September Concert

Wednesday, September 22, 2010


အဖြူစွန်း အနက်စွန်းများနှင့် ဘုရားတစ်ပိုင်း မာရ်နတ်တစ်ပိုင်း စက်တင်ဘာ ..

ဟိုး အတိတ် ခပ်နက်နက်ဆီမှာ နစ်မြုပ်ကျန်နေခဲ့တဲ့ စက်တင်ဘာကို ပြန်တူးဖော်ကြည့်မိတဲ့အခါ အရာရာဟာ မပီဝိုးတဝါးနဲ့။ အာရုံအနားသားတွေက နှင်းတွေကျနေခဲ့တယ်။ မိုးငွေ့တွေ ကုန်လုလု စက်တင်ဘာဟာ အတုအယောင် မိုးစက်တွေကို ရွာသွန်းချလိုက်တဲ့အခါ အဲဒါကို အေးမြမှု လို့ ကျွန်မ ထင်ခဲ့ဖူးတာပေါ့ ..။ ခုတော့လည်း အဲဒီအိပ်မက်တွေက သေဆုံးသွားခဲ့ပြီးပါပြီ။

တစ်ချိန်တုန်းကတော့ စက်တင်ဘာဟာ အဖြူရောင် ဖြစ်တယ်။ ရိုးကျိုးမြင့်မြတ်မှု တွေနဲ့ အနားသတ် ဖွဲ့တည်ထားခဲ့လို့ ဘယ်တော့မှ အရောင်မလွင့်ဘူးလို့လည်း ထင်ခဲ့ဖူးတယ်။ ပထမဆုံး နဲ့ နောက်ဆုံးအိပ်မက် တစ်ခုလိုလည်း ခန်းနားလှပနေခဲ့ဖူးတယ်။ သုံးကြောင်းတည်းနဲ့ ကိုင်လှုပ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကလည်း ဇာတ်ဝင်တေးသွား ဖြစ်ခဲ့ဖူးတယ်။ ဒါတွေအားလုံးဟာ ထင်ယောင်ထင်မှားမှု တွေတဲ့လား …။

တောအုပ်ကကျယ်ပြီး ခြင်္သေ့က ငယ်တယ်
ခြင်္သေ့ပြောသမျှ တောအုပ်က နားထောင်အောင်
မင်း ကိုယ့်အတောင်ပံလေးတွေ လုပ်ပါလား အချစ်ရယ် တဲ့ …

သားရဲတစ်ကောင်ရဲ့ အတောင်ပံဖြစ်ခွင့်ကို တစ်လောကလုံးနဲ့ လဲလှယ်ပစ်လိုက်ခဲ့တဲ့ ခပ်မိုက်မိုက်မဲမဲ အဖြူရောင် ငှက်မွေးလေး တစ်တောင်ဟာ ကျွန်မပဲပေါ့ ။ စိမ့်နက်နေတဲ့ တောအုပ်ရဲ့မာယာကို နားမလည်ခဲ့သလို တောဘုရင် ခြင်္သေ့ရဲ့ ခက်ထန်မှုတွေကိုလည်း ကျွန်မ မေ့လျော့ထားခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ မောက်မှားနေတဲ့ အာရုံမှာ တောအုပ်တွေကတောင် နှင်းအရောင်နဲ့ ဆွတ်ဆွတ်မှောင် လို့ ..။ အိုး .. အဲဒီ စိတ္တဇနာမ်ဟာ လူကို မှားယွင်းစေနိုင်တဲ့ စွမ်းအင်များစွာပိုင်ဆိုင်ထားခဲ့သတဲ့လား ။

တဖြည်းဖြည်းနဲ့ တောအုပ်က မှောင်မည်း နက်ရှိုင်းလာတယ်။ သားရဲတွင်းထဲက သွေးညှီနံ့တွေက ကျွန်မကို အိပ်မက်က နိုးထတော့လို့ ပြောနေသလိုပဲ။ အဖြူရောင်တွေက တဖြည်းဖြည်း သိပ်သည်းပြီး မှောင်လာတယ်။ ဟင့်အင်း .. ကျွန်မ ဘာကို နောင်တရရမှာတဲ့လဲ။ မရချင်ပါဘူး။ အပိုင်းပိုင်း အပြတ်ပြတ်နဲ့ သွေးရဲရဲ သံရဲရဲ ပြုတ်ကျ ပျောက်ဆုံးသွားခဲ့ရတဲ့ ကျွန်မ ဘဝ အပိုင်းအစတွေကို ထုံပေပေနဲ့ ငေးကြည့်နေမိသေးတာ .. သက္ကရာဇ် တချို့တောင် ပြာကျသွားတဲ့အထိ။ … ထွက်သက်ဝင်သက်နဲ့ ခန္ဓာ ပြန်ငြိလာတဲ့အခါ အဖြူရောင် ငှက်မွေးတောင်လေးဟာ ကံကြမ္မာမိုးသည်းထဲမှာ ခိုက်ခိုက်တုန် ကျိုးပျက် ပေကျံလို့ ..။ သားရဲတစ်ကောင်ရဲ့ အတောင်ပံဖြစ်ခွင့်ကို ရယူခဲ့တဲ့ အတောင်ပံတစ်ခုရဲ့ တစ်ခန်းရပ်ပေါ့ ..။

စက်တင်ဘာဟာ အနက်ရောင်တွေ စွန်းပေလာခဲ့ပြီ ။ ရုန်းထွက် လွတ်မြောက်လို့ မဖြစ်နိုင်တဲ့ နေ့ရက်တွေက အရိပ်တွေလို မည်းနက်မှုန်ဝေ လို့။ ခြောက်ခြားဖွယ် မုန်တိုင်းတွေကလည်း ဟူးဟူးရားရား တိုက်ခတ်လို့ ။ အလွယ်တကူ ပျံသန်းခဲ့ဖူးတဲ့ နေ့ရက်တွေက ဘယ်နားမှာ ကျကျန်ခဲ့ပြီလဲ။ တစ်ချိန်က ကူညီပျံသန်းခဲ့ဖူးတဲ့ အတောင်ပံလေးတစ်ဖက် သွေးစက်တွေနဲ့ ပြုတ်ကျ ကျန်ရစ်ခဲ့အောင် ဘယ်လို နတ်ဒေဝတာကများ အကျိုးဆောင်ခဲ့တာလေလဲ။ တကယ်ဆို တောဘုရင်ဟာ အတောင်ပံတစ်စုံ လိုမှ မလိုအပ်ခဲ့ပဲကွယ်။ နာကျင်ကြေကွဲခံပြီး ရင်နင့်တေးသံတွေနဲ့ ကူညီပျံသန်းခဲ့ဖူးတဲ့ နေ့ရက်တွေဟာ လောကရဲ့ အပိုဆု သက်သက်ပဲပေါ့။ အမှားအယွင်းမရှိ ရွာချလာတဲ့ မိုးသံတွေအောက်မှာ စုန်းစုန်းမြုပ်နေတဲ့ ဝေါဟာရ တစ်လုံးဟာ “ မိုး ” တဲ့ ..။ အခါလွန်သွားခဲ့တာလေး တစ်ခုပါပဲ။

အဖြူရောင်ပန်းပွင့်တွေ စက်ဝေနေအောင် ပွင့်ခဲ့ဖူးသလို အဖြူရောင် မိုးစက်တွေ လွင့်ကြွေခဲ့ဖူးတဲ့ စက်တင်ဘာမှာပဲ အနက်ရောင် ရေခိုးရေငွေ့တွေ အုံ့ဆိုင်း မင်းမူလာခဲ့တာ။ အဖြူရောင် ဗိမာန်လေး တစ်ခုကို တည်ခဲ့ဖူးတဲ့ စက်တင်ဘာမှာပဲ အနက်ရောင် လဲပြိုမှုတွေ ကျရောက်လာခဲ့တာ။ အဖြူရောင် သီချင်း ကို ဆိုခဲ့ဖူးတဲ့ စက်တင်ဘာမှာပဲ အနက်ရောင်သံစဉ်တွေ လမ်းမှားဝင်လာခဲ့တော့တာ။ အရာရာဟာ မှုန်သီ ဖြာဝေလို့ ဘာကိုမှ သည်းကွဲစွာ မမြင်ရတော့ပါဘူး။ ကိုယ်တိုင်လည်း မီးခိုးတလူလူနဲ့ မီးတောက်တွေကို ငြိမ်းသတ်မရနိုင်ခဲ့သေးဘူး။ နောက်ဆုံးမှာတော့ ပြာပုံကလေးအတွက် ရေအေးအေးတစ်ခွက်တော့ လိုအပ်ခဲ့လိမ့်မယ်။

