မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည် (၂)

Sunday, March 15, 2009

မင်းသားလေးက သတိမပြုမိဟန်နှင့် ဆက်ပြောနေသည်။
ထိုသူတို့သည် လူတစ်ဦးနှင့် တစ်ဦး နှစ်လိုမှုကို `မုန်းတီးခြင်း´ ဟု ခေါ်ပြီး တစ်ဦးနှင့်..
တစ်ဦး ခိုက်ရန်ဖြစ်မှုကို `ချစ်ခြင်း´ ဟု ခေါ်သည်။ ထိုနေရာတွင် ပန်းပွင့်များကို ချက်
ပြုတ်စားသောက်ကြပြီး၊ သားစိမ်းငါးစိမ်းတွေကို သွေးသံရဲရဲနှင့် ခုတ်ထစ်ကာ ဧည့်ခန်း
တွင် အလှဆင်တတ်ကြသည် ... တဲ့။
တခြားတစ်ယောက်ယောက်က လာပြောနေတာ ဆိုလျှင်တော့ ကျွန်မ အော်မိလိမ့်
မည် ထင်သည်။ ခက်တာက၊ထိုစကားကိုပြောနေသူသည်မင်းသားလေး ဖြစ်နေသည်။
မင်းသားလေးကိုတော့ ကျွန်မက ယုံသည်။ သူသည် ယုံကြည်ချင်စရာကောင်းလောက်
အောင်ကို အပြစ်ကင်းသော ကျွန်မ၏မိတ်ဆွေလေးလည်း ဖြစ်သည်လေ ...။
`ပျော်ရင် ငိုကြပြီး စိတ်ညစ်ရင် ရယ်မောတတ်ကြလား ... ´
ကျွန်မလည်း အတွေးပေါက်ပေါက်နှင့် ထိုသို့မေးမိတော့၊မင်းသားလေးက၊ခေါင်းခါသည်။
`သူတို့မှာ ပျော်ရွှင်မှု စိတ်ညစ်ညူးမှု ဆိုတဲ့ ခံစားချက်တွေ မရှိသလို မျက်ရည်နဲ့ ရယ်မောခြင်း
ဆိုတာလည်း မရှိဘူး ...´
သုစရိုက်နှင့် ဒုစရိုက်သည်လည်း လွဲမှားနေနိုင်သည်ပဲ ... ။ ရုတ်တရက်ကြီး ကျွန်မ အသက်ရှူ
ကြပ်လာသလို ခံစားရသဖြင့် ပေါ့ပါးလို ပေါ့ပါးငြား ခေါင်းမော့ ရယ်မောကြည့်လိုက်မိသည်။
`ဟား ... ဟား ...´
မင်းသားလေးက ကျွန်မကို မျက်မှောင်ကြုတ်ကာ ကြည့်လေသည်။ သူ ကျွန်မကို နားလည်နိုင်
ရန် လူလားမြောက်ဖို့တော့ လိုပေလိမ့်မည်။ သို့သော် ကျွန်မ စိတ်ထဲမှာတော့ သူ့ကို လူလားမမြောက်စေချင်သေးပေ။ သူ့ကို သိုးကလေးနှင့် ပျော်မွေ့နေစေချင်သေးသည်။

`ဘာလို့ ရယ်တာလဲ ... ရယ်စရာပါလို့လား ...´
`သြော် ... သူတို့က မှားနေတာလား ... ကျွန်မတို့က မှားနေတာလားလို့ တွေးမိလို့ပါ ...´

ကျွန်မ ကလေးတစ်ယောက်ကို ထပ်ညာလိုက်မိပြန်သည်။ ကျွန်မ စာအုပ်ထဲမှ နောက်ထပ်
အဖြူရောင် စက္ကူတစ်ရွက် ပျောက်ဆုံးသွားရပြန်ပြီ။

`ဒါဟာ ရယ်စရာမှ မဟုတ်တာ ကြေကွဲစရာတစ်ခုပဲ ...´
`ကြေကွဲစရာ ...´
`ဟုတ်တယ် ... ဘယ်သူကမှားလို့ မှားမှန်း မသိတာ၊သိပ်ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ပေါ့ ... ´
မင်းသားလေး ပြောတော့လည်း ဟုတ်နေသလိုပင်။ ဒါဆို အမှန်ကို အမှန်မှန်း သိမြင်ခြင်းသည် ရော ကြည်နူးစရာ အဖြစ်အပျက်လား။ ကျွန်မ မသိပါ။ အမှန်အတိုင်း ပြောရလျှင် မသိသေးပါ။
ကျွန်မတို့သည် ကံကြမ္မာ အထပ်ထပ်နှင့် လွဲချော် တိမ်းညွတ်ခဲ့ကြသူများသာ ဖြစ်နေကြသည် လေ။

`အဲဒီ ၁၃၉၀၈ ဂြိုဟ်ကနေ ဘယ်လို ထွက်ခွာလာခဲ့လဲ ...´
`စတင် ၀င်ရောက် ချဉ်းကပ်စဉ်က အတိုင်းပေါ့ ...´
မင်းသားလေးက ထိုစကားကို တည်ငြိမ်စွာ ဆိုသည်။ ထိုအချိန်တွင် သူ့ မျက်နှာနုနုလေးက

တစ်စုံတစ်ရာနှင့် ရှုပ်ထွေးနေဟန် ပေါက်နေသည်။ ကျွန်မ စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစား
လာရသည်။
ကျွန်မ ကျောထဲတွင် စိမ့်ခနဲဖြစ်သွားသည်။ ဆောင်းလေကြောင့်တော့ ဟုတ်ဟန်မတူပါ။ မြောက်
ပြန်လေသည် အလွန်တရာ ကြည်လင်ရှင်းသန့်နေခဲ့ပါသည်။

`ကြည့်စမ်း ... သိုးကလေး အိပ်သွားပြီ ... ´
သူတစ်ယောက်တည်း ရေရွတ်သလို ပြောနေပြန်သည်။
`ကောင်းတော့ ကောင်းပါတယ် ... သူ့ဘ၀မှာက တွေးစရာ သိပ်များများစားစားမှ မရှိတာ၊ မြက်ပင်လေးတွေကလည်း အဆိပ်မရှိဘူး ... ကျွန်တော် ခပ်တိုက်မယ့် ရေကလည်း စိတ်ချရ တယ်၊ သူ့မှာ မြက်ခင်းစိမ်းစိမ်းလေးလည်း ရှိတယ်၊ ကောင်းကင်ပြာကိုလည်း သူပိုင်တယ် တိမ်ဖြူတွေနဲ့လည်း စကားထာဝှက်တမ်း ကစားနိုင်သေးတယ်၊ မြောက်ပြန်လေကိုလည်း သူ မှုစရာမလိုဘူး ... မနက်ဖြန်ကိုလည်း တွေးပူမနေရဘူး၊ ဘယ်လောက်ကောင်းလဲ ... ဒါပေမယ့် လူတိုင်းကတော့ သိုးကလေးတစ်ကောင် ဖြစ်ချင်မှာ မဟုတ်ဘူး ...´
`ဘာလို့လဲ ..´
`ရိုးရှင်းလွန်းလို့ ...´
သိုးတစ်ကောင်ကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဖူးသော လူသား သိပ်မပီသချင်သည့် ကျွန်မ သည် သူ့စကားကို ကြားကာမှ စိတ်ထဲမှာ ကျိတ်၍ သိုးကလေးတစ်ကောင် ဖြစ်ချင်စိတ် တဖွားဖွား ပေါ်လာရတော့သည်။ ကြည့်စမ်းပါဦး ... သိုးကလေးတစ်ကောင်ရဲ့ဘ၀ဟာ.... ဘယ်လောက်များ မနာလိုချင်စရာ ကောင်းလိုက်ပါသလဲ ...။ မနက်ဖြန်တွေကို ထမ်းထား စရာမလို။ သိပ်များများစားစား တွေးတောနေစရာ မလိုပါဘဲနှင့် သူသည် ကောင်းကင်ကြီး တစ်ခုလုံးကိုလည်း ပိုင်ဆိုင်နိုင်သေးသည်တဲ့လေ ... ။
ကျွန်မ၏ အတွင်းစိတ်ကို မရိပ်မိရှာသော မင်းသားလေးကတော့ သူ့မိတ်ဆွေမလေးကို
ယုံကြည်စိတ်ရှင်းစွာ ကြည့်နေခဲ့သည်။ ဖြူစင်ငြိမ်းချမ်းလှသော ထိုအကြည့်များကို ရင်ဆိုင်
နိုင်ရန် ကျွန်မတွင် အားအင်များ ပြတ်လပ်ကုန်ခမ်းနေခဲ့ရလေသည်။

အခန်း(၃)

နေ၀င်တော့မည်။
ကျွန်မတို့ နှစ်ယောက်သား ငြိမ်သက်တိတ်ဆိတ်စွာ နေ၀င်ချိန်ကို ငေးကြည့်နေမိကြသည်။





သူက ကျွန်မကို မေး၏။
`နေ၀င်ချိန်တွေကို ကြိုက်လား ...´
ကျွန်မ ခေါင်းညိတ်ပြမိသည် ထင်သ်။
`ခင်ဗျား၊သိလား...လူတွေ သိပ်ဝမ်းနည်းတဲ့အခါ နေ၀င်ဆည်းဆာကိုသိပ်နှစ်သက်တတ်တယ် ...´
ကျွန်မ ဘာမှ ပြန်မပြောမိ။
`ခု ... မင်း ၀မ်းနည်းနေလား ...´
`ရှင်ရော ... ၀မ်းနည်းနေလား ...´
ကျွန်မက သူ့အမေးကို မဖြေဘဲ မေးခွန်းနှင့် တုံ့ပြန်သလို သူကလည်း မဖြေပါ။ နေ၀င်မှာကို
သာ ငေးကြည့်နေသည်။
`နေ၀င်တော့မယ် ...´
`ကျွန်မ သိတယ်လေ ...´
`ဟိုး ... ၁၀၄၃ ကြိမ်မြောက် နေ၀င်ဆည်းဆားတုန်းက ...´

သူ စကားဆက်မည်အထင်နှင့် ကျွန်မ ငံ့လင့်နေမိသော်လည်း မင်းသားလေးက ဘာမှ ဆက်
မပြော ...။ ကျွန်မကပဲ မေးလိုက်သည်။

`ရှင် အရမ်း ၀မ်းနည်းနေခဲ့လား ...´
`ခု ... မင်း ခံစားနေရသလိုပေါ့ ...´

အလို ... ကျွန်မ ခုချိန်မှာ ၀မ်းနည်းမှု တစ်စုံတစ်ရာ ခံစားနေရသည်ဟု သူ့ကို ၀န်ခံချက်မပေး
ရသေးပါ ...။ မှိုင်တွေ ငေးမောနေမိခြင်းလည်း မရှိ ...။ မင်းသားလေးက ကျွန်မ၏ တုံ့ပြန်မှုကို
မစောင့်ဘဲ ဆက်ပြော၏။

`၀မ်းနည်းကြေကွဲမှုကို သက်သာရာရစေဖို့ ဆေးနည်းဆိုတာ ဒီလောကမှာ မရှိသေးဘူး ...
တကယ်တော့လည်း ၀င်သွားတဲ့နေက ကျွန်တော်တို့ဆီက ၀မ်းနည်းကြေကွဲမှုတွေကို သယ်ယူ
သွားနိုင်တာမှ မဟုတ်တာ၊ ဒါပေမယ့် အဲဒီမျှော်လင့်ချက်နဲ့ မဟုတ်ပါဘဲနဲ့ကို လူတွေဟာ
သိပ်ဝမ်းနည်းတဲ့အခါ နေ၀င်ချိန်တွေကို စောင့်ကြည့်နေမိတတ်ကြတယ်´

သူပြောတာ ဟုတ်ကောင်း ဟုတ်နိုင်သော်လည်း ကျွန်မ ဇဝေဇ၀ါဖြစ်နေမိသည်။ ကျွန်မ....
တကယ်ပဲ ၀မ်းနည်းနေခဲ့လား ...။ ကျွန်မ မသိပါ။ နှလုံးသားများက အေးခဲသွားလေရော့
သလား ... ။ သေချာတာကတော့....ကျွန်မ..သူနှင့်အတူ..နေ၀င်ချိန်ကို၊နှစ်လိုစွာ ကြည့်နေ
မိသည်။

`ဒီနေရာကနေ ပျောက်ကွယ်သွားတဲ့ နေရောင်ဟာ တခြားကမ္ဘာမှာ လင်းသွားမှာပဲ.....၊
လောကရဲ့ ဒီမှာဘက်ခြမ်း အမှောင်ကိုတော့ သူ ခဏ ကျောခိုင်း မေ့ဖျောက် ထားရမှာ
သေချာတယ်၊ ဒါမှပဲ သူ ရှေ့ဆက်နိုင်မှာလေ၊ ဒီလိုပဲ ... ကျွန်တော်တို့လည်း နေ့ရက်တွေ
ကို ကျော်ဖြတ်ဖို့ နေ၀င်ချိန်တွေကို မနက်လင်းတာနဲ့ မေ့ဖျောက်ပစ်လိုက်နိုင်ရင် .......
သိပ်ကောင်းမှာပဲ ...´
`မေ့ပျောက်မှုဆိုတာ ... လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့ အရာမှ မဟုတ်တာ ...´
`ဘယ်အရာမဆို အလကားမရဘူးလို့ မင်းပဲ ပြောခဲ့တာလေ၊ ထိုက်တန်တဲ့ အဖိုးအခတော့
ပေးရမှာပေါ့ ... သိပ်ပြီး တန်ဖိုးကြီးရင်လည်း ကြီးနေနိုင်တယ် ...´
ကျွန်မ လေပူတစ်ချက်ကို ခပ်ကြမ်းကြမ်းမှုတ်ထုတ်ပစ်လိုက်ချိန်မှာ နေက ၀င်သွားခဲ့ပြီ။
ကျန်ရှိနေသေးသော လက်ကျန်အလင်းရောင်ကတော့ အားကောင်းစွာ တောက်ပဆဲ ... ။
`နောက်ထပ် နေ၀င်တာကို စောင့်ကြည့်ရအောင် ...´
သူက ကလေးတစ်ယောက်လို တောင်းဆိုသည်။
`အိုး ... ဒီမှာက ၂၄နာရီမှာမှ တစ်ကြိမ်ပဲ နေ၀င်တာ ... ´
မင်းသားလေးက ဘာမှ ပြန်မပြော။ ကျွန်မကပဲ ဆက်ပြောနေမိသည်။
`အဲဒါပဲ ကောင်းပါတယ် နော် ...´
`ဘာလို့ ကောင်းတယ်လို့ ထင်ရတာလဲ ... ၂၃ နာရီ ၅၅ မိနစ် ၄၈ စက္ကန့်လုံး လူတွေက
ကြေကွဲမှုတွေကို အလင်းရောင်အောက်မှာ လုံအောင် ဖုံးဖိထားလို့ ရတာမှ မဟုတ်တာ ...´

မင်းသားလေးက ကျွန်မကို သွက်လက်စွာ ငြင်းဆိုလေသည်။ ကျွန်မမှာတော့ သူ့ကို ပြန်လည်
ပြောဆိုရန် စကားလုံးများ မှေးမှိန်လို့ ...။




ကျွန်မတို့ စကားလုံးတွေ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက် အားကောင်းလာလိုက် ပြန်မှိန်
ဖျော့သွားလိုက်နှင့် နောက်တစ်နေ့ နေ၀င်ချိန်ထိတိုင် စကားပြောနေဖြစ်ကြသည်။ အန္တရာယ် များ၏လားရာနှင့် အသီးအပွင့်များအကြောင်း၊ ချောက်ကမ်းပါးများ၏ ချိုမြိန်သော တေးဂီတနှင့် နူးညံ့သောခြေလှမ်းများအကြောင်း၊ အိပ်မက်တိမ်ဆိုင်များ၏ အသုံးဝင်ပုံနှင့် ထိတ်လန့်ကြောက် မက်ဖွယ် ဆာလံကျမ်းနှင့် D ၁၁၁ ဂြိုဟ်ကလေးတစ်ခုအကြောင်း ...။ ရှောလမွန်သီချင်းနှင့် လွတ်မြောက်ရာလမ်းကြောင်းများအကြောင်း ...။

ဒုတိယမြောက်ညနေခင်း၏ နေ၀င်ချိန်ကလည်း လွမ်းဆွတ်ချင်စရာကောင်းလွန်းနေသည်။
ကျွန်မ ဘာကိုလွမ်းဆွတ်နေခဲ့သည်လဲ ... ။ မင်းသားလေးရော တစ်စုံတစ်ရာကို လွမ်းဆွတ်
နေခဲ့သည်လား ...။

`သီချင်းတစ်ပုဒ်လောက် မဆိုချင်ဘူးလား ...´

ရုတ်တရက်မေးလာသောစကားကြောင့် ကျွန်မ သူ့ကို တွေတွေလေး ပြန်ကြည့်မိသည်။
သူ့မေးခွန်းလေးက ရိုးစင်းလွန်းလှပါလျက်နှင့် ကျွန်မအာရုံများ နောက်ကျသွားကြရသည်။
သူက ဆက်ပြော၏။

`နေ၀င်ချိန်မှာ ဆိုရမယ့် သီချင်းတစ်ပုဒ်လောက် မရှိဘူးလား´
`ကျွန်မ ဂီတသံတွေကိုတောင် ခံနိုင်ရည်မရှိတော့တာ အတော်ကြာပြီ ... တစ်ချိန်ကတော့
ကျွန်မဟာ Nightingale ငှက်ကလေးတစ်ကောင်လိုပဲ သီချင်းမဆိုတဲ့နေ့ တစ်နေ့မှ မရှိခဲ့ဘူး
... ခုတော့လည်း ...´

ကျွန်မက လူကြီးသူမတွေ ဟန်လုပ်နေကျအတိုင်း အသံကို တိမ်ဝင်ပစ်လိုက်ကာ စကားစကို
ရပ်ပစ်လိုက်မိသည်။ (တွေ့မြင်နေကျဖြစ်၍ ကိုယ်တိုင်နှစ်လိုသည်ဟု မထင်သော်လည်း ......
မသိစိတ်က အလိုအလျောက် ပုံတူကူးထားသည်ကို ခုမှ သိလိုက်ရတော့သည်။)
`ဆက်ပြောလေ ...´ ဟု မင်းသားလေးက ဆိုသည်။
သူ့အသံက အမိန့်သံ မဆန်သော်လည်း လိုက်နာချင်စရာတော့ အလွန်ကောင်းနေ၏။
`ကျွန်မအသံတွေ သေနေခဲ့ပြီ ...´
သူကတော့ ကျွန်မစကားမဆုံးမီမှာပင် သီချင်းတစ်ပုဒ်ကို... စတင်......သီဆိုတော့သည်။
နောင်အခါ ကမ္ဘာပေါ် ရှိရှိသမျှ သီချင်းတွေထဲတွင် သက်ဝင်ကြေကွဲဖွယ်အကောင်းဆုံး
အသစ်လွင်ဆုံး အလန်းဆန်းဆုံးနှင့် နားထောင်၍ အကောင်းဆုံး သီချင်းတစ်ပုဒ်အဖြစ်
ဒီကမ္ဘာလေထုတွင် ကျန်ရှိခဲ့မည့် သီချင်းလေးလည်း ဖြစ်သည်။ ကလေးတစ်ယောက်၏
နားဝင်ပီယံရှိလှသော အသံလေးနှင့် ပေါင်းစပ်လိုက်သောအခါ ...





ကျွန်မ ထိုသီချင်းလေးထဲတွင် နစ်မျောသွားတော့၏။

နေကား ၀င်သွားခဲ့ပြန်ပြီ ... ။

တဖြည်းဖြည်း ပြန်လည်နှုတ်သိမ်းယူသွားနေသော နေရောင်ခြည်များနှင့်အတူ မင်းသား
လေး၏ နှစ်လိုဖွယ်ဂီတသည်လည်း ပြီးဆုံးသွားခဲ့ပြီ။

`သိပ်ကောင်းတာပဲ´
`သိပ်ကောင်းတယ်ဆိုတာ ဘာကို ပြောတာလဲ ... နောက်ထပ် သူ့ထက်ကောင်းတဲ့ အရာ
တစ်ခု ရှိမလာခင်အထိပဲ ... သူက မှန်ကန်နေမှာလေ ...´
`ဟင့်အင်း ... ကျွန်မအတွက်တော့ ဒါဟာ အကောင်းဆုံးပါ ...´
`စကားကို ကုန်အောင် မပြောရဘူးလို့ ပြောတာ ကြားဖူးတယ်၊ မင်းက ဘာလဲ ... ကလေး
လား ... လူကြီးလား ...´
`တစ်ဝက်စီပေါ့ ...´

ကျွန်မစကားကြောင့် မင်းသားလေးက ခိုးခိုးခစ်ခစ် ရယ်သည်။ သူ့ရယ်သံလေးက သာယာ
နာပျော်ဖွယ်အတိရှိပြီး ချစ်စရာလည်း အလွန်ကောင်းသည်။

`တွေ့ခဲ့ဖူးတဲ့ လူတစ်ပိုင်း မြင်းတစ်ပိုင်း သတ္တ၀ါတွေလိုလား ...´
`အဲဒါက Centaur တွေ ... သူတို့က သိပ်ပြီး စိတ်ကောင်းနှလုံးကောင်း ရှိကြတယ် ...´
`ဘာရယ် ...´
`Centaur တွေ ...´
`အဲဒီပုံလေး ဆွဲတတ်လား ...´
`အင်း ... ဆွဲပေးရမလား ...´
သူ တစ်ချက်မျှ စဉ်းစားပြီးမှ ခေါင်းကို အသာခါ၏။
`နေပါစေ ... သူ့ကို ကျွန်တော် နိုင်အောင် ထိန်းနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့် နေရာလေးက ကျွန်တော့်ထက် ပိုမကြီးဘူး ...´
ထိုအခိုက်အတန့်တွင်ပင် သူ့မျက်နှာလေးက တစ်စုံတစ်ရာသော လွမ်းဆွတ်မှုများ ဖြတ်
ပြေးသွားသည့်နှယ်..အိုး သူ့ကြည့်ရတာတစ်ခါမှသူ့ဂြိုဟ်လေးဆီပြန်ရောက်သေးပုံမပေါ် ... ။
`မှောင်နေပြီ ... ကျွန်တော့်သိုးကလေး အေးနေပြီလား မသိဘူး ...´
`အရင် မိတ်ဆွေကြီး ဆွဲပေးတဲ့ သိုးကလေးရော ...´
`အန္တရာယ်ကင်းတာ မှန်ပေမယ့် ဘယ်လိုသိုးကလေးမှ..သေတ္တာလေးထဲမှာ... ကြာရှည်.. မနေနိုင်ဘူး ...´
`ဒါဆို ... သိုးကလေးကို ...´
`ကျွန်တော် တတ်နိုင်သမျှ ကာကွယ်ပေးရမှာပေါ့ ...´
နေ၀င်သွားခဲ့ပြီဖြစ်သော်လည်း မင်းသားလေးကို မြင်နေရဆဲ ...။ အပြစ်ကင်းစင်လှသော
မင်းသားလေး၏ မျက်နှာကို ကြည့်ရင်း မကြာခင် သူ ကျွန်မဆီက ထွက်သွားတော့မှာကို
ကြိုသိနေသလို ခံစားမိလာသည်။

အိုး ... တကယ်ပဲ ... ကျွန်မ ၀မ်းနည်းနေခဲ့လေသည်။
`နေ၀င်ချိန်ကို ထပ်ကြည့်ရဦးမှာလား ...´
`ကြည့်ဖြစ်တဲ့အခါကျရင်ပေါ့ ...´
`ဒါဆို ... ရှင်သွားတော့မှာလား ...´
`သွားဖြစ်ရင်လည်း သွားဖြစ်ပါလိမ့်မယ် ...´
`ဒီကမ္ဘာမြေကို ပြန်လာဦးမှာလား ...´
`လောကရဲ့လမ်းတွေက..သိပ်ရှုပ်ထွေး.. ရှည်လျားလွန်းတယ်.၊မတော်တဆလည်း..ပြန်ရောက်ချင် ရောက်လာနိုင်တာပဲ၊ မတော်တဆလည်း ပိုဝေးသွားနိုင်သလို...... အမှတ်တမဲ့လည်း

လှည့်ပြန်လာနိုင်သေးတာပဲ၊ အရာအားလုံးဟာ ဖြစ်နိုင်ပြီး ဖြစ်ခွင့်. .လည်း ရှိပါတယ် ...´

ကျွန်မ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်တစ်ချို့ လင်းလက်နေခဲ့ပြီ။

`ခင်ဗျားလိုပဲ ... ကျွန်တော်လည်း ကြယ်တွေကို ကြည့်နေမိတတ်တယ်၊ ကြယ်တွေအားလုံး ဟာ သံချေးတက်..နေတဲ့ စက်သီးရှိတဲ့..ရေတွင်းလိုပဲ ... ကျွန်တော် သောက်ဖို့ ရေတွေကို ပန်းထုတ်ပေးလိမ့်မယ်၊ ဒါဟာ သိပ်ရယ်စရာ ကောင်းတာပဲ၊ ကြယ်ကလေးတွေ ငါးသန်း လောက်ရှိရင် ခင်ဗျား ခေါင်းလောင်းလေးတွေ ငါးသန်းရမယ်၊ ကျွန်တော်လည်း အေးမြတဲ့ စမ်းရေ သန်းပေါင်းငါးရာ ရပါလိမ့်မယ် ...´

သိပ်ရယ်စရာကောင်းတာပဲ...ဟု ဆိုသော်လည်း သူ၊မရယ်သလို ကျွန်မလည်းမရယ်နိုင်ပါ။
အေးမြတဲ့ စမ်းရေ သန်းပေါင်းငါးရာနှင့် မိတ်ဆွေတစ်ယောက် ညီမျှသည်ဟုတော့ ကျွန်မ
ခံစား၍ ရနေသည်။

`ကျွန်မအတွက်ကတော့ ရယ်တတ်တဲ့ ကြယ်ကလေးတစ်လုံးလောက် တွေ့ရရင်ပဲ ကျေနပ် မှာပါ၊ နေ၀င်ချိန်ကို ၀မ်းနည်းကြေကွဲမှုတွေနဲ့ ထိုင်ကြည့်ဖြစ်ပေမယ့် အမှောင်နဲ့အတူ ထွက် လာတဲ့ ကြယ်ကလေးတွေထဲက ကြယ်ကလေးတစ်လုံးက ကျွန်မကို ရယ်ပြတဲ့အခါ ကျွန်မ စိတ်သက်သာရာ ရပါလိမ့်မယ်၊ အဲဒီထဲမှာမှ ရယ်မောတတ်တဲ့... ကြယ်ကလေးကို ကျွန်မ...... ပြန်ပြုံးပြမှာပေါ့ ... ကြယ်ကလေးကရော ... ကျွန်မအပြုံးကို ရပါ့မလား ...´ `အိုး ... အဲဒီအပြုံးဟာ အချိန်ကာလတွေ အကွာအဝေး ခရီးမိုင်တွေနဲ့ အမြဲကင်းလွတ်နေပါ ..လိမ့်မယ် ...´
မင်းသားလေးကသူ့ရွှေဝါရောင် ဆံပင်များကိုလက်သေးသေးလေးနှင့် သပ်တင်လိုက်သည်။
သူ့ပုံစံက တစ်စုံတစ်ခုသော အဆစ်အချိုးအတွက် ပြင်ဆင်နေသော ခရီးသည်တစ်ယောက်၏
ပြင်ဆင်မှုမျိုးနှင့် ခပ်ဆင်ဆင်တူနေသလိုပင် ... ။ ကျွန်မ မသိအောင် သူ တိတ်တဆိတ် ထွက်ခွာ
သွားမည့်ပုံတော့ မရှိ။ သူက ကျွန်မရှေ့မှာပင် ကျွန်မကို အတိအလင်း ကျောခိုင်းထွက်ခွာသွား
မည့်ပုံ ရှိသည်။ ကျွန်မမှာ သူ့ကို တားဆီးလိုစိတ် မရှိသော်လည်း သူ ထွက်ခွာသွားမှာကိုတော့
မလိုလားမိပြန်ပါ။

`ကြယ်တွေနဲ့အတူ သီချင်းဆိုကြည့်ပါလား ... ကြည့်စမ်း ... ခု သူတို့ သီချင်းဆိုနေကြတယ် ...´

တလက်လက်တောက်ပနေသော ကြယ်များကို ကြည့်ရသည်မှာ မီးတောက်လေးများ ယိမ်းထိုး
ကခုန်နေသည်နှင့် တူသည်။

`သူတို့ကရော ကနေကြလား ...´
`ဒါပေါ့ ... သီချင်းဆိုပြီး ကနေကြတာ... မင်းလည်း ကကြည့်ပါလား ... ကြယ်တွေနဲ့ အတူလေ ...´

ကျွန်မ ကြယ်ကလေးတွေကို ကြည့်ရင်း စိတ်ထဲ ပြန်လည်လန်းဆန်းလာသလို ခံစားလာရသည်။
ကြယ်တို့၏ ဂီတစည်းချက်နရီများက ကျွန်မကို လှုံ့ဆော်နိုင်စွမ်းသည်လား ... ။ တဖြည်းဖြည်း
ကျွန်မနှုတ်ခမ်းတို့ စွတ်စိုလှုပ်ရှားလာခဲ့ကြပြီ ... ။ သတိဝင်လာချိန်၌ ကျွန်မ ကြယ်ကလေးတွေနှင့်
အတူ ပျော်ရွှင်စွာ သီချင်းဆိုရင်း ကခုန်နေမိလေပြီ ... ။




ဂီတသံများက ပိုမိုမြိုင်ဆိုင် မြူးကြွလာသလိုပင် ... ။ ကျွန်မ နှလုံးသားထဲတွင် ပျော်ရွှင်မှုများကပ်ခို
ငြိတွယ်လာခဲ့ပြီ ... ။

`ရှင့်ရဲ့သိုးကလေးရော ကနေလား ...´

ကျွန်မ၏မေးခွန်းကို မင်းသားလေးက မတုံ့ပြန်ပါ ... ။

ကျွန်မ ရုတ်တရက် နှလုံးသားတစ်ခုလုံး ဆောင့်ခုန်တက်သွားသလို ခံစားရပြီး ကတာကို ရပ်ပစ်
လိုက်မိသည်။ မင်းသားလေးကို မတွေ့ရတော့။ သူ ထွက်ခွာသွားခဲ့ပြီ . ။ နှုတ်ဆက်ခြင်းမပါသော ထွက်ခွာသွားမှုများကိုသာ လိုလားနှစ်သက်ပုံရသော ကျွန်မ၏မိတ်ဆွေကလေးသည် ကျွန်မကို
ပျော်ရွှင်မှုတစ်ခု ဆောင်ကြဉ်းပေးရင်းထွက်ခွာသွားခဲ့ပြီ။တိတ်ဆိတ်စွာ ငြိမ်သက်စွာကျွန်မရင်ထဲ ငြိတွယ်ကျန်ရစ်ခဲ့ရင်း ဝေးကွာသွားခဲ့လေပြီ ... ။



ကျွန်မ ရွှင်လန်းစွာ ကခုန်နေခဲ့သည်ကို အခွင့်ကောင်းယူ၍ ထွက်ခွာသွားခဲ့သည်ဟု ကျွန်မသူ့ကို
မစွပ်စွဲလိုပါ။ သူ မထွက်ခွာမိ ကျွန်မကို လွတ်လပ်ပေါ့ပါး ပျော်ရွှင်စေခဲ့သည်ပဲ ...။
ကျွန်မ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။
ရယ်မောနေသော ကြယ်ကလေးတစ်လုံးကို တွေ့လိုက်ရ၏။ သို့သော် ထိုကြယ်ကလေးကို လူတိုင်းတော့ တွေ့မြင်ခွင့် မရနိုင်ပါ။

တစ်စုံတစ်ယောက်ကများ ထိုကြယ်ကလေးကို ကြည့်မြင်ချင်သည်ဟု တောင်းဆိုလာခဲ့ပါလျှင်
ကျွန်မ ပထမဆုံးအနေနှင့် ထိုသူကို နှလုံးသား ဖြူစင်ရှင်းသန့်အောင် ကြိုးစားဖို့ တိုက်တွန်းရ ပေလိမ့်မည်။ နောက်မှ ... အလင်း နှစ်သန်းပေါင်းများစွာ ဝေးကွာသော်လည်း ထိုအကွာအဝေးနှင့် အစဉ်ကင်းလွတ်နေမည့် ရယ်မောနေသည့် ကြယ်ကလေးကို နှလုံးသားနှင့် ကြည့်မြင်ခွင့်ရအောင် ညွှန်ပြပေးပါမည်။
လောလောဆယ်တော့ ကျွန်မ မည်သူ့ကိုမှ ပြသခွင့် မကြုံခဲ့သေးပါ။
တစ်နေ့နေ့မှာတော့ ...



