ရာစုသစ်မြစ်ကျဉ်း (၁)

Saturday, October 11, 2008

အနားစောင်းများကိုဖြတ်၍..
ညီမျှခြင်းဆိုတဲ့သင်္ကေတ “လူတန်းစား”အတွက်မဟုတ်
သင်္ချာပုစ္တာအတွက်သာ
ဒါပေမယ့်
ရောမမြို့ မှာနေ ရောမလိုကျင့် စကားပုံဟာ
လူသားတိုင်းနဲ့သက်ဆိုင်ခဲ့။
ဘ၀၀မ်းရေးအတွက်“ရိုးသားခြင်း”ဟာ
မှောင်မိုက်နက်ရှိုင်းတဲ့ချောက်ထဲ
အရှိန်ပြင်းစွာဆင်းသက်ခဲ့။
မျှော်လင့်ချက်ပန်းတိုင်မရောက်ခင်
တောင်ပံကျိုးငှက်လို ရှိုက်ချက်သံများနဲ့အတူ
ခက်ခဲစွာရှင်သန်ပျံသန်းခဲ့။
ဆုံရန်မရှိတဲ့မျဉ်းပြိုင်နှစ်ခုဟာ
ငွေကြေးတပ်မက်မှုဆုံချက်မှာ
တစ်ထပ်တည်းကျသွားလေရဲ့ ။
ခါးပြင်းတဲ့အရက်ဖန်ခွက်ထဲမှာ
ခံစားမှုအရာအားလုံး စုန်ရေအဖြစ်
အဆုံးမဲ့စွာမျောသွားခဲ့..။
ဘ၀ကပေးတဲ့နာကျင်မှုသင်ခန်းစာများကို
ရိုးတွင်းချင်ဆီအထိ ပျံ့ နှံ့ဝင်ရောက်ခဲ့။
ဘာသာကွဲနှစ်ခုရဲ့ မြင့်မြတ်သစ္စာရှိတဲ့
မေတ္တာစစ်ကိုနှလုံးသားမှာ ကဗျည်းထိုးဖို့
စုတ်တံမရှခဲ့။
ဟောင်းနွမ်းအိုမင်းသွားတဲ့ရဲတိုက်တွေဟာ
ရာစုတစ်ခုရဲ့မှတ်တိုင်ဆိုရင်
တို့…
ရွက်လွှင့်တင်လိုက်ကြစို့လေ။
ပစ္စုပ္ပန်ရဲ့ အနာဂတ်ပြတင်းပေါက်အတွက်…
မိုးကျော်သူ


ရာစုသစ်မြစ်ကျဉ်း (၁)

Thursday, October 9, 2008

ဒီကဗျာလေးကိုရေးတဲ့ စီစဉ်သူ သူငယ်ချင်း မိုးကျော်သူ တစ်ယောက်..ဒီလောကကြီးထဲမှာမရှိတော့တာ နှစ် နှစ်လောက်ရှိတော့မယ်။
သူဘာကြောင့် ဘယ်လိုဆုံးပါးသွားခဲ့ရတယ်ဆိုတာတောင် သူငယ်ချင်းအရင်းကြီးတွေဖြစ်ခဲ့ရက်နဲ့ မသိခဲ့ကြဘူး..သူ့နောက်ဆုံးခရီးကိုပို့
ဆောင်ပေးဖို့နေနေသာသာ..သူဆုံးပြီးသုံးလလောက်ကြာမှသိခဲ့ရတဲ့ဘ၀..
ကိုယ်ကိုယ်တိုင်ကလည်းကိုယ့်နေ့ရက်တွေကို
အသည်းအသန်ပြန်တည်ဆောက်နေခဲ့ရတာကိုး.
.ရှိရင်ဘယ်တော့မှ မတည့်တတ်ပေမယ့် တစ်ခါတစ်ခါရယ်မောဖို့မေ့လျော့နေတတ်တဲ့အခါတွေမှာ
သူ့ကိုသတိရတတ်တယ်..သူကရယ်စရာတွေအမြဲပြောပြီး စနောက်နေတတ်တာကိုး...သူဆုံးပြီးကာစက..
လုံးချင်းတစ်အုပ်ရေးတော့သူ့နာမည်နဲ့ ဇာတ်ကောင်တစ်ကောင်ထည့်ရေးဖြစ်တယ်..သူ့ပုံအတိုင်းပေါ့..
သူသာသိရင် ကိုယ့်ကိုဘယ်လိုမခံချင်စရာကောင်းတဲ့စကား
လုံးတွေနဲ့ ဝေဖန်ဦးမလဲသိချင်နေမိပြန်တယ်...
ချစ်သောသူငယ်ချင်း..ကောင်းရာသုဂတိလားပါစေ လို့...