အရာရာကို ပေးအပ်ခဲ့ဖူးတဲ့ စက်တင်ဘာမှာ အရာရာကိုပြန်လည် ဆုံးရှုံးလိုက်ရဖူးတယ်။ အရာရာ အရည်ပျော်ကျသွားခဲ့ရတဲ့ ရာသီဥတုမှာ အရာရာပြန်လည် အေးခဲခဲ့ဖူးတယ်။ ရလိုက်တယ်ထင်ပြီး ဘာမှမရလိုက်တဲ့ လပ်ဟာမှုတွေ တပုံတပင်ကိုလည်း သိမ်းဆည်းထားခဲ့ရဖူးတယ်။ ကတိကဝတ် အကျိုးအပဲ့တွေ အများဆုံး၊ စွယ်တော်ရွက်တွေ အကြွေဆုံး ရာသီဟာ စက်တင်ဘာပဲ ဖြစ်ခဲ့လိမ့်မယ် ထင်တယ်။ တကယ်ဆိုရင် တိမ်တွေနိမ့်ဆင်း လိမ့်ကျလာတဲ့ ကောင်းကင်ဟာ အတုဖြစ်လိမ့်မယ်ဆိုတာ သိထားနိုင်တဲ့စွမ်းရည်တွေကို စက်တင်ဘာက စုတ်ယူသွားခဲ့နိုင်တာ ကျွန်မ သိထားသင့်တာပေါ့။ ခုတော့..

သွန်းကျဲပက်ချခဲ့ဖူးတဲ့ ကောင်းချီးတွေဟာ ခုတော့လည်း ကျိမ်စာလိုပါပဲလား။ ခါးသက် .လိုက်တာ။ အကြိမ်ကြိမ် အဖန်ဖန် ရွတ်ဆိုခဲ့ဖူးတဲ့ မန္ဆန်တွေက ခုကျကာမှ ဌာန်ကရိုင်းမဲ့ နေခဲ့တော့တာ သဘာဝ မကျလိုက်တာ ..။ မာရ်နတ်ရဲ့ အောင်နိုင်မှုတွေကို လက်ပိုက်ကြည့်နေရတဲ့ ညနေခင်းက သိပ် အဆင်းမလှဘူး။ လက်ဖြာတောက်ပနေတဲ့ ဒါဏ်ရာရောင်စုံတွေကို ဖုံးအုပ်ဖို့တဲ့ .. အမှောင်ကတော့ မကြာခင် ရောက်လာတော့မယ်။ စက်တင်ဘာရဲ့ အမှောင်ထဲမှာ တစ်ယောက်တည်း စမ်းတဝါးဝါးလျှောက်ရင်း ပြိုဆင်းကျလာတဲ့ နာကျင်ခြင်းတွေကို ခေါင်းငုံ့လည်စင်းပေးနေရတာ သိပ်တော့ အရသာမရှိပါဘူး။

ခုတော့လည်း ဒိထက်မှောင်တဲ့ အမှောင်ဆိုတာ မရှိကြောင်း လက်တွေ့သိခဲ့ရပြီ။ ထိထက်ပိုတဲ့ ဒါဏ်ရာ အနာတရဆိုတာ မရှိနိုင်ကြောင်း နားလည်ခဲ့ရပြီ။ အသားမာ တက်လာတဲ့ စိတ်တွေကို ကြည့်ပြီး ပီတိဖြစ်နေရတဲ့ နေ့ရက်တွေအတွက် ကျန်ရစ်ခဲ့တဲ့ နေ့ရက်တွေကို ကျေးဇူးတင်တတ်လာတယ်။ ဘယ်အမှောင် ဘယ်လိုမှောင်မလဲ … လို့လည်း ခပ်တိုးတိုးလေး ညည်းတတ် ဆိုတတ်လာခဲ့ပြီ။ တစ်နေ့တော့ လင်းဖို့ မဟုတ်ပါဘူး။ ဒိထက်ပိုတဲ့ လောကဓံ ဆိုတာ မရှိနိုင်တော့ဘူးလို့ ယုံကြည်မိလာတဲ့ အတွက်ပါ။

သေသေသပ်သပ် သော့ခတ်သိမ်းဆည်း မြုပ်နှံပစ်လိုက်ရမယ့် နေ့ရက်တွေကို ဘာလို့များ နောက်ဆုံးအနေနဲ့ ဆိုပြီး ဖွင့်ကြည့်နေမိတာလဲ။ ခါးသီးတဲ့ လျို့ဝှက်ချက်တွေကို ဒီအတိုင်း သဂြိုဟ်ပစ်လိုက်တာ အကောင်းဆုံးမှန်း သိပါလျက် ပြန်ကြည့်နေမိသေးတာဟာ နောက်ဆုံး လက်ကျန် ကျိန်စာ လေလား ။ တစ်ပါးသွား တေးထပ်တွေနဲ့ မတ်မတ်ရပ်နေနိုင်ခဲ့တဲ့ နေ့ရက်တချို့မှာ ဘာကိုမှ ပြန်ပြီး သတိမရဖြစ်တော့တာ အတော်ကြာနေခဲ့ပါပြီ။ ခုတော့လည်း တစ်ခန်းရပ်ပြဇာတ်တွေက ဇာတ်ကွက် သိပ်မပီပြင်တော့ဘူး။ ကားလိပ်အတင်အချမှာတင် ကံကြမ္မာဟာ ကိုယ်လိုရာချိန်ထိုး ခိုင်းစေရမယ့် ဇာတ်ကောင်တစ်ကောင် ဖြစ်နေခဲ့ပြီ။ ဒါဟာ အောင်မြင်မှု တဲ့လား ..။
စက်တင်ဘာတွေ လှည့်ပြန်လာတိုင်း စိတ်ရင်းအတိုင်း ထုံပေပေနဲ့ ကြည့်နေတတ်ခဲ့ဖူးပြီ။ ဒါနဲ့တောင် .. ခြေချော်ကျနေဆဲ ဝေါဟာရ တစ်ခုဟာ စက်တင်ဘာ ဖြစ်နေသေးတာ အံ့သြစရာ ..။ မာရ်နတ်ရဲ့ မန္တာန်တွေနဲ့ ပဉ္စလက်တွေကို သိသိကြီး ယုံစားခဲ့ဖူးတာ သံသရာရဲ့ အလှည့် တဲ့လား။ ဘုရားသခင်ကတော့ နေ့ရက်တွေကို မဟာဂရုဏာတော်နဲ့ ဖွင့်ကြည့်ခွင့်မပေးပဲ သိမ်းဆည်း ထားပေးတုန်းပါပဲ ။
အတုန်းအရုန်း လဲပြိုကျနေခဲ့ဖူးတဲ့ စစ်မြေတလင်းဟာ ခုတော့လည်း ကိုယ်တိုင်ကိုယ်ကျ မဟုတ်ခဲ့သလိုပါပဲ။ ရှင်ပြန်ထမြောက်ရာ နေ့ရက်တွေမှာ ကြယ်ကလေး တစ်လုံးစာ အလင်းတစ်ခုတည်းနဲ့ လုံလောက်ခဲ့ကြောင်း ပြန်လှည့်လာတဲ့ စက်တင်ဘာကို သတင်းကောင်းပေးခဲ့ရဦးမယ်။ ခုနေခါမှာတော့ စက်တင်ဘာဟာ အဖြူတစ်ဝက် အနက်တစ်ဝက် ပဉ္စလက် ခပ်လက်လက်တွေနဲ့ ဟန်ဆောင် ကခုန်နေတုန်း ….။ မာရ်နတ်ရဲ့ တေးသွားနဲ့ ဘုရားသခင်ရဲ့ ဝတ်ရုံကို ခြုံထားတုန်း ..။ သမ္မာတရားတွေ ခင်းထားတဲ့ လမ်းမကို ခပ်တည်တည်နဲ့ လျှောက်ဝင်လာနေတုန်း။ လောလောဆယ်မှာတော့ ကျွန်မ အလှဆုံး ပြုံးနေခဲ့ပါတယ်။

မနော်ဟရီ

---------------------------------------------------------------------------------------

စက်တင်ဘာဂီတ၊ အဆိပ်သင့်အေးခဲမှုများနှင့် သံသရာ

"You can fight a war for a long time or you can make your nation strong.
You can’t do both."
Sun Tzu's The Art of War 2:1:25

ဆွန်ဇုနဲ့ ငြင်းခုန်မနေတော့ဘူး ................