နိဂုံး

........တကယ်ပါ ...
...ဝေးကွာနေသောကျွန်မတို့ မိတ်ဆွေနှစ်ဦးအတွက် နောက်ထပ် ဘာမှ လိုအပ်မနေခဲ့တော့ပါ။

မနော်ဟရီ


မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်..

Saturday, March 14, 2009

မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်

နိဒါန်း
ဤ၀တ္ထုကို ရေးသားရန် ကျွန်မ အချိန်အများကြီး တုံ့ဆိုင်း တွေဝေခဲ့ရသည်။ ကျွန်မနှင့်
မင်းသားလေး၏တွေ့ဆုံမှုကို လူတချို့ မယုံကြည်နီုင်မှာကို ကျွန်မ လျစ်လျူရှုနိုင်သော်လည်း
မင်းသားလေးကို မယုံသင်္ကာဖြစ်မှာ မျိုးကိုတော့ ကျွန်မလက်ခံနိုင်မှာမဟုတ်သောကြောင့်
ဖြစ်သည်။
သို့သော် မင်းသားလေး ဤကမ္ဘာမြေပေါ်သို့ပြန်လာခဲ့ကြောင်း သူ့မိတ်ဆွေဟောင်းကြီး
ထံသတင်းပေးပို့ရန် အခွင့်မသာ ပျက်ကွက်ခဲ့သည့်အတွက်၊ကျွန်မဤ၀တ္ထုလေးကိုရေးဖြစ်သွား
သည်။သူ၏ပထမ မိတ်ဆွေကြီးကဲ့သို့ပင် ဤ၀တ္ထုသည်လည်းကလေးများ အတွက်ရည်ညွှန်း
ရေးသားခြင်းမဟုတ်သဖြင့် ကျွန်မ စိတ်မကောင်းဖြစ်ရပါသည်…ဟုဆိုလျင် မင်းသားလေးက
ကျွန်မကို လူကြီးတစ်ပိုင်းဖြစ်နေသော သတ္တ၀ါတစ်ကောင်နှယ် သနားစဖွယ် ကြည့်ပေလိမ့်ဦး
မည်။ကိစ္စမရှိပါ။မည်သို့ပင်ဆိုစေ မင်းသားလေးသည် ကျွန်မ၏ မိတ်ဆွေစစ်ကလေးသာဖြစ်
သည်။
မိတ်ဆွေတစ်ဦးကိုမေ့ရခြင်းမှာ ၀မ်းနည်းစရာကောင်းလှသည်။လူတိုင်းတွင် မိတ်ဆွေ
စစ် မိတ်ဆွေကောင်း ရှိခဲလှ၏။ကျွန်မသူ့ကိုမေ့ပစ်လိုက်မည်ဆိုပါက..ကိန်းဂဏန်းမှလွဲ၍ မည်
သည့်အရာကိုမှ စိတ်ဝင်စားမှုမရှိသော လူကြီးတွေနှင့် တူသွားလိမ့်မည်။ ကျွန်မသူ့ကိုမမေ့ပါ။
မင်းသားလေးမိတ်ဆွေလိုနေသကဲ့သို့ ကျွန်မလည်းမိတ်ဆွေလိုနေခဲ့ဖူးသည်။ကမ္ဘာပေါ်
တွင် ကျွန်မကဲ့သို့ မိတ်ဆွေငတ်မွတ်နေသူများကို ရည်ညွှန်း၍၊ ကျွန်မ၏မိတ်ဆွေလေးအ
ကြောင်းပြောပြချင်ပါသည်။ မိတ်ဆွေတစ်ယောက်အကြောင်း နူးညံ့စွာဖွဲ့ဆိုရခြင်းသည် ကမ္ဘာ
ပေါ်ရှိ တော်ဝင်သောစကားလုံးတစ်လုံးမှ မပါဝင်ဘဲနှင့်ကို ပြီးပြည့်စုံသလိုခံစားရစေသည် ဟု
ကျွန်မဆိုလျင် သင်ယုံနိုင်ပါမည်လား။
ကျွန်မ မင်းသားလေးကိုတွေ့ခဲ့ရသည်။ သူ့မိတ်ဆွေကြီးမျှော်လင့်ထားသလို အာဖရိက
သဲကန္တာရထဲတွင်မဟုတ်ပါ။ ဤကမ္ဘာလောက၏ မည်သည့်နေရာမဆို B612ကြယ်ကလေး
အောက်တည့်တည့်တွင် တည်ရှိနိုင်ကြောင်းကျွန်မလက်တွေ့သိခဲ့ရပြီ။ မည်သို့ဆိုစေဤ၀တ္ထု
သည် ကျွန်မ၏ မိတ်ဆွေစစ် မင်းသားလေး သို့သာ အတိအကျ ရည်ညွှန်းပါသည်။








အခန်း(၁)
“ ကျေးဇူးပြုပြီး ကျွန်တော့်ကို သိုးပုံလေးတစ်ပုံဆွဲပေးပါ..”
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အလန့်တကြား ထခုန်ဆုတ်လိုက်သော…
ကျွန်မကို သူက နားမလည်နိုင်သလိုမျက်မှောင်လေး ကြုတ်ကာကြည့်၏။သို့သော် ခဏမျှသာ။
ကျွန်မ၏ ထိတ်လန့်သွားမှုကို အရေးမပါသလိုဆက်ပြောပြန်သည်။
“ ကျေးဇူးပြုပြီး ကျွန်တော့်ကို သိုးပုံလေးတစ်ပုံဆွဲပေးပါ..”
ပထမခံစားမှုက ရုတ်တရက်ထွက်ပေါ်လာသော အသံသေးသေးလေးကြောင့် ဟု ဆိုလျှင်
ဒုတိယခံစားမှုက မြင်တွေ့လိုက်ရသောလူသေးသေးလေးကြောင့် ဖြစ်လိမ့်မည်။ ကျွန်မကိုယ်
ကျွန်မ ပင် မယုံကြည်နိုင်သေးပါ။ ကျွန်မမြင်နေရသော လူကလေးကိုတော့ ကျွန်မယုံပါသည်။
သူသည် တကယ်ပဲ ကမ္ဘာမြေဆီပြန်လာခဲ့ပြီလား..။သူ့မိတ်ဆွေဟောင်းကြီးက သူမသေသေး
ဘူး ဟု ယုံကြည်ထားခဲ့တာ မှန်နေခဲ့သည်ပေါ့…။
“ မင်းသားလေး..” ကျွန်မနှုတ်ဖျားမှထွက်သွားသော စကားလုံးကို သူစိတ်မ၀င်စားပါ။ သူ့ကိုခေါ်လိုက်သည်ဟု
လည်းထင်ပုံမရ..။သူ စိတ်ဝင်စားတာက ထုံးစံအတိုင်း သိုးပုံလေးတစ်ပုံရဖို့ပင် ဖြစ်သည်။
ကလေးတစ်ယောက်နှင့် အင်မတန်လိုက်ဖက်သော အပြာနှင့်အနီစပ်ထားသည့် အကျီ င်္ရှည်
ရှည်ကိုဝတ်ဆင်ထားသော်လည်း အကျီ င်္ပုံကတော့ လူကြီးဆန်နေသလိုပင်။ ဒီကိစ္စ ကိုခုနေခါ
မှာသူ့ကိုပြောလိုက်လည်းသူစိတ်ဝင်စားမှာမဟုတ်တာသေချာသည်။ ထို့ကြောင့်….
“ ကဲ..ပေး ပေး..သေတ္တာလေးထဲထည့်ထားတဲ့ သိုးလေးကိုဆွဲပေးရမှာလား..”
သူက ခေါင်းခါသည်။
“ ဟင့်အင်း..လွတ်လွတ်လပ်လပ်နဲ့ ခုန်ပေါက် နေနိုင်ဖို့ သူ့ကိုသေတ္တာလေးထဲ ထည့်မထား
ချင်ပါဘူး…”
သူက ကျွန်မကိုတော့ သူ့မိတ်ဆွေဟောင်းကြီးကို လက်ခံသလိုလက်မခံပါ။ သို့သော်…ကံ
ကောင်းသည်က ကျွန်မက သူ့မိတ်ဆွေဟောင်းကြီးထက်အနည်းငယ်သာနေခြင်းပင်…။
နာရီပေါင်းများစွာမတ်တပ်ရပ်ဒဏ်ပေးခံပြီး ရေးဆွဲခဲ့ဖူးသည့် ပန်းချီပုံတချို့က ကျွန်မဘဝ
တွင်ရှိခဲ့ဖူးသည်လေ။
“ ရော့…”






ကျွန်မဆွဲပေးလိုက်သော သိုးကလေးကိုကြည့်ကာ သူ့မျက်ဝန်းလေးတွေ လင်းတောက်
သွားသည်။ တအံ့တသြလည်းဖြစ်နေပုံရသည်။
“ သိုးကလေးက ကျန်းမာသန်စွမ်းပုံရတယ် နုလည်းနုပျို တယ်နော်..”
“ အင်း..”
“ ဒါလေးတွေက သူစားဖို့မြက်လေးတွေလား..”
“ ဒါပေါ့..”
“သိပ်နည်းတယ်လို့ထင်ရပေမယ့်..သိုးကလေးအတွက်ကလုံလောက်မှာပါ.. ”
“ လုံလောက်မှာပါ…”
ကျွန်မတို့ စကားစပြတ်သွားသည်။ သူက သိုးကလေးပုံကိုစူးစူး စိုက်စိုက်ကြည့်နေပြီး
ကျွန်မကတော့ သူ့ကိုသာခုထိအံ့သြမင်သက်စွာကြည့်နေမိဆဲ..။
“ သူက မြက်နုလေးတွေအပြင် ဘာစားသေးတယ်ထင်လဲ..”
“ အိုး..ကျွန်မ မသိဘူး..”
ကျွန်မ အဖြေကိုကြားတော့ သူရယ်မောသည်။သူ့ရယ်မောသံကလေးကချစ်စရာကောင်း
လွန်းလှသည်။ ကျွန်မကို လှောင်ရယ်နေတာမဟုတ်တာတော့ သေချာကြောင်းအပြည့်အဝ
ခံစားမှုကိုပေးနိုင်သည်။
“ မင်းက ကလေးတွေလိုပဲ မညာတတ်ဘူး သိပ်ကောင်းတာပဲ.”
ထိုအခါကျမှ ကျွန်မလည်း ကလေးတွေလို လိုက်လံရယ်မောမိတော့သည်။ပြီးတော့မှ သတိ
တရမေးမိ၏။
“ မင်းသားလေး..ဘယ်ကလာတာလဲ..”
မေးခွန်းတွေကိုဖြေဆိုဖို့ရှောင်လွှဲ တတ်သောမင်းသားလေးက ကျွန်မကို မေးခွန်းနှင့်တုံ့ပြန်
သည်။
“ ခင်ဗျား..ကျွန်တော့်ကိုဘာလို့..အဲလိုခေါ်တာလဲ.”
“ ရှင့်ရဲ့ ..ကမ္ဘာမြေပေါ်က မိတ်ဆွေ လေယာဉ်မှူးကြီးက အဲလိုခေါ်တယ်လေ..”
သူ..ဘာမှပြန်မပြော။စက္ကန့်တချို့ကြာအောင် သူတိတ်ဆိတ်သွားပြီးမှ….
“ လောကတစ်ခုကနေတစ်ခုကို ခရီးထွက်ရတာသိပ်စိတ်လှုပ်ရှားစရာကောင်းတာပဲ..”
..ဟုဆိုသည်။ဒါလည်းကျွန်မမေးခွန်းကိုဖြေခြင်းမဟုတ်ပါ။ကျွန်မမှာကျတော့လည်း မေးခွန်း
တွေကအလုအယက် နှုတ်ခမ်းဝမှာ တွန်းထိုးထွက်ချင်နေသည်။
“ ပထမ အကြိမ် ဒီကမ္ဘာလောကက မထွက်ခွာခင်တုန်းက မြွေတစ်ကောင်ရဲ့အဆိပ်ကြောင့်
..တစ်ခုခုများ…”
ကျွန်မ စကားမဆုံးမီမှာပင်..သူကခပ်တိုးတိုးပြော၏။
“ လောကမှာမြွေဆိပ်ထက် သိပ်ပြင်းထန်တဲ့အဆိပ်တွေအများကြီးပါ..”
ထိုသို့ပြောပြီး ကျွန်မဆက်မျှော်လင့်နေသေးသော်လည်း၊သူကဆက်မပြော။သူ့အာရုံကသိုးက
လေးထံမှာသာ။
“ မင်းဆွဲပေးတဲ့..သိုးကလေးကလှတယ်…”
သူကသိုးကလေးကို.သူ့ရတနာထဲ၌သူ့ကိုယ်သူမြုပ်နှံ၍ကသိုင်းရှုနေဘိသကဲ့သို့..အာရုံစိုက် ကာကြည့်ရင်း ထပ်ပြောပြန်သည်။
“ သူက အဖြူရောင်နော်..မင်းလိုပဲ..”
သူက ကျွန်မဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံကိုရည်ညွှန်းပုံရသည်။တကယ့် တကယ်
တော့၊ကျွန်မသည် သူမျှော်လင့်သလို အဖြူရောင်မဟုတ်တာ ကျွန်မပဲသိသည်။သို့တိုင်လျက်
တခြားအရောင်များလာရောက်စွန်းပေမှာကိုလည်း..ထိတ်လန့်စိုးရွံ့နေခဲ့သည်..ဟုဆိုလျင်
မင်းသားလေး မည်သို့မှတ်ချက်ချမည်မသိ။
“ မင်းရော..သိုးလေးတစ်ကောင်မလိုချင်ဘူးလား..”
သူက ကျွန်မမျှော်လင့်မထားသောမေးခွန်းကိုမေးလာ၏။
“ သိုးကလေးတစ်ကောင်…” မည်သူမဆိုသိုးတစ်ကောင်ကိုလိုချင်သည်ဟုဆိုပါကထိုသူသည်လူသားပင်ဖြစ်သည်.ဟုလူ
တစ်ယောက်ကဆိုထားခဲ့သည်။ကျွန်မကတော့..သိုးကလေးတစ်ကောင်လိုချင်လားမလိုချင်
လားမသိပေ။ကရိကထများမှာတော့ သေချာသည်ဟူသည့်အတွေးကကျွန်မကိုစိုးမိုးနေသည်။
“ လိုချင်လား….မလိုချင်ဘူးလား..ကျွန်မ..မသိဘူး. ”
ကျွန်မက..စိတ်ထဲရှိသည့်အတိုင်းရိုးသားစွာဖြေမိသော်လည်း..မင်းသားလေးကနှစ်လိုပုံမရချေ.
“ အဲဒီလို..မသေချာ..မရေရာမှုတွေက..သက်ကြီးရွယ်ကြီးတွေနဲ့ပဲဆိုင်တာလေ..”..တဲ့။
စောစောက..မသိတာကိုမသိဘူးဟု.ဝန်ခံခဲ့စဉ်ကတော့ကျွန်မကို..ကလေးတွေလိုပဲမညာတတ်
ဘူးဟု..ဆိုခဲ့သူက..ခုကျပြန်တော့..ဇဝေဇဝါဖြစ်နေမှုကိုလူကြီးသူမတွေနှင့်သာသက်ဆိုင်သည်
ဟုစွပ်စွဲပြန်သည်။အမှန်တကယ်တော့..သူမမှားပါ။ကျွန်မသည်.သူမျှော်လင့်မထားသောလူကြီး
တစ်ပိုင်း..ကလေးတစ်ပိုင်း.သတ္တဝါသာဖြစ်သည်လေ…။
“ အမှန်တကယ်ပြောရရင်တော့…”
ကျွန်မ၏စကားအစမှာပင်…သူ့မျက်ဝန်းထဲယုံကြည်မှုအလင်းတစ်ချို့ပြန်ဖြတ်ပြေးသွားသည်။
ကျွန်မ..ဆက်ပြောမိ၏။
“ ကျွန်မ..သိုးကလေးတစ်ကောင်မလိုချင်ပါဘူး..”
“ ဘာလို့လဲ..”
“ သိုးကလေးက..သိပ်ဖြူစင်လွန်းတယ်”
“ အဲဒီတော့…”
“ အဲဒီတော့..သူ့ဖြူစင်မှုကို..ဂရုစိုက်ဖို့..ကျွန်မသိပ်ပင်ပမ်းမှာပေါ့…ပြီးတော့..”
“ ပြီးတော့..???”
“ ဒီနေရာက..B.၆၁၂ ဂြိုဟ်လေးလိုမဟုတ်ဘူး…”
သူက..မမြင်သာလောက်သော..လျင်မြန်မှုမျိုးနှင့်ခေါင်းကိုဆတ်ကနဲညိတ်လိုက်ကာ..သူ့ဘာ
သာသူရေရွတ်သလို၊ကျွန်မစကားကိုဆက်ပေး၏။(သိပ်တော့မသေချာပါ..)
“ သိပ်ကျယ်ပြောတယ်..သိပ်အန္တရာယ်များတယ်..”
မဆီမဆိုင်..ကျွန်မ..သူ၏ပန်းကလေးကိုရုတ်တရက်သတိရမိသွားသည်။
“ ရှင့်ရဲ့..ပန်းကလေးရော..”
သူ့မျက်နှာလေးတစ်ချက်ငြိမ်သက်သွားသော်လည်း.ထုံးစံအတိုင်းသူဘာမှမဖြေ။သူ့ကြည့်ရတာ
ပန်းကလေးဆီလည်းတစ်ခါမှပြန်ရောက်သေးပုံမပေါ်။
“ ပန်းကလေးကိုချစ်တတ်ဖို့..ခုထိရှင်..အရွယ်မရောက်သေးပါဘူး..”
ထိုစကားကိုလည်းသူကမည်သို့မှမတုံ့ ပြန်ပါ။သူ့ရှေ့က..မြင်နေရသောမြင်ကွင်း..ကွက်ကွက်
ကလေးကိုသာငေးမောကြည့်နေသည်။ထူးဆန်းစွာပင်..ထိုအချိန်ကသူကြည့်နေခဲ့သော
ကောင်းကင်တိမ်ဖြူများနှင့်တောင်တန်းတို့သည်..သိင်္ဂါရ..ရသမြောက်နေခဲ့သည်။





“ ချစ်ခြင်းမေတ္တာအတွက်..ခရီးထွက်လာခဲ့တာပါ..ဒါပေမယ့်..”
ငြိမ်သက်နေရာမှ..ရုတ်တရက်..စကားကိုစ၏။
“ ဒါပေမယ့်..ဘာဖြစ်လဲဟင်..”
“ လမ်းမှားလာခဲ့သလိုပဲ..”
“ ချစ်ခြင်းမေတ္တာဆီကို..သွားတဲ့လမ်းကိုသိလို့လား..”
ကျွန်မကထိုသို့ပြန်မေးလိုက်တော့..သူက..
“ နှလုံးသားနဲ့သွားရတာလို့ပြောမလို့လား..”…ဟုပြန်မေးသည်။
“ အဲလိုတော့မဟုတ်ပါဘူး..သွားတိုင်းမရောက်နိုင်တဲ့လမ်းတွေထဲမှာ..သူလည်းပါတယ်လို့
ပြောမလို့ပါ..”
တကယ့်တကယ်တော့..လောကတွင်“ချစ်ခြင်းမေတ္တာ”..ဟူသောခံစားမှုသည်ကြီးကျယ်မြင့်
မြတ်စွာပျောက်ဆုံးနေခဲ့ပြီးသားဖြစ်သည်။ဒါကို..ကျွန်မ..မင်းသားလေးကို..ပြောမပြချင်ပါ…..။
မသိစေချင်သေးပါ။ထိုအကြောင်းကိုတွေးမိတော့..ကျွန်မ၏မရိုးသားမှုအတွက်ရော..ချစ်ခြင်း
မေတ္တာအတွက်ပါ..ကျွန်မ..မျက်ရည်ဝဲလာရသည်။
မျက်ရည်ကမ္ဘာသည်လွန်စွာလျို့ဝှက်ဆန်းကျယ်လွန်းလှသည်။မင်းသားလေးကတော့ကျွန်မ
စကားကိုလက်ခံချင်ပုံမရပါ။
“ ချစ်ခြင်းမေတ္တာဆိုတာဘာလဲ..”
ဒိသာပါမောက္ခတစ်ဦးကမေးသလိုကျွန်မကိုမေး၏။
“ သင်ယူလို့မရတဲ့အရာတစ်မျိုးပါ..”
သူကခေါင်းကိုအသာခါရမ်းရင်း..ရေရွတ်၏။
“ ဖမ်းယူဆုတ်ကိုင်လို့မရပေမယ့်..သိပ်အင်အားကြီးမားတဲ့အရာတစ်ခုပါ..”
ကျွန်မ..ဘာမှပြန်မပြောမိ။သူနှင့်ကျွန်မ..ချစ်ခြင်းမေတ္တာအကြောင်းအငြင်းမပွားလိုပါ။ထို့အပြင်
အငြင်းပွားမှုမှအစပြုကာ..တစ်စုံတစ်ရာကိုသူရိပ်မိသိရှိသွားမှာကျွန်မစိုးနေမိပြန်သည်။..တို့အ
တွက်ကျွန်မ..လျှောချလိုက်မိ၏။
“ လူကြီးသူမတွေက..ချစ်ခြင်းမေတ္တာကို..အမျိုးမျိုးဖွင့်ဆိုနေကြတယ်..နားလည်ရခက်ပါတယ်
လေ…”
တကယ့်တကယ်ကျ..မင်းသားလေးထံမှ..နားမလည်နိုင်သော..အကြည့်တစ်ခုကိုသာကျွန်မရ
လိုက်သည်။သို့သော်..နားလည်အောင်ဆက်မကြိုးစားသည့်အတွက်..မင်းသားလေးကိုကျွန်မ
ကျေးဇူးတင်မိ၏။အချို့သောအရာများသည်..နားမလည်သည့်အတိုင်းထားခြင်းကပိုကောင်း
သည်..မဟုတ်ပါလား..။
ကလေးတစ်ယောက်၏အတ္ထုပ္ပတ္တိသည်..အဖြူရောင်စာအုပ်တစ်အုပ်ဟုဆိုလျင်..ကျွန်မသည် စာမျက်နှာတချို့ကိုခပ်ကြမ်းကြမ်းရေးမှတ်ထားခံရသောလက်ကျန်အဖြူရောင်စာအုပ်တစ်အုပ် သာဖြစ်သည်။ဒါကို..ကျွန်မ..မင်းသားလေး..ကိုဝန်မခံရသေးခြင်းသည်ပင်လျင်..သူ့ကိုသစ္စာမရှိ
ရာကျနေသည်မဟုတ်ပါလား။မိတ်ဆွေများသည်..တစ်ဦးအပေါ်တစ်ဦးသစ္စာရှိရမည်ဟု..ရှေး ဟောင်းကျမ်းဂန်တချို့ကဖော်ပြထားသည်ကိုဖတ်ရှုခဲ့ရဖူးသည်လေ..။
“ မင်းသားလေး..”
ကျွန်မသူ့ကိုခေါ်တော့..သူကလှည့်ကြည့်၏။ဒီနာမည်သည်သူနှင့်သာ..သက်ဆိုင်သည်ကိုသူခံ
စား၍ရပုံပေါ်သည်။အမှန်တကယ်က..ဒီလောကကို..ဘာလို့ပြန်လာတာလဲ..ဟုမေးရန်ပင်။သို့
သော်..လှည့်ကြည့်လာသော..ကမ္ဘာပေါ်တွင်အသန့်စင်ဆုံးနှင့်..အကြည်လင်ဆုံးသောအကြည့်
ကလေးကိုတွေ့လိုက်ရတော့.ကျွန်မ..မေးခွန်းလေးတွေအငွေ့ပျံသွားရသည်။
“ ကျွန်မတို့..မိတ်ဆွေတွေဖြစ်သွားကြပြီနော်..”
တမင်သက်သက်ကြီး..ပြောင်းလဲပစ်လိုက်သောစကားတစ်ခွန်းးဖြစ်သော်လည်း..ကျွန်မပြော
ချင်သောစကားတစ်ခွန်းဖြစ်သည်ကိုတော့..ကျွန်မလိပ်ပြာလုံစွာဝန်ခံရဲသည်။လူအချို့သည်ထို
သို့သော..ထိုသို့သော..ဖြေသိမ့်မှုများကို..ဖြေဆေးအဖြစ်စားသုံးရင်း..အရောင်ပြောင်းခဲ့ကြရ
သည်ကိုတော့..မည်သူကမှ..ဖွင့်ဟ..ဝန်ခံကြခြင်းမရှိသေးပါ။