ကြည့်ခွင့်
လှောင်ပြောင်ပျက်ရယ် ရက်စက်တဲ့စကားတွေကို
အပြင်းစားအက်စစ်အဖြစ်ကိုယ့်နားထဲကို
လောင်းထည့်ပေးလိုက်ပါ…မေ။
ကြင်နာဟန်ဆောင်ကောင်းတဲ့ ညှို့မျက်ဝန်းကို
မာယာဆိပ်ပြင်းမြားတစ်စင်းအဖြစ်
နှလုံးသားတည့်တည့်ထိချက်မှန်အောင်
ပစ်လွှတ်လိုက်ပါ..မေ.။
စပါးလုံးတစ်ထောက် အရေပြားပေါ်ကအဆင်းကို
ပြုစားတတ်တဲ့မှော်ဆရာအဖြစ်ခန္ဓာကိုယ်ကို
ပြုစားခိုင်းလိုက်ပါမေ..။
သရော်အရွဲ့ တိုက်နိမ့်ကျတဲ့အတွေးများကို
မကောင်းဆိုးရွားတစ္ဆေအဖြစ်၊ကြောက်လန့်သွားအောင်
ခြောက်လှန့်စေပါမေ..။
အတ္တကြီးတဲ့မာန်စိတ်တွေကို
မာန်တက်တဲ့ခွေးတစ်ကောင်အဖြစ်ကျားစွယ်တိုက်
နှလုံးသားကိုကိုက်ခိုင်းလိုက်ပါ….မေ..။
ကောက်ကျစ်စဉ်းလဲ မေတ္တာမဖက်
သစ္စာမဲ့အချစ်တွေကို သောနုတ္ထိုရ် လွှသွားနဲ့
နှလုံးသားကိုတိုက်မွှ တစ်စစီဖြတ်ချလိုက်ပါ..မေ။
ဒါပေမယ့်မေ…စိန်ခေါ်ပြိုင်ပွဲ
သစ္စာသံမှိုရိုက်နှက် ၊မေတ္တာအဖြူရောင်နဲ့
ငါ့နှလုံးသားဗိမ္မာန်က မြင့်မြတ်တဲ့စိတ်တန်ခိုးနဲ့
ရှုံးနိမ့်သွားတဲ့မင်းရဲ့ သစ္စာပျက်ဖြစ်ရပ်
ကျဆုံးခန်းတစ်ရပ်ကို
ကိုယ်ကြည့်ချင်လို့ပါ..မေ။
မိုးကျော်သူ


ရာစုသစ်မြစ်ကျဉ်း (၁)

ကဗျာလေးတွေကို အမြဲတမ်းလှနေအောင်ရေးတတ်တာ..ဒီအုပ်စုထဲမှာတော့ သူတစ်ယောက်တည်းရှိမယ်ထင်တယ်...သူ့ကဗျာလေးတွေက အမြဲတမ်း အေးမြချိုကြည်နေတတ်တယ်..။
သူက..စမ်းသီတာ တဲ့...။

ဖွင့်ဟခြင်း
လွမ်းတယ်
လွယ်မယ်လို့ထင်သလား
ဟန်မဆောင်တဲ့နှလုံးသား
မကြာခဏ
ဖျားနာတယ်
မိုးစက်များတစ်ပေါက်ပေါက်ကျ
ကောင်းကင်ဖြစ်လိုက်ရချင်
မျက်ရည်ဝင်တဲ့နှလုံးသား
မြေကြီးများပဲ..။
အေးစက်တဲ့
ဆောင်းရဲ့ လက်အစုံ
နှလုံးခုန်သံကိုခြိမ်းခြောက်
တတောက်တောက်မြည်နေတဲ့နာရီထဲ
ကိုယ်လဲ
ရင်ခုန်သံ သံပတ်ပေး
သွေးနွေးနေချင်တယ်…။
မျက်စိမှိတ်လိုက်ပေါ့
ဦးမော့နေတဲ့မာန
ခဏထွက်သွားချိန်
ကျိန်တွယ်စရာမလို
ကိုယ်…မင်းကိုတမ်းတတယ်..။
စမ်းသီတာ


ရာစုသစ်မြစ်ကျဉ်း (၁)


ကဗျာဈာန်
ကဗျာတစ်ပုဒ်ရဲ့ 
ဟန်မလုပ်တတ်ခြင်းဂုဏ်သတ္တိက
လှပတဲ့ကမ္ဘာကြီးကို
ပိုပြီးကျက်သရေရှိစေလိမ့်မယ်။

ချောင်းကလေးတစ်စင်းရဲ့ 
သန့်ရှင်းတဲ့ရွေ့ မျောခြင်းမှာ
ကဗျာရှိတယ်ဆိုရင်
မင်းကိုငါချစ်တာ
ကမ္ဘာကြီးကကောင်းချီးပေးမှာမုချ..။
ငါ့စိတ်ထဲမှာ
မြူကမ္ဗလာတစ်ချပ်ဖြန့်ခင်း
မင်းမျက်ဝန်းတွေကိုရင်ခုန်မိစဉ်
ရင်ခွင်ထဲလင်းလက်
ကြယ်စဉ်တွေပျက်ကြွေတဲ့ညမှာ
ကဗျာကဆေးတစ်ခွက်ဖြစ်လာပြန်ရော..။

