နှစ်လေးဆယ်

Saturday, May 29, 2010


တစ်ခါမှ အမေ နဲ့ပတ်သက်ပြီး စာမဖွဲ့ဖူးပါဘူး။ ဘာလို့လဲ ဆိုတော့ ရေးလို့ မမီတဲ့ ပန်းချီကားတစ်ချပ် ဖွဲ့လို့မပီတဲ့ တေးတစ်ပုဒ်လို့ ခံစားမိလို့ပါ။ ဒီဝတ္ထုကိုတော့ မနှစ်က စရေးပါတယ်။ ဒီနှစ် ရန်ကုန်ပြန်ရောက် လို့ ရတီ အထူးထုတ်အတွက် စာမူ ဆိုမှ ဒီဝတ္ထုကို လက်စသပ်ဖြစ်ပါတော့တယ်။ သရုပ်ဖော်ထားတဲ့ ကိုကိုနိုင်ရဲ့ လက်ရာကိုလည်း ကြည့်လိုက်ပါဦး ... ကျွန်မကတော့ သူ့သရုပ်ဖော်ပုံ တွေကို နှစ်သက်လို့ပဲလားမသိဘူး ဒီပုံလေးကို တော်တော်လိုက်ဖက်တယ်လို့ မြင်ပါတယ် ...



နှစ်လေးဆယ်



မှန်ပြင်ထဲတွင်မြင်နေရသော ပုံရိပ်ကိုကြည့်လိုက်သောအခါ လွန်ခဲ့သောနှစ်လေးဆယ်ကို ပြန်မြင်လာသည်။ ဇရာသည် နှစ်လေးဆယ်ကိုဖြတ်သန်းကာ သူမကို အမီလိုက်လာခဲ့ပြီ။ နုပျိုမှုအားလုံးသည် ဇရာ၏စုတ်မျိုသွားမှုအောက်တွင် ခပ်ငွေ့ငွေ့တောင်မကျန်ချင်။ တစ်ချက်ပြုံးလိုက်တော့ အပြုံးက ငယ်စဉ်ကလို သန့်စင်မနေနိုင်တော့ ။ လောကကိုလှောင် ရယ်ခဲ့ခြင်းနည်းပါးခဲ့သည့်တိုင် တစ်ခါတစ်ရံတော့လည်း ရယ်မောခဲ့မိလိမ့်မည်ထင်သည်။


ဖြတ်သန်းလာခဲ့သော သက္ကရာဇ်များကို ပြန်လှည့်ကြည့်လိုက်သောအခါ အရာရာသည် ပြက်ပြက်ထင်ထင်ရှိနေဆဲ..။ ဒီလိုကျတော့လည်း နှစ်လေးဆယ်သည် ခြေလှမ်းလေးဆယ် မျှသာလှမ်းခဲ့ရသော ခရီးတိုတစ်ခုလို။ လျှောက်လာခဲ့တုန်းကတော့ကြာလှချည့်..ဟုထင်ခဲ့ မိသောအချိန်များရှိခဲ့သလို အကုန်သိပ်မြန်ခဲ့သောကာလများလည်းရှိခဲ့သည်။ လင်းတစ်ခါ မှိန်တစ်လှည့်ရက်စွဲများပါဝင်သလို၊ ပြိုတစ်ခါ လဲတစ်လှည့်နေ့ရက်များလည်းပါဝင်ခဲ့သည်ပဲ။ လောကဓံကို ပန်းလိုပန်ခဲ့ရသောနေ့ရက်များကိုကြုံခဲ့ရသည့်တိုင် မှန်ကြည့်မပျက်ခဲ့သည်ကို က ရင်ဆိုင်ရဲခြင်းတစ်မျိုးဟု ကိုယ့်ကိုယ်ကို ကျေနပ်နေခဲ့ဖူးသည်..။ခုတော့လည်း အရာရာ ကိုစိတ်လျှော့အရှုံးပေးချင်လာသလိုလို…။


ထိုင်ရာမှထလိုက်သောအခါ မှန်ထဲတွင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ပြက်ထင်စွာမြင်လိုက် ရသည်။ဒီတစ်ကြိမ်တွင်တော့ မပြုံးမိတော့။ သက်ပြင်းတစ်ချက်ကိုအသာချကာ မှန်ပြင်ကို ကျောခိုင်းပစ်လိုက်သည်။ လေးကန်ချိနဲ့ချင်သောခြေလှမ်းများနှင့် မှန်ရှေ့မှခွာခဲ့လိုက်သည်။ အခန်းနံရံတစ်ဖက်အပြည့်နေရာယူထားသော နံရံကပ်ဘီရိုကိုလှမ်းဆွဲဖွင့်လိုက်သောအခါ အထဲတွင် အရောင်အသွေးစုံလင်နေသော အဝတ်များက သူမကိုစောင့်ကြိုနေသည်။ ဘယ်တုန်းကမှ ဘာကိုမှ မက်မက်မောမော မဝတ်ဆင်ချင်ခဲ့ မတောင့်တ တတ်ခဲ့ပါပဲလျက် သူမ ဘီရိုထဲ ထိုမျှအရောင်သွေးစုံနေသည်မှာအံ့တော့အံ့သြစရာပင်။ သားတွေသမီးတွေက မွေးနေ့တွေ အမှတ်တရနေ့တွေ အမှတ်တမဲ့နေ့တွေမှာပေးထားခဲ့သောအရာများလည်း မနည်းမနော။နှစ်လေးဆယ်သည် အရောင်များကိုလည်းစုံလင်စွာသယ်လာတတ်ခဲ့သည်ပဲ။


အနီကိုနှစ်ခြိုက်ပါလျက်ရဲရင့်ရမှာ ကိုမေ့လျော့နေခဲ့ဖူးသည်။အဖြူသည်စွန်းထင်းလွယ်မှန်း သိပါလျက်နှင့် ဖြူစင်မှုကိုနှစ်လိုနေခဲ့ဖူးသည်။ ဝန်တိုခြင်းများသောအဝါရောင်များကလည်း ဟိုတစ်စ သည်တစ်စနှင့်ရောပါနေဆဲ။ သိပ်ပြီးလက်မခံချင်ပဲလက်ခံထားရသော ခရမ်းနု ခရမ်းရင့်များကလည်း ပြိုးပြိုးပြက်ပြက်လက်လို့။ မေ့လျော့ထားခဲ့မိသောအစိမ်းရောင်ဝတ်စုံ များကိုတော့ ဒီနေ့ပြန်ထုတ်ကြည့်နေမိသည်။ အနက်ရောင်ကို လူတွေက ဘာလို့ဝမ်းနည်း ကြေကွဲသည့်အခါဝတ်ဆင်တတ်ကြတာလဲ..။သူမကတော့ အနက်ရောင်ကို ပျော်ရွှင်နှစ်လို စွာဝတ်ဆင်ခဲ့ဖူးသည်။မိန်းမဆန်လွန်းသော ပန်းနုရောင် ရွှေအိုရောင် များကိုတော့ တခြား သောအရောင်များနှင့်သာရောနှော၍တွေ့ရတတ်သည်။ သူမက သိပ်မနှစ်သက်တတ်သလို သားနှင့်သမီးတို့လည်းနှစ်သက်ကြပုံမပေါ်။ တစ်ခါကတော့ အဖြူရောင်တွေချည်းပဲလွှမ်းမိုး နေမည့် အဝတ်ဘီရိုတစ်ခုကိုစိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။ လက်တွေ့ဘဝတွင်တော့ အရာရာသည်စွန်းပေလွယ်လွန်းလေစွ။


နောက်ဆုံးလက်ထဲပါလာသည်က အညိုရောင်ရင့်ရင့်။ ရင့်မှိုင်းတည်ငြိမ်နေသည်။ ဒီအညို တွေကိုကြည့်ရင်း သူမသည်ပင် ငြိမ်သက်မှိုင်းပျသွားသလို ခံစားသွားရသည်။ ပယင်းရောင် လဲ့နေသော လည်ဆွဲများနှင့်ယှဉ်တွဲလိုက်သောအခါ…တည်ငြိမ်သော ကြည်လင်မှုတစ်စုံ တစ်ရာကိုရလိုက်သလို သူမကျေနပ်သွားမိသည်။ သေချာတာကတော့ ငယ်စဉ်ကလို အညိုရောင်နှုတ်ခမ်းဆိုးဆေးကို မဆိုးနိုင်တော့မှာပင်။ ပန်းသွေးရောင်စွန်းသည်ဆိုရုံမျှသာ စွန်းသော နှုတ်ခမ်းကို ကြည့်ကာကျေနပ်လိုက်သည်။ ဘာလုပ်မှာလဲကွယ်။ ကျားကန်ခြင်း ပန်းပန်ခြင်းတွေကို သူမနဂိုတည်းက အယုံအကြည်မှမရှိခဲ့ပဲ။ အဖြူရောင်တွေရောယှက် စိမ့်ဝင်လာခဲ့သော ဆံနွယ်များကိုကြည့်ကာ နှစ်နှစ်လိုလို လက်ခံထားနိုင်ခဲ့သည်ပဲ။


တချို့သော မိန်းမများကဲ့သို့ ဇရာကိုဖုံးကွယ်လိုသည့်ထဲ သူမ မပါဝင်ခဲ့ပါ။ ကျူးကျော်ဝင် ရောက်လာသော အရေးအကြောင်းများကိုလည်း သက္ကရာဇ်လှေကားထစ်များသဖွယ် သူမက လက်ခံကျေနပ်နေခဲ့ဖူးသည်။ ရော့ရဲ ပြေလျော့သွားမှုများကိုလည်း ဓမ္မတာဟု လက်ခံနိုင်ခဲ့သည်။ အပေါ်ယံအရည်ပြားတစ်ထောက်စာသာရှိသော အလှကို သူမ မယုံ ကြည်ခဲ့ဖူးပါ။ သူမ ယုံကြည်သည်က ဖြူစင်မှု ဖြစ်ပြီး မယုံကြည့်သည်က သံသယများသာ ဖြစ်သည်။ သို့သော် ထိုယုံကြည်မှုများနှင့် အမြဲတမ်း ပဋိပက္ခ ဖြစ်နေခဲ့ရပြီး မယုံကြည်သည့် သံသယများကသာ ဘဝထဲ စိမ့်စို ကျူးကျော်လာတတ်ခဲ့သည်ပဲ။


အဆိပ် ဟုအမည်ရသော ကမ္ဘာကျော်ရေမွှေးနံ့က အခန်းလေးထဲ ပျံ့နှံ့သွားသည်။ ဘာကိုမှ အစွဲအလန်းမထားတတ်သောသူမ အဖို့ကတော့ အဆိပ် သည်လည်းကောင်း၊ ပျော်ရွှင်မှု သည်လည်းကောင်း၊ သုခဘုံအလွန် သည်လည်းကောင်း ဘာမှသိပ်ပြီးမထူးခြားလှပေ။ အရာအားလုံးသည် ငွေကြေးနှင့်လဲလှယ်ယူနိုင်သော ရနံ့အတုများဖြစ်သည်။သူမကတော့ တစ်ချိန်က (ခုထိလည်းဖြစ်နိုင်ပါသည်) ပိုင်ဆိုင်ခဲ့သော ကိုယ့်ကိုယ်သင်းနံ့ကိုသာ ကိုယ်ယုံကြည်နေချင်တုန်း။သို့သော်လည်း… အရာရာသည် ပြောင်းလဲသွားခဲ့ပြီ။ တန်ဖိုးတစ်ခုသည် သတ်မှတ်သူနှင့်သာ တိုက်ရိုက်အချိုးကျတတ်တာကတော့ ရင်နင့်စရာ ။အချို့သောသူများတွင် စံဆိုသည့်အရာများ ပျောက်ဆုံးနေခဲ့သောကြောင့် ဖြစ်သည်။ ဒီရေမွှေးကို သူမ ကိုယ်ပိုင်စွဲလန်းမှုနှင့် သုံးစွဲနေခဲ့သည်မှမဟုတ်ပဲ။ အဆိပ် ကို သူမနှင့် ယဉ်ပါးစေခဲ့သူ သည် …