အခန်း(၂)

`ကျွန်တော့်မှာ မိတ်ဆွေလိုနေတယ် ...´
အမှန်တော့ ထိုအရာသည် အရှားပါးဆုံးသောအရာ ဖြစ်သည်ကို ကျွန်မ သိနေသည်။ ကျွန်မ
မသိတာက သူ့ကို အသိပေးသင့် မပေးသင့်ဆိုတာနှင့် ကျွန်မကိုယ်တိုင်ကရော သူ့အတွက် မိတ်ဆွေကောင်းဖြစ်နိုင် မဖြစ်နိုင် ဆိုတာပင် ... ။ သေချာ ပြန်တွေးကြည့်မယ်ဆိုလျှင် ကျွန်မ
က `မင်းသားလေး´ကို တကယ်ပဲ ရင်ထဲက နှစ်နှစ်ကာကာ ရှိနေတာလား ... သို့တည်းမဟုတ်
အားလုံးက မျှော်လင့်နေသော `မင်းသားလေး´ ဖြစ်နေသည့်အတွက် စိတ်ဝင်စားမိတာလား ... သိပ်မသေချာချင်ပြန် ... ။ ထို့အတွက်လည်း ကျွန်မကိုယ် ကျွန်မ အားမရပါ ... ။ သေချာတာ
ကတော့ ကျွန်မသည် လူကြီးသူမတွေလို ဇဝေဇ၀ါဖြစ်နေတတ်ပြီး ကလေးသူငယ်တွေလို ရိုးသားချင်နေမိခြင်းပင်။

`ကျွန်မ ရှင့်ရဲ့မိတ်ဆွေ ဖြစ်ချင်ပါတယ် ...´

သူက ခေါင်းကို တစ်ချက်ဆတ်၏။ ကျွန်မစကားကို လက်ခံသဘောတူလိုက်တာလား သူ့
ဘာသာသူ လှုပ်ရှားမှုတစ်ခုကို အမှတ်တမဲ့ ပြုမူလိုက်သည်လား .... သိပ်မသေချာ ... ။

`ဒါနဲ့ ရှင် ဘယ်တွေ သွားနေခဲ့လဲ ...´
`နေရာသစ် လောကသစ်တွေဟာ ပထမပိုင်းမှာတော့ စိတ်ဝင်စားစရာ ကောင်းတတ်တယ် ... ´

သူ့ထုံးစံအတိုင်း ကျွန်မ၏ မေးခွန်းကို မဖြေဘဲ ပြောချင်ရာကိုသာ ပြောသည်။ သို့သော် ဆက်စပ်ကြည့်လျှင်တော့ ဒါဟာ အဖြေတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု တွေးနိုင်သည်။
`အခုတော့လည်း အရာအားလုံးဟာ ပျင်းရိစရာကောင်းအောင် ဟောင်းနွမ်းသွားခဲ့ပါပြီ...´ ဟု
ဆက်ပြောပြန်၏။

သူပြောတာ မှန်ပါသည်။ လောက၌ အရာအားလုံးသည် မထိတွေ့ဖူးခင်ကတော့ အသစ်ဖြစ်
နေတတ်ပြီး တွေ့ကြုံပြီးသည်နှင့် ဟောင်းနွမ်းသွားတတ်ကြသည်ချည်း မဟုတ်လား ... ။

`မင်းရဲ့ နေထိုင်ကြီးပြင်းခဲ့ပုံကို ပြောပြပါလား ...´

သူများမေးခွန်းကိုဖြေဆိုရန်.ရှောင်လွှဲတတ်သော်လည်းသူ့မှာတော့..မေးခွန်းတွေ အများအပြား
ရှိနေခဲ့ပုံရသည်။ကျွန်မကို.ထိုသို့မေး၏။ခုချိန်မှာတော့..သူမသိသေးသော..ကျွန်မ၏ နေထိုင်ကြီး
ပြင်းခဲ့ပုံက..သူ့အတွက်.အသစ်ဖြစ်နေသေးသည်လေ။ကျွန်မ..စကားဆုံးလျှင်တော့..သူ.ပျင်းရိငြီး
ငွေ့သွားမှာ သေချာသည်။

`ကျွန်မ လူကြီးသူမတွေကို စိတ်ရှည်သည်းခံရင်း ကြီးပြင်းခဲ့တယ် ...´
`အဲဒီအတွက် ရလာဒ်က ...´
`ခုလို သိုးကလေးတစ်ကောင်လို လှလှပပ ဆွဲပေးနိုင်စေခဲ့တာပေါ့ ... ´

သူ သိုးကလေးထံ အာရုံပြန်ရောက်သွားသည်။

`မင်း သိုးလေးက ချစ်စရာလေး ... ကြည့်စမ်း ... သူ ခု မြက်ကလေးတွေကို စားနေတယ်၊ သူ့
အတွက် ရေတစ်ပုံးလောက်များ လိုမလား မသိဘူး ...´
`ဒါပေါ့ ... ဒါပေါ့ ...´

ကျွန်မက အလျင်စလိုထောက်ခံရင်း ကပျာကယာ စာရွက်ကို လှမ်းယူကာ ရေပုံးလေးတစ်ပုံး ဖြည့်ဆွဲပေးလိုက်သည်။







`မင်း ... ဒီလိုပုံတွေရဖို့ နာရီပေါင်း ဘယ်လောက်များ မတ်တတ်ရပ်ခဲ့ရတာပါလိမ့် ...´
`အဲဒါတွေကို ရေတွက်ထားရင် ကျွန်မ ပင်ပန်းလေးလံနေမှာပေါ့ ... ´
`ကဲကဲ ... ဆက်ပြောပါဦး မင်းရဲ့ နေထိုင်ကြီးပြင်းခဲ့ပုံကို ...´
`တချို့ကလေးတွေလိုပဲ သိပ်ကို ရိုးစင်းလွန်းပါတယ် ...´

ကျွန်မက ထိုသို့ ပြီးလွယ်စီးလွယ် ပြောလိုက်တော့ မင်းသားလေး စိတ်တိုသွားသည်။

`မင်းလည်း လူကြီးသူမတွေလိုပဲ အရာအားလုံးကို ရောထွေးပစ်လိုက်ချင်နေတယ်၊ မတူဘူး ...
လောကမှာ ဘယ်အရာနှစ်ခုမှ မတူနိုင်ဘူး ... တချို့ကလေးတွေရဲ့ ဘ၀မှာ ကြီးပြင်းလာရတာ
မိဘတွေ မပါဘူး၊ မောင်နှမတွေ မပါဘူး ... ပညာရပ်တွေနဲ့ ကင်းဝေးပြီး ချစ်ခြင်းမေတ္တာလည်း
မပါဘူး ... စာနာစိတ်နဲ့ အသိတရားတွေလည်း မပါဘူး... အဲလို လွယ်လွယ်ပြောလို့ ရလို့လား ...´

ကျွန်မ အမှားကို ကျွန်မသိသော်လည်း ကျွန်မ သူ့ကို မှားကြောင်း မ၀န်ခံမိပါ။ ကျွန်မသည်
သူထင်ထားသလို ကလေးတစ်ယောက် မဟုတ်တာ သေချာလာရသည်။

`ကျွန်မမှာ အဲဒီအရာတွေအားလုံး ပါဝင်ပါတယ်၊ လိုက်နာချင်စရာကောင်းတဲ့ စည်းကမ်းတစ်
ချို့နဲ့ သိပ်ပြီး အဆင်ပြေပြေမရှိလှတဲ့ နိတိတချို့နဲ့လည်း ကျွန်မ သဟဇာတ ဖြစ်အောင် ...
...နေခဲ့ဖူးတယ် ...´
`ဘာလဲ ... သဟဇာတဆိုတာ ... ´
`သင့်မြတ်အောင် နေထိုင်တာကို ပြောတာပါ ... ´
`လိုက်လျောညီထွေ နေထိုင်လိုက်ရတာဟာ နှစ်လိုမှုတော့ မဟုတ်ဘူးနော် ...´
`ကျွန်မ သိပါတယ် ... ´
`ကဲ ... ဆက်ပါဦး´
`သင်ယူလို့ မဆုံးတဲ့ သင်ခန်းစာတွေကို သင်ယူခဲ့ရတယ်၊ ဘယ်အရာမှ အလကားမရနိုင် ဘူးဆိုတာကို သိခဲ့ရတယ်၊ ကျွန်မတို့က လောကထဲကို ခြေဗလာ လက်ဗလာနဲ့ ၀င်ခဲ့ကြ ရပေမယ့် အလကား မရနိုင်တဲ့ အရာတွေအတွက် ပေးဆပ်ဖို့ တစ်ချိန်လုံး ပင်ပန်းလေးလံ ခဲ့ကြရတယ်၊ သူများ ပုံစံခွက်တွေကို နှစ်လိုမှု မရှိတဲ့အခါ ကိုယ့်ပုံစံခွက်ထဲ ကိုယ်ဝင်နေရ တာကလည်း ဒုက္ခတစ်မျိုးပါပဲ ...´

သူက ကျွန်မကို ဖြတ်မေးပြန်သည်။

`မင်း အသက်ရှူကြပ်တဲ့အခါ ဘာလုပ်လဲ ...´

သူ့မေးခွန်းကြောင့် ကျွန်မ သဘောကျစွာ ရယ်မိတော့ သူ တအံ့တသြကြည့်သည်။ သူ့
မေးခွန်းမှာ ရယ်စရာမပါ ... ဟု သူ တွေးနေမည်ပေါ့ ... ။

`ကျွန်မ ဘ၀က ခီယူဆန်ဖန်လို ပင်လယ်လေထွက်ရှူဖို့တောင် အခွင့်မရှိခဲ့ပါဘူး ...´

သူ ခီယူဆန်ဖန်ကို သိ မသိ ကျွန်မ မသိပါ။ ကျွန်မကလည်း ရှင်းမပြသလို သူကလည်း
မမေးပါ။ ကျွန်မတို့သည် မမြင်ရသော ကြိုးများ၏ တုပ်နှောင်မှုနှင့် သူ့လိုပင် ပင်လယ်ကြီး
ဆီ သွားခွင့် မသွားနိုင်ခဲ့ကြသေးပါ။

`တချို့လူတွေ သုံးနှုန်းနေတဲ့ ထွက်ပေါက်ဆိုတာ ဘာလဲ ...´

သူ့မေးခွန်းက တည့်တည့်ကြီး ချိုးကွေ့သွားပြန်သည်။ ကျွန်မမှာတော့ ကျွန်မ ရင်ထဲက
မေးခွန်းများကို မျိုသိပ်ရင်း သူ့မေးခွန်းတွေကိုသာ ဖြေနေမိသည်အထိ လွှမ်းမိုးမှု ခံထား
ရသည်ကို ကျေနပ်စွာ တွေ့ရှိလိုက်ရသည်။

`အဲဒါ လူတချို့ရဲ့ အတ္တနဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ပေါင်းပြီး ခေါင်းစဉ်လှလှလေး
....တပ်ထားတာပါ ...´

သူက ကျွန်မစကားကြောင့် မျက်လုံးကလေးများ လင်းတောက်သွားရင်းက စကားတစ်ခွန်း
..ကို ဆိုသည်။

`အဲဒါဆိုရင် မင်းရဲ့နေထိုင်ကြီးပြင်းမှုကို ခေါင်းစဉ်လှလှကလေး တပ်ပေးကြည့်ပါလား ...´

ဘုရား ... ဘုရား ... ကျွန်မ ကျိတ်၍ ဘုရားတမိသည်။

သိပ်ပြီးခက်ခဲနက်နဲတဲ့ အလုပ်ဟု ကျွန်မ မပြောလိုသော်လည်း မလွယ်ကူတာတော့
သေချာသည် မဟုတ်လား ... ။ ကျွန်မ စဉ်းစားနေမိသည်။ အချိန်တွေ မည်မျှ ကြာသွား
သည် မသိ။ မင်းသားလေးက.........

`အို ... သိပ်ခက်ခဲရင်လည်း နေပါစေတော့ တွေ့လား ... ကျွန်တော့် သိုးကလေး........
...ရေသောက်နေတယ် ... ´

သူက ကလေးဆန်ဆန် စကားကို လမ်းလွှဲပစ်လိုက်၏။ ကျွန်မကတော့ သူလို ကလေး
တစ်ယောက် မဟုတ်သည့်အတွက် လိပ်ပြာမလုံချင်။

သူကတော့ ဘာမှမဖြစ်သလို စကားကို ဆက်ပြောနေသည်။

သူရောက်ခဲ့သော လောကတစ်ခုအကြောင်း ... ဂြိုဟ်အမှတ် ၁၃၉၀၈ ဟု သူက ဆိုသည်။
ဂဏန်းတွေနှင့် ပတ်သက်လျှင် အလွန်အယူသည်းတတ်သော ကျွန်မ အတွက်ကတော့
ထိုဂြိုဟ်သည် မသတီချင်စရာကောင်းမည်ဟု ထင်မိလိုက်သည်။ ဆက်ပြောတာကို....
...နားထောင်ကြည့်တော့ ထင်သည့်အတိုင်းပင် ...။

`အဲဒီဂြိုဟ်ဟာ တစ်ခုခု လွဲမှားနေပုံပဲ ...´
`ဘယ်လိုများပါလိမ့် ...´
`ဒီသိုးကလေးရဲ့ အရောင်က ...´
`အဖြူရောင်လေ ...´
`သူတို့က အဲဒီအရောင်ကို အနက်ရောင်လို့ ခေါ်တယ် ...´

ဘုရားသခင်

ကျွန်မ နှုတ်ဖျားမှ ခပ်ဖွဖွ ရေရွတ်မိ၏။

(ဆက်ပါဦးမည်..)
ကျွန်မတစ်ယောက်တည်းဆိုဒီလိုတင်နိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။မိုးနေသာ စာအုပ်ကိုကိုယ် တိုင်ဝယ်ကိုယ်တိုင်ကူရိုက်ပြီးမပို့ ရင်အခြေအနေကတော်တော်စောင့်ရမှာပါ။ဒီကလေးမလည်း လူပေါင်းမှားရှာပါတယ်။ ဘာပဲပြောပြော ညီမလေးမိုးနေကိုအများကြီးကျေးဇူးတင်ပါတယ်။


ဒဏ်ရာလိပ်ပြာအထူးကု(၂)

Friday, March 13, 2009

(၃)
မေမြတ်မိုးဦးက မိန်းကလေးဆိုတော့ သူ့စိတ်ထဲမှာ ရှိနေတာကို သိဖို့ခက်ပါတယ်။ ကျော်စိုးကို
ဝင်လုံးပြီး မေးလို့ရတာလည်း မဟုတ်တော့ တစ်မျိုးကြံရတယ်။ အေးမင်းညီမနဲ့ သူနဲ့က ငယ်ငယ်
ကလေးတည်းက တွဲလာတဲ့ သူငယ်ချင်းဆိုတော့ အေးမင်းညီမဆီကပဲ သူ့အကြောင်း စုံစမ်းဖို့
ဆုံးဖြတ်ရတယ်။ အေးမင်းနဲ့ ကျွန်တော်နဲ့ကလည်း ငယ်သူငယ်ချင်းဆိုတော့ သူ့ညီမနဲ့ကလည်း
မိသားစုလို ခင်ပြီးသားပါ။

`ဟဲ့ ... အေးအေးလင်း၊ နင်တို့အုပ်စု တက္ကသိုလ်တက်တာ ဒုတိယနှစ်ရှိပြီ၊ တစ်ယောက်မှ မစွံ
သေးဘူးလား´
`အံမာ ... ကိုရဲကလည်း သမီးတို့က ပညာသွားရှာတာပဲ၊ ဘွဲ့ရမှ ဒီကိစ္စကို စဉ်းစားမယ်၊ အခု
တော့ Sorry ပဲ´

ဒါမိန်းကလေးတွေ သုံးနေကျ စကားပါ။ အဲဒီလို မိန်းကလေးမျိုးက စောစောစီးစီး အိမ်ထောင်
ကျတာ များတယ်။

`နင့်ကို လိုက်တဲ့သူတွေ ဘာတွေ မရှိဘူးလားဟ´
`ဟွန်း ... မိုးဦးကျသရက်စေ့ကို ယင်ကောင်အုံတဲ့အတိုင်းပဲ၊ ဒါပေမယ့် ယင်ကောင်ဆိုတော့ မောင်းထုတ်ရတာပေါ့´
`ယောက်ျားလေး သူငယ်ချင်းတွေ ဘာတွေရော မရှိဘူးလား´
`ဒါတော့ ရှိတာပေါ့၊ လိုအပ်တဲ့ အကူအညီလေးတွေ တောင်းဖို့ ထားရတယ်လေ´

သူ့အကြောင်း အရင်မေးပြီး သူ စိတ်ပါလာတော့မှ မေမြတ်မိုးဦးအကြောင်း စရတယ်။ တိုက်
ရိုက်ဆိုရင် စကားမထွက်တတ်ဘူး။

`မေမြတ်မိုးရော ရရောပေါ့´
`သူ့မှာလည်း မရှိသေးပါဘူး။ သူကတစ်မျိုး ကိုရဲရ၊ အချစ်နဲ့ပတ်သက်ရင် သူ့မှာ ဆိုက်က
ိုရှိတယ်´
`ဟ... ဘာဆိုက်ကိုလည်းဟ၊ လုပ်စမ်းပါဦး´

အေးအေးလင်းက ခဏစဉ်းစားတယ်။ ပြီးတော့ ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော် စုံစမ်း
တာ သိချင်လို့၊ စကားလမ်းကြောင်းကြုံလို့လို့ပဲ သူ ကောက်ချက် ချဟန် တူပါတယ်။ မေမြတ်မိုး
နဲ့ ကျွန်တော်နဲ့က ဘာအဆက်အသွယ်မှ မရှိတာ။ သူနဲ့တောင် စကားကြာကြာ ပြောဖူးတာ
ဒီတစ်ခါထဲ ရှိတာကိုး။

`သူ့ကို လိုက်တဲ့ ကောင်လေးတွေကို သူက တစ်ခါတစ်လေ အေးအေးဆေးဆေး ဆက်ဆံ
ပါတယ်၊ နောက်ကျတော့လည်း ဘာပြဿနာမှ မရှိဘဲ မခေါ်တော့ မပြောတော့ပြန်ဘူး´
`ကျော်စိုးကို ဘေသလိုရော မဘေဘူးလား´
`အဲဒီလိုတော့ မလုပ်ဘူး အစ်ကိုရ၊ တစ်ခါတစ်လေ ပြန်အော်တာလောက်တော့ ရှိတာပေါ့၊
ရပ်ကွက်ထဲမှာလို သွားလုပ်ရင် သူ ပြဿနာ တက်မှာပေါ့´
`ကျော်စိုးကို သူ ဘာဖြစ်လို့ ဒီလောက် ခါးခါးသီးသီး ဖြစ်နေရတာလဲ၊ ဟိုငတိက ဘာတွေလုပ်လို့လဲ´
`အေးတို့ သိသလောက်တော့ ဘာမှမရှိပါဘူး၊ တစ်ခါတစ်လေ ဘာစကားမှမပြောဘဲ နောက်က လျှောက်လိုက်ချင် လိုက်နေတတ်တာ၊ ပြောတော့လည်း နင့်ကို ငါ အရမ်းချစ်တယ်ဆိုတာပဲ၊ အဲဒီတော့ မေမြတ်က အော်ရော´
`အင်း ... ဒီကောင်ကလည်း ငကြောင်ပဲ၊ နင်တို့ကို အောင်သွယ်တွေ ဘာတွေ လုပ်မခိုင်းဘူးလား´
`အမလေး ... ဒီကိုယ်တော်က မေမြတ်ပါမှ နောက်ကလိုက်တာ၊ အေးတို့ချည်းပဲဆို လှည့်တောင်
ကြည့်တာ မဟုတ်ဘူး´
`နင်တို့ကရော နည်းနည်း တွန်းမပေးဘူးလား´

အေးအေးလင်းက ပြုံးတယ်။ ပြီးတော့ ပခုံးကိုတွန့်တယ်။

`စက်ဘီးနဲ့ မြောင်းထဲကျတုန်းကတော့ ပြောဖူးပါတယ်၊ သနားပါတယ်ဟာ ဘာညာပေါ့၊ သူက တကယ်ဝင်တိုက်တာ ကိုရဲရ၊ အဲဒီတော့ သူက သနားရင် ညည်းကြိုက်လိုက်တဲ့၊ ကျော်စိုးအ
ကြောင်း စကားစပ်မလို့ပြောရင် သူက အရမ်းစိတ်ဆိုးတယ်၊ အဲဒီတော့ အေးတို့လည်း မပြော
တော့ဘူး´

အေးအေးလင်းဆီက တချို့ကိစ္စတွေလည်း သိရပါတယ်´
မေမြတ်မိုးက ရွှေငါးကလေးတွေမွေးတာ ၀ါသနာပါတဲ့အကြောင်း၊ သီချင်းနားထောင်တာ ၀ါသနာပါတဲ့အကြောင်း၊ သရဲအရမ်းကြောက်တတ်ကြောင်း၊ သူငယ်ချင်းတွေကို သြဇာမပေး
တတ်ပေမယ့် သူဖြစ်ချင်သလိုမဖြစ်ရင် စိတ်ကောက်တတ်ကြောင်းတွေပါ။ ကျွန်တော့်အထင်
တော့ သာမန်ပါပဲ။

`သရဲကြောက်တာတော့ မပြောနဲ့ ကိုရဲရေ၊ နေ့ဘက်တောင် သူ သန့်စင်ခန်းသွားရင် သမီးတို့
က သူ့အခန်းနားက စောင့်ပေးရတာ၊ တံခါးလည်း ဘယ်တော့မှ ဂျက်မချဘူး၊ တစ်ခုခုဖြစ်ရင် ပြေးလို့ရအောင်လို့တဲ့ ကြောင်တာ ကြောင်တာ´
`ကျော်စိုးအကြောင်း ညည်းတို့ကို ဘာပြောသေးလဲ´
`သူကတော့ တစ်ခါမှ စမပြောဖူးဘူး ကိုရဲရ၊ အေးတို့ပြောရင်လည်း များလာရင် အော်ရော၊
သူကသာ ချဉ်ဖတ်ကို မုန်းနေတာ၊ သူ့အဖေကတော့ ဒေါ်ဘုမ ချဉ်ဖတ်မှ ဒေါ်ဘုမချဉ်ဖတ်၊
သိပ်ကြိုက်တာ´
`ကိုရဲက ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး လာမေးနေတာလဲ´
`ဘာရယ် မဟုတ်ပါဘူးဟာ၊ ရပ်ကွက်ထဲမှာ ပြောကြလွန်းလို့ ငါကလည်း ရုံးတက်နေရတာ
ဆိုတော့ မသိလို့ သူတို့ပြောတာ စိတ်ဝင်စားပြီး မေးမိတာပါ၊ ညည်းလည်း တက္ကသိုလ်မှာ
ရည်းစားရအောင် ကြိုးစား၊ တက္ကသိုလ်မှာထားတဲ့ ရည်စားဆိုတာ နီးနီးကပ်ကပ် နေခွင့်ရ
တယ်၊ လွတ်လွတ်လပ်လပ် လေ့လာလို့ရတယ်၊ သူ့အကြောင်းကို၊ အကျင့်ကို အေးအေး
ဆေးဆေး လေ့လာလို့ရတယ်´
`ကိုရဲ မြှောက်ပေးတာနော်၊ အေးမင်းဆူရင် ကိုရဲ ထားခိုင်းလိုက်တာလို့ ပြောလိုက်မှာ´
`ပြောပေါ့၊ ငါက မှန်တာ ပြောတာပဲ´

အေးမင်းညီမ စပ်ဖြဲဖြဲနဲ့ ကျန်ခဲ့တယ်။ သူ့အကြောင်းနဲ့စပြီး သူ့အကြောင်းလေးနဲ့ ဆုံးပေး
လိုက်တော့ မေမြတ်အကြောင်း စုံစမ်းတာ သိပ်မသိသာတော့ဘူးလေ။ ကျွန်တော် သိခဲ့ရတဲ့
အကြောင်းကလည်း ထွေထွေထူးထူးတော့ ဘာမှမရှိပါဘူး။ ဘာဆက်လုပ်ရမလဲ၊ ဘယ်လို
ကြံရမလဲဆိုတာ နည်းလည်းရေးရေးတောင် မပေါ်ဘူး။

နောက်တစ်ပတ်လောက်ကြာတော့ မေမြတ်မိုးဦးတို့အိမ်မှာ နတ်ကနား ပေးတယ်ခင်ဗျ။ တစ်
ရပ်ကွက်လုံးရော၊ အနီးအနားရပ်ကွက်က လူတွေရော အုံးအုံးကို ထနေတာပဲ။ နတ်ကနားက
သုံးရက်ပေးတာ၊ ဦးမိုးဦးကလည်း ပွဲပြီးခါနီးဆို နှစ်ရာတန်တွေ အုပ်လိုက်ကျဲတတ်တော့ ဘာ
ပြောကောင်းမလဲ၊ သုံးရက်စလုံး လူက တိုးမပေါက်ဘူး။

ကျွန်တော်လည်း ဘာရယ်မဟုတ်ပါဘူး။ ကိုယ်နဲ့ပတ်သက်တဲ့ အိမ်ဆိုတော့ သွားကြည့်တာ
ကောင်းမယ်ဆိုပြီး သွားကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ကျွန်တော် ကြည့်တဲ့အချိန်မှာ
မေမြတ်မိုးဦးက နတ်ချော့တာတဲ့။ အစိမ်းရောင်ဇာဝမ်းဆက်နဲ့၊ အစိမ်းရောင် ပုဝါရင်စည်းနဲ့။
သူ နတ်မ၀င်ပါဘူး။ ဟိုခုန် ဒီကပါ၊ မိန်းကလေးဆိုတော့ ခြေလက်တော့ ဆိုင်းနဲ့အညီ ချိုးတတ်
လှည့်တတ် ပတ်တတ်တာပေါ့လေ။ ပရိသတ်ကလည်း အားပေးလိုက်ကြတာ အရမ်းပဲ။

မေမြတ်မိုး နတ်ချော့တာ ပြီးတဲ့အထိကြည့်ပြီး ကျွန်တော် ပြန်လာခဲ့တယ်။ အပြန်လမ်းမှာ အကြံ
တစ်ခုရပါတယ်။ ဒါပေမယ့် ကျွန်တော် တော်တော်ကြိးကို စွန့်စားရလိမ့်မယ်။ အိမ်ပြန်ရောက်
တော့ ကျွန်တော့် အကြံအစည်ကို အဘက်ဘက်က ထောင့်စုံအောင် စဉ်းစားရတယ်။
ကျွန်တော် ကြံမိတဲ့ အကြံက တော်တော် ကြောက်စရာကောင်းပါတယ်။ ကြောက်စရာကောင်း
တယ်ဆိုလို့ ကြမ်းကြမ်းတမ်းတမ်းတွေ ပါတာကို ပြောတာမဟုတ်ပါဘူး။

ကျွန်တော့်အကြံက ကျွန်တော်တစ်ယောက်တည်းနဲ့ မပြီးဘူး။ ဘေးလူတွေ ပါရမယ်။ ပါရမယ့် ဘေးလူတွေကလည်း ကျွန်တော် ဘာလုပ်တယ်၊ ဘာကြောင့် လုပ်တယ်ဆိုတာကို သိလို့မရဘူး။
နောက်ဆုံး ကုန်ကုန်ပြောရရင် ကျော်စိုးဆိုတဲ့ ငတိတောင် ပွဲမပြီးခင် သိလို့မရဘူး။ ဒီတော့
စာရွက်တစ်ရွက်နဲ့ ကျွန်တော့် အစီအစဉ်ကို တစ်ခုချင်း အသေးစိတ် ချရေးရတယ်။ ပြီးတော့
ဟိုငတိ ထိုင်တတ်တဲ့ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။

`ကျွန်တော် အခု ညဘက်မသွားတာ ဆယ့်တစ်ရက်ရှိပြီ အစ်ကို´

ကျွန်တော် ပြုံးမိတယ်။ ဒီငတိက အရက်ဖြတ်တဲ့လူလိုပဲ မသောက်တာ လေးရက်ကြီးတောင် ရှိသွားပြီဆိုတဲ့ပုံစံမျိုး။ သူတော်တော် နေမထိထိုင်မသာ ဖြစ်နေပုံရတယ်။

`အေး ... ကောင်းတယ်၊ မင်း နောက်တစ်ခု ထပ်လျှော့ရဦးမယ်´
`အေး ... မင်း နောက်တစ်ခု ထပ်ဖြုတ်ချရဦးမယ်´
`ဗျာ ... ´
`မဗျာနဲ့၊ မင်း ဂြိုဟ်တုလွှတ်တဲ့ အကြောင်းကို သိသလား´

