့ကျောပိုးအိတ်
အနက်ကလေးကိုလွယ်လို့။
ဘာမှသိပ်စိတ်ဝင်စားစရာမရှိလှတာမို့..ကျွန်တော်လက်ဘက်ရည်ဆိုင်လေးထဲကိုပဲချိုးကွေ့
ချလိုက်တယ်။စားပွဲပုလေးတစ်လုံးမှာနေရာတကျထိုင်ချလိုက်တယ်ဆိုရင်ပဲ……စောစောက
မျက်နှာချင်းဆိုင်လျှောက်လာတဲ့ကောင်မလေးလည်းဆိုင်ထဲကွေ့ဝင်လာတာကိုတွေ့လိုက်
ရတယ်။သူမက..ကျွန်တော့်ဓားလွယ်ခုတ်ကခုံမှာဝင်ထိုင်ပါတယ်။
ကျွန်တော်က..လက်ဘက်ရည်တစ်ခွက်နဲ့စီးကရက်တစ်ပွဲမှာတယ်။သူက..ကော်ဖီခါးခါးတစ်
ခွက်နဲ့ပေါင်မုန့်တစ်ချပ်မှာတယ်။ဒါပါပဲ။ဘာမှထူးထူးခြားခြားရှိလှတဲ့…..ဖြစ်စဉ်တစ်ခုလည်းမ
ဟုတ်ပါဘူး။တစ်ခုပဲ..လက်ဘက်ရည်ဆိုင်လေးထဲက..အလင်းဝါကျင်အောက်မှာ…ကောင်မ
လေးရဲ့ကြည်စင်တဲ့မျက်နှာလေးကိုလျှပ်တပြက်တွေ့လိုက်ရတယ်။ဒီလောက်ပါပဲ။
မကြာခင်မှာပဲ..လတ်ဝဏ္ဏရောက်လာတယ်။အလုပ်စကားပြောဖြစ်ကြတယ်။သူတို့တို့ပြန်
မယ်လုပ်တော့..ကောင်မလေးတောင်မရှိတော့ပါဘူး။စကားပြောနေချိန်မှာလည်းသတိတရ
မှမကြည့်မိခဲ့ပဲ။ဘာမှမဟုတ်ပါဘူး။အဲဒီအတိုင်းဖြစ်စဉ်ရိုးရိုးလေးလို့ထင်ထားခဲ့တာ……ဒါပေ
မယ့်…………….။

(၂)

“ ဒီနေ့မီးမလာဘူးဆရာ..”
ဘယ်တော့မှမီးပျက်လေ့မရှိတဲ့နေရာမို့ကျွန်တော်တောင်အံ့သြသွားတယ်။
“ ဟုတ်ရဲ့လားကွာ..”
“ ဟုတ်ပါတယ်ဆရာ..”
“ ပြန်လာမယ်ထင်သလား..”
“ မထင်ပါဘူးဆရာရယ်..”
ကျွန်တော်ကိုယ်တိုင်က..ဒိနေ့ထိကျောင်းသားတစ်ပိုင်း၊ဆရာတစ်ပိုင်းမို့..တပည့်တွေရဲ့စိတ်ကိုနားလည်တယ်။ဒါပေမယ့်..ကိုယ်ကဆရာမဟုတ်လား။
“ ခဏစောင့်ကြည့်တာပေါ့..”
ကျွန်တော်နာရီဝက်ထိုင်စောင့်တယ်။မီးမလာသေးဘူး။တပည့်ကျော်ကိုကြည့်လိုက်တော့လဲ
အောင့်အည်းသည်းခံနေရပုံနဲ့။ကျွန်တော်ရယ်ချင်သွားရတယ်။တဆက်တည်းသူ့ကိုလည်း
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
“ ကဲ..မီးမလာတော့ရင်..ဆရာပြန်မယ်..”
“ ဟုတ်”
ပါးစပ်ကသာ..ဟုတ်..ရင်ထဲကတော့..ဟေး..ခနဲအော်ပြီးနေလောက်တာကိုမျက်နှာကြည့်ရုံ
နဲ့ကျွန်တော်ခန့်မှန်းလို့ရပါတယ်။
ကျွန်တော်အဲဒီတပည့်လေးအိမ်ကအထွက်..တစ်ဖက်ခြံတံခါးဝကို..ပိတ်နေတဲ့လူရိပ်တစ်ရိပ်
လှမ်းမြင်လို့လှမ်းကြည့်မိတယ်။
“ ………..”