ပြူတင်းဝမှတစ်ချက်လှမ်းကြည့်မိသောအခါ တိုက်တိုက်ဆိုင်ဆိုင်ခြံထဲတွင် အညိုရင့်ရောင် ပန်းတချို့လင်းလက်စွာပွင့်နေကြသည်။ သစ်ရွက်ကြွေတချို့ညိုးရော်ခြောက်သွေ့နေတာ ကိုလည်းမြင်ရသည်။ ပြတင်းပေါက်မှဝင်လာသောနွေသည် အရာအားလုံးကို သွေ့ခြောက် နွမ်းရော်သွားစေနိုင်သည်တဲ့လား။ဒီပြတင်းလေးမှပင်ရာသီဥတုအမျိုးမျိုး သူမထံဝင်လာ ထွက်သွားရှိခဲ့ဖူးသည်။ နွေကိုလည်း နှုတ်ဆက်ရသလို ဆောင်းကိုလည်း ခရီးဦးကြိုပြုရ သည်ပဲ။ မိုးစက်တွေကိုလည်း တရင်းတနှီး မိတ်ဖွဲ့ခဲ့ရဖူးသည်။ မိုးစက်များနှင့်တူရောနှော သွားခဲ့ရသောမျက်ရည်စက်များကိုတော့ အထူးတလည်ပြန်ပြီးမိတ်ဆက်မနေချင်တော့။ အရာအားလုံးသည် အတိတ်နေ့ရက်များနှင့်အတူဟောင်းနွမ်းသွားပေလိမ့်မည်။ ( ထင်သည်။)

အညိုရောင် ကျောက်များနှင့် စီရီထားသော နောက်ညှပ်ကလစ် တစ်ခုကိုယူကာ ဆံပင်များကို သပ်သပ်ရပ်ရပ် စုသိမ်းလိုက်သည်။ သမီးကြီးကတော့ ဟော အဘွားကြီး အရောင်နဲ့ ထွက်လာပြန်ပြီ ဟု ပြောဦးမလား .. ။ သမီးလတ်ကတော့ ယောဂီဆန်သော ဒီအရောင်ကို သဘောကျနေပေလိမ့်မည်။ အဝေးမှ သီချင်းသံတစ်စကို ကြားရသည်။ Brown girl in the ring , sha la la la la တဲ့။ ဘာလို့များ အဲဒီ အညိုရောင် ကောင်မလေးက ကြိုးဝိုင်းထဲ ရောက်နေရတာတဲ့လဲ။ အတွေးနှင့်အတူ သူမ ကျရောက်နေခဲ့သော ကြိုးဝိုင်း တစ်ခုမြင်မိသလို။ သတ်ကွင်း ။ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသော အပြုံးကပင် အညိုရောင် ရင့်ရင့် ဖြစ်နေခဲ့၏။


ခပ်စိမ်းစိမ်းရနံ့တစ်ခု ရောက်နေခဲ့တာ ကာလ တစ်ခုမက ကြာနေပြီဖြစ်သော အခန်းကလေးကို ဝေ့ဝဲကြည့်လိုက်သည်။ အခန်းထောင့်က ဖိနပ်စင်တွင် အညိုရင့်ရင့် ဖိနပ်ပါးပါးလေးတစ်ရံရှိနေသည်။ (အသက်အရွယ်အရ ခွာသေးသေး ချွန်ချွန် ဖိနပ်များကို မစီးဖြစ်တာ ဆယ်စုနှစ် တစ်ခုပင် မကတော့ဟု ထင်သည်။) တကယ်တော့ ဒီအညိုရောင်တွေကို သူမ ရည်ရွယ်ချက် ရှိရှိ ဖိတ်ခေါ်ထားခဲ့ခြင်းမဟုတ်ပါ။ အကြောင်းတရားများစွာ နှင့် သူမထံ ရောက်ရှိနေခဲ့ကြ ခြင်းဖြစ်သည်။ ခုတော့လည်း တိုက်ဆိုင်လွန်းလေစွ.. ။ သူမ အညိုရောင်များကို စက္ကန့် ပိုင်းအတွင်း နှစ်လိုသွားခဲ့ရတော့သည်။ မနေ့က သမီးကြီးဆိုးပေးထားသော အညိုနုရောင် လက်သည်း ဆိုးဆေးများကပင် ဖျော့တော့နေသလို ခံစားလာရသည်။ နည်းနည်းဖြစ်ဖြစ် မှို်င်းရင့် ပစ်လိုက်ကြပါတော့လား။ ခပ်မှိုင်းမှိုင်းရင့်ရင့် လက်သည်းများကရော ဘယ်လို အသုံးဝင်မှာ မို့တဲ့လဲ ။ နှလုံးသားတွေကို စုတ်ပြတ်သတ်သွားအောင် ကုတ်ဖဲ့ပစ်လိုက်လို့ရမှာတဲ့လား။ အဲလို အသုံးဝင်ခဲ့သည့်တိုင် မှိုင်းညိုနေသော သူမ စိတ်အင်အားများက သူမ နောက်က ပါလာလိမ့်မည်မထင်တော့ပါ ။ နောက်ကျ သွားခဲ့သော စက္ကန့်များသည် အညိုရောင် စက္ကန့်များ ဖြစ်သည်။


အညိုရောင်ရင့်ရင့် မှိုင်းမှိုင်း အကျီ င်္လုံခြည်ပေါ်တွင် လဲ့နေသော ပယင်းတစ်ဆင်စာက ခပ်လဲ့လဲ့လေး လင်းနေစေသည်။ အဆိပ်နံ့သင်းနေသော ခန္ဓာကိုယ်သည် ကိုယ်ပိုင်တန်ဖိုး များကို ဖုံးကွယ်ထားလိုက်သည်။ အညိုရောင်ဖိနပ်ပါးပါးလေးသည် နာကျင်မှုကို မေ့လျော့နေသည့်နှယ် သူမကို ထမ်းပိုးထားခဲ့သည်။ ဘယ်လက်လက်ဖျံပေါ်မှ သားရေညို ကြိုးတပ် နာရီ ဒိုင်ခွက် အညိုလေးကို ဖျတ်ကနဲကြည့်မိတော့ အညိုရောင်နာရီ တစ်ခုကို ညွှန်ပြနေခဲ့ပြီ။ ထို အချိန်နာရီသည် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကတည်းက ညိုမှိုင်း နေခဲ့သည်လား။ ဘယ်တုန်းကများ ညိုမှိုင်းရင့်အိုသွားခဲ့ရသည်လဲ။


အတွေးပင်မဆုံးလိုက် အညိုရောင်မီးခိုးလုံးများနှင့်တူသော အသံတစ်သံသည် တံခါးကိုဖြတ်ဖောက် ဝင်ရောက်လာသည်။ မပြီးသေးဘူးလား..တဲ့ ။ တစ်သက်တာနာခံခဲ့ဖူးသည်ဟု ထင်ချင်စရာ မရှိတော့သော အညိုရောင်မုန်တိုင်းတစ်ခုနှင့် ခပ်ဆင်ဆင် တူသည့် အသံအောက်တွင် သူမ၏ ဖုံးကွယ် ထားခဲ့သော ယိုယွင်းပျက်စီးနေသည့် စိတ်ဓါတ်များက ခုံးကြွ မိုမောက် လာချင်သလို ဖြစ်သွားရသည်မို့ ကဗျာကယာ ပြန်သိမ်းလိုက်ရသည်။ ရှိပါစေတော့။ အပျက်အစီးများကို သိမ်းကောက်ရင်း ဘဝကို အဆုံးမသပ်လိုတော့ပါ။ အရာအားလုံးကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်စေချင်သူတစ်ယောက်၏ ကြေမွအက်ကွဲနေသော သက္ကရာဇ်များသည် ခပ်ရင့်ရင့် လွှမ်းခြုံထားသော အညိုရောင်များ အောက်တွင် နစ်မြုပ်နေပါစေတော့။


တဆိတ်ကလေး ဖျော့တော့နေသည်ဟု ထင်ရသော အညိုရောင် ကျွန်းတံခါးကို ဆွဲဖွင့်ထွက်လိုက်သော အခါ ..အညိုရောင်များနှင့် တည်ငြိမ်မှိုင်းပြနေသော သူမကို နှစ်လေးဆယ်ကြာသူမနှင့် အတူ ရှိခဲ့ဖူးသည့် အရင်းနှီးဆုံးသူစိမ်းတစ်ယောက်က သူမကို ကြောက်မက်ဖွယ်ရာ စောင့်ကြိုနေခဲ့သည်။ တကယ်တော့ မှိုင်းပြညိုလွင်နေသော ယနေ့သည် သူမတို့နှစ်ဦး၏ နှစ်လေးဆယ်ပြည့် မင်္ဂလာနေ့ဖြစ်သလို မှားယွင်းခဲ့မှု၏ နှစ်လေးဆယ်ပြည့်နေ့လည်း ဖြစ်လေသည်။

To 27th July’09 and my mom !!!

မနော်ဟရီ

2010, March' Yati Magazine



တနင်္ဂနွေရောင် မြူခိုးငွေ့များ

Monday, April 26, 2010


တနင်္ဂနွေရောင် မြူခိုးငွေ့များ

နေရာက ကျွန်တော့်အတွက် အစိမ်းသက်သက်ပါ။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာလေး။ လမ်းကလေးရဲ့ အဝင်ဝမှာ ရှိတဲ့ ခြံကလေးထဲမှာ ကျွန်တော်တို့ gathering တစ်ခု ကျင်းပ နေကြတယ်။ မတွေ့ရတာကြာပြီ ဖြစ်တဲ့ မိတ်ဆွေတွေ ..၊ မတွေ့ရတာကြာလေ ကောင်းလေ ဖြစ်တဲ့ မိတ်ဆွေတွေနဲ့ပေါ့ ..။

ကျွန်တော်ကတော့ ထုံးစံအတိုင်း အရာရာကို ညည်းငွေ့လွယ်သူ ပီပီ နေ့လည်စာ စားပြီးချိန်မှာ အဲဒီလူအုပ်နဲ့ ခွဲထွက်ခဲ့လိုက်တော့တယ်။ တကယ်တော့ ထွက်သာလာတယ်။ ဆက်သွားရင် ဘာရှိမှန်း မသိသလို နောက်ပြန်ဆုတ်ရင်လည်း ဘာရှိမှန်း မသိပါဘူး။ ဒါပေမယ့် တောနက်ကြီးထဲ မြေပုံတစ်ချပ်နဲ့ သွားရတာထက်တော့ လွယ်မှာပါ။

လမ်းကလေးက ဆက်ဝင်သွားတာနဲ့အမျှ စိမ်းစိုအုံ့ဆိုင်းနေတယ်။ လေကတော့ ကြည်ကြည်စင်စင်လေး တိုက်လို့ ..။ ကျွန်တော်ဟာ စိတ်ကူးယဉ်တတ်တဲ့ ကဗျာဆရာ တစ်ယောက် မဟုတ်တာတောင်မှ သစ်ရွက်တွေရဲ့ တီးတိုး တေးသံတွေကို ကြားနေရမိ သလို စိတ်ထဲ ကြည်နူးနေမိတယ်။ လမ်းကလေးကို ဆုံးအောင် ဆက်လျှောက်တာတောင် မှ ခြံကျယ်ကြီး နှစ်ခြံပဲရှိတာ တွေ့ရတယ်။ ဒါပေမယ့် လမ်းကလေးက ဆုံးမလိုနဲ့ မဆုံးပြန်ဘူး။

