အပျင်းပြေဆိုပြီးဇော်ကြီးကဗျာကိုဖတ်မိတာ..

Friday, February 20, 2009

အပျင်းပြေဆိုပြီးဇော်ကြီးကဗျာကိုဖတ်မိတာ...

အပျင်းပြေဆိုပြီး
ဘ၀ကိုအရောင်လှလှချယ်ပေးကြည့်တာ
ကာလာသီအိုရီတွေမသိတော့
စိတ်ပျက်စရာပန်းချီကားတစ်ချပ်
ကိုယ့်ကိုရပ်ကြည့်နေတာတွေ့ရတယ်

အပျင်းပြေဆိုပြီး
ခရီးရှည်ကြီးတွေထွက်လာခဲ့မိတာ
မောတော့မှ
ပြန်စရာလမ်းကပျောက်နေခဲ့
ဝင်္ကဘာထဲဝဲလည်လှည့်လို့ပေါ့။

အပျင်းပြေဆိုပြီး..
သီချင်းလေးတစ်ပုဒ်ညည်းမိတာ
မျက်ရည်တွေဖြာကျလာတယ်
နှလုံးသားရဲ့အလွမ်းခန်းတံခါး
အရံအတားမလုံတော့ဘူး။

တကယ်ပါ
နောက်တစ်ခါထပ်မပျင်းမိဖို့
အပျင်းပြေကစားနည်းတစ်ခုရှာကြည့်ရဦးမယ်။ ။
မနော်ဟရီ


ကိုယ့်ကိုယ်ကိုဒါဏ်ရာရကြောင်တစ်ကောင်ရဲ့နာမကျန်းမှုမျိုးနဲ့ချောင်တစ်ချောင်မှာခွေခေါက်နေချင်စိတ်
တွေများနေတာကြာပြီ။စိတ်ရောလူရောမကျန်းမာဘူးဆိုပြီး၊လိုင်းပေါ်လည်းမတက်ဖြစ်ဘူး။တက်မိတာနဲ့
တစ်ပြိုင်နက်တည်းလူလည်းစိတ်ကပိုညစ်ရတာများတယ်။ဒါနဲ့..စာတွေပဲလိုက်ဖတ်နေလိုက်တာ၊တော်
တော်တော့အဆင်ပြေသား။နေရထိုင်ရလည်းကောင်းတယ်။စာရေးချင်စိတ်ကလည်းမရှိဘူးကိုး။ခပ်တည်
တည်နဲ့အဟောင်းတွေရိုက်ရိုက်တင်နေတာ။ရာသီစာကလည်းလုပ်မစားတတ်လေတော့၊အံကိုက်ပဲ...
ဒီနေ့တော့သစ်ကောင်းအိမ်..ကဗျာတစ်ပုဒ်ကိုဖတ်ပြီး.ကွန်မင့်ရေးမယ်အလုပ်မှာ.စာကြောင်းတစ်ချို့.
ခုန်ပေါက်ထွက်လာတယ်။အပေါ်ကစာကြောင်းတွေပဲ။ဇော်ကြီးကဗျာကိုအားနာသောအားဖြင့်တော့ကိုယ့်
ဟာကိုယ်ကဗျာလို့မတတ်ပါဘူး။သူ့ကဗျာကပိုကောင်းနေတာကိုး။
အပျင်းပြေဆိုပြီးမောင်လွမ်းနီကိုသတိရ..တဲ့..ဖတ်ကြည့်ပါဦး။