မြေပုံအတုထဲကမြို့

Tuesday, December 2, 2008

မြေပုံအတုထဲကမြို့

(၁)
ကျွန်မရဲ့ကောက်ရိုးမီးလေးကတော့ငြိမ်းသွားခဲ့ပါပြီ။အငွေ့တလူလူတောင်မကျန်တာကတော့
ရင်နင့်စရာကောင်းလေရဲ့။ကမ်းပါးအနားသပ်မရှိတဲ့ညနေခင်းတွေကတော့ ခပ်တည်တည်နဲ့
ကျွန်မကိုကောင်းကင်ဆန်ပြနေကြတယ်။ ဒဏ္ဍာရီတွေကိုအိပ်ရာဝင်တိုင်းကြားနေကျ ကလေး
တစ်ယောက်အတွက်တော့ တော်ရုံဇာတ်ကွက်ဟာပျင်းစရာကောင်းနေလိမ့်မယ်။ ရေအေးတစ်
ခွက်နဲ့ပြာပုံလေးကိုဖျန်းပက်ပြီးတဲ့အချိန်မှာ ကျွန်မဟာ တော်တော်ကြီးကိုသမ်းဝေငြီးငွေ့နေမိ
ပြီ။

(၂)
ပန်းနုရောင်အလောင်းအစားတစ်ခုကိုစိမ်ခေါ်ပြီးတဲ့အချိန်မှာ ကျွန်မဟာ ဒါဏ်ရာတစ်ချို့ကိုလျှာ
နဲ့ဖြည်းဖြည်းချင်းလျက်နေတတ်တဲ့ ကြောင်တစ်ကောင်နဲ့ခပ်ဆင်ဆင်တူနေတယ်။ အဲဒီ နလပိန်တုံး(အထူအပါးမညီတာ)ကြီးတွေဘယ်လိုများရှင်သန်ကြီးထွားပေါက်ရောက်လာကြ
တာလဲ…။ဒါကရောဘုရားသခင်ရဲ့အလိုတော်ပဲလား။နေကြပါဦး ။ခဏလေးနေကြပါဦး။နောက်
ကျောကဓားတစ်ချို့ကိုလက်ဆောင်ပေးလိုက်ချင်လို့ပါ။ ကျွန်မ မဟော်သဓ ဇာတ်တော်ထဲက
ပုဏ္ဏားလို မှန်ကြည့်တိုင်းသေပြီးရင်သေမနေချင်ပါဘူး။

(၃)
ရေတွေကတော့စီးသွားခဲ့ပြီ။ဘယ်တော့များမှရေသာအလှည့်ရောက်မှာတဲ့လဲ။ပန်းတွေအ
ကြောင်းပြောရတာကတော့နွမ်းဖတ်လွယ်ပါတယ်။ တကယ်ဆိုအနာဂတ်တွေကိုပြပွဲတင်
သွင်း ဈေးပြိုင်ခေါ်ပြီးရောင်းချပစ်ဖို့ကောင်းတာ။အခုတော့ကျွန်မက ပစ္စုပ္ပန်တစ်ခုတည်းနဲ့
ယောက်ယက်ခတ်နေပုံက ကျောက်ချမထားတဲ့တိမ်တွေလိုပါပဲ။ တကယ်ပါကွယ်။ cupid
တစ်ကောင်ရဲ့လက်မငြိမ်မှုတွေက အတော့်ကိုဒုက္ခပေးတတ်ပါတယ်။

(၄)
ဒလိမ့်ကောက်ကွေး၊အထွေးထွေးအယိုင်ယိုင် ပြိုကျလာတဲ့အောင်ပွဲရတံပိုးသံတွေ၊၀ရုန်းသုန်း
ကားလိမ့်ဆင်းလာနေကြတယ်။ ကျွန်မရယ်မောလိုက်ရတော့မလား။သေချာတာကတော့
တံတားတစ်စင်းမှမရှိတဲ့ပင်လယ်ပြင်လို ကျွန်မလှိုင်းထန်ပစ်လိုက်ချင်တယ်။ ဘယ်တော့များ
မှကံကြမ္မာက ကျွန်မကိုမျက်နှာသာပေးမှာတဲ့လဲ။ နာရီလက်တံတွေထဲမှာသေဆုံးနေခဲ့တဲ့
ကျွန်မဟာအနာဂတ်ကိုနာနာကျင်ကျင်ဖဲ့ထုတ်နေခဲ့မိတယ်။

(၅)
အမှောင်တွေကတော့တိတိပပကိုတောက်ပလာခဲ့ပြီ။ ဒါဟာကျွန်မရဲ့မနက်ဖြန်ဆိုရင်ပိုးစုန်းကြူး
တစ်ကောင်လောက်တော့ အဖော်ရသင့်တာပေါ့။ ဘယ်လိုကံကြမ္မာကများဖျားယောင်းထားခဲ့
လို့ ခဏခဏမှားယွင်းနေခဲ့ရတာလဲလို့မေးရင်၊ ဖြေစရာတောင်ရှိမှာမဟုတ်ဘူး။
တကယ်တော့သူရဲကောင်းတွေရဲ့ ကျဆုံးမှုဟာသူတို့ရဲ့“မာန”တွေနဲ့ပဲ တိုက်ရိုက်ပတ်သက်နေ
ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ်။အဲဒီမာနတွေဟာဖန်တရာထေနေတဲ့ ဇာတ်ညွှန်းတွေထဲက
ကျောရိုးမဲ့မာနတွေနဲ့တော့ ခြားနားမှုရှိတာသေချာပါတယ်။

(၆)
တောင်ရိုးငွေ့ငွေ့အလင်းကွေ့ကွေ့တွေနဲ့ဖြတ်သန်းတည်ဆောက်ထားခဲ့တဲ့ကျွန်မရဲ့“ခံစစ်တံတိုင်း”လေးဟာ ဘယ်အချိန်အတိုင်းအတာထိများခံနိုင်ရည်ရှိမှာတဲ့လဲ။ “စိတ်”စစ်ပွဲများစွာကို
တစ်ယောက်တည်းမျက်ရည်တ၀ဲဝဲနဲ့တိုက်ရင်း “ခံနိုင်ရည်ရှိသေးရဲ့လား”လို့ကိုယ့်ကိုယ်ကိုလှမ်း
မေးရတာကလည်းမသတီစရာကောင်းပါတယ်။ ကျွန်မသဘောမတူပဲကျွန်မဆီတရွေ့ရွေ့လာ
ပြီး ဖြတ်သန်းတိုက်ခတ်သွားတဲ့အချိန်တွေကိုပဲစိတ်ပျက်လက်ပျက်ထိုင်ကြည့်နေရတော့တယ်။

(၇)
“ရိုးသားမှု”ဆိုတာဘာမှန်းမသိဘဲ“ရိုးသားချင်ယောင်ဆောင်”ပြီးကျွန်မဆီကရိုးသားမှုတွေကို
ဖောက်ယူသွားတဲ့ပုံပြင်ထဲကမြေခွေးတစ်ကောင်းဘယ်ရီသီးတွေကိုအားရပါးရစားနေတာမြင်
တော့ ကျွန်မပုံပြင်တွေကိုအန်ချလိုက်တယ်။ စပျစ်သီးတွေကချဉ်တာကိုး။ သူခိုးတွေနဲ့မပေါင်း
နဲ့လို့ အလီဘာဘာက ကျွန်မကိုခပ်တိုးတိုးလေး အကြိမ် ၄၀တိတိမှာတယ်။ ကောင်းကင်မှာ
နက္ခတ်တွေမစုံတော့တာကတော့ သူတို့နဲ့ဘာမှမဆိုင်ပါဘူး။ ကျွန်မသက်သေရှိပါတယ်။

(၈)

အဝေးဆီက ကျွန်မ မပိုင်ဆိုင်တဲ့ကျွန်မရဲ့အနာဂတ်များနဲ့ကျွန်မပိုင်ဆိုင်ရမယ့်ကျွန်မရဲ့ကံကြမ္မာ
များ၏“စီးချင်းထိုး”သံသဲ့သဲ့ကိုကြားနေရ။
ဘယ်သူဟာ ကျွန်မကိုပိုင်ဆိုင်သွားမလဲ…?????
တော်လဲသံတွေရဲ့ဂီတဟာ တစ်ခါတစ်ခါကျ ရင်ထိတ်စရာသိပ်မကောင်းပြန်ပါဘူး။ အသားကျ
နေသူတစ်ယောက်အတွက်ကန်းဆွံ့ထားလိုက်ရသောအာရုံများ ၊ဥပက္ခာတရားဆိုတာ တစ်ခါ
တစ်ခါတော့ချိုပါတယ်။
မချိုနိုင်တာကတော့စီးချင်းတိုက်ပွဲရဲ့ရလာဒ်နေ့ရက်တွေပါပဲ။

(၉)
ဘယ်တော့မှသာယာညွတ်ပျောင်းလာမှာမဟုတ်တဲ့ မြစ်ကျဉ်းလေးတစ်ခုလို ချိတ်ပိတ်ကွေး
ကောက်ထားလိုက်ရရင်ကောင်းမလား။ တစ်ခါတစ်ခါတော့လည်း အတင်းအဖျင်းတွေက
ရယ်မောစရာတစ်ခုလိုဆေးဖက်ဝင်ပါတယ်။ ရောင်စုံပွင့်လန်းနေတဲ့ညနေခင်းတစ်ချို့လို
တောက်ပပါလျက်နဲ့နေ၀င်မပစ်လိုက်ချင်ဘူး။
လက်ထဲမှာ မြေပုံအတုတစ်ခုကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး Wawalak တွေလို အလင်း
ရောင်ကိုမျှော်ကိုးနေမိတဲ့အရူးတစ်ယောက်ဟာ ကျွန်မလား။
တကယ်ဆိုရင်…….
နေ့ရက်လိုက်..နေ့ရက်လိုက်တံခါးပိတ်ထားခဲ့သင့်တာပေါ့။
ခုတော့…..
အတိတ်တွေကိုပြန်ပြန်ကြည့်နေမိတော့တယ်။
တကယ်တော့….
ကျွန်မဟာ…မြေပုံအတုထဲကမြို့တစ်မြို့ကို လိုက်ရှာနေမိတဲ့ “သူရူး”တစ်ယောက်သာဖြစ်ပါတယ်။
မနော်ဟရီ


Wawalak – During the dream time , the Australian aboriginal sister goddesses,
the Wawalak were swallowed whole by Yurlungur ,the great rainbow
serpent oppressed by Darkness in the belly of the serpent , the
wawalak wept until they were reborn from Yurlungur back into the
light.