အဲဒါကြောင့်ပြောတာ
ကဗျာဆိုတာ
ငါပိုင်အဇ္ဈတ္တ
မင်းအလှကတော့ငါ့ရဲ့ ကဗျာဈာန်လေးပါပဲ.။ ။
မိုးအာကာ


ရာစုသစ်မြစ်ကျဉ်း (၁)

Tuesday, October 7, 2008

ကြွေသင့်ည
အဲဒီလိုနဲ့
ညအမှောင်မှာ
လရောင်ဝိုးတ၀ါး
ကြယ်မှုံကြယ်မွှားစတို့လည်း
အနက်ရောင်နံရံရဲ့ နောက်မှာ
မှေးစက်တိတ်ဆိတ်လို့ပေါ့ ..။

တီးတိုးပဲ့တင်သံတို့
ပုံရိပ်ပေါ်ဖို့ရာ
သံစဉ်တွေယွင်းပျက်ခဲ့ရတဲ့ညပေါ့
ဖျတ်ကနဲ
ကြယ်တစ်စင်းရဲ့ ကြွေဆင်းလာပုံက
ညအမှောင်မှာ
လင်းလက်တောက်ပဖို့…။

အဲဒီညဟာ
ရင်ကွဲနာကျကဗျာတစ်ပုဒ်လည်း
ဖြစ်ခဲ့သေးတာပေါ့
အလွမ်းသီချင်းတစ်ပုဒ်နဲ့
မျက်နှာသစ်ရတော့မယ့်
မရေရာခြင်းတွေအတွက်
အားနာနေတဲ့ကဗျာဆရာ
ဘယ်လိုများ
အိပ်လို့ပျော်နိုင်ပါ့မလဲနော်…။ ။
အေးခိုင်

လေလွင့်တေး
အာရုံတွေ
မနက်ဖြန်တွေထဲမှာ အဆိပ်သင့်
ခန်းခြောက်သွားတဲ့မြစ်ရေတွေ
ကောင်းကင်ဘုံထဲမှာ
မငြီးငွေ့နိုင်သေးသမျှ
အဲဒါဟာ
မီးလောင်နေသလိုမျိုးပါပဲ..။
ဟားတိုက်လှောင်ရယ်သံတွေ
မြင့်တက်လာလိုက်ပုံက
လမင်းကိုခိုးဝှက်ယူဖို့
ကြိုးစားနေတဲ့တိမ်မျှင်တွေလို
အရူးအမူးပါပဲ..။
ပိတောက်ပင်တို့ရဲ့ 
သစ်ကိုင်းတွေလှုပ်တိုင်းမှာ
အိပ်မက်ပွင့်တို့ကြွေကျ
နွေ
ကြေကွဲမှုများ
အမိုးအကာမဲ့
ယုတ္တိဗေဒမဆန်တဲ့အနာဂါတ်များ
ကျပ်ခဲနေတဲ့ဝိ၀ါဒတွေကြောင့်
ကိုယ့်မျက်နှာကိုယ်ရှာမရတော့တဲ့
ဗဟိန္ဓလောကထဲမှာ
ခြေထောက်နှစ်ချောင်းပေါ်မှာပဲ
ပေါ့ပါးနေချင်တော့တာတောင်
ကြေကွဲမှုဓါတ်ငွေ့တွေ
ကျောပိုးအိတ်တစ်လုံးနဲ့
အပြည့်အသိပ်ရှိရမယ်တဲ့လေ….။ ။
အေးခိုင်


ရာစုသစ်မြစ်ကျဉ်း (၁)

ငါဆိုသောသူကျဆုံးခန်း
နားထောင်စမ်းပါ
ခုံတန်းပြာလေးရေ
ငါနဲ့ငါ့ချစ်သူအကြောင်းလေ
မင်းနဲ့မတွေ့တဲ့နောက်
တို့နှစ်ယောက်ရဲ့ နိဂုံး
မင်းကို ပြောရဦးမယ်..။
မင်းသိပါတယ်
ငါချစ်သူရဲ့ မိခင်ပြောတဲ့စကားစု
“ဓနမဲ့ရိုးသားမှုဟာ
အရည်အချင်းတစ်ခုမဟုတ်ဘူး” ဆိုတာလေ..။
အဲဒီတုန်းကငါ
ခံစားရတာပေါ့
ဒါပေမယ့်
လှပပြီးရာကျော်တန်တဲ့
ပန်းသီးကိုစားတော့
အထဲမှာပိုးထိုးထားကြောင်း
ချစ်သူပြောတဲ့အခါ
ငါ့မှာမျှော်လင့်ချက်အပြည့်နဲ့
သည်လိုနဲ့
ငါနေလာခဲ့ရတာ
မင်းလည်းသိပါရဲ့ 
ခုံတန်းပြာလေးရယ်။
ကလေးတွေကစားပွဲလေး
ငါငေးနေမိဘူးတယ်
လမ်းမပေါ်ကအုတ်နီခဲ
ဘောလုံးမှန်လို့လဲတဲ့အခါ
နိုင်တဲ့သူတွေဟာ ကုန်းပိုးစီးကြရတယ်လေ။
အင်း
အောင်မြင်သူရဲ့ ရယူခြင်း
ဆုံးရှုံးသူရဲ့ ပေးဆပ်ခြင်းသဘော
ဒါတွေ
ငါမပြောတော့ပါဘူး
မိုးသည်းတဲ့တစ်နေ့မှာ
ငါပေါ့
သတင်းစာရဲ့ စာမျက်နှာတစ်ခုကို
မျက်ရည်ကြားကအားယူကြည့်
(အဲဒါဘာလဲ)မင်းသိရဲ့ လား
ခံစားပေးပါ
ခုံတန်းပြာလေးရယ်…။ ။
လင်းလင်း


