မိုးစဲပြီးစ...

Saturday, February 7, 2009

မိုးစဲပြီးစ...
ညက..
ရင်အပူချိန် ဒီဂရီ ၁၀၈နဲ့
လေဖိအားနည်းရပ်ဝန်းတစ်ခု
နှလုံးသားကိုဗဟိုပြုလို့
အလွမ်းတချို့ကိုရွာချလိုက်တာ
ရွှဲရွဲကိုစိုရော...
ချစ်သောချစ်သူလေးရေ..
မင်းကတော့ …
အေးစက်နေတဲ့ရာသီဥတုအတုတစ်ခုနဲ့
ဆောင်းအဖြူတွေကိုအံတု
မင်းယဉ်ကျေးမှုတွေနဲ့မင်း
ဟန်ဆောင်ခြင်းတွေနဲ့တင်းနေလိမ့်မယ်။
တကယ်ဆို
တို့ တကယ်ဝေးခဲ့ကြတာမှမဟုတ်တာ
မာယာတွေကိုလှည့်စား
ကံကြမ္မာကိုကိုယ့်ဘာသာကစားခဲ့ပြီးကြမှတော့
ကျလာတဲ့ကြွေတစ်ပွင့်ကို
ငါတို့ချင့်ယုံရတော့မယ်..
ကိုယ်သာလျင်ကိုယ့်ရဲ့အရှင်သခင်လို့ယုံစား
အမှားတွေကိုအထားအသိုမလွဲဖို့
ငါတို့ကြိုးစားကြရလိမ့်ဦးမယ်။
ဟော ဟိုမှာတွေ့လား
ရောင်စဉ်တွေကြားထဲကနံနက်ခင်း
ကိုယ့်အလင်းကိုယ်ဆောင်ကျဉ်းနိုင်တဲ့တစ်နေ့
ကိုယ့်တရားကိုယ်ခင်နိုင်တဲ့တစ်နေ့
မဝေးတော့တဲ့တစ်နေ့မှာ
ငါတို့ပြန်တွေ့ကြမယ်
ယုံတယ်။ ။
မနော်ဟရီ

မောင် craton ဆီကဆည်းပူးထားတဲ့ပညာနဲ့ပြောရမယ်ဆိုရင်တော့အငှားခံစားချက်ပေါ့..း)
ဒါပေမယ့် ဒီအလုပ်နဲ့ထမင်းစားနေတဲ့သူအတွက်ကတော့ အတတ်ပညာ ၉၀%လောက်ပါတယ်
ဆိုတာကိုသိထားရင်ဘယ်လိုပဲကိုယ်တိုင်ခံစားတယ်ပြောပြော အချင်းချင်းကတော့မယုံကြပါဘူး။
ရင်ဘတ်ကိုပုတ်ပုတ်ပြီးရေးနေတဲ့သူဟာဘယ်လောက်ထိရေးနိုင်မှာတဲ့လဲ...ပြီးတော့အနုပညာ
သမားရဲ့ဗီဇအရကိုမြင်မြင်သမျှကြားကြားသမျှခံစားပြီးသားဆိုတော့အတတ်ပညာနဲ့ပေါင်းလိုက်
တဲ့အခါ..ဒီလိုကဗျာတွေလည်းဖြစ်လာနိုင်တာပဲ။
ခုတလောရာသီဥတုကတော်တော်ပူတာ။အပူလှိုင်းဖြတ်နေတာကိုး။လူကလည်းနဂိုကခံနိုင်ရည်မရှိ
စိတ်တွေကညစ်၊ရန်ကုန်ကိုလွမ်းနဲ့ ရင်ထဲကအပူတွေနဲ့ကဗျာရောလိုက်တော့ ကဗျာတစ်ပုဒ်ဖြစ်
သွားရော...ယုန်ထင်ကြောင်ထင် ထင်ခံရလည်းအမြတ်ပဲပေါ့..ဟိုနေ့က သဉ္ဇာနွယ်ဝင်း ပုံကို
အမှတ်တမဲ့နဲ့ကိုယ့်ပုံထင်တာလောက်တော့မဆိုးလောက်ဘူးထင်တာပဲ..း)


Rose Language

Thursday, February 5, 2009

Valentine Dayရောက်တော့မယ်လို့ပြောနေရေးနေကြတာကိုတချို့စာမျက်နှာတွေမှာတွေ့ရလို့
သတိရပြီးဒီပုံလေးတွေကိုတင်လိုက်တာပါ။ကျွန်မတို့လိုမဂ္ဂဇင်းသမားတွေအတွက်ကတော့အဲဒီနေ့
က ဒီဇင်ဘာလကုန်တည်းကပြီးသွားပါပြီ။မယုံရင် ကျွန်မတို့နဲ့အတူဓါတ်ပုံရိုက်ခဲ့တဲ့ ရဲတိုက် နဲ့
သဉ္ဇာနွယ်ဝင်း ကိုမေးကြည့်နိုင်ပါတယ်။း)
ဒီကဏ္ဍပါတဲ့ ဖေဖော်ဝါရီထုတ်မဂ္ဂဇင်းတောင်မှပြီးခဲ့တဲ့ ၂၄ရက်တည်းကထွက်သွားခဲ့ပါပြီ။ကျွန်မ
တို့ကဘာမဆိုကြိုလုပ်ရတဲ့အတွက်အရာရာဟာနှစ်လစောနေတတ်တာမို့တကယ့်တကယ်ရောက်လာ
ချိန်မှာဘာမှမသိတော့တာများပါတယ်။အဲဒီချိန်မှာကိုယ်ကသင်္ကြန်တွေဘာတွေကျနေပြီလေ..း)..
မနေ့ညကအိပ်မပျော်တာနဲ့ပုံလေးစမ်းတင်ကြည့်တယ်။မရဘူး။အရောင်ကမည်းနေတယ်။အဲဒါနဲ့ပြန်ဖြုတ်
ပစ်လိုက်ပြီး စဉ်းစာနေတာ။နောက်မှသတိရတယ်။ ရုံးမှာကဖလင်ထုတ်မှာမို့CMYKနဲ့လုပ်ထား
တာကိုမေ့နေတာလေ။ RGBပြန်ပြောင်းလိုက်မှပဲကိုယ့်နှင်းဆီပန်းတွေစိုပြေလာတော့တယ်။..
တစ်ယောက်နဲ့တစ်ယောက်နှင်းဆီပန်းတွေကိုသင်္ကေတပြုလို့ပြောလို့ရတယ်ဆိုတာလေးကိုကလေး
တွေကို(ကလေးတွေလို့ပြောတယ်နော်...:P )ပြန်ပြောပြချင်လို့ ပုံကလေးတွေနဲ့အပင်ပမ်းခံပြီး
လုပ်ခဲ့တာပါ။ကူညီပေးခဲ့တဲ့ရဲတိုက်တို့နှစ်ယောက်ကိုလည်းကျေးဇူးတင်တယ်။သူတို့ကတော့ကလေး
ပီပီ ပန်းတွေနဲ့ပျော်နေတာပဲပေါ့..။
ကျွန်မကိုဒီ Rose Language နဲ့စတင်မိတ်ဆက်ပေးခဲ့တာက ကျွန်မတို့ငယ်ငယ်က မဂျူးရဲ့..
အမှတ်တရနာမည်ကြီးချိန်မှာအမှတ်တရကိုပြန်ရေးတာဆိုပြီးစာအုပ်တစ်အုပ်ထွက်ခဲ့တယ်။ဆရာနီ
မင်းဆွေပါ။သူ့စာအုပ်ထဲမှာစတွေ့ခဲ့တာဖြစ်ပါတယ်။အဲဒီကတည်းကမှတ်စုလေးနဲ့ကူးပြီးသိမ်းထားခဲ့
တာ၊ခုလိုကျတော့အသုံးဝင်သား၊တချို့ကိုတော့၊နောက်ပိုင်းအင်တာနက်မှာတွေ့တာတွေနဲ့ရောပြီး
အဆင်ပြေအောင်ရိုက်ထားခဲ့တာပါ။
တစ်ခုပဲပြောစရာရှိပါတယ်။ ဒိဇိုင်းကိုဘယ်လိုဆင်ပါလို့၊ပြောပြီးထွက်လာတာတောင်ဒီဇိုင်းပို့တဲ့အချိန်ကျ
မှုန်မှုန်မှိုင်းမှိုင်းနဲ့။ပြန်ပြင်ချင်တယ်ဆိုတော့၊ဖလင်ကထွက်သွားပြီ။အနားမှာရှိနေတာတောင်မှ၊မှားကြ
သေးတာ။ခုလိုဝေးတော့ကြည့်လို့ကောင်းသလားမမေးနဲ့။အရောင်မှားတာကထားတော့။စိုလွင်ပြီးလန်း
ဆန်းနေရမယ့်programမှာသူကလာမှိုင်းပြနေလေတော့၊နောက်ဆုံးတော့၊ကိုသိုးထိန်းတစ်ယောက်
အဲဒီရက်ပိုင်းမှာ moodမကောင်းလို့ထင်တယ်လို့ပဲဖြေလိုက်ရတော့တယ်။
မဂ္ဂဇင်းစလုပ်တုန်းကတော့၊အဲလိုဘယ်ရမလဲ။တစ်ခုခုမှားရင်မစားနိုင၊်မသောက်နိုင်၊မအိပ်နိုင်နဲ့။အား
လုံးက၊ကျွန်မကိုပြောရတဲ့စကားက...မနော်..စိတ်လျှော့...စိတ်လျှော့..တဲ့...
အဲဒီထက်ဆိုးတာတွေကရှိပါသေးတယ်။ ဒါကိုတော့နောက်များမှပဲပြောတော့မယ်။တော်ကြာမဆိုင်တာ
တွေပါလာတယ်ဆိုပြီးပြောနေဦးမယ်။း)
ဒါတွေအပြင်...
နှင်းဆီအရောင်ဖျော့ဖျော့လေးတွေဟာ ရင်းနှီးခင်မင်မှုကိုကိုယ်စားပြုပါတယ် တဲ့။
12 roses : Gratitude
25 roses : Congratulation
50 roses : Unconditional Love
တခြားလည်းဘာအရောင်နဲ့ဘာအရောင်တွဲရင်ဘာဆိုတာတွေရှိပါသေးတယ်။
သိပ်များရင်ရွေးရခက်နေမှာစိုးလို့ပါ။
ကလေးတွေအတွက်ဆိုပေမယ့် နုပျိုနေတဲ့ အစ်ကိုအစ်မတွေအတွက်ရော။ရွယ်တူတွေအတွက်ရော။မောင်
လေးညီမလေးတွေအတွက်ရောပါပါတယ်။
ကဲ..ချိုသင်းနဲ့ကေရေ..ပုံတွေပြန်ထုတ်ပေးလိုက်ပြီနော်။
သူတို့ကိုသာပေးဖတ်လိုက်။ပြီးပန်းတွေရောက်မလာရင်တော့..ကိုယ့်ဥပဒေနဲ့ကိုယ်စီရင်ပစ်လိုက်ပေတော့..း)





Single Red Rose : I always love you



Red Roses : I Love you



Single White Rose : Pure and Innocence



White Roses : I am worthy for you!



White and Red tapped together : A commitment or forthcoming marriage



White and Red Roses together : Unity



Single Pink Rose : Sympathy and Grace



Pink Roses : Young Love and Appreciation



Single Yellow Rose : I care about you



Yellow Roses : In old tradition, it means JELOUSY .


မနော်ဟရီ

Tuesday, February 3, 2009

သူ့ကိုတော့ကျွန်မသိပ်မသိဘူး။ပေါင်းလာတာတော့လူစဖြစ်ကတည်းကပါ။ဒါပေမယ့်သူ့ကိုသိပ်
နားမလည်ဘူး။ သူ့စိတ်က နုမလိုနဲ့မာတယ်။မာမလိုနဲ့ နုတယ်။ သူများတွေကဗျာနုနုလှလှလေး
တွေရေးရင်သဘောကျနေတတ်ပြီး သူ့ကဗျာတွေကျတော့ မာဆတ်ဆတ်နဲ့.လောကကိုမကျေ
နပ်သံတွေပါနေတတ်တယ်။ခပ်တည်တည်နဲ့စာတွေသာရေးနေတာသူ့ကိုယ်သူဘာမှန်းလဲသိပုံ
မပေါ်ပါဘူး။ ဒီမြစ်ကျဉ်းသုံးခုထဲက သူ့ကဗျာတွေက အစောပိုင်းပို့စ်တွေအဖြစ်တင်ထာပြီးသား ..။
ဒါပေမယ့် တစုတစည်းတည်းဖြစ်အောင်ရယ်၊အတူညီတဲ့စုစည်းမှု ကိုလက်တွေ့ခံစားစေချင်တာ
ရယ်ကြောင့် ပြန်တင်လိုက်ပါတယ်။ကဗျာအသစ်တွေကိုအရောင်ခွဲပြီးတင်ပေးလိုက်ပါတယ်။

အမှာစကား
ကျွန်မရဲ့မြစ်ကျဉ်းလေးက
တစ်ခါတစ်ရံ
တစ်ကိုယ်စာတိုးတိုးတိတ်တိတ်ကလေး
တစ်ခါတစ်ခါ
ညင်သာခြင်းကင်းမဲ့စွာ..
တစ်ခါတစ်ခါ
အရှိန်အဟုန်ပြင်းပြင်းနဲ့
တစ်ကိုယ်တည်းစီးဆင်းလာလိုက်တာ
ကျွန်မ…ပင်ပမ်းနွမ်းလျလှပါပြီ
ဒါပေမယ့်..
ခုထိ..
ကျွန်မ..ချိတ်ပိတ်ထားဖို့စိတ်ကူးလို့မရသေးဘူး။

မနော်ဟရီ

ဆုတောင်း

ငါ့အလွမ်းမတင်မီကာလ
မှတ်တမ်းမှတ်ရာမဲ့စွဲမြဲနေသောအဖြစ်အပျက်များ
ခုချစ်ကြည့်တော့လည်း
ပုံပြင်အဟောင်းတွေပဲထွက်ကျလာ။

ဒါဏ်ရာမပါသောဆေးစက်က
အရသာမဲ့သတဲ့
ချဲ့ ကားပြောတတ်တဲ့ရာဇ၀င်က
ငါ့သံခြေကျင်းတွေးကိုလာလာရိုက်
ကံကြမ္မာနဲ့ များဇာတ်တိုက်ထားရော့သလား။

ဘ၀ဟာ..
တစ်ခန်းရပ်အမဲလိုက်ပြဇာတ်ဆန်ဆန်
ဖန်တံတံနဲ့ 
နှစ်ချို့ ရမ္မက်တွေ
မွေးရာပါအတ္တတွေ
လူစဉ်မမီသောအတွေးအခေါ်တွေ
တော်တော်မှအခြေတကျရှိပါရဲ့လား..။

ခေါ်သံများနှင့်နားအံသေ
ကြားရသောခရီးစဉ်အထပ်ထပ်က
တရားကိုစောင့်သောနတ်များ
ငါ့အား…
ကြိုးကွင်းတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ …။ ။
မနော်ဟရီ



အချိန်

ငါဟာ. .
တဖြည်းဖြည်းဝေးလွင့်နေတဲ့တိမ်
ကျိမ်စာဖတ်မုန်တိုင်းတွေကြား
မြားအစင်းစင်းနဲ့ သွေးချင်းချင်းနီ
ကိုယ့်ကိုယ်ကိုပြန်ခေါ်ကြည့်တော့လည်း
အသက်မမီချင်တော့..။

