ကန္တာရသစ်ပင်

Monday, June 18, 2012


ကန္တာရသစ်ပင်

(နိဒါန်း)

ဒီတစ်ခါ မှန်ကြည့်တာ နောက်ဆုံးပဲဟု ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဆုံးဖြတ်ချက်ချရင်း မှန်ကို မရဲတရဲ ကြည့်လိုက်မိပြန်သည်။ တကယ်ပါပဲ … သူမ နားထင်မှာ ဆူးကလေး တစ်ချောင်း ထိုးထွက်နေခဲ့တာကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ လက်ခံလိုက်ရပြန်လေသည်။

(က)
အဖျားသွေးကျစမို့ တစိမ့်စိမ့် ထွက်နေသော ချွေးစများကိုလည်း နဖူး ဆံစပ်တစ်လျှောက် တွဲခိုနေတာကို တွေ့ရသည်။ တစ်ရှူး ဖြူဖြူလေးနှင့် အသာတို့ သုတ်လိုက်တော့ ဆူးကလေးက ပိုထင်ရှားလာသည်။ အဝါဖျော့ဖျော့လေး။ သိပ်လည်း အားရှိဟန်မတူ။ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ မှန်ရှေ့က ခွာလာခဲ့ပြန်သည်။ လူကတော့ အဖျားသွေးကြောင့် နုံးချိလို့။
သူမ အပြင်းဖျားနေခဲ့တာ ၃ရက်လောက် ရှိတော့မည် ထင်သည်။ နေ့တွေညတွေ ရက်တွေလည်း သိပ် မမှတ်မိချင်တော့။ စဖျားတည်းက ကံအားလျော်စွာ ရှိနေခဲ့သော ဘိုင်အိုဂျက်ဆစ် အလုံး ၂၀ တစ်ကဒ်     (အသေအချာ ပြောရလျင် သုံးလုံး လျော့နေသည်။ ) နှင့် ထိုအဖျားကို တစ်ယောက်တည်း ရင်ဆိုင် နေခဲ့တာ။ ဖျားနေတာများ ဆေးခန်း သွားပါတော့လား ဟု တစ်စုံတစ်ယောက်က ပြောလာလျှင် ရယ်ပြလိုက်ရုံသာ တတ်နိုင်လိမ့်မည်လားမသိ။ (ရယ်ဖို့တောင် အားရှိမရှိ မသေချာ) ။ တကယ့်တကယ်က ၇လွှာအမြင့်ကနေ အဖျား ၁၀၄လောက် ရှိနေသော သူက တစ်ယောက်တည်းဆင်းပြီး ကားငှား ဆေးခန်းသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သော အရာဆိုတာ သူတို့သိအောင် ရှင်းပြမနေချင်။ ဖျားတိုင်း ဖျားတိုင်း ကိုယ့်ဘာသာကိုယ်ပဲ ဆေးသောက်ဖြစ်တာ မနည်းတော့။ ဒီတစ်ခါ အဖျားကတော့ အနည်းငယ် ပိုပြင်းထန်ကာ ပိုပြီးရက်ရှည်သည်။
အဖျားတက်နေချိန်တွင် ဆေးခန်းထသွားဖို့ မတွေးနှင့် လက်တစ်ကမ်းအကွာလောက်က ရေဗူးနှင့် ဆေးကို ပင် ယူမသောက်နိုင်။  တစ်ယောက်တည်း တစ်ရွေ့ရွေ့ ထယူနေမိသော အချိန်များသည် ငရဲ အသေးစားလေး  နှင့်တူသည်။ အသက်ဆက်ရှင်ရန် လိုအပ်သလား မလိုအပ်လားပါ တွေးတောချင်စိတ် ပေါက်လာတတ်သည်။ အဖြေမရှိသော အတွေးများနှင့် သူရဲဘောကြောင်သော၊ လူသားသိပ်ဆန်သော အတွေးများ ရောယှက် သွားသောအခါ ဆေးလုံးတွေကို နာရီခြား သောက်ဖြစ်သွားတော့သည်။
မနက်ကတော့ မိုးမလင်းခင်တည်းက သိသိသာသာ ကိုယ်ပူကျသလို ခံစားလိုက်ရတာကို သတိထားမိသည်။ ပြဒါးတိုင်မှ အပူချိန်ပြ ပြဒါးလေး ဖြုတ်ကနဲကျဆင်းသွားတာကိုပင် မြင်လိုက်ရသလို ခံစားမိသည်ထိ။ စိတ်အနည်းငယ် သက်သာမလို ရှိကာမှ စို့လာသော ချွေးတွေကို အသုတ်၊ နားထင်ထောင့်စွန်းဆီမှ ဆူးကလေးကို လက်က စမ်းမိသွားသည်။
ဘာလေးပါလိမ့် ..လို့ ဇဝေဇဝါ တွေးကာ ထပ်ကာ ထပ်ကာ စမ်းနေမိသေးသည်။ တစ်စုံတစ်ခုများ ကိုယ့်ထဲ လာစိုက်ဝင်နေတာလားဟု။ ဟင့်အင်း။ မဟုတ်ဘူး။ တစ်စုံတစ်ခု ကိုယ့်ထဲကနေ ထိုးထွက်နေတာ။ ဘုရားသခင် …။ သူမ ကုတင်ပေါ်က ခုန်ထလိုက်မိမလိုပင်။ အားက မပါတော့ ခပ်ရွေ့ရွေ့သာ ထလိုက်နိုင်သည်။ မှန်ရှေ့ရောက်လို့ သေချာ ကြည့်လိုက်တော့ နားထင်ဆီမှ ထိုးထွက်နေသော ဆူးကလေး တစ်ချောင်း။ အဝါ ခပ်ဖျော့ဖျော့လေး။ ပထမတော့ အိပ်မက်မက်နေသလို ထင်ကာ ကုတင်ဆီ ပြန်လာပြီး ပြန်အိပ်ပစ်လိုက်သေးသည်။ ပြန်နိုးလာလျင် ဒါတွေ အားလုံး ပြီးဆုံးသွားမည်ပေါ့။ နောက်တစ်ကြိမ် ပြန်နိုးလာတော့ အသိနှင့်ခန္ဓာကပ်သည်နှင့် တပြိုင်နက် လက်က အလိုလို နားထင်ဆီ အရင်ဆုံး ရောက်သွားသည်။ ဆူးကလေးက ခပ်တည်တည်နှင့် ထိုးထွက်လာဆဲ။ မနက်ကထက်ပင် အနည်းငယ် ပိုရှည်လာသလို။
တစ်စုံတစ်ရာမကတော့ မှားနေလောက်ပြီ။ ဆေးများမှားသောက်မိလားဟု ဇဝေဇဝါနှင့် အိမ်မှာ နတစ်ကဒ်တည်းသာ ရှိဖူးသော ဘိုင်အိုဂျက်ဆစ် ဆေးကဒ်လေးကို ဇဝေဇဝါ ကြည့်နေမိသေးသည်။ ဘာဆိုင်လို့တုန်း။ ဒီဆေးက အကိုက်အခဲပျောက် အပူကျဆေးပဲ ..။ ကုန်နေပြီဖြစ်သော ဆေးကဒ်ကို လွှတ်ပစ်လိုက်သည်။ မှန်ကို တတိယအကြိမ် ထကြည့်မိပြန်သည်။ ဆူးကလေးက ရှိနေတုန်း။ သေချာပါပြီ။ ဒါဆို။ ဒါဟာ အိပ်မက်မှမဟုတ်တာ။ အိပ်မက်မဟုတ်သလို သမားရိုးကျလည်း မဆန်တာ သတိထားမိနေသည်။ ဘယ်လို သမားရိုးကျ မဆန်တာလဲ ဟု မေးလျင်တော့ ဖြေတတ်လိမ့်မည် မဟုတ်တာ သေချာသည်။
ဒီဆူးတစ်ချောင်းနဲ့ ဘယ်လို အပြင်ထွက်မလဲ ..ဟု သူမစဉ်းစားမိပြန်သည်။ အလုပ်ကို သူမ မသွားဖြစ်တာ တစ်ပတ်ခန့် ရှိတော့မည်။ ဖျားဖျားချင်း အီးမေးလ် ပို့ကာ ခွင့်တိုင်ထားခဲ့တာကို သတိရသည်။ ထူးဆန်းတာက ခုထိ ဘယ်သူကမှ သတင်းလှမ်းမမေးသလို အလုပ်ပြန်မလာသေးဘူးလားဟုလည်း  ဘယ်သူကမှ မပြော။ ခေါင်းအုံးဘေးတွင် ချထားသော လက်ကိုင်ဖုန်း အနက်ရောင်လေးကို မယုံသင်္ကာ ကောက်ကောက်ကြည့်နေမိတာ အတော်ကြာပြီ။ ဒီကောင် ပျက်များ နေသလား မသိ။ အသံမမြည်တာကို အတော်ကြာပြီ။ မမြည်တတ်တော့သော ဖုန်းတစ်လုံးများ ဖြစ်နေတာလား။ မြည်ခွင့်မရသော ဖုန်းတစ်လုံးဖြစ်နေတာလား ။ သူမကိုယ်တိုင်လည်း သေချာတော့ မသိချင်။ ခပ်လှမ်းလှမ်းက နံရံမှာ ချိတ်တွယ်နေသော အိမ်ဖုန်းကတော့ ပိုဆိုးသည်။ သူ့မြည်သံသည် ဘယ်သို့ ဘယ်ပုံ ရှိမှန်းပင် သူမ မမှတ်မိတော့။ ကလင် ကလင် ဟု မြည်တတ်လား။ တူတူ တူ ဟု မြည်တတ်လား။ သီချင်းသံ တစ်ခုခု ထွက်သလား ။ လိုင်းဖုန်းမို့ ထုံးစံအတိုင်း ပျက်ပဲ နေတာလား၊ ဆက်သူ တကယ်ပဲ မရှိတာလား။ သူမ မသိတော့။ ကြာပြီပဲ။ ဒီဖုန်း အသံသေနေခဲ့တာ။
နောက်ထပ် တစ်ပတ်လောက် ခွင့် ဆက်တိုင်သင့် မတိုင်သင့် သူမ စဉ်းစားနေမိသည်။ မတိုင်ပဲ နေလျင် ဘာဖြစ်မလဲ။ တိုင်လိုက်လျင် ဘယ်လို အကျိုးထူးမည်လဲ။ ဘာမှတော့ သိပ်ကွာခြားမနေသလိုပင်။ စိုးရိမ်စရာ က တစ်ခုတည်း ရှိသည်။ ဒီဆူးဝါဝါလေး တစ်ချောင်းနှင့် သူမ ဘယ်လို အပြင်ထွက်မလဲ ဆိုတာပင်။ တွေးနေဆဲမှာ ဆူးကလေးက ပိုမိုချွန်မြလာခဲ့သည်။
နေ့လည်ကျ သိသိသာသာကြီး လန်းလာသည်။ အဖျားက တိကနဲ နောက်တဆင့် ထပ်ကျသွားသလိုပင်။ ထိုင်ရာမှ ထလိုက်တာပင် အတော်လေး သွက်လက်နေသလို ခံစားရသည်။ တစ်ခုခု စားဖို့ သတိတရ ရေခဲသေတ္တာဆီ အသွား နောက်ဖက် ဘေစင်မှန်ထဲ မြင်လိုက်ရသော ကိုယ့်ပုံရိပ်ကိုယ် ဖျတ်ကနဲ သတိထားလိုက်မိသည်။ တစ်ခုခု။ တစ်ခုခု ထူးနေသလိုလို … ခံစားရတာကြောင့် မှန်နား ကပ်သွားလိုက်မိတော့ .. နဖူးပေါ်မှာ နောက်ထပ် ဆူးကလေး တစ်ချောင်း။ စထွက်ကာစမို့ အဝါအနည်းငယ်သာ သမ်းသော အဖြူရောင်လေး ဖြစ်နေသည်။ မြတ်စွာဘုရားသခင် .. ဟု အထိတ်တလန့် တလိုက်မိသော်လည်း လူက ထူးထူးဆန်းဆန်း ပေါ့ပါး လန်းဆန်းနေတာ သတိပြုလိုက်မိသည်။
ရေခဲသေတ္တာထဲမှာ စားစရာဆို၍ ကြက်ဥတစ်ကဒ်နှင့် သူမကို လိမ်ပိန်ကာကြည့်နေသော လိမ္မော်သီးခြောက် တစ်လုံးသာရှိသည်။ သူတို့ ရေခဲသေတ္တာထဲရောက်နေတာ ဘယ်လောက်ကြာနေပြီလဲမသိ။ လိမ္မော်သီးကို ယူကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ သေချာတာက ဒီကြက်ဥတွေကလွဲလျင် ဘာမှစားစရာ မရှိ ဆိုတာပင်။ ဒါတွေကို ပြုတ်စားရမလား ကြော်စားရမလား စဉ်းစားရင်း မစားဖြစ်တော့။ ရေခဲသေတ္တာကို ပြန်ပိတ်လိုက်မိပြီ။
အဖျားမရှိတော့မှ လူက တခြားကိစ္စတွေ ပြန်ဝင်လာသည်။ ဖုန်းကို မကြာခဏ ကောက်ကောက်ကြည့်နေမိ တတ်သော ရောဂါ ပြန်ဝင်လာသည်။  message message message ဟူသော မရပ်မနား အော်သံနှင့်အတူ message တစ်ခုတလေများ လမ်းမှား ဝင်လာနိုး။ missed call တစ်ခု တလေများ ကိုယ်မကြားလိုက်ရသဖြင့် ရှိနေနိုင်နိုး ကြည့်ကြည့်နေမိတတ်သော ရောဂါ ပြန်ထလာသည်။ ကွန်ပျူတာကိုဖွင့် မေးလ်စစ်တော့ ခွင့်တိုင်စာကို ထူးထူးခြားခြားကြီး OK ဟု တစ်လုံးတည်း ပြန်ထားသော  admin manager ၏ တိုရည် ရှားရည်နိုင်လှသည့် စာကိုသာ ထီးထီးကြီး တွေ့လိုက်ရသည်။ (ဒီတော့မှ အသိတစ်ယောက် ရယ်စရာလိုလို ပြောထားသော စကားကို သတိရမိသည်။ ကိုယ့် mail box ထဲ စာပို့မယ့်သူမရှိ မဖြစ်ရလေအောင် astrology site တွေ၊  သတင်း sites တွေကို တတ်နိုင်သလောက်  subscribe လုပ်ထားရတယ် ဆိုသောစကား .. ခုကျကာမှ အဲလို လုပ်မထားမိတာ မှားနေပြီလား တွေးရတော့မလို)
ရင်ထဲမှာ ပြန်ပူကာ ရေငတ်လာသလို ခံစားရသည်မို့ အနားက ရေဘူးကို လှမ်းအဆွဲ လက်ချောင်းလေးတွေ စိမ်းဖန့်ဖန့် အရောင်တစ်ခု သမ်းနေတာ သွားသတိထားမိသည်။ ရေထည့်ထားသည့် ဘူးက အကြည်ရောင်။ အစိမ်းရောင် တံဆိပ်တွေ ဘာတွေလည်း ကပ်မထား။ ကြည့်နေရင်းက အရောင်က ပြန်ပျောက်သွားသလို။ တစ်ယောက်တည်း နေတာကြာရင် လူက ဘာလိုလို ဖြစ်လာတတ်တယ်လို့ ဘယ်နားမှာများ ဖတ်ဖူးသလဲ ပြန်စဉ်းစားကြည့်သည်။ စဉ်းစားမရတော့။ စဉ်းစား မရတာလား။ မဖတ်ကို မဖတ်ဖူးခဲ့တာလား မမှတ်မိတော့။ ရေကို တစ်ဝကြီး မော့သောက်ပစ်လိုက်တော့ လည်ချောင်းတစ်လျှောက် စီးဆင်းသွားသည့် ရေတွေ ခြေဖျားထိတိုင် စီးသွားသည်ဟု ခံစားလိုက်ရသည်။ ကွန်ပျူတာရှေ့မှာ ထိုင်နေရာကနေ ထလိုက်တော့ ခြေဖဝါးအောက်မှာ ရေတချို့ စိုစိစိလိုလို ..။ အဝတ်စုတ်တစ်ခု ယူပြီး သုတ်ပစ်လိုက်ပြီးမှ စထိုင်စက ဒီရေတွေ ရှိနေတာ မသိဘူးတဲ့လားဟု ကိုယ့်ဘာသာ ကိုယ်တွေးမိသည်။ မသေချာတော့။ မသေချာတာတွေ သိပ်များလာတာတော့ သေချာသည်။ ကိုယ်ကပဲ စုထားမိတာလား။ သေချာတာတွေကို ရင်မဆိုင် ချင်တော့လို့လား စဉ်းစားမရတော့။
တစ်ခုခုတော့ စားဦးမှပါဟု စဉ်းစားပြီး ကြက်ဥကို ကြော်တာနဲ့ ပြုတ်တာ ဘယ်ဟာ ပိုမြန်မလဲ ထိုင်တွေးနေတာနှင့်ပင် နာရီဝက်လောက် ကြာသွားသည်။ ပြီးတော့လည်း ဟုတ်တာ မဟုတ်တာမသိ ဆီအိုးတည်ကာ ကြော်ပစ်လိုက်သည်။ ကြက်ဥ သုံးလုံးကို တစ်ခါတည်း ခွဲထည့်ပြီး တစ်ချက် နှစ်ချက် မွှေပစ်လိုက်ရုံနှင့် သူမ၏ ကြက်ဥကြော်ခြင်း ကိစ္စ ပြီးမြောက်သွားသည်။ နောက် ရေနွေးဓာတ်ဘူးနှင့် အမြဲ ပလပ်တပ်ထားသော ရေနွေးကိုယူကာ ကော်ဖီဖျော်သည်။ ပထမဆုံး ပြန်လည်စားသော အစားအစာ ဖြစ်လို့လားမသိ။ စားရတာ သိပ်အဆင်မပြေ။ ကိုယ့်အစာမဟုတ်တာကို စားနေရသလိုလို။ ဖျားနေတုန်းက ဆေးမသောက်ခင် တစ်ချပ် တစ်ချပ် စားနေသော ကွတ်ကီဘူးကို ကြည့်လိုက်တော့ ကုန်နေပြီ။ ဘယ်တုန်းက ကုန်နေခဲ့တာမှန်းလည်းမသိ။ သူမနောက်ဆုံး ဆေးသောက်သည့်အထိ ကွတ်ကီက ရှိနေသေးလား စားခဲ့သေးလားလည်း မမှတ်မိချင်တော့။ မကုန်တော့သော ကြက်ဥကြော်တွေကို ဇကာ ခပ်သေးသေး တစ်ခုနှင့် အုပ်ထားလိုက်သည်။ ညနေစာပေါ့။ ဒါမှမဟုတ် နောက်တစ်ခေါက် စားပေါ့။ ကော်ဖီခွက်ကို ယူပြီး မော့ချလိုက်တော့ စောစောက ရေသောက်တုန်းကလို ခံစားရသည်။ ကော်ဖီပူတွေ ခြေဖဝါးထိ နွေးကနဲဆင်းသွားသလို ..။
လူကလည်း စောစောကလို မဟုတ်ပဲ သိသိသာသာ ကော်ဖီကြောင့် လန်းမလာပဲ ခွေချင်လာသည်။ အိပ်ယာပေါ် ပြန်တက်ဖို့စိတ်ကူးလိုက်တော့ ကော်ဖီတစ်ချို့ ကြမ်းပြင်ပေါ်မှာ ဖိတ်နေပြန်သည်။ ဘယ်တုန်းက ဖိတ်ကျသွားခဲ့တာလဲ။ ကြက်ဥပန်းကန်နှင့် တိုက်မိလို့လား။ သူမ ဆားဘူး ထယူလိုက်တုန်းကလား။ ကွတ်ကီဘူးကို သွားကြည့်ဖို့ ထလိုက်တုန်းကလား မသိတော့။ သိပ်မများသဖြင့် စွတ်စိုစိုဖြစ်နေသော ကော်ဖီများကို ခြေသုတ်ဝတ် အဟောင်းတစ်ခုနှင့် ခြေထောက်ကိုပါ ပွတ်သုတ် လိုက်ရင်း ကုတင်ပေါ် ပြန်တက် အိပ်ပစ်လိုက်သည်။ လေးငါးရက်အတွင်း တစ်ခါမှ မအိပ်ဖူးသူလို ပြန်အိပ်ပျော်သွားပြန်သည်။
နောက်တစ်ခေါက် ပြန်နိုးလာတော့ လူက ပိုလန်းဆန်းလာသည်။ အဖျားသွေးဆိုတာ လုံးလုံးပင် မရှိတော့ သလိုပင်။ စိတ်ထဲက စိုးရိမ်သောကများပါ ပျောက်ကွယ်သွားသလိုလို။ ဆူးကလေး နောက်တစ်ချောင်း တစ်လေများ ထပ်ထွက်နေမလား ဟူသော အတွေးကတော့ ဖျောက်ဖျက်မရ။ လူက အလိုလို မှန်ရှေ့ကို ရောက်သွားပြန်သည်။ တစ်ချောင်းတစ်လေဟု တွေးလိုက်တာ နည်းပင် နည်းနေသေးသည်။ ဆံစပ် တစ်လျှောက်မှာ ဆူးကလေး နောက်ထပ် သုံးချောင်း။ လက်ဖျံပေါ်မှာ ထွက်လာတော့မယောင် ဖြစ်နေသော ခပ်ဖြူဖြူဝါဝါ အဆံလေး သုံးလေးခုစီကို တွေ့လိုက်ရသည်။ ဆူးကလေး ပိုပြီး ဝါလာတာကို သတိထားမိရင်းက မှန်ထဲမှာ အစိမ်းရိပ်တစ်ခု သမ်းနေသလိုလည်း ခံစားလိုက်ရသေးသည်။ သေချာ ပြန်ကြည့်တော့လည်း မသေချာပြန်။
နေ့လား ညလား မသေချာသဖြင့် ကန့်လန့်ကာကြီးများကို ဆွဲလိုက်သည်။ နံနက်ခင်း၏ နေရောင်ခြည် နုနုလေးက သူမရှေ့မှာ ဖြာကျနေသည်။ အိုး .. နေ၏ အလင်းရောင်နှင့် ပထမဆုံး ပြန်လည်ထိတွေ့ရလို့လား မသိ ..။ လူက ခေါင်းပြူထွက်လာသော မြက်စိမ်းပင် နုနုလေးတွေလို ခံစားနေရသည်။ ဘာကိုမှ မစဉ်းစားလိုက်ရပဲ လူက အခန်းထဲပြန်ဝင်ကာ မျက်နှာသစ် ရေလောင်းပစ်လိုက်သည်။ ရေ၏ ထိတွေ့မှုက သူမကို ပိုမို လန်းဆန်းလာစေသလို။ ရေချိုးခန်းထဲက အထွက် ရေတစ်ခွက်သောက်လိုက်သေးသည်။ ခြေဖျားထိ စီးဆင်းသွားသလို ခံစားမှုက တတိယအကြိမ်ဖြစ်၍ သိပ်ပြီး မထူးခြားတော့။ စွတ်စိုနေသော မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့က ရေများကို သုတ်ပစ်လိုက်သည်။ အဝတ်အစားလဲတော့ လက်ဖျံကို အုပ်သော အကျီ င်္လက်ရှည်ကို ဝတ်လိုက်သည်။ မှန်ထဲကြည့်ပြီး မဖြီးတာကြာပြီဖြစ်သည့် ဆံပင်တွေကို ရှင်းတော့ ဆံစပ်တလျှောက်က ဆူးကလေးတွေကို ဆံပင်နှင့် ဆွဲအုပ်ကြည့်လိုက်သည်။ ဘယ်ဆိုးလို့တုန်း .. ။ အစစ အဆင်ကိုပြေလို့။ တစ်ခု ထူးခြားတာက စတွေ့စက လူကို အတုန်တုန် အလှုပ်လှုပ် ဖြစ်သွားစေသော ဆူးကလေးများက ခုတော့လည်း ဘာခံစားမှုမှ မကျန်တော့သလို …
သူမ အသံမမြည်တာကြာသော လက်ကိုင်ဖုန်းကို ပိုက်ဆံအိတ်ထဲ ကောက်ထည့်လိုက်သည်။ (တကယ်က အကျင့်ဖြစ်နေလို့သာ။ ထိုဖုန်းသည် တစ်သက်လုံး အသံမပြုတော့ရန် အဓိဌာန်ချထားသူလို ..) ပိုက်ဆံကို လုံလုံလောက်လောက် ပါမပါ စစ်ဆေးပြီး ထွက်လာခဲ့လိုက်သည်။ အိမ်နှင့် သိပ်မဝေးသော မီနီမားကက် တစ်ခုဆီသို့ …