မြင်ဖူးသလိုပဲဆိုပြီး..ကျွန်တော်တစ်ချက်ပြန်ကြည့်မိတယ်။ဟုတ်တယ်။မြင်ဖူးသလိုပဲ။ဘယ်
မှာလဲတော့မသိဘူး။ကျွန်တော်စဉ်းစားနေတုန်းပဲရှိသေးတယ်။သူမက..ကျွန်တော်လျှောက်
တဲ့လမ်းအတိုင်းလျှောက်ရတယ်။သူလည်းကျွန်တော့်လို ကားဂိတ်ဖက်သွားတာပဲနေမှာ.. လို့လည်း တွေးမိတယ်။
အဖြူရောင် စပို့ရှပ်လက်ရှည်ကို ယောထဘီလေးညှင်းရောင်နဲ့တွဲဝတ်ထားပြီး ကျောပိုး အိတ်အနက်ရောင်လေးလွယ်ထားတဲ့ကောင်မလေးက ကျွန်တော့်ကိုကျောပေးပြီးလျှောက် သွားနေတာမို့ ဘယ်မှာမြင်ဖူးသလဲဆိုတာ ဆက်စဉ်းစားဖို့တောင် ခက်သွားတယ်။ဒါကြောင့် ကျွန်တော်လည်း မစဉ်းစားတော့ဘူး။
အဲဒီအချိန်မှာပဲ ကောင်မလေးရဲ့ကျောပိုးအိတ်ကလေးမှာချိတ်ထားတဲ့ သော့ချိတ်လေးကို တွေ့လိုက်ရတယ်။သော့ချိတ်ကလေးက ထူးထူးဆန်းဆန်း သူ့ကျောပိုးအိတ်နဲ့တထေရာ တည်းတူတဲ့ အိတ်ပိစိကွေးလေးဖြစ်နေတာကိုး။ကျွန်တော်မှတ်မိပါပြီ။ဒီကောင်မလေးကို လတ်ဝဏ္ဏ နဲ့တွေ့ခဲ့တဲ့ လက်ဘက်ရည်ဆိုင်လေးမှာတွေ့ခဲ့တာ။မနေ့က မနက်ကပေါ့။ ကျောပိုးအိတ်မဖြုတ်ပဲ ကော်ဖီသောက်၊မုန့်စားလို့ သူ့အိတ်ကလေးကနေတွဲလောင်းကျနေ တဲ့ သော့ချိတ်ကလေးကို သတိထားခဲ့မိတာ။ကောင်မလေးကတော့ ကားဂိတ်အရောက်မှာ အသင့်ရပ်ထားတဲ့ကားတစ်စီးပေါ်တက်သွားတယ်။ကားပေါ်ကနေ ကျွန်တော့်ကိုပြန်လှမ်း ကြည့်သွားတဲ့အကြည့်ထဲမှာ ဘာများပါမလဲ လို့အရူးတစ်ယောက်လို ကျွန်တော်ရှာကြည့်မိ သေးတယ်။ဘာဆိုဘာမှမတွေ့လိုက်ရပါဘူး။သာမာန်မျှသာပါပဲ။

(၃)

ကျွန်တော့်ရဲ့အားလပ်ချိန် အပမ်းဖြေမှုဟာ စာဖတ်ခြင်းပါပဲ။ဒါကြောင့် ကျွန်တော့်အခန်း လေးရဲ့ နေရာတစ်ဝက်ကျော်ဟာ စာအုပ်တွေနဲ့ပြည့်နေတာပေါ့။ကျွန်တော့်ဝင်ငွေရဲ့သုံးပုံ တစ်ပုံလောက်ဟာလည်း စာအုပ်ဖိုးဖြစ်သွားတတ်တယ်။ကျွန်တော် ကျွန်ပျူတာ မသင်ရတဲ့ နေ့ ကျောင်းမတက်ရတဲ့နေ့တွေမှာဆို စာပဲဖတ်နေတတ်တယ်လေ။
အဲဒီနေ့က ..ကျွန်တော်နဲ့ လတ်ဝဏ္ဏ လက်ဘက်ရည်ဆိုင်မှာထိုင်စကားပြောနေရင်းက စာ အုပ်တစ်အုပ်ဝယ်ဖို့ ရုတ်တရက်သတိရလာလို့ စာအုပ်ဆိုင်တွေရှိတဲ့ ပန်းဆိုးတန်းဖက်ကို ထွက်လာခဲ့ကြတယ်။“ပညာရွှေတောင်”..ကိုပါ။စာအုပ်ဆိုင်ထဲရောက်ပြီ ဆိုမှတော့ ကျွန် တော်ကလည်း လတ်ဝဏ္ဏကိုမေ့ ၊သူကလည်း ကျွန်တော့်ကိုမေ့ ပါပဲ။
လိုချင်တဲ့စာအုပ်တချို့ကိုရပြီး မြည်းစမ်းနေဆဲမှာပဲ..
