ဒဏ်ရာလိပ်ပြာအထူးကု

Thursday, March 12, 2009

ဒုတိယအလှည့်ကျသူကတော့ကိုရဲဝင်း(နီကိုရဲ)ပါ။စာရေးဆရာ၊ဇာတ်ညွှန်းဆရာ
ဒါရိုက်တာနီကိုရဲ..လည်းဖြစ်ပါတယ်။ဒဏ်ရာလိပ်ပြာအထူးကုက ရှည်တော့နှစ်
ပိုင်းခွဲလိုက်ပါတယ်။ကလဲ့စားခြေလိုစိတ်အပြည့်နဲ့ပေါ့..း)..

ဒဏ်ရာရလိပ်ပြာအထူးကု

(၁)
ညနေခင်း ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်း
ကို ရောက်တတ်ရာရာ ပြောနေကြတယ်။ ဒါကလည်း နေ့စဉ် လုပ်နေကျ အလုပ်
ပါ။ လှဦးက ဒေါ်လာနဲ့ လစာရမယ်ဆိုပြီး လိမ်သွားတဲ့Companyတစ်ခုအကြောင်း
ပြောပြနေတယ်။ သူ့ညီဝမ်းကွဲတစ်ယောက် ငါးသိန်းပါသွားဆိုပဲ။

ကျွန်တော်လည်း အဲဒီအကြောင်းကို စိတ်ဝင်စားနေတုန်း လက်ဖက်ရည်ဆိုင်က
လူတွေ အာမေဋိတ်သံမျိုးစုံနဲ့ လမ်းမကို လှမ်းကြည့်တော့ ကောင်မလေးတစ်
ယောက်က ကောင်လေးတစ်ယောက်ကို သူ စားဖို့ ၀ယ်လာတဲ့ ကြံချောင်းနဲ့
အချက်ပေါင်းများစွာ နှံနေတာကို တွေ့တယ်။ ရိုက်တာတော့ မျက်နှာကို ရိုက
်တာပါ.။ဒါပေမယ့် ကောင်မလေးက အရပ်ပုတော့ ပခုံးနဲ့ လည်ပင်းကိုပဲ ထိတယ်။

ကောင်လေးက မျက်နှာကလေးဘေးစောင်းပြီး ပေခံနေတာခင်ဗျ။ လက်ကလေး
ဘာကလေးနဲ့တောင် မကာဘူး။ ထွက်လည်း မသွားဘူး။ ကောင်မလေးကလည်း
အံကိုကြိတ်ပြီး သူ့ရှိသမျှ အားကလေးနဲ့ မုန်းမုန်းတီးတီးကို ဆော်နေတာ။နောက်
ဆုံး နှစ်ခြမ်းခြမ်းလာတဲ့ကြံဟာ လက်ကိုင်တစ်ဆစ်ပဲ ကျန်တော့သည့်အထိပဲ.....။
နောက်ဆုံး ကောင်မလေးက လက်ထဲမှာကျန်တဲ့ ကြံဆစ်နဲ့တောင် ကောက်ပေါက်
လိုက်သေးတယ်။ ကောင်လေးရဲ့ ရင်ဘတ်ကို တည့်တည့်ထိပါတယ်။

ဒါပေမယ့်ကိုယ့်ဆရာကတော့နေရာက တုတ်တုတ်တောင် မလှုပ်ဘူး။ကောင်မလေး
ကို တွေတွေကလေး ငေးလို့။

အကြောင်းမသိကြတဲ့ လမ်းသွားလမ်းလာတွေဆိုရင် လင်မယားရန်ဖြစ်တာလို့....
တောင် ထင်ချင်ထင်မှာ။ ယောက်ျားက အမှားတစ်ခုကျူးလွန်၊ မယားဖြစ်သူက
လိုက်တောင်းပန်၊ ဟိုက ဒေါသမပြေသေးဘဲ ဆော်ပေါ့ဗျာ။

အမှန်တော့ မဟုတ်ပါဘူး။ ကောင်လေးက အခုမှ ကောင်မလေးကို လိုက်စကား
ပြောတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကောင်လေးနာမည်က ကျော်စိုးတဲ့။ ကောင်မ
လေးက မေမြတ်မိုးဦးတဲ့။

သူတို့နှစ်ယောက်အကြောင်းက ကမ္ဘာမကျော်ပေမယ့် ရပ်ကွက်တော့ ကျော်ပါ
တယ်။ ဒီကောင်လေးက မေမြတ်ကို ချစ်ခဲ့တာ ရှစ်တန်းနှစ်ကတည်းက ခင်ဗျ။
ကောင်လေး ချစ်တယ်ဆိုတာကို သိရတော့ ကောင်မလေးက တော်တော်စိတ်
ဆိုးတယ်။ တူသလား၊ တန်သလား။ ဒင်းလိုကောင်မျိုး ငါ့ကို မှန်းရသလားပေါ့လေ။

မေမြတ် ပြောချင်လည်း ပြောချင်စရာပေါ့လေ။ ကောင်လေးအဖေက ဆိုက်ကား
နင်းတယ်။ အခုတော့ ဆုံးသွားရှာပါပြီ။ ကောင်လေးအမေက မနက်ဆို ဘိန်းမုန့်
ရောင်းတယ်။ အိမ်မှာ ချဉ်ဖတ်မျိုးစုံကို စဥ့်အိုးကလေးတွေနဲ့ ထည့်ရောင်းတယ်။
ကတက်ချဉ်၊ မုန်လာဥချဉ်၊ ပဲတီချဉ်၊ ဒညင်းသီးစားစိမ်၊ တမာချဉ်၊ သရက်သီးဆား
စိမ်စတဲ့ ရာသီပေါ် ချဉ်ဖတ်တွေ အကုန်ရောင်းတယ်။

သူ့သားနဲ့ မေမြတ်သတင်းကို တစ်ရပ်ကွက်လုံးက သိသလို ဒေါ်ဘုမရဲ့ ချဉ်ဖတ်
ကလည်း တစ်ရပ်ကွက်လုံးက ကြိုက်ကြတယ်။ သန့်ရှင်းတာရယ်၊ တို့လို့ကောင်း
တာရယ်ကြောင့်ပါ။ ဒေါ်ဘုမက ဘိန်းမုန့်ရောင်း ပြန်လာပြီး ဆယ်နာရီဆို ပြောင်
လက်နေအောင် တိုက်ထားတဲ့ အိမ်ရှေ့ကွပ်ပစ်က သူ့စဥ့်အိုးကလေးတွေနောက်
မှာထိုင်ပြီး အနားမှာလည်း ဗာဒံရွက်တစ်ထပ်နဲ့ပေါ့။


မရောင်းရဘူးဆိုရင် တစ်နေ့ လေးရာဖိုးလောက် အောက်ထစ်ပဲ။ ကောင်လေးက
ရှစ်တန်းအောင်တော့ မနက်ခင်း သတင်းစာပို့တယ်။ သူ့ အမေအတွက် ဗာဒံရွက
်လိုက်ကောက်၊ အပင်ရှင်က ခွင့်ပြုရင် အပင်ပေါ် တက်ခူးတန်ခူး၊ ပြီးတော့ ဈေးထဲ
မှာ သူ့အမေအတွက် ချဉ်ဖတ်စိမ်ဖို့ သွားဝယ်ပေး အဲဒီလိုပေါ့ဗျာ။

မေမြတ်မိုးဦးတို့ အဖေက အိမ်ရှေ့မှာ သစ်တွေရောင်းတယ်၊ သစ်ကုန်သည် ဆိုပါ
တော့။ အနီးအပါး ရပ်ကွက်အားလုံးက အိမ်ဆောက်အိမ်ပြင်ဆို သူ့ဆီက ၀ယ်ကြ
တာပဲ။ ဘိလပ်မြေ၊ အုတ်တိုင်၊ သံ၊ သွပ်၊ သစ်ဆိုဒ်မျိုးစုံ၊ ကျောက်၊သဲအကုန်ရတယ်။
ငွေမမှီလည်း အကြွေးထားလို့ ရတာကိုး။ ဦးမိုးဦးက သဘောကောင်းပါတယ်။

မေမြတ်မိုး အမေကတော့ လမ်းလျှောက်ရင် ရင်ကိုကော့ပြီး ခေါင်းကို မော့နေတာ
ပဲ။သုံးကျပ်ခွဲသား ဘတ်ကြိုးကြီးကလည်း ရင်ဘတ်မှာ ဘတ်လပ်ဘတ်လပ်နဲ့၊ ညာ
ဘက် လက်ချောင်းမှာလည်း လက်သန်းကလွဲလို့ လက်စွပ်တွေချည်းပဲ။ လက်
ကောက်က တံတောင်ဆစ်နား ရောက် တော့မယ်။ သင်္ကန်းကျွန်း ဈေးထဲမှာ ရွှေ
ဆိုင်နဲ့ အထည်ဆိုင်ကလည်း တွဲပြီး ဖွင့်ထားသေးတာကိုး။

ပစ္စည်းမာန၊ ဂုဏ်မာနကြောင့် စကားအပြောအဆို အထက်စီးက မပြောတတ်
ပေမယ့် စိတ်ယုတ်မာရှိတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ အထည်ကို နေ့သွင်း၊
လသွင်း ရောင်းပြန်တော့ တစ်ရပ်ကွက်လုံးမှာရှိတဲ့ မိန်းကလေးတွေ ဒေါ်စောလှ
သြဇာနဲ့ ဘယ်ကင်းပါ့မလဲ။တစ်အိမ်လုံးရဲ့ အသည်းကလေးတစ်ဦးတည်ေးသာ
သမီးကလေး မေမြတ်မိုးဦးဆိုတော့ မေမြတ်မိုးဦးဟာ တစ်ရပ်ကွက်လုံးက ဦးစား
အပေး ခံရဆုံး မိန်းကလေးပေါ့ဗျာ။

အခြေအနေကတော့ မြန်မာဗီဒီယို ဇာတ်ကားတွေ အကြိုက်ဆိုပါတော့။

ဒါပေမယ့် တကယ့်ဖြစ်ရပ်ဆိုတာက ဗီဒီယိုဇာတ်လမ်းမှ မဟုတ်တော့ဖြစ်ချင်သလို
ဖြစ်တာပေါ့။

စစချင်း လိုက်တဲ့နေ့မှာတင် မေမြတ်က ကျော်စိုးခေါင်းကို ပေတံနဲ့ ရိုက်တယ်။
ပေတံက ကျွန်တော်တို့ ခေတ်တုန်းက ကျောင်းက ထုတ်ပေးတဲ့ ပေတံအ၀ါ
ဇောင်းနှစ်ဖက်က အချောသပ်ထားပြီး သံချောင်းထည့်ထားတယ်။ကျောင်းသား
တိုင်း ကိုင်ကြတဲ့ပေတံပါ။

ကျော်စိုးပေးတဲ့စာကို ဆွဲဖြဲပြီး အဲဒီပေတံကြီးနဲ့ ခေါင်းကို သုံးလေးချက် အားရပါး
ရတီးတာ။ ကောင်မလေးရဲ့ အရပ်က ကျော်စိုးကို မမီပေမယ့် ဟိုကောင်က ဖြဲပြီး
လွှင့်ပစ်လိုက်တဲ့ စာတွေကို ငုံ့ကောက်နေတုန်း တီးတာဆိုတော့ အားရပါးရကြီး
ကွက်တိပေါ့။

ကျော်စိုး ဂျိုစောင်းပေါက်သွားတယ်။ သွေးတွေ စီးကျလာပေမယ့် မေမြတ်မိုးက
မသနားပါဘူး။ သူ့ဘေးက အဖော်တွေကလည်း မသနားပါဘူး။ အားလုံး မေမြတ်မိုး
ဘက်ကချည်းပဲ။

