တစ်ရံခါဆီ ဖေဖော်ဝါရီဟု

Tuesday, February 12, 2013



တစ်ရံခါဆီ ဖေဖော်ဝါရီ ဟု …


အရှိန်ပြင်းကားတစ်စင်း ကိုယ့်ရှေ့က ဖြတ်မောင်းသွားတုန်း အဆက်မပြတ်မြည်လာတဲ့ ဖုန်းသံတွေလို
ကျွန်မ … လတ်တလော ဘဝကို အရေးတကြီး ဖြတ်ကူးနေပါတယ်  …. လို့    ဖြေပစ်လိုက်ရမလား  …
အဲလို အရောင်တွေနဲ့  မကြာခဏ လာလာကြည့်တတ်တဲ့ ဖေဖော်ဝါရီကို ကျွန်မမုန်းတယ် ….

စိတ်တွေ ပျံသန်းခွင့် မရတဲ့ ဇုံဆိုတာ မရှိလေတော့ ကိုယ့်စိတ်ကိုယ် နားချရတာပဲ လက်ဝင်တာပါ ..
သူတို့ အသေမသတ်နိုင်တိုင်း မာကျောခွင့် ရသွားရှာတဲ့ နှလုံးသားကလည်း နည်းနည်းခေါင်းမာတယ်
တကယ်ဆို ကျွန်မ  … အဲဒီကြိုးကို အစဆွဲ ဖြည်ပြလိုက်သင့်တာပေါ့  …ခုတော့ ..

အသိတရားမဲ့သူတွေရဲ့ ဇာတ်ဝင်ခန်းမှာ ဇာတ်ပို့ဝင်လုပ်ပေးရတာလည်း ဝဋ်နာကံနာတစ်ခုပါပဲ
ခင်းကျင်းထားတဲ့ ဇာတ်က သိပ်လှလွန်းတော့ ဇာတ်ပို့ကနေ ဗီလိန်ဖြစ်မှန်းမသိဖြစ်သွား ..
ခင်ဗျား အရေးအသားတွေ တစ်နေ့တခြား ညံ့ညံ့လာတယ်  ဇာတ်ဆရာ …

နေဝင်ချိန်တွေကို ဖန်ခွက်ထဲ လောင်းထည့်လိုက်မိတော့ ဖေဖော်ဝါရီညတွေက အေးစက်လို့
ဘာမှန်ကန်ချက်မှ ဘာသက်သေမှ မပါပဲ တွက်ထုတ်လိုက်ပြီးကာမှ ကူးထည့်ပစ်လိုက်တဲ့ အဖြေလို ..
တချို့ လူတွေရဲ့  ထုံအအ အကြည့်အောက်မှာ ချိုနေပုံက စိတ်ပျက်စရာ ..

ဘဝအဆက်ဆက် အစွန်းအထင်းလွယ်တဲ့ အရောင်တစ်ရောင် မဖြစ်ချင်ပါဘူးတဲ့(ကျွန်မရူးနေပြီထင်တယ်) ..
စိတ်ကူးရတိုင်း တောင်းမိတဲ့ တစ်ခုတည်းသော ဆုလို မျက်ရည်တွေစိုလို့ …(ကျွန်မ ငိုနေမိသေးသလား)
ကျေးဇူးပြုပြီး သံသရာဆီ သွားရာလမ်းတွေအားလုံး ကို ပိတ်ပေးထားကြပါ ..

ခရမ်းရောင် ဗျိုင်းအုပ်တွေ ဖြတ်သန်းခွင့် မပြု ဆိုတဲ့ သတိပေးစာတမ်းတွေ ပြည့်နေတဲ့
ကျွန်မ အခန်းနံရံကို ကြည့်လိုက်မိတိုင်း မေမေက တဖွဖွ ရယ်တတ်တယ် ..
တကယ်ဆို ဒီလို စာတမ်းတွေကို ကောင်းကင် တက်ချိတ်လို့ မရမှန်း မေမေလည်း သိတာပဲ …

ပြတင်းပေါက်တွေကို ဖွင့်ကြည့်လိုက်တဲ့အခါ ဖေဖော်ဝါရီကောင်းကင်မှာ ကြယ်တွေစုံနေတယ်
နက္ခတ်အမှားတွေနဲ့  ကျီစယ်တတ်တဲ့  သူ့ ထုံးစံအတိုင်း ကုမ်ရာသီဟာ အရောင်အဝါတွေမဲ့လို့
အချို့သော စကားလုံးတွေနဲ့ နာကျင်ကိုက်ခဲနေတာကလွဲရင် သစ်ရွက်တွေက ဝါနေဆဲ…
မလွဲတော့တဲ့ အနာဂတ် နေ့တွေမှာတော့ အဲဒီကြိုးစကို ငါဆွဲပစ်လိုက်မိတော့မယ် ….. ထင်တယ် …. ။      ။

မနော်ဟရီ
၁၂.၂.၂၀၁၃





တစ်ရံခါဆီ ဖေဖော်ဝါရီဟု ….

ညနေခင်းကောင်းကင်ဆီမှာ ခရမ်းရောင်ဗျိုင်းတစ်အုပ်ပျံသန်းသွားကြတဲ့အခါ
ဒါဟာ ဖေဖော်ဝါရီ ဆိုတာပဲလို့ မေမေက ဆိုတယ်။
မေမေ့ ဒိုင်ယာရီထဲမှာတော့ ဖေဖော်ဝါရီ ဆိုတာ နတ်ဆိုးတစ်ကောင်လိုပဲ မင်နီတွေခပ်များများနဲ့
အဲဒီ နီကျင်ကျင်စာမျက်နှာတွေကို မီးရှို့သုတ်သင်ပစ်လိုက်တုန်းက
ကျွန်မက အဝါရောင်အငေးတွေနဲ့ ခပ်လေးလေးတွေးလို့ .. ဘာကိုမှန်းတော့မသိဘူး ..
မီးခိုးငွေ့တွေကလွင့်ပါးပြီး တိမ်တိုက်တွေဖြစ်သွားတဲ့အခါ ..
မေမေ့မျက်ဝန်းတွေက ပြာလွင်လာပြီး တိမ်တွေကိုယ်စား ရှိုက်ကြီးတငင်ငိုတယ်
သူတို့တွေကို သနားလို့ ဆိုပဲ … ကျွန်မနားလည်ချင်ယောင်ဆောင်ပြီးခေါင်းညိမ့်ပြခဲ့ဖူးတယ်..

အသံတိတ်သင်ကြားမှုတွေကိုနာယူဖို့ ကျွန်မတို့ နှလုံးသားနံရံတွေက အထူးအပါးညီဖို့လိုတယ်
ဒီစာသားကို ခဏခဏ ချချရေးနေခဲ့ဖူးပြီး ဘယ်တုန်းကမှ မလိုက်နာခဲ့ဖူးတဲ့ကျွန်မက
ဆေးစပ်အသစ် အရောင်တွဲအသစ်တွေနဲ့ ဖေဖော်ဝါရီကိုချစ်ကြည့်ဖို့ ကြိုးစားတော့ မေမေကရယ်တယ်..
မေမေ့ရယ်သံတွေက  ဖန်တံတံ အငွေ့အသက်တွေနဲ့  ..ဓာတ်ခွဲစူးစမ်းကြည့်ဖို့တော့ အချိန်မရခဲ့လိုက်ဘူး
အဲဒီအချိန်မှာ ကျွန်မက မှော်ဆရာရဲ့ ကျမ်းတစ်အုပ်နဲ့ မန္တာန်ကြိုးရှုပ်တွေကြားမှာ အရုပ်ဖြစ်နေတဲ့အချိန်
သိဟ်ရာသီရဲ့ နက္ခတ်ရုပ်နဲ့ ကောင်းကင်ကိုမေ့ပြီး ဟန်လုပ်ပျော်မောနေမိတဲ့ အချိန် …
စိုးရိမ်ထိတ်လန့်သံတွေကို မသိကျိုးကျွံပြု ဟားတိုက်ရယ်မောပစ်နေမိတဲ့အချိန် ..
အငြိမ်မနေတတ်တဲ့ ရော်ရွက်ကြွေတွေကိုတောင်မှ ချစ်မြတ်ရိုကျိုးနေမိတဲ့ အချိန် …
တိမ်တွေလိုပဲ ယောက်ယက်တွေခတ်လို့ … အရောင်ပြောင်းဖို့မေ့နေခဲ့တာလေး တစ်ခုပါပဲ …

Fast ခလုတ်ကို နှိပ်လိုက်ပစ်လိုက်တော့ အရုပ်တွေ ခုန်ပျံကျော်လွှားပြီး သက္ကရာဇ်တစ်ခုဆီ ရပ်တံ့သွားတဲ့ခါ
ဖေဖော်ဝါရီဟာ ဟန်ကျပန်ကျနဲ့  ပြန်ပေါ်လာတယ် .. မယုံနိုင်စရာ ပန်းသွေးရောင် တလက်လက်ထ လို့ …
အရင့်အရင် ဝိုင်ခွက်တွေအတိုင်း မာရ်နတ်တစ်ပိုင်း ဘုရားတစ်ပိုင်း ပုံရိပ်တွေ လှိုင်းထလို့ ..
မေမေ .. လို့ ကျွန်မအော်ခေါ်လိုက်မိတဲ့အခါ … ခရမ်းရောင်ဗျိုင်းတစ်အုပ် ထပျံသွားရဲ့..
အနက်ရောင်ကျောက်တုံးနှစ်တုံးကို ပွတ်တိုက်ပစ်လိုက်တဲ့အခါ မီးတောက်တွေဖြာကျလာတယ် .
ကိုယ့်ကိုယ်ကို သီချင်းတအေးအေးနဲ့ မီးတင်ရှို့ပစ်လိုက်ပြီး ထိုင်ကြည့်နေတော့ .. 
သားကြီးက ငြိမ်းချမ်းခြင်း တရားတော်ထဲက စကားလုံးတွေကို မီးခိုးငွေ့တွေဆီပစ်တင်ပေးတယ်
သားကလေးကတော့ ကျွန်မငယ်ငယ်ကလိုပဲ ခေါင်းတညိမ့်ညိမ့်နဲ့ သွေးအေးဟန်ဆောင်လို့ ..
မီးတောက်တွေရဲ့ ပေါ့ဆမှုကြောင့် မျက်ရည်တွေပြာကျမသွားခဲ့တာကိုတော့ …
ကျွန်မကိုယ်တိုင်တောင် သတိမထားလိုက်မိပေမယ့် မေမေကတော့ သိသွားခဲ့ပုံပါပဲ …

အဲဒီနေ့ကစလို့  .. မေမေနဲ့ ကျွန်မတို့သားအမိတွေ ..လမ်းလျှောက် မထွက်ဖြစ်ကြတော့ဘူး …
မနော်ဟရီ




စာမျက်နှာကျော်သွားသော မျက်လှည့်ပွဲများနှင့် အနက်ရောင်ပေါက်ဈေး

Monday, February 4, 2013


manor sisyphus  

ဘဝရဲ့  ရှင်သန်နေထိုင်မှုက သေလုမတတ်ပျော်စရာတွေနဲ့အမြဲတမ်း ငြိတယ် ..
ကံတရားကတော့ ငါ့ ပြောစကား ဆိုစကားနားမထောင်တတ်တဲ့ ငါလိုခေါင်းမာသူ …
အလယ်လူဝင်လုပ်ပြီး စကားဝဲချင်ဟန်ဆောင်နေကြသူတွေက များများလာ ..(ကံကြမ္မာကိုက မပီကလာ ပီကလာနဲ့)
သံသရာရိုးကိုးပေါက် လျှောက်ခဲ့ပြီးတာတောင် ခရီးစဉ်အကြွေးက မကျေသေးဘူးတဲ့လား
ထူးထူးခြားခြား အေးခဲနေမိသူဆိုတော့လည်း မျက်ရည်တွေကို အားကိုးတကြီး ငေးကြည့်နေခဲ့မိ ..

ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသော ချစ်ခြင်းမေတ္တာ ဆိုတာကြီးနဲ့လည်း ပက်ပင်းတိုးဖူး ….
အလွန်အမင်း ချစ်စရာကောင်းသော အမုန်းတရား ဆိုတာကိုလည်း ရရှိပိုင်ဆိုင်ခဲ့ဖူး …
ဝမ်းနည်းကြေကွဲဖွယ်ရာတွေနဲ့  ပျော်ရွှင်သယောင် ဟန်ဆောင်ပန်ဆောင် နေထိုင်ခဲ့ဖူး
ပျော်ရွှင်ဖွယ် ကြည်နူးမှုတွေနဲ့   အလဲလဲ အကွဲကွဲ  ဆွတ်ပျံ့ ဝမ်းနည်းနေခဲ့ဖူး …
ဆူးတွေထွင်ရင်း ခရီးမရောက်ခဲ့သူတစ်ယောက်ရဲ့  နေ့ စွဲမဲ့ ဒိုင်ယာရီ .. မင်နီတွေလည်းရဲလို့ ..