ငါ့နောက်ကဘယ်သူလိုက်ခဲ့မှာလဲ
မိုးမစဲမချင်းခိုက်ခိုက်တုန်
ကံမကုန်သေးရင်လည်းပြန်မဆုံချင်တော့
လျော့ကြိုးတွေလည်းကုန်ခဲ့ပြီ..။

တောင်စွယ်မှာနေကွယ်ပြီဆိုပါတော့
ဇက်ပေါ်ကျလာမယ့်ဓါး
အဲဒီအခါကျမှမမှားဖို့ လိုတယ်..၊
အမှာစကားတွေလည်းမမှာကြားလိုတော့
သွားနှင့်ကြပါ…
ငါကားတိုင်ငါထမ်းပြီးလိုက်ခဲ့မှာပါ..။

အိပ်မက်တွေကနီတယ်
အနာဂါတ်ကမှောင်တောင်တောင်နဲ့ 
အရောင်တွေလွင့်နေတတ်တဲ့ငါ..
တဖြည်းဖြည်းမှိန်ဖျော့ပါးလျားလာခဲ့..
ငါကနေကွယ်တော့မယ်..။ ။
(၁၈.၉.၀၄)
မနော်ဟရီ


နောင်တ

ကိုယ့်တောင်တန်းကိုကိုယ်စွန့် ခွာခဲ့တဲ့ညက
ကိုယ့်ရောင်ခြည်မှာအမှောင်တွေသန်းလို့ 
ကိုယ်တို့ မိုးချူပ်ကြတော့မယ်။

ဆေးရောင်တွေလွယ်လွယ်ကူကူခြယ်ခဲ့မိကြတဲ့
၉၃…
ကိုယ်ကရင့်ကျက်ချင်တုန်းပဲ..။
မင်နီတံကိုင်ရင်းကြက်ခြေတွေခတ်
ကိုယ်က..
သိပ်စကားမတတ်တဲ့ကံ့ကော်အိုလို..။

လမိုက်နေတုန်းပါပဲ
ကမ္ဘာဟာလည်နေလျက်ကရပ်တံ့
သက္ကရာဇ်တွေကငါ့ရှေ့ မှာသွေးပျက်စွာခန့် ညားလို့ ..။

ရထားအိုလိုအတွေးတွေနဲ့ 
သက်ပြင်းတဖိုဖိုရှိုက်ငိုခဲ့ရ
၉၅ ရဲ့ ညတွေလည်းခုထိမိုးမစဲနိုင်သေး..။

အဲဒီလိုမလွယ်ကူခဲ့ကြပါဘူး
ရှုံးနိမ့်ခဲ့ဖူးသူတိုင်သိမှာပါ…
အမာရွတ်ဟာစကားတတ်တဲ့ငှက်တစ်ကောင်လိုပဲ
အရိပ်သုံးပါးနဲ့ အဝေးကြီးဝေးခဲ့..။

ခရီးကဝေးတုန်းပဲလား
စမ်းတ၀ါးဝါးနိုင်လွန်းတဲ့ကြယ်ကလေး
အတိတ်ရေးရေးတွေထဲပုန်းအိပ်
ကိုယ်ကခုထိတိတ်ဆိတ်နေရတုန်းပါပဲ..။ ။
မနော်ဟရီ


သေတမ်းစာ

ငါ့ကိုပြန်ထွန်းညှိဖို့ မကြိုးစားပါနဲ့ တော့
ငါဟာတောင်စဉ်မရေမရာဖြစ်သွားခဲ့ပြီးပြီ..
ငါ့ရင်ဘတ်ကစောင်းကြိုးတွေကိုငါဖြတ်
ငါ့ကိုယ်ငါဇက်ကြိုးပြန်ပြန်တပ်နေရတယ်..
ငါ့ကိုယ်ငါ..ချုပ်သိမ်းငြိမ်းသတ်ဖို့ ကြိုးစားပြန်တော့လည်း
ငါ့အမှိုက်. .ငါ့သဲ..ငါ့ခဲတွေကငါ့ပဲပြန်စင်….
ငါ့မှာကကယ်တင်ခြင်းတပ်မရှိဘူး
ငါ့ရဲ့မိဝေးဖဝေးနှလုံးသားလေးထဲမှာ
ငါ့ဘာသာယက်ဖောက်ထားတဲ့ဘ၀ကွန်ယက်
ငါ့လက်မှာသွေးတွေထွက်လို့ ..။

ခင်ဗျားတို့ ဘယ်လိုအော်ခေါ်အော်ခေါ်
..တော်တော်နဲ့ ကြားနိုင်တော့မှာမဟုတ်ပါဘူး
အဆိပ်တွေစူးနစ်ထားတဲ့နာရီ
သက္ကရာဇ်တွေသိပ်ကြာသွားခဲ့ပြီးပြီ
ဇီဝကဆိုတာကလည်း..
ဒဏ္ဍာရီထဲမှာပဲဆေးစွမ်းနိုင်တာမျိုး…။

တစ်ခုပဲကူညီပေးကြပါ..
ငါသေဆုံးလွန်မြောက်သွားတဲ့အခါ
ငါ့လက်ထဲက..ငါမြတ်နိုးရာသရ၀ဏ်ကြယ်စုလေး
ငါ့ကောင်းကင်ဆီပို့ ပေးကြပါ..။

အဲဒီအခါ
ပြာရီမိုးမှုန်မိုးစက်တွေနဲ့ ရောနှော
ငါမပြောပြချင်တဲ့ငါ့ရဲ့ပုံပြင်
တောလမ်းလေးတစ်ခုမှာထင်ကျန်ခဲ့ရစ်ပါလိမ့်မယ်..။ ။
မနော်ဟရီ


ဒိုင်ယာရီများ

ရက်စွဲတွေကိုအလွတ်ရနေတဲ့အခါတိုင်း
ဖြစ်ရပ်တွေကိုတမင်မေ့လျော့ပစ်လိုက်ရ
အစိမ်းချုပ်ချက်တွေကနာတယ်။

မျက်နှာစိမ်းတွေ
ဒဏ္ဍာရီတွေ
Ripleyရဲ့ရတနာတွေ
အမာရွတ်စမ်းမိတဲ့အခါတိုင်း…မယုံနိုင်ဖြစ်တုန်း။

အဲဒီအချိန်မှာ
စာရွက်ပြာတွေကိုငေးရင်း
မိုးတိမ်ဖြစ်ချင်တဲ့စိတ်
ကြိတ်မှိတ်မျိုချ။

နှစ်ပရိစ္ဆေတတွေကြာတဲ့အခါ
မင်ပြာတွေကစာရွက်အ၀ါတွေကိုစား
စာရွက်အ၀ါတွေကငါ့ကိုစား
အစိမ်းရောင်တွေသာသန်မာကြီးထွားလာခဲ့။ ။
မနော်ဟရီ


အမြဲစိမ်းမိုး

နောက်ဆုံးစကားတစ်ခွန်းနဲ့ ပြဒါးလမ်းလွဲခဲ့ရုံလေးပါ
ခုနေခါမှာတော့မေမေ့မျက်ရည်တွေက
တိမ်တွေလိုရင်ထဲမှာအုံ့ ခိုလို့ ..။

မမိုက်ဖူးလို့ မိုက်ကြည့်ခဲ့တာမဟုတ်ပါဘူး
မှတ်လောက်သားလောက်ရှိလို့ လှည့်ကြည့်လိုက်မိတော့မှ
ပြန်စရာလမ်းကပျောက်နေခဲ့..။

အမြဲစိမ်းသစ်တောတွေနေတဲ့အရပ်ဟာ
အမြဲတမ်းမိုးရွာရသတဲ့လား
ခြေကုန်လက်ပမ်းကျလှပါပြီ..
နေရောင်ခြည်တွေကိုနာကျင်နွမ်းလျ
မေမေ..
နောက်တစ်ခါကျရင် .. ကျွန်မ
မျက်ရည်မကျချင်တော့ဘူး. ။
မနော်ဟရီ



အိမ်ပြန်ချင်တယ်

ငါ့ကောင်းကင်တံစက်မြိတ်မှာတွဲခိုစောင့်စားနေကြမယ့်
ငါ့ရဲ့ မွန်မြတ်သန့် စင်သောချစ်ခြင်းမေတ္တာ
ငါဟာနာတာရှည်အလွမ်းတွေနဲ့ ခရီးသည်ပါ..။

ကံကြမ္မာလို့ အမည်တပ်ထားတဲ့ အဲဒီမိစ္ဆာကြီးသာမရှိခဲ့ရင်
ငါတို့ လည်းခရီးရှည်တွေဘယ်ထွက်ချင်ပါ့မလဲ..
ခုတော့အိမ်အလွမ်းတွေနဲ့ နစ်မွန်းရင်းခရီးရှည်…။

ရာသီဥတုကဆိုးလွန်းတယ်
ခရီးလမ်းတွေကသေချာမမြင်ရဘူး
နေရောင်ဆိုတာကအဝေးကြီးမှာပေါ့..။

မိုးလေကင်းစင်တဲ့တစ်နေ့ 
မြူတိမ်ကင်းစင်မဲ့တစ်နေ့ 
အဲဒီလိုနေ့ တစ်နေ့ များယောင်မှားပါလာလေဦးမလား…။

အိမ်ပြန်ချင်တယ်
အလွမ်း
စိတ်တစ္ဆေအနမ်းနဲ့ 
အိပ်မက်ကိုထမ်းပြန်ခဲ့တဲ့ညက
ငါ့တံခါးဝမှာ
နေရောင်တွေလက်ဖြာလို့ …။
မနော်ဟရီ



ရေလွှမ်းမိုးခြင်း

အိပ်မက်တွေကို
ပင့်သက်လေးလေးတွေနဲ့ 
မှုတ်သိမ်းငြိမ်းသတ်လိုက်တဲ့အခါ
နိဗ္ဗာန်ဘုံဆိုတဲ့တံခါးဝမှာ
ငါဟာ..အပြီးတိုင်ပြာကျလို့ ။

ဆိုကြပါစို့ 
ငါတို့ မိုးလည်းရွာခဲ့ပြီးကြပြီ
လူသတ်သမားတွေနဲ့ လည်းဖက်လှဲတကင်း
မျှော်လင့်ခြင်းအသေတွေကိုနှိုးဆွ
မငြိမ်းချမ်းခဲ့ကြတဲ့အချိန်မှာ
မုန်တိုင်းကရောက်လာတယ်..။

ဘာများတတ်နိုင်ကြလို့ လဲ
ငါတို့ ရဲ့ မွေးရာပါနှလုံးသားတွေကိုထုတ်
အလံဖြူလုပ်ပစ်ရတာနှမျောစရာ..။

မင်္ဂလာပါငှက်ကလေးရေ
မင်းပျံသန်းတဲ့အခါ ငါတို့ ကိုသတိရပါ..
ငှက်တွေသာပျံသန်းနိုင်တဲ့လမ်းကြောင်းမှာ
တရေးရေးဖြတ်သန်းဆုတ်ခွာခဲ့ရတဲ့ပြာမှုန်များ
သင့်အားလက်ပြနှုတ်ဆက်
တစ်နေ့ ..ငါတို့ ဆက်ဆက်ပြန်လာခဲ့ကြမယ်..။
မနော်ဟရီ


အဖြူရောင်

အလင်းပွင့်တွေကအဖြူရောင်
မမြင်ရသောကြိုးတွေကအဖြူရောင်
ငါ့ကောင်းကင်ကလည်းအဖြူရောင်ပါ..။

ငါမိုးရွာချဖို့ လည်းစိတ်မကူးခဲ့ပါဘူး
တိမ်တွေကိုကျောက်ချ
အတိတ်မှာအိပ်မွေ့ ချထားခဲ့တာပဲ..။

ဘာများမှားသွားခဲ့လို့ လဲ
ဘာများမှားသွားခဲ့လို့ လဲ
တိမ်တိုက်ဆန်သောမေးခွန်းတွေကပူတယ်…။

မိုးခါးရေတစ်စက်အတွက်မျှော်လင့်ချက်မျိုးဆိုရင်
သင့်ကောင်းကင်တစ်ခုလုံးနီစွေး
ကြက်ခြေခတ်တွေဖွေးသွားလိမ့်မပေါ့..။

အဖြူရောင်အနာဂါတ်
သင်ချစ်မြတ်တတ်ခဲ့မယ်ဆိုရင်
ငါ့ကောင်းကင်ကနေဆောင်ကျဉ်းပေးခဲ့ပါ့မယ်..။

(အဲဒီအခါ..)
အဖြူရောင်နှင်းစက်အေးမြတွေရဲ့အောက်
လင်းတောက်နေမယ့်သင့်ကောင်းကင်
ကြည်စင်နေခဲ့မှာပေါ့ကွယ်..။
မနော်ဟရီ


လိုအပ်ချက်

နောက်ဆုံးတေးသွားများနှင့်ကျဉ်းမြောင်းလိုက်ရသော
ငါ့အနာဂါတ်..
ငါတကယ်ချစ်တတ်ခဲ့တာပါ…။

ယုတ္တိယုတ္တာတွေဟာလိုအပ်လို့ လား
နတ်သိကြားတို့ ၏အကူအညီနှင့်
ရင်ထဲကကျောက်ဖျာပဲတင်းစေချင်..။

ခဏမေ့ထားလိုက်ပါ
” ချစ်ခြင်းမေတ္တာ” ဟာမာယာတွေလောက်အရေးမပါမှတော့
တစ္ဆေတွေဆော့ကစားတဲ့ပွဲမှာ
တရားခံဆိုတာလည်းမရှိနိုင်တော့...။

ဆောက်ချက်မိထားပြီဖြစ်သောသက္ကရာဇ်
တဖျတ်ဖျတ်လွင့်ဝဲနေသောရက်စွဲများ
မြူခိုးများနှင့်ထူထပ်နေသောသံသရာ
ဒါဏ်ရာတွေကပိုချိုလာတယ်…။

တတိတိလွင့်စင်ပဲ့ပါသွားသော
မျှော်လင့်ချက်
စွဲချက်တွေအထပ်ထပ်နဲ့ တရားခံ
အမှန်တရားသာပါခဲ့ရင်
ကြိုးစင်ဝင်ပြီးလောက်ပြီ..။

ခန်းနားသပ်ရပ်
ကြီးကျယ်မြင့်မြတ်လှတဲ့ဘီလူးဇာတ်
Cut….။

နတ်ကောင်းနတ်မြတ်များ၏မှိုင်းမမှုဖြင့်
အော်စကာတွေ..အကယ်ဒမီတွေအကြိမ်ကြိမ်ရ
တစ်ချိန်ကဇာတ်တော်ထဲကဗီလိန်
မိန်ရာသီရဲ့နောက်ဆုံးခရီးသွားလက်မှတ်
ပြတ်သားတတ်မှုများ
ငါ့အားပေးခဲ့ပါ..။
မနော်ဟရီ




ကိုယ့်ကိုယ်ကိုစစ်ဆေးခြင်း

ဦးအောင်သင်း ပြောခဲ့ဖူးတဲ့
ပညာတတ်မာန ဆိုတာကြီးနဲ့
အဓိပတိကနေဖြတ်လျှောက်လာတာ
ခုထိ အသားမသေသေးဘူး
Depression တွေကသာတစ်ကိုယ်လုံးဖုံးနေတာ
မာန ကကြီးချင်သေးတုန်း
အကြီးစားလူရိုသေရှင်ရိုသေကိစ္စတွေနဲ့
လမ်းကြောင်းရွေးနေသေးတဲ့ ကျွန်မ ပေါ့။

