Wednesday, January 26, 2011
မနော်ဟရီ
Posted by Moe Z at 9:35 PM 4 comments

လမ်းခွဲလဲ့ပြာ
ပုလင်းကွဲစများ ... အပြုံးများဖြင့် ကန့်လန့်ဖြတ်အမာရွတ်ဖြစ်သွားသောမျက်နှာ ... ထိထိရှရှဖြစ်စေဖို့မရည်ရွယ်သော လျှာဖျားမှနှလုံးသားဆီသို့ ... အလုံအလောက်သံဆူးကြိုးများ ...။ ထေရီ ... မျက်လွှာချထားသော သူငယ်မသည် ......တိတ်ဆိတ်ငြိမ်သက်လျက်။
သံဆူးပါသော ခုံတစ်ခုံ ...ဖြတ်ခနဲပေါ်လာသောမြင်ကွင်းများ ...ငိုမဲ့မဲ့သူငယ်မလေး ... ငိုမဲ့မဲ့စိတ်ကိုဝတ်ဆင်လျက် ... နောက်ဆုံးပေါက်ကွဲထွက်ရမယ့် အလုံအလောက် မြုပ်နှံထားပြီးသား ... အသေခံဗုံးခွဲသမားရဲ့ အပြုံးတစ်စဟာ လျော့လျော့ကလေး ချိုနေတယ်။ ထေရီ .... မျက်လွှာချထားရာမှ အသက်ကို ရှူထုတ်လိုက်ဟန် .... တည်ငြိမ်သော အကြည့်ကို ရုတ်သိမ်းဟန် .....။ ဖြတ်လတ်ခြင်းကို စွန့်ပယ်ထားသော၊ ကိလေသာနှောင်ကြိုးကို ပယ်ဖြတ်သော၊ ဒဏ်ရာကို အမှတ်ဖြင့်ခွာထားသော အကြည့် .... ။
ဖြတ်ခနဲ လက်နေတဲ့ လရောင် မြစ်ရေ ...။ ခုန်ပျံနေတဲ့ငါးတစ်ကောင်ရဲ့ လက်လက်မွတ်မွတ် အလင်းပြန်မျက်နှာပြင် ........။လရောင်ထဲ ခုန်ဝင်မိတဲ့အခိုက်အတန့် ....ချစ်ခြင်းဖြင့် နေကြတ်ခြင်း၊ လကြတ်ခြင်းများ၊........ တီးတိုးသံေ၀၀ါးချိန် ........... အပြုံးများရှထားသောစိတ်တစ်ခု ဒဏ်ရာမရှိတဲ့ဒဏ်ရာ၊ အလွမ်းမဟုတ်တဲ့အလွမ်း .... ခံစားချက်အစစ်မရှိနိုင်တော့တဲ့ အိပ်ကပ်အလွတ်တစ်လုံး ...ဝေးရမှာကို ကြိုတင်သိနေတတ်တဲ့ အကင်းပါးကျိန်စာ ......။ တချွင်ချွင်မြည်နေတဲ့လက်ကောက်.... လက်ကောက်တွေဟာ တစ်ကွင်းတည်း အသံမြည်လို့မရဘူး .... ရုပ်ကြီးသက်သက်နဲ့ စိတ်ကိုထမ်းပြန်ခဲ့ရခြင်း တစ်စစ်စစ် ......။
ထေရီ .... စိတ်၏ဖြစ်ခြင်းပျက်ခြင်းမှ အပ .....။ ခံစားသူသတ္တ၀ါမရှိသော လောက၊ အရည်ခွံပါးပါး ... အတင်အမြင် ဇာပုဝါကင်းပသောလ၀န်းသို့ ..ရှင်းငြိမ်အေးသက်သော ကိုယ်အမူအယာ .... သင်ငါနှင့် အဝေးသို့ မည်မျှအထိ ............ဆို့နစ်သွားသော စိတ်တွင်းစကားလုံးများ၊ ဆွံ့အသွားသော တစ်ပတ်နွမ်းခံစားချက်များ .... တဖျပ်ဖျပ်ခုန်ကူးနေသော အမျှင်အတန်းတစ်ချို့သည် တိခနဲ ...........။သင်၏လုံလောက်မှုများသည်သာ ကြေကွဲခြင်းတေးတို့၏မြုပ်နှံရဖြစ်ပါရစေ ထေရီ။
ဥပေက္ခာဖန့်ဖန့် လင်းချင်းတောက်ပရုံမျှ ...ပန်းပွင့်များ အသက်ရှုအောင့်ထားကြသလား။ ရနံ့များခြေဖျားထောက်ရပ်နေရာမှ ဖ၀ါးစုံကို ကျကျနနချလိုက်သံ၊ သင့်စိတ်နှင့်ငါသည်၊ သို့တည်းမဟုတ်၊ ငါမဲ့သောသူ၏ ဗလာအကြည့်များသည် ...သင်နှင့်ငါကြားစုရပ်အဖြစ်သတ်မှတ်ထားသောနားလည်မှုသည် ...၊ ငါ၏ ထင်မြင်မှားမိုက်မှုသည်၊ ........ထေရီ၊ ထွက်လေတွင်ပါသွားသော ၀င်လေ၏သက်တမ်းနှင့်ရှင်သန်မှုသည် .... ငါ၏ဘ၀သည်၊ .... အကြည့်အေးအေးများအောက်တွင် .... အလံချသွားသော မျှော်လင့်ခြင်းသည်၊ နောက်ထပ်တစ်ဖန် ထပ်မံသေဆုံးခွင့်ဖြင့် လွတ်ငြိမ်းချမ်းသာသွားသော ၀ိညာဉ်များသည်၊ တောင်ပံမဲ့သော ငှက်များ၏ အိပ်တန်းအပျက်များသည်၊ .... နက္ခတ်များဖြင့်ငြိထွေးပျက်ကျခဲ့သော ယဉ်ယဉ်ကျေးကျေး မတော်တဆမှုများသည် ............ သံသရာကြွေးမြီဟောင်းသည် ၀ဋ်ကောင်အသစ်ဆီသို့တရွေ့ရွေ့ ......................။
ထေရီ ... နိုဝင်ဘာသစ်ရွက်အကြွေလေးတစ်ရွက်ကြွေကျချိန် ......... ........... ............. ...................ဖယောင်းတိုက်ထားတဲ့ညောင်ရွက်လေးထဲက ပြာမှုန်တေးသွား ..........။ အကြင်တရားတို့သည် အကြောင်းကြောင့်ပင်ဖြစ်ကြကုန်၏ .....ကျကုန်ကြ မျက်ရည်။ ... တရားသော အကြင်နာမဲ့မေတ္တာ ...။ ဖြစ်ကြကုန်၏ ထေရီ။ ။
Zephyr
(2010 မှာရေးသမျှမှာ ဒီကဗျာတစ်ပုဒ်ပဲကြိုက်တော့တယ်။)
Posted by Zephyr at 9:31 PM 7 comments
Labels: ကဗျာ





The Colors of Christmas
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာလဟာ တစ်ကမ္ဘာလုံးက လူတွေအတွက် အားလပ်ရက် အခါသမယပါပဲ။ ဒီ holiday season မှာပဲ ခရစ္စမတ်ပွဲတော်ကို ဆင်ယင်ကျင်းပကြသလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးမယ့် အခါသမယကိုလည်း စောင့်ကြိုကြပါတယ်။ ဒီဇင်ဘာလို့ ဆိုလိုက်တာနဲ့ နှင်းတွေ၊ အနီရောင် စင်တာကလော့တွေ၊ ရွှေရောင်သမင်ကြီးတွေကတဲ့ ရထားတွေ၊ အစိမ်းရောင်ခရစ္စမတ်သစ်ပင်တွေ၊ ရွှေရောင် ငွေရောင် ကြယ်တွေ၊ ခေါင်းလောင်းသံတွေ ကို မြင်ယောင် ကြားယောင်လာမိစေပါတယ်။ ဒါကြောင့် ဒီဇင်ဘာ သို့မဟုတ် ခရစ္စမတ်ကို အရောင်တွေပြောမယ်ဆိုရင် အနီ၊အစိမ်း၊အဖြူ၊ရွှေရောင်နဲ့ငွေရောင်တွေက မပါမဖြစ်ပါပဲ။ ဒီအရောင်တွေရဲ့ သင်္ကေတနဲ့ အနက်အဓိပ္ပာယ်တွေကလည်း သူ့ဟာနဲ့သူ စိတ်ဝင်စားစရာ ကောင်းလှတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အဖြူရောင်