တစ်နေဝင်တစ်နေထွက်လို့ အမည်ရတဲ့ ကျောက်တုံးကြီးတွေကို တွန်းတင်လိုက် ပြန်ချလိုက်
ပြန်ချလိုက် တွန်းတင်လိုက်  တွန်းတက်လိုက် ပြန်ချလိုက်  ..  တစ်နေဝင် တစ်နေထွက် ..  …
မျက်ရည်ထွက်မတတ် ရယ်မောနေမိတဲ့ သေလုမတတ်ပျော်စရာတွေမှာ အလိုမတူပဲငြိတွယ်
တစ်နေကွယ်သွားခဲ့ပြန်ပြီ … ကျိန်စာတွေကတော့ ကြောက်မက်ဖွယ် မီးတောက်တွေလို တက်ကြွပျော်မောနေကြတုန်း 

မနော်ဟရီ



မျက်လှည့်ပွဲ

သူ့ကို ငေးကြည့်နေမိရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားမှန်း သိလိုက်ရတဲ့ သွေးပျက်ဖွယ်ပြကွက် ..
ဒီဇာတ်ကွက်က စိတ်ပျက်စရာကောင်းလွန်းတဲ့ အဟောင်းအမြင်း ပြကွက်  ..
ကံကြမ္မာက သွက်လွန်းအားကြီးလို့ အသက်ရှူဖို့ တောင် အတော်ခက်ရဲ့ ..
သူ့လက်ထဲက ပျံပြေးသွားတဲ့ ငှက်ဖြူဖြူလေးကိုငေးရင်း ကိုယ့်ကျောက အတောင်ပံတွေကို ပြန်စမ်းနေမိ…
မှန်ကြည့်မိသလို အံ့အားသင့် ထိတ်လန့်သွားရမယ့်အစား ထုံပေပေ…   ….   ….

အမှတ်မရှိသူရဲ့ ပွဲခင်းထဲက ညနေဟာ ခိုဖြူခိုပြာခိုဝါ နက်ကယ်.. လိုအရောင်စုံလို့
ဝတ်ရုံနက်ထဲက ခုန်ထွက်လာပြီးကာမှ စက္ကူပန်းဖြစ်သွားရတဲ့ ယုန်ဖြူလေးတစ်ကောင်ဟာ ဘယ်သူပါလိမ့်
တံခါးရွက်အတုတွေနဲ့ တံခါးတွေကို ငေးကြည့်ရင်း “ အပြန်လမ်း ”လို့ အမည်ရတဲ့ ပုံပြင်ကို အမှတ်ရနေမိ
ပုံပြောသူမရှိတော့တဲ့ ညနေခင်းတွေကတော့ ခရမ်းပြာရောင် အခိုးအငွေ့တွေကို ဝေဝေဆာဆာပန်လို့
နှစ်ချို့ တောင်တန်းကြီးတွေလည်း သူလို ကိုယ်လို ပျောက်ဆုံးသွားခဲ့ပြန်တာပါပဲ ..

အမှန်တရားဆိုတာက   စားရိတ်စားက များလွန်းတဲ့ခရီး … “ မီးနည်းနည်းမြှင့်ပေးပါ”
အလင်းတွေ များလွန်းအားကြီးနေတဲ့အတွက် ဘာကိုမှသဲသဲကွဲကွဲ မမြင်ရဘူး  … ….
ကိုယ်ရူးနေပြီလို့ ခပ်ဖွဖွရေရွတ်နေတတ်တဲ့ အရူးမျိုး မရှိဘူးတဲ့လား … (ခင်ဗျားမှားနေပြီ )
အဲဒီလို အမှားတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ နေထိုင်လာလိုက်တာ အယောင်ဆောင်သူကောင်းဖြစ်လုနီးနီး ..
အခွင့်အခါ ဆိုတာကို စောင့်ရင်း ကြီးကျယ်မြင့်မြတ်ဟန်ဆောင်နေလိုက်တာ
ဟောဟိုက … ကုန်သည်လေတွေကတော့ လမ်းမှားပြီး ဝင်လာခဲ့ကြပုံနဲ့ …။          ။

မနော်ဟရီ




စာမျက်နှာတွေကိုကျော်ဖတ်လိုက်တဲ့အခါ ..

အခန်း(၁)
ပြကွက်တွေက နည်းနည်းမှိန်တယ် .. အလင်းအားမကောင်းဘူး .. မကြာခင် မိုးလင်းမယ်အထင်နဲ့
အရုဏ်ဦးပါတဲ့ ပန်းချီကားတစ်ချပ်ကို ဈေးကောင်းပေးမဝယ်ခဲ့မိသူလို .. နောင်တတွေ အားကောင်း ချိုလွင်နေခဲ့
ဘာ ဘာသာစကားနဲ့ ရေးထားမှန်းတောင် မသိမှတော့ စာကြွင်းစာကျမသိနိုင်သလို ဘာသာပြန်လည်း မှားနေလိမ့်မယ်
အဲဒီမှာ သတ္တိရှိရှိ ခဏ ရပ်ထားလိုက် တချို့ ခြေလှမ်းတွေမှာက နောက်ဆုတ်ရဲတဲ့ သတ္တိလိုတယ် ..


အခန်း(၄)
မပြောဖြစ်ပဲ မျိုသိပ်ထားတဲ့ စကားလုံးတွေက ဘဝမှာ ပိုပြီး ဆူညံ ပွက်လောရိုက်နေတတ်သတဲ့လား  ..
သိမ်းထားလိုက်တဲ့ အရောင်တွေကို အဖော်ပြုပြီး ဒိုင်ယာရီ တစ်ကြောင်းလောက်ရေး ကာလာတွေ အပျင်းပြေစပ် ..
ပြန်မတ်တပ်ရပ်လိုက်တဲ့အခါ  .. ထိုင်နေအကောင်းသားလို့ တွေးမိစေမယ့် ထီလက်မှတ်တွေ …ပြုတ်ကျလာမယ်
ခပ်ဟဟ ရယ်သံတချို့ကိုတော့ နည်းနည်း ခံနိုင်ရည်ရှိဖို့  လိုလိမ့်မယ် …

အခန်း(၆)
ကိုယ်သင်ပေးတဲ့ အကွက်နဲ့ ကိုယ့်ကို အရူးကွက်လာနင်းနေတာမျိုးလောက်ကို ခံရခက်မနေနဲ့ ရယ်ပစ်လိုက် …
စိတ်ရောဂါအထူးကု ဆေးရုံက လူနာစစ်မှန်ကြောင်းလက်မှတ်ကျ ခင်ဗျားလည်း လိုချင်တိုင်း ရနိုင်မှာမှ မဟုတ်ပဲ
တချို့ အလဲအထပ်တွေက အမြတ်မရှိပေမယ့် တချို့ကတော့ အရှုံးချည်း သက်သက်  …


အခန်း(၁၁)
နေကြာပွင့်တွေရဲ့ သန်းခေါင်ယံ မျှော်ငေးမှုဟာ သစ္စာတရားလား .. သံသရာလည်နေတဲ့ ဝဋ်ကြွေးလား ..
ဗန်ဂိုးရဲ့  အဝါတွေချယ်ထားတဲ့ ပန်းချီကားကိုတော့ သစ္စာတရားလို့ နာမည်တပ်ကြည့်လိုက်တယ် ..
ပြက္ခဒိန်တွေ လွင့်ကြွေရင့်ရော်သွားတဲ့ ကာလဟာ ဇာတ်ဝင်ခန်းတစ်ခန်းစာ ရှိခဲ့သလား ..(သံသယ)
စိတ်အာရုံတွေလွင့်တိုင်း စာမျက်နှာတွေကို ခပ်မြန်မြန် လှန်ဖတ်နေတတ်တာ စိတ္တဇတစ်ခုလို …

ဇာတ်သိမ်း
အလင်းပွင့်တွေ ငြိမ်သက်သွားတဲ့အခါကျတော့မှ အမှောင်နဲ့ စကားစမြည်ပြောခွင့်ရတော့တဲ့ သူတစ်ယောက်လို
အထိတ်တလန့် ပြိုကျလာတဲ့ ကျီးကန်းတွေကိုပဲ သိမှတ်မဲ့စိတ်နဲ့ အဝါရောင်တွေ လှမ်းခြယ်ပေးနေမိ  .. …
မျက်တောင်မခတ်တမ်း သတိလက်လွတ် ကြည့်လာခဲ့လျက်က ဘာတွေမှန်း မသိလိုက်တော့  … ..

မနော်ဟရီ
နိုဝင်ဘာ ၂၀၁၂ … ၂.၁.၂၀၁၃




ရုပ်ရှင်ရုံ

ဇာတ်ညွှန်းအတိုင်း .. အမှောင်ထုထဲ  တန်ကြေးကြီးကြီးပေးပြီး အလိုတူတူ မတူတူ တိုးဝင်လိုက်ရ
ကန့်လန့်ကာ အဖွင့်  .. နံနက်ခင်းကြယ်က ဖြုတ်ကနဲ ရှေ့မှာ ကြွေ ..ကျ .. အ လင်း စက် အတုတွေ..
ချစ်ခြင်း တွေနဲ့ကြေကွဲ .. .. စစ်ပွဲတွေနဲ့  ယစ်မူးပျော်ပါး .. လွန်မြောက်ခြင်းမှာ သာယာ..

တဖျောက်ဖျောက်နဲ့ ကိုက်ခွဲခံနေရတဲ့ ဘဝတွေက တချို့ တချို့ရဲ့ အာသာပြေပါးစပ်ဖျားမှာ ..
ဖိတ်တဝက် စင်တဝက် အာရုံတွေက အမှုမဲ့အမှတ်မဲ့ မော့သောက်လိုက်တဲ့ သံသရာတလျှောက် စီးဝင်သွား ..
ဘယ်ဘက်မှာထိုင်နေသူရဲ့  အစွယ်က လက်ကနဲ  ညာဘက်က မျက်ထောင့်နီတွေက လင်းကနဲ ..

ဝှက်ဓားတွေက ခုကျကာမှ တချွင်ချွင်လာခတ် .. အမှောင်က ကျဉ်းလွန်း ကြပ်လွန်းတဲ့ ဝတ်ရုံ
မလုံခြုံဘူး …  အထိတ်တလန့်  ခေါင်းလောင်းသံက ထောင့်ကန်ဘောဧရိယာထဲက ကံကြမ္မာ
အလင်းစက်တွေက အတု ဆိုတာ မေ့လျော့နေမိကြတော့ တချို့ပုံရိပ်တွေ အရောင်ဖျော့လွင့်ပါးသွားခဲ့ကြ။ ..

လူ့ဘုံခန်းဝါ ဆိုတာကြီးက သွေးပျက်စရာအတိပြီးတဲ့ ကျီးလန့်စာစား ဇာတ်လမ်းရှည်
အစကအဆုံး .. သူတစ်ပါးရဲ့အတ္တဆူးတွေ လာလာစိုက်နေတဲ့ စိတ်နှလုံးနဲ့ နာနာကျင်ကျင် ပြေးလွှား
နာရီတကြည့်ကြည့် ၊ ပြက္ခဒိန် တကြည့်ကြည့် နက္ခတ်တွေ တကြည့်ကြည့်နဲ့ .. စိတ်တွေလည်းအဖန်ဖန်ကျကွဲ ..

စကတည်းက ယဉ်သကို ပတ်မသံနဲ့ စ … ကားလိပ်ကမကျသေးတော့ ပြန်ထွက်လို့လည်းမရသေး
လေအေးစက်အတု နဲ့ မောဟအစစ်တွေကြား ကျဉ်းကျဉ်းကြပ်ကြပ် ခက်ခက်ခဲခဲ ရှင်သန် ..
လေကောင်းလေသန့် နဲ့ စိမ်းလန်းသော ရှုခင်းများ  စိတ်နဲ့အားတင်းချောင်းကြည့်နေခဲ့ရ …..။     ။   

မနော်ဟရီ
၂၄.၉ .၂၀၁၂





အရောင်စုံသစ်သီးများ

သိပ်တော့ မရယ်ရပါဘူး .. အသက်ရှူလို့ မဝဘူး ဆိုတဲ့အကြောင်းက ရယ်စရာမှ မဟုတ်တာ
လေထုအားနည်းနေတာမဟုတ်ပဲ အသက်ရှူအားနည်းနေတာ ဆိုတာကိုတော့ ဖွင့်မပြောတော့ဘူး
ထူးထူးခြားခြား ဖြစ်စဉ်ရယ်လို့ တစ်ခုမှမပါပဲ တစ်နေ့ပြီး တစ်နေ့ ပွင့်ပွင့်လာတာကိုက စိတ်ပျက်စရာ
သိပ်ချစ်တာပဲတဲ့လား … ခင်ဗျားဘေးနားက လက်ပစ်ဗုံးတွေ ခဏလောက် တော်ရာထားပြီးမှပြောပါ
မကြာခဏ ထထပေါက်နေတဲ့ စိတ်ပူဖောင်း အရောင်စုံ အကွဲစတွေက ပလက်ဖောင်းပေါ်မှာပြန့်ကျဲလို့
နှုတ်ခမ်းဖျားကလေးကို မထိတရိလေးတွန့်ပြီး ပြုံးလိုက်မိသေးလား မဆိုနိုင် …