`နင်လို ချဉ်ဖတ်သည်သားကို ဘယ်တော့မှ စိတ်မကူးဘူး။ ရိုက်တာတောင်
......သနတယ်´

အဲဒီလို ပြောပြီး မေမြတ်မိုးက သူ့ပေတံကို လွှင့်ပစ်ပြီး ထွက်သွားတယ်တဲ့။
နောက်တစ်ခါကျတော့လည်း မုန့်ဟင်းခါးဆိုင်က အထွက်မှာ လိုက်စကား
ပြောတော့ မေမြတ်မိုးက မုန့်ဟင်းခါး ချိုင့်နဲ့ ကောက်ပေါက်တာ သကောင့်
သား ရင်ဘတ်မှာ မုန့်ဟင်းခါးရည် အပူလောင်ပြီး တော်တော်ခံလိုက်ရတယ်
ဆိုပဲ။ ဗီဒီယိုထဲကလို ဘေးကသူငယ်ချင်းက ဟိုကောင်ခံရတာကို ပြောပြ၊
ကောင်မလေးက အခုမှ ကရုဏာစိတ်ဝင်၊ အိမ်သွားပြီး တော်တော်ဖြစ်သွား
သလား မရဲတရဲမေးရင်း တောင်းပန်၊ နားလည်မှုရ၊ ရည်းစားဖြစ်၊ အဲဒီလို
မဟုတ်ပါဘူး။

မေမြတ်မိုးတို့ဘက်ကတောင်မှ သူ့သမီးကို နှောင့်ယှက်လို့ဆိုပြီး ရပ်ကွက်
ရုံးခန်းကို တိုင်သေးတယ်။ နောက်တစ်ခါ မနှောင့်ယှက်တော့ပါဘူးဆိုပြီး
လက်မှတ်တွေ ဘာတွေ ထိုးလိုက်ရသေးတယ်။

ကျော်စိုးဆိုတဲ့ ကောင်ကလည်း ခက်တယ်။ ဒီလောက် ရက်စက်နေတာလည်း
တွေ့တာနဲ့ လိုက်တာပဲ။ လိုက်တာနဲ့ ဟိုကလည်း ရက်ရက်စက်စက် ပြောလွှတ်
တယ်။ သူငယ်ချင်းတွေနဲ့ ၀ိုင်းလှောင်တယ်။ တစ်ခါတုန်းက ဖိနပ်နဲ့တောင် ...
ကောက်ပေါက်တယ်ဆိုပဲ။ ကိုယ့်ဆရာကတော့ တစ်စုံတစ်ရာ ပြန်လည်ပြော
ဆိုခြင်းမရှိ ပြကတေ့ သည်းခံတော်မူပါတယ်။

တစ်ခါကလည်း မေမြတ်မိုးဦးက သူ့အိမ်က သစ်ပုံစောင့်ဖို့ ၀ယ်မွေးထားတဲ့
အင်းခွေးကြီးနဲ့ လမ်းလျှောက်ထွက်တယ်။ ထုံးစံအတိုင်း ဟိုကောင် ပြေးပေမယ့်
မလွတ်လို့ ခြေသလုံးကို မွစာကြဲသွားအောင် အကိုက်ခံလိုက်ရတယ်။

ဦးမိုးဦးတို့လည်း ရုံးခန်းတွေ ဘာတွေ မတိုင်တော့ပါဘူး။ သူ့သမီးကချည်း နှံနေ
တာဆိုတော့ အေးဆေးပေါ့။ ကျော်စိုး အဲဒီလို လိုက်လာတာ ငါးနှစ်ရှိပါပြီ။ ကျော်စိုး
ဆိုတဲ့ နာမည်ပျောက်ပြီး အားလုံးက သူ့ကို `ချဉ်ဖတ်´လို့ ခေါ်ကြတဲ့အထိပဲ။

ကျော်စိုး အဲဒီလောက် အသည်းအသန် ဖြစ်နေလို့ မေမြတ်မိုးက အရမ်းကြီးကို
ချောနေလို့လားဆိုတော့ မဟုတ်ပါဘူး။ သူလို ငါလိုထဲကပါပဲ။ အ၀တ်အစား
ကောင်း အမြဲတမ်း ၀တ်နိုင်တာရယ်၊ ဘာအလုပ်မှ မလုပ်ရလေတော့ ဖြူဖြူနုနုနဲ့
ရုပ်ရည်သန့်တာရယ်၊ ရွှေဆိုင်ပိုင်ရှင်သမီးရယ် ဆိုတော့ ရွှေထည်လည်း ၀တ်နိုင်
တာရယ်ကြောင့်သာပါ။ အနီးအနားက ရပ်ကွက်တွေမှာ မေမြတ်မိုးထက် အများ
ကြီးလှတဲ့သူတွေ တစ်ပုံကြီးပဲ။ ဒါပေမယ့် ငတိကတော့ မေမြတ်မိုးပဲ။ ငယ်ချစ်မို့
အစွဲကြီးစွဲနေတယ် ထင်ပါရဲ့။

ကျော်စိုးက ရုပ်ရည်သန့်ပါတယ်။ အသောက်အစား Sorry ပဲ။ ဆေးလိပ်တောင်
သောက်တတ်တဲ့ကောင် မဟုတ်ဘူး။ စကားလည်း နည်းတယ်။ ရိုးရိုးပဲ နေတတ်
တယ်။ မုဆိုးမကြီးကို လုပ်ကျွေးနေရတော့ အ၀တ်အစားတော့ ကောင်းကောင်း
မ၀တ်နိုင်ရှာဘူးပေါ့ဗျာ။ ခပ်နွမ်းနွမ်း အင်္ကျီ ကလေးနဲ့တင် သူ့ရုပ်ရည်က ကြည်
လင်ပါတယ်။

ဆယ်တန်းတွေ အောင်စာရင်းထွက်တော့ ကျွန်တော်တို့ ဇာတ်လိုက်က 5D တွေ
ဘာတွေနဲ့ မအောင်ပါဘူး။ စာမေးပွဲကျပါတယ်။မေမြတ်မိုးဦးကတော့အောင်တယ်။
အဲဒီတော့ အခြေအနေက ပိုပြီး ကွာသွားတာပေါ့။

ကျော်စိုးကလည်း ကျောင်းဆက်မတက်တော့ပါဘူး။ ရေခဲစက်မှာ ၀င်အလုပ်လုပ်
တယ်ရေခဲစက်ဆိုတာ မနက်လေးနာရီလောက်ထ သံပုံးကြီးထဲမှာ ခဲနေတဲ့ ရေခဲ
တွေကို ရေပိုက်နဲ့ထိုး၊ ချောင်သွားတော့ သံချိတ်နဲ့ ဆွဲပြီး သစ်သားရေတစ်လျှောက်
ကနေ အောက်ကို တွန်းချရတာပါ။ သစ်သားရေတလျှောက်က ရေခဲတင်တဲ့ကား
နောက်မှာ တင်ထားတာဆိုတော့ ရေခဲတုံးတွေက ကားထဲ တန်းကျပေါ့လေ။ အဲဒီ
အလုပ်က မနက်ခုနစ်နာရီခွဲလောက်မှာ ပြီးတယ်။ ပြီးတာနဲ့ အသင်းတိုက်ကိုပြေး၊
သတင်းစာတွေယူပြီး သတင်းစာပို့၊ သတင်းစာပို့ရင်းနဲ တက္ကသိုလ်တက်တဲ့ မေမြတ်ရဲ့
ကျောင်းကားရပ်တဲ့ လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်မှာ လက်ဖက်ရည်သောက်မယ်။

အဲဒီအချိန်ဟာ သူ့အတွက် အရေးအကြီးဆုံးနဲ့ တန်ဖိုးထားဆုံး အချိန်ပဲ။ အဲဒီအချိန်
မှာ ကျော်စိုးဆိုတဲ့ငတိကို သိကြားမင်းက နတ်ပြည်ခြောက်ထပ်ကို လိုက်ပြမလို့
လိုက်ခဲ့ပါဆိုတာတောင် ဒီငတိက လိုက်မှာ မဟုတ်ဘူး။ တစ်ခါတစ်လေ ကျောင်းကြို
ကား နောက်ကျလို့ မေမြတ် သူငယ်ချင်းတွေနဲ့ ကားရပ်စောင့်ရတဲ့အခါမျိုးဆို ကျော်စိုး
အကြိုက်ပေါ့။ သူ အကြာကြီး ငေးလို့ရတာကိုး။

မေမြတ်ကတော့ သူ့ကို ငဲ့ကြည့်တာတို့၊ အမှတ်တမဲ့ ကြည့်တာလောက်တောင်
ရှိတာ မဟုတ်ဘူး။ သူ့ သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမောပါပဲ။ မေမြတ်မိုး
ကျောင်းကား ထွက်သွားရင် ခေါင်းကလေး ငိုက်စိုက်ချပြီး သတင်းစာ ဆက်ပို့တယ်။
သူ့အမူအရာက သိပ်မသွက်တော့ဘူး။

ညဘက်ဆိုရင် မေမြတ်မိုးတို့ အိမ်ရှေ့ကနေ ကိုးနာရီလောက်ဆို ဖြတ်လျှောက်တတ်
တယ်။ ပြီးတော့ စိုးလွင်လွင်ရဲ့ ` ´ သီချင်းကို အော်ဆိုတတ်တယ်။

မျက်နှာထားတင်းတင်းနဲ့ x x x နောက်မလာနဲ့လို့ ပြောလွှတ်လိုက်တယ် x x x
ကိုယ့်နှလုံးသွေားများလည်း x x x ဒေါသစိတ်ကြောင့် တဆတ်ဆတ်တုန်တယ် x x x
မင်း မာနိုင်တယ် x x x မင်းပြုံးနိုင်တယ် x x x ကိုယ့်ကိုအမြဲတမ်း အနိုင်ယူပါကွယ် x x x

ဒါပဲ။ ဒီတစ်ပိုဒ်ပဲ။ အဲဒီ သီချင်းသံကြားရင် ကိုးနာရီထိုးပြီပဲမှတ်။ နာရီထကြည့်ရင်
နာရီက ဓာတ်ခဲအားနည်းလို့ မှားချင်ရင် မှားနေဦးမယ်။

တစ်ခါတုန်းကလည်း ဘာရောဂါရယ် မသိပါဘူးဗျာ။ ကျွန်တော်တို့ အနီးအနားက
လေးငါးရပ်ကွက်မှာ တရုတ်စက်ဘီးတွေ ညနေဆို အရမ်း စီးကြတာပဲ။ ကလေးတွေ
နဲ့ လူပျိုအပျိုအရွယ်တွေ စီးကြတာပါ။ မေမြတ်မိုးကတော့ အကောင်းစား ပန်းကမ္ဘာ
ကလေးနဲ့ပေါ့ဗျာ။ သုဝဏ္ဏ အားကစားကွင်းဘက်ကို သူ့သူငယ်ချင်းတွေနဲ့ ညနေဆို
ထွက်စီးလေ့ရှိတယ်။

ဒီတော့ ကျော်စိုးကလည်း စက်ဘီးတစ်စင်းနဲ့ နောက်ခပ်ခွာခွာကနေ လိုက်တယ်။
စက်ဘီးက သူ့ကိုယ်ပိုင်စက်ဘီးတော့ မဟုတ်ပါဘူး။ သူ့ သူငယ်ချင်းရဲ့ စက်ဘီးကို
ငှားပြီးစီးတာပါ။ တစ်နေ့တော့ သုဝဏ္ဏကွင်းကို ပတ်စီးကြရင်း ကျွန်တော်တို့ငတိက
မေမြတ်နဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် စီးတယ်။ ဒီတော့ မေမြတ်က သူ့စက်ဘီးကို
ကျော်စိုးစက်ဘီးနဲ့ တည့်တည့်ဖြစ်အောင် တည်ပြီး တမင်တိုက်တယ်။ ဒီတော့ ကျွန်တော်
တို့ ငတိက စက်ဘီးချင်း မတိုက်မိအောင် သူ့စက်ဘီးကို နံဘေးက မြောင်းထဲကို ထိုးချ
ပစ်လိုက်တယ်။ စက်ဘီးရော လူရော မြောင်းထဲကျသွားတာပေါ့။