September ဟာ ငြင်းခုန်ခြင်းကို အားမပေးဘူး ..........။

September ဟာ ဆွန်ဇုလိုပြောတယ် .............။

လွမ်းဆွတ်နေလို့ရတယ် ... အစဉ်အမြဲလွမ်းဆွတ်နေမှာလား ......၊ ဘ၀ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားမှာလား .......... You can't do both ...

ဒါနဲ့ပဲ September နဲ့လည်းငြင်းခုန်မနေတော့ပါဘူး ..............။

September .....။

နှင်းတွေဝေ့၀ဲကျဆင်းနေတဲ့ တစ်ခုသော September .... သပိတ်လွယ်ငှက်ကလေးရဲ့ အကြည့်မျိုးနဲ့ ဖြတ်ခနဲ လှည့်ကြည့်လိုက်တဲ့ အကြည့်လေးတစ်ခုကြောင့်ပဲ အနွေးဓာတ်လုံလောက်သွားခဲ့ရတယ်။ TRIO သိကြားလုံးက ကော်ဖီတစ်ခွက်နဲ့မလဲနိုင်ဘူး လို့ကြော်ငြာသွားသလို .... အကြည့်လေးတစ်ချက်နဲ့ မလဲရက်နိုင်တော့တဲ့ စက်တင်ဘာ .........။ အသက်ရှူလမ်းကြောင်းတစ်လျှောက် ခွင့်မတောင်းဘဲဝင်သွားတဲ့ ရှူရှိုက်လိုက်တဲ့လေလို ... သူမ အပြုံးတွေ ခွင့်မတောင်းဘဲ ဖြတ်သန်းဝင်ရောက်သွားတဲ့ ၊နှလုံးသား စနစ်တစ်ခုလုံး ... ယိမ်းယိုင်ခဲ့ရတဲ့.. ကာလငယ်လေးတစ်ခု ။

အပြာရောင်ကျောင်းကားကြီးကိုမှီပြီး ကောင်းကင်ကိုမော့ကြည့်မိတဲ့ စက်တင်ဘာ .............။ ကျောင်းစာအုပ်ကလွဲရင် အားလုံးပါတဲ့ လွယ်အိတ်ထဲ ၀ပ်စင်းပြေလျော့နေတဲ့ စက်တင်ဘာ .... သီဟိုဠ်ပင်တွေကြားက စက်တင်ဘာ ......။ ကြွေခါနီးသစ်ရွက်ပေါ်က ပုရွက်ဆိတ်လေးရဲ့စက်တင်ဘာ .............။ ခြောက်သွေ့နေတဲ့ လယ်ကွင်း ပက်ကြားအက်လေးရဲ့ စက်တင်ဘာ ........။ အစိမ်းရောင်ဆေးသုတ်ထားခဲ့တယ်လို့ ခန့်မှန်းယူရရတဲ့ ကျောင်းရှေ့ ဆိုင်းဘုတ်ကြီးနောက်ကွယ်က စက်တင်ဘာ .........။ လူတိုင်း တိုက်တိုက်ဆိုင်ဆိုင်မက်ဖြစ်ခဲ့တဲ့ အိမ်မက်တစ်ခုလို စက်တင်ဘာဟာ........တွေ့တိုင်းပြောစရာဖြစ်ခဲ့ရတယ်။

လူငယ်တစ်ယောက်ရဲ့ဥယျာဉ်မှာ အပြာရောင်ပန်းတွေအပြည့်ပွင့်သွားတဲ့ စက်တင်ဘာ ... ၀င်လေနဲ့ထွက်လေကြားမှာ သူမကိုမေ့လျော့ချိန်လေးရှိတယ်လို့ တွေးမိတဲ့အချိန်.. အသက်ရှူတိုင်း သတိရနေတတ်တဲ့စက်တင်ဘာ .....။ အမွှေးအတောင်တွေ သပ်ရပ်အောင် နှုတ်သီးနဲ့ ဖွဖွလေးဆိတ်နေတဲ့ ငှက်ကလေးတစ်ကောင်လို ချစ်စရာကောင်းတဲ့ ဆောင်းကြိုလလေး .....။ ကျောင်းလွယ်အိတ်ထဲက ထွက်ထွက်ကျလာတဲ့ စံပယ်ပန်းရနံ့တွေနောက်ကို လိုက်သွားရင် သူမကို တွေ့ရလိမ့်မယ် မဟုတ်လား ။

နှလုံးသွေးခုန်နှုန်းဟာ လူတစ်ယောက်ရဲ့ ကိုယ်သင်းနံ့နဲ့ တိုက်ရိုက်အချိုးကျပြောင်းလဲတတ်ပါသလား ........။ အဲဒါတွေကို စက်တင်ဘာထဲ ဖြတ်သန်းသွားဖူးတဲ့ ခရီးသွားအမှတ်အသားတစ်ခုလို့ ယူဆလိုက်ရမှာလား .......။ စက်တင်ဘာဟာ မီးသေတောင်တစ်ခုမဟုတ်ခဲ့ဘူး .....။ ချော်ရည်ကင်းစင်တဲ့ ပန်းတစ်ပွင့်ရဲ့ပွင့်ဖတ်ထဲမှာ လေညင်းနဲ့ပန်းရနံ့ရဲ့ မတော်တဆတွေ့ဆုံမှုကိုပဲ အချစ်လို့သတ်မှတ်လိုက်ရမလား....။ အဲဒီအပြုံးတွေအတွက် သံသရာကို ဆွဲဆန့်ထားတာလို့ ဒိုင်ယာရီမှာရေးတဲ့နေ့ ..စက်တင်ဘာလရောင်တွေ လဲ့ပြာနူးညံ့နေခဲ့တယ်။

ငှက်ကလေးတွေဟာ အိပ်တန်းရှိတယ် ....။

မြေခွေှးမှာလည်း ၀ပ်ကျင်းရှိတယ် .... ချစ်သူရဲ့မျက်တောင်လေးတစ်ချောင်းမှာ သံသရာရှည်ကြောင်း အလုံအလောက်ရှိတယ်။ အဲဒီမျက်တောင်လေးတစ်ခုစာ ....... ဒုလ္လဘတရားမှာ .......... အန္ဓဖြစ်ခွင့်ရတာကိုပဲ ကြည်နူးမဆုံးတဲ့ စက်တင်ဘာ ....။ တ၀ုန်းဝုန်းထွက်ခွာသွားတဲ့ ရထားအိုကြီးတစ်စင်းကို စက်တင်ဘာတပ်ကြည့်ပြီး လှပစ်လိုက်တယ် .....။ အိပ်မပျော်တတ်တဲ့သူတွေ ကြားရတဲ့ တိတ်ဆိတ်မှုထဲက တိတ်ဆိတ်တဲ့အသံတစ်စလိုလို .....။ စက်တင်ဘာဟာ ချစ်သူချင်းထားတဲ့ကတိစကားလည်းဖြစ်ပြီး ....ချစ်သူချင်းနားလည်တဲ့ အကြည့်တစ်ချက်လည်းဖြစ်တယ် .........။

စက်တင်ဘာဟာ လိပ်ပြာတစ်ကောင်ပဲ ....။ ငါ့ရဲ့စိတ်မှာနားတယ် ....။ လက်မောင်းပေါ်မှာနားတယ် .....။ အိမ်မက်မှာနားတယ် ....။ ခရီးသွားတွေ အိုအေစစ်ကိုမျှော်သလို ...ခြံဝင်းတံခါးလေးကနေ စက်တင်ဘာကိုမျှော်တယ် ......။ သောက်ရေအိုးစင်မှာ စိုက်ထားတတ်တဲ့ စပါးပင်လေးလို ... ကံပေးသလောက်လေးစိမ်းလန်းခွင့်ရတဲ့ ၉ ဂဏန်းနဲ့လ......။ နောင်ရေးကို နောက်မှ ပြောကြရအောင်.... သေချာတာတာတွေထက် သေချာတဲ့ အချစ်တစ်ခုစာ စက်တင်ဘာ ..... ကောင်းကင်တစ်ခုလုံး အ၀ါရောင် ပြန်သုတ်ထားလိုက်မိချိန် ….. ခဏလေး စိုက်ကြည့်ခွင့်ရရုံဝေးကွာတဲ့စက်တင်ဘာ .....။