အက်ကြောင်းရာတွေ ဖာထေးရင်း ဖာထေးရင်းကပဲ ငလျင်ဒါဏ်တွေက ပိုမို ပြင်းထန်လာခဲ့
လေထုထဲမှာက အောက်စီဂျင်လက်ကျန် သိပ်မရှိတော့ဘူးလို့ သိနေတယ် ..
အငမ်းမရ ဆိုတဲ့ ဝေါဟာရကို အပြန်ပြန် အလှန်လှန်တွေးရင် အသက်ကိုခပ်မြှင်းမြှင်း ရှူကြည့်နေမိ ..
မချိတင်ကဲ ဆိုတဲ့ အကြည့်မှာ တဖျတ်ဖျတ်လက်နေတဲ့ အသံတွေပါမလာခဲ့ဘူး ..
မိုးခေါင်ရေရှားအရပ်က ကန္တာရပင်တွေကြား ပွင့်ခဲ့ရတဲ့ မိုးဥတု နံနက်ခင်းလေး တစ်ခုလို
အခြောက်ခြောက် အသွေ့သွေ့ ကွဲရှ တိုးထွက်လာခဲ့ရ … ပုခုံးတစ်ချက်တွန့် ခဲ့လိုက်မိသေးလား မဆိုနိုင်  …

မထွေးနိုင် မအန်နိုင် အဆီတဝင်းဝင်းတွေနဲ့  မအန်နိုင်မထွေးနိုင် သဲတရှပ်ရှပ်တွေကြား
ရှေ့မဆက်တတ်တော့သလို  ဘာရပ်လုပ်နေမိပြန်တာလဲ …
ပိတ်ကားပေါ်က ဖယောင်းတိုင်မီး လှလှလေး လင်းနေတာကိုလည်း စွန့်လွှတ်ခဲ့ပြီးပြီ  ..
စာအုပ်ကြားထဲက ကံ့ကော်ပွင့်လေး သင်းနေတာကိုလည်း ပိတ်ပစ်လိုက်ခဲ့ပြီးပြီ …
ခြေကုန်လက်ပမ်းကျသလို အီဆွဲဆန့်ငင်လာတဲ့ တယောသံတွေကိုကျ ….
စကားဝဲသူတစ်ယောက်ရဲ့  မျက်ဝန်းတွေနဲ့  လှည့်ကြည့်ခဲ့မိသေးလား .. မသိနိုင် ….

အမှိုက်တွေ စုပုံအနည်ကျလာတဲ့ စိတ်နဲ့  စိတ်တွေ စုပုံအနည်ကျသွားတဲ့ အမှိုက်ပုံ
အရောင်စုံသစ်သီးတွေအကြောင်း ခဏတဖြုတ်ဖြစ်ဖြစ် မေ့ထားလိုက်ကြရအောင်
အနံ့အရသာတွေနဲ့  ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ အခွင့်အလမ်းသစ်တွေ ..
ကိုယ်ပဲ စစ်သူကြီး ကိုယ်ပဲ သံတမန် ကိုယ်ပဲ စစ်သုပန်း .. တခန်းတနားကြီး မြင့်မြတ်ပြနေကြ
သွေးရဲရဲ သံရဲရဲ အိပ်မက်တွေနဲ့ သတ္တိခပ်ကျဲကျဲကိုပဲ မရမက စုစည်းထားလိုက်ရတော့
မျက်ရည်တွေနဲ့  မက်မက်စက်စက် ရယ်မောခဲ့မိသေးလား မဆိုနိုင် ….

မနော်ဟရီ
၂၀၁၂ သြဂုတ်




မနက်ဖြန် ကျွန်မပေါက်ဈေးက အနက်ရောင် 

ကျောပေါ်က လှေခါးထစ်တွေရဲ့  ဖွင့်ဈေးက တိုက်ရည်ခိုက်ရည်ကောင်းတဲ့ နှလုံးသားထက် အရောင်လွင်တယ်..
(ဒီမှာ ပန်းချီဆရာ အဖြူနည်းနည်းပက်လိုက်သင့်လား ရေများများ ရောလိုက်သင့်သလား ..အကြံပေးစမ်းပါ)
တချို့ကတော့ အဲဒီလှေခါးထစ်တွေထက် ပင့်ကူတစ်ကောင်လို ဦးနှောက်ကိုပဲ ပိုစိတ်ဝင်စားသတဲ့ ..
အဲဒီပေါက်ဈေးကတော့ ကီး နည်းနည်း မြင့်နေတဲ့ အသံတစ်သံ … (pitch တော့ မမီပြန်ဘူး )
အဟောင်းတွေကို အသစ်လုပ်ဝတ်ပြီး ဈေးနှုန်းအသစ် ကပ်ထားတဲ့သူက တစ်မျိုး ..( မြင်ရတာ နားရေစပ်တယ် )
အလကားခိုးလို့ ရတဲ့ ဝေါဟာရတွေအတွက် ဈေးလာညှိနေတာကိုပဲ ကျေးဇူးတင်ပစ်လိုက်ရတော့မယောင် ..
မကြောင်ကြစမ်းပါနဲ့ ဟာ  .. ဘယ်နေ့ဖြစ်ဖြစ် ပေါက်ဈေးမတူတဲ့အရာဟာ အဲဒီ ဂီလာန မာယာတွေပါပဲ …

လတ်တလော အရေးပေါ် ရေးခြစ် အရောင်တင် ပစ်လိုက်တဲ့ သမိုင်း၊ ရင်းနှီးမှုနဲ့ ကပ်ထားတဲ့ တံဆိပ်ခေါင်း ..
လက်ခုပ်သံတွေက ဖြောင်းဖြောင်းနဲ့ ခင်ဗျားကျ တန်ဖိုးပြောင်းရတာ လွယ်လိုက်တာ .(အထူးတလည်အံ့သြပြလိုက်..)
ဆောင်ဓား တစ်ချက်လှမ်းဆွဲ ခတ်လိုက်ရုံနဲ့  ဓားဖျားမှာ အပြုံလိုက် ငြိပါလာမယ့် မျက်နှာဖုံးတွေ ..
မနေ့က အပြုံးတွေနဲ့ ဒီနေ့အချစ်ကို လက်သိပ်ထိုးဝယ်ဖို့ ကြိုးစားနေပုံက စိတ်ပျက်စရာ ..
မကစားတတ်သူတွေ အစားခံနေရကျ လူ့ဘဝကြီးထဲ ခင်ဗျားတို့ ကျွန်တော်တို့   ပြုတ်ကျလာပုံကိုက
သကာင်္မကင်းတဲ့ ရနံ့တွေရနေတဲ့ နတ်ဒေဝတာတွေ ထွေခင်းတဲ့ပွဲကြီးထဲ ဘုမသိ ဘမသိ ရောက်လာသလို ..
တစ်ထောင့်တစ်ည ပုံပြင်ဆန်းတွေလောက်တော့ ပျင်းတယ်ဆိုတဲ့ ဇာတ်ကွက်နဲ့ ..

ခါတော်မီသမိုင်း .. အရောင်ပြောင်းထားတဲ့ အတွင်းသံ .. ပုံသဏ္ဍန် မမှန်တော့တဲ့ လူမှုဆက်ဆံရေး
အဆိပ်ခတ်ထားတဲ့ အချိုရောင် စကားလုံးများ .. မျက်နှာဖုံးများ နောက်က ကိုယ်ရည်သွေးတီးလုံးသံများ..
စကားလုံးအတုတွေနဲ့  လှီးချွတ်ခံလိုက်ရတဲ့ သိက္ခာများ နှုတ်ခမ်းပါးကလေးနဲ့ သတ်ပစ်လိုက်လို့ ရတဲ့ ဘဝများ ..
“ရောင်းရန်ရှိသည်” ဆိုင်းဘုတ် မလိုတဲ့ သံသရာဈေးကွက် ..  မနက်ဖြန်မနက် ဆက်ဆက်တက်လာမယ့် ပေါက်ဈေး …
အသံတွေစုံနေပြီဆို မျက်စိကိုမှိတ်ထားလိုက် .. ကိုက်လမ်းလေးအတိုင်း ပြန်လာမယ့် မနက်ခင်း အလင်း အမှောင်မှာ ကိုယ့်လှောင်ရယ်သံက အစွန်းအထင်းလို အထင်းသား  …. J အခါးဓာတ် ကဲချင်ကဲနေနိုင်တဲ့ မနက်ဖြန်မှာတော့
ကျွန်မပေါက်ဈေးက တကယ့်ကို အမှောင်ရင့်ရင့် … နည်းနည်းတော့ချင့်ယုံကြရတော့မယ်  …

မနော်ဟရီ
စက်တင်ဘာ ၂၀၁၂









ပညာသင် ထောက်ပံ့ကြေး

Sunday, July 1, 2012


၂၀၁၀ တုန်းက ဆေးကျောင်းသူလေး နှစ်ယောက်အတွက် ဘလော့ခ်ကနေ ပညာသင် ထောက်ပံ့ကြေး လှူချင်သူတွေ ရှိရင် လှူဖို့ ဆော်သြပေးခဲ့ပါတယ်။ အဲဒီ နှစ်ယောက်လုံးပဲ ချက်ချင်းဆိုသလို အလှူရှင် ရသွားကြတယ်။ သက်ထားမွန် ဆိုတဲ့ တစ်ယောက်ကို အလှူရှင် တစ်ဦးတည်းက တာဝန်ယူသွားတဲ့အတွက် ကျွန်မ သိပ်ပြီး အလုပ်မရှုပ်လိုက်ပါဘူး။ နောက်တစ်ယောက် အေးသူဇာမိုးကိုတော့ ကျွန်မဆီ ဝင်လာတဲ့ အလှူရှင် ၃ဦးဆီက အလှူငွေတွေကို လစဉ်စုပြီး ဘဏ်က လွှဲပေးပါတယ်။
အဲဒီအလှူရှင်သုံးဦးထဲက တစ်ဦးလျော့သွားတဲ့တာ ၆လလောက်ရှိတော့မယ် ထင်ပါတယ်။ အဲဒိအတွက် တစ်စုစာ သုံးသောင်း လိုနေပါတယ်။ ခု သက်ထားမွန်ကို လှူနေတဲ့ အလှူရှင်ကလည်း အကြောင်းကြောင်း ကြောင့် ဆက်မလှူနိုင်တော့တဲ့အတွက် သူမတစ်ယောက်စာလည်း လိုနေပြန်ပါတယ်။ ကလေးမိဘတွေ လည်း စိုးရိမ်စိတ်နဲ့ ကျွန်မဆီ လှမ်းပြီး အကြောင်းကြားပါတယ်။ ဒါကြောင့် ကျွန်မ သူတို့အတွက် ပြန် အလှူခံဖို့ ဒီပို့စ်ကို ရေးပါတယ်။
သက်ထားမွန်အတွက် လိုအပ်တာကတော့ တစ်လ တစ်သိန်းပါ။
အရင်တင်ထားတဲ့ စားရိတ်ကို ဒီပို့စ် http://www.the-art-of-manorhary.com/2010/05/blog-post_05.html  မှာ ကြည့်နိုင်ပါတယ်။
အေးသူဇာမိုး လိုအပ်တာကတော့ တစ်ပုံစာ တစ်လ သုံးသောင်းပါ။
အဲဒါကို တတ်နိုင်သလောက် စုပေါင်းလှူလိုက်ကြရင် ပြည့်သွားမယ်လို့ ယုံပါတယ်။
ဆက်သွယ်ဖို့ကတော့ ကျွန်မ email .. manorhary@gmail.com  ကို ဆက်သွယ်နိုင်ပါတယ်။ 


ကန္တာရသစ်ပင်

Monday, June 18, 2012


ကန္တာရသစ်ပင်

(နိဒါန်း)

ဒီတစ်ခါ မှန်ကြည့်တာ နောက်ဆုံးပဲဟု ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဆုံးဖြတ်ချက်ချရင်း မှန်ကို မရဲတရဲ ကြည့်လိုက်မိပြန်သည်။ တကယ်ပါပဲ … သူမ နားထင်မှာ ဆူးကလေး တစ်ချောင်း ထိုးထွက်နေခဲ့တာကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ လက်ခံလိုက်ရပြန်လေသည်။