အဲဒါကို မေမြတ်မိုးတို့အဖွဲ့က တဟီးဟီး တဟားဟားရယ်ရင်း ဆက်နင်းသွားကြတယ်
တဲ့။ အဲဒါတွေကို ကြည့်မရတာရော၊ နည်းနည်း အကဲစမ်းချင်တဲ့ သူတွေကရော မေမြတ်
မိုးဦးကို လိုက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ငါးနှစ်ကျော်ကျော် ရပ်သိရွာကျော်
ကြိုက်လာတဲ့ ဒီငတိကို အားနာပြီး မလိုက်ကြဘူး။

စက်ဘီးကိစ္စမှာ စက်ဘီးလည်း ဘီးနှစ်ဘီးစလုံး ခွင်တယ်။ ကျော်စိုးလည်း လက်ကျိုး၊
ဂျိုစောင်းပေါက်၊ ပါးတွေ နားတွေ ပွန်းသွားတယ်။ သုဝဏ္ဏဘောလုံးကွင်းရှေ့က
မြောင်းကြီးက နည်းနည်းနောနော အနက်မှ မဟုတ်တာ။ အဲဒီသတင်းကို ကြားလို့
မခံချင်တဲ့သူနဲ့ စပ်စုချင်တဲ့သူတွေက မေးတော့ ငတိက

`သူနဲ့ မဆိုင်ပါဘူးဗျာ၊ ကျွန်တော့် ဘာသာ မထိန်းနိုင်လို့ လဲတာပါ´
`မင်းကို သူက တမင်တည့်တည် ၀င်တိုက်တာဆို´
`မဟုတ်ပါဘူးဗျာ´
`မင်း သူ့ကိုမတိုက်ရက်မှန်းသိလို့ တမင်လုပ်တာကွ၊ ငါသာဆိုတိုက်ကိုတိုက်ပစ်တယ်´
`မဟုတ်ပါဘးဗျာ´

ငတိက ဒီလောက်ပဲ။ သူ မေမြတ်ကို ကြိုက်နေတာ တစ်ရပ်ကွက်လုံးက သိနေကြပေ
မယ့် ဘယ်သူ့ကိုမှ မေမြတ်ကို ဘယ်လိုချစ်ကြောင်း ကြိုက်ကြောင်းကို ရင်မဖွင့်တတ်
ဘူး။ မေးရင်လည်း ဘယ်တော့မှ ၀န်မခံဘူး။ ဟိုလိုဒီလိုပဲ ပြောတတ်တယ်။

ဒါတွေက ကျွန်တော်ကြားရတဲ့ အကြောင်းတွေပါ။ ကျွန်တော်က မနက်ကိုးနာရီဆို
ရုံးတက်၊ ညနေမှ ပြန်တဲ့ကောင်ဆိုတော့ ညနေ သူငယ်ချင်းတွေနဲ့ တွေ့မှ ဒီသတင်း
တွေ ကြားရတာပါ။ တစ်ချို့ကလည်း ဒီငတိဖြစ်ရပ်ကို ရယ်ရယ်မောမောနဲ့ ပြောကြ
တယ်။ တချို့ကလည်း မခံချင်စိတ်နဲ့ ပြောတတ်တယ်။

အခု တစ်ကြိမ်ကတော့ ကျွန်တော် ကိုယ်တိုင် ပထမဦးဆုံး မြင်ရတာပါ။

`ဒီကောင့်ဝဋ်ကလည်း မသေးပါလားကွာ´

လှဦးက ခေါင်းငိုက်စိုက်ချပြီး ထွက်သွားတဲ့ ကျော်စိုးကို ကြည့်ရင်း ပြောကြတယ်။
လက်ဖက်ရည်ဆိုင်က လူတွေလည်း ပြောလက်စ စကားကို ရပ်ပြီး သူတို့အကြောင်း
ကို ပြောကြတယ်။

`သူ့ကြည့်ရတာ ဒီကောင်မလေးက ဒီလို အနိုင်ရ နှိပ်စက်ရင်းနဲ့ သူ့ကို သနားပြီး
ချစ်လာမယ်လို့ ထင်တယ် ထင်တာကွ´

အေးမင်းက ခေါင်းကို ခါသည်။

`ငါ့ညီမက ပြောတော့ ဟိုက မသနားတဲ့အပြင် သူက အချစ်လာဘ်ပိတ်လို့ ဒီကောင့်
ကို အမှုန့်တောင် ကြိတ်ချင်နေတာတဲ့´

ရပ်ကွက်ထဲမှာလည်း ကျော်စိုးအကြောင်း ပြောရင် မေမြတ်မိုးအကြောင်းက ပါလာပြီ။
မေမြတ်မိုးအကြောင်းကို ပြောရင် ကျော်စိုးအကြောင်းက ပါလာပြီ။ တချို့ရပ်ကွက်ထဲ
က သမီးရည်းစားတွေဆို ချဉ်ဖတ်က မေမြတ်မိုးကို သည်းခံတာရဲ့ တစ်ဝက်ပဲ ငါ့ကို
သည်းခံစမ်းပါလို့တောင် ပြောကြတာတဲ့။

`ငါးနှစ်ကျော်ပြီဆိုတော့ ဒီကောင် သိလောက်ပါပြီကွာ၊ ဒီကောင်ကိုကဒီကောင်မလေးရဲ့
ဝဋ်ပါလာတာနေမှာပါ´

သက်ဝင်းက ပါးကို ကုတ်ရင်း ပြောတယ်။

`ခက်တာက မေမြတ်မိုးကလည်း ရည်းစားတွေ ဘာတွေ မထားဘူးကွ။ ဒီရပ်ကွက်က
ဖြစ်ဖြစ် ဟိုဘက်ရပ်ကွက်က ဖြစ်ဖြစ်ကွာ´

`လှဦးရာ၊ သူက ကျော်စိုးကို နှံထားတာ ရပ်သိရွာသိဆိုတော့ တစ်ခါ နှစ်ခါလိုက်ရုံနဲ့
အဖြေပေးလိုက်ရင် သူ့နာမည်ပျက်သွားမှာပေါ့၊ လိုက်တဲ့ ကောင်တွေတော့ ရှိတယ်ကွ၊
မေမြတ်မိုးက သာမန်အော်တာနဲ့တင် ဟိုကောင်တွေက ကျော်စိုးလို့ သည်းမခံတော့
လစ်တာပေါ့´

`ကျောင်းမှာ ရှိချင် ရှိမှာပေါ့´

ကျွန်တော်က ဖြစ်နိုင်ချေကို ပြောတော့ အေးမင်းက ခေါင်းကို ခါသည်။

`ကျောင်းမှာလည်း မရှိဘူးလို့ ငါ့ညီက ပြောတာပဲ၊ သူ့ကို နည်းနည်းလေး ရိသဲ့သဲ့
ဆိုတာနဲ့ သူက နည်းနည်းမှ မခံဘူး ပြောတာ အော်တာပဲတဲ့´

`အင်း ... ယောက်ျားလေးတွေလိုက်ရင် အော်ရမယ်ဆိုတာ ဟိုငတိက သင်ပေး
လိုက်သလို ဖြစ်သွားတယ် ထင်တယ်´

သက်ဝင်းက မှတ်ချက်ချသည်။ ကျွန်တော် ရုတ်တရက် ခေါင်းထဲ ၀င်လာသော အတွေး
တစ်ခုကို ပြောဖြစ်သွားသည်။

`ဒီငတိနဲ့ ကောင်မလေး ညားသွားရင် မင်းတို့ သဘောတူသလား´

လှဦးက `အဟင်း´ ဆိုပြီး မဲ့ပြုံးနဲ့ ကျွန်တော့်ကို ကြည့်တယ်။ အေးမင်းက ...

`ဟေ့ကောင် မင်းက အောင်သွယ်လုပ်မလို့လား၊ မင်း မပြောနဲ့ သိကြားမင်း သင်္ကြန်မကျခင်
ဆင်းပြီး ကူညီတောင် မရဘူးမှတ်´

`ငါက အောင်သွယ်မလုပ်ပါဘူး၊ မင်းတို့ပြောတ ကြားရတာနဲ့ အခု ငါမြင်လိုက်ရတာနဲ့
ဒီကောင့်ဘက်က မခံချင်လို့ ကူညီမလို့ပါ´

`မင်းက ဘယ်လို ကူညီမှာလဲ´

(၂)
ကျွန်တော် အရင်ဆုံး ကိုယ့်လူကို ကိုယ်အရင် လေ့လာရတယ်။

ညနေခင်း ကျောင်းဖယ်ရီ ရပ်လေ့ရှိတဲ့ စိန်ကဖီးကို ကျွန်တော် တမင်သွားပြီး ဒီကောင်
ထိုင်တဲ့ဝိုင်းမှာ ၀င်ထိုင်တယ်။ ဒီငတိကလည်း ကျွန်တော် ၀င်ထိုင်တာကို ဘာမှမပြော
ပါဘူး။ လမ်းကိုပဲ ငေးနေတယ်။ ဒီကောင်က အေးမင်းညီမနဲ့မှ အတန်းအတူတူဆိုတော့
ကျွန်တော့်ထက် လေးနှစ်လောက် ငယ်ပါတယ်။

ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျောင်းကားလာတယ်။ ဒီငတိ မျက်နှာ ၀င်းသွားတာပဲ။
ကောင်မလေးက ကားပေါ်က ဆင်းတယ်။ အေးမင်းညီမရယ်၊ နောက်ကောင်မလေး
နှစ်ယောက်ရယ်နဲ့ ကားပေါ်ကဆင်းပြီး စကားတပြောပြောနဲ့ လမ်းထဲ ၀င်သွားတာပဲ။
ငတိကတော့ မျက်စေ့တဆုံး ငေးလို့။ ကျွန်တော် သူ့ကို ပြုံးပြီး ကြည့်နေလိုက်တယ်။

ကောင်မလေး လမ်းထဲဝင်သွားတော့မှ လူ့သဘာဝအတိုင်း မလုံဘဲ တစ်ခုံတည်းထိုင်
နေတဲ့ ကျွန်တော့်ကို ကြည့်တော့ ကျွန်တော့်အပြုံးနဲ့ တည့်တည့်တိုးတာပေါ့။ ငတိ
ဟိုလိုဒီလို ဖြစ်သွားတယ်။

`မင်း ကောင်မလေးကို တော်တော်ချစ်သလား ကျော်စိုး´

ကျွန်တော် အပြုံးနဲ့မေးတဲ့ မေးခွန်းကို သူ မဖြေဘဲ ကျွန်တော့်ကို တွေတွေကြီး စိုက်
ကြည့်နေတယ်။ သူ့အကြည့်က သိရဲ့သားနဲ့ အစ်ကိုရာ ဆိုတာမျိုး။

`အေးလေ.. မင်းအကြောင်းကလည်း ရပ်သိရွာသိဆိုတော့ မေးစရာတောင် မလိုတော့
ပါဘူး။ ဟိုနေ့က ကြံနဲ့ရိုက်တော့ မင်းဘယ်လို ခံစားရသလဲ´

ငတိက ခဏစဉ်းစားပြီးတော့ ခေါင်းခါတယ်။ တော်တော် စကားနည်းတဲ့ကောင်။

`မင်းကောင်မလေးကို လိုက်စကားပြောရင် ဘာတွေပြောသလဲ´
`ချစ်တယ်ပဲ ပြောတာပေါ့ဗျာ´

ငတိလေသံက နည်းနည်းမာချင်တယ်။ သူများကိစ္စကို ၀င်စပ်စုတဲ့ကောင်လို့ ...
ကျွန်တော့်ကို ထင်ပုံပဲ။ ဒီတော့မှ ကျွန်တော် လေသံကို တင်ရတယ်။