“အဲ..”
စာအုပ်စင်ထောင့်ချိုးအကွေ့လေးမှာ စာအုပ်ဖတ်နေတဲ့ကျွန်တော်ရယ်၊စာအုပ်စင်စောင့်တဲ့ ကောင်မလေးရယ် အဲဒီကြားထဲကိုမှ ကတ်သီးကတ်သတ်တိုးဝင်လာတဲ့ကောင်မလေး တစ် ယောက်ရယ် ..ဆုံမိကြတယ်။အဖြူရောင် ကောင်မလေးပါပဲ။ဗေဒင်မေးတာကမှ မှားဦးမယ် သူမ..ကျွန်တော့်ရှေ့မှာ ခြေစုံရပ်လိုက်တယ်။ပြီး ကျွန်တော်ရပ်နေတဲ့နားကစာအုပ်ကိုလှမ်း ယူဖို့ပြင်တာမို့ ကျွန်တော်နေရာဖယ်ပေးလိုက်တယ်။ကြည့်လက်စ စာအုပ်ကိုတော့ စင်ပေါ် ပြန်တင်ခဲ့လိုက်တယ်။ကျွန်တော်နဲ့ လတ်ဝဏ္ဏ ငွေရှင်းပြီး စာအုပ်ဆိုင်ထဲကထွက်လာတဲ့ထိ သူမလေးက ဆိုင်ထဲမှာရှိနေတုန်းပဲ။
ကျွန်တော် လတ်ဝဏ္ဏကို အဲဒီကောင်မလေးအကြောင်းပြောပြရင်ကောင်းမလားလို့စဉ်းစား မိသေးတယ်။ဒါပေမယ့် မပြောဖြစ်လိုက်ဘူး။ဘာမှသိပ်အရေးကြိးတဲ့ကိစ္စလည်းမဟုတ်ဘူး လို့ယူဆတယ်လေ။တော်ကြာ ပြောမိကာမှ မလိုလားအပ်တဲ့ ဖြေရှင်းချက်တွေကို နောက် ဆက်တွဲအနေနဲ့ တသီကြီးပေးရတဲ့ဘဝကို ရောက်သွားဦးမယ်။
အဲဒါနဲ့ အဲဒီညနေ၊ကျွန်တော့်အခန်းကိုလိုက်အိပ်တဲ့ လတ်ဝဏ္ဏ ကိုမျှော်လင့်ချက်တွေအ ကြောင်းပဲဆွေးနွေးဖြစ်တယ်။
“မျှော်လင့်ချက်ဟာ တကယ်တော့ မီးတောက်တစ်ခုပဲ ”
ကျွန်တော့်စကားကြောင့် လတ်ဝဏ္ဏက တစ်ချက်ကြည့်လိုက်တယ်။ဘာမှတော့ မပြောသေး ဘူး။ကျွန်တော်ကပဲဆက်ပြောလိုက်တယ်။
“ရင်ကို တောက်စားလောင်မြိုက်ရင်း ကြာလာတော့ ကိုယ့်အရည်အသွေးတွေလည်း မာကျော တောက်ပလာခဲ့ရတယ်..”
လတ်ဝဏ္ဏကရယ်ပါတယ်။ပြီးတော့..
“ငါ အရင်လိုမငယ်တော့ဘူးကွ..”…တဲ့။
“ဘာဆိုင်လို့လဲ..”
“ဆိုင်တယ်၊ ငယ်ငယ်ကတော့ မျှော်လင့်ချက်ဆိုတာ တကယ်ပူခဲ့ဖူးတယ် ကိုယ့်ကိုတွန်း အားပေးတဲ့လောင်စာလည်းဖြစ်ခဲ့ဖူးတယ်..”
“ခုကော..”