ဝါးရုံစိမ်းစိမ်းတွေနဲ့ အုံ့ဆိုင်းနေတဲ့ လူတစ်ယောက်သွားသာ လမ်းကလေးကို တွေ့လိုက်ရတယ်။ ကျွန်တော် ခပ်တည်တည်နဲ့ ဆက်လျှောက်သွားလိုက်တယ်။ လမ်းကလေးက အပင်တွေ အုံ့ဆိုင်းနေလို့လားမသိဘူး။ မြူခိုးတွေ ဝေနေသလိုပဲ။ ပြီးတော့ အဲဒီမြူငွေ့တွေကြား လျှောက်ရတာ ခံစားမှုတစ်ခုကို ပေးနေသလိုလည်း ခံစားရတယ်။

လမ်းအဆုံးမှာ အတော်အသင့်ကျယ်တဲ့ ခြံကလေးတစ်ခြံ…။ အိမ်ကလေး တစ်လုံး ..။ အိမ်ရဲ့ ဟိုမှာဖက်မှာ ရေကန်တစ်ခု .. ရေကန်က တော်တော်ကျယ်ပုံပါပဲ။ စိမ်းပြာနေတယ်။ အိမ်ကလေးကတော့ သာမန် မြေစိုက်သစ်သားအိမ်ကလေးပါ။ ဒါပေမယ့် အဲဒီသစ်သားတွေက အဖြူရောင် လင်းတောက်နေတယ်။ အိမ်ထဲမှာ လူရိပ်လူခြေ မတွေ့ရပေမယ့် အိမ်ကလေးက တံခါးလည်း ပိတ်မထားဘူး။

ကျွန်တော် ခပ်လှမ်းလှမ်းကနေ အိမ်ကို ပတ်ကြည့်ပြီး နောက်ဖက်က ကန်ရှိရာကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ခြံထဲမှာက ပတ်ပတ်လည်မှာ ဝါးရုံတွေ အုံ့ဆိုင်းနေတာက လွဲရင် မြေပြင်ကျယ်မှာကျ မြက်တစ်ပင်တောင် မတွေ့ရအောင် ပြောင်ရှင်းလို့။ ရှုပ်နေတာက ဟိုတစ်ရုပ် ဒီတစ်ရုပ် ချထားတဲ့ အရွယ်စုံ ပန်းပုရုပ်၊ပလပ်စတာရုပ်နဲ့ ကျောက်ဆစ်ရုပ်တွေ။

“ အဲ ”

ရုတ်တရက် ကျွန်တော့်ခြေလှမ်းတွေ ရပ်တံ့သွားရတယ်။ စိတ်ထဲမှာလည်း စိုးထိတ် သွားသလိုပဲ။ အိမ်ကလေးရဲ့ အနောက်ဖက်မှာ လူတစ်ယောက်ကို တွေ့လိုက်ရတာကိုး။ ပိုပြီးသေချာအောင် ပြောရရင် အမျိုးသမိး တစ်ယောက်။ သူမ စားပွဲနှစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။

“ အိုး .. သူ အရုပ်တစ်ခု လုပ်နေတာပဲ ”

ရွှံ့စေးနှင့် အရုပ်တစ်ခုကို သွန်းလုပ်နေပုံရတဲ့ သူမဟာ စိတ္တဇ ဆန်နေသလိုပဲ။ ဆင်စွယ်နှစ် ရောင် လက်ပြတ် စွပ်ကျယ်သား အကျီ င်္ ကိုဝတ်ထားပြီး အဲဒီအရောင် ဂါဝန်ရှည်ကိုပဲ ဝတ်ထားတယ်။ ဒါပေမယ့် သူ့အဝတ်အစားမှာ ရွှံ့စေးတွေက အဆင် ဒီဇီုင်းတစ်ခုလို ပေကျံလို့။ ဆံပင်ရှည်ရှည် ခွေခွေ လိပ်လိပ်လေးတွေက အညိုရောင် ..။ လုံးဝသိမ်းဆည်း မထားပဲ ဖြန့်ချထားတာကြောင့် သူမပုံက ပိုပြီး စိတ္တဇ ဆန်နေတာ ထင်ပါရဲ့။

ကျွန်တော် သူမဆီ လျှောက်သွားလိုက်တယ်။

ခြေသံကြောင့် ထင်တယ်။ သူမက အသာမော့ကြည့်တယ်။ ပြီး.. တွေ့နေမြင်နေကျ အရာတစ်ခုကို တွေ့ရသလို . သာမာန်ပဲ .. အကြည့်ပြန်လွှဲသွားတယ်။ တကယ်ဆို ကျွန်တော်လို ကောင်တောင် သူ့ကို တွေ့ရချိန်မှာ ထိတ်ကနဲ ခံစားချက် ပျော့ပျော့တစ်ခု ဝင်လာသေးတာ။ သူမအနေနဲ့ ဒီလောက်မှ လှုပ်ခတ်မသွားဘူးဆိုတာကတော့ တစ်မျိုးပဲ။ မသကာ ထိတ်လန့်မသွားတောင် အံ့သြသွားပုံလောက်တော့ ရှိသင့်တယ်။ ခုဟာက သူမ ပုံစံက သာမန်ကာရှန်ကာ အေးစက်လို့ ..။

ကျွန်တော် အနားထိ လျှောက်သွားလိုက်တယ်။

“ ခင်ဗျား .. ကျွန်တော့်ကို သိလို့လား

အမှန်က သိပ်ကို အူကြောင်ကြောင်နိုင်ပြီး အဆင်မပြေတဲ့ မေးခွန်းပါ။ သူမက ညင်ညင် သာသာပဲ ပြန်ဖြေတယ်။

“ ဟင့်အင်း မသိပါဘူး ”

“ ဒါနဲ့တောင် ခင်ဗျား ခြံထဲ ဝင်လာတဲ့ လူတစ်ယောက်ကို ဘယ်သူလဲ ဘာကိစ္စလဲ ဘယ်ကလဲ လို့ ဘာလို့ မမေးတာလဲ ”

သူမ .. ရွှံ့စေးတွေပေါ်က လက်ကို ခဏ ရုတ်လိုက်ပြီး အကြည့်ကို ကျွန်တော့်ဆီ ပို့တယ်။

“ ရှင် ဘယ်သူပဲဖြစ်ဖြစ် သေချာတာက ကျွန်မစောင့်နေတဲ့သူ မဟုတ်ဘူး ဒိထက် သေချာတာ ဘာရှိမှာလဲ ”

ကျွန်တော် သူမရဲ့ ပြတ်သား သွေးအေးမှုကို တစ်မျိုးကြီး ခံစားလိုက်ရတယ်။ သူမကို ကြည့်တော့လည်း တစ်စုံတစ်ယောက်ကို မျှော်လင့်နေတဲ့ သူနဲ့လည်း မတူပါဘူး။ ကိုယ့်အလုပ်ကိုယ် အေးအေးလူလူ လုပ်နေတဲ့ သူတစ်ယောက်နဲ့ပဲ တူတယ်။

“ ဒါဆို ….. ခင်ဗျားက တစ်ယောက်ယောက်ကို စောင့်နေတာပေါ့ ..”

“ ထင်တာပဲ ”

“ ဘယ်လိုဖြစ်ဖြစ်လေ ခင်ဗျားခြံထဲကို ဝင်လာတဲ့ လူက လူကောင်းတစ်ယောက် မဟုတ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ”

သူမ ကျွန်တော့်ကို မော့တောင်မကြည့်ပဲ ဖြေတယ်။

“ လောကမှာ လူကောင်း ဆိုတာ ရှိလို့လား .. ရှင်က ရှင့်ကိုယ်ရှင် လူကောင်းလို့ အာမခံနိုင် လို့လား ကျွန်မကတော့ အာမ မခံနိုင်ဘူး .. ပြီးတော့ ရှင်ပြောသလိုဆိုရင် ရှင်လည်း ကျွန်မကို သတိထားရမှာပဲ ကျွန်မ ခြံက လူသူလေးပါးနဲ့ မနီးဘူး ကျွန်မက ရှင့်ကို ဖျားယောင်းပြီး သတ်ပစ်လိုက်ပြီဆိုပါစို့ …. …”

“ … …. ….”

ကျွန်တော် ထိတ်ကနဲ ဖြစ်သွားရပြီးမှ ရှက်ရှက်နဲ့ စိတ်ထဲက ကြိတ်ပြီး အဲဒီမိန်းမကို ကျိမ်ဆဲ ပစ်လိုက်တယ်။

“ မဖြစ်နိုင်တာ ”

“ လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ”

သူမက လုပ်လက်စ အလုပ်ကိုဆက်လုပ်နေပါတယ်။ ရုပ်လုံးသာ မပေါ်သေးတာ။ လူတစ်ယောက်ရဲ့ ဦးခေါင်းပိုင်းဆိုတာတော့ ကျွန်တော် မှန်းလို့ရတယ်။ သူမ လုပ်နေတာကို ကျွန်တော် စိတ်ဝင်တစား ကြည့်နေမိတယ်။

“ ရှင် .. ထိုင်ချင်ထိုင်လေ ကျွန်မက လူသတ်ရမှာ ပျင်းပါတယ် ”

စားပွဲဘေးမှာ ချထားတဲ့ ကြိမ်ခုံပုလေးကိုပြပြီး ဧည့်ဝတ်ပြုပုံက သင်းတယ်။ ဒီမိန်းမ ကြည့်ရတာ အလွန်ဆုံးရှိလှ လွန်ရော ကျွံရော သုံးဆယ်နား မကပ်နိုင်သေးလောက်ဘူး။

“ ခု … .. မင်းလုပ်နေတာ မင်းစောင့်နေတဲ့ သူရဲ့ ပုံတူလား ”

“ ဟင့်အင်း ”

“ ဒါဆို ဘယ်သူ့ပုံလဲ ”

“ ရှင် အဲဒီမှာ ဆက်ထိုင်နေရင် ရှင့်ပုံတူ ဖြစ်သွားနိုင်တယ် မဟုတ်ဘူးဆိုရင်တော့ ဒီပုံဟာ Brad Pitt လည်းဖြစ်နိုင်တာပဲ Michael Pare’ လည်း ဖြစ်နိုင်တာပဲ ”

သူမကြည့်ရတာ အရူးတစ်ယောက်နဲ့တော့ သိပ်မတူဘူး။ ဒါပေမယ့် စိတ်ရောဂါ ခပ်ပါးပါးလေး ကိုခံစားနေရတဲ့သူနဲ့တော့တူတယ်။

“ မင်း ..ဒီမှာ တစ်ယောက်တည်းနေတာလား

“ ဟုတ်တယ် ”

“ မင်း တစ်ယောက်တည်း မကြောက်ဘူးလား ”

သူမက ရွှံ့စေးပုံထဲက ရွှံ့စေးအနည်းငယ်ကို ထပ်ဖဲ့ယူနေရာကနေ ကျွန်တော့်ကို မော့ကြည့်ပါတယ်။ နောက် ရွှံ့စေးပုံနားက ဓားတစ်ချောင်းကို ညွှန်ပြရင်း ပြောတယ်။

“ ရှင်တွေ့လား .. အဲဒီ ဓားက သိပ်ထက်တာ သူ့မှာ ဆင်တူ အမြွှာ ဓား တစ်ချောင်းရှိခဲ့ဖူး တယ် ခုတော့ မရှိတော့ပါဘူး မနှစ်က ကျွန်မ အဲဒီဓားနဲ့ ထောက်ပြီး ဓားပြတိုက်ခံရဖူးတယ် လေ ”

“ ဗျာ ”

ဓားပြတိုက်ခံရတဲ့ကိစ္စကို မနေ့တစ်နေ့က ကားဂိတ်မှာ လူသိပ်များတာပဲ ဆိုတဲ့ ကိစ္စမျိုး ပြောသလို သွေးအေးအေးနဲ့ ပြောပြနေပုံက အသည်းယားစရာ ..။

“ ရယ်ရတယ် သိလား ဒီဓားနှစ်ချောင်းကို ချပြထားရင် ဝယ်ခဲ့တဲ့ ကျွန်မတောင် မခွဲတတ်ဘူး အဲဒီ ဓား ပြကိုချပြရင်လည်း သူဘယ်ဓာကို ကောက်ကိုင်ခဲ့တယ်ဆိုတာ သူ့ဟာသူ ခွဲတတ်မှာမဟုတ်ဘူး။ ဒါပေမယ့် သက်ဆိုင်ရာက ဓားနှစ်ချောင်းထဲက တစ်ချောင်းကို သက်သေအဖြစ် သိမ်းသွားခဲ့တယ်။ အဲဒီကတည်းက သူလည်း အဖော်မဲ့သွားခဲ့တာပဲ ..”