အမေ..
တစ်ခါမှလက်မခံချင်ခဲ့တဲ့နောင်တတွေက
ကင်းပုန်းပြုန်းနေတဲ့
ယုံကြည်ချက်တံခါးဝမှာ
တစ်ခါတစ်ခါ လှောင်ရယ်သံတောင်ကြားရသေး
ကျွန်မ အရှုံးမပေးနိုင်ပါဘူး
ဘေးကြပ်နံကြပ်ဘ၀ကြီးထဲမှာ
ကြပ်ခဲလေးလံနေတဲ့သောကထုထည်တွေနဲ့
ကျွန်မရှေ့ဆက်ခဲ့ပါတယ်
ဘယ်လိုအကောင်းစားအောင်မြင်မှုတွေကများ
လှည့်ဖျားထားသလဲ လို့မတွေးလိုက်ပါနဲ့
ရသမျှနဲ့ ရောင့်ရဲကျေနပ်ပစ်လိုက်ဖို့ပါ..
ဒါနဲ့တောင်..
ရောင့်ရဲသလောက်မရရှိခဲ့တာလေ..။
တစ်ချိန်က
ကျွန်မက အဖေ့ခြေရာနင်းချင်တယ်
အဖေက လမ်းကြောင်းသစ်ထွင်ပေးတယ်။
(သူ့ခြေရာတွေမှာဒါဏ်ရာတွေနဲ့….တဲ့)
ကျွန်မက ကိုယ့်လမ်းကိုယ်ဖောက်လျှောက်ခဲ့တယ်
ကျွန်မမိုက်မဲခဲ့ပါတယ်
(နောင်တတော့မရခဲ့ပါဘူး)
ကျွန်မရဲ့ ယုံကြည်ချက်တွေဟာ
အပြစ်ကင်းသလောက်အဆိပ်သင့်ခဲ့ပါတယ်
ဒီလောက်ရင်နာစရာကောင်းတာတောင်
ကျွန်မကရင် မနာနိုင်သေးဘူ
ဟောဟို..ကံ့ကော်တင်းကုတ်လေးကို
မခွာချင်သေးဘူး
ရူးရူးနှမ်းနှမ်းပေးဆပ်မှုတွေအတွက်
ငှက်ကုလားအုတ် စစ်စစ်ကြီးတွေ
နာကျင်စွာပျက်ရယ်ပြုမှုကို
အမြဲခံရသူပါ။

ဘုရားသခင်
ဘယ်သူဟာ
မပျံသန်းနိုင်တဲ့အတောင်ပံတွေကို
လှလှပပတပ်ဆင်ပေးခဲ့ပါသလဲ…
ခက်တာက
ဒါပဲ ကျေနပ်ခဲ့ကြရတာလေ..
…….ခန္တီစတွေ
မကျဖြစ်လိုက်လို့အစိုင်အခဲဖြစ်နေတဲ့မျက်ရည်တွေ
ကြိတ်ရှိုက်ပစ်လိုက်ရတဲ့သက်ပျင်းမောတွေ
မဖြစ်တည်လိုက်ရတဲ့ဒေါသတွေ
အခွင့်မရခဲ့တဲနာကျည်းမှုတွေ
အဲဒါတွေနဲ့တည်ဆောက်ထားသူဟာ
ကျွန်မ..
တစ်ခါမှမရရှိဘူးတဲ့အတွက်
တစ်စုံတစ်ယောက်က
ချီးမြောက်ခဲ့ရင်တောင်မှ
သံသယအပြည့်အစုံနဲ့
မယုံမကြည်ဖြစ်နေမိဦးမှာပါ..။

တစ်ခါတစ်ခါ
ငါ..ဘယ်ရောက်နေပြီလဲလို့
ကိုယ့်ဘာသာကိုယ်ပြန်လည်ဖွေရှာရင်း
ခရီးပြင်းနှင်နေတာရောသေချာရဲ့လား
ဘယ်လမ်းမှာများပြေးလွှားနေမိတာလဲ
ကိုယ့်ကိုယ်ကိုစစ်ဆေးရင်း
နင်းထားတဲ့ခြေထောက်အောက်ကလမ်းမှာ
လည်ပတ်မှုတွေများပါနေခဲ့သေးလား
သံသယတွေနဲ့
ကျွန်မ
ဘယ်လိုအကောင်းစားပန်းတိုင်ကိုမှ
မရောက်ခဲ့သေးတာသေချာပြီး
ပန်းတိုင်လည်းမရေရာချင်တော့တဲ့ကျွန်မ..
ဒါဏ်ရာ၇နေတဲနှလုံးသားကိုလည်းကိုယ်ချင်းမစာ
ခြေထောက်တွေနဲ့လည်သဟဇာတမဖြစ်
ဦးနှောက်နဲ့လည်းပွဲကြီးပွဲကောင်း
အဲဒီအကောင်းစားကျဆုံးမှုကြီးမှာ…
တရားခံဟာ…
………………………….
……………………..။ ။
မနော်ဟရီ (၁၉၉၆)
၁၉၉၆တုန်းကရေးထားတဲ့ကဗျာပါ။ခုထိလည်း သိပ်တော့မထူးသေးဘူးထင်တာ
ဒီကဗျာကိုထည့်ဖြစ်အောင်ထည့်လိုက်တာဖြစ်ပါတယ်။





ငယ်ငယ်တုန်းက မကြည့်ခဲ့တဲ့ရုပ်ရှင်


ကလေးဆို ရင်လည်း မျက်စိကို စုံမှိတ်
မေမေ့နောက်မှာတိတ်တိတ်ကလေးပုန်းနေမှာပေါ့
ခုတော့…
သားချော့တေးတွေကိုလွမ်း၊ ပုံပြင်တွေကိုလွမ်းနဲ့ 
မျက်ရည်တွေလည်းခမ်းခဲ့ပေါ့ ။

မေမေရေ …
အော်စကာဆုတွေတပွေ့ တပိုက်နဲ့ မင်းသား
ကျွန်မခြေဖျားလက်ဖျားတွေအေးစက်လို့ ပေါ့
ဒါဟာ ပိုင်နိုင်တဲ့အနုပညာတဲ့လား
အဲဒီကံကြမ္မာကမှားနေတယ်။

တကယ်ဆိုရင်
ဇာတ်သိမ်းတိုင်းမှာလွတ်မြောက်မှုပါတာမှမဟုတ်တာ
ဇာတ်အလည်ခေါင်တည့်တည့်မှာ ဗီလိန် ဟာအစွမ်းပြ
ဘယ်သူကမှလည်းတရားမပြကြဘူး..။

မှိန်ပြပြမီးရောင်အောက်ကမျက်ရည်
မေမေမြင်ရလား…
ကျွန်မစိတ်မခိုင်တာသိသားနဲ့ 
အဲဒီနံပါတ် ၁၃ ထိုင်ခုံလက်မှတ်
ဘယ်သူဖြတ်ပေးလိုက်မှန်းမသိဘူး။ ။
မနော်ဟရီ




နောဧသဘောင်္ပေါ်ကည


”ကံကြမ္မာ” တဲ့လား
ဓါးစာခံသက်သက်အကောင်ပါ
ပစ်ပေါက်ခံထားရတဲ့ဓါးချက်များ
အမြဲလိုအသင့်ဖြစ်နေတဲ့လက်ညှိုးများ
ခင်ဗျား…ကျန်းမာရေးကောင်းပါစေ။

လောကရဲ့ တရားဓမ္မ
နှလုံးသားအထူအပါးမတူကြတဲ့အခါ
ငါကြားနာချင်တဲ့ . . .့ နရီ…ဂီတ
ငါ့ဆီဖြတ်ပိုင်းပြန်မလာကြတော့။

တစ်ခုခုပြောစမ်းပါ
အရာရာဟာအမြဲတမ်းလွဲချော်နေတတ်သလား
ဘုရားသိကြားမလို့ 
ငါတို့ ဆုံးရှုံးမှုများနဲ့ ငါ..
ဘ၀ခြားနေခဲ့ပါစေ။

ညီမလေးရေ…
မမြင်နိုင်သောအနာဂါတ်နေ့ ရက်များကို
ရှုရှိုက်ဖို့ မျှော်လင့်ရင်း
ပုံသေနည်းများနဲ့  နက္ခတ္တပညာရှင်များ
ရာသီမှားခဲ့ကြတဲ့ပွဲမှာ
ဘာလို့ အနီကဒ်တွေလမ်းမှားပါလာရတာလဲ။

လက်ရည်တူခွင့်မရသောပြိုင်ပွဲများနှင့်
ဟာမူရာဘီ၏ ကိုဓ ဥပဒေ
သက္ကရာဇ်တွေပြိုခဲ့တာသေချာရဲ့လား။

အရော်အစားကြီးမားလွန်းသော
သံသရာ
ဝဋ်ကြွေး
ကိုယ်ပိုင်ဆန္ဒနှင့်နှုတ်ထွက်ခွင့်မပေးသော ကမ္ဘာ
စကြ၀ဠာရဲ့ အမှန်တရား
….တစ်ခုခုမှားနေခဲ့တာတော့သေချာတယ်။

အမှတ်တမဲ့နှင့်လစ်လျူရှုခဲ့ကြသော
ကိုယ်ကျင့်တရားအမှားများ
ကျနစွာစုပုံအေးခဲသွားသောအခါ
ကံကြမ္မာ
သံသရာ
ကမ္ဘာ
ဂီတ… ငါ…..မင်း…
ဘီလူးသီချင်းတွေကတောင်ပျင်းစရာကောင်းလာတယ်။

အတိတ် ပစ္စုပ္ပန် အနာဂါတ်
ကာလ သုံးပါးကိုမဖတ်ရှုတတ်တဲ့
မစ္ဆိများရဲ့ခြုံခိုတိုက်ခိုက်ခြင်းကကင်းဝေးတဲ့
ကောသလမင်းကြီးအိပ်မက်မမက်ခင်ည
ငါတို့ ပိုင်ဆိုင်ခွင့်ရခဲ့ရင်…..။ ။
မနော်ဟရီ




၁၄ဒီဇင်ဘာဆုတောင်း
ဘယ်လိုအရာတွေက
ငါ့လဘ၀မှာလာရောက်ယိမ်းထိုးကခုန်နေတာလဲ
အမြဲတမ်းမကောင်းတတ်တဲ့ကံကြမ္မာက
ငါနဲ့မှ….တိတိပပ..သက်ဆိုင်သတဲ့လား
တရားသဖြင့်ကျေအေးလိုက်ရအောင်ကလည်း
ငါက…
ဘ၀မှာအနိုင်ဆိုတာဘာမှန်း ဂဃနဏမသိခဲ့တဲ့သူ။
………………………….
စစ်ကူတဲ့လား
ရေနစ်တဲ့သူဝါးကူလို့ထိုးထားသော
ဝေါဟာရတွေများလွန်းတဲ့အဘိဓာန်
တစ်ကယ့်တကယ်ကျ…ဘာမှအသုံးမ၀င်ပြန်ဘူး
………………….
သွေးရူးသွေးတန်းတွေသာခုန်ဆင်းထိုးကျလာတဲ့
၁၃ ရက်ည
အဲဒီဘ၀ကို..ငါ
စက်ဆုပ်နေတာကြာပြီ
သွေးချင်းချင်းနီနေတဲ့တောင်ကုန်း
အရှုံးနဲ့မပတ်သက်သောအလံဖြူ
ငါ..မစိုက်ထူချင်ခဲ့သောမျက်ရည်
Chironရေ..
ငါ..ကြေကွဲမှုတွေကိုမုန်တတ်ပါတယ်
လေထဲမှာမြောက်တက်ကြန့်ကြာနေသော
အံစာ…
မြေပေါ်ကျလာခဲ့ရင်..
ဘုရားသခင်..!
အရှင်မကစားခဲ့သောကြွေပွဲများအတွက်
ပြင်ဆင်ချက်ပေးခဲ့ပါ။ ။
မနော်ဟရီ




ကံမကောင်းတဲ့နေ့

ငြိမ်နေတော့လည်း
မီးခဲပြာဖုံးလို့တဲ့
တိုက်ပစ်လိုက်ပြန်တော့လည်း
မီးလောင်ရာလေပင့်တဲ့
ခက်ပဲခက်ရချည့်……..။ ။
မနော်ဟရီ


ဧထက်

Monday, February 2, 2009

ဧထက်နဲ့ကျွန်မကတော့ ရာစုသစ်မြစ်ကျဉ်းကိုစလုပ်မှသိကြတာပါ။
နောက်ပိုင်းမှာမကြာခဏတွေ့ဖြစ်တယ်။သူက city FM မှာကဏ္ဍများစွာကို
ဖန်တီးနေသူဖြစ်လို့ပါ။တစ်ခုခုဆိုကျွန်မတို့ကိုခေါ်ပြီး ဒုက္ခပေး ..အဲ..ဟုတ်
ပါဘူး..စင်တင်ပေးတတ်တယ်။ကျွန်မတို့ကိုအသံနဲ့ပရိသတ်ကိုနှိပ်စက်စေတာ
ပါပဲ။ သီချင်းတွေလည်းအများကြီးရေးခဲ့တာမို့သူ့မှာအနုပညာကတော့ပြောစရာ
မလိုသလိုဝမ်းစာလည်းအတော်ပြည့်ပါတယ်။ တစ်ခါတစ်လေသူအားထည့်ပြီး
လုပ်ထားတဲ့ ပရိုဂရမ်တွေကိုကြည့်ရင်သူ့မှာဘယ်လောက်ဝမ်းစာပြည့်တယ်ဆို
တာသိနိုင်ပါတယ်။အဲဒါတွေနဲ့နပမ်းလုံးနေလို့စာမရေးဖြစ်တာလည်းကြာပေါ့..။
ခုလိုပြန်ရေးတော့လည်း.ဧထက်အစစ်ကိုကျွန်မတို့ပြန်တွေ့နေရဆဲပါ။

အမှာစကား
မရေးဖြစ်တာကြာတဲ့ကဗျာတွေကို
မဆုံဖြစ်တာကြာတဲ့သူငယ်ချင်းတွေနဲ့
ကဗျာမြစ်ကျဉ်းအသစ်မှာ
ပြန်လည်စီးဆင်းဖြစ်ခြင်းက
အမှတ်တရ…
ဧထက်


၁ မညီမျှခြင်း ၂
(၁)အကာအကွယ်
မင်းရှေ့မှာမားမားမတ်မတ်
ငါ..ရပ်နေပေးမယ်။

(၂)အကာအရံ
ကျွန်တော့်ထံလာသောအလင်းတန်းများ
စိတ်မှန်းနဲ့သာခိုးယူလင်းမြရတော့တယ်။ ။
ဧထက်


အင်္ကျီတစ်ထည်လောက်

ငါ့နှလုံးသားကို
ဝတ်မှုန်ကူးယူသွားတဲ့ပန်းတစ်ပွင့်
ဧည့်ခန်းဆောင်မှာကျော့ရရော့  ။
ပွင့်ချပ်အသွယ်သွယ်ကို
ဝယ်မ၀တ်နိုင်တဲ့ငါ့မှာသာ
ကြွတ်ဆတ်ခြောက်ခမ်း..ပန်းမမည်တော့။ ။
ဧထက်