(က)
အဖျားသွေးကျစမို့ တစိမ့်စိမ့် ထွက်နေသော ချွေးစများကိုလည်း နဖူး ဆံစပ်တစ်လျှောက် တွဲခိုနေတာကို တွေ့ရသည်။ တစ်ရှူး ဖြူဖြူလေးနှင့် အသာတို့ သုတ်လိုက်တော့ ဆူးကလေးက ပိုထင်ရှားလာသည်။ အဝါဖျော့ဖျော့လေး။ သိပ်လည်း အားရှိဟန်မတူ။ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ မှန်ရှေ့က ခွာလာခဲ့ပြန်သည်။ လူကတော့ အဖျားသွေးကြောင့် နုံးချိလို့။
သူမ အပြင်းဖျားနေခဲ့တာ ၃ရက်လောက် ရှိတော့မည် ထင်သည်။ နေ့တွေညတွေ ရက်တွေလည်း သိပ် မမှတ်မိချင်တော့။ စဖျားတည်းက ကံအားလျော်စွာ ရှိနေခဲ့သော ဘိုင်အိုဂျက်ဆစ် အလုံး ၂၀ တစ်ကဒ်     (အသေအချာ ပြောရလျင် သုံးလုံး လျော့နေသည်။ ) နှင့် ထိုအဖျားကို တစ်ယောက်တည်း ရင်ဆိုင် နေခဲ့တာ။ ဖျားနေတာများ ဆေးခန်း သွားပါတော့လား ဟု တစ်စုံတစ်ယောက်က ပြောလာလျှင် ရယ်ပြလိုက်ရုံသာ တတ်နိုင်လိမ့်မည်လားမသိ။ (ရယ်ဖို့တောင် အားရှိမရှိ မသေချာ) ။ တကယ့်တကယ်က ၇လွှာအမြင့်ကနေ အဖျား ၁၀၄လောက် ရှိနေသော သူက တစ်ယောက်တည်းဆင်းပြီး ကားငှား ဆေးခန်းသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သော အရာဆိုတာ သူတို့သိအောင် ရှင်းပြမနေချင်။ ဖျားတိုင်း ဖျားတိုင်း ကိုယ့်ဘာသာကိုယ်ပဲ ဆေးသောက်ဖြစ်တာ မနည်းတော့။ ဒီတစ်ခါ အဖျားကတော့ အနည်းငယ် ပိုပြင်းထန်ကာ ပိုပြီးရက်ရှည်သည်။
အဖျားတက်နေချိန်တွင် ဆေးခန်းထသွားဖို့ မတွေးနှင့် လက်တစ်ကမ်းအကွာလောက်က ရေဗူးနှင့် ဆေးကို ပင် ယူမသောက်နိုင်။  တစ်ယောက်တည်း တစ်ရွေ့ရွေ့ ထယူနေမိသော အချိန်များသည် ငရဲ အသေးစားလေး  နှင့်တူသည်။ အသက်ဆက်ရှင်ရန် လိုအပ်သလား မလိုအပ်လားပါ တွေးတောချင်စိတ် ပေါက်လာတတ်သည်။ အဖြေမရှိသော အတွေးများနှင့် သူရဲဘောကြောင်သော၊ လူသားသိပ်ဆန်သော အတွေးများ ရောယှက် သွားသောအခါ ဆေးလုံးတွေကို နာရီခြား သောက်ဖြစ်သွားတော့သည်။
မနက်ကတော့ မိုးမလင်းခင်တည်းက သိသိသာသာ ကိုယ်ပူကျသလို ခံစားလိုက်ရတာကို သတိထားမိသည်။ ပြဒါးတိုင်မှ အပူချိန်ပြ ပြဒါးလေး ဖြုတ်ကနဲကျဆင်းသွားတာကိုပင် မြင်လိုက်ရသလို ခံစားမိသည်ထိ။ စိတ်အနည်းငယ် သက်သာမလို ရှိကာမှ စို့လာသော ချွေးတွေကို အသုတ်၊ နားထင်ထောင့်စွန်းဆီမှ ဆူးကလေးကို လက်က စမ်းမိသွားသည်။
ဘာလေးပါလိမ့် ..လို့ ဇဝေဇဝါ တွေးကာ ထပ်ကာ ထပ်ကာ စမ်းနေမိသေးသည်။ တစ်စုံတစ်ခုများ ကိုယ့်ထဲ လာစိုက်ဝင်နေတာလားဟု။ ဟင့်အင်း။ မဟုတ်ဘူး။ တစ်စုံတစ်ခု ကိုယ့်ထဲကနေ ထိုးထွက်နေတာ။ ဘုရားသခင် …။ သူမ ကုတင်ပေါ်က ခုန်ထလိုက်မိမလိုပင်။ အားက မပါတော့ ခပ်ရွေ့ရွေ့သာ ထလိုက်နိုင်သည်။ မှန်ရှေ့ရောက်လို့ သေချာ ကြည့်လိုက်တော့ နားထင်ဆီမှ ထိုးထွက်နေသော ဆူးကလေး တစ်ချောင်း။ အဝါ ခပ်ဖျော့ဖျော့လေး။ ပထမတော့ အိပ်မက်မက်နေသလို ထင်ကာ ကုတင်ဆီ ပြန်လာပြီး ပြန်အိပ်ပစ်လိုက်သေးသည်။ ပြန်နိုးလာလျင် ဒါတွေ အားလုံး ပြီးဆုံးသွားမည်ပေါ့။ နောက်တစ်ကြိမ် ပြန်နိုးလာတော့ အသိနှင့်ခန္ဓာကပ်သည်နှင့် တပြိုင်နက် လက်က အလိုလို နားထင်ဆီ အရင်ဆုံး ရောက်သွားသည်။ ဆူးကလေးက ခပ်တည်တည်နှင့် ထိုးထွက်လာဆဲ။ မနက်ကထက်ပင် အနည်းငယ် ပိုရှည်လာသလို။
တစ်စုံတစ်ရာမကတော့ မှားနေလောက်ပြီ။ ဆေးများမှားသောက်မိလားဟု ဇဝေဇဝါနှင့် အိမ်မှာ နတစ်ကဒ်တည်းသာ ရှိဖူးသော ဘိုင်အိုဂျက်ဆစ် ဆေးကဒ်လေးကို ဇဝေဇဝါ ကြည့်နေမိသေးသည်။ ဘာဆိုင်လို့တုန်း။ ဒီဆေးက အကိုက်အခဲပျောက် အပူကျဆေးပဲ ..။ ကုန်နေပြီဖြစ်သော ဆေးကဒ်ကို လွှတ်ပစ်လိုက်သည်။ မှန်ကို တတိယအကြိမ် ထကြည့်မိပြန်သည်။ ဆူးကလေးက ရှိနေတုန်း။ သေချာပါပြီ။ ဒါဆို။ ဒါဟာ အိပ်မက်မှမဟုတ်တာ။ အိပ်မက်မဟုတ်သလို သမားရိုးကျလည်း မဆန်တာ သတိထားမိနေသည်။ ဘယ်လို သမားရိုးကျ မဆန်တာလဲ ဟု မေးလျင်တော့ ဖြေတတ်လိမ့်မည် မဟုတ်တာ သေချာသည်။
ဒီဆူးတစ်ချောင်းနဲ့ ဘယ်လို အပြင်ထွက်မလဲ ..ဟု သူမစဉ်းစားမိပြန်သည်။ အလုပ်ကို သူမ မသွားဖြစ်တာ တစ်ပတ်ခန့် ရှိတော့မည်။ ဖျားဖျားချင်း အီးမေးလ် ပို့ကာ ခွင့်တိုင်ထားခဲ့တာကို သတိရသည်။ ထူးဆန်းတာက ခုထိ ဘယ်သူကမှ သတင်းလှမ်းမမေးသလို အလုပ်ပြန်မလာသေးဘူးလားဟုလည်း  ဘယ်သူကမှ မပြော။ ခေါင်းအုံးဘေးတွင် ချထားသော လက်ကိုင်ဖုန်း အနက်ရောင်လေးကို မယုံသင်္ကာ ကောက်ကောက်ကြည့်နေမိတာ အတော်ကြာပြီ။ ဒီကောင် ပျက်များ နေသလား မသိ။ အသံမမြည်တာကို အတော်ကြာပြီ။ မမြည်တတ်တော့သော ဖုန်းတစ်လုံးများ ဖြစ်နေတာလား။ မြည်ခွင့်မရသော ဖုန်းတစ်လုံးဖြစ်နေတာလား ။ သူမကိုယ်တိုင်လည်း သေချာတော့ မသိချင်။ ခပ်လှမ်းလှမ်းက နံရံမှာ ချိတ်တွယ်နေသော အိမ်ဖုန်းကတော့ ပိုဆိုးသည်။ သူ့မြည်သံသည် ဘယ်သို့ ဘယ်ပုံ ရှိမှန်းပင် သူမ မမှတ်မိတော့။ ကလင် ကလင် ဟု မြည်တတ်လား။ တူတူ တူ ဟု မြည်တတ်လား။ သီချင်းသံ တစ်ခုခု ထွက်သလား ။ လိုင်းဖုန်းမို့ ထုံးစံအတိုင်း ပျက်ပဲ နေတာလား၊ ဆက်သူ တကယ်ပဲ မရှိတာလား။ သူမ မသိတော့။ ကြာပြီပဲ။ ဒီဖုန်း အသံသေနေခဲ့တာ။
နောက်ထပ် တစ်ပတ်လောက် ခွင့် ဆက်တိုင်သင့် မတိုင်သင့် သူမ စဉ်းစားနေမိသည်။ မတိုင်ပဲ နေလျင် ဘာဖြစ်မလဲ။ တိုင်လိုက်လျင် ဘယ်လို အကျိုးထူးမည်လဲ။ ဘာမှတော့ သိပ်ကွာခြားမနေသလိုပင်။ စိုးရိမ်စရာ က တစ်ခုတည်း ရှိသည်။ ဒီဆူးဝါဝါလေး တစ်ချောင်းနှင့် သူမ ဘယ်လို အပြင်ထွက်မလဲ ဆိုတာပင်။ တွေးနေဆဲမှာ ဆူးကလေးက ပိုမိုချွန်မြလာခဲ့သည်။
နေ့လည်ကျ သိသိသာသာကြီး လန်းလာသည်။ အဖျားက တိကနဲ နောက်တဆင့် ထပ်ကျသွားသလိုပင်။ ထိုင်ရာမှ ထလိုက်တာပင် အတော်လေး သွက်လက်နေသလို ခံစားရသည်။ တစ်ခုခု စားဖို့ သတိတရ ရေခဲသေတ္တာဆီ အသွား နောက်ဖက် ဘေစင်မှန်ထဲ မြင်လိုက်ရသော ကိုယ့်ပုံရိပ်ကိုယ် ဖျတ်ကနဲ သတိထားလိုက်မိသည်။ တစ်ခုခု။ တစ်ခုခု ထူးနေသလိုလို … ခံစားရတာကြောင့် မှန်နား ကပ်သွားလိုက်မိတော့ .. နဖူးပေါ်မှာ နောက်ထပ် ဆူးကလေး တစ်ချောင်း။ စထွက်ကာစမို့ အဝါအနည်းငယ်သာ သမ်းသော အဖြူရောင်လေး ဖြစ်နေသည်။ မြတ်စွာဘုရားသခင် .. ဟု အထိတ်တလန့် တလိုက်မိသော်လည်း လူက ထူးထူးဆန်းဆန်း ပေါ့ပါး လန်းဆန်းနေတာ သတိပြုလိုက်မိသည်။
ရေခဲသေတ္တာထဲမှာ စားစရာဆို၍ ကြက်ဥတစ်ကဒ်နှင့် သူမကို လိမ်ပိန်ကာကြည့်နေသော လိမ္မော်သီးခြောက် တစ်လုံးသာရှိသည်။ သူတို့ ရေခဲသေတ္တာထဲရောက်နေတာ ဘယ်လောက်ကြာနေပြီလဲမသိ။ လိမ္မော်သီးကို ယူကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ သေချာတာက ဒီကြက်ဥတွေကလွဲလျင် ဘာမှစားစရာ မရှိ ဆိုတာပင်။ ဒါတွေကို ပြုတ်စားရမလား ကြော်စားရမလား စဉ်းစားရင်း မစားဖြစ်တော့။ ရေခဲသေတ္တာကို ပြန်ပိတ်လိုက်မိပြီ။