“ အဲဒီ ဓားပြကိုရော မိသွားရောလား ”

“ ဟင့်အင်း .. ကျွန်မ ဓားကလေးပဲ စိတ္တဇရောဂါရ ကျန်ခဲ့တယ် ”

စိတ္တဇရောဂါ ရနေတာကတော့ ဓားနဲ့သူ့သခင် တူတူပဲ ဖြစ်လိမ့်မယ်ထင်တယ်။

“ ဒါနဲ့ မင်း ပစ္စည်းတွေ တော်တော် ပါသွားသေးလား ”

“ တော်တော် ပေးလိုက်ပါတယ် ”

“ ဘယ်လို ..”

“ သူက ဘယ်ပစ္စည်း ဘယ်မှာ ရှိမှန်းသိတာမှမဟုတ်တာ သိတဲ့ ကျွန်မကပဲ အကုန် ရှာဖွေပေးလိုက်တယ် သူပြန်ရောင်းစားလို့ အဆင်ပြေမှာတွေပေါ့ ”

“ တန်ဖိုးအားဖြင့် …”

“ တန်ဖိုးအားဖြင့် သူတန်ဖိုးထားတာတွေ သူရသွားပြီး ကျွန်မ တန်ဖိုးထားတာတွေ သူက လက်ဖျားနဲ့တောင် မထိသွားလို့ ကျေးဇူးတင်နေတာ ”

ကြည့်ပါဦး။ ကျေးဇူးတောင် တင်တယ်တဲ့။

“ မင်း တန်ဖိုးထားတာတွေက …”

“ ဒီ ပန်းပုရုပ်တွေ အိမ်ထဲက ပန်းချီကားတွေနဲ့ စာအုပ်စင်ပေါ်က စာအုပ်တွေ..”

ကျွန်တော် စိတ်ထဲကနေ ရှုံ့ချလိုက်တယ်။ ဒီပစ္စည်းတွေကို ဘာလုပ်လို့ရမှာမို့ ဘယ်သူက ယူသွားမှာလဲ .. လို့လည်း တွေးလိုက်တယ်။

“ မင်းက အာဂ သတ္တိပဲ ”

“ ဘယ်ကလာ .. ရှင်မှားနေပြီ သတ္တိမရှိလို့သာ ရှာဖွေပေးလိုက်တာပေါ့ အမှန်ဆို ကျွန်မက တန်ဖိုးရှိတယ်လို့ ထင်တဲ့ အရာတွေနဲ့ သူတို့က တန်ဖိုး ရှိတယ်လို့ ထင်တဲ့ အရာတွေ မတူဘူးလေ အဲဒါကို မနည်း စဉ်းစားပေးလိုက်ရတာ ကြောက်လို့ပေါ့ ..”

ကျွန်တော် ဘာမှ ပြန်မပြောတော့ သူမက ဆက်ပြောတယ်။

“ ရှင်သာဆိုရင်ရော ဘာလုပ်မှာလဲ ခုခံမှာလား သူမြင်သမျှပဲ ယူလို့ သဘောထားလိုက် မှာလား ကျွန်မလိုပဲ အဆင်ပြေမှာလေးတွေ ရွေးပေးမိမှာလား ”

“ မသိဘူး ”

ကျွန်တော် တကယ်မသိတာပါ။ ကျွန်တော့်မှ ဒီအခြေအနေကို မကြုံဖူးတာ။ ကျွန်တော့် အတွက် အဖြေက အဆင်သင့် ရှိမနေဘူး။

“ ဓားပြတိုက်ပါတယ်ဆိုမှ သူက သူ့လိုအပ်ချက်ပြည့်မှ ပြန်မှာလေ သူ့အတွက် အဆင်ပြေမှာတွေ ရွေးပေးလိုက်တော့ သူလည်း မြန်မြန် ပြန်လို့ရသွားတယ် ကျွန်မလည်း အကျဉ်းအကြပ်က လွတ်မြောက်သွားတာပေါ့ ဒါပေမယ့် တစ်ချက်ကောင်းတာက ကျွန်မနဲ့ သူ တန်ဖိုးထားတဲ့ အရာတွေ တူမနေခဲ့တာပဲ ”

ဘယ်ဓားပြကမှ သူ့ပန်းချီကားတွေ ပန်းပုတွေ စာအုပ်တွေ သယ်မသွားဘူးဆိုတာကို သူမ သိသင့်တာပေါ့။

“ ဒါလည်း ခုထိ မင်းတစ်ယောက်တည်း နေတာပဲလား ”

“ အင်းလေ ကျွန်မမှာ သူတို့ တန်ဖိုးထားတဲ့ အရာတွေ ဘာမှ မှ မရှိတော့တာ ကိစ္စ မရှိပါဘူး ”

အမှန်ဆို ခုမှတွေ့ပြီး ဒီလောက် အပြောအဆို သွေးအေး အဆင်မပြေတဲ့ မိန်းမ တစ်ယောက် အတွက် ကျွန်တော် ဘာပူစရာရှိလဲ။ ခက်တာက ကျွန်တော် ဘာလို့မှန်းမသိ ပူနေမိတယ်။

“ ဒါထက် မင်း စောင့်နေတယ်ဆိုတဲ့ သူကရော ”

“ စောင့်နေပါတယ်ဆိုမှ မလာသေးလို့ပေါ့ရှင့် ”

“ သူက မင်းချစ်သူလား ”

“ ဆိုပါတော့ ”

ဒီစကားကို ဖြေတဲ့ လေသံကတော့ အေးစက်မနေဘူး။ နွေးထွေးလာသလိုပဲ။

“ သူက မင်းကို မစောင့်ရှောက်ဘူးလား ”

“ ချစ်သူဆိုတာ စောင့်ရှောက်ဖို့လား ”

သူမ အေးစက်စက်ပြန်မေးပါတယ်။

“ အဲလိုတော့ မဟုတ်ပါဘူး ဒါပေမယ့် ပါသလားလို့ ..”

သူမက ရွှံ့စေးတွေ ပေနေတဲ့ လက်ကို ရေထဲ နှစ်ပြီး ဆေးလိုက်တယ်။ ပြီးမှ ရယ်သံခပ်ဖွဖွ ကပ်ပါလာတဲ့ အသံနဲ့ ဖြေတယ်။

“ ရှင်က စာရေးဆရာလား ”

“ ဟင့်အင်း .. ဘာလို့လဲ ”

“ အဲဒါတွေက ဝတ္ထုထဲ ထည့်ရေးဖို့ပဲ ကောင်းတာလေ လက်တွေ့ကျ သိပ်အသုံး မတည့်လှဘူး ရှင်က အချစ်ဆိုတာကို သိလို့လား ..”

“ သိသလိုလိုပဲ ကျွန်တော့်မှာ ချစ်သူရှိတယ် ”

“ တစ်ယောက်တည်းလား ”

အတော့်ကို မထော်မနန်းနိုင်တဲ့ မေးခွန်းကြောင့် ကျွန်တော် ထောင်းကနဲ ဒေါသထွက် သွားရတယ်။

“ မင်းက ဘာကို ဆိုလိုတာလဲ ”

“ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တယ်ဆိုတာက စာအုပ်ထဲမှာပဲ ရှိတာ လက်ရှိမှာ ရှင့်ချစ်သူက တစ်ယောက်တည်း ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ရှင်ချစ်ခဲ့ဖူးတာက တစ်ယောက်တည်း မဖြစ်လောက်ဘူး ”

“ ချစ်ဖူးတာဆိုရင်တော့ တစ်ယောက်မကပါဘူး ခုလောလောဆယ်တော့ ချစ်နေတဲ့ ချစ်သူ တစ်ယောက်ပဲ ရှိပါတယ် ”

“ ရှင့်ကို ချီးကျူးပါတယ် ”

“ ဘာလဲ ..ဘာအတွက်လဲ ”

“ တစ်ချိန်တည်းမှာ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ချစ်မနေတဲ့အတွက် ”

ကျွန်တော် စိတ်ရှုပ်လာရပြီ။ ဒီမိန်းမက လေအေးအေးလေးနဲ့သာ အလုပ်နဲ့လက် မပြတ်ပဲ ပြောနေတာ။ သူ့စကားတွေက လေးလံလွန်းနယ်။ သူမကပဲ သွေးအေး ငြိမ်သက်ပြီး ခံစားချက်မဲ့လွန်းတာလား ။ ကျွန်တော်ကပဲ ခံစားလွယ်တာလားတော့မသိတော့ဘူး။

“ ဒါနဲ့ မင်းချစ်သူက ဘယ်မှာလဲ ”

သူမ အကြည့်တွေ ချက်ချင်း အရောင်ပြောင်းသွားသလိုပဲ။

“ ကျွန်မ မသိဘူး။ ဘာလို့မှန်းမသိတဲ့ စိတ်တွေနဲ့ ကျန်နေခဲ့တဲ့ ကျွန်မကို သူက ထားသွားခဲ့တယ် ”

သူက ရပ်ကျန်နေခဲ့မှတော့ ထားသွားပြီပေါ့ လို့ စိတ်ထဲက အော်ပြောနေမိတယ်။ အပြင်မှာတော့ မပြောမိပါဘူး။ ပါးစပ်က အလိုလို လှုပ်ရှားမရ ဖြစ်နေတာ။

“ ဒါပေမယ့် သူပြန်လာမှာပါ ”

ဒီလေသံကတော့ ခုနက လေသံလို မဟုတ်ဘူး။ ယုံကြည်ချက်တွေ အပြည့်နဲ့ ခိုင်မာနေ သလိုပဲ။ ပြီး .. သူ့ရဲ့ လုပ်လက်စ အရုပ်ကို အချောသပ်နေတယ်။ ရုပ်လုံးက ပေါ်နေပြီ။ ဒါပေမယ့် အဲဒီပုံဟာ ကျွန်တော်မဟုတ်သလို Pitt တို့ Pare’ တို့ မဟုတ်တာလည်း သေချာတယ်။ သူမလိုပဲ ဆံနွယ်ခွေတွေကျနေတဲ့ မေးရိုး အနည်းငယ် မာကျောဟန် ရှိတဲ့ ဒီအရုပ်ပုံဟာ .. သူမချစ်သူလား ..။

“ ရှင်သိလား ..ချစ်ခြင်းနဲ့ ပေါင်းဆုံခြင်းက ဘာမှသက်ဆိုင်မနေဘူး တခြားစီပဲ ပြီးတော့ ချစ်ခြင်း အစစ် ဆိုတာကလည်း တွေ့ဖို့သိပ်ခဲယဉ်းတာ။ ဒါကြောင့်လည်း လူတွေဟာ ထင်ယောင်ထင်မှား ချစ်ခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေခဲ့ရပြီး တကယ့်တကယ် အချစ်စစ်ကို တွေ့တဲ့အခါကျတော့ အရမ်းကို ပင်ပမ်းနွမ်းနယ် အားကုန်နေခဲ့ပြီ။ အခြေအနေ အရပ်ရပ်တွေက ပြုပြင်လို့ မရကြတော့ဘူး ”