ရာစုသစ်မြစ်ကျဉ်း (၁)


“………………………………………………….”
လေးလံလှတဲ့ပင်လယ်
စိန်ချယ်စုတ်ချက်နဲ့သဲပွင့်
ဆားငန်ခွင့်အတ္တ
စိမ်းသော
ပြာသော
မာနအခံတွေနဲ့…
ဒါပေမယ့်
ပေါလောပေါ်ခြင်းနိယာမကိုမလွန်ဆန်သာခဲ့..။
သားမွှန်း

ခြေလှမ်းဝေဖန်ခြင်း
အသက်ကတော့တစ်နှစ်တိုးလာ
ကိုယ့်မာနနဲ့ကိုယ်..ရှက်ရှက်ပဲ
ယုံကြည်ချက်တစ်ခုတွက်
မိုက်တွင်းနက်ခေါင်းမာနေတုန်း…။
သုံးမရတဲ့ကန့်သတ်ဘောင်
ကိုယ်တိုင်တောင် ဘာမှန်းမသိတဲ့
အလုပ်များနဲ့ခေါင်းရှုပ်
ငါ့ဇီဝရုပ်သဏ္ဍန်ကတော့
မှုန်ကုတ်ကုတ်နိုင်တုန်း..။
ဘယ်လောက်ပဲကြိုးစားခဲ့
အခုလည်းကြည့်
ရင့်လောက်စေ့ထားတာတောင်
ခြေဖ၀ါးနားမှာ
အမှိုက်ပြာတွေနဲ့
ရောထွေးနေတုန်း..။
အောင်မြင်ခြင်း၊ချီးမွမ်းမှု
ကမ်းလင့်ချင်တဲ့လက်နှစ်ဖက်က
ဆုံးရှုံးမှုပျက်ရယ်ပြုမှုတွေကို
ချီးမြှောက်ထားရတုန်း…
…………………..
………………….
…ညောင်းချိလှပြီလေ…
ဒီလိုနဲ့
ဒီနေ့လည်းပဲ
တံလျှပ်ကဲတဲ့လမ်းတွေပေါ်မှာ……။ ။
သားမွှန်း


ရာစုသစ်မြစ်ကျဉ်း (၁)

Monday, October 6, 2008


ကျောက်ဆောင်တစ်ခုရဲ့အတ္ထုပတ္တိ
တ၀ုန်းဝုန်းရိုက်ခတ်လာတဲ့
လှိုင်းလုံးများကြား
ငါ….ယိုင်လဲမသွားစေရဘူး။
“ကြံ့ခိုင်မှု” “ခံနိုင်ရည်” “ဇွဲ” “မာန်”
ပန်းပန်လျက်ပါဆိုတဲ့အပြုံး
တစ်ဘ၀လုံး
မပျောက်ဆုံးစေရဘူး။
အစွန်းနှစ်ခုရဲ့ကြားမှာ
ပြေးလွှားရှင်သန်ရင်း
အံတင်းတင်းကြိတ်
တိတ်တဆိတ်ရှိုက်မိတဲ့သက်ပြင်းများစွာမှာ
“ပေါ်လီယာနာ”လိုပဲ
ငါလည်း
နေတတ်ရဲချင်တယ်။
သံလွင်ချမ်းမြေ့ 