အဖျားမရှိတော့မှ လူက တခြားကိစ္စတွေ ပြန်ဝင်လာသည်။ ဖုန်းကို မကြာခဏ ကောက်ကောက်ကြည့်နေမိ တတ်သော ရောဂါ ပြန်ဝင်လာသည်။  message message message ဟူသော မရပ်မနား အော်သံနှင့်အတူ message တစ်ခုတလေများ လမ်းမှား ဝင်လာနိုး။ missed call တစ်ခု တလေများ ကိုယ်မကြားလိုက်ရသဖြင့် ရှိနေနိုင်နိုး ကြည့်ကြည့်နေမိတတ်သော ရောဂါ ပြန်ထလာသည်။ ကွန်ပျူတာကိုဖွင့် မေးလ်စစ်တော့ ခွင့်တိုင်စာကို ထူးထူးခြားခြားကြီး OK ဟု တစ်လုံးတည်း ပြန်ထားသော  admin manager ၏ တိုရည် ရှားရည်နိုင်လှသည့် စာကိုသာ ထီးထီးကြီး တွေ့လိုက်ရသည်။ (ဒီတော့မှ အသိတစ်ယောက် ရယ်စရာလိုလို ပြောထားသော စကားကို သတိရမိသည်။ ကိုယ့် mail box ထဲ စာပို့မယ့်သူမရှိ မဖြစ်ရလေအောင် astrology site တွေ၊  သတင်း sites တွေကို တတ်နိုင်သလောက်  subscribe လုပ်ထားရတယ် ဆိုသောစကား .. ခုကျကာမှ အဲလို လုပ်မထားမိတာ မှားနေပြီလား တွေးရတော့မလို)
ရင်ထဲမှာ ပြန်ပူကာ ရေငတ်လာသလို ခံစားရသည်မို့ အနားက ရေဘူးကို လှမ်းအဆွဲ လက်ချောင်းလေးတွေ စိမ်းဖန့်ဖန့် အရောင်တစ်ခု သမ်းနေတာ သွားသတိထားမိသည်။ ရေထည့်ထားသည့် ဘူးက အကြည်ရောင်။ အစိမ်းရောင် တံဆိပ်တွေ ဘာတွေလည်း ကပ်မထား။ ကြည့်နေရင်းက အရောင်က ပြန်ပျောက်သွားသလို။ တစ်ယောက်တည်း နေတာကြာရင် လူက ဘာလိုလို ဖြစ်လာတတ်တယ်လို့ ဘယ်နားမှာများ ဖတ်ဖူးသလဲ ပြန်စဉ်းစားကြည့်သည်။ စဉ်းစားမရတော့။ စဉ်းစား မရတာလား။ မဖတ်ကို မဖတ်ဖူးခဲ့တာလား မမှတ်မိတော့။ ရေကို တစ်ဝကြီး မော့သောက်ပစ်လိုက်တော့ လည်ချောင်းတစ်လျှောက် စီးဆင်းသွားသည့် ရေတွေ ခြေဖျားထိတိုင် စီးသွားသည်ဟု ခံစားလိုက်ရသည်။ ကွန်ပျူတာရှေ့မှာ ထိုင်နေရာကနေ ထလိုက်တော့ ခြေဖဝါးအောက်မှာ ရေတချို့ စိုစိစိလိုလို ..။ အဝတ်စုတ်တစ်ခု ယူပြီး သုတ်ပစ်လိုက်ပြီးမှ စထိုင်စက ဒီရေတွေ ရှိနေတာ မသိဘူးတဲ့လားဟု ကိုယ့်ဘာသာ ကိုယ်တွေးမိသည်။ မသေချာတော့။ မသေချာတာတွေ သိပ်များလာတာတော့ သေချာသည်။ ကိုယ်ကပဲ စုထားမိတာလား။ သေချာတာတွေကို ရင်မဆိုင် ချင်တော့လို့လား စဉ်းစားမရတော့။
တစ်ခုခုတော့ စားဦးမှပါဟု စဉ်းစားပြီး ကြက်ဥကို ကြော်တာနဲ့ ပြုတ်တာ ဘယ်ဟာ ပိုမြန်မလဲ ထိုင်တွေးနေတာနှင့်ပင် နာရီဝက်လောက် ကြာသွားသည်။ ပြီးတော့လည်း ဟုတ်တာ မဟုတ်တာမသိ ဆီအိုးတည်ကာ ကြော်ပစ်လိုက်သည်။ ကြက်ဥ သုံးလုံးကို တစ်ခါတည်း ခွဲထည့်ပြီး တစ်ချက် နှစ်ချက် မွှေပစ်လိုက်ရုံနှင့် သူမ၏ ကြက်ဥကြော်ခြင်း ကိစ္စ ပြီးမြောက်သွားသည်။ နောက် ရေနွေးဓာတ်ဘူးနှင့် အမြဲ ပလပ်တပ်ထားသော ရေနွေးကိုယူကာ ကော်ဖီဖျော်သည်။ ပထမဆုံး ပြန်လည်စားသော အစားအစာ ဖြစ်လို့လားမသိ။ စားရတာ သိပ်အဆင်မပြေ။ ကိုယ့်အစာမဟုတ်တာကို စားနေရသလိုလို။ ဖျားနေတုန်းက ဆေးမသောက်ခင် တစ်ချပ် တစ်ချပ် စားနေသော ကွတ်ကီဘူးကို ကြည့်လိုက်တော့ ကုန်နေပြီ။ ဘယ်တုန်းက ကုန်နေခဲ့တာမှန်းလည်းမသိ။ သူမနောက်ဆုံး ဆေးသောက်သည့်အထိ ကွတ်ကီက ရှိနေသေးလား စားခဲ့သေးလားလည်း မမှတ်မိချင်တော့။ မကုန်တော့သော ကြက်ဥကြော်တွေကို ဇကာ ခပ်သေးသေး တစ်ခုနှင့် အုပ်ထားလိုက်သည်။ ညနေစာပေါ့။ ဒါမှမဟုတ် နောက်တစ်ခေါက် စားပေါ့။ ကော်ဖီခွက်ကို ယူပြီး မော့ချလိုက်တော့ စောစောက ရေသောက်တုန်းကလို ခံစားရသည်။ ကော်ဖီပူတွေ ခြေဖဝါးထိ နွေးကနဲဆင်းသွားသလို ..။
လူကလည်း စောစောကလို မဟုတ်ပဲ သိသိသာသာ ကော်ဖီကြောင့် လန်းမလာပဲ ခွေချင်လာသည်။ အိပ်ယာပေါ် ပြန်တက်ဖို့စိတ်ကူးလိုက်တော့ ကော်ဖီတစ်ချို့ ကြမ်းပြင်ပေါ်မှာ ဖိတ်နေပြန်သည်။ ဘယ်တုန်းက ဖိတ်ကျသွားခဲ့တာလဲ။ ကြက်ဥပန်းကန်နှင့် တိုက်မိလို့လား။ သူမ ဆားဘူး ထယူလိုက်တုန်းကလား။ ကွတ်ကီဘူးကို သွားကြည့်ဖို့ ထလိုက်တုန်းကလား မသိတော့။ သိပ်မများသဖြင့် စွတ်စိုစိုဖြစ်နေသော ကော်ဖီများကို ခြေသုတ်ဝတ် အဟောင်းတစ်ခုနှင့် ခြေထောက်ကိုပါ ပွတ်သုတ် လိုက်ရင်း ကုတင်ပေါ် ပြန်တက် အိပ်ပစ်လိုက်သည်။ လေးငါးရက်အတွင်း တစ်ခါမှ မအိပ်ဖူးသူလို ပြန်အိပ်ပျော်သွားပြန်သည်။
နောက်တစ်ခေါက် ပြန်နိုးလာတော့ လူက ပိုလန်းဆန်းလာသည်။ အဖျားသွေးဆိုတာ လုံးလုံးပင် မရှိတော့ သလိုပင်။ စိတ်ထဲက စိုးရိမ်သောကများပါ ပျောက်ကွယ်သွားသလိုလို။ ဆူးကလေး နောက်တစ်ချောင်း တစ်လေများ ထပ်ထွက်နေမလား ဟူသော အတွေးကတော့ ဖျောက်ဖျက်မရ။ လူက အလိုလို မှန်ရှေ့ကို ရောက်သွားပြန်သည်။ တစ်ချောင်းတစ်လေဟု တွေးလိုက်တာ နည်းပင် နည်းနေသေးသည်။ ဆံစပ် တစ်လျှောက်မှာ ဆူးကလေး နောက်ထပ် သုံးချောင်း။ လက်ဖျံပေါ်မှာ ထွက်လာတော့မယောင် ဖြစ်နေသော ခပ်ဖြူဖြူဝါဝါ အဆံလေး သုံးလေးခုစီကို တွေ့လိုက်ရသည်။ ဆူးကလေး ပိုပြီး ဝါလာတာကို သတိထားမိရင်းက မှန်ထဲမှာ အစိမ်းရိပ်တစ်ခု သမ်းနေသလိုလည်း ခံစားလိုက်ရသေးသည်။ သေချာ ပြန်ကြည့်တော့လည်း မသေချာပြန်။
နေ့လား ညလား မသေချာသဖြင့် ကန့်လန့်ကာကြီးများကို ဆွဲလိုက်သည်။ နံနက်ခင်း၏ နေရောင်ခြည် နုနုလေးက သူမရှေ့မှာ ဖြာကျနေသည်။ အိုး .. နေ၏ အလင်းရောင်နှင့် ပထမဆုံး ပြန်လည်ထိတွေ့ရလို့လား မသိ ..။ လူက ခေါင်းပြူထွက်လာသော မြက်စိမ်းပင် နုနုလေးတွေလို ခံစားနေရသည်။ ဘာကိုမှ မစဉ်းစားလိုက်ရပဲ လူက အခန်းထဲပြန်ဝင်ကာ မျက်နှာသစ် ရေလောင်းပစ်လိုက်သည်။ ရေ၏ ထိတွေ့မှုက သူမကို ပိုမို လန်းဆန်းလာစေသလို။ ရေချိုးခန်းထဲက အထွက် ရေတစ်ခွက်သောက်လိုက်သေးသည်။ ခြေဖျားထိ စီးဆင်းသွားသလို ခံစားမှုက တတိယအကြိမ်ဖြစ်၍ သိပ်ပြီး မထူးခြားတော့။ စွတ်စိုနေသော မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့က ရေများကို သုတ်ပစ်လိုက်သည်။ အဝတ်အစားလဲတော့ လက်ဖျံကို အုပ်သော အကျီ င်္လက်ရှည်ကို ဝတ်လိုက်သည်။ မှန်ထဲကြည့်ပြီး မဖြီးတာကြာပြီဖြစ်သည့် ဆံပင်တွေကို ရှင်းတော့ ဆံစပ်တလျှောက်က ဆူးကလေးတွေကို ဆံပင်နှင့် ဆွဲအုပ်ကြည့်လိုက်သည်။ ဘယ်ဆိုးလို့တုန်း .. ။ အစစ အဆင်ကိုပြေလို့။ တစ်ခု ထူးခြားတာက စတွေ့စက လူကို အတုန်တုန် အလှုပ်လှုပ် ဖြစ်သွားစေသော ဆူးကလေးများက ခုတော့လည်း ဘာခံစားမှုမှ မကျန်တော့သလို …
သူမ အသံမမြည်တာကြာသော လက်ကိုင်ဖုန်းကို ပိုက်ဆံအိတ်ထဲ ကောက်ထည့်လိုက်သည်။ (တကယ်က အကျင့်ဖြစ်နေလို့သာ။ ထိုဖုန်းသည် တစ်သက်လုံး အသံမပြုတော့ရန် အဓိဌာန်ချထားသူလို ..) ပိုက်ဆံကို လုံလုံလောက်လောက် ပါမပါ စစ်ဆေးပြီး ထွက်လာခဲ့လိုက်သည်။ အိမ်နှင့် သိပ်မဝေးသော မီနီမားကက် တစ်ခုဆီသို့ …