(ခ)
နံနက်ခင်း၏ နေရောင်က ထူးထူးခြားခြား လင်းလက်နေသလို။ မရောက်တာ ကြာပြီဖြစ်သော မီနီမားကက် ကလေးကတော့ သူမကို မသိကျိုးကျွန်ပြုကာ ဆီးကြိုသည်။ ကြက်ဥတစ်ကဒ်၊ ကွတ်ကီတစ်ဘူး၊ ပေါင်မုန့် တစ်ထုတ်၊ ထောပတ်တစ်ဘူး၊ ခေါက်ဆွဲခြောက် ဆယ့်လေးငါးထုတ် (ဘာတွေမှန်းတောင် မမှတ်မိ၊ သေချာတာက အပူအစပ်တွေ မပါတာပင်)၊ ဘီစကစ် တစ်ပုံး၊ ချောကလက် တစ်ဘား၊ ဒါတွေ ကောက်ထည့် ပြီးကာမှ သူမ ဘာမှမဆိုင်သော တစ်ဖက် စင်ပေါ်မှ ကြွေအိုး ခပ်ကြီးကြီး တစ်လုံးကို သွားတွေ့သည်။ ကြွေအိုးက သူမကြိုက်သော အဖြူပေါ်တွင် ရွှေရောင်နှင့် အပြာနုရောင် ရောယှက်ထားသော ပန်းခက်များ ပါဝင်သည်။ တစ်ခု ခက်ခဲနေတာက ဒီ ပန်းအိုးကို သယ်သွားနိုင်လောက်အောင် သူမ အားမရှိ ဆိုတာပင်။ အားရှိလည်း သယ်နိုင်လိမ့်မည် မဟုတ်သည့် အရွယ်အစားဖြစ်သည်။ တကယ့်တကယ်ကျ သူမ အပင်စိုက်တာ ဝါသနာမပါ။ ဘာလို့ ဒီကြွေအိုးကြီးကို တွေ့တာနှင့် လိုချင်စိတ် ဝင်လာ မှန်းလည်း ကိုယ့်ကိုယ်ကို မသိ။ စိတ်က မဆုံးဖြတ်လိုက်ရခင်မှာပင် လူကကောင်တာနား ရောက်သွားသည်။
ထိုကြွေပန်းအိုးကြီးကို ဝယ်လျင် အိမ်တိုင်ယာရောက်ပို့နိုင် မပို့နိုင်မေးတော့ ကောင်တာမှ ကောင်မလေးက ဘယ်နားလဲဟု မေးသည်။ သူမက လက်ညှိုးညွှန်ပြရင်း သူမနေထိုင်ရာ တိုက်ခန်းတွေဆီ ညွှန်ပြတော့ ရပါတယ်ဟု ဆိုသည်။ ကောင်မလေးက စပ်မြေ အထုတ်များပါ ယူမလားဟု သတိပေးသဖြင့် မြေကြီးနှင့် မြေသြဇာ စပ်ပြီးသား မြေထုတ်တွေကိုပါ ဝယ်ယူလိုက်သည်။ ကြွေအိုးနှင့် မြေထုတ်တွေကို မြင်တော့ ကန္တာရပင်များစုဆောင်းသူ လူတစ်ယောက်ကို ဖျတ်ကနဲသတိရလိုက်မိသည်။ စိတ်ထဲမှာ ဖုန်းသံတချို့ ဆူညံလာသလိုမို့ လက်ထဲက လက်ကိုင်ဖုန်းကို ယောင်ရမ်း ပိတ်ပစ်လိုက်မိသေးသည်။
စပ်မြေနှင့် ကြွေအိုးကိစ္စပြီးတော့ သူမ နောက်တစ်ခု မျက်စိရောက်သွားသည်က  Aloe Vera Juice ဘူး စိမ်းစိမ်းလေးများ။ အရင်က တွေ့ဖူးသော်လည်း သောက်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူး။ ခုမှ ထို ဘူးလေးများကို မျက်စိကျနေမိသည်။ စိတ်ကလည်း အလိုအလျောက် တောင်းဆိုနေသလို ခံစားနေရသည်။ နှစ်ခါ မစဉ်းစားလိုက်ရပါပဲ ဒါဇင်လိုက် ယူဖို့ ဆုံးဖြတ်လိုက်ရင်း ကြွေအိုးနှင့်အတူ အိမ်ကို ပို့ခိုင်းလိုက်သည်။
ငွေရှင်းပြီး သူမထွက်လာတော့ နေရောင်က နည်းနည်း ပိုပြင်းလာပြီ။ ကြွေအိုးသယ်လာသူနှင့် အမှီလိုက်ရင်း သူမ အိမ်ပြန်ရောက်တော့ အတော်လေး မောပမ်းနေပြီ။ ချွေးတွေလည်း သိသိသာသာ စို့ထွက်လာသည်။ ပစ္စည်းတွေ နေရာချပြီး ချွေးသုတ်တော့ ဆူးကလေးတွေ ထပ်ထွက်လာတာတွေ့ရ၏။ ခုချိန်မှာတော့ ဘာဖြစ်လာမည်မှန်း သေချာမသိပဲ စိတ်က အလိုလို ပေါ့ပါးလို့နေတာကို သတိထားမိသည်။ ထူးဆန်း မနေဘူးလား။ စိုးရိမ်ကြောင့်ကျ ရမည့်အချိန်မှာ လူက ဘာမှမဖြစ်သလို ပေါ့ပေါးနေတာ။
ဝတ်ထားသော လက်ရှည်အကျီ င်္ကို ချွတ်လိုက်တော့ ဆူးကလေးတွေက လက်မှာ ပိုပီပြင်လာသည်။ သူတို့ကို ကြည့်ရတာ နေရောင်ကြောင့် ပိုအားကောင်းသက်ဝင်လာသလိုလို ..။  Aloe Vera Juice ဘူးကို ဖောက်သောက် လိုက်တော့ လူက ပိုမို အားအင်ပြည့်ကာ လန်းဆန်းလာသလို ခံစားလိုက်ရသည်။ ထူးထူးဆန်းဆန်း ဒီ Juice  ကို သောက်တော့ ရေသောက်တုန်းကလို စီးဆင်းသွားသည့် ခံစားမှုမျိုး မရတော့။ ပန်းကန်ထဲ ကျန်နေသည့် ကြက်ဥကြော်များကို ပေါင်မုန့် တစ်ချပ်နှင့် လက်စသပ် လိုက်ပြီးသောအခါ ကိုယ့်ကိုယ်ကို နေကောင်းသွားပြီ ဟု အသေအချာ သိလိုက်သည်။
ဒါဆို အလုပ်ပြန်လုပ်လို့ရပြီပေါ့။ ဟင့်အင်း။ အလုပ်ပြန်လုပ်ချင်ပေမယ့် ရုံးပြန်မတက်ချင်သေး။ အိမ်ကနေ အလုပ်လုပ်လို့ အဆင်ပြေနောက်လောက်သည် ဟုတွေးကာ ရုံးကို mail ပို့လိုက်သည်။ လိုအပ်သော ဒေတာ များ ဖိုင်များ ပို့ပေးရန်နှင့် အပြင်မထွက်နိုင်သေးသော်လည်း အလုပ်လုပ်နိုင်မည်ထင်ကြောင်း.. စသဖြင့် admin manager ထံ mail ပို့လိုက်သည်။ နာရီဝက်ပင်မခြားပဲ သူမအတွက် ဒေတာများ၊ ဖိုင်များ၊ ရောက်လာသည်။ လုပ်ဆောင်ရမည့် ကိစ္စများကို တစ်ချက်ချင်း ပြောထားသည့် စာအောက်ကတော့ Get well soon ဆိုသည့် ဝတ်ကြေတန်းကြေ စာကြောင်း တစ်ကြောင်းနှင့် အဆုံးသပ်ထားသည်။ ထို စာကြောင်းကို မြင်မှ သူမ စက်ကို ပိတ်ပစ်လိုက်မိသည်။ ဘာလို့မှန်းမသိ။ အလုပ်လည်း မလုပ်ချင်တော့။ စိတ်က တစ်စုံတစ်ရာကို အလိုမကျသလို ချက်ချင်းဖြစ်သွားပုံက သိသာသည်။ ဘာကို ဖြစ်သွားမှန်း ကိုယ့်ကိုယ်ကိုလည်း မသိ။ ကုတင်ပေါ် ပြန်လှဲလိုက်ရင်း ဆူးတွေ ကျောမှာပါ ထွက်လာရင် ဘယ်လို အိပ်ရပ ဟု သွားတွေးမိကာ ကုတင်ပေါ်က ရုတ်တရက်ထလိုက်ပြီး လူ က မှန်ရှေ့ ရောက်သွားပြန်သည်။ မှန်သေး တစ်ချပ်ဖြင့် နောက်ကြည့်မှန်လို အသုံးချကာ ကျောကို ကြည့်တော့ ဆူးကလေးတွေ မထွက်လာသေး။ သို့သော် ထွက်ရန်တာစူသည့် အနေနှင့် အဝါဖုကလေးများကို တွေ့နေရသည်။ သိပ်မကြာလောက် တော့ပါဘူး။ အလွန်ဆုံး နောက်တစ်နေ့ မနက်ပေါ့ … ဟုခပ်ပေါ့ပေါ့တွေးရင်း အိပ်ရာပေါ် ပြန်ရောက် လာသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြန်သည်။
သူမ နိုးလာတော့ ညအတော်နက်နေပြီ။ နေမစောင်းခင်က အိပ်လိုက်တာ ညသန်းခေါင်လောက် ပြန်နိုးသည် ဆိုတော့ အတော်လေးတော့ အိပ်ရေးဝနေပြီ။ သို့သော် လူက ဆက်အိပ်မည်ဆိုလျင်လည်း အိပ်ပျော်မည် ဆိုတာကို သိနေသည်။ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ သဘာဝမကျစွာ ဆူးကလေးတွေ ထွက်ပေါ်လာနေသော ဘယ်လိုလူက သူမလို အိပ်ပျော်နိုင်ပါ့မလဲ ..။ သူမကတော့ စိတ်လက် ပေါ့ပါးစွာ အိပ်ပျော်နိုင်နေသည်။ ဘာမှစားချင်စိတ် မရှိသဖြင့် Aloe Vera Juice ကိုသာ သောက်လိုက်ပြီး ပြန်အိပ်ပစ်လိုက်တော့ အိပ်ပျော်သွားပြန်သည်။ ဒီတစ်ခါတော့ အိပ်မက်မက်သည်။
အိပ်မက်ကလည်း သိပ်တော့ မထူးဆန်း။ သမားရိုးကျ ဆန်သော်လည်း သင်္ကေတ အရိပ်တစ်ခုလို ဖြစ်နေသည်။ တစ်ခုသော မနက်ခင်းကလေးမှာ ကန္တာရပင်လေးတစ်ပင် အိမ်ရောက်လာသည် ..တဲ့ ။ ဘယ်သူ လာထားမှန်းမသိ ကိုယ့်အတွက် ဟုတ်မဟုတ် မသေချာပဲ အိမ်တံခါးဝမှာ ရောက်နေသည့် ကန္တာရပင်လေးကို ကောက်ယူလိုက်မိသည်။ အိပ်မက်ဆိုတော့လည်း သိပ်ပြီး စပ်စပ်စုစုကြီး တွေးတော ရင်ခုန်မနေပဲ ယထာဘုတ ကျကျ အပင်ကို ဘယ်နားထားရမလဲသာ စဉ်းစားနေပုံက သူမ သဘာဝနှင့် နည်းနည်းတော့ ဆန့်ကျင် နေတာ သတိပြုမိသည်။ ( ခုလိုချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ပြီး အိပ်မက်ပင် မက်နေသေးသော ပုံစံမျိုးကလည်း သူမပင်ကိုယ် မဟုတ်ဆိုတာ အိပ်မက်ထဲမှာပင် သတိထားမိနေသေးသည်။) တကယ်ဆို သူမက အပင်စိုက်၊ ရေလောင်း၊ ပြုစုပျိုးထောင်ရတာ နည်းနည်းမှ ဝါသနာမပါ။ သူတစ်ပါးကို ပြုစုပျိုးထောင်ဖို့ နေနေသာသာ၊ ကိုယ့်ဘာသာပင် ထမင်းနပ်မှန်အောင် စားမိလား မစားမိလား မသေချာတတ်သူက ခု အပင်တစ်ပင်ကို အိမ်မှာ အလိုမတူပဲ လက်ခံထားဖို့ ပြင်ဆင်နေပြန်သတဲ့။ ကြွေအိုး ခပ်စိမ်းစိမ်းလေး နှင့် ထည့်ထားသော ကန္တာရပင်လေးက ကြွေအိုးလေးနှင့် အပြိုင် စိမ်းနေသည်။ ဆူးကားကားကလေးတွေကလည်း နက်နက်နဲနဲ သန်မာကြံ့ခိုင်လို့ ..။ တစ်ခါဖူးမှ ဒီလို ကန္တာရပင် အပြောနှင့် အလှပန်းပင် တစ်ပင်ကိုမျှပင် မစိုက်ဖူးခဲ့။ အိပ်မက်ကတော့ ကန္တာရပင်လေးကို ဘယ်နား ထားရမှန်းမသိပဲ လန့်နိုးလာခဲ့ရသည်။
အိပ်ရာက နိုးတော့ မိုးစင်စင်လင်းနေပြန်ပြီ။ ရောင်ခြည်တချို့ ဖြာကျနေသော ဝရံတာလေးကို ကြည့်ကာ ထိုနေရောင်ခြည်ထဲ ထွက်ရပ်ချင်စိတ် တဖွားဖွားပေါ်လာတာမို့ ဝရံတာဆီ လှမ်းသွားလိုက်သည်။ ခြေလှမ်းတွေက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို သွက်လက် ပေါ့ပါး လန်းဆန်းနေခဲ့သည်။ နေရောင်ခြည်တွေကို လက်နဲ့ ခပ်ခပ်ပြီးလောင်းချိုးထားသလို တစ်ကိုယ်လုံး နေရောင်တွေ နစ်နေမှ သူမ အထဲ ပြန်ဝင်လာခဲ့သည်။ လူကတော့ ခေါင်းတမော့မော့ လည်တခါခါ ဖြစ်နေသည့် ပန်းတစ်ပွင့်လို လန်းဆန်းလို့ ..။
မှန်ရှေ့မှာ ရပ်လိုက်ပြီး ကိုယ်ပေါ်က ဆူးတွေကို ကြည့်နေပုံက သူမကိုယ်သူမပင် သံသယ ဖြစ်မိသည်ထိ။ မှန်ထဲက သူမဟန်ပန်က နည်းနည်းမှ တုန်လှုပ်မှု မရှိတော့ပဲ ဆူးတွေကို ကိုယ့်ဘဏ္ဍာတိုက်ထဲက ဒင်္ဂါးချပ် တွေ ထုတ်ရေသလို ရွေတွက်နေပုံက နည်းနည်းတော့ များနေသည်ဟု တွေးမိသည်။ တကယ်ဆို သဘာဝ မကျမှုများအတွက် စူးစမ်းနေရမှာ .. တစ်ခုခု စဉ်းစားရခက်နေရမှာ … ဘာလုပ်ရမလဲ ဟု ချီတုံချတုံ ဖြစ်နေရမှာ .. ခုတော့ လူက ပုံမှန်မဟုတ်သလို ..။ ကိုယ်ပုံမှန်မဟုတ်တာကို ကိုယ့်ဘာသာသိနေသည့် သူမ ကိုယ်သူမလည်း သိပ်တော့ နားမလည်ချင်။
မနက်စာအဖြစ် ကြက်ဥကို ရေနှင့်ကြော်ကာ ပေါင်မုန့်တစ်ချပ်၊ Aloe Vera Juice နှင့် သောက်လိုက်သည်။ ခါတိုင်းလို ဘိန်းငတ်သလို တောင့်တနေတတ်သည့် ကော်ဖီကိုလည်း မသောက်ဖြစ်။ ဘယ်တုန်းတည်းက ကျန်နေမှန်းမသိသော ကော်ဖီမစ် အထုတ်များ အိမ်နောက်ဖေးနံရံပေါ်က စင်ပေါ်တွင် ဖုန်အသောသော ဖြစ်နေသည်။ သူမ ဘယ်တုန်းတည်းက ကော်ဖီပြတ်သွားခဲ့တာပါလိမ့်။ နေမကောင်းလို့ ထမဖျော်နိုင်ချိန် ကတည်းကလား။ အဲဒီမတိုင်ခင်တည်းကလား ။ သိပ်ပြီး မမှတ်မိချင်တော့။
သို့သော် .. လူက ပိုပြီးပျော်ရွှင် လန်းဆန်းလာသလို ခံစားရတာတော့ သေသေချာချာကြီးကို သိနေသည်။ ခါတိုင်းလို အထီးကျန် ကြေကွဲမှုတွေ ဝင်မလာတော့။ တစ်ယောက်တည်း ရှိနေပါလား ဆိုသည့် ခံစားမှုတွေလည်း ဖြစ်ပေါ်မလာ။ ကွန်ပျူတာ ထဖွင့်လိုက်၊ ဖုန်းကို ကောက်ကိုင်လိုက်။ နံပါတ်တွေကို ဇဝေဇဝါ ကြည့်နေလိုက်။ ချီတုံချတုံဖြစ်ကာ ဖုန်းကိုပြန်ချထားလိုက် တွေလည်းမဖြစ်တော့။ အသံမမြည်တတ်သည့် ဖုန်းကိုလည်း  ရမယ်မရှာမိတော့။ နဂိုတည်းက သဘာဝအလျောက် အသံမမြည်တတ်သော၊ ဖုန်းတစ်လုံး၊ ကိုယ့်ကို ဆက်မည့်သူမရှိသည့် နံပါတ်တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်ဟုပဲ သဘောထားမိသွားတာကတော့ အံ့သြစရာ ..။
“ လောကမှာ သိပ်တော့ ကြေကွဲစရာများများစားစားရယ်လို့ မရှိပါဘူး။ အစိမ်းရောင်တွေ ကျန်းမာကြံ့ခိုင် နေရင်ကို နေပျော်ပါတယ် ..”
အဝါရောင် note pad ကလေးပေါ်မှာ မင်အစိမ်းရောင်နဲ့ခပ်သော့သော့ ချရေးလိုက်တဲ့ စာကြောင်းက မြက်ပင်လေးတွေ ယိမ်းနွဲ့နေတဲ့ ပုံနဲ့တူနေတယ်။ ဘာလို့ ဘယ်လိုခံစားချက်နဲ့ ချရေးလိုက်မိမှန်း မသိတဲ့ စာကြောင်းတွေကို သူမကတော့ ကိုယ့်ဘာသာ သဘောတွေကျပြီး မှန်မှာ ကပ်ထားလိုက်တယ်။ မှန်ရှေ့က လှည့်အထွက်မှာ အပြင်ထွက်ချင်စိတ် ပေါက်လာသည်။ မှန်ဘက် တစ်ခါ ပြန်လှည့်လိုက်ပြီး ကိုယ့်ကိုယ်ကို မှန်ထဲ သေချာကြည့်လိုက်တော့ မျက်နှာပေါ်မှာ ဆူးတွေထွက်ရန် တာစူမလာသေး။ အကျီ င်္လက်ရှည်၊ ဂါဝန် အရှည်ကို ဝတ်လိုက်ပြီး ခြေဖမိုးကို ရုတ်တရက်ကြည့်မိတော့ အဝါရောင်သန်းနေတာကို သတိပြုမိသည်။ သူ ဝါနေပုံက အစိမ်းဖက်သမ်းတော့မည့် အဝါမျိုး ..။ လက်ကို ဖျတ်ကနဲကြည့်မိတော့ သူလည်း အစိမ်းဖက်လု နေသည့် အဝါမျိုး ဖြစ်နေသည်။ တစ်မျိုးတော့ ကြည့်ကောင်းသား။ ဒီ ခြေတွေ လက်တွေကို အလုံထုတ် သွားဖို့ကတော့ သူမ စိတ်မဝင်စားပါ။ ခြေစွပ်စွပ် ရှူးဖိနပ်စီး၊ လက်အိတ်စွပ်သွားရမယ့် ရာသီဥတုမျိုးလည်း မဟုတ် …။ နေရောင်ကာ ဦးထုတ်တစ်လုံးကိုတော့ လိုရမယ်ရ ဆောင်းလာလိုက်သည်။ ဆံပင်တွေ လေတိုက်လို့ လွင့်သွားလျင် နဖူးစပ်က ဆူးကလေးတွေကို မြင်သွားနိုင်သည် မဟုတ်လား။ ဒီဆူးတွေက အတော်လေးကို ရင့်မာ လှပနေပြီဖြစ်သည်။

