……………………………………..

Sunday, March 21, 2010


၁၉၉၇ခု သရဖူ (ကိုငြိမ်းထုတ်တဲ့သရဖူ) နောက်ဆုံးအုပ်မတိုင်ခင် တစ်အုပ်မှာ ပါသွားတဲ့ အက်ဆေးလေးပါ။ အဲဒီစာအုပ်ကို ဒီနေ့ထိ လက်ထဲ မရခဲ့ဖူးပါဘူး။ သွားလိုက်တိုင်း မရ ပြန်တောင်းတော့လည်း မရနဲ့။ တစ်ခါ ဆရာဇော့်ဆီက အဲဒီစာအုပ်ရလို့ ငှားပြီး မိတ္တူဆွဲ ဖူးပါတယ်။ ဒါလည်းပျောက်တာပါပဲ။ခုမှ လက်ရေးမူစစ်စစ်ကို ပြန်တွေ့ပါတယ်။

……………………………………..

(၁)

သတိထားလိုက်မိချိန်တွင် ကျွန်မ၏ နောက်ကျော၌ ဓားမြောင် နောက်တစ်ချောင်း စိုက်ဝင် နေခဲ့ပြီး ဖြစ်သည်။ (ဘယ်နှစ်ချောင်းမြောက် မှန်းတောင် မသိတော့ ..) ထူးဆန်းသည်က နောက်ထပ်ကျလာစရာမရှိတော့၍ပေလားမသိ။ သွေးတစ်စက်မှ ကျမလာတော့ခြင်းပင် ဖြစ်သည်။

ကျွန်မကလည်း ကျွန်မပင် ဖြစ်သည်။ ကျွန်မတွင် နောက်ကြည့်မှန် တစ်ချပ် ရှိမနေသလို နောက်ကျောတွင်လည်း အန္တရာယ်ကင်း မှန်တစ်ချပ် တပ်ဆင်မထားခဲ့မိပါ။ ထို့ပြင် ဒါဏ်ရာ များကလည်း ရင်ဘတ်တွင်မဟုတ်၍ ငုံ့ကြည့်လိုက်တိုင်း သတိရှိနေရန် မဖြစ်နိုင်ပြန်ပါ။ ထုံထိုင်း အက်အ နေခဲ့ပြီဖြစ်သော ကျောပြင်ကလည်း ခံစားမှု မရှိတော့သလိုပင်။

ကျွန်မ ငယ်ငယ်တည်းက ဓားသွားတစ်လက်၏ ထက်ရှမှုကို ကြိုက်နှစ်သက်တတ်ခဲ့သည်။ ဓားသွေားရသည်ကိုလည်း ဝါသနာပါသည်။ ထို့ကြောင့် အခြားသူများ ဓားသွေးနေသည်ကို ကျွန်မက စိတ်ဝင်တစား စောင့်ကြည့်နေတတ်ခဲ့ဖူးသည်။ ထိုဓားက ကျွန်မ နောက်ကျောသို့ စိုက်ဝင်လာမည့်ဓားတစ်လက် ဖြစ်လိမ့်မည်ဟုလည်း ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပါ။ ထို့ပြင် တစ်ခါတစ်ရံ ထိုဓားများထဲမှ အချို့သည် ကိုယ်တိုင်ကိုယ်ကျ စိတ်ပါ လက်ပါ သွေးပေးလိုက်သော ဓားများ ဖြစ်နေတတ်သေးသည်လေ။ ဤသည်ကတော့ ကျွန်မ ကံကြမ္မာ၏ ညံ့ဖျင်းမှုပင် ဖြစ်လိမ့်မည်။

(၂)

ကျွန်မ ယုန်တစ်ကောင်မဟုတ်ခဲ့ပါ။ နားရွက်ရှည်ရှည်နှင့် ပညာရှိသည်ဟု ပုံပြင်များက တင်စားရသော ထိုသတ္တဝါ၏ မျက်လုံးနှင့် အသည်းနှလုံးကို ကျွန်မ မကြိုက်ပါ။ အရာရာကို ကြောက်ရွံ့တုန်လှုပ်စွာ မှတ်သားနေသူဟု မြင်သည်။ သို့သော် ဖြူစင်ဟန်တော့ ရှိပါသည်။ ခက်သည်က ယနေ့ခေတ်သည် ဖြူစင်မှုများကို မလိုလားကြတော့ပေ။

မွေးစကတော့ ကျွန်မသည် ကျားကလေး တစ်ကောင်ဖြစ်သည်။ ကြီးပြင်းစ ပြုလာသော အရွယ်၌ပင် လောက ဆပ်ကပ်ဆရာ၏ သင်ကြားမှုဖြင့် ကျားကလေးသည် အရိုင်းစိတ် ဆိုသည်ကို မသိတော့။ ယဉ်ကျေးလိမ္မာမှု သြဝါဒချိုများ၊ အုပ်မိုးထားသော ကြာပွတ်များ၊ ဖျားယောင်းထားသော အသားစိမ်းများ အောက်တွင် ကျွန်မသည် စက္ကူနှင့် ခေါက်ကာ ပြုလုပ်ထားသော ကျားကလေး ဖြစ်သွားပါတော့သည်။ ယခုကဲ့သို့ နှစ်ပရိစ္ဆေတ ကြာလာ သောအခါ ခေါက်ရိုးများသည် ဝါကျင် ဆွေးမြေ့စ ပြုလာပါတော့သည်။ တစ်ခုတော့ ကျေးဇူးတင်ပါသည်။ ကျွန်မသည် ကျားကလေး စစ်စစ် ဖြစ်ခွင့်မရခဲ့သလို ယုန်ကလေး တစ်ကောင်လည်း ဖြစ်ခွင့် မရခဲ့သောကြောင့် ဖြစ်သည်။ ထို့အတွက် ဘုရားသခင်အား ကျေးဇူးစကားဆိုရန် ကျွန်မ ကြွေးကျန်နေပါသည်။

(၃)

သိုးကလေးတစ်ကောင်၏ ဒဏ္ဍာရီအကြောင်း ကျွန်မ ရေးခဲ့ဖူးပါသည်။ အားလုံးအတွက် ဓားစာခံ ဖြစ်သွားရရှာသော ကျွန်မ မိတ်ဆွေ သိုးကလေး အတွက် ကျွန်မ စိတ်မကောင်းပါ။ သိုးကလေးကတော့ ကျွန်မကို ရက်စက်သည တဲ့။ ဘဝရဲ့သိက္ခာ ဆိုတာ ဘာလဲ တဲ့။ ငွေနဲ့ ပေးဝယ်လို့ရတဲ့ အရာတွေထဲမှာ သိက္ခာ ဆိုတာ ပါနေပြီဆိုတာ မင်း မသိဘူးလား … တဲ့။ ကိုယ့်ကိုယ်ကို ဘာကောင်မှန်းမသိတဲ့ ကောင်မလေးရေ .. မင်းနောက်ကျောက ဒါဏ်ရာတွေအတွက် ငါ ဆေးခါးတစ်ခွက် တိုက်ချင်ပါရဲ့ တဲ့။

သူ့စွဲချက်များ ချေပချက်များက ပြီးဆုံးမသွားသေးပါ။ မင်းက .. မင်းနောက်ကျောကို လုံအောင်မထားဘူး … မင်းကျောက လှေခါးထစ်တွေကို လူတွေစိတ်ဝင်စားလာတဲ့အခါမှ မင်းက မတက်ရ တဲ့ .. မင်း … ဒါဏ်ရာမှာ ….

ကျွန်မ ဆုံးအောင်နားမထောင်နိုင်တော့ပါ။ ကျွန်မက ဆက်နားမထောင်၍ မဟုတ်သလို သူက ဆက်ပြောစရာ စကားလုံး ရှာမရ၍လည်း မဟုတ်ပါ။ သူနဲ့ကျွန်မအကြား အရာတစ်ခု ဝုန်းကနဲ ပြုတ်ကျလာသောကြောင့် သူ့အသ့များ ဓားနှင့် တိဖြတ်ခံလိုက်ရသလို ပျောက်ဆုံး သွားခြင်းဖြစ်သည်။ ( ခုထိ ထိုအရာကို ဘာမှန်း ကျွန်မ မသိပါ ..)