ငတိ နည်းနည်းကြောင်သွားတယ်။ ပြီးတော့ ခေါင်းကိုကုတ်တယ်။ ဒီလူ ဘာတွေလာပြောနေ
ပါလိမ့် ဆိုတဲ့သဘောနဲ့ ကျွန်တော့်ကို ကြည့်တယ်။ နောက် ခေါင်းကို ခါတယ်။

`အေး ... ဂြိုဟ်တုကို ကမ္ဘာမြေပြင်လွှတ်တော့ အစိတ်အပိုင်းတွေ အကုန်တပ်ပြီး လွှတ်ရတယ်၊ ကမ္ဘာ့လေထုကိုဖြတ်ဖို့ အင်ဂျင်အစိတ်အပိုင်းတွေ အကုန်တပ်ပြီး လွှတ်ရတယ်။ ကမ္ဘာ့လေထု
ကို ကျော်ပြီး သူ့ပတ်လမ်းထဲကို ရောက်ပြီဆိုတာနဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို
ဖြုတ်ချရတယ်၊ သူ လိုအပ်တဲ့ အစိတ်အပိုင်းနဲ့ပဲ အာကာသထဲမှာ အလုပ်လုပ်တယ်၊ ဒီတော့
မင်းလည်း ဒုတိယအစိတ်အပိုင်းကို ဖြုတ်ချရတော့မယ်´
`ဘာကို ဖြုတ်ချရမှာလဲ အစ်ကို´
`မင်း အခု မနက်ကြည့်တာရယ်၊ ညနေကြည့်တာရယ်ထဲက တစ်ခု ဖြုတ်ချရမယ်၊ ရွေးတာ
တော့ မင်းဘာသာရွေး´

ငတိ တော်တော် စိတ်ဆိုးသွားပုံရတယ်။ ဒီလူ ကူညီနေတာမှ ဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့
ကြည့်တယ်။ ဒီနေရာမှာတော့ ကျွန်တော် ပြတ်သားရပါတယ်။

`မင်း ငါ ပြောတဲ့အတိုင်း မလုပ်နိုင်ဘူးဆိုရင်လည်း ရတယ်၊ မင်း ဘာသာ ဆက်ဒုက္ခခံပေါ့၊
တစ်ရက်တော့ စဉ်းစားဦး၊ မင်းကို ငါပေးတဲ့အကြံက မင်းအတွက် ချည်းပဲဆိုတာတော့ မင်း
သိထား၊ ငါ သွားမယ်´
`ကျွန်တော်က ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ အစ်ကို´
`ခုချိန်မှာ မလိုအပ်တော့လို့ဘဲ ပြောနိုင်သေးတယေ်၊ ဒီထက် ငါ ဘာမှ မပြောနိုင်သေးဘူး၊
မလုပ်ချင်လည်း မင်းနဲ့ငါ ပြီးပြီပေါ့၊ မနက်ဖြန် ထပ်တွေ့မယ်´

ကျွန်တော်က ပြတ်ပြတ်သားသားပဲ ထလာခဲ့တယ်။ ငတိကတော့ အူကြောင်ကြောင်နဲ့ ကျန်
ရစ်ခဲ့လေရဲ့။

နောက်နေ့တွေကျတော့ ငတိက တက်တက်ကြွကြွပဲ ဆိုပါတယ်။

`မနက်ဖက် ကြည့်တာကို ဖြုတ်ချမ်ယ အစ်ကို၊ ကျွန်တော်လည်း သတင်းစာ စိတ်ဖြောင့်
ဖြောင့် ပို့ရတာပေါ့၊ ကျွန်တော် အစ်ကို့ကို ယုံပါတယ်´
`အေး ... ဒါဆိုလည်း တို့ လုပ်ငန်းဆက်ကြတာပေါ့၊ တစ်ခုတော့ ရှိတယ်၊ မင်း ငါ့စကားအတိုင်း
ပဲ နေရမယ် ဆိုတာပဲ´
`စိတ်ချအစ်ကို၊ ကျွန်တော် အခု သီချင်းသွားမဆိုတော့ အိမ်ဘေးနားက ကောင်မလေးတွေ
က သူ့ကို သွားမေးကြတယ်တဲ့´

သူ ပထမဦးဆုံးရတဲ့ တုန့်ပြန်မှုအတွက် တော်တော်လည်း ၀မ်းသာနေပုံ ရပါတယ်။

`ဒါပေါ့ကွာ၊ မင်းစွန်က မင်းနဲ့ နီးလာပါပြီ´

ကျွန်တော် ငတိနဲ့ တွေ့ပြီးတော့ ကျိုက္ကဆံဘုရားကို သွားပါတယ်။ ကျိုက္ကဆံဘုရားက
ကျွန်တော့်အိမ် ပြတင်းပေါက်ကကြည့်ရင် စိန်ဖူးတော်ကို လှမ်းမြင်နေရပါတယ်။ မိနစ်
နှစ်ဆယ်လောက် လမ်းလျှောက်ရင် ရောက်ပါတယ်။ သင်္ဃန်းကျွန်းမြို့ရဲ့ တန်ခိုးအကြီး
ဆုံး ဘုရားပေါ့။

ဘုရားဝင်းအ၀မှာ မုခ်တစ်ခု ရှိပါတယ်။ အဲဒီအထိ ဖိနပ်စီးလို့ ရပါတယ်။ ကျိုက္ကဆံဘုရား
က တန်ဆောင်းမရှိပါဘူး။ ဘုရားအ၀င် ဒုတိယမုခ်မှာ ဖိနပ်ချွတ်ပြီး လှေကားငါးထစ်
တက်တာနဲ့ ဘုရားရင်ပြင်ကို တန်းရောက်ပါတယ်။ ပထမမုခ်ဦးနဲ့ ဒုတိယမုခ်ဦးအကြား
မြေကွက်လပ် ပတ်လည်မှာ ဘုရားပွဲဆို ပွဲသွင်းပါတယ်။ ဆိုင်တွေကို ကြပ်ညှပ်လို့။

ကျွန်တော် ဘုရားပေါ်မှာ ခဏနားရင်း ကျွန်တော့်အစီအစဉ်ကို ပြန်စဉ်းစားတယ်။
ပြီးတော့ ကျွန်တော့်ကို ကူညီမယ့် အရေးအကြီးဆုံး ဒုတိယလူကိုရှာဖို့ ဘုရားအောက်
ပွဲခံမြေကွက်လပ်ကို ဆင်းခဲ့တယ်။

အဲဒီမြေကွက်လပ်မှာ ဘုရားဆင်းတုတော်၊ ပန်းဖြူပန်းနီ၊ ထီးဖြူထီးနီ၊ တံခွန်၊ ကုက္ကား၊
ပုလ္လင်၊ နတ်ရုပ်၊ မှန်ရေးပန်းချီနတ်ရုပ် စတာတွေကို ရောင်းပါတယ်။ ၀ယ်သူကတော့
မရှိသလောက်ပါဘဲ။ အဲဒီဆိုင်တွေလွန်တော့ ဗေဒင်ဆိုင်ခန်း လေးငါးခန်းကို တွေ့ရပါတယ်။

ကျွန်တော် ဆိုင်တွေကို တစ်ခုချင်း သေသေချာချာ လေ့လာရပါတယ်။ စတုတ္ထမြောက်ဆိုင်
ကျတော့မှ ကျွန်တော် လိုချင်တာကို သွားတွေ့တယ်။ ဒါပေမယ့် မှတ်ထားပြီး ရှေ့က ဆိုင်
တွေကို ထပ်ကြည့်ရတယ်။ လက္ခဏာဗေဒင်နှင့် အင်္ဂ၀ိဇာ ဆြာမျိုးဆွေသန်းတဲ့။ ပိတ်စအဖြူ
ပေါ်မှာ ရေးထားတဲ့ စာလုံးတွေက ဟောင်းနေပြီ။ လက်ဝါးထောင်ရက်ပုံ ဆွဲထားတာက
လည်း အချိုးမကျဘူး။

ပြီးတော့ ပိတ်အပြာစပေါ်မှာ သူ့ဆီမှာ ဗေဒင်မေးနေတဲ့ ဇာတ်မင်းသားတွေ၊ ရုပ်ရှင်သရုပ်
ဆောင် ဇာတ်ပို့ဇာတ်ရံပုံတွေကို ပပ်ထားတယ်။ ဓာတ်ပုံတွေက တော်တော်လေး ဟောင်း
နေပါပြီ။ ကျွန်တော်က ရပ်ကြည့်နေတာကို အထဲက သူ ရိပ်မိပုံရပါတယ်။ ဂါထာလိုလို
ဘာလိုလို ရွတ်သံကို စတယ်။ နောက်တစ်ယောက်က ဗေဒင်လက္ခဏာနှင့် ဓာတ်ရိုက်
ဓာတ်ဆင် ပါရမီရှင် ဆရာအေးဘကျော်တဲ့။ သူလည်း ဓာတ်ပုံအဟောင်းတွေ ဘာတွေ
ကပ်ထားတာပါပဲ။ အမွှေးတိုင်နံ့တွေလည်း မွှန်လို့။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော် တွေ့ထားတဲ့ ဆိုင်ကိုပဲ ပြန်လှည့်ခဲ့ရတယ်။

သူကတော့ ရိုးရိုးပဲ ရေးထားပါတယ်။ စိတ်ကို စိတ်ဖြင့်သာ ဟောသည်တဲ့။ အောက်မှာ
ဆရာမကြီး ဒေါ်တင်မိုးလွင်တဲ့။ သင်မသိသော သင့်စိတ်ကို သိသောဆိုတဲ့ နာမ၀ိသေန
လေးတော့ ပါတာပေါ့။

ကျွန်တော်က မိန်းကလေးဆရာမပဲ ရချင်တာ။ အခု သူတစ်ယောက်ပဲဆိုတော့ ကျွန်တော်
ရွေးမနေတော့ဘဲ အခန်းထဲကို ၀င်လိုက်တယ်။

အခန်းထဲရောက်တော့ ဆရာမက ပုတီးစိပ်နေတယ်ခင်ဗျ။ ကျွန်တော် ရပ်ကြည့်တော့မှပဲ တမင်စိပ်တာလားတော့ မသိပါဘူး။ သူ့အဓိဌာန်နဲ့သူ စိပ်တာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်စောင့်နေလိုက်ပါတယ်။

ဆယ်မိနစ်လောက်အထိ ကျွန်တော် စောင့်ရပါတယ်။ ဒါဆိုရင်တော့ ဟန်ပြစိပ်တာ
မဟုတ်တော့ဘူး။ သူ့အဓိဌာန်နဲ့ သူ စိပ်တာ ဖြစ်ပါလိမ့်မယ်။ ဘုရားကို ဦးချပြီး သက်ဆိုင်
ရာ နတ်တွေကို အမျှဝေပါတယ်။ ပြီးတော့ ကျွန်တော့်ဘက်ကို လှည့်တယ်။

ဆရာမရုပ်ရည်က တော်တော်လေးကို မှည့်ပါတယ်။ ဆံပင်အရှည်ကြီးကို သေသေသပ်
သပ် ထုံးထားတယ်။ မိတ်ကပ်ပါးပါး လိမ်းထားပေမယ့် မျက်ခုံး၊ မျက်လုံးတွေက အချိုး
အစား ပြေပြစ်တယ်။ နှာတံပေါ်တယ်။ နှုတ်ခမ်းပါးပါးက ရှည်ရှည်ကလေးရယ်၊ ကိုယ်လုံး
ကိုယ်ပေါက်ကတော့ ကိုယ့်ဆရာတွေ အကြိုက်ပဲ။ ထိုင်နေတာတောင်မှ အချိုးအစား
ကျပါတယ်။

ဆရာမက ကျွန်တော့်ကို ပြုံးပြပါတယ်။ သွားကလေးတွေက ရှည်ရှည်သွယ်သွယ
် ညီပြီးဖွေးနေတာပဲ။ ဆရာမ သွားကလေးတွေက ပစ္စတိုကျည်ဆန်လေးတေါ ညီနေအောင
်စီပြီး ထောင်ထားတဲ့အတိုင်းပဲ။ ပါးချိုင့်ကလည်းပါတော့ ပြုံးလိုက်ရင် တော်တော် အသက်
ဝင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို စေ့စေ့ကြည့်ပြီးတော့ မေးပါတယ်။

`ကဲ ... သား ဘာသိချင်လို့လဲ´

ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ခေါင်းတစ်
ချက်ကုတ်ပြီး `အကုန်ပါပဲ´ လို့ ပြောလိုက်တော့ ဆရာမက ထပ်ပြုံးတယ်။

`ဒါဆိုရင် သားမှာ အခုလောလောဆယ်တော့ ဘာအပူအပင်မှ ရှိပုံမရဘူး၊ သားရဲ့ ရှေ့ရေး
ကိုပဲ သိချင်တာ မဟုတ်လား´

ဆရာမက Physiology ကို တော်တော်လေ့လာထားပုံ ပေါ်ပါတယ်။ ဆရာမဟာ ပညာတတ်
တစ်ယောက် ဖြစ်ဖို့လည်း များတယ်။ သူ့အသံက ချိုအေးတယ်။ ပြီးတော့ လူတစ်ယောက်ကို
လွှမ်းမိုးနိုင်တဲ့ သြဇာနဲ့လည်း ပြည့်စုံတယ်။ ကျွန်တော် လိုချင်တဲ့ အချက်တွေနဲ့တော့ ကွက်တိ
ပါပဲ။

ကျွန်တော်ကလည်း ဆရာမကို ပြန်ပြီး တွက်ချက်နေမိတယ်။ ဒီလောက်ချောလှပြီး ကြည့်လို့
ကောင်းတဲ့ ဆရာမဟာ အကြားအမြင် ဟောနေတယ်ဆိုတော့ အပျိုကြီးပဲ ဖြစ်ရမယ်။ သူနဲ့
အရမ်းချစ်ကြတဲ့ သူ့ချစ်သူက သူ့ကို ပစ်သွားတော့ ကိုယ့်စိတ်ကို ကိုယ်မလေရအောင် ထိန်းတဲ့
သဘောနဲ့ ဘုရားတရားဖိလုပ်ရင်း ဒီလိုင်းကို ရောက်လာပုံ ပေါ်ပါတယ်။

`ကဲ ... သားရဲ့ မွေးနေ့ မွေးလ၊ ခုနှစ်နဲ့ နာမည်ပြောပါ´
`၂ ရက် နိုဝင်ဘာ ၁၉၆၆ ပါ၊ ဗုဒဟူးသား၊ နာမည်က ရဲဝင်းပါ´

ဆရာမက နှစ်တစ်ရာ ပြက္ခဒိန်ကို လှန်ကြည့်ပါတယ်။ ဆရာမ လက်ချောင်းကလေးတွေက
လည်း ရှည်ရှည်သွယ်သွယ်ကလေးရယ်။

`သားက မြန်မာပြက္ခဒိန်အရဆိုရင် သီတင်းကျွတ်လပြည့်ကျော် (၄)ရက်နေ့ပဲ၊ ကဲ ... သား
ဘုရားရှိခိုးလိုက်ပါဦး သား´

ခဏခဏ သားအခေါ်ခံရတော့ တစ်မျိုးကြီးပဲဗျ။ ဆရာမက အသက်လေးဆယ်လောက်ပဲ
ရှိဦးမှာပါ။ ကျွန်တော် ဘုရားရှိခိုးပြီးတော့ ဆရာမက အနေအထိုင်ပြင်ပြီး ကျွန်တော့် မျက်နှာ
ကို စေ့စေ့ ခဏငြိမ်ပြီး ကြည့်ပါတယ်။ ပြီးတော့ -

`ဆရာမက သားရဲ့စိတ်ကို အာရုံပြုမယ်၊ သားက ဘုရားကို စိတ်ထဲက အာရုံပြုထားပါ´

ဆရာမက မျက်လုံးကိုမှိတ်ပြီး တရားထိုင်သလို ထိုင်ပါတယ်။ တစ်ခါတစ်ခါ မျက်မှောင်တစ်
ချက် ကျုံ့သွားတယ်။ ကျွန်တော် ဘုရား အာရုံမပြုဘဲ ဆရာကိုပဲ လေ့လာနေမိတယ်။ ဆရာမ
ရဲ့ ရုပ်အင်္ဂါက သန့်ရှင်းတည်ကြည်ပါတယ်။ ကိုယ်ပြောတဲ့စကားကို တစ်ဖက်သား ကောင်း
ကောင်း ယုံလွယ်စေနိုင်တဲ့ ရုပ်လက္ခဏာမျိုးပါ။ ကျွန်တော့် အစီအစဉ်အတွက် ဒါဟာ အရေး
ကြီးပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် လိုချင်တာ ကွက်တိရလို့ ၀မ်းသာနေမိတယ်။
ငါးမိနစ်လောက် မျက်စေ့မှိတ်ထား၊ ပြီးတော့မှ ဆရာမက သက်ပြင်းကိုချပြီး မျက်စေ့ဖွင့်
လိုက်ပြီးတော့ ဆရာမက ကျွန်တော့်အတိတ်ကို အရင်ဟောပါတယ်။

မှန်တာတွေ အတော်မှန်ပါတယ်။ တချို့ကိစ္စတွေလည်း လွဲပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်
လို့ ဟောတာတော့ တော်တော်လေးကို မှန်ပါတယ်။ ကျွန်တော့်နှလုံးမှာ ရောဂါရှိတဲ့အကြောင်း။
လေရောဂါနဲ့ အညောင်းမိရောဂါရှိကြောင်း၊ သတိထားသင့်ကြောင်းတွေပါ။

ရှေ့ဖြစ်ဟောတာတော့ ကျွန်တော်လည်း သူဟောတဲ့ဆီကို မရောက်ဖူးသေးတော့ မှန် မမှန်
မသိပါဘူး။ ဒါပေမယ့် တခြားဆရာတွေလို မွေးနှစ်ကျော်ရင် အားလုံးကောင်းပြီလို့တော့
မပြောပါဘူး။ ကျွန်တော့် စီးပွားရေးနဲ့ ဘ၀အောင်မြင်မှုက (၂၉)နှစ်လောက်မှ စမယ်တဲ့။
အခု ကျွန်တော်က (၂၅)နှစ်ဆိုတော့ လေးနှစ်တောင် စောင့်ရဦးမယ်ပေါ့လေ။

ပညာရေးကျတော့ လွဲတယ်ခင်ဗျ။ ကျွန်တော့်ကို ပညာအကျိုး ခံစားရမတဲ့။ ကျွန်တော်
ဘာမှမပြောပါဘူး။ ကျွန်တော်က မေးချင်လို့ မေးတဲ့လူမှ မဟုတ်တာ။ ဒီဆရာမဟာ
ကျွန်တော့် အစီအစဉ်မှာ အရေးအကြီးဆုံး ကူညီသူတစ်ယောက် ဖြစ်နိုင် မဖြစ်နိုင်ဘဲ
သိချင်တာ။ အခုတော့ ကျွန်တော် ဆရာမကို အမှတ်ပြည့်ကို ပေးလိုက်ပါတယ်။

နောက်နေ့ ဟိုငတိ ကျွန်တော့်စကားကို နားထောင်မထောင် မနက်ခင်း ထိုင်နေကျဆိုင်
ကို သွားချောင်းတယ်။ ငတိ မလာဘူး။ နောက်နေ့ ... နောက်နေ့။ ငါးရက်မြောက်နေ့ကျတော့
ကျွန်တော် ငတိကို စိတ်ချသွားပြီ။

ကျွန်တော့် အစီအစဉ်အရ စိတ်ကို စိတ်နဲ့ဟောတဲ့ ကျွန်တော့်ဆရာမ ဒေါ်တင်မိုးလွင်ဆီကို
ဖယောင်းတိုင်နှစ်ထုပ်၊ အမွှေးတိုင်နှစ်ထုပ်၊ လိမ္မော်သီး ငါးလုံးနဲ့ သွားရပါတယ်။ သူ ပုတီးစိပ်
တဲ့အချိန်ကို တမင်မှန်းသွားတာပါ။ ကျွန်တော် အသံမကြားအောင် အသာကြည့်တော့ ဆရာမ
က ထုံးစံအတိုင်း ပုတီးစိပ်နေပါတယ်။ ကျွန်တော် ဘုရားတစ်ပတ်ပတ်၊ ဘုရားရှိခိုးပြီး ခဏထိုင်
ပါတယ်။ ကျွန်တော်က ဒီလိုဘုရားတွေ ဘာတွေရောက်မှ ဘုရားရှိခိုးရမှန်း သိတဲ့ကောင်ပါ။
အိမ်မှာဆိုရင် မေ့နေတာနဲ့ သတိမရတာနဲ့။

ဆရာမ ပုတီးပတ်စေ့ချိန်လောက်မှ ကျွန်တော် ၀င်သွားပြီး လက်ဆောင်တွေ ပေးတော့
ဆရာမ တော်တော်ဝမ်းသာသွာါးပတယ်။ လိမ္မော်သီး ငါးလုံးကို ဘုရားကပ်ပါတယ်။ဆရာမ
နဲ့ အလ္လာပ သလ္လာပ နာရီဝက်လောက် စကားပြောပြီး ဆရာမ ဘယ်လိုဖြစ်လာသလဲ
မေးတော့ -

`ဆရာမလည်း ဒီလိုပဲ ပုတီးစိပ်ရင်းနဲ့ အာရုံရလာတာပဲ၊ ဒီလိုဟောဖိုပ ရည်ရွယ်ချက်မရှိဘူး၊
အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သူလဲဆိုတာ ဆရာမလည်း မသိဘူး သားရဲ့´
`ရည်ရွယ်ချက်မရှိဘဲနဲ့ ဘယ်လို ဟောပြောသွားတာလဲ´
`အဲဒီပုဂ္ဂိုလ်က ဒီပညာနဲ့ လူတွေကို ကူညီရမယ်တဲ့၊ ကိုယ်ပဲ သိထားလို့ အကျိုးမရှိဘူးတဲ့၊
ဆရာဝန်တစ်ယောက် ကျောင်းပြီးသွားရင် သူ့ပညာနဲ့ လူတွေကို အကျိုးပြုရသလိုပေါ့´

ဆရာမတင်မိုးလွင်ရဲ့ စကားကို ကျွန်တော် ကျေကျေနပ်နပ်ကို လက်ခံပါတယ်။ ကျွန်တော့်
ကို ဟောပြီးတုန်းကလည်း ဘယ်ရွေ့ဘယ်မျှ မတောင်းပါဘူး။ ကျွန်တော် လှူသမျှကို ဘုရား
ကို တစ်ဝက်ကပ်ပြီး သူက တစ်ဝက်ယူပါတယ်တဲ့။ ကျွန်တော်တို့ စကားကောင်းနေတုန်း
မေးသူနှစ်ဦးလာတာနဲ့ ကျွန်တော် ပြန်လာခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော် ကျိုက္ကဆံဘုရားကို တစ်ပတ် သုံးရက်လောက်ရောက်ပြီး ဆရာမနဲ့
ဝင်ဝင်စကားပြောတယ်။ တစ်လလောက်ကြာတော့ ဆရာမနဲ့ ကျွန်တော် တော်တော်
ရင်းနှီးသွားပါပြီ။ သားအစား မင်းနဲ့ငါ ဖြစ်လာတယ်။ ပြောဖြစ်တဲ့ ကိစ္စတွေကတော့ လူမှု
ရေးနဲ့ ဂန္ဓာရီကိစ္စတွေပါ။

`ဆရာမကိုလည်း ကျွန်တော်က ပြန်ဟောရဦးမယ်၊ ဆရာမဟာ အပျိုကြီးဖြစ်ရမယ်၊
ပြီးတော့ လူတစ်ယောက်နဲ့ အကြာကြီး ချစ်ပြီးတော့မှ လမ်းခွဲလိုက်ရတာ ဖြစ်မယ်၊
ဆရာမ အသည်းအကြီးအကျယ် ကွဲခဲ့ရဖူးတယ်´

ဆရာမ အကြီးအကျယ် မျက်လုံးပြုးသွားတယ်။

`အံမယ် ... မင်းက တယ်ဟုတ်ပါလား၊ မင်း ငါ့အကြောင်းကို စုံစမ်းထားသလား´
`မစုံစမ်းပါဘူး။ ဆရာမကို ကြည့်ပြီး ပြောတာပါ၊ ဆရာမမှာသာ ခင်ပွန်းရှိရင် ဒီအလုပ်
ကို လုပ်ခိုင်းပါ့မလား၊ ရွှေပေါ်မြတင် ထားမှာပေါ့၊ ဆရာမ ပုဂ္ဂိုလ်ရဲ့ တာဝန်အရ လုပ်ရ
တယ်ဆိုရင်လည်း အကြိုအပို့တော့လုပ်မှာပေါ့၊ အခုတော့ဆရာမက တစ်ယောက်တည်းရယ်´

ကျွန်တော့်စကားဆုံးတော့ ဆရာမက လက်ခုပ်လက်ဝါးတီးပြီး အားရပါးရ ရယ်ပါတယ်။
`ဟုတ်တယ် .... ဟုတ်တယ်´ လို့လည်း ရယ်ရင်းနဲ့ ပြောတယ်။

`မင်း ဒီဘက်နားမှာ ဆိုင်လာဖွင့်ရင် ငါ အာနန္ဒာဘုရားကို ပြောင်းတော့မယ်´

ကျွန်တော်တို့နှစ်ယောက် ပြိုင်တူရယ်ဖြစ်ကြပြီးမှ ကျွန်တော်က စကားစရတယ်။ ဒီစကား
ကို အခုမှပြောရတာ ဆရာမနဲ့ ရင်းနှီးမှုရမှ ပြောရမယ့် စကားမို့ပါ။

ကျွန်တော်က ကျွန်တော့် အစီအစဉ်ကို ပြောပြတယ်။

ကျွန်တော့်စကားလည်း ဆုံးရော ခုနက ပျော်နေပြုံးနေတဲ့ ဆရာမရဲ့ မျက်နှာဟာ ဒေါသနဲ့
နီရဲနေတာပဲ။

`ဟေ့ ... ဒီမှာ မင်းမို့လို့ ဒီစကားကို ငါ ဆုံးအောင် နားထောင်တယ်လို့ မှတ်ပါ၊ မင်း အခု
ငါ့အခန်းထဲက ထွက်သွား၊ ငါ့ပညာက လူတွေကို လိမ်ဖို့ညာဖို့ ပညာမဟုတ်ဘူးကွ၊ လူတွေ
ကို ကူညီဖို့၊ ဒုက္ခနည်းနိုင်သမျှ နည်းဖို့ ရထားတဲ့ ပညာကွ၊ ငါ တစ်သက်လုံး အဲဒီအလုပ်မျိုး
မလုပ်ဘူး´
`ကျွန်တော် တောင်းပန်ပါတယ် ဆရာမရယ်၊ ဒီကိစ္စက ကျွန်တော့်ကိစ္စလည်း မဟုတ်ပါဘူး။
ကျော်စိုးနဲ့ ကျွန်တော်လည်း ဘာမှမတော်ပါဘူး၊ ကျွန်တော်က သက်သက်ဝင်ကူညီတာပါ၊
ဆရာမပညာကို စော်ကားချင်တဲ့စိတ် ကျွန်တော့်မှာ တစ်စက်မှ မရှိပါဘူး၊ ပြီးတော့ ဒီကိစ္စက
ဆရာမ ကူညီမှ ရမှာပါ၊ ဆရာမက အရေးအကြီးဆုံးပါ၊ ကိုယ်က ချစ်ရက်နဲ့ ပြန်အချစ်မခံရတဲ့
ဒုက္ခကို ဆရာမလည်း ခံစားခဲ့ဖူးတာပဲ၊ ကျွန်တော်တို့ ကူညီလို့ သူတို့ အဆင်ပြေသွားကြရင်
ဆိုတဲ့ စိတ်ကလေးနဲ့ပါ ဆရာမရယ်၊ ဆရာမပညာကို စော်ကားသလိုဖြစ်သွားရင် ကျွန်တော်
ကန်တော့ပါတယ်´

ကျွန်တော် တကယ်ကို ထိုင်ကန်တော့တာပါ။ ဒီတော့မှ ဆရာမ မျက်ဝန်းထဲက ဒေါသရိပ်ဟာ
တဖြည်းဖြည်းနဲ့ လျှော့ကျလာပါတယ်။ ပြီးတော့ ကျွန်တော်လည်း ငြိမ်ပြီးတစ်နေရာတည်းကို ခေါင်းငုံ့ကြည့်နေလိုက်တယ်။ ငါးမိနစ်လောက်ကြာမှ ဆရာမက သက်ပြင်းကိုချတယ်။