ဘာပြောရင်ကောင်းမလဲ....????

အသစ်..အသစ်ဆိုတဲ့သူအားလုံးကိုအသစ်ကပေးချင်..လူကမအား..စိတ်ကလည်းမအား၊
စိတ်ပမ်းလူပမ်းလည်းကလည်းဖြစ်နေတော့ ဘာပြောရင်ကောင်းမလဲလို့စဉ်းစားရင်းဘာမှမရေး
ဖြစ်ဘူးဖြစ်နေတယ်။ အရင်လိုပဲ ငိုညည်းလေးညည်းပြီး ရှောင်တခင် ခွင့်ဆိုပြီးတောင်းရင်
ကောင်းမလား..ဒါမှမဟုတ် ခရီးထွက်မလို့ လို့ပြောရင်ကောင်းမလား..စဉ်းစားရင်းစဉ်းစား
ရင်း အမှန်အတိုင်းပဲပြောလိုက်ပါတယ်။
ဒီဇင်ဘာလကုန်မှာ ခရီးရှည်တစ်ခုသွားစရာရှိလို့ပြင်ဆင်နေရတာရယ်၊ အိမ်ပြောင်းမှာမို့ အိမ်
သစ်ကိုပြင်၊အိမ်ဟောင်းကို သိမ်းဆည်းနဲ့မအားရတာရယ်၊မဂ္ဂဇင်းအတွက် ရုံးကျရယ် နောက်
လတွေအတွက်ပြင်ပေးနေတာရယ်နဲ့ လုံးဝ(လုံးဝ)ကိုခြေကုန်လက်ပမ်းကျနေလို့ပါ။ ၀တ္ထုတစ်
ပုဒ်ရိုက်လက်စရှိတာတော့ ပြီးတာနဲ့တင်ပေးပါ့မယ်။ အမြည်းပေးရရင်တော့ ခေါင်းစဉ်က
“မြေပုံအတုထဲကမြို့” တဲ့...။
မွေးနေ့နီးလာလို့လားမသိဘူး။ အတိုက်အခံကလည်းများ၊ ဘာလုပ်လုပ် အဆင်ကချက်ချင်းမပြေ
နဲ့..အင်း..ရှေ့လာမယ့် အချိုးအကွေ့ကတော့ တော်တော်လေးကြည့်ကောင်းမယ်ထင်တာပဲ။
ဒီတစ်ခါဆိုရင်တော့ ...


သက္ကရာဇ်များ

Tuesday, November 25, 2008

သက္ကရာဇ်များ ကိုရေးခဲ့တာ ၂၀၀၄အကုန်ပိုင်းလောက်မှာပါ။ မှတ်စုများထက်နောက်ကျပါတယ်။
ခုချိန်မှာ ထပ်ဖြည့်စရာသက္ကရာဇ်တွေအများကြီးတိုးလာပေမယ့် ..အဲဒီလောက်ကြီး မနာကျင်
ရတော့လို့လားမသိဘူး..ထုံပေပေနဲ့ ..ဘာမှထပ်ဖြည့်စရာမရှိသလိုပဲ။ဒါကြောင့်ဒီတိုင်းလေးပဲ
တင်လိုက်တယ်။

ဘလော့ခ်လေးတစ်ခုထပ်လုပ်မိပါတယ်..မနော်ဟရီတို့ က သူ့ရှိတဲ့အိုင်တီအင်တာနက်
အရည်အချင်းတွေကိုချပြလိုက်သလိုပဲ..အရပ်ကူပါ..လူဝိုင်းပါတွေနဲ့ ..
ကွန်နက်ရှင်ကမကောင်း (ဒါကအကြောင်းပြတာပါ အမှန်က အတော်လေးကို use to ဖြစ်နေပြီ)
စိတ်က ကယောင်ခြောက်ခြားနဲ့ ကလစ်တွေအပေါ်အောက်မှားနှိပ်မိပြီး စိတ်နဲ့ကိုယ်နဲ့ကလည်း မကပ်
သည့်သကာလ ပြင်ပြီးသားမနော်ဟရီဘလော့ခ်လည်းဖြစ်ချင်ရာဖြစ်ပြီးပျောက်ပျက်ကုန်တယ်။
အသစ်မှာလည်း စီဘောက်စဖြုတ်ဖို့ ဘယ်လိုမှ ကွန်နက်ရှင်က မရသည့်သကာလ
လုပ်သလိုမဖြစ်ရင် ဖြစ်နိုင်သလိုလုပ်တယ်ဟာဆိုပြီး မူရင်းတန်းပလိတ်ကိုပဲပြန်သုံးပစ်လိုက်တယ်။
နောက်ပိုင်းပြင်ဖို့ဆင်ဖို့ကိစ္စတွေကို ကွန်ပြူက၀ိကျော်ကြီး ဆြာNLSဆီအပ်နှံထားကြောင်း......


သက္ကရာဇ်များ

၁၉၉၀

အတော်ကိုမလွယ်ခဲ့တဲ့သက္ကရာဇ်ပါ..။မိုးလင်းကမိုးချုပ် ကွန်ပျူတာဖန်သားပြင်ရယ်၊
စာရင်းဇယားတွေရယ် ၊Errors တွေရယ်နဲ့ဗျာများခဲ့ရတဲ့နှစ်ပေါ့..။ခြူခြူခြာခြာနိုင်
လိုက်ပုံကလည်း လက်နှစ်ဖက်လုံး အပ်ပေါက်ရာ အထပ်ထပ်နဲ့…။ရောဂါရှာတာတဲ့
လေ…။ထူထူထောင်ထောင်သာဖြစ်လာရော ဘာရောဂါမှန်းသူတို့မသိလိုက်ကြဘူး။
မရှာပဲတွေ့ခဲ့ရတာတော့ ကိုယ့်ရဲ့ချစ်သောမိတ်ဆွေများပါပဲ….။အ၀ါရောင်ညီအစ်မ၊
အမေ့အိမ်၊ခရမ်းရောင်လွင်ပြင်၊နှစ်ချို့မချို့မသေချာပဲ..ကိုယ်အားလုံးကိုရင်ထဲပိတ်
ထည့်ထားလိုက်တယ်။

၁၉၉၁
အတော်ကိုချစ်စရာကောင်းတဲ့သက္ကရာဇ်လေးပါ..။ကိုယ်မျှော်လင့်နေတဲ့စိမ်းလန်း
အိပ်မက်တွေပြန်မက်ခွင့်ရခဲ့တယ်။ဆေးဝါးတွေနဲ့ကင်းကင်းရှင်းရှင်းကြီးမဟုတ်တောင်
ခပ်ခွာခွာနေရင်းကျန်းမာလာတယ်။ကိုယ့်လှေကားထစ်ကလေးက သုံးနှစ်လောက်
နောက်ကျပြီးမှတက်ခဲ့ရတာတောင်သူစိမ်းဆန်မနေဘူး။အဆင်ပြေပြေပဲ…..။ရေစက်
တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်လေးထဲ..ပထမတဆင့်ကျော်ဖြတ်ခွင့်ရခဲ့တယ်..
ပေါ့..။
၉၁ရဲ့ စတုတ္ထမြောက်နေ့ရက်တချို့မှာတွေ့ရတတ်တဲ့ မျက်ဝန်းတစ်စုံကိုလည်းအမှတ်
တရရှိနေခဲ့ပါတယ်။

၁၉၉၂
ဒုတိယလှေကားထစ်ကလေးပေါ့..။ရှေ့မှာလမ်းခွဲတစ်ခုရှိတယ်။ကိုယ်ဘယ်လမ်းကို
လျှောက်မလဲလို့စဉ်းစားရတော့မှာ..။ဒါပေမယ့် ကိုယ်ကထုံးစံအတိုင်း ငှက်ကုလားအုတ်
ဆန်တဲ့အိပ်မက်တွေကိုပဲရွေလိုက်တယ်။နည်းနည်းတော့ပင်ပမ်းတာပေါ့..။105 တဲ့..။
ကိုယ်က အဲဒီအခန်းကိုသိပ်မကြိုက်ချင်ဘူး။ကိုယ့်ရဲကစတုတ္ထမြောက်နေ့ရက်လေးက
မျက်ဝန်းတစ်စုံ ကိုယ့်ရှေ့ကပျောက်သွားခဲ့တယ်။သင်္ခါရတရားလို့ကိုယ်မတွေးတတ်ခဲ့
ပါဘူး။ကိုယ်က အစွဲအလမ်းကြီးတတ်တဲ့ခရေပင်လေးလိုပဲ..၊တောင့်တင်းခိုင်မာစွာသင်း
မွှေးနေခဲ့တယ်။ဒါ…ကိုယ့်ရဲ့အားနည်းချက်ပါကွယ်။

၁၉၉၃
အဆိုးဆုံးတွေတွေ့ခဲ့ရတယ်ပဲဆိုပါစို့။မိုးတွေသည်းသည်းမည်းမည်းရွာသွန်းတတ်တဲ့ရာ
သီတစ်ခုမှာ ခေါ်သံတွေလည်းလွဲမှားခဲ့ဖူးတယ်။ပုဂံလမ်းပေါ်က မိုးရာသီလေးဟာ ဒီနေ့
ထိတော့ပုံပြင်ပါပဲ..။စိုးရိမ်တကြီးချောင်းပေါက်မတတ်လာလာသတိပေးတတ်တဲ့ကြား
ထဲက ကိုယ်က ပေတေတေနဲ့..။207 နဲ့ဝေးရာမှာပဲနေနေဖြစ်တယ်။ကိုယ့်ရဲ့မတွေဝေတတ်
တဲ့စိတ်က ကိုယ့်အစွဲအလန်းကြီးတတ်မှုကို အကြီးအကျယ်အနိုင်ယူတော့တာပဲ..။ကိုယ်
လည်းအလဲလဲအကွဲကွဲနဲ့ပေါ့…။တတိယမြောက်ပထမလှေကားထစ်မှာ ကျွန်မ ကံ့ကော်
ပွင့်လေးသုံးပွင့်ပဲဆွတ်ခူးခွင့်ရခဲ့တယ်။ကိုယ်ကျေနပ်ပါတယ်။