အန္တိမ အလင်းကို ကိုယ်စားပြုတဲ့ အရောင်ဆိုရင် မမှားပါဘူး။ သန့်စင်ခြင်း၊ အပြစ်ကင်းခြင်း ကိုလည်း ကိုယ်စားပြုတဲ့အပြင် တနလာင်္အရောင် လို့လည်း သတ်မှတ်ထားပါတယ်။ ရောင်စဉ် ခုနှစ်သွယ် ပေါင်းစပ် ပါဝင်နေတဲ့ အရောင်ဖြစ်လို့ သူ့ကို ပေါင်းစုခြင်း ပြည့်စုံခြင်းကို ကိုယ်စားပြုတယ်လို့လည်း ဆိုပါတယ်။
အဖြူဟာ အလင်းဖက်ကိုနွယ်တဲ့ အရောင်မို့ အဖြူများလွန်းလင်းလွန်းရင်လည်း ခေါင်းကိုက်စေတတ်သလို အလင်းသိပ်များလွန်းရင် မျက်စိကိုလည်း ထိခိုက်စေတတ်ပါတယ်။
အနောက်တိုင်းမှာတော့ အဖြူဟာ သတို့သမီးတွေအတွက် အရောင်ပါ။ အရှေ့တိုင်းမှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ အသုဘ အခန်းအနားတွေမှာ သုံးကြပြန်ပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာ အဖြူရောင်ကို တော်ဝင်တဲ့အရောင် မြင့်မြတ်တဲ့အရောင်အဖြစ် သတ်မှတ်ကြတယ်။ တချို့ယဉ်ကျေးမှုတွေမှာ ကျတော့ ပွင့်လင်းခြင်းနဲ့ အမှန်တရားကို ကိုယ်စားပြုတယ်လို့ သတ်မှတ်ကြတယ်။ ဒါကြောင့် နတ်သမီးတွေကို အဖြူရောင်အတောင်တွေနဲ့ပဲ ဖော်ပြကြလေ့ရှိပြီး ရှေးတုန်းကဆို လူကောင်းတွေက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ပြီး လူဆိုးတွေက အနက်ရောင်ကို ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်တော်များများ မှာတော့ ဆေးရုံ ဆေးခန်းနဲ့ ဆရာဝန်တွေအတွက် အဖြူရောင်ကို အသုံးပြုတတ်ကြတာကို တွေ့ရပါလိမ့်မယ်။ အဖြူဟာ အအေးရောင် တစ်ရောင်လည်း ဖြစ်ပါတယ်။
အနီရောင်
အနီရောင်ဟာ အပူရောင်တစ်ရောင် ဖြစ်ပါတယ်။အားပြင်းတဲ့အရောင် တစ်ရောင်ဖြစ်လို့ ခံစားမှု အားပြင်းတဲ့ အချစ်မှသည် ပေါက်ကွဲမှုနဲ့ ဒေါသတွေအတိ အနီရောင်နဲ့ ကိုယ်စားပြုပါတယ်။ တကယ်တော့ အနီရောင်ဟာ မြားတစ်လက်နဲ့ ရှုပ်နေတတ်တဲ့ ကျူးပစ်လေး ဖြစ်သလို အချိန်မရွေးပေါက်ကွဲ စေတတ်တဲ့ မိစ္ဆာ တစ်ကောင်နဲ့လည်း တူပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ အနီရောင်ဟာ အသက်ရှူနှုန်းကို မြန်ဆန်လာစေပြီး သွေးဖိအားကိုလည်း တိုးလာစေတယ်လို့ ဆိုပါတယ်။ ဘာလို့လဲ ဆိုတော့ သူက နွေးထွေးတဲ့ အရောင်တွေထဲမှာမှ အပူဆုံး အရောင်တစ်ရောင် ဖြစ်လို့ပါ။ ဒေါသထွက်လာတဲ့အခါ ပါးပြင်တွေမျက်နှာတွေ နီမြန်းလာတတ်သလို သွေးတိုး လာတဲ့အခါမှာလည်း မျက်နှာတွေ နီမြန်းလာတတ်တာကို တွေ့ဖူးကြမှာ ဖြစ်ပါတယ်။
အနီရောင်ဟာ စွမ်းအင်တစ်ခုပါပဲ။ ဒါကြောင့် လုပ်ငန်းရှင်တွေအတော်များများက အနီရောင်ကို အသုံးပြုကြပြီး celebrities နဲ့ VIP တွေအတွက် လျှောက်လမ်း ကလည်း ကော်ဇောနီလျှောက်လမ်း ( red carpet ) ဖြစ်နေတာပါပဲ။
အနီရောင် လင်းတစ်လှည့် မှိန်တလှည့် အချက်ပြမီးကတော့ အန္တရာယ်ကို ကိုယ်စားပြုသလို အရေးပေါ် အခြေအနေ တစ်ခုကိုလည်း ကိုယ်စားပြုပါတယ်။ ဒါ့အပြင် ရပ် ဆိုတဲ့ တားမြစ်ချက်သင်္ကေတတွေကိုလည်း အနီရောင်နဲ့ သုံးပါတယ်။ မီးပွိုင့်ကြီး မျက်ထောင့်နီနဲ့ စိုက်ကြည့်နေတဲ့အခါ ကားတွေ ရပ်ပေးကြရ တယ်မဟုတ်လား။
အချို့သောနိုင်ငံတွေရဲ့ ယဉ်ကျေးမှုမှာတော့ အနီရောင်ဟာ သန့်စင်မှု၊ ပျော်ရွှင်မှု နဲ့ အခန်းအနားတွေကို ကိုယ်စားပြုပါတယ်။ တရုတ်လူမျိုးတွေအတွက် ကတော့ အနီရောင်ဟာ ကံကောင်းခြင်းကို သယ်ဆောင်လာတဲ့အရောင်၊ ပျော်ရွှင်မှုနဲ့ ကြွယ်ဝမှုကို ကိုယ်စားပြုတဲ့ အရောင် ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ လက်ဆောင်တွေ ဘာတွေပေးတဲ့အခါ ဆိုရင်လည်း အနီရောင် စက္ကူနဲ့ ပတ်ပြီး ပေးတတ်ကြပါတယ်။ အဆိုးဖက်က ဆိုရင်တော့ တရုတ်တွေဟာ သူတို့ မိသားစုထဲက သေဆုံးသွားတဲ့သူ သို့မဟုတ် သေပြီ လို့ သတ်မှတ်လိုက်တဲ့ သူတွေရဲ့ နာမည်ကိုလည်း အနီရောင် မှင်နဲ့ ရေးလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယင် နဲ့ ယမ် မှာ ဆိုရင်လည်း အနီဟာ အခြေပြုမှုပေါ်မူတည်ပြီ နှစ်မျိုးလုံးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