`ဟေ့ကောင် ... ငါ မင်းကို အလကား စကားရော ဖောရောလုပ်ပြီး လာစပ်စုနေတာ
မဟုတ်ဘူး။ မင်း ဒီနည်းဒီပုံနဲ့ပဲ လိုက်နေလို့ကတော့ ဒီဘ၀ မဟုတ်ဘူး၊ နောင်ဘဝ
တစ်သန်းလည်း မရဘူးကွ၊ ငါ မင်းကို ကူမလို့ မေးနေတာ´

ဒီတော့မှ ငတိ နည်းနည်းအံ့သြပြီး ကျွန်တော့်ကို ကြည့်တယ်။ သူ့ မျက်လုံးလည်း နည်းနည်းအရောင်ဖျော့သွားတယ်။

`အချစ်ဆိုတာက တစ်မျိုးကွ၊ မင်းတို့ ငါတို့ ရင်ထဲရှိတဲ့အချစ်က တစ်မျိုး၊ အဲဒီအချစ်ကို
ကိုယ်ချစ်တဲ့သူ ပြရတာက တစ်မျိုးကွ၊ ကဲ... မိန်းကလေးတစ်ယောက်က ယောက်ျား
လေးတစ်ယောက်ကို ဘာဖြစ်လို့ ချစ်လဲ သိလား´

ငတိက ကျွန်တော့်ကို ပါးစပ်အဟောင်းသားနဲ့ ငေးနေတယ်။ ဘာမှတော့ မပြောဘူး။

`ပညာအရမ်းတော်လို့၊ ဂုဏ်ရှိလို့၊ နာမည်ကြီးလို့၊ ရုပ်လှလို့ အားလုံးကို ခြုံပြောရင်
အထင်ကြီးလို့ ချစ်တာကွာ၊ တစ်ခုခုကို အားကိုးချင်လို့ ချစ်တာကွာ၊ ငါ့အမေကလည်း
ငါ့အဖေကို ဒီလိုပဲ၊ မင်းအမေကလည်း မင်းအဖေကို ဒီလိုပဲ၊ ဘယ်မိန်းကလေးမှ အထင်
မကြီးတဲ့ ယောက်ျားကို မယူဘူး´

ကျွန်တော့် စကားဆုံးတော့ ငတိက သက်ပြင်းချတယ်။ ကျွန်တော် ပြောတာကိုလည်း
သူ ငြင်းလို့မရဘူး။ သူ့မှာကလည်း ဒါတွေ ဘာတွေ မရှိဘူး မဟုတ်လား။

`မင်း စွန်လွှတ်ဖူးတယ် မဟုတ်လား´

ငတိ နည်းနည်းကြောင်သွားတယ်။ ပြီးတော့ ခေါင်းညိတ်တယ်။

`အေး... အချစ်က စွန်လွှတ်တာနဲ့ နည်းနည်းတူတယ်ကွ၊ ပထမဦးဆုံး လေကြောင်း
ဘယ်ကိုတိုက်သလဲဆိုတာ သိရတယ်၊ အဲဒီလေကြောင်း တိုက်တဲ့ဘက်မှာ ကိုယ့်စွန်ငြိ
နိုင်မယ့် ဓာတ်တိုင်တို့၊ သစ်ပင်တို့ရှိလား သိရ ကြည့်ရတယ်´

ငတိက ဘာတွေလာပြောနေတာလဲဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကို ကြည့်တယ်။

`ကဲ... ကွင်းထဲမှာ လွှတ်တယ်ဆိုကြစို့ကွာ၊ မင်းစွန်ကို မင်းလျှော့လွန်းအားကြီးရင် စွန်က
မင်းနဲ့ ဝေးသွားလိမ့်မယ်။ ပိုလျှော့လေ ပိုဝေးလေပဲ၊ ပိုလျှော့လေ စွန်က အမြင့်ကိုရောက်
လေ၊ လေက ကြမ်းတော့ ထိန်းမရလေဘဲ၊ အေ... ရစ်လွန်းအားကြီးတော့လည်း မင်းစွန်က
ကောင်းကင်မှာ မရှိတော့ဘဲ အောက်ပြန်ရောက်လာမှာပေါ့၊ စွန်လွှတ်တယ်ဆိုတာက
စွန်က ကိုယ်မြင်ရတဲ့ နေရာမှာ ဟိုဘက်ဝဲလိုက်၊ ဒီဘက် တိမ်းလိုက်၊ ချလပတ်လည်
လိုက်၊ စိုက်ကျသွားလိုက်၊ ပြန်ထောင်တက်လာလိုက်မှ အရသာရှိတာ မဟုတ်လား´

ငတိက ခေါင်းကို သုံးလေးခါ ညိတ်တယ်။

`ပြီးတော့ ကိုယ်လွှတ်တင်ထားတဲ့ ကိုယ့်စွန်အကြောင်းကိုလည်း သိထားရတယ်၊
စွန်က ညာဘက် ဘက်လိုက်နေသလား၊ ဘယ်ဘက် ဘက်လိုက်နေသလား၊ ခေါင်း
ကြိုးတင်းနေသလား၊ ဒါမှ မင်းကောင်းကောင်း ထိန်းနိုင်မှာပေါ့၊ ကဲ ... အခု မင်းက
ငါးနှစ်ကျော်ကျော် အလျှော့ပေးပြီးပြီဆိုတော့ မင်းစွန်က မင်းနဲ့ တော်တော်ဝေးနေပြီ´

ဥပမာကလေးနဲ့ ဘာနဲ့ဆိုတော့ ငတိ ခေါင်းကို ခပ်သွက်သွက် ညိတ်လာတယ်။

`ကဲ ... မင်း သူ့အကြောင်း ဘယ်လောက် သိသလဲ´
`ငယ်ပေါင်းပဲ အစ်ကိုရာ၊ သူငယ်တန်းကတည်းက အတူတူနေလာတာ´

ကျွန်တော် မဲ့ပြီး ခေါင်းကို ခါရတယ်။ ဆေးပေါ့လိပ်ကို မီးညှိတယ်။

`မလုံလောက်ဘူးကွ၊ မေမြတ်မိုးဦးက ဘာကိုကြိုက်တယ်၊ ဘယ်လိုလူမျိုးကို
လေးစားတယ်၊ ဘယ်လိုဝါသနာဗီဇရှိတယ်၊ ဘာကို အထင်ကြီးတယ်၊ သူ ရည်းစား
ထားရင် ဘယ်လိုလူမျိုးကို ထားချင်တယ်၊ ဘယ်လို ကိစ္စတွေကို မုန်းတယ်၊ ဘာကို
ကြောက်တတ်တယ် စတဲ့ ခံစားချက်တွေကို မင်းသိထားကို သိထားရမယ်´

`ဒါ ... ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ အစ်ကို´

ကျွန်တော့် စကားကို ခဏရပ်ထားလိုက်တယ်။ တမင်တကာ ရပ်တာပါ။ ပြီးတော့
သူ့မျက်နှာကို စေ့စေ့ကြည့်တယ်။ သူ့ဆီမှာ ကျွန်တော့်ကို အားကိုးချင်တဲ့စိတ်၊
ယုံကြည်တဲ့စိတ်ကို တွေ့ရတော့မှ ကျွန်တော် စကားစတယ်။ ဒါ ကျွန်တော့်အတွက်
တော်တော် အရေးကြီးပါတယ်။

`မင်းစွန်ကို မင်း ပြန်ရစ်ရမယ်´
`ဗျာ...´
`အေး ... ငါးနှစ်ကျော်ကျော် မင်းအလျှော့ပေးထားတဲ့ မင်းနဲ့အဝေးကြီးကို ရောက်နေ
တဲ့ စွန်ကို မင်းနဲ့နီးအောင် ပြန်ရစ်ပစ်ရမယ်´
`ဘယ်လို ရစ်ရမှာလဲ အစ်ကို´
`အေး ... ငါ အစီအစဉ်တွေကို မစခင်မှာ မင်းနဲ့ငါနဲ့ ကတိတစ်ခုတော့ ထားရလိမ့်မယ်။
အဲဒီကတိက ဘာလဲဆိုတော့ မင်းက ငါပြောတဲ့ စကားကို ငါခိုင်းတာကို တိတိကျကျ
လုပ်ရမယ်၊ ငါ မခိုင်းဘဲ မင်းသဘောနဲ့ မင်း ဘာမှ လျှောက်မလုပ်ရဘူး၊ အေး... လုပ်ချင်
တာရှိရင်လည်း မင်းငါ့ကို တိုင်ပင်ရမယ်၊ ငါပြောတဲ့အတိုင်းသာနေ၊ တစ်လ နှစ်လအတွင်း
မင်း မေမြတ်မိုးကို ရစေရမယ်´

ငတိ ပါးစပ်ကြီး ပြဲသွားတယ်။

ဟုတ်တယ်လေ။ သူ ငါးနှစ်ကျော်လိုက်တာ အနားတောင် ကပ်လို့မရတဲ့ ကောင်မလေးကို
ကျွန်တော်က နှစ်လဆိုတော့ ဒီငတိ ပါးစပ်ပြဲတာပေါ့။ ပြီးတာ့ ငြိမ်ပြီး စဉ်းစားတယ်။

`ကျွန်တော်က ဘာလုပ်ရမှာလဲ အစ်ကို´
`မင်း ပင်ပင်ပန်းပန်း ဘာမှလုပ်စရာမလိုဘူး၊ ငါခိုင်းတာလုပ်၊ ငါပြောသလိုနေရုံပဲ၊ မင်းလုပ်
ချင်တာရှိရင်လည်း ငါ့ကို အသိပေးရမယ်၊ ဒါပဲ´
`ဒါတော့ ရတယ် အစ်ကိုရာ´
`အေး... ယောကျာ်းဆိုတာ ကတိပေးပြီးရင် ကတိတည်ရတယ်နော် ကျော်စိုး´

ငတိက ခေါင်းကို အံကြိတ်ပြီး ညိတ်တယ်။

`မင်းမှာ ငါ ခုနက ပြောတဲ့ မိန်းကလေးတစ်ယောက် အထင်ကြီးလောက်တဲ့ အချက်တွေ
မရှိဘူး၊ ဒါပေမယ့် ရိုးဂုဏ်ရှိတယ်၊ အဲဒါကြောင့် ကူညီတာ´
`ကျွန်တော့်စွန်ကို ပြန်ရစ်ရမယ်ဆိုတာရော အစ်ကို´
`အေး.. အဲဒါ ပထမဦးဆုံးအနေနဲ့ အရေးကြီးတယ်၊ ငါပြောတဲ့အတိုင်း မင်း မလုပ်နိုင်ဘူး
ဆိုရင် မင်းနဲ့ငါ ကိစ္စက ပြီးပြီ´
`လုပ်ပါ့မယ်အစ်ကို၊ ပြောသာပြောပါ´
`ဟုတ်ပြီ၊ မင်းကို ငါ ယုံပါတယ်၊ မင်းအခု မနက် ကောင်မလေးကျောင်းအတက်ကို ဒီဆိုင်
က လာကြည့်တယ်၊ ညနေ ကျောင်းအပြန်လည်း ဒီလိုပဲ၊ ပြီးတော့ ညဘက်ကျရင်
စိုးလွင်လွင်သီချင်းကို ကိုးနာရီမှာ အိမ်ရှေ့က ဖြတ်ဆိုတယ်´

ငတိက ခေါင်းကို ခပ်သွက်သွက် ညိတ်ပါတယ်။

`အေး... အဲဒီသုံးခုထဲက တစ်ခုကို လုံးဝမ မလုပ်ဘဲနေရမယ်၊ ဘာမလုပ်နဲ့တော့
ဆိုတာတော့ ငါ မပြောချင်ဘူး၊ မင်းဘာသာရွေး´

ငတိ မျက်မှောင်ကျုံ့ပြီး စဉ်းစားတယ်၊ ဘာသဘောလဲပေါ့လေ။ ပြီးတော့ ....
ဘာမှမရှိတော့တဲ့ လက်ဖက်ရည်ပန်းကန်ကို ယောင်ပြီး သောက်တယ်။