(၄)

ပြဌာန်းချက် စာအုပ်တွေက ဖတ်မကုန်၊မှတ်မကုန်၊ သင်ခန်းစာတွေက တစ်ပုံတစ်ပင် ၊စာမေးပွဲကြီးတွေကလည်း လက်မတင်လေးအလိုမှာ ရောက်နေတတ်သော ကျောင်းသား တစ်ယောက်ကဲ့သို့ အမြဲတစေ ရင်မောကြောက်လန့်မနေစေရန် အရာတချို့နှင့် ကျွန်မကိုယ် ကျွန်မ ကျားကန်ထားရသည်။ ထို ကျားကန်ထားသော အရာများကလည်း သိပ် အခိုင်အခန့်ကြီးတော့ မဟုတ်လှချေ။ ဖော်မလင်နံ့တွေကလည်း တထောင်းထောင်း ထနေသေးသည်။ ကြာတော့ မျှော်လင့်ချက်များကိုလည်း သိပ်အယုံအကြည် မရှိတတ် ဖြစ်လာတော့သည်။

မကြာမီ ယိုင်နဲ့ ပြိုလဲသွားနိုင်သည့် ကျွန်မ၏ အဆောက်အဦလေးအတွက် ကျားကန်နိုင်ရန် အရာတစ်ခုကို အသည်းအသန် ရှာဖွေနေသည်။ ရေသိပ်နက်နက်ထဲသို့ ဆင်းရန် ကျွန်မမှာ အောက်စီဂျင်လက်ကျန် သိပ်မရှိတော့ပါ။ ထို့ကြောင့် ပင်လယ်ကြမ်းပြင်တွင်သာ နေထိုင်ပြီး ရှာဖွေရန်ခက်ခဲသော ကမာကောင်များကို ရေပေါ်သို့ဖိတ်ခေါ်ရန် ကြံစည်နေပါသည်။ (စနစ်တကျ မွေးမြူ ထားသော ကမာကောင်များ မပါပါ ) ခက်သည်က မည်သည့် ပုလဲမျိုးကိုမှ ရေပေါ်မှာ မတွေ့ဖူးသေးခြင်းပင် ဖြစ်သည်။

မနော်ဟရီ

၂၂ဒီဇင်ဘာ၁၉၉၆


ဓားဒဏ္ဍာရီ

Monday, March 15, 2010

ဓားဒဏ္ဍာရီ


ငါဟာ တည်ငြိမ်ထက်ရှနေတဲ့ ဓားတစ်လက်
ငါ့အတွက်ခက်ခဲနေတာက ငါ့အပေါ်မှာ အုံ့မိုးထားတဲ့ ဓားအိမ်
တည်ငြိမ်မှုတွေက အတိုင်းထက် အလွန်...

ကြားနေကျအသံတွေက တရားဓမ္မနဲ့အမှန်တရား
အသိတရားတွေက ထွက်သက်နဲ့ဝင်သက်မှာကပ်ငြိ
သွေးစွန်းလက်တို့ရဲ့ အတ္တုပ္ပတ္ဆိဆိုတာ ဒဏ္ဍာရီလား ....


တံခါးကိုဆွဲဖွင့်ထွက်သွားချင်လျက်က
ငါ .. တိတ်ဆိတ်စွာ ထက်မြ နေခဲ့ရတယ်။

မနော်ဟရီ

၁၆.၂.၂၀၁၀


နွေကို ဖွဲ့တဲ့တိမ်

Tuesday, March 9, 2010

ကိုပြည်သွေးနိုင်နဲ့ သူ့ဇနီးခင်သန်းမြင့်တို့ ချယ်ရီ မဂ္ဂဇင်းကို လုပ်နေစဉ်က ပေးခဲ့ဖူးတဲ့ ဝတ္ထုလေးပါ။ အကြည်တော်ကတော့ မကြီးမငယ်နဲ့ ဒါမျိုးလည်း ရေးသလားလို့ မေးပါတယ်။ တကယ်က ကျွန်မ ရေးနေကျပုံ မဟုတ်လို့ ပြောတာပါ။ တကယ်လည်း ဒါမျိုး တစ်ခါမှ မရေးဖူးပါဘူး။ အိပ်မက်ဆန်ဆန် အိပ်မက်နဲ့ လက်တွေ့ ရောယှက်နေဟန်မျိုးမှာ အချစ်ဝတ္ထုပုံစံ နည်းနည်းစွက်ပြီး ရေးထားတာမျိုး ဖြစ်နေလို့ပါ။ အိပ်မက်ကတော့ တကယ်ပဲ ကျွန်မ ငယ်ငယ်တည်းကနေ ၂၀၀၇ ထိ ဆက်တိုက်မက်ဖူးတဲ့ အိပ်မက်ပါပဲ။ အဲဒါကို ဖြည့်စွက်ရေးထားတာမျိုးပါ။ အဲဒီအိပ်မက်ကို ခုလို ဝတ္ထုတိုတစ်ပုဒ် ၊ လုံးချင်းဝတ္ထုထဲက အပိုင်းတစ်ခု အဖြစ် လည်း ချရေးပစ်လိုက်ရော တစ်ခါမှကို ထပ်မမက်တော့ပါဘူး။ နွေကိုဖွဲ့တဲ့တိမ် ဆိုတဲ့ ခေါင်းစဉ်ကိုလည်း ကိုယ့်ဘာသာကိုယ် ကြိုက်လို့ လုံးချင်းဝတ္ထုတစ်အုပ်ခေါင်းစဉ်ကိုလည်း အဲဒီနာမည်ပဲ ပြန်ပေးခဲ့ပါတယ်။ ၂၀၀၈မှာ ထွက်ခဲ့ပါတယ်။

နွေကို ဖွဲ့တဲ့တိမ်

အိပ်မက်တွေထဲက ကမ်းပါးလေးတစ်ခုပေါ်မှာ ကိုယ်ရပ်နေမိတယ်။

ဟိုး.. ခပ်ဝေးဝေးက သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ သစ်အယ်သီးရောင် လှေကလေး တစ်စင်းများ ဖြစ်မလား။ ဒါဆိုရင်တော့ ချစ်သူကို တင်ဆောင်လာတဲ့ လှေကလေးတစ်စင်းပဲ ဖြစ်မှာပါ။ ခက်တာက ရွှေအိုရောင် အလင်းသဲ့သဲ့တွေ အောက်မှာ ဘာကမှ မသဲကွဲခဲ့ပါဘူး။

………………………………………………………………………………………………………………

စီးကျလာတဲ့ မျက်ရည်စတွေကို တို့ထုတ်ဖယ်ရှားဖို့ မေ့လျော့ရင်း ငယ်ငယ်က လှော်ခတ်ခဲ့ ဖူးတဲ့ စိတ်ကူး တိမ်တိုက်တွေအကြောင်း တွေးနေမိတယ်။ သူတို့ ကိုယ့်ဆီ ပြန်လှည့်လာခဲ့သေးသလား လို့ ..။ ဝင်္ကပါတွေအကြောင်း စဉ်းစားရင်းပေါ့ ..။

တစ်ချိန်ကတော့ ကိုယ်ဟာ လွမ်းစရာကောင်းတဲ့ ရနံ့တချို့ကို ရယ်ရယ် မောမောနဲ့ နားမလည် ပါးမလည် စိတ်ကူးယဉ်စွာ ရှူရှိုက်ခဲ့မိဖူးပါရဲ့ ..။ ခုတော့လည်း နောင်တ တချို့နဲ့အတူ စွတ်စွတ်စိုစို ပြုံးနေမိပြန်တယ်။

တကယ်ဆို .. ကိုယ်ဟာ ကိုယ်ရဲ့ အိပ်မက်တွေအပေါ် သစ္စာ မမဲ့ခဲ့သင့်ဘူး။ ဒါပေမယ့်ကွယ် .. ကိုယ်ဟာ ၂၁ရာစု သိပ္ပံခေတ်ကြီးထဲမှာ ရှင်သန် ကြီးပြင်းနေရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ်။ လောကရဲ့ လျို့ဝှက်ချက်တွေကို တပင်တပမ်း သင်အံ လေ့လာတူးဖော် ကြည့်ခဲ့ပြီးကာမှ ကိုယ့်အိပ်မက်ရဲ့ လျို့ဝှက်ချက်ကို ဆန်းစစ်ဖို့ကျတော့ မေ့လျော့နေခဲ့မိတယ်။

ချစ်သူရယ် .. ကိုယ့်ကို ခွင့်လွှတ်နားလည်ပေးပါ။ ဟိုး… ကမ္ဘာ တစ်ဖက်ဆီကနေ ကိုယ့်ကို တမ်းတနေခဲ့ရတယ်ဆိုရင်ပေါ့ ..။