အရှေ့တိုင်းက တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက သတို့သမီးအများစုဟာ အနီရောင်ကို မင်္ဂလာအရောင်အဖြစ် ဆင်မြန်းတတ်ကြပေမယ့် အာဖရိကမှာတော့ အနီရောင်ဟာ ပူဆွေးမှုနဲ့ ဆက်ဆိုင်တဲ့ အရောင်ဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ ဗော်ရှီဗစ်တွေက သူတို့အလံကို အနီရောင်အဖြစ်အသုံးပြုကြတဲ့အတွက် အနီရောင်ဟာ ကွန်မြူနစ်တွေနဲ့ ပတ်သက်နေတဲ့ အရောင် တစ်ရောင် လည်း ဖြစ်ပါတယ်။ တချို့တွေကဆို ကွန်မြူနစ်တွေကို အနီတွေ လို့လည်း ခေါ်ကြပါတယ်။ ဒါ့အပြင် နိုင်ငံအများစုရဲ့ အလံမှာလည်း အနီရောင် ပါဝင်နေတာ ကိုသတိထားမိပါတယ်။ အနီရောင် ပတ္တမြားကိုတော့ နှစ်လေးဆယ်မြောက် မင်္ဂလာ အထိမ်းအမှတ် လက်ဆောင် အဖြစ်အသုံးပြုကြပါတယ်။
အနီရောင်ကို အာရုံစူးစိုက်ခံရမှု အတွက် အသုံးပြုကြပါတယ်။ အနောက်ဖက် နောက်ခံအရောင်နဲ့ ရောထွေးမသွားချင်တဲ့အခါ အနီရောင်ကို သုံးပါတယ်။ အရှိန်လျှော့ပါ ဆိုတဲ့ သတိပေးချက် စကားလုံးတွေကို အနီနဲ့ သုံးတတ်ကြသလို အန္တရာယ်ကွေ့ ဆိုတဲ့ နေရာတွေမှာလည်း အနီရောင်ကို သုံးပါတယ်။ အနီရောင် လေးတစ်စက်ကလည်း အဓိပ္ပာယ် အများကြီး ဆောင်ပါတယ်။ တစ်ခါတစ်ရံမှာ အနည်းငယ်သော အနီစက်လေးတွေက အများကြီးထက် ပိုပြီး အဓိပ္ပာယ် လေးနက်ပါတယ်။
အနီရောင်ကို တခြားအရောင်တွေနဲ့ တွဲစပ်ရတာ လိုက်ဖက်ဖို့ ခက်ခဲတတ်ပေမယ့် အစိမ်းရောင်နဲ့ တွဲဖက်လိုက်ရင်တော့ ဒါဟာ ခရစ္စမတ် အရောင် ဖြစ်သွားပြီး ပျော်ရွှင်မှုကို ကိုယ်စားပြုသွားတာကို တွေ့ရပါတယ်။
မြင်တွေ့နေကျ စာပိုဒ်တွေမှာ တချို့ စာကြောင်းတွေ စာလုံးတွေကို အနီရောင်နဲ့ ပြသတာဟာ ပိုမို လေးနက်စေချင်လို့ ဖြစ်ပါတယ်။ မနက်ခင်းရဲ့ အနီရောင်ကောင်းကင်ဟာ သဘောင်္သားတွေအတွက် သတိပေးချက်အရောင်ဖြစ်ပြီး ညဖက် အနီရောင်ကောင်းကင်ကတော့ သဘောင်္သားတွေအတွက် စိတ်ချမ်းမြေ့စေတဲ့ အရောင်ပဲ ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာတော့ အနီရောင်ဟာ အပြစ်၊ အပြစ်မကင်းမှု နဲ့ ဒေါသတွေရဲ့ သင်္ကေတ ဖြစ်နေတတ်ပါတယ်။ ကျမ်းစာထဲမှာတောင် သင့်အပြစ်များသည် သွေးကဲ့သို့ နီမောင်းသော်လည်း .. ဆိုတဲ့ စကားကို တွေ့ကြရပါတယ်။ ဒါပေမယ့် အနီရောင် နှင်းဆီတစ်ပွင့်ကတော့ အချစ်ရဲ့ သင်္ကေတဖြစ်ပါတယ်။ ဂရိနဲ့ ဟီဘရူးတွေကတော့ အနီရောင်ကို အချစ်ရဲ့ သင်္ကေတအရောင်လို့ သတ်မှတ်သလို သတ္တိနဲ့ စွန့်လွှတ်စတေးတဲ့ အရောင် အဖြစ်လည်း သတ်မှတ်ထား ပါတယ်။ စိတ်ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရကတော့ အမျိုးသားတွေဟာ အနီရောင် ၀တ်ဆင်ထားတဲ့ အမျိုးသမီးတွေကို ပိုပြီး ဆွဲဆောင်မှု ရှိတယ်လို့ ထင်တတ်ကြပါတယ်တဲ့။
ရောမဒဏ္ဍာရီမှာတော့ အနီရောင်ဟာ စစ်ပွဲဆိုင်ရာ နတ်ဘုရား ( god of war, Mars ) နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ရောမတွေက အောင်ပွဲခံတဲ့အခါ တစ်ကိုယ်လုံးကို အနီရောင်ခြယ်ပြီး အဲဒီအောင်ပွဲ အတွက် ချီးမြှောက်မှုကို လက်ခံတတ်ကြတယ်တယ်လို့လည်း ဆိုပါတယ်။ အက်ဒ၀ပ် ဒီဘိုးနိုးရဲ့ ဦးထုပ်ခြောက်လုံး စဉ်းစားတွေးခေါ်မှု စာအုပ်မှာ အနီရောင်ဦးထုပ်ဟာ ခံစားချက်ကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် အနီရောင်ကို ရွှေရောင်နဲ့ ပေါင်းစပ်တဲ့အခါ မှာတော့ သတ္တိကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေထဲက ဟော့က၀ပ်ကျောင်းတော်ကြီးရဲ့ ဂရစ်ဖင်ဒေါလ် အဆောင်ရဲ့ သင်္ကေတဟာ အနီနဲ့ ရွှေရောင် ဖြစ်ပါတယ်။
အစိမ်းရောင်
အစိမ်းရောင်ကတော့ အသက်ဓာတ်နဲ့ သက်ဆိုင်တဲ့ အရောင်ပါပဲ။ သဘာဝမှာကိုက ရှင်သန်မှု အတော်များများကို အစိမ်းရောင်တွေနဲ့ တွေ့ကြရမှာ ဖြစ်ပါတယ်။ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်တော့ အစိမ်းရောင်ဟာ မနာလိုဝန်တိုမှု ကြီးတဲ့အရောင်လို့ သိရပါတယ်။ ဒါကြောင့် မနာလိုစိတ်ကြီးသူတွေကို GREEN-EYED MONSTER လို့ ခေါ်ကြတာပါ။ နောက် အတွေ့အကြုံမရင့်သေးတဲ့ သူတွေကိုလည်း အစိမ်းရောင်နဲ့ ကိုယ်စားပြုတတ်ကြပါသေးတယ်။
အစိမ်းရောင်ဟာ ငြိမ်သက်တဲ့ အရောင်တစ်ရောင် ဖြစ်ပါတယ်။ အပြာလိုပဲ သူ့မှာ တည်ငြိမ်အေးချမ်းတဲ့ ခံစားမှုတွေ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အပြာရောင်အခန်းနဲ့ အစိမ်းရောင် အခန်းတွေထဲမှာ နေရရင် အချိန်ကုန်မြန်တယ်လို့ ထင်ရစေပါတယ်။
အစိမ်းရောင်ဟာ အိုင်ယာလန်ပြည်ရဲ့ အရောင်ဖြစ်ပြီး အစ္စလာမ်တွေနဲ့လည်း ပတ်သက်တဲ့ အရောင်တစ်ရောင် ဖြစ်ပါတယ်။ သဘာဝမှာတွေ့ရတတ်တဲ့ အစိမ်းရောင်အရ အစိမ်းကို ဆောင်းနှောင်းရဲ့ သင်္ကေတ အဖြစ်လည်း အသုံးပြုကြပါတယ်။ အနီရောင်နဲ့ တွဲဖက်လိုက်မယ် ဆိုရင်တော့ ဒါဟာ ခရစ္စမတ် အရောင်ပါပဲ။