`မင်း ငါ့ကို အဲဒီအကြံနဲ့ လာပေါင်းတာလား´
`အမှန်အတိုင်း ၀န်ခံရရင် ဟုတ်ပါတယ် ဆရာမ၊ ဒါပေမယ့် ခင်တာတော့ အခု တကယ်ခင်သွား
တာပါ´

ဆရာမက ခေါင်းတဆတ်ဆတ် ညိတ်တယ်။ ဆရာမမျက်နှာမှာ ဒေါသရိပ်တော့ မရှိတော့ဘူး။
ဒါပေမယ့် အရင်လို ရွှင်ရွှင်ပြပြလည်း မရှိပြန်ဘူး။ ခပ်တည်တည် ဖြစ်သွားတယ်လို့ ပြောရင်
ရမယ်ဆိုမလားဘဲ။ ဒါနဲ့ ကျွန်တော်လည်း ဟိုငတိ ကျော်စိုးခံရပုံတွေကို မရဲတရဲနဲ့ ပြောပြရတယ်။
ဆရာမက ဘာမှဝင်မမေးဘဲ နားထောင်ပါတယ်။ ကျွန်တော့် စကားဆုံးတော့မှ လေသံမှန်မှန်နဲ့ -
`မင်း ပြန်တော့၊ ငါ စဉ်းစားဦးမယ်၊ နောက်အပတ်မှ လာခဲ့´
`ဟုတ်ကဲ့ပါ ဆရာမ´

(၄)
ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော် နွား အလကား ကျောင်းရတာကမှ တော်သေးတယ်။ ကြီးတော်
က ကိုယ့်အမျိုးမဟုတ်လား။ ကိုယ့်ထက်လည်း အသက်ကြီးတော့ ကုသိုလ်လည်း ရသေးတယ်
မဟုတ်လား။

အခုတော့ ကျွန်တော့်မှာ ကိုယ့်လက်ဖက်ရည် ကိုယ်သောက်ရတဲ့အပြင် ဟိုငတိ ကျော်စိုးနဲ့ထိုင်ရင်
သူ့ဆီက မစားရက်လို့ ကိုယ်က ရှင်းရသေးတယ်။ ပြီးတော့ ဗေဒင်ဖိုးလည်း ကုန်ရသေးတယ်။ အဆူ
အပြောလည်း ခံရ၊ စိတ်ကလေည်း မောရသေးတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာတယ်ဆိုတာ ကျွန်တော်ပဲ။

အခုလည်း ဟိုငတိခေါ် လက်ဖက်ရည်တိုက်ရင်း မေးရတယ်။

`ဘာမှ မထူးခြားသေးဘူး အစ်ကို၊ တစ်လလည်း ကျော်လာပြီ၊ အစ်ကိုခိုင်းတဲ့အတိုင်းပဲ ကျွန်တော်
လည်း နေတာပဲ´
`အေး ... အချိန်ကို သိရတယ်ကွ၊ ဘုရားတောင်မှ ကျွတ်ချိန်တန်တဲ့သူကို သူ့အချိန်ရောက်မှ ချွတ်လို့
ရတာ၊ မင်းကံကောင်းရင် ရှေ့အပတ်ထဲမှာ ထူးခြားလာမှာပါ။

အဲဒီအပတ်ထဲမှာပဲ မေမြတ်မိုးဦးတို့အိမ်မှာ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ကောင်မလေးရဲ့
အမေ အိပ်ရာထဲ လဲတယ်။ အခုအကောင်း၊ တော်ကြာဆို မူးတယ် မူးတယ်ဆိုပြီး အိပ်ရာထဲ
လူတွဲပို့ရတယ်။ ညညဆို ကယောင်ကတမ်းတွေ အော်တယ်။ ကျွန်တော့်စိတ်အထင်တော့
မြန်မာနိုင်ငံက အသက်(၅၀)နားနီးတဲ့ မိန်းမကြီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးဆုံးကိုင်တဲ့
သဘောလို့ ထင်တာပါပဲ။

တတ်နိုင်တဲ့သူတွေဆိုတော့ အထူးကုဆေးခန်းတွေ စုံသွားတယ်။ ဗမာဆရာတွေလည်း
စုံသွားတယ်။ ရောဂါက မသက်သာဘူး။ အဲဒီကြားထဲမှာ ဦးမိုးဦးက သစ်ကားလာပြီး သစ်ချရင်း သစ်ချောင်းတစ်ချာင်းက ခုန်ပြီး ခြေဖမိုးကို ပိတယ်။ ဂျိုင်းထောက်တွေ ဘာတွေနဲ့ ဖြစ်သွား
တယ်။ ကျွန်တော့် စီမံကိန်းအရဆိုရင်တော့ ဒီငတိ ကံကောင်းပြီပေါ့။ ကျွန်တော့်မှာ အကုသိုလ်
တောင် အပိုရလိုက်သေးတယ်။

တစ်ပတ်ပြည့်လို့သွားတော့ ဆရာမ ဒေါ်တင်မိုးလွင်က အရင်တုန်းကလို ပျော်ပျော်ရွှင်ရွှင်
နှုတ်ဆက်တာ စကားပြောတာ မရှိတော့ဘူး။ အတော်တည်သွားတယ်။ သူ့ကို အကြံနဲ့ပေါင်း
တယ်ဆိုတာကို အခဲမကြေသေးပုံပါပဲ။ အပျိုကြီးဆိုတော့ ပိုဆိုးတာပေါ့လေ။ အပျိုကြီးတွေက အရှက်လွန်တတ်တယ် မဟုတ်လား။

`မင်း ကူညီပါဆိုတိုင်း ငါက မကူညီနိုင်တာ အမှန်ပဲ၊ ငါ့ပညာကို ငါ တန်ဖိုးထားရမယ်၊ ဒီတော့
မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်၊ မင်းပြောတဲ့အစီအစဉ်မှာပါတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေရဲ့ မွေးသက္ကရာဇ်ကို လိုချင်တယ်၊ သူတို့ဟာ ပေါင်းသင့်ပေါင်းထိုက်သူတွေဆို

ရင် ငါ ကူညီမယ်၊ မပေါင်းသင့်တဲ့သူဆိုရင်တော့ ငါ လုံးဝ မကူညီနိုင်ဘူး၊ ဒါပဲ´

ကျွန်တော် တော်တော်လေး စဉ်းစားရကြပ်သွားတယ်။ မိန်းကလေးဆိုတာမျိုးက မွေးသက္ကရာဇ်မပြောနဲ့၊ အသက်သိဖို့တောင် လွယ်တာမဟုတ်ဘူး။

`အဲဒါတော့ နည်းနည်းခက်မယ် ဆရာမ၊ တခြားနည်း မရှိဘူးလား၊ ရှိရင် ...´

ဒေါ်တင်မိုးလွင်က မျက်လုံးကလေးမှိတ်ပြီး ခေါင်းကို ဖြည်းဖြည်းကလေး ခါတယ်။ ပြီးတော့-

`ဒါ ငါ့နောက်ဆုံးစကားပဲ၊ မရရင်တော့ မတတ်နိုင်ဘူး၊ ငါ့ပညာမပါဘဲနဲ့ ဘာအလုပ်ကိုမှ ငါ
မလုပ်နိုင်ဘူး´
`ဆရာမဆီ ရောက်လာရင် သိမှာပဲဟာ´
`ငါက ငါ့ဆီလာမယ့်သူတွေ အကြောင်းကို ငါ့ပညာနဲ့ငါ ကြိုသိထားချင်တာ၊ ကဲ ... ကဲ... မင်း
ပြန်တော့ ငါ ပုတီးစိပ်ရဦးမယ်၊ မင်းက ကြံရည်ဖန်ရည် ကောင်းပါတယ်၊ ရမှာပါ´

နောက်ဆုံးစကားက ကျွန်တော့်ကို ရိလိုက်မှန်း သိပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှပြော
မနေတော့ဘဲ ဘုရားပေါ်တက်ခဲ့တယ်။ ဘုရားပေါ်မှာ ဟိုငေးဒီငေးနဲ့ ကျွန်တော် ဘာလုပ်ရ
မှန်းမသိဘူး။ ဒီအတိုင်း သွားမေးရအောင်ကလည်း မေမြတ်မိုးဦးနဲ့ ကျွန်တော်က တစ်ခါမှ
စကားပြောဖူးတာ မဟုတ်ဘူး။ ဟိုငတိကတော့ ထားလိုက်တော့။ ချက်ချင်း မေးလို့ရတယ်။

စဉ်းစားရင်းနဲ့ ဖျပ်ခနဲ သတိရတယ်။ ကျွန်တော်က ကိုယ့်စကား ကိုယ်မေ့နေတာကိုး။ ဗေဒင်
မေးရင် ဘယ်သူဖြစ်ဖြစ် မွေးသက္ကရာဇ်တော့ ပေးရတာပဲ။ ဒါနဲ့ အိမ်မပြန်တော့ဘဲ ဘုရားလမ်း
ကနေ ကားစီးပြီး ပန်းဆိုးတန်းလမ်း စာအုပ်အဟောင်းတန်းကို ပြေးရတယ်။ ရောက်တော့
ကိုင်ရိုဂဏန်းဗေဒင် စာအုပ်ကို ရှာဝယ်ပြီး အိမ်ရောက်တော့ သူ့နည်းကို ဖတ်ရ၊ မှတ်ရ၊
လေ့လာရတယ်။ နှစ်ရက်လောက် လေ့ကျင့်ပြီးတော့မှ ကျွန်တော် အေးမင်းညီမကို တွေ့ပါတယ်။ အေးအေးလင်းတင် မဟုတ်ဘူး။ သူ့ သူငယ်ချင်း နှစ်ယောက်ကိုပါ တွေ့တယ်။ မေမြတ်မိုးတော့
မပါဘူး။

ကျွန်တော် သူတို့နဲ့ စကားရောဖောရောလုပ်ပြီးမှ စကားကို စရတယ်။

`နင်တို့ ဗေဒင်ယုံသလား´
`မယုံဘူး၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ဘုရားပဲယုံတယ်
အေးအေးလင်း သူငယ်ချင်းတစ်ယောက်က ထလုပ်ရော။

`မဟုတ်သေးဘူးဟ၊ ဗေဒင်လက္ခဏာ အကြားအမြင်ဆိုတာ ငါတို့ ဗုဒ္ဓမပွင့်ခင်ကတည်းက
ရှိခဲ့တဲ့ ပညာတွေဟ၊ ဒါကြောင့် တို့ဘုရား ဖွားတော်မူပြီးတော့ တောထွက်ရင် ဘုရားဖြစ်မယ်၊
မထွက်ရင် စကြာဝတေးမင်းဖြစ်မယ်ဆိုပြီးတော့ဟောတာ အဲဒီပညာနဲ့ ဟောတာပေါ့´

ဒီတော့မှ ကလေးမတွေ နည်းနည်းငြိမ်သွားတယ်။ ဒီနေ့ခေတ် လူငယ်ဆိုတာ တစ်ခုခုကို
ဟိုးအရင်တုန်းကလို မျက်စေ့မှိတ် မယုံကြတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်။

`ကိုရဲက ဗေဒင်တတ်လို့လား´

အေးအေးလင်းက မေးတယ်။

`ဗေဒင်တော့ မတတ်ဘူးဟ၊ ကိုင်ရို ဂဏန်းဗေဒင်တော့ ရတယ်၊ နင်တို့ မွေးသက္ကရာဇ်တွေ
ကို ပြော၊ အားလုံးပေါင်းပြီး နောက်ဆုံးရတဲ့ ဂဏန်းကိုကြည့်ပြီး ဟောတာလေ´
`မွေးသက္ကရာဇ် တူနေတဲ့သူကျတော့ရော´

ကျွန်တော့်ကို ချောင်ပိတ်မေးတဲ့ မေးနေတဲ့ ကောင်မလေးက ကျွန်တော်တို့ ရပ်ကွက်က
မဟုတ်ပါဘူး။ သုဝဏ္ဏ ကပါ။ နာမည်က မေမေငြိမ်းတဲ့။ ကျွန်တော်က သူ့ကို နောက်ပြီး
မာမီငြိမ်းလို့ ခေါ်တယ်။

`မွေးရက် မွေးလ ခုနှစ်တူရင် မွေးချိန်နက္ခတ်နဲ့ ခွဲရတယ်၊ လက္ခဏာနဲ့ တွဲရတယ်၊ အဲဒီအထိ
တော့ ဘယ်သူမှ မတူနိုင်ကြဘူးပေါ့ဟာ´

ဒါနဲ့ပဲ ကျွန်တော်တို့အပျော်သဘောနဲ့ ဂဏန်းဗေဒင် ကြည့်ကြတယ်။ အေးအေးလင်းနဲ့
ရီရီမြင့်ကတော့ ကိုယ့်ရပ်ကွက်ထဲကဆိုတော့ သိပ်အရေးမကြီးဘူးပေါ့လေ။ သူတို့အကြောင်း
က သိပြီးသားကိုး။ ရှေ့ဖြစ်ကလေးတွေကိုတော့ ကျွန်တော် ကျက်ထားတာနဲ့ သူတို့ သဘော
ကျမယ့် အကြောင်းကလေးတွေ တွဲဟောရတယ်။

မာမီငြိမ်း အလှည့်ကျတော့ ကျွန်တော် တော်တော်လေး သတိထား ဟောရတယ်။ အိမ်မှာ
ကိုယ်ပြောရင် ယုံတဲ့သူမရှိဘူး။ ကိုယ့်အတွေးအခေါ်နဲ့ အိမ်က သဘောထား အမြဲဆန့်ကျင်
ဘက် ဖြစ်နေတတ်တယ်၊ အကြံအစည် လျှို့ဝှက်တယ်၊ မပြီးခင် မပြောတတ်ဘူး၊ လက်စားချေ
တတ်တယ်၊ မုန်းရင် တစ်သက်လုံးပဲ ဆိုတာမျိုးတွေပေါ့။ သူက တော်တော်မှန်တယ်လို့
ဝန်ခံပါတယ်။ ကျွန်တော်က ကိုင်ရိုထဲက ကျက်ထားတာတွေနဲ့ သူ့အခြေအနေပေါင်းပြီး
ရွှီးတာပါ။

နောက်ဆုံး အေးမင်းကတောင် စိတ်ဝင်စားပြီး လာမေးတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း
ကိုင်ရိုမဟုတ်ဘဲ ကိုင်ရွှီးပေါ့ဗျာ။

အားလုံးပြီးတော့မှ ကျွန်တော် လိုချင်တာကို စရတယ်။

`ဟဲ့ ... နင်တို့ မေမြတ်မိုးဦးရဲ့ မွေးသက္ကရာဇ်ကို မသိဘူးလား၊ ဒီကောင်မလေး အခုတလော
တော်တော့်ကို ကံနိမ့်နေတယ်၊ သူ့ကို တွက်ကြည့်ရအောင်ဟာ´
`မိလင်း သိတယ် ကိုရဲ့၊ တွက်ကြည့်စမ်းပါ´

ကျွန်တော်လည်း ပတ်ဝန်းကျင်က ကြားတာရော၊ ကိုင်ရိုရောနဲ့ ပေါင်းပြီး ကိုင်ရွှီးလုပ်ပါတယ်။
မမှန်ရင် `မဟုတ်ဘူး ကိုရဲရ၊ ဒါက ဒီလို´ ဆိုပြီး အေးအေးလင်းက ရှင်းပြတော့ မေမြတ်အ
ကြောင်းစုံကို ကျွန်တော် ပိုသိခွင့်ရခဲ့ပါတယ်။ ကျွန်တော်ကတော့ တော်တော်ကို ပျော်နေတာ။
ကိုယ့်အကြံ အောင်တာကိုး။

နောက်နေ့မှာ ဆရာမဆီသွားပြီး မွေးသက္ကရာဇ်တွေပေးပြီး တစ်ယောက်စီရဲ့ အကြောင်းကို
ကျွန်တော်သိသမျှ အကုန်ပြောပြရတယ်။ ဆရာမက အသေအချာ Note အတိုတွေနဲ့ မှတ်ပြီးမှ -

`ဒီမွေးသက္ကရာဇ်တွေက အမှန်ပဲနော်´
`ဆရာမဆီ လာမေးတော့ မှန်မမှန် ဆရာမ သိရမှာပဲဟာ´
`သူတို့ကို မင်း တကယ် ခေါ်လာမှာလား´
`လာမှာပါ၊ ကျွန်တော်က ကြံရည်ဖန်ရည် ကောင်းပါတယ်´

ဆရာမက ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ပါတယ်။ သူ့စကားကို သူကောင်းကောင်း မှတ်မိ
ပုံပေါ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူရယ်လိုက်ကြတယ်။ ဆရာမနဲ့ ကျွန်
တော့်ကြားမှာရှိတဲ့ အဖုအထစ်တွေ ပြေပြီဆိုတဲ့ သဘောပေါ့လေ။

`ဒီအပတ်ထဲတော့ မင်းမလာနဲ့ဦးကွ၊ ငါ သူတို့ မွေးသက္ကရာဇ်တွေနဲ့ အာရုံခံကြည့်ရဦးမယ်၊ မင်း
ကျိန်းသေလည်း မတွက်နဲ့ဦးနော်၊ ငါ ပြောထားတဲ့အတိုင်းပဲ၊ သူတို့နှစ်ယောက်ပေါင်းလို့ ကောင်းကျိုးမမြင်ရင်တော့ ငါ မကူညီဘူး၊ ကံအတိုင်းပဲ´
`ဟုတ်ကဲ့ပါ ဆရာမရယ်´


(၅)
`မင်း ဂြိုဟ်တုက ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်သွားပြီ၊ နောက်ဆုံးတစ်ခုကိုပါ ဖြုတ်
ချလိုက်တော့ ကျော်စိုး´

ငတိ တော်တော် မျက်နှာပျက်သွားတယ်။ ကျွန်တော့်ကိုလည်း မျက်နှာငယ်လေးနဲ့ ကြည့်တယ်။ `ဒါလေးတစ်ခုတော့ ခွင့်လွှတ်စေချင်တယ်´ ဆိုတဲ့ အကြည့်မျိုး။

`အစ်ကိုရာ ဒီကနေ ထိုင်ကြည့်တာလေးတော့ ...´
`ကျော်စိုး၊ နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ ငါ့စကားကို မင်း ယုံစမ်းပါ၊ ငါ့ စကားနားထောင်
လို့ မင်း ဘယ်တုန်းက ဒုက္ခရောက်ဖူးလို့လဲ´
`ဟုတ်ပါတယ်၊ အစ်ကိုက ဘာတွေလုပ်နေမှန်း မသိတော့ ကျွန်တော် လိုက်သာလုပ်နေရတာ
ဘာတွေမှန်းကို မသိဘူး´

အင်း ... ဒါလည်း ဟုတ်တာပဲ။ ဒီအချိန်ရောက်မှတော့ ဒီကောင့်ကို အသိပေးသင့်ပြီလို့ ကျွန်တော်
ဆုံးဖြတ်ပြီး သူ့ဆီက ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပါဘူးဆိုတဲ့ ကတိတောင်းပြီး အားလုံးရှင်းပြလိုက်တယ်။ ငတိ ပါးစပ်ကြီးကိုပြဲလို့။

`အေး ... ဒီအကြောင်းတွေကို မင်းရယ် ငါရယ် ဆရာမရယ်ပဲ သိတယ်၊ စတုတ္ထတစ်ယောက်
သိလို့ကတော့ မင်းဘ၀ ပျက်ပြီသာမှတ်´

ဆရာ ဒေါ်တင်မိုးလွင်ဆီကလည်း Password ရပါပြီ။ သူတို့နှစ်ယောက်ဟာ ပေါင်းသင့်ပေါင်း
ထိုက်တဲ့ သူတွေတဲ့။ အကျိုးစီးပွားလည်း ဖြစ်မတဲ့။ ကျော်စိုးကို အရင်ခေါ်လာခဲ့ဆိုလို့ အရင်
ခေါ်သွားရတယ်။ ဒေါ်တင်မိုးလွင်ကကျော်စိုး ရုပ်လက္ခဏာကို ကြည့်ပြီးသဘောကျပုံရပါတယ်။ စီးပွားရေးကိစ္စကိုလည်း ဟောပေးလိုက်တယ်။

နောက်နေ့မှာပဲ ကျွန်တော့် နောက်ဆုံး အော်ပရေးရှင်းကို စရတယ်။

`ဟဲ့ ... အေးအေးလင်း၊ ငါနဲ့ ကျိုက္ကဆံဘုရားကို ခဏ လိုက်ခဲ့စမ်းပါဟာ´

ကျွန်တော့်စကားကြောင့် အေးအေးလင်း မျက်လုံးပြုးသွားတယ်။ လှဦးနဲ့ chess ထိုးနေတဲ့
အေးမင်းကလည်း ဖျပ်ခနဲလှည့်ကြည့်တယ်။သူ့နှမကိုကျွန်တော်ကဘုရားခေါ်တယ်ဆိုတော့ ...

`Sorry ဟာ၊ ငါ စကားပြော လောသွားလို့၊ ငါ တစ်နေ့က အိမ်မှာ အရမ်းပူတာနဲ့ ကျိုက္ကဆံ
ဘုရား စာသွားဖတ်ရင်း ဆရာမတစ်ယောက်ဆီမှာ အပျင်းပြေ ၀င်မေးတာဟာ၊ သူက
အကြားအမြင်နဲ့ဟောတာ၊ မှန်လိုက်တာဟာ၊ ငါ့အမေက ငါ့အကြောင်း ထိုင်ပြောနေတဲ့
အတိုင်းပဲ´
`ဘယ်က ဆရာမလဲ´
`ဟ ... ဘယ်မှာနေသလဲတော့ ငါလည်း ဘယ်သိမလဲ၊ ဆရာမ တင်မိုးလွင်တဲ့´
`မှန်ရော မှန်လား´
`ငါပြောပြီးပြီပဲ၊ ငါ့အမေက ထိုင်ပြောနေတဲ့ အတိုင်းပါလို့၊ အဲဒါ ငါ ကံအရမ်းနိမ့်နေတယ်တဲ့၊
ငါ့မွေးနံထောင့်မှာ ငါနဲ့ ဆန်ကျင်ဘက်နေ့၊ ဆန့်ကျင်ဘက်လိင်က ဖယောင်းတိုင် နှစ်ဆယ့်ငါး
တိုင်နဲ့ ရေသက်စေ့ ပူဇော်ပေးရမယ်တဲ့၊ နင်က တနင်္ဂနွေသမီး မဟုတ်လား၊ နင် ကူညီစမ်း
ပါဦးဟာ´
`ကိုကြီးအေးမင်းကလည်း တနင်္ဂနွေပဲဟာ´
`ဟ ... ဆန့်ကျင်ဘက်ဆိုတာ ငါက ယောကျာ်လေးဆို မိန်းကလေးမှ ရမှဟ၊ ကူညီပါဟာ´

အေးအေးလင်းက ခဏစဉ်းစားတယ်။ အေးမင်းကိုလည်း လှမ်းကြည့်တယ်။ အဲဒီအချိန်မှာ
ရီရီမြင့်လည်း ရောက်တာတော့ ပိုအဆင်ပြေသွားတယ်။ အေးမင်းကလည်း သူပါလိုက်မယ်
တဲ့။ ကျွန်တော် သူ့အိမ် ခဏခဏ လာတာရယ်၊ အေးအေးလင်းနဲ့ချည်း စကားပြောတာရယ်
ကို ဒီငတိက သိပ်သင်္ကာချင်ပုံ မပေါ်ဘူး။

ဘုရားမွေးနံထောင့်မှာ ကျွန်တော့်ကိစ္စပြီးတော့မှ ဆရာမ ဒေါ်တင်မိုးလွင်ဆီကို ၀င်ရတယ်။ ယတြာချေပြီးကြောင်း ပြောတော့ ကျွန်တော့်ကို လက်ဖွဲ့တစ်ခု ပေးပါတယ်။ ကိုယ်နဲ့မကွာ
ဆောင်ထားရမတဲ့။

ဒီလို အရမ်းမှန်တယ်ဆိုတဲ့ ဆရာမရှေ့ ရောက်တော့ ဘယ်မိန်းကလေးက မမေးဘဲနေမှာလဲ။
ပထမ ရီရီမြင့်က အရင်စမေးတယ်။ ဆရာမက ကျွန်တော့်ကို ဟောတုန်းကလိုပဲ။ အာရုံခံပြီး
ဟောပါတယ်။ မှန်တာမှ ကွက်တိပဲ။ မှန်မှာပေါ့၊ ကျွန်တော်က အကုန်ပြောထားတာကိုး။ ပြီး
တော့ ကျွန်တော် ပြောမထားတဲ့ (မသိတဲ့) ကိစ္စတွေကိုပါ သူ့ပညာနဲ့သူ ဟောတယ်။ ဒါတွေ
လည်း မှန်တာပဲတဲ့။ ရီရီမြင့်ဆို ပါးစပ်ကို ပြဲနေတာပဲ။

ပြီးတော့ အေးအေးလင်း။ မှန်လိုက်တာ ကွက်တိကို တိတိ တိတိနဲ့ကို နေတာပဲ။ ရည်းစား
တစ်ယောက် ထားဖူးတယ်။ ဘာကြောင့် ပြတ်သွားတယ်ဆိုတာကို ဆရာမက ဟောတော့
အေးအေးလင်း ငြိမ်သွားတယ်။ အဲဒါ ကျွန်တော်လည်း မသိဘူး။ အေးမင်းက `ဟုတ်လား´
လို့ ဒေါသနဲ့ မေးတော့ အေးအေးလင်းက ခေါင်းကိုညိတ်တယ်။ ကျွန်တော်က အေးမင်းကို
လက်ကုတ်ရတယ်။

နောက်ဆုံး သိပ်မယုံပါဘူးဆိုတဲ့ အေးမင်းပါ ၀င်မေးတယ်။ ဒီကောင်လည်း ခံရတာ ကျော
ကိုကော့နေတာပဲ။

`အရက် ဘာဖြစ်လို့ သောက်သလဲသား´
`တစ်ခါ နှစ်ခါပါ ဆရာမ´
`မဟုတ်ဘူး၊ ညနေဆို မင်း အမြဲသောက်တယ်၊ မင်းကို စောင့်တဲ့ပုဂ္ဂိုလ်က အဲဒါ မကြိုက်ဘူး´

ဒီတစ်ခါတော့ အေးအေးလင်းက မျက်စောင်းလှမ်းထိုးတယ်။ ကျေပြီပေါ့လေ။ အပြန်လမ်းမှာ
အရမ်းမှန်တာပဲ၊ သိပ်မှန်တာပဲ။ ဒေါ်တင်မိုးလွင် အရမ်းမှန်တာပဲ။ ငါ့ဟိုကိစ္စကို ဘယ်လိုသိ
သလဲ မသိဘူး။ သိပ်မှန်တာပဲ၊ ဒေါ်တင်မိုးလွင်။ ရီရီမြင့်ကလည်း ငါ့အဖေနဲ့အမေ ကွဲတာ
နှစ်က ကွက်တိပဲ၊ ဒေါ်တင်မိုးလွင်။ ချောလည်း ချောတယ်နော်။ သိပ်မှန်တာပဲတွေ နားညည်း
အောင် ကြားရတော့တာပဲ။

သုံးရက်ပဲ စောင့်ရပါတယ်။ အေးအေးလင်းက ကျွန်တော့်အိမ်ကို စက်ဘီးနဲ့ ရောက်လာတယ်။

`ကိုရဲ ကျိုက္ကဆံဘုရားကို လိုက်ခဲ့စမ်းပါ´
`အောင်မာ ... နင်ကများ .. ငါ့ကို´
`ကိုရဲဝင်း မရစ်နဲ့နော်၊ ဆရာမ ဒေါ်တင်မိုးလွင်ဆီ သွားမလို့ဥစ္စာကို´
`ဟ ... နင်တို့ကိစ္စတွေက မပြီးသေးဘူးလား´
`ခု လင်းတို့သွားမှာ မဟုတ်ဘူး၊ မေမြတ်သွားမှာ´

ကျွန်တော် အရမ်းပျော်သွားတာပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော့်ကို အထင်ကြီးသွား
တယ်။ ကျွန်တော် ဖြစ်စေချင်သလို ဖြစ်လာတာကိုး။

`နင်တို့နေရာလည်း သိနေပြီပဲ၊ သွားကြပေါ့ဟာ၊ လိုက်ပို့ပေးလိုက်ပေါ့´
`ကိုရဲ့ဝင်းပါတော့ ပိုကောင်းတာပေါ့၊ လိုက်ခဲ့ပါ၊ကိုရဲဝင်း ခေါ်တုန်းကကျတော့ လင်းက
လိုက်ရတယ်´
`အေးဟာ ... ဒါဆိုလည်း နေအေးမှသွား၊ အခု ငါမအားသေးဘူး´