၁၉၉၄
ကိုယ့်အတွေးတွေကသိပ်ေ၀၀ါးစပြုချင်လာပြီ။ကိုယ့်ကိုယ်ကိုပြန်ကုစားယူရတယ်။“သင်း
ကွဲပင်လယ်”ထဲကနေရုန်းထွက်ပြီး “ကျန်းမာခြင်းအသစ်”ကိုရယူလို့ “ရာစုသစ်မြစ်ကျဉ်း”
ထဲကိုစီးမျောခဲ့တယ်။“လမ်းနဲ့မဆန့်တဲ့ခရီး”တွေကိုလည်းတွေ့ရတယ်။“တစ်မိုးတည်းအောက်
မှာ”မိုးခိုနေကြတဲ့သူတွေကိုလည်းတွေ့ရတယ်။ “မျှော်လင့်အိပ်မက်”ကိုမက်နေကြသူတွေ၊
“ဘို့များတဲ့ကုလားအုတ်”တွေ၊“နှလုံးသားထဲကမျက်ဝန်းတစ်စုံ”နဲ့ “ခပ်ညံ့ညံ့ကဗျာတွေ”..။
ဟိုးရှေ့မှာလမ်းခွဲ..။ကိုယ်က အပြိုပြိုအလဲလဲနဲ့ “ပန်းလှေလမ်းခွဲ”ကိုအိပ်မက်ခဲ့…။

၁၉၉၅
ခေါင်းလောင်းသံတွေကြားနေရတာကိုသိလျက်နဲ့ ကိုယ်ကနားပိတ်ထားခဲ့မိတာ။“စကားဝါ”
ရဲ့ညတွေကိုတမ်းတရင်း အဆိပ်တွေတက်လို့..။ရေစက်တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်
လေးထဲက ထွက်မသွားရရေးကိုကျားကုတ်ကျားခဲ ကြိုးစားမိလို့..။တရားရှိလျက်နဲ့ တရားမရ
နိုင်ကြပုံများလေ..။ပန်းလှေတွေ ပန်းတိုင်တစ်ခုကိုအတူရောက်နိုင်ကြမှာမှမဟုတ်တာ..။
အမေအိုရဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာ သားသမီးမစုံမညီနဲ့ အမေကျေနပ်ရဲ့လားမသိ…။
အမေကတော့တရားရှိလောက်ပါတယ်လေ…။

၁၉၉၆

ကိုယ်တောက်လျှောက်မှားခဲ့တဲ့သက္ကရာဇ်ပေါ့…။မိစ္ဆာပွဲသဘင်ဆင်ယင်နေတဲ့ထဲမှာ ကိုယ်က
ဘုမသိဘမသိနဲ့ ချောက်ကမ်းပါးကပ်လျှောက်နေမိတဲ့အဖြစ်…။သစ်ကိုင်းကျိုးသံတွေက
ကျယ်လောင်လွန်းတယ်။ ကိုယ်က ကိုယ့်ရင်ခုန်သံတိုးတိုးလေးကိုပဲရိုကျိုးတတ်တဲ့သူလေ..။
ကိုယ့်နှလုံးသားရဲ့တရားဓမ္မကိုကိုယ်ယုံကြည်..ကိုယ့်သစ္စာတရားးကိုပဲကိုယ်ပြာလွင်ချင်ခဲ့သူ
လေ…။မေမေကတော့ ငယ်ငယ်ကသင်ခဲ့တာပဲ..။“စိုက်တဲ့အတိုင်းရိတ်ရလိမ့်မယ်”တဲ့…။
မေမေ..သမီးစိုက်ခဲ့တဲ့အပင်တွေက ပြာလွင်ကြည်စင်ခဲ့တာသေချာပါတယ်…။

၁၉၉၇
လှည့်ကြည့်မိတော့ရက်တွေက တော်တော်လွန်နေခဲ့ပြီ..။ကိုယ်ဘယ်ဘက်လက်သူကြွယ်က
ရွှေရောင် အလင်းတန်းလေး ကနီလာရောင်ပြာလွင်လို့…။ကိုယ်ကဒါကိုသစ္စာတရားရဲ့အစ
လို့ထင်ခဲ့တာ။ဘယ်တော့မှမတွေဝေတတ်ချင်တဲ့၊အစွဲအလန်းကြီးတတ်တဲ့ ကိုယ့်တရားကိုယ်
ကြည်ညိုချင်တတ်တဲ့ လူတစ်ယောက်ရဲ့ခရီးလမ်းအစလေ..။ကိုယ်ဟာတကယ်တော့ကိုယ့်
ကိုယ်ကိုပဲ့ပြင်ဖတ်ရှုတတ်ပြီး.ကိုယ့်ပတ်ဝန်းကျင်ကိုတော့မဖတ်တတ်ခဲ့တဲ့သူပဲ..။
မှော်ဆရာရဲ့မျက်လှည့်ပြကွက်တွေကိုမှကိုယ်ကရိုကျိုးစွဲလန်းခဲ့တာလေ..။

၁၉၉၈
တိုက်စစ်တွေသိပ်များတဲ့စစ်မျက်နှာပြင်လိုပဲ..။ကိုယ်အလိုမတူပဲစစ်မျက်နှာတွေဖွင့်ခဲ့ရတယ်။
အတုလို့ထင်ခဲ့တာတွေထဲက အစစ်တချို့ကိုရှာဖွေတွေ့ရှိလိုက်သလိုအစစ်လို့ထင်ခဲ့တဲ့ထဲက
အတုတွေကိုလည်းအံ့သြခြင်းကြီးစွာတွေ့လိုက်ရတယ်။
တချို့မြို့တော်တွေမှာတောင်ရပ်နားခွင့်မရှိတော့တဲ့ရထားအိုကြီးရဲ့ပြယုဒ်ကတော့ အတော်
မတော်မတည့်နိုင်လွန်းလှပါတယ်။
ဘုရားသခင်..ဒီကြွေပွဲကိုဘယ်သူကများကစားခဲ့တာလဲ..။တိုက်ပြီဆိုကတည်းက အနိုင်ရတဲ့
သူလည်းဆုံးရှုံးရတာပါပဲ။အဆုံးအရှုံးတွေများရတဲ့အထဲ ကိုယ့်လက်ကျန်ကောင်းကင်လေးပါ
အဝေးကိုဆွဲရွှေ့ခံလိုက်ရပါတယ်။
မေမေ..အဝေးကကောင်းကင်မေမေ..။ညီမလေးရဲ့ကြယ်ကိုလင်းလက်ပေးလိုက်ပါဦး။

၁၉၉၉
ကောင်းကင်အတု၊ကြယ်တာရာအတု၊နက္ခတ်သဘင်အတု၊ရာသီဥတုအတုတွေနဲ့ကိုယ်ဟာအသား
ကျလို့။၉၉ က ကိုယ့်အပေါ်သိပ်မဆိုးဝါးခဲ့ပါဘူး။တစ်ခါမှအိပ်မက်မမက်ခဲ့ဖူးတဲ့အရာကိုလည်းမျှော်
လင့်ခွင့်ရလာတယ်။သေချာတယ်။ကိုယ်အိပ်မက် မက်နေတာမဟုတ်ဘူး။ဘုရာသခင်ရဲ့အသံ
တော်ကိုလည်းကြားရတယ်။ ဗျာဒိတ်တော်တွေကလင်းလက်၊ကိုယ့်လက်မှာ ကြယ်ပွင့်သေးသေး
လေးတစ်ပွင့်ပိုင်ဆိုင်ခွင့်ရတော့မယ်။

၂၀၀၀
သရ၀ဏ်ကြယ်တန်းလေးကိုယ့်ကောင်းကင်မှာလင်းချင်းလာချိန်မှာတော့၊ကိုယ်ဟာမျှော်လင့်ချက်
တချို့နဲ့မှိန်ဖျော့လို့။သေချာသွားခဲ့ပြီလေ..။အတုတွေရဲ့ပင်ကိုယ်ဗီဇချို့တဲ့မှုကိုမျက်ဝါးထင်ထင်
တွေ့ခွင့်ရခဲ့ပြီပဲကွယ်။ဒါပေမယ့်ကိုယ့်ရဲ့ခေါင်းမာတတ်တဲ့စိတ်က ကိုယ့်မျှော်လင့်ချက်တွေကိုအ
ရောင်ပြန်တင်ပေးလိုက်တယ်။ကိုယ့်ရဲ့အသက်ငင်နေတဲ့နှလုံးသားလေးကို ကြယ်သေးသေးလေး
တစ်ပွင့်ကကယ်တင်လိုက်ခဲ့ပါတယ်။

၂၀၀၁
ကိုယ့်ကိုယ်ကိုမှန်ထဲပြန်ကြည့်ခွင့်ရလာတယ်။(ယာယီပေါ့) ကိုယ်ဘာလဲဆိုတာ ဂဃနဏသိခွင့်ရ
လာတယ်။ဒါပေမယ့်ကွယ်..ကိုယ်ကရိုးသားလွန်းတယ်။အန္တရာယ်ရဲ့အငွေ့အသက်ကိုမရှူရှိုက်တတ်
ခဲ့ဘူး။ကျော့ကွင်းတွေရဲ့မာယာကိုလည်းနားမလည်ဘူး။ကိုယ်သိတာက ယုံကြည်မှုရဲ့ကျမ်းစာလေ။
ဒီပွဲမှာလည်းကိုယ်က အကြေကြေအကွဲကွဲနဲ့..၊ဒီကြားထဲကမှ အိမ်မှာမွေးထားမိတဲ့ခွေးက ကိုယ့်ကို
ပြန်ကိုက်လိုက်လို့ကာကွယ်ဆေးတွေထိုးခဲ့ရပါရောလား။ ကိုယ်အားလုံးကိုတရားခဲ့ပါတယ်။မတရား
ခဲ့တာက ကံကြမ္မာပါ။