သက်သေ
ပန်းတွေလည်းပန်းတွေအလျောက်
ကြယ်တွေလည်းကြယ်တွေအလျောက်
သူ့နည်းသူ့ဟန်နဲ့ပွင့်ကြ…ဝေကြ။
ပန်းတွေလည်းပန်းတွေအလျောက်
ကြယ်တွေလည်းကြယ်တွေအလျောက်
သူ့နည်းသူ့ဟန်နဲ့လွင့်ကြ..ကြွေကြ..။
မနေ့ကမြေပြင်နဲ့ဒီနေ့မြေပြင်
မနေ့ကကောင်းကင်နဲ့ဒီနေ့ကောင်းကင်
လုံးဝဆင်တူမဟုတ်တဲ့အကြောင်း
သူ့နည်းသူ့ဟန်နဲ့..သက်သေပြ။ ။
ဧထက်



သက်သေ(၂)

သက်သေကပြောတယ်
သူကိုယ်တိုင်မြင်ရတာပါ..တဲ့။
သက်သေကပြောတယ်
သူကိုယ်တိုင်ကြားရတာပါ..တဲ့။
အဲသည်သက်သေကပဲ
သူ့ရဲ့ထွက်ဆိုချက်တွေအတွက်
စစ်ချက်ကောက်ခံသူကို
ဘာဆိုဘာမှမမြင်ရတဲ့စကားနဲ့
နားရွက်တွေကိုဝှက်ထားပေးပါတဲ့။
ကဲ..
ကမ္ဘာကြီးလုံးနေတယ်ဆိုတဲ့အကြောင်း
သက်သေကောင်းကောင်းရှိပါတယ်။ ။
ဧထက်

အခြေအနေအရ
သံဆူးကြိုးခွေထဲငြိနေတဲ့ခွေးတစ်ကောင်လို
ရုန်းလေ ရှလေ ရုန်းလေ ရှလေ
တစ်ခါတစ်လေ ..ငြိမ်နေတာကပိုကောင်းတယ်။

ရေတွင်နက်ထဲကျနေတဲ့လူတစ်ယောက်ခင်ဗျာ
ကြာလေ မွန်းလေ ကြာလေ မွန်းလေ
တစ်ခါတစ်လေ ရုန်းထွက်နိုင်မှလွတ်မြောက်မယ်။

ငြိမ်သက် ရုန်းထွက်
ဆုံးဖြတ်ချက်ဆိုတာက
အခြေအနေအရပါပဲ။ ။
ဧထက်


ဘာသာပြန်ကဗျာ
ကျွန်တော်အရွယ်ရောက်စကတည်းက
အဖေပြောနေကျစကားတွေပါလေ..
ကျွန်တော်ကပြန်ပြီးဖောက်သည်ချပါရစေ..။
သားရေ
ဘယ်မိန်းကလေး(ချစ်သူ)အကြောင်းမှ
ဒိုင်ယာရီထဲထည့်မရေးနဲ့ကွ
ဘယ်မိန်းကလေး(ချစ်သူ)နဲ့မှ
နှစ်ယောက်တည်းတွဲပြီးဓါတ်ပုံမရိုက်နဲ့ကွ..
နောက်ဆုံးပြောမယ်ကွယ့်
မနက်ဖြန်မနက်မင်္ဂလာဧည့်ခံပွဲစီစဉ်ပြီးပြီပဲထား
မယူခင်မမှားစေနဲ့ကွ တဲ့
ဒီအရွယ်အဖေ့စကားကို
အခုလိုဘာသာပြန်နားလည်လိုက်ပါတယ်။
သားရေ
ဘယ်တစ်ယောက်တစ်လေကိုမှမယုံနဲ့…
(ဘယ်လောက်ပဲသေချာသေချာ)
ကံကြမ္မာဆိုတာကိုမယုံနဲ့…လို့
ဒီလိုဆိုချင်ပုံရပါတယ်။
နောက်ဆုံးနားလည်လိုက်တာက
မိန်းကလေးတိုင်းကို
ကျွန်တော့်အမေလိုလေးစားစေချင်တယ်ဆိုတာပါပဲ..။ ။
ဧထက်


Dialogues and Questions

(၂)
စိတ် ပါးပါးလေးပုတ်လိုက်တာပါ
အသိ မင်း…ငါ့ကိုယုတ်မာမယ်မှန်းသိသားပဲ
မှတ်ချက် (ပွဲစားတစ်ယောက်အားပြောခဲ့သည့်စကား)
(၃)
စိတ် အတုံးလိုက်အတစ်လိုက်ကျွေးလိုက်တာပါ
အသိ မင်း ..ငါ့ကိုကိုက်မယ်မှန်းသိသားပဲ…
မှတ်ချက် (ခွေးတစ်ကောင်အတွက်
နေမြင့်မှန်းသိလျက်ကျွေးရက်ခဲ့သည့်စကား)
(၄)
စိတ် တစ်ကယ်ကိုရက်ရက်ရောရောနဲ့ပါ
အသိ ဒီနေ့မနက်စာငါမစားပဲကျွေးပါ့မယ်
မှတ်ချက် (သိက္ခာရှိသောသူဖုန်းစားအား
စွန့်လှူခဲ့သောစကား)

(၁)
အမေး မိတ်ဆွေ
သင်ဘာအလိုရှိပါသလဲ
ကျွန်တော်ဘာပြန်ပေးရမလဲ
ဘယ် လို ပေး ရ မ လဲ…။ ။
ဧထက်


သံသရာ
ကမ္ဘာကြီးနဲ့ကျွန်ုပ်
ဘာအရှုပ်အရှင်းမှပြောစရာမရှိပါ
သင်ကသာကျွန်ုပ်ရဲ့မိတ်ဆွေဖြစ်နေတော့ကာ
ပြောစရာတစ်ခုရှိလာ။

နဂိုတည်းကစောင်းနေတဲ့ကမ္ဘာကြီးပေါ်မှာ
သင်ဘာကြောင့်တည့်တည့်ရပ်တည်နိုင်တာ..။
(သို့မဟုတ်)
နဂိုတည်းကတိမ်းစောင်းနေတဲ့ကမ္ဘာကြီးပေါ်မှာ
သင်ဘာ့ကြောင့်ထပ်ပြီးစောင်းနေတာ။

ထားလိုက်ပါမိတ်ဆွေ
ကျွန်ုပ်ကိုတစ်ခုပြန်ပြီးမေးစေချင်သား
ဒီမေးခွန်းတွေမေးတဲ့ခင်ဗျား
ဘယ်လိုများမွေးဖွားလာသလဲ….လို့ပါ..။

မေးလို့သာမေးခိုင်းရ
တိကျတဲ့အဖြေ
ကိုယ်ကိုယ်တိုင်လည်းမရေရာကြောင်းပါ။ ။
ဧထက်


ချစ်သူကိုဖြောင့်ချက်ပေးဖို့ကိုယ့်အကြောင်းကိုယ်ရေးဖွဲ့ခြင်း

ချစ်သူကိုဖြောင့်ချက်ပေးဖို့
ကိုယ့်အကြောင်းကိုယ်ရေးလိုက်တယ်။
ကိုကို့မှာမွေးစာရင်တစ်ခုရှိတယ်
အဲဒီမွေးစာရင်းထဲမှာ အဖေနာမည်ရှိတယ်
အမေနာမည်ရှိတယ်
အမေ့အပေါ်ကျေးဇူးဆပ်ဖူးတာလည်းရှိတယ်
ကျေးဇူးကန်းဖူးတာလည်းရှိတယ်
အဖေဆုံးမသမျှနာခံခဲ့တာလည်းရှိတယ်
ကာပြန်ခဲ့တာလည်းရှိတယ်။

ကိုကို့မှာမှတ်ပုံတင်တစ်ခုရှိတယ်
အဲသည်မှတ်ပုံတင်ထဲမှာနာမည်တစ်ခုရှိတယ်
နာမည်တက်စရာအကောင်းတချို့လည်းလုပ်ခဲ့တယ်
နာမည်ပျက်စရာအဆိုးတချို့လည်းလုပ်ခဲ့တယ်။

ကိုကို့မှာဘွဲ့လက်မှတ်တစ်ခုရှိတယ်
အဲဒီဘွဲ့လက်မှတ်ထဲမှာ အသိဥာဏ်တွေရှိတယ်
သင်ယူခဲ့တဲ့ပညာတွေရှိတယ်
(ဒီကြားထဲကပဲဘ၀မှာ)
ဆင်ခြင်ခဲ့တာတွေလည်းရှိတယ်
အဆင်ခြင်မဲ့တာတွေလည်းရှိတယ်။

ကိုကို့မှာနှလုံးသားတစ်ခုရှိတယ်
အဲသည်နှလုံးသားနဲ့ပြုံးခဲ့ဖူးတာလည်းရှိတယ်
မုန်းခဲ့ဖူးတာလည်းရှိတယ်

ကိုကို့မှာ ကလေး လို့ခေါ်တဲ့ချစ်သူတစ်ယောက်ရှိတယ်
အဲသည်ကလေးအတွက် အကျိုးတွေကိုပဲပေးချင်တယ်
အဆိုးတွေကိုတော့ဘေးကိုဖယ်
အဲသည်ကလေးအတွက် အပြုံးတွေကိုပဲပေးချင်တယ်
အမုန်းတွေနဲ့ဝေးချင်တယ်။
ဆရာစိုင်းခမ်းလိတ်တေးစာသားပြောင်းပြန်ငှားပြီးပြောရရင်
မင်းအချစ်နဲ့အရာရာကိုအကောင်းအတိုင်းဖြစ်စေမယ်။ ။
ဧထက်


မှန်ကြည့်ပြီးရေးတဲ့ကဗျာ
(၁)
ရာဇဖွားလို့သာဆိုရဲ့
ယိုင်နဲ့ရှင်သန်မှုသက်တမ်းမှာ
ဘယ်သူ့အပေါ်မှလည်းသြဇာမလွှမ်းခဲ့။
(၂)
ကောင်းကင်တည်ရာမှားပုံပေါက်ရဲ့
မီးတောက်ကလင်းချင်းသမျှ
ဖယောင်းတိုင်ကဇောက်ထိုး
(ဒီလိုနဲ့)
ရိုးရိုးလေးပဲငြိမ်းမှောင်နေခဲ့ရ။
(၃)
ရဲရင့်သောလူငယ်စိတ်ကို
ကြိုးတန်းတစ်ခုလိုသွယ်တန်းပေးမိတော့
အတ္တတွေလာလာတင်လှန်းကြ
ပြန်ရသမျှက နောင်တ နဲ့ သံဝေဂ
(၄)
ချစ်သူတွေကို
ရန်သူတွေကို
ကောက်ကျစ်သူတွေကို
ယုတ်မာသူတွေကို
ရက်စက်သူတွေကို
ရိုင်းစိုင်းသူတွေကို
လူလည်လူရှုပ်တွေကို
မလည်ရှုပ်တွေကို
မာန်ထောင်သူတွေကို
ဟန်ဆောင်သူတွေကို…
………………..မုန်းခဲ့ရ။
နောက်ဆုံးကျမှ
ကိုယ့်ကိုကိုယ်မုန်းဖို့သတိရ။
(၅)
လက်ကိုပြန်ကိုက်လည်း
မိုက်သောခွေးကိုအစာကျွေးခဲ့မိ
အခက်ကိုဆိတ်ချိုးလည်း
ဆိုးသောသူအပေါ်အရိပ်မိုးခဲ့မိ
အဲသည်လိုပေးဆပ်တာလည်းရှိ
ပြီးတော့..တေးမှတ်တာလည်းရှိ
ကိုယ့်အမှားတွေကိုယ်ပြန်သိဖို့
ကြည်စရာမော်နီတာတော့ရှိ
ပြစရာ ပရိုဂျက်တာလည်းမရှိ
(၆)
အများသူငါလိုပါပဲ
မွေးကတည်းကမှားခဲ့တယ်။
အသက်အရွယ်အပိုင်းအခြားအလိုက်
ဆက်မိုက် ဆက်တိုက်မှားပြန်တယ်
အလိမ်မပေါ်အောင်ဟန်ဆောင်ရင်း
စာရင်းတိုးလာတဲ့မုသာဝါဒတွေ
ညကများသွားတာနဲ့မနက်မှာပြန်ဖြေ
တစ်စတစ်စပွားများလာတဲ့သူရာမေရိယ
………………………………..
……………………………….
ချစ်သောကလေးရေ
ငါဟာ လောက်လန်းတစ်ကောင်ပါကွယ်
ရွံစရာဒွန္နယာထဲမှာ
မရွံမရှာ ကျွမ်းထိုးနေဆဲပဲ။ ။
ဧထက်


စီးချင်းထိုးတဲ့ည

စည်းချက်ပျက်ဂီတ
ပုလင်ခွံလွတ်ဟောက်ပက်ည
(ငါ့ကိုလား…ငါကလားမကွဲပြားတော့တဲ့)
လွတ်လပ်ကာရံ အကြည့်မြားတံချွန်မြ
ကြယ်နှစ်ပွင့် ငါ့ကိုပြုစားကြ။

ငါ..ရှုံးနိမ့်လုမတတ်ပ
ခြင်္သေံ့အရေခွံခွာငန်းရိုင်းမ
ပျော့ဖတ်ဂွမ်းဆိုင်ဆုပ်ပက်ကျဲချ
ညကိုညကပြန်မျိုချ။

ကောင်မလေးရေ
မင်းကိုသာသတိမရမိခဲ့ရင်
င့ါနာမည်ငါပြန်မေ့လျော့လို့
ငါ့သော့ငါပြန်ဖွင့်မယ့်ည။

အခုမှပဲ
ငန်းရိုင်းပြန်ကြွဆူပုပ်ပွ
ခြင်္သေ့ဂူဝပြန်ထိုင်ချ
ငါ့ကိုငါကပြန်ပိုင်ရ
ကောင်မလေးရေ..ကျေးဇူးပ..။ ။
ဧထက်


ခါကာဘိုရာဇီမှပိတ်စများ
ကောင်းကင်ဆိုတဲ့ဝေါဟာရ
ဘာသာပြန်ပြစရာမလို
ခါကာဘိုရာဇီကိုလည်းသိကြတယ်။
ဦးတည်ရာမဲ့
ကစဥ့်ကလျား
အတွေးအခေါ်ဆုံးပါးတိမ်ညွန့်တွေ
လေချွန်သံတစ်ခုရဲ့လားရာအရပ်ဆီ
ရှပ်တိုက်ပြေးလွှား
အင်္ကျီပါးပါးတွေချုပ်ရိုးမခိုင်ကြရှာ။

ငါ့တစ်ရပ်သာသာအရပ်က
ခြောက်ကပ်ကပ်လှောင်ရယ်သံ
ဖိနပ်တစ်ရံကိုပါးလျကုန်ဆုံးစေခဲ့။

ငါ့ဦးထုတ်ပေါ်မှာ
ငါ့ဖိနပ်အောက်မှာ
နောက်ပြီးတော့..ငါ
ဖွာလန်ကျဲပိတ်စတချို့နဲ့
စက်ချုပ်သမရဲ့ချုပ်ရိုးမသေသပ်မှုအတွက်ကိုတော့
ရယ်မောခြင်းတွေမေ့လျော့နေခဲ့ကြ။

သဘာဝတဲ့
ငါ ဘာမှမပြောတော့ပါ
ဟေမာနေ၀င်းသီချင်းတစ်ပိုင်းတစ်စ
ငါ အလွတ်ရနေ
တိမ်တွေပြန်လာတာ
မော့ကြည့်လို့သီချင်းဆိုတာကောင်းတယ်။ ။
ဧထက်



မြစ်ကျဉ်းထဲခုန်ချခြင်း

ဖြစ်တန်ရာခဲ့
သော့တံပျောက်သော့ခလောက်ကို
ကြောက်အားလန့်အားမဲ့
ဆွဲဖွင့်ရင်းနဲ့ပဲ..ဖွင့်ဆွဲအဆွဲခံလိုက်ရ
ကောင်မလေးရေ
ငါပ…။

အတင်းကာရော
အာရုံပြောင်းခိုင်းပုံကလား
မြစ်အစင်းစင်းကို
နေ့မစေ့ လမစေ့
ဗိုက်ခွဲမွေးပစ်လိုက်တဲ့ထိ။

ယုံစမ်းပါ့ကောင်မလေးရယ်
ငါတစ်ကယ်ခံပြင်းတတ်ပါရဲ့
ငါ့ရဲ့နံရိုးအစင်းစင်းကို
ဇွတ်အတင်းဆုပ်ညှစ်
တတိယမြစ်ကျဉ်းမှာ
ငါ..ငယ်သံပါအောင်အော်မယ်
ဟေ့..! စုန်း ဖုတ် ကဝေ
တစ္ဆေ ..မင်စာတွေ..
ငါ့ကောင်မလေးကိုလွှတ်လိုက်ကြ
ဒါ…ဂမ္ဘီရသိုက်နန်းမြို့တော်မဟုတ်
ကံ့ကော်တင်းကုတ်တစ်ခုသာဖြစ်တယ်…
!!!!!!!!!!!!!!!!!