(ဂ)
ပန်းခြံထဲရှိ ခုံတန်းလျားတွင် မထိုင်ပဲ၊ မြက်ခင်းအစပ် အပင်စုစုကလေးများရှိရာ နေရာလေးတွင် တစ်ယောက်တည်း ထိုင်နေသဖြင့် လူတချို့က သူမကို ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြသည်။ အပင်တွေကြား ထိုင်ရတာ အရသာ ရှိလိုက်တာ။ ဒီလိုသာ အမြဲတမ်း ထိုင်နေရရင် သိပ်ကောင်းမှာပဲဟု တွေးလိုက်မိပြီးကာမှ  ဘဝရဲ့ဖြတ်သန်းမှု နှစ် ၃၀ကျော်ထဲမှာ ဒီလိုအပင်တွေကြား တစ်ခါမှ မထိုင်ခဲ့ဖူးတာကို သတိထားလိုက်မိသည်။ ထိုင်ဖူးဖို့ နေနေသာသာ ဒီပန်းခြံလေး အိမ်နှင့် မနီးမဝေးမှာ ရှိနေတာကိုပင် ခုမှ လျှောက်လာရင်း အမှတ်တမဲ့ သိလိုက်ရခြင်း ဖြစ်သည်။
အရင်တစ်ချိန်တုန်းကတော့ သူမက အပင်တွေကို စိတ်မဝင်စားတတ်ခဲ့သူပဲ။ မိုးလင်း မိုးချုပ် .. နေရောင်တွေကို မေ့ထားတတ်ခဲ့တာ။ ကန့်လန့်ကာကြီးတွေကာပြီး နေရောင်တွေ ဝင်မလာအောင် တားဆီးထားတတ်ခဲ့တာ။ လေအေးပေးစက်တွေကို အစွမ်းကုန်ဖွင့်ပြီး ရာသီဥတုကို ပြုပြင်ပြောင်းလဲ ထားတတ်ခဲ့တာ ..။  ကမ္ဘာကြီးကို ကွန်ပျူတာကနေ တဆင့် ဆွဲကျဉ်းပစ်လိုက်ပြီး ကမ္ဘာ့ နေရာအနှံ့အပြားကို ကလစ် ကလစ် နှင့် လျှောက်သွားနေတတ်ခဲ့သူ ..။ စိမ်းလန်းနေသော သစ်တောကြီးတွေ၊ ဥယျာဉ်တွေ၊ ယာခင်းတွေကို ဖန်သားပြင်ပေါ်မှာသာ ငေးကြည့်ခဲ့ဖူးသူ …။ ကန္တာရပင်များကို စိတ္တဆန်ဆန် စုဆောင်း ပျိုးထောင်တတ်သူ လူတစ်ယောက်အတွက် မျိုးစိပ်များ လိုအပ်သမျှ ရှာဖွေပေးခဲ့ဖူးပါလျက် ကိုယ်တိုင်ကျ ထို အပင်များကို ယောင်လို့တောင် ကိုင်မကြည့်မိခဲ့သူ။
တကယ်တော့လည်း သစ်ပင် တစ်ပင်လို တစ်နေရာတည်းမှာ မရွေ့မလျား ရှင်သန်နေထိုင်ရမည့် ကိစ္စကို သူမ စိတ်ဝင်စားခဲ့ဖူးတာမှ မဟုတ်ပဲ။ သူတစ်ပါး၏ ဂရုစိုက်မှု မလိုအပ်ပဲ ရှင်သန်နေချင်သူမျိုး ။ သူမက အမြဲ လှုပ်ရှား တက်ကြွနေသူ။ ငြိမ်ငြိမ် မနေတတ်သူ။ အလုပ်ကို မနားတမ်း လုပ်နေပြီး အလုပ်သည် သူမအတွက် ဆေးဝါးတစ်မျိုး (မူးယစ်ဆေးဝါးလည်း အနည်းငယ် ဆန်နေနိုင်သည်။ ) ဟု ခံယူထားသူ။ ခုတော့ သူမက မရွေ့လျားတတ်သော၊ အစဉ်သဖြင့် ငြိမ်သက်နေတတ်သော၊ အေးချမ်းနေသော အပင်တွေကို ရုတ်ချည်း နှစ်လိုနေမိပြီ။ တစ်ခါမှ မတွေးခဲ့ဖူးသော အတွေးတို့ကို အမှတ်တမဲ့ မဟုတ်ပဲ တွေးမိနေပြီ။ ထိုသို့ တွေးနေရင်းကကို သူမ အလိုအလျောက်ပျော်လာသည်။ ဘာမှန်းမသိသော ကိုယ့်ခံစားချက်တွေ ကိုယ်ထဲ စီးဝင်လာသလို ခံစားနေရတာကို နေပျော်နေမိတာကို သူမကိုယ်တိုင်လည်း နားမလည်။
ခု ရက်ပိုင်းကျမှ ရှင်သန်နေထိုင်မှု ဆိုတာကို မျက်ဝါးထင်ထင် ခုမှတွေ့ရသူ တစ်ယောက်လို သူမ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာတာ ကိုတော့ ဝန်ခံလိုသည်။ တစ်ချိန်တုန်းကတော့ သူမရဲ့ ရှင်သန်မှုက ကံဆိုးမိုးမှောင် ကျသူတစ်ယောက်လို၊ ကျိမ်စာသင့်သူ တစ်ယောက်လို၊ အိပ်မက် မက်နေသူ တစ်ယောက်လို ကိုယ့်စိတ်နှင့်ကိုယ် ထပ်တူမကျပါပဲ  တစ်စုံတစ်ယောက်ပေါ်မှာ တည်မှီနေသည်ဟု ထင်ခဲ့ဖူးသည်။ မထင်မှတ်ထားသော လျှို့ ဝှက်ချက်တစ်ခုကို အထိတ်တလန့် သိလိုက်ရ ချိန်တွင် ထိုခံစားချက်သည် လဲပြို ဆုံးရှုံးသွားခဲ့ရသည် ..။ ထိုအချိန်တွင် ကျိမ်စာမှ လွတ်မြောက်လာသူလို ဖြစ်ရမည့်အစား သူမ ဒါဏ်ရာများစွာကို နေ့နေ့ညည ချွေးသိပ်နေရသော ကြောင်တစ်ကောင်နှင့် ခပ်ဆင်ဆင်တူနေခဲ့ရတာကို မှတ်မိနေသည်။
ဘယ်သူ မပြုမိမိမှုတွေ၊ သံသရာတွေ၊ ဝဋ်ကြွေးတွေ၊ လှည့်ဖျားမှုတွေ၊ ကျေးဇူးကန်းသူတွေ၊ ကျေးစွပ်သူတွေ နှင့် လူတွေ၏ ရှင်သန်မှုက အတော်လေးကို ရှုပ်ထွေးလှတာကို သတိပြုမိသည် ။ သို့သော် ဘာမှ မတတ်နိုင်။ သူမကို လူအဖြစ် မွေးဖွား သန့်စင်ခဲ့ကြသည်လေ။  သစ်ပင်တွေမှာတော့ သံသရာဆိုတာ ရှိသည့်တိုင် ဝဋ်ကြွေးတွေ၊ ကျေးဇူးကန်းတာတွေ မရှိ .. အချင်းချင်း စစ်ဖြစ်တာမရှိ၊ အငြိုးအတေးမရှိ ..ကလဲ့စားမရှိ၊ လှည့်စားမှု မရှိ၊  .. ချစ်ခြင်း မုန်းခြင်းမရှိ …
တစ်ချိန်က မေ့လျော့နေခဲ့မိသော နေရောင်ခြည်ကလည်း သူမပေါ် ရက်ရက်ရောရော ဖြာကျနေသည်။ စိမ်းလန်းခြင်းနှင့် နေရောင်ခြည် … ။ သူမကိုယ်ထဲမှ အငွေ့တချို့ တလူလူ ပျံထွက်နေသလို ခံစားလာရသည်။ ထိုခံစားချက်နှင့်အတူ သူမရင်ထဲမှ ဝေဒနာများ တဖြည်းဖြည်း ပျောက်ဆုံးပါးလျားသွားတာကိုလည်း သတိပြုမိသည်။ အဖျားလုံးဝ မရှိတော့သည့် နောက်ပိုင်းကတည်းက စိတ်၏ နာမကျန်းမှုများပါ တစစ ပါးလျားသွားတာကို သူမ သတိပြုမိသည်။ ဆူးကလေး တစ်ချောင်း ရင့်မာ လှပလာတိုင်း ထို ဆူးဖျားတွင် သူမ၏ ရင်တွင်းခံစားမှုများ အငွေ့ပျံ ပါသွားသလို ခံစားမှုတွေ လျော့ပါးသွားတာကတော့ အံ့သြစရာ … ။ သူမဟာ နဂိုတည်းက ကန္တာရပင် တစ်ပင် ဖြစ်သင့်ခဲ့သူလား …။ သစ်ပင်တွေမှာ ချစ်ခြင်း မုန်းခြင်း ဆိုတာ မရှိသည့်အတွက် အလွန်တရာ ကံကောင်းကြသည် ဟု သူမထင်သည်။
သူမ ထိုင်ရာမှ ထပြန်ချိန်တွင် နေရောင်များ တစ်စက်မှ မရှိတော့။ တစ်နေကုန် တစ်နေခန်း Aloe Vera Juice ၂ဘူးနှင့်နေခဲ့ပေမယ့် လန်းဆန်းနေတာကိုလည်း သတိပြုမိသည်။ အိမ်ရောက်တော့ ခါတိုင်း အလုပ်က ပြန်လာသလို ခြေပစ် လက်ပစ် မဖြစ်ပဲ ပေါ့ပါး သွက်လက်နေသည်။ ကွန်ပျူတာကိုလည်း မဖွင့်မိ။ အလုပ်လုပ်ရန်လည်း သတိမရ။ တီဗီကိုလည်း မဖွင့်မိ။ အသံမမြည်တတ်တော့သော ဖုန်းများကိုလည်း သတိမရ။ ခပ်စိမ်းစိမ်းအရောင်ဘက် ပိုသန်းလာသော ခြေလက်များကိုကြည့်ရင်း သူမပျော်နေသည်။ မှန်ဝိုင်းကလေးနှင့် မြင်နေရသော ဆူးဝါဝါ ရင့်ရင့်များကို လက်နှင့် ပတ်သပ် ကိုင်တွယ်ရင်း ထူးဆန်းစွာ သူမပျော်နေသည်။ တစ်အိမ်လုံးရှိ လျှပ်စစ်မီးများကိုလည်း ပိတ်ထားလိုက်သည်။ အမှောင်ထဲတွင် နှစ်ပေါင်းများစွာ ကျင့်သားရနေသူ တစ်ယောက်လို နှစ်နှစ်လိုလို ထိုင်နေမိသည်။
ထိုညကစပြီး သူမ မအိပ်ဖြစ်တော့။ နံနက်ဦး အချိန် သူမ နေထိုင်ရာ ကမ္ဘာခြမ်းသို့ တစ်ဖက် ကမ္ဘာခြမ်းမှ ငြင်းဆန်ခြင်း ခံလိုက်ရသော နေရောင်ခြည်များ တဖြည်းဖြည်း ဝင်ရောက်လာတာကို ထိုင်ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းသည်။ တဖြည်းဖြည်း ရင့်မှည့်လာသော နေလုံးကြီးကို ကြည့်ရတာ ပျော်စရာ ကောင်းသည်။ သူမ၏ အိမ်သည် အနောက်ဘက်သို့ လှည့်ဆောက်ထားသောကြောင့် နေထွက်ရာ အရပ်သည် အိမ်၏ အနောက်ဘက်အရပ် ဖြစ်နေသည်။ မနက်ဆို သူမ မီးဖိုချောင်ထဲ ထိုင်နေတတ်ပြီး နေ့လည်ဆို အိမ်လယ်ခန်းတွင် ရှိနေတတ်သည်။ ညနေကျတော့ အိမ်ရှေ့ဝရံတာမှာ နေလုံးဝင်သွားသည်ထိ ကြည့်နေမိတတ်ပြန်သည်။
ခပ်တိုးတိုးလေး ဖွင့်ထားမိသည့် ဂီတသံသည်  အစိမ်းရောင်နေ့ရက်များ၏ တေးဂီတဖြစ်သည်။ သူမကိုတော့ ဘယ်သူကမှ နှိုးရန်လိုလိမ့်မည် မထင်ပါ။ အိပ်စက်ခြင်း မရှိတော့သည့် လူတစ်ယောက်အတွက် (သူမက လူလား …ဟု ခပ်တိုးတိုးရေရွတ်ရင်း မှန်ကြည့်မိပြန်သည်။ ) နိုးထရန်လည်း လိုလိမ့်မည် မဟုတ်။ ဂီတသံနှင့် အတူ စည်းချက်ညီညီ ထိုးထွက် ယိမ်းကနေသော ဆူးဝါဝါများကို သူမ အခါအားလျော်စွာ ငေးကြည့် နေမိတတ်သည်။ သူမ မဆိုညည်းဖြစ်သော သီချင်းသည် ဆူးကလေးများ၏ အိပ်မက် ဖြစ်လိမ့်မည်။ သူတို့၏ အိပ်မက်သည် အရောင်စုံလား အစိမ်းရောင် တစ်ခုတည်း ပါဝင်တာလား မသေချာသေးပါ။ မကြာခင်တော့ သူမ သိရလိမ့်မည်ဟု ထင်သည်။ ထိုအခါတွင်တော့ သူမ သီချင်းတစ်ပုဒ်ပုဒ်ကို ဆိုညည်းဖြစ်လိမ့်မည် ထင်သည်။
နေ့နေ့ ညည လိုက်ကာကြီးများကို စုစည်းကာ မှန်တံခါးကြီးများကိုလည်း ဖွင့်ထားလိုက်သည်။ နေရောင်ခြည် ၏ သံစဉ်နှင့်မှ ယိမ်းထိုး  ကခုန်လိုသော ဆူးဝါဝါလေးများက သူမကိုယ်ပေါ်တွင် တဖြည်းဖြည်း ရင့်မာ သန်စွမ်းလာကြသည်။ မှန်ထဲကို ကြည့်လိုက်တိုင်း သူမကို စိမ်းဖန့်ဖန့် မျက်နှာပြင်တစ်ခုက ကြည်လင်စွာ နှုတ်ဆက် နေတတ်သည်။ ဆူးဝါဝါလေးများ ကလည်း မျက်နှာပေါ်တွင် အဆိပ်ကင်းမဲ့စွာ လင်းလက် နေကြသည်။ ထိုမျက်နှာလေးက သူမ မအိပ်တာကြာလေ၊ အစာမစားတာကြာလေ ပိုမို စိမ်းဖန့် ကြည်လင်လာလေဖြစ်သည်။ အံ့သြစရာ ကောင်းတာတစ်ခုက တစ်ချိန်က ခက်ခက်ခဲခဲ ကုန်နိုင်ခဲစွာ ဖြတ်ကျော်ခဲ့ရသည့် နေ့ရက်များက ခုတော့လည်း တဖျတ်ဖျတ်နှင့် ကုန်ဆုံးသွားနေသလိုပင် ..။ သူမ တစ်ခါမှ မပတ်ဖူးသော လက်ပတ်နာရီလေး အပါအဝင် အိမ်ရှိ နာရီများ အားလုံး ရပ်တံ့နေခဲ့တာ ကြာပြီမို့ ဘယ်အချိန် ဘယ်နေ့ကို ရောက်နေမှန်းလည်း သူမ မသိ။ သို့သော် အချိန်တွေ ပျော်ရွှင်စွာ သူမကို ဖြတ်သန်း သွားနေတာကိုတော့ သိနေသည်။ 
သူမ မအိပ်တာ ဘယ်နှစ်ည … ဘာမှ မစားဖြစ်တာ ဘယ်နှစ်ရက် .. အလုပ်ကို အဆက်အသွယ် ဖြတ်ထားတာ ဘယ်နှစ်ရက်ရှိနေပြီမှန်းလည်း မသိတော့။ ဆူးကလေးတွေနှင့် မငြိနိုင်သော အဝတ်အစား များကို ရွေးချယ် ဝတ်ဆင်ရင်း သူမ အဝတ် မဝတ်ဖြစ်တော့တာလည်း ဘယ်တုန်းကမှန်း မသိတော့။ ကြွေအိုးကြီးတွင် ထည့်ထားမိသည့် စပ်မြေများကို ရေချိုးခန်းထဲက bath tub ထဲ ဘယ်တုန်းက ဘာကြောင့် ပြောင်းထည့်လိုက်မိတာလဲလည်း မမှတ်မိတော့။ ခုချိန်ထိ သူမကိုယ်ပေါ်မှ ဆူးကလေးများ ၁၁၉၈၆ ချောင်း ရှိနေတာကိုတော့ အတိအကျကြီးကို မှတ်မိနေသည်။
မနက်ဖြန်သည် အတော်ပျော်စရာကောင်းသည့် နေ့ရက်တစ်ရက် ဖြစ်နိုင်သည်။