၂၀၀၂

The final destination of love is full of danger တဲ့။
ကိုယ့်သီအိုရီကိုယ်ထုတ်၊ကိုယ်ကခေါင်းမော့ရယ်မောတတ်ဖို့ကြိုးစားနေတဲ့အရုပ်တစ်ရုပ်လိုပဲ..။
ကိုယ့်ရင်ခုန်သံကိုကိုယ်အကြည်အညိုမဲ့စပြုလာတယ်။မှော်ပညာရဲ့အသက်ကုန်သွားခဲ့ပြီလား။
ဒါပေမယ့်ကိုယ့်သစ္စာတရားကတော့ပြာစင်နေတုန်းပဲ..။ကြည့်တတ်ရင်တော့ကိုယ်က အမှတ်မရှိ
တတ်တဲ့စပယ်ပွင့်လေးလိုပေါ့။ခေါင်းမော့ကြည့်မိလို့မှ အမှောင်တွေအုံ့ဆိုင်း နေတာမြင်ရတာ
တောင် ကိုယ်က အလင်းတွေပြန်ညှိပေးချင်နေတုန်း။
မေမေ……စိုက်ခဲ့တဲ့ အပြာရောင်တွေအစားဘာလို့များတိမ်တိုက်တွေပဲရိတ်သိမ်းခဲ့ရတာလဲ…။

၂၀၀၃
အဆိုးဆုံးတွေကိုရင်ဆိုင်ဖြတ်သန်းခဲ့ပြီးမှတော့ ကျောက်မီးသွေးတွေမာကျောသွားတာအဆန်းမ
ဟုတ်ပါဘူး။ သံမဏိတွေအသွေးအရောင်တောက်ပြောင်ခိုင်ခန့်လာတာလည်းအဆန်းမဟုတ်ပါ
ဘူး။သူတို့မီးပြင်းတိုက်ခံခဲ့ကြရတယ်လေ။ဘယ်သူတွေဘယ်လိုပဲတာဝန်မဲ့မဲ့ ကိုယ်ကတော့ ကိုယ့်
ကြယ်စုလေးအတွက် ပြာလဲ့ပေးရဦးမယ်။
ကိုယ်အိပ်မက်အဟောင်းတွေကနေနိုးထနိုင်ခဲ့ပါတယ်။

၂၀၀၄
ကိုယ့်ကိုအားသစ်တွေပေးခဲ့တဲ့နှစ်ပေါ့။ အခြေအနေတွေပိုမိုမှောင်မိုက်သည်းထန်လာတဲ့ကြားက
ကိုယ်ထူမတ်ထားနိုင်ခဲ့တယ်။ကိုယ့်ကောင်းကင်မှာကြယ်စုကလေးတွေလည်းလင်းလက်တိုးပွား
လာခဲ့တယ်။ (ကိုယ်ပိုင်တော့မဟုတ်ဘူးပေါ့) ဒီကြယ်စုလေးတွေအတွက်ကိုယ်ဟာအပြာလွင်လွင်
ကိုပဲပေးခဲ့သင့်တာပေါ့နော်။ဒါပေမယ့်ကွယ်…ရှေ့မှာကိုယ့်ကိုစောင့်စားနေတဲ့ ၂၀၀၅…သူကကိုယ့်
ကိုဘယ်လိုတရားချဦးမှာလဲမသိဘူး။ကိုယ်ချစ်ကြည်ဖို့ကြိုးစားရဦးတော့မှာပေါ့…။ ။

မနော်ဟရီ


ကျွန်မချစ်သောကဗျာများ

Saturday, November 22, 2008

ပို့စ်တစ်ရာပြည့်ပြီဆိုတော့ တချို့ကပြောတယ်။ ကျွန်မသူငယ်ချင်းတွေကအစပါ။သူများကဗျာတွေအများကြီးပါတယ်
နော်..တဲ့။အဲဒီစကားလေးကြောင့်ကျွန်မ ဒီဘလော့သစ်လေးကိုလုပ်လိုက်ပါတယ်။ ကျွန်မမှတ်စုစာအုပ်ထဲက ကဗျာ
တွေကို တင်ပေးသွားမှာပါ။ တတ်နိုင်သမျှ အဲဒီကဗျာဆရာအကြောင်းလေးရောပေါ့...။

http://manorhary-poemsilove.blogspot.com


ကမ်းမဲ့မြစ်တစ်စင်း၏ကုစားခွင့်

ကျွန်မ၀တ္ထုကိုဖတ်ပြီးတော့ နေဆူးသစ်က ကဗျာလေးတစ်ပုဒ်လှမ်းပို့ပေးတယ်။
“ကမ်းမဲ့မြစ်တစ်စင်း”တဲ့...။အဲဒါနဲ့ ကျွန်မလည်း ၁၉၉၆ခုနှစ်က လုံမလေးမှာ
ပါခဲ့တဲ့ ကျွန်မရဲ့ကဗျာလေးကိုသွားသတိရတယ်။ “ကုစားခွင့်” တဲ့..။ချစ်တဲ့မြို့
ကလေးကိုတမ်းတထားတဲ့ကဗျာပါ...။လွန်ခဲ့တဲ့ ဆယ်စုနှစ်တုံးက မနော်ဟရီ နဲ့
ခုမနော်ဟရီက မတူနိုင်တော့ဘူးလေ..။တကယ်ပါ...၂၀၀၅ နှစ်ကုန်ပိုင်းမှာ
မြို့ကလေးဆီပြန်ရောက်ရတဲ့ ခံစားချက်ကတော်တော်ကိုဆိုးဝါးတာပါ...။ကန်သုံး
ဆင့်
ကလည်းတောကြီးထဲမှာပျောက်ဆုံးလို့...။မြင်နေရတတ်တဲ့ တံတားဖြူလေး
ကိုလည်းမတွေ့ရဘူး။ကိုယ်နေခဲ့တဲ့ယင်းမာဆီကိုသွားမယ်လုပ်တော့လည်း မ၀င်ရ
ဘူးတဲ့။ တော်တော်ကိုဆိုးတာပါ။မာန်ပြေစေတီလည်းမတွေ့ရတော့ဘူး။ တံတားလေး
ဆီသွားတော့...လား လား..ရေနစ်သေဖို့ကံက ကျွန်မတို့သားအမိတွေမှာအပါ
လာခဲ့လို့ပေပဲ...။ လေးဘက်တွားနဲ့ရောက်အောင်ဖြတ်ခဲ့ရတယ်။ မီးရှူးတိုင်ကြီး
လည်း ခြောက်သွေ့ပျက်စီးလို့..အရင်လိုစည်စည်ကားကားပွဲတွေလည်း မရှိတော့
ဘူးထင်တယ်။မာမီနဲ့ကျွန်မပြန်သာလာရော အီလည်လည်နဲ့။ ဘာခံစားချက်မှကို
မပါလာတော့သလိုကိုဖြစ်သွားတာ။
ပြန်လာပြီးတစ်လကျော်ကြာမှဒီဝတ္ထုလေးကိုရေးဖြစ်တာ။ရေးပြီးပြီးချင်းရတီနှစ်လည်
အတွက်စာမူတောင်းတာနဲ့ပေးလိုက်တယ်။ဒါပေမယ့်...စာမူလေးကဘာလို့မှန်းမသိ
ကျန်ခဲ့ရရှာတယ်။မနေ့တနေ့ကထိ အဲဒီသရုပ်ဖော်ပုံလေးကရှိတုန်း။ ကိုကိုနိုင်ရဲ့
လက်ရာပါ..။အဲဒါနဲ့သိမ်းထားလိုက်တာ တစ်နှစ်ကျော်သွားပါတယ်။ ၂၀၀၇ကျမှ
အိုင်ဒီယာနှစ်လည်အတွက်ပြန်တင်ဖြစ်တာ။အဲဒီမှာတော့ သရုပ်ဖော်ပုံက ကိုစိုးဝင်း
ငြိမ်း
ပါ။ အဲဒီနှစ်ကနှစ်လည်မှာလူတော်တော်စုံပါတယ်။ ဆရာဇော်၊ကိုရဲ(သစ္စာနီ)၊
ကိုငြိမ်း(ငြိမ်းအေးအိမ်)၊တာရာမင်းဝေ၊လင်းဆက်
..စသဖြင့်..။
၂၀၀၆ မှာတစ်ခါထပ်ရောက်တယ်။ဒီတစ်ခါတော့ ပြောင်းလဲနေတဲ့ယင်းမာရော တေဇ
ဖက်ဆီရော အကုန်ရောက်ခဲ့တဲ့အပြင် အရင်ကင်တင်းဟောင်းမှာတောင်ထိုင်လိုက်
သေးတယ်။ အဲဒီကင်တင်းက ငယ်ငယ်တုန်းက ကိုယ်မှမထိုင်ခဲ့ရတာ..း) ။
အဲဒီအချိန်ကျတော့လူကစိတ်တော်တော်ပြန်ပြေသွားပြီ...။နောက်ဆုံးတစ်ခေါက်က
တော့ ဆရာကန်တော့ပွဲသွားတာပါ။ Teacher ဒေါ်စန်းစန်းရီက သေသေချာချာ
ကိုခေါ်ထားတာမို့ရော..နောက်လည်းသိပ်ရောက်ဖြစ်ဖို့မသေချာဘူးဆိုပြီးရောသွား
လိုက်တာ..နေ့ချင်းပြန်ပါပဲ..မြို့ခံတွေတောင်မလာကြတဲ့ဆရာကန်တော့ပွဲဆိုရင်
မှားမယ်မထင်ဘူး။ဘာလို့လဲဆိုတော့ သူငယ်ချင်းတော်တော်များများကိုမတွေ့ခဲ့ရ
လို့ပါ။ အတင်းအဓမ္မ သွားဆွဲခေါ်ချရတဲ့သူငယ်ချင်းတွေလည်းရှိပါရဲ့.။သူတို့ကြည့်
ရတာ ကျွန်မတို့ကိုတောင်တော်တော်အားလို့လာတယ်ထင်ပုံပဲ..။မအားပါဘူးဟာ
ဆိုတဲ့သူလည်းရှိတာပဲ..။
စိတ်လည်သွားပြီဆိုပေမယ့် ဒီစာလေးက ကိုယ်ပဲရေးထားခဲ့တာလေ...မညာချင်ဘူး။
အဲဒီတုန်းက ငါအဲလိုခံစားခဲ့ရတယ်ဆိုတာလေးအမှတ်တရပေါ့.ဆိုပြီးထားလိုက်တာ။
ခုကဗျာလေးနှစ်ပုဒ်ကတော့ မြို့ကလေးရောလွမ်းသူတွေရောကျေနပ်နိုင်မယ့်ကဗျာလေး
လို့မျှော်လင့်မိတာပဲ...နောက်ထပ်သေချာတာတစ်ခုကနှစ်ယောက်လုံးရဲ့ ငယ်လက်
ရာတွေလည်းဖြစ်လို့ ကဗျာတွေက ပျော့ရင်ပျော့နေမယ်။သေချာတာကတော့ အဲဒီထဲ
မှာ “...မလွမ်းတော့ဘူး”ကလိုအတတ်ပညာတွေ၊မရိုးသားမှုတွေမပါသေးဘူးဆိုတာ
ပါပဲ။
ကိုကြွက်ပြောသလို ဆိုင်းဘုတ်ဟိုဘက်ကျော်ရင်လူတော်တွေချည်းပဲဆိုတာလေးကိုလည်း
အမမေငြိမ်းနဲ့အတူ ထောက်ခံချက်ပေးလိုက်ရင်..အနည်းဆုံးသုံးမဲ..(နေဆူးသစ်နဲ့
အမခင်မင်းဇော်..ကိုထွေး(ခင်မောင်ထွေး)..း))ရမယ်ထင်တယ်။ တကယ်ပါ..။
ကိုထူးအိမ်သင်၊ကိုမြင့်မိုးအောင်၊ပန်းချီအေးကို၊ကိုအောင်မင်း၊မောင်စိမ်းသူ၊ကိုကြွက်
(သိမ်းတင်သား)၊ပိုပို.
.၊စသဖြင့်အများကြီးပါ...။ဒါပေမယ့်ဒီမြို့လေးတစ်မြို့တည်းမှာ
ဒီလိုရှိတာမဟုတ်ပါဘူး။မြို့ကလေးတိုင်းဟာ ရာဇ၀င်အတွက်သားကောင်းတွေ သူရဲကောင်း
တွေမွေးထုတ်ပေးမွေးထုတ်နေဆဲပါပဲ။ ဘာတွေပဲဖြစ်နေနေ ကျွန်မကတော့ အချိုးအစား
ကျနလှတဲ့မြန်မာပြည်မြေပုံထဲက ( ကျွန်မတစ်ယောက်တည်းအနေနဲ့ဆို ကမ္ဘာပေါ်မှာ
အလှဆုံးမြေပုံလေးပေါ့..)မြို့ကလေးပေါင်းမြောက်များစွာကိုလွမ်းနေမယ့် သားသမီး
များစွာအတွက်ရည်ညွန်းပါတယ်။နေဆူးသစ်လည်းဒီလိုပဲရည်ရွယ်ပါလိမ့်မယ်။