နှင်းကြိုရာသီ .... သိပ်ချစ်လွန်းလို့သတ်သေသွားကြတဲ့ စုံတွဲတွေရဲ့ လက်ကို တွဲချည်ထားတဲ့ လက်ကိုင်ပုဝါလေးလို လှပကြောက်မက်ဖွယ်သော လတစ်လ..............။ စက်တင်ဘာရဲ့ အစဟာ စက်တင်ဘာမှာပဲဆုံးတယ်ဆိုတဲ့ ချစ်မြတ်နိုးဖွယ် စက်ဝိုင်းလေးတစ်ခု....။ အီသာဓာတ်ငွေ့အလုံအလောက်ပါတယ် ....။ သနပ်ခါးလိမ်းထားတဲ့ပါးကလေးတစ်ဖက်ပါတယ် .....။ နောက်ပြီး ဘယ်ဖက် အံသွားတွေနဲ့ပဲ အစာကို ကြိတ်ခွဲစားသောက်ရတဲ့ မိန်းမငယ်လေးလည်းပါတယ် .......။ စက်တင်ဘာ ဟာ ပြဇာတ်တစ်ခုမဟုတ်တဲ့အတွက် စင်တင်ဖျော်ဖြေဖို့မလိုဘူး .....။ စက်တင်ဘာဟာ ရေမွှေးရနံ့မဟုတ်တဲ့အတွက် ဖိသိပ်သိုလှောင်ဖို့မလိုဘူး ....။ စက်တင်ဘာဟာ စက်တင်ဘာအရှိအတိုင်းလှတယ် ....။ စက်တင်ဘာဟာ ထပ်မံဖြည့်စွက်ဖို့မလိုအောင် ပြည့်စုံတယ် ....။ စက်တင်ဘာဟာစက်တင်ဘာ အဖြစ်မှာ တည်ငြိမ်ရှင်းသန့်စွာ .... လှပတယ်............။ စက်တင်ဘာဟာ နှလုံးသားကို ပန်းပွင့်နဲ့မထောက်ဘဲ လုယက်သွားတဲ့ လူဆိုးမလေးလည်းဖြစ်တယ်။

စက်တင်ဘာဟာ နှစ်ယောက်ပေါင်းမှ သတိရခြင်းတစ်ခုပဲပိုင်ဆိုင်တယ် ......။ လရောင်လမ်းလေးမှာ ဖယောင်းတိုင်လေးထွန်းပြီးလမ်းလျှောက်ခဲ့ရတယ် .......။ သစ်ပင်အမြင့်ကြီးက ကြွေရတဲ့သစ်ရွက်ဟာ ပိုမောတယ် .........။ အဲဒီပုံပြင်လေးတစ်ခုစာ ...... နောင်တတွေရဖို့ ချစ်ခဲ့တာ မဟုတ်တဲ့ ကာလတိုလေးတစ်ခု ......။ ညီညာဝိုင်းစက် ... လက်ရေးလှလှလေးနဲ့လွမ်းထားတဲ့စက်တင်ဘာ .....။

စင်္ကြံ လျှောက်ရင်း သတိရမိတတ်တဲ့ စက်တင်ဘာ ...................။ အိမ်မက်တစ်ခြမ်းစီကို ရင်ဘတ်ထဲမှာ သိမ်းထားတဲ့စက်တင်ဘာ........။ သံယောဇဉ်တွေ အလေ့ကျပေါက်ရောက်တတ်ခဲ့တယ်......။ ဟမ္ဘူရာဘီကို သဘောကျမိအောင် .... အနမ်းတစ်ခု အတွက် အနမ်းတစ်ခု ဥပဒေထွန်းကားရာစက်တင်ဘာ ......။

စက်တင်ဘာ … အင်နာရှားချွတ်ချော်သွားတဲ့ သတိရမှုတွေ တောင်ပြိုတဲ့လ …..။ လရောင်ထဲမှာ အတိတ်ကို ပြန်မျှားနေမိတဲ့တံငါသည်လို …. အဆွေးသမားလိုလို .. ဘာလိုလို ….. ကိုယ့်ဒဏ်ရာကို လျှာကြမ်းနဲ့ပြန်လျှက်လိုက်တဲ့ ခြင်္သေ့တစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့ ညို့မှိုင်းနေတဲ့ ရေပွက်လေးတစ်ခုစာ …..။ လွမ်းဆွတ်ခြင်း ကွမ်းတစ်ယာညက်ခန့်အကြာ ….. စက်တင်ဘာ စက်တင်တွေ နဲ့ လင်းချင်းတောက်ပ … ညာလက်ဖ၀ါးလေးလည်အေးစိမ့်ခြောက်သွေ့ခဲ့ရပြန်တယ် …………………..။

အချစ်စစ်တစ်ခုရဲ့သက်တမ်းကို သုံးနှစ်ကနေ ငါးနှစ်အထိလို့ မသိခဲ့တဲ့အရွယ်က စက်တင်ဘာ …. တိမ်ပြာတွေမော့ကြည့်ပြီး သေဆုံးသွားတဲ့ လိပ်ပြာလေးတစ်ကောင်ရဲ့ နောက်ဆုံးထွက်သက်နဲ့အတူ ဖျော့တော့သွားတဲ့ အပြုံးတစ်ခုစာ …. နာကျင်နေသောစိတ် ………။ ဘယ်ဘက်ရင်ဘတ်ထဲမှာ ထည့်ထားတဲ့ပုံရိပ်လေးကို ပြန်လည်ထုတ်ယူလိုက်ရတဲ့ စက်တင်ဘာ … ကြယ်ပွင့်လေး ၃၆၅ ပွင့်ကြွေကျသွားတဲ့လ ………..၊ အမှတ်တရတွေကို အမှတ်မရအောင် စိတ်ကို ကျောပြန်သပ်ရတဲ့လ … လွမ်းဆွတ်မှုကို လက်ပြန်ကြိုးတုပ်ထားရတဲ့လ …..။ တိုးတိုးဖွဖွ သတိရမိတိုင်း … ယဉ်ယဉ်ကျေးကျေးသတိရမိတိုင်း ….. နာနာကျင်ကျင် သတိရလိုက်တိုင်း ………….. အိမ်မက်နာရီတွေ ပြောင်းပြန်လည်နေတတ်တယ် …….။

ဒိုးလုံးရဲ့ “အားလုံးမေ့လို့ရရင် အရာရာ အဆင်ပြေသွားမယ် ……….” ဆိုတာလေးကို ခပ်ညည်းည်းဆိုရတဲ့စက်တင်ဘာ …… ခံစားချက်တွေ အားလုံးသွေးခဲသွားဖို့ တရားဝင် လက်သင့်ခံလိုက်ရတဲ့ စက်တင်ဘာမျှော်စင်ကကြည့်ရင် ဒဏ်ရာတွေ တလက်လက်တောက်ပတာ ကိုပဲမြင်နေရလိမ့်မယ် …..။ တည်ဆောက်ထားတာမလွယ်ခဲ့သလို ဖြိုဖျက်ရတာလည် မလွယ်ဘူးဆိုတာ ကို သိလိုက်ရတဲ့ အခိုက်အတန့် …. …. … ဂီတဟာ နာမကျန်းဖြစ်သွားခဲ့တယ်။ ….. လေထူထဲ အောက်ဆီဂျင်အစား phosgene andchlorine ပြည့်နှက်သွားခဲ့တယ်။ အချစ်ဆိုတာကို သစ္စာတရား နဲ့ စားလိုက်တိုင်း အကြွင်း သုညရတဲ့ ပုစ္ဆာတစ်ခုလို့ သိလိုက်ရချိန်ဟာ အတော်လေးနောက်ကျသွားခဲ့ပါပြီ။ ဆေးမမီတော့တဲ့ စက်တင်ဘာ ဒဏ်ရာတွေနဲ့ …. သေနတ်တစ်ချက်မှမဖောက်ဘဲ ကျရှုံးသွားရတဲ့ မြို့လေးတစ်မြို့မှာ ခရမ်းရောင် အလံကို နောက်ဆုံးလွှင့်ခဲ့ရတယ် …………………………။ ။

PEACE B UPON U ………….September ……………………!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

Notes:

အခု နားထောင်နေမိတာ … Wake me up when September Ends သီချင်းပဲပေါ့ …..။ ကမာကောင်တွေ ၀မ်းဗိုက်ထဲက ကျောက်ခဲလေးကို ထုတ်ဖို့ကြိုးစားနေသလို …… မအောင်မြင်တဲ့ လွမ်းဆွတ်မှုကို စိတ်ထဲက ထုတ်ပစ်ဖို့ကြိုးစားနေခဲ့ခြင်းကိုပဲ တန်ရာတန်ကြေး အဖြစ်ရခဲ့လို့ ...... မျက်ရည်စစ်စစ်ချည်းပဲ သုံးဒဿမ ငါး မီလီလီတာ ရွာသွန်းခဲ့ရန် စနစ်တကျ ပြင်ဆင်ခဲ့သော်လည်း စက်တင်ဘာ၏ အေးမြခြောက်သွေ့သော အရှေ့မြောက်လေများကြောင့် လုပ်ငန်းရည်ရွယ်ချက် မအောင်မြင်ခဲ့ကြောင်း ……………..။ ။

Mom, it is juz a September-ache.