(နိဂုံး)
အဆက်မဖြတ် ဖုန်းသံတချို့ မြည်နေသည်မှာ လေးငါးရက်မကတော့။ တိုက်ခန်း တစ်ခန်းနှင့်တစ်ခန်းက သိပ်ကပ်နေသဖြင့် ဖုန်းသံများကို ဘေးတိုက်ခန်းများက ကြားနေရသည်။ ဖုန်းသံတွေမြည်လေ့ မရှိသော အခန်းတစ်ခန်းက အသံမို့ ဘယ်သူကမှလည်း ထိုအခန်းက လာသည်ဟု မထင်ကြ။ အမှုမဲ့ အမှတ်မဲ့နှင့်ပင် အသံများ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေရသည်။
လူသိများသော logo တစ်ခု ကပ်ထားသည့် ကုမ္ဗဏီကားတစ်စင်း လာရပ်သည်။ တူညီဝတ်စုံဝတ် လူတချို့ ၇ထပ်တိုက်ပေါ် တက်သွားကြသည်။ အပြင်က သော့ခတ် မထားသော အခန်းကို ဘဲလ်နှိပ်၊ တံခါးခေါက်ကြသော်လည်း အတွင်းက ဘာသံမှ မကြားကြ။ လျှပ်စစ် လူခေါ်ခေါင်းလောင်းသံနှင့် ကိုယ့်တံခါးခေါက်သံကိုသာ ကို်ပြန်ကြားနေရသဖြင့် လက်လျှော့ပြန်ဆင်းသွား ကြသည်။ နောက်တစ်နေ့ ထပ်ရောက်လာကြပြန်သည်။  တက်လာလိုက် ခေါက်လိုက်၊ ပြန်ဆင်းသွားလိုက်နှင့် သုံးရက်မြောက်သော နေ့တွင် လူတချို့ တံခါးဖျက်ဝင်လိုက်ကြသည်။
တိုက်ခန်းထဲမှာတော့ သက်ရှိလှုပ်ရှားမှု ဟူ၍ တစ်ခုမှ မတွေ့ရ။ အသုံးပြုခြင်း မခံရတာ ကြာနေဟန်တူသော ဖုန်ထူထူ ဖုန်းကို ကောက်ကာ လူတစ်ယောက် ဖုန်းဆက်သည်။ မကြာမီ ရဲတချို့ ရောက်လာသည်။ ခြေရာလက်ရာ ဘာသဲလွန်စမှ မတွေ့ရသော အခန်းထဲတွင် သူတို့ ရလိုက်တာဆိုလို့ အနည်းငယ်သာရှိသည်။ ထိုအနည်းငယ်ကလည်း သူတို့အတွက် ပဟေဠိပမာပင်။
“ လောကမှာ သိပ်တော့ ကြေကွဲစရာများများစားစားရယ်လို့ မရှိပါဘူး။ အစိမ်းရောင်တွေ ကျန်းမာကြံ့ခိုင် နေရင်ကို နေပျော်ပါတယ် ..”  ဟု မင်အစိမ်းနှင့် ရေးထားသော အဝါရောင် စာရွက် တစ်ရွက် ၊ ဘာအဓိပ္ဗာယ်မှန်းမသိသည့် ဘာကို ဆိုလိုမှန်းမသိသည့် ၂၃၉ ၈၇ .. ဆိုသည့် ဂဏန်းနှင့် ပိတ်ထားသည့် အစဉ်လိုက်ကျသော၊ မကျသော ဂဏန်းများနှင့် ရှုပ်ထွေးနေသော စာရွက်တစ်ရွက် တို့ကိုသာ မှန်တင်ခုံပေါ်က မှန်တွင် ကပ်ထားတာကို တွေ့ကြရသည်။  နောက်ထပ် သူတို့ ထူးထူး ဆန်းဆန်း တွေ့လိုက်ရတာကတော့ ရေချိုးခန်း bath tub ထဲတွင် စိမ်းစို လန်းဆန်းနေသော လူတစ်ယောက် ကောက်ကြောင်းနှင့် ခပ်ဆင်ဆင်တူသည့် ကန္တာရပင်တစ်ပင် ..
သူတို့ ခုထိ သူမကို တာဝန်အရ ရှာဖွေနေဆဲ။ သဲလွန်စဟု သူတို့ မထင်သော ကန္တာရပင်ကလေးကိုတော့ သူမနှင့် ပတ်သက်သည်ဟု ဆိုသော လူတစ်ယောက်က လာယောက်သိမ်းဆည်းသွားသည်။ ထိုသူက ကန္တာရပင်များ စုဆောင်းသည်။ 
ကန္တာရပင်လေး ပျော်နိုင်ပါ့မလား။  မသေချာတော့။