………………………………………………………………………………………………………………

ချစ်စရာကောင်းတဲ့ ဆံနွယ် ခွေခွေပျော့ပျော့လေးတွေက အိပ်မက်ထဲမှာတောင် ညိုရွှေရောင် တောက်ပနေခဲ့ပြီး ကိုယ့်ကို ရင်မောစေနိုင်ခဲ့ပါလျက်နဲ့ ကိုယ်စာ နံနက်ခင်း အလင်းနဲ့အတူ မေ့လျော့ပစ်နိုင်အောင် ကြိုးစားနိုင်ခဲ့ရက်တယ်လို့ ပြောရင်လည်း ခံရမှာ ပါပဲ။ နူးညံ့ကြည်စင်လွန်းတဲ့ မျက်ဝန်းလက်လက်တွေဟာ ကိုယ့်ကို ညွတ်နူးမိန်းမောစေခဲ့ ပါလျက်နဲ့ ကိုယ်က ဒီ မျက်ဝန်းအစုံကို အသိမ်းလွန်ပြီး ထုတ်မကြည့်မိတော့တဲ့ အရာတစ်ခုလို ထားခဲ့မိတယ်။

တကယ်ဆို သက္ကရာဇ်တွေဟာ တစ်စစီ ပြန်ကောက်ယူလို့ရတဲ့ မှန်ကွဲတစ်ချပ်မှ မဟုတ်တာ။ သံသရာဆိုတာကိုလည်း လေ့လာ သိရှိထားခဲ့ပေမယ့် အတိတ်မေ့ သစ်သီး တွေကို စားသုံးခဲ့ရလေတော့ ဘာကိုမှ ဆက်စပ်မရတာ ကိုယ့်အမှားလားကွယ်။ ချစ်သူရယ် တကယ်ပဲ ကိုယ်တို့ဟာ အရင် ဘဝအဆက်ဆက်ကတည်းက တွေ့ဆုံဖို့ ဆန္ဒ ပြုခဲ့ ကြသလား။ ဆုတောင်းတစ်ခုကို အတူပြုခဲ့မိကြသလား။ ကိုယ်တို့ ဘယ်သိနိုင်ကြမှာလဲ။

ဒါဆိုလည်း ကိုယ်တို့ ဒိထက်ပို စောစော တွေ့ခဲ့သင့်တာပေါ့နော်။ ဘဝရဲ့ စာမျက်နှာ တွေဟာ ဘာပြီး ဘာလာမယ်ဆိုတာ ကြိုတင်သိခွင့်ရတဲ့ အရာတွေ မဟုတ်ခဲ့လေတော့ တစ်နေ့နေ့မှာ အဲဒီအိပ်မက်တွေဟာ ကိုယ်ကြုံနေကျ အတိုင်း ကိုယ့်ရှေ့ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ဘူးလေ။

………………………………………………………………………………………………………………

ညိုရွှေရောင် ဆံနွယ်ခွေခွေလေးတွေရယ် သစ်အယ်သီးရောင် လှေကလေး တစ်စင်းရယ်။ ညင်သာစွာာ ကိုယ့်လက်ထဲ ထည့်ပေးခဲ့ဖူးတဲ့ ဆင်စွယ်နှစ်ရောင် ရိုမန်ကက်သလစ် တွေရဲ့ လက်ဝါးကပ်တိုင်ပုံပါ ပုတီးတစ်ကုံးရယ် သားရေဖုံးအနက်ရောင်ပေါ်မှာ ရွှေရောင် လက်ဝါးကပ်တိုင်ပုံ ရိုက်နှိပ်ထားတဲ့ ကျမ်းစာအုပ်တစ်အုပ်ရယ် ပြီးတော့ ချစ်သူ ဝတ်ဆင် ထားတဲ့ ဆင်စွယ်ရောင် ခပ်နွမ်းနွမ်း ရှပ်အကျီ င်္ ကပိုကရိုရယ် ၊ ဘယ်လိုမှ ပြောမပြတတ် လောက်အောင် ရင်ထဲမှာ နင့်နေတဲ့ ခံစားမှု တစ်ခုရယ် နဲ့ ကိုယ်တို့ ဝေးကွာ သွားခဲ့ရပြန်တယ်။

ကိုယ်က ဘာလို့မှန်းမသိ။ ကမ်းပေါ်မှာ ကျန်နေခဲ့ပြီး မျက်ရည်တွေနဲ့ လှေကလေး ထွက်သွားရာကို ငေးကြည့်နာကျင်နေမိတယ်။ အိပ်မက်က အနိုးမှာ သည်းသည်းထန်ထန် ရှိုက်ငိုနေမိပြန်တဲ့ နေ့ရက်တွေကို ကိုယ် .. ဘာလို့ မေ့လျော့ထားပစ်ခဲ့ရတာလဲ။

လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ဖူးတဲ့ အိပ်မက်ထဲက ပုတီးလေးနဲ့ ကျမ်းစာအုပ်ကလေး ဟာ ကိုယ့်ဆီမှာ တကယ်ပဲ ရှိနေခဲ့တာတော့ အံ့သြစရာပါ။ ကိုယ် ကိုယ်တိုင် ဝယ်ယူ ထားတာလည်း မဟုတ် .. တစ်စုံတစ်ယောက်က တသီးတသန့် ပေးတာလည်း မဟုတ်ပါပဲ တဆင့် တဆင့် လက်ဆင့်ကမ်းရင်း ကိုယ့်ဆီမှာ ခရီးဆုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ဖြစ်နေခဲ့တယ်လေ။

တရွေ့ရွေ့ ထွက်ခွာသွားတဲ့ လှေကလေးပေါ်က ချစ်သူရဲ့ အညိုရောင် မျက်ဝန်းတွေကို ပြန်တွေးကြည့်မိတိုင်း တုန်လှုပ်ချောက်ချား မှုတွေနဲ့ ရင်ဆိုင်တိုးရတော့တာပါပဲ။ ဒါကြောင့် ထင်ပါရဲ့..။ ကိုယ်ဟာ လက်တွေ့ကျချင်ယောင်ဆောင်ပြီး အိပ်မက်တွေကို မေ့လျော့ ထားခဲ့မိတာ။

တကယ်ဆို ကိုယ်ဟာ မုန်တိုင်းထဲက လွတ်မြောက်လာကာစ ငှက်ကလေး တစ်ကောင်ပါ။ သောကဝန်ထုတ်တွေ လေးလေးလံလံ ပိပြိုကျခဲ့တဲ့ ဒါဏ်တွေကို ခံစားခဲ့ရပါတယ်။ အဲဒီ အချိန်တွေမှာ အဲဒီ မျက်ဝန်းတွေကို မတမ်းတဖြစ်အောင် ဘယ်လိုနေထိုင်ခဲ့ရတယ် ဆိုတာကတော့ ကိုယ်ပဲ သိပါတယ်လေ။ တကယ်တော့ ကိုယ်ဟာ မီးပြင်းတိုက်ခံထားရတဲ့ သံမဏိ တစ်စလို မာကျောနေခဲ့ပါပြီ။

………………………………………………………………………………………………………………

ဒါပေမယ့်ကွယ် .. သိပ်အံသြစရာကောင်းတာပဲ။

ဟိုး .. ဝေးဝေးက .. သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ ကိုယ့်ကမ်းဆီ တရွေ့ရွေ့ ပြန်လည် ချဉ်းကပ်လာတဲ့ သစ်အယ်သီးရောင် လှေကလေး ဆိုတာလည်း သိရော ကိုယ်ဟာ အရင်ကလိုပဲ ပန်းကလေးတစ်ပွင့် ပြန်ဖြစ်သွားတယ်။ တသုန်သုန် ဖြတ်သန်း တိုက်ခတ်လာတဲ့ ရနံ့ချိုချိုတွေကို ခေါင်းမော့ လည်ဆန့်ရင်း နှစ်လိုနေတတ်တဲ့ ပန်းကလေး တစ်ပွင့်လို ကိုယ်ဟာ လန်းဆန်း သက်ဝင်လို့ …။ ကိုယ့်ရင်ထဲမှာလည်း ရင်ခုန်သံတွေ မကြုံစဖူး လန်းဆတ် သစ်လွင် ပျိုမြစ်လို့။ သူ တကယ်ပဲ ကိုယ်ကျန်ရစ်ခဲ့ရာ ကမ်းဆီ ပြန်လှည့်လာခဲ့တယ်လေ။ ကိုယ် လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားတဲ့ ဆင်စွယ်ပုတီးလေးကို အသာ ပြန်ကြည့်မိတယ်။ အိပ်မက်ထဲမှာ သူပေးခဲ့ဖူးတဲ့ ဆင်စွယ် ပုတီးလေးနဲ့ တစ်ထေရာတည်း ပါပဲ။