Zephyr


ဒါထက် စကားမစပ် .... ခဲရာခက်ဆစ် တွယ်တွယ်တာတာ

Monday, August 23, 2010

ဒါထက် စကားမစပ်

အရပ်မသိ ဇာတ်မသိနဲ့ အသိတရားတွေအကြောင်းဟောမိတော့
လိပ်တွေကို hurry hurry လို့ သွားလုပ်မိသလို ခင်ဗျားမောနေမှာပေါ့
သူတို့ကတော့ ဒီနားက တစ်ဖဝါးမှမခွာပဲ ခင်ဗျားကို မိုင်ထောင်ချီအကြောင်းတွေ ပြောကြလိမ့်မယ်
ခင်ဗျား စလိုက်တာကတော့ အသက်ဓာတ်နဲ့ဆိုင်တာပါပဲ ..
တဖြည်းဖြည်းနဲ့လိုရာဆွဲရင်း မီးကျိုးမောင်းပျက် ရှင်သန်နေထိုင်မှုတွေပါလာတယ်
လူယုတ်မာတွေ သူတော်ကောင်းတွေနဲ့ သီအိုရီ အကျိုးအပဲ့တွေ ပါလာတယ်
ပင့်ကူအိမ်ဆိုတာ သူတို့စားကျက်မို့ ခင်ဗျားလို သန့်ရှင်းရေးသမားတွေ မလိုအပ်ဘူး
(သူတို့ ဦးနှောက်တွေ ဖောက်စားလိုက် အကောင်တွေ သေအောင်ပစ်ချလိုက်နဲ့ ခင်ဗျားမမြင်ဘူးလား ..)
ရေတိမ်တိမ်လေးမှာ လူပုလေးတွေကူးပြီး အန္တရာယ်တွေအကြောင်းပြောတာ ပြောကြပါစေလား
ခင်ဗျားဖြတ်ရမယ့် ပင်လယ်က ရှေ့မှာ ..လှိုင်းတွေလည်းရှိတယ် မုန်တိုင်းလည်းရှိတယ်
ကိုယ့်လှေကိုယ်ပြင်ပြီး ကိုယ့်ရွက်ကိုယ် အမြင့်ဆုံးတင်ပစ်လိုက်စမ်းပါ
ပင်လယ်ဓားပြတွေရဲ့ ရတနာကို ဦးနှောက်နဲ့ရယူလိုက်မလား ရေနက်ထဲက ပုလဲတွေကို ဆင်းငုပ်လိုက်မလား
ခင်ဗျားအတွက် challenging တွေ အသစ်တွေအများကြီးပါ ..
ခုတော့ ခင်ဗျားမှတ်တိုင်တွေ ထုံးလာသုတ်တာ ခင်ဗျားရယ်နေရတယ် ..
ထားခဲ့လိုက်ပါ.. တစ်နေ့ တစ်ရွေ့ရွေ့ ခင်ဗျားရောက်သွားမယ့်ခရီးမှာ ပစ်ဂမီတွေမပါတော့ဘူး
ရေတိမ်ပိုင်းဒေသတွေကိုလည်း ခင်ဗျာပြန်ရောက်လာခဲ့တော့မယ် မထင်ဘူး ………
ကျွန်းမြေသစ်တွေ့ရှိကြောင်း သတင်းစကားပါးလိုက်တဲ့အခါ .. အဲဒီနေရာဟာ
အရပ်နဲ့ ဇာတ်လိုက်ဖို့လိုတာလေး တစ်ခုပဲ မှာလိုက်ပါရစေ ..

မနော်ဟရီ

ခဲရာခက်ဆစ် တွယ်တွယ်တာတာ

မျက်နှာမူရာတွေက နေမထွက်ပြန်ဘူး
ဆိတ်ဆိတ်နေထောင်တန်နေရာက
သက်ပြင်းချလိုက်ရတယ်။
တန်ရာတန်ကြေးဘယ်လောက်လဲပြန်မေးနေတာနဲ့
တန်ဖိုးကျကျလာတယ်။
အမည်ပေါက်လွမ်းဆွတ်မှုတွေလည်း သိပ်အ၀ယ်မလိုက်ပြန်ဘူး။

လူဟာ ...
ကျောက်ကပ်အစားထိုးတယ်၊
အသည်းအစားထိုးတယ်၊
အပြုံးအစားထိုးတယ်၊
နောက်ဆုံး မရှိရှိတာအစားထိုးတယ် ...။
ဒါဟာယဉ်ကျေးမှုပဲ ....၊
သွားတုကြီးနဲ့ပြုံးတာခံလိုက်သလို ခံရခက်တယ်။

ကောင်းကင်နဲ့နီးချင်လို့မြေကြီးနဲ့ဝေးခဲ့တယ်။
သွေးလက်ကျန်မရှိတော့တဲ့ပိုက်လို ... မျှော်လင့်ချက်ဟာလည်း
ကုတင်ခေါင်းရင်းမှာ ငြိမ်ငြိမ်လေးခြောက်ကပ်သွားတတ်တယ်။
မနက်ဖြန်ပြန်လာမှာလားလို့တောင် ........ ခြံဝင်းတံခါးလေးကိုမမေးဖြစ်ခဲ့ဘူး .................။

လမ်းတွေကကြမ်းမယ် .......
ဘ၀ဟာ လက်တွဲလျှောက်ရုံတောင်မှ မကျယ်ပြောဘူး ......
ဂငယ်ကွေ့ကွေ့ဖို့ ဂ ငယ်ပြန်ရှာမတွေ့တဲ့နေ့ ..........
ပရောဟိတ်ကြီးလည်း ဒယိမ်းဒယိုင် ....
အသည်းကိုတောင် အနိုင်နိုင်ကွဲယူရတယ်။

...
....
.............
........................

လရောင်ကိုချိုးကောက်ထားတဲ့သော့
ကုမုဒြာကိုဖွင့်တယ်၊
ညမွှေးပန်းကိုဖွင့်တယ်၊
ကိုယ့်စိတ်ကိုလည်းဖွင့်တယ်။
အဲဒါ ...........ထွက်ကျသမျှအကုန်ပဲ။
ဖြစ်နိုင်ရင် အမျှဝေလိုက်ပါ။ ။

Zephyr





Idea August, 2010

Tuesday, August 17, 2010

အိုင်ဒီယာ Magazine August အတွက်ပုံတွေပါ .......။
စာကိုတော့ Magazine Link မှာတင်ထားပေးပါတယ်။

င်္(Fileden မှာ တင်ထားတဲ့ Flash တွေ တခြား hosting ကို ရွှေ့နေပါတယ်။)


တနင်္ဂနွေစီးချင်း

Saturday, July 31, 2010

တနင်္ဂနွေမှတ်တိုင်
အားလပ်ရက်ဆိုတော့
အလင်းတွေကိုပိတ်ချပစ်လိုက်တယ်
ပျော်ရွှင်မှုတွေ မှောင်ကျသွားတဲ့အခါ
အလင်းတုတွေ ဖြာကျလာခဲ့ရဲ့ ..

တနင်္ဂနွေမှတ်စု
နံနက်ခင်းကြယ်
နေ့လည်အိပ်မက်
အဆက်အစပ်မဲ့ညနေခင်း
အလင်းကျွံနေတဲ့ည …

တနင်္ဂနွေအသံ
အနှေးပြကွက်တွေ တစ်ချက်ချက်
ခပ်သွက်သွက်သွားနေရင်းက ပြတ်တောက်သွားခဲ့
အဲဒီအသံ .. အရောင်မမှန်စွာနောက်ကျိနေခဲ့ပေါ့ …

တနင်္ဂနွေပုလင်း
ကိုယ့်ကိုယ်ကို ပုလင်းထဲထည့်ပြီး မျောလိုက်မိတာ
ဘယ်သောအခါမှ ကမ်းပြန်ကပ်မလာခဲ့တော့ …..