မနော်ဟရီ
၂၃၊ မတ်၊ ၂၀၁၂








နေထန်းတစ်ဖျား

Monday, May 7, 2012


နေထန်းတစ်ဖျား

အနားမှာ ဘယ်သူမှမရှိပေမယ့် စကားတွေ အများကြီး ပြောဖြစ်နေတယ်
ပျံသန်းသွားတဲ့ စကားလုံးတွေ အတော်များများကတော့ ပြန်မလာကြတော့ဘူး
လေထုထဲကနေ ပြန်ရလိုက်တာက အမည်နာမရှိတော့တဲ့ အထီးကျန်ခြင်း ..
ကိုယ်သတင်းစာတွေ မဖတ်ဖြစ်တာ အတော်တောင်ကြာနေပြီ …

ရေမှာမျောနေတဲ့ ငှက်မွှေးတွေကိုကြည့်ပြီး မကြာခဏ စိတ်အလာ့ဂျစ် ဖြစ်ရတယ်
(ဖြစ်နေပုံက)ကျောကဓားတွေကိုလည်း လက်ကလေးနဲ့အသာအယာ သပ်ချတတ်နေပြီ ..
ကြိုးကွင်းလို လာလာစွပ်တတ်တဲ့ မျှော်လင့်ခြင်းတွေနဲ့လည်း သဟဇာတသိပ်မဖြစ် ..
ရုပ်ရှင်တွေ မကြည့်ဖြစ်တာလည်း အတော်ကြာပြီ …

ခုတလော .. တစ်ယောက်တည်း စကားတွေအများကြီး ပြောဖြစ်နေတယ်
စိတ်မမှန်သူတစ်ယောက်ရဲ့  နားလည်ရခက်တဲ့ အရောင်အသွေးစုံ ရုပ်ရှင်လို ..
အဆက်အစပ်မမိတဲ့ အရောင်တွေ …. စကားလုံးတွေ …  ဘာမှမဆိုင်တဲ့ ဇာတ်ကောင်တွေနဲ့
ကိုယ့်ရဲ့  ပန်းချီကားလေး အသံဝင်နေတာလည်း အတော်ကြာပြီ ..

အတောင်ညောင်းနေတဲ့ မြို့ကြီးပေါ်မှာ ခဏလောက်တော့ နားချင်သေးတယ်
ရှင်သန်ခြင်းကို ငြီးငွေ့လာလို့ ညစ်ကန်ကန် ခွေပတ်နေတဲ့ မြစ်ကျဉ်းလေးလိုပါပဲ ..
တရားသဘောနဲ့ဆင်ခြင်လိုက်ပြန်တော့ အရာအားလုံးဟာ စကြဝဠာထဲက “ ကြယ်”
ကြီးမားလွန်းတယ်လို့ အမှန်တကယ်သိပေမယ့် သိပ်ကို ဝေးကွာ သေးငယ်လွန်းနေခဲ့
လသာညတွေမှာ အပြင်ထွက်မကြည့်ဖြစ်တာလည်း ကြာပြီ ..။

လက်ရှိအခြေအနေ အစစ်အမှန်ကဘာလဲ .. လရောင်လား၊ တေးသွားလား၊ ကခုန်မှုလား
တရားသဘောလို့ ချချရေးပြီး တယောပြားလေးနဲ့ အလွမ်းပုန်းခုတ်ခုတ်နေမိတဲ့ ပြဇာတ်
အမှတ်မရှိ သညာမရှိ မကြာခဏ ခေါင်းထိုးခံပေးမိနေတဲ့ ဝဋ်နာကံနာများ ..
သင် မကြားလိုက်လည်း တစ်ယောက်တည်း ဆိုနေမိတဲ့ တေးသွားဟာ
နေမြင့်နေပြီ ……. လို့ အမည်တပ်ခံထားရတယ်။     ။

မနော်ဟရီ


မရယ်ရတဲ့ မိတ်ဆွေ

Sunday, February 26, 2012

မရယ်ရတဲ့မိတ်ဆွေ

အစိမ်းရောင်တွေ ဖိတ်တစ်ဝက်စင်တစ်ဝက်နဲ့ မခေါ်မပြောညနေ
အသံထွက်သိပ်မကောင်းတဲ့ အဖြူရောင် မေတ္တာတရား (အရိုးတော့ သတိထားရလိမ့်မယ်)
စာလုံးပေါင်းတွေ ပြွတ်သိပ်မှားယွင်းနေတဲ့ ရှေ့ဖြစ်ဟောဖန်လုံးတစ်လုံး …
တစ်နေ့စာ နေကတော့ စုန်းစုန်းမြုပ်သွားခဲ့ပြီ ………

တံတားတွေကို ဖျက်ပစ်လိုက်ပြီ ကောင်ကင်ထိ မရောက်မှတော့ ဘာလုပ်မှာလဲ
သူတို့ ကျောခင်းပေးထားရတာ တောင့်တင်းနေကြလိမ့်မယ် …
ကြယ်တွေကို ကမ်းစပ်မှာ လျှောက်ကောက်နေခဲ့မိတာလည်း တော်တော်တောင် ရနေခဲ့ပြီ
တချို့အချွန်အတက်တွေ စူးတတ်မှန်းသိတာကလွဲရင် အဆိပ်တက်နေမှန်း မသိသေးဘူး ..

ဒီ ဒုလ္လဘကြီးကိုက ရူးရူးနှမ်းနှမ်း ပျော်ပစ်လိုက်ဖို့ ကောင်းလွန်းပါတယ် ..
သွက်သွက်လည်နေတဲ့ နေ့ရက်တွေကို ဘာလို့ ငေးကြည့်နေတော့မလဲ …
ကိုယ်ခံအားလေး ကောင်းနေတဲ့နေ့ထိတော့ သင်လည်း အလိုက်သင့် ကခုန်နေနိုင်တာပဲ
ကိုယ့်ငရဲကိုယ် တွင်းဆုံးထိ သိပြီးမှတော့ ပြည်ဖုံးကားက ဘယ်အချိန်ကျကျပဲမဟုတ်လား

ခဏလောက်ဖြစ်ဖြစ် အဲဒီညနေခင်းကို ဖြူပေးလိုက်စမ်းပါ ဘုရားသခင်
ကြားခွင့်ရှိတဲ့အခိုက်မှာတော့ မေတ္တာတရားတစ်ခုနဲ့ပဲဖြစ်ဖြစ် လုံခြုံခဲ့လိုက်ချင်သေးတယ်
ကိုယ့်သတ်ပုံကိုယ်စစ်ရမယ့် ရှေ့ဖြစ်တရားတွေအတွက်တော့ အဲဒီဖန်လုံးကိုရိုက်ခွဲပစ်လိုက်ပြီ
ဒီမှာ .. ဒီကဗျာအစ အဆုံး ရယ်စရာ တစ်လုံးမှ မပါဘူး …။ ။

မနော်ဟရီ


လှသန်း (သို့မဟုတ်) လက်မရွံ့ကဗျာဆရာ

Monday, October 24, 2011


လက်မရွံ့ကဗျာ


သူများသီချင်းသံစဉ်တွေကိုစာသားသွပ်ရေဲ့ကော်ပီသီချင်းရေးသမားဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
ပေါတောတောရုပ်ရှင်တွေဗီဒီယိုတွေအတွက်ဇာတ်ညွှန်းရေးတဲ့အလုပ်ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
သတ်ပုံတောင်သေသေချာချာမသိတဲ့အရေခြုံအယ်ဒီတာဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။သတင်းလို့ထင်ရတဲ့ အတိုအစတွေရေးပြီးခြောက်စားမြှောက်စားလုပ်တဲ့အောက်တန်းစား
စာနယ်ဇင်းသမားဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
ဘ၀မှာပင်ပန်းမယ်၊ဆင်းရဲမယ်၊ခက်ခဲမယ်၊ဒုက္ခရောက်မယ်ဆိုတာသိသိနဲ့ ကျွန်တော်ကဗျာဆရာဘ၀ကိုပဲကျေကျေနပ်နပ်ရွေး
ချယ်ခဲ့ပါတယ်။ပတ်ဝန်းကျင်မှာကားပွဲစားလောက်မှ၊ချဲထီရောင်းသူလောက်မှလူအထင်မကြီးတဲ့ကဗျာဆရာဘ၀ကိုပဲ သေသေ
ချာချာရွေးချယ်ခဲ့ပါတယ်။
သက္ကရာဇ် ၂၀၀၀ပြည့်နှစ်တ၀ိုက်မှာ လက်ရေးစာမူတွေပုံနှိပ်စာလုံးဖြစ်လာဖို့ခက်ခဲခဲ့ရပါတယ်။မဂ္ဂဇင်းစာမျက်နှာတွေနဲ့လမ်းခွဲ
ခဲ့ရတယ်။ဝမ်းနည်းစရာတော့မရှိပါဘူး။၁၉၈၂ခုနှစ်ဖေဖော်ဝါရီလကစခဲ့တဲ့ကဗျာခရီးဟာ ၂၀၀၂ခုနှစ်ဖေဖော်ဝါရီလမှာအနှစ်
၂၀ရှိခဲ့ပါပြီ..။
ကျွန်တော့်ရဲ့အနှစ်၂၀ကဗျာခရီးမှာ ကျေးဇူးတင်ရမယ့်သူများစွာရှိပါတယ်။ကျွန်တော့်ကိုလူဖြစ်အောင်မွေးခဲ့ပြီး ကျွန်တော့်ရဲ့
ကဗျာရေးသမားဘ၀ကို ကန့်ကွက်ခြင်းထောက်ခံခြင်းမပြုခဲ့တဲ့ အဖေနဲ့အမေကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ကိုကဗျာ
ရေးဖြစ်အောင်လှုံ့ဆော်ခဲ့တဲ့ ကမ္ဘာပေါ်က ကဗျာဆရာများနဲ့ ကဗျာများကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာများကို
မဂ္ဂဇင်းစာမျက်နှာများမှာဖော်ပြပေးခဲ့တဲ့ အယ်ဒီတာများကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာများကိုဂရုတစိုက်ဖတ်
ပြီးကျွန်တော့်ရဲ့ကဗျာများကိုအသိအမှတ်ပြုသူများကို ကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာဆရာဘ၀အခက်အခဲများကို စာနာနားလည်စွာကူညီဖြေရှင်းပေးခဲ့တဲ့ သူငယ်ချင်းအပေါင်းအသင်းများကိုလည်းကျေးဇူးတင်ပါတယ်။ရေးချင်တာတွေပဲရေးပြီး
မရေးချင်တာတွေကိုမရေးတဲ့ကျွန်တော့်ကိုယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်ပြီးသူများအတင်းပြောရင်း မဂ္ဂဇင်းတွေထဲမှာဖော်ပြမခံရတဲ့ ကဗျာတွေကိုရေးနေမိတာ ကျွန်တော့်ဘ၀ရဲ့
လောလောဆယ်အဓိပ္ပါယ်ပါပဲ။
လှသန်း
“အတ္တမှတ်စုများ” မှကောက်နှုတ်ချက်


လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၂)