ခုတစ်ခါမှာတော့ ကိုယ် … သူကမ်းပေးလာတဲ့ လက်ကို ဆုပ်ကိုင်လိုက်မိပါပြီ။ လှေကလေးပေါ်ကို ညင်သာစွာ ဆွဲယူ တွဲခေါ်သွားရာကို ကိုယ်လိုက်ခဲ့မိပြီ။ ခပ်နွမ်းနွမ်း ဆင်စွယ်နှစ်ရောင် ရှပ်အကျီ င်္ ကပိုကရို အောက်က ချစ်သူရဲ့ ဆင်စွယ်နှစ်ရောင် အသားနုနု ကိုလည်း မြင်နေရတယ်။ ဒါဟာ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေလိုပဲလား။ နိုးထ လာခဲ့ရင် ကိုယ် ငိုရှိုက်နေခဲ့ ရဥိးမှာလား။

………………………………………………………………………………………………………………

ကိုယ့်ရဲ့ အညိုရောင် ဆံစတွေနဲ့ သူ့ရဲ့ ညိုရွှေရောင် ဆံနွယ်ခွေတွေ ရောယှက်သွားချိန်မှာ ကိုယ် ..သူ့ရင်ခုန်သံကို သေသေချာချာ ကြားလိုက်ရပါပြီ။ နတ်ဆိုးတွေ သက္ကရာဇ် အဆက်ဆက် လိုက်လံ နှောက်ယှက် ဖျက်ဆီးထားတာကို ခံရတဲ့ ကစားပွဲလေးတစ်ခုကို အဆုံးသတ်လိုက်ရသလို ကိုယ်တို့ နိုင်ခဲ့ကြပြီလား …။ သူ့ရင်ဘတ်ပေါ် စီးကျသွားတဲ့ ကိုယ့်မျက်ရည်တွေကို သူက လွတ်လပ်စွာ စီးဆင်းခွင့် ပေးတယ်။ ပြီးမှ စကားတစ်ခွန်းကို တိုးဖွညင်သာစွာ ဆိုတယ်။

“ အရာအားလုံး ပြီးဆုံးသွားပြီပဲကွယ် မင်းရဲ့ မျက်ရည်တွေဟာ ဒါ နောက်ဆုံး ဖြစ်မှာပါ ”

တဲ့။

တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်နှစ်ခုကြားမှာ ဆင်စွယ်နှစ်ရောင် ပုတီးလေး ရှိနေတယ်။ ဒါပေမယ့် ဘယ်သူကမှ မဖယ်ပစ်ကြဘူး။ သူ့ရင်ခွင်ထဲမှာ ကိုယ်ရှိနေခဲ့ပြီး ကိုယ့်ရင်ခွင်ထဲမှာတော့ ကျမ်းစာအုပ်ကလေး ရှိနေတယ်။ တရွေ့ရွေ့နဲ့ ထွက်ခွာနေတဲ့ လှေကလေးနဲ့အတူ ကိုယ်တို့ ဘယ်ကို သွားကြမှာလဲ။

ကျန်ရစ်ခဲ့တဲ့ ကမ်းတစ်ဖက်ဆီမှာတော့ ဒါဏ်ရာ အနာတရတွေနဲ့ အတိတ်အားလုံးကို ထားခဲ့လိုက်ပြီ။ လုံခြုံနွေးထွေးရာ နေရာသစ် တစ်ခုကို ချစ်သူနဲ့အတူ သွားနေကြပြီပဲလေ။ ကိုယ်တို့ရဲ့ ဥိးတည်ရာကောင်းကင်ဟာ အလင်းတချို့နဲ့အတူ ကြည်စင်လို့ ..။ လှပတဲ့ တိမ်ဖြူတချို့ စီးမျောနေရာ ကောင်းကင်ပြင်ကြီးကို အတူငေးကြည့်ရင်း ကိုယ့် မျက်ရည်တွေ သွေ့ခြောက်သွားတာကို သတိပြုလိုက်မိတယ်။

“ ဟိုးမှာ ကြည့်စမ်း ”

“ အင်း ”

“ အဲဒါ နွေကို ဖွဲ့တဲ့ တိမ်တွေ ”

“ နွေကို ဖွဲ့တဲ့တိမ် ..”

ကိုယ် သံယောင်လိုက် လိုက်မိတယ်

“ ဟုတ်တယ် မိုးတိမ်တွေလို စွတ်စိုမှုကို မပေးဘူး။ ဒီအတွက် မင်း မငိုရတော့ဘူး ”

“ ရှင် ”

“ ဟုတ်တယ် နောက် မိုးတိမ်တွေလို မည်းမှောင်မနေဘူး ဒီအတွက် မင်းဘဝမှာ အမှောင်ဆိုတာ မရှိရတော့ဘူး ”

“ အိုး ..”

တကယ်ပါ။ ဘာပြန်ပြောရမှန်း မသိတဲ့အတွက် တိတ်ဆိတ်နေမိတယ်။ ဒါပေမယ့် အဲဒီ တိတ်ဆိတ်မှုဟာ သိပ်ကြည်နူးချမ်းမြေ့စရာ ကောင်းတာကို သိနေတယ်။ မှီနွဲ့ထားမိတဲ့ သူ့ရင်ခွင်ဟာလည်း နွေကို ဖွဲ့တဲ့တိမ်တွေ စီးမျောရာ ကောင်းကင်ပြင်လိုပဲ နွေးထွေး ကြည်စင်နေခဲ့တယ် ဆိုတာကိုတော့ ကိုယ်ကလွဲလို့ ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး။

…………………………………………….. မနော်ဟရီ ………………………….

၁၄၊၇၊၂၀၀၇


စိတ်အဆင်မပြေတဲ့နေ့

Thursday, March 4, 2010

ပုံဆောင်ခဲတစ်ခုအနေနဲ့တော့ ကောင်းချင်မှ ကောင်းလိမ့်မယ်။ ဒါပေမယ့် ငယ်ငယ်တုန်းကရေးခဲ့တဲ့ ကဗျာမို့ အမှတ်တရပါ။ တင်မင်းထက် ရဲ့ tag အတွက် ဖြစ်ပါတယ်။
ပထမဆုံး ရင်ခုန်ပွင့်မှာပါခဲ့ဖူးတဲ့ အဖွင့်ကဗျာ မဟေသီ အဖွင့်ကဗျာတွေထက် ရှေးကျပါတယ်။

စိတ်အဆင်မပြေတဲ့နေ့


စိတ်နဲ့ခတ်ထားတဲ့
အဆင်အသွေးတွေ
အခိုင်လိုက် အလိပ်လိုက် ထွက်ကျ
ငါ့ .. ဘယ်ဘက်ရင်ဝကနေ ...

တိုင်ခြည်နဲ့ ယက်ခြည်လွဲခဲ့ရလို့
အပြစ်အနာအဆာ ဗရပွနဲ့
စိတ္တဇ ဆန်ဆန် ..
ကံကလည်း နည်းနေခဲ့သေး ...