တနင်္ဂနွေအရောင်
အမှောင်ထုက လင်းလွန်းနေတယ်
ပျော်ရွှင်ခြင်းတွေမကျရောက်တော့တဲ့နံရံဆီမှာ
ကံတရားက အရောင်တလက်လက် …


တနင်္ဂနွေရိုက်ကွင်း
အဖြူတစ်ခင်း အနက်တစ်ခင်း
ခွက်ထိုးခွက်လန် စိတ်ရင်းတွေ
ညနေခင်းမိုးစက်တွေထဲမှာ
အရိပ်တွေအကုန်ပါသွားပုံက …
ငါ့ပေါ်ငါ ပုံကျသွားတဲ့အထိ …

တနင်္ဂနွေချစ်သူ
အရိပ်
တိတ်တိတ်ကလေး
သွေးနွေးနေမှန်း မသိခဲ့သူ


တနင်္ဂနွေသီချင်း
စိတ်ရောလူရောအနားရထားတဲ့စက္ကန့်တွေက
စိတ်ဓာတ်ကျချင်စရာကောင်းနေတယ် ..
ဆွဲအီနေတဲ့ တယောသံ .. ဘယ်ဟာက ကီးအမှန်တဲ့လဲ …

တနင်္ဂနွေအသေ
နှစ်ပရိစ္ဆေတများစွာ ကြာမြင့်ခဲ့ပေါ့
ဆေးစိမ်ကြပ်စည်းထားခဲ့ရတဲ့ တနင်္ဂနွေမှာ
တစ်စုံတစ်ရာမှ မှာကြားခဲ့ခြင်းမရှိကြောင်း ….

တနင်္ဂနွေရုပ်ရှင်
ကိုယ့်ကိုယ်ကိုပြန်မြင်ရတဲ့ ဖန်သားပြင်မှာ ငါဟာရပ်တံ့နေမိ
သတိထားမိလိုက်တဲ့ ဇာတ်ညွှန်းက ညံ့လွန်းနေတယ်
ရုံထဲကထွက်လာတဲ့အခါ အော်စကာဆုတွေ တပွေ့တပိုက်နဲ့ …

တနင်္ဂနွေသင်္ကေတ
မှတ်သားမှတ်ရာမပါတဲ့ မြေပုံတစ်ခုရဲ့ နံနက်ခင်းက
အဓိပ္ပာယ်ဖော်ရခက်တဲ့ မျက်နှာပေးနဲ့ ..
တစ်ချက်လေးပဲ ပြုံးပြခဲ့လိုက်ပါ ..
ငါ သမ်းဝေလိုက်တဲ့အခါ အဝါဟာ သင်္ကေတ တစ်ခုဖြစ်လိမ့်မယ် ..

မနော်ဟရီ


ဆက်စပ်မဲ့ကာရံများနှင့် ... တိတိပပကြေကွဲကြည့်စရာ မည်မည်ရရမရှိသော တနင်္ဂနွေ စပ်ထည်များ...............။

အမျိုးအစား ...။ ။ အက်ဆေး (တပြားမှမလျှော့)

ရေးသူ ။ ။ Zephyr


ကျွန်တော့်ဘ၀ထဲက တစ်ခုခုကို ထုတ်ချင်သည်။ ................။
သင်သိနိုင်ပါ့မလား ....။ တစ်ခုခုကို ထုတ်ချင်သည်။
.... တော်ရုံတန်ရုံမဟုတ်သော စိတ်ဆန္ဒပြင်းပြမှုများဖြင့်ထုတ်ချင်သည်။
.... နှာခေါင်းခွဲစိတ်ထားသော မိန်းမပျိုလေးတစ်ယောက် မှန်ကြည့်တိုင်းနှာခေါင်းကိုကြည့်မိနေသည်ကို သင်နားလည်ပါလိမ့်မည်။ .....။ ခံစားချက်အသစ်များတပ်ဆင်ထားသော လူတစ်ယောက်သည်လည်း သူ့ခံစားချက်ကို သူကြည့်မိနေလိမ့်မည်။ .... ထို့ကြောင့်ဘ၀ထဲမှ တစ်ခုခုကိုထုတ်ချင်သည်။ ထို့ကြောင့်၊ သို့တည်းမဟုတ်၊ အကယ်
၍ သို့သော်ငြားလည်း တစ်ခုခုကိုထုတ်ချင်သည်။ ..ဘ၀ထဲမှ ...........။ မနေ့တနေ့က ကျကွဲသွားတာမဟုတ်သောမှန်ချပ်များသည် ယမန်နေ့နှင့်အလားတူနေ့များတွင် လှဲကျင်းသန့်ရှင်းထားပြီးဖြစ်ကြောင်း သင်တို့ထောက်ခံချက်ကိုယူနေမည်မဟုတ်ပါ .....။သို့ရာတွင် ဘ၀ထဲမှ တစ်ခုခုကိုထုတ်ချင်သည်။

တိမ်ပြာပြာတနင်္ဂနွေကို သင်သိပါသလား .....။
ထိုနေ့တွင်မိုးသည်းထန်စွာရွာရန် ... သင်လိပ်ပြာသန့်ပါရဲ့လား ........
တနင်္ဂနွေကိုသာ အော်ဟစ်မေးမြန်းလိုသည် ..........။
ကံတရားနှင့်ဘူမာရင်းသည် ပစ်လိုက်သည့်အခါတိုင်း ပစ်သူထံကိုပြန်လာတတ်သည်။ သို့သော် ဘူမာရင်းသည် ဖမ်းရလွယ်ကူပြီး ကံတရားသည် အမြဲတမ်းချော်ထွက်ကျနေတတ်သည်။ အရိုးရှင်းဆုံးလွဲချော်မှုလေးများသာမရှိရင် သစ်ရွက်များကြွေကျခွင့်မရနိုင်တော့ပါ။ တနင်္ဂနွေများသည် သွေးမဲ့ဒဏ်ရာများကို ကျိန်းစပ်နာကျင်စေသောသဘာဝရှိသည်ဆိုလျှင် သင်နားလည်ပါ့မလား။ ... အသေးငယ်ဆုံးသော ဒြပ်မှုန်လေးများတိုက်မိလျှင်ပင်ထိခိုက်မိတိုင်းနာကျင်တတ်လျှင် ... အရောင်၊ အနံ့၊ အရသာ အပြင် .. အဆင်းနှင့်အလင်းပါ မရှိသော အငွေ့ပျံမျက်ရည်များကို သင်ခံစားသိရှိပါလိမ့်မည်။


သံသရာသည် ထင်သလောက်မရှည်သော်လည်း ကျွန်ုပ်တို့၏ သက်ပြင်းများသည် ထင်တာထက် ရှည်လျားနေတတ်သည်။ ......
လမ်းသွားရင်းကျပျောက်တတ်သော အလေ့အထများတွင် အလွမ်း၊ အချစ်၊ နှင့် သမုဒယ အသင့်အတင့် အရောင်ဆိုးထားသော သစ်သီးများမပါဝင်ခဲ့သည်ကို သင်ဝမ်းသာမိပါသလား ..........။ တနင်္ဂနွေကို နားနေရန်ဖန်ဆင်းသော ဘုရားသခင်သည် အတော်လေး ပျင်းရိသူမဟုတ်ဟု မဆိုနိုင်ပါ။ ကျွန်တော်သည်လည်း တနင်္ဂနွေနေ့တွင် လွမ်းဆွတ်ရန်ပျင်းရိပါသည် ......။