အေးအေးလင်း ပြန်သွားတော့ ကျွန်တော့်မှာ ဘယ်လိုကြီး ဖြစ်ကျန်ခဲ့မှန်းကို မသိတာ။
ကျွန်တော့် အောင်မြင်မှုက လျှောက်ပြောလို့လည်း မရတော့ ကိုယ့်ပီတိ ကိုယ်ပဲ စားလိုက်
ရတယ် ဆိုပါတော့။

ဆရာမဆီရောက်တော့ ဆရာမက အာရုံပြုပြီး အတိတ်ကို စပါတယ်။ မှန်တာ ကွက်တိပေါ့။

`သမီးကို မွေးပြီးမှ သမီးတို့အိမ်က စီးပွားပိုတက်တယ်၊ သမီးတို့ မိသားစုကို ပုဂ္ဂိုလ်တစ်ယောက်
တည်းက စောင့်ရှောက်တာကိုး၊ အဲဒီပုဂ္ဂိုလ်က သမီးနဲ့ ပဌာန်းဆက်ရှိတယ်။ သောကြာနာမ်ဖြစ်
တဲ့ သွပ်၊ သံ၊ သစ်၊ အင်္ဂါနံဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ စက် စတာတွေနဲ့ အကျိုးပေးမယ်´
`ဟုတ်ကဲ့ ဆရာမ´
`ပြီးတော့ အခုလပိုင်းအတွင်း မိဘကံနိမ့်တယ်၊ ရောဂါဘယ(သို့) အမှတ်တမဲ့ ဒုက္ခရောက်တတ်
တယ်၊ အမိမှာ သည်းခြေ၊ အဖမှာ ခြေဒုက္ခဖြစ်တတ်တယ်´
`ဟုတ်ပါတယ် ဆရာမ၊အဖေက ခြေထောက်ကိုသစ်ပိပါတယ်၊အမေက ကယောင်ကတမ်းတွေ အော်အော်နေတယ်၊ ကယ်ပါဦး ဆရာမရယ်၊ သမီး အဲဒီအတွက် လာတာပါ´

ဒေါ်တင်မိုးလွင်က မျက်စေ့ကို ပြန်မှိတ်ပြီး အသက်ကို ရင်နိမ့်လိုက်မြင့်လိုက် ဖြစ်လာသည့်အထိ
ရှူပါတယ်။ အားလုံးတိတ်ဆိတ်ပြီး ဆရာမကို ငေးနေကြတယ်။ ဒေါ်တင်မိုးလွင်က မျက်စေ့ကို
မဖွင့်ဘဲ-

`သမီး ရှစ်နှစ်အရွယ်က သစ်ပင်ပေါ်က ပြုတ်ကျလို့ ပေါင်နဲ့ တင်ပါးမှာ ကွဲသွားတဲ့ ဒဏ်ရာရတယ်၊
မဟုတ်လား´
`ဟုတ် ... ဟုတ်ပါတယ် ဆရာမ၊ မာလကာသီး တက်ခူးရင်း ဖြစ်တာပါ၊ တင်ပါးလည်း ကွဲသွားပါ
တယ်၊ ငါးချက်ချုပ်ရတယ်´

ဒေါ်တင်မိုးလွင်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း မျက်စေ့ကို မှိတ်ထားတုန်းပဲ။ နဖူးမှာ ချွေးတွေ
သီးနေပြီ။ အေးအေးလင်းက ယပ်ခပ်သေးတော့ မခပ်နဲ့လို့ ခပ်ထန်ထန်အသံနဲ့ တားပါတယ်။
ကျွန်တော်လည်း လန့်သွားတယ်။ သူ တင်ပါးပြဲတာ ကျွန်တော် ဘယ်သိပါ့မလဲ။

`သမီး ရှေ့နှစ်မှာ အိမ်ထောင်ကျဖို့ရှိတယ်´
`ရှင် ...´
`အဲဒီ အိမ်ထောင်ဘက်နဲ့ဆို သမီး မြဲမှာ မဟုတ်ဘူး၊ အမျိုးမျိုး စိတ်ရော လူရော ဒုက္ခရောက်မယ်´
`ပြီးတော့ ကလေးရမှ ကွဲမှာ၊ နောက်အိမ်ထောင်လည်း မြင်တယ်၊ မကောင်းဘူး၊ သမီး ဒုက္ခများ
လိမ့်မယ်၊ အဲဒီလူက အင်္ဂါသား၊ ဟုတ်ရဲ့လား´
`ဟုတ်ပါတယ် ဆရာမ၊ အိမ်ကတော့ ပြောထားဖူးပါတယ်´
`မကောင်းဘူးသမီး၊ ရအောင် ရှောင်ပါ´
`သမီး ... သမီး ဘာလုပ်ရမလဲ ဆရာမ´

ဒေါ်တင်မိုးလွင်က အသက်ကို ၀၀ကြီး တစ်ချက်ရှူပြီး မျက်စေ့မဖွင့်သေးဘဲ မျက်မှောင်ကို
ကျုံ့ တယ်။ မေမြတ်မိုးဦး တော်တော်ကြောက်နေပြီ။ မျက်နှာက Kiss me QuicK အရွယ်
လောက်ပဲ ရှိတော့တယ်။ အခန်းကျဉ်းလေးထဲမှာ အိုက်စပ်နေတာရယ်၊ ဖယောင်းတိုင်က
မြည်သံတဖျစ်ဖျစ်ရယ်၊ အမွှေးတိုင်နံ့ရယ်၊ ပြီးတော့ တိတ်ဆိတ်မှု။

`ငါ့သမီးကို လေးငါးနှစ်ကျော် ငယ်ငယ်ကတည်းက နှစ်နှစ်ကာကာ ချစ်လို့ ကြိုးစားနေတဲ့
သူတစ်ယောက် ရှိတယ်။ သမီးက သူ့အပေါ် သွေးထွက်သံယို ဖြစ်အောင်အထိ လုပ်ခဲ့ဖူး
တယ်။ အဲဒါကို သမီးကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူး၊ သူ့ကိုလည်း အဲဒီပုဂ္ဂိုလ်
ကပဲ စောင့်ရှောက်တာ၊ သမီး သူနဲ့ အိမ်ထောင်ကျရင် မြဲမယ်၊ သူ့ကို ဒုက္ခပေးနေရင်
သမီးလည်း ဒုက္ခတွေ့လိမ့်မယ်`

ထိချက်က ပွဲသိမ်းပါ။

စကားဆုံးပြီး ခဏကြာမှ ဒေါ်တင်မိုးလွင်က မျက်စေ့ဖွင့်တယ်။ ပြီးတော့ မေမြတ်မိုးကို
ကြည့်တယ်။ မေမြတ်မိုး မျက်ရည်ဝဲနေတာ တွေ့ရတော့ ...

`၀မ်းနည်းမနေနဲ့၊ စိတ်မကောင်းလည်း မဖြစ်နဲ့၊ ကြောက်လည်း မကြောက်ပါနဲ့၊ ပုဂ္ဂိုလ်
ပြောတဲ့အတိုင်းသာ လုပ်ပါ၊ အားလုံး အဆင်ပြေသွားပါလိမ့်မယ်´
`ဟုတ်ကဲ့ပါ ဆရာမရယ်၊ သမီး အားကိုးပါတယ်´

ဒေါ်တင်မိုးလွင်က အဖေ၊ အမေနဲ့ မေမြတ်အတွက် ဘုရားပွဲတစ်ပွဲနဲ့ ယတြာ ကိုယ့်ဘာသာ
ချေဖို့ ပေးပါတယ်။

အပြန်လမ်းမှာ သူတို့သုံးယောက် နောက်ကနေ စကားတတွတ်တွတ်နဲ့ ပြောရင်း ပါလာ
ကြတယ်။ ကျွန်တော် နားမထောင်ပါဘူး။ ဘာပြောတာဆိုတာ သိနေတာပဲ။ သူတို့ရှေ့
ခပ်လှမ်းလှမ်းကပဲ လျှောက်လာခဲ့တယ်။

(၆)
`အစ်ကိုပြောတဲ့နေ့က ကျွန်တော် နောက်ကနေလိုက်တော့ အရင်တုန်းကလို မအော်
တော့ဘူး အစ်ကို၊ နင် အဲဒီလိုလိုက်တော့ ရပ်ကွက်ထဲမှာ ငါသိက္ခာကျတာပေါ့တဲ့၊ ဆိုင်
တစ်ဆိုင်မှာ ပြောပါတဲ့၊ အအေးဆိုင် ထိုင်ကြတယ် အစ်ကို၊ ကျွန်တော်ကလည်း အစ်ကို
သင်ပေးထားတဲ့အတိုင်း ချစ်တယ်ဆိုတာကြီးကို မပြောတော့ဘဲ သူ့အိမ်က မိသားစု
အကြောင်းကိုပဲ မေးတယ်၊ သူတို့ တော်တော်ဒုက္ခရောက်နေတယ် အစ်ကို၊ ငှားတဲ့လူ
ကလည်း သစ်ဖိုးငွေတွေ လိမ်ပြေးလို့တဲ့၊ ကျွန်တော်က ငါ ဘာကူညီရမလဲဆိုတော့ ... ´

`ဟေ့ကောင် ... ရေသောက်ဦး´

ငတိက ရှေ့က ရေနွေးခွက်ကို ဂွပ်ခနဲ မော့ချပြီး ဆက်တယ်။

`သူ့သစ်ဆိုင်ကို ကြည့်ပေးနိုင်မလားတဲ့၊ ဒါပေမယ့် လခတော့ ယူရမယ်တဲ့၊ ကျွန်တော်
သွားရမလား အစ်ကို´
`ဟ ... သွားရမှာပေါ့၊ ငါ့မှာ ဒီအဆင့်ရောက်အောင် ကြိုးစားရတာ ဖတ်ဖတ်ကို မောလို့ ခွီးပဲ´
`ကျေးဇူးတင်လိုက်တာ အစ်ကိုရာ၊ ကျွန်တော် ၀မ်းသာလိုက်တာ၊ တကယ်ဆို တကယ် ...
တကယ် ... တကယ်´

ကျွန်တော်တို့ နှစ်ယောက်သား လက်ဖက်ရည်ဆိုင်မှာ ပြောကြတာဆိုရင် ဒီငတိက
ကျွန်တော့်ပခုံးကို ဖက်ပြီး အားရပါးရ နမ်းတော့မယ့်အတိုင်းပဲ။ အခု ဇ၀နမှတ်တိုင်က
ဆိုင်မို့သာ တော်ရော့တယ်။

`အေး ... သူ့အိမ်ရောက်ရင် မေမြတ်ထက် သူ့မိဘတွေကို ပိုဂရုစိုက်၊ လိုအပ်တာလုပ်ပေး၊
ရိုးရိုးပဲနေ၊ ဒါဆို မင်း သတင်းစာကိစ္စဖြုတ်ပြီပေါ့´
`ဟာ... မဖြုတ်ဘူးအစ်ကို၊ ဒီကောင်က (၁၀)နာရီခွဲဆို ပြီးတာပဲ´

ငတိက လက်သီးဆုပ်ပြီး ပြောပါတယ်။ အရမ်းပျော်ရွှင် တက်ကြွနေတဲ့ သူ့အပျော်က
ကျွန်တော့် ရင်ထဲကို ပီတိ အနေနဲ့ ရောက်လာပါတယ်။

`ဟေ့ကောင် ... ဒီအကြောင်းတွေကိုတော့ ဘယ်သူ့မှ မပြောနဲ့နော်´
`ဟာ ... စိတ်ချပါ အစ်ကိုရာ´

နောက်သုံးရက်လောက်ကြာတော့ မေမြတ်တို့အိမ်ရေ့မှာ ဒီကောင့်ကို သစ်တန်တွက်နေတာ
ကို တွေ့လိုတွေ့၊ ကြေးအိုးထုပ်တွေနဲ့ အိမ်ထဲ ခပ်သုတ်သုတ်ဝင်တာ မြင်လိုမြင်၊ မေမြတ်နဲ့
ဈေးအတူသွားတာ ကြုံလိုကြုံနဲ့။ ကျော်စိုးက အရင်တုန်းကလို မဟုတ်ဘဲ သားသားနားနား၊
၀၀ဖြိုးဖြိုးနဲ့ ပိုသွက်လက်နေတယ်။

မေမြတ်အဖိုးကြီးက ခြေဖမိုးကြော ပြတ်သွားလို့ လမ်းကောင်းကောင်းမလျှောက်နိုင်တော့
ဘူး။ အဖွားကြီးကတော့ ဆီးချိုရောဂါဘက်ကို ပြောင်းပြီး အစားရှောင်ရင်း သက်သာနေပါပြီ။

မိုးကုန်လို့ သီတင်းကျွတ်ရင်ပဲ ငတိနဲ့ မေမြတ် လက်ထပ်ကြတယ်။

မင်္ဂလာဆောင်ကို ကျွန်တော့်ကိုရော၊ ဒေါ်တင်မိုးလွင်ကိုပါ ဖိတ်ပါတယ်။ ကျွန်တော်ကတော့
ရိုးရိုးမဏ္ဍပ်က ခုံမှာပေါ့။ ဆရာမကိုတော့ နှစ်ယောက်စလုံးက တလေးတစားနဲ့ လက်တစ်
ဖက်ဆီကတွဲပြီး အိမ်ဦးခန်းကို ခေါ်သွားကြတယ်။

ဆရာမကလူအလစ်မှာကျွန်တော့်ကို နှာခေါင်းရှုံ့ မေးထိုးပြီး စပ်ဖြဲဖြဲနဲ့ ပြောင်သွားပါသေးတယ်။
ကျွန်တော်လည်း သိပ်မရောက်ဖြစ်တော့ဘူး။

သြော် ... ပစ္စတိုကျည်ဆန်ကလေးတွေ ... ပစ္စတိုကျည်ဆန်ကလေးတွေ ... ။

နောက် သုံးနှစ်လောက်ကြာတော့ ဟိုငတိက စွတ်ကြိုးစားလို့ စီးပွားရေးက လေးငါးဆလောက်
တက်လာပါတယ်။ ငတိအမေကိုလည်း မေမြတ်က သူ့အိမ်မှာပဲ ခေါ်ထားပါတယ်။ အားလုံးက
ပျော်စရာကြီးပါ။ ဆရာမ ဒေါ်တင်မိုးလွင်လည်း မသိသူ မရှိလောက်အောင်ကို နာမည်ကြီး
သွားပါတယ်။

တစ်နေ့တော့ မွေးနေ့ဖိတ်စာတစ်ခု ရောက်လာတယ်။ သားသားလေး မောင်ကျော်မြတ်ဦး၏ တစ်နှစ်ပြည့်မွေးနေ့။ လာဖြစ်အောင် လာခဲ့ဆိုတဲ့ စာလည်း ပါတယ်။

ကျွန်တော် ရောက်သွားတော့ မေမြတ်မိုးဦးက ကျွန်တော့်လက်ကို ဆွဲပြီး -

`ကိုရဲတို့က ဆရာမနဲ့ပေါင်းပြီး ကြံကြတာဆို´

ကျွန်တော် မျက်လုံးပြုးသွားတယ်။ ဒါပေမယ့် မေမြတ်က ရယ်ရင်း မောရင်း ပြောတာပါ။

`ပွဲက ပြီးသွားပြီပဲဟာ၊ ပြောမနေပါနဲ့တော့၊ အခု နင် ပျော်နေတယ် မဟုတ်လား၊ ဆိုတော့ ...´

အဲဒီအချိန်မှာ ဧည့်သည်တစ်သိုက် ၀င်လာလို့ အသာလစ်ပြီး အိမ်ပေါ်တက်ရတယ်။
ဟိုငတိကိုတွေ့တော့ ဧည့်ခံနေတာကို အားမနာနိုင်ဘဲ ဂုတ်အတင်းဆွဲပြီး အခန်းထဲ
ခေါ်မေးတော့ -

`ဟုတ်တယ် အစ်ကို၊ ကလေးရပြီဆိုတော့ သူ့ကို ချစ်သေးရဲ့လားဆိုပြီး ခဏခဏ ငို
မေးလို့ ဘယ်လောက်ချစ်ရ ကြောင်း၊ ဘယ်လိုကြိုးစားရကြောင်း ပြောမိတယ် အစ်ကို´
`ခွီးပဲကွာ၊ အေးလေ ... ဒီလိုအချိန်မှာတော့ ပြဿနာမရှိတော့ပါဘူး၊ နောက်မှတ်ထား
လျှို့ဝှက်အပ်တဲ့ကိစ္စကို လျှို့ဝှက်ရတယ်ကွ၊ မပြောရဘူး´
`အစ်ကိုကရော ခုထိ လျှို့ဝှက်တုန်းပဲလား´

ကျွန်တော် ဘာမှမပြောတော့ဘဲ ဒီကောင့်ကို အခန်းထဲက တွန်းထုတ်လိုက်ပြီး ဒေါ်တင်မိုးလွင်အနား သွားထိုင်ပါတယ်။

`သိသွားကြပြီ´

ဆရာမ ဒေါ်တင်မိုးလွင်က အပြုံးနဲ့ ပြောပါတယ်။ ပါးချိုင့်က တော်တော် နက်သွားပါပြီ။

ပစ္စတိုကျည်ဆန်ကလေးတွေရဲ့ တစ်ဖက်တစ်ချက် နှုတ်ခမ်းအစပ်လေးမှာ လေးကြိုး
ကွေးရာကလေးတွေ ရောက်နေပါပြီ။ ပြုံးလိုက်တော့ မျက်ဝန်းထောင့်မှာလည်း
ကျီးခြေရာ ထင်းထင်းကြီး ပေါ်နေပါပြီ။ လွန်ခဲ့တဲ့ လေးငါးနှစ်ကဆိုတော့ ဆရာမလည်း
ငါးဆယ်နား နီးရောပေါ့။ ကျွန်တော်က ခေါင်းညိတ်ရင်း ဖွေးနေဆဲ ပစ္စတို ကျည်ဆန်
ကလေးတွေကို ငေးကြည့်နေမိပါတယ်။

သြော် ... `ပစ္စတို ကျည်ဆန်ကလေးတွေ´ `ပစ္စတိုကျည်ဆန်ကလေးတွေ´။

ဘယ်သူ့ကိုမှ မပစ်ရသေးပါကလား။

နီကိုရဲ
10 Feb: 2005

ဒီလောက် အရပ်ပုတဲ့သူ မသိဘဲ နေပါ့မလား ...
ဟု ပြောခဲ့ဖူးသော ဆရာမကြီး ဒေါ်တင်မိုးလွင်အတွက်
အမှတ်တရ .... နောက်သည်။


ဒဏ်ရာလိပ်ပြာအထူးကု

Thursday, March 12, 2009

ဒုတိယအလှည့်ကျသူကတော့ကိုရဲဝင်း(နီကိုရဲ)ပါ။စာရေးဆရာ၊ဇာတ်ညွှန်းဆရာ
ဒါရိုက်တာနီကိုရဲ..လည်းဖြစ်ပါတယ်။ဒဏ်ရာလိပ်ပြာအထူးကုက ရှည်တော့နှစ်
ပိုင်းခွဲလိုက်ပါတယ်။ကလဲ့စားခြေလိုစိတ်အပြည့်နဲ့ပေါ့..း)..

ဒဏ်ရာရလိပ်ပြာအထူးကု

(၁)
ညနေခင်း ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်း
ကို ရောက်တတ်ရာရာ ပြောနေကြတယ်။ ဒါကလည်း နေ့စဉ် လုပ်နေကျ အလုပ်
ပါ။ လှဦးက ဒေါ်လာနဲ့ လစာရမယ်ဆိုပြီး လိမ်သွားတဲ့Companyတစ်ခုအကြောင်း
ပြောပြနေတယ်။ သူ့ညီဝမ်းကွဲတစ်ယောက် ငါးသိန်းပါသွားဆိုပဲ။

ကျွန်တော်လည်း အဲဒီအကြောင်းကို စိတ်ဝင်စားနေတုန်း လက်ဖက်ရည်ဆိုင်က
လူတွေ အာမေဋိတ်သံမျိုးစုံနဲ့ လမ်းမကို လှမ်းကြည့်တော့ ကောင်မလေးတစ်
ယောက်က ကောင်လေးတစ်ယောက်ကို သူ စားဖို့ ၀ယ်လာတဲ့ ကြံချောင်းနဲ့
အချက်ပေါင်းများစွာ နှံနေတာကို တွေ့တယ်။ ရိုက်တာတော့ မျက်နှာကို ရိုက
်တာပါ.။ဒါပေမယ့် ကောင်မလေးက အရပ်ပုတော့ ပခုံးနဲ့ လည်ပင်းကိုပဲ ထိတယ်။

ကောင်လေးက မျက်နှာကလေးဘေးစောင်းပြီး ပေခံနေတာခင်ဗျ။ လက်ကလေး
ဘာကလေးနဲ့တောင် မကာဘူး။ ထွက်လည်း မသွားဘူး။ ကောင်မလေးကလည်း
အံကိုကြိတ်ပြီး သူ့ရှိသမျှ အားကလေးနဲ့ မုန်းမုန်းတီးတီးကို ဆော်နေတာ။နောက်
ဆုံး နှစ်ခြမ်းခြမ်းလာတဲ့ကြံဟာ လက်ကိုင်တစ်ဆစ်ပဲ ကျန်တော့သည့်အထိပဲ.....။
နောက်ဆုံး ကောင်မလေးက လက်ထဲမှာကျန်တဲ့ ကြံဆစ်နဲ့တောင် ကောက်ပေါက်
လိုက်သေးတယ်။ ကောင်လေးရဲ့ ရင်ဘတ်ကို တည့်တည့်ထိပါတယ်။

ဒါပေမယ့်ကိုယ့်ဆရာကတော့နေရာက တုတ်တုတ်တောင် မလှုပ်ဘူး။ကောင်မလေး
ကို တွေတွေကလေး ငေးလို့။

အကြောင်းမသိကြတဲ့ လမ်းသွားလမ်းလာတွေဆိုရင် လင်မယားရန်ဖြစ်တာလို့....
တောင် ထင်ချင်ထင်မှာ။ ယောက်ျားက အမှားတစ်ခုကျူးလွန်၊ မယားဖြစ်သူက
လိုက်တောင်းပန်၊ ဟိုက ဒေါသမပြေသေးဘဲ ဆော်ပေါ့ဗျာ။

အမှန်တော့ မဟုတ်ပါဘူး။ ကောင်လေးက အခုမှ ကောင်မလေးကို လိုက်စကား
ပြောတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကောင်လေးနာမည်က ကျော်စိုးတဲ့။ ကောင်မ
လေးက မေမြတ်မိုးဦးတဲ့။

သူတို့နှစ်ယောက်အကြောင်းက ကမ္ဘာမကျော်ပေမယ့် ရပ်ကွက်တော့ ကျော်ပါ
တယ်။ ဒီကောင်လေးက မေမြတ်ကို ချစ်ခဲ့တာ ရှစ်တန်းနှစ်ကတည်းက ခင်ဗျ။
ကောင်လေး ချစ်တယ်ဆိုတာကို သိရတော့ ကောင်မလေးက တော်တော်စိတ်
ဆိုးတယ်။ တူသလား၊ တန်သလား။ ဒင်းလိုကောင်မျိုး ငါ့ကို မှန်းရသလားပေါ့လေ။

မေမြတ် ပြောချင်လည်း ပြောချင်စရာပေါ့လေ။ ကောင်လေးအဖေက ဆိုက်ကား
နင်းတယ်။ အခုတော့ ဆုံးသွားရှာပါပြီ။ ကောင်လေးအမေက မနက်ဆို ဘိန်းမုန့်
ရောင်းတယ်။ အိမ်မှာ ချဉ်ဖတ်မျိုးစုံကို စဥ့်အိုးကလေးတွေနဲ့ ထည့်ရောင်းတယ်။
ကတက်ချဉ်၊ မုန်လာဥချဉ်၊ ပဲတီချဉ်၊ ဒညင်းသီးစားစိမ်၊ တမာချဉ်၊ သရက်သီးဆား
စိမ်စတဲ့ ရာသီပေါ် ချဉ်ဖတ်တွေ အကုန်ရောင်းတယ်။

သူ့သားနဲ့ မေမြတ်သတင်းကို တစ်ရပ်ကွက်လုံးက သိသလို ဒေါ်ဘုမရဲ့ ချဉ်ဖတ်
ကလည်း တစ်ရပ်ကွက်လုံးက ကြိုက်ကြတယ်။ သန့်ရှင်းတာရယ်၊ တို့လို့ကောင်း
တာရယ်ကြောင့်ပါ။ ဒေါ်ဘုမက ဘိန်းမုန့်ရောင်း ပြန်လာပြီး ဆယ်နာရီဆို ပြောင်
လက်နေအောင် တိုက်ထားတဲ့ အိမ်ရှေ့ကွပ်ပစ်က သူ့စဥ့်အိုးကလေးတွေနောက်
မှာထိုင်ပြီး အနားမှာလည်း ဗာဒံရွက်တစ်ထပ်နဲ့ပေါ့။


မရောင်းရဘူးဆိုရင် တစ်နေ့ လေးရာဖိုးလောက် အောက်ထစ်ပဲ။ ကောင်လေးက
ရှစ်တန်းအောင်တော့ မနက်ခင်း သတင်းစာပို့တယ်။ သူ့ အမေအတွက် ဗာဒံရွက
်လိုက်ကောက်၊ အပင်ရှင်က ခွင့်ပြုရင် အပင်ပေါ် တက်ခူးတန်ခူး၊ ပြီးတော့ ဈေးထဲ
မှာ သူ့အမေအတွက် ချဉ်ဖတ်စိမ်ဖို့ သွားဝယ်ပေး အဲဒီလိုပေါ့ဗျာ။

မေမြတ်မိုးဦးတို့ အဖေက အိမ်ရှေ့မှာ သစ်တွေရောင်းတယ်၊ သစ်ကုန်သည် ဆိုပါ
တော့။ အနီးအပါး ရပ်ကွက်အားလုံးက အိမ်ဆောက်အိမ်ပြင်ဆို သူ့ဆီက ၀ယ်ကြ
တာပဲ။ ဘိလပ်မြေ၊ အုတ်တိုင်၊ သံ၊ သွပ်၊ သစ်ဆိုဒ်မျိုးစုံ၊ ကျောက်၊သဲအကုန်ရတယ်။
ငွေမမှီလည်း အကြွေးထားလို့ ရတာကိုး။ ဦးမိုးဦးက သဘောကောင်းပါတယ်။

မေမြတ်မိုး အမေကတော့ လမ်းလျှောက်ရင် ရင်ကိုကော့ပြီး ခေါင်းကို မော့နေတာ
ပဲ။သုံးကျပ်ခွဲသား ဘတ်ကြိုးကြီးကလည်း ရင်ဘတ်မှာ ဘတ်လပ်ဘတ်လပ်နဲ့၊ ညာ
ဘက် လက်ချောင်းမှာလည်း လက်သန်းကလွဲလို့ လက်စွပ်တွေချည်းပဲ။ လက်
ကောက်က တံတောင်ဆစ်နား ရောက် တော့မယ်။ သင်္ကန်းကျွန်း ဈေးထဲမှာ ရွှေ
ဆိုင်နဲ့ အထည်ဆိုင်ကလည်း တွဲပြီး ဖွင့်ထားသေးတာကိုး။

ပစ္စည်းမာန၊ ဂုဏ်မာနကြောင့် စကားအပြောအဆို အထက်စီးက မပြောတတ်
ပေမယ့် စိတ်ယုတ်မာရှိတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ အထည်ကို နေ့သွင်း၊
လသွင်း ရောင်းပြန်တော့ တစ်ရပ်ကွက်လုံးမှာရှိတဲ့ မိန်းကလေးတွေ ဒေါ်စောလှ
သြဇာနဲ့ ဘယ်ကင်းပါ့မလဲ။တစ်အိမ်လုံးရဲ့ အသည်းကလေးတစ်ဦးတည်ေးသာ
သမီးကလေး မေမြတ်မိုးဦးဆိုတော့ မေမြတ်မိုးဦးဟာ တစ်ရပ်ကွက်လုံးက ဦးစား
အပေး ခံရဆုံး မိန်းကလေးပေါ့ဗျာ။

အခြေအနေကတော့ မြန်မာဗီဒီယို ဇာတ်ကားတွေ အကြိုက်ဆိုပါတော့။

ဒါပေမယ့် တကယ့်ဖြစ်ရပ်ဆိုတာက ဗီဒီယိုဇာတ်လမ်းမှ မဟုတ်တော့ဖြစ်ချင်သလို
ဖြစ်တာပေါ့။

စစချင်း လိုက်တဲ့နေ့မှာတင် မေမြတ်က ကျော်စိုးခေါင်းကို ပေတံနဲ့ ရိုက်တယ်။
ပေတံက ကျွန်တော်တို့ ခေတ်တုန်းက ကျောင်းက ထုတ်ပေးတဲ့ ပေတံအ၀ါ
ဇောင်းနှစ်ဖက်က အချောသပ်ထားပြီး သံချောင်းထည့်ထားတယ်။ကျောင်းသား
တိုင်း ကိုင်ကြတဲ့ပေတံပါ။