တိမ်တွေကို အရောင်ဖျောက်ပစ်လိုက်တာ ငါပါ
ကမ္ဘာကတော့
ငါခေါ်လိုက်တဲ့အသံ သူမကြားဟန်နဲ့
ငါ့ကို ထမ်းပိုးထားတုန်း ..။


မနော်ဟရီ
၁၉၈၇


အစိမ်းရောင်ဇာတ်လမ်း

Wednesday, February 24, 2010




ဒီဝတ္ထုလေးကို ၂၀၀၈ သြဂုတ်လတုန်းက ရေးပါတယ်။ မောင်သစ္စာ (သစ္စာပိုင်စိုး) Empress မှာ လုပ်နေတဲ့ အချိန်ပါ။ သူနဲ့ ဝိုင်ချို အကူးအပြောင်းမှာ (စီစစ်ရေး)မလွတ်ခဲ့ဖူးပြီး ပျောက်နေတဲ့ ရှူံးနိမ့်ခြင်းမော်ကွန်း .. ဆိုတဲ့ ဝတ္ထုတိုလေးကို သစ္စာကပဲပြန်ရှာပေးပါတယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ .. :P သူ့ကို ဒီစာမူပေးခဲ့တာပါ။ ၂၀၀၈ စက်တင်ဘာ Empress မှာပါလာပါတယ်။ တကယ်လည်း ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်ဆိုတာ လက်တစ်လုံးခြား ကိစ္စတွေချည်းပါပဲ ... ။

အစိမ်းရောင်ဇာတ်လမ်း

(၁)
ဖြစ်ရိုးဖြစ်စဉ်နဲ့ ထူးခြားဖြစ်စဉ်ဆိုတာ .. လက်တစ်လုံးပဲခြားတယ်။ မယုံနိုင်စရာလို့ လူတွေက ထင်တဲ့ လှည့်စားခံရမှုတိုင်းဟာ .. လက်တစ်လုံးခြားကိစ္စတွေနဲ့ပဲ ဆက်နွယ် နေခဲ့ပါတယ်။
(နန်းမြစိမ်းနွယ်)