မှတ်တိုင်များ
ဟောသည်ရင်ခွင်မှာ
ရာဇ၀င်မဲ့မြစ်တစ်စင်း
ညင်သာစွာစီးစင်းခဲ့ဖူးပါတယ်..။
ဘ၀မှာအရှုံးဆိုတာမရှိစေရ
အနိုင်ရမှကျေနပ်တတ်သူ
ငါ..
တစ်ခါက အရှုံးကိုမေ့ပစ်ဖို့
မာယာများကိုမွေးဖွားခဲ့
ဒါ…လှပတဲ့ပြကွက်တစ်ခုပေါ့ကွယ်။
ကမ္ဘာမြေရဲ့ အမှန်တရား
သန့်စင်ရိုးသားမှုတို့ဖြစ်ထွန်းရာ
ကဗျာ ပါလို့ယုံကြည်ဆဲ..။
စာရွက်ထဲမှာတော့
ဝေဒနာတွေဟန်ကျတတ်
ဒဏ်ရာတွေနဲ့ငိုပြတတ်
အလိမ်အညာတွေနဲ့စကားပြောတတ်
သတ်မှတ်ချက်ဖြူစင်ခြင်း
ပကတိသန့်ရှင်းမှုဆိုတာ
အကယ့်ကိုခဏလေးပါပဲ။
စောင့်စည်းထိန်းချုပ်မှုများနဲ့
တလှပ်လှပ်နာကျင်ဆဲနှလုံးသားအစုံ
တဆတ်ဆတ်တုန်ယင်တဲ့နှုတ်ခမ်းလွှာ
ထာဝရဖြစ်တည်မယ့်ချစ်ခြင်းအတွက်
ကွေကွင်းခွင့်ဆုလာဘ်
ရှင်.. မပေးတတ်ပါစေနဲ့ကွယ်။
ချစ်သူရယ်..
တကယ်ယုံကြည်စမ်းပါကွယ်
နှလုံးသွေးမရပ်သမျှ
ရှင့်ကို (ကျွန်မ)
ချစ်နေတတ်မှာ
အသေအချာပါပဲဆိုတာကို..။
သံလွင်ချမ်းမြေ့ 


ရာစုသစ်မြစ်ကျဉ်း (၁)

Sunday, October 5, 2008


သစ်သီးပုပ်အိုအေစစ်
လူ့ဘ၀များ
ရခဲတဲ့ကိစ္စလို့
အများယုံကြည်ထားတယ်
ဟာ
ဒါဆိုကျုပ်
သစ်သီးပုပ်စားသူဘ၀တွက်
ကျိန်စာစက်သင့်ခဲ့ပြီထင့်။
နာတာရှည်ဖောက်ပြန်ဆဲ
လူမှုအသိုင်းအ၀ိုင်းမှာ
အကောင်းဟာအဆိုးဖြစ်
အနက်ဟာအဖြူဖြစ်
အမှန်တရားဟာလိမ်ညာခြင်းဖြစ်နေတယ်ဆိုရင်
ကျုပ်ဟာ တဒင်္ဂကမိန်းမောယစ်မူးရင်း
လတ်တလောဘ၀ကို ဟန်ဆောင်ကောင်းကောင်းနဲ့
မေ့ထားချင်တယ်။
သစ်သီး ပန်းသီး
ဂွန်းလဲ့ရည် နီညိုလဲ့
ၾသစေၾတးလ်
ချိုင်းနား ၊ချင်းတောင်
စုံများလှစွာပန်းသီးတွေ
သေချာပတ်ထုတ်
အမြင်ကတ်အောင်လုပ်ပြနေတယ်။
ဈေးသည်ဘေးတောင်းကြီးထဲ
ဘ၀ခြားပန်းသီးများ
တစ်ဝက်ပုပ်တစ်ဝက်နာ
တချို့ ပိုးထိုးလောက်ကိုက်
တစ်ဖက်ရေလောင်နဲ့
စုလို့ပုံလို့
ဘ၀တွေမညီနိုင်လို့
တစ်လုံးမရ တစ်ဝက်ရလည်းကောင်းတယ်
အသည်းစွဲမှတ်သားတဲ့လူစားတွေ
ဒီပိုးထိုးပုပ်ရိတွေပဲ
အလုအယက်တိုးဝှေ့ 
သူ့ထက်ငါဝယ်
သစ်သီးပုပ်စားသူတို့အိုအေစစ်……
လူမျိုး


ကျုပ်ကမ္ဘာ
ညအိုယံတေး
ဟိုဝေးဝေးမှာ
ပြေးလွှားဝင်ရောက်ထိရပေါက်မဲ့
တံခါးမဲ့ကမ္ဘာ။
ဟိုး
မကြာအဝေး
အတိတ်စကား
လုပ်ရပ်ဒသန
ဆင်ခြင်ကြ
အနာဂါတ်ကိုပျိုး
နုပျိုသေး
အတွေတစ်ခု
နံရံကိုဖောက်
အမှန်တရားနောက်
တောက်လျှောက်လိုက်ပြီနော်
ကျုပ်ကမ္ဘာဆိုတာ
တံခါးမဲ့ နံရံမဲ့
ကမ္ဘာ ..
လူမျိုး


ရာစုသစ်မြစ်ကျဉ်း (၁)