“ခုလား..မျှော်လင့်ချက်တွေက အေးမြနေခဲ့ပါပြီ အဲဒါ အခြေအနေတွေရယ်၊အသက်အ ရွယ်ရယ် အတွေ့အကြုံရယ်၊စဉ်းစားတွေးခေါ်ဥာဏ်ရယ်က ပဲ့ပြင်ပေးလိုက်ပြီး ခံစားချက် ဆိုတာကို ဖြေလျှော့ပေးခဲ့လို့ပဲ…”
“ဒီတော့..”
“ကဗျာတစ်ပုဒ်ထဲမှာ ဖတ်ခဲ့ဖူးသလိုပါပဲ..”
“အင်း..ပြောစမ်းပါဦး ”
“ခုတော့လည်း မျှော်လင့်ချက်တွေ အရောင်မဲ့လို့ တဲ့..”
ကျွန်တော်ရယ်မိပါတယ်။ပြီးမှ..
“အရောင်မဲ့ဆိုတာ အဖြူရောင်တော့မဟုတ်ဘူးနော်..”
“ငါသိပါတယ်ကွာ..”
ပြီး…….
ကျွန်တော်တို့နှစ်ယောက်စလုံးငြိမ်သက်သွားတယ်။
ခန်းဆီးစဖြူဖြူလေးကိုလေညင်းတစ်စ ဖြတ်တိုက်သွားတာကို သိလိုက်ရတယ်။
အရောင်မဲ့နေတဲ့လေညင်းကလေးက အဖြူရောင်ဟုတ်မဟုတ် မသေချာခဲ့ပြန်ပါဘူး။

(၄)
တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြ၊သိကျွမ်းခင်မင်သွားကြတယ်ဆိုတာ တကယ် တော့မဆန်းပါဘူး။မသိကျွမ်း မခင်မင်၊မချိန်းဆိုထားပါပဲ ခဏခဏဆုံနေကြတာကသာ ဆန်းသလို ရှိတာပါ။တစ်ခါကနေ နှစ်ခါ၊နှစ်ခါကနေသုံးခါ ..အခါပေါင်းတွေများလာတော့ ကျွန်တော် သတိထားမိသွားတာ ကျွန်တော့်အပြစ်မဟုတ်လောက်ပါဘူး။လေညင်းကလေး လို တရွေ့ရွေ့လွင့်မျောနေတတ်တဲ့သူမကလေးကလည်း ကျွန်တော့်ကိုအံ့အားတသင့်ပြန် သတိထားမိသွားတာဟာလည်း ကျွန်တော့်အပြစ်မဟုတ်ပါဘူး။
ကျွန်တော်က သူ့နောက်ကို တမင်လိုက်နေတာမဟုတ်သလို၊သူကလည်းကျွန်တော့်နောက် ကိုတမင်လိုက်နေတာ ဘယ်လိုနည်းလေးနဲ့မှ မဖြစ်နိုင်မှာသေချာပါတယ်။ကျွန်တော်က ကွန်ပျူတာသင်တန်းများစွာရယ်၊ကျောင်းတစ်ဖက်ရယ်နဲ့ တစ်နေကုန်တစ်နေခန်း တစ် ယောက်တည်း လျှောက်သွားနေတတ်တဲ့ကောင်၊သူမကလည်း ကြည့်လိုက်ရင် ကျောပိုးအိတ် အနက်ရောင်ကလေး နှစ်လုံးတွဲ(သော့ချိတ်နဲ့)နဲ့တရွေ့ရွေ့မျောလွင့်နေ တတ်တဲ့ကောင်မလေးလေ..။ဒါကြောင့် ရွာရိုးကိုးပေါက်လျှောက်သွားနေကြတဲ့သူချင်း အမြဲ တွေ့နေတာပေါ့…လို့ပြောရင်ရော..။အဲဒီလိုလည်း မဟုတ်သေးပြန်ဘူး။
ဒီနေ့ ကျွန်တော်လခတွေရတဲ့လဆန်းတစ်ရက်မို့ လိုအပ်တဲ့ပစ္စည်းလေးတွေစာအုပ်စာတမ်း တွေ ကွန်ပျူတာ စီဒီတွေ ဝယ်ဖို့ ကျွန်တော်မြို့ထဲရောက်နေခဲ့တယ်။ စီဒီဆိုင်နှစ်ဆိုင်သုံး ဆိုင်လောက် လျှောက်ကြည့်အပြီးမှာ ထုံးစံအတိုင်း အဖြူရောင်လေညင်းကလေးက ကျွန်တော့်ရှေ့က ဖြတ်သန်းတိုက်ခတ်လာပြန်ပါရော။