ကြားရလား..မြင်ကြလား ???
ပြက္ခဒိန်အတုတွေလူစဉ်မမီတဲ့အကြောင်း
ခေါင်းလောင်းတွေခပ်စိပ်စိပ်ထိုးပြ
တံခါးတွေအလျင်စလိုပိတ်ချ
မင်းနဲ့ငါသာဝင်မကဖြစ်ရင်
ဟောဒီယိမ်းအဖွဲ့ကြီးကို
ဝက်သားတုတ်ထိုးလုပ်စားပစ်လိုက်ချင်တော့ရဲ့ ။

အခုတော့
ကောင်မလေးက….ယော
ငါက…………….ဘသား
ကိုယ့်နားရွက်ကိုယ်ပြန်လိမ်ဆွဲရမယ့်ကိန်း
ဆိုက်နေလိုက်ပုံများ။

ရေနည်းမြစ်တွေစီးဆင်းကြ
အတူတကွ လီဆယ်ခံရတဲ့မြစ်မင်းမှာ
နံရိုးအစင်းစင်းဆုပ်ညှစ်
အရှိန်အဟုန်ပြင်းပြင်းစီးဆင်းရစ်ဖို့
(ငါတို့ရဲ့ မြစ်ကိုငါတို့)
မြစ်ကျဉ်းပုံထုဆစ်ကြရုံသာပါပဲ။

ကောင်မလေးရေ
ငါ့ရဲ့ကျောကုန်းကိုတင်းတင်းရစ်ရစ်
ဖက်ထားစမ်းပါလှည့်
ငါကဆွဲအဖွင့်..ငါ့ကိုဖွင့်အဆွဲမှာ
………………………။ ။
ဧထက်
ကျွန်မအကြိုက်ဆုံးကဗျာပါပဲ။အဲဒီကဗျာကို မြစ်ကျဉ်း(၃)မှာပါကတည်းကကြိုက်ခဲ့တာပါ။


စမ်းသီတာ

စမ်းသီတာနဲ့ကျွန်မကတကယ့်ကိုငယ်သူငယ်ချင်းပါ။ပထမတန်းမှာစတွေ့ကြတယ်။ကျွန်မ
နဲ့သူကပထမတန်း(ခ)ရဲ့နောက်ဆုံးခုံမှာနေရာကျပါတယ်။နောက်ဆုံးမှာထိုင်ရလို့စိတ်ပိန်
နေတဲ့ကျွန်မကသူနဲ့တွေ့မှစိတ်ကလေးအတော်နေသာရာရသွားပါတယ်။အဲဒီကတည်းက
စိတ်ကောင်းရှိတဲ့အရာရာကိုအကောင်းမြင်တတ်တဲ့သူငယ်ချင်းလေးပါ။ဗလာစာအုပ်တွေ
ရတော့လည်းတိုက်တိုက်ဆိုင်ဆိုင်အကြမ်းတွေချည်းတစ်ဒါဇင်ရတဲ့ကျွန်မကိုအချောတစ်
ဝက်လောက်ပါတဲ့သူကပြန်ခွဲပေးခဲ့တာပါပဲ။

နောက်တော့ကျွန်မပုသိမ်ပြောင်းသွားတယ်။ခဏပြန်လာတဲ့ခိုက်မှာလည်းကျွန်မတို့ပြန်တွေ
ကြပေမယ့်ဒီလောက်တော့ဘေးချင်းကပ်သူငယ်ချင်းတွေမဟုတ်တော့ဘူး။နောက်ကျတော့
ကျွန်မတို့ပတမနှစ်မှာပြန်တွေ့တယ်။ရန်ကုန်တက္ကသိုလ်(ဗိုလ်တစ်ထောင်နယ်မြေ)မှာပါ။
အဲဒီထိလည်းသူကဗျာရေးမှန်းကျွန်မ မသိသေးဘူး။တကယ်တမ်းပြောရမယ်ဆိုရင်ကျွန်မ
တို့စာပေနယ်ထဲဝင်ကြတာတူတူလောက်ရှိမယ်ဆိုပေမယ့်သူကတောင်လစောရင်စောနိုင်
ပါတယ်။

နောက် ပင်မတက္ကသိုလ်ထဲရောက်လို့ကဗျာစာအုပ်တွေအပြိုင်ထုတ်ကြတော့မှရာစုသစ်မှာ
အတူစုမိသွားကြတာ။အစကသူတို့က အိပ်မက်အဘိဓါန် ဆိုပြီးအုပ်စုတစ်စုနဲ့ထုတ်ကြပါ
တယ်။အဲဒီမှာလှိုင်ကအုပ်စုတွေများပါတယ်။နောက်မှကျွန်မတို့နဲ့ပေါင်းမိသွားကြတာပါ။

ကျောင်းပြီးတော့လည်းတစ်နေရာစီ၊တစ်ဘ၀စီဆိုပေမယ့်မကြာခဏတော့လမ်းမှာတွေ့ဖြစ်
ကြတယ်။သေချာပြန်တွေ့ဖြစ်တာကကိုတာရာမင်းဝေဆုံးတော့မှပါ။သူကအိမ်ကိုရောက်
အောင်လာခဲ့တယ်။တကယ်တမ်းပြောရရင်သူရောကျွန်မရောကျန်းမာရေးကောင်းကြသူတွေ
မဟုတ်ဘူး။တူတာတစ်ခုကတော့လဲပြီးတာနဲ့ချက်ခြင်းပြန်ထ၊ချက်ခြင်းအလုပ်လုပ်ကြတာပါပဲ။

နောက်ပိုင်းကဗျာစာအုပ်လုပ်ကြတဲ့အချိန်မှာတွေ့ဖြစ်တာပိုများလာတယ်။နောက်သူသီချင်း
တစ်ခွေထွက်ဖြစ်တော့လည်းကျွန်မရောက်ဖြစ်သေးတယ်။သူကတော့သူ့ကဗျာထဲကအတိုင်း
အသက်ရှူမ၀ဖြစ်လာတိုင်းလုပ်ချင်တာတွေပြီးအောင်မလုပ်သွားနိုင်မှာစိုးလို့ထင်ပါရဲ့..လုပ်
ချင်တာကိုလုပ်ပါတယ်။လုပ်ခွင့်ရတဲ့သူ့ကံကိုလည်းကျွန်မတို့ကအားကျပါရဲ့။သူ့အတွက်လည်း
ဝမ်းသာတယ်။

နေမကောင်းတာချင်းတူတူကျွန်မနေမကောင်းဘူးဆိုရင်သူကသောက်ရမယ့်ဆေး၊မုန့်နဲ့တစ်
ခါတည်းရောက်လာတတ်ပြီး၊ကျွန်မကတော့အဝေးကနေပဲသူ့ကိုဖုန်းနဲ့..ဟဲ့နေကောင်းအောင်
လည်းနေဦး..ငါတို့လုပ်စရာတွေရှိသေးတယ်..လို့အားပေးရသူပါ။သူနဲ့မိုးချိုသင်းနဲ့တချိန်က
တော်တော်တွဲဖြစ်တာလည်းမဆန်းဘူးထင်တာပဲ။ (ချိုသင်းရေ..စိတ်မဆိုးနဲ့နော်..ချိုသင်း
သူငယ်ချင်းကလည်းချိုသင်းလိုပဲသိုးကလေးဆိုတာပြောပြချင်လို့ပါ..း) ရိုးတယ်ပေါ့နော်..
အ တယ်လို့တော့မပြောပါဘူး..း) )

ကျွန်မမွေးနေ့အတွက်ဆိုပြီးကျွန်မရယ်၊သူရယ်၊ကိုဧထက်ရယ် ကျွန်မတို့ရုံးနားကကော်ဖီဆိုင်
လေးကိုသွားကြတယ်။တကယ်တမ်းပြောရရင်ဧထက်ဆိုတာကလည်းပုံထဲမှာတွေ့တဲ့အတိုင်း
ခပ်ယဲ့ယဲ့ရယ်။အဲဒီမှာကျွန်မနဲ့ဧထက်က ကြွက်တက် တဲ့အကြောင်းပြောကြတယ်။ထုံးစံအ
တိုင်းပေါ့ချိုသင်းရယ်။စမ်းသီတာကမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့နားထောင်လို့ပေါ့။သူနဲ့နေရတာ
ကောင်းတာတစ်ခုကသူ့ဘေးကလူကိုသူကattentionအတော်ပေးနိုင်တာပါပဲ။ပြောခဲ့သလို
ပဲသူဟာစိတ်ကောင်းလည်းရှိ၊အရာရာကိုလည်းအကောင်းမြင်တတ်၊သူတစ်ပါးကိုလည်းအလေး
ထားတတ်သူကိုး။ဟုတ်လား..ဟုတ်တယ်နော်..စသဖြင့်ပြောနေပြီးတခြားအကြောင်းရောက်
သွားကြပြန်ပါတယ်။နောက်တော့မှကျွန်မကိုဒေါ်စမ်းသီတာက၀န်ခံစာတစ်စောင်ပို့တော်မူပါတယ်။
အဲဒီတုန်းကကြွက်တက်ကြောင်းအပြန်အလှန်ပြောနေချိန်မှာသူကစဉ်းစားနေတာတဲ့။အပေါ်ထပ်
မှာနေတဲ့သူနှစ်ယောက်ကကြွက်တက်လို့ဆိုရင်ငါ့ဆိုင်ကအောက်ထပ်ဆိုတော့ပိုထက်နိုင်တာပေါ့
သတိထားမှဆိုပြီးတွေးနေခဲ့တာတဲ့။နောက်မှတကယ့်ကြွက်မဟုတ်ပဲကြွက်သားကြွက်တက်တယ်
ဆိုတာတွေးမိတော့တယ်ဆိုတဲ့အကြောင်း။ကျွန်မနဲ့ဧထက်တို့အလုပ်ခန်းကအောက်ထပ်ဆိုပေ
မယ့်ကျွန်မတို့နှစ်ယောက်လုံးကအပေါ်ထပ်ထပ်ခိုးလေးမှာအလုပ်လုပ်ကြတယ်ဆိုတာဝင်ထွက်
နေကျမို့သူသိထားပြီးသားလေ။သူ့စိတ်ထဲမှာတွေးနေမှာပေါ။အပေါ်ထပ်ထပ်ခိုးထိများကြွက်တွေ
ကတက်သလားပေါ့။ဘာကြောင့်ကြောင်မခေါ်တာလဲလို့တွေးမိတယ်ဆိုတာကပါသေးတယ်။တော်
သေးတာပေါ့၊ကြောင်တစ်ကောင်စီလာမပို့သွားတာ။း)
စမ်းသီတာရဲ့ကဗျာလေးတွေဟာအမြဲတမ်းလှပနေတယ်။ဒါဟာသူ့ရဲစိတ်ကလေးလှနေလို့လည်း
ဖြစ်နိုင်တယ်။ကျွန်မတို့ကျတော့အဲလိုမှမဟုတ်တာ။
ခုဒီမြစ်ကျဉ်းသုံးခုမှာတင်မတူညီတဲ့အသံတွေကိုကြားရမှာဖြစ်ပါတယ်။
ကဲ....စမ်းသီတာရဲ့စိတ်ချမ်းသာစရာကဗျာလှလှလေးတွေနဲ့စလိုက်ရအောင်။

စီးဆင်းသွားနှင့်ကြ
တိုက်စားသွားနှင့်ကြ
စီးဆင်းမှ
တိုက်စားမှ
မြစ်သဘာဝပီမယ်။
အထူးသဖြင့်
မြစ်ကျဉ်း
ပိုစီးရဲ့
ပိုတိုက်စားရဲ့ ။ ။
မှတ်မှတ်ရရ..
ကိုယ်မောင်မြင့်
၈.၁၂.၂၀၀၈
(ဒါကကိုယ်မောင်မြင့်ရဲ့အဖွင့်စာသားပါ)




အမှတ်တရမှတ်တမ်း

ပြာသောကောင်းကင်မှာ
အဖြူရောင်တိမ်တချို့
မျောလွင့်လို့လာခဲ့ပြီ…။
ကဗျာပျံသန်းခြင်းနှစ်တို့
စုစည်းရင်း၊ကဗျာသူငယ်ချင်းများစွာအတွက်
တိမ်တချို့ဖူးပွင့်လို့လာခဲ့ပြီ။
ဆွတ်ပျံ့ကြည်နူးခြင်းများ
ရင်ခွင်များစွာမှာ
ခိုဝင်ခံစားနိုင်ပါစေ။ ။
လေးစားချစ်ခင်စွာဖြင့်
(စမ်းသီတာ)
နိုဝင်ဘာ ၂၃၊၂၀၀၈

ခရီးတစ်ခုရဲ့ချိုမြိန်ခြင်း
ပေါ့လျော့လို့မဖြစ်တဲ့နေ့တွေကို
ပျင်းရိခြင်းမပါပဲ
လျှောက်လှမ်းရမယ်လေ။
စိတ်ထားသန့်စင်
ကြည်လင်ခြင်းနဲ့
နံနက်ခင်းလေးကိုရှူရှိုက်လို့
လိပ်ပြာတွေဝေ့၀ဲ
အနီရောင်
ပန်းခင်းထဲမှာ။
နူးညံ့တဲ့ရင်ခွင်များစွာကို
ဖြတ်သန်းပြီးတိုက်ခတ်လာတဲ့
လေပြည်မှာ
သစ်လွင်လတ်ဆတ်တဲ့
မေတ္တာရနံ့ရှိနေတတ်မှာပါ။
ခွန်အားရှိအောင်
စကားပြောကြပါဦး
တောင်နံရံတွေကြားမှာ
အပြန်အလှန်ရှိတဲ့
ပဲ့တင်သံနဲ့
ရိုးသားခြင်းကိုယ်ကျင့်တရားကို
သယ်ဆောင်လာတဲ့
စမ်းချောင်းကလေးဟာ
အေးငြိမ်းတဲ့အရပ်တွေဆီကို
အဆုံးမရှိ
ဆက်လက်စီးဆင်းနေမှာပါပဲ။
ကမ္ဘာကြီးမှာ
သီချင်းသံတွေရှိနေတာ
အသက်များစွာကို
နုပျိုရှင်သန်စေတော့တာပါပဲ။ ။
မဟေသီ၊မတ်လ၊၁၉၉၅
စမ်းသီတာ



