Monday, January 25, 2010
(၂) လေ၏ အရှိန်အဟုန်များ ရုတ်တရက် တိတ်ဆိတ် ရပ်တံ့သွားသောအခါ ကျွန်မရှေ့တွင် သမင်ညိုနှစ်ကောင်နှင့်အတူ Oya နတ်ဘုရားမကို တွေ့လိုက်ရသည်။ အနီဖက်လုသော လိမ္မော်နီရောင် ဝတ်ရုံဖားဖားကြီးကို ဝတ်ဆင်ကာ အုန်းခွံရောင် ဆံပင်ပေါ်တွင် တွေ့မြင်နေကျပုံမဟုတ်သည့် သရဖူဆန်ဆန် အရာတစ်ခုကို ဆောင်းထားသည်။ သူမ၏ အသားအရေက မည်းနက်လှသည်။ ဖြူဝင်းနူးညံ့လှပနေသော Freyja နှင့်ယှဉ်သော် တစ်ဘာသာစီဖြစ်သော်လည်း Oya သည်လည်း သူ့ဟန်နှင့်သူတော့ တင့်တယ်လှသည်။ Oya ၏မျက်နှာက Freyja ကဲ့သို့ မနူးညံ့ပါ ။ ကျွန်မကို စူးစိုက်ကြည့်သော သူမ၏ မျက်ဝန်း နက်နက်များကလည်း ကျွန်မကို လွှမ်းမိုးနိုင်စွမ်းလှ၏။ ကျွန်မက တအံတသြနှင့် မင်သက်မိနေဆဲ Oya ကမေးသည်။ “ မင်းက ဘာကို အလိုရှိတာလဲ ” “ ကျွန်မ …” ကျွန်မ ဘာဆက်ပြောရမည်မှန်းမသိ၍ စကားစ ပြတ်သွားသည်။ တကယ်တော့ ကျွန်မသည် ဘာကိုလိုလားတောင့်တနေမှန်း ကိုယ့်ကိုယ်ကိုပင် မသိသောသူဖြစ်၏။ “ ငါက ဆန့်ကျင်ဖက်အားနှစ်ခု လွန်ဆွဲနေတဲ့ကြားမှာ မင်းကို ငြိမ်းချမ်းမှုရအောင် စွမ်းဆောင်ပေးနိုင်တယ် ဒါပေမယ့် အဲဒီအားက မင်းကိုယ်ထဲမှာရှိပြီးသားပါ သေချာ နူးညံ့ သိမ်မွေ့သွားအောင် လေ့ကျင့်ရုံပါပဲ ” သူမ ပြောတာကို ကျွန်မ သိပ်နားအလည်ကြီးမဟုတ်သော်လည်း ဖိတ်တစ်ဝက် စင်တစ်ဝက် တော့သိပါသည်။ ကျွန်မသည် ဒွိဟများကြားတွင် လွင့်မျောနေသူ ဖြစ်သည်လေ။ သို့သော် ထိုလွင့်မျောမှုကို ကျွန်မ ထိန်းချုပ်နိုင်စွမ်း မရှိသေးပါ။ ကျွန်မ၏ စိတ်များသည် Oya ဖန်ဆင်းလိုက်သော လေပြင်းများနှယ် ဦးတည်ရာမဲ့ တိုက်ခတ်နေဆဲ ။ Oya နှင့် Freyja တို့သည် ကျွန်မကို သနားစရာ သတ္တဝါ တစ်ကောင်ပမာ ကြည့်နေကြသည်။ ထိုအကြည့်များအောက်တွင် ကျွန်မသည်ပင် သိမ်ငယ်သွားသလို ခံစားလာရသည်။ “ ဟော..” ဂီတသံတစ်ခုကို ကျွန်မတို့ကြားလိုက်ရသည်။ Freyja ကပြုံးကာ .. “ ဒါ Sarasvati ရဲ့ ဘင်ဂျိုသံပဲ ” “ သူ့ကိုတော့ မင်းသိမှာပါ မင်းတို့တိုင်းပြည်က လူတော်တော်များများ သူ့ကို ကိုးကွယ်ကြတယ် ” Oya က ဖြည့်စွက်ပြော၏။ မိနစ်ပိုင်းအတွင်း