အစိမ်းရောင်ကို နွေးထွေးသွားစေလိုမှု အတွက်ရော အေးမြသွားစေလိုမှု အတွက်ရော သုံးပါတယ်။ ဘာလို့လဲ ဆိုတော့ အစိမ်းရဲ့ သဘောတရားကိုက သမ မျှတ ညီညွတ် တည်ငြိမ် သွားစေတဲ့ သဘောမို့ပါ။ အစိမ်းကို အပြာနဲ့တွဲစပ်လိုက်ရင် သဘာဝရဲ့ ပဲ့တင်သံကို ရပါတယ်။ ရေနဲ့တောတောင်တွေ အတွဲအစပ်က အသစ် စတင်ခြင်းနဲ့ ရှင်သန်ကြီးထွားခြင်းကို ကိုယ်စားပြုသလိုပေါ့။
အစိမ်းနဲ့အဝါ၊အနက် သို့မဟုတ် အစိမ်းနဲ့ အဝါ၊အဖြူ သုံးရောင်တွဲဟာ အားကစားအရောင် ဖြစ်ပါတယ်။ အစိမ်းနဲ့ ခရမ်းအတွဲဟာ အမြင့်ဆုံး ဆန့်ကျင်ဖက် အရောင်နှစ်ခုကို တွဲစပ်လိုက်တာပါပဲ။ ဒါပေမယ့် တကယ်ကို အသက်ဝင်ပါတယ်။ အစိမ်းနဲ့ အဝါ၊ လိမ္မော် အတွဲအစပ်ကတော့ သစ်သီးရောင်တွေကို ခံစားလို့ ရစေပါတယ်။
အနီရောင်မီးဟာ ဟန့်တား ပိတ်ပင်မှု ဆိုရင် အစိမ်းရောင်မီးဟာ ခွင့်ပြု လိုက်လျောမှု လို့ အဓိပ္ပာယ်ရပါတယ်။ သီရေတာတွေ ရုပ်ရှင်ပြခန်း တီဗီကြည့်တဲ့အခန်းတွေကို အစိမ်းရောင်ထားမယ်ဆိုရင် ကြည့်သူတွေကို ပိုပြီး သက်သောင့်သက်သာဖြစ်စေပါတယ်။ အစိမ်းရောင်ဟာ ငွေကြေးကိုလည်း ကိုယ်စားပြုတာမို့ GREEN BACK ဆိုတာ အမေရိကန်ဒေါ်လာကို ခေါ်တာလို့ ဆိုပါတယ်။ ပိုပြီး ကောင်းမွန်တဲ့ တိုးတက်မယ့် နေရာကို ရွှေ့ပြောင်းသွားတဲ့သူတွေကို ပိုစိမ်းတဲ့စားကျက်ရှိရာ သွားတယ်လို့ ဆိုပါတယ်။ ဒါကတော့ ကျမ်းစာထဲက စိမ်းလန်းသောကျက်စားရာအရပ် ဆိုတဲ့ စကားလုံးက လာတာဖြစ်ပုံရပါတယ်။
တကယ်တော့ အစိမ်းဟာ သဘာဝတရားရဲ့အရောင်၊ အသက်ဓာတ်ရဲ့ အရောင် ဖြစ်ပါတယ်။ မြက်ခင်းစိမ်း စိမ်းရဲ့ အရောင်ဟာ ဟာပိုပြီး တည်ငြိမ်တဲ့ အရောင်လို့ ဆိုနိုင်ပါတယ်။ဒါ့အပြင် အစိမ်းဟာ ကိုယ့်ကိုယ်ကို လေးစားခြင်းနဲ့ ကောင်းမွန်စွာ ရှင်သန်နေထိုင်ခြင်း ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ သင်ကြားခြင်း၊ အစပြုခြင်းနဲ့လည်း ဆက်စပ်နေတဲ့အတွက် တချို့ကျောင်းတွေရဲ့ ဝတ်စုံက အစိမ်းရောင် ဖြစ်နေတာ တွေ့ဖူးမှာပါ။ အစိမ်းရောင်ဟာ စိတ်ချရတဲ့ အရောင်တစ်ရောင် ဖြစ်တဲ့အတွက် တစ်ခုခုနဲ့ပတ်သက်ပြီး ဘာအရောင်သုံးရမလဲမသိများ ဖြစ်နေရင် အစိမ်းရောင်ကိုသာ စိတ်ချလက်ချ ရွေးချယ်လိုက်ပါ။
အစိမ်းရောင်ဟာ အေးမြတယ်လို့ ဆိုတဲ့အတွက် မျက်စိတွေညောင်းညာလာရင် မြက်ခင်းစိမ်း သစ်တောစိမ်း နံရံစိမ်းတွေကို ကြည့်ခိုင်းတတ်ကြပါတယ်။ ရှေးဟောင်း အီဂျစ်တွေကတော့ အစိမ်းရောင် မျက်လုံးချယ်တဲ့ လိုင်နာကို အသုံးပြုကြပါတယ်။ ကျန်းမာရေးအတွက်ဆိုရင် အစိမ်းရောင် လတ်လတ်ဆတ်ဆတ် ဟင်းရွက်တွေကို ဒီတိုင်း အစိမ်းစားကြရပါတယ်။ နေ့တွေထဲမှာတော့ သောကြာနေ့ဟာ အစိမ်းရောင်ကို ကိုယ်စားပြုပြီး အာရှမှာတော့ (အထူးသဖြင့် တရုတ်) အစိမ်းရောင် ကျောက်စိမ်းကို သန့်စင်တဲ့ကျောက် တစ်မျိုးအဖြစ် ဆောင်တတ်ကြပါတယ်။
သင့်ဘဝမှာ ..
(၁) မျှတ သင့်တင့်တဲ့ အခြေအနေသစ်ကို အလိုရှိနေတယ်ဆိုရင်
(၂) အပြောင်းအလဲ တစ်ခုခု တိုးတက်မှု တစ်ခုခုကို လိုအပ်နေတယ်လို့ ခံစားရရင်
(၃) အတွေးအကြံအသစ်တွေကို လွတ်လပ်စွာ တွေးဖို့ဆိုရင်
(၄) ကြောက်စိတ်တွေ စိုးရိမ်သောကတွေကို ကာကွယ်ဖို့ အတွက်ဆိုရင်
.. အစိမ်းရောင်တွေ လိုအပ်နေပါပြီ။ အစိမ်းရောင် အခန်း၊ အစိမ်းရောင် အဝတ်အထည်၊ အသုံးအဆောင် တွေကို ပြောင်းလဲလိုက်မယ်ဆိုရင် သင့်ဘဝမှာ လိုအပ်မှုတွေ ပြည့်စုံလာလိမ့်မယ်လို့ ဆိုပါတယ်။
အစိမ်းရောင် (green) ဆိုတဲ့ စကားလုံးဟာ ရှေးဟောင်း အင်္ဂလိပ်စကားလုံး gren’ne ( old English verb : growan) ဆိုတာနဲ့ အနီးစပ်ဆုံး ဆက်စပ်နေပြီး အဲဒါက “ to grow” လို့ အဓိပ္ပာယ်ရပါတယ်တဲ့။ ပြီးတော့ အဲဒီအရောင်ကို သမုဒ္ဒရာတွေနဲ့ အပင်တွေကို ဖော်ညွှန်းဖို့ အသုံးပြုခဲ့ကြတယ်။ green လို့ သတ်မှတ်လိုက်တဲ့ အစိမ်းရောင်ကို အင်္ဂလိပ်တွေကပဲ ၇၀၀ရာစုနှစ်လောက်က စတင်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံအမျိုးမျိုး ဒေသ အမျိုးမျိုး ၊ ယဉ်ကျေးမှု အမျိုးမျိုး ရှိတဲ့အတွက် အစိမ်းရောင်ကို သတ်မှတ်ချက်လည်း မတူကြပါဘူး။ တချို့တွေက မျှော်လင့်ချက်၊ ရှင်သန်ခြင်း စသဖြင့်အကောင်းဖက်က သတ်မှတ်ကြသလို တချို့ကလည်း သေခြင်းတရား၊နာမကျန်းမှု၊ မနာလိုမှု နဲ့ မိစ္ဆာတွေကို အစိမ်းရောင်နဲ့ ကိုယ်စားပြုကြပြန် ပါတယ်။ ရှေးဟောင်းအီဂျစ်တွေရဲ့ နတ်ဘုရား အိုဆီးရစ်ကို သရုပ်ဖော်တဲ့အခါ သူ့ရဲ့ အရေပြားကို အစိမ်းရောင်နဲ့ ဖော်ပြကြသလို မင်းသား Bela Lugosi ဒရက်ကူလာအဖြစ် သရုပ်ဆောင်တဲ့အခါ မိတ်ကပ်ကို အစိမ်းရောင်သန်းနေအောင် ပြင်ဆင်ထားတာကိုလည်း တွေ့ခဲ့ဖူးပါတယ်။ အစိမ်းကို အနီနဲ့ တွဲစပ်လိုက်တဲ့ အခါ ပျော်ရွှင်ဖွယ်အရောင်တွဲ ကိုရနိုင်ပေမယ့် အစိမ်းကို ရွှေရောင်နဲ့ တွဲစပ်လိုက်တာဟာ လူငယ်ဘဝ ကုန်ဆုံးခြင်းလို့ အဓိပ္ပာယ်ရပါသတဲ့။