သူမပြောတာ အမှန်ပါပဲ။ တကယ်တကယ်လည်း လူတွေက စမ်းတဝါးဝါးနဲ့ ချစ်တယ်လို့ ထင်ခြင်းတွေနဲ့ နပမ်းလုံးနေကြရတာပဲ။ တကယ်တမ်း အချစ်စစ်ကိုလည်း တွေ့ရော ကံကောင်းနိုင်တဲ့သူက လူနည်းစုပါ။ အတော်များများက ပြုပြင်လို့ မရတော့ဘူး။ ခု ကျွန်တော်တောင် ချစ်တယ်လို့ ထင်ခဲ့ခြင်းတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီးမှ ခု .. ချစ်သူကို တွေ့ခဲ့ရတာ။ သေချာတာကတော့ ကျွန်တော်တို့ နှစ်ယောက်လည်း ချစ်နေကြပေမယ့် ပေါင်းစည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေခဲ့တာပါပဲ။

“ ကျွန်မကတော့ သူပြန်လာတဲ့အခါ ပြုပြင်လို့မရနိုင်တော့တဲ့ အခြေအနေတွေ မရှိဖို့ အရာအားလုံးကို ရှင်းလင်းထားပြီးပြီ ကျွန်မ အားလုံးကို ပြတ်သားစွာ ဆုံးဖြတ်ထားပြီးပြီ အရင်တစ်ခါကလို တွေဝေပြီး ကျန်ခဲ့တော့မှာ မဟုတ်ဘူး ”

ဆံနွယ်ခွေတွေအောက်က မေးရိုးတွေ မာကျော တောင့်တင်းလာတဲ့အထိ ယုံကြည်ချက် အပြည့်နဲ့ ပြောနေတဲ့ သူမကိုကြည့်ပြီး ကျွန်တော် သနားလာတယ်။ ဟုတ်တယ်လေ။ သူမ မသိတာက ယောကျာ်းတော်တော်များများဟာ ကျောခိုင်းသွားပြီးရင် ပြန်လှည့်မလားတတ် ဘူးဆိုတာကိုပါပဲ။ သူမ ပြောသလို သူတို့ရဲ့ ချစ်ခြင်းဟာ တကယ်ပဲ အရမ်း စစ်မှန်နေခဲ့တယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့ ..။

“ ရှင် .. ကျွန်မကို သနားနေတယ် မဟုတ်လား ”

“ ဗျာ ..”

ကျွန်တော် အံ့သြနှုတ်ဆွံ့သွားရတယ်။ ဒီမိန်းမ အကြားအမြင် ၇နေတာတော့ မဟုတ်လောက်ဘူး။

“ ရှင်ကတော့ သနားချင် သနားမှာပေါ့။ ဒါပေမယ့် ကျွန်မသိတယ်။ သူပြန်လာမယ့်အချိန်က တစ်နေ့ထက် တစ်နေ့ ပိုနီးလာပြီ။ ကျွန်မလုပ်နေတဲ့ ရုပ်ပုံတောင် လုပ်ရင်းလုပ်ရင်း ဘယ်လိုမှ ထိန်းမရပဲ သူ့ပုံတူ ဖြစ်သွားသေးတာပဲ .. သေချာတယ် ဒီရုပ်ထုလေး ခြောက်သွေ့ အချောသပ်သွားတဲ့အချိန်ကျ သူရောက်လာလိမ့်မယ်။ ”

ကျွန်တော် .. ဘာပြန်ပြောရမှန်း မသိဘူး။ ပြောစရာလည်း မရှိသလိုပဲ။ ရင်ထဲမှာလည်း ရှုပ်ထွေးမှုတွေနဲ့ မှိုင်းအုံ့နေသလို ခံစားရတယ်။ ထုံးစံအတိုင်း အရာရာကို ညည်းငွေ့လွယ် တဲ့ ကျွန်တော် ဒိနေရာက ခွာဖို့ ဆုံးဖြတ်လိုက်တယ်။

“ ကျွန်တော် သွားဦးမယ် ”

ပြောပြောဆိုဆို ထိုင်ရာက အထမှာ ခြံဝန်းတစ်ခုလုံး ခပ်ပါးပါး မြူငွေ့တွေ အချိန်အခါ မဟုတ် အုံ့ခို ဆင်းကျလာသလိုပဲ။

“ ဟော မြူတွေ ကျလာပြီ ”

ဟုတ်ပါရဲ့။ စောစောကထက်ပိုပြီး မှိုင်းဝေ ကျလာတယ်။

“ အင်း .. အချိန်မဟုတ် အခါမဟုတ် ”

သူမရဲ့ စိတ်လှုပ်ရှားသံကို ဒီတစ်ခါတော့ ကျွန်တော်က မှတ်ချက် တစ်ခုနဲ့ ထောက်ခံလိုက်တယ်။ သူမက စောစောကနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ လေသံနဲ့ .. စိတ်လှုပ်ရှားစွာ ပြန်ပြောတယ်။

“ သူ .. လာတော့မယ် ”

“ ဗျာ ..”

“ ဟုတ်တယ် သူ ထွက်သွားတုန်းကလည်း ဒီလို တနင်္ဂနွေရောင် မြူငွေ့တွေထဲမှာပဲ ထွက်သွားခဲ့တာ ”

“ ဘာ …. ဘာ အရောင် …”

“ တနင်္ဂနွေရောင် …”

ကျွန်တော် ဆွံ့အ တွေဝေ စဉ်းစားနေဆဲမှာပဲ သူက ဆက်ပြောတယ်။

“ အဲဒီ တနင်္ဂနွေရောင် မြူတွေထဲမှာပဲ ကျွန်မ ကျန်ခဲ့ရတာ .. ခု .. သူ… ကျွန်မ ကျန်ခဲ့တဲ့ နေရာကို ပြန်လာတော့မယ် ..”

ကျောထဲ တစ်ချက်စိမ့်တက်လာတဲ့ ခံစားမှုကို ဘာကြောင့်ဆိုတာ ဆန်းစစ်မနေတော့ဘူး။ မြူတွေက ပိုပြီး ထူထပ်လာသလိုပဲ။ သူမပြောတဲ့ တနင်္ဂနွေရောင် မြူတွေ ..။ တောက်ပတဲ့ အညိုနုရောင် မျက်ဝန်းတွေနဲ့ မြူတွေကို ရင်ခုန်လှုပ်ခတ်စွာ ကြည့်နေတဲ့ သူမ ကို ကျွန်တော် ထားခဲ့ပြီး လှည့်ထွက်လာခဲ့လိုက်သည်။

မြတ်စွာ ဘုရား သခင် ..။

ဟိုးခပ်ဝေးဝေး ……. မြူတွေကြား …… သူမပြောတဲ့ …… တနင်္ဂနွေရောင် မြူခိုးတွေ ကြားမှာ လူရိပ်တစ်ခုကို တွေ့လိုက်ရသလို ……….။

မနော်ဟရီ

၂၀၀၇ ကလျာ မဂ္ဂဇင်း


နွေကို ဖွဲ့တဲ့တိမ်

Tuesday, March 9, 2010

ကိုပြည်သွေးနိုင်နဲ့ သူ့ဇနီးခင်သန်းမြင့်တို့ ချယ်ရီ မဂ္ဂဇင်းကို လုပ်နေစဉ်က ပေးခဲ့ဖူးတဲ့ ဝတ္ထုလေးပါ။ အကြည်တော်ကတော့ မကြီးမငယ်နဲ့ ဒါမျိုးလည်း ရေးသလားလို့ မေးပါတယ်။ တကယ်က ကျွန်မ ရေးနေကျပုံ မဟုတ်လို့ ပြောတာပါ။ တကယ်လည်း ဒါမျိုး တစ်ခါမှ မရေးဖူးပါဘူး။ အိပ်မက်ဆန်ဆန် အိပ်မက်နဲ့ လက်တွေ့ ရောယှက်နေဟန်မျိုးမှာ အချစ်ဝတ္ထုပုံစံ နည်းနည်းစွက်ပြီး ရေးထားတာမျိုး ဖြစ်နေလို့ပါ။ အိပ်မက်ကတော့ တကယ်ပဲ ကျွန်မ ငယ်ငယ်တည်းကနေ ၂၀၀၇ ထိ ဆက်တိုက်မက်ဖူးတဲ့ အိပ်မက်ပါပဲ။ အဲဒါကို ဖြည့်စွက်ရေးထားတာမျိုးပါ။ အဲဒီအိပ်မက်ကို ခုလို ဝတ္ထုတိုတစ်ပုဒ် ၊ လုံးချင်းဝတ္ထုထဲက အပိုင်းတစ်ခု အဖြစ် လည်း ချရေးပစ်လိုက်ရော တစ်ခါမှကို ထပ်မမက်တော့ပါဘူး။ နွေကိုဖွဲ့တဲ့တိမ် ဆိုတဲ့ ခေါင်းစဉ်ကိုလည်း ကိုယ့်ဘာသာကိုယ် ကြိုက်လို့ လုံးချင်းဝတ္ထုတစ်အုပ်ခေါင်းစဉ်ကိုလည်း အဲဒီနာမည်ပဲ ပြန်ပေးခဲ့ပါတယ်။ ၂၀၀၈မှာ ထွက်ခဲ့ပါတယ်။

နွေကို ဖွဲ့တဲ့တိမ်

အိပ်မက်တွေထဲက ကမ်းပါးလေးတစ်ခုပေါ်မှာ ကိုယ်ရပ်နေမိတယ်။

ဟိုး.. ခပ်ဝေးဝေးက သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ သစ်အယ်သီးရောင် လှေကလေး တစ်စင်းများ ဖြစ်မလား။ ဒါဆိုရင်တော့ ချစ်သူကို တင်ဆောင်လာတဲ့ လှေကလေးတစ်စင်းပဲ ဖြစ်မှာပါ။ ခက်တာက ရွှေအိုရောင် အလင်းသဲ့သဲ့တွေ အောက်မှာ ဘာကမှ မသဲကွဲခဲ့ပါဘူး။

………………………………………………………………………………………………………………

စီးကျလာတဲ့ မျက်ရည်စတွေကို တို့ထုတ်ဖယ်ရှားဖို့ မေ့လျော့ရင်း ငယ်ငယ်က လှော်ခတ်ခဲ့ ဖူးတဲ့ စိတ်ကူး တိမ်တိုက်တွေအကြောင်း တွေးနေမိတယ်။ သူတို့ ကိုယ့်ဆီ ပြန်လှည့်လာခဲ့သေးသလား လို့ ..။ ဝင်္ကပါတွေအကြောင်း စဉ်းစားရင်းပေါ့ ..။

တစ်ချိန်ကတော့ ကိုယ်ဟာ လွမ်းစရာကောင်းတဲ့ ရနံ့တချို့ကို ရယ်ရယ် မောမောနဲ့ နားမလည် ပါးမလည် စိတ်ကူးယဉ်စွာ ရှူရှိုက်ခဲ့မိဖူးပါရဲ့ ..။ ခုတော့လည်း နောင်တ တချို့နဲ့အတူ စွတ်စွတ်စိုစို ပြုံးနေမိပြန်တယ်။

တကယ်ဆို .. ကိုယ်ဟာ ကိုယ်ရဲ့ အိပ်မက်တွေအပေါ် သစ္စာ မမဲ့ခဲ့သင့်ဘူး။ ဒါပေမယ့်ကွယ် .. ကိုယ်ဟာ ၂၁ရာစု သိပ္ပံခေတ်ကြီးထဲမှာ ရှင်သန် ကြီးပြင်းနေရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ်။ လောကရဲ့ လျို့ဝှက်ချက်တွေကို တပင်တပမ်း သင်အံ လေ့လာတူးဖော် ကြည့်ခဲ့ပြီးကာမှ ကိုယ့်အိပ်မက်ရဲ့ လျို့ဝှက်ချက်ကို ဆန်းစစ်ဖို့ကျတော့ မေ့လျော့နေခဲ့မိတယ်။

ချစ်သူရယ် .. ကိုယ့်ကို ခွင့်လွှတ်နားလည်ပေးပါ။ ဟိုး… ကမ္ဘာ တစ်ဖက်ဆီကနေ ကိုယ့်ကို တမ်းတနေခဲ့ရတယ်ဆိုရင်ပေါ့ ..။