ညနေစောင်းထိုင်ခုံပေါ်မှာ
သရုပ်ဆောင်ကောင်းတဲ့နားရွက်တစ်စုံနဲ့
ဝါရှင်တန်ကိုနားထောင်တယ်
လန်ဒန်ကိုနားထောင်တယ်
ရန်ကုန်ကိုနားထောင်တယ်

ခုံမင်စရာကောင်းတဲ့ကမ္ဘာကြီးပေါ်မှာ
ပြင်းထန်တဲ့ယုံကြည်ချက်တွေရှိနေရဲ့

ရေစီးကြောင်းတွေကို
ပြောင်းပြန်လှန်ကြည့်ရတာ
အရသာမတွေ့ဘူးလား
နှလုံးသားထဲက ပထ၀ီဝင်အတွက်
ဦးနှောက်ထဲကသမိုင်းအတွက်
လှိုင်းလုံးကြီးတွေတည်ဆောက်ကြည့်တယ်
မဟာတံတိုင်းကြီးးကိုလည်းခေါင်းနဲ့ပြေးဆောင့်မိတယ်

တစ်ခါကအဆောက်အဦသုတေသနဌာနမှာ
ငါဟာအလုပ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်
အဆောက်အဦတွေရဲ့အတွင်းရေးကို
သိသင့်သလောက်တော့သိခဲ့ပါရဲ့

ခုတော့ငါဟာ လက်မရွံ့ကဗျာဆရာ
လူနာတွေမရှိပဲဆရာဝန်တွေရှိပါ့မလား
ဘဏ်တိုက်တွေမရှိပဲဘဏ်ဓါးပြတွေရှိပါ့မလား

ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့အသံကိုထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာမတန်တဆအနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာရှင်ပြန်ထမြောက်လာမယ်

ငါ့ကိုယ်ငါသရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကိုသစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာထီးတော်သစ်တင်လှူပူစော်ဖို့
မြန်မာကဗျာတွေကိုပထမဆုံး သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။ ။
လှသန်း


လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၃)


ဖြစ်နိုင်ရင်
အံသွားအသစ်လဲချင်တယ်
အဆုတ်အသစ်လဲချင်တယ်
ဦးနှောက်နဲ့အသည်းနှလုံးကိုဒီတိုင်းထားလိုက်ပါတော့
နှစ်နှစ်ခြိုက်ခြိုက်မှားခဲ့ပြီပဲ

အရသာခံတယ်
ကင်တာကီကြက်ကြော်ကိုအရသာခံတယ်
စကော့ခ်ျဝီစကီကိုအရသာခံတယ်
ဟောလီးဝုဒ်ရုပ်ရှင်တွေကိုအရသာခံတယ်
ပုံနှိပ်စာလုံးတွေကိုအရသာခံတယ်
ဆန့်ကျင်ဖက်လိင်ကိုအရသာခံတယ်
ငွေစက္ကူတွေကိုအရသာခံတယ်

အာသာမပြေဘူး
အင်းစတန့်အစားအစာတွေနဲ့အာသာမပြေဘူး
ခပ်ညံ့ညံ့ဘီယာတွေနဲ့အာသာမပြေဘူး
အပေါစားအိပ်ယာတွေနဲ့အာသာမပြေဘူး
သွေးပြန်ကြောထဲတိုက်ရိုက်မရောက်တဲ့အနုပညာနဲ့
အာသာမပြေဘူး
သံဆူးကြိုးပတ်ထားတဲ့ဖယောင်းတိုင်အလင်းနဲ့
အာသာမပြေဘူး
ကာကီရောင်မိုးဥတုနဲ့အာသာမပြေဘူး
အာသာမပြေဘူး
အာသာမပြေဘူး

သဘောင်္မြုပ်မှာကိုကြိုသိနေတဲ့ကြွက်တစ်ကောင်
စာရွက်တစ်ရွက်လိုဆုပ်ဖြဲခံရခြင်းများ
ရွဲ့စောင်းသွားတဲ့အာရုံမြင်လက်ရေး
လည်ချောင်းထဲနင်နေတဲ့အိပ်မက်
ထွေးထုတ်လို့မရတဲ့သက္ကရာဇ်
ရင်ဘတ်ပေါ်ပြုတ်ကျလာတဲ့ကြယ်တစ်ပွင့်
သော့တူတစ်ချောင်းလိုပရိယာယ်
ကွယ်လွန်သွားပြီဖြစ်သောလပြည့်ည
ဒါတွေဟာငါတွေ့ခဲ့တဲ့မီးခိုးလုံးတွေ

မိုးတိမ်တွေအရည်ဖျော် ခေါင်းလျှော်ပြီးပြီ
နားထင်ရောက်နေတဲ့သွေးနဲ့ခြေဆေးဖို့
ကမ္ဘာ့မြို့ကြီးအားလုံးကိုအကြောင်းကြားလိုက်ပါတယ်

မွေးမြူရေးငါးတစ်ကောင်မဟုတ်ခဲ့တာကို
ဂုဏ်ယူပါရစေ။ ။
လှသန်း



ကဗျာတစ်ပုဒ်ရဲ့နာရေး

သံမဏိ၊ကွန်ကရစ်
အီလက်ထရွန်းနစ်
ကွန်ပြူတာချစ်ပ်တွေနဲ့တည်ဆောက်ထားတဲ့
အမှည့်လွန်ကမ္ဘာကြီးထဲမှာ
သင့်ရဲ့အာသာငမ်းငမ်းစားသုံးမှုကဘာလဲ
သင့်ရဲ့အကြီးမားဆုံးတင်ပို့မှုကဘာလဲ

မေးခွန်းတွေကြောင့်ချော်လဲသွားနိုင်ရဲ့

ကျောင်းသား
အလုပ်သမား
နိုင်ငံရေးအကျဉ်းသား
အနုပညာစားသုံးသူ
ဘ၀ဇယားမှာအပြောင်းအလဲတွေအများကြီးရှိခဲ့ပြီ

ယုတ္တိရှိတဲ့အလဲအလှယ်တွေ
ကန့်သတ်အောင်ပွဲတွေ
စိတ်ပျက်လက်ပျက်အတည်ပြုချက်တွေ

အဂ္ဂါအယ်လင်ပိုးကနေပီမိုးနင်းအထိ
မြို့မငြိမ်းကနေကာ့တ်ကိုဘိန်းအထိ
ကိုရာဇန်အကွီနိုကနေ မီဂ၀တီဆူကာနိုအထိ
ဆက်သွယ်ကြည့်မိတဲ့မျဉ်းကြောင်းတွေ
အား… ! ညနေတောင်စောင်းသွားပြီ

ဘာမဆိုဈေးကြီးပေးဝယ်နေရတဲ့ခေတ်
နွံနစ်နေတဲ့လှည်းဘီး
ကြိုးဝိုင်းထဲပီယာနိုတီးသူ
စုံလုံးကန်းနေတဲ့ဒိုင်သူကြီးများ
ညနေစာကငါ့ကိုပြန်စားတဲ့ည
စော်ကားမှုဟာသိမ်မွေ့လွန်းတယ်

လရောင်မှာလိင်ဆွဲဆောင်မှုရှိပါသလား
တက္ကစီလှမ်းတားလိုက်လေ
စီးပွားရေးမဂ္ဂဇင်းတစ်အုပ်ထဲမှာ
“မွေ့ယာဆိုတာလည်းရင်းနှီးမြုပ်နှံမှုတစ်မျိုးပါပဲ” တဲ့

ဒါခပ်ညံ့ညံ့ရုပ်ရှင်တစ်ကားမဟုတ်ဘူး
မျက်နှာမသစ်ခင်ရောက်လာတဲ့မေးခွန်းတွေအတွက်
အပူတပြင်းရေးလိုက်တဲ့ကဗျာ
နာရေးကြော်ငြာတစ်ခုလည်းဖြစ်နိုင်ရဲ့။ ။
လှသန်း

နာမကျန်းသောနေ့ရက်များ
ပြန်ဖို့ရာအိမ်အဆင်သင့်
သွားဖို့ရာသံသရာအဆင်သင့်
နာဖို့ရာ ခန္ဓာကိုယ်ဆင်သင့်

နာခြင်းပင်လယ်ကိုရွက်လွှင့်ပြီးမှ
ပြန်လည်ရှင်သန်ခြင်းကမ်းခြေမှာ အပမ်းဖြေရမလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုဆိုက်ကပ်မှာလား

လောလောဆယ်မှာ
စိတ်ဓါတ်ကဘယ်လိုရှိပါသလဲ

ရုပ်ကသာဆေးရုံပေါ်မှာ
စိတ်ကဘရော့ဒ်ဝေးဇာတ်ခုံပေါ်ရောက်နေ

ရုပ်ကသာလူနာကုတင်ပေါ်မှာ
စိတ်ကတိန်အန်မင်ရင်ပြင်ရောက်နေ

ရုပ်ကသာအိပ်ယာပေါ်မှာ
စိတ်က ကားလ်းပေါ့ပါး ရဲ့စာအုပ်ထဲမှာ

ရုပ်ကသာပြိုလဲကျနေ
စိတ်ကလွတ်လပ်ရေးကျောက်တိုင်လိုမားမားမတ်မတ်

ငုတ်တိုင်ကကြိုးမပြတ်သေးသ၍
ကျွန်တော့်မှာသတ္တိရှိပါတယ်။ ။
လှသန်း





နာမည်တစ်ခု၏ဈာပန

(၁)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ်ဖတ်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်နားထောင်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ရုပ်ရှင်တွေတစ်ကားပြီးတစ်ကာကြည့်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
မိန်းမတစ်ယောက်နဲ့မှားယွင်းငြိစွန်းမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
အနာဂတ်ကိုရိသဲ့သဲ့လုပ်နေမိတယ်။

(၂)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ပျားရည်နှင့်သွန်းလောင်းပြုလုပ်ထားသောသန္ဓေသား
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
အထိအတွေ့မှာမကြာခဏလူးလွန့်မိတဲ့မိန်းမပျိုလိုမြစ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ဦးခေါင်းတွေထဲတိုးလျှိုပေါက်ဖြတ်စီးသွားမယ့်ခေတ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
နွေဦးကြိုတေးသွားကိုညည်းတွားနေတဲ့ကြေးဝါရွက်အိုများ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
သတင်းကွန်ယက်ထဲမှာကိုယ့်ကိုယ်ကိုလက်သပ်မွေးနေသူ

(၃)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ။ ။
လှသန်း





နာမည်များနဲ့နေ့တစ်နေ့


မှောင်ရီပျိုးမိုးချုပ်တာနဲ့
ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိတယ်
“ ဒီနေ့ကိုမိမိရရ ဆုပ်ကိုင်မိရဲ့လား” လို့

လက်ထဲကအရက်ခွက်ရေ
မင်းငါ့ကိုပြက်ရယ်ပြုနိုင်ပါတယ်
တကယ်တမ်းကျတော့လည်း
ပြောစရာစကားက မယ်မယ်ရရမရှိလှ
“ကူရိုဆာဝါ” တဲ့
“ကက်သရင်းဒင်းနျုဗ် ” တဲ့
“ ထရူးမင်းကပို့တ် ” တဲ့
“ အင်ဒီဝါးဟိုး” တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
ပန်းချီဆရာကပြောတယ်
“မဲလ်ဂစ်ဘဆင်နဲ့ငါကအသက်တူတူ…”တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
ချာတိတ်မကပြောတယ်
“ကျွန်မဖြစ်နေပြီ”တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
မိတ်ဆွေကပြောတယ်
“ ကိုယ့်နံရိုးနဲ့ကိုယ်ပြန်ရိုက်ခံရတာလောက်
နာတာမရှိဘူး” တဲ့

မြစ်တွေဟာမဖြောင့်မတ်သလို
ကံကြမ္မာဆိုတာဒေါင့်ဖြတ်မျဉ်းတစ်မျိုးပ
ဆိုက်ဗေးရီးယားကျောရိုးမဟုတ်ပါဘူး

ဒဏ္ဍာရီဆန်ဆန်မာကျောမှုမျိုးကိုပြသ
ပင်ကိုယ်ဗီဇနဲ့စိတ်အားထက်သန်
သြော်..ဂျင်မော်ရစ်ဆန်လည်းသေခဲ့ပြီ
ခု..ကာ့တ်ကိုဘိန်းလည်းသေသွားပြန်ပြီ

ပျင်းပျင်းရှိတိုင်း
ရှုခင်းတွေပြတင်းပေါက်ထဲထည့်ဖျော်သောက်
ကြောက်ရွံ့နေမိတယ်

ခင်ဗျားအိပ်ယာထဲကို
ဆီလ်ဗီယာပလာ့သ်ရောက်ဖူးလား
မာရီလင်မွနရိုးရောက်ဖူးလား
(အဲဒီမိန်းမသုံးယောက်စလုံး)
ကိုယ့်ကိုယ်ကိုသတ်သေသွားတာ….

ကောင်းပြီ
ဟောဒီအမှောင်ထုထဲမှာ
ဘာမဆိုဖြစ်နိုင်တယ်
ဒါပေမယ့်…ချစ်နိုင်စွမ်းကိုမြှင့်တင်ကြ။ ။
လှသန်း


လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၁)

လက်တစ်ကမ်းမှာ
အောင်မြင်မှု၊သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစုအသစ်တစ်ခုရှိရဲ့

မိန်းမတစ်ယောက်ကကျွန်တော့်ကိုစောင့်နေတာလား
ကျွန်တော်ကမိန်းမတစ်ယောက်ကိုစောင့်နေတာလား
ခြေလှမ်းတွေမှာအပြစ်မရှိ

သိပြီးသားကိစ္စတွေပါ
လိုအပ်နေတာ ခရက်ဒစ်ကတ်လဲမဟုတ်
ဇိမ်ခံကားလည်းမဟုတ်
ကွန်ဒိုမီနီယမ်လည်းမဟုတ်
ဒီနေ့လိုအပ်နေတာက
လွတ်လပ်မှုနဲ့ထိမ်းမြားလက်ထပ်ဖို့သာ
ဒါပေမယ့်စေ့စပ်ကြောင်းလမ်းခြင်းတောင်မအောင်မြင်

ခက်တာက
ဘုရားသခင်ကလည်းကိုယ့်ဘက်မှာမရှိ
ရာသီဥတုကလည်းကိုယ့်ဘက်မှာမရှိ
ဖြစ်နေပုံကမချိမဆန့်
ဒါပေမယ့်လိပ်ပြာသန့်ခဲ့တယ်

ရထားကဘူတာရုံကိုလိုက်ရှာနေတာလား
ဘူတာရုံကရထားကိုလိုက်ရှာနေတာလား
သံလမ်းတွေမှာခံစားချက်မရှိ
ပူပြင်းတဲ့ခေါင်းစဉ်ကိုသယ်ထမ်းရင်း
ဘယ်နှစ်ယောက်လောင်ကျွမ်းခဲ့ပြီလဲ
ကိန်းဂဏန်းအတိအကျ မဖော်ပြနိုင်
“ပြုတ်မကျစေနဲ့…
ပြုတ်မကျစေနဲ့….”တဲ့
ငါ့ကိုဆွဲမထားတဲ့အရာကဘာများပါလိမ့်

ငြီးငွေ့မှုတွေကစခဲ့တာလား
တပ်မက်မှုတွေကစခဲ့တာလား

ဒီဘ၀အတွက်မလေးရှားမှာကားရေဆေးတယ်
နောက်ဘ၀အတွက်ကဗျာရေးတယ်
ဒါဟာကျွန်တော်နဲ့လောကကြီးရဲ့ဆက်ဆံရေးပါပဲ

သွေးကြောထဲကကြေငြာချက်မှာ
လက်ရှိပွဲတော်တွေကိုငြင်းတယ်
လက်ရှိဆိုင်းဘုတ်တွေကိုငြင်းတယ်
လက်ရှိဦးထုပ်တွေကိုငြင်းတယ်