`မင်း နေ့တိုင်း ဒီအချိန်ဆို လက်ဖက်ရည် သောက်တယ်ကွာ၊ မသောက်ရဘူး
ဆိုရင် အဲဒီအချိန်ရောက်ရင် လက်ဖက်ရည်ကို သတိမရဘူးလား´

ငတိ နည်းနည်း သဘောပေါက်သွားဟန်တူသည်။

`ဒါဆို ညဘက် သီချင်းဆိုတာကို လျှော့မယ် အစ်ကိုရာ၊ အဲဒါက သူ့ကို မြင်ရတာ
လည်း မဟုတ်ဘူး၊ သူ ကြားမကြားလည်း မသေချာဘူး´
`ကောင်းပြီ၊ ဒါဆို ဒီနေ့ကစပြီး မဆိုနဲ့တော့´
`ဘယ်တော့မှ မဆိုရတော့ဘူးလား အစ်ကို´
`ငါ ပြောပြီးပြီပဲ၊ ရစ်စရာရှိရင် ရစ်မယ်၊ လျှော့စရာရှိရင် လျှော့ရမယ်လို့၊ အချိန်တစ်ခု
အထိပေါ့ကွာ´
`စိတ်ချအစ်ကို၊ ကျွန်တော် ဒီနေ့ည လုံးဝကို မသွားဘူး´
`နောက် အရေးအကြီးဆုံးကိစ္စက မင်းနဲ့ငါ တိုင်ပင်တဲ့ကိစ္စကို ဘယ်သူမှ မသိစေနဲ့၊
...အဲဒါ အရေးအကြီးဆုံးပဲ´
`စိတ်ချပါ အစ်ကို၊ စိတ်ချပါ´

ကျွန်တော် လက်ဖက်ရည်ဆိုင်က ပြန်လာတော့ တော်တော်ရင်လေးလာတယ်။
ကျွန်တော့်ငတိက စိုင်းထီးဆိုင် သီချင်းထဲကလို `ကိုယ်ကတော့ ချစ်တာ တစ်ခု
တည်းသိတယ်´ ဆိုတဲ့ ကောင်မျိုး။

ကိုယ်က ကတိပေးပြီးပြီ။ အေးမင်းတို့၊ လှဦးတို့နဲ့လည်း စိန်ခေါ်ပြီးနေပြီ။ ကျွန်တော့်
မှာကလည်း ဘာအစီအစဉ်မှ မယ်မယ်ရရ ရှိသေးတာ မဟုတ်ဘူး။ နောက်နေ့ကစပြီး
မေမြတ်မိုးဦးကို လေ့လာရတော့မယ်။ အဲဒါ အရေးအကြီးဆုံးပဲ။
နီကိုရဲ

(ဆက်ပါဦးမည်။)


စိတ္တဇတေးသွား

Wednesday, March 11, 2009

မနေ့က..ရန်ကုန်ကနေသတင်းတစ်ခုဝင်လာတယ်။စာအုပ်ထွက်ပြီတဲ့။ အဲဒါနဲ့လိုင်းပေါ်မှာ
ရှိနေတဲ့ညီမလေး မိုးနေ ကိုစာအုပ်ဝယ်ခိုင်းပြီး(ပေးလည်းမပေးဘူးနော်..:D)စာပါရိုက်ခိုင်း
လိုက်သေးတယ်။သူဒီနေ့ ကိုတာရာမင်းဝေရဲ့စာမူကိုရိုက်ပေးလာတယ်။အတော်ပါပဲ။ဝါအ
ရစဉ်စဉ် အသက်အရစဉ်စဉ် သူကအကြီးဆုံးကိုး..။ကိုရဲထက် ၂လလောက်ကြီးပါတယ်။..
သူ့စာမူအသစ်စက်စက် နောက်ဆုံးလက်ရာလို့လည်းပြောလို့ရပါတယ်။အဝေးရောက်နေ
တဲ့ သူ့စာကိုတကယ်ခံစားနားလည်နိုင်တဲ့ သူတွေအတွက်ပါ။မဟုတ်လို့ကတော့ ဒီလိုတင်
လိုက်တာ အန္တရယ်များပါတယ်။ကျွန်မတို့စာအုပ်တွေကို အခမဲ့မျှဝေပေးနေတာကအဆင်
ပြေပါတယ်။တချို့ကျတော့မျှဝေတာမဟုတ်ပဲ အခကြေးငွေနဲ့ရောင်းနေကြတာပါ။အဲလိုလူ
တွေက ဒီစာမူတွေကိုအသာလေးကောက်စားသွားရုံပါပဲ။အဲဒါကြောင့်ပါ။ပြောပြန်ရင်လည်း
မစားစေချင်ရင်နဂိုတည်းကမတင်နဲ့ဆိုတဲ့စကားပဲကြားရဦးမယ်လေ...
အနုပညာ တွေအများကြီးဆက်လုပ်စရာကျန်သေးတဲ့ သူတစ်ယောက်ရဲ့..နောက်ဆုံးလက်
ရာကိုလေးစားတဲ့အနေနဲ့ အဲလိုတော့မလုပ်လောက်ဘူးလို့မျှော်လင့်ရင်း....

စိတ္တဇတေးသွား

(၁)
သီးသန့်ဆန်သော ဤမြို့တော်ကလေးဆီသို့ သူ ရောက်လာခဲ့သည်မှာ ရှစ်လခန့်ရှိခဲ့ပါပြီ။ ဤမြို့တော်ကလေးတွင် သူ့အတွက် အသိအကျွမ်းမရှိပါ။ ယခင်ကလည်း ရောက်ခဲ့ဖူးခြင်း
မရှိပါ။ ယခုမှ ဘ၀အခြေအနေ အလှည့်အပြောင်းတစ်ခုကြောင့် တေလေ၀ိညာဉ်ဝင်စားကာ လွင့်မျောရောက်ရှိလာရခြင်း ဖြစ်သည်။

(၂)
ပင်ကိုအားဖြင့် တိတ်ဆိတ်စွာ နေထိုင်တတ်သူ တစ်ယောက်ဖြစ်၍ ဤမြို့တော်ကလေးမှ
သူ့အနေအထိုင်သည် ဒေသခံများနှင့် ကွဲပြားပဲ့ထွက်ကာ သီးသန့်ဆန်လွန်းလှပါသည်။
အခန်းထဲမှ အခန်းပြင်သို့ပင် ထွက်ခဲသော၊ ညဥ့်သန်းခေါင်ယံ အချိန်ကျမှ ၀ရန်တာသို့
ထွက်ပြီး ကြယ်တွေကို ကြည့်ငေးနေတတ်သော၊ ရံဖန်ရံခါတွင် တစ်ယောက်တည်း ...
စကားပြောနေတတ်သော သူ့ကို အခြားအခန်းမှ လူအပေါင်းက တအံ့တသြရှိကြ၏။ နားလည်ရခက်သည်နှင့်အမျှ ယဉ်ယဉ်လေး ရူးနေသူတစ်ဦးပမာ သူ့ကို အကဲခတ်ရင်း
ခေါင်းကို ခပ်လေးလေး ယမ်းခါကြ၏။

(၃)
သူက ကဗျာဆရာတစ်ဦးမျှသာ ဖြစ်ပါသည်။ သို့သော ပင်နီတိုက်ပုံဝတ်ပြီး ဆံပင်ညှင်း
သိုးသိုးနှင့် ဆေးလိပ်မီးခိုးစော် နံနေတတ်သော ကဗျာဆရာမျိုးလည်း မဟုတ်ပါ။သာမန်
လူငယ်တစ်ဦး၏ ဆင်ယင်နေထိုင်မှုမျိုးနှင့်သာဘ၀ကို သူဖြတ်သန်းပါသည်။ မချမ်းသာ
သည့်တိုင်အောင် မတောင့်မတ၊ မကြောင့်မကြ သူ ရပ်တည်၍ ရပါသည်။ ကြေကွဲဖွယ်
ရာ ကာလအချို့ကတော့ မောက်မောက်မို့မို့ ရှိခဲ့ဖူးသည်ပေါ့လေ။

(၄)
ယခု ...
ရင်ထဲမှာ အမြစ်တွယ်လာသည့် ( x x x ) ပရိဒေ၀သစ်ပင်ကို ခုတ်ထွင်ရန် ကြိုးစားရင်း ပင့်သက်လောင်မီးတွေကြားမှာ သူပျင်းရိနေပါသည်။ ထိုသို့ဖြစ်ပင် ကဗျာတွေ၊ စာတွေ
ကြားမှာသူ့ကိုယ်သူ မြှုပ်နှံထားရပါသည်။တစ်ခါတစ်ခါတော့လည်း(မင်ရည်ကျဲကျဲဖြင့်ပင်)
စာတိုပေစတို့ကို ဟိုဟိုသည်သည် ရေးချတတ်၏။
ဝ .... ထ ... က ... လ ... သ
က ... ကညစ် .... ပေမှာခြစ်
ခ ... ခရာ ... အသံသာ
ဂ ... ဂဏန်း ... ရေမှာဖန်း
.... စသည်ဖြင့်

(၅)
ညတွေ ညတွေမှာ သူက အအိပ်အနေ နည်းလွန်းလှပါသည်။ ထူးဆန်းသော ညအချို့
ကို သူ ကြုံကြိုက်ရ၏။ တစ်ည ...သန်းခေါင်ယံ လွန်ရုံမျှသာ ရှိပါဦးမည်။
(လျှပ်စစ်မီးများ ပြတ်တောက်နေသည်။)
`၀ူး ... ၀ူး ... ´
ခွေးအူအံများကို ကြားရ၏။ ထိုခွေးအူသံများက ဝေးရာမှ နီးလာသည်။ ထို့အတူ
သူ့အခန်းဆီသို့ တက်လာသော ခြေသံဖွဖွကို ကြားရသည်။ သူ တွေဝေသွားမိသည်။
ခြေသံက သူ့အခန်းတံခါးရှေ့တွင် ရပ်၏။
`ဒေါက် ... ဒေါက် ... ´
သူ့အခန်းတံခါးကို ခေါက်ခြင်းဖြစ်သည်။ မည်သူလဲ၊ မည်သည့်ကိစ္စလည်း ဝေခွဲ၍မရ
သည်နှင့်အမျှ သင်္ကာမကင်းလည်း ဖြစ်ရ၏။ တံခါးကို သူ ဖွင့်မပေးပါ။တစ်ဖက်မှလည်း
တံခါးကို ခပ်ပြင်းပြင်းခေါက်နေဆဲ ...
`ဒေါက် ... ဒေါက် ... ဒေါက် ... ´
သူ့ဖက်မှ ဘာတုန့်ပြန်မှုကိုမှ မပေးသည့်အဆုံး`အူး ... ဟူး´ ဟူသည့် ကြောက်မက်ဖွယ်
ရာ ညည်းတွားသံကြီးနှင့်အတူ ခြေသံက အောက်ပြန်ဆင်းသွားသည်။ ခွေးအူသံများ ... ၊
ထိုခွေးအူသံများလည်း နီးရာမှ တဖြည်းဖြည်း ဝေးသွားတော့၏။