(၂)
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ နေ့လည်ခင်းတစ်ခုပါ။ ကျွန်တော်က အိပ်မက် တစ်ခုကို အသည်းအသန် တိုက်ခိုက်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအိပ်မက်ဟာ မက်နေကျ အိပ်မက်တွေနဲ့ မတူပဲ အစိမ်းရောင်တွေ ကျွံထွက်နေတာပါပဲ။ စဉ်းစားကြည့်မယ်ဆိုရင် အစိမ်းရောင်ဟာ နှစ်လိုစရာကောင်းတဲ့အရောင်လို့ ထင်ချင်စရာ ပေါ့။ ဒါပေမယ့် တကယ့်တကယ် ဖြစ်ပျက်နေတာက လေးရောင်ဖလင်မှာ အရောင် တစ်ရောင်ကျွံဝင်နေတာမျိုး .. အစိမ်းရောင်တွေ ကျွံထွက်နေခဲ့တာ.. ။ အဲဒီလို texture မျိုး နဲ့ ကျွံနေတဲ့ အရောင်တွေကို ခင်ဗျားသာဆို ဘယ်လို ခံစားမလဲ။ ဒါကြောင့်ပေါ့ ..။ သူမက ပြောသွားခဲ့တာ။ အရာအားလုံးဟာ လက်တစ်လုံးခြား ကိစ္စတွေချည်းပဲ.. လို့။
ဒီတော့ ကိုယ်ကပြန်ပြီး လှည့်ထွက်လိုက်ဖို့ပဲ ရှိတော့တာလေ။ အမှန်က မိုးအေးအေးနဲ့ နေ့လည်ခင်းကြီး အိပ်နေမိလို့သာ ဒီလိုအိပ်မက်မျိုး မက်တာ .. ။ အဲဒီအချိန်မှာ ကျွန်တော်သာ အလုပ်လုပ်နေခဲ့ရင် ဒါမှမဟုတ်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူ ရှိနေခဲ့ရင် ဒီလို အရောင်တွေ ကျွံနေတဲ့ အိပ်မက်မျိုး အနားတောင် သီနိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် ကျွန်တော် အပြင်ထွက်ဖို့ ဆုံးဖြတ်ပြီး အိပ်ရာထဲက ကဗျာကယာ ခုန်ထ လိုက်မိတယ်။ ကောက်စွပ်လိုက်မိတဲ့ အကျီ င်္က GIORDANO SPORTSHIRT အစိမ်းရောင်။ အိပ်မက်ထဲက ကျွံထွက်နေတဲ့ အစိမ်းရောင်တွေနဲ့ ယှဉ်ရင် အများကြီး နှစ်လိုစရာကောင်းပါတယ်။ အိပ်ရာထဲက ထွက်လာတာနဲ့ မတူအောင် ရေမွှေးတော့ သုံးဥိးမှ ဆိုပြီး ရေမွှေးပုလင်းကို လှမ်းအဆွဲ .. နမော်နမဲ့ နိုင်တဲ့လက်က (သူမ ရွတ်ဆို နေကျ စကားလုံးနဲ့ဆို clumsy finger ပေါ့ ) မှန်တင်ခုံပေါ်မှာ စည်းမရှိ ကမ်းမရှိ တင်ထားမိတဲ့ ကော်ဖီခွက်ကို တိုက်မိပြီး…………
ညိုညစ်ညစ် မည်းတည်းတည်းတွေ စွန်းထင်းနေတဲ့ အစိမ်းရောင်ဟာ မျက်စိပသာဒ ဖြစ်မယ်လို့များ ခင်ဗျားထင်သလား။ အမှန်က ကော်ဖီဆိုတာ အစာအိမ်ထဲကို ဖြောင့်ဖြောင့် တန်းတန်း စီးဆင်းသွားရမှာ ..။ ခုလို လက်တစ်လုံးခြားလောက် လွဲသွားတာနဲ့ ဒုက္ခ ရောက်တော့တာပဲ။
“ ကျွတ်..”
အကျီ င်္ ကို ကဗျာကယာ ပြန်လဲပြီး အိမ်အပြင်ကို အရှိန်အဟုန် တစ်ခုနဲ့ တိုးထွက် လိုက်တယ်။ မိုးစက်တွေ ထိစိုထားလို့ အရာအားလုံးဟာ စိုလက် တောက်ပ နေရမယ့် အစား စိုထိုင်းထိုင်းကြီးတွေ ဖြစ်နေကြသလိုပဲ။ အဲဒီ စကားလုံး နှစ်လုံးရဲ့ အဓိပ္ပာယ် ကတော့ လက်တစ်လုံးခြားမကဘူး ထင်တာပဲ။ သစ်ပင်ကြီးတွေက စိမ်းကုတ်ကုတ်နဲ့။ ဟောဟိုက .. အစိမ်းရောင်ကောင်မလေးကလည်း ရသတွေ ပျက်လို့။ အဖြူနဲ့ အစိမ်းဝတ် ကျောင်းဆင်းချိန်ကလည်း လေးလံ စိုထိုင်းလို့ ..။ ဘာတွေလဲ ….။ ဘာတွေလဲ … ။
မြန်မာဘီယာ ဆိုင်းဘုတ်ကြီးတွေကလည်း စိမ်းဝေဝေနဲ့ ..။ ရီဝေတဲ့ ခံစားမှုနဲ့ အစိမ်းရောင် ဘယ်လို ဆက်စပ်တယ်ဆိုတာကို အူတူတူနဲ့ ပြန်တွေးနေမိတယ်။ သိပ်တော့ သဘာဝ မကျပါဘူး။ ဒါပေမယ့် အရာအားလုံးကို သဘာဝကျကျကြီး မျှော်လင့်နေလို့ မရဘူးဆိုတာ လည်း သိထားတာပဲ။ အစိမ်းရောင်ဟာ ညှို့ငင်နိုင်တဲ့ အရောင် တဲ့လား ….
“ နန်းမြစိမ်းနွယ် ”
သူမကတော့ ညှို့ငင်တတ်တယ်။
အစိမ်းရောင် ညှို့ငင်မှုဆိုတာ ကမ္ဘာမှာ တစ်ခုတည်းရှိတယ်။ အဲဒါ နန်းမြစိမ်းနွယ် ပဲ။ အဲဒီ မြစိမ်းနွယ် ခေတ်တုန်းကတော့ ကျွန်တော်လည်း စိမ်းစို လန်းဆန်းနေခဲ့ဖူးတာပေါ့ ..။
“ မင်း .. ဘာလို့ အစိမ်းရောင်တွေချည်း ရွေးသုံးတာတုန်း ”
“ မုန်းလို့ ”
“ ဘာရယ် ”
“ မုန်းလို့ .. ကျွန်မ အစိမ်းရောင်ကို မုန်းတယ် ”
“ မင်း နာမည် ကိုရော .. ”
“ မုန်းတာပဲ ”
“ လူတွေက ကိုယ်နှစ်သက်တဲ့ အရောင်တွေကိုပဲ ရွေးချယ်တတ်ကြတာ ”
“ ကျွန်မက သူတို့မှ မဟုတ်ဘဲ ”
“ ဒီတော့ .. မုန်းတီးမှုတွေကို မင်းက အမြဲ ဝတ်ဆင်နေတဲ့ သဘောလား ..”
“ ဒါပေါ့.. ဒါမှသာ .. ကျွန်မရဲ့ မုန်းတီးမှုတွေက ပိုအားကောင်းလာမှာ .. မဟုတ်ရင် အားဖျော့ မှိန်ဆင်းသွားလိမ့်မယ် ..”
“ မင်း နာမည်ကို ဘယ်သူပေးတာလဲ ”
“ အဖေ..”
“ မင်း အဖေကိုရော … မင်းကို အဲဒီနာမည် ပေးခဲ့တဲ့အတွက် မမုန်းဘူးလား ”
“ သူ ကိုယ်၌ က အဲဒီနာမည်ကို မုန်းတီးလို့ ပေးခဲ့တာ …”
“ မုန်းတီးလို့ ကိုယ့်သမီးကို မုန်းတီးတဲ့ နာမည်ပေးတယ် ..”
“ သိပ်ပြီး သမားရိုးကျ ဆန်တဲ့ ဖြစ်စဉ်တွေကိုချည်း မျှော်လင့် မထားနဲ့လေ သမားရိုးကျ ဖြစ်စဉ်တွေနဲ့ လူတွေက ထူးခြားတယ်လို့ထင်တဲ့ ဖြစ်စဉ်တွေဟာ လက်တစ်လုံးပဲ ခြားပါတယ်။ ”
(သေချာတာက အဲဒီတုန်းက အဲဒီစကာလုံးရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။)
“ မင်းအဖေက မင်းကိုရော မုန်းလို့လား ”
“ သူက သူတွေ့ခဲ့ဖူးတဲ့ နန်းမြစိမ်းနွယ် ဆိုတဲ့ မိန်းမကို အရမ်းမုန်းတယ် ”
မုန့်လုံးကို စက္ကူကပ်နေသလိုပဲ လို့ ပြောရအောင်ကလည်း အစိမ်းရောင် ဆီစိမ် စက္ကူကြီးနဲ့ ကပ်နေရသလို .. နောက်ဆုံးကျတော့ အစိမ်းရောင်တွေကို မုန်းတဲ့ နန်းမြစိမ်းနွယ်က ဘာအရောင်မှ မရှိတဲ့ ကျွန်တော့်ကို လမ်းခွဲခဲ့တယ်။ မုန်းလို့တော့ ဟုတ်မယ် မထင်ဘူး။ မုန်းလို့ဆိုရင် သူ့နာမည်ဟာ ခုလောက်ရှိ ကျွန်တော့် နာမည် ဖြစ်နေလောက်ပြီ ..။
“ ယောကျာ်းတစ်ယောက်နဲ့ မိန်းမ တစ်ယောက်ဟာ အတူတူတွေ့မြင်နေရမှ ချစ်လို့ရတာလား မောင် ..”
“ တစ်ယောက်ကို တစ်ယောက် ချစ်မိမှတော့ တွေ့မြင်ချင်ကြတာပဲ နွယ် ”
“ အဝေးကြီးကနေ ချစ်လို့ မရနိုင်ဘူးတဲ့လား ”
“ မဖြစ်နိုင်ဘူး ထင်တာပဲ နွယ် ”
“ ကျွန်မကတော့ ဖြစ်နို်င်တယ်လို့ ထင်တယ် မောင်လည်း သိတာပဲ ကျွန်မက ကျွန်မမုန်းတဲ့ အရာတွေကို ကျွန်မနဲ့ အနီးဆုံးမှာ ထားတယ် ”
မုန်းတီးမှုတွေ ပိုအားကောင်းလာအောင်လို့လို့ သူမပြောခဲ့ဖူးတာ သွားသတိရတယ်။ သူမ ဆက်ပြောသေးတယ်။
“ မောင် ပြောနေတာတွေက ဖြစ်ရိုးဖြစ်စဉ်နဲ့ သမားရိုးကျ ကိစ္စတွေ ..”
ဒါတွေပြီးရင် နောက်ကနေ လက်တစ်လုံးခြား ကိစ္စတွေ ကပ်ပါလာတော့မယ် ..။
“ ဒီမှာ မောင် .. အချစ်မှာ ပေါင်းရဖို့က အဓိက ကျပြီး တွေ့ဆုံနီးကပ်နေဖို့ကလည်း အရေးပါတယ်ဆိုရင် အချစ်ရဲ့ ပင်ကိုယ် တန်ဖိုးတွေ လျော့ကျသွားတော့မှာပေါ့ ”
“ ဘာရယ် ” ..လို့မအော်မိအောင် ကျွန်တော် ထိန်းထားလိုက်နိုင်ပါတယ်။
“ အချစ်ရဲ့ ပင်ကိုယ်တန်ဖိုး စစ်စစ်ကို မြှင့်တင်ဖို့ မောင်တို့ဘာလုပ်ကြရမှာလဲ နွယ် ..”
“ ကျွန်မတို့ ခွဲခွာကြရမယ် .. ဝေးနေလည်း ကျွန်မက ကျွန်မ … မောင်က မောင်ပဲ .. နီးနေရင်သာ .. မောင်ဟာ ကျွန်မ မုန်းတီးတဲ့ အရာတွေနဲ့ ရောထွေးသွားလိမ့်မယ် .. အရေးကြီးတာက ချစ်ခြင်းပဲလေ … နီးစပ်မှုနဲ့ ပေါင်းစည်းမှု မပါဝင်တဲ့ ချစ်ခြင်းရဲ့ တန်ဖိုးစစ်စစ်အတွက် ကျွန်မတို့ လမ်းခွဲကြရအောင် ..”
အဲဒီလိုနဲ့ ကျွန်တော်တို့ ဝေးကွာခဲ့ကြတယ်။
ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ကိစ္စ တစ်ခုက .. အဲဒီအတွက် ကျွန်တော် သည်းထန် နင့်သီးစွာ မခံစားရတာပါပဲ။ အမှတ်မထင် သူမကို လမ်းမှာ ပေါ့ပါးပျော်ရွှင်စွာ မြင်လိုက်ရတဲ့အခါ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလား လို့ တွေးမိတတ်ပြန်ပါတယ်။ ဒါပေမယ့် တကယ့် တကယ်ကျတော့ သူမပြောသလိုပဲ ..။ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေဟာ လက်တစ်လုံးခြား ကိစ္စတွေပဲ ဆိုတာ တဖြည်းဖြည်းသိလာခဲ့ရတယ်။
သေချာ ပြန်တွေးကြည့်မယ်ဆိုရင် ဒီညနေခင်းကလည်း သမားရိုးကျ ညနေခင်း ဟုတ်ဟန် မတူဘူး။ ကျွန်တော့်ကို ဖြစ်ရိုး ဖြစ်စဉ်တွေထဲက ခွဲထုတ်ပြီး နေ့လည်ခေ့င်းကြီး ( အလုပ်ပိတ်ရက်လည်းမဟုတ်ပါပဲ ) အိပ်ခိုင်းထားတယ်။ အစိမ်းရောင်တွေ ကျွံထွက်နေတဲ့ အိပ်မက်တစ်ခုကို ပေးတယ်။ ဟော…ခု … စိုထိုင်းထိုင်း စိမ်းအက်အက် ညနေခင်းထဲမှာ လျှောက်ရင်း အစိမ်းရောင်အတိတ်တွေကို ပြန်သတိရနေမိပြန်တယ်။ ဒါဟာ .. သမားရိုးကျ ဖြစ်စဉ်တွေပဲလို့ ခင်ဗျား ပြောမလား ..။
“ မောင်..”
ရုတ်တရက် နားစည်ထဲကို တိုးဝင်လာတဲ့ ရင်းရင်းနှီးနှီး အသံကြောင့် ကျွန်တော် ယောင်ရမ်း လှည့်ကြည့်မိတယ်။
နွယ်…
မဟုတ်သေးဘူး။
နန်းမြစိမ်းနွယ်..
အို… မဟုတ်သေးဘူး ..
အစိမ်းရောင်တွေ..။
အစိမ်းရောင်လှိုင်းတွေ…
အစိမ်းရောင်လှိုင်းတွေဟာ နန်းမြစိမ်းနွယ်လား။ မြစိမ်းနွယ်ဟာ အစိမ်းရောင် လှိုင်းတွေလား။ ကျွန်တော် ဝေခွဲမရဘူး။
“ မောင် ”
ခေါ်သံက ပိုမိုနီးကပ်လာသလို… လှိုင်းတွေကလည်း ပိုနီးကပ်လာတယ်။
“ မောင်”
ကျွန်တော် ခြေလှမ်းတွေ စတင်ဖို့ ခုမှ သတိရတယ်။
ဒါပေမယ့် … ကျွန်တော်သိပ်နောက်ကျ သွားခဲ့ပြီ။
စိမ်းရင့် ညိုမှောင်နေတဲ့ လှိုင်းလုံးတွေက ကျွန်တော့် တစ်ကိုယ်စာကို ကျော်လွန် ဖုံးအုပ် သွားခဲ့ပြီ။
ကျွန်တော် အစိမ်းရောင်တွေထဲ ပြတ်ရွေ့မျောပါသွားတဲ့အခါ .. ညနေခင်းကတော့ ဒီအတိုင်းပဲ ကျန်ခဲ့လိမ့်မယ်။ သေချာပါတယ်။ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေဟာ.. …………………