ခွင့်လွှတ်ခြင်းနှစ်သစ်

တစ်ဆောင်းကုန်တစ်နွေကူး
ဟက်ပီးနယူယီးယား မအော်ခင်
ငါတို့ရဲ့စိတ်တွေ
နှင်းနဲ့အတူသန့်စင်ဖို့လိုတယ်။
လရောင်ဆမ်းတဲ့အခါ
ငွေရောင်ပန်းတွေပွင့်နေတာ
အပြစ်ကင်းစွာနဲ့မြင်ကြည့်စမ်းပါလေ
ဘယ်လောက်အေးမြမွှေးပျံ့နေတာ။

ကြည်လင်အေးမြတဲ့လရောင်အလင်းဟာ
တစ်လောကလုံးကိုဖြာဆင်းပေးနေတာ
နှလုံးသားလှတဲ့
ပန်းတွေအလှဆင်
ဝေနေအောင်ပွင့်ပါ။

စေတနာကင်း
ငြူစူခြင်းနှင့်
ရင်းနှီးသူများ
ဖြူစင်ကြင်နာခြင်းနှင့်
ရင်းနှီးကျွမ်းဝင်သူများ
ရွှင်ပါပြုံးပါနှစ်သစ်မင်္ဂလာ။

ရင်မှာ
အမည်းရောင်
ဟန်ဆောင်မျက်နှာဖုံး
ခပ်ညံ့ညံ့နှလုံးသားများ
(ငါလည်းပါတယ်။)
အတွက်
ဖြူစင်ခြင်းအလင်း
လ မင်းကိုလည်းမသိ
အေးမြခြင်းနှင်းဝေ
ဆောင်းဆိုတာလည်းမသိ
ရှိပါစေ။ ။
မဟေသီ၊နိုဝင်ဘာ၊၁၉၉၆
စမ်းသီတာ


လွမ်းဆွတ်ခြင်း

လမင်းကြီး
အဝေးမှာ…
ခဏလေပါ
အနားမှာ…
အလွမ်း..
အပြာရောင်တစ်ခု
ငါကောက်ယူခဲ့တယ်
ဒီနေ့ထိတိုင်
ငါသိမ်းထားတယ်
လွမ်းလို့။
ဘယ်တော့မှ
ဖျက်ဆီးလို့
မဖြစ်ခဲ့တာ
အလွမ်း တစ်ခု
ရင်မှာ..။ ။
ဧပြီ ၁၄၊၂၀၀၈
စမ်းသီတာ

နေမင်းနဲ့လမင်း
ကမ္ဘာမှာ
အလှပဆုံး
မြစ်နှစ်စင်း
ပကတိစီးဆင်းနေတာ..။

ဘယ်တော့မှ
ညှိုးနွမ်းခြင်းမရှိ
ပွင့်နေတဲ့ပန်းနှစ်ပွင့်
ရင်မှာတင့်တယ်။

အနှောက်အယှက်
အဆီးအတားကို
တန်ခိုးစွမ်းအားနဲ့
ကျော်လွှားနိုင်တယ်။

နေမင်းကြီးဟာ
သူ့ရင်ခွင်ထဲက
(ကမ္ဘာသူ/ကမ္ဘာသား)
ရင်သွေးငယ်တွေကို
အကြင်နာအနွေးဓါတ်နဲ့
ပိုက်ထွေးယုယသလို
လမင်းကြီးဟာ
သူ့ရင်ခွင်ထဲက
(ကမ္ဘာသူ/ကမ္ဘာသား)
ရင်သွေးငယ်တွေကို
မေတ္တာအအေးဓါတ်နဲ့
ပူပင်သောကတို့မှန်သမျှ
ဖယ်ချပေးတယ်။

ဒီလိုနဲ့
အဖေကနေမင်း
အမေကလမင်း
ကျွန်မဘ၀ထဲမှာ
ထွန်းလင်းခဲ့တယ်။ ။
စမ်းသီတာ

မုန်တိုင်းနှင်းဆီ
ကြေမွသွားခဲ့
မင်းကြည့်မနေပါနဲ့
ငါရင်တစ်ခုလု့း
ဒါဏ်ရာတွေဗလပွ..
အမှတ်တရ
(ဒါဏ်ရာတွေနဲ့)သမိုင်းမှာ
မုန်တိုင်းခြေရာကျန်ခဲ့ပြီ။

ခန္ဓာကိုယ်တစ်ခုလုံး
သွေးစက်စက်နီရဲ
အသွေးအသားတွေပွန်းပဲ့ပျက်စီးအောင်
ဖန်တီးထားခဲ့
ဒါပေမယ့်
ငါ့စိတ်ငါ့နှလုံသား
ငါ့အားငါ့အင်နဲ့
ခိုင်မတ်ရဲရင့်စွာ
ဖူးပွင့်လာခဲ့တယ်
မုန်တိုင်းထဲက
……..နှင်းဆီနီ..။ ။
စမ်းသီတာ


မှာချင်တယ်
သူငယ်ချင်းရေ
တစ်ကယ်လို့များ
ငါ..အရင်ခွဲခွာသွားခဲ့ရင်..
ကဗျာလေးတွေကို
ငါ့ရဲ့ကိုယ်စား
ပိုမြတ်နိုးပေးပါ
ပန်းပွင့်လေးတွေကို
ခြွေမသွား
နင်းမသွားဘဲ
အလှထားပေးပါ။
သီချင်းလေးတွေကို
ဂရုတစိုက်နားထောင်ပေးပါ။
တစ်ခါတစ်ခါ
(အဖေဆူလို့)
အိမ်နဲ့အဆင်မပြေ
စိတ်လေတဲ့အခါ
မင်းဆီအရင်ဆုံး
ရောက်တတ်ပေမယ့်
ငါပြောနေကျ
စကားလေး
မှတ်သားပေးပါ။။
ကိုယ်နေတဲ့
ကိုယ့်မိသားစုအိမ်ကလေးဟာ
ကမ္ဘာပေါ်မှာ
စိတ်ချမ်းသာမှု
အများဆုံးပေးတဲ့
အလွတ်လပ်ဆုံး
နေရာလေးတစ်ခုဆိုတာ။ ။
စမ်းသီတာ
၂၃.၁၁.၁၉၉၁


ပြတ်စဲမိုး

မိုးတိမ်တစ်ခုကို
ငါလွှတ်ပေးလိုက်တယ်
သွားချင်တဲ့နေရာ
သွားပါ။

ဒီဘ၀ကလွဲရင်
မင်းနဲ့ငါဟာ
သံသရာမှာ
ထပ်ဆုံစရာ
မရှိတော့အောင်
သစ္စာဆိုခဲ့တယ်။

ကောင်းကင်တစ်နေရာရဲ့
ပြတ်သားတဲ့
အနားသတ်မျာ
မှတ်သားစရာတစ်ခု
ရှိခဲ့တယ်။ ။
စမ်းသီတာ
၁၆.၄.၂၀၀၈


လိပ်ပြာလေးရေ
လိပ်ပြာလေးရေ
အနားမှာ
ခဏလာနားပါဥိး..။
လိပ်ပြာလေးရေ
မင်းချစ်တဲ့
ဧကရာဇ်ပန်းတွေသီစဉ်
ဝေရီတဲ့အကြည့်တစ်ချက်ကို
ဆုံခွင့်ရခဲ့ချင်တယ်။
လိပ်ပြာလေးရေ
ငါ့ခေါင်းကဆံပင်မှာ
တရော်ကင်ပွန်းကို
ခေါင်းလျှော်စဉ်
သုံးထားပါတယ်။
လိပ်ပြာလေးရေ
ငါ့ဆံပင်ကြမ်းကြမ်းကို
မမြင်မကန်း
စမ်းတဲ့အခါ
အုန်းဆီနံ့ရခဲ့မှာပါ။
လိပ်ပြာလေးရေ
င့ါရဲ့ဖားလျားဆံပင်ကို
ကျစ်လျစ်စွာစည်းပြီး
ကျစ်ဆံမြီးထိုးထားပါတယ်။
လိပ်ပြာလေးရေ
ပါးပြင်မှာ
သနပ်ခါးမတင်တဲ့ငါ
ခုတော့
မှန်ရှေ့မှာ
သနပ်ခါးဖွေးဖွေး
သွေးလူးနေတတ်တယ်။
လိပ်ပြာလေးရေ
မိုးတွေရွာစဉ်
ဧကရာဇ်ပန်းကြွေ
တစ်ပွေ့တစ်ပိုက်
ကောက်ယူရှိုက်နမ်း
မင်းခေါင်းထက်ကပန်းလို
မွှေးရနံ့ရှိဆဲ
သင်းပျံ့လို့နေ
ငါ..ငိုပါရစေ။
လိပ်ပြာလေးရေ
ငါအရိုက်ခံရတဲ့အခါ
မင်းငိုရှိုက်မှာကို
မကြားလိုတော့။ ။
၂၇.၁၀.၉၁
စမ်းသီတာ
(အဖွားဆုံးသောနေ့)
စမ်းသီတာ
(အဲဒီကဗျာလေးကိုကျွန်မ လိပ်ပြာလေးတွေအုပ်စုဖွဲ့ပျံသန်းသွားနေကြသည်..ဆိုတဲ့စာတစ်ပုဒ်
ရေးတုန်းကယူသုံးခဲ့ပါသေးတယ်။အဲဒီတုန်းကကျွန်မဘလော့ခ်မရေးသေးပါဘူး။ဖတ်တုန်းဆိုပါ
တော့။အဲဒီမှာ ကေ ကသူ့ဘလော့ခ်မှာတင်ပေးခဲ့ပါတယ်။နောက်မှအကြောင်းကြောင်းကြောင့်
ပြန်ဖြုတ်ထားလိုက်ရတာပါ။ဘာလို့လဲမသိဘူး။သိပ်ပြီးခံစားမှုနူးညံ့တဲ့ဒီကဗျာလေးကိုကျွန်မ
အရမ်းကြိုက်ခဲ့တာငယ်ငယ်တည်းကပါ။ )



ကလောရဲ့ဆောင်း

ကလောမြို့ကလေးရေ
နှင်းစက်မှုန်စစနဲ့
သင့်ရင်ကို
ငါဝင်ပါရစေ။
အချိန်ရာသီ
တံခါးခေါက်
သင့်ရင်ခွင်ရောက်ခဲ့တာ
အရာရာကို
ငါ..ကျေးဇူးတင်ခဲ့ပါတယ်။
သင့်ရင်ခွင့်ဟာ
ငြိမ်းချမ်းတယ်
အေးမြတယ်
သောကကင်းတယ်။
ပန်းပွင့်များကို
ဖြူစင်တဲ့စိတ်ထားနဲ့
လှပစေသူ
သင်ဟာ
ကြင်နာသူဖြစ်တယ်။
သင့်ကျောရိုးတစ်လျှောက်
ခုတ်မောင်းနေတဲ့
ရထားကြီးကို
ငါချစ်တယ်။
သင့်ခန္ဓာကိုယ်မှာ
ဝင်ထွက်သွားလာနေတဲ့
မြေနီလမ်းကလေးကို
ငါမြတ်နိုးတယ်။
သင့်ရင်က
ပေါက်ဖွားလာသော
အစိမ်းရောင်ထင်းရူးတော
(ငါ့အတွက်)
ခင်မင်စရာဗလပွ
ငါ..အမှတ်ရတယ်။
ခွန်အားနဲ့
တောင်များကို
ခိုင်မာစေသူ
သင်ဟာ
ရဲရင့်သူဖြစ်တယ်။
သင့်ကိုချစ်သော
သံယောဇဉ်
အကြင်နာနှင်းကြွေပါရစေ
ဝေပါရစေ
သင်..အေးမြသာယာစေ။ ။
စမ်းသီတာ


အချစ်ကိုတွေ့ရှိခြင်း
မုန်တိုင်းထန်နေတဲ့လေ
တွေဝေငြိမ်သက်စွာ….
အပြာရောင်ကောင်းကင်ကြိးဟာ
ပန်းနုရောင်သွေးလို့..
မဟူရာကတ္တရာလမ်းမထက်
ထင်ရှားတဲ့ကားဘီးရာတစ်စင်း
ဖြတ်နင်းခံသွား…
တောင်တွေကိုခွဲထွက်ခဲ့
ရောခ့်တေးသွား
ပန်းတစ်ပွင့်လို
နူးညံ့ခြင်းများနဲ့…
အနီရောင်နှင်းဆီပွင့်များ
အဖြူရောင်အဖြစ်ပြောင်းလဲသွား
လှိုင်းလိုခက်ထန်တဲ့
ရေတံခွန်ဟာ
အစိမ်းရောင်မြက်ခင်းတေါလို
ဝပ်ဆင်းလို့…
အဲဒီအချိန်..
ကျိန်ဆိုချင်စရာကောင်းလောက်အောင်
မင်းနဲ့အတွေ့
မင်းရဲ့ရှေ့မှာ
(ငါဟာ)
ထူးဆန်းစွာကျဆုံးခဲ့တာပေါ့။ ။
စမ်းသီတာ
၁၄၊မေ၊၁၉၉၂


မြေနဲ့ဝေးသွားတဲ့လေပြည်

နှင်းတောင်တွေခွဲ
နှင်းဖွဲဖွဲကျရာ
ကျွန်မဆီပြန်လာပါလား။
နေခြည်နွေးအောက်
ညီညာစွာပေါက်နေတဲ့
ပန်းခင်းတွေကြား
ကျွန်မဆီရပ်နားပါလား။

လရောင်ဝါကြား
နေ၀င်ရထားနဲ့
ကျွန်မဆီအမီလှမ်းလာခဲ့ပါလား။

ဆံနွယ်စများ
တိုးဝှေ့သွားတဲ့
သင့်ကိုယ်ငွေ့ရာ
ကျွန်မကိုစွဲလမ်းစေပါတယ်။

သင်လှည့်ပြန်လာစဉ်
ရင်ခုန်သံတစ်ဒုတ်ဒုတ်နဲ့
ကျွန်မငလျင်လှုပ်သလို
ဖြစ်နေဦးမလား။ ။
မဟေသီ ၊မတ်၊၁၉၉၀
စမ်းသီတာ။

ဆက်ရန်မရှိ
နာကျည်းခြင်းသက်သက်နဲ့
မေ့ရက်ရမပေါ့
တိုးလျော့တဲ့သံစဉ်
အရင်လိုမသွက်
တစ်ဝက်တစ်ပျက်အနာဂါတ်မှာ
အမှတ်တရတချို့
ကျန်လို့နေပါဦးမယ်။

အရိပ်မဲ့ကောင်းကင်အောက်
ကိုယ်ယောင်ဖျောက်သွားသော
သံယောဇဉ်ကို
အရင်လိုကိုယ်မတမ်းတ
ခဏခဏရတတ်တဲ့
နောင်တကို
အားနာရမယ်လေ။

ရင်မှာ
အနာတရ
ဖြစ်ရတဲ့နေ့ရက်များ
ဆက်ရန်မရှိ
ဒါဏ်ရာသိဖို့
မှန်ကြည့်မိဖို့လိုလိမ့်မယ်။ ။
စမ်းသီတာ