(ခ)
နံနက်ခင်း၏ နေရောင်က ထူးထူးခြားခြား လင်းလက်နေသလို။ မရောက်တာ ကြာပြီဖြစ်သော မီနီမားကက် ကလေးကတော့ သူမကို မသိကျိုးကျွန်ပြုကာ ဆီးကြိုသည်။ ကြက်ဥတစ်ကဒ်၊ ကွတ်ကီတစ်ဘူး၊ ပေါင်မုန့် တစ်ထုတ်၊ ထောပတ်တစ်ဘူး၊ ခေါက်ဆွဲခြောက် ဆယ့်လေးငါးထုတ် (ဘာတွေမှန်းတောင် မမှတ်မိ၊ သေချာတာက အပူအစပ်တွေ မပါတာပင်)၊ ဘီစကစ် တစ်ပုံး၊ ချောကလက် တစ်ဘား၊ ဒါတွေ ကောက်ထည့် ပြီးကာမှ သူမ ဘာမှမဆိုင်သော တစ်ဖက် စင်ပေါ်မှ ကြွေအိုး ခပ်ကြီးကြီး တစ်လုံးကို သွားတွေ့သည်။ ကြွေအိုးက သူမကြိုက်သော အဖြူပေါ်တွင် ရွှေရောင်နှင့် အပြာနုရောင် ရောယှက်ထားသော ပန်းခက်များ ပါဝင်သည်။ တစ်ခု ခက်ခဲနေတာက ဒီ ပန်းအိုးကို သယ်သွားနိုင်လောက်အောင် သူမ အားမရှိ ဆိုတာပင်။ အားရှိလည်း သယ်နိုင်လိမ့်မည် မဟုတ်သည့် အရွယ်အစားဖြစ်သည်။ တကယ့်တကယ်ကျ သူမ အပင်စိုက်တာ ဝါသနာမပါ။ ဘာလို့ ဒီကြွေအိုးကြီးကို တွေ့တာနှင့် လိုချင်စိတ် ဝင်လာ မှန်းလည်း ကိုယ့်ကိုယ်ကို မသိ။ စိတ်က မဆုံးဖြတ်လိုက်ရခင်မှာပင် လူကကောင်တာနား ရောက်သွားသည်။
ထိုကြွေပန်းအိုးကြီးကို ဝယ်လျင် အိမ်တိုင်ယာရောက်ပို့နိုင် မပို့နိုင်မေးတော့ ကောင်တာမှ ကောင်မလေးက ဘယ်နားလဲဟု မေးသည်။ သူမက လက်ညှိုးညွှန်ပြရင်း သူမနေထိုင်ရာ တိုက်ခန်းတွေဆီ ညွှန်ပြတော့ ရပါတယ်ဟု ဆိုသည်။ ကောင်မလေးက စပ်မြေ အထုတ်များပါ ယူမလားဟု သတိပေးသဖြင့် မြေကြီးနှင့် မြေသြဇာ စပ်ပြီးသား မြေထုတ်တွေကိုပါ ဝယ်ယူလိုက်သည်။ ကြွေအိုးနှင့် မြေထုတ်တွေကို မြင်တော့ ကန္တာရပင်များစုဆောင်းသူ လူတစ်ယောက်ကို ဖျတ်ကနဲသတိရလိုက်မိသည်။ စိတ်ထဲမှာ ဖုန်းသံတချို့ ဆူညံလာသလိုမို့ လက်ထဲက လက်ကိုင်ဖုန်းကို ယောင်ရမ်း ပိတ်ပစ်လိုက်မိသေးသည်။
စပ်မြေနှင့် ကြွေအိုးကိစ္စပြီးတော့ သူမ နောက်တစ်ခု မျက်စိရောက်သွားသည်က  Aloe Vera Juice ဘူး စိမ်းစိမ်းလေးများ။ အရင်က တွေ့ဖူးသော်လည်း သောက်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူး။ ခုမှ ထို ဘူးလေးများကို မျက်စိကျနေမိသည်။ စိတ်ကလည်း အလိုအလျောက် တောင်းဆိုနေသလို ခံစားနေရသည်။ နှစ်ခါ မစဉ်းစားလိုက်ရပါပဲ ဒါဇင်လိုက် ယူဖို့ ဆုံးဖြတ်လိုက်ရင်း ကြွေအိုးနှင့်အတူ အိမ်ကို ပို့ခိုင်းလိုက်သည်။
ငွေရှင်းပြီး သူမထွက်လာတော့ နေရောင်က နည်းနည်း ပိုပြင်းလာပြီ။ ကြွေအိုးသယ်လာသူနှင့် အမှီလိုက်ရင်း သူမ အိမ်ပြန်ရောက်တော့ အတော်လေး မောပမ်းနေပြီ။ ချွေးတွေလည်း သိသိသာသာ စို့ထွက်လာသည်။ ပစ္စည်းတွေ နေရာချပြီး ချွေးသုတ်တော့ ဆူးကလေးတွေ ထပ်ထွက်လာတာတွေ့ရ၏။ ခုချိန်မှာတော့ ဘာဖြစ်လာမည်မှန်း သေချာမသိပဲ စိတ်က အလိုလို ပေါ့ပါးလို့နေတာကို သတိထားမိသည်။ ထူးဆန်း မနေဘူးလား။ စိုးရိမ်ကြောင့်ကျ ရမည့်အချိန်မှာ လူက ဘာမှမဖြစ်သလို ပေါ့ပေါးနေတာ။
ဝတ်ထားသော လက်ရှည်အကျီ င်္ကို ချွတ်လိုက်တော့ ဆူးကလေးတွေက လက်မှာ ပိုပီပြင်လာသည်။ သူတို့ကို ကြည့်ရတာ နေရောင်ကြောင့် ပိုအားကောင်းသက်ဝင်လာသလိုလို ..။  Aloe Vera Juice ဘူးကို ဖောက်သောက် လိုက်တော့ လူက ပိုမို အားအင်ပြည့်ကာ လန်းဆန်းလာသလို ခံစားလိုက်ရသည်။ ထူးထူးဆန်းဆန်း ဒီ Juice  ကို သောက်တော့ ရေသောက်တုန်းကလို စီးဆင်းသွားသည့် ခံစားမှုမျိုး မရတော့။ ပန်းကန်ထဲ ကျန်နေသည့် ကြက်ဥကြော်များကို ပေါင်မုန့် တစ်ချပ်နှင့် လက်စသပ် လိုက်ပြီးသောအခါ ကိုယ့်ကိုယ်ကို နေကောင်းသွားပြီ ဟု အသေအချာ သိလိုက်သည်။
ဒါဆို အလုပ်ပြန်လုပ်လို့ရပြီပေါ့။ ဟင့်အင်း။ အလုပ်ပြန်လုပ်ချင်ပေမယ့် ရုံးပြန်မတက်ချင်သေး။ အိမ်ကနေ အလုပ်လုပ်လို့ အဆင်ပြေနောက်လောက်သည် ဟုတွေးကာ ရုံးကို mail ပို့လိုက်သည်။ လိုအပ်သော ဒေတာ များ ဖိုင်များ ပို့ပေးရန်နှင့် အပြင်မထွက်နိုင်သေးသော်လည်း အလုပ်လုပ်နိုင်မည်ထင်ကြောင်း.. စသဖြင့် admin manager ထံ mail ပို့လိုက်သည်။ နာရီဝက်ပင်မခြားပဲ သူမအတွက် ဒေတာများ၊ ဖိုင်များ၊ ရောက်လာသည်။ လုပ်ဆောင်ရမည့် ကိစ္စများကို တစ်ချက်ချင်း ပြောထားသည့် စာအောက်ကတော့ Get well soon ဆိုသည့် ဝတ်ကြေတန်းကြေ စာကြောင်း တစ်ကြောင်းနှင့် အဆုံးသပ်ထားသည်။ ထို စာကြောင်းကို မြင်မှ သူမ စက်ကို ပိတ်ပစ်လိုက်မိသည်။ ဘာလို့မှန်းမသိ။ အလုပ်လည်း မလုပ်ချင်တော့။ စိတ်က တစ်စုံတစ်ရာကို အလိုမကျသလို ချက်ချင်းဖြစ်သွားပုံက သိသာသည်။ ဘာကို ဖြစ်သွားမှန်း ကိုယ့်ကိုယ်ကိုလည်း မသိ။ ကုတင်ပေါ် ပြန်လှဲလိုက်ရင်း ဆူးတွေ ကျောမှာပါ ထွက်လာရင် ဘယ်လို အိပ်ရပ ဟု သွားတွေးမိကာ ကုတင်ပေါ်က ရုတ်တရက်ထလိုက်ပြီး လူ က မှန်ရှေ့ ရောက်သွားပြန်သည်။ မှန်သေး တစ်ချပ်ဖြင့် နောက်ကြည့်မှန်လို အသုံးချကာ ကျောကို ကြည့်တော့ ဆူးကလေးတွေ မထွက်လာသေး။ သို့သော် ထွက်ရန်တာစူသည့် အနေနှင့် အဝါဖုကလေးများကို တွေ့နေရသည်။ သိပ်မကြာလောက် တော့ပါဘူး။ အလွန်ဆုံး နောက်တစ်နေ့ မနက်ပေါ့ … ဟုခပ်ပေါ့ပေါ့တွေးရင်း အိပ်ရာပေါ် ပြန်ရောက် လာသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြန်သည်။
သူမ နိုးလာတော့ ညအတော်နက်နေပြီ။ နေမစောင်းခင်က အိပ်လိုက်တာ ညသန်းခေါင်လောက် ပြန်နိုးသည် ဆိုတော့ အတော်လေးတော့ အိပ်ရေးဝနေပြီ။ သို့သော် လူက ဆက်အိပ်မည်ဆိုလျင်လည်း အိပ်ပျော်မည် ဆိုတာကို သိနေသည်။ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ သဘာဝမကျစွာ ဆူးကလေးတွေ ထွက်ပေါ်လာနေသော ဘယ်လိုလူက သူမလို အိပ်ပျော်နိုင်ပါ့မလဲ ..။ သူမကတော့ စိတ်လက် ပေါ့ပါးစွာ အိပ်ပျော်နိုင်နေသည်။ ဘာမှစားချင်စိတ် မရှိသဖြင့် Aloe Vera Juice ကိုသာ သောက်လိုက်ပြီး ပြန်အိပ်ပစ်လိုက်တော့ အိပ်ပျော်သွားပြန်သည်။ ဒီတစ်ခါတော့ အိပ်မက်မက်သည်။
အိပ်မက်ကလည်း သိပ်တော့ မထူးဆန်း။ သမားရိုးကျ ဆန်သော်လည်း သင်္ကေတ အရိပ်တစ်ခုလို ဖြစ်နေသည်။ တစ်ခုသော မနက်ခင်းကလေးမှာ ကန္တာရပင်လေးတစ်ပင် အိမ်ရောက်လာသည် ..တဲ့ ။ ဘယ်သူ လာထားမှန်းမသိ ကိုယ့်အတွက် ဟုတ်မဟုတ် မသေချာပဲ အိမ်တံခါးဝမှာ ရောက်နေသည့် ကန္တာရပင်လေးကို ကောက်ယူလိုက်မိသည်။ အိပ်မက်ဆိုတော့လည်း သိပ်ပြီး စပ်စပ်စုစုကြီး တွေးတော ရင်ခုန်မနေပဲ ယထာဘုတ ကျကျ အပင်ကို ဘယ်နားထားရမလဲသာ စဉ်းစားနေပုံက သူမ သဘာဝနှင့် နည်းနည်းတော့ ဆန့်ကျင် နေတာ သတိပြုမိသည်။ ( ခုလိုချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ပြီး အိပ်မက်ပင် မက်နေသေးသော ပုံစံမျိုးကလည်း သူမပင်ကိုယ် မဟုတ်ဆိုတာ အိပ်မက်ထဲမှာပင် သတိထားမိနေသေးသည်။) တကယ်ဆို သူမက အပင်စိုက်၊ ရေလောင်း၊ ပြုစုပျိုးထောင်ရတာ နည်းနည်းမှ ဝါသနာမပါ။ သူတစ်ပါးကို ပြုစုပျိုးထောင်ဖို့ နေနေသာသာ၊ ကိုယ့်ဘာသာပင် ထမင်းနပ်မှန်အောင် စားမိလား မစားမိလား မသေချာတတ်သူက ခု အပင်တစ်ပင်ကို အိမ်မှာ အလိုမတူပဲ လက်ခံထားဖို့ ပြင်ဆင်နေပြန်သတဲ့။ ကြွေအိုး ခပ်စိမ်းစိမ်းလေး နှင့် ထည့်ထားသော ကန္တာရပင်လေးက ကြွေအိုးလေးနှင့် အပြိုင် စိမ်းနေသည်။ ဆူးကားကားကလေးတွေကလည်း နက်နက်နဲနဲ သန်မာကြံ့ခိုင်လို့ ..။ တစ်ခါဖူးမှ ဒီလို ကန္တာရပင် အပြောနှင့် အလှပန်းပင် တစ်ပင်ကိုမျှပင် မစိုက်ဖူးခဲ့။ အိပ်မက်ကတော့ ကန္တာရပင်လေးကို ဘယ်နား ထားရမှန်းမသိပဲ လန့်နိုးလာခဲ့ရသည်။
အိပ်ရာက နိုးတော့ မိုးစင်စင်လင်းနေပြန်ပြီ။ ရောင်ခြည်တချို့ ဖြာကျနေသော ဝရံတာလေးကို ကြည့်ကာ ထိုနေရောင်ခြည်ထဲ ထွက်ရပ်ချင်စိတ် တဖွားဖွားပေါ်လာတာမို့ ဝရံတာဆီ လှမ်းသွားလိုက်သည်။ ခြေလှမ်းတွေက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို သွက်လက် ပေါ့ပါး လန်းဆန်းနေခဲ့သည်။ နေရောင်ခြည်တွေကို လက်နဲ့ ခပ်ခပ်ပြီးလောင်းချိုးထားသလို တစ်ကိုယ်လုံး နေရောင်တွေ နစ်နေမှ သူမ အထဲ ပြန်ဝင်လာခဲ့သည်။ လူကတော့ ခေါင်းတမော့မော့ လည်တခါခါ ဖြစ်နေသည့် ပန်းတစ်ပွင့်လို လန်းဆန်းလို့ ..။
မှန်ရှေ့မှာ ရပ်လိုက်ပြီး ကိုယ်ပေါ်က ဆူးတွေကို ကြည့်နေပုံက သူမကိုယ်သူမပင် သံသယ ဖြစ်မိသည်ထိ။ မှန်ထဲက သူမဟန်ပန်က နည်းနည်းမှ တုန်လှုပ်မှု မရှိတော့ပဲ ဆူးတွေကို ကိုယ့်ဘဏ္ဍာတိုက်ထဲက ဒင်္ဂါးချပ် တွေ ထုတ်ရေသလို ရွေတွက်နေပုံက နည်းနည်းတော့ များနေသည်ဟု တွေးမိသည်။ တကယ်ဆို သဘာဝ မကျမှုများအတွက် စူးစမ်းနေရမှာ .. တစ်ခုခု စဉ်းစားရခက်နေရမှာ … ဘာလုပ်ရမလဲ ဟု ချီတုံချတုံ ဖြစ်နေရမှာ .. ခုတော့ လူက ပုံမှန်မဟုတ်သလို ..။ ကိုယ်ပုံမှန်မဟုတ်တာကို ကိုယ့်ဘာသာသိနေသည့် သူမ ကိုယ်သူမလည်း သိပ်တော့ နားမလည်ချင်။
မနက်စာအဖြစ် ကြက်ဥကို ရေနှင့်ကြော်ကာ ပေါင်မုန့်တစ်ချပ်၊ Aloe Vera Juice နှင့် သောက်လိုက်သည်။ ခါတိုင်းလို ဘိန်းငတ်သလို တောင့်တနေတတ်သည့် ကော်ဖီကိုလည်း မသောက်ဖြစ်။ ဘယ်တုန်းတည်းက ကျန်နေမှန်းမသိသော ကော်ဖီမစ် အထုတ်များ အိမ်နောက်ဖေးနံရံပေါ်က စင်ပေါ်တွင် ဖုန်အသောသော ဖြစ်နေသည်။ သူမ ဘယ်တုန်းတည်းက ကော်ဖီပြတ်သွားခဲ့တာပါလိမ့်။ နေမကောင်းလို့ ထမဖျော်နိုင်ချိန် ကတည်းကလား။ အဲဒီမတိုင်ခင်တည်းကလား ။ သိပ်ပြီး မမှတ်မိချင်တော့။
သို့သော် .. လူက ပိုပြီးပျော်ရွှင် လန်းဆန်းလာသလို ခံစားရတာတော့ သေသေချာချာကြီးကို သိနေသည်။ ခါတိုင်းလို အထီးကျန် ကြေကွဲမှုတွေ ဝင်မလာတော့။ တစ်ယောက်တည်း ရှိနေပါလား ဆိုသည့် ခံစားမှုတွေလည်း ဖြစ်ပေါ်မလာ။ ကွန်ပျူတာ ထဖွင့်လိုက်၊ ဖုန်းကို ကောက်ကိုင်လိုက်။ နံပါတ်တွေကို ဇဝေဇဝါ ကြည့်နေလိုက်။ ချီတုံချတုံဖြစ်ကာ ဖုန်းကိုပြန်ချထားလိုက် တွေလည်းမဖြစ်တော့။ အသံမမြည်တတ်သည့် ဖုန်းကိုလည်း  ရမယ်မရှာမိတော့။ နဂိုတည်းက သဘာဝအလျောက် အသံမမြည်တတ်သော၊ ဖုန်းတစ်လုံး၊ ကိုယ့်ကို ဆက်မည့်သူမရှိသည့် နံပါတ်တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်ဟုပဲ သဘောထားမိသွားတာကတော့ အံ့သြစရာ ..။
“ လောကမှာ သိပ်တော့ ကြေကွဲစရာများများစားစားရယ်လို့ မရှိပါဘူး။ အစိမ်းရောင်တွေ ကျန်းမာကြံ့ခိုင် နေရင်ကို နေပျော်ပါတယ် ..”
အဝါရောင် note pad ကလေးပေါ်မှာ မင်အစိမ်းရောင်နဲ့ခပ်သော့သော့ ချရေးလိုက်တဲ့ စာကြောင်းက မြက်ပင်လေးတွေ ယိမ်းနွဲ့နေတဲ့ ပုံနဲ့တူနေတယ်။ ဘာလို့ ဘယ်လိုခံစားချက်နဲ့ ချရေးလိုက်မိမှန်း မသိတဲ့ စာကြောင်းတွေကို သူမကတော့ ကိုယ့်ဘာသာ သဘောတွေကျပြီး မှန်မှာ ကပ်ထားလိုက်တယ်။ မှန်ရှေ့က လှည့်အထွက်မှာ အပြင်ထွက်ချင်စိတ် ပေါက်လာသည်။ မှန်ဘက် တစ်ခါ ပြန်လှည့်လိုက်ပြီး ကိုယ့်ကိုယ်ကို မှန်ထဲ သေချာကြည့်လိုက်တော့ မျက်နှာပေါ်မှာ ဆူးတွေထွက်ရန် တာစူမလာသေး။ အကျီ င်္လက်ရှည်၊ ဂါဝန် အရှည်ကို ဝတ်လိုက်ပြီး ခြေဖမိုးကို ရုတ်တရက်ကြည့်မိတော့ အဝါရောင်သန်းနေတာကို သတိပြုမိသည်။ သူ ဝါနေပုံက အစိမ်းဖက်သမ်းတော့မည့် အဝါမျိုး ..။ လက်ကို ဖျတ်ကနဲကြည့်မိတော့ သူလည်း အစိမ်းဖက်လု နေသည့် အဝါမျိုး ဖြစ်နေသည်။ တစ်မျိုးတော့ ကြည့်ကောင်းသား။ ဒီ ခြေတွေ လက်တွေကို အလုံထုတ် သွားဖို့ကတော့ သူမ စိတ်မဝင်စားပါ။ ခြေစွပ်စွပ် ရှူးဖိနပ်စီး၊ လက်အိတ်စွပ်သွားရမယ့် ရာသီဥတုမျိုးလည်း မဟုတ် …။ နေရောင်ကာ ဦးထုတ်တစ်လုံးကိုတော့ လိုရမယ်ရ ဆောင်းလာလိုက်သည်။ ဆံပင်တွေ လေတိုက်လို့ လွင့်သွားလျင် နဖူးစပ်က ဆူးကလေးတွေကို မြင်သွားနိုင်သည် မဟုတ်လား။ ဒီဆူးတွေက အတော်လေးကို ရင့်မာ လှပနေပြီဖြစ်သည်။