ဒါ့အပြင် အစိမ်းရောင် ဝတ်ဆင်ခြင်းကို ယုံကြည်မှု အလိုက် ရှောင်တဲ့သူတွေလည်း ရှိပါတယ်။ ဒီ မြန်မာနိုင်ငံ မှာလည်း အနီနဲ့အနက်တွဲမဝတ်ရဘူး ဆိုတာမျိုး၊ အနက်နဲ့အစိမ်း တို့ အစိမ်းဝမ်းဆက်တို့ မဝတ်ရဘူးဆိုတဲ့ အယူတွေလည်း ရှိတာ တွေ့ဖူးပါတယ်။ အဲဒီလိုပဲ ဆဲလ်တစ် တွေကလည်း အစိမ်းရောင်ကို ရှောင်ကျဉ်ပါတယ်။ ဘာလို့လဲ ဆိုတော့ မကောင်းတဲ့ ကံတွေ ၊သေခြင်းတရားနဲ့ ဆက်ဆိုင်တဲ့ ကံတွေ ရောက်လာမှာစိုးလို့ လို့ ဆိုပါတယ်။ နောက်ထပ် အစိမ်းရောင်ကို အယူသီးတဲ့သူတွေကတော့ အစိမ်းရောင်ကို နာမပြုစတင်သုံးစွဲခဲ့တဲ့ အင်္ဂလိပ်တွေပဲ ဖြစ်ပါတယ်။ သူတို့က အစိမ်းရောင်ကား၊ အစိမ်းရောင် သတို့သမီးဝတ်စုံ၊ အစိမ်းရောင် ဇာတ်ပွဲဝတ်စုံ စတာတွေနဲ့ ပတ်သက်ပြီး တစ်ဖက်စွန်းရောက်တဲ့ အယူသီးတတ်ကြပါတယ်။
ရွှေရောင်
ရွှေရောင်ဟာ အဝါရောင်၊ လိမ္မော်ရောင်၊ အညိုရောင်တို့ရဲ့ တစ်ဝမ်းကွဲ မောင်နှမ တော်စပ်တဲ့ အရောင်ပါ။ အစိမ်းရောင်ကို ငွေကြေးအရောင်လို့ သတ်မှတ်ကြသလို ရွှေရောင်ကလည်း ကြွယ်ဝမှုနဲ့ ခန်းနားကြီကျယ်မှု ကို ကိုယ်စားပြုပါတယ်။
ရွှေရောင်ဟာ အဝါကနေဆင်းသက်လာတာ ဖြစ်ပြီး အဝါလိုပဲ သူကလည်း နွေးထွေးတဲ့ အရောင်တစ်ရောင် ဖြစ်ပါတယ်။ အလင်းနဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်စွမ်းပြီး ရိုးရာယဉ်ကျေးမှုတွေနဲ့လည်း ဆက်နွယ်နေပါတယ်။ ရွှေဟာ အဖိုးတန်တဲ့ သတ္တုတစ်မျိုး ဖြစ်တဲ့အတွက် ရွှေရောင်ဟာလည်း ဓနနဲ့ ကြွယ်ဝမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ဝါဝါမြင်တိုင်း ရွှေမဟုတ်ဘူးဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ရွှေရောင်တိုင်းကတော့ ကြွယ်ဝမှုနဲ့ ဥစ္စာကို ရည်ညွှန်းတတ်ပါတယ်။ ဒါ့အပြင် ရွှေဟာ နှစ်ငါးဆယ်ပြည့် မင်္ဂလာနေ့အတွက် အထိမ်းအမှတ် လက်ဆောင်လည်း ဖြစ်ပါတယ်။ ရွှေရောင်ပေါက်နေတဲ့ ကြေးကတော့ (၈)နှစ်မြောက် မင်္ဂလာနေ့ အထိမ်းအမှတ်လက်ဆောင်ဖြစ်ပြီး အနီဖက်သန်းတဲ့ ရွှေရောင်ပေါက်နေတဲ့ ကြေးကတော့ (၇)နှစ်မြောက် အထိမ်းအမှတ်လက်ဆောင်ဖြစ်ပါတယ်။
ဆိုင်းဘုတ်တွေ စာလုံးတွေ ပုံတွေ သင်္ကေတတွေ စသဖြင့်မှာ ရွှေမှင် အနည်းငယ်လောက် ထည့်သွင်း လိုက်တာဟာ ကြွယ်ဝမှုကို ဖော်ဆောင်တာ ဖြစ်ပါတယ်။ ရွှေရောင်ဟာ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အညိုရောင် တွေနဲ့ လိုက်ဖက်ပါတယ်။ အနီတို့ ခရမ်းတို့နဲ့ကျတော့ အနည်းငယ် လက်တောက်နေတဲ့ ရွှေရောင်နဲ့ တွဲဖက်ကြလေ့ရှိပါတယ်။
မြန်မာလူမျိုးတွေဟာ သူတို့ကိုယ်သူတို့ ရွှေ လို့ ညွှန်းဆိုတတ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ ရွှေကဲ့သို့ ကောင်းမွန်သော၊ တန်ဖိုးရှိသော၊ ရွှေအဆင့်အတန်း စတဲ့ စကားလုံးတွေနဲ့ ထပ်တူပြုပြီး ညွှန်းဆိုကြတာ ဖြစ်ပါတယ်။ တကယ့်တကယ်ကျ ရွှေရောင်ဟာ ကြွယ်ဝမှု တစ်ခုတည်းကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ ကျန်းမာရေး ကောင်းမွန်မှုကိုလည်း ရွှေရောင်နဲ့ ပြဆိုတတ်ကြပါတယ်။ ရွှေရောင်ကို နှစ်သက်တတ်သူတွေက အကောင်းမြင်ဝါဒ သမားတွေ ဖြစ်တတ်ပါတယ်။
တိဗက် ဗုဒ္ဓဘာသာတွေ ရဲ့ အထွဋ်အမြတ်ထားတဲ့ ရတနာ ငါးခု ရှိပါတယ်။ တစ်ခုက အလင်းကို ကိုယ်စားပြုတဲ့ သလင်းကျောက် ဖြစ်ပါတယ်။ ဒုတိယ တစ်ခုက အဆုံးမရှိတဲ့ ပင်လယ်နဲ့ ကောင်းကင်ကို ကိုယ်စားပြုတဲ့ တာကွိုက်စ်( turquoise ) ဖြစ်ပြီး တတိယ တစ်ခုကတော့ နေရဲ့ လင်းရောင်ခြည်ကို ကိုယ်စားပြုတဲ့ ရွှေပါပဲ။ စတုတ္ထ တစ်ခုက အသက်ဓာတ်နဲ့ ပုံသဏ္ဍန်ကို ကိုယ်စားပြုတဲ့ သန္တာကျောက် ဖြစ်ပြီး ပဉ္စမ တစ်ခုကတော့ လရောင်ခြည်ကို ကိုယ်စားပြုတဲ့ ငွေ ဖြစ်ပါတယ်။
သင့်ဘဝမှာ ..
(၁) ကိုယ်ပိုင်အစွမ်းအစတွေကို တိုးမြှင့်ချင်တယ်ဆိုရင်
(၂) သက်သောင့်သက်သာနဲ့ ဘဝကို ဖြတ်သန်းပျော်ရွှင်ချင်တယ်ဆိုရင်
(၃) ကျန်းမာရေးကောင်းမွန် ချင်တယ်ဆိုရင်
(၄) အောင်မြင်မှုတွေ လိုအပ်တယ်ဆိုရင် ..