………………………………………………………………………………………………………………

ချစ်စရာကောင်းတဲ့ ဆံနွယ် ခွေခွေပျော့ပျော့လေးတွေက အိပ်မက်ထဲမှာတောင် ညိုရွှေရောင် တောက်ပနေခဲ့ပြီး ကိုယ့်ကို ရင်မောစေနိုင်ခဲ့ပါလျက်နဲ့ ကိုယ်စာ နံနက်ခင်း အလင်းနဲ့အတူ မေ့လျော့ပစ်နိုင်အောင် ကြိုးစားနိုင်ခဲ့ရက်တယ်လို့ ပြောရင်လည်း ခံရမှာ ပါပဲ။ နူးညံ့ကြည်စင်လွန်းတဲ့ မျက်ဝန်းလက်လက်တွေဟာ ကိုယ့်ကို ညွတ်နူးမိန်းမောစေခဲ့ ပါလျက်နဲ့ ကိုယ်က ဒီ မျက်ဝန်းအစုံကို အသိမ်းလွန်ပြီး ထုတ်မကြည့်မိတော့တဲ့ အရာတစ်ခုလို ထားခဲ့မိတယ်။

တကယ်ဆို သက္ကရာဇ်တွေဟာ တစ်စစီ ပြန်ကောက်ယူလို့ရတဲ့ မှန်ကွဲတစ်ချပ်မှ မဟုတ်တာ။ သံသရာဆိုတာကိုလည်း လေ့လာ သိရှိထားခဲ့ပေမယ့် အတိတ်မေ့ သစ်သီး တွေကို စားသုံးခဲ့ရလေတော့ ဘာကိုမှ ဆက်စပ်မရတာ ကိုယ့်အမှားလားကွယ်။ ချစ်သူရယ် တကယ်ပဲ ကိုယ်တို့ဟာ အရင် ဘဝအဆက်ဆက်ကတည်းက တွေ့ဆုံဖို့ ဆန္ဒ ပြုခဲ့ ကြသလား။ ဆုတောင်းတစ်ခုကို အတူပြုခဲ့မိကြသလား။ ကိုယ်တို့ ဘယ်သိနိုင်ကြမှာလဲ။

ဒါဆိုလည်း ကိုယ်တို့ ဒိထက်ပို စောစော တွေ့ခဲ့သင့်တာပေါ့နော်။ ဘဝရဲ့ စာမျက်နှာ တွေဟာ ဘာပြီး ဘာလာမယ်ဆိုတာ ကြိုတင်သိခွင့်ရတဲ့ အရာတွေ မဟုတ်ခဲ့လေတော့ တစ်နေ့နေ့မှာ အဲဒီအိပ်မက်တွေဟာ ကိုယ်ကြုံနေကျ အတိုင်း ကိုယ့်ရှေ့ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ဘူးလေ။

………………………………………………………………………………………………………………

ညိုရွှေရောင် ဆံနွယ်ခွေခွေလေးတွေရယ် သစ်အယ်သီးရောင် လှေကလေး တစ်စင်းရယ်။ ညင်သာစွာာ ကိုယ့်လက်ထဲ ထည့်ပေးခဲ့ဖူးတဲ့ ဆင်စွယ်နှစ်ရောင် ရိုမန်ကက်သလစ် တွေရဲ့ လက်ဝါးကပ်တိုင်ပုံပါ ပုတီးတစ်ကုံးရယ် သားရေဖုံးအနက်ရောင်ပေါ်မှာ ရွှေရောင် လက်ဝါးကပ်တိုင်ပုံ ရိုက်နှိပ်ထားတဲ့ ကျမ်းစာအုပ်တစ်အုပ်ရယ် ပြီးတော့ ချစ်သူ ဝတ်ဆင် ထားတဲ့ ဆင်စွယ်ရောင် ခပ်နွမ်းနွမ်း ရှပ်အကျီ င်္ ကပိုကရိုရယ် ၊ ဘယ်လိုမှ ပြောမပြတတ် လောက်အောင် ရင်ထဲမှာ နင့်နေတဲ့ ခံစားမှု တစ်ခုရယ် နဲ့ ကိုယ်တို့ ဝေးကွာ သွားခဲ့ရပြန်တယ်။

ကိုယ်က ဘာလို့မှန်းမသိ။ ကမ်းပေါ်မှာ ကျန်နေခဲ့ပြီး မျက်ရည်တွေနဲ့ လှေကလေး ထွက်သွားရာကို ငေးကြည့်နာကျင်နေမိတယ်။ အိပ်မက်က အနိုးမှာ သည်းသည်းထန်ထန် ရှိုက်ငိုနေမိပြန်တဲ့ နေ့ရက်တွေကို ကိုယ် .. ဘာလို့ မေ့လျော့ထားပစ်ခဲ့ရတာလဲ။

လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ဖူးတဲ့ အိပ်မက်ထဲက ပုတီးလေးနဲ့ ကျမ်းစာအုပ်ကလေး ဟာ ကိုယ့်ဆီမှာ တကယ်ပဲ ရှိနေခဲ့တာတော့ အံ့သြစရာပါ။ ကိုယ် ကိုယ်တိုင် ဝယ်ယူ ထားတာလည်း မဟုတ် .. တစ်စုံတစ်ယောက်က တသီးတသန့် ပေးတာလည်း မဟုတ်ပါပဲ တဆင့် တဆင့် လက်ဆင့်ကမ်းရင်း ကိုယ့်ဆီမှာ ခရီးဆုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ဖြစ်နေခဲ့တယ်လေ။

တရွေ့ရွေ့ ထွက်ခွာသွားတဲ့ လှေကလေးပေါ်က ချစ်သူရဲ့ အညိုရောင် မျက်ဝန်းတွေကို ပြန်တွေးကြည့်မိတိုင်း တုန်လှုပ်ချောက်ချား မှုတွေနဲ့ ရင်ဆိုင်တိုးရတော့တာပါပဲ။ ဒါကြောင့် ထင်ပါရဲ့..။ ကိုယ်ဟာ လက်တွေ့ကျချင်ယောင်ဆောင်ပြီး အိပ်မက်တွေကို မေ့လျော့ ထားခဲ့မိတာ။

တကယ်ဆို ကိုယ်ဟာ မုန်တိုင်းထဲက လွတ်မြောက်လာကာစ ငှက်ကလေး တစ်ကောင်ပါ။ သောကဝန်ထုတ်တွေ လေးလေးလံလံ ပိပြိုကျခဲ့တဲ့ ဒါဏ်တွေကို ခံစားခဲ့ရပါတယ်။ အဲဒီ အချိန်တွေမှာ အဲဒီ မျက်ဝန်းတွေကို မတမ်းတဖြစ်အောင် ဘယ်လိုနေထိုင်ခဲ့ရတယ် ဆိုတာကတော့ ကိုယ်ပဲ သိပါတယ်လေ။ တကယ်တော့ ကိုယ်ဟာ မီးပြင်းတိုက်ခံထားရတဲ့ သံမဏိ တစ်စလို မာကျောနေခဲ့ပါပြီ။

………………………………………………………………………………………………………………

ဒါပေမယ့်ကွယ် .. သိပ်အံသြစရာကောင်းတာပဲ။

ဟိုး .. ဝေးဝေးက .. သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ ကိုယ့်ကမ်းဆီ တရွေ့ရွေ့ ပြန်လည် ချဉ်းကပ်လာတဲ့ သစ်အယ်သီးရောင် လှေကလေး ဆိုတာလည်း သိရော ကိုယ်ဟာ အရင်ကလိုပဲ ပန်းကလေးတစ်ပွင့် ပြန်ဖြစ်သွားတယ်။ တသုန်သုန် ဖြတ်သန်း တိုက်ခတ်လာတဲ့ ရနံ့ချိုချိုတွေကို ခေါင်းမော့ လည်ဆန့်ရင်း နှစ်လိုနေတတ်တဲ့ ပန်းကလေး တစ်ပွင့်လို ကိုယ်ဟာ လန်းဆန်း သက်ဝင်လို့ …။ ကိုယ့်ရင်ထဲမှာလည်း ရင်ခုန်သံတွေ မကြုံစဖူး လန်းဆတ် သစ်လွင် ပျိုမြစ်လို့။ သူ တကယ်ပဲ ကိုယ်ကျန်ရစ်ခဲ့ရာ ကမ်းဆီ ပြန်လှည့်လာခဲ့တယ်လေ။ ကိုယ် လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားတဲ့ ဆင်စွယ်ပုတီးလေးကို အသာ ပြန်ကြည့်မိတယ်။ အိပ်မက်ထဲမှာ သူပေးခဲ့ဖူးတဲ့ ဆင်စွယ် ပုတီးလေးနဲ့ တစ်ထေရာတည်း ပါပဲ။

ခုတစ်ခါမှာတော့ ကိုယ် … သူကမ်းပေးလာတဲ့ လက်ကို ဆုပ်ကိုင်လိုက်မိပါပြီ။ လှေကလေးပေါ်ကို ညင်သာစွာ ဆွဲယူ တွဲခေါ်သွားရာကို ကိုယ်လိုက်ခဲ့မိပြီ။ ခပ်နွမ်းနွမ်း ဆင်စွယ်နှစ်ရောင် ရှပ်အကျီ င်္ ကပိုကရို အောက်က ချစ်သူရဲ့ ဆင်စွယ်နှစ်ရောင် အသားနုနု ကိုလည်း မြင်နေရတယ်။ ဒါဟာ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေလိုပဲလား။ နိုးထ လာခဲ့ရင် ကိုယ် ငိုရှိုက်နေခဲ့ ရဥိးမှာလား။

………………………………………………………………………………………………………………

ကိုယ့်ရဲ့ အညိုရောင် ဆံစတွေနဲ့ သူ့ရဲ့ ညိုရွှေရောင် ဆံနွယ်ခွေတွေ ရောယှက်သွားချိန်မှာ ကိုယ် ..သူ့ရင်ခုန်သံကို သေသေချာချာ ကြားလိုက်ရပါပြီ။ နတ်ဆိုးတွေ သက္ကရာဇ် အဆက်ဆက် လိုက်လံ နှောက်ယှက် ဖျက်ဆီးထားတာကို ခံရတဲ့ ကစားပွဲလေးတစ်ခုကို အဆုံးသတ်လိုက်ရသလို ကိုယ်တို့ နိုင်ခဲ့ကြပြီလား …။ သူ့ရင်ဘတ်ပေါ် စီးကျသွားတဲ့ ကိုယ့်မျက်ရည်တွေကို သူက လွတ်လပ်စွာ စီးဆင်းခွင့် ပေးတယ်။ ပြီးမှ စကားတစ်ခွန်းကို တိုးဖွညင်သာစွာ ဆိုတယ်။

“ အရာအားလုံး ပြီးဆုံးသွားပြီပဲကွယ် မင်းရဲ့ မျက်ရည်တွေဟာ ဒါ နောက်ဆုံး ဖြစ်မှာပါ ”

တဲ့။

တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်နှစ်ခုကြားမှာ ဆင်စွယ်နှစ်ရောင် ပုတီးလေး ရှိနေတယ်။ ဒါပေမယ့် ဘယ်သူကမှ မဖယ်ပစ်ကြဘူး။ သူ့ရင်ခွင်ထဲမှာ ကိုယ်ရှိနေခဲ့ပြီး ကိုယ့်ရင်ခွင်ထဲမှာတော့ ကျမ်းစာအုပ်ကလေး ရှိနေတယ်။ တရွေ့ရွေ့နဲ့ ထွက်ခွာနေတဲ့ လှေကလေးနဲ့အတူ ကိုယ်တို့ ဘယ်ကို သွားကြမှာလဲ။

ကျန်ရစ်ခဲ့တဲ့ ကမ်းတစ်ဖက်ဆီမှာတော့ ဒါဏ်ရာ အနာတရတွေနဲ့ အတိတ်အားလုံးကို ထားခဲ့လိုက်ပြီ။ လုံခြုံနွေးထွေးရာ နေရာသစ် တစ်ခုကို ချစ်သူနဲ့အတူ သွားနေကြပြီပဲလေ။ ကိုယ်တို့ရဲ့ ဥိးတည်ရာကောင်းကင်ဟာ အလင်းတချို့နဲ့အတူ ကြည်စင်လို့ ..။ လှပတဲ့ တိမ်ဖြူတချို့ စီးမျောနေရာ ကောင်းကင်ပြင်ကြီးကို အတူငေးကြည့်ရင်း ကိုယ့် မျက်ရည်တွေ သွေ့ခြောက်သွားတာကို သတိပြုလိုက်မိတယ်။

“ ဟိုးမှာ ကြည့်စမ်း ”

“ အင်း ”

“ အဲဒါ နွေကို ဖွဲ့တဲ့ တိမ်တွေ ”

“ နွေကို ဖွဲ့တဲ့တိမ် ..”