တိမ်ကြက်ခွပ်များကြားတွင် ပန်းရောင် ကြာပန်းပလ္လင်ပေါ်တွင် ထိုင်ပြီး (စောစောက Freyja ဘင်ဂျို ဟု ပြောသည့်) တူရိယာကို တီးခတ်နေသည့် Sarasvati ကို တွေ့လိုက်ရသည်။ “ သူရဿတီ ” ကျွန်မက ထိုသို့ရေရွတ်တော့ အားလုံးက ပြုံးပါသည်။ ကျွန်မက … “ သူ့ကို ကျွန်မတို့က သူရဿတီ လို့ သိကြတယ် များသောအားဖြင့်ကတော့ သူ့ကို ဟသာင်္ စီးပြီး ပိဋကတ်သုံးပုံ ကိုင်ထားတာပဲ မြင်ဖူးတယ် ” “ သူက ဟိန္ဒူ နတ်ဘုရားမပဲ မြစ်စောင့်နတ်သမီးလို့လည်း ပြောကြတယ် ယဉ်ကျေးမှုနဲ့ အသိပညာကို ပေးနိုင်စွမ်းတဲ့သူပေါ့ သူ့ရဲ့ သင်္ကေတက wisdom တဲ့ ” Freyja ကရှင်းပြသည်။ “ ကျွန်မတို့လူမျိုးတွေက သူ့ကို ဥာဏ်ပညာအတွက် ကိုးကွယ်ကြတယ် ” “ မင်းကရော ဥာဏ်ပညာကြီးမြတ်မှုကို မလိုချင်ဘူးလား ” သူရဿတီနတ်သမီးက ဘင်ဂျိုကို အတီးရပ်ကာ ကျွန်မကိုမေး၏။ ကျွန်မက ဖြေရန်နှုတ်ဆွံ့ နေသဖြင့် Oya ကဝင်ထောက်၏။ “ ဖြေလေ ” “ တစ်ချိန်က လိုချင်ခဲ့ပါတယ် ” “ တစ်ချိန်က … ခုရော ..” Freyja က ကျွန်မကို အားမလိုအားမရ ဝင်မေးပြန်သည်။ “ ခုတော့ ကျွန်မ မလိုချင်တော့ဘူး ” “ မင်းဟာ လူမိုက်ပဲ ” Oya က ကျွန်မကို မာထန်စွာ ဝေဖန်၏။ “ ဟုတ်ပါတယ် ကျွန်မ မိုက်ခဲ့ပါတယ် ” ကျွန်မက စကားကို ကျွန်မ အဓိပ္ပာယ်နှင့် ကျွန်မ ပြောသည်။ သူတို့က သူတို့ အဓိပ္ပာယ်နှင့် သူတို့ နားလည်လိုက်ကြပုံပေါ်သည်။ “ မဖြစ်ဘူး မင်းကိုတော့ အသီနာ (Athena) နဲ့တွေ့ပေးရမယ် ” Freyja က ကျွန်မကို လက်မလျှော့သေးဘူး ဆိုသော အကြည့်နှင့် ကြည့်ကာပြော၏။ “ အသီနာ ဟုတ်လား Zeus နတ်မင်းကြီးရဲ့ ခေါင်းထဲကနေ ချပ်ဝတ်တန်ဆာ အပြည့်နဲ့ မွေးလာတယ်ဆိုတဲ့ သူလား ” “ ဟုတ်တယ် သူက ဥာဏ်လင်းပွင့်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ် ” “ ဟင့်အင်း ကျွန်မက သူ့ကို မြို့တော်ကြီးတွေကိုပဲ ကယ်တင်စေချင်တယ် ” “ အိုး သူက စစ်ဖြစ်နေတဲ့ မြို့တော်ကြီးတွေကိုပဲ ကယ်တင်တာ မင်းနေရာလေးက အေးချမ်းနေတာပဲ ” Oya က ကျွန်မကို ဘာမှန်းမသိဘူး ဆိုသည့်အကြည့်နှင့်ကြည့်ပြီး ပြောပါသည်။ ကျွန်မက မသိကျိုးကျွံပြုကာ အဝေးဆီမှ ရွေ့မျောလာသော ရွှေရောင်ဖျော့ဖျော့ကလေးကို