(၃)
ကျွန်တော်နဲ့ နန်းမြစိမ်းနွယ်တို့ရဲ့ နှလုံးသားဟာလည်း လက်တစ်လုံးပဲ ခြားပါတယ်။
ဒါကရော .. ထူးခြားဖြစ်စဉ်တစ်ခုလား ….။ ။

မနော်ဟရီ
9th August, 2008
September’2008 Empress Magazine



စိမ်းစိုလတ်ဆတ်ခြင်းများနှင့် စိမ်းစိုခြောက်ကပ်သွားခြင်းများ ....


မင်းအပြုံးလေးတစ်ခုရဖို့ ...
တစ်ချို့အရာတွေကို အစိမ်းရောင်ထပ်သုတ်ပြီး ..
တစ်ချို့သူတွေကို အစိမ်းရောင်ကြက်ခြေခတ်တွေ နဲ့ မှတ်သားထားလိုက်ရတယ် ...
စိမ်းစိုနူးညံ့နေတဲ့ အပြုံးတစ်ခုစာ မိုက်မဲခဲ့စဉ်တွေ ......။

အစိမ်းရောင်တွေ ပျော့တွဲကျလာတယ်
အစိမ်းရောင်တွေ စိတ်ထဲက စိမ့်ထွက်လာတယ်။
ကြားနေကြသတင်းမှာ အစိမ်းရောင်ဟာ တစ်ခုတည်းသော လိုအပ်မှုဖြစ်လာတယ်။
အပိုင်မလိုချင်တဲ့ အစိမ်းတွေနဲ့ အပိုင်မပေးလိုက်ချင်တဲ့ အစိမ်းတွေကြားမှာ ..
ငါ အသက်ရှူနေပါတယ်။

ညာဘက် လက်သူကြွယ်က အစိမ်းရောင်ကျောက်စိမ်းလက်စွပ်လေးရဲ့ စိမ်းစိုအေးမြမှုတွေ ....
လမ်းခွဲညနေခင်းတစ်ခုရဲ့ စိမ်းစိုပူလောင်မှုတွေ ...
လက်တစ်လုံးခြားနေတဲ့စိတ်ဟာ အဝေးဆုံးကိုရောက်သွားနိုင်တယ် ...
တစ် ဒီဂရီ လွဲသွားတဲ့ လေယာဉ် တွေ နောက်တစ်နေ့မှာ ပြန်မဆုံကြတော့သလိုပေါ့။

အစိမ်းရောင်ဟာ စိတ်ထဲမှာ ကပ်ညိနေတဲ့ရေညှိတစ်မျိုးလား ... နန်းမြစိမ်းနွယ် ...
စိမ်းစို အေးခဲတဲ့ သတိရခြင်းတွေနဲ့ ... စိမ်းစို အက်ကွဲတဲ့ လွမ်းဆွတ်မှုတွေရဲ့ လက်တစ်လုံးကြား ကွက်လပ်လေးထဲမှာ ...
ငါ့နာမည်ကို အစိမ်းရောင်နဲ့ ဖြည့်ထားခဲ့တယ် ....။
အစိမ်းရောင်မှတ်ဥာဏ်များ ပျောက်ဆုံးလု ...
သူ့ အပြုံး စိမ်းမြလေးတစ်ခုစာ ... အလွမ်းပစ္စယာ ဝေဒနာ ..............................။ ။

Zephyr
24th Feb 2010(@ Office)


ဝ + ၇ = ၁

Monday, February 22, 2010

ဝ + ၇ = ၁
ဆောင်းတစ်ညရဲ့အေးခဲမှုမှာ ငြိမ်သက်ခြင်းဟာ အရေပြားတစ်လျှောက် တဟုန်ထိုးစီးနေ
ဖြစ်နိုင်မယ်ဆို ခင်ဗျားလက်နဲ့ သူ့မျက်လုံးကို ပိတ်ပေးပါ
မျက်နှာ ဝှက်ထားဖို့ကြိုးစားရင်း မုတ်သုန်လေအလာကို မျှော်မိရဲ့
ငါ့ရဲ့ ကျဆုံးခန်းကို အပြိုင်အဆိုင် တစ်လက်လက်နဲ့ မှတ်တမ်းတင်ကုန်ကြပြန်ပြီ
အိမ်ပြန်ချိန်တွေ လဲလဲကျတော့ ပြေးပြေးထူမိရ
လောကရဲ့ .. တချို့သော ပြဿနာတွေဟာ ကိုယ့်အရိပ်ကိုယ်နင်းထားရတာမို့
တစ်နေ့သော ... ခပ်စောစောမှာ .. ကျီးပြိုသံတွေကြားရလိမ့်မယ် ...။ ။

မနော်ဟရီ

ဒီကဗျာလေးက ဆရာမြတ်သစ် လုပ်မယ့် မဂ္ဂဇင်းတစ်ခုအတွက် ရေးပေးဖြစ်တာပါ။ ခရောင်း၊ညီမိုင်းလင်း၊မင်းခက်ရဲ၊ ပြည့်နိုင်(ဖိုးပြည့်)၊နန္ဒမင်းနိုင်၊ နှင်းမြို့ရိုး( နိုးဝေ) ၊ထက်ခေါင် တို့ရဲ့ ကဗျာတွေနဲ့ ပြုလုပ် ထားတဲ့ collage ကဗျာတစ်ပုဒ်လည်း ဖြစ်သလို အဲဒီ ခုနှစ်ယောက်ရဲ့ ကဗျာစာအုပ်ဖြစ်တဲ့ ၀+၇=၁ မှာရေးပေးတဲ့ ကိုတာရာမင်းဝေရဲ့ အမှာမှာလည်း ဒီကဗျာကို ပြန်သုံးထားခဲ့ပါတယ်။ (အဲဒီ အမှာလေးကို လည်း အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။)
ဒါလေးကိုပြန်ဖတ်ပြီး နှင်းမြို့ရိုးတို့ ဖိုးပြည့်တို့ ထက်ခေါင်တို့ ကဗျာတွေပိုရေးလာနိုင်ပါစေ။
( ဒီထဲမှာပါတဲ့ မင်းခက်ရဲ ဆိုတာ ခုလက်ရှိ စာကြီးပေကြီးတွေ ရေးနေတဲ့ မင်းခက်ရဲ ပဲလားမသိပါဘူး။
အိအိခင် စာမူခလာထုတ်တဲ့ မင်းခက်ရဲကို ကဗျာတောင်းမိတုန်းက သူ ကဗျာမရေးပါဘူး လို့ အကြောက် အကန်ငြင်းခဲ့တာ အမှတ်ရတယ်။ တစ်ယောက်စီဖြစ်ပြီးနာမည်တူတာ ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ )

ဝ + ၇ = ၁
------------------------------
--------------- တာရာမင်းဝေ ------------------
ဆောင်းတစ်ညရဲ့အေးခဲမှုမှာ ငြိမ်သက်ခြင်းဟာ အရေပြားတစ်လျှောက် တဟုန်ထိုးစီးနေ
ဖြစ်နိုင်မယ်ဆို ခင်ဗျားလက်နဲ့ သူ့မျက်လုံးကို ပိတ်ပေးပါ
မျက်နှာ ဝှက်ထားဖို့ကြိုးစားရင်း မုတ်သုန်လေအလာကို မျှော်မိရဲ့
ငါ့ရဲ့ ကျဆုံးခန်းကို အပြိုင်အဆိုင် တစ်လက်လက်နဲ့ မှတ်တမ်းတင်ကုန်ကြပြန်ပြီ
အိမ်ပြန်ချိန်တွေ လဲလဲကျတော့ ပြေးပြေးထူမိရ
လောကရဲ့ .. တချို့သော ပြဿနာတွေဟာ ကိုယ့်အရိပ်ကိုယ်နင်းထားရတာမို့
တစ်နေ့သော ... ခပ်စောစောမှာ .. ကျီးပြိုသံတွေကြားရလိမ့်မယ် ...။ ။