ကျော်စိုးပေးတဲ့စာကို ဆွဲဖြဲပြီး အဲဒီပေတံကြီးနဲ့ ခေါင်းကို သုံးလေးချက် အားရပါး
ရတီးတာ။ ကောင်မလေးရဲ့ အရပ်က ကျော်စိုးကို မမီပေမယ့် ဟိုကောင်က ဖြဲပြီး
လွှင့်ပစ်လိုက်တဲ့ စာတွေကို ငုံ့ကောက်နေတုန်း တီးတာဆိုတော့ အားရပါးရကြီး
ကွက်တိပေါ့။

ကျော်စိုး ဂျိုစောင်းပေါက်သွားတယ်။ သွေးတွေ စီးကျလာပေမယ့် မေမြတ်မိုးက
မသနားပါဘူး။ သူ့ဘေးက အဖော်တွေကလည်း မသနားပါဘူး။ အားလုံး မေမြတ်မိုး
ဘက်ကချည်းပဲ။

`နင်လို ချဉ်ဖတ်သည်သားကို ဘယ်တော့မှ စိတ်မကူးဘူး။ ရိုက်တာတောင်
......သနတယ်´

အဲဒီလို ပြောပြီး မေမြတ်မိုးက သူ့ပေတံကို လွှင့်ပစ်ပြီး ထွက်သွားတယ်တဲ့။
နောက်တစ်ခါကျတော့လည်း မုန့်ဟင်းခါးဆိုင်က အထွက်မှာ လိုက်စကား
ပြောတော့ မေမြတ်မိုးက မုန့်ဟင်းခါး ချိုင့်နဲ့ ကောက်ပေါက်တာ သကောင့်
သား ရင်ဘတ်မှာ မုန့်ဟင်းခါးရည် အပူလောင်ပြီး တော်တော်ခံလိုက်ရတယ်
ဆိုပဲ။ ဗီဒီယိုထဲကလို ဘေးကသူငယ်ချင်းက ဟိုကောင်ခံရတာကို ပြောပြ၊
ကောင်မလေးက အခုမှ ကရုဏာစိတ်ဝင်၊ အိမ်သွားပြီး တော်တော်ဖြစ်သွား
သလား မရဲတရဲမေးရင်း တောင်းပန်၊ နားလည်မှုရ၊ ရည်းစားဖြစ်၊ အဲဒီလို
မဟုတ်ပါဘူး။

မေမြတ်မိုးတို့ဘက်ကတောင်မှ သူ့သမီးကို နှောင့်ယှက်လို့ဆိုပြီး ရပ်ကွက်
ရုံးခန်းကို တိုင်သေးတယ်။ နောက်တစ်ခါ မနှောင့်ယှက်တော့ပါဘူးဆိုပြီး
လက်မှတ်တွေ ဘာတွေ ထိုးလိုက်ရသေးတယ်။

ကျော်စိုးဆိုတဲ့ ကောင်ကလည်း ခက်တယ်။ ဒီလောက် ရက်စက်နေတာလည်း
တွေ့တာနဲ့ လိုက်တာပဲ။ လိုက်တာနဲ့ ဟိုကလည်း ရက်ရက်စက်စက် ပြောလွှတ်
တယ်။ သူငယ်ချင်းတွေနဲ့ ၀ိုင်းလှောင်တယ်။ တစ်ခါတုန်းက ဖိနပ်နဲ့တောင် ...
ကောက်ပေါက်တယ်ဆိုပဲ။ ကိုယ့်ဆရာကတော့ တစ်စုံတစ်ရာ ပြန်လည်ပြော
ဆိုခြင်းမရှိ ပြကတေ့ သည်းခံတော်မူပါတယ်။

တစ်ခါကလည်း မေမြတ်မိုးဦးက သူ့အိမ်က သစ်ပုံစောင့်ဖို့ ၀ယ်မွေးထားတဲ့
အင်းခွေးကြီးနဲ့ လမ်းလျှောက်ထွက်တယ်။ ထုံးစံအတိုင်း ဟိုကောင် ပြေးပေမယ့်
မလွတ်လို့ ခြေသလုံးကို မွစာကြဲသွားအောင် အကိုက်ခံလိုက်ရတယ်။

ဦးမိုးဦးတို့လည်း ရုံးခန်းတွေ ဘာတွေ မတိုင်တော့ပါဘူး။ သူ့သမီးကချည်း နှံနေ
တာဆိုတော့ အေးဆေးပေါ့။ ကျော်စိုး အဲဒီလို လိုက်လာတာ ငါးနှစ်ရှိပါပြီ။ ကျော်စိုး
ဆိုတဲ့ နာမည်ပျောက်ပြီး အားလုံးက သူ့ကို `ချဉ်ဖတ်´လို့ ခေါ်ကြတဲ့အထိပဲ။

ကျော်စိုး အဲဒီလောက် အသည်းအသန် ဖြစ်နေလို့ မေမြတ်မိုးက အရမ်းကြီးကို
ချောနေလို့လားဆိုတော့ မဟုတ်ပါဘူး။ သူလို ငါလိုထဲကပါပဲ။ အ၀တ်အစား
ကောင်း အမြဲတမ်း ၀တ်နိုင်တာရယ်၊ ဘာအလုပ်မှ မလုပ်ရလေတော့ ဖြူဖြူနုနုနဲ့
ရုပ်ရည်သန့်တာရယ်၊ ရွှေဆိုင်ပိုင်ရှင်သမီးရယ် ဆိုတော့ ရွှေထည်လည်း ၀တ်နိုင်
တာရယ်ကြောင့်သာပါ။ အနီးအနားက ရပ်ကွက်တွေမှာ မေမြတ်မိုးထက် အများ
ကြီးလှတဲ့သူတွေ တစ်ပုံကြီးပဲ။ ဒါပေမယ့် ငတိကတော့ မေမြတ်မိုးပဲ။ ငယ်ချစ်မို့
အစွဲကြီးစွဲနေတယ် ထင်ပါရဲ့။

ကျော်စိုးက ရုပ်ရည်သန့်ပါတယ်။ အသောက်အစား Sorry ပဲ။ ဆေးလိပ်တောင်
သောက်တတ်တဲ့ကောင် မဟုတ်ဘူး။ စကားလည်း နည်းတယ်။ ရိုးရိုးပဲ နေတတ်
တယ်။ မုဆိုးမကြီးကို လုပ်ကျွေးနေရတော့ အ၀တ်အစားတော့ ကောင်းကောင်း
မ၀တ်နိုင်ရှာဘူးပေါ့ဗျာ။ ခပ်နွမ်းနွမ်း အင်္ကျီ ကလေးနဲ့တင် သူ့ရုပ်ရည်က ကြည်
လင်ပါတယ်။

ဆယ်တန်းတွေ အောင်စာရင်းထွက်တော့ ကျွန်တော်တို့ ဇာတ်လိုက်က 5D တွေ
ဘာတွေနဲ့ မအောင်ပါဘူး။ စာမေးပွဲကျပါတယ်။မေမြတ်မိုးဦးကတော့အောင်တယ်။
အဲဒီတော့ အခြေအနေက ပိုပြီး ကွာသွားတာပေါ့။

ကျော်စိုးကလည်း ကျောင်းဆက်မတက်တော့ပါဘူး။ ရေခဲစက်မှာ ၀င်အလုပ်လုပ်
တယ်ရေခဲစက်ဆိုတာ မနက်လေးနာရီလောက်ထ သံပုံးကြီးထဲမှာ ခဲနေတဲ့ ရေခဲ
တွေကို ရေပိုက်နဲ့ထိုး၊ ချောင်သွားတော့ သံချိတ်နဲ့ ဆွဲပြီး သစ်သားရေတစ်လျှောက်
ကနေ အောက်ကို တွန်းချရတာပါ။ သစ်သားရေတလျှောက်က ရေခဲတင်တဲ့ကား
နောက်မှာ တင်ထားတာဆိုတော့ ရေခဲတုံးတွေက ကားထဲ တန်းကျပေါ့လေ။ အဲဒီ
အလုပ်က မနက်ခုနစ်နာရီခွဲလောက်မှာ ပြီးတယ်။ ပြီးတာနဲ့ အသင်းတိုက်ကိုပြေး၊
သတင်းစာတွေယူပြီး သတင်းစာပို့၊ သတင်းစာပို့ရင်းနဲ တက္ကသိုလ်တက်တဲ့ မေမြတ်ရဲ့
ကျောင်းကားရပ်တဲ့ လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်မှာ လက်ဖက်ရည်သောက်မယ်။

အဲဒီအချိန်ဟာ သူ့အတွက် အရေးအကြီးဆုံးနဲ့ တန်ဖိုးထားဆုံး အချိန်ပဲ။ အဲဒီအချိန်
မှာ ကျော်စိုးဆိုတဲ့ငတိကို သိကြားမင်းက နတ်ပြည်ခြောက်ထပ်ကို လိုက်ပြမလို့
လိုက်ခဲ့ပါဆိုတာတောင် ဒီငတိက လိုက်မှာ မဟုတ်ဘူး။ တစ်ခါတစ်လေ ကျောင်းကြို
ကား နောက်ကျလို့ မေမြတ် သူငယ်ချင်းတွေနဲ့ ကားရပ်စောင့်ရတဲ့အခါမျိုးဆို ကျော်စိုး
အကြိုက်ပေါ့။ သူ အကြာကြီး ငေးလို့ရတာကိုး။

မေမြတ်ကတော့ သူ့ကို ငဲ့ကြည့်တာတို့၊ အမှတ်တမဲ့ ကြည့်တာလောက်တောင်
ရှိတာ မဟုတ်ဘူး။ သူ့ သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမောပါပဲ။ မေမြတ်မိုး
ကျောင်းကား ထွက်သွားရင် ခေါင်းကလေး ငိုက်စိုက်ချပြီး သတင်းစာ ဆက်ပို့တယ်။
သူ့အမူအရာက သိပ်မသွက်တော့ဘူး။

ညဘက်ဆိုရင် မေမြတ်မိုးတို့ အိမ်ရှေ့ကနေ ကိုးနာရီလောက်ဆို ဖြတ်လျှောက်တတ်
တယ်။ ပြီးတော့ စိုးလွင်လွင်ရဲ့ ` ´ သီချင်းကို အော်ဆိုတတ်တယ်။

မျက်နှာထားတင်းတင်းနဲ့ x x x နောက်မလာနဲ့လို့ ပြောလွှတ်လိုက်တယ် x x x
ကိုယ့်နှလုံးသွေားများလည်း x x x ဒေါသစိတ်ကြောင့် တဆတ်ဆတ်တုန်တယ် x x x
မင်း မာနိုင်တယ် x x x မင်းပြုံးနိုင်တယ် x x x ကိုယ့်ကိုအမြဲတမ်း အနိုင်ယူပါကွယ် x x x

ဒါပဲ။ ဒီတစ်ပိုဒ်ပဲ။ အဲဒီ သီချင်းသံကြားရင် ကိုးနာရီထိုးပြီပဲမှတ်။ နာရီထကြည့်ရင်
နာရီက ဓာတ်ခဲအားနည်းလို့ မှားချင်ရင် မှားနေဦးမယ်။

တစ်ခါတုန်းကလည်း ဘာရောဂါရယ် မသိပါဘူးဗျာ။ ကျွန်တော်တို့ အနီးအနားက
လေးငါးရပ်ကွက်မှာ တရုတ်စက်ဘီးတွေ ညနေဆို အရမ်း စီးကြတာပဲ။ ကလေးတွေ
နဲ့ လူပျိုအပျိုအရွယ်တွေ စီးကြတာပါ။ မေမြတ်မိုးကတော့ အကောင်းစား ပန်းကမ္ဘာ
ကလေးနဲ့ပေါ့ဗျာ။ သုဝဏ္ဏ အားကစားကွင်းဘက်ကို သူ့သူငယ်ချင်းတွေနဲ့ ညနေဆို
ထွက်စီးလေ့ရှိတယ်။

ဒီတော့ ကျော်စိုးကလည်း စက်ဘီးတစ်စင်းနဲ့ နောက်ခပ်ခွာခွာကနေ လိုက်တယ်။
စက်ဘီးက သူ့ကိုယ်ပိုင်စက်ဘီးတော့ မဟုတ်ပါဘူး။ သူ့ သူငယ်ချင်းရဲ့ စက်ဘီးကို
ငှားပြီးစီးတာပါ။ တစ်နေ့တော့ သုဝဏ္ဏကွင်းကို ပတ်စီးကြရင်း ကျွန်တော်တို့ငတိက
မေမြတ်နဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် စီးတယ်။ ဒီတော့ မေမြတ်က သူ့စက်ဘီးကို
ကျော်စိုးစက်ဘီးနဲ့ တည့်တည့်ဖြစ်အောင် တည်ပြီး တမင်တိုက်တယ်။ ဒီတော့ ကျွန်တော်
တို့ ငတိက စက်ဘီးချင်း မတိုက်မိအောင် သူ့စက်ဘီးကို နံဘေးက မြောင်းထဲကို ထိုးချ
ပစ်လိုက်တယ်။ စက်ဘီးရော လူရော မြောင်းထဲကျသွားတာပေါ့။

အဲဒါကို မေမြတ်မိုးတို့အဖွဲ့က တဟီးဟီး တဟားဟားရယ်ရင်း ဆက်နင်းသွားကြတယ်
တဲ့။ အဲဒါတွေကို ကြည့်မရတာရော၊ နည်းနည်း အကဲစမ်းချင်တဲ့ သူတွေကရော မေမြတ်
မိုးဦးကို လိုက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ငါးနှစ်ကျော်ကျော် ရပ်သိရွာကျော်
ကြိုက်လာတဲ့ ဒီငတိကို အားနာပြီး မလိုက်ကြဘူး။

စက်ဘီးကိစ္စမှာ စက်ဘီးလည်း ဘီးနှစ်ဘီးစလုံး ခွင်တယ်။ ကျော်စိုးလည်း လက်ကျိုး၊
ဂျိုစောင်းပေါက်၊ ပါးတွေ နားတွေ ပွန်းသွားတယ်။ သုဝဏ္ဏဘောလုံးကွင်းရှေ့က
မြောင်းကြီးက နည်းနည်းနောနော အနက်မှ မဟုတ်တာ။ အဲဒီသတင်းကို ကြားလို့
မခံချင်တဲ့သူနဲ့ စပ်စုချင်တဲ့သူတွေက မေးတော့ ငတိက

`သူနဲ့ မဆိုင်ပါဘူးဗျာ၊ ကျွန်တော့် ဘာသာ မထိန်းနိုင်လို့ လဲတာပါ´
`မင်းကို သူက တမင်တည့်တည် ၀င်တိုက်တာဆို´
`မဟုတ်ပါဘူးဗျာ´
`မင်း သူ့ကိုမတိုက်ရက်မှန်းသိလို့ တမင်လုပ်တာကွ၊ ငါသာဆိုတိုက်ကိုတိုက်ပစ်တယ်´
`မဟုတ်ပါဘးဗျာ´

ငတိက ဒီလောက်ပဲ။ သူ မေမြတ်ကို ကြိုက်နေတာ တစ်ရပ်ကွက်လုံးက သိနေကြပေ
မယ့် ဘယ်သူ့ကိုမှ မေမြတ်ကို ဘယ်လိုချစ်ကြောင်း ကြိုက်ကြောင်းကို ရင်မဖွင့်တတ်
ဘူး။ မေးရင်လည်း ဘယ်တော့မှ ၀န်မခံဘူး။ ဟိုလိုဒီလိုပဲ ပြောတတ်တယ်။

ဒါတွေက ကျွန်တော်ကြားရတဲ့ အကြောင်းတွေပါ။ ကျွန်တော်က မနက်ကိုးနာရီဆို
ရုံးတက်၊ ညနေမှ ပြန်တဲ့ကောင်ဆိုတော့ ညနေ သူငယ်ချင်းတွေနဲ့ တွေ့မှ ဒီသတင်း
တွေ ကြားရတာပါ။ တစ်ချို့ကလည်း ဒီငတိဖြစ်ရပ်ကို ရယ်ရယ်မောမောနဲ့ ပြောကြ
တယ်။ တချို့ကလည်း မခံချင်စိတ်နဲ့ ပြောတတ်တယ်။

အခု တစ်ကြိမ်ကတော့ ကျွန်တော် ကိုယ်တိုင် ပထမဦးဆုံး မြင်ရတာပါ။

`ဒီကောင့်ဝဋ်ကလည်း မသေးပါလားကွာ´

လှဦးက ခေါင်းငိုက်စိုက်ချပြီး ထွက်သွားတဲ့ ကျော်စိုးကို ကြည့်ရင်း ပြောကြတယ်။
လက်ဖက်ရည်ဆိုင်က လူတွေလည်း ပြောလက်စ စကားကို ရပ်ပြီး သူတို့အကြောင်း
ကို ပြောကြတယ်။

`သူ့ကြည့်ရတာ ဒီကောင်မလေးက ဒီလို အနိုင်ရ နှိပ်စက်ရင်းနဲ့ သူ့ကို သနားပြီး
ချစ်လာမယ်လို့ ထင်တယ် ထင်တာကွ´

အေးမင်းက ခေါင်းကို ခါသည်။

`ငါ့ညီမက ပြောတော့ ဟိုက မသနားတဲ့အပြင် သူက အချစ်လာဘ်ပိတ်လို့ ဒီကောင့်
ကို အမှုန့်တောင် ကြိတ်ချင်နေတာတဲ့´

ရပ်ကွက်ထဲမှာလည်း ကျော်စိုးအကြောင်း ပြောရင် မေမြတ်မိုးအကြောင်းက ပါလာပြီ။
မေမြတ်မိုးအကြောင်းကို ပြောရင် ကျော်စိုးအကြောင်းက ပါလာပြီ။ တချို့ရပ်ကွက်ထဲ
က သမီးရည်းစားတွေဆို ချဉ်ဖတ်က မေမြတ်မိုးကို သည်းခံတာရဲ့ တစ်ဝက်ပဲ ငါ့ကို
သည်းခံစမ်းပါလို့တောင် ပြောကြတာတဲ့။

`ငါးနှစ်ကျော်ပြီဆိုတော့ ဒီကောင် သိလောက်ပါပြီကွာ၊ ဒီကောင်ကိုကဒီကောင်မလေးရဲ့
ဝဋ်ပါလာတာနေမှာပါ´

သက်ဝင်းက ပါးကို ကုတ်ရင်း ပြောတယ်။

`ခက်တာက မေမြတ်မိုးကလည်း ရည်းစားတွေ ဘာတွေ မထားဘူးကွ။ ဒီရပ်ကွက်က
ဖြစ်ဖြစ် ဟိုဘက်ရပ်ကွက်က ဖြစ်ဖြစ်ကွာ´

`လှဦးရာ၊ သူက ကျော်စိုးကို နှံထားတာ ရပ်သိရွာသိဆိုတော့ တစ်ခါ နှစ်ခါလိုက်ရုံနဲ့
အဖြေပေးလိုက်ရင် သူ့နာမည်ပျက်သွားမှာပေါ့၊ လိုက်တဲ့ ကောင်တွေတော့ ရှိတယ်ကွ၊
မေမြတ်မိုးက သာမန်အော်တာနဲ့တင် ဟိုကောင်တွေက ကျော်စိုးလို့ သည်းမခံတော့
လစ်တာပေါ့´

`ကျောင်းမှာ ရှိချင် ရှိမှာပေါ့´

ကျွန်တော်က ဖြစ်နိုင်ချေကို ပြောတော့ အေးမင်းက ခေါင်းကို ခါသည်။

`ကျောင်းမှာလည်း မရှိဘူးလို့ ငါ့ညီက ပြောတာပဲ၊ သူ့ကို နည်းနည်းလေး ရိသဲ့သဲ့
ဆိုတာနဲ့ သူက နည်းနည်းမှ မခံဘူး ပြောတာ အော်တာပဲတဲ့´

`အင်း ... ယောက်ျားလေးတွေလိုက်ရင် အော်ရမယ်ဆိုတာ ဟိုငတိက သင်ပေး
လိုက်သလို ဖြစ်သွားတယ် ထင်တယ်´

သက်ဝင်းက မှတ်ချက်ချသည်။ ကျွန်တော် ရုတ်တရက် ခေါင်းထဲ ၀င်လာသော အတွေး
တစ်ခုကို ပြောဖြစ်သွားသည်။

`ဒီငတိနဲ့ ကောင်မလေး ညားသွားရင် မင်းတို့ သဘောတူသလား´

လှဦးက `အဟင်း´ ဆိုပြီး မဲ့ပြုံးနဲ့ ကျွန်တော့်ကို ကြည့်တယ်။ အေးမင်းက ...

`ဟေ့ကောင် မင်းက အောင်သွယ်လုပ်မလို့လား၊ မင်း မပြောနဲ့ သိကြားမင်း သင်္ကြန်မကျခင်
ဆင်းပြီး ကူညီတောင် မရဘူးမှတ်´

`ငါက အောင်သွယ်မလုပ်ပါဘူး၊ မင်းတို့ပြောတ ကြားရတာနဲ့ အခု ငါမြင်လိုက်ရတာနဲ့
ဒီကောင့်ဘက်က မခံချင်လို့ ကူညီမလို့ပါ´

`မင်းက ဘယ်လို ကူညီမှာလဲ´

(၂)
ကျွန်တော် အရင်ဆုံး ကိုယ့်လူကို ကိုယ်အရင် လေ့လာရတယ်။

ညနေခင်း ကျောင်းဖယ်ရီ ရပ်လေ့ရှိတဲ့ စိန်ကဖီးကို ကျွန်တော် တမင်သွားပြီး ဒီကောင်
ထိုင်တဲ့ဝိုင်းမှာ ၀င်ထိုင်တယ်။ ဒီငတိကလည်း ကျွန်တော် ၀င်ထိုင်တာကို ဘာမှမပြော
ပါဘူး။ လမ်းကိုပဲ ငေးနေတယ်။ ဒီကောင်က အေးမင်းညီမနဲ့မှ အတန်းအတူတူဆိုတော့
ကျွန်တော့်ထက် လေးနှစ်လောက် ငယ်ပါတယ်။

ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျောင်းကားလာတယ်။ ဒီငတိ မျက်နှာ ၀င်းသွားတာပဲ။
ကောင်မလေးက ကားပေါ်က ဆင်းတယ်။ အေးမင်းညီမရယ်၊ နောက်ကောင်မလေး
နှစ်ယောက်ရယ်နဲ့ ကားပေါ်ကဆင်းပြီး စကားတပြောပြောနဲ့ လမ်းထဲ ၀င်သွားတာပဲ။
ငတိကတော့ မျက်စေ့တဆုံး ငေးလို့။ ကျွန်တော် သူ့ကို ပြုံးပြီး ကြည့်နေလိုက်တယ်။

ကောင်မလေး လမ်းထဲဝင်သွားတော့မှ လူ့သဘာဝအတိုင်း မလုံဘဲ တစ်ခုံတည်းထိုင်
နေတဲ့ ကျွန်တော့်ကို ကြည့်တော့ ကျွန်တော့်အပြုံးနဲ့ တည့်တည့်တိုးတာပေါ့။ ငတိ
ဟိုလိုဒီလို ဖြစ်သွားတယ်။

`မင်း ကောင်မလေးကို တော်တော်ချစ်သလား ကျော်စိုး´

ကျွန်တော် အပြုံးနဲ့မေးတဲ့ မေးခွန်းကို သူ မဖြေဘဲ ကျွန်တော့်ကို တွေတွေကြီး စိုက်
ကြည့်နေတယ်။ သူ့အကြည့်က သိရဲ့သားနဲ့ အစ်ကိုရာ ဆိုတာမျိုး။

`အေးလေ.. မင်းအကြောင်းကလည်း ရပ်သိရွာသိဆိုတော့ မေးစရာတောင် မလိုတော့
ပါဘူး။ ဟိုနေ့က ကြံနဲ့ရိုက်တော့ မင်းဘယ်လို ခံစားရသလဲ´

ငတိက ခဏစဉ်းစားပြီးတော့ ခေါင်းခါတယ်။ တော်တော် စကားနည်းတဲ့ကောင်။

`မင်းကောင်မလေးကို လိုက်စကားပြောရင် ဘာတွေပြောသလဲ´
`ချစ်တယ်ပဲ ပြောတာပေါ့ဗျာ´

ငတိလေသံက နည်းနည်းမာချင်တယ်။ သူများကိစ္စကို ၀င်စပ်စုတဲ့ကောင်လို့ ...
ကျွန်တော့်ကို ထင်ပုံပဲ။ ဒီတော့မှ ကျွန်တော် လေသံကို တင်ရတယ်။

`ဟေ့ကောင် ... ငါ မင်းကို အလကား စကားရော ဖောရောလုပ်ပြီး လာစပ်စုနေတာ
မဟုတ်ဘူး။ မင်း ဒီနည်းဒီပုံနဲ့ပဲ လိုက်နေလို့ကတော့ ဒီဘ၀ မဟုတ်ဘူး၊ နောင်ဘဝ
တစ်သန်းလည်း မရဘူးကွ၊ ငါ မင်းကို ကူမလို့ မေးနေတာ´

ဒီတော့မှ ငတိ နည်းနည်းအံ့သြပြီး ကျွန်တော့်ကို ကြည့်တယ်။ သူ့ မျက်လုံးလည်း နည်းနည်းအရောင်ဖျော့သွားတယ်။

`အချစ်ဆိုတာက တစ်မျိုးကွ၊ မင်းတို့ ငါတို့ ရင်ထဲရှိတဲ့အချစ်က တစ်မျိုး၊ အဲဒီအချစ်ကို
ကိုယ်ချစ်တဲ့သူ ပြရတာက တစ်မျိုးကွ၊ ကဲ... မိန်းကလေးတစ်ယောက်က ယောက်ျား
လေးတစ်ယောက်ကို ဘာဖြစ်လို့ ချစ်လဲ သိလား´

ငတိက ကျွန်တော့်ကို ပါးစပ်အဟောင်းသားနဲ့ ငေးနေတယ်။ ဘာမှတော့ မပြောဘူး။

`ပညာအရမ်းတော်လို့၊ ဂုဏ်ရှိလို့၊ နာမည်ကြီးလို့၊ ရုပ်လှလို့ အားလုံးကို ခြုံပြောရင်
အထင်ကြီးလို့ ချစ်တာကွာ၊ တစ်ခုခုကို အားကိုးချင်လို့ ချစ်တာကွာ၊ ငါ့အမေကလည်း
ငါ့အဖေကို ဒီလိုပဲ၊ မင်းအမေကလည်း မင်းအဖေကို ဒီလိုပဲ၊ ဘယ်မိန်းကလေးမှ အထင်
မကြီးတဲ့ ယောက်ျားကို မယူဘူး´

ကျွန်တော့် စကားဆုံးတော့ ငတိက သက်ပြင်းချတယ်။ ကျွန်တော် ပြောတာကိုလည်း
သူ ငြင်းလို့မရဘူး။ သူ့မှာကလည်း ဒါတွေ ဘာတွေ မရှိဘူး မဟုတ်လား။

`မင်း စွန်လွှတ်ဖူးတယ် မဟုတ်လား´

ငတိ နည်းနည်းကြောင်သွားတယ်။ ပြီးတော့ ခေါင်းညိတ်တယ်။

`အေး... အချစ်က စွန်လွှတ်တာနဲ့ နည်းနည်းတူတယ်ကွ၊ ပထမဦးဆုံး လေကြောင်း
ဘယ်ကိုတိုက်သလဲဆိုတာ သိရတယ်၊ အဲဒီလေကြောင်း တိုက်တဲ့ဘက်မှာ ကိုယ့်စွန်ငြိ
နိုင်မယ့် ဓာတ်တိုင်တို့၊ သစ်ပင်တို့ရှိလား သိရ ကြည့်ရတယ်´

ငတိက ဘာတွေလာပြောနေတာလဲဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကို ကြည့်တယ်။