ကိုယ် သံယောင်လိုက် လိုက်မိတယ်

“ ဟုတ်တယ် မိုးတိမ်တွေလို စွတ်စိုမှုကို မပေးဘူး။ ဒီအတွက် မင်း မငိုရတော့ဘူး ”

“ ရှင် ”

“ ဟုတ်တယ် နောက် မိုးတိမ်တွေလို မည်းမှောင်မနေဘူး ဒီအတွက် မင်းဘဝမှာ အမှောင်ဆိုတာ မရှိရတော့ဘူး ”

“ အိုး ..”

တကယ်ပါ။ ဘာပြန်ပြောရမှန်း မသိတဲ့အတွက် တိတ်ဆိတ်နေမိတယ်။ ဒါပေမယ့် အဲဒီ တိတ်ဆိတ်မှုဟာ သိပ်ကြည်နူးချမ်းမြေ့စရာ ကောင်းတာကို သိနေတယ်။ မှီနွဲ့ထားမိတဲ့ သူ့ရင်ခွင်ဟာလည်း နွေကို ဖွဲ့တဲ့တိမ်တွေ စီးမျောရာ ကောင်းကင်ပြင်လိုပဲ နွေးထွေး ကြည်စင်နေခဲ့တယ် ဆိုတာကိုတော့ ကိုယ်ကလွဲလို့ ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး။

…………………………………………….. မနော်ဟရီ ………………………….

၁၄၊၇၊၂၀၀၇


အစိမ်းရောင်ဇာတ်လမ်း

Wednesday, February 24, 2010




ဒီဝတ္ထုလေးကို ၂၀၀၈ သြဂုတ်လတုန်းက ရေးပါတယ်။ မောင်သစ္စာ (သစ္စာပိုင်စိုး) Empress မှာ လုပ်နေတဲ့ အချိန်ပါ။ သူနဲ့ ဝိုင်ချို အကူးအပြောင်းမှာ (စီစစ်ရေး)မလွတ်ခဲ့ဖူးပြီး ပျောက်နေတဲ့ ရှူံးနိမ့်ခြင်းမော်ကွန်း .. ဆိုတဲ့ ဝတ္ထုတိုလေးကို သစ္စာကပဲပြန်ရှာပေးပါတယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ .. :P သူ့ကို ဒီစာမူပေးခဲ့တာပါ။ ၂၀၀၈ စက်တင်ဘာ Empress မှာပါလာပါတယ်။ တကယ်လည်း ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်ဆိုတာ လက်တစ်လုံးခြား ကိစ္စတွေချည်းပါပဲ ... ။

အစိမ်းရောင်ဇာတ်လမ်း

(၁)
ဖြစ်ရိုးဖြစ်စဉ်နဲ့ ထူးခြားဖြစ်စဉ်ဆိုတာ .. လက်တစ်လုံးပဲခြားတယ်။ မယုံနိုင်စရာလို့ လူတွေက ထင်တဲ့ လှည့်စားခံရမှုတိုင်းဟာ .. လက်တစ်လုံးခြားကိစ္စတွေနဲ့ပဲ ဆက်နွယ် နေခဲ့ပါတယ်။
(နန်းမြစိမ်းနွယ်)