ဖဲကြိုးဝါများစည်းနှောင်သောအလေ့အထထွန်းကာရာတနင်္ဂနွေနေ့တွင် ....သစ္စာတရားများကို (ဖဲကြိုးမလုံလောက်သောကြောင့် )ခြံထောင့်တွင်စုပုံထားခဲ့ ရသည် .....။သစ်ရွက်အကြွေများလုံလောက်လျှင်နောက်နှစ်တနင်္ဂနွေတွင် စုပုံမီးရှို့ရန်ဖြစ်သည်။... ရက်စက်လွန်းသောပြဇာတ်တစ်ခုတွင် ဗီလိန်သည် အကယ်ဒမီမရတတ်ပါ .....။ တစ်သက်လုံးအသာစီးရထားသောအလေ့အထကို မုန်းတီးရာမှ ကောင်းကင်ကိုမော့မကြည့်သော လူတန်းစားတစ်ရပ်ပေါ်ပေါက်လာသည် ....။ တီကောင်အတွက် ကောင်းကင်သည် ကျစ်စာခဲများလောက်အရေးမကြီးလှပါ ....။ သိပ်အပန်းမကြီးဘူးဆိုလျှင် မိုးတိမ်တောင်များနောက်တွင်သာ ... သစ္စာတရားများကို စုပုံထားစေလိုပါသည် .....။မတော်တဆ သစ္စာတရားဖြင့်ရွာသောမိုးကြောင့် သင်ကျန်းမာရေးထိခိုက်နေလျှင် ... မိုးရာသီကို ကျွန်ုပ် ကျိန်စာတိုက်မိနိုင်သောကြောင့်ဖြစ်သည် ....။ အကယ်စင်စစ် ဖြစ်ပြီးမပျက်သေးသောအရာများမှာ ... မနေ့တနေ့ကအလွမ်းနှင့် မနက်ဖြန်တွင်ပွင့်မည့်ပန်းတစ်ပွင့်၏ ရနံ့မျှသာဖြစ်သည်။

သစ်ပင်တစ်ပင်လောက်သာစိမ်းလန်းကြည့်ချင်မိသည်။

သစ်သီးများသီးပွင့်မနေသည့်တိုင်အောင် ကောင်းကင်အောက်မှာ မြင့်မြင့်မားမား အသက်ရှူဝချင်သည်။
ငှက်ကလေးတစ်ကောင်အတွက် အိမ်ကလေးဖြစ်ချင်သည် ....။
ဆောင်းဦးရာသီအတွက် သစ်ရွက်များခြွေချပေးချင်သည်.................။
မနက်ခင်းဖြတ်သွားဖြတ်လာ ရဟန်းများ အရိပ်ရစေလိုသည် ......။ သံသယကင်းကင်းဖြင့် လက်တံများကို စွင့်ကားထားလိုသည် .....။ ရင်ခွင်ထဲတွင်လည်း ရေချမ်းစင်လေးရှိရမည် ........။
တနင်္ဂနွေနံနက်ခင်းတွင် ....စတင်ပေါက်ရောက်သော တနင်္ဂနွေပင်လေးဖြစ်ချင်သည်။ ... သစ်ရွက်များ၏ လေရှူပေါက်များတွင် ... သစ္စာတရားကိုသာဝင်ထွက်သွားလာခွင့်ပြုမည် .........။

မနက်ခင်းတွင် မေတ္တာပို့လိုက်တိုင်း စိတ်သည် တနင်္ဂနွေ အစွန်အထင်းများမှ လွတ်မြောက်လာသည် ......။
စနစ်တကျသိမ်းဆည်းထားသည့် အမှတ်တရများစွာကို စွန့်လွှတ်လိုက်တော့မည် .....။ ထို့အတွက် တနင်္ဂနွေက ကျွန်တော့်ကို သစ္စာဖောက်တစ်ယောက်လိုကြည့်ကောင်းကြည့်မည် ....။ ဆက်လက်ထိန်းသိမ်းထားသော ဥပါယာသ တနင်္ဂနွေကို အလုံခြုံဆုံးနေရာမှ ပြန်လည်တူးဖော်ပြီး သူသွားချင်ရာသို့သွားခွင့်ပေးလိုက်သည် .......။ တနင်္ဂနွေသည် ... မျက်ရည်ကျနေဦးမှာလား ....။ ပျော်ရွှင်နေဦးမှာလား ... ။ထိုအရာများသည် .... သေဆုံးသွားသောသူတစ်ယောက် ၀င်လေရှူရင်းသေသွားသလား၊ ထွက်လေထုတ်ရင်းသေသွားသလား ကိစ္စလို သိပ်အရေးမကြီးသော မတော်တဆ ကိစ္စလေးတစ်ခုမျှသာဖြစ်ခဲ့သည် .....။ စိတ်ထဲတွင်လောင်ကျွမ်းနေသော သီချင်းတစ်ပုဒ်မှာ... 21 Guns ဖြစ်သည် ......။ ထို့အတွက် ... .... ...... ကိုယ့်နှလုံးသားကိုယ်ကို အပြစ်မတင်တော့ပါ .....။ ရိုးသားစွာနာကျင်ခဲ့ခြင်းသည် ... မရိုးသားစွာဟန်ဆောင်ခြင်းထက်တော့ အကြည့်ရဆိုးပါသည်။ သို့သော်.... မရိုးသားသောသဘာဝများကို နောက်ထပ်တနင်္ဂနွေတစ်ခုအထိ သက်ဆိုးရှည်နေခွင့်မပေးနိုင်ပါ .....။ တနင်္ဂနွေချင်းသာနားလည်သော အိမ်မက်များခြောက်သွေ့သေဆုံးခန်းကို..... တနင်္ဂနွေတစ်ခုခုတွင် .... တနင်္ဂနွေသံပီသသော တယောတလက်က ပြန်ပြောနိုင်ပါလိမ့်မည် .....။ သို့သော် တနင်္ဂနွေနားများနှင့် တနင်္ဂနွေ နှလုံးသားများဆီသို့သာ ....တနင်္ဂနွေတေးသည် ပျံသန်းစီးဆင်းလာပါလိမ့်မည်.....။

တစ်ခုသောတနင်္ဂနွေတွင် ......
တစ်ခုသော တနင်္ဂနွေတွင် ......
တစ်ခုသော တနင်္ဂနွေတွင် .......
ဘ၀ထဲမှ တစ်ခုခုကို ထုတ်ခွင့်ရလျှင် .....................................။

ရှင်သန်ခြင်းကို တွယ်ဆက်ထားသော ကြိုးမျဉ်လေးတစ်စကို ခုတ်ဖြတ်လိုက်ရုံထက်မြသော တနင်္ဂနွေဓားတစ်လက်သည် .....
... ............ ........................ တနင်္ဂနွေ ....အလင်းတစ်ချက်ပြိုးပြက်ရုံ လင်းလက်စဉ်ခဏတွင် ..... တစ်ချိန်က တနင်္ဂနွေအပြုံးများကို သတိရနေခဲ့သေးသလား သိပ်တော့မသေချာခဲ့ပါ။ ။

Zephyr ...


Idea Special Issue, July

Wednesday, July 28, 2010

Idea Special Issue, July
9th Anniversary

(Fileden မှာ host လုပ်ထားတဲ့ flash တွေ တခြား hosting ရွှေ့နေပါတယ်။)


ငါ့ကိုရေးတဲ့ တနင်္ဂနွေမိုးပြေးများ

Saturday, July 24, 2010

.....................
တနင်္ဂနွေ သေတ္တာ

တစ်ယောက်တည်း ရှိမနေကြောင်းသေချာအောင် အဲဒီသေတ္တာကို ဖွင့်ပစ်လိုက်တယ်
မဟာဂီတ.. ပင်လယ်မှာ ညနေ ငါးနာရီ .. ကာဗလာ အနုပညာ … သင်မသေစေရ ..
ငါ မသေစေရ မှ မဟုတ်ပဲ .. ဒီစကားလုံးတွေက တော်တော်လေးမင်ရည်ကျဲတယ် …

နာနာဘာဝ မော်တော်ကား .. ရထား .. သစ္စာတရားကိုရှာဖို့ ငါမြင်းစီးထွက်မတဲ့ ..
ဒိုင်အိုးဂျီးနီးစ် နေ့လည်နေ့ခင်းကြီး မီးခွက်ထွန်းရှာနေသလိုများ ဖြစ်မလား …
သစ္စာတရားရဲ့ အမည်နာမခွဲ အမျိုးမျိုးစာရင်း သူ့ကို တင်သွင်းပေးရဥိးမယ် …

ဂျိန်းအဘိဓမ္မာ.. ဒလိုင်းလားမား .. ဇင်ဖလက်ရှ်ဇင်ဘုန်း.. သိဒတ္ထ ..
ပြီးတော့ ..သင်တို့က လူလိမ်လို့ဆိုတဲ့ အင်္ဂါသား လော့ဘ်ဆန်ရန်ပ …
တတိယမျက်လုံး … ဒါကရော ဘာ အသုံးအဝင်မယ်လို့ ခင်ဗျား ထင်သလဲ …


ပျောက်ဆုံးနေတဲ့ ၁၈နှစ်တာ … မဟာဂန္ဓာရီမှတ်တမ်း .. တစ်ကျွန်းစံ အပြန်လမ်း
ဘယ်လှိုင်းမှ မနမ်းရခင် ငါ့ကမ်းကတော့ ပြိုကျ ပျောက်ဆုံးသွားခဲ့ပြီးပြီ
စိတ္တဇပန်းချီ .. အရောင်တွေညီလာခံတဲ့ ညနေခင်း အဲဒီ အလင်းက သံစဉ်မဲ့လွန်းနေတယ်

ဒီမှာ ဒဏ္ဍာရီအသစ်တွေ ဖန်တီးနေတဲ့သူ.. ခင်ဗျားပျောက်ဆုံးနေတဲ့ သင်္ကေတဟာ ငါကိုယ်တိုင်ပါပဲ …
သေတ္တာတစ်ခုလုံး ကုန်ဆုံးသွားတဲ့ထိ ငါ တစ်ယောက်တည်းရှိနေတာ သေချာပြီးရင်း သေချာနေခဲ့
သေတ္တာထဲမှာတော့ ဘာဆို ဘာမှ မကျန်တော့ဘူး .. ငါ့ကိုယ်ငါ တူးဆွဖို့ပဲကျန်တော့တယ် ..