သင့်အသုံးအဆောင်တွေနဲ့ ပတ်ဝန်းကျင်မှာ ရွှေရောင်တွေကို ဖြည့်စွက်ပေးလိုက်ပါ။ ရွှေကို နေ့စဉ် ဆင်ယင် ဝတ်ဆင်သူဟာ သူ့ရဲ့ ပါဝါကို တိုးမြင့်စေပါတယ်။ သတ္တိကို ကောင်းစေသလို ကိုယ့်ရဲ့ စိတ်စွမ်းအင်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း တိုးစေတယ်လို့ ဆိုပါတယ်။ ရွှေဆွဲကြိုးကို လည်ပင်းမှာ ဆွဲထားတာဟာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
ငွေရောင်
ငွေရောင်ကတော့ အေးမြတဲ့ အရောင်ထဲမှာ ပါပါတယ်။ မီးခိုးရောင်နဲ့ ဆင်တယ်လို့ ဆိုပေမယ့် သူက ပိုပြီး သက်ဝင် လှပပါတယ်။ ငွေဟာလည်း အဖိုးတန် သတ္ထု တစ်မျိုး ဖြစ်တဲ့အတွက် ရွှေလောက်မဟုတ်ပေမယ့် သူကလည်း ကြွယ်ဝမှုကို ကိုယ်စားပြုတဲ့ ဒုတိယ အရောင်တစ်ရောင် ဖြစ်ပါတယ်။ ဒါပေမယ့် ငွေရောင်က ရွှေရောင်ထက် ပိုပြီး တည်ငြိမ်တဲ့အပြင် ထူးခြားမှုလည်း ရှိပါတယ်။ ငွေရောင် ဆံပင်ဖြူတွေ လွှမ်းနေတဲ့ သက်ကြီးရွယ်အိုတွေကို ကြည့်မယ်ဆိုရင် အဲဒီ တည်ငြိမ်မှုကို တွေ့မြင် ခံစားနိုင်မှာ ဖြစ်ပါတယ်။ ရွှေဟာ နှစ်ငါးဆယ်မြောက် မင်္ဂလာ အထိမ်အမှတ် လက်ဆောင်ဖြစ်သလို ငွေကလည်း နှစ်ဆယ့်ငါးနှစ်မြောက် မင်္ဂလာ အထိမ်းအမှတ် လက်ဆောင်ဖြစ်ပါတယ်။
ငွေရောင်ဟာ ကမ္ဘာမြေနဲ့ ပိုနီးစပ်ပြီး သဘာဝကျပါတဲ့အပြင် ကျက်သရေလည်း ရှိပြီးတင့်တယ် ပါတယ်။ ငွေရောင်ဟာ တိုးတက်တဲ့ နည်းပညာတွေနဲ့ စက်ရုံတွေကိုလည်း ကိုယ်စားပြုတဲ့အတွက် စက်ရုံကြီးတွေ တော်တော်များများကို သတ္တုရောင် တလက်လက်နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ တာကွိုက်စ်နဲ့ ငွေရောင် ရောစပ်မှုကတော့ အမေရိကန် အနောက်တောင်ဒေသကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်။
ရှေးတုန်းက ငွေကြေး သုံးစွဲမှုကို ငွေနဲ့ပြုလုပ်ထားတဲ့ ဒင်္ဂါးတွေ သုံးစွဲခဲ့ကြတဲ့အတွက် ငွေကြေးကို တချို့က ငွေစ လို့ ခေါ်ကြသလို ငွေရောင်ဖန်သားပြင် ဆိုတာဟာလည်း ရုပ်ရှင် အထူးသဖြင့် ခေတ်ဟောင်း ရုပ်ရှင် ကို ဖော်ညွှန်းတဲ့ စကားလုံး ဖြစ်ပါတယ်။ ရွှေလင်ဗန်းနဲ့ အချင်း ဆေးတယ် ဆိုတဲ့ စကားပုံ ရှိသလို ငွေဇွန်း ကိုက်ပြီး မွေးလာတဲ့သူ ဆိုတဲ့ ဆိုရိုးစကားလည်း ရှိပါတယ်။ ကံတရားအရ မွေးကတည်းက ကံကောင်းသူ တွေလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ငွေရောင်ဟာ စိတ်ကူးစိတ်သန်း၊ အာရုံမြင်မှု နဲ့ အလိုအလျောက်သိမြင်မှုတွေကိုလည်း ကိုယ်စားပြုပါတယ်။ ရိုးရာအရကတော့ ငွေရောင်ဟာ လရဲ့ စွမ်းအင်ကို ကိုယ်စားပြုပါတယ်။ ( တိဗက်ဗုဒ္ဓဘာသာတွေကလည်း ဒီလိုပဲ သတ်မှတ်ထားပါတယ်။) ဒါ့အပြင် ငွေရောင်ရဲ့ အဓိပ္ပာယ်ဟာ လျို့ဝှက်ဆန်းကျယ်မှုတွေနဲ့ ဆက်နွယ် နေပြီး မိန်းမဆန်တဲ့ စွမ်းအင်နဲ့လည်း ဆက်နွယ်နေပါတယ်။
ငွေရောင်ဟာ ထူးခြားမှု ရှိတဲ့ အရောင်တစ်ရောင်ဖြစ်ပြီး ရွှေရောင်နဲ့ တွဲစပ်လိုက်တဲ့အခါ ကြွယ်ဝမှုနဲ့ ဥစ္စာဓနကို ကိုယ်စားပြုသွားပါတယ်။ ရွှေရောင်က နေရောင်ခြည်နဲ့ ဆက်စပ်နေပြီး အဖိုဓာတ်ကို ကိုယ်စားပြုပေမယ့် ငွေရောင်ကတော့ လရောင်နဲ့ ဆက်စပ်နေတာမို့ အေးမြတဲ့ အမဓာတ်ကို ကိုယ်စားပြုပါတယ်။
ငွေရောင်ဟာ healing လုပ်တဲ့ နေရာမှာ အံ့သြစရာကောင်းလောက်အောင် လိုအပ်ပြီး ကျန်းမာရေးကို မြှင့်တင်ပေး နိုင်တဲ့ အဖိုးတန် သတ္တုတစ်မျိုး ဖြစ်ပါတယ်။ သူက မျှတတဲ့ အာရုံခံစားမှုကို ပေးပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုပိုင်းဆိုင်ရာ တွေမှာ အထောက်အကူ ပြုတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ သန့်စင် ခြင်းနဲ့ စွန့်ထုတ်ခြင်းတွေမှာလည်း အထောက်အကူပြုပါတယ်။ အရောင်ကုထုံးမှာ ဆိုရင် ငွေရောင်ကုထုံးဟာ မိန်းမတွေရဲ့ ရာသီနဲ့ပတ်သက်တဲ့ နာကျင်မှုကို သက်သာစေပြီး ဟိုမုန်းကို မျှတအောင် ထိန်းပေးနိုင်တဲ့အပြင် ရင်သားကိုလည်း နူးညံ့စေတယ်လို့ ဆိုပါတယ်။
ငွေရောင် အကျီ င်္တွေဝတ်ဆင်တာ၊ အိမ်ကို ငွေရောင်တွေ ငွေထည်တွေနဲ့ ဆင်ယင် သုံးစွဲတာဟာ ငြိမ်သက်ခြင်းကို ရရှိစေပြီး အသက်တာမှာ မျှတတဲ့ ဓာတ်တွေကို ရရှိစေတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ငွေရောင်ဟာ အလိုအလျောက်သိမြင်မှုနဲ့ အတွေးအာရုံတွေကို ထက်သန်စေတဲ့အတွက် တစ်စုံတစ်ခု အတွက် အမှန်ကိုရရှိဖို့ လိုအပ်လာပြီဆိုရင် ငွေရောင်ကို ဝတ်ဆင် စဉ်းစားတွေးတော သင့်တယ် လို့ ဆိုပါတယ်။ အကယ်၍ အသက်တာမှာ အမှန်တရားကို ပိုပြီး တောင့်တလာတယ်၊ ရိုးဖြောင့်မှုကို ငတ်မွတ် လာတယ် ၊ တစ်စုံတစ်ရာကို ပိုမို ရှင်းလင်းစွာ သိနားလည်ဖို့ လိုအပ်လာတယ်ဆိုရင် သင့်ဘဝထဲကို ငွေရောင် တချို့ ဖြည့်စွက်လိုက်ပါ။
ငွေရောင်ကို နှစ်သက်တဲ့ သူတွေဟာ အာရုံခံစားမှု အားကောင်းပြီး အကောင်းအဆိုးကို သိမြင် ခွဲခြား နိုင်စွမ်း ရှိသူတွေလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာ ဝိညာဉ်တွေနဲ့လည်း ဆက်သွယ်နိုင်စွမ်းပြီး စိတ်စွမ်းအင်လည်း ကောင်းမွန်ကြပါတယ်။ စိတ်ရှည် သည်းခံတတ်ကြပြီး ဖြစ်ပျက်သမျှကိုလည်း တရားသဘောနဲ့ ရှုမြင် နိုင်ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Posted by MANORHARY at 9:38 AM 5 comments
Labels: article
ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ်
တစ်ခါတစ်ခါလှည့်ပြန်လာတဲ့ ဒီဇင်ဘာကို ဝိုင်အနီတစ်ခွက်ထဲ ထည့်ငှဲ့ ရင်ခုန်ခဲ့ဖူးသလား
သိပ်မသေချာတော့ တဲ့ အိပ်မက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြုံးမိတာတွေ များနေပြီ ..
နေဆီကို တည့်တည့် လျှောက်လှမ်းနေခဲ့ပြီးကာမှ ကိုယ့်ကိုယ်ကို နေကြာပန်းမှန်းသိလိုက်ရသူလို
အဝါကို နာကျင်စွာ ခါချနေချင်တတ်ခဲ့ ………….
အကြမ်းရေးခြစ်ထားပြီး အရောင်မထည့်ဖြစ်သေးတဲ့ ပန်းချီကားချပ်တွေလိုပဲ
နေ့ရက်တွေက အရောင်မစုံဘူး .. အဖြူ အမည်း ခပ်ကျဲကျဲ ကောက်ကြောင်းတွေနဲ့
နှစ်ပရိစ္ဆေတ ကြာလာတဲ့အခါ အဖြူကလည်း ရင့်အိုဝါရော်လာခဲ့ အနက်ကလည်း အုံ့ဆိုင်း မှိုင်းအို လာခဲ့
ဘာနဲ့မှ အသစ်ပြန်စလို့ မရတော့ဘူး ….
ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ် …
စိမ်းပြာရောင် တာကွိုက်စ်တွေ၊ ကိုယ့်ကိုယ်ကို ကြည်ညိုနေတဲ့ နာဆစ်ဆပ်စ် တွေ ..
မဖွင့်ပဲ ပွင့်ထွက်လာတဲ့ သက္ကရာဇ် အသစ်စက်စက်တွေ .. အလိုလို ဟောင်းအိုသွားတဲ့ ဒီဇင်ဘာတွေ..
အများအတွက်စတေးပြစ်လိုက်တဲ့ နာဇရက်မြို့သား၊ ခေါင်းလောင်းတွေ တအားမြည်နေတယ် ..
အစိမ်းရောင်မြစ်တွေက တဝေါဝေါ .. အဝါရောင်မြို့တော်တွေက အလျှံတညီးညီး
အနီရောင်လက်ဆောင်ထုပ်ကြီး တစ်ထုပ် ကောင်းကင်က ပြုတ်ကျလာခဲ့တယ် …
ဘယ်တော့မှ ဖွင့်မကြည့်ဖြစ်လိုက်တဲ့အတွက် အထဲမှာ ဘာပါမှန်း ငါ မသိခဲ့တော့ဘူး
အရှေ့ စူးစူးဆီမှာတော့ ကြယ်တစ်လုံးက တဝုန်းဝုန်း တောက်လောင် လင်းမြနေခဲ့…
သိပ်မောလွန်းလို့ ခဏလောက်ဖြစ်ဖြစ် အသက်ရှူရပ်ထားလိုက်ပါရစေ …
ခေါင်းလောင်းသံတွေက ဝင်သက်ထွက်သက်နဲ့ ငြိငြိနေတယ် …
ဘယ်တော့ နှင်းကျမယ်မှန်းမသိ .. ဘယ်တော့ ပန်းပွင့်မယ်မှန်းမသိ …
ဘယ်တော့ ပင်လယ်ရေခမ်းမယ်မှန်းမသိ ဘယ်တော့မှ ငါ့ကိုမိမယ်မှန်းမသိ …
ဒီဇင်ဘာတွေကို စောင့်နေခဲ့ဖူးပြီး ဒီဇင်ဘာတွေက ငါ့ကိုပြန်စောင့်နေခဲ့ကာမှ
ငါက ဒီဇင်ဘာတွေဆီ ပြန်ရောက်ဖြစ်တော့ဘူး ……….
မနော်ဟရီ
2010 Dec, Idea Magazine
Posted by Zephyr at 10:20 PM 5 comments
ကျွန်မနှင့် ကြယ်ဆယ့်လေးစင်း
ကြယ်တွေညီလာခံတဲ့ ညမှာမှ ကိုယ်က ကောင်းကင်ကို စွန့်ခွာခဲ့ရတယ်။ ကြယ်သွားလမ်းကြောင်းပေါ်မှာ တော့ ကိုယ့်အတွက် နေရာလပ်တစ်ခု ဖြစ်ကျန်ခဲ့လိမ့်မပေါ့။ ကိုယ့်ကိုယ်ကို အဆုံးစီရင် လိုက်တဲ့အခါမှာတော့ အလင်းတန်းတစ်ခု ကမ္ဘာမြေဆီ ဖြာဆင်းကျလာခဲ့လိ့မ်မယ်..။ ကြယ်တွေကြွေမှ ဆုတောင်းဖို့ သတိရတတ်သူများနဲ့ ကြယ်ကြွေဆုတောင်း များစွာ အတွက် .. ကိုယ်.. ရာဇဝင် အထပ်ထပ်ကိုဖြတ်လို့ ခြေထောက်ကလေး တစ်ချောင်းတည်းနဲ့ ထောက်ရပ်နေပေမယ့် အင်မတန် မာကျောတဲ့ ကိုယ့်သံမဏိ ကချေသည်လေးဆီ ကြွေဆင်းလာခဲ့ တော့မယ်။
Abundance
လောကရဲ့ ကြွယ်ဝခန်းနားမှု ဆိုတာ ဘာကိုပြောတာပါလိမ့်။ နှစ်သိမ့်တွေးတွေနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေတတ်တဲ့ အလင်းမဲ့ ဥက္ကာခဲလေးတစ်တုံးလို ငါ .. ဘာကို တပ်မက်လိုက်ရပ ..။ ကြယ်တွေကြွေမလာခင်လေး သီချင်းတစ်ပုဒ်ဆိုခဲ့ပါရစေ။ အမှောင်ရဲ့ တစ်ဖက်ကမ်းမှာ ဘာများ ရှိပါသလဲ တဲ့ ။ အမှောင်ရဲ့ တစ်ဖက်ကမ်းမှာ အမှောင်တွေပဲ ကြွယ်ဝစွာရှိနေခဲ့တာ ဘယ်သူမှ မသိပါစေနဲ့ဦးလား ..။
Flowering
ဘဝဟာ ပန်းခင်းလမ်းချည်းပဲဆိုရင် သိပ်များ ပျင်းစရာကောင်းနေမလား။ မရနိုင်မှန်းသိတဲ့ အိပ်မက်တွေက စိတ်ကူးယဉ်ကြည့်ချင်စရာ သိပ်တော့ မကောင်းပါဘူး။ ဘယ်တော့မှ မတည်မြဲတတ်ကြတဲ့ ကတိကဝတ်တွေကို လိုက်လံ ကောက်သိမ်းရင်း ကိုယ့်အလင်းတွေက ပန်းလိုကြွေလွင့် မှောင်မိုက် သွားခဲ့ပြီ။ မရေမတွက်နိုင်အောင် ကျကျန်ခဲ့တဲ့ ပွင့်ဖတ်တွေရဲ့ တချွင်ချွင်မြည်သံက အမှောင်ထဲမှာ တိုးတိုက် လွင့်ပျံလို့။ ကြယ်တွေကို ပန်းလိုခင်းထားတဲ့လမ်းက နည်းနည်းတော့ မှန်းဆရခက်လိမ့်မယ်။ ထိုက်တန်တဲ့သူအတွက် လမ်းကတော့ ရှင်သန်နေမှာပါပဲ။
Slowing down
ကိုယ့်ကိုယ်ကို အရှိန်သပ်ပစ်လိုက်တဲ့အခါ ကြယ်သွားလမ်းကြောင်းတွေက မှိန်ဖျော့သွားတယ်။ ကိုယ့်ကိုယ်ကို စက်ပြန်နှိုး စက်ရှိန်ပြန်မြှင့်ဖို့ သိပ်မသေချာတော့ဘူး .။ တစ်လှမ်းချင်း လှမ်းနေရ ပေမယ့် အဲဒီခြေလှမ်းတွေရဲ့ သေချာမှုက တပ်မက်စရာကောင်းလွန်းနေတယ်။ အေးချမ်းစွာ ငြိမ်းချမ်းစွာ .. ပြီးတော့ ငြိမ်သက် ညင်သာစွာ ..
Adventure
ကိုယ့်ကိုယ်ကို ခွဲဖြိုပစ်လိုက်တဲ့ညမှာပဲ ငါဟာ အကျအန ဖြစ်တည်လာခဲ့။ ဒါဟာ စွန့်စားမှု တစ်ခုလို့ ခေါင်းစဉ်တတ်ရမလား ။ ပျောက်နေတဲ့လမ်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ရှာဖွေ တွေ့ရှိ ခဲ့တာက .. တစ်စစ မှုန်ဝါးနေပြီဖြစ်တဲ့ အနာဂါတ်.. ငါ .. ဒီနေရာမှာ မတ်တပ်ရပ်နေခဲ့မိတာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ ..။ အားနည်းနေတဲ့ အလင်းအောက်မှာ အရာအားလုံးဟာ ပြတ်သားရှင်းလင်းစွာ ..