ကမ်းမဲ့မြစ်တစ်စင်း
ဒီလူရဲ့ပုသိမ်ဟာ
ဧရာဝတီရဲ့သဒ္ဒါ၊ င၀န်မြစ်နဘေးမှာ
စီးမျောပါဝင် နေခဲ့ပြီ။
အလှဆိပ်ကမ်း၊ အသည်းကွဲအနမ်း
ကျွမ်းမြေ့လောင်မြိုက်၊ အိပ်မက်ကိုဖမ်းစား
အလွှာကွာခြားနေပြီလားကွယ်……။
ရွှေမုဌောနဲ့ ရေကြည်၊ရေနောက်
မော်တင်စွန်းလည်း ရောက်ခဲ့
အလွမ်းတွေ……………
အလွမ်းတွေ………………..
လွမ်းမပြေ သိပ်ခက်နေတော့၊
ရေချိုရေချမ်း၊ ပန်းနုဆီမီး
ကုသိုလ်တွေ မပျက်ဆီးရအောင်
နောက်နောင် ဘ၀တလျှောက်
“စိတ်ဖေါက်ပြန်မှုတွေ” မရပါစေနဲ့ ဘုရား
ဝတ်တွားလို့ဆုတောင်း
ပြန်ပြောင်း အောင်းမေ့မိသေးတယ်။
အဲဒီနေ့တွေမှာ
ညရေ မင်းပါမလာနဲ့တော့………….
ရွှေဖြစ်၊ ငွေဖြစ်
သက္ကရာဇ်တွေ ရာထောင်ချီခဲ့
ငါရဲ့ ခရီး အဆက်ဆက်လေ။
နယ်ကျွံလို့သွားတဲ့
ဘ၀ရဲ့ ညစ်ထေးခြင်းဟာ
အားလုံးကို ပြောင်းလဲ ကာရံ ထားခဲ့ပြီ။
ဌာနေကိုလွမ်းတဲ့တေး
နေရာဟောင်းလေးတွေလဲ
သတိတရ ရှိနေဆဲပေါ့………
လက်ဆောင်မိတ်ဆက်
မင်းမြို့က ထွက်တဲ့
ဟာလ၀ါနဲ့ ပုသိမ်ထီး
မေ့ပြီး ချန်မထားနဲ့နော် ဆိုတဲ့
မိတ်ဆွေတို့ရဲ့စကား
လိပ်ပြာလွင့်သွားရတာလဲ
ခဏ ခဏပါဘဲ။
နောက်တော့လဲ
ဒေသချက်မြှုတ်၊ ပြန်ပေါင်းထုတ်ဖို့
သိမ်နုတ်ကြိုးစား၊ ခရီးသွားဟာ
တည်ရာမှီရာ၊ ဝေးလွင့်ဝေးကွာ
ကမ်းမဲ့ မြစ်တစ်စင်း
ဖြစ်နေရှာခဲ့…………။ ။
နေဆူးသစ်


ကုစားခွင့်
င၀န်မြစ်ရေ
တစ္ဆေတစ်ကောင်လိုစီးဆင်း
ငိုညည်းခြင်းအပြည့်နဲ့။

င၀န်ရဲ့ကမ်းပါး
ရပ်နားနေတဲ့မြို့ကလေး
ဟိုးအဝေးမှာ
ငါလွမ်းနေပါတယ်။

မှော်ဆရာပြောဖူးတဲ့
အဖြူစင်ဆုံးမြို့ကလေး
အရိုးသားဆုံမြို့ကလေး
အဲဒီမြို့ကလေးနဲ့ ခင်မင်ရင်းနှီးစွာ
ငါ
ကာလတစ်ခုကိုဖြတ်ခဲ့အေးချမ်းခဲ့ဖူးတယ်။

ကန်သုံးဆင့်ရေပြင်လှိုင်း
တစ်ခါတစ်ခါရိုင်းစိုင်တတ်တဲ့ ငါ့ရင်ကို
တည်ငြိမ်စေခဲ့
တေဇရဲ့အရိပ်ခိုနား
မာန်ပြေစေတီအားဖူးမျှော်
ရော်ကျနေတဲ့ညနေတွေ
ငါ..ရေတွက်ခဲ့ဘူးတယ်။

ပုသိမ်မြို့ကလေးရေ
အတိတ်တွေကိုထားရစ်
ပြန်မချစ်တတ်တဲ့ထဲ
ငါမှမပါဘဲနော်..
ပျော်ရွှင်ခဲ့ဖူးတဲ့မင်းရင်ခွင်
အရင်လိုနွေးထွေးဆဲဆိုရင်ပေါ့
ဟောဒီလှိုင်မြစ်ကမ်းပါးပေါ်က
ပူလောင်လှတဲ့မြို့ကြီးကနေ
ငါပြေးလာခဲ့မယ်
တစ္ဆေကိုဖြတ်စီး
ငိုညည်းသံကိုမမှု
အံတုရင်းပေါ့…။

မင်းနဲ့ဆန့်ကျင်ရာအရပ်ကပေးတဲ့
ရင်တွင်းဒါဏ်ရာများစွာ
ငါ..နာကျင်လှပါပြီ..။

မနော်ဟရီ


အဲဒီမြို့လေးကိုဘယ်တော့မှမလွမ်းတော့ဘူး..

Friday, November 21, 2008

ဒီပို့စ်ကိုရိုက်နေတည်းက နေဆူးသစ်ကိုလှမ်းစလိုက်သေးတယ်။နင်တို့အတွက် ပို့စ်တစ်ခုတင်စရာရှိတယ်..
ရိုက်နေတယ်လို့..ပြီးမှ..ခင်မောင်ထွေးတို့ အမခင်မင်းဇော်တို့အတွက်ရော..ဆိုမှ..သူလည်သွားတယ်
ခုတော့ ရှင်းလောက်ပါပြီ...ကျွန်မကသူတို့ရဲ့မြို့ကလေးမှာ..၈နှစ်တိတိနေခဲ့ဖူးတယ်... ၈နှစ်ဆိုတာ
ဘယ်လိုကုန်မှန်းမသိအောင်ကိုပျော်စရာကောင်းခဲ့တဲ့နေရာလေးပါ... အဲဒီမြို့ကလေးကို ကိုထူးအိမ်သင်
ကလည်းသိပ်ရိုးစင်းတဲ့မြို့ကလေးလို့ပြောခဲ့ဖူးတယ်။ဒါပေမယ့်ဒုတိယအကြိမ်ပြန်
ရောက်သွားချိန်မှာတော့မြို့ကလေးကတမျိုးဖြစ်နေခဲ့ပြီ.
ကျွန်မတစ်ဦးတည်းရဲ့ပုဂ္ဂလိကခံစားချက်ပဲဖြစ်ပါတယ်။..ကဲ..ဒီလောက်
ဆိုဘယ်မြို့လဲလို့သိပ်တွေးစရာလိုတော့မယ်မထင်ပါဘူး..ဟုတ်တယ်ဟုတ်...