(၂)
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ နေ့လည်ခင်းတစ်ခုပါ။ ကျွန်တော်က အိပ်မက် တစ်ခုကို အသည်းအသန် တိုက်ခိုက်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအိပ်မက်ဟာ မက်နေကျ အိပ်မက်တွေနဲ့ မတူပဲ အစိမ်းရောင်တွေ ကျွံထွက်နေတာပါပဲ။ စဉ်းစားကြည့်မယ်ဆိုရင် အစိမ်းရောင်ဟာ နှစ်လိုစရာကောင်းတဲ့အရောင်လို့ ထင်ချင်စရာ ပေါ့။ ဒါပေမယ့် တကယ့်တကယ် ဖြစ်ပျက်နေတာက လေးရောင်ဖလင်မှာ အရောင် တစ်ရောင်ကျွံဝင်နေတာမျိုး .. အစိမ်းရောင်တွေ ကျွံထွက်နေခဲ့တာ.. ။ အဲဒီလို texture မျိုး နဲ့ ကျွံနေတဲ့ အရောင်တွေကို ခင်ဗျားသာဆို ဘယ်လို ခံစားမလဲ။ ဒါကြောင့်ပေါ့ ..။ သူမက ပြောသွားခဲ့တာ။ အရာအားလုံးဟာ လက်တစ်လုံးခြား ကိစ္စတွေချည်းပဲ.. လို့။
ဒီတော့ ကိုယ်ကပြန်ပြီး လှည့်ထွက်လိုက်ဖို့ပဲ ရှိတော့တာလေ။ အမှန်က မိုးအေးအေးနဲ့ နေ့လည်ခင်းကြီး အိပ်နေမိလို့သာ ဒီလိုအိပ်မက်မျိုး မက်တာ .. ။ အဲဒီအချိန်မှာ ကျွန်တော်သာ အလုပ်လုပ်နေခဲ့ရင် ဒါမှမဟုတ်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူ ရှိနေခဲ့ရင် ဒီလို အရောင်တွေ ကျွံနေတဲ့ အိပ်မက်မျိုး အနားတောင် သီနိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် ကျွန်တော် အပြင်ထွက်ဖို့ ဆုံးဖြတ်ပြီး အိပ်ရာထဲက ကဗျာကယာ ခုန်ထ လိုက်မိတယ်။ ကောက်စွပ်လိုက်မိတဲ့ အကျီ င်္က GIORDANO SPORTSHIRT အစိမ်းရောင်။ အိပ်မက်ထဲက ကျွံထွက်နေတဲ့ အစိမ်းရောင်တွေနဲ့ ယှဉ်ရင် အများကြီး နှစ်လိုစရာကောင်းပါတယ်။ အိပ်ရာထဲက ထွက်လာတာနဲ့ မတူအောင် ရေမွှေးတော့ သုံးဥိးမှ ဆိုပြီး ရေမွှေးပုလင်းကို လှမ်းအဆွဲ .. နမော်နမဲ့ နိုင်တဲ့လက်က (သူမ ရွတ်ဆို နေကျ စကားလုံးနဲ့ဆို clumsy finger ပေါ့ ) မှန်တင်ခုံပေါ်မှာ စည်းမရှိ ကမ်းမရှိ တင်ထားမိတဲ့ ကော်ဖီခွက်ကို တိုက်မိပြီး…………
ညိုညစ်ညစ် မည်းတည်းတည်းတွေ စွန်းထင်းနေတဲ့ အစိမ်းရောင်ဟာ မျက်စိပသာဒ ဖြစ်မယ်လို့များ ခင်ဗျားထင်သလား။ အမှန်က ကော်ဖီဆိုတာ အစာအိမ်ထဲကို ဖြောင့်ဖြောင့် တန်းတန်း စီးဆင်းသွားရမှာ ..။ ခုလို လက်တစ်လုံးခြားလောက် လွဲသွားတာနဲ့ ဒုက္ခ ရောက်တော့တာပဲ။
“ ကျွတ်..”
အကျီ င်္ ကို ကဗျာကယာ ပြန်လဲပြီး အိမ်အပြင်ကို အရှိန်အဟုန် တစ်ခုနဲ့ တိုးထွက် လိုက်တယ်။ မိုးစက်တွေ ထိစိုထားလို့ အရာအားလုံးဟာ စိုလက် တောက်ပ နေရမယ့် အစား စိုထိုင်းထိုင်းကြီးတွေ ဖြစ်နေကြသလိုပဲ။ အဲဒီ စကားလုံး နှစ်လုံးရဲ့ အဓိပ္ပာယ် ကတော့ လက်တစ်လုံးခြားမကဘူး ထင်တာပဲ။ သစ်ပင်ကြီးတွေက စိမ်းကုတ်ကုတ်နဲ့။ ဟောဟိုက .. အစိမ်းရောင်ကောင်မလေးကလည်း ရသတွေ ပျက်လို့။ အဖြူနဲ့ အစိမ်းဝတ် ကျောင်းဆင်းချိန်ကလည်း လေးလံ စိုထိုင်းလို့ ..။ ဘာတွေလဲ ….။ ဘာတွေလဲ … ။
မြန်မာဘီယာ ဆိုင်းဘုတ်ကြီးတွေကလည်း စိမ်းဝေဝေနဲ့ ..။ ရီဝေတဲ့ ခံစားမှုနဲ့ အစိမ်းရောင် ဘယ်လို ဆက်စပ်တယ်ဆိုတာကို အူတူတူနဲ့ ပြန်တွေးနေမိတယ်။ သိပ်တော့ သဘာဝ မကျပါဘူး။ ဒါပေမယ့် အရာအားလုံးကို သဘာဝကျကျကြီး မျှော်လင့်နေလို့ မရဘူးဆိုတာ လည်း သိထားတာပဲ။ အစိမ်းရောင်ဟာ ညှို့ငင်နိုင်တဲ့ အရောင် တဲ့လား ….
“ နန်းမြစိမ်းနွယ် ”
သူမကတော့ ညှို့ငင်တတ်တယ်။
အစိမ်းရောင် ညှို့ငင်မှုဆိုတာ ကမ္ဘာမှာ တစ်ခုတည်းရှိတယ်။ အဲဒါ နန်းမြစိမ်းနွယ် ပဲ။ အဲဒီ မြစိမ်းနွယ် ခေတ်တုန်းကတော့ ကျွန်တော်လည်း စိမ်းစို လန်းဆန်းနေခဲ့ဖူးတာပေါ့ ..။
“ မင်း .. ဘာလို့ အစိမ်းရောင်တွေချည်း ရွေးသုံးတာတုန်း ”
“ မုန်းလို့ ”
“ ဘာရယ် ”
“ မုန်းလို့ .. ကျွန်မ အစိမ်းရောင်ကို မုန်းတယ် ”
“ မင်း နာမည် ကိုရော .. ”
“ မုန်းတာပဲ ”
“ လူတွေက ကိုယ်နှစ်သက်တဲ့ အရောင်တွေကိုပဲ ရွေးချယ်တတ်ကြတာ ”
“ ကျွန်မက သူတို့မှ မဟုတ်ဘဲ ”
“ ဒီတော့ .. မုန်းတီးမှုတွေကို မင်းက အမြဲ ဝတ်ဆင်နေတဲ့ သဘောလား ..”
“ ဒါပေါ့.. ဒါမှသာ .. ကျွန်မရဲ့ မုန်းတီးမှုတွေက ပိုအားကောင်းလာမှာ .. မဟုတ်ရင် အားဖျော့ မှိန်ဆင်းသွားလိမ့်မယ် ..”
“ မင်း နာမည်ကို ဘယ်သူပေးတာလဲ ”
“ အဖေ..”
“ မင်း အဖေကိုရော … မင်းကို အဲဒီနာမည် ပေးခဲ့တဲ့အတွက် မမုန်းဘူးလား ”
“ သူ ကိုယ်၌ က အဲဒီနာမည်ကို မုန်းတီးလို့ ပေးခဲ့တာ …”
“ မုန်းတီးလို့ ကိုယ့်သမီးကို မုန်းတီးတဲ့ နာမည်ပေးတယ် ..”
“ သိပ်ပြီး သမားရိုးကျ ဆန်တဲ့ ဖြစ်စဉ်တွေကိုချည်း မျှော်လင့် မထားနဲ့လေ သမားရိုးကျ ဖြစ်စဉ်တွေနဲ့ လူတွေက ထူးခြားတယ်လို့ထင်တဲ့ ဖြစ်စဉ်တွေဟာ လက်တစ်လုံးပဲ ခြားပါတယ်။ ”
(သေချာတာက အဲဒီတုန်းက အဲဒီစကာလုံးရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။)
“ မင်းအဖေက မင်းကိုရော မုန်းလို့လား ”
“ သူက သူတွေ့ခဲ့ဖူးတဲ့ နန်းမြစိမ်းနွယ် ဆိုတဲ့ မိန်းမကို အရမ်းမုန်းတယ် ”
မုန့်လုံးကို စက္ကူကပ်နေသလိုပဲ လို့ ပြောရအောင်ကလည်း အစိမ်းရောင် ဆီစိမ် စက္ကူကြီးနဲ့ ကပ်နေရသလို .. နောက်ဆုံးကျတော့ အစိမ်းရောင်တွေကို မုန်းတဲ့ နန်းမြစိမ်းနွယ်က ဘာအရောင်မှ မရှိတဲ့ ကျွန်တော့်ကို လမ်းခွဲခဲ့တယ်။ မုန်းလို့တော့ ဟုတ်မယ် မထင်ဘူး။ မုန်းလို့ဆိုရင် သူ့နာမည်ဟာ ခုလောက်ရှိ ကျွန်တော့် နာမည် ဖြစ်နေလောက်ပြီ ..။
“ ယောကျာ်းတစ်ယောက်နဲ့ မိန်းမ တစ်ယောက်ဟာ အတူတူတွေ့မြင်နေရမှ ချစ်လို့ရတာလား မောင် ..”
“ တစ်ယောက်ကို တစ်ယောက် ချစ်မိမှတော့ တွေ့မြင်ချင်ကြတာပဲ နွယ် ”
“ အဝေးကြီးကနေ ချစ်လို့ မရနိုင်ဘူးတဲ့လား ”
“ မဖြစ်နိုင်ဘူး ထင်တာပဲ နွယ် ”
“ ကျွန်မကတော့ ဖြစ်နို်င်တယ်လို့ ထင်တယ် မောင်လည်း သိတာပဲ ကျွန်မက ကျွန်မမုန်းတဲ့ အရာတွေကို ကျွန်မနဲ့ အနီးဆုံးမှာ ထားတယ် ”
မုန်းတီးမှုတွေ ပိုအားကောင်းလာအောင်လို့လို့ သူမပြောခဲ့ဖူးတာ သွားသတိရတယ်။ သူမ ဆက်ပြောသေးတယ်။
“ မောင် ပြောနေတာတွေက ဖြစ်ရိုးဖြစ်စဉ်နဲ့ သမားရိုးကျ ကိစ္စတွေ ..”
ဒါတွေပြီးရင် နောက်ကနေ လက်တစ်လုံးခြား ကိစ္စတွေ ကပ်ပါလာတော့မယ် ..။
“ ဒီမှာ မောင် .. အချစ်မှာ ပေါင်းရဖို့က အဓိက ကျပြီး တွေ့ဆုံနီးကပ်နေဖို့ကလည်း အရေးပါတယ်ဆိုရင် အချစ်ရဲ့ ပင်ကိုယ် တန်ဖိုးတွေ လျော့ကျသွားတော့မှာပေါ့ ”
“ ဘာရယ် ” ..လို့မအော်မိအောင် ကျွန်တော် ထိန်းထားလိုက်နိုင်ပါတယ်။
“ အချစ်ရဲ့ ပင်ကိုယ်တန်ဖိုး စစ်စစ်ကို မြှင့်တင်ဖို့ မောင်တို့ဘာလုပ်ကြရမှာလဲ နွယ် ..”
“ ကျွန်မတို့ ခွဲခွာကြရမယ် .. ဝေးနေလည်း ကျွန်မက ကျွန်မ … မောင်က မောင်ပဲ .. နီးနေရင်သာ .. မောင်ဟာ ကျွန်မ မုန်းတီးတဲ့ အရာတွေနဲ့ ရောထွေးသွားလိမ့်မယ် .. အရေးကြီးတာက ချစ်ခြင်းပဲလေ … နီးစပ်မှုနဲ့ ပေါင်းစည်းမှု မပါဝင်တဲ့ ချစ်ခြင်းရဲ့ တန်ဖိုးစစ်စစ်အတွက် ကျွန်မတို့ လမ်းခွဲကြရအောင် ..”
အဲဒီလိုနဲ့ ကျွန်တော်တို့ ဝေးကွာခဲ့ကြတယ်။
ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ကိစ္စ တစ်ခုက .. အဲဒီအတွက် ကျွန်တော် သည်းထန် နင့်သီးစွာ မခံစားရတာပါပဲ။ အမှတ်မထင် သူမကို လမ်းမှာ ပေါ့ပါးပျော်ရွှင်စွာ မြင်လိုက်ရတဲ့အခါ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလား လို့ တွေးမိတတ်ပြန်ပါတယ်။ ဒါပေမယ့် တကယ့် တကယ်ကျတော့ သူမပြောသလိုပဲ ..။ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေဟာ လက်တစ်လုံးခြား ကိစ္စတွေပဲ ဆိုတာ တဖြည်းဖြည်းသိလာခဲ့ရတယ်။
သေချာ ပြန်တွေးကြည့်မယ်ဆိုရင် ဒီညနေခင်းကလည်း သမားရိုးကျ ညနေခင်း ဟုတ်ဟန် မတူဘူး။ ကျွန်တော့်ကို ဖြစ်ရိုး ဖြစ်စဉ်တွေထဲက ခွဲထုတ်ပြီး နေ့လည်ခေ့င်းကြီး ( အလုပ်ပိတ်ရက်လည်းမဟုတ်ပါပဲ ) အိပ်ခိုင်းထားတယ်။ အစိမ်းရောင်တွေ ကျွံထွက်နေတဲ့ အိပ်မက်တစ်ခုကို ပေးတယ်။ ဟော…ခု … စိုထိုင်းထိုင်း စိမ်းအက်အက် ညနေခင်းထဲမှာ လျှောက်ရင်း အစိမ်းရောင်အတိတ်တွေကို ပြန်သတိရနေမိပြန်တယ်။ ဒါဟာ .. သမားရိုးကျ ဖြစ်စဉ်တွေပဲလို့ ခင်ဗျား ပြောမလား ..။
“ မောင်..”
ရုတ်တရက် နားစည်ထဲကို တိုးဝင်လာတဲ့ ရင်းရင်းနှီးနှီး အသံကြောင့် ကျွန်တော် ယောင်ရမ်း လှည့်ကြည့်မိတယ်။
နွယ်…
မဟုတ်သေးဘူး။
နန်းမြစိမ်းနွယ်..
အို… မဟုတ်သေးဘူး ..
အစိမ်းရောင်တွေ..။
အစိမ်းရောင်လှိုင်းတွေ…
အစိမ်းရောင်လှိုင်းတွေဟာ နန်းမြစိမ်းနွယ်လား။ မြစိမ်းနွယ်ဟာ အစိမ်းရောင် လှိုင်းတွေလား။ ကျွန်တော် ဝေခွဲမရဘူး။
“ မောင် ”
ခေါ်သံက ပိုမိုနီးကပ်လာသလို… လှိုင်းတွေကလည်း ပိုနီးကပ်လာတယ်။
“ မောင်”
ကျွန်တော် ခြေလှမ်းတွေ စတင်ဖို့ ခုမှ သတိရတယ်။
ဒါပေမယ့် … ကျွန်တော်သိပ်နောက်ကျ သွားခဲ့ပြီ။
စိမ်းရင့် ညိုမှောင်နေတဲ့ လှိုင်းလုံးတွေက ကျွန်တော့် တစ်ကိုယ်စာကို ကျော်လွန် ဖုံးအုပ် သွားခဲ့ပြီ။
ကျွန်တော် အစိမ်းရောင်တွေထဲ ပြတ်ရွေ့မျောပါသွားတဲ့အခါ .. ညနေခင်းကတော့ ဒီအတိုင်းပဲ ကျန်ခဲ့လိမ့်မယ်။ သေချာပါတယ်။ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေဟာ.. …………………

(၃)
ကျွန်တော်နဲ့ နန်းမြစိမ်းနွယ်တို့ရဲ့ နှလုံးသားဟာလည်း လက်တစ်လုံးပဲ ခြားပါတယ်။
ဒါကရော .. ထူးခြားဖြစ်စဉ်တစ်ခုလား ….။ ။

မနော်ဟရီ
9th August, 2008
September’2008 Empress Magazine



စိမ်းစိုလတ်ဆတ်ခြင်းများနှင့် စိမ်းစိုခြောက်ကပ်သွားခြင်းများ ....


မင်းအပြုံးလေးတစ်ခုရဖို့ ...
တစ်ချို့အရာတွေကို အစိမ်းရောင်ထပ်သုတ်ပြီး ..
တစ်ချို့သူတွေကို အစိမ်းရောင်ကြက်ခြေခတ်တွေ နဲ့ မှတ်သားထားလိုက်ရတယ် ...
စိမ်းစိုနူးညံ့နေတဲ့ အပြုံးတစ်ခုစာ မိုက်မဲခဲ့စဉ်တွေ ......။

အစိမ်းရောင်တွေ ပျော့တွဲကျလာတယ်
အစိမ်းရောင်တွေ စိတ်ထဲက စိမ့်ထွက်လာတယ်။
ကြားနေကြသတင်းမှာ အစိမ်းရောင်ဟာ တစ်ခုတည်းသော လိုအပ်မှုဖြစ်လာတယ်။
အပိုင်မလိုချင်တဲ့ အစိမ်းတွေနဲ့ အပိုင်မပေးလိုက်ချင်တဲ့ အစိမ်းတွေကြားမှာ ..
ငါ အသက်ရှူနေပါတယ်။

ညာဘက် လက်သူကြွယ်က အစိမ်းရောင်ကျောက်စိမ်းလက်စွပ်လေးရဲ့ စိမ်းစိုအေးမြမှုတွေ ....
လမ်းခွဲညနေခင်းတစ်ခုရဲ့ စိမ်းစိုပူလောင်မှုတွေ ...
လက်တစ်လုံးခြားနေတဲ့စိတ်ဟာ အဝေးဆုံးကိုရောက်သွားနိုင်တယ် ...
တစ် ဒီဂရီ လွဲသွားတဲ့ လေယာဉ် တွေ နောက်တစ်နေ့မှာ ပြန်မဆုံကြတော့သလိုပေါ့။

အစိမ်းရောင်ဟာ စိတ်ထဲမှာ ကပ်ညိနေတဲ့ရေညှိတစ်မျိုးလား ... နန်းမြစိမ်းနွယ် ...
စိမ်းစို အေးခဲတဲ့ သတိရခြင်းတွေနဲ့ ... စိမ်းစို အက်ကွဲတဲ့ လွမ်းဆွတ်မှုတွေရဲ့ လက်တစ်လုံးကြား ကွက်လပ်လေးထဲမှာ ...
ငါ့နာမည်ကို အစိမ်းရောင်နဲ့ ဖြည့်ထားခဲ့တယ် ....။
အစိမ်းရောင်မှတ်ဥာဏ်များ ပျောက်ဆုံးလု ...
သူ့ အပြုံး စိမ်းမြလေးတစ်ခုစာ ... အလွမ်းပစ္စယာ ဝေဒနာ ..............................။ ။

Zephyr
24th Feb 2010(@ Office)