ကျွန်တော်က အနော်ရထာ ဘယ်ဘက်ခြမ်းကိုကူးလာတာပါ။သူက ဘယ်ဘက်ခြမ်းကနေ ညာဖက်ခြမ်းကိုကူးလာနေတယ်။ကျွန်တော်တို့ မျဉ်းကြားအလယ်ကောင်မှာ သုတ်သုတ်ပြာ ပြာနဲ့ဆုံကြတယ်။ပြီး ကျော်သွားကြတယ်။ဒါပါပဲ။ ဘယ်လိုမှ ကဗျာမဆန်ပါဘူး။
မျက်ဝန်းတောက်တောက်ကလေးတွေ ဝိုင်းစက်သွားတဲ့ထိ ကျွန်တော့်ကို တအံတသြကြည့် သွားတာကလွဲရင် သူမဟာ ကျွန်တော့်ကို လမ်းဖြတ်ကူးရင် မြင်တွေ့နေကျ မီးပွိုင့်နားက ယာဉ်ထိန်းရဲလောက်ပဲသဘောထားပုံရပါတယ်။ကျွန်တော်ကလည်း အဲဒီလို မကြာခဏ ဖြတ်တိုက်လာတတ်တဲ့ အဖြူရောင်လေညင်းကလေးကို ကွန်ပျူတာခလုတ်တွေနဲ့ တွေ့ရင် မေ့သွားတတ်တာပါပဲ။
(အံ့သြမယ်ဆိုရင် အံ့သြစရာကောင်းတာတစ်ခုတော့ရှိတယ်။အဲဒါက သူမရဲ့ ဆံပင်ညိုညို လိမ်လိမ်လေးတွေ ဖွာရရာကျဲဖြန့်ချထားပုံက ကျွန်တော့်ဆံပင်တွေနဲ့တူနေတာပါပဲ။နှစ် ယောက်လုံး ကျောလယ်လောက်ထိရှည်ကြတယ်။ကျွန်တော်တို့ နှစ်ယောက် အမှတ်တမဲ့ ဖြတ်သွားကြတာကိုတွေ့လိုက်ရင် အဲဒီထူးခြားမှုကို ဘယ်သူမှ သတိမပြုမိပဲနေမှာမဟုတ် ပါဘူး။)
အနော်ရထာလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ stationary ဆိုင်ကိုရောက်တယ်ဆိုရင်ပဲ ဆိုင် ရှင်ကုလားကြီးက ကျွန်တော့်ကိုစူးစူးစိုက်စိုက်ကြည့်တယ်။ပြီး….
“စောစောက ဘောလ်ပင်တွေဝယ်သွားတာ ခင်ဗျားညီမလားမသိဘူး..ပိုက်ဆံအမ်းမလို့ရှာ နေတုန်း မယူပဲထွက်သွားလေရဲ့ မေ့သွားတာလားမသိဘူး ခင်ဗျားပဲ..”
“ကြံကြီးစည်ရာဗျာ..”
ကုလားကြီးကိုကြည့်ပြီး စိတ်ရှုပ်ရှုပ်နဲ့ငြင်းလိုက်ရပေမယ့် သူဘယ်သူ့ကိုဆိုလိုပြီးပြောနေသ လဲဆိုတာ စိတ်ထဲကသိနေတော့ နေရခက်တယ်။မသိကျိုးကျွန်လုပ်ပြီး ဘောလ်ပင်တွေကို ရွေးလိုက်၊correction pen တွေရွေးလိုက်၊highlight တွေစမ်းလိုက်လုပ်နေတဲ့ ကျွန်တော့် ကိုလည်း ကုလားကြီးက ခုထိသေချာကြည့်နေတုန်း…….။
တော်သေးတာပေါ့..။သူကပေးစရာရှိနေလို့။သူရစရာရှိတာဆိုရင် ကျွန်တော်က ကြားချောင် ဝင်ရှင်းပေးနေရဦးမယ်။ကျွန်တော်ငွေရှင်းပြီး ပြန်ထွက်လာတဲ့အထိ သူက ကျွန်တော့်ကို မသင်္ကာသလို ကြည့်နေတုန်းပဲ။
ခက်ပဲ ခက်ရချည်ရဲ့။ဘယ်လိုရေစက်လဲမသိပါဘူး။
မနော်ဟရီ
(ဒုတိယပိုင်းဆက်ပါမည်။)