`ကဲ... ကွင်းထဲမှာ လွှတ်တယ်ဆိုကြစို့ကွာ၊ မင်းစွန်ကို မင်းလျှော့လွန်းအားကြီးရင် စွန်က
မင်းနဲ့ ဝေးသွားလိမ့်မယ်။ ပိုလျှော့လေ ပိုဝေးလေပဲ၊ ပိုလျှော့လေ စွန်က အမြင့်ကိုရောက်
လေ၊ လေက ကြမ်းတော့ ထိန်းမရလေဘဲ၊ အေ... ရစ်လွန်းအားကြီးတော့လည်း မင်းစွန်က
ကောင်းကင်မှာ မရှိတော့ဘဲ အောက်ပြန်ရောက်လာမှာပေါ့၊ စွန်လွှတ်တယ်ဆိုတာက
စွန်က ကိုယ်မြင်ရတဲ့ နေရာမှာ ဟိုဘက်ဝဲလိုက်၊ ဒီဘက် တိမ်းလိုက်၊ ချလပတ်လည်
လိုက်၊ စိုက်ကျသွားလိုက်၊ ပြန်ထောင်တက်လာလိုက်မှ အရသာရှိတာ မဟုတ်လား´

ငတိက ခေါင်းကို သုံးလေးခါ ညိတ်တယ်။

`ပြီးတော့ ကိုယ်လွှတ်တင်ထားတဲ့ ကိုယ့်စွန်အကြောင်းကိုလည်း သိထားရတယ်၊
စွန်က ညာဘက် ဘက်လိုက်နေသလား၊ ဘယ်ဘက် ဘက်လိုက်နေသလား၊ ခေါင်း
ကြိုးတင်းနေသလား၊ ဒါမှ မင်းကောင်းကောင်း ထိန်းနိုင်မှာပေါ့၊ ကဲ ... အခု မင်းက
ငါးနှစ်ကျော်ကျော် အလျှော့ပေးပြီးပြီဆိုတော့ မင်းစွန်က မင်းနဲ့ တော်တော်ဝေးနေပြီ´

ဥပမာကလေးနဲ့ ဘာနဲ့ဆိုတော့ ငတိ ခေါင်းကို ခပ်သွက်သွက် ညိတ်လာတယ်။

`ကဲ ... မင်း သူ့အကြောင်း ဘယ်လောက် သိသလဲ´
`ငယ်ပေါင်းပဲ အစ်ကိုရာ၊ သူငယ်တန်းကတည်းက အတူတူနေလာတာ´

ကျွန်တော် မဲ့ပြီး ခေါင်းကို ခါရတယ်။ ဆေးပေါ့လိပ်ကို မီးညှိတယ်။

`မလုံလောက်ဘူးကွ၊ မေမြတ်မိုးဦးက ဘာကိုကြိုက်တယ်၊ ဘယ်လိုလူမျိုးကို
လေးစားတယ်၊ ဘယ်လိုဝါသနာဗီဇရှိတယ်၊ ဘာကို အထင်ကြီးတယ်၊ သူ ရည်းစား
ထားရင် ဘယ်လိုလူမျိုးကို ထားချင်တယ်၊ ဘယ်လို ကိစ္စတွေကို မုန်းတယ်၊ ဘာကို
ကြောက်တတ်တယ် စတဲ့ ခံစားချက်တွေကို မင်းသိထားကို သိထားရမယ်´

`ဒါ ... ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ အစ်ကို´

ကျွန်တော့် စကားကို ခဏရပ်ထားလိုက်တယ်။ တမင်တကာ ရပ်တာပါ။ ပြီးတော့
သူ့မျက်နှာကို စေ့စေ့ကြည့်တယ်။ သူ့ဆီမှာ ကျွန်တော့်ကို အားကိုးချင်တဲ့စိတ်၊
ယုံကြည်တဲ့စိတ်ကို တွေ့ရတော့မှ ကျွန်တော် စကားစတယ်။ ဒါ ကျွန်တော့်အတွက်
တော်တော် အရေးကြီးပါတယ်။

`မင်းစွန်ကို မင်း ပြန်ရစ်ရမယ်´
`ဗျာ...´
`အေး ... ငါးနှစ်ကျော်ကျော် မင်းအလျှော့ပေးထားတဲ့ မင်းနဲ့အဝေးကြီးကို ရောက်နေ
တဲ့ စွန်ကို မင်းနဲ့နီးအောင် ပြန်ရစ်ပစ်ရမယ်´
`ဘယ်လို ရစ်ရမှာလဲ အစ်ကို´
`အေး ... ငါ အစီအစဉ်တွေကို မစခင်မှာ မင်းနဲ့ငါနဲ့ ကတိတစ်ခုတော့ ထားရလိမ့်မယ်။
အဲဒီကတိက ဘာလဲဆိုတော့ မင်းက ငါပြောတဲ့ စကားကို ငါခိုင်းတာကို တိတိကျကျ
လုပ်ရမယ်၊ ငါ မခိုင်းဘဲ မင်းသဘောနဲ့ မင်း ဘာမှ လျှောက်မလုပ်ရဘူး၊ အေး... လုပ်ချင်
တာရှိရင်လည်း မင်းငါ့ကို တိုင်ပင်ရမယ်၊ ငါပြောတဲ့အတိုင်းသာနေ၊ တစ်လ နှစ်လအတွင်း
မင်း မေမြတ်မိုးကို ရစေရမယ်´

ငတိ ပါးစပ်ကြီး ပြဲသွားတယ်။

ဟုတ်တယ်လေ။ သူ ငါးနှစ်ကျော်လိုက်တာ အနားတောင် ကပ်လို့မရတဲ့ ကောင်မလေးကို
ကျွန်တော်က နှစ်လဆိုတော့ ဒီငတိ ပါးစပ်ပြဲတာပေါ့။ ပြီးတာ့ ငြိမ်ပြီး စဉ်းစားတယ်။

`ကျွန်တော်က ဘာလုပ်ရမှာလဲ အစ်ကို´
`မင်း ပင်ပင်ပန်းပန်း ဘာမှလုပ်စရာမလိုဘူး၊ ငါခိုင်းတာလုပ်၊ ငါပြောသလိုနေရုံပဲ၊ မင်းလုပ်
ချင်တာရှိရင်လည်း ငါ့ကို အသိပေးရမယ်၊ ဒါပဲ´
`ဒါတော့ ရတယ် အစ်ကိုရာ´
`အေး... ယောကျာ်းဆိုတာ ကတိပေးပြီးရင် ကတိတည်ရတယ်နော် ကျော်စိုး´

ငတိက ခေါင်းကို အံကြိတ်ပြီး ညိတ်တယ်။

`မင်းမှာ ငါ ခုနက ပြောတဲ့ မိန်းကလေးတစ်ယောက် အထင်ကြီးလောက်တဲ့ အချက်တွေ
မရှိဘူး၊ ဒါပေမယ့် ရိုးဂုဏ်ရှိတယ်၊ အဲဒါကြောင့် ကူညီတာ´
`ကျွန်တော့်စွန်ကို ပြန်ရစ်ရမယ်ဆိုတာရော အစ်ကို´
`အေး.. အဲဒါ ပထမဦးဆုံးအနေနဲ့ အရေးကြီးတယ်၊ ငါပြောတဲ့အတိုင်း မင်း မလုပ်နိုင်ဘူး
ဆိုရင် မင်းနဲ့ငါ ကိစ္စက ပြီးပြီ´
`လုပ်ပါ့မယ်အစ်ကို၊ ပြောသာပြောပါ´
`ဟုတ်ပြီ၊ မင်းကို ငါ ယုံပါတယ်၊ မင်းအခု မနက် ကောင်မလေးကျောင်းအတက်ကို ဒီဆိုင်
က လာကြည့်တယ်၊ ညနေ ကျောင်းအပြန်လည်း ဒီလိုပဲ၊ ပြီးတော့ ညဘက်ကျရင်
စိုးလွင်လွင်သီချင်းကို ကိုးနာရီမှာ အိမ်ရှေ့က ဖြတ်ဆိုတယ်´

ငတိက ခေါင်းကို ခပ်သွက်သွက် ညိတ်ပါတယ်။

`အေး... အဲဒီသုံးခုထဲက တစ်ခုကို လုံးဝမ မလုပ်ဘဲနေရမယ်၊ ဘာမလုပ်နဲ့တော့
ဆိုတာတော့ ငါ မပြောချင်ဘူး၊ မင်းဘာသာရွေး´

ငတိ မျက်မှောင်ကျုံ့ပြီး စဉ်းစားတယ်၊ ဘာသဘောလဲပေါ့လေ။ ပြီးတော့ ....
ဘာမှမရှိတော့တဲ့ လက်ဖက်ရည်ပန်းကန်ကို ယောင်ပြီး သောက်တယ်။

`မင်း နေ့တိုင်း ဒီအချိန်ဆို လက်ဖက်ရည် သောက်တယ်ကွာ၊ မသောက်ရဘူး
ဆိုရင် အဲဒီအချိန်ရောက်ရင် လက်ဖက်ရည်ကို သတိမရဘူးလား´

ငတိ နည်းနည်း သဘောပေါက်သွားဟန်တူသည်။

`ဒါဆို ညဘက် သီချင်းဆိုတာကို လျှော့မယ် အစ်ကိုရာ၊ အဲဒါက သူ့ကို မြင်ရတာ
လည်း မဟုတ်ဘူး၊ သူ ကြားမကြားလည်း မသေချာဘူး´
`ကောင်းပြီ၊ ဒါဆို ဒီနေ့ကစပြီး မဆိုနဲ့တော့´
`ဘယ်တော့မှ မဆိုရတော့ဘူးလား အစ်ကို´
`ငါ ပြောပြီးပြီပဲ၊ ရစ်စရာရှိရင် ရစ်မယ်၊ လျှော့စရာရှိရင် လျှော့ရမယ်လို့၊ အချိန်တစ်ခု
အထိပေါ့ကွာ´
`စိတ်ချအစ်ကို၊ ကျွန်တော် ဒီနေ့ည လုံးဝကို မသွားဘူး´
`နောက် အရေးအကြီးဆုံးကိစ္စက မင်းနဲ့ငါ တိုင်ပင်တဲ့ကိစ္စကို ဘယ်သူမှ မသိစေနဲ့၊
...အဲဒါ အရေးအကြီးဆုံးပဲ´
`စိတ်ချပါ အစ်ကို၊ စိတ်ချပါ´

ကျွန်တော် လက်ဖက်ရည်ဆိုင်က ပြန်လာတော့ တော်တော်ရင်လေးလာတယ်။
ကျွန်တော့်ငတိက စိုင်းထီးဆိုင် သီချင်းထဲကလို `ကိုယ်ကတော့ ချစ်တာ တစ်ခု
တည်းသိတယ်´ ဆိုတဲ့ ကောင်မျိုး။

ကိုယ်က ကတိပေးပြီးပြီ။ အေးမင်းတို့၊ လှဦးတို့နဲ့လည်း စိန်ခေါ်ပြီးနေပြီ။ ကျွန်တော့်
မှာကလည်း ဘာအစီအစဉ်မှ မယ်မယ်ရရ ရှိသေးတာ မဟုတ်ဘူး။ နောက်နေ့ကစပြီး
မေမြတ်မိုးဦးကို လေ့လာရတော့မယ်။ အဲဒါ အရေးအကြီးဆုံးပဲ။
နီကိုရဲ

(ဆက်ပါဦးမည်။)


စိတ္တဇတေးသွား

Wednesday, March 11, 2009

မနေ့က..ရန်ကုန်ကနေသတင်းတစ်ခုဝင်လာတယ်။စာအုပ်ထွက်ပြီတဲ့။ အဲဒါနဲ့လိုင်းပေါ်မှာ
ရှိနေတဲ့ညီမလေး မိုးနေ ကိုစာအုပ်ဝယ်ခိုင်းပြီး(ပေးလည်းမပေးဘူးနော်..:D)စာပါရိုက်ခိုင်း
လိုက်သေးတယ်။သူဒီနေ့ ကိုတာရာမင်းဝေရဲ့စာမူကိုရိုက်ပေးလာတယ်။အတော်ပါပဲ။ဝါအ
ရစဉ်စဉ် အသက်အရစဉ်စဉ် သူကအကြီးဆုံးကိုး..။ကိုရဲထက် ၂လလောက်ကြီးပါတယ်။..
သူ့စာမူအသစ်စက်စက် နောက်ဆုံးလက်ရာလို့လည်းပြောလို့ရပါတယ်။အဝေးရောက်နေ
တဲ့ သူ့စာကိုတကယ်ခံစားနားလည်နိုင်တဲ့ သူတွေအတွက်ပါ။မဟုတ်လို့ကတော့ ဒီလိုတင်
လိုက်တာ အန္တရယ်များပါတယ်။ကျွန်မတို့စာအုပ်တွေကို အခမဲ့မျှဝေပေးနေတာကအဆင်
ပြေပါတယ်။တချို့ကျတော့မျှဝေတာမဟုတ်ပဲ အခကြေးငွေနဲ့ရောင်းနေကြတာပါ။အဲလိုလူ
တွေက ဒီစာမူတွေကိုအသာလေးကောက်စားသွားရုံပါပဲ။အဲဒါကြောင့်ပါ။ပြောပြန်ရင်လည်း
မစားစေချင်ရင်နဂိုတည်းကမတင်နဲ့ဆိုတဲ့စကားပဲကြားရဦးမယ်လေ...
အနုပညာ တွေအများကြီးဆက်လုပ်စရာကျန်သေးတဲ့ သူတစ်ယောက်ရဲ့..နောက်ဆုံးလက်
ရာကိုလေးစားတဲ့အနေနဲ့ အဲလိုတော့မလုပ်လောက်ဘူးလို့မျှော်လင့်ရင်း....

စိတ္တဇတေးသွား

(၁)
သီးသန့်ဆန်သော ဤမြို့တော်ကလေးဆီသို့ သူ ရောက်လာခဲ့သည်မှာ ရှစ်လခန့်ရှိခဲ့ပါပြီ။ ဤမြို့တော်ကလေးတွင် သူ့အတွက် အသိအကျွမ်းမရှိပါ။ ယခင်ကလည်း ရောက်ခဲ့ဖူးခြင်း
မရှိပါ။ ယခုမှ ဘ၀အခြေအနေ အလှည့်အပြောင်းတစ်ခုကြောင့် တေလေ၀ိညာဉ်ဝင်စားကာ လွင့်မျောရောက်ရှိလာရခြင်း ဖြစ်သည်။

(၂)
ပင်ကိုအားဖြင့် တိတ်ဆိတ်စွာ နေထိုင်တတ်သူ တစ်ယောက်ဖြစ်၍ ဤမြို့တော်ကလေးမှ
သူ့အနေအထိုင်သည် ဒေသခံများနှင့် ကွဲပြားပဲ့ထွက်ကာ သီးသန့်ဆန်လွန်းလှပါသည်။
အခန်းထဲမှ အခန်းပြင်သို့ပင် ထွက်ခဲသော၊ ညဥ့်သန်းခေါင်ယံ အချိန်ကျမှ ၀ရန်တာသို့
ထွက်ပြီး ကြယ်တွေကို ကြည့်ငေးနေတတ်သော၊ ရံဖန်ရံခါတွင် တစ်ယောက်တည်း ...
စကားပြောနေတတ်သော သူ့ကို အခြားအခန်းမှ လူအပေါင်းက တအံ့တသြရှိကြ၏။ နားလည်ရခက်သည်နှင့်အမျှ ယဉ်ယဉ်လေး ရူးနေသူတစ်ဦးပမာ သူ့ကို အကဲခတ်ရင်း
ခေါင်းကို ခပ်လေးလေး ယမ်းခါကြ၏။

(၃)
သူက ကဗျာဆရာတစ်ဦးမျှသာ ဖြစ်ပါသည်။ သို့သော ပင်နီတိုက်ပုံဝတ်ပြီး ဆံပင်ညှင်း
သိုးသိုးနှင့် ဆေးလိပ်မီးခိုးစော် နံနေတတ်သော ကဗျာဆရာမျိုးလည်း မဟုတ်ပါ။သာမန်
လူငယ်တစ်ဦး၏ ဆင်ယင်နေထိုင်မှုမျိုးနှင့်သာဘ၀ကို သူဖြတ်သန်းပါသည်။ မချမ်းသာ
သည့်တိုင်အောင် မတောင့်မတ၊ မကြောင့်မကြ သူ ရပ်တည်၍ ရပါသည်။ ကြေကွဲဖွယ်
ရာ ကာလအချို့ကတော့ မောက်မောက်မို့မို့ ရှိခဲ့ဖူးသည်ပေါ့လေ။

(၄)
ယခု ...
ရင်ထဲမှာ အမြစ်တွယ်လာသည့် ( x x x ) ပရိဒေ၀သစ်ပင်ကို ခုတ်ထွင်ရန် ကြိုးစားရင်း ပင့်သက်လောင်မီးတွေကြားမှာ သူပျင်းရိနေပါသည်။ ထိုသို့ဖြစ်ပင် ကဗျာတွေ၊ စာတွေ
ကြားမှာသူ့ကိုယ်သူ မြှုပ်နှံထားရပါသည်။တစ်ခါတစ်ခါတော့လည်း(မင်ရည်ကျဲကျဲဖြင့်ပင်)
စာတိုပေစတို့ကို ဟိုဟိုသည်သည် ရေးချတတ်၏။
ဝ .... ထ ... က ... လ ... သ
က ... ကညစ် .... ပေမှာခြစ်
ခ ... ခရာ ... အသံသာ
ဂ ... ဂဏန်း ... ရေမှာဖန်း
.... စသည်ဖြင့်

(၅)
ညတွေ ညတွေမှာ သူက အအိပ်အနေ နည်းလွန်းလှပါသည်။ ထူးဆန်းသော ညအချို့
ကို သူ ကြုံကြိုက်ရ၏။ တစ်ည ...သန်းခေါင်ယံ လွန်ရုံမျှသာ ရှိပါဦးမည်။
(လျှပ်စစ်မီးများ ပြတ်တောက်နေသည်။)
`၀ူး ... ၀ူး ... ´
ခွေးအူအံများကို ကြားရ၏။ ထိုခွေးအူသံများက ဝေးရာမှ နီးလာသည်။ ထို့အတူ
သူ့အခန်းဆီသို့ တက်လာသော ခြေသံဖွဖွကို ကြားရသည်။ သူ တွေဝေသွားမိသည်။
ခြေသံက သူ့အခန်းတံခါးရှေ့တွင် ရပ်၏။
`ဒေါက် ... ဒေါက် ... ´
သူ့အခန်းတံခါးကို ခေါက်ခြင်းဖြစ်သည်။ မည်သူလဲ၊ မည်သည့်ကိစ္စလည်း ဝေခွဲ၍မရ
သည်နှင့်အမျှ သင်္ကာမကင်းလည်း ဖြစ်ရ၏။ တံခါးကို သူ ဖွင့်မပေးပါ။တစ်ဖက်မှလည်း
တံခါးကို ခပ်ပြင်းပြင်းခေါက်နေဆဲ ...
`ဒေါက် ... ဒေါက် ... ဒေါက် ... ´
သူ့ဖက်မှ ဘာတုန့်ပြန်မှုကိုမှ မပေးသည့်အဆုံး`အူး ... ဟူး´ ဟူသည့် ကြောက်မက်ဖွယ်
ရာ ညည်းတွားသံကြီးနှင့်အတူ ခြေသံက အောက်ပြန်ဆင်းသွားသည်။ ခွေးအူသံများ ... ၊
ထိုခွေးအူသံများလည်း နီးရာမှ တဖြည်းဖြည်း ဝေးသွားတော့၏။

(၆)
နောက်ညမှာ ...
ပို၍ ဆိုးလာပါတော့သည်။ သန်းခေါင်ယံလွန်ချိန် ခွေးအူသံများ၊ သူ့အခန်းဆီ တက်လာ
သော ခြေသံဖွဖွ၊ ထိုသည်တို့နှင့်အတူ တံခါးခေါက်သံများ ...
`ဒေါက် ... ဒေါက် ... ဒေါက် ... ´
ခပ်လျော့လျော့ အနေအထားဖြင့် အခန်းထဲမှ ရပ်တန့်နားစွင့်ရင်း တံခါးကိုတော့ သူ
ပိတ်မြဲပိတ်ထားဆဲ။ တစ်ဖက်မှလည်း ပို၍ ပြင်းထန်လာသည်။ သုံးကြိမ်သုံးခါလာသည်။
သူ မည်သို့မှ မတုန့်ပြန်ပါ။ သုံးကြိမ်စလုံး ငြိမ်သက်တိတ်ဆိတ်စွာ ...
(၀)၃
အနှောင့်အယှက်ဖြစ်လာသလို ခံစားရ၍ နောက်နေ့မနက်မှာ လုံခြုံစခန်းကို သူ ဖုန်းဆက် တိုင်ကြားရပါတော့သည်။ လုံခြုံရေးဝန်ထမ်းများက လေးလေးနက်နက် နားထောင်ကြ၏။
ထို့နောက် စုံစမ်းမှုများ ပြုလုပ်ကာ သူ့ထံသို့ အကြောင်းပြန်လာသည်။
အရပ်မြင့်မြင့် လူတစ်ယောက်လို့ သိရပါသည်။ ဘယ်ဖက်လက်မှာ လက်အိတ်အဖြူ စွပ်
်ထားတယ်။ ဘယ်ကလာတဲ့လူလည်း မသိဘူး။ ကျွန်တော်တို့ စောင့်ကြည့်ပေးပါ့မယ်။

(၇)
သို့သော်လည်း နောက်ညတွေမှာ အခြေအနေက ထူးခြားမလာပါ။ သမရိုးကျဆန်စွာ ...
ကုန်လွန်ခဲ့၏။ ထို့ကြောင့် စောင့်ကြပ်ကြည့်ရှုသော ၀န်ထမ်းများကပင်လျှင် ဤကိစ္စ
အပေါ်တွင် လျော့ရဲစပြုလာပြီ။
ထိုအခါကျမှ တစ်ညမှာ ...
`၀ူး ... ၀ူး ... ´
သန်းခေါင်လွန်အချိန်မှာ ခွေးအူသံတွေကို စကြားရပြီ။ သူ့စိတ်ထဲမှာလည်း အလိုလ
ို သိလိုက်သည်။ သူ့အခန်းဆီ တက်လာသော ခြေသံနှင့် ....သူ့အခန်းတံခါးကို .......
ခေါက်သံ ကြားရဦးတော့မည်။ (သူက အေမီလိုဝဲလ်၏ ကဗျာများကို သရုပ်ခွဲ လေ့လာ
နေချိန်ဖြစ်၏။)
`ဒေါက် ... ဒေါက် ... ဒေါက် ...´
ဤတစ်ကြိမ်တွင်တော့ တုန့်ပြန်မှုကို သူ ပေးပါသည်။
`ဘယ်သူလဲ´
`ကျူပ်´
`ဘယ်က ကျုပ်လဲ´
`မင်းကို သတ်မယ့်လူ´
`အိုကေ ... ကိုယ်ကလည်း သေချင်တောနဲ့ အတော်ပဲ၊ ကောင်းပြီလေ၊ အထဲကိုကြွပါ´
သူ တံခါးကို ဖွင့်ပေးလိုက်ပါသည်။ အခန်းထဲသို့ လူတစ်ယောက်က သေမင်းပမာ ၀င်
်ရောက်လာ၏။ ဘယ်ဘက်လက်မှာ လက်အိတ်အဖြူကို စွပ်ထားသည်။
ထိုလူက သူ့ကို ...
`ခင်ဗျားနဲ့ ကျုပ်ကြားမှာ ပြောစရာစကား မရှိတော့ပါဘူးနော်။ ခင်ဗျားက သေချင်တယ်၊
ကျုပ်က သတ်တယ်၊ ဒါပဲပေါ့´
ထို့နောက် ထိုလူက လက်အမြှောက် ဓားရောင်က ၀င်းခနဲ တောက်သွားသည်။
`အား ...´
ထိုလူ လဲကျသွား၏။ သူ့နောက်မှာက လုံခြုံရေး ၀န်ထမ်းတစ်ယောက်။

(၈)
ထို့လူကို စစ်ဆေးမေးမြန်းကြတော့ အနားမှာ သူရှိနေပါသည်။ လုံခြုံရေးဝန်ထမ်းများက ထိုလူ့ကို ...
`မင်းနဲ့ သူနဲ့ ရန်ငြှိုးရှိလို့လား´
`မရှိဘူး၊ လူချင်းတောင် မသိဘူး´
`ဒါဖြင့် သူ့ကို သတ်ဖို့ မင်းကို တစ်ယောက်ယောက်က ခိုင်းလိုက်တာလား´
`မဟုတ်ဘူး၊ ကိုယ့်ဖာသာကိုယ် သတ်ချင်လို့ကို သတ်မှာ´
`ရှင်းအောင်ပြော၊ ဘာကြောင့်လဲ´
`ကျုပ်မှာ အရမ်းချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်´
`ဖြစ်နိုင်ပါတယ်၊ ဆက်ပြော´
`ကျုပ်ကသာ သူ့ကို အရမ်းချစ်ရတာ၊ သူကတော့ ဒီကဗျာဆရာကို အရမ်းချစ်နေတယ်´
ထိုမိန်းကလေး၏ အမည်ကိုလည်း ပြောပြ၏။ သူကကျတော့လည်း ထိုမိန်းကလေးကို ...
အမည်ပင်မကြားဘူးပါ။ သူ့ကဗျာများမှတစ်ဆင့် သူ့ကို တွယ်တာခြင်း ဖြစ်နိုင်ပါသည်။
`ဒီကဗျာဆရာသေရင် သူလည်း လိုက်သေမယ်တဲ့၊ အဲဒါကြောင့် ဒီကဗျာဆရာကို သတ်ဖို့ ကျုပ်ကြိုးစားရတာပေါ့´
`ဟင် ... သူသေရင် မင်းကောင်မလေးကပါ လိုက်သေသွားမှာပေါ့´
`ဟုတ်တယ်၊ ကျုပ်ကလည်း အဲဒီလို ဖြစ်စေချင်တာ´

(၉)
`ဘာသဘောလဲ´
သူက မည်သို့မှ မခံစားရသော်လည်း လုံခြုံရေးဝန်ထမ်းများက တအံ့တသြ ဖြစ်ကြ၏။
ထိုလူက ဘီလူးတစ်ကောင်ပမာ ပြုံးပြီး သွားကြိတ်သံနှင့် ဖြေ၏။
ဓားတစ်ချက်တည်းနဲ့ နှလုံးသားနှစ်ခုကို ထိုးခွဲသတ်ဖြတ်ပစ်နိုင်တာ `ရသ´ ပေါ့ဗျာ။ ဘာ
ကိုမှ မရနိုင်တော့တဲ့ ကျွန်တော့်အတွက် ရသမြောက် ဓားချက်ကိုတော့ ယူသွားချင်လို့ပါ။
စကားအဆုံးမှာ ဖြိုးဖြိုးဖျစ်ဖျစ်မြည်အောင် ထိုလူပြုံး၏။ ထိုလူ့မျက်လုံးများက ဓားဦးဖျားမှ
ဖြာထွက်လာသော စိန်ပွင့်များပမာ ...
တောက်စားတုန်ခါလျက် ရှိလေသည်။

တာရာမင်းဝေ


ဖြစ်တည်ဆဲပုံပြင်ဟောင်း

Tuesday, March 10, 2009

ဖြစ်တည်ဆဲပုံပြင်ဟောင်း
အလင်းတွေနဲ့မြို့တည်ခဲ့သူဟာ... သက်တံ သူပုန်ဖြစ်တယ်...
အမှောင်ကတော့ ခန့်ထည်နက်ရှိုင်း... သမိုင်းလည်းကြီးလေရဲ့။
အပျင်းပြေသီချင်းတစ်ပုဒ်ရဲ့လှောင်ရယ်သံနဲ့ ခပ်ဆင်ဆင်တူတဲ့ဂီတဟာ
ပြိုကျသွားခဲ့ရတဲ့... ငါ့အလင်းမြို့ကလေးရဲ့ ငိုညည်းသံဖြစ်တယ်... ။
တကယ်ဆို...
တောင်ခိုးတွေက...
မှိုင်းညိုအုံ့ဖွဲ့
နေခဲ့သင့်တာပေါ့... ။
မာယာဆိုတာကတော့ ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးလိုပဲ...
ချိုတော့ ချိုပါရဲ့... ဒါပေမယ့်... ဟမ်းမလော့ပန်းဖြူတွေလိုပဲ...။
သိရဲ့လား...
ဘုရားသခင်ကကော ဗြဟ္မာကြီးလေးဦးကကော မဖန်ဆင်းခဲ့တဲ့...
လူ့အန္ဓတွေ
မီးတောင်ပေါက်ကွဲသလို ဒရဟောသွန်းကျဲပေါက်ကျလာကြ...
ကောင်းကင်မှာ ပန်းမပွင့်တော့တာ ဆန်းသလား... ။
ဗျာဒိတ်တော်တွေ စွန်းပေငြိမ်းအေးနေတဲ့ညက...
ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။ ။


မနော်ဟရီ - မီးပြတိုက်အလွန် ကဗျာများ
ဟန်သစ်၊ အမှတ်စဉ် - ၁၀၀။