ရှင်းရှင်းလေးပါပဲ
အနာဂါတ်ကိုသင်မစဉ်းစားခဲ့ရင်
သင့်ကိုလည်း အနာဂါတ်ကစဉ်းစားမှာမဟုတ်ဘူး။ ။
လှသန်း

ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလိုအခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကိုသတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာသစ္စာတရား

ကျွန်တော့်ရဲ့မိုက်မဲမှုများ
လောကကြီးကအလိုက်သိပါ့မလား

ရေပြင်ရဲ့မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲကငါးတွေကိုသနားတယ်
ထောင်ချောက်ကိုလိုက်ရှာနေတဲ့သားကောင်ဆိုတာရှိပါ့မလား
ပျော်ရွှင်မှုဆိုတာလှောင်အိမ်ထဲမှာမမွေးဖွားဘူး

ပြိုင်ကားတစ်စီးလိုဓါတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလိုအသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးတစ်ခေတ်လုံးကိုနားထောင်ခဲ့တယ်
ပွင့်လင်းတဲ့လူ့ဘောင်ကိုမျှော်လင့်မိတယ်
ကဗျာနဲ့ဘ၀ကိုချည်နှောင်ထားခဲတယ်

သူငယ်ချင်းရယ်ဒီဇာတ်လမ်းမှာ
လူဆိုးတွေတစ်ယောက်မှမသေသေးဘူးလား
လူကောင်းတွေဒုက္ခများလှပါပြီကွယ်

အသက်တစ်ချောင်းလုံးဆုံးရှုံ့းမယ်ဆိုရင်
နာမည်တစ်လုံးတော့အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာမြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ။ ။
လှသန်း



ပိတ်ထားတဲ့နေ့

လမိုက်ည
ကောင်းကင်ကြီးကအမှောင်ထဲလွင့်မျောလို့ရယ်
ကြယ်တွေကမပွင့်တပွင့်
နံရံကမီးခလုတ်ကိုဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

အိမ်တံခါးတွေကိုဖွင့်လိုက်တယ်
နေရောင်ကမပွင့်တပွင့်
ပန်းတွေကပွင့်တချို့ကြွေတချို့
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

သတင်းစာကိုဖွင့်ကြည့်တယ်
ရေဒီယိုကိုဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကိုဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘတ်ကိုယ်တော့ဖွင့်ကြည့်လို့မရ
နေ့ကတော့ပိတ်ထားဆဲ

ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ(နိစ္စဓူဝ) ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နဲ့အမျှဆာလောင်မှုတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့အနာဂါတ်အတွက်
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုလုပ်ကြမလဲ
နေ့ကတော့ပိတ်ထားဆဲ
ပိတ်ထားတဲ့နေ့ကိုဖွင့်ဖို့သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာရှိသလဲ
ကျွန်တော်လိုက်ကြည့်နေမိတယ်။

ပိတ်ထားတဲ့နေ့ကိုဖွင့်မယ့်သော့တစ်ချောင်း
ကျွန်တော့်လက်မောင်းမဖြစ်နိုင်ဘူးလား။ ။
လှသန်း



လူသားဆန်ချင်တာတရားတယ်


မြစ်တစ်စင်းနဲ့အတူပူးချည်
စွန့်စွန့်စားစားစီးဆင်းခဲ့တယ်
တစ်ခါမှမမြင်ဘူးတဲ့နေ့တွေကိုမြင်ချင်လွန်းလို့ပါ။

မြေပုံမှာမပါတဲ့ကျွန်းတွေ
ပင်လယ်ထဲမှာအများကြီးရှိတယ်
ရေထဲကငါးကို
လေထဲမှာပျံနေတဲ့သိမ်းငှက်ကဖမ်းယူစားတယ်
ဒါသဘာဝပဲလား
နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားရင်
ဘာတွေမြင်ရဦးမလဲ

ကမ္ဘာပေါ်မှာ
မနက်ဖြန်ကိုမြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကိုမမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ်သိဖို့အရေးကြီးရဲ့

မိတ်ဆွေတစ်ယောက်ပြောတာသတိရမိတယ်
အခန်းတစ်ခန်းလိုချင်တယ်တဲ့
အေးအေးဆေးဆေးဘုရားရှိခိုးဖို့
အမူးလွန်တဲ့အခါထိုးအန်ဖို့
အမျိုးသမီးတစ်ယောက်ကိုဧည့်ခံဖို့တဲ့
အိုး…လူသားဆန်လှချည်လား

ကျွန်တော်ကရောဘာထူးလို့လဲ
အာဇာနည်တွေကိုလေးစားမယ်
ကိုယ်ဟန်ပြမယ်တွေကိုပြစ်မှားမယ်
ထမင်း၀၀စားချင်တယ်
ဒါလည်းလူသားဆန်ခြင်းတစ်မျိုးဖြစ်နိုင်ရဲ့

ဒါပေမယ့်ရှေ့မှာ
ဂျူးလူမျိုး ခြောက်သန်းကျော်သေခဲ့ပြီးပြီ
ကမ္ဘောဒီယားပြည်သူတစ်သန်းကျော်သေခဲ့ပြီးပါပြီ
ဘ၀ပေါင်းများစွာကိုလျှောဖွပ်ဖို့
လွတ်လပ်မှုရှိမှဖြစ်မယ်

မျှော်လင့်ချက်တွေဟာလုပ်ကြံခံလိုက်ရတယ်
အနာဂါတ်ကတော့အသက်ငင်နေဆဲ
မကြာခင်ရှင်ပြန်ထမြောက်လေမလား

စိတ်ဓါတ်ကျစရာအကြောင်းမရှိ
နောင်တရစရာအကြောင်းမရှိ
ဟောဒီ့ညတစ်ညရဲ့လိုအပ်ချက်ဟာ
“မ” ဓါတ်ဖြစ်နေတာသေချာခဲ့ပြီပဲ..။ ။
လှသန်း



မိမိကိုယ်ကိုအဓွန့်ရှည်ရေး

နာရီလက်တံက
ကျွန်တော့်ကိုရန်စနေတယ်
အချိန်သိပ်မကျန်တော့ဘူးတဲ့

ကျွန်တော်စီးထားတဲ့ဖိနပ်ပ့
ကျွန်တော့်လွတ်လပ်မှုကိုအဆုံးသတ်သွားစေရဲ့
မာရ်နတ်ခမျာ
ကျွန်တော့်ဓါတ်ခံကိုမသိရှာဘူး

တစ်ချိန်ချိန်မှာ
ကျွန်တော့်ရဲ့ဆုံးရှုံးမှုတွေဟာ
အမှတ်တရရုပ်တုတွေဖြစ်ချင်ဖြစ်လာမှာပေါ့

ခုတော့ကောင်းသောနေ့နှင့်တွေ့ခွင့်မရှိ
မိုးလေ၀သမှန်ကန်ဖို့သာ
အသံချဲ့စက်ကိုအသုံးပြုခဲ့ပါတယ်

နေ့စဉ်ဇယားမှာ
ထမင်းစားမကောင်းတဲ့အခါလည်းရှိ
ခေါင်းကိုက်တဲ့အခါလည်းရှိ
တစ်ခုခုကိုရိုက်ခွဲချင်တဲ့အခါမျိုးလည်းရှိတာပေါ့

မလျှော့သောဇွဲနဲ့
အသည်းကွဲလဲကွဲပစေ
ကိုယ့်စိတ်နဲ့ကိုယ်အတူမနေရတာ
ရင်နာဖို့ကောင်းတယ်

ကံကြမ္မာအလှည့်အပြောင်းမှာ
စုဆောင်းထားတဲ့သဲလွန်စတွေအတွက်
တရားခံပြသက်သေဖြစ်ချင်တယ်

ချစ်လှစွာသောဖေဖေနဲ့မေမေ
ကျွန်တော်အဓွန့်ရှည်ဖို့
ကျွန်တော်သေချာခဲ့ပါပြီ။ ။
လှသန်း



လူငယ်ဘ၀ကွယ်လွန်ခြင်း


ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဘာသာစကားပြောသင်တန်းတွေ
ကွန်ပျူတာသင်တန်းတွေ
အောင်လက်မှတ်တွေမရှိခဲ့ပါ

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်းမရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်သေတ္တာပဲရှိခဲ့ပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရုပ်ရှင်ရုံသည်သာအငြိမ်းချမ်းဆုံးနားခိုရာ
တစ်ခါတရံစိတ်ပြေပျောက်စရာ
အပြာရောင်စာအုပ်များနဲ့သာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
စက်ဘီးလေးတစ်စီးတောင်မရှိခဲ့သလို
ရည်းစားလည်းတစ်ယောက်မှမရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဘီယာဆိုင်တွေနိုက်ကလပ်တွေမရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ကမ္ဘာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ခပေါင်းစီးကရက်တစ်ဘူးနဲ့
မြို့ပတ်ရထားကိုမူးအောင်စီးခဲ့ဖူးပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
လူငယ့်ရေးရာညကျောင်းတစ်ကျောင်းရှိခဲ့သလို
ရန်ကုန်မြို့လည်ပလက်ဖောင်းဟာလဲ
သင်တန်းကျောင်းကြီးတစ်ကျောင်းပါပဲ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဒိုင်ယာရီစာအုပ်လွယ်အိတ်ထဲထည့်လို့လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေအော်ဆိုခဲ့တာ
အနာဂါတ်လွမ်းချင်းကဗျာတွေရေးသားခဲတာ

အခုတော့
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံးကိုဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးဟာ
နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါပြီ။ ။
လှသန်း



ပြီးပြည့်စုံတဲ့ကမ္ဘာ


မှုန်နေတဲ့မျက်လုံးတွေအတွက်
မျက်မှန်အကောင်းစားတွေရှိခဲ့ပြီ

ပိတ်နေတဲ့နှာခေါင်းတွေအတွက်
ဟင်းခတ်အမွှေးအကြိုင်တွေရှိခဲ့ပြီ

လေးနေတဲ့နားတွေအတွက်
ဥသြဆွဲသံတွေရှိခဲ့ပြီ

အဆီပြန်မျက်နှာတွေအတွက်
ရေခဲစိမ်မျက်နှာသုတ်ပုဝါတွေရှိခဲ့ပြီ

နံစော်နေတဲ့ခန္ဓာကိုယ်တွေအတွက်
ကမ္ဘာကျော်ရေမွှေးတွေရှိခဲ့ပြီ

ညောင်းညာနာကျင်ကိုက်ခဲမှုတွေအတွက်
ပြည်တွင်းဖြစ်ဒါဏ်ကြေလိမ်းဆေးတွေရှိခဲ့ပြီ

မှိုတက်နေတဲ့သီချင်းတွေအတွက်
ဓါတ်ပြားအသစ်တွေရှိခဲ့ပြီ

လိမ်ညာနေတဲ့ကဗျာတွေ၊၀တ္ထုတွေအတွက်
မသမာတဲ့စာမျက်နှာတွေရှိခဲ့ပြီ

ဖုံတက်နေတဲ့သတင်းစာတွေအတွက်
လျှာထွက်နေတဲ့ချိန်ခွင်တွေရှိခဲ့ပြီ

အညောင်းမိနေတဲ့ဦးနှောက်တွေအတွက်
ဘက်လိုက်တတ်တဲ့ကွန်ပျူတာတွေရှိခဲ့ပြီ

စိတ်ကူးတွေထင်ရာစိုင်းးဖို့အတွက်
နောက်ခံသမိုင်းအချက်အလက်တွေရှိခဲ့ပြီ

ပုတ်သိုးတဲ့ခန္ဓာကိုယ်တွေအတွက်
လတ်ဆတ်တဲ့အစားအစာတွေရှိခဲ့ပြီ

မစင်ကြယ်တဲ့အာရုံတွေအတွက်
ဝိပဿနာတရားတွေရှိခဲ့ပြီ

မလွတ်မြောက်နိုင်တဲ့ဘ၀တွေအတွက်
မဂ္ဂင်ရှစ်ပါးရှိခဲ့ပြီ။ ။
လှသန်း



ကမ္ဘာကြီးနောက်ကိုလျှောက်မလိုက်နိုင်ဘူးမေမေ

ကမ္ဘာကြီးနောက်ကို
လျှောက်မလိုက်နိုင်ဘူးမေမေ
ကျွန်တော့်နောက်ကိုသာ
ကမ္ဘာကြီးလျှောက်လိုက်စေချင်တာ
အဲဒီအတွက်ဒါဏ်ရိုက်ခံရမယ်ဆိုရင်လည်းခံလိုက်မယ်

အင်တာနက်ခေတ်မှာ
အင်ဗာတာကောင်းကောင်းမသုံးနိုင်လို့
ဖယောင်းတိုင်နဲ့နေခဲ့ရတဲ့ညတွေလည်းများလှပါပြီ

ကမ္ဘာရွာကြီးထဲမှာ
တစ်နေ့တစ်ခြားတံငါတွေများများလာ
မုဆိုးတွေများများလာ
အဲဒီကြားထဲမှာ တံငါနားနီးတံငါ
မုဆိုးနားနီးမုဆိုး မဖြစ်ခဲ့တာကိုပဲဂုဏ်ယူပါရစေ

ဟိုဟာလမ်းညွှန်
ဒီဟာလမ်းညွန်
လမ်းညွှန်စာအုပ်တွေအလယ်မှာ
ကိုယ်သွားရမယ့်လမ်းကို
ကိုယ့်ဟာကိုယ်ပဲရှာဖွေရွေးချယ်ခဲပါတယ်

အိမ်ခန်းထဲပြန်လှည့်ကြည့်လိုက်တော့လည်း
ဇိမ်ခံပစ္စည်းဆိုလို့
နဲ့နေတဲ့ပက်လက်ကုလားထိုင်အိုတစ်လုံးရယ်
ဓါတ်ခဲရေဒီယိုလေးတစ်လုံးရယ်
ဆေးပေါ့လိပ်တိုတွေပဲရှိပါတယ်

ဈေးကွက်စီးပွားရေးခေတ်မှာ
ပဲပြုတ်နဲ့ဝေးခဲ့ရ
ပဲပင်ပေါက်နဲ့ဝေးခဲ့ရ
နောက်ဆုံးဈေးနဲ့တောင်ဝေးခဲ့ရပါပြီ

ဂလိုဘယ်လိုင်ဇေးရှင်းဆိုတာကြီးကို
မေမေ့ကိုကျွန်တော်ဘယ်လိုရှင်းပြရမလဲ

တစ်ခါတစ်လေနောက်ဘ၀ကိုမေ့နေသလို
အနာဂါတ်ကိုမေ့နေမိတယ်
ဒါပေမယ့်တတိယလှိုင်းဆိုတာကြီးက
ကျွန်တော်တို့ထမင်းဝိုင်းထဲဝင်လာခဲ့ပြီလေ

ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးနောက်ကို
လျှောက်မလိုက်နိုင်ဘူးမေမေ
ကျွန်တော့်နောက်ကိုသာ
ကမ္ဘာကြီးကိုလျှောက်လိုက်စေချင်တာ
အဲဒီအတွက်ဒါဏ်ရိုက်ခံရတာတွေလည်းများလှပါပြီမေမေ။ ။
လှသန်း



လင်းနို့များ

ဟောဒီကဗျာ
လင်းနို့တို့ပျံသလိုအမှောင်မှာ
အတားအဆီးများရှောင်နိုင်ပါစေ

ကမ္ဘာကြီးလုံးတယ်ဆိုတာသေချာမှတော့
မျက်လုံးမျက်လုံးချင်း
ဖုန်းဆက်ဖို့လိုသေးလား
နားရွက်နားရွက်ချင်း
ကြိုးညှိဖို့လိုသေးလား
ပါးစပ်ပါးစပ်ချင်း
တံတားထိုးဖို့လိုသေးလား