ကြည်လင်သော
ကော်ဖီခါးတစ်ခွက်မော့သောက်အပြီ
မှောက်မှားနေတဲ့စိတ်
တိတ်ဆိတ်စွာကွယ်ပျောက်
ကိုယ်ရောင်ဖျောက်လို့သွားတယ်။

ရှိုက်သံမဲ့မျက်ရည်ကျအပြီး
ချုပ်တည်းထားသောအသိ
တွယ်ငြိရာမဲ့
လွတ်လပ်သွားခဲ့တယ်။

(ကို)ခိုင်ထူးရဲ့ အသိတရာ သီချင်းတစ်ပုဒ်
မှုန်ကုပ်ကုပ်နားထောင်အပြီး
မောဟနဲ့ရင်းနှီးလိုတဲ့စိတ်
ငြိမ်တိတ်လို့သွားတယ်။

နောက်ကျိသော
တွေသော
ဝေသော
ဆန္ဒဇောတွင်
ကပ်ငြိခိုဝင်
နေခဲ့ချင်ပြန်
မှန်ခဏခဏကြည့်
အမှားရှိခဲ့သလား
တံခါးကိုဆတ်ကနဲဖွင့်
ရင့်ကျက်မှုရင်
မိုးကောင်းကင်မှာ
တိမ်ကင်းစင်နေပါတယ်။ ။
စမ်းသီတာ


မေတ္တာလရောင်
ဒီလို
မှောင်မိုက်တဲ့ည
တိတ်ဆိတ်နဲ့ည
ပူလောင်တဲ့ညတွေမှာ
အလွမ်းနှင့်ရင်းသော
တမ်းတခြင်းရှိနေပါသည်။

လရောင်နှင့်ဝေးကွာခြင်း
ဒီလိုညမျိုးတွေ
ရှိမနေချင်ပါ
ခြောက်သွေ့ကွဲအက်
ခံရခက်သော
ဝေဒနာ
ကြာရှည်စွာ
ခံစာမရဲပါချေ။

တစ်ဦးတစ်ယောက်ဆီမှာ
တစ်စုံတစ်ရာကို
တမ်းတခြင်း
ရှိချင်ရှိတတ်မှာပါ။

အေးမြသော
ဖြူစင်သော
ကြည်လင်သော
မေတ္တာဟာ
လရောင်ပါပဲ။

မှုန်ဖြာဝပ်ဆင်း
သံသယကင်စွာ
ယုံကြည်နေချင်ပါသေးသည်။

နှစ်သိမ့်အဦး
စိတ်ညွတ်နူးစွာ
ညအမှောင်
လရောင်ဖြင့်လန်းလိုသော
ကျွန်မ..ပန်းတစ်ပွင့်ပါ။ ။
စမ်းသီတာ


အလွမ်းဖျား

အလွမ်းဖျား
တအားခံခက်
အသက်မဲ့စွာနေလို
ရင်ကိုနှဲ့သလား
ဝေးသွားခြင်းဒါဏ်
နှလုံးသားကိုမှန်တယ်။
ရံဖန်ရံခါ
တမ်းတသံကိုယ်စား
နက်ရှိုင်းသွားတဲ့
ပင့်သက်များစွာ
သူ့အနားမှာကျန်နေချင်တယ်။
ပျားရည်တို့ခါးသက်သွား
ချိုသာတဲ့စကားများလည်း
နားဝင်မခံသာ
သူ့အသံမဟုတ်တော့။
ဖျော့တော့တော့
နှုတ်ခမ်းပေါ်ကအပြုံး
သူနဲ့ခွဲခွာတုန်းကတည်းက
ခန္ဓာကိုယ်ထဲပုန်းစေခဲ့တယ်။
နှင်းဆီပွင့်တွေရဲ့
ပျံ့သင်းတဲ့ရနံ့
ရှိုက်သွင်းမရပြန်ဘူး။
လွင့်မျောသော
လွမ်းမောခြင်းများ
ဆီးနှင်းလို
ရင်ကို
ပြင်းစွာရိုက်တယ်။
ခပ်စိပ်စိပ်လှမ်းလာတဲ့
(သူ့ကို)တမ်းတတဲ့စိတ်ဟာ
ဆိတ်ငြိမ်တဲ့ဆောင်းညမှာလို
စိတ္တဇဆန်နေလိုက်တာ။
လေထဲမှာပျံ့လွင့်လို့
သူ့စကားတချို့
သူ့အကြည့်တချို့
သူ့ပုံရိပ်တို့ဟာ
(သူနဲ့)
ဝေးကွာနေချိန်မှာ
အကြိမ်ကြိမ်နှိပ်စက်တယ်။
သတိရခြင်းအပါး
ငါ..ရပ်နားမိလို့
အလွမ်းဖျားဒါဏ်သင့်ရပြီ။ ။
စမ်းသီတာ


နေကောင်းပါစေ
ရောဂါဝေဒနာ
နှိပ်စက်မှုဒါဏ်ခံစား
နေမကောင်းမကျန်းမာ
နာဖျားတဲ့အခါမှာ
နေကောင်းသွားမှာပါ
မြန်မြန်နေကောင်းပါစေ
ဆိုတဲ့..
စကားလေးတစ်ခွန်းဟာ
နေမကောင်းဖြစ်တဲ့သူအတွက်
အားအင်ပြည့်စေခဲ့ပါတယ်။

အဲဒီစကားလေးတစ်ခွန်းနဲ့
ကမ္ဘာကြီးထဲကဝေဒနာခံစား
နာမကျန်းသူများ
အားလုံးအတွက်
ဆုတောင်းပေးပါရစေ
မြန်မြန်နေကောင်းပါစေ.. ။ ။
စမ်းသီတာ
၃.၉.၂၀၀၈


မုန်တိုင်း
လှိုင်းဟာ
အရှိန်ကောင်းကောင်းနဲ့
လူးလိမ့်လာခဲ့ပြီ။

ကျောက်ဆောင်
ကျောက်ကမ္ဘားလည်း
တိုက်စားမှာပဲ
သဲသောင်ပြင်ဖွေးဖွေးလည်း
တိုက်စားမှာပဲ။

ဘာမှအတားအဆီးမရှိ
ထိန်းချုပ်မှုမရှိ
စိတ်ကိုရွက်လွှင့်ထားတယ်။

ခွန်အားတွေကို
မျက်လုံးထဲမှာ
အပြည့်ထည့်ထားတယ်။
တစ်ခါလဲကျရင်
ဆယ်ခါပြန်ထ
ဒါမှဘ၀ပီသမယ်။ ။
စမ်းသီတာ


အတွေးကောင်းကင်
မရပ်တန့်နိုင်ဘူး
စကာလုံးတွေနဲ့
ဒီညမှာ
ကိုယ့်ကမ္ဘာကို
လမင်းမသာပါနဲ့
ကိုယ်တမ်းတချိန်တိုင်းမှာ
မင်း
ကိုယ့်ဆီို
လာဖို့ရာ
မင်းပင်ပန်းမှာကို
ကိုယ်
တကယ်မလိုလားဘူး။
ကိုယ့်ကမ္ဘာ
ကိုယ့်အတွေး
ကိုယ့်အိမ်ကလေးမှာ
ချစ်ခင်ရင်းနှီးမှု
သစ်သီးဝလံတွေ
စိုက်ပျိုးထားတယ်။
နွေးထွေးကြင်နာမှု
သစ်သီးဝလံတွေ
ဖြန့်ကျဲထားတယ်။
မျှဝေခံစားမှုတေးသွားလေး
စီးဆင်းထားတယ်။
မင်းစိတ်ကြည်သာလို့
လာချင်တဲ့အခါ
ကိုယ့်အိမ်တံခါးပေါက်က
မီးခလုတ်ကိုဖွင့်ပါ။
အဲဒီအခါ
ကြယ်ပြာတွေ
လင်းလက်ကခုန်ပြီး
မင်းဝင်လာတာကို
ကြိုဆိုနေပါရစေ။ ။
စမ်းသီတာ
နိုဝင်ဘာ ၂၀၀၇ မွေးနေ့အမှတ်တရ



အဖြူရောင်မှတ်တမ်း

ငါလုပ်ချင်တာ
မှန်သမျှ
ဆန္ဒရှိသမျှ
လုပ်ဆောင်ခဲ့မယ်လေ။
ငါဘယ်တော့
ဒီဘ၀ထဲက
ထွက်ခွာသွားရမလဲ…
…………
ခုတလော
ငါ..မော..မောနေတယ်
အသက်ရှူမ၀ဘူး.
…..
အရာရာကို
ဘယ်တော့ငါ..
လက်ပြနှုတ်ဆက်ရမလဲ။

ငါ့သူငယ်ချင်းလေး
ငါ့အဖေ
ငါ့အမေ
ငါ့အကို
ငါ့ချစ်သူ
အားလုံးကို
ထားခဲ့ပြီး
ခွဲခွာသွားရမှာ..။
….
လွမ်းစရာတစ်ခုတော့
ကျန်ခဲ့မှာပါ။
(ဒါပေမယ့်)
ဝငယတေယလြာ်ဒ
မေ့ပျောက်သွားမှာပါ။
…….
မကောင်းတဲ့စိတ်တွေချန်ထား
ကောင်းမှုကုသိုလ်တွေ
လွယ်ပိုးသွားရင်း
ဝိဥာဉ်တစ်ခု
မထွက်ခွာမီ
ဖြူစင်တဲ့စိတ်လေးတစ်ခု
(ကမ္ဘာမှာ)
လှပမှုအဖြစ်
အကျိုးပြုစရာ
ကျန်ခဲ့ချင်ပါတယ်။ ။
စမ်းသီတာ
၂.၂.၂၀၀၈



ကဗျာသူငယ်ချင်း

ငါတို့တွေ
စီးဆင်းခဲ့ကြတယ်….
ဒီရေတွေလို
နောက်ကျိတဲ့စိတ်တချို့နဲ့
ဘ၀တို့ဖြတ်သန်းရင်း
မကြည်လင်တဲ့အခါလည်းရှိ
ပီပြင်တဲ့အခါလည်းရှိ
ကမ်းရောက်တဲ့အခါလည်းရှိ
လမ်းပျောက်တဲ့အခါလည်းရှိ
အတက်အကျနဲ့ရေလှိုင်းကြား
ဖြတ်သန်းသွားရင်း
လာမယ့်သက္ကရာဇ်တွေကို
ကြိုဆို
ကြေကွဲနှစ်တွေကို
နှုတ်ဆက်ခဲ့..
ဒီလိုနဲ့
ငါတို့တွေ..
ပြန်တွေ့ကြတဲ့အခါ
သေချာတာတစ်ခုကတော့
နှလုံးသားမှာ
ရင်ခုန်စွာတပ်မက်ဆဲ
(ဒီနေ့ထက်ထိ)
ကဗျာကို..အိပ်မက်ဆဲပါ။ ။
စမ်းသီတာ
၆.၉.၂၀၀၈


မြစ်ကျဉ်းသုံးခု

Sunday, February 1, 2009

မြစ်ကြွင်းမြစ်ကျန်လေးသုံးခုစုပြီးထုတ်ရတဲ့စာအုပ်ပါ။အစကတော့မိကောက်ရော၊မင်းခိုက်စိုးစန်
ရောပါဖို့ပါ။မိကောက်ကခုဆိုကလေးအထူးကုဆရာဝန်ကြီးဖြစ်နေပြီဆိုတော့ကဗျာလည်းရေးဖြစ်
တာနည်းတယ်ဆိုတာကြောင့်ရော၊သူ့အလုပ်တာဝန်တွေကများတယ်ဆိုတာကြောင့်ရောဆက်မ
တောင်းဖြစ်တော့ဘူး။မင်းခိုက်ကကျတော့လုပ်ပုံကကျွန်မကိုကိုမျိုးကိုပေးထားတဲ့ထဲကယူလိုက်
လေတဲ့။ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စကြီးပါ။ဒီတော့ကျွန်မသူနဲ့တွဲနေတဲ့ပန်းချီဆရာလေးကိုပြောခိုင်း
လိုက်တယ်။ငါ့ဟာငါစုထားတဲ့ထဲကယူချင်တဲ့ကဗျာယူမှာနော်..ဆိုတော့ရတယ်တဲ့။တကယ်တမ်း
စာစီပြီးတင်မယ်လည်းဆိုရော ကိုမျိုးကသူ့ကိုပေးထားတဲ့ကဗျာတွေနဲ့တိုက်ကြည့်ဦးဆိုတာနဲ့ကို
ကျွန်မတို့မှာပေးကားပေး၏မရဆိုတာလိုမျိုးဖြစ်ပြီး(တူနေတာကိုး..း)မြစ်ကျဉ်းငါးခုကနေလေး
ခု၊လေးခုကနေသုံးခုဖြစ်သွားရတော့တာပါပဲ။
ကဗျာစာအုပ်ထုတ်တော့တကယ့်ကိုဝုန်းးဒိုင်းကျဲ။ပျောက်ဆုံးနေတဲ့ကိုယ်မောင်မြင့်ကိုရအောင်ပြန်
ဆက်သွယ်ပြီးလက်ရေးရော၊သရုပ်ဖော်ပုံတွေရောဆွဲခိုင်းရေးခိုင်းရတယ်။အမြန်နော်ဆိုတာကလဲ
ပါသေးတယ်။ကိုယ်မောင်မြင့်ကသဘောကောင်းတာမို့တကယ်ပဲမြန်မြန်လုပ်ပေးပါတယ်။သူကပုံ
ပဲဆွဲတာမို့ Layout design ကိုတော့တစ်ယောက်ကိုထိုင်ခိုင်းရပါတယ်။ဒါလည်းလူနိုင်ရှာပြီး
လာထိုင်။ခုလုပ်သွားပေး။ပြင်ပေးဆိုပြီးလုပ်ခိုင်းတာတွေကိုမညည်းမညူလုပ်ပေးရှာသူကအရင်
ကျွန်မတို့ဆီကစာစီစာရိုက်လုပ်သွားပြီးခု ပေါ်ပြူလာမှာဒီဇိုင်းသမားဖြစ်နေပြီဖြစ်တဲ့ ဇိုမြတ်လင်း
ပါ။သူ့ကိုတော်တော်များများကဇော်မြတ်လင်းလို့ထင်ကြပေမယ့်သူ့နာမည်အမှန်ကဇိုမြတ်လင်း
ဖြစ်ပါတယ်။
အားလုံးရပြီဆိုတော့ ကိုမျိုးကိုပဲပြောပြီးအမြန်ရိုက်ခိုင်းရပြန်ပါတယ်။ကျွန်မမသွားခင်လေးမှာစာ
အုပ်မိတ်ဆက်ပွဲလေးလုပ်သွားချင်လို့အမြန်လုပ်ကြတာပါ။တကယ်လည်း ၇.၁.၀၉ နေ့လည်
နှစ်နာရီခွဲမှာလုပ်ဖြစ်သွားပါတယ်။ Central Hotel (Ruby Room)မှာပါ။ကျွန်မတို့သုံး
ယောက်မို့ဖိတ်တဲ့သူကလည်းလောကသုံးခုကလိုဖြစ်သွားတာမို့လူလည်းတော်တော်များသွားပါ
တယ်။
မှတ်မှတ်ရရ..ဆရာဦးဝင်းငြိမ်း၊ဆရာဟိန်းလတ်၊တယောဦးတင်ရီ၊သုခမိန်လှိုင်၊ဂစ်တာနိုင်ဇော်။
ရော့ခ်မုဆိုးအောင်အောင်၊စာနယ်ဇင်းသမားတွေတော်တော်များများနဲ့ သူငယ်ချင်းတွေလာပါ
တယ်။(မေ့ကျန်ခဲ့လို့ပါ။ချိုသင်းအမတစ်ယောက်လည်းလာပါတယ်။)
ဆရာဟိန်းလတ်နဲ့တယောဦးတင်ရီကအမှာစကားတွေပြောပေးကြတယ်။
လူကတအားပင်ပမ်းနေပြီးစိတ်ကလည်းလောနေတော့စကားပြောဆိုတဲ့နေရာမှာကျွန်မကကျန်တဲ့
နှစ်ယောက်လိုမဟုတ်ပဲစင်ပေါ်နှစ်ခါပြန်တက်ရတာတောင်မှစကားတွေကဟိုရောက်သည်ရောက်နဲ့
အဆုံးလည်းမသတ်နိုင်ခဲ့ဘူး။
မင်းခိုင်စိုးစန်တစ်ယောက်ကတော့ပွဲပြီးသွားမှရောက်လာခဲ့ပါတယ်။သူသာစောစောရောက်လာခဲ့ရင်
သူလည်းကျွန်မတို့ကိုအမှတ်တရတစ်ခုခုပြောပေးနိုင်မှာပါ။