Saturday, October 4, 2008


ဇိယုရဲ့  …….လက်
(၁)
ကောင်းကင်ဟာ..
အပြာရောင်သုတ်ထားတဲ့
စကောတစ်ချပ်ဆိုပါစို့…
လမင်းဟာ..
အဖြူရောင်ဆီးဖြူသီးတစ်လုံးဆိုပါစို့၊
ကြယ်တွေ..ဂြိုဟ်တွေဟာ
ထောင့်ချွန်းအချွန်အတက်တွေနဲ့
ဖန်သားအပိုင်းအစတွေဆိုပါစို့
နောက်..(အဲဒီ)
အပြာရောင်စကောတစ်ချပ်
ကျုပ်တို့လက်အပ်လိုက်မယ်……
ဆိုပါစို့။
(၂)
ကဲ…
စကောထဲလှိမ့်ဆီးဖြူသီး
မေးခိုင်ဆိပ်စီးဆင်းဖန်ချွန်စ
…………လာကြ…။
(၃)
ကျုပ်
စကောကို အကွပ်ဖြုတ်
ဖျာတစ်ချပ်လုပ်လိုက်မယ်
ဆီးဖြူသီးကို ကြိုးတပ်ပုံသွင်း
ဟော်လို ဂစ်တာတစ်လုံးထွင်းလိုက်မယ်
ဖန်သားအပိုင်းအစတွေကို
ကော်သုတ်ကပ်ဆက်
ဘီယာဖန်ခွက်လုပ်လိုက်မယ်
လိုအပ်လာရင်ယုံကြည်ပစ်လိုက်မယ်
တကယ်ဖြစ်လုနီးပါး..ယုံကြည်ပစ်လိုက်မယ်.။
(၄)
ပြီးမှ..ဖျာတစ်ချပ်ပေါ်မှာ
ဘီယာတစ်ဖန်ခွက်
ဟော်လိုဂစ်တာတစ်လက်နဲ့
ခံစားချက်တွေဖွင့်အံထွေးထုတ်
ဒီအခါ..
ချာလပတ်ရမ်းဇာတ်ထုတ်တွေရဲ့ ဒဏ်ချက်
(ကဗျာဆရာ)
သွေးထွက်နေမှန်းသိတော့မှာမဟုတ်..။ ။
ဇုံနီ ၊ မင်းခိုက်စိုးစန်


ရာစုသစ်မြစ်ကျဉ်း (၁)

Friday, October 3, 2008



နှင်းစက် စက်ဝိုင်း
ဟောင်းနွမ်းနေပါပြီ
ဒါပေမယ့်..သစ်လွင်နေဆဲပဲ။
ထာဝရမိသားစုထဲမှာ
ရာသီညီအစ်မ
ကကြိုးသုံးကွက်
စိတ်ပျက်စရာကပြကြ
လရယ်…ကြယ်ရယ်…နေမင်းရယ်..
ကွယ်လိုက်လင်းလိုက်
အိပ်ငိုက်သူများလည်းရှိရဲ့..။
လှုပ်နှိုးကြပြန်ပေါ့
ဖြူဖျော့ဖျော့ငွေမှုန်တွေ
ဝေဒနာရှိသူများဒါဏ်ရာသစ်ကြ
အဖြစ်မရှိသူတချို့ ကတော့
အေးမြနှင်းမှုန်တွေဟာ
လူမမာတစ်ယောက်မျက်နှာထက်က
ချွေးစက်တွေလို့ယူဆကြ။
ဘာပဲဖြစ်ဖြစ်ပေါ့
တစ်ကျော့ပြန်လာဦးမယ်
ဧည့်သည်ဆိုတဲ့အမည်နာမ
နိုဝင်ဘာလတိုင်းမှာဧည့်စာရင်းတိုင်ဦးမယ်
တကယ်ဆိုရင်
နဂိုတည်းကရှိတဲ့လောက
လောကထဲကလူသား
လူသားတွေထဲကဘဝ
ဘ၀တွေထဲကဒသန
ဒသနတွေထဲက နှင်းစက်အေးမြ
နှင်းစက်အေးမြတွေနဲ့လောက
……………
လူမမာမျက်နှာထက်က
နှင်းစက်ပွင့်တွေက
နိမိတ်ပုံလှလှ ပြောပြနေကြလိမ့်ဦးမယ်။ ။
ဧထက်

ခါကာဘိုရာဇီမှပိတ်စများ
ကောင်းကင်ဆိုတဲ့ဝေါဟာရ
ဘာသာပြန်ပြစရာမလို
ခါကာဘိုရာဇီကိုလည်းသိကြတယ်။
ဦးတည်ရာမဲ့၊ကစဥ့်ကလျား
အတွေးအခေါ်ဆုံးပါးတိမ်ညွန့်တွေ
လေချွန်သံတစ်ခုရဲ့လားရာအရပ်ဆီ
ရှပ်တိုက်ပြေးလွှား
အကျီ င်္ပါးပါးတွေချုပ်ရိုးမခိုင်ကြရှာ။
ငါ့တစ်ရပ်သာသာအရပ်က
ခြောက်ကပ်ကပ်လှောင်ရယ်သံ
ဖိနပ်တစ်ရံကို ပါးလျကုန်ဆုံးစေခဲ့…။
ငါ့ဦးထုတ်အပေါ်မှာ…
ငါ့ဖိနပ်အောက်မှာ…
နောက်ပြီးတော့ငါ..
ဖွာလန်ကျဲပိတ်စတချို့ နဲ့
စက်ချုပ်သမရဲ့ ချုပ်ရိုးမသေသပ်မှုအတွက်ကိုတော့
ရယ်မောခြင်းတွေမေ့လျော့နေခဲ့ကြ။
သဘာဝ….တဲ့
ငါဘာမှမပြောတော့ပါ
ဟေမာနေ၀င်း သီချင်းတစ်ပိုင်းတစ်စ
ငါ..အလွတ်ရနေ
“တိမ်တွေပြန်လာတာ
မော့ကြည့်လို့သီချင်းဆိုတာကောင်းတယ်”..။
ဧထက်