အဲဒီမြို့ကလေးကိုဘယ်တော့မှမလွမ်းတော့ဘူး


တစ္ဆေတစ်ကောင်တစ်ကောင်လိုငိုညည်းစီးဆင်းနေတဲ့ ဒီမြစ်ကြီးကိုစီးနင်းပြီးကျွန်မချစ်
တဲ့မြို့ကလေးဆီကိုပြန်သွားရတဲ့အိပ်မက်ပြာလွင်လွင်တွေကိုနေ့စဉ်ရက်ဆက်မက်ခဲ့ဖူး
တယ်။မြို့ကလေးကလည်းကျွန်မအိပ်မက်ထဲကို ကြည်လင်နေတဲ့အရောင်လွင်လွင်တွေ
ဆင်မြန်းပြီးအလည်လာရတာ နှစ်သက်ခဲ့ဟန်တူပါရဲ့….။
ခုတော့လည်း တစ်နေ့တစ်ခြား ကျွန်မနဲ့မြိုကလေးက အနေဝေးလာလိုက်တာ။ခြောက်
အိပ်မက်တချို့နဲ့အတူရောထွေးပါလာတတ်တဲ့ မြို့ကလေးရဲ့အိပ်မက်တွေကတောင် မျက်လှည့်ပွဲတစ်ခုလိုခြောက်ခြားလှိုက်မောစရာကောင်းနေခဲ့ပြန်တယ်။သိပ်တော့မ
ဟုတ်နိုင်လောက်ပါဘူးနော်…။ကျွန်မဘ၀ရဲ့ဆောင်းရာသီက ရှည်လျားအေးစိမ့်လွန်း
နေခဲ့တော့..အိပ်မက်တွေက ကယောက်ကယက်နိုင်လွန်းနေခဲ့တာပဲဖြစ်မှာပါ။တကယ်
ဆိုကျွန်မချစ်ခဲ့ဖူးတဲ့မြို့ကလေးဟာ သီလကောင်းပြီး မာယာမရှိခဲ့ရှာပါဘူး..ဟုတ်တယ်
မဟုတ်လား..။အဲဒီခြောက်ခြောက်ခြားခြား အိပ်မက်တွေကိုကျော်လွှားထားရစ်ခဲ့နိုင်ဖို့
အတွက်..ကျွန်မ မြို့ကလေးရှိရာ ခဏဖြစ်ဖြစ် ..ပြန်မှဖြစ်တော့မယ်။အသေအချာကို
ပြန်မှဖြစ်တော့မယ်။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

မယုံနိုင်စရာကောင်းလောက်အောင် တက်ကြွလန်းဆန်းနေတဲ့ကျွန်မကို ချစ်သူက
တောင် မသင်္ကာသလိုကြည့်လာပါရောလား..။ပြီး…ကျွန်မကိုစိတ်မချနိုင်သလိုလည်း
မှာသေးတယ်။
“ဖြစ်ပါ့မလား..ချစ်.သွားရမယ့်ခရီးက သိပ်ဝေးလွန်းတယ်” တဲ့..။
ခရီးစဉ်တစ်ခုရဲ့လှည့်ဖျားမှုဆိုတာကိုဘ၀မှာမသင်ကြားခဲ့ရဖူးသေးတဲ့ကျွန်မကတော့
ခေါင်းမာမာနဲ့ခေါင်းကိုသာ တွင်တွင်ရမ်းရင်း စကားတစ်ခွန်းကိုခပ်တင်းတင်းဆိုခဲ့သေး
ရဲ့…။
“ဖြစ်ပါတယ်..ကို..ရဲ့..ခရီးပမ်းပေမယ့် အပမ်းပြေမှာသေချာပါတယ်..” လို့..။
ချစ်သူကတော့ တအံ့တသြနဲ့ပေါ့..။ကျွန်မ ဂီတသံစဉ်တစ်ခုလိုခပ်ဖွဖွ ရွတ်ဆိုခဲ့ဖူးတဲ့ ..
အဲဒီမြို့ကလေးဟာ..သူ့ကိုတောင်ခွဲသွားနိုင်လောက်အောင်စွမ်းသလားလို့လည်းတွေး
နေပုံပဲ..။ကျွန်မ ချစ်သူကိုမြို့ကလေးရဲ့ ဒဏ္ဍာရီအကြောင်းတဖွဲ့တနွဲ့ပြောပြချင်ပေမယ့်
….ပိုပြီးလေးနက်သက်ဝင်စေချင်တဲ့အတွက်..အပြန်မှပဲပြောပြဖို့ဆုံးဖြတ်လိုက်မိတယ်။
ကျွန်မခရီးစဉ်ကိုစခဲ့တဲ့နံနက်ခင်းဟာ…မယုံချင်စရာကောင်းလောက်အောင်ကို
သာသာယာယာရှိခဲ့တာပါ..။ခရီးရဲ့အကွာအဝေးဟာ သက္ကရာဇ်ပေါင်းမြောက်များစွာဆို
တာကို ကျွန်မတကယ်ပဲမမေ့ခဲ့ပါဘူး…။ဒါကိုကျော်လွှားဖို့အားတွေ တကယ်ပဲ ..အဆင်
သင့်ရှိနေခဲ့တယ်ဆိုရင် ယုံချင်ပါ့မလားမသိ…။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

သက္ကရာဇ်မိုင်တိုင်တွေနဲ့သူ့ရဲ့အရိပ်တွေ(မှုန်ဝါးတချို့၊ပြက်ထင်တချို့…)ကို ကျွန်မ..ခပ်
တင်းတင်းပဲကျော်ဖြတ်ပြစ်ခဲ့တယ်။ တစ်ချိန်က မာကြောကြော..စိမ်းဆတ်ဆတ်နဲ့ သံမဏိ
ဝတ်မှုန်တစ်စဟာ …တကယ်ပဲသူ့ရင်ခွင်ဆီဦးလှည့်လွင့်မျောလာခဲ့ပါပြီ..။စိတ်
ထဲမှာလည်း..“မြို့ကလေးရေ..ကျွန်မတော့တကယ်ပြန်လာခဲ့ပြီ..” ဆိုတဲ့စကားတစ်ခွန်း
ကို ဂါထာတစ်ပုဒ်လို အခါခါရွတ်ဆိုလို့…။
ပြီးတော့စိတ်ကူးတွေနဲ့လည်းရူးလို့…။ကျွန်မအိပ်မက်တွေထဲကမြို့ကလေးကိုတစ်စစီ
ပြန်လည်ဆက်စပ်သီတွဲရတာ..သိပ်ပျော်စရာကောင်းတာပါ..။မိုင်တိုင်တွေနဲ့ အရိပ်တွေ
ကလည်းဝိုးတ၀ါးကခုန်လို့..။ပန်းရောင်စုံတွေကလည်းပွင့်လို့…။မြို့ကလေးရဲ့ရိုးစင်းမှုက
လည်းလင်းချင်းလို့..။မာယာမများတဲ့သက်တံတစ်စင်းကတောင် အုံ့မိုးထားသေးရဲ့..။
မြို့ကလေးက ကျွန်မစိတ်ကူးထဲမှာတော့ရှုချင်စဖွယ် သက်ငြိမ်ပန်းချီကားတစ်ချပ်ပါပဲ..။
သက္ကရာဇ်တွေ…သက္ကရာဇ်တွေကို အမောတကော အပြေးအလွှားကျော်လွှား
ဖြတ်သန်းလာခဲ့လိုက်တာ…ခရီးဆုံးတောင်ရောက်လုပြီ..။ကျွန်မစိတ်ကူးရောင်စုံတွေကို
ခ၀ါချလိုက်တယ်။တကယ်လက်တွေ့ရင်ဆိုင်ရတော့မယ့် မြို့ကလေးရဲ့ရင်ခွင်ကို..
ဘယ်လိုစိတ်ကူးစိတ်သန်းကများ အမီလိုက်နိုင်မှာမို့လဲ…။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

“ရောက်ပြီ”
ဘယ်သူကပြောလိုက်တဲ့အသံမှန်းမသိပေမယ့်..ကျွန်မလိုခရီးသွားတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားရတာမို့..ကျွန်မလည်းဘေးဘီကိုကြည့်မိတယ်..။
“ ဟင်..ဘယ်ကိုရောက်တာလဲ..”
ကျွန်မရဲ့နှုတ်ဖျားက တအံ့တသြထွက်ကျလာတဲ့မေးခွန်းကြောင့်ကျွန်မဘေးက ခရီး
သည်ကြီးက..တအံ့တသြပဲပြန်မေးတယ်..။
“ မင်းက ..ဘယ်လာတာမို့လဲ..”
ကျွန်မက ကျွန်မမြို့ကလေးရဲ့နာမည်ကိုဂုဏ်ယူဝံ့ကြွားစွာပြောတော့…ခရီးသည်ကြီးက
ခေါင်းကိုရမ်းရင်းသက်ပြင်းတစ်ခုကိုချတယ်။
“ မင်းလာတဲ့နေရာကိုမင်းရောက်လာတာပေါ့..” တဲ့..။
“ ဟင့်အင်း..မဖြစ်နိုင်ပါဘူး..”
ကျွန်မရဲ့တိုးလျလျစောဒကတက်သံကိုခရီးသည်ကြီးက ဂရုမပြုတော့ပါဘူး..။သူ့ဘာ
သာသူ ပေါ့ပါးစွာခရီးဆက်သွားတော့တယ်။
ကျွန်မမှာသာ ဇဝေဇ၀ါနဲ့မြို့ကလေးကိုအကြာကြီးကြည့်နေမိတာ…။မြို့ကလေးကတော့
ကျွန်မကိုအသိအမှတ်ပြုဖို့မပြောနဲ့..ကျွန်မကိုတောင်တစ်ချက်ငဲ့ကြည့်ဖော်မရပါဘူး..။
ချုပ်ညရီရဲ့ဝိုးတ၀ါးအမှောင်အောက်မှာ..မြို့ကလေးဟာ အပိုဆာဒါးတွေသိပ်များနေတဲ့
ဇာတ်လမ်းအပျက်တစ်ပုဒ်လိုပဲ..။ပျက်ချော်ချော်နဲ့..။အိုး…ကျွန်မအမြင်မှားနေတာနေမှာ
ပါ..။တကယ်တော့ ကျွန်မဖြတ်သန်းခဲ့ရတဲ့ခရီးစဉ်က ရှည်လျားကြမ်းတမ်းလွန်းလို့ ကျွန်မအားအင်ချိနဲ့ေ၀၀ါးသွားတာဖြစ်နိုင်ပါတယ်။
တစ်ချိန်တုန်းကပြာလွင်စိမ်းမှောင်နေခဲ့ဖူးတဲ့ ရေကန်နားက နားခိုရားလေးတစ်
ခုဆီကျွန်မသွားရောက်နားခိုဖို့ဆုံးဖြတ်လိုက်တယ်။နေရောင်ဟာတစ်စစပျောက်ကွယ်
သွားပြီဖြစ်တဲ့အတွက်..ရေကန်ကိုတော့ကျွန်မမမြင်ရတော့ဘူး..။အဲဒီရေကန်နဲ့တံတား
လေးတစ်ခုကိုဖြတ်သန်းခဲ့ရတဲ့..နေ့ရက်ဟောင်းတချို့ကိုကောက်ယူစပ်သီရင်း
..ကျွန်မအိပ်စက်ပစ်လိုက်တယ်။ နေ့သစ်ဟာ..ကျွန်မဆီကို ကျွန်မချစ်တဲ့မြို့ကလေးကို
ပြန်ခေါ်လာခဲ့မှာပါဆိုတဲ့ယုံကြည်ချက်တွေနဲ့…။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