အဲဒီ တနင်္ဂနွေသေတ္တာကို ဆွဲဖွင့်လိုက်တဲ့အခါ
သင်တို့ အလိုမရှိတဲ့ ငါ့ကိုပဲ တွေ့ကြရပါလိမ့်မယ်။

နေဝင်သွားခဲ့ပြီဆိုပါစို့ .. သင့်ဆီ သေတ္တာတစ်လုံး မျောရွေ့လာခဲ့လိမ့်မယ် …
သင်ပျောက်ဆုံးနေတဲ့သင်္ကေတ .. သင်ပျောက်ဆုံးနေတဲ့နာရီ သင်ပျောက်ဆုံးနေတဲ့ချစ်ခြင်း
ဘယ်လိုအလင်းမှ အဲဒီသေတ္တာထဲပါလာခဲ့မှာမဟုတ်ပါဘူး ….။ ။
၁၉.၇.၂၀၁၀

တနင်္ဂနွေလှောင်အိမ်
တံခါးကလည်း ပွင့်လျက်ပဲ
ငါ့အတောင်ပံတွေကလည်း အကောင်းအတိုင်း
သူတို့ အပြိုင်းအယိုင်း ပျံသန်းနေတာလည်း ငါမြင်နေရတယ်
ငါကျတော့ ဘာလို့ငြိမ်သက်နေမိတာလဲ …။


တနင်္ဂနွေစာအုပ်
သမ္မာကျမ်းစာနည်းနည်း
နီတိ ခပ်ကျဲကျဲနဲ့
ကိုယ်ပိုင်အဘိဓမ္မာတွေလည်း အေးခဲနေခဲ့လိမ့်မယ်
ဒါပေမယ့် ကဗျာတွေတော့ပါတယ် …


တနင်္ဂနွေအာရုံ
တကယ်ဆို …
ဘုရားသခင်ရှေ့မှောက် ဦးခိုက်
အမိုက်ဇာတ်တွေကို သိမ်းခိုင်းလိုက်ရမှာ ..
ခုတော့ ..အာရုံတွေ မှားနေခဲ့ပြီ ……….


တနင်္ဂနွေသံမှို
တည့်တည့်မတ်မတ် စိုက်ဝင်နေခဲ့ပြီ
စူးရှချွန်ထက်သော စကားပွင့်များ
ချစ်ခြင်းအားဖြင့်သာ နစ်ဝင်ခွင့်ရခဲ့ကြတယ် ။။

တနင်္ဂနွေကော်ဖီ
သိမှတ်မဲ့ မော့ချပစ်လိုက်တဲ့ တိမ်တိုက်တွေက ကော်ဖီ ..
အခါးနည်းနည်းလျှော့ထားပါလျက်က.. ခါးသက်နေဆဲ
အမှောင်လည်း နည်းနည်းကဲ နေခဲ့တယ် ……။


မိတ်ဆွေ .. ဒီမိုးပြေးတွေကို တွေ့လိုက်ရချိန်မှာ ဒီတနင်္ဂနွေကဖြင့် မိုးနည်းနည်းခေါင်တဲ့ ရာသီတစ်ခု ဖြစ်နေခဲ့ပါလိမ့်မယ်။


လက်အံသေခြင်း

Monday, July 19, 2010



လက်အံသေခြင်း
ကံကြမ္မာဆိုးတွေကိုပဲချချရေးရင်း
သီချင်းတွေတစ်စက်စက် ကုန်သွားတာ
သတိမထားမိလိုက်ဘူး
အလွတ်ကျက်ထားပြီးမှ ဆိုဖို့မေ့မေ့နေတတ်တဲ့အထဲမှာ
ဘုရားစာလည်း ပါ ပါနေတယ် မခက်ဘူးလား
ဘုရားသိကြားမလို့ ငါတို့ရင်ဘတ်တွေကိုစည်တီး
ကောင်းချီးပေးခိုင်းရဦးမယ်။
ရန်သူတွေအကြောင်းကို မေ့မေ့နေတတ်တော့
နောက်ကျောမှာ အမာရွတ်တွေများ များလာတယ်။
လေဟာနယ်တွေဟာ ကျန်းမာရေးကိုထိခိုက်စေတာသေချာသလား
ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ
တစ်ခါတစ်ခါ ဓားတွေဟာရှေ့ကလည်း လာတတ်ပါတယ်
လေတိုးသံတောင် မကြားလိုက်ရတတ်ဘူး။
အနာဂတ်တွေကို ဖိဖိရေးရင်း
နှင်းတွေက တင်းကြမ်းကျလာလိုက်တာ
ကံကြမ္မာတွေတောင် ဖွေးဖွေးဖြူလို့
ကျွန်မ ဘယ်လိုရာသီဥတုနဲ့များ
လာဘ်ပေးလာဘ်ယူ လုပ်ထားရပါ့မလဲ
ခုထိ ဝေခွဲမရနိုင်သေးဘူး။
မနော်ဟရီ၊
၂၀၀၂



လက်အံသေခြင်း (ထပ်ဆင့်ခံစားထားပါသည်။) ...

အသက်ရှူသံတွေသာ တိုးငြိမ်တိတ်ဆိတ်လာခဲ့ ...
စိတ်ကောင်းဝင်ချိန်လေးတွေ
အိမ်ပြန်ချိန်ရှာမတွေ့သေးဘူး ...
.....

မေမေ ..
ကောင်းကင်တော်ဆီ ဆန့်မြှောက်ထားတဲ့လက်တွေ ..
လက်အံသေနေပြီ မေမေ ...။

ဘုရားသခင် အခွန်စည်းကြပ်ပိုင်ခွင့်မရှိတဲ့ နှလုံးသားထောင့်တစ်နေရာမှာ
နတ်ဆိုးရဲ့ရပိုင်ခွင့်
မြေမှုန့်တချို့တ၀က်ရှိတယ်တဲ့...

လက်အံသေနေပြီမေမေရယ် ...
ကိုယ့် ဂုဏ်သိက္ခာကို တစ်သက်လုံးဆွဲတင်မထားရတာ လက်အံသေနေပြီမေမေ ...
ချစ်တဲ့သူတွေရဲ့ နားမလည်မှုတွေကို မထားရတာလည်း လက်အံသေနေပြီမေမေ ...
ရယ်လိုက်တဲ့အခါ အတူလိုက်ရယ်သူတွေရှိမယ် ..
ငိုရင်တော့ တယောက်တည်း ငိုရမယ်တဲ့ ...
မေမေ ...
သားရဲ့စိတ်လည်း လက်အံသေနေပြီမေမေ ...
သားရဲ့ နှလုံးသားလည်း လက်အံသေနေပြီမေမေ ...။

မေမေ ...
အချိန်မီရောက်လာပါ ...
နာဖျား ချိနဲ့နေတဲ့လက်ကို
မေမေ့ရဲ့ ချစ်ခြင်းနဲ့ကုသပါ ...

မေမေ
အချိန်မီရောက်လာပါ ..
နွမ်းရိညှိုးငယ်သောစိတ်ကို
မေမေ့ရဲ့ ချစ်ခြင်းနဲ့ကုသပါ ...

မေမေ ..
သား ... သိပ်ချစ်တယ် ......................................................။ ။


Zephyr