့ရာစုသစ်မြစ်ကျဉ်း (၁)

Thursday, October 2, 2008



အမေသို့
“မိတ်ဆွေ” တဲ့
စိတ်စေတနာမပါပဲ
ရေလဲသုံးစကားအဖြစ်
တစ်ဆစ်စာလျှာဖျားကိုအသုံးပြု
ဝေါဟာရတုတွေခပ်များများနဲ့
ငါ့ရဲ့နေ့တွေအတွက်
အမေ့ကိုအားနာလိုက်တာ…။
ခွင့်လွှတ်ပါအမေ…
ကမ္ဘာမြေမှာအသက်ရှင်ရပ်တည်ဖို့
လျှာပေါ်မြက်မပေါက်စေရေး
အပြေးအလွှားနဲ့
ကစဥ့်ကလျားဝါကျတွေဖွဲ့သီ
ဟန်ဆောင်ပြုံးရယ်ပြ..
သဘာဝနဲ့ကင်းကွာပြီး
ခရီးစဉ်လမ်းတစ်လျှောက်မှာ
မျက်စိမမှောက်စေရေးအတွက်
အမေ့မှာကြားချက်တွေကို
မေ့လို့ထားခဲ့ရတာကိုပါ။
အမေရေ..
ခုမှပဲ…ဗန်ဂိုးရဲ့ ပန်းချီကား
“အာလူးစားသူများ”
နေရာအနှံ့အပြားမှာတွေ့နေ
“နေကြာပန်း”တွေဟာ ကျွန်တော်လေပဲလား
“နေ”ရှိရာကိုလား
အမှန်တရားကိုမေ့ထားရင်း
ထမင်းနပ်များစွာတွက် ခရီးဆက်နေ…။
တစ်နေ့နေ့မှာ
ကျွန်တော်ဟာ
ဒီကမ္ဘာကြီးရဲ့
အပိုင်းအစတစ်ခုဖြစ်သွား
ပျောက်ဆုံးသွားမှာ
သေချာရက်နဲ့
ဘာလို့များ…..။ ။
မနော်ဟရီ

အဇ္ဈတ္တခြုံထည်
လိပ်ပြာသန့်တတ်ခြင်းစိတ်ထက်
ချေးညော်အထပ်ထပ်တက်
လင်းလက်မှုမဲ့ဘ၀ထဲ
ထပ်တူကျနေခဲ့တာ
များစွာသော ပယောဂတွေကြောင့်လို့
ထောင့်တစ်ထောင့်ခို လက်ညှိုးထိုး
မယိုးစွပ်ချင်တော့ပါဘူး။
မှားခဲ့ဘူးခြင်းများစွာအတွက်
တွက်ချက်ခဲ့ရတဲ့သင်ခန်းစာတွေ
အစာမကြေဖြစ်လိုဖြစ်
သင်ခန်းစာအသစ်တွေနဲ့လည်း
စိတ်ဝမ်းကွဲနေခဲ့ရ..
လျှော်ဖွပ်မရတော့တဲ့လိပ်ပြာကို
အိတ်မှာအသာထည့်
မျက်လှည့်ဆရာလက်အပ်လိုက်တယ်.။
ကဲကွယ်…
ယုံလွယ်သူတို့အတွက်
ဟန်ဆောင်လင်းလက်ရင်း
ခပ်တင်းတင်းခြုံလွှမ်း
အဆင်ဆန်းခြုံထည်အောက်မှာ….။ ။
မနော်ဟရီ


ရာစုသစ်မြစ်ကျဉ်း (၁)


အဆက်အစပ်မရှိ
မရီချင်လည်းပြုံးမနေပါနဲ့
ခုံရုံးဖွဲ့အပြစ်ယူမှာမှမဟုတ်တာ
နှုတ်ခမ်းကကြွက်သားတွေ
အလကားအလုပ်များနေပါ့မယ်
ကျုပ်ကတော့ကွယ်
အောင်ကြီးဟစ်ကျယ်
ရီတတ်တယ်နော်
ရင်ထဲကတကယ်ပါလို့။
ချောင်းကိုပစ်၍မြစ်ကိုရှာ
ရေသာများ၍ငါးမတွေ့တဲ့
အလကားပါကွယ်
သူများတွေပြောတာအဟုတ်မထင်နဲ့
ချောင်းကိုပစ်ပြီး
မြစ်ထဲကိုဆင်းခဲ့စမ်းပါ
ရေများသလိုငါးလည်းပေါပါတယ်
မင်းတကယ်ပျော်စေရမယ်မန်ဒါလီ။
ဘာနဲ့မှမသက်သာဘူး
မာနဆိုတဲ့ဓါတ်ချိုတဲ့လို့လေ
စိတ်ညစ်ခြင်းကြောင့်ဖြစ်တဲ့လက္ခဏာ
ဆေးပညာအရပေါ့
မာယာများတဲ့ဝက်ခြံတွေ
ရိုင်းစိုင်းကြီးကျယ်စွာနေရာယူကြလေသည်
ရေနစ်သူဝါးကူ၍ထိုးဆိုသကဲ့သို့
အကျည်းတန်သူ
ဘီးမှန်ကူ၍လှနိုင်သလား
မုန်းတီးဆက်စုပ်စရာ
ကျုပ်မှန်မကြည့်ဖြစ်တာကြာပြီ။ ။
မိကောက်