တစ်နေ့မှာ ကျွန်တော့်အိမ်ကို မော်ဒန် ဂုရုကြီးတစ်ပါးက ဖုန်းဆက်လာပါတယ်။ ဆရာမြတ်သစ်ပါ။ ကျွန်တော့်ဆီက ဝတ္ထုတိုတစ်ပုဒ်၊ မနော်ဟရီဆီက ကဗျာတစ်ပုဒ် လိုချင်ကြောင်း ပြောပါတယ်။ လူနိုင်တွေမို့ အားအား မအားအား ရေးပေးရတော့မှာပါပဲ။ ကျွန်တော် မရေးရသေးခင်မှာ .. မနော်ဟရီက ရေးပြီးသွားပါပြီ.. ။ အထက်မှာဖော်ပြခဲ့တဲ့ ကဗျာလေးပါပဲ။

ပို့စ်မော်ဒန်အယူအဆ အရ အဲဒီကဗျာအမျိုးအစားကို
collage text လို့ ခေါ်ပါတယ်။ ပို့စ်မော်ဒန် သဘောတရားဆိုင်ရာ ကျမ်းစာအုပ်တွေမှာ collage text အကြောင်းပြောပြီဆိုလို့ရှိရင် ဒေါ်နယ်ဘာသမ်လ် ရဲ့ The Viennese Opera Ball (1964) A Picture History of the War (1968) တို့ကို ကိုးကားပြောဆို လေ့ရှိကြပါတယ်။ စာပေအရာနဲ့ပတ်သက်ပြီး ပန်းချီဝေါဟာရဆန်တဲ့ collage ထက်စာရင် Pastiche စကားလုံးကို တချို့ပညာရှင်တွေက ပိုမို ကြိုက်နှစ်သက်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပို့စ်မော်ဒန် အနုပညာရဲ့ စရိုက်လက္ခဏာဟာ Pastiche နဲ့ Collage ဖြစ်တယ်လို့ ပါမောက္ခ
Steinar Kvale ကဖွင့်ဆို ထားပါတယ်။ သူ့ရဲ့ ပို့စ်မော်ဒန် ခံယူချက်များ ဆိုတဲ့ ဆောင်းပါးမှာ ထည့်သွင်း ရေးသားထားတာဖြစ်ပြီး မူရင်းမှာ Postmodern Art is characterized by pastiche and collage လို့ ရေးထားပါတယ်။
Pastiche ပဲဖြစ်ဖြစ်၊ Collage Text ပဲဖြစ်ဖြစ်၊ သူတစ်ပါးရဲ့ စာသားတွေကို ကိုယ့်ဘာသာပုံစံ ကစဥ့်ကလျား တွဲစပ်ပြီး အနုပညာမြောက်အောင် ပြုလုပ်ဖန်တီးကြတာချည်းပါပဲ။

ဒဂုံတက္ကသိုလ်က ကျောင်းသားတစ်သိုက် ကျွန်တော့်အိမ်ကို ရောက်လာပြီး သူတို့ထုတ်ဝေမယ့် သုည+ခုနှစ်=တစ် ဆိုတဲ့ ကဗျာစာအုပ်လေးအတွက် အမှာတောင်းလာပါတယ်။ ဖတ်ကြည့်မိတော့ သဘောတွေ့ပါတယ်။ သူတို့ရဲ့ ကဗျာ စာကြောင်းတွေကို ကစဥ့်ကလျားဆွဲယူ ပေါင်းစပ်ပြီး မနော်ဟရီ က အထက်ပါ ကဗျာကို ရေးသားပါတယ်။

မနော်ဟရီရဲ့ ကဗျာဟာ ပို့စ်မော်ဒန် ကဗျာလို့ ဆိုကြပါစို့။ ထက်ခေါင် ညီမိုင်းလင်း ၊ပြည့်နိုင် ၊နှင်းမြို့ရိုး၊ မင်းခက်ရဲ၊ NDမင်းနိုင်၊ ခရောင်းတို့ရဲ့ ကဗျာတွေကလည်း ပို့စ်မော်ဒန် ကဗျာတွေပါပဲ။ ပို့စ်မော်ဒန် ကဗျာတွေ ရဲ့ ထုံးစံအတိုင်း ကာရန်နည်းကျ ကဗျာတွေကို သူတို့ ဆန့်ကျင်ထားပါတယ်။ တညီတညွတ် တည်းသော ပေါင်းစုမှုအသံ
( The Unified Voice) ကို သူတို့ မသုံးဘူး။ အသံပေါင်းစုံ ဖြာထွက် စေတဲ့ Multiple Voice ကို သူတို့ သုံးထာတယ်။

အဓိက အားဖြင့် လွတ်လပ်တဲ့ ခင်းကျင်းထားသိုမှု
( Open field composition) ကို သူတို့ ဆောင်ယူ တယ်။ ပိတ်ထားတဲ့ ပုံစံနဲ့ မရေးပဲ .. ဖွင့်လျက်အနေအထားနဲ့ ရေးထားတဲ့ ကဗျာတွေမို့လို့ သူတို့ အုပ်စုရဲ့ ကဗျာတွေဟာ Open Poetry အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ( ပုံစံတစ်ခုထဲမှာ ပိတ်မိနေတဲ့ ကဗျာတွေ ကို Close Poetry/ Othodox Poetry/ Mainstream Poetry လို့သုံးလေ့ရှိပါတယ်။)

ပို့စ်မော်ဒန်ကာလကြီးထဲမှာ မွေးဖွားကြီးပြင်းလာတဲ့ လူငယ်တချို့ဟာ ပို့စ်မော်ဒန် ခံစားမှုတွေကို တစ်စိပ် တစ်ပိုင်းသော်လည်းကောင်း၊ တနင့်တခဲသော်လည်းကောင်း၊ ခံယူရလေ့ရှိပါတယ်။ အဲဒီထဲမှာ သူတို့ ခုနှစ် ယောက် ပါဝင်နေတာကို တွေ့ရပါတယ်။ သူတို့တွေရဲ့ ကဗျာရေးလက်တွေဟာ ရှေ့လျှောက် ပိုပြီး တက်လာ ကြဦးမှာပါပဲ။ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကို အပြိုင်းအရိုင်း ဝင်ရောက်လာမယ့် နေ့တစ်နေ့ဟာ မကြာမီ ရောက်လာတော့မယ် ထင်ပါရဲ့။

မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ ရေးလက်စ ကဗျာဆရာတစ်ယောက်အနေနဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ် မှာရေးလာတော့မယ့် သူတို့ ခုနှစ်ယောက်ကို ကျွန်တော့်အနေနဲ့ ကြိုဆိုလိုက်ပါတယ်။
ပန်းဆိုတာ အပင်ရင်းဖက်ကို လှည့်မပွင်ဘူး တဲ့။ ပင်မရေစီးကဗျာတွေကို ကျောခိုင်းပြီးပွင့်လာတဲ့ သူတို့ပို့စ်မော်ဒန် ကဗျာတွေကို ဖတ်ရှုအားပေးလိုက်ကြပါဦး ..။ ။


February'2010 Idea

Friday, February 12, 2010

အဖွင့်ကဗျာ ... သုခမိန်လှိုင်၊မင်းခိုက်စိုးစန်၊သွေး(စစ်ကိုင်း)၊နေဆူးသစ်၊ကိုဖြိုး၊အိုင်လွယ်ပန်၊Zephyr
Your Idea .... တည်ရ
Poem Corners ....ကျော်ညိုသွေး၊ကိုနတ်၊ညီခွန်းည၊သူဝေး
Fictions .... အိန္ဒြာ၊ မယ်ကိုး၊ခင်လေးငယ်၊မိဇုစံ၊ မောင်မျိုးမင်း
Special feature.. မိုးZ
Essay .. လင်းဒီပ
တို့ပါဝင်သော idea february issue ကိုhttp://ideamagazine.blogspot.com/ တွင်ဖတ်နိုင်ပါပြီဖြစ်ကြောင်း