(ဂ)
ပန်းခြံထဲရှိ ခုံတန်းလျားတွင် မထိုင်ပဲ၊ မြက်ခင်းအစပ် အပင်စုစုကလေးများရှိရာ နေရာလေးတွင် တစ်ယောက်တည်း ထိုင်နေသဖြင့် လူတချို့က သူမကို ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြသည်။ အပင်တွေကြား ထိုင်ရတာ အရသာ ရှိလိုက်တာ။ ဒီလိုသာ အမြဲတမ်း ထိုင်နေရရင် သိပ်ကောင်းမှာပဲဟု တွေးလိုက်မိပြီးကာမှ  ဘဝရဲ့ဖြတ်သန်းမှု နှစ် ၃၀ကျော်ထဲမှာ ဒီလိုအပင်တွေကြား တစ်ခါမှ မထိုင်ခဲ့ဖူးတာကို သတိထားလိုက်မိသည်။ ထိုင်ဖူးဖို့ နေနေသာသာ ဒီပန်းခြံလေး အိမ်နှင့် မနီးမဝေးမှာ ရှိနေတာကိုပင် ခုမှ လျှောက်လာရင်း အမှတ်တမဲ့ သိလိုက်ရခြင်း ဖြစ်သည်။
အရင်တစ်ချိန်တုန်းကတော့ သူမက အပင်တွေကို စိတ်မဝင်စားတတ်ခဲ့သူပဲ။ မိုးလင်း မိုးချုပ် .. နေရောင်တွေကို မေ့ထားတတ်ခဲ့တာ။ ကန့်လန့်ကာကြီးတွေကာပြီး နေရောင်တွေ ဝင်မလာအောင် တားဆီးထားတတ်ခဲ့တာ။ လေအေးပေးစက်တွေကို အစွမ်းကုန်ဖွင့်ပြီး ရာသီဥတုကို ပြုပြင်ပြောင်းလဲ ထားတတ်ခဲ့တာ ..။  ကမ္ဘာကြီးကို ကွန်ပျူတာကနေ တဆင့် ဆွဲကျဉ်းပစ်လိုက်ပြီး ကမ္ဘာ့ နေရာအနှံ့အပြားကို ကလစ် ကလစ် နှင့် လျှောက်သွားနေတတ်ခဲ့သူ ..။ စိမ်းလန်းနေသော သစ်တောကြီးတွေ၊ ဥယျာဉ်တွေ၊ ယာခင်းတွေကို ဖန်သားပြင်ပေါ်မှာသာ ငေးကြည့်ခဲ့ဖူးသူ …။ ကန္တာရပင်များကို စိတ္တဆန်ဆန် စုဆောင်း ပျိုးထောင်တတ်သူ လူတစ်ယောက်အတွက် မျိုးစိပ်များ လိုအပ်သမျှ ရှာဖွေပေးခဲ့ဖူးပါလျက် ကိုယ်တိုင်ကျ ထို အပင်များကို ယောင်လို့တောင် ကိုင်မကြည့်မိခဲ့သူ။
တကယ်တော့လည်း သစ်ပင် တစ်ပင်လို တစ်နေရာတည်းမှာ မရွေ့မလျား ရှင်သန်နေထိုင်ရမည့် ကိစ္စကို သူမ စိတ်ဝင်စားခဲ့ဖူးတာမှ မဟုတ်ပဲ။ သူတစ်ပါး၏ ဂရုစိုက်မှု မလိုအပ်ပဲ ရှင်သန်နေချင်သူမျိုး ။ သူမက အမြဲ လှုပ်ရှား တက်ကြွနေသူ။ ငြိမ်ငြိမ် မနေတတ်သူ။ အလုပ်ကို မနားတမ်း လုပ်နေပြီး အလုပ်သည် သူမအတွက် ဆေးဝါးတစ်မျိုး (မူးယစ်ဆေးဝါးလည်း အနည်းငယ် ဆန်နေနိုင်သည်။ ) ဟု ခံယူထားသူ။ ခုတော့ သူမက မရွေ့လျားတတ်သော၊ အစဉ်သဖြင့် ငြိမ်သက်နေတတ်သော၊ အေးချမ်းနေသော အပင်တွေကို ရုတ်ချည်း နှစ်လိုနေမိပြီ။ တစ်ခါမှ မတွေးခဲ့ဖူးသော အတွေးတို့ကို အမှတ်တမဲ့ မဟုတ်ပဲ တွေးမိနေပြီ။ ထိုသို့ တွေးနေရင်းကကို သူမ အလိုအလျောက်ပျော်လာသည်။ ဘာမှန်းမသိသော ကိုယ့်ခံစားချက်တွေ ကိုယ်ထဲ စီးဝင်လာသလို ခံစားနေရတာကို နေပျော်နေမိတာကို သူမကိုယ်တိုင်လည်း နားမလည်။
ခု ရက်ပိုင်းကျမှ ရှင်သန်နေထိုင်မှု ဆိုတာကို မျက်ဝါးထင်ထင် ခုမှတွေ့ရသူ တစ်ယောက်လို သူမ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာတာ ကိုတော့ ဝန်ခံလိုသည်။ တစ်ချိန်တုန်းကတော့ သူမရဲ့ ရှင်သန်မှုက ကံဆိုးမိုးမှောင် ကျသူတစ်ယောက်လို၊ ကျိမ်စာသင့်သူ တစ်ယောက်လို၊ အိပ်မက် မက်နေသူ တစ်ယောက်လို ကိုယ့်စိတ်နှင့်ကိုယ် ထပ်တူမကျပါပဲ  တစ်စုံတစ်ယောက်ပေါ်မှာ တည်မှီနေသည်ဟု ထင်ခဲ့ဖူးသည်။ မထင်မှတ်ထားသော လျှို့ ဝှက်ချက်တစ်ခုကို အထိတ်တလန့် သိလိုက်ရ ချိန်တွင် ထိုခံစားချက်သည် လဲပြို ဆုံးရှုံးသွားခဲ့ရသည် ..။ ထိုအချိန်တွင် ကျိမ်စာမှ လွတ်မြောက်လာသူလို ဖြစ်ရမည့်အစား သူမ ဒါဏ်ရာများစွာကို နေ့နေ့ညည ချွေးသိပ်နေရသော ကြောင်တစ်ကောင်နှင့် ခပ်ဆင်ဆင်တူနေခဲ့ရတာကို မှတ်မိနေသည်။
ဘယ်သူ မပြုမိမိမှုတွေ၊ သံသရာတွေ၊ ဝဋ်ကြွေးတွေ၊ လှည့်ဖျားမှုတွေ၊ ကျေးဇူးကန်းသူတွေ၊ ကျေးစွပ်သူတွေ နှင့် လူတွေ၏ ရှင်သန်မှုက အတော်လေးကို ရှုပ်ထွေးလှတာကို သတိပြုမိသည် ။ သို့သော် ဘာမှ မတတ်နိုင်။ သူမကို လူအဖြစ် မွေးဖွား သန့်စင်ခဲ့ကြသည်လေ။  သစ်ပင်တွေမှာတော့ သံသရာဆိုတာ ရှိသည့်တိုင် ဝဋ်ကြွေးတွေ၊ ကျေးဇူးကန်းတာတွေ မရှိ .. အချင်းချင်း စစ်ဖြစ်တာမရှိ၊ အငြိုးအတေးမရှိ ..ကလဲ့စားမရှိ၊ လှည့်စားမှု မရှိ၊  .. ချစ်ခြင်း မုန်းခြင်းမရှိ …
တစ်ချိန်က မေ့လျော့နေခဲ့မိသော နေရောင်ခြည်ကလည်း သူမပေါ် ရက်ရက်ရောရော ဖြာကျနေသည်။ စိမ်းလန်းခြင်းနှင့် နေရောင်ခြည် … ။ သူမကိုယ်ထဲမှ အငွေ့တချို့ တလူလူ ပျံထွက်နေသလို ခံစားလာရသည်။ ထိုခံစားချက်နှင့်အတူ သူမရင်ထဲမှ ဝေဒနာများ တဖြည်းဖြည်း ပျောက်ဆုံးပါးလျားသွားတာကိုလည်း သတိပြုမိသည်။ အဖျားလုံးဝ မရှိတော့သည့် နောက်ပိုင်းကတည်းက စိတ်၏ နာမကျန်းမှုများပါ တစစ ပါးလျားသွားတာကို သူမ သတိပြုမိသည်။ ဆူးကလေး တစ်ချောင်း ရင့်မာ လှပလာတိုင်း ထို ဆူးဖျားတွင် သူမ၏ ရင်တွင်းခံစားမှုများ အငွေ့ပျံ ပါသွားသလို ခံစားမှုတွေ လျော့ပါးသွားတာကတော့ အံ့သြစရာ … ။ သူမဟာ နဂိုတည်းက ကန္တာရပင် တစ်ပင် ဖြစ်သင့်ခဲ့သူလား …။ သစ်ပင်တွေမှာ ချစ်ခြင်း မုန်းခြင်း ဆိုတာ မရှိသည့်အတွက် အလွန်တရာ ကံကောင်းကြသည် ဟု သူမထင်သည်။
သူမ ထိုင်ရာမှ ထပြန်ချိန်တွင် နေရောင်များ တစ်စက်မှ မရှိတော့။ တစ်နေကုန် တစ်နေခန်း Aloe Vera Juice ၂ဘူးနှင့်နေခဲ့ပေမယ့် လန်းဆန်းနေတာကိုလည်း သတိပြုမိသည်။ အိမ်ရောက်တော့ ခါတိုင်း အလုပ်က ပြန်လာသလို ခြေပစ် လက်ပစ် မဖြစ်ပဲ ပေါ့ပါး သွက်လက်နေသည်။ ကွန်ပျူတာကိုလည်း မဖွင့်မိ။ အလုပ်လုပ်ရန်လည်း သတိမရ။ တီဗီကိုလည်း မဖွင့်မိ။ အသံမမြည်တတ်တော့သော ဖုန်းများကိုလည်း သတိမရ။ ခပ်စိမ်းစိမ်းအရောင်ဘက် ပိုသန်းလာသော ခြေလက်များကိုကြည့်ရင်း သူမပျော်နေသည်။ မှန်ဝိုင်းကလေးနှင့် မြင်နေရသော ဆူးဝါဝါ ရင့်ရင့်များကို လက်နှင့် ပတ်သပ် ကိုင်တွယ်ရင်း ထူးဆန်းစွာ သူမပျော်နေသည်။ တစ်အိမ်လုံးရှိ လျှပ်စစ်မီးများကိုလည်း ပိတ်ထားလိုက်သည်။ အမှောင်ထဲတွင် နှစ်ပေါင်းများစွာ ကျင့်သားရနေသူ တစ်ယောက်လို နှစ်နှစ်လိုလို ထိုင်နေမိသည်။
ထိုညကစပြီး သူမ မအိပ်ဖြစ်တော့။ နံနက်ဦး အချိန် သူမ နေထိုင်ရာ ကမ္ဘာခြမ်းသို့ တစ်ဖက် ကမ္ဘာခြမ်းမှ ငြင်းဆန်ခြင်း ခံလိုက်ရသော နေရောင်ခြည်များ တဖြည်းဖြည်း ဝင်ရောက်လာတာကို ထိုင်ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းသည်။ တဖြည်းဖြည်း ရင့်မှည့်လာသော နေလုံးကြီးကို ကြည့်ရတာ ပျော်စရာ ကောင်းသည်။ သူမ၏ အိမ်သည် အနောက်ဘက်သို့ လှည့်ဆောက်ထားသောကြောင့် နေထွက်ရာ အရပ်သည် အိမ်၏ အနောက်ဘက်အရပ် ဖြစ်နေသည်။ မနက်ဆို သူမ မီးဖိုချောင်ထဲ ထိုင်နေတတ်ပြီး နေ့လည်ဆို အိမ်လယ်ခန်းတွင် ရှိနေတတ်သည်။ ညနေကျတော့ အိမ်ရှေ့ဝရံတာမှာ နေလုံးဝင်သွားသည်ထိ ကြည့်နေမိတတ်ပြန်သည်။
ခပ်တိုးတိုးလေး ဖွင့်ထားမိသည့် ဂီတသံသည်  အစိမ်းရောင်နေ့ရက်များ၏ တေးဂီတဖြစ်သည်။ သူမကိုတော့ ဘယ်သူကမှ နှိုးရန်လိုလိမ့်မည် မထင်ပါ။ အိပ်စက်ခြင်း မရှိတော့သည့် လူတစ်ယောက်အတွက် (သူမက လူလား …ဟု ခပ်တိုးတိုးရေရွတ်ရင်း မှန်ကြည့်မိပြန်သည်။ ) နိုးထရန်လည်း လိုလိမ့်မည် မဟုတ်။ ဂီတသံနှင့် အတူ စည်းချက်ညီညီ ထိုးထွက် ယိမ်းကနေသော ဆူးဝါဝါများကို သူမ အခါအားလျော်စွာ ငေးကြည့် နေမိတတ်သည်။ သူမ မဆိုညည်းဖြစ်သော သီချင်းသည် ဆူးကလေးများ၏ အိပ်မက် ဖြစ်လိမ့်မည်။ သူတို့၏ အိပ်မက်သည် အရောင်စုံလား အစိမ်းရောင် တစ်ခုတည်း ပါဝင်တာလား မသေချာသေးပါ။ မကြာခင်တော့ သူမ သိရလိမ့်မည်ဟု ထင်သည်။ ထိုအခါတွင်တော့ သူမ သီချင်းတစ်ပုဒ်ပုဒ်ကို ဆိုညည်းဖြစ်လိမ့်မည် ထင်သည်။
နေ့နေ့ ညည လိုက်ကာကြီးများကို စုစည်းကာ မှန်တံခါးကြီးများကိုလည်း ဖွင့်ထားလိုက်သည်။ နေရောင်ခြည် ၏ သံစဉ်နှင့်မှ ယိမ်းထိုး  ကခုန်လိုသော ဆူးဝါဝါလေးများက သူမကိုယ်ပေါ်တွင် တဖြည်းဖြည်း ရင့်မာ သန်စွမ်းလာကြသည်။ မှန်ထဲကို ကြည့်လိုက်တိုင်း သူမကို စိမ်းဖန့်ဖန့် မျက်နှာပြင်တစ်ခုက ကြည်လင်စွာ နှုတ်ဆက် နေတတ်သည်။ ဆူးဝါဝါလေးများ ကလည်း မျက်နှာပေါ်တွင် အဆိပ်ကင်းမဲ့စွာ လင်းလက် နေကြသည်။ ထိုမျက်နှာလေးက သူမ မအိပ်တာကြာလေ၊ အစာမစားတာကြာလေ ပိုမို စိမ်းဖန့် ကြည်လင်လာလေဖြစ်သည်။ အံ့သြစရာ ကောင်းတာတစ်ခုက တစ်ချိန်က ခက်ခက်ခဲခဲ ကုန်နိုင်ခဲစွာ ဖြတ်ကျော်ခဲ့ရသည့် နေ့ရက်များက ခုတော့လည်း တဖျတ်ဖျတ်နှင့် ကုန်ဆုံးသွားနေသလိုပင် ..။ သူမ တစ်ခါမှ မပတ်ဖူးသော လက်ပတ်နာရီလေး အပါအဝင် အိမ်ရှိ နာရီများ အားလုံး ရပ်တံ့နေခဲ့တာ ကြာပြီမို့ ဘယ်အချိန် ဘယ်နေ့ကို ရောက်နေမှန်းလည်း သူမ မသိ။ သို့သော် အချိန်တွေ ပျော်ရွှင်စွာ သူမကို ဖြတ်သန်း သွားနေတာကိုတော့ သိနေသည်။ 
သူမ မအိပ်တာ ဘယ်နှစ်ည … ဘာမှ မစားဖြစ်တာ ဘယ်နှစ်ရက် .. အလုပ်ကို အဆက်အသွယ် ဖြတ်ထားတာ ဘယ်နှစ်ရက်ရှိနေပြီမှန်းလည်း မသိတော့။ ဆူးကလေးတွေနှင့် မငြိနိုင်သော အဝတ်အစား များကို ရွေးချယ် ဝတ်ဆင်ရင်း သူမ အဝတ် မဝတ်ဖြစ်တော့တာလည်း ဘယ်တုန်းကမှန်း မသိတော့။ ကြွေအိုးကြီးတွင် ထည့်ထားမိသည့် စပ်မြေများကို ရေချိုးခန်းထဲက bath tub ထဲ ဘယ်တုန်းက ဘာကြောင့် ပြောင်းထည့်လိုက်မိတာလဲလည်း မမှတ်မိတော့။ ခုချိန်ထိ သူမကိုယ်ပေါ်မှ ဆူးကလေးများ ၁၁၉၈၆ ချောင်း ရှိနေတာကိုတော့ အတိအကျကြီးကို မှတ်မိနေသည်။
မနက်ဖြန်သည် အတော်ပျော်စရာကောင်းသည့် နေ့ရက်တစ်ရက် ဖြစ်နိုင်သည်။