ဒိုင်ယာရီထဲကမှတ်စုများ

လုံလောက်တဲ့အကြောင်းပြချက်
မရှိ
ဘာကြောင့်မှန်းလည်းမသိ
ချစ်ခြင်းရဲ့ ဝေဒနာ အတ္ထုပ္ပတ္တိက
မင်းမချစ်တဲ့ကဗျာတွေကိုမွေးဖွား
မင်းရဲ့မနီးမဝေးအနား
မင်းအရေးမလုပ်တဲ့နှလုံးသားမှာ
ချစ်သူရေ
မကြာခဏဖျားနာနေတယ်။
ငုတ်တုတ်ထိုင်..တိုင်တစ်တိုင်ရဲ့ခြေရင်း
ငိုချင်ခြင်းပြင်းပြ
ဖိတ်ကျတဲ့မျက်ရည် ”သံစဉ်”များ
ရီမောခြင်း”တေးသွား”နဲ့ ထိန်းချုပ်
ခပ်ချာချာသီချင်းတစ်ပုဒ်ကိုညည်းတွား
ရူးသွပ်ခြင်းအမည်ရတဲ့”မင်းသား”နဲ့ 
အချိန်တော်တော်များများမှာနှစ်ပါးသွားနေ့ရတယ်။
ခဲမှန်တဲ့စာဖမ်းယူစားသောက်ဖို့ဝန်မလေးရှာသူ
ရေနစ်သူ
ဝါးကူပြီးထိုးတတ်တဲ့လူ
မိုးကိုတွယ်၍
ကျေနပ်ညှိုးငယ်စွာ ကျကြွေရှာတဲ့
ပန်းများကို
“ အမနာပ” မနားတမ်းပြောသူ
ပြီးတော့
မဲနယ်ဆိုးထားတဲ့နှုတ်ခွန်းဆက်စကားမျိုးနဲ့
ပစောက်ပြောင်းပြန် မူမမှန်အပြုံးတွေကြား
ဘယ်ဘက်ရင်ခွင်ကတအားနာကျင်လာတယ်
ချစ်သူရယ်
သေခြင်းဆိုတဲ့အရာ
ကိုယ့်ကိုဆုချပါကွယ်…။ ။
မိကောက်


ရာစုသစ်မြစ်ကျဉ်း (၁)



ကြေကွဲချိန်
ပန်းတွေကြွေ
လေပြေမတိုက်
မှောင်မိုက်တဲ့ည
ရှတတအချစ်...လွင့်နေ။
ခြောက်သွေ့ မြက်ခင်း
ပူပြင်းတလင်းပြင်
တေးသီခြင်းကင်းလို့
ငြိမ်ဆိတ်ခြင်းနဲ့အနားသတ်
မြတ်သောနှလုံးလည်းမဲ့
ပြာလဲ့တဲ့ကောင်းကင်
ရင်ခွင်ပေါ်ပိသလို
ပီဘိ အကျည်းတန်....။
စိုးရွံ့ ဆဲအသွေးသား
မြားသွားနဲ့ငြိ
ကြမ်းရှတဲ့အတွေ့ အထိမှာ
ငါ...အနာတရနဲ့ ..။ ။
မေငြိမ်း


ရာစုသစ်မြစ်ကျဉ်း (၁)




အရိုင်းသက်သက်နေနဲ့
လေးလံကျပ်ခဲချင်လည်း
ခဲနေမှာပေါ့
ဒါပေမယ့်
သင်မျက်စိနဲ့ကြားပြီး
နားနဲ့မြင်နိုင်တယ်
မှန်တစ်ချပ် ၊လှံတစ်စင်းနဲ့
အခိုးအငွေ့တို့လို…
မျှော်လင့်ခြင်း၊ပြီးဆုံးခြင်း
အလိုပြည့်ခြင်းတို့ပြည့်နှက်
ယဉ်ကျေးတဲ့က္ကုစ္ဆာသရနှလုံးသားတို့ရဲ့ 
ပြတင်းတံခါးများ
အဲဒါ…
ရာစုသစ်မြစ်ကျဉ်း
များလည်းဖြစ်ရဲ့….


အမှတ်တရကျေးဇူးတင်စွာဖြင့်
ဇုံနီ ၊မိုးကျော်သူ၊မျိုးသန်း


ဒါ…ရာစုသစ်မြစ်ကျဉ်း (၁)ရဲ့ အဖွင့်စာမျက်နှာပါ..။