(၆)
နောက်ညမှာ ...
ပို၍ ဆိုးလာပါတော့သည်။ သန်းခေါင်ယံလွန်ချိန် ခွေးအူသံများ၊ သူ့အခန်းဆီ တက်လာ
သော ခြေသံဖွဖွ၊ ထိုသည်တို့နှင့်အတူ တံခါးခေါက်သံများ ...
`ဒေါက် ... ဒေါက် ... ဒေါက် ... ´
ခပ်လျော့လျော့ အနေအထားဖြင့် အခန်းထဲမှ ရပ်တန့်နားစွင့်ရင်း တံခါးကိုတော့ သူ
ပိတ်မြဲပိတ်ထားဆဲ။ တစ်ဖက်မှလည်း ပို၍ ပြင်းထန်လာသည်။ သုံးကြိမ်သုံးခါလာသည်။
သူ မည်သို့မှ မတုန့်ပြန်ပါ။ သုံးကြိမ်စလုံး ငြိမ်သက်တိတ်ဆိတ်စွာ ...
(၀)၃
အနှောင့်အယှက်ဖြစ်လာသလို ခံစားရ၍ နောက်နေ့မနက်မှာ လုံခြုံစခန်းကို သူ ဖုန်းဆက် တိုင်ကြားရပါတော့သည်။ လုံခြုံရေးဝန်ထမ်းများက လေးလေးနက်နက် နားထောင်ကြ၏။
ထို့နောက် စုံစမ်းမှုများ ပြုလုပ်ကာ သူ့ထံသို့ အကြောင်းပြန်လာသည်။
အရပ်မြင့်မြင့် လူတစ်ယောက်လို့ သိရပါသည်။ ဘယ်ဖက်လက်မှာ လက်အိတ်အဖြူ စွပ်
်ထားတယ်။ ဘယ်ကလာတဲ့လူလည်း မသိဘူး။ ကျွန်တော်တို့ စောင့်ကြည့်ပေးပါ့မယ်။

(၇)
သို့သော်လည်း နောက်ညတွေမှာ အခြေအနေက ထူးခြားမလာပါ။ သမရိုးကျဆန်စွာ ...
ကုန်လွန်ခဲ့၏။ ထို့ကြောင့် စောင့်ကြပ်ကြည့်ရှုသော ၀န်ထမ်းများကပင်လျှင် ဤကိစ္စ
အပေါ်တွင် လျော့ရဲစပြုလာပြီ။
ထိုအခါကျမှ တစ်ညမှာ ...
`၀ူး ... ၀ူး ... ´
သန်းခေါင်လွန်အချိန်မှာ ခွေးအူသံတွေကို စကြားရပြီ။ သူ့စိတ်ထဲမှာလည်း အလိုလ
ို သိလိုက်သည်။ သူ့အခန်းဆီ တက်လာသော ခြေသံနှင့် ....သူ့အခန်းတံခါးကို .......
ခေါက်သံ ကြားရဦးတော့မည်။ (သူက အေမီလိုဝဲလ်၏ ကဗျာများကို သရုပ်ခွဲ လေ့လာ
နေချိန်ဖြစ်၏။)
`ဒေါက် ... ဒေါက် ... ဒေါက် ...´
ဤတစ်ကြိမ်တွင်တော့ တုန့်ပြန်မှုကို သူ ပေးပါသည်။
`ဘယ်သူလဲ´
`ကျူပ်´
`ဘယ်က ကျုပ်လဲ´
`မင်းကို သတ်မယ့်လူ´
`အိုကေ ... ကိုယ်ကလည်း သေချင်တောနဲ့ အတော်ပဲ၊ ကောင်းပြီလေ၊ အထဲကိုကြွပါ´
သူ တံခါးကို ဖွင့်ပေးလိုက်ပါသည်။ အခန်းထဲသို့ လူတစ်ယောက်က သေမင်းပမာ ၀င်
်ရောက်လာ၏။ ဘယ်ဘက်လက်မှာ လက်အိတ်အဖြူကို စွပ်ထားသည်။
ထိုလူက သူ့ကို ...
`ခင်ဗျားနဲ့ ကျုပ်ကြားမှာ ပြောစရာစကား မရှိတော့ပါဘူးနော်။ ခင်ဗျားက သေချင်တယ်၊
ကျုပ်က သတ်တယ်၊ ဒါပဲပေါ့´
ထို့နောက် ထိုလူက လက်အမြှောက် ဓားရောင်က ၀င်းခနဲ တောက်သွားသည်။
`အား ...´
ထိုလူ လဲကျသွား၏။ သူ့နောက်မှာက လုံခြုံရေး ၀န်ထမ်းတစ်ယောက်။

(၈)
ထို့လူကို စစ်ဆေးမေးမြန်းကြတော့ အနားမှာ သူရှိနေပါသည်။ လုံခြုံရေးဝန်ထမ်းများက ထိုလူ့ကို ...
`မင်းနဲ့ သူနဲ့ ရန်ငြှိုးရှိလို့လား´
`မရှိဘူး၊ လူချင်းတောင် မသိဘူး´
`ဒါဖြင့် သူ့ကို သတ်ဖို့ မင်းကို တစ်ယောက်ယောက်က ခိုင်းလိုက်တာလား´
`မဟုတ်ဘူး၊ ကိုယ့်ဖာသာကိုယ် သတ်ချင်လို့ကို သတ်မှာ´
`ရှင်းအောင်ပြော၊ ဘာကြောင့်လဲ´
`ကျုပ်မှာ အရမ်းချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်´
`ဖြစ်နိုင်ပါတယ်၊ ဆက်ပြော´
`ကျုပ်ကသာ သူ့ကို အရမ်းချစ်ရတာ၊ သူကတော့ ဒီကဗျာဆရာကို အရမ်းချစ်နေတယ်´
ထိုမိန်းကလေး၏ အမည်ကိုလည်း ပြောပြ၏။ သူကကျတော့လည်း ထိုမိန်းကလေးကို ...
အမည်ပင်မကြားဘူးပါ။ သူ့ကဗျာများမှတစ်ဆင့် သူ့ကို တွယ်တာခြင်း ဖြစ်နိုင်ပါသည်။
`ဒီကဗျာဆရာသေရင် သူလည်း လိုက်သေမယ်တဲ့၊ အဲဒါကြောင့် ဒီကဗျာဆရာကို သတ်ဖို့ ကျုပ်ကြိုးစားရတာပေါ့´
`ဟင် ... သူသေရင် မင်းကောင်မလေးကပါ လိုက်သေသွားမှာပေါ့´
`ဟုတ်တယ်၊ ကျုပ်ကလည်း အဲဒီလို ဖြစ်စေချင်တာ´

(၉)
`ဘာသဘောလဲ´
သူက မည်သို့မှ မခံစားရသော်လည်း လုံခြုံရေးဝန်ထမ်းများက တအံ့တသြ ဖြစ်ကြ၏။
ထိုလူက ဘီလူးတစ်ကောင်ပမာ ပြုံးပြီး သွားကြိတ်သံနှင့် ဖြေ၏။
ဓားတစ်ချက်တည်းနဲ့ နှလုံးသားနှစ်ခုကို ထိုးခွဲသတ်ဖြတ်ပစ်နိုင်တာ `ရသ´ ပေါ့ဗျာ။ ဘာ
ကိုမှ မရနိုင်တော့တဲ့ ကျွန်တော့်အတွက် ရသမြောက် ဓားချက်ကိုတော့ ယူသွားချင်လို့ပါ။
စကားအဆုံးမှာ ဖြိုးဖြိုးဖျစ်ဖျစ်မြည်အောင် ထိုလူပြုံး၏။ ထိုလူ့မျက်လုံးများက ဓားဦးဖျားမှ
ဖြာထွက်လာသော စိန်ပွင့်များပမာ ...
တောက်စားတုန်ခါလျက် ရှိလေသည်။

တာရာမင်းဝေ


ဖြစ်တည်ဆဲပုံပြင်ဟောင်း

Tuesday, March 10, 2009

ဖြစ်တည်ဆဲပုံပြင်ဟောင်း
အလင်းတွေနဲ့မြို့တည်ခဲ့သူဟာ... သက်တံ သူပုန်ဖြစ်တယ်...
အမှောင်ကတော့ ခန့်ထည်နက်ရှိုင်း... သမိုင်းလည်းကြီးလေရဲ့။
အပျင်းပြေသီချင်းတစ်ပုဒ်ရဲ့လှောင်ရယ်သံနဲ့ ခပ်ဆင်ဆင်တူတဲ့ဂီတဟာ
ပြိုကျသွားခဲ့ရတဲ့... ငါ့အလင်းမြို့ကလေးရဲ့ ငိုညည်းသံဖြစ်တယ်... ။
တကယ်ဆို...
တောင်ခိုးတွေက...
မှိုင်းညိုအုံ့ဖွဲ့
နေခဲ့သင့်တာပေါ့... ။
မာယာဆိုတာကတော့ ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးလိုပဲ...
ချိုတော့ ချိုပါရဲ့... ဒါပေမယ့်... ဟမ်းမလော့ပန်းဖြူတွေလိုပဲ...။
သိရဲ့လား...
ဘုရားသခင်ကကော ဗြဟ္မာကြီးလေးဦးကကော မဖန်ဆင်းခဲ့တဲ့...
လူ့အန္ဓတွေ
မီးတောင်ပေါက်ကွဲသလို ဒရဟောသွန်းကျဲပေါက်ကျလာကြ...
ကောင်းကင်မှာ ပန်းမပွင့်တော့တာ ဆန်းသလား... ။
ဗျာဒိတ်တော်တွေ စွန်းပေငြိမ်းအေးနေတဲ့ညက...
ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။ ။


မနော်ဟရီ - မီးပြတိုက်အလွန် ကဗျာများ
ဟန်သစ်၊ အမှတ်စဉ် - ၁၀၀။


ကလေး...သို့

Monday, March 9, 2009

မီးပြတိုက်အလွန်ကဗျာစုထဲကပဲဖြစ်ပါတယ်။

ကလေး... သို့
ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။

ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
delete ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။

ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။

ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။

ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။

ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။

ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။


မနော်ဟရီ


အကန်းတွေမမြင်နိုင်သောအလင်းရောင်

Saturday, March 7, 2009

အကန်းတွေမမြင်ပေမယ့် အလင်းရောင်ကတော့အလင်းရောင်ပါပဲ..တဲ့။စကားပုံတစ်ခုရှိပါ
တယ်။အပြောရက်စက်သလိုရှိပေမယ့်မှန်လည်းမှန်တယ်။ အနုပညာတွေဘာတွေလာပြော
မနေနဲ့ဗျာ…ကျုပ်တို့ကမခံစားတတ်ဘူး…ဆိုတဲ့လူတွေနဲ့ကြုံရတဲ့အခါတိုင်း၊အဲဒီစကားပုံလေး
ကခေါင်းထဲရောက်လာပါတော့တယ်။သူမခံစားနိုင်တဲ့အတွက်၊ကျွန်တော်စိတ်မကောင်းပါဘူး။
သူမမြင်ပေမယ့်အနုပညာကတော့ ရှိနေပါတယ်။ ရသဟာ ရသမြောက်စွာရှိနေတာပါပဲ။
တာရာမင်းဝေ
ပြိုင်မြင်းတိုရဲ့ခွာသံ ၅