ဒါကတော့ကိုယ်မောင်မြင့်ဆွဲတဲ့မျက်နှာဖုံးပါ။


ကိုယ်မောင်မြင့်၊စမ်းသီတာ၊ဧထက်၊မနော်ဟရီ

အဲဒီထဲမှာပါတဲ့ကျွန်မကဗျာတော်တော်များများကိုတင်ထားပြီးပါပြီ။ကိုဧထက်ကဗျာနှစ်ပုဒ်ကိုတော့
ညီလင်းဆက်က မြစ်ကျဉ်သုံးခု ဆိုတဲ့ပို့စ်လေးမှာတင်ထားပါတယ်။ စမ်းသီတာရဲ့အလွမ်းဖျားကို
လည်းကျွန်မဖျားတော့တင်ထားလိုက်သေးတယ်။ကျန်တဲကဗျာတွေကိုဖတ်ချင်မယ်ဆိုရင်ကျွန်မကို
ပြောပါ။တင်ပေးပါ့မယ်။ဒါလည်းမဲခေါ်ခြင်းတစ်မျိုးပါပဲ။း)


MANORHARY RESTAURANT

Friday, January 30, 2009

ကျွန်မတို့နေထိုင်ကြီးပြင်းခဲ့တာကသူများတွေနဲ့သိပ်တူမယ်မထင်ဘူး။ဘာလို့လဲဆိုတော့
့ကျွန်မတို့ကစည်းတွေဘောင်တွေကြားမှာတင်မကဘူးဗိုင်းကောင်းကျောက်ဖိပါဖြစ်အောင်
လေ့ကျင့်သင်ကြားပေးတာခံခဲ့ရတာမို့ပါ။အသက်(၇)နှစ်လောက်မှာတစ်ချောင်းထိုး ထိုး
တတ်နေပြီ။အဲဒီတစ်ချောင်းထိုးနဲ့ပိုက်ဆံအိတ်ကလေးတွေ၊ဦးထုတ်လေးတွေထိုးတတ်နေ
ပြီ..။ဒါတင်လားဆိုတော့မဟုတ်ပါဘူး။ထမင်းလည်းချက်တတ်နေပါပြီ။ထမင်းချက်တာများ
ပလပ်ထိုးပြီးရေထည့်တတ်ရင်ရပြီလို့မတွေးလိုက်ပါနဲ့။ Rice cooker ဆိုတဲ့အရာကြီး
ကိုဘေးချပြီး ရေငှဲ့..ရေခမ်းချက်သင်ခဲ့ရတာပါ။ရေငှဲ့ဆိုရင်ထမင်းလုံးဘယ်လိုအနေအ
ထားမှာရေငှဲ့မယ်။ထမင်းအိုးကိုအနပ်ညီအောင်ဘယ်လိုလှည့်ပြီးနှပ်မယ်။လျှပ်စစ်မီးဖိုနဲ့ဆို
မီးကိုဘယ်လိုလျှော့။မီးသွေးနဲ့ဆိုလေပေါက်ကိုဘယ်လိုပိတ်။စသဖြင့်ပေါ့။နောက်တော့ရေခမ်း
ချက်ရင်ရေကဆန်အထက်မှာဘယ်လောက်လောက်ရှိရမယ်။အနေအထားဘယ်လောက်ဆို
နှပ်လို့ရပြီ။စသဖြင့်။အဲဒါလည် ၈နှစ်လားပဲရှိဦးမယ်။နောက်ပိုင်းကျတော့ဟင်းတွေပါချက်
တတ်လာတယ်။ဘဲဥပြုတ်တာကြော်တာကနေစပြီးတခြားဟင်းချက်နည်းတွေရောပေါ့..။
အမေရဲ့အဓိကရည်ရွယ်ချက်ကအားလုံးတတ်ထားရမယ်။မလုပ်ကာမှမလုပ်ရောပေါ့..သူများ
ကိုခိုင်းချင်ရင်တောင်ကိုယ်ကတတ်ထားမှခိုင်းလို့ရတာလို့အမြဲပြောတတ်တယ်။
ဒါပေမယ့်တကယ့်တကယ်ဝါသနာအလျောက်ချက်ဖြစ်သွားတာကကျွန်မတစ်
ယောက်ပါပဲ။အငယ်ဆုံးကတော့ယောက်ျားလေးမို့ထားပါတော့။ညီမကတော့ဟင်းချက်တာကို
ဝါသနာကိုမပါတာ။ဒါပေမယ့်ခုကျတော့သူက မုန့်တွေလုပ်နေလေရဲ့။ုမုန့်တွေအမျိုးမျိုးလုပ်
ကိတ်တွေဖုတ်နဲ့..။အနောက်တိုင်းအစားအစာတွေလည်းလုပ်တယ်။ကိုယ်နဲ့ကတစ်လမ်းစီပေါ့။
ကိုယ်က chesse ,chocolate, butter အသေမုန်းသူမို့သူ့မုန့်တွေကိုလုံးဝမှစိတ်
မ၀င်စားပါဘူး။ဒါပေမယ့် ကိုယ်ဒီရောက်ပြီဆိုတော့ကိုယ့်လက်ရာကိုတော့သူတို့စားချင်ကြတာ
မို့ဟင်းပြန်ချက်ဖြစ်တယ်။
ပြန်ချက်တယ်လို့ပြောလိုက်ရတာကမချက်တာကြာလို့ပါ။ရန်ကုန်မှာကျတော့မိုးလင်း
ကမိုးချုပ်အလုပ်နဲ့ဆိုတော့ချက်ဖို့နေနေသာသာတစ်ခါတစ်ခါစားဖို့တောင်မစားလိုက်ရတဲ့အခါ
တွေရှိတယ်။များသောအားဖြင့်ကမုန့်ဟင်းခါး၊ရှမ်းခေါက်ဆွဲစတာတွေနဲ့ကော်ဖီနဲ့ပြီးလိုက်ရတာပဲ။
သိပ်အခြေအနေကောင်းရင်အန်တီမြဆိုင်မှာထမင်းသွားစားတယ်။(ကြုံတုန်းကြော်ငြာထိုးရရင်
ကိုယ့်ဘာသာအကုန်ချက်တတ်နေတာမို့သူများတော်ရိလျော်ရိဟင်းတွေဆိုအသံစုံထွက်တတ်တဲ့
ကျွန်မက အန်တီမြဟင်းတွေကျတော့အရမ်းသဘောကျတယ်။စေတနာတွေထည့်ချက်ထားတဲ့
ဟင်းရံလေးတွေကအိမ်ဟင်းလေးတွေလိုပဲ။တကယ့်ကိုဖွယ်ဖွယ်ရာရာလေးတွေ။ကျွန်မတို့ဆို
အန်တီမြရဲ့အရံဟင်းတွေနဲ့ကိုထမင်းမြိန်နေတတ်တယ်။အဲဒီကိုခေါ်သွားပြတာကကျောင်းဆရာကို
မျိုးဆွေသန်းပါ။သူစားနေကျဆိုင်လေ။အဲဒီဆိုင်လေးကဆိပ်ကမ်းသာလမ်းအထက်မှာရှိပါတယ်။
မြသဇင် တဲ့။ဒါကစကားချပ်ပါ။)

အဲလိုနေလာရာကဒီလည်းရောက်ရောဟင်းချက်ခြင်းကိုပြန်စတင်ပါတော့တယ်။လက်
ရာတွေကိုကြည့်ပြီးကျွန်မကိုမောင်ငယ်ကဆိုင်ဖွင့်ပါလားဆိုလို့သားကလေးကတောင်အဟုတ်ထင်
ပြီး..ဘယ်တော့ဆိုင်ဖွင့်မှလဲပဲမေးနေတော့တာ။အမှန်ကကျွန်မက စားချင်တဲ့သူများရှိလို့ကတော့
ပင်ပမ်းထယ်မထင်ရအောင်ချက်ကျွေးတတ်သူပါ။ကျွန်မအတွက်ကတော့အနုပညာတစ်ခုကိုဖန်တီး
နေရသလိုပါပဲ။ဘလော့ခ်ရေးတော့လည်းသူများတွေဟင်းချက်တင်ရင်သိပ်အားကျတာပဲ။ကိုယ်လည်း
တစ်ခုခုချက်ပြီးရင်တင်ချင်စိတ်ရှိတတ်တယ်။ဒါပေမယ့်ထုတ်ဦးဟဲ့ကင်မရာ။ရိုက်ဦးဟဲ့။ကဒ်ကူးဦးဟဲ့
အရောင်ချိန်ဦး တင်ဦး နဲ့..ဟင်းချက်သာမပျင်းတာ။ဒါမျိုးကျပျင်းတယ်လေ..း)
ဒီနေ့တော့တိုက်တိုက်ဆိုင်ဆိုင်မနက်ဖြန်ဘုန်းကြီးဆွမ်းကပ်မယ်ဆိုလို့ဟင်းချက်နေတဲ့အ
ချိန်မှာမှကေကနှုတ်ဆက်ရင်းချိုသင်းဆီမှာကွန်မင့်ထားရင်းမနော်ကိုပါဆွဲထည့်ခဲ့တယ်ဆိုလို့အပြေးအ
လွှားသွားကြည့်တော့..ချိုသင်းရဲ့ကိုယ့်လက်ရာ ဆိုတာကိုတွေ့ပြီးဒီစာကိုရေးဖြစ်သွားတာပါပဲ။
တကယ်လို့များဘလော့ခ်မောင်နှမတွေစုနေတယ်ဆိုတဲ့ကိုအောင်သာငယ်ရဲ့စိတ်ကူးယဉ်
တဲ့ပို့စ်လေးထဲကလိုနေရာမျိုးသာရောက်ခဲ့မယ်ဆိုရင်ကျွန်မတော့ဆိုင်လေးတစ်ခုဖွင့်မယ်စိတ်ကူးတယ်။
မြန်မာအစားအစာလွမ်းတဲ့သူတွေကိုကျွန်မလက်ရာမြန်မာဟင်းကောင်းကောင်းတွေချက်ပြီးဈေးချိုချိုနဲ့
ရောင်းပေးမှာပေါ့။ မဇနိတို့မလုလုတို့မြရွက်ဝေတို့ကိုတော့မျက်နှာချိုလေးသွေးပြရမယ်ထင်တယ်။ဒါမှ
မဟုတ်ရင်ဆိုင်မှာလူမရှိပဲနေဦးမယ်။ သူ့ဘိုးတော်တစ်ယောက်ပဲကြိတ်ပြီးထမင်းချက်ကျွေးတတ်တဲ့ကေ့
ကိုလည်းအဖော်ခေါ်ရမယ်။ ချိုသင်းတို့အိမ်ကအလှူလုပ်မယ်ဆိုရင်လည်းအော်ဒါမှာလို့ရတဲ့အကြောင်း
အကြောင်းကြားထားရမယ်။ဟင်းစာရင်းနဲ့ရနိုင်တဲ့အစားအသောက်တွေလည်းကြိုပြီးကြေညာထားမှ..။
ဒါမှ..သူတို့စိတ်ဝင်စားမှာ။

Menu

ကြက်သားကာလသားချက်
ကြက်သား-မှို
ဝက်သားပုန်းရည်ကြီး
ဝက်သားမုန်ညင်ချဉ်
ဝက်နံရိုးနှင့်မြစ်ချဉ်
ဝက်သား(သုံးထပ်သား)နှင့်ကြံမဆိုင်
ငါးဖယ်အုန်းနို့ချက်
ပုဇွန်ချဉ်ပေါင်ကြော်
ငါးခူရွဲယိုရွက်
ငါးခူစင်းကော
ငါးခူကြော်နှပ်
ငါးကျည်းဆီပြန်
ဆိတ်သား၊ပဲ၊အာလူး
အမဲနှပ်
ငါးရံ့အူ
ငါးရံ့ခေါင်းနှင့်ဒန့်သလွန်
ပုဇွန်ထုတ်ဆီပြန်
ငါးပုဏ္ဏား
ငါးသလောက်ပေါင်း
ငါးသလောက်ဥကြော်
ပန်းငရုတ်အစာသွတ် (၀က်-ကြက်-ပုဇွန်)(ရာသီစာ)
ဘုံလုံသီးအစာသွတ်(၀က်-ကြက်-ပုဇွန်)(ရာသီစာ)


အရည်သောက်
ပဲကုလားဟင်း
သီးစုံချဉ်ရေ
ပဲကြီးဆူးပုပ်
ဘူးသီးကြာဇံဟင်းခါး
မုန်လာဥနှင့်ငါးချဉ်ရည်


အသုတ်

ငါးဖယ်သုတ်
မြင်းခွာရွက်သုတ်
ခရမ်းချဉ်သီးသုတ်
ဆေးဘဲဥသုတ်
လက်ဘက်သုတ်
ဂျင်းသုတ်
ပဲသီးသုတ်
ပဲပင်ပေါက်ပဲပြားသုတ်
ပုဇွန်ထုတ်မီးဖုတ်သုတ်
ပုဇွန်ချဉ်သုတ်
ငါးချဉ်သုတ်




အရံ
ပဲကြီးနှပ်
ခရမ်းချဉ်သီးပန်ထွေဖျော်
ဟင်းရွက်ကြော်
ငပိရည်တို့စရာ
ခရမ်းချဉ်သီးငါးပိချက်
ပြောင်းဖူးကြော်
မှိုကန်စွန်းရွက်ကြော်
ဘာလချောင်ကြော်
ငါးရံ့ခြောက်ဆီဆမ်း
ဆတ်သားခြောက်ဖုတ်ဆီဆမ်း
ကညွတ်(ရာသီစာ)
အင်ဥသုတ်(ရာသီစာ)

ဒီပို့စ်အတွက်ကျေးဇူးတင်ရမှာက ချိုသင်းရဲ့ပို့စ်..နောက်တိုက်တိုက်ဆိုင်ဆိုင်အကြောင်းကြားတဲ့
ကေ အသစ်မရေးလို့တစ်နေ့တစ်ပုဒ်တင်ရင်ကောင်းမှာပဲဆိုတဲ့ ဂျူ တို့ကိုကျေးဇူးတင်ရမယ်။
သူများတွေဘာရေးရမှန်းမသိတဲ့ချိန်မှာခုလိုဆားချက်လိုက်ရတဲ့တွက်လည်းကျေးဇူးတင်ပါကြောင်း။