မနက်မိုးလင်းလို့ကျွန်မ ပထမဆုံးလုပ်မိတာက အခန်းတံခါးကိုဆွဲဖွင့်လို့ ၀ရံတာကို အလျင်စလိုထွက်လိုက်မိတာပါပဲ..။ဘုရားသခင်…ကျွန်မရဲ့ရေကန်ကြီးဘယ်ရောက်
သွားတာပါလိမ့်…။အပြိုင်းအရိုင်းထူထပ်မာကျောနေတဲ့ သစ်ပင်တွေက ကျွန်မကိုစိမ်း
စိမ်းကြီးရပ်ကြည့်နေကြတယ်။ ကျွန်မက အစိမ်းရောင်ကိုနှစ်သက်ခဲ့ဖူးပေမယ့်……..
အကြည့်စိမ်းတွေကိုတော့နှစ်လိုလေ့မရှိဘူး..။ဒါကြောင့်..ကျွန်မစိတ်ပျက်အားလျော့စွာ
အခန်းထဲပြန်ဝင်ခဲ့လိုက်တယ်။လှိုင်းဂယက်လေးတချို့ရဲ့တိုးတိုးတိတ်တိတ်ငိုညည်းသံ
တွေကိုကျွန်မကြားလိုက်ရသလိုပဲ..။
ကျွန်မဘာလုပ်ရမလဲ..။
ဘာတတ်နိုင်မှာလဲကွယ်…။အဲဒီအကြည့်တွေကိုရှောင်ကွင်းသွားလိုက်ရုံပေါ့…။
မဟုတ်ဘူးလား…။ကျွန်မနည်းနည်းတော့အားတက်သွားတယ်။ပြင်ဆင်ပြီးတဲ့မနက်စာကို
တောင်သတိမရအားပဲ ကျွန်မမြို့ကလေးရဲ့ရင်ခွင်ထဲ အလျင်စလိုခြေချလိုက်မိတော့
တယ်။
“ဟေ့”ခေါ်သံကြောင့် ကျွန်မလှည့်ကြည့်မိတော့လူတစ်ယောက်..။
“ဘာလဲ”
“ဒီလမ်းကမင်းသွားလို့မရဘူး”
“ဘာလို့မရရမှာလဲ..ကျွန်မရေကန်ကိုသွားမလို့”
“မင်းလိုလူမျိုးတွေမသွားရလို့ သတ်မှတ်ထားတယ်”
မြတ်စွာဘုရားသခင်။။
ကျွန်မဟာ ဥဒဟိုဖြတ်သန်းသွားလာနေတဲ့လူတွေနဲ့ယှဉ်ရင်ဘာများထူးခြားနေလို့ပါလိမ့်။
ကျွန်မမှန်ပဲပြေးကြည့်ရတော့မလိုလို..။
“ ကျွန်မကဘာဖြစ်နေလို့လဲ”
တကယ်ဆိုကျွန်မမှာအဲဒီလူလိုလည်းအစွယ်အပါဘူး။ဥဒဟိုသွားလာနေကြတဲ့သူတွေလိုလည်း
စံလွဲမှုအပါဝင်ဘူး..။
“မင်းဘာဖြစ်ဖြစ် မသွားရဘူး”
ဟင်..ဘလိုင်းကြီး။
“သွားရင်ကော..”
“သွားရင်..”
လက်ကနဲမြင်လိုက်ရတဲ့အစွယ်ဖွေးဖွေးတွေက..ကျွန်မကိုကျောစိမ့်သွားစေတယ်။မြိုကလေးကို
စစ်ကူတောင်းဖို့လှည့်ကြည့်မိတော့..မြို့ကလေးကို အရင်ကလိုပဲပြန်မြင်လိုက်ရတယ်။ဒါပေမယ့်
တစ်ခုခုတော့လွဲမှားနေသလိုပဲ..။SOS ဆန်တဲ့ကျွန်မရဲ့အကြည့်တွေကိုသူက မထီတရီနဲ့ကြည့်
နေတယ်။မှော်ဆရာရေ..ကျွန်မလမ်းမှားနေခဲ့ပြီလားမသိ..။မြို့ကလေးကိုဘယ်လိုနတ်ဆိုးတွေ
ကများပြုစားထားခဲ့ကြသလဲ..။တမလွန်ကနေရှင်ထောက်လှမ်းပေးပါဦး….။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

အားမတန်မာန်လျှော့..တဲ့။ပညာရှိစကားနဲ့ပြောရရင်တော့ ဒါဟာ ခန္တီစရောစွက်နေတဲ့လိမ်မာပါး
နပ်မှုတစ်မျိုးပေါ့..။ကျောခိုင်းလှည့်ပြန်ခဲ့ရတဲ့ကျွန်မရင်ထဲမှာ..မမြင်နိုင်တဲ့အစွယ်ရာတွေ ဗရပွနဲ့
ဆိုတာ ကျွန်မပဲသိပါတယ်။ ဒါပေမယ့် တော်ရုံနဲ့ကျွန်မလက်မလျှော့ချင်ဘူး..။နိုးထကာစနံက်ခင်း
တချို့မှာ..အရာရာကိုဇဝေဇ၀ါမသဲမကွဲဖြစ်နေတတ်ကြတယ်မဟုတ်လား..။မြို့ကလေးနဲ့ကျွန်မ
လည်းအဲလိုပဲဖြစ်မှာပါ..။
ကျွန်မခြေလှမ်တွေကိုလမ်းကြောင်းပြောင်းလိုက်ချိန်မှာ..နေရောင်တွေက မြို့ကလေးအပေါ်ကို
လင်းလက်စူးရဲစွာကျရောက်နေခဲ့ပါပြီ..။
“ဟင်..”
ဒီတစ်ခါရော..ကျွန်မအမြင်မှားတာပဲလား။
မြို့ကလေးဟာဖြူစင်ကြည်လင်မှုမရှိတော့တဲ့သူ့အသားအရေညစ်ထပ်ထပ်ကို …အဆင်ဆန်း
ခြုံထည်တွေအောက်ကိုယ်ယောင်ဖျောက်ထားရင်း..မျက်နှာထားတင်းတင်းနဲ့မာနတွေတက်နေ
လိုက်တာ..။ဘယ်မှာလဲ…သူ့ရဲ့ပင်ကိုယ်အလှ..။ပင်ကိုယ်ရိုးသားမှု…။နဂိုအဖြူထည်…။
ကျွန်မ..မိနစ်များစွာကြာအောင်သေဆုံးသွားခဲ့သလိုပဲ…။ငြိမ်သက်တိတ်ဆိတ်ငေးမော
နေမိတယ်။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