လောကရဲ့ ဓမ္မတာအရတော့ သီးကင်းတွေနဲ့အတူ စိမ်းမြကျွတ်ဆတ်နေခဲ့ဖူး ပြီ။ သီးမှည့် တွေနဲ့ အတူ ဝင်းပ တည်ငြိမ်နေခဲ့ဖူးပြီ။ ကြွေချိန်တန်သည့်တိုင် တည်ငြိမ်စွာ။ … ငါ … တစ်ခါက လင်းမြ စိမ်းညို့ ခဲ့ဖူးတယ် ဆိုတဲ့ အိပ်မက်တွေကိုတော့ ထားရစ်ရဲရတော့မပေါ့ ..။
Moment to moment
တစ်ထစ်ချင်းလှမ်းတက်ခဲ့ရတဲ့ လှေခါးထစ်တွေမှာ သမိုင်းကြောင်းတွေ ရှိတယ်။ မှတ်တိုင်တွေ မိုင်တိုင်တွေ .. တစ်လှမ်းပြီး တစ်လှမ်း .. တစ်ထစ်ပြီးတစ်ထစ် … တစ်ဘူတာပြီး တစ်ဘူတာ သင်ခန်းစာ တစ်ခုပြီးတစ်ခု အောင်ပွဲတစ်လှည့် အရှူံးအခါခါ .. ဒါ ..လောကရဲ့ ဓမ္မတာတဲ့လား .. ခါးသက်မှုတွေကို ခြေတစ်လှမ်းစာ ကျော်ဖြတ်ထားခဲ့ပါရစေ ..။ အောင်မြင်မှုတွေ ပြတ်ရွေ့ ပျောက်ဆုံးသွားခဲ့သည့်တိုင် အရာရာကို ကိုယ် ထားခဲ့နိုင်ရမပေါ့ .။ သူတို့နဲ့ ငါ အလင်းနှစ်သန်းပေါင်းများစွာ .. ။ သေချာတာကတော့ ခုထိ ငါ လျှောက်လှမ်း နေဆဲ ..။
Guidance
ကိုယ့်ကို မော့ကြည့်နေမယ့် သူတစ်စုံတစ်ယောက်များ ရှိနေမလားလို့ စိတ်ကူးယဉ်ရင်း ကိုယ့်ကို လမ်းပြ ခေါ်ဆောင်သွားတဲ့ နောက် လိုက်သွားမိရဲ့။ ကားတိုင်တစ်ခုကို ထမ်းရင်း .. ချစ်ခြင်းမေတ္တာအကြောင်းကို တွေးရင်း၊ စွန့်လွှတ်မှုတွေအကြောင်းကို စဉ်းစားရင်း .. ကိုယ့်လမ်းကြောင်းလေးကိုယ် အမှတ်မထင် ငဲ့ကြည့်မိ ပါရဲ့ ..။ ကိုယ့်နောက်မှာတော့ ဘာမှ ပါမလာခဲ့ဘူး..။
The miser
အလိုလောဘကြီးမားစွာ ကောက်သိမ်းလိုက်မိတဲ့ ချစ်ခြင်းမေတ္တာမှာ ဘာမှပြန်မပါလာခဲ့ဘူး ..။
The outsider

အဲဒီစည်းကို ဘယ်သူက တားသွားတာလဲ။ ကိုယ်တိုင်က စည်းအပြင်ဖက်ကို ရောက်နေခဲ့တာလား။ ကိုယ့်အပြင်မှာမှ စည်းကို လာတားသွားခဲ့တာလား ..။ ကိုယ့်ဖက်မှာတော့ ကိုယ့်လို တစ်ယောက်တည်းလို့ အော်ဟစ်နေသူတွေရှိပြီး ဟိုမှာဖက်မှာလည်း ကိုယ့်လို တစ်ယောက်တည်းလို့ အော်ဟစ်နေသူတွေပဲရှိရဲ့။ စည်းတစ်ကြောင်းရဲ့ အတွင်းဖက်က ဘယ်ဘက်ဖြစ်ပြီး စည်းရဲ့ အပြင်ဘက်က ဘယ်ဘက် ဖြစ်မလဲ ..။ ခုထိ ဝေခွဲမရသေးဘူး။
Compromise
အတူလင်းခဲ့ကြဖူးပေမယ့် သီချင်းကမတူခဲ့လေတော့ သံစဉ်ကကွဲတယ်။ ဇာတ်ဆရာအလိုကျ ကရတဲ့ ကကွက်တွေကလည်း ကွဲတယ်။ လက်ချင်း ချိတ်ဆက်ထားလျက်က ဘာလုပ်ဖို့ မုန်းတီးနေကြမလဲ။ ခပ်ဝေးဝေးက လမင်းအတွက် နောင်တရနေမယ့်အတူတူ ဝေးလိုက်ကြတာပဲ ကောင်းပါတယ်။
Patience
တစ်ခါတုန်းကတော့ ကိုယ့်ကိုယ်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေခဲ့ဖူးတယ်။ ကိုယ့်ရင်ဘတ်ထဲ ကိုယ်ပြန်ကြွေကျခွင့် မရတဲ့အခါ .. စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ဖူးတဲ့ ရာသီဟာ အခိုင်လိုက် ကြွေကျသွားခဲ့ရဲ့ ။ ကြယ်အစင်းစင်း ဖြတ်သန်းပျံဆင်းလာပေမယ့် ငါ့ကိုယ်ပိုင် ကြယ်ကလေး တစ်လုံးတလေမှ ပြန်မပါလာခဲ့လေတော့ ငါ့ကောင်းကင် အလင်းမရခဲ့တာ ဆန်းသလား …။ ထိတ်လန့်တကြား အမှောင်ဟာ ငါ့ချောင်မှာတော့ နေသားတွေကျလို့ ..။
Ordinariness
မူလကတော့ ကိုယ်ဟာ ကြယ်ကလေးတစ်စင်းပါပဲ။ အထီးကျန်နေတဲ့ အဖော်စုံ ကြယ်ကလေး တစ်စင်းလည်း ဖြစ်ရဲ့။ ကြယ်ကလေးမှာတော့ လွမ်းရင် ပြန်စရာအိမ်တစ်လုံး ရှိမနေခဲ့ဘူး။ တယ်လီဖုန်း မြည်သံတွေကိုလည်း ခပ်လှမ်းလှမ်းကပဲ ကြားနေရတတ်တယ်။ ဓာတ်ပြားတစ်ချပ်ပေါ် ကောက်သိမ်း ထားမိတဲ့ အသံတွေမှာ လိုအပ်နေတဲ့ အသံလေး တစ်သံ ပျောက်ဆုံးနေခဲ့ရဲ့။ ဘုရား သိကြား မလို့ .. ခြေထောက်လေး တစ်ချောင်းတည်း ထောက်က ပျော်မောနေရှာတဲ့ နာကျင်သူ ကချေသည်လေးဆီကို တည့်တည့်ကြွေကျ လိုပါတယ်။
Ripeness
ကြွေချိန်ကို တည်ငြိမ်စွာ မျှော်လင့်နေတတ်ခဲ့ပြီးမှတော့ ဘာလိုတော့မလဲ…။ စိမ်းမြ လင်းပခွင့် နေ့ရက်တွေကတော့ ဟိုးခပ်ဝေးဝေးက အိပ်မက်တွေ ..။ အမှတ်များနဲ့ ခရီးသွားရင်း အမှားများခဲ့တဲ့ နေ့ရက်တွေကိုလည်း ခပ်ဖျဖျဆီမှာ ထားရစ်နိုင်ခဲ့ပြီ။ စိမ်းမြချင် ဟန်ဆောင်နေတဲ့ အိပ်မက်တချို့ကိုလည်း ခပ်တည်တည်နဲ့ ချွေချ ထားနိုင်ခဲ့ပြီးပြီ။ ခုနေခါမှာတော့ နေညိုချိန်ဟာ .. ရင်ခုန်စရာကောင်းလောက်အောင် တည်ငြိမ် ရင့်ကျက်နေခဲ့ရဲ့ ..။
We are the world
ဘဝမှာ ဘာမှ များများစားစား မလိုအပ်ခဲ့ပါဘူး။ ချစ်ခင်သူ ဘောလုံးသင်းတစ်သင်းစာ (အရံလူမလို) လောက်နဲ့တင် ကျေနပ်ပစ်လိုက်ဖို့ပါ .. လောလောဆယ်မှာတော့ ကြယ်ကလေး တစ်စင်း ပျောက်ဆုံး နေတဲ့ ကမ္ဘာမှာ .. စုစည်းချစ်ခင်စွာ နေထိုင်နေပါတယ်။
မနော်ဟရီ
All are based on my Osho Zen Tarot cards ( Pentacles)
Posted by Zephyr at 10:55 PM 4 comments














Posted by Zephyr at 10:38 PM 3 comments