မနေ့ကစီဘောက်ထဲမှာ..လာထားသွားတဲ့စာတစ်ကြောင်းကိုတွေ့တွေ့ချင်းခေါင်းထဲရောက်လာ
တာအဲဒီစကားပုံလေးပါ။အမှန်ကတော့ပြိုင်မြင်းတို့ရဲ့ခွာသံဆိုတာကဘာ၊တာရာမင်းဝေဆိုတာ
ကဘာ…ပြန်ရှင်းနေရဦးမယ့်လူပိန်းတွေအတွက်ကတော့ ကျွန်မမှာတာဝန်မရှိပါဘူး။ကျွန်မတာ
ဝန်ရှိတာက ရသစာပေအတွက်ပါ။
သက္ကတအနုပညာမှာ.ရသ.ဟာ.လောကလွန်အကြောင်းအရာလို့ဆိုပါတယ်။လောကအကြောင်း
အရာတွေကိုအနုပညာနဲ့ယှက်ဖောက်ထုံမွှမ်းလိုက်ခြင်းအားဖြင့်ရရှိလာတဲ့ရသအကြောင်းအရာ
တွေဟာလောကအကြောင်းအရာတွေ မဟုတ်တော့ဘူး။လောကလွန်အကြောင်းအရာတွေဖြစ်
နေပြီ….လို့ဆိုထားတဲ့အတွက်…အနုပညာခံစားမှုပါရမီမပါတဲ့လူပိန်းတွေနားမလည်နိုင်တဲ့ကိစ္စ
ဖြစ်သွားပါပြီ။
လောကထဲမှာအသိလေးမျိုးရှိပါတယ်။ ဒါဟုတ်ပါတယ်….ဆိုတဲ့အပေါင်းလက္ခဏာ(+)အသိ၊
ဒါမဟုတ်ဘူး….ဆိုတဲ့ အနုတ်လက္ခဏာ(-)အသိ၊ ဒါဟာဒါနဲ့တော့တူတယ်…..ဆိုတဲ့ညီမျှခြင်း
(=)အသိ၊ ဒါဟာဟုတ်မှဟုတ်ရဲ့လား ဆိုတဲ့မေးခွန်းဝင်(?)…အသိဒီလေးမျိုးပါပဲ။အဲဒါတွေဟာ
လောကအသိဖြစ်ပါတယ်။လောကထဲကအရာတွေကို အသိလေးမျိုးနဲ့သိတာမျိုးပါ။ဒါပေမယ့်
ရသသိကတော့အဲလိုမဟုတ်ပါဘူးလို့နာယဒဿနဂိုဏ်းဝင်ပညာရှင်တစ်ဦးဖြစ်တဲ့သီရိသင်္ကုတ
ကဆိုခဲ့ပါတယ်။ရသသိဟာလောကလွန်တဲ့ လောကလွန်အသိဖြစ်ပါတယ်။
လောကထဲမှာအရာတစ်ခုကိုသိဖို့တစ်ခုခုနဲ့သက်သေပြပြီးမှသိလို့ရတယ်။အရာတစ်ခုရှိကြောင်း
ကိုအသိတစ်ခုနဲ့သက်သေပြမယ်ဆိုရင်အဲဒီအသိရှိထားကြောင်းကိုလည်း တခြားအသိတစ်ခုနဲ့
သက်သေပြရပါတယ်။မီးခိုးမဆုံးမိုးမဆုံးတွေလို့ ခွာသံထဲမှာ.....သူ....ရေးခဲ့ဖူးတာကိုမှတ်မိ
နေပါတယ်။လောကကိုတော့အဲလိုပဲသိရပါတယ်။ဒါပေမယ့်လောကလွန်သဘောမှာတော့အဲလို
မဟုတ်တော့ပါဘူး။
ပစ္စည်းတစ်ခုရှိကြောင်းအလင်းရှိမှမြင်ရမှာဖြစ်ပေမယ့်..အလင်းရှိနေကြောင်းကိုတော့သက်သေပြ
စရာမလိုပါဘူး။အလင်းဟာသူရှိကြောင်းသူကိုယ်တိုင်သက်သေပြနိုင်ပါတယ်။ရသ..ဆိုတာကလဲ
ဒီလိုပါပဲ။
အမှန်တကယ်က ကျွန်မ ဒါတွေကိုလိုက်ရှင်းမနေချင်ပါဘူး။အထူးသဖြင့်စာဖတ်မနာတဲ့ ရသစာ
ပေဆိုတာဘာမှန်းသေချာမသိတဲ့ ကူးယူဆက်စပ်မှုတွေနဲ့ရှင်သန်နေတဲ့ အင်တာနက်စာမျက်နှာ
ပေါ်ကစာဖတ်သူလို့သူတို့ကိုယ်သူတို့ခံယူထားတဲ့လူတန်းစားခပ်ညံ့ညံ့တချို့အတွက်ပိုပြီးမလိုအပ်
ပါဘူး။ ကျွန်မအတွက်လိုအပ်တာက အနုပညာဖန်တီးမှု နဲ့ အဲဒိအပေါ်မှာတာဝန်ယူမှုပါပဲ။
မနက်ကပဲ စိတ်အချဉ်ပေါက်လာလို့ ကိုကြွက်ရဲ့ အသံဗလံများဆိုတာကို တမင်ရိုက်တင်ပေးခဲ့
ပါတယ်။ ကျွဲပါးစောင်းတီးဆိုသလိုပါပဲ ။အဲဒါက ကျွဲတွေအတွက်အကြုံးဝင်ပုံမရပါဘူး။ ကားမှား
စီးမိတယ်ထင်ရင် ကျွန်မတို့ကလမ်းဆင်းလျှောက်ရုံပါပဲ။အဲ..ဆင်းလျှောက်တဲ့သူတွေနောက်လိုက်
လာပြီးကာမှ ဟိုဘက်လမ်းကပိုကောင်းတယ်ဆိုတာမျိုးကတော့ ခပ်ရိုင်းရိုင်းပြောရရင် ရသသိမ
ပြောနဲ့ လူလိုသိတဲ့စိတ်ကလေးတောင်မရှိဘူးလို့ပဲပြောစရာကျန်ပါတော့တယ်။
ပို့စ်တစ်ခုတင်ပြီးတိုင်း ကိုယ့်ပို့စ်ကိုယ်ပြန်ပြန်ရှင်းနေရတာ ဘလောခ့်ကာတွေအတွက်အလုပ်
တစ်ခုဖြစ်နေတာကိုကြည့်ပြီး ညည်းငွေ့နေတာကြာပါပြီ။ ဒါကြောင့်စဉ်းစားစရာအများကြီးနဲ့..
သိမ်းတင်သား ကိုရိုက်တင်ပေးလိုက်တာပါ။ ကဘောက်တိကဘောက်ချာဂေဇက် ဆိုတဲ့စာ
အုပ်မျိုးကိုယောင်မှားပြီးကိုင်မိရင် ရူးသွားနိုင်ကြောင်းကြိုတင်သတိပေးချင်တဲ့အနေနဲ့ဒီစာတစ်
ပုဒ်လောက်ကိုအမြည်းတင်ပေးတဲ့သဘောပါ။ဝမ်းစာပြည့်မှ စာဖတ်နာမှနားလည်နိုင်မယ့်စာ
မျိုးကို ဘာမှန်းမသိပါဘူးကွာလို့လူရှေ့သူရှေ့ပြောပြီးကိုယ့်ကိုယ်ကိုဖော်မသူတော်မလုပ်မိ
စေဖို့လူတစ်ချို့ကိုသတိပေးချင်တာလည်းပါပါတယ်။
ဆိုလိုချင်တာကကိုယ့်ဦးနှောက်နဲ့မနိုင်ရင်ဝင်မလုပ်ပါနဲ့ကိုယ်မသိနိုင်နားမလည်နိုင်ဘူးထင်ရင်
အသာလေးကွေ့ရှောင်သွားပါ။ကိုယ့်ရဲ့ညံ့ဖျင်းမှုကန်းဆွံ့မှုတွေကိုလူသိအောင်မချန်ထားခဲ့ပါ
နဲ့။သူတစ်ပါးအတွက်အနှောက်အယှက်ဖြစ်စေသလို..ကျွန်မအတွက်လည်းအနှောက်အယှက်

ဖြစ်ပါတယ်။
ကျွန်မဘာလို့စာရေးနေလဲ။ဘလော့ခ်ပေါ်မှာတော့..ရေးချင်လို့ရေးနေတာလို့ပြောလို့ရပါတယ်။
အနုပညာဖန်တီးမှုတစ်ခုကို..ခံစားမှုတူတဲ့သူတွေအတွက်၊စာမျက်နှာနဲ့ဝေးနေရတဲ့သူတွေအတွက်
မျှဝေတဲ့အနေနဲ့ဖန်တီးတာပါ။အပြင်စာပေလောကမှာတော့...ကျွန်မ အနုပညာတာဝန်တစ်ခုအ
နေနဲ့ကိုယ်လုပ်တတ်တဲ့ပညာနဲ့ကိုယ်အလုပ်အကျွေးပြုနေသလို..ကိုယ့်အသက်မွေးဝမ်းကြောင်းမှု
အတွက်လည်း အနုပညာတွေကိုဖန်တီးပါတယ်။
ကျွန်မရပ်တည်မှုမှာ..တကယ်လက်ခံနေတဲ့၊ရင်ဘတ်တူတဲ့၊လောကကိုလွန်ပြီးသိနိုင်တဲ့၊ရသခံစား
သူတွေကိုကျေးဇူးတင်သလို၊ခုလို..ကိုယ့်ကိုယ်ကိုဖော်မသူတော်တွေကိုလည်း ခပ်ဝေးဝေးနေဖို့
သတိပေးချင်ပါတယ်။
မလာပါနဲ့….ဒီလောက်လွတ်လပ်မျှတတဲ့..အင်တာနက်စာမျက်နှာတွေမှာ၊ကိုယ်မလာချင်ရင်ကိုယ့်
အရည်အသွေးနဲ့မမီရင်မလာပဲနေလို့ရသားနဲ့၊လာလာပြီးအနှောက်အယှက်ပေး ကိုယ့်အရည်အ
သွေးကိုမရှက်မကြောက်လာဖော်ပြနေတာကတော့..တဆိတ်.အောက်တန်းကျညံ့ဖျင်းရာကျလွန်းပါ
တယ်။
အဲဒီလိုလူတွေအတွက်ရော…ပို့စ်တစ်ခုကိုဘာမှန်းမသိပဲ၊ပြောချင်ရာပြောကိုယ့်စာမျက်နှာလိုမျိုး
သဘောထားပြီး ကိုယ့်ကိုယ်ကိုဖော်မသူတော်လာလုပ်ဖူးတဲ့သူတွေအတွက်ရော..တစ်ခါတည်း
သတိပေးလိုက်ပါရစေ…အဆင်မပြေရင်မလာပါနဲ့….။ သင့်စိတ်ကျန်းမာရေးကိုထိခိုက်နိုင်စေမှာ
သေချာလို့ပါ….လို့။
(ကျွန်မအတွက်..စီဘောက်စထဲကနေလာပြန်ပြောပေး၊ကျွန်မကိုလာအားပေးတဲ့မိတ်ဆွေသူငယ်ချင်း
အားလုံးကိုကျေးဇူးတင်ပါတယ်လို့..ဒီနေရာကနေပြောပါရစေ..)