“မင်းဘာရပ်လုပ်နေပြန်တာလဲ..”
အသံကြားလို့လှည့်ကြည့်မိတော့…မနေ့ကခရီးသည်ကြီး…။
“ကျွန်မ….ကျွန်မ..”
ဆွံ့အ ထစ်ငေါ့နေတဲ့ကျွန်မကို ခရီးသည်ကြီးက ပြုံးပြီးကြည့်တယ်။
“မင်း..တစ်ခုခုကိုမေ့နေလား..”
“ ရှင်…ဘာ..ဘာလဲ”
“အချိန်နာရီတွေဟာ အရာရာကိုပြောင်းလဲပြစ်လိုက်နိုင်တယ်ဆိုတာလေ..”
သူ့စကားကိုနားလည်သလိုနဲ့ကျွန်မနားမလည်သေးဘူး..။
“ဘာကိုဆိုလိုတာလဲ..ခရီးသည်ကြီးရဲ့”
“ မင်း..ဘယ်ကနေဒီမြို့ကလေးဆီပြန်လာခဲ့တာလဲ..”
“ ဒီကနေ သက္ကရာဇ် အခု ၂၀ ကွာဝေးတဲ့နေရာက….”
ကျွန်မအဖြေကြောင့် သူတအံ့တသြဟန်နဲ့ တမင်ကြည့်တယ်။
“ မင်းနှယ့်ကွယ်…မင်းတောင်..အရင်ဒီမြို့ကလေးမှာနေတုန်းက အခြေအနေနဲ့ခုအခြေအနေ
တူသေးလို့လား..”
ကျွန်မ..ဇဝေဇ၀ါဖြစ်သွားရတယ်။ဒါပေမယ့်..ကျွန်မအာရုံမှာတော့ ယိမ်းထိုးကခုန်နေဆဲ အဖြူ
ရောင်တွေကိုကျွန်မမြင်နေရတုန်းပဲ။အားလုံးရှင်သန်နေကြသေးလားမသေချာတာကလွဲရင်ပေါ့။
“ထင်တာပဲ”
ကျွန်မအဖြေကြောင့်သူကပြုံးတယ်။
“ဘာမှမစွန်းထင်းဖို့အတွက်..မင်းဘယ်လိုဖြတ်သန်းရပ်တည်ခဲ့လဲ..”
“ဘာမှမစွန်းထင်းခဲ့တာမဟုတ်ပါဘူး…ပြန်လည်လျှော်ဖွပ်ခဲ့တာပါ…”
ကျွန်မအမှန်အတိုင်းဝန်ခံလိုက်တယ်။
“အေး..မြို့ကလေးကတော့မင်းလိုမတတ်နိုင်ခဲ့ဘူး၊အဲဒီအရောင်တွေကိုသူနှစ်လိုခဲ့တယ်လေ..”
ကျွန်မလက်မခံချင်ပါဘူး။ခေါင်းကိုအသာခါရမ်းမိရင်း…
“ မဖြစ်နိုင်ဘူး…မြို့ကလေးကသိပ်ဖြူစင်တာ..သူ့မှာအဲဒီလိုတပ်မက်တိမ်းမူးတတ်တဲ့ စိတ်တွေမရှိ
ဘူး..အဲဒါမှော်ဆရာသိတယ်..အို..မှော်ဆရာသာရှိရင်သိပ်ကောင်းမှာပဲ..”
ကျွန်မတောင့်တ လိုက်မိတယ်။ ရေနစ်တဲ့သူကောက်ရိုးတစ်မျှင်ကိုတမ်းတပုံမျိုးနဲ့..။
“ သူကဘာလုပ်နိုင်မှာမို့လဲ..”
“ သူ..သူ..မြို့ကလေးကို..တစ်ခုခု..”
ခရီးသည်ကြီးကပြုံးတယ်။သူ့အပြုံးက ကြေကွဲနာကျင်မှု၊ရင့်ကျက်တည်ငြိမ်မှုတွေသာမက..သရော်
တော်တော်ဟန်တွေလည်းရောစွက်နေသလိုပဲ..။လောကဓံတရားနဲ့ လောကပါလတရားတွေကို
သူဟာဆက်ယူကြည့်ခဲ့ဖူးပြီးလေပြီလား..။
“ မြို့ကလေးက မင်းဝတ္ထုတွေထဲကလို..မင်းလိုရာပုံသွင်းနိုင်တဲ့ ဇာတ်ကောင်တစ်ကောင်မဟုတ်ဘူး
ကလေးမရဲ့…။”
ရှင်….အံ့သြစရာ…သူက ကျွန်မစာရေးတာကိုဘယ်လိုသိရပြန်တာလဲ…။ကျွန်မရဲ့အတွေးကိုသူ့
စကားက ဖြတ်တောက်ပစ်လိုက်တယ်။
“ မင်းကပုံသွင်းနိုင်တယ်ပဲထား…မင်းရဲ့မှော်ဆရာက တစ်ခုခုတတ်နိုင်တယ်ပဲထား…မြို့ကလေးက
အလိုမကျခဲ့ရင်မင်းဘာတတ်နိုင်မှာလဲ..။”
“အံမယ်..မြို့ကလေးဒီလိုဖြစ်နေရတာကော…အလိုမတူပဲဖြစ်နေတာမဖြစ်နိုင်ဘူးလား..”
“မင်းသေချာကြည့်နေတာတောင်သေချာမသိသေးဘူးလား..”
ခရီးသည်ကြီးရဲ့စကားကြောင့်ကျွန်မဘယ်နှစ်ကြိမ်မြောက်မှန်း မသိမြို့ကလေးကိုစူးစိုက်ကြည့်မိ
ပြန်တယ်။အစိမ်းရောင်ဥပက္ခာအကြည့်တွေနဲ့ အဆင်ဆန်းဝတ်ရုံတွေထည်လဲဝတ်ဆင်ရင်း..
သံကွန်ခြာ (၇)ထပ်ထဲက အစွယ်ဖွေးဖွေးသတ္တ၀ါတွေ…။စံလွဲမှုတွေနဲ့နေထိုင်နေရတာကို သူမွေ့
ပျော်နေခဲ့ပြီလား…။
နီယွန်မီးပျောက်မီးစက်တွေတလက်လက်နဲ့ အနှစ်မဲ့ဥခွံတွေကိုထမ်းပိုးပျော်ပါးနေရတာကို ကျေနပ်
ပျော်မောနေခဲ့ပြီလား…။ရင်ဘတ်ထဲကသယံဇာတတွေကိုပြတိုက်ပို့လို့ သူဟာစောလူးလိုလူတွေနဲ့
နေထိုင်ရွှင်မြူးနေခဲ့ပြီပဲ…။


* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *


ကျွန်မရင်ထဲကခုန်ပေါက်ထွက်သွားတဲ့မေးခွန်းတွေကို ကြားသလိုနဲ့ မြို့ကလေးက ကျွန်မကို သနား
စရာသတ္တ၀ါတစ်ကောင်လိုမထီတရီကြည့်တယ်။ပြီးတော့ စကားတစ်ခွန်းကိုခပ်တိုးတိုးပြောသေး
တယ်။ ဟောလီးဝုတ်မင်းသမီးလေသံမျိုးနဲ့..။
“ကိုယ်နဲ့မဆိုင်ရင်မဆိုင်သလိုနေပါ”..တဲ့။
ခိုတွဲဝန်းသီလာတဲ့မျက်ရည်စတွေကို ခရီးသည်ကြီးမမြင်အောင်ခေါင်းငုံ့ပစ်လိုက်ပြီး..သက်ပြင်းကို
ခိုးချမိချိန်မှာ ခရီးသည်ကြီးက စကားတစ်ခွန်းကိုဆိုတယ်။
“ ဒီလိုပါပဲ..ကလေးမရယ်”..တဲ့။
လောကမှာ ဒီလိုပါပဲ ဆိုတဲ့စကားလောက်ခုချိန်မှာပြီးပြည့်စုံပြီးတာသွားတဲ့စကားလုံးတောင်ရှိနိုင်တော့
မှာမဟုတ်ဘူးလို့ ကျွန်မတွေးလိုက်မိတယ်။
“ မင်း..ဘာလုပ်မှာလဲ..”
“ ကျွန်မပြန်ပါ့မယ်”
“ ဒါဆို..မင်းငါနဲ့လိုက်ခဲ့တော့..”
“ ရှင်..ဘာ..ဘာလို့လဲ..”
ခရီးသည်ကြီးက အဝေးတစ်နေရာကိုငေးရင်းဖြေတယ်။
“ ငါဟာမင်းဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်တွေကိုထမ်းပိုးထားရသူလေ..” တဲ့။
ကျွန်မခြေလှမ်းတွေလေးကန်တုံ့ဆိုင်း…..။
ကျွန်မအားအင်တွေချိနဲ့မောပမ်း…။
ကျွန်မမျှော်လင့်ချက်တွေယိုင်လဲပြိုကျ….။
ကျွန်မအိပ်မက်တွေ တစ်စစီကွဲထွက်လွင့်ပျယ်…။
အို…ကျွန်မယိုင်လဲမသွားခင် ချစ်သူ့လက်ကိုဆွဲကိုင်ထားချင်မိတယ်။ ကျွန်မချစ်သူကိုခုမှလွမ်းတာ
တရားရဲ့လား..။တကယ်တော့ လူဆိုတာမျိုးက ဒီလိုပါပဲ..။ကံကြမ္မာတွေလွဲချော်သွားမှ နောင်တ
ရတတ်ကြတာလေ…။

* * * * * * * * * * * * * ** * * * * * * * * * * * * * * * ** * *

သက္ကရာဇ်အခု ၂၀ဖြတ်သန်းပြန်လာတဲ့ကျွန်မကို ချစ်သူကတော့ မေတ္တာ ကရုဏာအပြည့်နဲ့ဆီးကြို
နေခဲ့ပါတယ်။
“ပြောစမ်းပါဦး…မြို့ကလေးရဲ့ပုံပြင်ကို..”
ချစ်သူရဲ့အမေးကိုကျွန်မ မဖြေနိုင်ခဲ့ဘူး..။စကားလုံးတွေဆိတ်သုဉ်းသွားတာထက် ..ကျွန်မရဲ့ဆန္ဒ
အိပ်မက်တွေဆိတ်သုဉ်းသွားရတာဆိုပိုမှန်မလားပဲ..။ငြိမ်သက်နေမိတဲ့ကျွန်မကိုချစ်သူကနားမလည်
သလိုကြည့်တယ်။ကျွန်မကတော့အဲဒီနားမလည်နိုင်ခြင်းတွေကိုရှောင်ကွင်းရင်း စကားတစ်ခွန်းတည်း
ပြောနိုင်ခဲ့တယ်။
“ ကို..သိလား..ကျွန်မအဲဒီမြို့ကလေးကိုဘယ်တော့မှလွမ်းတော့မှာအဟုတ်ဘူး”…လို့။
ချစ်သူကတော့ခုထိနားမလည်နိုင်သေးဘူး။ဒါပေမယ့် ကျွန်မကတော့သေချာပါတယ်။ အဲဒီမြို့ကလေး
ကိုဘယ်သောအခါမှလွမ်းဆွတ်တမ်းမက်မိတော့မှာမဟုတ်ပါဘူး..။

မနော်ဟရီ


ရာပြည့်

Thursday, November 20, 2008

ဘာလိုလိုနဲ့ ဒီနေ့ ပို့စ်တွေကိုပြန်စီတော့မှသတိပြုမိတယ်။ ပို့စ် ၁၀၀ ပြည့်သွားပြီပဲ...မှတ်စုများ က ပို့စ် ၁၀၀ ပြည့်တဲ့...။
ဒီနေ့ ဘန်နာလည်း ဒီဇင်ဘာအတွက် အသစ်လုပ်ဖြစ်တယ်။ ခရစ္စမတ်သစ်ပင်ကော...ခေါင်းလောင်းလေးရော..ဘိုးဘိုးကြီးနဲ့
သမင်လေးရော...မိတ်ဆွေတွေအတွက် ခရစ္စမတ်လက်ဆောင်ရော..အစုံထည့်ပေးလိုက်တယ်။ပြီးမှသွားသတိရတယ်....
ကလေးတွေအတွက်(အင်း...တချို့ လူကြီးတွေနဲ့ လူမကြီးတကြီးတွေအတွက်ရော..)mistletoes လေးတစ်ခုပါ သတိ
တရထည့်ပေးလိုက်တယ်။ အဲဒီအောက်မှာဆို ဘယ်လိုအခွင့်အရေးရှိတယ်ဆိုလား...။
လာလည်တဲ့သူတွေအားလုံးလည်း ဘိုးဘိုးကြီးဆီကလက်ဆောင်တောင်းသွားနိုင်တယ်။ဒါမှမဟုတ်လဲ ပုံထားတဲ့ထဲက ယူသွားနိုင်
တယ်နော်...။အထဲမှာဘာပါလဲဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မေးကြည့်ကြပေါ့... ။