ဆွေးနေတဲ့အသားစကို
ဘယ်လိုချုပ်ရိုးတွေနဲ့ဆက်စပ်ဦးမှာလဲ
ဆိုးဖော်မိုက်ဖက်သူငယ်ချင်းတို့ရေ
သေသူကသေရှင်သူကရှင်
ဝင်သူက၀င် ထွက်သူကထွက်နဲ့

မြောက်ဖက်အရပ်ကလေတွေတိုက်ရင်
တစ်ခုခုကိုနင်နေတဲ့လည်ချောင်းနဲ့
သီချင်းဟောင်းတွေကို
တစ်ပုဒ်ပြီးတစ်ပုဒ်ချွေချနေမိတယ်

တကယ်တော့ဂျင်းဘောင်းဘီဆိုတာ
ရွှေတူးသမားတွေကစ၀တ်တာပါ
ပုရစ်တွေအသက်စွန့်သွားတဲ့နိုဝင်ဘာမှာ
အောင်ပွဲခံကဗျာ ၂ပုဒ် ၃ပုဒ်နဲ့
ဒုက္ခစရိယာကျင့်နေမိတယ်

ခုတော့ငါ့ကဗျာ
လင်းနို့များလိုညရဲ့ကျောပြင်မှာ
ဘာမှန်းမသိတဲ့တစ်စုံတစ်ရာကိုလိုက်လံရှာဖွေဆဲ။ ။
လှသန်း



မတည်ဆောက်ရသေးတဲ့ကဗျာ

အာပူးရဲ့ကဗျာကိုကြည့်ခဲ့ပြီးပြီ
ခရစ္စတီနာရဲ့ကမ္ဘာကိုကြားခဲ့ပြီ
ဆူဇီဝေါင်းရဲ့ကမ္ဘာကိုမြင်ခဲ့ပြီ
ဆိုဖီရဲ့ကမ္ဘာကိုဖတ်ခဲ့ပြီ

ကျွန်တော်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

နူဘီယန်ကျွန်တစ်ယောက်လိုနေခဲ့တယ်
ဘိုဟီးမီးယန်းတစ်ယောက်လိုနေခဲ့တယ်
စတာလင်ခေတ်ကဗျာဆရာတစ်ယောက်လိုနေခဲ့တယ်

ကျွန်တော့်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

ဂျင်းနစ္စဂျိုပလင်ကိုသဘောပေါက်ခဲ့တယ်
ဖရက်ဒီမာကျူရီကိုသဘောပေါက်ခဲ့တယ်
တတိယလိင်ကိုသဘောပေါက်ခဲ့တယ်

ကျွန်တော့်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

သူတော်စင်တစ်ယောက်လိုအတောင်မပေါက်ခဲ့ဘူး
တစ်ခါမှလူ့လောကကြီးကိုသစ္စာမဖောက်ခဲ့ဘူး
လူပျိုပေါက်ကတည်းက အနုပညာနဲ့မှောက်မှားမိခဲ့တယ်

အို..အယ်လ်ဗင်တော်ဖလာ
ခင်ဗျား..သိပ်နောက်ကျသွားပါပြီ။ ။
လှသန်း


ကိုလှသန်းရဲ့ကဗျာတွေကဒီမှာပြီးပါပြီ။နောက်မှာ “ဂုဏ်ပြုကဗျာ”ဆိုတာ ၂ပုဒ်ပါပါသေးတယ်။


လှသန်းအတွက်သာမန်ကဗျာရိုးရိုးတစ်ပုဒ်

သူလာတယ်
မိုက်ကြွေးတင်အထပ်ထပ်တင်ဖို့
မှန်ဘီလူးလိုလောကကိုဇောက်ထိုးကြည့်ပြီး
ပုံရိပ်အတည့်ပြန်ဖော်ဖို့
နေ့ကိုညလုပ်ပြီး ညကိုနေ့လုပ်ဖို့
ပင်လယ်လောက်ဒုက္ခကြီးတွေကိုထမ်းပိုးဖို့

သူလာတယ်
ခါချဉ်ကောင်လိုမသန်တဲ့ခါးနဲ့
ပီဆာမျှော်စင်ကြီးစောင်းနေတာပြန်တည့်ဖို့
တံထွေးတပျစ်ပျစ်ထွေးလိုက်
နတ်စကားပြောလိုက်လုပ်ဖို့
ကိုယ့်ရုပ်မှကိုယ်အားမနာ
ရေသူမတွေနဲ့ရည်းစားထားဖို့

သူလာတယ်
စုန်းလိုတောက်တဲ့မျက်လုံးနဲ့
အချိုးမတည့်တာတွေစုပ်ယူပြီး
သူ့ကိုယ်ပိုင်မာကျောစတိုင်လ်နဲ့ရောမွှေကာ
လူတာရဲ့မျက်မုန်းကျိုးမှုကိုခံယူဖို့

သူလာတယ်
မြစ်ရဲ့အောက်ခြေမှာ
တီကောင်မပါတဲ့ငါးမျှားချိတ်နဲ့
ရွှေဒင်္ဂါးပြားတွေကိုမျှားဖို့
အသက်မပါခြောက်ကပ်ကပ်ရယ်သံနဲ့
ကလင်တန်ကိုဟားဖို့

သူလာတယ်
“ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…” လို့
ကဗျာဆရာဆိုတဲ့လူတွေကိုတပ်လှန့်ဖို့
နိုဘယ်ဆုရတယ်လို့
အိပ်မက်လိုလို တကယ်လိုလို
ပါးစပ်အရသာခံဖို့

မအေပေး
ကဗျာတော့ တော်တော်အရေးကောင်းတဲ့ကောင်။ ။
ခင်အောင်အေး
၂၆-၁၁-၉၉


လက်မရွံ့ကဗျာဆရာတစ်ယောက်အကြောင်း

အပြင်မှာမှောင်မည်းနေတဲ့ည
အားနည်းတဲ့မီးရောင်အောက်က
အဖြူရောင်စာရွက်တွေပေါ်မှာ
သံမဏိရောင်ဘောလ်ပင်တစ်ချောင်း
သင်ဘာတွေရေးသားနေပါလိမ့်

ဟောဒီမိုးအုပ်နေတဲ့ကောင်းကင်
မီးခိုးရောင်အခန်းကျဉ်းထဲက
ခုတင်တစ်လုံးပေါ်မှာ
ရေဒီယိုကိုင်ရင်းအလုပ်ရှုပ်နေသူ
သင်ဘာတွေများနားထောင်နေပါလိမ့်

ကိုယ့်နာမည်ကိုယ်ချရေးဖို့
အကြွေးကျန်နေသောစာမျက်နှာများ
လက်မောင်းသွေးကိုဖောက်ခဲ့ပေမယ့်
လျော်ကြေးမရလိုက်တဲ့နစ်နာမှု
အစွန်းအထင်းများတဲ့ကိုယ်ရေးရာဇ၀င်နဲ့
သွားခေါခေါဆံပင်ရှည်ရှည်တစ်ယောက်ဟာ
ဝင်သွားတဲ့နေကိုဆယ်ယူဖို့
ပင်လယ်ကိုထွက်သွားပါပြီ။ ။
မင်းနိုင်သား


ဂျိုကာ

Sunday, September 25, 2011





ဂျိုကာ


ခင်းထားတဲ့ တံတားက အကြားနဲ့တင် မလုံလောက်တော့ဘူး

ကောင်းကင်တော်ဆီက အသံက .. အရောင်နည်းနည်းမှုန်တယ်

အတုန်တုန်အရီရီ ထိုးဆင်းစိုက်ကျလာတဲ့ မိုးစက်တွေကလည်း ကွဲ အက်လို့

တချို့ ငါ့ကို ရှတစေခဲ့ပြီ ….

ကြားဖူးနားဝ လမ်းတွေက မြေပုံထဲမှာ မပါဘူး

မြေပုံထဲက လမ်းတွေက တွေ့နေကျ မြင်နေကျ မဟုတ်ဘူး

စိတ်ရဲ့ အနေအထား အစုံအလင်ကို အရောင်တင်ထားခဲ့ပုံက

တဒင်္ဂ အခင်းအကျင်းတွေနဲ့ တနုံ့နုံ့လင်းလို့ ….

မြို့တော်အဟောင်းလည်း ဒါပဲ မြို့တော်အသစ်လည်း ဒါပဲ

အမှိုက် ခဲ သလဲ နဲ့ ဆဲဆိုပြစ်တင်သံ တွေ ကဲနေလိမ့်မယ် ..

ဘယ်ခေတ်မှာမှ ငါတို့ရှာဖွေလို့မရခဲ့တဲ့ မေတ္တာတရားအကြောင်း

အက္ခရာအသစ်တွေနဲ့ စာလုံးပေါင်းကြည့်ချင်ခဲ့ရုံ သက်သက်ပါ

အခင်းအကျင်းတွေက ကြောက်မက်ဖွယ် စွဲမက်စရာကောင်းလို့

ဇာတ်တော်လာ ဒဏ္ဍာရီတွေက ယုံချင်စရာ သွေးအလိမ်းလိမ်း

တိမ်းပါးကျန်ခဲ့တဲ့ စိတ္တဇနမ်တွေ အကြောင်းက ရင်နင့်စရာ ..

ကမ္ဘာမြေ ဆိုတာ ဒီလိုနေ့ရက်တွေနဲ့ သာ ဖွဲ့စည်းထားခဲ့ပါတယ်။

လက်တမ်းပုံပြင်တွေကတော့ အစုံအလင်ပါပဲ ..

ဖဲချပ်တွေကလည်း အစီအရီနဲ့ .. အပွင့်စုံနေခဲ့ပြီ

Run စဉ် တစ် run မှမပါပဲ ဝိုင်းသိမ်းပစ်လိုက်ဖို့အတွက်ကတော့

ရေမီးစုံတဲ့ ကံကြမ္မာဇာတ်ကောင်တစ်ကောင်လိုနေတယ်။

မနော်ဟရီ

၂၀၁၁၊ အောက်တိုဘာ၊ ရတီ မဂ္ဂဇင်း



ငါ့ကိုရေးတဲ့ တနင်္ဂနွေမိုးပြေးများ

Thursday, August 4, 2011









သောကြာစကားပင်

Sunday, July 31, 2011

ဘာရယ်မသိဘူး။ မနေ့ညက တင်မင်းထက်ရဲ့ စကားပင်ကိုဖတ်အပြီးမှာ စီးဝင်လာတဲ့ စကားလုံးတွေပဲ။သောကြာ စကားပင်လို့အမည်တပ်လိုက်တယ်။

သောကြာစကားပင်

ဘယ်လိုသောကြာနေ့မျိုးလဲ .. ..သူမက ခပ်တိုးတိုးလေး ရေရွတ်တယ်
တကယ်ဆိုရင် အကိုင်းအခက် မစုံလင်တော့တဲ့ သောကြာနေ့လေးတစ်နေ့ပေါ့
ဒါပေမယ့် ရေလောင်းပေါင်းသင်မှုတွေအကြောင်း သူမကို ကျွန်တော် မပြောဖြစ်လိုက်ဘူး

နာရီလက်တံတွေကို မော့ကြည့်တော့ သူတို့က အမောတကောနဲ့ ပြေးလွှားသွားတယ် ..
ဘယ်လိုအကြောင်းနဲ့မှ ဒီလို မဖြစ်သင့်ဘူးလို့ တားဆီးပေးလို့ရတဲ့ကိစ္စမှမဟုတ်ပဲ ..
သစ်ရွက်အကြွေတွေကိုပဲ ကျွန်တော် လိုက်ကောက်နေလိုက်တယ် . တချို့က စိမ်းမြနေတုန်းပဲ။

ဆွဲလက်စပန်းချီကားထဲက အရောင်တွေက နည်းနည်းခါးသက်သက်ဖြစ်နေတယ်
သူမ လက်တပြင်ပြင် ဖြစ်နေတဲ့ သကြားခွက်ကို ကျွန်တော် ဘယ်စိတ်နဲ့တားရမလဲ
လက်ပြန်တိုက်ပစ်လိုက်မိလို့ မှောက်သွားတဲ့ကော်ဖီခွက်ကတော့ ကြမ်းပြင်ပေါ်မှာ အတုံးအရုံး
တကယ်တော့ အရှုံးဆိုတာကလည်း ဘဝနေထိုင်နည်း တစ်မျိုးသက်သက်ပဲမဟုတ်လား ..
မပြောဖြစ်ကြတဲ့ စကားလုံးတွေက ပိုမို ကျယ်လောင်ပြင်းပြလွန်းနေခဲ့တယ် ..
ညနေခင်းနဲ့ သူမရဲ့ အသက်ရှူသံမွမွ သဟဇာတ မဖြစ်ခင်မှာပဲ နေက ညိုနေခဲ့ပြီ။

ဘယ်လိုညနေခင်းမျိုးလဲ ..ဆိုတဲ့ ဒုတိယမေးခွန်းက ကျွန်တော့်ဆီတည့်တည့် ပျံသန်းလာတယ်
ခြင်္သေ့နှစ်ကောင် စောင့်ကြပ်တဲ့ တံခါးဝမှာက မျှော်လင့်ချက်တချို့ အပြိုင်းအရိုင်းကြွေလို့ ..
ကျွန်တော်တို့ အသက်ရှူမှားခဲ့တဲ့ ရေတမာအစိမ်းကတော့ ချိန်းထားတဲ့ ရာသီတိုင်းရောက်လာခဲ့မြဲ
အလွဲလွဲအချော်ချော် ဖြစ်ရပ်တွေနဲ့ ခုထိ လပ်ဟာနေတဲ့ ညာဖက်ရင်အုံက ကွက်လပ်ကိုတော့
ကျွန်တော်ရော သူမရော စကားတပြောပြောနဲ့ မေ့ထားချင်ဟန်ဆောင်ခဲ့ကြရတယ် ..
ရောမသားတွေ ဘယ်လိုနေတယ် မသိပေမယ့် ကျွန်တော်တို့ အတွက်ကတော့
တကယ့်ကို မသက်သာခဲ့ကြပါဘူး ..

လမ်းဟောင်းကလေးအတိုင်း တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်ပြန်ခဲ့ကြရတာပါပဲ ..
မတွေ့တော့တာကြာနေပြီဖြစ်တဲ့ စကားပင်လေးတစ်ပင် အကြောင်း စကားမစပ်ဖြစ်ကြဘူး
ကဗျာနံပါတ်စဉ် ၈၈/စစ်ကိုင်းလမ်း/ခြံနံပါတ်(၁) /ကိုနေဝင်း/ရထားဥသြသံ/ကံ့ကော်ပန်းတစ်ခက်
အဆက်အစပ်မဲ့နေတဲ့ စကားလုံးတွေနဲ့ ခပ်လှမ်းလှမ်း ဘုရားကျောင်းက ခေါင်းလောင်းသံ..
အခြေအနေအားလုံးကပုံမှန်အတိုင်းလို့ ထင်ချင်စရာကောင်းအောင် ပြောင်မြောက်နေခဲ့တယ် ..
ပုံမှန်မဟုတ်တာဆိုလို့ သူမ မမြင်အောင် ကျစ်ကျစ်ပါဆုပ်သိမ်းထားတဲ့ သောကြာအသေတွေရယ်
ပြောမပြဖြစ်တဲ့ ပုံပြင်တွေရယ်နဲ့ ကျွန်တော့်နှလုံးသားရယ်ပဲ ကျန်ပါတယ် ….

မနော်ဟရီ

30 Jul 2011