အသံဗလံများနဲ့သိမ်းတင်သား

အသံဗလံများ

စကားလုံးများကခုန်နေကြသည်။အယူဝါဒများကားငိုက်မြည်းလျက်။ဆွံ့အနေသည့်ပင်လယ်
သည်ဘာသာစကားအားလုံးကိုသိမ်းဆည်းထားလိုက်ပြီဖြစ်ကြောင်း၊ခိုင်လုံသော၊သတင်းရပ်
ကွက်ကဆို၏။စကားလုံးများအငြိမ်းစားရသွားပြီ။နံရံများမရှိတော့ပြီဖြစ်ရာ၊ကြယ်စုံသောည.
ပန်းချီကားကိုသင်လည်းအခမဲ့ကြည့်ရှုခွင့်ရပါပြီ။ပင်လယ်အော်သံသည်ကဗျာဆရာအောင်ဘ
ညို၏မူပိုင်စကားလုံးဖြစ်ပြီးအဆိုတော်လေးဖြူကစိတ်လျော်ကြေးဖြင့်သီချင်းလုပ်ပစ်လိုက်၏။
ပင်လယ်ရယ်သံကားမောင်မျိုးမင်း၏ရင်တွင်းဖြစ်ဟုသိရသလို၊နီကိုရဲ၏ဇာတ်လမ်းဖြစ်ကြောင်း၊
အမှန်ကပင်လယ်သည်ဆွံ့အနေသည်မှာကြာခဲ့ပြီ။အယူအဆမတူသူများကြမ်းတစ်ပြေးတည်း
မထိုင်လိုကြပါ။ကြမ်းကြားလေနှင့်ဗူးခါးရေသည်အလွန်ပင်အေးမြသည်ဟုအဆိုရှိရာ၊သင်လည်း
သုံးဆောင်ကြည့်စေလိုပါသည်။လေကိုသောက်ရင်းရေကိုဝတ်ဆင်ပါ။ကကြီးမှ..အထိသိရုံမျှဖြင့်
ဘဝင်မမြင့်သင့်ပါ။သရများသိရန်လိုပြီးသဒ္ဒါနည်းနည်းတတ်ရန်တော့လိုပါသည်။အယ်လ်ဖာ၊
ဘီတာ၊ဂမ်မာ၊လမ်ဗဒါ၊မြူ၊ဖိုင်တို့ကိုပင်လယ်ထဲသွားပို့ပေးပါ။..လိုအပ်သလောက်သာသိပြီး.
လွဲမှားစွာ..အသုံးချမိလျင်..အန္တရာယ်များလှပါ၏။သိပ္ပံမောင်ဝ၏ဇာတ်လိုက်၊မောင်လူအေးကို
အော်တိုရေးခိုင်းပါ။သူ့တွင်.အောင်သိန်းဆိုသည့်ကျောင်းသားတစ်ယောက်ကောက်ရထားသည်။
“လူတကာဒုက္ခရောက်လျင်..အောင်သိန်းကားမပျော်သည်မရှိ.. ”ဟု..ဆရာစောတောင်ရွံ့
ကြောက်ရသော..ကိုအောင်သိန်းတစ်ယောက်မာသေးရဲ့လား။ဆရာစော..တပည့်တစ်ယောက်
ဆရာဝန်ဖြစ်သွားသတဲ့.။ပြီးတော့..လူတကာကိုဆေးတစ်မျိုးတည်းပေးကာ.ဒေါက်တာပါရာဟု
..အနွတ္တညာ..မှည့်ထားသေး၏။ပါရာနေရာတွင်..အက်ဆီတိုင်အုပ်စုသွင်းထားသည့်ဆေးကို
..ထိုဆရာဝန်ကအမည်မှားပြီး..(ပါရာစီတမော)ဟုခေါ်နေ၏။ကိစ္စမရှိပါ။ပါအက်စီတမော..
ဟုမခေါ်လည်းကိစ္စမရှိပါ။ဆရာဝန်ဖြစ်ဖြစ်..ဘုန်းကြီးလူထွက်ဖြစ်ဖြစ်.ပါရာစီတမောသောက်နိုင်
ပါသည်။စာဖတ်ရင်းသောက်သောက်၊ခေါင်းမူးလို့သောက်သောက်၊ဒေါက်တာပါရာ(စိတ္တဇ)ထံမှ
အခမဲ့ယူနိုင်ပါသည်။ကလီရှေးသည်နစ်ရှေးနှင့်အမျိုးတော်ကြောင်းလျှောက်ပြောနေသည့်..
ဝေဖန်ရေးဆရာအညံ့စားတစ်ယောက်၊ဒေါက်တာပါရာထံပို့ကြပါ။အက်ဇရာပေါင်းသည်ကောက်
ညှင်းပေါင်းအလွန်ကြိုက်သောဒြပ်ပေါင်းတစ်ခုသာဖြစ်ပြီး၊မိုဆိုလီနီသည်ဆိုနီကာလာတီဗီကံစမ်း
မဲပေါက်သွားသဖြင့်..အလွန်ပျော်နေ၏။ဆရာသစ္စာနီတစ်ယောက်..ဆင်ဖိုးထွန်းထံသွားကာ.
.ဆင်ဖမ်းနည်းသင်နေ၏။လပြတ်ကျူရှင်တက်နေ၏။ဆင်တစ်ကောင်ဖမ်းပြီးဝေဖန်ရေးဆရာ
ဦးဗျစ်ထူများကိုလက်ဆောင်ပေးရန်ဟုယူဆရပေသည်။ပရမ်းပတာဟုထင်ရသည့်တချို့
ကိစ္စများသည်စနစ်တကျသင်ကြားခဲ့ရသောပရမ်းပတာများဖြစ်၏။
ဤတွင်..ဝတ္ထုတစ်ပုဒ်ပြီး၏။
ပရမ်းပတာတွေလုပ်နိုင်အောင်စနစ်တကျသင်ယူခဲ့ရသည်များးကိုမိတ်ဆွေတို့ရိပ်မိပါစေ..။

စာပေဝေဖန်ရေးဆရာတစ်ယောက်သာဒီစာတွေဖတ်မိရင်တော့တော်တော်အာရုံ
နောက်ပြီး
အရွယ်ကျသွားမှာပဲဗျာ..။ပြီးတော့လည်း..ပွစိပွစိနဲ့..မြန်မာစာပေလော
ကတော့ဘာဖြစ်ပါပြီ
..ညာဖြစ်ပါပြီ..လုပ်ဥိးတော့မှာအသေအချာပဲ။ဆရာတို့ခင်ဗျား…
ဖတ်မရရင်မဖတ်နဲ့ပေါ့ဗျာ..
။ဇာတ်ကလေးတစ်ခုပြောပါရစေ။ထိုးဇာတ်ပေါ့ဗျာ။
တစ်ခါကလိုင်းကားတစ်စီးပေါ်မှာအရက်သောက်လာတဲ့လူတစ်ယောက်ပါသတဲ့။
အရက်သမားလို့မပြောဘူးနော်။အရက်သောက်ထားတယ်လို့ပဲပြောတာနော်....။
အရက်နံ့တော့
ထွက်တာပေါ့ခင်ဗျာ။..ရမ်းကားဆဲဆိုခြင်းလည်း.....မလုပ်ပါဘူး။
အရက်သမား....(ဆိုပါစို့ရဲ့)
......ဘက်ကကြည့်တော့လည်း ဘတ်စကားပဲဗျ။ .
ပိုက်ဆံပေးနိုင်ရင် တက်စီးလို့ရတာပေါ့။
အရက်သမားးမစီးရ လို့စာကပ်ထား
တာမှ .မဟုတ်တာ။ ပြီးတော့..မူးပြီးရစ်တာ...ရိတာ
လည်းမဟုတ်။ မသကာ..
.အနံ့လေးထွက်ရုံပါ။....ဒါပေမယ့်မသောက်တတ်တဲ့....သူအဖို့
..ကတော့..
ဘယ်လောက်ကောင်းတဲ့....အရက်ကိုပဲ..သောက်သောက်........အနံ့ကဆိုး

တာအသေအချာပဲ။ဒီမှာတင်............မခံမရပ်နိုင်တဲ့....အဖိုးကြီးတစ်ယောက်က..
“ ဟေ့..သူငယ်..မောင်ဘယ်သွားနေတယ်ဆိုတာသိသလား..”…
...................လို့မေးခွန်းမေးလိုက်ပါလေရော။အရက်သမားက..............
“ ကျွန်တော်..ကျွန်တော့်အိမ်ကိုပြန်နေတာဗျ..”
.............လို့ကောင်းကောင်းမွန်မွန်ပဲပြန်ဖြေပါတယ်။....ဒီမှာတင်..အဖိုးကြီးက.....
စိတ်ထွက်ထွက်နဲ့ငေါက်တော့တယ်။
“ငရဲသွားနေတာဟေ့……ငရဲကိုသွားနေတာ..”
............လို့..လူကြီးဆိုတော့..စိတ်တိုတိုနဲ့လုပ်ရော...............။
အရက်သမားကဘာမှပြန်မပြောပါဘူး။
“ ဗျို့..ကားဆရာ…ကျုပ်ကားမှားစီးလာလို့ပါ..ဆင်းပါရစေဗျာ..”
..............ဆိုပြီးဆင်းသွားပါလေရော..။ဒါပါပဲ..........။....ထိုးဇာတ်လေကဒါပါပဲ..။
မြန်မာစာပေခုံရုံးမှာ..တစ်နေ့ကျရင်..အပြစ်ခံရရင်........ကျုပ်တို့လည်းမကယ်နိုင်
တော့ဘူး။သမိုင်းကတရားစီရင်..ရင်ခံရမှာပဲ..။..တစ်ကိုယ်တော်လွတ်မြောက်ရေး
တွေဟာဖက်ဆစ်ဝါဒတွေကိုအသက်သွင်းးနေတာပဲ။အဆိပ်အတောက်တွေသွင်း
မလာပါနဲ့။ဘာနဲ့တဲ့..ပြောမနေပါနဲ့တော့ဆရာတို့ခင်ဗျာ.။
သိပ်လည်းကြောက်မနေပါနဲ့ဗျာ။ကျွန်တော်တို့ကတော့ဆရာတို့နဲ့အတူမလိုက်ချင်
တော့ဘူး။
ကားမှားစီးမိတာကိုး..။ဆင်းသွားပြီဗျို့….။တာ့တာ..ဘိုင့်ဘိုင်.။
သိမ်းတင်သား


ဘာမှမဟုတ်ပါဘူး။
စိတ်ထဲမှာအစိုင်အခဲတွေ၊ရှုပ်ထွေးနေတာတွေကိုဘာနဲ့အန်ထုတ်ရမလဲစဉ်းစားနေတုန်းဒီစာ
လေးကိုဖတ်လိုက်မိတာပါ။ဒါ..၁၉၉၇..သရဖူ..အမှတ်စဉ်..၃၂..က..သိမ်းတင်သားရဲ့အသံဗလံ
များပါ။..အဲဒီခေတ်က..ကိုကြွက်သတင်းရေးတာကိုဖတ်ပြီး..ဒီနေ့ခေတ်သူတို့ကိုယ်သူတို့
သတင်းသမား၊ဂျာနယ်လစ်၊အယ်ဒီတာ၊ရီပိုတာဆိုတဲ့သူတွေကိုဂုတ်ကနေဆွဲခေါ်ပြချင်ပါတယ်။
ဒါ..သတင်းတစ်ခုရဲ့အစပဲရှိပါသေးတယ်။
သိပ္ပံမောင်ဝနှစ်တစ်ရာပွဲသွားပြီးတစ်ခါတည်းသိပ္ပံမောင်ဝပါအင်တာဗျူးလုပ်ခဲ့ရမလားဆိုတဲ့သူ
မျိုးတွေနဲ့..ကလီရှေးနဲ့နစ်ရှေးကိုဘာလဲစဉ်းစားနေမယ့်သူတွေ..ဆက်ဖတ်စရာမလိုတဲ့ပွဲပေါ့..။
ကျွန်မလည်းအဲဒါပြန်ဖတ်ပြီးဘတ်စကားပေါ်ကနေပျော်ပျော်ကြီးဆင်းခဲ့လိုက်တော့မှလူလည်း
နေသာထိုင်သာတွေရှိသွားတော့တာ။ကျေးဇူးတင်ပါတယ်..ကိုကြွက်..။ကိုကြွက်ဆရာကိုကား
ကောင်းကောင်းပေါ်တင်ပေးလိုက်ပြီးကျွန်မ..ကတော့လမ်းဆင်းလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်
ဆိုတာလေးလည်း..ကိုကြွက်ဆီသတင်းပို့ပေးကြပါဥိး..။

မနော်ဟရီ


ချစ်သူ

Friday, March 6, 2009

ချစ်သူ


ချစ်သူဆိုတာ ငါ့အဘိဓာန်ထဲမှာ
အရာအားလုံးနဲ့ကင်းလွတ်တဲ့ ဝေါဟာရပါ...။

ပုံပြင်ထဲက မင်းသားလိုလဲ တင့်တယ်အပြစ်ကင်းတယ်
သံစဉ်ဖေါ့ဖေါ့လေးတွေနဲ့ငါ့ရဲ့နေ့သစ်တွေကို
အရောင်တင်ပေးတတ်သူလည်းဖြစ်တယ်....။

မှောင်မိုက်အတိပြီးတဲ့ ညတွေကို အခန်းဆက်စကားလုံးတွေနဲ့
လင်းချင်းစေနိုင်သူလည်းဖြစ်တယ်...။

ငါ့အပေါ်နူးနူးညံ့ညံ့ဖြာကျနေမယ့်
အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်...

ငါ့ရဲ့အနာဂတ်တွေကို ဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်
ပြီးတော့....အဲဒီအရာအားလုံးကို
ဖျက်ခြွေနိုင်သူလည်းဖြစ်သေးတယ်လေ...။ ။

မနော်ဟရီ