(နိဂုံး)
အဆက်မဖြတ် ဖုန်းသံတချို့ မြည်နေသည်မှာ လေးငါးရက်မကတော့။ တိုက်ခန်း တစ်ခန်းနှင့်တစ်ခန်းက သိပ်ကပ်နေသဖြင့် ဖုန်းသံများကို ဘေးတိုက်ခန်းများက ကြားနေရသည်။ ဖုန်းသံတွေမြည်လေ့ မရှိသော အခန်းတစ်ခန်းက အသံမို့ ဘယ်သူကမှလည်း ထိုအခန်းက လာသည်ဟု မထင်ကြ။ အမှုမဲ့ အမှတ်မဲ့နှင့်ပင် အသံများ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေရသည်။
လူသိများသော logo တစ်ခု ကပ်ထားသည့် ကုမ္ဗဏီကားတစ်စင်း လာရပ်သည်။ တူညီဝတ်စုံဝတ် လူတချို့ ၇ထပ်တိုက်ပေါ် တက်သွားကြသည်။ အပြင်က သော့ခတ် မထားသော အခန်းကို ဘဲလ်နှိပ်၊ တံခါးခေါက်ကြသော်လည်း အတွင်းက ဘာသံမှ မကြားကြ။ လျှပ်စစ် လူခေါ်ခေါင်းလောင်းသံနှင့် ကိုယ့်တံခါးခေါက်သံကိုသာ ကို်ပြန်ကြားနေရသဖြင့် လက်လျှော့ပြန်ဆင်းသွား ကြသည်။ နောက်တစ်နေ့ ထပ်ရောက်လာကြပြန်သည်။  တက်လာလိုက် ခေါက်လိုက်၊ ပြန်ဆင်းသွားလိုက်နှင့် သုံးရက်မြောက်သော နေ့တွင် လူတချို့ တံခါးဖျက်ဝင်လိုက်ကြသည်။
တိုက်ခန်းထဲမှာတော့ သက်ရှိလှုပ်ရှားမှု ဟူ၍ တစ်ခုမှ မတွေ့ရ။ အသုံးပြုခြင်း မခံရတာ ကြာနေဟန်တူသော ဖုန်ထူထူ ဖုန်းကို ကောက်ကာ လူတစ်ယောက် ဖုန်းဆက်သည်။ မကြာမီ ရဲတချို့ ရောက်လာသည်။ ခြေရာလက်ရာ ဘာသဲလွန်စမှ မတွေ့ရသော အခန်းထဲတွင် သူတို့ ရလိုက်တာဆိုလို့ အနည်းငယ်သာရှိသည်။ ထိုအနည်းငယ်ကလည်း သူတို့အတွက် ပဟေဠိပမာပင်။
“ လောကမှာ သိပ်တော့ ကြေကွဲစရာများများစားစားရယ်လို့ မရှိပါဘူး။ အစိမ်းရောင်တွေ ကျန်းမာကြံ့ခိုင် နေရင်ကို နေပျော်ပါတယ် ..”  ဟု မင်အစိမ်းနှင့် ရေးထားသော အဝါရောင် စာရွက် တစ်ရွက် ၊ ဘာအဓိပ္ဗာယ်မှန်းမသိသည့် ဘာကို ဆိုလိုမှန်းမသိသည့် ၂၃၉ ၈၇ .. ဆိုသည့် ဂဏန်းနှင့် ပိတ်ထားသည့် အစဉ်လိုက်ကျသော၊ မကျသော ဂဏန်းများနှင့် ရှုပ်ထွေးနေသော စာရွက်တစ်ရွက် တို့ကိုသာ မှန်တင်ခုံပေါ်က မှန်တွင် ကပ်ထားတာကို တွေ့ကြရသည်။  နောက်ထပ် သူတို့ ထူးထူး ဆန်းဆန်း တွေ့လိုက်ရတာကတော့ ရေချိုးခန်း bath tub ထဲတွင် စိမ်းစို လန်းဆန်းနေသော လူတစ်ယောက် ကောက်ကြောင်းနှင့် ခပ်ဆင်ဆင်တူသည့် ကန္တာရပင်တစ်ပင် ..
သူတို့ ခုထိ သူမကို တာဝန်အရ ရှာဖွေနေဆဲ။ သဲလွန်စဟု သူတို့ မထင်သော ကန္တာရပင်ကလေးကိုတော့ သူမနှင့် ပတ်သက်သည်ဟု ဆိုသော လူတစ်ယောက်က လာယောက်သိမ်းဆည်းသွားသည်။ ထိုသူက ကန္တာရပင်များ စုဆောင်းသည်။ 
ကန္တာရပင်လေး ပျော်နိုင်ပါ့မလား။  မသေချာတော့။

မနော်ဟရီ
၂၃၊ မတ်၊ ၂၀၁၂