လှမ်းကြည့်နေလိုက်သည်။ ထုံးစံအတိုင်း Justice ကို ကိုယ်စားပြုသော သူမ၏ ပုခုံးထက် တွင် ဇီးကွက်တစ်ကောင်ပါလာသည်။ ရွှေရောင်ဆံပင် ခွေခွေ ရှည်ရှည်များက သေသပ်စွာ ကပိုကရိုကျလျက်။ နို့နှစ် အဖြူရောင်ပေါ်တွင် ရွှေကြယ်ပွင့်ပန်းများ ကျဲပက်ထားသော ဝတ်စုံကို ဝတ်ဆင်ကာ လက်တစ်ဖက်တွင်လည်း ကျွန်မ မသိသော တစ်စုံတစ်ရာကို ကိုင်ဆွဲထားသည်။ “ မင်းကို လင်းပွင့်မှု တစ်ခုခုပေးမှဖြစ်တော့မယ်လို့ သူတို့က ပြောတယ် ဟုတ်သလား ” သူမ၏ အသံက အေးစက်တည်ငြိမ်လှ၏။ ဆွဲငင်အားနှင့် သြဇာသံကတော့ အပြည့် ပါလေသည်။ ကျွန်မက ခေါင်းမာစွာ ခေါင်းကိုခါရမ်းပစ်လိုက်ရင်း … “ အဲဒါဆို ကျွန်မ ဘဝလေး အရာရာ လွဲချော်သွားလိမ့်မယ် ” “ ဘာ..” စစ်သွေးစစ်မာန်နှင့် မွေးဖွားလာခဲ့သည် ဆိုသော Athena သည် ကျွန်မကို မကျေမနပ် အော်ထည့်လိုက်ရာ ကျွန်မပင် နောက်ဘက်သို့ ယိုင်လဲမတတ် ဖြစ်သွားရ၏။ “ ကျွန်မ ဒီလိုမျိုးလေးနေနိုင်ဖို့ ခံယူချက်တော်တော်များများကို စွန့်လွှတ်နာကျင် ခဲ့ရဖူးတယ် လမ်းကြောင်းတော်တော်များများကို မမြင်ချင်ယောင်ဆောင်ခဲ့ရတယ် လင်းပွင့်မှု တော်တော် များများကို စုံမှိတ်လမ်းလွှဲခဲ့ရတယ် ဘာကိုမှ ထပ်မသိတော့အောင် အတော်လေး ကြိုးစားခဲ့ရတယ် ခုချိန်မှာ ကျွန်မ အသားကျနေခဲ့ပြီ ” “ မင်းကိုယ်မင်း ညာရတာကိုရော မနာကျင်ဘူးလား ” သူမ၏ အမေးကို ကျွန်မ မဖြေမိပါ။ သူမ ပုခုံးထက်မှ ဇီးကွက်ကတော့ ကျွန်မကို ထုံပေပေ နှင့်ကြည့်နေသည်။ Freyja ၏ ကြောင်ကြီးများကလည်း တခွီးခွီး မာန်ဖီကာ ဇက်ကြိုးကို ရုန်းနေခဲ့ပြီ။ Oya၏ သမင်ညိုကြီးနှစ်ကောင်ကတော့ သခင့်နားမှာ ငြိမ်သက်စွာ ရပ်တံ့လို့။ သူရဿတီသည်လည်း ဘင်ဂျိုကို တီးခတ်ဖို့ မေ့လျော့နေသည့်နှယ်။ ကျွန်မက စကားတချို့ကို ရင်နှင့်ပြောသောအခါ သူတို့ ရင်နှင့်ကြားကြပုံရသည်။ နားလည် လက်လျှော့သွားကြဟန်နှင့် ကျွန်မရှေ့ ကောင်းကင်ယံမှ ထွက်ခွာသွားကြတော့သည်။ ခုတော့လည်း မခို့တရို့ အလင်းအနည်းငယ်နှင့် ကျွန်မကို နှစ်သိမ့်မှုပေးနေသယောင်။ သို့သော် ကျွန်မက လရောင်ကိုလည်း မယုံကြည်ခဲ့ဖူးပါ။ မနော်ဟရီ






Blue Mountain ( The Three Sisters)


